← Chapters

မင်းကိုမသတ်ရင် ငါ ဩဇာညောင်းတော့မှာ မဟုတ်ဘူး

Vol. 114 Ch. 1704

မင်းကိုမသတ်ရင် ငါ ဩဇာညောင်းတော့မှာ မဟုတ်ဘူး

Vol. 114 Ch. 1704

ထို့အပြင် အသေအပျောက် မရှိခဲ့ဘဲ သူတို့ကို အညံ့ခံလာအောင် လုပ်ခဲ့သည်။ ခွေးတစ်ကောင်သဖွယ် အသက် ချမ်းသာပေးရန် တောင်းပန်စေခဲ့သည်။

ထိတ်လန့်စရာ ကောင်းလှပေသည်။

နယ်မြေတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

ယနေ့ညတွင် လူတိုင်းနီးပါး နာမည်တစ်ခုကို အမှတ်ရသွားကြ၏။ ယင်းမှာ - ယဲ့ဖန်ပင်တည်း။

ထိုညတွင် အတိတ်အခါက မြေရိုင်းနယ်မြေမှ နတ်ဆိုး အမျိုးသမီးက သူမထက်ပင် ပိုကြောက်စရာကောင်းသော

နတ်ဆိုးလေးကို မွေးဖွားခဲ့ကြောင်း အားလုံး သိသွားကြသည်။

သန်မာလွန်းသည်၊ ဖိနှိပ်နိုင်လွန်း၏။ ထို့အပြင် ရက်စက်တတ်သည်။

အချိန်အတော်ကြာအောင် ယဲ့ဖန်ဟူသည့် နာမည်က မြေရိုင်းနယ်မြေတစ်ခွင်း၌ ညစာစားပြီးတိုင်း ပြောစမှတ် ပြုကြသည့် အကြောင်းအရာ ဖြစ်လာခဲ့သည်။

အိုးရန်မျိုးနွယ်၌ နဂါးရိုင်းတစ်ကောင် ရှိနေပြီ။ ကျဆင်းနေခဲ့သော မိသားစု ပြန်လည် ဦးမော့လာပေတော့မည်။

မြေရိုင်းနယ်မြေတစ်ခုလုံး ဆူညံပွက်လောရိုက်နေ၏။

ထိုသို့သောအချိန်၌ အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့သည် ကြည့်ရဆိုးသော အမူအရာများ ဖြစ်နေကြသည်။ သူတို့ ရယ်လည်းမရယ်နိုင်သလို ငိုလည်း မငိုနိုင်ကြချေ။ လက်ရှိတွင် သူတို့ အသက်ပင် မရှူရဲပါ။

*နတ်ဆိုး*

*မကောင်းဆိုးဝါး*

*မိစ္ဆာ*

ယဲ့ဖန် ဘာလုပ်ခဲ့သလဲ မည်သူမှ မသိပါ။ သို့သော် သူ အောင်မြင်ခဲ့သည်ကိုတော့ လူတိုင်း သိပါသည်။

သူတော်စင်သခင်အဆင့်နှင့် ကျင်းဟွာလမ်းတစ်ခုလုံးကို တုန်လှုပ်စေနိုင်ခဲ့ပြီး အိုးရန်ကျန်းပင် မဖြေရှင်းနိုင်သော ကိစ္စများကို ညတွင်းချင်း ဖြေရှင်းသွားသည်။

ယဲ့ဖန်ကို နံစော်သော ခွေးချီးနှင့်ပင် နှိုင်းယှဉ်ခဲ့သော မိသားစုခေါင်းဆောင်များက ရုတ်တရက် သူ့အစေအပါးများ ဘယ်လို ဖြစ်သွားသလဲ သူတို့ မတွေးတတ်တော့ပါ။

နတ်ဘုရားမျိုးနွယ်ကိုပင် သစ္စာဖောက်ရမည့်အရေးကိုပင် စွန့်စားပြီး ယဲ့ဖန်ဘက်ကို ကူးပြောင်းခဲ့သည်။ သူတို့ ရူးများနေသလော။ သေချာပေါက် ရူးနေလောက်သည်။

လက်ရှိအချိန်၌ ကြည့်ရအဆိုးဆုံး အမူအရာဖြစ်နေသူက ရှောင်လင်းပင်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်နှင့် လောင်းထားသော အလောင်းအစားအရဆိုလျင် သူမ ခေါင်းဖြတ်ခံရမည် ဖြစ်သောကြောင့်ပင်တည်း။

လက်ရှိတွင် ယဲ့ဖန်က လက်ဆောင်ပဏ္ဍာများ အားလုံး ရရှိပြီး အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်လုံးအား အညံ့ခံလာအောင် လုပ်နိုင်သည်ကိုမြင်ပြီး သူမ တစ်ကိုယ်လုံး အေးစက်လာပြီး နဖူးမှ ချွေးစေးများ စီးကျ လာသည်။

ယခုအခါ၌ ယဲ့ဖန် သူမကို ရှာမတွေ့အောင် ကျင်းတူး၍ ပြေးပုန်းချင်စိတ် ပေါက်နေသည်။ သို့သော် လူ့အလိုအား နတ်မလိုက်နိုင်ပါ။

“ငါတို့ အလောင်းအစားကို မင်း မှတ်မိသေးတယ်မလား”

ယဲ့ဖန်က သူမကို လှမ်းကြည့်လိုက်သည်။ သို့သော် ထိုအကြည့်၌ စိတ်ဝင်စားသော အရိပ်အယောင်များ ပါဝင်နေသည်။

“ဒုန်း”

ရှောင်လင် ချက်ချင်း ဒူးထောက်လာပြီး မျက်ရည်များ စီးကျကာ သနားစဖွယ် အော်ဟစ်‌ပြောဆိုလေသည်။

“သခင်လေး ကျွန်မကို အသက်ချမ်းသာပေးပါ၊ ကျွန်မ မှားမှန်း သိပါပြီ သခင်လေး၊ ကျေးဇူးပြုပြီး အသက် ချမ်းသာပေးပါ”

သူမ နှဖူးနှင့် မြေကြီးတိုက်၍ အနူးအညွတ် တောင်းပန်နေသောကြောင့် နဖူးတွင် သွေးပင်ဆို့လာသည်။ သူမ အရေပြား စုတ်ပြတ်သွားမည်ဆိုလျင်တောင်မှ အမာရွတ်ရမည်ကို အရေးမစိုက်နိုင်ပါ။ သူမ မသေချင်သေးပေ။

“ဟားဟား မင်း ငါ့ကို အရှက်ခွဲတုန်းကတော့ ဒီလိုပုံစံ မဟုတ်ပါဘူး”

ယဲ့ဖန် လှောင်ပြောင်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“မင်းရှေ့မှာ ငါ့ကို ဒူးထောက်ခိုင်းတယ်၊ ငါ့သိက္ခာကို ထိပါးတယ်၊ ငါ့မာနကို လှောင်ပြောင်တယ်၊ မင်းမှာ တော်တော် ရက်စက်တဲ့ နှလုံးသား ရှိတာပဲ”

ရှောင်လင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး မျက်နှာ ပြာနှမ်းလာသည်။

“ကျ ... ကျွန်မ မလုပ်ရဲပါဘူး၊ ကျွန်မကို အခွင့်အရေး တစ်ခါလောက်ပဲ ထပ်ပေးပါ၊ ကျွန်မ ရှင့်အတွက် နွားတစ်ကောင်လို အလုပ်အကျွေး ပြုပါ့မယ်”

သူမ ခေါင်းမော့၍ ယဲ့ဖန်ကို အသနားခံသော အကြည့်ဖြင့် ကြည့်လေသည်။

ယဲ့ဖန် ခေါင်းခါ၍ ပြန်ပြောလိုက်သည်။

“ငါ မင်းကို အရင်က အခွင့်အရေး ပေးခဲ့ပြီးပြီ၊ ဒါပေမဲ့ မင်းက မတောင်းပန်ချင်ခဲ့ဘူး၊ အခုမှ ငါ့ကို ရက်စက်တယ်လို့ အဆိုးမဆိုနဲ့”

“ငါ မင်းကို မသတ်ဘူးဆိုရင် ငါ ဩဇာညောင်းတော့မှာ မဟုတ်ဘူး”

အစေခံတစ်ယောက်ကိုတောင်မှ သူ မသွန်သင်နိုင်ဘူးဆိုလျင် ဘယ်လိုလုပ် သူ့လက်အောက်ငယ်သားများက သူ့အမိန့်ကို နာခံတော့မည်နည်း။

*ဘာ*

ရှောင်လင် တောင့်ခနဲ ဖြစ်သွားပြီး မျက်နှာ ဖြူရော်လာ၏။

“မမလေး ကျွန်ကို ကယ်ပါဦး၊ ကျွန်မ တောင်းပန်ပါတယ်၊ ကယ်ပါဦး၊ ကျွန်မ ဒါကို မမလေးအတွက် လုပ်တာပါ”

ရှောင်လင်က အိုးရန်မိန်လင်၏ ပေါင်ကိုဖတ်၍ ခါးသီးစွာ တောင်းပန်လေသည်။

တစ်ချိန်တည်းမှာပင် ချဉ်စုတ်စုတ် အရည်တစ်မျိုးကလည်း စီးလာ၏။ သူမ ကြောက်လန့်လွန်း၍ ကျင်ငယ်ရည် ထွက်ကျသွားလေသည်။

အိုးရန်မိန်လင်က သူမကို ရွံရှာဟန်ဖြင့် ကန်ထုတ်၍ အေးစက်စွာ ပြောလိုက်သည်။

“ဒီနေ့ ဖြစ်ခဲ့တာတွေအတွက် နင်ပဲ တာဝန်ယူရမှာလေ၊ ငါနဲ့ ဘာဆိုင်လို့လဲ”

ထိုသို့ပြောပြီးသည်နှင့် သူမက ခေါင်းကိုတစ်ဖက်လှည့်လိုက်ပြီး တစ်ဖက်လူ၏ အသနားခံမှုကို မသိကျိုးကျွန် ပြုလိုက်သည်။

ယခုကဲ့သို့သောအချိန်၌ အိုးရန်မိန်လင် ဘယ်လိုလုပ် ဝင်ပါရဲမည်နည်း။ ယဲ့ဖန်က သူမကိုပါ သတ်လိုက်လျင် ဘယ်လိုလုပ်ရမည်နည်း။

ဤသည်ကိုမြင်သော် ရှောင်လင် မှင်တက်သွားသည်။ အိုးရန်မိန်လင်က ဤမျှ ရက်စက်လိမ့်မည်ဟု သူမ ထင်မထားမိပါ။ သူမကို အသုံးချမိသည်နှင့် အမှိုက်တစ်စသဖွယ် စွန့်ပစ်သွားခဲ့သည်။

“မိန်လင် စောက်ခွေးမ၊ နင် ငါ့ကို အသုံးချပြီးတော့မှ စွန့်ပစ်တယ်ပေါ့လေ၊ ငါ့ကို ဒီလိုမျိုး အဆုံးသတ်အောင် နင် လုပ်ခဲ့တာလေ၊ ငါ နင့်အပေါ် သစ္စာရှိခဲ့တာတွေက အလကားပဲ၊ နင့်အသိစိတ်ကို ခွေးစားသွားသလား”

“ဒီခွေးမ သေချင်နေပြီပဲ”

အိုးရန်မိန်လင် ဒေါသထွက်လာပြီး ဓားကိုဆွဲထုတ်၍ ရှောင်လင်၏ ခေါင်းကို ဖြတ်လိုက်သည်။

ရှောင်လင်၏ ဦးခေါင်းက မြေကြီးပေါ် လိမ့်ကျလာသော်လည်း မျက်နှာတွင် အလွန် မုန်းတီးဟန်များ ရှိနေဆဲ ဖြစ်ကာ အိုးရန်မိန်လင်အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏။ သူမ အိုးရန်မိန်လင်ကို နုတ်နုတ်စင်း ချင်နေသည့်ပုံပင်။

လူတိုင်း ထိတ်လန့်ကာ မျက်နှာ ဖြူရော်သွားသည်။

*အိုးရန်မိန်လင်က သွေးအေးလွန်းတယ်၊ ဘာပဲဖြစ်ဖြစ် ရှောင်လင်က သူ့ဆီမှာ နှစ်တစ်ရာကျော်လောက် ခစားခဲ့တဲ့ သူ့အစေခံပဲလေ*

*ဒါတောင် သတ်လိုက်တာလား*

ယဲ့ဖန် လှောင်ပြုံးသာ ပြုံးနေသည်။

လက်ရှိတွင် အခြေအနေက အတော်လေး တိတ်ဆိတ်နေပြီး မည်သူမှ စကားတစ်ခွန်းပင် မပြောရဲဘဲ ဖြစ်နေကာ အသက်ပင် မရှူရဲကြချေ။

အားလုံး တုန်လှုပ်နေကြသည်။ ယဲ့ဖန်၏ အေးဆေး တည်ငြိမ်စွာ လုပ်ကိုင်တတ်ပုံကြောင့် သူတို့ ချောက်ချား နေသည်။

*ဒီလူက လုံးဝ လူမဟုတ်ဘူး*

ယနေ့ တာဝန်က လုံးဝ ဖြစ်နိုင်ချေ မရှိသော်လည်း ယဲ့ဖန်က တကယ် လုပ်ပြသွားခဲ့သည်။

“သူတို့ အစေခံအားလုံးကို သတ်ပစ်လိုက်”

ယဲ့ဖန်က အိုးရန်ယွင်ကို အမိန့်ပေးလိုက်သည်။

အစေခံများအားလုံး သွေးပျက်ကုန်သည်။

“ဘာလို့လဲ၊ ငါတို့ ဘာမှမလုပ်ခဲ့ဘူးလေ”

အစေခံများက မကျေမနပ် ပြန်အော်ကြသည်။ ယဲ့ဖန် ပျက်ရယ်ပြုလိုက်သည်။

“မင်းတို့ ရယ်သံကို ငါ သဘောမကျလို့၊ ကျေနပ်ပြီလား”

ရက်စက်သည်။ အလွန်အမင်း ရက်စက်လွန်း၏။

အစေခံများ အံ့ဩသွားလေသည်။ ယဲ့ဖန်က သခင်လေးတစ်ယောက် ဟူသော သူ၏ ဖြစ်တည်မှုကို စိန်ခေါ်ရဲခဲ့သည့်အတွက် သူတို့အားလုံးကို လက်စားချေလိုက်ခြင်းသာ။

“သခင်လေး ကျွန်တော့်ကို ကယ်ပါဦး”

“သခင်မလေး ကျွန်မကို ကယ်ပါဦး”

အစေခံများက အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ကို အကူအညီတောင်းကြလေသည်။

သို့သော် အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့သည် ခံရခက်သော မျက်နှာထားမျိုးသာ ဖြစ်နေကြပြီး ဘာမှမပြောရဲပေ။ ယဲ့ဖန်က သူတို့ကို အရှက်ခွဲနေခြင်းပင်။

အိုးရန်မိန်လင်တို့ ငြိမ်နေသည်ကိုမြင်ပြီး အစေခံများအားလုံး မျက်နှာ ပြာနှမ်းကာ ဆောက်တည်ရာမရ ဖြစ်ကုန်သည်။

“ဒုန်း ဒုန်း”

တစ်ယောက်ပြီး တစ်ယောက် ယဲ့ဖန်ရှေ့၌ ဒူးထောက်လာပြီး အဖေ၊အမေကို တ၍ ငိုယိုကာ ယဲ့ဖန်ကို အသက် ချမ်းသာပေးရန် တောင်းပန်ကြသည်။

“မင်းတို့ အပြစ်တင်ချင်တယ်ဆိုရင် သခင်မှားပြီး ခစားခဲ့တဲ့ မင်းတို့ကိုယ်မင်းတို့ အပြစ်တင်လိုက်”

ယဲ့ဖန်က ပြုံး၍ လက်ဝှေ့ယမ်းက အမိန့်ပေးလိုက်သည်။

“သတ်လိုက်တော့”

အိုးရန်ယွင်၏ ဓားက ဘာခံစားချက်မှပင် မရလိုက်အောင် လျင်မြန်စွာ ကျရောက်လာသည်။ သွေးများက ရေတံခွန်အလား ပန်းထွက်လာပြီး ဦးခေါင်းများက မြေကြီးပေါ် ဖရဲသီးများသဖွယ့် လိမ့်ကျလာလေသည်။

အိုးရန်မိန်လင်တို့၏ မျက်နှာများ ပြာနှမ်းကာ တုန်ယင်နေကြသည်။ ယဲ့ဖန်က သူတို့ကို မျက်နှာ ဖြတ်ရိုက်၍ လုံးဝ အရှက်ခွဲနေခြင်းပင်။

သူတို့လူများကို သတ်ပြီးနောက် ယဲ့ဖန်က သူတို့ကို လှည့်ပင်မကြည့်ဘဲ ချုံးချီကို တက်စီး၍ ထွက်သွားသည်။

သို့သော် ဤသို့သော် အထင်သေးခြင်းမျိုးက သူတို့ကို တိုက်ရိုက် အရှက်ခွဲသည်ထက်ပင် ပို၍ ရှက်စရာ ကောင်းလှသည်။

အရှက်ကွဲသည်ထက် ပိုသောအချက်မှာ သူတို့ ကြောက်ရွံ့နေခြင်းပင်။

အိုးရန်ရှောက်ကျွင်း၏ နှုတ်ခမ်းက ဖြူရော်နေပြီး တစ်ကိုယ်လုံး တုန်နေသည်။ သူ တုန်ယင်စွာ ပြောလေသည်။

“ငါ သူ့ကို သတ်မယ်၊ ငါ သူ့ကို သတ်ပစ်မယ်”

ယဲ့ဖန် မသေလျင် သူ နည်းနည်းလေးမှ စိတ်အေးနိုင်မည် မဟုတ်ပါ။ သူ ကြောက်လန့်နေသည်။ သူက သူတော်စင်သခင် အဆင့်လေးကို ကြောက်ရွံ့နေမိ၏။ ဤသည်က ရှက်စရာကြီးပင်။

အိုးရန်မိန်လင်က ဘာမှမပြောသော်လည်း သူမခန္ဓာကိုယ်က မသိမသာ တုန်ယင်နေသည်။ အစောပိုင်းက ယဲ့ဖန် သူမတို့ကို သတ်ချင်နေခဲ့ကြောင်း သူမ ရိပ်မိသည်။

အဘယ်ကြောင့် တန်း၍မလှုပ်ရှားခဲ့သလဲကိုတော့ သူမ မသိပါ။ သူမတို့ ယဲ့ဖန်လက်ထဲ၌ သေလုနီးပါး ဖြစ်ခဲ့ရသည်။

“လျန့်ဝမ်ကျန်းဆီကို သွားမယ်၊ အခုချက်ချင်း သွားမယ်”

အိုးရန်မိန်လင် ချက်ချင်း အော်ဟစ်လေသည်။ လက်ရှိတွင် သူမ သည်းမခံနိုင်တော့ပါ၊ သူမ ယဲ့ဖန်ကို သတ်ရန် လျန့်ဝမ်ထျန်းနှင့် ပူးပေါင်းမှ ဖြစ်ပေမည်။ သူမ သူ့ကို ကျင်းဟွာလမ်းမှ အသက်ရှင်လျက် ထွက်သွားခွင့် မပေးနိုင်ပါ။

….

ထိုသို့သောအချိန်၌ အိုးရန်ကျန်းသည် ကျင်းဟွာလမ်းမှ လက်ဆောင်ပဏ္ဍာများ ဆက်သလာသည်ဟု ဆိုလာသဖြင့် ညတွင်းချင်း ပြန်နိုးလာသည်။

အိုးရန်ကျန်း အဝတ်အစား ဝတ်၍ အိုးရန်ဟွာနောက်မျ လိုက်လာခဲ့သည်။ သူ့မျက်နှာတွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေပြီး ယဲ့ဖန်ကို အလွန်အမင်း ကျေနပ်နေသည်။

တစ်ရက်သာ ရှိသေးသော်လည်း ယဲ့ဖန်က ဖြေရှင်းပြီးသွားလေပြီ။ ယဲ့ဖန် ဖြေရှင်းနိုင်လျင်တောင်မှ အနည်းဆုံး တစ်လမျှ ဆွေးနွေးရလိမ့်မည်ဟုပင် သူ အစက ထင်ခဲ့မိသည်။

သို့သော် တစ်ရက်တည်းနှင့် ဖြေရှင်းနိုင်လိမ့်မည်ဟု သူ ထင်မထားမိပါ။

“မိသားစု ဘယ်နှစ်ခုက ဆက်သလာတာလဲ”

အိုးရန်ကျန်းက အိုးရန်ဟွာကို မေးလိုက်သည်။

“မိသားစု ငါးခုလုံး ဆက်သလာတာပါ”

အိုးရန်ကျန်း ရုတ်တရက် ဒယီးဒယိုင် ဖြစ်သွားပြီး မြေကြီးပေါ် လဲကျလုနီးပါး ဖြစ်သွားကာ မျက်လုံး အပြူးသားနှင့် အိုးရန်ဟွာကို မယုံသင်္ကာဖြင့် ကြည့်လေသည်။

“မင်း … မင်း ခုနက ဘာပြောလိုက်တာလဲ”

အိုးရန်ဟွာ ငိုရမလား၊ ရယ်ရမလား မသိသော မျက်နှာထားမျိုး ဖြစ်နေပြီး ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။

“ခုနက ကျုပ် အဲ့သတင်း ကြားလိုက်ရတုန်းက ကျုပ်အမူအရာက ခင်ဗျားထက်တောင် ပိုဆိုးသေးတယ်၊ ကျုပ်လူတွေ မှားပြောတယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ခင်ဗျားရဲ့ အဖိုးတန်မြေးက တကယ်ကို တစ်ရက်တည်းပဲ အချိန်ယူခဲ့တာပဲ၊ ဟိုခွေးမသားတွေ လက်ဆောင်ပဏ္ဍာတွေ တန်းဆက်သရတော့တာပါလား”

အိုးရန်ကျန်း မှင်တက်သွားပြီး အသည်းအသန် ပြောလိုက်သည်။

“မြန်မြန်လုပ်၊ ငါ့ကို မြန်မြန် ခေါ်သွားပေး”

ထိုအခိုက်တွင် သူ့အသံက သိသိသာသာ တုန်နေသည်ကို သူကိုယ်တိုင် သတိထားမိသည်။

အံ့ဩစရာ ကောင်းလှသည်။ မယုံနိုင်စရာ ကောင်းလှ၏။

ယဲ့ဖန်က သူတော်စင်သခင်အဆင့်သာ ဖြစ်သော်လည်း ပထမဆုံး ရောက်သွားသည့်နေ့မှာပင် အာခံနေသည့် အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်အား လိုလိုလားလား လက်ဆောင် ဆက်သလာအောင် လုပ်နိုင်ခဲ့သည်။

သူဆိုလျင်တောင်မှ ခွန်အားကိုသုံး၍ မဖိနှိပ်လျင် ထိုသို့ လုပ်ဆောင်နိုင်ရန် မဖြစ်နိုင်ပါ။

*ငါ့မြေးက အရမ်း နတ်ဆိုးဆန်နေတယ်မလား*

တစ်ခဏကြာသော် သူသည် အိုးရန်မျိုးနွယ်၏ တံခါးနားသို့ ရောက်လာပြီး ဆင်းသက်ထားသည့် အာကာသယာဉ် ငါးစီးကို တွေ့လိုက်ရသည်။

ကြီးကြပ်၍ ပို့ဆောင်သူများကလည်း အတိတ်က လက်ဆောင်များ လာဆက်သသည့် အိမ်တော်ထိန်းများပင်။

အိုးရန်ကျန်း အလွန် မှင်တက် အံ့အားသင့်နေ၏။

*ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူးပဲ*

*ဒါ တကယ်ပဲ*

*ယဲ့ဖန်က တကယ် လူတိုင်းကို ဖြေရှင်းခဲ့တာပဲ*

*ဒါ*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဧကန္တ သူ့ဘေးက ထူးဆန်းတဲ့ ကောင်မလေးကြောင့်များလား*

အိုးရန်ကျန်း ရောက်လာသည်ကိုမြင်ပြီး အိမ်တော်ထိန်းများက အလျင်အမြန် သူ့ထံ လျှောက်လာပြီး မျက်နှာချို သွေးသော မျက်နှာထားများနှင့် ပြောလာကြသည်။

“မိသားစုခေါင်းဆောင်၊ ကျုပ် တောင်းပန်ပါတယ်၊ အခုတလော စီးပွားရေးက သိပ်မကောင်းလို့ပါ၊ အဲ့ဒါကြောင့် လနည်းနည်းလောက် နောက်ကျသွားခဲ့တာပါ၊ ကျွန်တော်တို့ ပိုက်ဆံ ရတာနဲ့ မြန်မြန် ပို့ပေးမှာပါ၊ ပြီးတော့ မိသားစုခေါင်းဆောင်ကိုလည်း အလည်လာဖို့ ဖိတ်ခေါ်ပါတယ်”

“အမ် … အင်း”

အိုးရန်ကျန်း ငေးငိုင်နေလျက်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ထိတ်လန့်ရာမှ ပြန်သတိဝင်မလာသေးပေ။

တစ်ခဏကြာသော် စိတ်ဝိညာဉ် သလင်းကျောက်များအားလုံး အောက်သို့ ချပြီးသွားသည်။ အိုးရန်ဟွာသည် ၎င်းတို့ကို ရေတွက်ပြီးနောက် အံ့ဩကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ဘာဖြစ်လို့လဲ”

အိုးရန်ကျန်း သံသယဖြင့် မေးလိုက်သည်။

“စိတ်ဝိညာဉ် သလင်းကျောက်တွေက သန်းတစ်ရာ့ငါးဆယ်တောင် ရှိတယ်”

အိုးရန်ဟွာ ထိတ်လန့်တကြား ပြောလိုက်သည်။

*ဘာ*

အိုးရန်ဟွာ ချက်ချင်း မျက်လုံးပြူးသွားပြီး စကားပင် ဖြောင့်အောင် မပြောနိုင်တော့ချေ။

“မင်း … မင်း … မင်း သေချာလား၊ မင်း မှားတွက်မိတာ မဟုတ်လား”

*သန်းတစ်ရာ့ငါးဆယ်လား*

ထိုမျှသော စိတ်ဝိညာဉ် သလင်းကျောက်များက သူတို့ အိုးရန်မျိုးနွယ် တစ်နှစ်တာလုံး ဖူလုံစွာ သုံးစွဲနိုင်နေ၏။

“ကျုပ် ပြန်စစ်တာ ငါးခါ ရှိပြီ”

အိုးရန်ဟွာ မချိပြုံးပြုံး၍ ပြောလိုက်သည်။

အိုးရန်ကျန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဤသည်က ယဲ့ဖန်သည် စိတ်ဝိညာဉ် သလင်းကျောက် သန်းငါးဆယ်ကို အောင်မြင်စွာ တောင်းနိုင်ခဲ့ရုံသာမက အပို သန်းတစ်ရာကိုပါ တောင်းလာခဲ့သည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။

*အဲ့ကောင်တွေ ဒါကို တကယ်ကြီး ပေးလိုက်တာလား*

All Chapters