စုဆောင်းမှု ပြီးမြောက်ခြင်း
Vol. 36 Ch. 381
ဆရာ ဟွမ်ယွင် ၏ တုံ့ပြန်မှုကို ကြားသည့်အခါ ထန်ထျန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
မသင့်တော်ဘူးဆိုသည်မှာ မလုံလောက်ခြင်းကို ဆိုလိုခြင်းလား။
၎င်းမှာလည်း ဟုတ်ပေလိမ့်မည်၊ သူတော်စင်ဆရာကြီးများ ဖြစ်ကြသဖြင့် စျေးကြီးသည်မှာလည်း အကြောင်းရှိပေလိမ့်မည်။
ထို့ပြင် ထန်ထျန်းကလည်း ဤငွေကို ပေးချင်နေသည်ဖြစ်ရာ ၎င်းမှာ မမျှော်လင့်ဘဲ ရလာသည့် သုံးစွဲမှုအမှတ် များ မဟုတ်ပါလား။
"ကျွန်တော် စဉ်းစားတာ နည်းသွားပါတယ်။ စီနီယာကြီးတို့က သူတော်စင်ဆရာကြီးတွေပဲလေ၊ လစာက နည်းလို့ မဖြစ်ဘူးပေါ့"
"အင်း... ကျွန်တော် နောက်ထပ် ဆယ်သန်း ထပ်တိုးပေးပါ့မယ်။ သန်းခြောက်ဆယ်ဆိုရင် ဘယ်လိုလဲ"
ထန်ထျန်းက ပြောလိုက်၏။
"အဟွတ်... အဟွတ်..."
ဘေးနားရှိ မိုကျွင်းထံမှ ပြင်းထန်သော ချောင်းဆိုးသံ ထွက်ပေါ်လာပေသည်။
ဆရာ ဟွမ်ယွင် ကမူ အမြန် လက်ခါပြလိုက်၏။
"ငါ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး..."
သူက အခြား သူတော်စင်ဆရာကြီးများကို တစ်ချက်ကြည့်လိုက်ပြီး "ငါတို့ ဒီကိုလာတာက ထျန်းဖူနန်းတော်ရဲ့ တောင်းဆိုမှုကို တုံ့ပြန်ဖို့နဲ့ အင်အားသစ်တွေကို ပံ့ပိုးပေးဖို့ပါ။"
" အဲဒါကြောင့် လစာနဲ့ ပတ်သက်ရင် ငါတို့ အစကတည်းက ဘာမှ မစဉ်းစားထားပါဘူး။ မင်းက ငါတို့အတွက် သင့်တော်တဲ့ နေရာတစ်ခုနဲ့ အရည်အသွေး ပြည့်မီတဲ့ ကုန်ကြမ်းပစ္စည်းတွေ ပံ့ပိုးပေးရင် ရပါပြီ"
"နောက်ပြီး သန်းငါးဆယ်ဆိုတာ... တကယ်ကို များ လွန်းနေပြီ။ "
"တကယ်လို့ မင်းက လစာပေးဖို့ကိုပဲ အတင်း ဆန္ဒရှိနေမယ်ဆိုရင် တစ်သန်းဆိုရင်ပဲ ရပါပြီ"
ထန်ထျန်းမှာ မှင်တက်သွားရတော့၏။
သန်းငါးဆယ်နှင့် တစ်သန်းဆိုသည်မှာ ကွာခြားချက်က ကြီးမားလွန်းလှပေသည်။
သူက ဘေးနားရှိ မိုကျွင်းကို အလိုအလျောက် ကြည့်လိုက်ရာ သူ၏ ထူးခြားဆန်းပြားနေသော မျက်နှာပေးကို မြင်သည့်အခါမှ သူ အဓိပ္ပာယ် ကောက်မှားသွားကြောင်း နားလည်သွားတော့၏။
သူက သုညတစ်လုံး ပိုထည့်ပြီး ခန့်မှန်းမိခဲ့ခြင်းပင်။
ငါးသန်းဆိုသည်မှာ သူတော်စင်ဆရာကြီးများအတွက် ပုံမှန် လစာ ဖြစ်ပေလိမ့်မည်။
သို့သော် သူတို့က အကြောင်းရင်း တစ်ခုခုကြောင့် လာရောက်ခြင်း ဖြစ်သဖြင့် တစ်သန်းဆိုသော အနည်းဆုံးစျေးကိုသာ တောင်းဆိုခဲ့ကြခြင်း ဖြစ်၏။
ဒါပေမဲ့ ကိစ္စက ဤအဆင့်အထိ ရောက်လာပြီ ဖြစ်ရာ ထန်ထျန်းသည် ပါးစပ်ထဲ ရောက်ခါနီး သုံးစွဲမှုအမှတ် များကို အလဟဿ အဆုံးရှုံးခံမည် မဟုတ်ပေ။
"ဒါတော့ မဖြစ်ဘူး"
ထန်ထျန်းက ပြတ်သားစွာ ပြောလိုက်သည်။ "စီနီယာကြီးတို့က နယ်ပယ်အသီးသီးက အလေးအမြတ် ထားရတဲ့ ထိပ်သီးတွေပဲလေ၊ ကျွန်တော်က ဘယ်လိုလုပ်ပြီး မတရား လုပ်ရမှာလဲ။ "
"ကျွန်တော် စိတ် မအေးနိုင်ပါဘူး"
"ဒါကြောင့် လစာကိုတော့ ကျွန်တော် အစက ပြောခဲ့တဲ့အတိုင်းပဲ ထားလိုက်ကြရအောင်"
လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြ၏။
သိက္ခာကိုသာ ငဲ့မနေလျှင် သူတို့အားလုံး တစ်ခွန်းတည်း အော်ပြောမိကြပေလိမ့်မည်။
သောက်....
လစာအကြောင်း ဆွေးနွေးတာကို မြင်ဖူးသော်လည်း ဤကဲ့သို့ ဆွေးနွေးသည်ကိုမူ တစ်ခါမျှ မမြင်ဖူးကြပေ။
သူများက တစ်သန်းပဲ ယူမယ်ပြောတာကို ကိုယ်က အတင်း ဆယ်သန်း (သို့မဟုတ်) သန်းငါးဆယ် ပေးချင်နေခြင်းမှာ တကယ်ကို ထူးဆန်းလွန်းလှပေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆရာ ဟွမ်ယွင် က ချောင်းတစ်ချက် ဟန့်လိုက်ပြီး "သန်းငါးဆယ်က တကယ်ကို များလွန်းပါတယ်..."
" ဒီလို စျေးမျိုး မရှိပါဘူး။"
" နောက်ပြီး မင်း သိသင့်တာက အဲဒီ ပုဂ္ဂိုလ်ကြီးရဲ့ တည်ရှိမှုကြောင့် ငါတို့က မင်းဆီက သန်းငါးဆယ် ယူချင်ရင်တောင် ယူလို့ မရပါဘူး"
"အလွန်ဆုံးဆိုရင် ပုံမှန် စံနှုန်းအတိုင်း သုံးသန်း၊ လေးသန်းလောက်ပဲ ရပါမယ်။ "
"ငါးသန်းထက်တော့ လုံးဝ ကျော်လို့မရဘူး"
ထိုစကားကို အခြား သူတော်စင်ဆရာကြီးများကလည်း ခေါင်းညိတ် ထောက်ခံကြ၏။
ထန်ထျန်းက ထိုစကားကို ကြားသည့်အခါမှ အခြေအနေကို သဘောပေါက်သွားတော့သည်။ ရှင်းဟယ် အင်မော်တယ်ဧကရာဇ် ရှိနေသဖြင့် သူတို့က ထန်ထျန်းကို လိမ်လည်လိမ့်မည် မဟုတ်ပေ။
မဟုတ်လျှင် နန်းတော်သခင် တစ်ဦး၏ ဖိအားမှာ အလွန် ကြီးမားလှပေသည်။
ဒါဆို သုံးစွဲမှုအမှတ် တွေ လွတ်သွားတာကို ဒီအတိုင်း ထိုင်ကြည့်နေရမှာလား။
ထန်ထျန်း ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက်၏။ "စီနီယာကြီးတို့ စိုးရိမ်တာကို ကျွန်တော် နားလည်ပါတယ်။ "
"ဒါပေမဲ့ ဒီ သန်းငါးဆယ်က စီနီယာကြီးတို့ရဲ့ လစာသက်သက် မဟုတ်ပါဘူး"
သူက ပြုံး၍ ဆက်ပြော၏။ "စီနီယာကြီးတို့ သိတဲ့အတိုင်း ကျွန်တော် ထန်ထျန်းက အခုမှ ရောက်လာတဲ့ တပည့်တစ်ယောက်ပဲ။ "
"နောက်ခံ၊ အဆက်အသွယ်နဲ့ အရင်းအမြစ်တွေက ပြောပလောက်စရာ မရှိပါဘူး။ "
"အဲဒါကြောင့် စီနီယာကြီး ခုနက ပြောခဲ့တဲ့ သင့်တော်တဲ့ နေရာနဲ့ အရည်အသွေးရှိတဲ့ ကုန်ကြမ်းတွေ ရှာဖို့ဆိုတာ ကျွန်တော့်အတွက် တကယ် ခက်ခဲပါတယ်။"
"ဒါကြောင့် စီနီယာကြီးတို့ရဲ့ လိုအပ်ချက်တွေကို စီနီယာကြီးတို့ ကိုယ်တိုင်ပဲ စီစဉ်ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။"
" စီနီယာကြီးတို့ရဲ့ အဆက်အသွယ်နဲ့ အရင်းအမြစ်တွေက အဲဒီကိစ္စတွေကို ပြီးမြောက်အောင် လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"
"ဒီ သန်းငါးဆယ်ထဲက ငါးသန်းကို နှစ်စဉ် လစာအဖြစ် သတ်မှတ်ပြီး ကျန်တဲ့ ၄၅ သန်းကိုတော့ စီနီယာကြီးတို့အတွက် ကုန်ကြမ်းဖိုးနဲ့ ပင်ပန်းမှုအတွက် ပေးတာလို့ပဲ သဘောထားပေးပါ။ "
"တကယ်လို့ မလောက်ဘူးဆိုရင်လည်း ကျွန်တော့်ကို အချိန်မရွေး ပြောနိုင်ပါတယ်။"
" စီနီယာကြီးတို့ရဲ့ တောင်းဆိုချက်မှန်သမျှကို ကျွန်တော် အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်"
သူတော်စင်ဆရာကြီး ၁၈ ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြန်၏။
ဤသို့ဆိုလျှင်တော့ အကြောင်းပြချက်က ခိုင်လုံသွားပေပြီ။
သူတို့ သွန်းလုပ်မည့် ကိရိယာ များနှင့် ဆေးလုံးများမှာ ထိပ်တန်း အဆင့်များ ဖြစ်ကြသဖြင့် လိုအပ်သော ကုန်ကြမ်းများမှာ အလွန် တန်ဖိုးကြီးလှပေသည်။
၄၅ သန်းဆိုသည်မှာ အမှန်တကယ်ပင် များလှသည် မဟုတ်ပေ။
သို့သော် ထန်ထျန်း၏ ဤသို့ စီစဉ်ပုံမှာ ပမာဏ များခြင်း၊ နည်းခြင်းထက် ပို၍ အရေးပါလှပေသည်။
၎င်းမှာ အာဏာလွှဲအပ်ခြင်းပင်။
ငွေကို အသုံးချပိုင်ခွင့်က သူတို့ လက်ထဲတွင် ရှိနေသဖြင့် သူတို့ စိတ်ကြိုက် လုပ်နိုင်သည် မဟုတ်ပါလား။
ဆရာ ဟွမ်ယွင် က ထန်ထျန်းကို အကြည့်အချို့ဖြင့် ပို၍ ကြည့်မိသွား၏။
အမှန်အတိုင်း ပြောရလျှင် ရှင်းဟယ် အင်မော်တယ်ဧကရာဇ်က သူတို့ကို စတင် ရှာဖွေစဉ်က သူတို့ထဲမှ အများစုမှာ တောင်ပေါ်မှ ဆင်းလာရန် ဆန္ဒမရှိကြပေ။
သူတော်စင်ဆရာကြီး တစ်ဦးအနေဖြင့် အခုမှ စတင်မည့် အသင်းသစ်တစ်ခု၊ ၎င်းပြင် ပိုင်ရှင်က တပည့်တစ်ဦးသာ ဖြစ်နေသည့် နေရာသို့ ဝင်ရောက်ရမည်ဆိုသည်မှာ မည်သို့မျှ မသင့်တော်ဟု ထင်ခဲ့ကြ၏။
ရှင်းဟယ် အင်မော်တယ်ဧကရာဇ်၏ ဖိအားကြောင့်သာ မလွှဲမရှောင်သာ လာခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော် ထန်ထျန်း၏ အပြုအမူက သူတို့၏ ထိုသို့သော ငြင်းဆန်လိုစိတ်များကို ပျောက်ကွယ်သွားစေခဲ့၏။
အမူအရာ၊ ဂုဏ်သိက္ခာနှင့် အကျိုးခံစားခွင့် အစရှိသော ဘက်ပေါင်းစုံမှ ထန်ထျန်းက သူတို့ကို အပြည့်အဝ လေးစားမှု ပေးခဲ့သောကြောင့်ပင်။
ထို့ပြင် သန်းငါးဆယ်ဆိုသည်မှာလည်း နည်းလှသည် မဟုတ်ပေ။
အခြားတစ်ဖက်တွင်လည်း ထန်ထျန်းက သူတို့၏ အတွေးအချို့ကို ရိပ်မိပေသည်။
အာဏာလွှဲအပ်ခြင်းက အလွန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်၏။
၎င်းမှာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို ခိုင်မာစေရုံသာမက တန်ဖိုးကြီး ကုန်ကြမ်းများ ရှာဖွေရမည့် ဒုက္ခကိုလည်း သူ့အတွက် ဖြေရှင်းပေးလိုက်ခြင်းပင်။
နောက်ဆုံးတွင် သူ၏ ငွေကို သင့်တင့်လျောက်ပတ်စွာ သုံးစွဲနိုင်ပြီး သုံးစွဲမှုအမှတ် များကိုလည်း ပြန်လည် ရရှိစေပေသည်။
တစ်ချက်ခုတ် သုံးချက်ပြတ်ပင် ဖြစ်၏။
"စီနီယာကြီးတို့ ဘယ်လို သဘောရလဲ"
ထန်ထျန်းက ပြုံး၍ မေးလိုက်သည်။
သူတော်စင်ဆရာကြီးများမှာ သီးသန့် ဆွေးနွေးလိုက်ကြပြီးနောက် ဆရာ ဟွမ်ယွင် က အားလုံးကိုယ်စား ခေါင်းညိတ်၍ ပြောလိုက်၏။ "ရပါတယ်။"
" မင်း ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"
"ဒါပေမဲ့ တကယ်လို့ အဲဒီငွေက မလောက်ဘူးဆိုရင်တော့ ငါတို့ မင်းကို ပြောပြပါ့မယ်။ "
"စိတ်ချပါ၊ ငါတို့က လိမ်ပြီး တင်ပြမှာ မဟုတ်ပါဘူး"
ထန်ထျန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
သူတော်စင်ဆရာကြီးဟု ခေါ်ဆိုရခြင်းမှာ သူတို့၏ ကိုယ်ကျင့်တရားကလည်း အလွန် အရေးကြီးသော စံနှုန်းတစ်ခု ဖြစ်၏။
ဤအချက်ကို သူ ယုံကြည်ပေသည်။
ထို့နောက် အသေးစိတ် ကိစ္စများကို ဆွေးနွေးပြီးနောက် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိသွားခဲ့၏။
သူတော်စင်ဆရာကြီး ၁၈ ဦးလုံးကို ထန်ထျန်းက တစ်နှစ်စာ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပေသည်။
လစာနှင့် ကုန်ကြမ်းဖိုးအတွက် သန်းငါးဆယ်ကိုလည်း ထန်ထျန်းက ချက်ချင်းပင် ပေးအပ်လိုက်၏။
ဤမျှ ရက်ရောသော အလုပ်လုပ်ပုံကြောင့် သူတို့မှာ ခေတ္တမျှ မှင်တက်သွားကြပြန်သည်။
မိုကျွင်းမှာမူ နဖူးကို လက်ဖြင့် အုပ်လိုက်မိ၏။ သူက ထန်ထျန်း၏ ငွေကြေးဓနအပေါ် ခန့်မှန်းချက်မှာ အဆင့် လုံးဝ လွဲချော်နေပြီ ဖြစ်ကြောင်း သိလိုက်ရသောကြောင့်ပင်။
ထန်ထျန်းမှာမူ ရှန့်ထန်း တာအိုကျောက်စိမ်း သန်း ကိုးရာ ပြန်အမ်းငွေနှင့် စုစုပေါင်း သုံးစွဲမှုအမှတ် သန်း ကိုးရာကို ရရှိလိုက်သဖြင့် အလွန် ပျော်ရွှင်သွားခဲ့၏။
စနစ်ထဲရှိ အထူးပစ္စည်းများကို သူ ပြန်လည် လဲလှယ်နိုင်ပေတော့မည်။
ထို့ပြင် နောက်တစ်ကြိမ် အကြွေးဆပ်ရမည်မှာ ဂဏန်း ဆယ်လုံး ဖြစ်ပေတော့မည်...
အသေးစိတ်များကို ဆွေးနွေးပြီးနောက် ဆရာကြီး ၁၈ ဦးမှာ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြ၏။
သူတို့အားလုံးက ကိုယ်စီ ပြင်ဆင်မှုများ လုပ်ရန် ပြန်သွားကြခြင်း ဖြစ်သည်။
ထျန်းရှထုန် အသင်း တရားဝင် ဖွင့်လှစ်သည့်အခါ သူတို့ ပြင်ဆင်ထားသည်များကို ယူဆောင်လာပြီး တရားဝင် ဝင်ရောက်ကြပေလိမ့်မည်။
ထို့နောက် ထန်ထျန်းက နောက်ဆုံးကျန်ရှိနေသော ဆရာ ငါးဦးနှင့် တွေ့ဆုံကာ ယနေ့ စုဆောင်းပွဲကို အပြီးသတ်လိုက်၏။
ထို ဆရာ ငါးဦးမှာ သတင်းကြားထားပုံရသဖြင့် အမူအရာမှာ ထူးဆန်းလောက်အောင် ကောင်းမွန်နေပြီး အသင်းထဲသို့ ဝင်ခွင့်ရရန် ထန်ထျန်းကို အတင်း တောင်းဆိုနေကြပေသည်။
သို့သော် ထန်ထျန်းမှာ ကျောက်စိမ်းပြားထဲရှိ သတင်းအချက်အလက်များအတိုင်း တစ်ဦးကိုသာ လက်ခံခဲ့ပေသည်။
ဤသို့ဖြင့် စုဆောင်းပွဲမှာ လုံးဝ ပြီးဆုံးသွားခဲ့ပြီပင်။
ရှေ့ဆက်လုပ်ရမည့် ကိစ္စမှာ အခြေစိုက်စခန်း တည်ဆောက်ရန်နှင့် ဝမ်ကန်း တို့ တစ်ဖွဲ့ ရောက်လာသည်ကို စောင့်ရန်သာ ကျန်တော့၏။
ကြာမည် မဟုတ်ပေ။