အခန်း (၁၄၅၆-၁၄၅၈)
Vol. 98 Ch. 1456-1458
အခန်း ( ၁၄၅၆ )
ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးရှာနိုင်သူ
ထိုအခိုက်အတန့်တွင် သေရွာ သွားပြီဖြစ်သော အရှေ့အောင်ပွဲ ဧကရာဇ်လောင်းကို လုယန်ဟွာ တစ်ချက်ထပ် ကြည့်လိုက်သည်။ ဝိညာဉ်ဖမ်း နည်းဗျူဟာ ပုံစံကြောင့် အရှေ့အောင်ပွဲ ဧကရာဇ်လောင်း၏ မှတ်ဉာဏ်များ ထိခိုက်သွားခြင်းကြောင့် သူ့မှတ်ဉာဏ်ထဲတွင် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးနှင့် ပတ်သက်သော သတင်းအချက်အလက်များ မတွေ့ရှိခြင်း ဖြစ်နိုင်သလားဟု သူ တွေးတောနေ၏။
ထိုဖြစ်နိုင်ခြေကို တွေးမိရုံဖြင့် လုယန်ဟွာ ပို၍ စိတ်တိုလာသည်။ များသောအားဖြင့် အရှေ့အောင်ပွဲ ဧကရာဇ်လောင်းကဲ့သို့ ဧကရာဇ်ဘေးမှ အခြံအရံများ၏ ခန္ဓာကိုယ်တွင် ရှန်ဝူ ဧကရာဇ် ထည့်သွင်းထားသော ကန့်သတ်ချက်များ ရှိတတ်သည်။
ထျန်းကျိရဲတိုက်မှ ဧကရာဇ်အဆင့်က ထိုကန့်သတ်ချက်ကို အတင်းအဓမ္မ ချိုးဖျက်ကာ အရှေ့အောင်ပွဲ ဧကရာဇ်လောင်း၏ မှတ်ဉာဏ်များကို ထုတ်ယူခဲ့သော်လည်း အရှေ့အောင်ပွဲ ဧကရာဇ်လောင်း၏ စိတ်ဝိညာဉ်ကို ထုတ်ယူစဉ် ထိုကန့်သတ်ချက်က အလုပ်လုပ်သွားပြီး အဓိကမှတ်ဉာဏ်အချို့ကို ကြိုတင်ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်နိုင်ခြေရှိသည်။
လုယန်ဟွာက လက်ကို ဝေ့ယမ်းကာ အရှေ့အောင်ပွဲ ဧကရာဇ်လောင်း၏ အလောင်းကို ရှင်းခိုင်းလိုက်၏။ ထို့နောက် သူ၏ အကြည့်က ထျန်းကျိရဲတိုက်မှ ဧကရာဇ်တစ်ပါးထံသို့ ရောက်သွားသည်။
“ခင်ဗျားတို့ရဲ့ ထျန်းကျိရဲတိုက်က ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး ရှိတဲ့နေရာကို တွက်ချက်နိုင်ရမယ် မဟုတ်လား။”
ထိုမေးခွန်းကို ကြားလျှင် ထျန်းကျိရဲတိုက်မှ ဧကရာဇ်တစ်ပါးက
“မရနိုင်ဘူး ထင်တယ်။ ကျွန်တော်တို့ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးအကြောင်း တစ်ခါမှ မကြားဖူးဘူး။ မင်းကြီး ပြောပုံအရဆိုရင် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တယ်ဆိုတော့ ဒီစွမ်းရည်တစ်ခုတည်းနဲ့တင် ဒါက သာမန်ရတနာ မဟုတ်တာ ထင်ရှားပါတယ်။”
“ဒီလိုရတနာမျိုးတွေက များသောအားဖြင့် ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားနိုင်ပြီး ပြင်ပလူတွေအနေနဲ့ တည်နေရာကို တွက်ချက်ဖို့ ခက်ခဲနိုင်ပါတယ်။”
ထိုအခိုက်တွင် ထိုဧကရာဇ်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး
“ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး ရှိတဲ့နေရာကို တွက်ချက်နိုင်မယ့်သူ တစ်ယောက်တော့ ရှိတယ်...ဒါပေမဲ့...”
ထိုစကားကို ကြားလျှင်
“အဲဒါ ဘယ်သူလဲ။ သူ့ကို ခုချက်ချင်း ကျုပ်ဆီ ခေါ်ခဲ့ပါ”
ဟု လုယန်ဟွာက အလျင်အမြန် မေးလိုက်သည်။
ထျန်းကျိရဲတိုက်မှ ဧကရာဇ်က အခက်တွေ့သော မျက်နှာထားဖြင့်
“မင်းကြီး ကိုယ်တိုင် သွားရမယ် ထင်တယ်”
“ခင်ဗျားက ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုအကြောင်း ပြောနေတာလား။”
ထိုသူ မည်သူဖြစ်နိုင်ကြောင်း လုယန်ဟွာ ချက်ချင်း သိလိုက်သည်။
“ဟုတ်ပါတယ်...ဒီစကြဝဠာထဲမှာ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို မသိတာ ဘာမှ မရှိဘူး။ တကယ်လို့ သူသာ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး ရှိတဲ့နေရာကို တွက်ချက်ပေးဖို့ မင်းကြီးကို ကူညီမယ်ဆိုရင် ဧကန်မုချ သိနိုင်ပါလိမ့်မယ်။”
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုနှင့် ထျန်းကျိရဲတိုက်တို့ အဆင်မပြေဖြစ်နေကြသဖြင့် သူမထံသို့ အကူအညီတောင်းရန် သွားသင့် မသွားသင့် လုယန်ဟွာ ခဏခန့် စဉ်းစားလိုက်သည်။ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက သူ့ကို ကူညီရန် လိုလိုလားလား ရှိမရှိ ထည့်မစဉ်းစားလျှင်ပင် သူ့အနေနှင့် သူမထံ အကူအညီတောင်းရန် သွားပါက ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင်ကို စိတ်ဆိုးအောင် လုပ်မိသွားနိုင်သည်။
သူ၏ လက်ရှိရာထူးသည် ထျန်းကျိရဲတိုက်၏ ထောက်ခံမှုအပေါ်တွင် မူတည်နေ၏။ ထို့ကြောင့် ယခုအချိန်တွင် သူအလျင်လိုနေ၍ လုံးဝ မဖြစ်ပေ။
ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို ရှာမတွေ့လျှင်လည်း ကိစ္စမရှိပေ။ သူ၏ ထီးနန်းနှင့် ယှဉ်လျှင် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက အရေးမပါပေ။ ထိုသို့ တွေးတောရင်း လုယန်ဟွာက
“ထားလိုက်တော့”
ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး ကိစ္စကို လုယန်ဟွာ ဆက်လက် စဉ်းစားမနေတော့ပေ။
“ပြင်ဆင်ကြ။ ကျုပ်ကိုယ်တိုင် ကျောက်ဖြူ ကြယ်နယ်မြေစုကို သွားမယ်။”
လုယန်ဟွာသည် လုချန်း၏ ရှနိုင်ငံတော် ကျရှုံးသွားသည်ကို သူကိုယ်တိုင် မြင်တွေ့လိုပြီး လုချန်းကို သူ၏ လက်ဖြင့် သတ်ပစ်ချင်နေသည်။ ဘာ့ကြောင့်မှန်း မသိသော်လည်း လုချန်းကို သတ်ဖြတ်လိုသော သူ၏ စိတ်ဆန္ဒများ ပို၍ ပြင်းထန်လာခဲ့သည်။
သူကိုယ်တိုင်လည်း အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို နားမလည်ပေ။ သူ့အတွက် လုချန်းသည် ရှုံးနိမ့်သူတစ်ဦးမျှသာ ဖြစ်သဖြင့် ထိုသူ့အပေါ် ဤမျှလောက် အာရုံစိုက်နေစရာ အကြောင်းမရှိပေ။
သို့သော် အချိန်တစ်ခုတွင် လုချန်း သူ့ကို ဒုက္ခတစ်ခုခု ပေးလာနိုင်သည်ဟု သူ အမြဲ ခံစားနေရသည်။ ထိုခံစားချက်က လုချန်းအား သူ၏ သတ်ဖြတ်လိုသော စိတ်ကို ပို၍ နက်ရှိုင်းလာစေ၏။
သူ ရူးသွားပြီလားဟုပင် လုယန်ဟွာ တွေးမိသည်။ သို့သော် ဘာပဲဖြစ်ဖြစ် လုချန်း သေသွားသည်နှင့် ဤအရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။
……
နန်အန်းနိုင်ငံ။
ဝူယန်းကြယ်နယ်မြေ။
မိုးကြိုး ဧကရာဇ်သည် သူ၏ တပ်မကို ဦးဆောင်ကာ အဝေးမှ ကြယ်နယ်မြေကို ကြည့်နေသော်လည်း တိုက်ခိုက်ရန် ချီတုံချတုံ ဖြစ်နေသည်။ လုယန်ဟွာထံတွင် သစ္စာခံရန် ကိုယ်တိုင် ကြိုးပမ်းခဲ့သော်လည်း လုယန်ဟွာက သူ့ကို လူယုံတစ်ယောက်အနေနှင့် သဘောမထားသည်ကို သူ မကြာသေးမီက သိခဲ့ရသည်။
အညစ်ပတ်ဆုံးနှင့် အပင်ပန်းဆုံး အလုပ်များကို လုယန်ဟွာက သူ့အား ခိုင်းစေခဲ့၏။ ကောင်းကင်နတ်ဆိုးရှင်းလင်းရေး တာဝန်အချို့ကိုပင် သူ့အား ပေးအပ်ခဲ့သည်။
ထို့ကြောင့် သူ၏ တပ်သည် တဖြည်းဖြည်း အရေအတွက် လျော့နည်းလာခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း လုယန်ဟွာက သူ့ကို ရှေ့တန်းသွားခိုင်းခဲ့ရာ သူ၏ တပ်အင်အား ပို၍ပြုန်းတီးသွားခဲ့သည်။
တကယ်လို့ ဤအတိုင်းသာ ဆက်ဖြစ်နေပါက သူ၏ တပ်မသည် ရှန်ယွဲ့နိုင်ငံ၏ တပ်မဟာ ဆယ်ခုတွင် အင်အားအနည်းဆုံး ဖြစ်လာလိမ့်မည်။ လုယန်ဟွာက သူ့ကို ယုံကြည်မှုမရှိသဖြင့် သူ၏ တပ်အင်အားကို လျော့နည်းစေကာ သူ့ကို အင်အားချည့်နဲ့အောင် လုပ်လိုကြောင်း ထင်ရှားသည်။
ထိုအချိန်တွင် ဧကရာဇ်လောင်း အဆင့်ရှိသော ဒုတိယ ဗိုလ်ချုပ်တစ်ဦး မိုးကြိုး ဧကရာဇ်၏ ဘေးသို့ ရောက်လာပြီး
“ဗိုလ်ချုပ်...ကျွန်တော်တို့ ဘယ်တော့ တိုက်ခိုက်မလဲ။”
မိုးကြိုး ဧကရာဇ်က
“အဲ့ဒီ ဧကရာဇ်တွေ ထွက်ပြေးသွားတဲ့အထိ စောင့်ကြရအောင်။”
ထိခိုက်ကျဆုံးမှုကို လျော့နည်းစေပြီး အင်အားကို ထိန်းသိမ်းခြင်းက မိုးကြိုး ဧကရာဇ်အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ ထိုနိုင်ငံများမှ ဧကရာဇ်များ ထွက်ပြေးသွားပါက မည်သည့် ခုခံမှုမှမရှိပဲ ဝင်ရောက်တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ထိုအခါ သူ၏ တပ်အင်အား အများကြီး လျော့ကျသွားမည် မဟုတ်ပေ။
ထိုဧကရာဇ်များ ပြေးသွားလျှင်လည်း ပြေးပါစေ။
သူသည် သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြရသော ဧကရာဇ် မဟုတ်သဖြင့် ထိုသူတို့၏ အသက်ကို စိတ်ဝင်စားခြင်း မရှိပေ။
ထိုစကားကို ကြားလျှင် ဒုတိယ ဗိုလ်ချုပ်က
“ကျောက်ဖြူ ကြယ်နယ်မြေစုက နိုင်ငံအားလုံးကို အမြန်ဆုံး သိမ်းပိုက်ဖို့ မင်းကြီးဆီက အမိန့်ရှိပါတယ်။ သူကိုယ်တိုင်လည်း လာနေပါပြီ။”
ဟု သတိပေးလိုက်သည်။
မိုးကြိုး ဧကရာဇ်၏ ဒုတိယ ဗိုလ်ချုပ်တစ်ဦးအနေနှင့် မိုးကြိုး ဧကရာဇ် ဘာတွေးနေသည်ကို သူကောင်းကောင်း နားလည်သည်။ သို့သော် ရှန်ယွဲ့ ဧကရာဇ်က အမိန့်ပေးထားပြီးဖြစ်ရာ ရှန်ယွဲ့ ဧကရာဇ် မရောက်လာမီ ကျောက်ဖြူ ကြယ်နယ်မြေစု တစ်ခုလုံးကို မသိမ်းပိုက်နိုင်ပါက ရှန်ယွဲ့ ဧကရာဇ် စိတ်ဆိုးသွားနိုင်သည်။
အစက မိုးကြိုး ဧကရာဇ်နှင့် လုချန်းတို့ကြား ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့ကြပြီး ယခု စစ်တပ်စေလွှတ်ရခြင်း ရည်ရွယ်ချက်ကလည်း လုချန်းကို ဖယ်ရှားရန် ဖြစ်သည်။ မိုးကြိုး ဧကရာဇ် စစ်မြေပြင်တွင် အချိန်ဆွဲနေပါက ရှန်ယွဲ့ ဧကရာဇ်အား သံသယဖြစ်စေနိုင်သည်။
ထိုအရာကို ကြားလျှင် မိုးကြိုး ဧကရာဇ် မျက်ခုံးတွန့်သွားသည်။
ရှန်ယွဲ့ ဧကရာဇ်က ရှေ့တန်းကို ကိုယ်တိုင် လာမှာလား။
သူက ဘာကြောင့် လာမှာလဲ။
သူက လုချန်းကို လွှတ်ပေးလိုက်မှာ စိုးရိမ်လို့ သူကိုယ်တိုင် လာကြည့်တာ ဖြစ်နိုင်လား။
ရှန်ယွဲ့ ဧကရာဇ်သည် သူ့ကို တစ်ခါမှ အပြည့်အဝ ယုံကြည်ခဲ့ပုံ မရပေ။ မကြာသေးမီ ကာလများအတွင်း ဟိုခိုင်း သည်ခိုင်း အလုပ်ခံခဲ့ရသည်များကို တွေးမိရင်း မိုးကြိုး ဧကရာဇ်၏ စိတ်ထဲ နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။
လုချန်းသာ ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ် ဖြစ်လာခဲ့လျှင် သူ ဤမျှလောက် ပင်ပန်းမည် မဟုတ်ပေ။ ကပ်ဘေးကြီးက နီးကပ်နေပြီဖြစ်ရာ လုယန်ဟွာနှင့် ရင်းနှီးသော ဧကရာဇ်များသည် ကျင့်စဉ် အရင်းအမြစ် အမျိုးမျိုးကို ရရှိခဲ့ကြ၏။ လုယန်ဟွာက သူတို့ကို တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ခွင့်ပင် ပေးခဲ့သည်။
မိုးကြိုး ဧကရာဇ်၏ စိတ်ထဲ ကျိန်ဆဲနေစဉ် ရုတ်တရက် ဒုတိယ ဗိုလ်ချုပ်တစ်ဦး ပြေးလာပြီး
“ဗိုလ်ချုပ်...နန်အန်းနိုင်ငံမှာ အခြေအနေတစ်ခု ဖြစ်နေပါတယ်။”
စကားဆုံးသည်နှင့် အပြာရောင် အကာအကွယ်တစ်ခု သူတို့ဆီသို့ အဝေးမှ အလျင်အမြန် တိုးချဲ့လာနေသည်ကို မိုးကြိုး ဧကရာဇ် သတိထားမိလိုက်သည်။ စစ်တပ်ထဲမှ ဧကရာဇ်လောင်း အချို့သည် ထိုအပြာရောင် အကာအကွယ်ကို တားဆီးရန် ကြိုးစားသော်လည်း သူတို့၏ တိုက်ခိုက်မှုများကြားမှပင် ထိုအကာအကွယ်သည် ပျက်စီးခြင်းမရှိပဲ ဆက်လက်တိုးချဲ့ လာနေ၏။
ဧကရာဇ်လောင်း အမြောက်အမြားက တပြိုင်နက်တည်း တိုက်ခိုက်နေသော်လည်း အကာအကွယ်အပေါ်တွင် မည်သို့မှ သက်ရောက်မှု မရှိသည်ကို ကြည့်ရင်း ဤနည်းဗျူဟာ အကာအကွယ် အဘယ်ကြောင့် ဤမျှ ခိုင်ခံ့နေရသနည်းဟု မိုးကြိုး ဧကရာဇ် မျက်မှောင်ကြုတ်လျက် တွေးလိုက်သည်။
ထို့နောက် မိုးကြိုး ဧကရာဇ်ကိုယ်တိုင် အပြာရောင် အကာအကွယ်နားသို့ ချဉ်းကပ်သွားရာ ထိုအခိုက်တွင် အကာအကွယ်သည် ဆက်လက် မတိုးချဲ့တော့ပဲ မိုးကြိုးတပ်မရှေ့တွင် ရပ်တန့်သွားသည်။
မိုးကြိုး ဧကရာဇ်က နောက်က စစ်သည်များကို ညွှန်ကြားလိုက်သည်။
“အားလုံး ဆုတ်ကြ”
ထိုစကားနှင့်အတူ မိုးကြိုးတပ်မ တစ်ခုလုံး ဆုတ်ခွာသွားကြပြီး အကာအကွယ်ရှေ့တွင် မိုးကြိုး ဧကရာဇ် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ နောက်တစ်ခဏတွင် မိုးကြိုး ဧကရာဇ်က သူ၏ နိယာမ ပုံရိပ်ကို ထုတ်လွှတ်လိုက်သည်။ နိယာမ ပုံရိပ် ပေါ်လာသည်နှင့် ဟင်းလင်းပြင် တစ်ခုလုံး ခရမ်းရောင် လျှပ်စီးများဖြင့် ပြည့်နှက်သွား၏။ ထို့နောက် မိုးကြိုး ဧကရာဇ်၏ နိယာမ ပုံရိပ်က လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ချီလင် လက်သီး...
လျှပ်စီးများ ဝန်းရံနေသော ခရမ်းရောင် ချီလင်ငှက်တစ်ကောင်သည် အပြာရောင် အကာအကွယ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ သို့သော် အပြာရောင် အကာအကွယ်ကတော့ လုံးဝ မလှုပ်မယှက် ရှိနေ၏။ သူ၏ လက်သီးချက်သည် အကာအကွယ်ပေါ်၌ လှိုင်းဂယက်တစ်ခုပင် မထစေခဲ့ပေ။
…………..
အခန်း (၁၄၅၇ )
မိုကြိုးဧကရာဇ်အား အချိန်ပေးခြင်း
မိုးကြိုးဧကရာဇ်သည် သူ၏ရှေ့ရှိ အပြာရောင်အကာအကွယ်အတားအဆီးကို ဇဝေဇဝါဖြစ်နေသော မျက်နှာထားဖြင့် ကြည့်နေ၏။ သူ၏ ချီလင်လက်သီးချက်ဖြင့်ပင် ထိုအရာကို အလွယ်တကူ ဖောက်ထွင်းနိုင်ခြင်း မရှိပေ။ ဤအတားအဆီးသည် ရိုးရှင်းပုံမရသည့်အပြင် စွမ်းအားထူးကဲလွန်းလှပေသည်။
ဧကရာဇ်အဆင့်လေးမှ ကျင့်ကြံသူတစ်ဦးပင် တောင့်ခံနိုင်စွမ်းမရှိသည့် မိုးကြိုးစွမ်းအားများ သူ၏လက်သီးချက်တွင် ပါဝင်သော်လည်း အပြာရောင်အတားအဆီးကတော့ ဘာမှ မဖြစ်ပေ။ အနည်းငယ်မျှပင် တုန်ခါခြင်း မရှိ။
စကြဝဠာ၏ အစွန်အဖျားရှိ နိုင်ငံတစ်နိုင်ငံတွင် ဤမျှအစွမ်းထက်သည့် နည်းဗျူဟာပုံစံ တည်ရှိနေတာက စဉ်းစားဖွယ် ကောင်းလှသည်။
နန်အန်းဧကရာဇ်သည် တော်ဝင်မိသားစုနှင့်အတူ ထွက်ပြေးသွားပြီဖြစ်ကြောင်း သူ သတင်းရရှိထားခဲ့ပြီးဖြစ်၏။ ယခုကဲ့သို့ အတားအဆီးတစ်ခု ဘာကြောင့် ရုတ်တရက် ပေါ်လာရသနည်း။
ဤနည်းဗျူဟာပုံစံ၏ အရင်းအမြစ်ကို မိုးကြိုးဧကရာဇ်က စဉ်းစားနေစဉ် ရင်းနှီးသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဗိုလ်ချုပ်မိုးကြိုး... မတွေ့တာ ကြာပြီနော်။”
ထိုအသံကို ကြားလျှင် မိုးကြိုးဧကရာဇ် ခဏခန့် တုန့်ဆိုင်းသွားပြီးနောက် အမြန်မော့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် အပြာရောင်အတားအဆီး၏ အခြားတစ်ဖက်ရှိ ဟင်းလင်းပြင်ထဲ၌ လုချန်း လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။
မိုးကြိုးဧကရာဇ် တစ်ခုခုကို ရုတ်တရက် တွေးမိသွားပြီး
“သစ္စာဖောက်... မင်းက ဘယ်လို သတ္တိတွေရှိလာလို့ ကိုယ့်ကိုယ်ကိုယ် လာပြရဲတာလဲ”
ဟု ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။
သို့သော် သူ၏အသံထဲတွင် ဒေါသထက် အံ့အားသင့်မှုက ပိုများနေသည်။
မိုးကြိုးဧကရာဇ်၏ သစ္စာရှိမှုကို လုချန်း တစ်ချက်ကြည့်လိုက်ကာ သူဆိုလိုသည်ကို ချက်ချင်းပင် နားလည်သွားသည်။ မိုးကြိုးဧကရာဇ်ထံ၌ သူ၏အပေါ်တွင် သစ္စာရှိမှု အမှတ်လေးဆယ်အထိ ရှိနေခြင်းက အံ့အားသင့်စရာပင်။
ဤမျှမြင့်မားသော သစ္စာရှိမှု အမှတ်အရ မိုးကြိုးဧကရာဇ်သည် သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြသနေသည်။ ထို့ကြောင့် သူ၏စကားများက သူ့ကို အမြန်ထွက်ပြေးရန် အရိပ်အမြွက် သတိပေးခြင်းသာ ဖြစ်နိုင်သည်ကို သူ သိ၏။
လုချန်းက ရယ်သံစွက်သောအသံဖြင့်
“တော်ပါတော့... ဟန်ဆောင်မနေပါနဲ့တော့။ ခင်ဗျား ဘာတွေးနေလဲဆိုတာ ကျုပ် သိပြီးသားပါ။”
“လုယန်ဟွာနောက်ကို လိုက်နေတာက ဘာမှထူးလာမှာမဟုတ်ဘူး။ ကျုပ်ဘက်ကို ကူးလာတာက ခင်ဗျားအတွက် ပိုကောင်းလိမ့်မယ်။”
လုချန်း၏ စကားကို ကြားသောအခါ မိုးကြိုးဧကရာဇ်နှင့် မိုးကြိုးတပ်မမှ အဖွဲ့ဝင်များ ခဏခန့် မှင်တက်သွားကြသည်။ လုချန်းက ယခုအချိန်တွင် သူတို့ကို စည်းရုံးရန် ကြိုးစားနေတာလား။
သူတို့သည် ရှန်ယွဲ့နိုင်ငံ၏ တပ်မတစ်ခု ဖြစ်သည်။ အာဏာလုပွဲ ပြီးဆုံးသွားပြီးနောက် သတ်ဖြတ်ခြင်းဖြင့် သူ၏အစွမ်းကို သက်သေပြခဲ့ကာ ကောင်းကင်ခိုးယူခြင်းကျင့်စဉ်ကို ကျင့်ကြံထားသည့် လုယန်ဟွာသည် ရှန်ယွဲ့ဧကရာဇ် ဖြစ်လာခဲ့သည်။
သူသည် လက်ရှိ စကြဝဠာတွင် အင်အားအကြီးဆုံး ဧကရာဇ်အဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဝရမ်းထုတ်ခံထားရသည့် မင်းသားတစ်ပါးထံသို့ သူတို့က မည်သို့ ဘက်ပြောင်းနိုင်ပါမည်နည်း။
သို့သော် ထိုအတွေးများ သူတို့စိတ်ထဲ ဖြတ်သန်းသွားစဉ် လုချန်း၏ ခန္ဓာကိုယ်မှ နီရဲသော သတ်ဖြတ်ခြင်းစွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရာကို မြင်လျှင် မိုးကြိုးတပ်မမှ စစ်သည်များ ထပ်မံ ထိတ်လန့်သွားကြပြန်သည်။ မင်းသားလုချန်းကလည်း သတ်ဖြတ်ခြင်းလမ်းစဉ်ကို သက်သေပြခဲ့တာလား။
ဒါက...
မိုးကြိုးဧကရာဇ်က အံ့အားသင့်စွာဖြင့်
“မင်းသား... ခင်ဗျား... ခင်ဗျားကလည်း သတ်ဖြတ်ခြင်းလမ်းစဉ်နဲ့ပဲ သက်သေပြခဲ့တာလား”
သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်တစ်ခု ထင်ရှားနေသည်။
“မင်းသားဟုတ်လား။ အခု ကျုပ်က ရှနိုင်ငံရဲ့ အုပ်စိုးသူပဲ။ ကျုပ်ကို ကောင်းကင်ဧကရာဇ်လို့ ခေါ်သင့်တယ်”
ဟု လုချန်းက တုံ့ပြန်လိုက်သည်။
သူ၏အသံသည် ပြတ်သားကာ အာဏာအရှိန်အဝါများ ပြည့်နှက်နေသည်။
ဒါက...
ကောင်းကင်ဧကရာဇ်တဲ့လား။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် လုချန်း နောက်ပြောင်နေခြင်း ဟုတ်မဟုတ် အကဲခတ်သည့်အလား သူ့ကို အာရုံစိုက်လိုက်ကြသည်။ ကောင်းကင်ဧကရာဇ် ဟူသော ဘွဲ့အမည်ကို လူတိုင်းခံယူခွင့် မရှိပေ။
သို့သော် လုချန်းက သူ့ကိုယ်သူ ကောင်းကင်ဧကရာဇ်ဟု ခေါ်ဝံ့သည့်အပြင် သတ်ဖြတ်ခြင်းလမ်းစဉ်ဖြင့် သက်သေပြနိုင်ခဲ့ခြင်းက သူသည် လုယန်ဟွာထက်ပင် ပို၍ရဲတင်းပြီး ပို၍ကြီးမားသော ရည်မှန်းချက်များ ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်နိုင်သည်။
ရှန်ယွဲ့နိုင်ငံ၏ နံပါတ်ကိုး မင်းသားအဖြစ် လုချန်း ရှိနေစဉ်ကပင် သူတို့သည် သူ၏ လူယုံများဖြစ်ခဲ့ကြပြီး သူသည် ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ်သစ် ဖြစ်လာလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ခဲ့ကြသည်။ ယခု သူ့ကို ပြန်လည် တိုက်ခိုက်ရန် ခိုင်းစေခံရသဖြင့် သူတို့စိတ်ထဲ တကယ်ပင် ချီတုံချတုံဖြစ်နေကြသည်။
ထို့ပြင် လုချန်းကလည်း သတ်ဖြတ်ခြင်းလမ်းစဉ်ဖြင့် သက်သေပြခဲ့ကြောင်း သိလိုက်ရသောအခါ အာဏာလုပွဲ ပြီးဆုံးရန် ဝေးကွာနေသေးပြီး ယခုမှ စတင်ခြင်းသာ ဖြစ်သည်ဟု သူတို့ ရုတ်တရက် ခံစားလိုက်ရသည်။
မိုးကြိုးဧကရာဇ်၏ ဝေခွဲမရဖြစ်နေပုံကို လုချန်း မြင်လျှင်
“ခင်ဗျား စဉ်းစားဖို့ အချိန်နည်းနည်း ပေးပါမယ်။ အဲ့ဒီအချိန်အတွင်းမှာ ခင်ဗျားတို့ စိတ်ကြိုက် တိုက်ခိုက်နိုင်သလို ကျုပ်ရဲ့နည်းဗျူဟာပုံစံကိုလည်း ဖောက်ထွင်းဖို့ ကြိုးစားနိုင်ပါတယ်။”
သူ၏စကား၌ ရန်လိုမှုမရှိပေ။ အာမခံချက်များဖြင့်သာ ပြည့်ဝနေသည်။
ထိုသို့ပြောပြီးနောက် လုချန်းက ဘာမှထပ်မပြောတော့ပဲ နန်အန်းနိုင်ငံ၏ ဧကရာဇ်ကြယ်ဆီသို့ ကံစွမ်းအားများ သိမ်းပိုက်ရန် ဦးတည်ထွက်ခွာသွားတော့သည်။
ထွက်ခွာသွားသော လုချန်း၏ ကျောပြင်ကို ကြည့်ရင်း မိုးကြိုးဧကရာဇ်လည်း ဘာကို ရွေးချယ်ရမည်မှန်း မသေချာနိုင်ပဲ အတွေးထဲ နစ်မြောသွားတော့သည်။ ပုဂ္ဂိုလ်ရေးအရဆိုလျှင် သူသည် အစကတညက လုချန်းကို ပို၍ တန်ဖိုးထားခဲ့သဖြင့် သူ၏ဘက်မှ ရပ်တည်လိုသည်။
လုချန်း၏ စွမ်းရည်နှင့် စိတ်ဓာတ်ကို သူ အလွန်လေးစားခဲ့ဖူးသည်။ သို့သော် ဆင်ခြင်တုံတရားအရမူ ရှန်ယွဲ့ဧကရာဇ်ကို ထောက်ခံခြင်းက ပို၍ ကျိုးကြောင်းဆီလျော်သော ရွေးချယ်မှု ဖြစ်သည်။
ရှန်ယွဲ့ဧကရာဇ်၏ဘက်တွင် ဧကရာဇ်များစွာ စုဝေးနေကြပြီး သတ်ဖြတ်ခြင်းလမ်းစဉ်ဖြင့် သက်သေပြကာ ကောင်းကင်ခိုးယူခြင်းကျင့်စဉ်ကို ကျင့်ကြံထားသည့် လုယန်ဟွာ၏ အင်အားက လုချန်းထက်ပင် သာလွန်နေနိုင်ခြေရှိသည်။
အရေးအကြီးဆုံးမှာ ရှန်ယွဲ့ဧကရာဇ်သည် စကြဝဠာ၏ ထိပ်တန်းအင်အားစုတစ်ခုဖြစ်သော ထျန်းကျိရဲတိုက်၏ ကျောထောက်နောက်ခံကို ရရှိထားခြင်းဖြစ်သည်။ လုချန်းအနေနှင့် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ အကူအညီ မရရှိပါက ရှန်ယွဲ့ဧကရာဇ်ကို အနိုင်ယူနိုင်မည့် လမ်းစကို မိုးကြိုးဧကရာဇ် မမြင်မိပေ။
သို့သော် ထပ်မံ စဉ်းစားကြည့်သောအခါ လုချန်း သေသွားခဲ့လျှင်ပင် လုယန်ဟွာ၏ ဘက်တွင် ဆက်နေခြင်းက သူ့အတွက် သိပ်မကောင်းလှပေ။ လုယန်ဟွာ ခိုင်းစေသည့် ခက်ခဲပင်ပန်းသော အလုပ်များကိုသာ ဆက်လက် လုပ်ဆောင်ရသာ ဖြစ်ကြောင်း မိုးကြိုးဧကရာဇ် ကောင်းစွာသဘောပေါက်၏။
လုယန်ဟွာအတွက် သူကဲ့သို့ ဧကရာဇ်တစ်ပါးက အရေးမကြီးသော်လည်း လုချန်းအတွက်မူ ယခုအချိန်တွင် တန်ဖိုးမဖြတ်နိုင်သော အင်အားတစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော် သူ၏ တပ်မကို လုချန်း တည်ထောင်ထားသည့် နိုင်ငံသစ်သို့ ခေါ်ဆောင်သွားလျှင်ပင် ရှနိုင်ငံသည် ရှန်ယွဲ့နိုင်ငံနှင့် နှိုင်းယှဉ်ပါက အင်အားချင်း အလွန်ကွာဟနေဆဲ ဖြစ်သဖြင့် အနိုင်ရရန် အခွင့်အလမ်း အလွန်နည်းပါးလွန်းနေသေးသည်။
ထိုအတွေးများနှင့်အတူ မိုးကြိုးဧကရာဇ် သက်ပြင်းအနည်းငယ် ချလိုက်၏။ သူ၏ စိတ်ထဲတွင် အတိတ်နှင့် အနာဂတ်၊ သစ္စာတရားနှင့် လက်တွေ့အရှိတရားတို့ လွန်ဆွဲနေသည်။
လဝက်ခန့် အချိန်ကုန်ဆုံးသွားခဲ့သော်လည်း မိုးကြိုးဧကရာဇ်သည် တိုက်ခိုက်ခြင်းလည်း မပြုသလို သူ၏ ရွေးချယ်မှုကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။ သူသည် နတ်ဝိညာဉ်ထီးဖြင့် ဖန်တီးထားသော အတားအဆီးရှေ့တွင် လွင့်မျောရင်း အတွေးထဲ နစ်မြောနေဆဲပင်။
မိုးကြိုးဧကရာဇ်ကို ရှနိုင်ငံဘက်သို့ ကူးပြောင်းရန် စည်းရုံးခြင်းက မည်မျှ ခက်ခဲကြောင်း လုချန်း နားလည်ထားသည်။ သူတို့၏ အတိတ်ဘဝမှ သံယောဇဉ်ကြောင့်သာ သူ့ကို အခွင့်အရေး ပေးနေခြင်း ဖြစ်သည်။
အခြားသော ဧကရာဇ်များကိုတော့ သူ ဤကဲ့သို့ အခွင့်အရေးမျိုး ပေးမည်မဟုတ်ပေ။ ယခုလို အခြေအနေမျိုးတွင် သူတို့အား ချက်ချင်း သုတ်သင်ပစ်မှာ သေချာသည်။
မိုးကြိုးဧကရာဇ် ဝေခွဲမရ ဖြစ်နေဆဲမှာပင် လုချန်းက အတားအဆီးထဲမှ တိုက်ရိုက်ထွက်ပေါ်လာပြီး သူ၏ရှေ့တွင် တစ်ဖန် ပြန်ပေါ်လာသည်။ သူ၏ ပေါ်လာပုံက အလွန် ရုတ်တရက်ဖြစ်လွန်းပြီး တိတ်ဆိတ်လွန်းသဖြင့် မိုးကြိုးဧကရာဇ်ကို အနည်းငယ် တုန်လှုပ်သွားစေသည်။
မိုးကြိုးဧကရာဇ်ကို ကြည့်ရင်း လုချန်းက
“ကဲ... ဆုံးဖြတ်ချက် ချပြီးပြီလား”
သူ၏ အသံသည် အေးဆေးတည်ငြိမ်နေသော်လည်း ဖိအားတစ်ခုကို သယ်ဆောင်လာသည်။
မိုးကြိုးဧကရာဇ်က တိုက်ရိုက် အဖြေမပေးပဲ
“ခင်ဗျား သူ့ကို အနိုင်ယူနိုင်ဖို့ ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိလဲ။”
ထိုမေးခွန်းသည် သူ၏ အတွင်းစိတ်လှုပ်ရှားမှုကို ထင်ဟပ်နေသည်။
လုချန်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက်
“ကျုပ်ရဲ့ ပစ်မှတ်က သူမှမဟုတ်တာ။ ကျုပ်ရဲ့ ရည်မှန်းချက်က စကြဝဠာတစ်ခုလုံးပဲ။ ဒါကြောင့် ခင်ဗျား စိတ်ကြိုက်သာ တွေးပါတော့။”
သူ၏ မျက်လုံးထဲတွင် ကြီးမားသော ရည်မှန်းချက်ကြီးတစ်ခု၏ အလင်းရောင်များ တဖျတ်ဖျတ်တောက်နေသည်။
စကြဝဠာတစ်ခုလုံးတဲ့လား။
မိုးကြိုးဧကရာဇ်၏ စိတ်ထဲ ခဏခန့် ဗလာဖြစ်သွားသည်။
ဟုတ်လောက်သည်...
သူက သူ့ကိုယ်သူ ကောင်းကင်ဧကရာဇ်ဟု ဆိုကတည်းက သူ၏ ရည်မှန်းချက်များသည် ရှန်ယွဲ့နိုင်ငံထက်ပင် များစွာ ကျော်လွန်နေခဲ့ပြီဖြစ်သည်။
ထိုရည်မှန်းချက်ကြီးသည် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း တစ်ချိန်တည်းတွင် ဆွဲဆောင်မှုလည်း ရှိနေသည်။
“ ကောင်းကင်ခိုးယူခြင်းကျင့်စဉ်က တော်တော်လေး စွမ်းတာနော်။ သူက သူတော်စင် အဆင့်ကနေ အချိန်တိုလေးအတွင်းမှာ ဧကရာဇ် အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာ။ သူ နောက်ထပ် ခြေလှမ်းတစ်လှမ်း မလှမ်းနိုင်ခင် မတားဆီးနိုင်ရင်တော့ နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”
ဟု မိုးကြိုးဧကရာဇ်က ဆက်ပြောလိုက်သည်။
သူ၏စကားတွင် စိုးရိမ်မှုနှင့် သတိပေးချက်တို့ ရောထွေးနေသည်။
လုချန်းက
“သူ ကောင်းကင်ဧကရာဇ် ဖြစ်လာခဲ့ရင်တောင် ကျုပ်နောက်က နည်းဗျူဟာပုံစံကို သူ မဖောက်နိုင်ပါဘူး။”
သူ၏အသံသည် ယုံကြည်မှုအပြည့်နှင့် ပြတ်သားကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုအရာကို ကြားလျှင် မိုးကြိုးဧကရာဇ်၏ မျက်လုံးများ ပြူးသွားကာ လုချန်း၏ နောက်ကွယ်ရှိ အပြာရောင်အတားအဆီးကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
၎င်းကို ဖောက်ထွင်းရန် ခက်ခဲကြောင်းနှင့် သူ၏ စွမ်းဆောင်ရည်ထက် သာလွန်ကြောင်း သူ ဝန်ခံသော်လည်း ကောင်းကင်ဧကရာဇ်တစ်ပါးပင် မဖောက်ထွင်းနိုင်ဟု ပြောခြင်းက အနည်းငယ် ပိုလွန်းသည်ဟု သူ ထင်မြင်မိသည်။
သို့သော် လုချန်း၏ မျက်နှာပေါ်ရှိ ယုံကြည်မှုက သူ၏စကားကို ယုတ္တိတန်စေသည်။
မိုးကြိုးဧကရာဇ်၏ မယုံကြည်ကြောင်း လုချန်း ရိပ်မိသောအခါ
“ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်က မကြာခင် ရောက်လာတော့မှာ။ ကျုပ်က ကျုပ်အသက်နဲ့တော့ လောင်းကြေးမထပ်ပါဘူး”
ဟု ဆက်ပြောလိုက်သည်။
ထိုစဉ် မိုးကြိုးဧကရာဇ် တစ်ခုခုကို ရုတ်တရက် တွေးမိသွားပြီး
“ဒါတွေအားလုံးက ရှန်ဝူဧကရာဇ်ရဲ့ ကြိုတင်ပြင်ဆင်မှုတွေလား။”
ရှန်ဝူဧကရာဇ် သေဆုံးမှုက အလွန် ရုတ်တရက် ဆန်လွန်းခဲ့သည်။ ခိုင်လုံသော သက်သေမရှိသော်လည်း ရှန်ယွဲ့ဧကရာဇ်နှင့် ထျန်းကျိရဲတိုက်တို့ ထိုအရာ၏ နောက်ကွယ်တွင် ရှိနေမည်ဟု မိုးကြိုးဧကရာဇ် အစကတည်းက သံသယရှိခဲ့သည်။
သို့သော် စကြဝဠာအပေါ် ဤမျှ ဩဇာသက်ရောက်မှုရှိသော ရှန်ဝူဧကရာဇ်သည် ထျန်းကျိရဲတိုက်၏ အကြံအစည်များကို မသိတာ မဖြစ်နိုင်ကြောင်းနှင့် ယခုကဲ့သို့ အချိန်အခါမျိုးတွင် လုချန်း ပေါ်ထွက်လာခြင်းကလည်း တိုက်ဆိုင်လွန်းနေသည်ဟု သူ ယုံကြည်သည်။
ရှန်ဝူဧကရာဇ်သည် တစ်ခုခုကို ကြိုမြင်ခဲ့ပြီး လုချန်းကို အသက်ရှင်သန်နိုင်မည့် နည်းလမ်းများပေးကာ ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးခဲ့ခြင်းဖြစ်မည်ဟု သူ သံသယဝင်နေသည်။
လုချန်းက
“စိတ်မကောင်းစရာပဲ... ဒါတွေအားလုံးက ရှန်ဝူဧကရာဇ်နဲ့ ဘာမှမပတ်သက်ဘူး။”
သူ၏အသံသည် ပြတ်သားနေပြီး သံသယဝင်စရာ အကြောင်းမရှိပေ။
လုချန်း၏ အဖြေကို ကြားသောအခါ မိုးကြိုးဧကရာဇ် အနည်းငယ် အံ့အားသင့်သွားသည်။
ရှန်ဝူဧကရာဇ်နှင့် မပတ်သက်ဘူးတဲ့လား။
ဒါဆိုရင် သူက သတ်ဖြတ်ခြင်းလမ်းစဉ်ကို ဒီလောက်မြန်မြန် ဘယ်လို သက်သေပြနိုင်ခဲ့တာလဲ။
ထိုမေးခွန်းသည် မိုးကြိုးဧကရာဇ်၏ စိတ်ထဲသိလိုစိတ်များ ပြင်းပြသွားစေခဲ့သည်။
……………
အခန်း( ၁၄၅၈ )
ရှနိုင်ငံတော်သို့ ခိုလှုံသွားသူ
လုယန်ဟွာသည် တိုတောင်းလှသော အချိန်အတွင်း လမ်းစဉ်ကို သက်သေပြပြီး ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ကောင်းကင်ခိုးယူခြင်း ကျင့်စဉ်ကို ကျင့်ကြံခြင်းကြောင့်ဖြစ်ပြီး ထျန်းကျိရဲတိုက်၏
အကူညီကလည်း တစ်ပိုင်းဖြစ်သည်။
ဤအချက်နှစ်ချက်မရှိပဲ လုယန်ဟွာသည် ဤမျှ မြန်မြန်ဆန်ဆန် ဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မည် မဟုတ်ပေ။ လုချန်းသည် မည်သူ့အကူအညီမှမပါပဲ အချိန်တိုအတွင်း ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ခဲ့သည်ဆိုလျှင် လုချန်း၏ ပါရမီက မည်မျှပင် ထူးခြားနေသနည်း။
ထိုစဉ် လုချန်းက
“အခုက ဒါတွေကို ပြောနေဖို့ အချိန်မဟုတ်ဘူး။ ဘာတွေဖြစ်နေလဲဆိုတာ မကြာခင် ခင်ဗျား နားလည်သွားမှာပါ။ ပြောပါဦး... ခင်ဗျား ဘာလုပ်ဖို့ စီစဉ်ထားလဲ”
“လုယန်ဟွာကလည်း ရောက်တော့မှာ။ ကျုပ်ကလည်း ဒီမှာရှိနေတယ်။ အခု ခင်ဗျား ကျုပ်ကို တိုက်မယ်ဆိုရင် အချိန်တန်တဲ့အခါ ခင်ဗျား သူရဲကောင်းကြီးတစ်ယောက် ဖြစ်လာမှာပဲ။”
မိုးကြိုး ဧကရာဇ် ခဏခန့် တိတ်ဆိတ်သွားလေ၏။ ထို့နောက် ဒူးတစ်ဖက်ထောက်ကာ လုချန်းကို ဂါရဝပြုရင်း
“ကျွန်တော် မင်းကြီးနောက်ကို အသေခံပြီး လိုက်ပါမယ့်အကြောင်း သစ္စာဆိုပါတယ်။ မင်းကြီးကို ကျွန်တော် သေသည်အထိအလုပ်အကျွေးပြုပါ့မယ်။”
မိုးကြိုး ဧကရာဇ် ဒူးထောက်လိုက်သည်နှင့် သူ၏နောက်ရှိ မိုးကြိုးတပ်မကလည်း ညီညာစွာ ဒူးထောက်လိုက်ကြသည်။ သူတို့၏ ဗိုလ်ချုပ်က ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သဖြင့် သူတို့အနေနှင့် မိုးကြိုး ဧကရာဇ်နောက်သို့ လိုက်ရန်သာ ရွေးချယ်နိုင်တော့၏။
မိုးကြိုးတပ်မကို မိုးကြိုး ဧကရာဇ်က တစ်ဦးတည်း တည်ထောင်ခဲ့ခြင်းဖြစ်၏။ ရှန်ယွဲ့နိုင်ငံနှင့် ယှဉ်ပါက သူတို့သည် မိုးကြိုး ဧကရာဇ်အပေါ်တွင် ပို၍ သစ္စာရှိကြသည်။ ထို့ကြောင့် လုယန်ဟွာသည် တာဝန်များပေးအပ်ခြင်းဖြင့် တပ်မ၏အင်အားကို တစတစ လျော့နည်းအောင် ပြုလုပ်နေခြင်း ဖြစ်၏။
မိုးကြိုး ဧကရာဇ်က ရှနိုင်ငံနှင့် မဟာမိတ်ဖွဲ့ရန် ရွေးချယ်လိုက်သည်ကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။ မိုးကြိုးတပ်မ ဝင်ရောက်လာခြင်းကြောင့် ရှနိုင်ငံ၏ အင်အား သိသိသာသာ တိုးတက်လာခဲ့၏။
ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်အတွင်းရှိ ဧကရာဇ်လောင်း အမြောက်အမြားမှာ ကံစွမ်းအား အနည်းငယ် လိုအပ်နေခြင်းကြောင့်သာ ဧကရာဇ်အဆင့်သို့ မတက်လှမ်းနိုင်ပဲ ရှေ့တန်းစစ်မျက်နှာတွင် အသေခံများ ဖြစ်နေကြရခြင်းဖြစ်၏။ ထိုဧကရာဇ်လောင်းများသည် ရှနိုင်ငံသို့ ဝင်ရောက်လာပြီးနောက် ၎င်း၏ ကံစွမ်းအား အထောက်အပံ့ဖြင့် ဧကရာဇ်အဆင့်သို့ ချက်ချင်း တက်လှမ်းနိုင်ရန် အလားအလာ အလွန် များလှ၏။
ထိုအချက်ကို တွေးမိရင်း လုချန်းက မိုးကြိုး ဧကရာဇ်ကို
“ထပါ... ခင်ဗျား မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာပဲ။”
“တကယ်တော့ ခင်ဗျား မြင်နေရတဲ့အရာက ကျုပ်ရဲ့ ပင်မခန္ဓာ မဟုတ်ပါဘူး။ ဒီမှာရှိနေတာက ကျုပ်ရဲ့ ကိုယ်ပွား တစ်ခုပဲရှိပါသေးတယ်။”
ထိုအရာကို ကြားလျှင် မတ်တပ်ရပ်ရန် ပြင်နေသော မိုးကြိုး ဧကရာဇ်လည်း ရုတ်တရက် မှင်တက်သွားလေ၏။
ကိုယ်ပွားတစ်ခု ဟုတ်လား။
ဤအရာက မည်သို့ ဖြစ်နိုင်မည်နည်း။
တစ်ဖက်လူ၏ စိတ်ဝိညာဉ် ပြည့်စုံနေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိနေပါလျက် မည်သို့ ကိုယ်ပွားတစ်ခု ဖြစ်နိုင်မည်နည်း။
သို့သော် ပြန်စဉ်းစားကြည့်လျှင် သူသည် ရှနိုင်ငံအပေါ် သစ္စာခံရန် ရွေးချယ်ခဲ့ပြီးပြီဖြစ်သဖြင့် ရှဧကရာဇ်အနေနှင့် သူ့ကို လိမ်ညာရန် မလိုအပ်တော့ချေ။
ဤအရာက ကိုယ်ပွားတစ်ခုသာဆိုလျှင် သူ၏ ပင်မခန္ဓာဆိုလျှင် မည်မျှအထိ အစွမ်းထက်လိမ့်မည်နည်း။
တကယ်ပဲ ကောင်းကင်ဧကရာဇ် ဖြစ်နေတာလား။
ထိုဖြစ်နိုင်ခြေကို တွေးမိသောအခါ မိုးကြိုး ဧကရာဇ်၏ ကျောပြင်တွင် ချွေးစေးများ စီးကျလာခဲ့၏။
တကယ်တော့ မည်သူမှ မိမိကိုယ်ကိုယ် ကောင်းကင်ဧကရာဇ်ဟု ခေါ်ဆိုရန် မဝံ့ရဲကြပေ။ ကောင်းကင်ဧကရာဇ် မဟုတ်ပဲ ထိုသို့ အမည်ခံသူများသည် ကောင်းကင်ဘုံ လမ်းစဉ်၏ အပြစ်ပေးခြင်းကို အစောကတည်းက ခံရမည်ဖြစ်၏။
မည်သည့်အကျိုးဆက်မှ မခံစားရပဲ ဤသို့ ကြေညာဝံ့သူသည် ယခုဘဝ၌ ကောင်းကင်ဧကရာဇ် မဟုတ်သေးလျှင်ပင် အတိတ်ဘဝတစ်ဘဝ၌ ကောင်းကင်ဧကရာဇ် ဖြစ်ခဲ့ဖူးသူ ဖြစ်နိုင်၏။
ယခု ရှဧကရာဇ်က ဤခန္ဓာကိုယ်သည် သူ၏ ကိုယ်ပွားတစ်ခုသာဖြစ်ကြောင်း ပြောနေသဖြင့် ရှဧကရာဇ်၏ ပင်မခန္ဓာက တကယ်ပင် ကောင်းကင်ဧကရာဇ် ဖြစ်နေနိုင်လိမ့်မည်။ အကယ်၍ သူသာ ရှနိုင်ငံအပေါ် သစ္စာခံရန် မရွေးချယ်ခဲ့ပါက ယခုအချိန်တွင် သူသည် အလောင်းတစ်လောင်း ဖြစ်နေလောက်ပြီဖြစ်၏။
ထိုသို့ တွေးမိသောအခါ မိုးကြိုး ဧကရာဇ်စိတ်သက်သာရာရသွားပြီး ရှနိုင်ငံကို ရွေးချယ်ခဲ့မိတာ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ နောက်ထပ်အဆင့်မှာ ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်ကို ရင်ဆိုင်ရန်ဖြစ်ပြီး ထိုအရာကလည်း ရှဧကရာဇ်အပေါ်တွင်သာ မူတည်တော့သည်။
မိုးကြိုးတပ်မ၏ စစ်သည်များကို လုချန်း တစ်ချက်ကြည့်လိုက်၏။ ထို့နောက် နတ်ဝိညာဉ်ထီးကို ဆက်လက် ပြန့်ကားလာစေရန် ထိန်းချုပ်လိုက်သည်။
အပြာရောင်အတားအဆီးက မိုးကြိုး ဧကရာဇ်၏ ခန္ဓာကိုယ်အပေါ်သို့ ဖြတ်သန်းသွားသောအခါ လျှပ်စစ်စွမ်းအားများ ချက်ချင်း ထွက်ပေါ်လာ၏။ ခဏအကြာတွင် လျှပ်စီးများ ပြည့်နှက်နေသည့် ခရမ်းရောင် လမ်းစဉ်တစ်ခု မိုးကြိုး ဧကရာဇ်ရှေ့တွင် ပေါ်လာသည်။
မိုးကြိုး ဧကရာဇ် မယုံကြည်နိုင်အောင် ဖြစ်သွား၏။ သူက ရှန်ယွဲ့နိုင်ငံမှ ရှနိုင်ငံသို့ ဘက်ပြောင်းလာကာစသာ ရှိသေး၏။ ချက်ချင်းပင် အဆင့်တက်သွားတာလား။
ရှနိုင်ငံ၏ ကံစွမ်းအားက အဘယ့်ကြောင့် ဤမျှအထိ ပေါကြွယ်ဝနေရသနည်း။
နတ်ဝိညာဉ်ထီး၏ အတားအဆီး အပြင်ဘက်သို့ ဆက်လက်ပြန့်ကားသွားသည်နှင့်အမျှ ဟင်းလင်းပြင်ထဲတွင် ဝေဝါးသော လမ်းစဉ်ပုံရိပ်များ ပိုမိုပေါ်ထွက်လာ၏။ မကြာမီပင် လူအုပ်ကြီးကို အံ့အားသင့်သွားစေသည်။
တစ်ချို့သည် မိမိတို့၏ ရင်ဘတ်များကို ပုတ်ခတ်ကြည့်ကြ၏။ သူတို့ အားအင်အပြည့်ရှိလာသည်ကို အံ့အားသင့်စွာ သတိပြုမိကြသည်။
“ကျွန်တော် အဆင့်တက်သွားပြီ။ ကျွန်တော် တကယ်ပဲ အဆင့်တက်သွားတာပဲ”
“ဘာတွေဖြစ်နေတာလဲ။ ကျွန်တော့်ရဲ့ လမ်းစဉ်နှလုံးသားက ပျက်စီးသွားတာ မဟုတ်ဘူးလား။ ဘာကြောင့် ရုတ်တရက် ပြန်ကောင်းလာရတာလဲ။”
“ဘုရားရေ... ရှနိုင်ငံရဲ့ ကံစွမ်းအားက တကယ်ကို ကြွယ်ဝတာပဲ။”
မိုးကြိုးတပ်မမှ စစ်သည်များအားလုံး ရှနိုင်ငံ၏ ပေါကြွယ်ဝလှသော ကံစွမ်းအားကြောင့် ထိတ်လန့်သွားကြ၏။ တကယ်တော့ သူတို့ထဲမှ အချို့သည် အစက ရှနိုင်ငံထဲသို့ မဝင်လိုကြပေ။
ခေါင်းဆောင်မှု၏ ရွေးချယ်မှုကြောင့်သာ အခြေအနေအရ ဖိအားပေးခံရခြင်းဖြစ်သည်။ အကယ်၍ သူတို့၏ တပ်မနောက်သို့ မလိုက်ပါက သေလမ်းသာ ရှိမည့် အခြေအနေမျိုးကို စိုးရွံ့ကြ၍ဖြစ်၏။ ဤသို့ဖြင့် အတင်းအကျပ် လိုက်ပါလာခဲ့ကြခြင်းသာဖြစ်သည်။
အချို့ကမူ ရှနိုင်ငံသို့ အရင်ဆုံး ဝင်ရောက်ဟန်ဆောင်ထားပြီး ရှန်ယွဲ့စစ်တပ် ရောက်လာသောအခါမှ ဘက်ပြောင်းရန်ပင် တွေးထားကြ၏။ သို့သော် ရှနိုင်ငံ၏ ပေါကြွယ်ဝသော ကံစွမ်းအားမှရရှိသည့် အကျိုးကျေးဇူးများကို ခံစားလိုက်ရပြီးနောက် ဘက်ပြောင်းရန် အစီအစဉ်ရှိသည့် စစ်သည်များလည်း သူတို့၏ စိတ်ကူးများကို ချက်ချင်းပင် ဖျောက်ပစ်လိုက်ကြသည်။
ဤမျှ ပေါကြွယ်ဝသော မင်းဆက်ကံစွမ်းအားအရ ရှနိုင်ငံ၏ အင်အားသည် ရှန်ယွဲ့နိုင်ငံထက်ပင် များစွာ သာလွန်နေနိုင်ကြောင်း ညွှန်ပြနေ၏။ ယခု အခြေအနေအရ ရှန်ယွဲ့နိုင်ငံနှင့် ရှနိုင်ငံတို့ကြား ဖြစ်ပွားမည့် ဤတိုက်ပွဲတွင် အနိုင်အရှုံးရလဒ်က မရေမရာ ဖြစ်သွားခဲ့ပြီဖြစ်သည်။
မကြာမီပင် မိုးကြိုးတပ်မအတွင်းရှိ ဧကရာဇ်လောင်း အများစုသည် ဧကရာဇ်အဆင့်သို့ တက်လှမ်းသွားကြ၏။ လုချန်း စစ်ဆေးကြည့်သောအခါ ဧကရာဇ်အဆင့် ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော် တိုးပွားလာကြောင်း တွေ့ရှိလိုက်ရသည်။
မိုးကြိုး ဧကရာဇ်လည်း သူ၏ တပ်မကို ကြောင်ကြည့်နေမိ၏။ လက်ရှိ သူတို့၏ စုစုပေါင်းအင်အားသည် ထိပ်တန်း အင်ပါယာအချို့ကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိနေပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ နိုင်ငံတစ်နိုင်ငံသို့ ဘက်ပြောင်းလိုက်ရုံမျှဖြင့် ဖြစ်ပေါ်လာသည့် ဤအခြေအနေက တကယ်ပင် အံ့အားသင့်စရာကောင်းလှ၏။
ရှနိုင်ငံတွင် ဤမျှ ပေါကြွယ်ဝသော ကံစွမ်းအား ရှိနေခြင်းက ရှဧကရာဇ်သည် တကယ်ပင် ကောင်းကင်ဧကရာဇ် ဖြစ်နေခြင်းကြောင့်လား။
ထိုဖြစ်နိုင်ခြေကို တွေးတောမိရင်း မိုးကြိုး ဧကရာဇ်၏ အသက်ရှူသံများ ပြင်းထန်လာသည်။
သူက တကယ်ပဲ ကောင်းကင်ဧကရာဇ်လား။
ယင်းအဆင့်သည် စကြဝဠာအတွင်း အမြင့်ဆုံးသော တည်ရှိမှုဖြစ်၏။ ထိုအဆင့်ကို မည်သူတစ်ဦးတစ်ယောက်မှ တက်လှမ်းနိုင်ခဲ့သည်ဟု သူ မကြားဖူးခဲ့ပေ။
ရှနိုင်ငံ၏ ပေါကြွယ်ဝသော ကံစွမ်းအားကို တွေ့မြင်ပြီးနောက် မိုးကြိုးတပ်မမှ စစ်သည်တစ်ဦးမှ ရှနိုင်ငံမှ မထွက်ခွာလိုကြတော့ပေ။ မိုးကြိုးတပ်မမှ အဆင့်မြင့်အရာရှိများ၊ အထူးသဖြင့် ကံစွမ်းအားကြောင့် ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသူများသည် ရှနိုင်ငံအပေါ်တွင် လုံးဝ စိတ်နှလုံး အပ်နှံသွားကြ၏။
ရှနိုင်ငံ၏ မင်းဆက်ကံစွမ်းအားသာ မရှိပါက ဧကရာဇ်လောင်း အများစုသည် စကြဝဠာကပ်ဘေး ကျရောက်မည့်နေ့အထိ ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ကြမည် မဟုတ်ပေ။
မိုးကြိုးတပ်မတစ်ခုလုံး ရှနိုင်ငံသို့ ဘက်ပြောင်းသွားသည့် သတင်းသည် နောက်တန်းရှိ ရှန်ယွဲ့နိုင်ငံ၏ အခြားစစ်တပ်များထံသို့ လျင်မြန်စွာ ရောက်ရှိသွားလေ၏။
…….
ရှန်ဝူ ကြယ်နယ်မြေ။
လေလဝန်းကမ္ဘာ။
ဤနေရာမှာ ကျိကျိတပ်မ၏ ယာယီအခြေစိုက်ရာ နေရာဖြစ်၏။
ခမ်းနားထည်ဝါသော အဆောက်အဦး တစ်ခုအတွင်းတွင် လူတစ်စု စုဝေးကာ ခန်းမဆောင်ရှိ ကြယ်မြေပုံကို ကြည့်ရင်း ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။
ထိုစဉ် ဧကရာဇ်လောင်းအဆင့်ရှိ ဒုတိယဗိုလ်ချုပ်တစ်ဦး၏ အသံ ခန်းမအပြင်ဘက်မှ ထွက်ပေါ်လာသည်။
“ဗိုလ်ချုပ်... အခြေအနေ မကောင်းတော့ဘူး။ ကိစ္စကြီး တစ်ခု ဖြစ်နေပြီ။”
ဒုတိယဗိုလ်ချုပ်၏ အရေးတကြီး အော်သံကို ကြားလျှင် ကျိကျိဧကရာဇ် မျက်ခုံးတွန့်လိုက်၏။
ကိစ္စကြီး တစ်ခု ဖြစ်နေပြီ ဟုတ်လား။
သူတို့က ဘယ်လို ဆိုးရွားတဲ့ အရာမျိုးနဲ့ ရင်ဆိုင်နေရလို့လဲ။
အခြား ထိပ်တန်းအင်အားစုတစ်ခုက ရှန်ယွဲ့နိုင်ငံကို စစ်ကြေညာလိုက်တာလား။
ဤအရာက တော့ မဖြစ်နိုင်ပေ။
ထျန်းကျိရဲတိုက်၏ ကျောထောက်နောက်ခံရှိနေသဖြင့် စကြဝဠာအတွင်းရှိ မည်သည့် ထိပ်တန်းအင်အားစုကမှ ရှန်ယွဲ့နိုင်ငံကို စစ်ကြေညာရန် ဝံ့ရဲမည် မဟုတ်ပေ။
သတင်းပို့လာသော ဒုတိယဗိုလ်ချုပ်ကို ကျိကျိဧကရာဇ်က တစ်ချက်ကြည့်ကာ
“ဘာဖြစ်လို့လဲ”
ဒုတိယဗိုလ်ချုပ်က
“ရှေ့တန်းက သတင်းတွေအရ မိုးကြိုး ဧကရာဇ် ဘက်ပြောင်းသွားပြီတဲ့။ သူက မိုးကြိုးတပ်မတစ်ခုလုံးကို ခေါ်ပြီး ရှနိုင်ငံထဲ ဝင်သွားပြီလို့ သိရပါတယ်”
ဟု အမြန်တုံ့ပြန်လိုက်သည်။
“ဒါကို နဝမမင်းသားက ဦးဆောင်နေတာ... အာ... မှားလို့။ နိုင်ငံတစ်နိုင်ငံ တည်ထောင်လိုက်တဲ့ အဲ့ဒီသူပုန်က ဦးဆောင်နေတာပါ”
ထိုအရာကို ကြားလျှင် ကျိကျိဧကရာဇ် အပါအဝင် ထိုနေရာရှိ လူအားလုံး မယုံကြည်နိုင်သော မျက်နှာထားများ ဖြစ်သွားကြ၏။ ခန်းမထဲရှိ အခြားဗိုလ်ချုပ်များလည်း အံ့အားသင့်နေသော မျက်နှာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေမိကြသည်။
မိုးကြိုး ဧကရာဇ်က ရှနိုင်ငံအပေါ် သစ္စာခံလိုက်တယ် ဟုတ်လား။
ဒါက...။
မိုးကြိုး ဧကရာဇ်က ရှနိုင်ငံအပေါ် သစ္စာခံတဲ့အထိ ရူးသွားတာလား။