အခန်း (၁၄၅၉-၁၄၆၁)
Vol. 98 Ch. 1459-1461
အခန်း( ၁၄၅၉ )
ကျိကျိ ဧကရာဇ်၏ အတွေးများ
ထိုအခိုက်အတန့်တွင် မကြာသေးမီက ဖိစီးမှုများကြောင့် သူနားကြားမှားလိုက်ခြင်း ဖြစ်နိုင်သည်ဟု ကျိကျိဧကရာဇ် ထင်မိလိုက်သေးသည်။
သူ ဘာကို ကြားလိုက်ရပါသနည်း။
မိုးကြိုး ဧကရာဇ်သည် လုချန်း တည်ထောင်ထားသော ရှနိုင်ငံထံ သစ္စာခံသွားပြီတဲ့လား။
ဤသတင်းသည် ယုံကြည်ရန် ခဲယဉ်းလှ၏။
သူ့အသိစိတ် ပြန်ဝင်လာသောအခါ ကျိကျိဧကရာဇ်က သတင်းလာပို့သော ဒုတိယဗိုလ်ချုပ်ကို
“ခင်ဗျား ဘာပြောလိုက်တာလဲ... မိုးကြိုး ဧကရာဇ်က ရှနိုင်ငံတော်ကို သစ္စာခံလိုက်တယ် ဟုတ်လား”
ဟု ထပ်မံ အတည်ပြုလိုက်သည်။
သူ၏ အသံသည် တင်းမာကာ မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
ကျိကျိဧကရာဇ် မယုံကြည်နိုင်ဖြစ်နေသည်ကို ဒုတိယဗိုလ်ချုပ် မြင်လျှင်
“ဒီကိစ္စက အမှန်ပါပဲ... မိုးကြိုးတပ်မက သူပုန်တွေ ဖန်တီးထားတဲ့ ခုခံရေး မဟာဗျူဟာ လှည့်ကွက်ထဲကို ဝင်သွားပါပြီ။”
ကျိကျိဧကရာဇ်က
“ရှနိုင်ငံတော်ကို ဖျက်ဆီးဖို့ အခွင့်အရေးရှာတဲ့အနေနှင့် သစ္စာခံဟန်ဆောင်တာမျိုး ဖြစ်နိုင်မလား။”
ဤမျှရိုးရှင်းသော အချက်ကို မည်သို့ မေ့ထားမိသနည်းဟု ကျိကျိဧကရာဇ် သူ့ကိုယ်သူ အပြစ်တင်လိုက်မိ၏။ သို့သော် ဒုတိယဗိုလ်ချုပ်က
“ဗိုလ်ချုပ်... မိုးကြိုးတပ်မရဲ့ အင်အားနဲ့ဆိုရင် ရှနိုင်ငံတော်လို နိုင်ငံမျိုးကို ဖျက်ဆီးဖို့ ဒီလိုနည်းလမ်းတွေ သုံးနေစရာ မလိုပါဘူး”
ဟု သတိပေးလိုက်သည်။
ဟုတ်ပါသည်။ ဤအချက်ကို ဧကရာဇ်ကျိကျိ ကောင်းကောင်း သိ၏။
ကျိကျိဧကရာဇ်သည် သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာ မုတ်ဆိတ်များကို ပွတ်လိုက်၏။ ထိုအခိုက်တွင် သူ၏ စိတ်အတွင်း၌ အတွေးများစွာ ပြေးလွှားနေလျက်ရှိသည်။
သူတို့သည် အနည်းဆုံးတော့ ရှန်ယွဲ့နိုင်ငံမှ စစ်သည်များ ဖြစ်ကြ၏။ ဤအောက်ခြေအဆင့် အင်ပါယာများကို ရင်ဆိုင်ရာတွင် မည်သည့် အစီအမံမှ သုံးရန် မလိုပဲ တိုက်ရိုက် ချေမှုန်းနိုင်သည်။
ထိုသို့ဆိုလျှင် မိုးကြိုး ဧကရာဇ် ရှနိုင်ငံတော်ထံ အမှန်တကယ် သစ္စာခံသွားခြင်းဖြစ်ဖို့ အလွန် သေချာနေလေပြီ။
ဒါပေမဲ့
ဒါက... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
မိုးကြိုး ဧကရာဇ်သည် လူအတစ်ယောက် မဟုတ်ပေ။
ရှနိုင်ငံတော် ပြိုကွဲတော့မည့် အခြေအနေသို့ ရောက်နေတာကို သူ မမြင်နိုင်ပဲ နေပါ့မလား။
လုချန်းသည် အာဏာလုပွဲတွင် ရှုံးနိမ့်ခဲ့ပြီး မည်သည့် တန်ဖိုးမှ မရှိတော့သော်လည်း သူက လုချန်းထံ သစ္စာခံသေးတာလား။
ဤအချိန်တွင် ရှန်ယွဲ့နိုင်ငံကို သစ္စာဖောက်ပြီး ရှန်ယွဲ့နိုင်ငံ၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်းက သေတွင်းထဲ ခုန်ဆင်းခြင်းသာ မဟုတ်ပါလား။
စကြဝဠာအတွင်းရှိ အခြား ထိပ်တန်း အင်အားစုများထံ သစ္စာခံရန် သွားသည်ဆိုလျှင် ဤသတင်း ကြားရတာ ထူးဆန်းလိမ့်မည် မဟုတ်ပေ။ မကြာသေးမီက မိုးကြိုးတပ်မသည် နေရာအနှံ့တွင် တိုက်ပွဲဝင်နေခဲ့ရပြီး ရှန်ယွဲ့ဧကရာဇ်သည် မိုးကြိုး ဧကရာဇ်၏ အင်အားကို တမင်တကာ လျော့နည်းအောင် လုပ်ဆောင်နေကြောင်း ထင်ရှား၏။
မိုးကြိုး ဧကရာဇ်သည် ဤအချိန်တွင် သူ၏ တပ်မနှင့်အတူ ရှန်ယွဲ့နိုင်ငံမှ ထွက်ခွာသွားသည်ဆိုပါက အလွန် ထူးဆန်းလိမ့်မည် မဟုတ်သော်လည်း ပျက်စီးတော့မည့် အလားအလာ အလွန်ရှိနေသော လူတစ်ယောက်ထံ သစ္စာခံရန် သွားခြင်းကတော့ တကယ်ပင် ထူးဆန်းလှ၏။
တစ်ခုခုတော့ မှားနေပြီ...
ဤအထဲတွင် ကြီးမားသော ပြဿနာတစ်ခု ရှိနေရမည်။
ကျိကျိဧကရာဇ်က
“မိုးကြိုးတပ်မ တကယ် သစ္စာဖောက်သွားတာလားဆိုတာကို အတည်ပြုဖို့ လူလွှတ်လိုက်။ ပြီးတော့ ဒီသတင်းကို မင်းကြီးဆီကိုလည်း သတင်းပို့လိုက်ဦး။”
သို့သော် ထိုသို့ပြောလိုက်စဉ်မှာပင် ကျိကျိဧကရာဇ် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး
“ထားလိုက်တော့... ကျုပ်ကိုယ်တိုင် သွားပြီး အတည်ပြုမယ်။”
ဤသတင်းသည် အလွန်အရေးကြီးလှသဖြင့် မည်သူ့ကိုမှ အားကိုးရန် မသင့်တော့ပေ။
ထိုသို့ပြောပြီးသည်နှင့် ကျိကျိဧကရာဇ်၏ ခန္ဓာကိုယ် ထိုနေရာမှ ပျောက်ကွယ်သွားပြီး ကျောက်ဖြူကြယ်နယ်မြေစု၏ အပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိလာတော့သည်။
…….
ကျိကျိဧကရာဇ်သည် သူ၏ စိတ်အာရုံကို သုံး၍ စူးစမ်းကြည့်လိုက်ရာ မိုးကြိုး ဧကရာဇ်နှင့် သူ၏ မိုးကြိုးစစ်တပ် တကယ် မည်သည့်နေရာတွင်မှ မရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။
သို့သော် ကျောက်ဖြူကြယ်နယ်မြေစု၏ ရှေ့တွင် အပြာရောင် အတားအဆီးတစ်ခုက နယ်မြေစုတစ်ခုလုံးကို ကာကွယ်ပေးထား၏။ ထိုအတားအဆီးသည် သိမ်မွေ့လှသော်လည်း ခိုင်မြဲသည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်နေသည်။
ကျိကျိဧကရာဇ်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသည်။ ထိုသတင်း အမှန် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဘာတွေ တကယ် ဖြစ်နေတာလဲ။
ကျိကျိဧကရာဇ်သည် သူ၏ နိယာမ ကိုယ်ထည်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။ ရန်သူ၏ စစ်တုရင်ကွက်အတွင်းသို့ ဝင်ရောက်ခြင်းက အန္တရာယ်ကြီးလှသော်လည်း သူ၏ မောက်မာမှုက သူ့ကို ရှေ့ဆက်စေ၏။
နောက်တစ်ခဏတွင် ခရမ်းရောင် ရောင်ခြည်များ ဝန်းရံနေသော သူ၏ နိယာမ ကိုယ်ထည်ပေါ်လာ၏။ ကျိကျိဧကရာဇ်သည် နိယာမ ကိုယ်ထည်၏ ကြီးမားလှသော လက်ဝါးကို မြှောက်ကာ လမ်းစဉ် စွမ်းအားများကို စုစည်းပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
မိုးကုပ်စက်ဝိုင်း လက်ဝါး...
ကြီးမားလှသော ခရမ်းရောင် လက်ဝါးကြီးသည် နတ်ဝိညာဉ်ထီးမှ ဖန်တီးထားသော အကာအကွယ်ဆီသို့ ရုတ်တရက် ဝင်ဆောင့်လိုက်၏။ သို့သော် ထိုဧရာမ လက်ဝါးကြီး အပြာရောင် အကာအကွယ်နှင့် ထိတွေ့သည်နှင့် တပြိုင်နက် ပျက်စီးပျောက်ကွယ်သွားပြီး လက်ဝါးအတွင်း ပါဝင်သော လမ်းစဉ် စွမ်းအားများပင် လွင့်စင်သွားခဲ့သည်။ အကာအကွာယ်ကတော့ အနည်းငယ်မျှပင် မတုန်ခါခဲ့ပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိကျိဧကရာဇ်လည်း ဟင်းလင်းပြင်ထဲတွင် မှင်တက်သွားလေသည်။
ဤအတားအဆီးက ဘာလဲ။
သူ၏ မိုးကုပ်စက်ဝိုင်း လက်ဝါးကိုတောင် တကယ် ခုခံနိုင်တာလား။
မကျေနပ်နိုင်သေးသဖြင့် လက်ဝါးများ ဆက်တိုက် ရိုက်ထုတ်ကာ ထပ်မံ တိုက်ခိုက်ခဲ့၏။ သို့သော် နတ်ဝိညာဉ်ထီးက ဖန်တီးထားသော အကာအကွယ်ကို ကျိကျိဧကရာဇ် ဖျက်ဆီးနိုင်ခြင်း မရှိသေးပေ။ အကာအကွယ်သည် ကြမ်းတမ်းသော တိုက်ခိုက်မှုများကို စုပ်ယူပစ်နေသကဲ့သို့ တည်ငြိမ်စွာ ရှိနေဆဲပင်။
ကျိကျိဧကရာဇ်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်ရန် ရွေးချယ်လိုက်သည်။ ထို့နောက် သူက အပြာရောင် အတားအဆီးဆီသို့ ကျယ်လောင်စွာ အသံလွှတ်လိုက်၏။
“မိုးကြိုး... အပြင်ထွက်ခဲ့စမ်း”
ကျိကျိဧကရာဇ်၏ အသံသည် အသံလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ထဲတွင် လှိုင်းဂယက်များ ထွက်ပေါ်လာကာ ကျောက်ဖြူကြယ်နယ်မြေစုဆီသို့ ပျံ့နှံ့သွားသည်။
မကြာမီပင် ကျောက်ဖြူကြယ်နယ်မြေစုအတွင်း အနားယူနေသော မိုးကြိုး ဧကရာဇ် ကျိကျိဧကရာဇ်၏ အသံကို ကြားလိုက်ရ၏။ တစ်ဆက်တည်းဆိုသလိုပ င်သူ၏ မျက်လုံးအတွင်းမှ အလင်းတစ်ခု လက်သွားသည်။ ထို့နောက်ကျိကျိ ဧကရာဇ် ရှိနေသော ကြယ်နယ်မြေဆီသို့ မိုးကြိုး ဧကရာဇ် ချက်ချင်း သွားရောက်လိုက်သည်။
ကျိကျိဧကရာဇ်သည် မိုးကြိုး ဧကရာဇ်ကို မြင်လိုက်ရသောအခါ ရှန်ယွဲ့နိုင်ငံကို ဘာကြောင့် သစ္စာဖောက်ရသလဲဟု မေးခွန်းထုတ်ရန် ပြင်လိုက်၏။ သို့သော် မိုးကြိုး ဧကရာဇ်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါက သူ၏အရှိန်အဝါထက် သိသိသာသာ သာလွန်နေကြောင်း တွေ့ရှိလိုက်ရသည်။ မိုးကြိုး ဧကရာဇ်၏ ကိုယ်ခန္ဓာကို ဝန်းရံထားသော လျှပ်စစ်လှိုင်းများသည် ပို၍ စူးရှပြီး အင်အားကြီးမားနေလေသည်။
ဒါက...
ကျိကျိ ဧကရာဇ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ဘာတွေ ဖြစ်နေတာလဲ။
မိုးကြိုး ဧကရာဇ်သည် ရှန်ယွဲ့နိုင်ငံကို သစ္စာဖောက်လိုက်ပြီဖြစ်သဖြင့် သဘာဝအားဖြင့် သူသည် ရှန်ယွဲ့နိုင်ငံ၏ မင်းဆက်ကံစွမ်းအား အကာအကွယ်အောက်တွင် မရှိတော့ပေ။ သူ၏ အင်အားမှာလည်း အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားသင့်သည်။
ဘာ့ကြောင့် မိုးကြိုး ဧကရာဇ်က အဆင့်မကျဆင်းမသွားရုံသာမက အဆင့်ပင် တက်လှမ်းသွားရသနည်း။
ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် အဆင့်တစ်ဆင့် တက်လှမ်းရန်က အလွန်ပင် ခက်ခဲလှ၏။
ကျိကျိဧကရာဇ်က သူ့ကို ကြောင်ကြည့်နေသည်ကို မြင်သောအခါ မိုးကြိုး ဧကရာဇ်လည်း ကျိကျိဧကရာဇ်၏ အတွေးကို ချက်ချင်း သိလိုက်ပြီးနောက် ခပ်တိုးတိုး ရယ်မောကာ
“ကျိကျိ... ကျုပ်ကို လာရှာတာ ဘာကိစ္စရှိလို့လဲ။”
“အခု ကျုပ်တို့က ရန်သူတွေ ဖြစ်နေပြီ။ ခင်ဗျားကျုပ်ဆီကို တစ်ယောက်တည်း လာတွေ့တာ ရှန်ယွဲ့ဧကရာဇ် သံသယဝင်သွားမှာ မကြောက်ဘူးလား။”
မိုးကြိုး ဧကရာဇ်၏ စကားကို ကြားသောအခါ ကျိကျိဧကရာဇ်လည်း နောက်ဆုံးတွင် သတိ ပြန်ဝင်လာပြီး မိုးကြိုး ဧကရာဇ်က ဘာကြောင့် ရှန်ယွဲ့နိုင်ငံကို သစ္စာဖောက်ခဲ့သလဲဆိုတာကို သူ ခန့်မှန်းမိပြီဟု ခံစားလိုက်ရသည်။
ဤအခြေအနေသည် သူတွေးထားသည်ထက် ပို၍ နက်ရှိုင်းနေပုံရသည်။
သူက
“ကျုပ် နည်းနည်း သိချင်နေတာက... ရှနိုင်ငံတော်ရဲ့ ကံစွမ်းအားက ဘာလို့ ဒီလောက်အထိ နက်ရှိုင်းနေရတာလဲ။”
ထိုအရာက သူ ရောက်ရှိလာရခြင်း၏ အဓိက ရည်ရွယ်ချက်တစ်စိတ်တစ်ပိုင်းဖြစ်၏။
ကျိကျိဧကရာဇ်၏ မေးခွန်းကို ကြားသောအခါ မိုးကြိုး ဧကရာဇ်က ရယ်မောကာ
“ခင်ဗျားကျုပ်ကို ဒီလောက် အသည်းအသန် ခေါ်ထုတ်တာက ဒီမေးခွန်းကို မေးဖို့ပဲလား။”
“ခင်ဗျား ဒီအချိန်မှာ ကျုပ်ကို အပြင်ထွက်ခိုင်းပြီး သစ္စာဖောက်တစ်ယောက်ကို သတ်ပစ်မယ်လို့ အော်ဟစ်နေသင့်တာ မဟုတ်ဘူးလား။”
ကျိကျိဧကရာဇ်၏ မျက်နှာထား ချက်ချင်းပင် ပြောင်းလဲသွားပြီးနောက် သူက ပြုံးကာ
“မိုးကြိုး... ကျုပ်တို့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။ ခင်ဗျား ဘယ်လိုများ ဒီလို တွေးနိုင်ရတာလဲ။ ကျုပ်တို့က သေအတူ ရှင်အတူ ဖြတ်သန်းလာခဲ့ကြတဲ့ ညီအစ်ကိုတွေပဲ။ ခင်ဗျား တကယ်ပဲ အမှားလုပ်ခဲ့တယ်ဆိုရင်တောင် ကျုပ်က ခင်ဗျားကို ဘယ်လိုလုပ် အရေးယူနိုင်မှာလဲ။”
သူ၏ စကားလုံးများသည် ချိုသာသော်လည်း နောက်ကွယ်တွင် ခန့်မှန်းရခက်သော ရည်ရွယ်ချက်များ ရှိနေသကဲ့သို့ထင်ရ၏။
သူတို့ နှစ်ဦးစလုံးသည် မိုးကြိုးလမ်းစဉ်ကို လျှောက်လှမ်းသူများ ဖြစ်ကြပြီး ငယ်စဉ်ကတည်းက တစ်ကျောင်းတည်းမှ ဆင်းလာသူများ ဖြစ်ကြ၏။ ရှန်ယွဲ့နိုင်ငံမှ အခြားသော ဧကရာဇ်အဆင့်များနှင့် နှိုင်းယှဉ်ပါက သူတို့၏ ဆက်ဆံရေးက အတော်အတန် ပြေလည်လှသည်။
ထို့ကြောင့် မိုးကြိုး ဧကရာဇ်၏ သစ္စာဖောက်သွားသည့် အကြောင်းအရင်းကို ကျိကျိဧကရာဇ် အလွန်သိလိုစိတ် ဖြစ်နေခြင်း ဖြစ်သည်။
သူတို့ နှစ်ဦးစလုံးသည် လမ်းစဉ်တစ်ခုတည်းကို လျှောက်လှမ်းနေကြသော်လည်း ဧကရာဇ်များကြားရှိ ဆက်ဆံရေးက ရိုးရှင်းလှသည်တော့ မဟုတ်ပေ။ သူတို့သည် အကျိုးစီးပွားများဖြင့်သာ ရှေ့ဆက်နေကြခြင်း ဖြစ်သည်။ မိုးကြိုး ဧကရာဇ်က
“တော်စမ်းပါ... သေအတူ ရှင်အတူ ညီအစ်ကိုတွေတဲ့။ ကျုပ် ရှနိုင်ငံတော်ကို သစ္စာခံလိုက်တဲ့အကြောင်းကို ခင်ဗျား အရင်ဆုံး သတင်းပို့ပြီးလောက်ပြီလို့ ကျုပ် ထင်တယ်။”
သူ၏ စကားသည် ပြက်ရယ်ပြုခြင်း သဘောဆောင်နေသော်လည်း အတွင်းတွင် သတိပေးချက်များပါရှိနေသည်။
ကျိကျိဧကရာဇ်က
“အာ... ဒါက ကျုပ်ရဲ့ တာဝန်ပဲလေ။ ထားလိုက်ပါတော့... ဒါတွေကို မပြောတော့ဘူး။ ခင်ဗျား ဘာကြောင့် ရှနိုင်ငံတော်နဲ့ ပူးပေါင်းချင်ရတာလဲဆိုတာကို ပြောပြပါဦး။”
ကျိကျိဧကရာဇ်၏ မျက်လုံးထဲတွင် သံသယနှင့် စူးစမ်းလိုစိတ်တို့ ထင်ဟပ်နေ၏။
ဧကရာဇ်များသည် အရာအားလုံးထက် အကျိုးစီးပွားကိုသာ တန်ဖိုးထားတတ်သူများဖြစ်ကြ၏။
ကျိကျိဧကရာဇ်၏ အမြင်တွင် မိုးကြိုး ဧကရာဇ်သည် လူအ မဟုတ်ပေ။ ရှနိုင်ငံတော်သည် ရှန်ယွဲ့နိုင်ငံ၏ ဖျက်ဆီးခြင်း ခံရတော့မှာကို သူ မသိပဲ နေလိမ့်မည် မဟုတ်ပေ။ ယခုလို အချိန်တွင် ရှနိုင်ငံတော်နှင့် ဘာအတွက်ကြောင့် ပူးပေါင်းရန် ရွေးချယ်ရသနည်း။
ထိုသို့ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ မိုးကြိုး ဧကရာဇ်သည် ရှနိုင်ငံတော်၏ စစ်မှန်သော အခြေခံအုတ်မြစ်ကို မြင်တွေ့ခဲ့ရပြီး ရှနိုင်ငံတော်နှင့် ရှန်ယွဲ့နိုင်ငံတို့ကြား တိုက်ပွဲက အနိုင်အရှုံး မသေချာကြောင်း သိရှိသွားခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ရှနိုင်ငံတော်တွင် ရှန်ယွဲ့နိုင်ငံကို အနိုင်ယူနိုင်မည့် ဝှက်ဖဲတစ်ခုခု ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်၏။
မိုးကြိုး ဧကရာဇ်၏ ကျင့်စဉ်အဆင့် ရုတ်တရက် တက်လှမ်းသွားခြင်းက ရှနိုင်ငံတော်၏ ကံစွမ်းအား အလွန်ပင် နက်ရှိုင်းထူထပ်နေကြောင်း သက်သေပြနေ၏။ သို့မဟုတ် ရှနိုင်ငံတော်က မိုးကြိုး ဧကရာဇ်ကို အဆင့်တက်ရန် ကူညီပေးနိုင်မည့် မယုံကြည်နိုင်ဖွယ်ရာ ရတနာတစ်ခုခု ပေးအပ်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
မည်သည့်အချက်ကြောင့်ပင်ဖြစ်စေ လုချန်း၏ ရှနိုင်ငံတော်သည် သာမန် အင်ပါယာတစ်ခု မဟုတ်ကြောင်းနှင့် ရှေ့မှ အပြာရောင် အတားအဆီးမှာလည်း သာမန် နည်းဗျုဟာများဖြင့် တည်ဆောက်ထားခြင်း မဟုတ်ကြောင်း သက်သေပြနေသည်။
စကြဝဠာကပ်ဘေးကြီး နီးကပ်လာသည်နှင့်အမျှ ဧကရာဇ်တိုင်းသည် ကပ်ဘေးကို ခံနိုင်ရည်ရှိရန် မြင့်မားသော အဆင့်များသို့ တက်လှမ်းရန် ကြိုးစားနေကြ၏။ ကျိကျိဧကရာဇ်၏ လက်ရှိ ကျင့်ကြံမှု အခြေအနေအရ စကြဝဠာကပ်ဘေး မရောက်မီ သူ အဆင့်တက်နိုင်ရန် အလွန် ခက်ခဲလှသည်။
ယခု သူနှင့် လမ်းစဉ်တူသော မိုးကြိုး ဧကရာဇ် အဆင့်တက်သွားသည်ကို မြင်လိုက်ရသဖြင့် သူ၏ စိတ်ထဲ အတွေးများစွာ ဖြစ်ပေါ်လာတော့၏။
………….
အခန်း (၁၄၆၀ )
ကျိကျိ ဧကရာဇ်လောင်းကြေးထပ်ခြင်း
ကျိကျိ ဧကရာဇ်၏ မျက်နှာပေါ်ရှိ
စိုးရိမ်ပူပန်သော အမူအရာကို မြင်လျှင် မိုးကြိုး ဧကရာဇ်၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် မြင့်တက်လာသည်။
ထို့နောက် သူက
“ကျုပ်က အမြဲတမ်း မင်းသား လုချန်းဘက်မှာပဲ ရှိနေခဲ့တာ။ အခု သူက ရှနိုင်ငံတော်ကို တည်ထောင်လိုက်ပြီဆိုတော့ ကျုပ်က သူ့ဘက်က ရပ်တည်ပေးတာ သဘာဝကျတာပဲလေ။ ဒါက ဘာထူးဆန်းလို့လဲ။”
မိုးကြိုး ဧကရာဇ်၏ တုံ့ပြန်မှုကို ကြားလျှင် ကျိကျိ ဧကရာဇ်က ရယ်မောလိုက်ပြီး
“တော်စမ်းပါ...ခင်ဗျားက ကျုပ်ကို လူအထင်နေတာလား။ ခင်ဗျားအကြောင်းကို ကျုပ် ကောင်းကောင်းသိတယ်။”
ထိုစဉ်က လုချန်းသည် တစ်နေ့တွင် ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ သူ၏ ပါရမီကို တန်ဖိုးထားသောကြောင့် လုချန်းဘက်မှ ရပ်တည်ရန် မိုးကြိုး ဧကရာဇ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချက်တစ်ချက်တည်းကြောင့်ပင် သူသည် လုချန်းအပေါ် လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် လက်ရှိ ရှန်ယွဲ့ ဧကရာဇ်က ရှန်ယွဲ့ တော်ဝင်မိသားစုဝင်များကို သတ်ဖြတ်လိုက်ပြီးနောက် လုချန်းသည် ဝရမ်းပြေးတစ်ယောက် ဖြစ်နေသဖြင့် မိုးကြိုး ဧကရာဇ်အတွက် မည်သည့် တန်ဖိုးမှ မရှိတော့ပေ။ လုချန်းကို သစ္စာရှိမည်ဆိုသော အကြောင်းပြချက်ဖြင့် မိုးကြိုး ဧကရာဇ်က ရှနိုင်ငံတော်ဘက်သို့ ကူးပြောင်းလိမ့်မည်ဟု ကျိကျိ ဧကရာဇ် နည်းနည်းမှ မယုံပေ။
ထိုအခိုက်အတန့်တွင် မိုးကြိုး ဧကရာဇ်က လျှို့ဝှက်ချက် တစ်ခုရှိသလို ဟန်ဆောင်ကာ
“ကောင်းပြီ..... ခင်ဗျားကို စိတ်မလှုပ်ရှားစေချင်တော့ဘူး။ တိုက်ရိုက်ပဲ ပြောပြမယ်။ ကျုပ် ရှနိုင်ငံတော်ဘက်ကို ကူးပြောင်းလိုက်တဲ့ အကြောင်းရင်းကတော့ ရှနိုင်ငံတော်မှာ...”
ဤနေရာတွင် မိုးကြိုး ဧကရာဇ်က စကားကို ခဏ ရပ်တန့်လိုက်သည်။ ကျိကျိ ဧကရာဇ်က နားစွင့်နေသော်လည်း မိုးကြိုး ဧကရာဇ်က ရုတ်တရက် စကားဖြတ်လိုက်သဖြင့် ကျိကျိ ဧကရာဇ်၏ ကိုယ်ပေါ်တွင် စိတ်လှုပ်ရှားမှုကြောင့် လျှပ်စီးကြောင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ နားစွင့် နေသော အကြောင်းအရာ ရုတ်တရက် ရပ်တန့်သွားခြင်းက ကျိကျိ ဧကရာဇ်အား စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ကျိကျိ ဧကရာဇ်က မိုးကြိုး ဧကရာဇ်ကို စိုက်ကြည့်ကာ
“မိုးကြိုး...ခင်ဗျား ဘာကို ဆိုလိုတာလဲ။ ဆက်ပြောလေ။”
မိုးကြိုး ဧကရာဇ်က ရယ်မောပြီး
“ကျုပ်က ဘာလို့ ခင်ဗျားကို ပြောပြရမှာလဲ။ ဒါက ရှနိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်ပဲ။ ခင်ဗျားက အဲ့ဒီထဲမှာ မပါဘူးလေ။ ခင်ဗျားကို ပြောပြလိုက်ရင် ကောင်းကင်ဧကရာဇ်ကို သစ္စာဖောက်ရာ ရောက်သွားလိမ့်မယ်။”
မိုးကြိုး ဧကရာဇ်က ရှင်းရှင်းလင်းလင်း မပြောသော်လည်း ‘ ကောင်းကင်ဧကရာဇ်’ ဟူသော အမည်ကို ကြားလိုက်ရသည့်အခါ ကျိကျိ ဧကရာဇ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ကောင်းကင်ဧကရာဇ်...
ခဏခန့် ကျိကျိ ဧကရာဇ်၏ စိတ်ထဲတွင် ‘ကောင်းကင်ဧကရာဇ်’ ဟူသော စကားလုံးကို အထပ်ထပ်ရေရွတ်မိလိုက်သည်။
သို့သော် သူ လျင်မြန်စွာ သတိပြန်ဝင်လာခဲ့သည်။ ကောင်းကင်ဧကရာဇ် တစ်ပါး ပေါ်ထွန်းလာပါက တစ်စကြဝဠာလုံးမှ ဧကရာဇ်များ ဖိအားခံစားရမည် ဖြစ်သည်။ရှနိုင်ငံတော်တွင် ကောင်းကင်ဧကရာဇ် တစ်ပါး တကယ် ရှိနေပါက ထိုဖိအားကို အဘယ်ကြောင့် သူတို့ မခံစားရသနည်း။
ထို့နောက် ကျိကျိ ဧကရာဇ်က မိုးကြိုး ဧကရာဇ်ကို တစ်ချက်ကြည့်ကာ
“ခင်ဗျား ကျုပ်ကို လှည့်စားဖို့ ကြိုးစားနေတာလား။”
မိုးကြိုး ဧကရာဇ်က ရယ်မောကာ
“လှည့်စားရမယ်... ဘာကိုလဲ။ ကျုပ်အခု ဘာမှ မပြောရသေးဘူးလေ။”
ကျိကျိ ဧကရာဇ် နှုတ်ဆိတ်သွားပြန်၏။ သူ၏ စိတ်ထဲတွင် သံသယနှင့် စိုးရိမ်စိတ်များ ရောထွေးနေသည်။
ရှနိုင်ငံတော်တွင် ကောင်းကင်ဧကရာဇ် တစ်ပါး တကယ် ရှိနေလျှင် မိုးကြိုး ဧကရာဇ်၏ အဆင့်တက်လှမ်းမှုကို ရှင်းပြနိုင်ပေလိမ့်မည်။
သို့သော် ဤအရာက တကယ်ကို မယုံနိုင်စရာ ဖြစ်နေပုံရသည်။
ကောင်းကင်ဧကရာဇ် တစ်ပါး ပေါ်ထွန်းလာလျှင် စကြဝဠာဆိုင်ရာ ထူးခြားဖြစ်စဉ်များ ရှိသင့်သော်လည်း မည်သည့်အရာမှ မရှိခဲ့ပေ။ ထို့ကြောင့် ယင်းက အဓိပ္ပာယ်မရှိပေ။
သို့သော်လည်း ရှနိုင်ငံတော်၌ ကောင်းကင်ဧကရာဇ် မရှိလျှင်ပင် ထူးကဲစွာ အင်အားကြီးမားသော ကျင့်ကြံသူတစ်ဦး ရှိနေနိုင်သည်။ မဟုတ်ပါက မိုးကြိုး ဧကရာဇ် ဝင်ရောက်ပြီးပြီးချင်း အဆင့်တက်သွားနိုင်လောက်အောင် နိုင်ငံ၏ ကံစွမ်းအားက အဘယ်ကြောင့် ပြင်းထန်နေရသနည်း။
ကျိကျိ ဧကရာဇ် တွေးတောလေ ပို၍ မငြိမ်မသက် ဖြစ်လာလေ ဖြစ်ကာ ရှနိုင်ငံတော်သို့ ဝင်ရောက် စစ်ဆေးကြည့်ချင်စိတ်များ ပြင်းပြလာသည်။ ဤအချိန်တွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် လိုအပ်နေပြီဟုလည်း သူ ခံစားမိ၏။
ထိုအခိုက်အတန့်တွင် ကျိကျိ ဧကရာဇ်က မျက်နှာချိုသွေးသည့် အပြုံးဖြင့်
“မိုးကြိုး...ကျုပ်တို့ရဲ့ နှစ်ရှည်လများ ခင်မင်မှုကို ထောက်ထားပြီး ရှနိုင်ငံတော်ကို ကျုပ် ဝင်ခွင့်ရဖို့ ခင်ဗျားတို့ရဲ့ ဧကရာဇ်ကို ပြောပေးလို့ ရမလား။”
၎င်းသည် လောင်းကြေးကြီးတစ်ခု ထပ်ခြင်း ဖြစ်သော်လည်း သူ၏ ခန့်မှန်းချက် မှန်ကန်ခဲ့လျှင် သူ၏ ကျင့်စဉ်အဆင့် တိုးတက်လာမည် ဖြစ်သည်။ ထိုအခါ အနာဂတ်တွင် ကပ်ဘေးကို ခုခံနိုင်ရန် အခွင့်အရေး ပို၍ ရှိလာမည် ဖြစ်သည်။
ထိုစကားကို ကြားလျှင် မိုးကြိုး ဧကရာဇ်က ရယ်မောကာ
“ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်တွေက တိုက်ခိုက်တော့မှာတောင် ခင်ဗျားက ရှနိုင်ငံကို ဝင်ဖို့ စဉ်းစားနေတာလား။ ရှနိုင်ငံ ပျက်စီးသွားတဲ့အခါ ရှန်ယွဲ့ ဧကရာဇ်က ခင်ဗျားကို သတ်ဖို့ လူလွှတ်မှာကို မကြောက်ဘူးလား။”
ကျိကျိ ဧကရာဇ်က
“ခင်ဗျားတောင် မကြောက်တာ ကျုပ်က ဘာလို့ ကြောက်ရမှာလဲ။ နောက်ပြီး ကျုပ်တို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား။ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်သင့်ဘူးလေ။”
မိုးကြိုး ဧကရာဇ်က ရယ်မောပြီးနောက်
“နေဦး.....ခင်ဗျားရဲ့ အခြေအနေကို မင်းကြီး သိအောင် ကျုပ် ပြောပြလိုက်မယ်။”
စကားအဆုံးတွင် မိုးကြိုး ဧကရာဇ် လှည့်ထွက်သွားရန် ပြင်လိုက်စဉ်
“မလိုတော့ဘူး...ကျုပ်သိပြီးပြီ”
ဟူသော အသံ ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် မိုးကြိုး ဧကရာဇ်၏ ရှေ့၌ အာကာသ ဝဲဂယက်တစ်ခု ပေါ်လာပြီး ထိုထဲမှ လုချန်း ဖြည်းညှင်းစွာ ထွက်လာသည်။
လုချန်း ဖြစ်နေသည်ကို မြင်သောအခါ ကျိကျိ ဧကရာဇ် ခဏခန့် ကြောင်သွားသည်။
ရှနိုင်ငံတော်ကို လုချန်း တည်ထောင်ခဲ့သည်ဟု မိုးကြိုး ဧကရာဇ် ပြောခဲ့သည်ကိုလည်း သူ မယုံကြည်နိုင် ဖြစ်နေခဲ့သေးသည်။ သို့သော် ယခု လုချန်း ပေါ်လာပြီး ဧကရာဇ်အဆင့်၏ ဖိအားများ ထွက်ပေါ်နေသည်ကို မြင်ရသဖြင့် မိုးကြိုးဧကရာဇ် လုံးဝမလိမ်ညာကြောင်း ညွှန်ပြနေသည်။
လုချန်း ကိုယ်တိုင် ရောက်ရှိလာသည်ကို မြင်လျှင် မိုးကြိုး ဧကရာဇ်က လျင်မြန်စွာ ဂါရဝပြုပြီး ဆိုလိုက်သည်။
“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်။”
ကောင်းကင်ဧကရာဇ်...
ဒါက...
ဤအခြေအနေကို ကျိကျိ ဧကရာဇ် နားလည်နိုင်စွမ်း မရှိတော့ပေ။ အရာရာ မှန်ကန်နေသည်ဟု ထင်ရသော်လည်း မယုံကြည်နိုင်စရာပင်။
မိုးကြိုး ဧကရာဇ် ပြောဆိုနေသော ကောင်းကင်ဧကရာဇ်က လုချန်းကို ဆိုလိုခြင်းလား။
ဒါက နောက်ပြောင်နေတာ မဟုတ်နိုင်ဘူးလား။
လုချန်းက တကယ် ကောင်းကင်ဧကရာဇ် ဖြစ်နိုင်ပါ့မလား။
ပြန်လည်ဝင်စားလာသူ ဖြစ်သော်လည်း ဤမျှ တိုတောင်းသော အချိန်အတွင်း ဧကရာဇ် ဖြစ်လာနိုင်ခြင်းက လုချန်း၏ ပါရမီကြောင့်သက်သက်ဟု သတ်မှတ်နိုင်သေးသည်။
သို့သော် ကောင်းကင်ဧကရာဇ်ဆိုသည့် အဆင့်အတန်းက လုံးဝကွဲပြားသည်။
သူ အဘယ်ကြောင့် ကောင်းကင်ဧကရာဇ်ဟု အခေါ်ခံရသနည်း။
မိုးကြိုး ဧကရာဇ် ဘာတွေ လုပ်နေတာလဲ။
လှည့်စားခံလိုက်ရသည်ဟု ကျိကျိ ဧကရာဇ်ခဏခန့် ခံစားလိုက်ရသည်။ မိုးကြိုး ဧကရာဇ်သည်လည်း လုချန်း၏ လှည့်ဖြားမှုကို ခံလိုက်ရသဖြင့် ရှနိုင်ငံတော်သို့ ဝင်ရောက်ခဲ့ခြင်းလားဟု သူက သံသယဝင်လာသည်။
ကျိကျိ ဧကရာဇ်၏ မျက်နှာပေါ်ရှိ ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်သောအခါ လုချန်းက ပေါ့ပေါ့ပါးပါးပင်
“ဘာလဲ။ ခင်ဗျား ရှနိုင်ငံတော်ကို ဝင်ချင်တယ်လို့ ခုနကတင် ပြောခဲ့တာ မဟုတ်ဘူးလား။ အခု ကျုပ်ကို အဆင့်တစ် ဧကရာဇ်အဖြစ် မြင်လိုက်ရတော့ နောင်တရသွားပြီလား။”
ကျိကျိ ဧကရာဇ် သတိပြန်ဝင်လာပြီး ပြုံးကာ
“မင်းသားက ဘာတွေ ပြောနေတာလဲ။ ကျုပ် ပြောပြီးသား စကားကို တည်မှာပါ။”
မိုးကြိုး ဧကရာဇ်သည် လုချန်း ကောင်းကင်ဧကရာဇ်ဟု ယုံကြည်လောက်အောင် တုံးအသူ မဟုတ်ကြောင်း ကျိကျိ ဧကရာဇ် ယုံကြည်ထားသည်။ ရှနိုင်ငံတော်တွင် နောက်ထပ် တစ်စုံတစ်ခု ရှိနေရမည်။ သို့မဟုတ် အင်အားကြီး ပုဂ္ဂိုလ်များက ကျောထောက်နောက်ခံ ပေးထားခြင်း ဖြစ်နိုင်ပေသည်။
ရှနိုင်ငံတော်ကို ထျန်းကျိရဲတိုက်ကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းတစ်ခုက လျှို့ဝှက် ကျောထောက်နောက်ခံ ပေးထားခြင်းလည်း ဖြစ်နိုင်သည်။
ဤဖြစ်နိုင်ခြေများကို စဉ်းစားမိခြင်းက ကျိကျိ ဧကရာဇ်၏ ဆုံးဖြတ်ချက်ကို ပို ခိုင်မာစေသည်။ သူက လုချန်းကို ကြည့်ကာ မေးလိုက်သည်။
“မင်းသား...ကျုပ်မှာ သိချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ မေးလို့ ရမလား။”
ကျိကျိ ဧကရာဇ် အသုံးပြုသော အသုံးအနှုန်းကို လုချန်းက ဂရုမစိုက်ပေ။ သူက တိုက်ရိုက်ပင်
“မေးပါ။ ခင်ဗျားရဲ့ မေးခွန်းက ဘာလဲ။”
ကျိကျိ ဧကရာဇ်က
“မင်းသားက ကိုယ့်ကိုယ်ကို ကောင်းကင်ဧကရာဇ်လို့ ခေါ်ဝေါ်ဖို့ သတ္တိရှိနေတယ်ဆိုတော့ ကောင်းကင်ဘုံ မူလလမ်းစဉ်ရဲ့ အပြစ်ပေးမှုကို မကြောက်ဘူးလား။”
ကောင်းကင်ဧကရာဇ် ဆိုသည်မှာ စကြဝဠာ၏ မူလအစနှင့် ဆက်နွှယ်နေသော တည်ရှိမှု ဖြစ်သည်။ စစ်မှန်သော ကောင်းကင်ဧကရာဇ် မဟုတ်သူက ထိုဘွဲ့နာမကို အသုံးပြုရဲလျှင် စကြဝဠာ၏ မူလအစက ထိုသူကို ခြေမှုန်းပစ်လိမ့်မည်။
လုချန်းက အနည်းငယ် ပြုံးကာ ရိုးရှင်းစွာ ကြေညာလိုက်သည်။
“ကျုပ်က ကောင်းကင်ဧကရာဇ်ပဲ။”
သူပြောပြီးနောက် ဟင်းလင်းပြင်ထဲတွင် မည်သည့် ထူးခြားမှုမှ ပေါ်မလာပေ။ လုချန်းသည် မည်သည့် ထိခိုက်မှုမှ မရှိပဲ အာကာသထဲတွင် လွင့်မျောနေဆဲ ဖြစ်သည်။
လုချန်းက
“ကောင်းကင်ဘုံ လမ်းစဉ်ရဲ့ အပြစ်ပေးမှုကို ခင်ဗျား မြင်လား။”
ဒါက...
ကျိကျိ ဧကရာဇ်၏ မျက်လုံးများသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွား၏။
ကောင်းကင်ဘုံ လမ်းစဉ်က ဘာဖြစ်နေတာလဲ။
ဘာလို့ သူ့ကို အပြစ်မပေးတာလဲ။
သူက တကယ်ပဲ ကောင်းကင်ဧကရာဇ် ဖြစ်နေလို့လား။
ကျိကျိ ဧကရာဇ်လည်း မယုံကြည်နိုင်ပဲ ရှိနေကာ
“ကျုပ်လည်း ကောင်းကင်...”
ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ကျိကျိ ဧကရာဇ်၏ စကားမဆုံးမီမှာပင် ပြင်းထန်သော အန္တရာယ် အငွေ့အသက်တစ်ခုက သူ့ကို ချက်ချင်း လွှမ်းမိုးသွားသည်။ သူရှိနေသော ဟင်းလင်းပြင် စတင် ပုံပျက်လာသဖြင့် သူလည်းချွေးစေးများ ထွက်လာတော့သည်။
…………….
အခန်း( ၁၄၆၁ )
ရှေ့တန်းမှ သတင်း
စမ်းသပ်ကြည့်ပြီးနောက် “ကောင်းကင်ဧကရာဇ်” ဟူသော ဘွဲ့နာမကို ပေါ့ပေါ့တန်တန် ယူ၍ မရကြောင်း ကျိကျိ ဧကရာဇ် တွေ့ရှိသွားသည်။ ထိုဘွဲ့၏ စကားလုံးတိုင်းတွင် သက်ရောက်မှုများ ပါဝင်နေ၏။
အကယ်၍ သူသာ နောက်ဆုံးစကားလုံးကို ပြောလိုက်လျှင် သူ၏ စိတ်ဝိညာဉ် ချက်ချင်းချေမှုန်းခံရမည်ဖြစ်ကြောင်း ခုနက သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ နက်နဲသော နိယာမတစ်ရပ်က သူ့ကို သတိပေးခြင်းလိုက်ခြင်းပင်။
ထို့စဉ် သေခြင်းတရားကို ကြောက်ရွံ့မှုကြောင့် ကျိကျိ ဧကရာဇ်၏ ခန္ဓာကိုယ် ထိန်းမနိုင်သိမ်းမရ တုန်ရင်သွားသည်။ သူ၏ လက်ခြေများ အားလုံးမှ ကြွက်သားတင်းနေ ပြီး မတ်တပ်ရပ်နိုင်ရန်ပင် ခဲယဉ်းလာသည်။
တကယ့်ကို ကြောက်စရာကောင်းလှပေသည်။
ထိုဖြစ်ရပ်အရ ကောင်းကင်ဧကရာဇ် ဟူသော ဘွဲ့ကို ပေါ့ပေါ့ပါးပါး မသုံးနိုင်တာ ထင်ရှားလှ၏။
လုချန်း၏ အမည်ကို ကောင်းကင်ဘုံ လမ်းစဉ်က အသိအမှတ်ပြုထားခြင်းလား။
ယခုအချိန်တွင် လုချန်းသည် ကောင်းကင်ဧကရာဇ် မဟုတ်သေးသော်လည်း အနာဂတ်တွင် သို့မဟုတ် မကြာမီတွင် ထိုအဆင့်ကို ရရှိရန် အလွန်နီးစပ်နေသည်။ ထိုအဆင့်အတန်းကို သူ၏ ကံကြမ္မာကြိုးများနှင့် ရစ်ပတ်နေပြီဟု ဆိုနိုင်သည်။
မိုးကြိုး ဧကရာဇ်က လုချန်း၏ လက်အောက်သို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့တာ မဆန်းတော့ပေ။
ထိုအထိ တွေးပြီးနောက် ကျိကျိ ဧကရာဇ်လည်း ချီတုံချတုံ မဖြစ်တော့ပဲ လုချန်းကို တိုက်ရိုက် ဦးညွှတ်ကာ
“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်။”
လုချန်းက
“ခင်ဗျားရဲ့ တပ်မကို ခေါ်လာခဲ့။ ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်တွေ ရောက်ခါနီးပြီ။”
လုချန်း၏ စကားအဆုံးတွင် သူ၏ ပုံရိပ်ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ထဲတွင် မိုးကြိုး ဧကရာဇ်နှင့် ကျိကျိ ဧကရာဇ်တို့သာ ကျန်ရစ်ခဲ့သည်။
မိုးကြိုး ဧကရာဇ်က ပြုံးလျက်
“ခင်ဗျား ရှနိုင်ငံတော်ကို မရွေးချယ်ဘူးလို့ ကျုပ် ထင်နေတာ။”
ကျိကျိ ဧကရာဇ်က ထိုအကြောင်းကို လျစ်လျူရှုကာ
“မိုးကြိုး... ခင်ဗျားက တော်တော် လျှို့ဝှက်တာပဲ။ အနာဂတ် ကောင်းကင်ဧကရာဇ်ကို တွေ့တာတောင် ကျုပ်ကို မပြောပဲ ရှနိုင်ငံတော်ကို ခိုးပြီး ဝင်သွားတယ်ပေါ့။”
မိုးကြိုး ဧကရာဇ်က ရယ်မောလိုက်ပြီး
“အနာဂတ် ကောင်းကင်ဧကရာဇ်လား။ မင်းကြီးက အနာဂတ် ကောင်းကင်ဧကရာဇ်လို့ ခင်ဗျားကို ဘယ်သူပြောလဲ။”
ကျိကျိ ဧကရာဇ်က ဇဝေဇဝါဖြင့်
“သူက ဧကရာဇ်အဆင့်တစ်မှာပဲ ရှိသေးတာလေ...အနာဂတ် ကောင်းကင်ဧကရာဇ် မဟုတ်ဘူးလား။”
မိုးကြိုး ဧကရာဇ်လည်း ကျိကျိ ဧကရာဇ်၏ အတွေးကို ချက်ချင်း ခန့်မှန်းမိသွားပြီး ပြုံးလျက်
“အဲ့ဒါက မင်းကြီးရဲ့ ကိုယ်ပွားတစ်ခုပဲလို့ ကျုပ်ပြောရင် ခင်ဗျား ဘယ်လိုနေမလဲ။”
ကျိကျိ ဧကရာဇ်၏ စိတ်ထဲ အလွန်အံ့အားသင့်သွားသည်။
ကိုယ်ပွားလား။
ပင်မခန္ဓာ မဟုတ်ဘူးလား။
လုချန်း၏ ပြည့်စုံသော စိတ်ဝိညာဉ်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သော်လည်း ၎င်းက ကိုယ်ပွားတစ်ခုသာ ဖြစ်နေတာလား။
ကျိကျိ ဧကရာဇ် မိုးကြိုး ဧကရာဇ်၏ မျက်နှာကို သေချာ ကြည့်လိုက်၏။ သူ နောက်ပြောင်နေခြင်း ဟုတ်မဟုတ် မျက်နှာအမူအရာမှတစ်ဆင့် ခွဲခြားချင်နေပုံရသည်။
မိုးကြိုး ဧကရာဇ်က ဆက်လက်၍
“ကျုပ်တောင် မင်းကြီးရဲ့ ပင်မခန္ဓာကို မတွေ့ရသေးဘူး။ ဒါပေမဲ့ သူ့ရဲ့ တခြားကိုယ်ပွားတွေကိုတော့ တွေ့ဖူးတယ်။ တစ်ခုက ဧကရာဇ်အဆင့်နှစ်မှာ ရှိပြီး နောက်တစ်ခုက အဆင့်လေးမှာ ရှိတယ်။”
လုချန်း၏ ကိုယ်ပွားအားလုံးကို သူ မြင်ဖူးသည်ဟု မိုးကြိုး ဧကရာဇ် ယုံကြည်သည်။ လုချန်း၏ ပင်မခန္ဓာနှင့် ကိုယ်ပွားသည် ကျင့်စဉ်အဆင့်မှလွဲ၍ ကျန်အရာအားလုံးမှာ ကွာခြားချက် မရှိသလောက်ဖြစ်၏။ ကိုယ်ပွား၏ စိတ်ဝိညာဉ်ပင် ပြည့်စုံနေသည်။
လုချန်း၏ စိတ်ဝိညာဉ်က မရေမတွက်နိုင်သော ခန္ဓာကိုယ်များကို ထိန်းချုပ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ယခုမှသာ ထိုအရာ၏ နက်ရှိုင်းမှုကို သူ နားလည်လာသည်။
မိုးကြိုး ဧကရာဇ်က ဆက်လက်၍
“ဧကရာဇ်အဆင့် ကိုယ်ပွားတွေ အမြောက်အမြား ဖန်တီးနိုင်ပြီး စိတ်ဝိညာဉ် ကိုလည်း ဘာချို့ယွင်းချက်မှ မရှိအောင် လုပ်နိုင်တယ်ဆိုရင် သူ့ရဲ့ အဆင့်က ဘယ်လောက်ရှိမယ်လို့ ခင်ဗျား ထင်လဲ။”
ကျိကျိ ဧကရာဇ်က ပင့်သက်တစ်ချက် ရှိုက်သွားပြီး
“ဒါဆိုရင် သူက တကယ်ပဲ...”
ကျိကျိ ဧကရာဇ် ဆက်မပြောတော့ပေ။ သူ ဆက်၍ပင် မတွေးရဲတော့ပေ။
မိုးကြိုး ဧကရာဇ်က ခေါင်းညိတ်ပြီးနောက်
“ခင်ဗျားရဲ့ တပ်မကို ရှနိုင်ငံတော်ထဲ ခေါ်လာတဲ့အခါ ကောင်းကင်ဧကရာဇ်ဆီက ရတဲ့ အကျိုးကျေးဇူးတွေကို ခင်ဗျား ခံစားရလိမ့်မယ်။ ကျုပ်ရဲ့ တပ်မ ရှနိုင်ငံတော်ကို ဝင်ပြီးတာနဲ့ ဧကရာဇ်လောင်း အယောက်နှစ်ဆယ်က ချက်ချင်းပဲ ဧကရာဇ်အဆင့်ကို ရောက်သွားခဲ့တယ်။ သူတို့ထဲက အများစုဟာ လမ်းစဉ်ကြောင့် ဒဏ်ရာရထားသူတွေပဲ။ လမ်းစဉ်နှလုံးသား ပျက်စီးနေသူတွေတောင် အဲ့ဒီအဆင့်ကို အောင်မြင်ခဲ့ကြတယ်။”
မိုးကြိုး ဧကရာဇ်၏ ပြောပြချက်များကို နားထောင်ပြီးနောက် ကျိကျိ ဧကရာဇ်၏ အသက်ရှူသံ ပို၍ မြန်လာသည်။ သူသည် လေကို ရှူရှိုက်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေရသကဲ့သို့ ဖြစ်နေသည်။
အကယ်၍ ထိုအရာများ အမှန်ဖြစ်ပါက သူ၏ တပ်မတွင်လည်း ဧကရာဇ်အဆင့် အယောက်နှစ်ဆယ်၊ သုံးဆယ် ပေါ်ထွက်လာနိုင်မည် မဟုတ်ပါလား။
ဧကရာဇ်အဆင့်များကို အစုလိုက်အပြုံလိုက် ထုတ်လုပ်တာလား။
ယခု ရှနိုင်ငံတော်၏ အင်အားက ရှန်ယွဲ့နိုင်ငံနှင့် ရင်ဘောင်တန်းနိုင်နေပြီ မဟုတ်ပါလား။
မဟုတ်သေးပေ။
ရှန်ယွဲ့နိုင်ငံကိုပင် ကျော်လွန်သွားလောက်ပြီ ဖြစ်သည်။
ကျိကျိ ဧကရာဇ်က
“ထပ်မပြောနဲ့တော့။ ကျုပ်အခုပဲ တပ်မကို ခေါ်လာလိုက်မယ်”
ဟူသော စကားတစ်ခွန်းသာ ချန်ထားခဲ့ကာ လျင်မြန်စွာ လှည့်ထွက်သွားသည်။
သူ၏ နောက်တွင် မိုးကြိုး ဧကရာဇ်၏ ကျေနပ်နေသော ရယ်သံသာ ကျန်ရစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် လုယန်ဟွာသည် နတ်လှေကို စီးကာ စကြဝဠာကို လျင်မြန်စွာ ဖြတ်ကျော်လာခဲ့ပြီး မကြာမီမှာပင် ထျန်းကျိရဲတိုက်၏ ဌာနခွဲတစ်ခုသို့ ရောက်ရှိလာသည်။
လုယန်ဟွာသည် ရှေ့တန်းသို့ တိုက်ရိုက်သွားရန် ထျန်းကျိရဲတိုက်၏ ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုခါနီး၌ စစ်သည်တစ်ဦး လုယန်ဟွာထံသို့ အလောတကြီး ပြေးလာသည်။
“မင်းကြီး...ရှေ့တန်းက အရေးပေါ် အစီရင်ခံစာ ရောက်လာပါတယ်။”
၎င်းကို ကြားလျှင် လုယန်ဟွာ မျက်ခုံးတွန့်လိုက်သည်။ စစ်သည်ကို ဖတ်ခိုင်းခြင်း မပြုပဲ သူ၏လက်ကို တိုက်ရိုက်မြှောက်လိုက်ရာ စစ်သည်၏ လက်ထဲမှ စစ်မြေပြင် အစီရင်ခံစာသည် လေထဲသို့ ပျံတက်သွားပြီး ရွှေရောင်အလင်းများ ထွက်ပေါ်လာကာ ဝါကျများကို လေထဲတွင် တစ်ကြောင်းချင်း ဖော်ပြလိုက်သည်။
စစ်မြေပြင် အစီရင်ခံစာပါ အကြောင်းအရာ အားလုံးကို ဖတ်ပြီးနောက် လုယန်ဟွာ နှုတ်ဆိတ်သွား၏။ ထို့အတူ သူ၏ ဘေးရှိ ထျန်းကျိရဲတိုက်မှ ဧကရာဇ်အဆင့် အနည်းငယ်လည်း တိတ်ဆိတ်သွားကြသည်။ အခန်းထဲ၌ အသက်ရှူသံပင် မကြားရတော့ပေ။
ဤစစ်မြေပြင် အစီရင်ခံစာတွင် နေရာတိုင်း၌ ပဟေဠိများဖြင့် ပြည့်နှက်နေသည်။ စာကြောင်းတိုင်းသည် အံ့အားသင့်ဖွယ် သတင်းတစ်ခုစီကို သယ်ဆောင်လာသည်။
မိုးကြိုး ဧကရာဇ်သည် အစက လုချန်း၏ အုပ်စုဝင် ဖြစ်ခဲ့သော်လည်း ယခု ရှန်ယွဲ့နိုင်ငံတွင် ဧကရာဇ်အသစ် ရှိနေပြီ ဖြစ်ကာ အာဏာလုပွဲလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ ထို့ပြင် လုချန်းကို နှိမ်နင်းရန် စစ်တပ်များ လွှတ်ထားပြီး ဖြစ်သဖြင့် လုချန်းသည် မကြာမီ အရေးယူခံရတော့မည် ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် မိုးကြိုး ဧကရာဇ်က ရှနိုင်ငံတော်သို့ ဝင်ရောက်ရန် ရွေးချယ်နေဆဲလား။
မိုးကြိုး ဧကရာဇ် ရူးသွားတာလား။
ရှေ့တန်းတွင် ပြည်တွင်းရေး အရှုပ်အထွေးများ ရှိနေပြီး တစ်စုံတစ်ယောက်က မိုးကြိုး ဧကရာဇ်ကို မဟုတ်မမှန် စွပ်စွဲနေခြင်းလား။
သတိဝင်လာပြီးနောက် လုယန်ဟွာသည် ကျောက်ဖြူ ကြယ်နယ်မြေစုဆီသို့ ချက်ချင်းသွားရန် ပြင်လိုက်သော်လည်း ထိုအခိုက်အတန့်တွင် နောက်ထပ် စစ်သည်တစ်ဦးက ပျာပျာသလဲဖြင့် သူ၏ ရှေ့၌ ဒူးထောက်လိုက်သည်။ ထိုစစ်သည်သည် ပထမတစ်ယောက်ထက်ပင် ပို၍ ထိတ်လန့်နေပုံရသည်။
စစ်သည်၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ၏ နဖူးမှ ပဲစေ့ခန့် ချွေးများ အဆက်မပြတ် ကျနေကာ
“မင်း...မင်းကြီး။ ရှေ့တန်းက... အရေးပေါ် အစီရင်ခံစာ...”
စစ်သည်က စကားပြောနေစဉ် သူ၏ အသံသာမက သူ၏ ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ရင်နေ၏။ သူ၏ မျက်လုံးများ၌လည်း တုန်လှုပ်များမှုဖြင့် ပြည့်နေသည်။
လုယန်ဟွာ၏ မျက်နှာထား ပို၍ ခက်ထန်လာသည်။ စစ်သည်၏ တုံ့ပြန်မှုအရ ရှေ့တန်းတွင် ဆိုးရွားသော အရာတစ်ခု ထပ်မံ ဖြစ်ပွားနေကြောင်း ထင်ရှားနေသည်။ ဤအချက်သည် ပထမအစီရင်ခံစာထက် ပို၍ ဆိုးရွားနိုင်သည်။
လုယန်ဟွာက လက်ကို ထပ်မံ မြှောက်လိုက်ရာ စိတ်ဝိညာဉ် စွမ်းအားတစ်ခုက ဒုတိယ စစ်သည်၏ အစီရင်ခံစာကို ရစ်ပတ်ကာ လေထဲတွင် ဖွင့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ဒုတိယ စစ်မြေပြင် အစီရင်ခံစာ၏ အကြောင်းအရာများ လေထဲတွင် ပေါ်လာသည်။ ထိုအစီရင်ခံစာပါ စကားလုံးများကို မြင်လိုက်ရသည့်အခါ ရှိနေသူ အားလုံး လုံးဝ ဇဝေဇဝါ ဖြစ်သွားကြသည်။ အားလုံး၏ အသက်ရှူသံများ ရပ်တန့်သွားသကဲ့သို့ ဖြစ်သည်။
မိုးကြိုး ဧကရာဇ်က ရှနိုင်ငံတော်သို့ သစ္စာခံပြီးနောက် ကျိကျိ ဧကရာဇ်က ထိုသစ္စာဖောက်ကို နှိမ်နင်းမည်ဟု ပြောခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ စစ်တပ်ကို ရှနိုင်ငံတော်သို့ ခေါ်ဆောင်သွားပြီး သူသည်လည်း ရှနိုင်ငံတော်သို့ ဝင်ရောက်သွားတယ်တဲ့လား။
တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။
ရှေ့တန်းစစ်မျက်နှာတစ်ခုလုံး ပြိုလဲသွားပြီလား။
လုယန်ဟွာ ချက်ချင်း ဒေါသထွက်သွားသည်။ သူ၏ လက်သီးများကို ဆုပ်ထားပြီး ချွေးများပါ ထွက်လာ၏။
ရှေ့တန်းတွင် အတိအကျ ဘာတွေ ဖြစ်နေသနည်း။
ဤဧကရာဇ်များသည် အဘယ်ကြောင့် တစ်ဦးပြီးတစ်ဦး ရှနိုင်ငံတော်သို့ အဆင်အခြင်မဲ့စွာ သစ္စာခံနေကြသနည်း။
အသုံးမကျသော လုချန်းကို သစ္စာခံခြင်း၌ မည်သည့် အနာဂတ် ရှိနိုင်မည်နည်း။
သေခြင်းတရားသာ သူတို့ကို စောင့်ကြိုနေမည် ဖြစ်သည်။
ဤအရာသည် လုံးဝ အဓိပ္ပာယ်မရှိပေ။
မိုးကြိုး ဧကရာဇ်သည် လုချန်းကို တစ်ချိန်က ထောက်ခံခဲ့ဖူးပြီး ယခု ဧကရာဇ်အသစ်၏ အငြိုးထားခြင်းကို ခံထားရသဖြင့် စိတ်နာကာ လုချန်းထံသို့ အဆင်အခြင်မဲ့ ဝင်ရောက်သွားခြင်းက အနည်းငယ် နားလည်နိုင်သေးသည်။ သို့သော် ကျိကျိ ဧကရာဇ်ကတော့ လုချန်းနှင့် မည်သည့် ဆက်ဆံရေးမှ မရှိခဲ့ပေ။
သူသည် လုချန်း၏ အုပ်စုတွင်လည်း မပါဝင်ခဲ့ပေ။ သူက အဘယ်ကြောင့် ရှနိုင်ငံတော်သို့ သစ္စာခံရန် သွားရသနည်း။ သူပါ ရူးသွားခြင်းလား။
လုယန်ဟွာက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အခု ချက်ချင်း ကျောက်ဖြူ ကြယ်နယ်မြေစုကို သွားမယ်။ သူတို့ ရှေ့တန်းမှာ ဘာတွေ လုပ်နေလဲဆိုတာ ကျုပ် ကိုယ်တိုင် မြင်ချင်တယ်။”
သူ၏ အသံသည် နတ်လှေခန်းမကြီးတစ်ခုလုံးကို တုန်ခါသွားစေ၏။
…….
ထိုအခိုက်အတန့်တွင်...
ကျောက်ဖြူ ကြယ်နယ်မြေစု။
နန်အန်းနိုင်ငံ၏ ကြယ်နယ်မြေ။
“တကယ်ပဲ အဆင့်တက်သွားပြီ။”
“ဘုရားရေ...စစ်သူကြီး ပြောတာ တကယ်ကြီးပဲ။”
“ရှနိုင်ငံတော်ရဲ့ ကံစွမ်းအားက ဘာလို့ ဒီလောက်တောင် ထူထပ်နေရတာလဲ။”
ကျိကျိ တပ်မမှ စစ်သည်များသည် စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်နေကြ၏။ သူတို့သည် နတ်ဝိညာဉ်ထီး၏ အတားအဆီးအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ရှန်ယွဲ့နိုင်ငံ၏ ကံစွမ်းအား ကောင်းချီးများကို ဆုံးရှုံးသွားကြသည်။
သို့သော် သူတို့၏ အဆင့်များ မကျဆင်းမီမှာပင် စတင် မြင့်တက်လာခဲ့သည်။ ယင်းက ရှန်ယွဲ့နိုင်ငံတွင် မည်သည့်အခါကမှ မဖြစ်ခဲ့ဖူးသော အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင်။
ထိုအချိန်တွင် မိုးကြိုး ဧကရာဇ်က ကျိကျိ ဧကရာဇ်၏ ရှေ့သို့ ရောက်လာပြီး ကျယ်လောင်စွာ ရယ်မောလျက်
“ဘယ်လိုလဲ။ ကျုပ် ခင်ဗျားကို မလှည့်စားဘူး မဟုတ်လား။”