လနတ်သမီးဝိုင်၏ အစွမ်း
Vol. 36 Ch. 387
ကမ္ဘာ့မူလ နှစ်ခုကို ကြောင်လေးထံ ချန်ထားပေးပြီးနောက် ထန်ထျန်းက ပင်မကမ္ဘာသို့ ပြန်လာခဲ့၏။
ပိုနေသော ကမ္ဘာ့ကံကြမ္မာ ကိုမူ ထန်ထျန်းက သူကိုယ်တိုင် အသုံးပြုရန် ရွေးချယ်လိုက်သည်။
သို့သော် အသုံးပြုပြီးနောက်တွင် သူက ထူးထူးခြားခြား ဘာမှ မခံစားရပေ။
ထို့ပြင် ဤအရာက ချက်ချင်း စမ်းသပ်၍ ရနိုင်သောအရာ မဟုတ်သဖြင့် နောင်တစ်ချိန်တွင် သူ့အပေါ် မည်သို့သော သက်ရောက်မှု ရှိမည်လဲဆိုသည်ကို စောင့်ကြည့်ရုံသာ ရှိတော့၏။
ထို့နောက် သူက ကုရှောင်းရွှယ်၊ လီဟုန် တို့ထံ တစ်ဦးချင်းစီ သွားရောက်ကာ ကမ္ဘာ့ကံကြမ္မာ ကို သူတို့ မသိအောင် သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်ပေးလိုက်သည်။
ထိပ်တန်း ကံကြမ္မာ ရဲ့ သားတော်များ အနေဖြင့် သူတို့ နောက်ဆုံးတွင် မည်သည့် အဆင့်အထိ ရောက်သွားမလဲဆိုသည်မှာ စိတ်ဝင်စားစရာပင်။
ဆက်လက်၍ ထန်ထျန်းက ရှောင်ကျိ ၏ အခြေအနေကို လီဟုန် ထံ မေးမြန်းကြည့်ရာ အခြေခံ အချက်အလက်များ ထည့်သွင်းရန် အချိန် အနည်းငယ် လိုသေးကြောင်း သိလိုက်ရ၏။
ထို့ကြောင့် ထန်ထျန်းက စိတ်အေးအေးထားကာ ရက်အနည်းငယ်ခန့် အာရုံစိုက် ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။
ရှောင်ကျိ အဆင်သင့် ဖြစ်မှသာ စွေ့ရှစ်ရင် ကို ဆက်သွယ်ပြီး ပိုင်နိုယီ နှင့် တွေ့ဆုံရန် စီစဉ်ရပေလိမ့်မည်။
......
အချိန်များ ကုန်ဆုံးသွား၏။
ကုံးချန်ခြံဝင်း ၏ သီးသန့် ကျင့်ကြံခြင်း အခန်းအတွင်း ထန်ထျန်းက အင်မော်တယ် အငွေ့အသက်များကို ဖြည်းဖြည်းချင်း မှုတ်ထုတ်ကာ မျက်လုံး ဖွင့်လိုက်သည်။
ရွှေအင်မော်တယ် အဆင့်အတွက် လိုအပ်သော အင်မော်တယ် စွမ်းအားမှာ အမှန်တကယ်ပင် များပြားလှပေရာ သူ ရက်ပေါင်းများစွာ မအိပ်မနေ ကျင့်ကြံခဲ့သော်လည်း အနည်းငယ်မျှသာ တိုးတက်လာ၏။
အကယ်၍ ဆန်းကြယ် အင်မော်တယ် အဆင့်မှာသာ ဆိုလျှင် အလယ်အလတ် အဆင့်သို့ပင် ရောက်ရှိနေလောက်ပြီပင်။
သို့သော် ထန်ထျန်းက မလောပေ၊ ထုန်းရှန့် ညီလာခံ မတိုင်မီ မြင့်မြတ် ရွှေအင်မော်တယ် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်လျှင် ရပြီပင်။
အဘယ်ကြောင့်ဆိုသော် ထုန်းရှန့် ညီလာခံ ၏ အနိမ့်ဆုံး သတ်မှတ်ချက်မှာ မြင့်မြတ် ရွှေအင်မော်တယ် ဖြစ်သောကြောင့်ပင်။
ငါးလခန့် အချိန် ရှိသေးသဖြင့် လုံလောက်လှပေသည်။
ခေတ္တမျှ အနားယူပြီးနောက် ထန်ထျန်းက ဆက်သွယ်ရေး ကျောက်ပြားကို ထုတ်ကြည့်ရာ လီဟုန် ပေးပို့ထားသော သတင်းကို တွေ့လိုက်ရ၏။
ရှောင်ကျိ အချက်အလက် ထည့်သွင်းခြင်း ပြီးဆုံးသွားပေပြီ။
ထန်ထျန်းက လီဟုန်ကို ချက်ချင်း ဆက်သွယ်လိုက်ပြီးနောက် ကျင့်ကြံခြင်း အခန်းမှ ထွက်လာခဲ့တော့သည်။
ချင်းရွှီခြံဝင်း အတွင်း...
လီဟုန်က သူ၏ ခန္ဓာကိုယ်ထဲမှ ပုံရိပ်ယောင်တစ်ခုကို ထုတ်ယူကာ နှမြောတသဟန်ဖြင့် ထန်ထျန်းထံ အပ်နှံလိုက်၏။
"ဘာလဲ... ငါ့ကို ပြန်မပေးချင်တော့ဘူးလား"
ထန်ထျန်းက တမင်တကာ မေးလိုက်သည်။
လီဟုန်က အလျင်အမြန်ပင် "ကျွန်တော် မဝံ့ရဲပါဘူး။"
" ဒါပေမဲ့... ရှောင်ကျိ က တကယ်ကို သုံးရတာ ကောင်းလွန်းလို့ပါ..."
ထန်ထျန်းက ချက်ချင်း ပြုံး လိုက်၏။
ဤအရာမှာ သူ၏ လိုအပ်ချက်အရ နည်းပညာ ကမ္ဘာမှ ခေတ်မီသော အတွေးအခေါ်များကို အသုံးပြုကာ အထူး ဖန်တီးထားသော စနစ်တစ်ခု ဖြစ်ပေရာ သုံးရတာ ကောင်းနေမှာ သေချာလှပေသည်။
"ကောင်းပြီလေ၊ ဒါက မင်းတို့ရဲ့ အလုပ်တွေကို ကူညီပေးမယ့် ကိရိယာ တစ်ခုပဲ။ ဝမ်ကန်း တို့ ရောက်လာရင် မင်း ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေ လုပ်ရဦးမှာ"
ထန်ထျန်းက ပြောလိုက်၏။
လီဟုန်က ရိုသေစွာ ခေါင်းညိတ်ပြီးနောက် ထွက်ခွာသွားတော့သည်။
လက်ထဲမှ ပုံရိပ်ယောင်ကို ကြည့်ကာ ထန်ထျန်းက ရှောင်ကျိ နှင့် ပေါင်းစပ်ရန် ရွေးချယ်လိုက်၏။
စိတ်အာရုံ စေခိုင်းလိုက်သည်နှင့် သူ တစ်ဦးတည်းသာ မြင်နိုင်သော အလင်းမျက်နှာပြင်တစ်ခု မျက်စိရှေ့တွင် ပေါ်လာတော့သည်။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သူ သိလိုသော အချက်အလက်များကို အလင်းမျက်နှာပြင်ပေါ်တွင် ချက်ချင်း ပြသပေးနေ၏။ အချက်အလက်များမှာ အလွန် ပြည့်စုံသလို အသိဉာဏ်လည်း မြင့်မားလှပေရာ ဆက်စပ် အချက်အလက်များကိုပါ ဖော်ပြပေးနိုင်စွမ်း ရှိပေသည်။
ဥပမာအားဖြင့် ပြတင်းပေါက် အပြင်ဘက်ရှိ ပန်းအိုးကို ရှောင်ကျိ က ခွဲခြမ်းစိတ်ဖြာကြည့်ရာ ၎င်းမှာ ကျင့်ကြံသူ တစ်ဦး အသုံးပြုခဲ့ဖူးသော ရတနာ တစ်ခု ဖြစ်နေ၏။
"ပျက်စီးသွားပြီဖြစ်လို့ အစွမ်းမရှိတော့ပါ။"
"ပိုင်ဆိုင်သူမှာ အကြမ်းဖျင်းအားဖြင့် ကောင်းကင်အင်မော်တယ် အဆင့် ဖြစ်သည်။"
"အမျိုးသမီး ဖြစ်သည်။"
"၎င်းကို အသုံးပြုပြီး ထမင်းစားခဲ့ဖူးပုံ ရသည်..."
တကယ်ကို အသေးစိတ်ကျလွန်းလှပေသည်။
ထန်ထျန်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ နောင်တွင် တစ်ဖက်လူကို မသိသဖြင့် အခက်တွေ့ရမည့် ကိစ္စမျိုး ရှိတော့မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ရှောင်ကျိ ဆိုသည့် ကောင်က တစ်ဖက်လူ၏ ဘိုးဘေး ၁၈ ဆက်အထိကိုပင် ဖော်ထုတ်ပေးနိုင်ပုံ ရသောကြောင့် ဖြစ်၏။
သို့သော် အချက်အလက် ဖော်ထုတ်ခြင်းမှာ ရှောင်ကျိ ၏ လုပ်ဆောင်ချက် တစ်ခုသာ ရှိသေးသည်။
၎င်းမှာ အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာနိုင်သော အလွန် အရေးကြီးသည့် စွမ်းရည်လည်း ရှိသေး၏။
ထန်ထျန်းက အဆင့်မြင့် အင်မော်တယ်ဝိဉာဉ် ပုတီးစေ့ တစ်ခုကို ထုတ်ယူကာ စကန်ဖတ် ခွဲခြမ်းစိတ်ဖြာသည့် စနစ်ကို ဖွင့်လိုက်သည်။
မကြာမီ စာသားများက သူ၏ ရှေ့တွင် ပေါ်လာတော့၏။
"လူလုပ် ဖန်တီးထားသော ကမ္ဘာဦးရတနာ ဖြစ်သည်။"
"အတွင်းပိုင်းတွင် အလွန် သန့်စင်သော အင်မော်တယ် စွမ်းအား ရှိပြီး စုစုပေါင်း ပမာဏမှာ ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူ တစ်ဦး၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။"
"ရှားပါးလှသော အင်မော်တယ် ပစ္စည်းတစ်ခု ဖြစ်သည်"
အဆင့်မြင့် အင်မော်တယ်ဝိညာဉ်ပုတီးစေ့ ၏ အချက်အလက်များကို ရှောင်ကျိ က အလွန် တိကျစွာ ခွဲခြမ်းစိတ်ဖြာ ပေးလိုက်ခြင်း ဖြစ်၏။
ထန်ထျန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် အင်မော်တယ်ဝိညာဉ်ပုတီးစေ့ ၏ အမည်ကို ရှောင်ကျိ ထံ အချက်အလက် ဖြည့်စွက်ပေးလိုက်သည်။
ဆက်လက်၍ သူက ကြယ်တာရာခရစ်စတယ် တစ်ခုကို ထုတ်ယူလိုက်၏။
"ကြယ်တာရာကောင်းကင် မှ လာပြီး ကြယ်တာရာ စွမ်းအားများ ပါဝင်သော ကမ္ဘာ့မူလ ရတနာ ဖြစ်သည်။"
"အကောင်းဆုံး လက်နက်သန့်စင် ပစ္စည်း၊ အကောင်းဆုံး အစီအရင် ပစ္စည်း၊ အကောင်းဆုံး ကျင့်ကြံခြင်း အရင်းအမြစ် ဖြစ်သည်။"
"အလွန် ရှားပါးသည်"
ရှောင်ကျိ က သူ၏ ခွဲခြမ်းစိတ်ဖြာမှုကို ထပ်မံ ပေးအပ်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ ထန်ထျန်းကို အနည်းငယ် အံ့အားသင့်စေ၏။
ကြယ်တာရာခရစ်စတယ် ကို လက်နက်သန့်စင်ရန်အတွက်သာ သုံးနိုင်သည်ဟု သူ ထင်ခဲ့သော်လည်း အစီအရင်များတွင်လည်း သုံးနိုင်သလို ကျင့်ကြံခြင်း အရင်းအမြစ် အဖြစ်လည်း သုံးနိုင်နေသေးသည်။
ကမ္ဘာ့မူလ ရတနာ ဆိုသည့် အမည်နှင့် ထိုက်တန်လှပေသည်။
ဤစမ်းသပ်မှု နှစ်ကြိမ်အရ ရှောင်ကျိ ၏ စကန်ဖတ် ခွဲခြမ်းစိတ်ဖြာမှု စွမ်းရည်အပေါ် ထန်ထျန်းက အလွန် ကျေနပ်သွား၏။
အလွန် အစွမ်းထက်လှပေသည်။
ဒါဆိုရင် သူ အမြဲတမ်း နားမလည်နိုင်တဲ့ အရာတွေကိုရော ဒါက သိနိုင်မလား။
ခေတ္တမျှ စဉ်းစားပြီးနောက် ထန်ထျန်းက အရာတစ်ခုကို ထုတ်လိုက်၏။
လနတ်သမီးဝိုင်
ထို့နောက် စကန်ဖတ်လိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် ရှောင်ကျိ မှာ အတော်လေး ရုန်းကန်နေရပုံ ပေါ်၏။
အတော်ကြာ ခွဲခြမ်းစိတ်ဖြာပြီးမှသာ စာသား အနည်းငယ် ထန်ထျန်း၏ ရှေ့တွင် ပေါ်လာတော့သည်။
"နိယာမ၏ ထုတ်ကုန် ဖြစ်သည်။"
ပထမဆုံး စာသားကပင် ထန်ထျန်းကို မှင်သက်သွားစေ၏။
ဒါက လနတ်သမီးက စိတ်ကြိုက် ချက်ထားတဲ့ အင်မော်တယ် ဝိုင် မဟုတ်ဘူးလား။ ဘာလို့ နိယာမတွေနဲ့ ပတ်သက်နေရတာလဲ။
သူ ဆက် ဖတ်ကြည့်လိုက်၏။
"ဤအရာသည် အတွင်းပိုင်းတွင် နိယာမ ပေါင်းသောင်းချီကို ပေါင်းစပ်ထားပြီး လစွမ်းအားများစွာ ထည့်သွင်းထားသည်။ ထို့နောက် အလွန် ရှုပ်ထွေးသော ကျိုချက်မှုများကို ဖြတ်သန်းကာ စွမ်းအားကြီးမားသော ဆန္ဒတစ်ခု၏ ပံ့ပိုးမှုဖြင့် နောက်ဆုံးတွင် ပုံပေါ်လာခြင်း ဖြစ်သည်။"
"ဤအရာတွင် အားကောင်းသော အစွမ်း အနည်းဆုံး ဒါဇင်ချီ ရှိပြီး အချို့သော အရေးကြီး အချက်အလက်များ ချို့ယွင်းနေသဖြင့် အောက်ပါ ငါးမျိုးကိုသာ ခွဲခြမ်းစိတ်ဖြာနိုင်ပါသည် "
"၁။ ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း။"
"၂။ ဝိညာဉ်ကို သန့်စင် ပေးခြင်း။"
"၃။ အသက်မူလကို သန့်စင်ပေးခြင်း။"
"၄။ ပါရမီနှင့် အလားအလာကို မြှင့်တင်ပေးခြင်း။"
"၅။ စိတ်ရင်းကို ထင်ဟပ်စေခြင်း"
ထန်ထျန်းမှာ ချက်ချင်း မှင်သက်သွားရ၏။
အခြား အစွမ်းတွေကို သူ နားလည်နိုင်သော်လည်း ဤ "စိတ်ရင်းကို ထင်ဟပ်စေခြင်း" ဆိုသည်မှာ ဘာလဲ။
သူ သေသေချာချာ စစ်ဆေးကြည့်မှသာ လနတ်သမီးဝိုင်က လူတစ်ဦးချင်းစီ၏ စိတ်တွင်းရှိ မတူညီသော ခံစားချက်များအပေါ် မူတည်ပြီး မတူညီသော အကျိုးသက်ရောက်မှုများကို ပြသနိုင်ခြင်း ဖြစ်ကြောင်း နားလည်သွားတော့၏။
လူတိုင်း လကို မော့ကြည့်သည့်အခါ ထိုအချိန်က စိတ်အခြေအနေပေါ် မူတည်ပြီး ခံစားချက် မတူညီကြသကဲ့သို့ပင်။
ကုရှောင်ရွှယ်၊ မိုရှောင်းရှောင်း၊ လီဟုန် တို့က လနတ်သမီးဝိုင်ကို မြည်းစမ်းပြီးနောက် ဘာလို့ ခံစားချက် မတူကြတာလဲဆိုသည်မှာ မဆန်းတော့ပေ။
မိုရှောင်းရှောင်း မှာ ဘာအရသာမှ မခံစားရခြင်းမှာ သူမက အလွန်အမင်း အကျိုးသင့်အကြောင်းသင့် ဆင်ခြင်တတ်သူ ဖြစ်သဖြင့် သူမ၏ စိတ်ထဲတွင် ခံစားချက်နှင့် ပတ်သက်သောအရာများ မရှိသောကြောင့် ဖြစ်နိုင်၏။
လီဟုန် မှာ ခါးသက်သော အရသာကို ခံစားရခြင်းမှာ သူ၏ ယခင် အတွေ့အကြုံများနှင့် ဆက်စပ်နေပေလိမ့်မည်။
လန်ယွီ ညီအစ်မများက မြက်နံ့ သင်းသင်းလေးကို ခံစားရခြင်းမှာ သူတို့၏ ဝိညာဉ်များက သန့်စင်နေကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
ကြောင်လေးကိုတော့ ထည့်မပြောတော့ပါ၊ လနတ်သမီး အဆင့်အတန်းမျိုးက ချက်ထားတဲ့ အရာက သူ့အတွက်တော့ တကယ့် အဆိပ်တစ်ခု ဖြစ်နေမှာ သေချာပေသည်။
ကုရှောင်းရွှယ် ကျတော့ရော...
မျက်ရည်ကျခြင်းက ဝမ်းနည်းမှု ဆိုရင်၊ အေးစိမ့်ခြင်းကရော ဘာလဲ။
ကြောက်ရွံ့မှုကို ကိုယ်စားပြုတာလား။
ထန်ထျန်းမှာ ကုရှောင်ရွှယ် ဘာကြောင့် အဲဒီလို တုံ့ပြန်မှုမျိုး ရှိခဲ့တာလဲဆိုသည်ကို လောလောဆယ် နားမလည်နိုင်သေးပေ။
ဖြစ်နိုင်သည်မှာ သူမ၏ လျှို့ဝှက်ဆန်းပြားသော အဆင့်အတန်းနှင့် ပတ်သက်နေပေလိမ့်မည်။
ထန်ထျန်း ကိုယ်တိုင် ကျတော့ရော...
သူကတော့ အရသာ ကောင်းသည်ဟုသာ ခံစားရပြီး သောက်ရတာ သက်သောင့်သက်သာ ရှိလှပေရာ အတော်လေးပင် စွဲလန်းနေပေပြီ။
ဒါက ဘာကို ဆိုလိုတာလဲ။
သူက ပေါ့ပေါ့ပါးပါး နေတတ်တဲ့သူမို့လို့လား။
အကျိုးအကြောင်းတော့ ရှိပုံရ၏။
သို့သော် ထန်ထျန်းက ၎င်း၏ နောက်ကွယ်တွင် ပို၍ နက်ရှိုင်းသော အကြောင်းရင်းများ ရှိနေဦးမည်ဟု ခံစားနေရဆဲ ဖြစ်ပေသည်။
ခေတ္တအကြာတွင် ထန်ထျန်းက ခေါင်းခါယမ်းလိုက်ပြီး စိတ်ထဲမှ အတွေးများကို ဖယ်ထုတ်လိုက်၏။
ဘာပဲဖြစ်ဖြစ် လနတ်သမီးဝိုင်က သူ၏ စွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်မှာ အမှန်တကယ်ပင်။
ပြီးတော့ လနတ်သမီးဝိုင်၏ အစွမ်းမှာ သူ ထင်ထားသည်ထက် ပို၍ ကျော်လွန်နေပေသည်။
ဒါက လနတ်သမီးက တကယ်ပဲ စိတ်ကြိုက် ချက်ထားတဲ့ အရာလား။
ထန်ထျန်းက သံသယ ဖြစ်မိ၏၊ ကောင်းကင်ထိပ်ဆုံး သို့ သွားပြီး လနတ်သမီးနှင့် နောက်တစ်ကြိမ် တွေ့သည့်အခါ သေသေချာချာ မေးကြည့်ရပေဦးမည်။
ထန်ထျန်းက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လနတ်သမီးဝိုင်ကို ပြန်သိမ်းလိုက်သည်။
ရှောင်ကျိ ၏ စွမ်းရည်ကလည်း သူ့ကို အလွန် အံ့အားသင့်စေ၏။
ဒါဆိုရင် သူ ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်တဲ့ အခြား အရာ နှစ်ခုလည်း ရှိသေးသည်။
ထန်ထျန်း၏ အကြည့်က သူ၏ လက်ကောက်ဝတ်ရှိရာသို့ ကျရောက်သွား၏။
လျှို့ဝှက်ဆန်းပြားသော ရှေးဟောင်းကျောက်စိမ်းမှာ ယခုတိုင် ဟင်းလင်းပြင် ခေါင်းလောင်း ထံမှ စွမ်းအင်များကို မနားမနေ စုပ်ယူကာ အင်မော်တယ် စွမ်းအားများ အဖြစ် ပြောင်းလဲပြီး ထန်ထျန်း၏ ခန္ဓာကိုယ်အတွင်းသို့ ပို့လွှတ်ပေးနေဆဲ ဖြစ်ပေသည်။