← Chapters

အခန်း (၁၄၆၂-၁၄၆၄)

Vol. 98 Ch. 1462-1464

အခန်း (၁၄၆၂-၁၄၆၄)

Vol. 98 Ch. 1462-1464

အခန်း( ၁၄၆၂ )

ရှနိုင်ငံတော်၏ ကံစွမ်းအား မြင့်တက်လာခြင်း

ကျိကျိ ဧကရာဇ်သည် သူအဆင့်တက်သွားသည့် နယ်ပယ်ကို ခံစားမိပြီးနောက် ရုတ်တရက် သူအိပ်မက်မက်နေခြင်းလားဟု တွေးတောမိလိုက်သည်။ ဤမျှလျင်မြန်စွာ အဆင့်တက်ခြင်းသည် အိပ်မက်သဖွယ်ပင် ဖြစ်နေ၏။

သူ့ကို ထောက်ပံ့ပေးထားသော ရှနိုင်ငံတော်၏ မင်းဆက် ကံစွမ်းအားသည် ရှန်ယွဲ့နိုင်ငံထက် များစွာ သာလွန်နေသည်။ ထျန်းကျိရဲတိုက်၏ အကူအညီကို ရရှိပြီးနောက် ရှန်ယွဲ့နိုင်ငံ၏ ကံစွမ်းအား သိသိသာသာ မြင့်တက်လာခဲ့သော်လည်း ရှနိုင်ငံတော်ကိုတော့ မယှဉ်နိုင်သေးပေ။ ယခုတွင် ရှနိုင်ငံတော်၏ ကံစွမ်းအားသည် သမုဒ္ဒရာတစ်စင်း၏ နက်ရှိုင်းမှုကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်သည်။

ဤရှုထောင့်မှကြည့်လျှင် ရှနိုင်ငံတော်၏ နောက်ကွယ်တွင် ကောင်းကင်ဧကရာဇ် တစ်ပါး တကယ် ရှိနေနိုင်သည်။

သို့သော်... ထိုကောင်းကင်ဧကရာဇ်က တကယ်ပဲ လုချန်းလား။

လုချန်းက ရှန်ယွဲ့နိုင်ငံ၏ နံပါတ်ကိုး မင်းသား မဟုတ်ပါလား။ သူသည် မည်မျှပင် ပါရမီထူးချွန်ပါစေ၊ လူဝင်စားပင်ဖြစ်နေပါစေ ဤမျှ မြန်မြန်ဆန်ဆန် ကောင်းကင်ဧကရာဇ် အဆင့်သို့ မရောက်ရှိနိုင်သင့်ပေ။ ကောင်းကင်ဧကရာဇ်ဖြစ်ရန်အတွက် ကံကြမ္မာ၏ မျက်နှာသာကိုပါ လိုအပ်သေးသည်။

ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို ကျိကျိ ဧကရာဇ် လုံးဝ နားမလည်နိုင်တော့ပေ။

ထားလိုက်ပါတော့။

ဆက်တွေး၍လည်း အကျိုးမရှိပေ။

မည်သို့ပင်ဆိုစေ ရှနိုင်ငံတော်၏ ထူထပ်လှသော ကံစွမ်းအားသည် အတုအယောင် မဟုတ်ပေ။ သူ၏ အင်အား မြင့်တက်လာရုံသာမက သူ၏ တပ်မမှ စစ်သည်အားလုံး၏ အင်အားလည်း တိုးတက်လာခဲ့သည်။ ထိုအချက်က လက်တွေ့ကျသော အကျိုးကျေးဇူးပင် ဖြစ်သည်။

ကျိကျိ ဧကရာဇ်က သူ၏ တပ်မမှ တပ်မှူးများကို ကြည့်လိုက်ရာ မိုးကြိုး ဧကရာဇ် အစောပိုင်းက ပြောခဲ့သည့်အတိုင်း ဧကရာဇ်လောင်း အများစုသည် ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့၏ မျက်ဝန်းများတွင်လည်း အံ့အားသင့်မှုနှင့် ဝမ်းသာမှုတို့ ရောထွေးနေလျက် ရှိကြသည်။

ရှနိုင်ငံတော်သည် မည်သို့သော အင်အားစုမျိုး ဖြစ်လာမည်ကို ကျိကျိ ဧကရာဇ် ယခုအခါ မမှန်းဆနိုင်တော့ပေ။ သူနှင့် မိုးကြိုး ဧကရာဇ်တို့ ခေါ်ဆောင်လာသော တပ်မနှစ်ခုတည်း၌ပင် ဧကရာဇ်အဆင့် အယောက်လေးဆယ်ကျော် ရှိနေပြီဖြစ်သည်။

ရှနိုင်ငံတော် ကိုယ်တိုင် ပိုင်ဆိုင်ထားသော အင်အားကို ထည့်မတွက်လျှင်ပင် ဧကရာဇ်အဆင့် အယောက်လေးဆယ်ကျော် ရှိနေခြင်းက စကြဝဠာအတွင်းရှိ အထူးအင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်နေပြီဖြစ်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် ထိုအင်အားတိုးတက်မှုသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ စတင်ခဲ့ခြင်းဖြစ်သည်။

အမှန်တော့ အထူးအင်အားကြီး အဖွဲ့အစည်းတစ်ခု၏ အင်အားကို ဧကရာဇ်အဆင့် အရေအတွက် တစ်ခုတည်းဖြင့် တိုင်းတာ၍ မရပေ။ ထိုဧကရာဇ်များ၏ အဆင့်အတန်းဖြင့်လည်း တိုင်းတာရသည်။

လက်ရှိတွင် ရှနိုင်ငံတော်၏ ဧကရာဇ်အဆင့် အရေအတွက်သည် အလွန်အားရဖွယ် ကောင်းသော်လည်း အများစုမှာ မင်းဆက် ကံစွမ်းအားကြောင့် အဆင့်တက်လာသူများ ဖြစ်သဖြင့် သဘာဝအလျောက် အဆင့်တက်သူများထက် အနည်းငယ် အားနည်းနေနိုင်သည်။ ထို့ပြင် ရှနိုင်ငံတော်တွင် အဆင့်ကိုး ဧကရာဇ်များကဲ့သို့ မြင့်မားကျင့်စဉ်အဆင့်ရှိသော ဧကရာဇ်အဆင့်များ လိုအပ်နေပေဦးမည်။

ကျိကျိ ဧကရာဇ်က

“မင်းကြီးရဲ့ ရည်မှန်းချက်က စကြဝဠာတစ်ခုလုံး ဖြစ်ပုံရတယ်။”

ဟုရေရွတ်လိုက်၏။

ပုံမှန်အားဖြင့် ဧကရာဇ်အဆင့် အရေအတွက်သည် အထူးအင်အားကြီး အဖွဲ့အစည်းများကြား အင်အားကွာခြားချက်ကို တိတိကျကျ မတိုင်းတာနိုင်သော်လည်း ထိုအရာက ပုံမှန်အခြေအနေများအတွက်သာ ဖြစ်သည်။

အကယ်၍ ဧကရာဇ်အဆင့် အရေအတွက်သည် ပမာဏတစ်ခုထက် ကျော်လွန်သွားပါက ထိုအရေအတွက်သည် စစ်ပွဲတစ်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်သည့် အချက် ဖြစ်လာနိုင်သည်။ ရေတစက်သည် အားနည်းသော်လည်း ရေအစက်ပေါင်း သန်းပေါင်းများစွာသည် သမုဒ္ဒရာကြီးကိုပင် လှုပ်ခတ်နိုင်သည်။

ယခု ရှနိုင်ငံတော်၌ ဧကရာဇ်အဆင့်များကို အစုလိုက်အပြုံလိုက် ဖန်တီးနိုင်နေပြီဖြစ်ရာ တစ်နေ့တွင် ထိုအရေအတွက်သည် တစ်ရာ၊ တစ်ထောင်၊ သို့မဟုတ် တစ်သောင်းအထိပင် ဖြစ်လာနိုင်သည်။ အဆင့်ကိုး ဧကရာဇ်များကို ရင်ဆိုင်ရလျှင်ပင် ရှနိုင်ငံတော်မှ အားအနည်းဆုံး ဧကရာဇ်အဆင့်များက သူတို့၏ စိတ်ဝိညာဉ်များကို အလှည့်ကျ ဖောက်ခွဲပစ်ခြင်းဖြင့် ထိုအဆင့်ကိုး ဧကရာဇ်များကို သတ်ဖြတ်နိုင်မည် ဖြစ်သည်။

ထိုမြင်ကွင်းကို တွေးကြည့်ရုံဖြင့် ကျိကျိ ဧကရာဇ်လည်း ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားမိသည်။

တကယ့်ကို ကြောက်စရာကောင်းလှပေသည်။ ရက်စက်လှပေသည်။

ကျိကျိ ဧကရာဇ် ဆက်၍ မတွေးတော့ပေ။ ထိုအခိုက်အတန့်တွင် သတ်ဖြတ်ခြင်း အရှိန်အဝါ တစ်ခု သူတို့ဆီသို့ လွှမ်းမိုးလာသည်ကို ခံစားလိုက်ရသည်။ ချက်ချင်းပင် မိုးကြိုး ဧကရာဇ်နှင့် ကျိကျိ ဧကရာဇ်တို့ မှင်တက်သွားကြသည်။ ထိုအရှိန်အဝါသည် ချွန်ထက်သော ဓားသွားကဲ့သို့ ပြင်းထန်စူးရှလှသည်။

သတ်ဖြတ်ခြင်း အရှိန်အဝါလား။

ရှန်ယွဲ့ ဧကရာဇ် ရောက်လာတာလား။

သူတို့နှစ်ဦးလည်း သတ်ဖြတ်ခြင်း အရှိန်အဝါ ထွက်ပေါ်လာရာသို့ အလျင်အမြန် သွားကြည့်ကြရာ ထိုအရှိန်အဝါသည် အတားအဆီး၏ ပြင်ပမှ မဟုတ်ပဲ ဖေးဟုန် နတ်လှေအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။ အပြာရောင်အကာအကွယ်ကြီးသည် ထိုသတ်ဖြတ်ခြင်းစွမ်းအားကိုပင် အတွင်း၌ ပိတ်လှောင်ထားနိုင်သည်။

နတ်လှေအတွင်းမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း အရှိန်အဝါကို မြင်ပြီးနောက် ကျိကျိ ဧကရာဇ်က စူးစမ်းစွာဖြင့်

“ဒီနတ်လှေထဲမှာ ဘယ်သူရှိနေတာလဲ။”

ကျိကျိ ဧကရာဇ်သည် ရှနိုင်ငံတော်သို့ ဝင်ရောက်ကာစ ဖြစ်သဖြင့် အခြေအနေများကို မသိသေးသလို ရှနိုင်ငံတော်တွင် သတ်ဖြတ်ခြင်း စွမ်းအားကို အသုံးပြုနိုင်သည့် လူနှစ်ဦးရှိသည်ကိုလည်း မသိပေ။ သူရောက်ကတည်းက ဤနတ်လှေသည် ထိုနေရာတွင် ရှိနေခဲ့၏။

နတ်လှေအတွင်းမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် အတွင်းမှလူသည် ရှနိုင်ငံတော်၏ ဧကရာဇ်အဆင့် တစ်ဦး ဖြစ်ရမည်ဟု ခန့်မှန်းနိုင်သည်။ ထို့ပြင် ထိုသူသည် အဆင့်သစ်တစ်ခုသို့ တက်လှမ်းနေခြင်းလည်း ဖြစ်သည်။

မိုးကြိုး ဧကရာဇ်က တုံ့ပြန်လိုက်သည်။

“နဂါး စစ်တပ်က စစ်သည်တွေ ပြောတာတော့ ဒီလှေက ဧကရီတစ်ပါး ပိုင်ဆိုင်တာ။မင်းကြီးရဲ့ အမျိုးသမီးတွေထဲက တစ်ယောက်လို့ သိရတယ်။”

မိုးကြိုး ဧကရာဇ်သည်လည်း ကျိကျိ ဧကရာဇ်ထက် သိပ်မစောပဲ ဝင်ရောက်ခဲ့သူ ဖြစ်သဖြင့် ထျန်းဟုန်ဧကရီ အကြောင်းကို သေချာမသိပေ။

ထိုအခိုက်အတန့်တွင် မိုးကြိုး ဧကရာဇ်သည် ဖေးဟုန် နတ်လှေအနီးရှိ ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါကို ကြည့်ကာ သူ့ဘာသာသူ ရေရွတ်လိုက်သည်။

“သတ်ဖြတ်ခြင်း လမ်းစဉ်နဲ့ အဆင့်တက်တဲ့ နောက်ထပ် ဧကရာဇ်အဆင့် တစ်ယောက် ရှိနေမယ်လို့ မမျှော်လင့်ထားဘူး။”

ထိုစကားကို ကျိကျိ ဧကရာဇ် ကြားသွားပြီး မိုးကြိုး ဧကရာဇ်ကို အံ့အားသင့်စွာ ကြည့်ကာ မေးလိုက်သည်။

“နောက်ထပ် ...ဟုတ်လား။ ရှနိုင်ငံတော်မှာ သတ်ဖြတ်ခြင်း လမ်းစဉ်နဲ့ အဆင့်တက်တဲ့ တခြား ဧကရာဇ်တွေ ရှိသေးတာလား။”

မိုးကြိုး ဧကရာဇ်က

“ကျုပ်တို့မင်းကြီးပေါ့။”

ဒါက...

ကျိကျိ ဧကရာဇ် ခဏခန့် ဆွံ့အသွား၏။ ရှနိုင်ငံတော်နှင့် ပတ်သက်၍ သူ မသိသေးသည့် အရာများ မည်မျှ များပြားနေသနည်းဟု တွေးတောမိလိုက်သည်။

တစ်ခုပြီးတစ်ခု ပေါ်လာသော အံ့အားသင့်စရာများက သူ့ကို မိန်းမောတွေဝေစေသည်။

မိုးကြိုး ဧကရာဇ်က ကျိကျိ ဧကရာဇ်ကို တစ်ချက်ကြည့်ကာ ဟာသနှော၍

“ကျုပ်တို့ မင်းကြီးက ရှန်ယွဲ့နိုင်ငံရဲ့ ကိုး ယောက်မြောက် မင်းသားတင် မကဘူးထင်တယ်။ လမ်းစဉ် ပြန်လည် နိုးထလာဖို့အတွက် ဧကရာဇ်အဆင့်တွေ လူဝင်စားကြတာ အများကြီး ရှိသလို ကောင်းကင်ဧကရာဇ်တွေ လူဝင်စားတာလည်း မဖြစ်နိုင်တာ မဟုတ်ဘူးလေ။”

မိုးကြိုး ဧကရာဇ်၏ စကားကို ကြားပြီးနောက် ကျိကျိ ဧကရာဇ် စိတ်အေးသွားသည်။

ဟုတ်လောက်သည်။ လုချန်းသည် ရှန်ယွဲ့နိုင်ငံ၏ ကိုးယောက်မြောက် မင်းသားအဖြစ် မွေးဖွားလာသော ကောင်းကင်ဧကရာဇ် တစ်ပါး၏ လူဝင်စား ဖြစ်နိုင်သည်။

ယခု သူ၏ မှတ်ဉာဏ်များ ပြန်ရလာပြီး ကျင့်စဉ်အဆင့်လည်း တဖြည်းဖြည်း ပြန်လည် ပြည့်ဝလာပြီ ဖြစ်သဖြင့် သူ၏ ရည်မှန်းချက်များကို ဖော်ပြလာခြင်း ဖြစ်ပေလိမ့်မည်။ ထိုအရာက ယုတ္တိတန်သော ရှင်းလင်းချက်တစ်ခုပင် ဖြစ်သည်။

မိုးကြိုး ဧကရာဇ်က ဆက်လက်၍

“သူ အဆင့်တက်သွားပုံရတယ်။ ကျုပ်တို့ နည်းနည်း ဆုတ်ပေးရအောင်။”

ဟင်းလင်းပြင်အတွင်းရှိ ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် သူတို့ကို တိုက်ရိုက် ဦးတည်နေခြင်း မဟုတ်သော်လည်း ထိုစွမ်းအားနှင့် ထိမိလျှင် မသက်သာနိုင်ပေ။ ထို့ကြောင့် မိုးကြိုး ဧကရာဇ်နှင့် ကျိကျိ ဧကရာဇ်တို့လည်း ဖေးဟုန် နတ်လှေနှင့် ဝေးရာသို့ အလျင်အမြန် ရွှေ့လိုက်ကြသည်။

…….

နတ်လှေအတွင်း၌။

လုချန်းသည် ထျန်းဟုန်ဧကရီ၏ ဘေးတွင် ရပ်နေပြီး သူမ၏ အရှိန်အဝါ အတက်အကျကို ခံစားနေသည်။ ထိုအရှိန်အဝါသည် ဒီရေလှိုင်းကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်း ပြင်းထန်လာသည်။

ထိုအခိုက်အတန့်တွင် ထျန်းဟုန်ဧကရီသည် ပတ္တမြားကဲ့သို့ နီမြန်းသော သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး လုချန်းကို စိုက်ကြည့်လိုက်သည်။ လုချန်းက ပင်မခန္ဓာဖြင့် လာခြင်းမဟုတ်သည်ကို မြင်လိုက်ရသည့်အခါ သူမ အနည်းငယ် စိတ်ပျက်သွားမိသည်။

သူမ၏ ကျင့်စဉ်အဆင့်နှင့် လုချန်းကြားတွင် ကွာဟချက် မည်မျှရှိသလဲဆိုတာ သူမ သိချင်နေခြင်းဖြစ်၏။ ထို့နောက် သူမ၏ မျက်ဝန်းများ၏ တောက်ပမှု အနည်းငယ် မှိန်သွားသည်။

လုချန်းက ပြုံးလျက်

“နောက်တစ်ကြိမ် အဆင့်တက်သွားတာ ဂုဏ်ယူပါတယ်။”

ထိုအရာကို ကြားသော်လည်း ဧကရီ ထျန်းဟုန်၏ စိတ်ထဲတွင် ဝမ်းသာမှု အနည်းငယ်မှပင် မရှိပေ။ ထိုဂုဏ်ပြုခြင်းက သူမအတွက် လှောင်ပြောင်ခြင်းသဖွယ် ဖြစ်နေသည်။

သူမ အဆင့်တက်သွားလျှင်ပင် လုချန်းနှင့် ချုပ်ဆိုထားသော စာချုပ်မှ မလွတ်မြောက်နိုင်သရွေ့ လုချန်း၏ နှိပ်ကွပ်မှုကို ခံနေရဦးမည် ဖြစ်သည်။ ထို့ပြင် ယခုတစ်ကြိမ် သူမ အဆင့်တက်ခြင်းက သူမနှင့် သိပ်မဆိုင်ပေ။ ရုတ်တရက် မင်းဆက် ကံစွမ်းအားများ တိုးမြင့်လာကာ သူမ၏ စိတ်ဝိညာဉ်ကို ဆေးကြောပေးခဲ့သဖြင့် အဆင့်တက်သွားခြင်း ဖြစ်သည်။

ရှနိုင်ငံတော်၏ ကံစွမ်းအားမှာ ပို၍ထူထပ်လာခြင်းကြောင့် သူမသည် ရှနိုင်ငံတော် ဧကရာဇ် လုချန်း၏ အမျိုးသမီး ဖြစ်နေသဖြင့် ကံစွမ်းအား တိုးမြင့်မှုကို ခံစားရကာ ကျင့်စဉ်အဆင့်မှာလည်း လိုက်ပါ မြင့်တက်လာခြင်း ဖြစ်သည်။ ဤအရာက တကယ်တော့ ရှက်စရာကောင်းသော အဆင့်တက်မှုပင်။

မင်းဆက် ကံစွမ်းအား တိုးမြင့်လာခြင်းနှင့်အတူ သူမ၏ အဆင့်လည်း မြင့်တက်လာသဖြင့် လုချန်း၏ ပင်မခန္ဓာလည်း အဆင့်တက်သွားနိုင်ကြောင်း ထျန်းဟုန်ဧကရီ ရုတ်တရက် တွေးမိသွားသည်။ ထိုသို့တွေးမိသည့်အခါ သူမ၏ အမူအရာ ပို၍ အေးစက်သွားသည်။ သူမ၏ ဧကရာဇ်အဆင့် သိက္ခာ နောက်တစ်ကြိမ် နင်းခြေခံရတော့မည် ထင်ရသည်။

ဧကရီ ထျန်းဟုန်က အေးစက်စွာဖြင့်

“မင်းဆက် ကံစွမ်းအားတွေ ဒီလောက် ထူထပ်လာအောင် ဘာတွေ လုပ်လိုက်တာလဲ။”

လုချန်းက

“ရှနိုင်ငံတော်မှာ ဧကရာဇ်အဆင့် အယောက်နှစ်ဆယ်ကျော် တိုးလာတာကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကံစွမ်းအားတွေ တိုးလာတာ။”

မင်းဆက် ကံစွမ်းအားနှင့် ဧကရာဇ်အဆင့် အရေအတွက်သည် အပြန်အလှန် အမှီသဟဲပြုနေကြသည်။ ကံစွမ်းအား ကြွယ်ဝလေလေ ဧကရာဇ်အဆင့်များ ပိုမိုပေါ်ထွက်လာနိုင်လေ ဖြစ်သလို ဧကရာဇ်အဆင့် အရေအတွက် များပြားလာသောအခါ ကံစွမ်းအားမှာလည်း ပို၍ ထူထပ်လာသည်။

ကျိကျိ ဧကရာဇ်သည် သူ၏ တပ်မတစ်ခုလုံးကို ရှနိုင်ငံတော်သို့ ခေါ်ဆောင်လာခဲ့ပြီး ကျိကျိ တပ်မမှ ဧကရာဇ်လောင်းများ အဆင့်တက်သွားပြီးနောက် ရှနိုင်ငံတွင် ဧကရာဇ်အဆင့် အယောက်နှစ်ဆယ်ကျော် ထပ်တိုးလာရာ မင်းဆက် ကံစွမ်းအား တိုးမြင့်လာခြင်းက မထူးဆန်းပေ။

လုချန်း၏ အဖြေကို ကြားပြီးနောက် ထျန်းဟုန်ဧကရီ နှုတ်ဆိတ်သွား၏။ လုချန်းသည် မင်းဆက် ကံစွမ်းအား တိုးမြင့်စေရန်အတွက်သာ ထိုဧကရာဇ်အဆင့်များကို မသတ်ပဲ ထားခြင်းလားဟုလည်း တွေးတောနေမိသည်။

အခန်း (၁၄၆၃)

လုယန်ဟွာက သစ္စာဖောက်လား

နိုင်ငံတော် ကံစွမ်းအားကြောင့် သူမ၏ အဆင့်တိုးတက်လာသည်ကို စဉ်းစားမိသောအခါ လုချန်းအပေါ် ထားရှိသည့် ထျန်းဟုန်ဧကရီ၏ မကျေနပ်ချက်များ အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားခဲ့သည်။ ဤနည်းဖြင့် သူမကိုယ်သူမ ဖြေသိမ့်နေခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

လုချန်းကို သူမ၏ နီရဲသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း သူမက အေးစက်စွာ မေးလိုက်၏။

“ရှင်ရဲ့ ပင်မခန္ဓာက အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ။”

လုချန်းက ပြုံးလိုက်ပြီး

“ဘာလို့ မေးတာလဲ...ကိုယ်နဲ့ တစ်ခေါက်လောက် ပြန်ပြီး ယှဉ်ပြိုင်ချင်လို့လား”

ထျန်းဟုန်ဧကရီက ဘာမှပြန်မပြောပဲ လုချန်းကိုသာ တည့်တည့် စိုက်ကြည့်နေခဲ့သည်။ ပတ္တမြားကဲ့သို့ ကြည်လင်နေသည့် ထျန်းဟုန်ဧကရီ၏ မျက်လုံးများနှင့် သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားတို့က လုချန်းကို စိတ်မငြိမ်မသက် ဖြစ်စေခဲ့သည်။

ထျန်းဟုန်ဧကရီနှင့် အကြိမ်မည်မျှပင် ရင်ဆိုင်ရပါစေ သူမကြောင့် လုချန်း၏ စိတ်ထဲရှိ အလိုရမ္မက်များ အမြဲတမ်း လှုပ်ခတ်ခဲ့သည်။

ထို့နောက် လုချန်းက

“ဧကရာဇ်အဆင့်လေးမှာပဲ ရှိပါသေးတယ်။ အဆင့်မတက်သေးဘူး။”

လုချန်း၏ အဖြေကို ကြားရသောအခါ ထျန်းဟုန်ဧကရီ၏ စိတ်ထဲတွင် ဝမ်းသာမှု အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။ လုချန်း၏ ထိန်းချုပ်မှုအောက်မှ မရုန်းထွက်နိုင်သေးသော်လည်း လုချန်းထက် ပိုမြန်မြန် အင်အားတောင့်တင်းလာနိုင်ပါက မျှော်လင့်ချက် ရှိနေသေးသည်။

တစ်နေ့နေ့တွင် သူမသည် လုချန်းထက် ပိုအစွမ်းထက်လာပြီး သူတို့ကြားရှိ စာချုပ်ကို ကိုယ်တိုင် ဖျက်စီးနိုင်လောက်သည်အထိ အားကောင်းလာနိုင်ပေသည်။ ထိုအချိန်ရောက်လျှင် လုချန်း သူမအပေါ် ပြုမူခဲ့သည့် အရှက်ရမှုအားလုံးကို သူမ ပြန်ပေးဆပ်စေမည်ဖြစ်သည်။ မည်သို့ ပြန်ပေးဆပ်ခိုင်းမည်ကိုမူ ယခုအချိန်တွင် သူမ အများကြီး မတွေးလိုသေးပေ။

ထိုအခိုက်အတန့်တွင် လုချန်းက ထျန်းဟုန်ဧကရီ၏ ဘေးတွင် လာထိုင်လိုက်ပြီး သူမ၏ ခါးနှင့် နီးကပ်စွာ ကပ်ထားလိုက်သည်။ လုချန်း ချဉ်းကပ်လာသည်ကို မြင်သောအခါ ထျန်းဟုန်ဧကရီ၏ မျက်ခုံးများတွန့်သွားပြီး ဘေးသို့ အနည်းငယ် တိုးလိုက်မိသည်။

လုချန်းက

“အဆင့်တက်ပြီးကာစမှာပဲ မင်းရဲ့ ခင်ပွန်းဖြစ်တဲ့ ကိုယ့်အပေါ် ဘာလို့ ဒီလောက်တောင် စိမ်းကားနေရတာလဲ။ မင်းကျင့်တာက သတ်ဖြတ်ခြင်းလမ်းစဉ်ပဲ။ နှလုံးသားမဲ့လမ်းစဉ်မှ မဟုတ်တာ။”

ထျန်းဟုန်ဧကရီသည် လုချန်း၏ စကားများကို လျစ်လျူရှုကာ သူမ၏ ခန္ဓာကိုယ်အတွင်း လှုပ်ခတ်နေသည့် သတ်ဖြတ်ခြင်းစွမ်းအားများကို ဆက်လက် ငြိမ်သက်စေခဲ့သည်။

လုချန်းက ထျန်းဟုန်ဧကရီကို ထိတွေ့ရန် ကြိုးစားလိုက်သော်လည်း ရုတ်တရက် သူ၏ လက်များ လေထဲတွင် ရပ်တန့်သွားပြီး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ လုချန်းက အတင်းအဓမ္မ တိုက်ခိုက်လာလိမ့်မည်ဟု ထျန်းဟုန်ဧကရီ ထင်မှတ်ထားပြီး လုချန်း၏ ကိုယ်ပွားကို အင်အားကုန်ဆုံးသွားအောင် ပြန်လည်ရင်ဆိုင်ရန် သူမက ပြင်ဆင်ထားသော်လည်း သူက ရုတ်တရက် မလှုပ်မယှက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

လုချန်းက ဘာကြောင့် ရုတ်တရက် ရပ်တန့်သွားရသလဲဆိုသည်ကို သူမ နားမလည်နိုင် ဖြစ်ခဲ့သော်လည်း ဖွင့်ဟမေးမြန်းခြင်း မပြုခဲ့ပေ။

ခဏအကြာတွင် လုချန်း သတိပြန်ဝင်လာပြီး ထျန်းဟုန်ဧကရီကို ပြုံးကြည့်ကာ

“ပိုပြီး အစွမ်းထက်တဲ့ ရန်သူ ရောက်လာပြီ။ ဒီတစ်ခေါက် ကိုယ် မင်းကို အပြင်ထွက်ခွင့် ပေးမယ် ထင်လား။”

ရန်သူတစ်ယောက် ရောက်လာသည်ဟူသော စကားကြောင့် ထျန်းဟုန်ဧကရီ၏ စိတ်ထဲ လှုပ်ရှားသွားခဲ့သည်။ သူမက လှုပ်ရှားနေသည့် စိတ်ကို အမြန်ငြိမ်သက်စေပြီး အေးစက်စွာဖြင့်

“ရှင် ကျွန်မကို အပြင်ပေးထွက်မှာ မဟုတ်ပါဘူး။”

သူမ၏ ဗိုက်ထဲတွင် လုချန်း၏ ရင်သွေး ရှိနေသရွေ့ လုချန်းက သူမကို ရန်သူများနှင့် တိုက်ခိုက်ရန် ဘယ်တော့မှ အပြင်ပေးထွက်မည် မဟုတ်ဟု ထျန်းဟုန်ဧကရီ ထင်မှတ်ထားသည်။ အရင်ကလည်း လုချန်း သူမကို အကြိမ်ကြိမ် လိမ်ညာခဲ့ဖူးသောကြောင့် သူမယခု လုချန်းကို မယုံကြည်တော့ပေ။

ယောက်ျားတစ်ယောက်၏ ပါးစပ်မှ ထွက်သော စကားတိုင်းသည် အလိမ်အညာစကားများသာဖြစ်၏။ အပြင်ထွက်ခွင့်ပေးမည်ဟု လုချန်း အမြဲပြောသော်လည်း နောက်ဆုံးတွင် နတ်လှေထဲ၌သာ အငြင်းပွားပြီး အဆုံးသတ်ခဲ့ရသည်။

ယခု သူမ ထိုအရာအပေါ် မျှော်လင့်ချက် မထားတော့ပေ။ သူမ၏ ဗိုက်ထဲမှ ကလေးကိုသာ အမြန်ဆုံး မွေးဖွားချင်နေမိသည်။ ကလေးမွေးဖွားပြီးပါက လုချန်းက သူမကို ယခုကဲ့သို့ ကန့်သတ်ထားတော့မည် မဟုတ်ပေ။

ထျန်းဟုန်ဧကရီ၏ စကားကို ကြားသောအခါ လုချန်းက သူမ၏ လက်ကို လှမ်းကိုင်ကာ သူ၏ ပေါင်ပေါ်တွင် တင်လိုက်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်လျက်

“မင်းရဲ့ ဘေးကင်းမှု လုံခြုံမှု စိတ်ချရရင်တော့ ကိုယ် မင်းကို အပြင်ပေးထွက်မှာပါ။”

“ကိုယ့်အတွက်တော့ မင်းရဲ့ အသက်ဘေးကင်းရေးက အရေးကြီးဆုံးပဲ။”

ထျန်းဟုန်ဧကရီက အေးစက်စွာ ရယ်မောလိုက်ပြီး

“ရှင်က ကျွန်မဗိုက်ထဲက ကလေး တစ်ခုခု ဖြစ်သွားမှာကိုပဲ စိုးရိမ်နေတာပါ။”

လုချန်းထံ၌ သူမအပေါ် နက်နဲသော သံယောဇဉ် ရှိသည်ဟု သူမ မယုံကြည်ပေ။ လုချန်းသည် သူမအပေါ်တွင် ကာမစိတ်သာ ရှိခြင်းဖြစ်၏။ သူမကို တကယ် ချစ်မြတ်နိုးပါက ယခုလို အကြိမ်ကြိမ် လိမ်ညာနေမည် မဟုတ်ပေ။

လုချန်းက မငြင်းပဲ

“ကိုယ်တို့ ရင်သွေးအတွက် တကယ် စိုးရိမ်သလို မင်းအတွက်လည်း စိုးရိမ်တယ်။ ဒါက ငြင်းစရာ မဟုတ်ပါဘူး။”

စကားအဆုံးတွင် လုချန်းက ထျန်းဟုန်ဧကရီကို ရင်ခွင်ထဲသို့ အပြည့်အဝ ဆွဲသွင်းလိုက်ပြီး သူမ၏ နားနားတွင်

“မင်းနဲ့ ကလေးက ကိုယ့်အတွက် ရတနာတွေပဲ။ ဘယ်သူ့ကိုမှ ထိခိုက်လို့ မရဘူး”

ဟု တိုးတိုးလေး ပြောလိုက်သည်။

သူ၏ အသံသည် နူးညံ့သော်လည်း တည်ကြည် နေသည်။

ထိုစကားကို ကြားလျှင် ထျန်းဟုန်ဧကရီက လုချန်းကို အမြန်တွန်းထုတ်လိုက်ပြီး

“ကျွန်မက တခြားမိန်းမတွေနဲ့ မတူဘူး။

ရှင့်ရဲ့ စကားတွေက ကျွန်မအပေါ်မှာ အလုပ်မဖြစ်ဘူး။”

ဘာပဲဖြစ်ဖြစ် သူမသည် သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြခဲ့သည့် ဧကရာဇ် အဆင့်တစ်ပါးဖြစ်ရာ ယောက်ျားတစ်ဦး၏ ချိုသာသော စကားများဖြင့် မည်သို့ စိတ်လှုပ်ရှားပါမည်နည်း။ သူမ တန်ဖိုးထားသည်က အကျိုးစီးပွားသာဖြစ်၏။ ခံစားချက်ဟူသည်က သူမအတွက် မလိုအပ်သောအရာသာ ဖြစ်သည်။

လုချန်းက ခပ်ဖွဖွပြုံးလိုက်ပြီး ဆက်မပြောတော့ပေ။ ထိုအခိုက်အတန့်တွင် သူ၏ ကိုယ်ပွားတစ်ခုသည် ဟိုင်ဖုန်းကြယ်နယ်မြေ၏ နယ်စပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူ၏ ကိုယ်ပွား ဟိုင်ဖုန်းကြယ်နယ်မြေသို့ ရောက်သောအခါ မိုးကြိုးဧကရာဇ်နှင့် ကျိကျိဧကရာဇ်တို့က ဟင်းလင်းပြင်ထဲတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ လုချန်းသာမက သူတို့နှစ်ဦးစလုံးသည်လည်း ကျောက်ဖြူကြယ်နယ်မြေစု၏ အပြင်ဘက်မှ ပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားများ ရောက်ရှိလာသည်ကို အာရုံခံမိကြသည်။

ထိုစွမ်းအားသည် ဖေးဟုန်နတ်လှေအတွင်းမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ အခြား သတ်ဖြတ်ခြင်းစွမ်းအားမှာ ကျောက်ဖြူကြယ်နယ်မြေစုမှ မဟုတ်သောကြောင့် ရှန်ယွဲ့ဧကရာဇ် ရောက်ရှိလာခြင်း ဖြစ်ရမည်။

ကျိကျိဧကရာဇ်နှင့် မိုးကြိုးဧကရာဇ်တို့သည် ဟိုင်ဖုန်းကြယ်နယ်မြေသို့ အရင်သွားရောက်ခဲ့ကြ၏။ ထိုနေရာသို့ ရောက်သည်နှင့် လုယန်ဟွာ ရောက်ရှိနေသည်ကို တကယ် တွေ့လိုက်ရသည်။ သူတို့၏ ခန့်မှန်းချက်သည် ယခုအခါ အဖြစ်မှန်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

………

လုယန်ဟွာသည် နတ်လှေနန်းတော်တစ်ခုပေါ်တွင် ရပ်နေပြီး သူ၏ ရှေ့ရှိ အပြာရောင် အတားအဆီးကို စူးစိုက်ကြည့်နေ၏။ မိုးကြိုးဧကရာဇ်နှင့် ကျိကျိဧကရာဇ်တို့ မရောက်လာမီကပင် အတားအဆီးကို ဖျက်စီးရန် သူ ကြိုးစားခဲ့သော်လည်း သူ၏ တိုက်ခိုက်မှုက နည်းနည်းမှ အရာမထင်လာခဲ့ပေ။ သတ်ဖြတ်ခြင်းစွမ်းအားကို အသုံးပြုလျှင်ပင် မည်သည့် သက်ရောက်မှုမှ မရှိခဲ့ပေ။

လုယန်ဟွာက

“ဒါက ဘာကြီးလဲ။ ကျုပ်ရဲ့ သတ်ဖြတ်ခြင်းစွမ်းအားကို ဘာလို့ တောင့်ခံနိုင်နေတာလဲ”

ဟု အေးစက်စွာ ပြောလိုက်သည်။

ရှန်ဝူဧကရာဇ်ကို နောက်ကျောမှ ဓားဖြင့်ထိုးခဲ့ပြီးသည့် အချိန်မှစ၍ လုယန်ဟွာသည် မာနထောင်လွှားလာခဲ့၏။ သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် သူသည် ပြိုင်ဘက်ကင်း ဖြစ်သွားပြီဟု ထင်မှတ်နေခဲ့ခြင်းဖြစ်သည်။

ယခု အတားအဆီးတစ်ခုကိုပင် မဖျက်စီးနိုင်ခြင်းက သူ့အတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။ သတ်ဖြတ်ခြင်းဧကရာဇ်တစ်ပါး ဖြစ်လာလျှင် ရှန်ဝူဧကရာဇ်ကဲ့သို့ပင် မိမိသွားချင်ရာသွား၊ သတ်ချင်သူကိုသတ်နိုင်ပြီး မည်သူမှ သူ့ကို တားဆီးနိုင်တော့မည် မဟုတ်ဟု လုယန်ဟွာ ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုတော့ အတားအဆီးတစ်ခုကိုပင် သူ မဖျက်စီးနိုင်ပေ။

ထိုအချိန်တွင် မိုးကြိုးဧကရာဇ်နှင့် ကျိကျိဧကရာဇ်တို့၏ တည်ရှိမှုကို လုယန်ဟွာ သတိထားမိသွားသည်။ သူတို့ကို အတားအဆီးအတွင်းတွင် တွေ့လိုက်ရသဖြင့် သူ ပို၍ပင် ဒေါသထွက်သွားပြီး စကားပြောရန် ပြင်လိုက်စဉ် အဝေးမှ အခြားသော ပုံရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

လုချန်းမှန်း သိလိုက်ရသောအခါ လုယန်ဟွာက မဆိုင်းမတွပဲ

“ဟာ..နံပါတ်ကိုး ညီလေး။ မင်းက တကယ့်ကို အံ့သြဖို့ ကောင်းတာပဲ။”

လုချန်းက ရယ်မောလိုက်ပြီး

“အံ့သြဖို့ ကောင်းတယ်....ဘာက ခင်ဗျားကို အံ့သြစေတာလဲ”

သူ၏ အမူအရာသည် ပေါ့ပါးလျော့ရဲနေပြီး စိုးရိမ်မှုဟူ၍ လုံးဝရှိပုံ မရပေ။

လုယန်ဟွာက

“အဲ့ဒီနှစ်ယောက်ကို ရှန်ယွဲ့နိုင်ငံတော်ကို သစ္စာဖောက်အောင် မင်း ဘယ်လိုများ စည်းရုံးလိုက်တာလဲဆိုတာ ငါ တကယ် သိချင်မိတယ်။”

လုချန်းက

“သစ္စာဖောက်တာလား.... မဟုတ်တာ။ သူတို့က ရှန်ယွဲ့နိုင်ငံတော်ကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး။ နိုင်ငံတော်ရဲ့ တကယ့် သစ္စာဖောက်က ထီးနန်းလုဖို့ မင်းကြီးကို လုပ်ကြံခဲ့တဲ့ ခင်ဗျားပဲ။”

“သူတို့က ခင်ဗျားရဲ့ ယုတ်မာမှုတွေကို မြင်သွားလို့ ရှန်ယွဲ့နိုင်ငံတော်ရဲ့ တရားဝင် အမွေဆက်ခံသူဖြစ်တဲ့ ကျုပ်ဘက်ကနေ ရပ်တည်ဖို့ ရွေးချယ်ခဲ့ကြတာ။”

ထိုအရာကို ကြားလျှင် လုယန်ဟွာ၏ အနားရှိ ဧကရာဇ်အဆင့်များ ခဏခန့် မှင်တက်သွားကြသည်။

ထီးနန်းလုရန် မင်းကြီးကို လုပ်ကြံခဲ့တယ်တဲ့လား။

သူတို့ ဘာတွေ ကြားလိုက်ရသနည်း။

လုယန်ဟွာက ထီးနန်းလုရန် မင်းကြီးကို လုပ်ကြံခဲ့တာလား။

ရုတ်တရက် ရှန်ယွဲ့နိုင်ငံတော်ရှိ ဧကရာဇ်အဆင့် အသီးသီး၏ စိတ်ထဲတွင် သံသယများ စတင် ပေါ်ပေါက်လာခဲ့သည်။ ရှန်ဝူဧကရာဇ် နတ်ရွာစံချိန်တွင် တစ်ခုခု မှားယွင်းနေသည်ဟု သူတို့ ခံစားခဲ့ရဖူးသည်။

ရှန်ဝူဧကရာဇ်သည် လွန်ခဲ့သော နှစ်များက ဒဏ်ရာရရှိခဲ့သော်လည်း ယခုကဲ့သို့ စောစီးစွာ နတ်ရွာစံရမည့် အခြေအနေမျိုး မဟုတ်ပေ။ ထို့ပြင် သူသည် နှစ်ပေါင်းများစွာ အနားယူခဲ့သဖြင့် ကျန်းမာရေးမှာလည်း အတိုင်းအတာတစ်ခုအထိ ပြန်လည် ကောင်းမွန်နေရမည် ဖြစ်ရာ မည်သည့် အတွက်ကြောင့် ရုတ်တရက် နတ်ရွာစံသွားရသနည်း။

ယခု လုချန်း၏ စကားများကို ကြားရသောအခါ ရှန်ယွဲ့နိုင်ငံတော်ရှိ ဧကရာဇ်အဆင့် အချို့လည်း လုယန်ဟွာက ရှန်ဝူဧကရာဇ်ကို လုပ်ကြံရန် ထျန်းကျိရဲတိုက်နှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်နိုင်ကြောင်းကို ချက်ချင်းပင် သိမြင်သွားကြတော့သည်။ သူတို့၏ မျက်နှာများပေါ်တွင်လည်း သံသယ အရိပ်အယောင်များ ထင်ဟပ်သွားသည်။

………….

အခန်း (၁၄၆၄ )

အဆင့်ကိုး ဧကရာဇ် နှစ်ပါး

ရှန်ဝူဧကရာဇ်ကို လုပ်ကြံ၍ ထီးနန်းလုယူသည့် ကိစ္စကို လုချန်းက တိုက်ရိုက် ထုတ်ဖော်ပြောဆိုလိုက်သောအခါ လုယန်ဟွာ၏ မျက်နှာသည် ပို၍ပင် မည်းမှောင်သွားတော့သည်။

ရှန်ယွဲ့နိုင်ငံတော်အတွင်းရှိ အချို့သော ဧကရာဇ်အဆင့်များ လုချန်း၏ စကားများကြောင့် တုန်လှုပ်သွားကြကြောင်း သက်သေပြနေသည့် မင်းဆက်ကံစွမ်းအား၏ လှုပ်ခတ်မှုကိုလည်း လုယန်ဟွာ ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။

အစပိုင်းတွင် အချို့က ရှန်ဝူဧကရာဇ် ရုတ်တရက် နတ်ရွာစံမှုနှင့် ပတ်သက်၍ သူ့အပေါ် သံသယရှိခဲ့ကြသော်လည်း သူတို့တွင် သက်သေမရှိပေ။ ထို့ပြင် ထျန်းကျိရဲတိုက်၏ ကျောထောက်နောက်ခံပြုမှု၊ ရှန်ဝူဧကရာဇ်ကဲ့သို့ သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြနိုင်မှုနှင့် အရေးအကြီးဆုံးအချက်ဖြစ်သော ကောင်းကင်ခိုးယူခြင်းကျင့်စဉ်ကို ကျင့်ကြံနိုင်မှုတို့ကြောင့် သူ၏ ထီးနန်းက ခိုင်မာနေခဲ့ပြီးဖြစ်သည်။

ယခု မိုးကြိုးဧကရာဇ်နှင့် ကျိကျိဧကရာဇ်တို့က လုချန်းကို ရှန်ယွဲ့နိုင်ငံတော်၏ တရားဝင် အမွေဆက်ခံသူအဖြစ် သတ်မှတ်လိုက်ကြသဖြင့် ကျန်ရှိသော ဧကရာဇ်အဆင့်များ စိတ်ထဲတွင်လည်း ကိုယ်ပိုင်အတွေးများ ရှိလာကြသည်မှာ သဘာဝပင် ဖြစ်သည်။ ဤအခြေအနေသည် လုယန်ဟွာ မျှော်လင့်မထားသော အလှည့်အပြောင်းတစ်ခု ဖြစ်၏။

လုယန်ဟွာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ နောက်မှ

“ဘာတွေ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ”

ဟူသော အေးစက်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

နောက်ခဏတွင် ဧကရာဇ်အဆင့်ကိုး၏ ဖိအားပေးနိုင်သော အငွေ့အသက်များသည် ထိုနေရာတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။ ထို့နောက် အာကာသ ဝဲထဲမှ ဆံဖြူအဖိုးအိုနှစ်ဦး ထွက်ပေါ်လာသည်။

ရောက်ရှိလာသူများကို မြင်လျှင် လုယန်ဟွာ သက်ပြင်းချကာ စိတ်အေးသွားတော့သည်။ ဤသူနှစ်ဦး ရှိနေသဖြင့် ရှန်ယွဲ့နိုင်ငံတော်၏ ဧကရာဇ်အဆင့်များ မဆင်မခြင် ပြုမူရဲကြတော့ပေ။ သူတို့သည် ရှန်ယွဲ့နိုင်ငံတော်၏ အုတ်မြစ်များ ဖြစ်၏။

အဖိုးအိုနှစ်ဦးထဲမှ တစ်ဦးက လုချန်းကို တစ်ချက်ကြည့်ကာ

“မင်းကြီး နတ်ရွာစံချိန် ကျုပ်အဲဒီမှာ ရှိနေတာ။ လက်ရှိမင်းကြီးက ရှန်ဝူဧကရာဇ်ကို လုပ်ကြံပြီး ထီးနန်းလုခဲ့တာလားဆိုတာ ကျုပ်ဘယ်လိုလုပ် မသိပဲ နေမလဲ။”

“မင်းသား လုချန်းက ကျုပ်လည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတယ်လို့ ထင်နေတာလား။”

ယဲ့ဟွမ်ဧကရာဇ်၏ စကားများကို ကြားရသောအခါ ရှန်ယွဲ့နိုင်ငံတော်၏ ဧကရာဇ်အဆင့်များ နောက်ဆုံးတွင် စိတ်အေးသွားကြသည်။ ဧကရာဇ်အဆင့်ကိုးများဖြစ်ကြသော ယဲ့ဟွမ်ဧကရာဇ်နှင့် ရွှမ်လင်ဧကရာဇ်တို့ ရှိနေသဖြင့် လုယန်ဟွာသည် မင်းကြီးကို တကယ် လုပ်ကြံခဲ့သည်ဆိုစေဦးတော့ သူသည်သာ တရားဝင် ဆက်ခံသူ ဖြစ်ပေသည်။

ယဲ့ဟွမ်ဧကရာဇ်နှင့် ရွှမ်လင်ဧကရာဇ်တို့သည် ရှန်ယွဲ့နိုင်ငံတော်၏ အုတ်မြစ်များ ဖြစ်ကြသည်။ သူတို့က လုယန်ဟွာကို ရှန်ယွဲ့နိုင်ငံတော်၏ အုပ်စိုးသူအဖြစ် အသိအမှတ်ပြုထားပြီးဖြစ်သဖြင့် ဤရာထူးနှင့် ပတ်သက်၍ နောက်ထပ် ငြင်းခုံစရာ မရှိတော့ပေ။ ယခုအခါ လုချန်း၊ မိုးကြိုးဧကရာဇ်နှင့် ကျိကျိဧကရာဇ်တို့သာ သူပုန်များအဖြစ် သတ်မှတ်ခြင်း ခံလိုက်ရပြီဖြစ်သည်။

ဧကရာဇ်အဆင့်ကိုးများဖြစ်ကြသော ယဲ့ဟွမ်ဧကရာဇ်နှင့် ရွှမ်လင်ဧကရာဇ်တို့ ပေါ်ထွက်လာသည်ကို မြင်သောအခါ မိုးကြိုးဧကရာဇ်နှင့် ကျိကျိဧကရာဇ်တို့လည်း တစ်ပြိုင်နက်တည်း မျက်ခုံးတွန့်သွားကြသည်။ သို့သော် လုချန်း ကောင်းကင်ဧကရာဇ်ဟူသော အချက်ကို စဉ်းစားမိသောအခါ သူတို့၏ မျက်ခုံးတွန့်မှုများ ပျောက်ကွယ်သွားခဲ့သည်။

အဆင့်ကိုးဧကရာဇ် နှစ်ပါး ဆိုရင်ကော ဘာဖြစ်သနည်း။

ကောင်းကင်ဧကရာဇ်၏ ရှေ့တွင် မည်သည့် ဧကရာဇ်အဆင့်မဆို စက္ကူကဲ့သို့ နုနယ်လှပေသည်။

လုချန်းကတော့ သူတို့ကဲ့သို့ အကောင်းမမြင်နိုင်ပေ။ အနာဂတ်တွင် သူသည် ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်သည်ကို သိသော်လည်း လက်ရှိတွင် သူသည် ဧကရာဇ်အဆင့်ကိုးများကို ယှဉ်နိုင်ရန် အလှမ်းဝေးနေသေးသည်။

အစပိုင်းတွင် ဤအခွင့်အရေးကို အသုံးချ၍ လုယန်ဟွာကို ဖြေရှင်းပြီး သူ့ထံမှ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို ပြန်လည်လုယူရန် စဉ်းစားခဲ့၏။

သို့သော် ယခု တော့ဤကိစ္စကို ရေရှည်စီမံကိန်း ချမှတ်ရတော့မည့်ပုံ ပေါ်သည်။ သို့သော်လည်း သူက ဧကရာဇ်အဆင့်ကိုးများကို ယှဉ်ပြိုက်ရန် မတတ်နိုင်သကဲ့သို့ သူတို့သည်လည်း သူ့ကို ဘာမှမလုပ်နိုင်ကြပေ။

လုချန်းက ခပ်ဖွဖွပြုံးလျက်

“ ခင်ဗျားတို့ နှစ်ယောက်လုံး ပါဝင်လား မပါဝင်ဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း ပြသပြီးသားပဲ မဟုတ်ဘူးလား။”

ထိုအရာကို ကြားသောအခါ ယဲ့ဟွမ်ဧကရာဇ်ဒေါသထွက်သွားပြီး မျက်နှာ ချက်ချင်း ပျက်သွား၏။

“မင်းသား လုချန်း...ခင်ဗျားက တကယ့်ကို နှုတ်သီးကောင်းလျှာပါးပဲ။ ဒါပေမဲ့ အခုတော့ ခင်ဗျား တခြားကိစ္စတွေကို စိုးရိမ်နေဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။”

“ခင်ဗျားက ရှန်ယွဲ့နိုင်ငံတော်ကို သစ္စာဖောက်ခဲ့တယ်။ ရှန်ယွဲ့ဧကရီကို ခိုးယူသွားခဲ့တယ်။ အခုလည်း ဒီမှာ ကောလာဟလတွေ ဖြန့်ပြီး သွေးခွဲနေပြန်ပြီ။ နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာကို ခင်ဗျား မစဉ်းစားမိဘူးလား။”

ယဲ့ဟွမ်ဧကရာဇ်၏ စကားများကို ကြားပြီးနောက်တွင်လည်း လုချန်းသည် ပြုံးမြဲပြုံးနေဆဲဖြစ်ပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်သည့် အရိပ်အယောင် လုံးဝမရှိပေ။ ဤကဲ့သို့ အေးဆေးတည်ငြိမ်မှုသည် ယဲ့ဟွမ်ဧကရာဇ်ကိုပင် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

လုချန်း တည်ငြိမ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ လုယန်ဟွာ ဇဝေဇဝါ ဖြစ်သွားသည်။ ရှန်ယွဲ့နိုင်ငံတော်၏ အုတ်မြစ်နှစ်ပါးပင် ရောက်နေပြီ ဖြစ်သော်လည်း လုချန်းက အဘယ်ကြောင့် ဤမျှ တည်ငြိမ်နေနိုင်သနည်း။

နည်းဗျူဟာပုံစံက သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု လုချန်း ထင်နေခြင်းများလား။ ဤအတားအဆီးသည် အဆင့်ကိုး ဧကရာဇ်များ၏ တိုက်ခိုက်မှုကိုပင် အမှန်တကယ် ခုခံနိုင်လို့လား။

ထိုအခိုက်အတန့်တွင် လုချန်းက

“ကျုပ်ရဲ့ အဆုံးသတ်က ဘာဖြစ်မလဲဆိုတာ ကျုပ် မသိပေမဲ့ ခင်ဗျားတို့ရဲ့ အဆုံးသတ်ကတော့ ကောင်းမှာမဟုတ်ဘူးဆိုတာ ကျုပ် သိတယ်”

သူ၏ စကားသည် ပေါ့ပါးလျော့ရဲနေသော်လည်း ယုံကြည်မှုအပြည့် ပါဝင်နေ၏။

လုချန်း၏ ဂရုမစိုက်သည့် အမူအရာကို မြင်သောအခါ ယဲ့ဟွမ်ဧကရာဇ်က လုယန်ဟွာကို ချက်ချင်း ဦးညွှတ်လိုက်သည်။

“မင်းကြီး... ဒီသူပုန်တွေကို ကွပ်မျက်ဖို့ ကျုပ်ကို ခွင့်ပြုပေးပါ။”

လုယန်ဟွာက

“ခွင့်ပြုတယ်”

ဟု ခပ်အေးအေးပင် ပြောလိုက်သည်။

သူ၏ မျက်လုံးများထဲတွင်လည်း လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။

လုယန်ဟွာ စကားပြောပြီးသည်နှင့် ယဲ့ဟွမ်ဧကရာဇ်၏ အဆင့်ကိုး အငွေ့အသက်များ အပြည့်အဝ ပွင့်ထွက်လာ၏။ နောက်အခိုက်အတန့်တွင် ကြီးမားလှသော မီးခိုးရောင်ဝတ်စုံဝတ် ပုံရိပ်ကြီးတစ်ခု စကြဝဠာ ဟင်းလင်းပြင်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

ယဲ့ဟွမ်ဧကရာဇ် တိုက်ခိုက်တော့မည်ကို မြင်သောအခါ မိုးကြိုးဧကရာဇ်နှင့် ကျိကျိဧကရာဇ်တို့ တင်းမာသွားကြသည်။ သို့သော် လုချန်း၏ ဂရုမစိုက်သော အမူအရာကို မြင်သောအခါ သူတို့ ချက်ချင်း စိတ်အေးသွားပြီး သူတို့နှင့် မသက်ဆိုင်သကဲ့သို့ ကြည့်ရှုနေသည့် အနေအထားသို့ ပြောင်းလဲလိုက်ကြသည်။ သူတို့၏ ယုံကြည်မှုသည် လုချန်း၏ နည်းဗျူဟာပုံစံအပေါ်၌သာ မူတည်နေသည်။

ဘာမှမဖြစ်သကဲ့သို့ ပြုမူနေကြသည့် လုချန်းတို့လူစုကို ကြည့်ရင်း ယဲ့ဟွမ်ဧကရာဇ် မျက်ခုံးတွန့်လိုက်သည်။ သူတို့ကို ဂရုမစိုက်ပဲ နေနိုင်အောင် မည်သူက ယုံကြည်မှု ပေးထားသည်ကို သူ သိချင်လာသည်။

ယဲ့ဟွမ်ဧကရာဇ်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားအားလုံးကို ချက်ချင်း စုစည်းလိုက်ပြီး သူ၏ ကြီးမားလှသော နိယာမပုံရိပ်သည် အဝေးမှ အပြာရောင် အတားအဆီးဆီသို့ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ရွှမ်မင် လက်ညှိုး....

နောက်အခိုက်အတန့်တွင်

ယဲ့ဟွမ်ဧကရာဇ်၏ နိယာမပုံရိပ်ထံမှ ကြီးမားသော လက်ညှိုးတစ်ချောင်း ပွင့်ထွက်လာပြီး နတ်ဝိညာဉ်ထီးက ဖန်တီးထားသော အတားအဆီးဆီသို့ တည့်တည့် ဦးတည်သွားခဲ့သည်။ ထိုလက်ညှိုးသည် ကြယ်တာရာများကိုပင် ချိုးဖျက်နိုင်လောက်သည့် စွမ်းအားဖြင့် ဝင်ရောက်တိုက်ခိုက်လာခြင်းဖြစ်သည်။

ခဏချင်းအတွင်းမှာပင် ကြီးမားသော အပြာရောင် လက်ညှိုးသည် အပြာရောင် အတားအဆီးနှင့် ထိတွေ့သွားသော်လည်း ရှန်ယွဲ့နိုင်ငံတော်၏ ဧကရာဇ်များကို အံ့သြသွားစေသည်က အပြာရောင် အကာအကွယ်သည် လှိုင်းတွန့်ကလေးများသာ ဖြစ်ပေါ်သွားပြီး ကွဲအက်ခြင်း နည်းနည်းမှ မရှိခြင်းပင်။ အက်ကြောင်းတစ်ခုပင် မပေါ်ခဲ့ပေ။ အတားအဆီးသည် စွမ်းအားများကို စုပ်ယူလိုက်သကဲ့သို့ ငြိမ်သက်စွာသာ ရှိနေသည်။

ထိုအချင်းအရာကို တွေ့သောအခါ ရှန်ယွဲ့နိုင်ငံတော်၏ ဧကရာဇ်အဆင့်များ တိတ်ဆိတ်သွားကြသည်။ ထိုစဉ် လုယန်ဟွာသည် သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်မိပြီး သူ၏ သတ်ဖြတ်ခြင်းစွမ်းအားများသည်လည်း ပတ်ဝန်းကျင်ကို လျှံထွက်လာတော့သည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဤအတားအဆီးသည် ဧကရာဇ်အဆင့်ကိုး၏ တိုက်ခိုက်မှုကို တကယ် တောင့်ခံနိုင်နေတာလား။

ဤစကြဝဠာထဲတွင် ထိုကဲ့သို့ နည်းဗျူဟာပုံစံမျိုး မည်သို့ တည်ရှိနိုင်မည်နည်း။

ဤစကြဝဠာထဲတွင် ထိုကဲ့သို့သော နည်းဗျူဟာပုံစံ တကယ် ရှိကောင်းရှိနိုင်ပါက ၎င်းသည် ထိပ်တန်း မြင့်မြတ်နယ်မြေများတွင်သာ ရှိလိမ့်မည်ဖြစ်ပြီး ဤကဲ့သို့သော နေရာမျိုးတွင် လုံးဝ ရှိနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အခြားဖြစ်နိုင်ခြေတစ်ခုကို ထည့်စဉ်းစားရတော့မည်။ ရှနိုင်ငံ၏ နောက်ကွယ်တွင် ထျန်းကျိရဲတိုက်ကဲ့သို့သော ထိပ်တန်း အင်အားစုတစ်ခု ရှိနေခြင်းဟူသော ဖြစ်နိုင်‌ခြေပင်။

ထိုဖြစ်နိုင်ခြေကို တွေးမိသောအခါ လုယန်ဟွာ ပို၍ပင် ဒေါသထွက်သွားခဲ့သည်။ ရှန်ယွဲ့နိုင်ငံတော်ကို မည်သည့်အင်အားစုက ဆန့်ကျင်ရဲပြီး လုချန်းနှင့် ရှနိုင်ငံကို ကူညီရန် ဤနေရာသို့ ရောက်လာရသနည်း။

ထျန်းကျိရဲတိုက်က သူ့ကို ကျောထောက်နောက်ခံပြုထားမှန်း လူတိုင်းသိပါလျက် မည်သူက ရဲဝံ့စွာ ဝင်ရောက်စွက်ဖက်ရဲသနည်း။

ယဲ့ဟွမ်ဧကရာဇ်က ရှနိုင်ငံကို ကာကွယ်ထားသည့် အတားအဆီးကို ချက်ချင်း မဖျက်စီးနိုင်သည်ကို မြင်သောအခါ အဆင်ကိုးဧကရာဇ် နောက်တစ်ဦး ဖြစ်သူ ရွှမ်လင်ဧကရာဇ်လည်း ဆက်လက်ကြည့်မနေတော့ပေ။

သူသည် သူ၏ နိယာမပုံရိပ်ကို ချက်ချင်း ထုတ်ဖော်လိုက်ရာ ဟင်းလင်းပြင်ထဲတွင် ခဏချင်းအတွင်း ကြီးမားလှသော ရွှေရောင်ဘီလူးကြီးတစ်ကောင် ပေါ်လာသည်။ ရွှေရောင်ဘီလူးကြီးသည် ကြီးမားသော ဓားတစ်လက်ကို ကိုင်ဆောင်ထား၏။ ရွှမ်လင်ဧကရာဇ်သည် မဆိုင်းမတွပင် နိယာမပုံရိပ်ကို ထိန်းချုပ်ကာ ဓားရှည်ကို လွှဲယမ်းလိုက်သည်။

ကိုးပါးငရဲ ရွှမ်မင်ဓား....

တစ်ချက်လွှဲယမ်းလိုက်သည်နှင့် ပြင်းထန်သော မရဏစွမ်းအားများ ဓားအရှိန်အဝါများနှင့်အတူ အပြာရောင် အတားအဆီးဆီသို့ ပြေးဝင်သွားခဲ့သည်။ သို့သော်လည်း ရလဒ်က ရှန်ယွဲ့နိုင်ငံတော် ဧကရာဇ်များ၏ မျှော်လင့်ချက်ကို ထပ်မံ၍ ဆန့်ကျင်သွားခဲ့ပြန်သည်။

ဓားအရှိန်အဝါနှင့် မရဏစွမ်းအားတို့သည် နတ်ဝိညာဉ်ထီးမှ ဖန်တီးထားသော အတားအဆီးနှင့် ထိတွေ့သောအခါ လှိုင်းတွန့်ကလေးတစ်ခုသာ ဖြစ်ပေါ်စေပြီး လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြန်သည်။

ထိုအရာကို မြင်လျှင် ယဲ့ဟွမ် ဧကရာဇ်က အရှုံးမပေးဘဲ အခြားလက်ညှိုးတစ်ချောင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့သော်လည်း ရလဒ်မှာ ယခင်အတိုင်းပင် ဖြစ်နေခဲ့သည်။ ထို့အတူ ယဲ့ဟွမ်ဧကရာဇ်၏ တိုက်ကွက်အပြီးတွင် ရွှမ်လင်ဧကရာဇ်ကလည်း ထပ်မံတိုက်ခိုက်ပြန်၏။

သူတို့သည် တစ်နေရာတည်းကိုသာ တိုက်ခိုက်ခဲ့ကြသည်။ သို့သော် အဆင့်ကိုးဧကရာဇ် နှစ်ပါး တစ်လှည့်စီ တိုက်ခိုက်ခဲ့ကြသော်လည်း မည်သို့ပင် တိုက်ခိုက်စေကာမူ အပြာရောင် အတားအဆီး၌ အက်ကြောင်းပင် မထင်ခဲ့ပေ။

လုချန်းတို့ အဘယ်ကြောင့် ဤမျှအေးအေးဆေးဆေး ဖြစ်နေကြသည်ကို ယခုမှပင် လူတိုင်း နားလည်သွားကြတော့သည်။ ရှန်ယွဲ့နိုင်ငံတော်သည် လုချန်းကို ဖယ်ရှားပစ်ရန် ဝေးစွ ဤနည်းဗျူဟာပုံစံ အတားအဆီးကိုပင် မဖျက်စီးနိုင်ပေ။

ဤအတားအဆီးသည် မည်သည့်အရာဖြင့် ပြုလုပ်ထားသနည်း။

အဆင့်ကိုးဧကရာဇ်နှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုကိုပင် ဘာ့ကြောင့်တောင့်ခံနိုင်ရသနည်း။

ဤမေးခွန်းများသည် လူတိုင်း၏ စိတ်ထဲတွင် အဆက်မပြတ် ပေါ်‌ထွက်နေတော့သည်။

All Chapters