← Chapters

အခန်း (၁၄၆၅-၁၄၆၇)

Vol. 98 Ch. 1465-1467

အခန်း (၁၄၆၅-၁၄၆၇)

Vol. 98 Ch. 1465-1467

အခန်း (၁၄၆၅)

လနှင့်ချီတိုက်ခိုက်ခြင်း

အဆက်မပြတ် တိုက်ခိုက်ပြီးနောက်တွင်လည်း အတားအဆီးတွင် အက်ကြောင်းတစ်ခုမှ ယဲ့ဟွမ်ဧကရာဇ်နှင့် ရွှမ်လင်ဧကရာဇ် မတွေ့ရှိခဲ့ကြပေ။ သူတို့သည် မကျေနပ်နိုင်စွာဖြင့် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည်။

ထို့နောက် သူတို့နှစ်ဦးစလုံး လုယန်ဟွာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် လုယန်ဟွာ၏ မျက်နှာ အလွန်ပျက်နေပြီး အတားအဆီးကို စူးစိုက်ကြည့်ကာ တိတ်ဆိတ်နေခဲ့သည်။

ယဲ့ဟွမ်ဧကရာဇ်က

“မင်းကြီး...ကျုပ်တို့ အစွမ်းကုန် ကြိုးစားခဲ့ပြီးပါပြီ”

ဟု စိတ်ပျက်စွာ ပြောလိုက်သည်။

အဆင့်ကိုးဧကရာဇ် နှစ်ပါးဖြစ်သော သူတို့က ဟန်ဆောင်တိုက်ခိုက်နေသည်ဟု လုယန်ဟွာထင်သွားမည်ကိုပင် ယဲ့ဟွမ်ဧကရာဇ် စိုးရိမ်နေမိသည်။ ဧကရာဇ်အဆင့်ကိုး နှစ်ပါးက စကြဝဠာ၏ အစွန်းအဖျားတွင်ရှိသော နိုင်ငံငယ်တစ်နိုင်ငံ၏ နည်းဗျူဟာပုံစံကို မဖျက်စီးနိုင်ဆိုသော သတင်းပျံ့သွားပါက မည်သူမှ ယုံကြည်ကြမည်မဟုတ်ပေ။

သို့သော် အမှန်တရားက သူတို့မျက်စိရှေ့တွင်ပင် ရှိနေသည်။

အချိန်မည်မျှကြာသွားသည်မသိ

နောက်ဆုံးတွင် လုယန်ဟွာက

“ဒါက မင်းရဲ့ အားကိုးရာပေါ့.....မင်း ဒီလောက် တည်ငြိမ်နေတာ မဆန်းပါဘူး။”

လုချန်းက ခပ်ဖွဖွပြုံးလျက်

“ဒါဆို အခု ခင်ဗျား ဘာလုပ်ဖို့ စီစဉ်ထားလဲ။”

“ဒီလောက် အဝေးကြီး လာခဲ့ပြီးမှ အတားအဆီးလေး တစ်ခုတောင် မဖောက်နိုင်ဘူးဆိုတော့ ခင်ဗျား တော်တော်တော့ မကျေမနပ် ဖြစ်နေမှာပဲ။”

လုချန်း၏ စကားကို ကြားလျှင် လုယန်ဟွာ၏ ကိုယ်တွင်း၌ သတ်ဖြတ်ခြင်းစွမ်းအားများ ထပ်မံ ပေါက်ကွဲလာပြန်သည်။ သို့သော်ပြန်လည် တည်ငြိမ်အောင် ချက်ချင်းထိန်းလိုက်သည်။

လောလောဆယ်တွင် လုချန်းကို သူ တကယ်ပင် ဘာမှမလုပ်နိုင်ပေ။ သို့သော် ယခု ဘာမှမလုပ်နိုင်ခြင်းက အနာဂတ်တွင်လည်း ဘာမှမနိုင်ဟု မဆိုလိုပေ။

သူ၏နောက်ကွယ်တွင် ထျန်းကျိရဲတိုက် ရှိနေသေး၏။ ထျန်းကျိရဲတိုက်၌ ဤနည်းဗျူဟာပုံစံကို ဖြိုခွဲရန် နည်းလမ်းတစ်ခုခု ဧကန်မုချ ရှိလိမ့်မည်ဖြစ်သည်။

ထို့ပြင် နည်းဗျူဟာပုံစံက ဤမျှ ခိုင်ခံ့နေသည်ဆိုပါက ၎င်းကို ထိန်းသိမ်းရန်အတွက် အလွန်ကြီးမားသော ဝိညာဉ်စွမ်းအားများ လိုအပ်မည်ဖြစ်သည်။ ရှနိုင်ငံသည် စကြဝဠာ၏ အစွန်းအဖျားရှိ နိုင်ငံငယ်တစ်နိုင်ငံသာ ဖြစ်သည်။ သူတို့၏ ကြယ်နယ်မြေအတွင်းရှိ ဝိညာဉ်စွမ်းအားအားလုံးကို ကုန်ခမ်းအောင် သုံးလိုက်လျှင် ဤနည်းဗျူဟာပုံစံကို ကြာရှည်စွာ ထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။

လုချန်း အပြင်ထွက်တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိပုံမရကြောင်း မြင်သောအခါ ကျိကျိဧကရာဇ်နှင့် မိုးကြိုးဧကရာဇ်တို့သည် ဇဝေဇဝါ ဖြစ်သွားကြသည်။

သူတို့၏ အရှင်သခင်သည် အနည်းဆုံး ကောင်းကင်ဧကရာဇ် တစ်ပါးဖြစ်သည်။သူသည် အဆင့်ကိုးဧကရာဇ် နှစ်ပါးကို ကြောက်နေစရာ မလိုပေ။

သူက အဘယ်ကြောင့် တိုက်ခိုက်ရန် လုံးဝ စိတ်မဝင်စားသလို ဖြစ်နေရသနည်း။

မိုးကြိုးဧကရာဇ်နှင့် ကျိကျိဧကရာဇ်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ထို့နောက် မိုးကြိုးဧကရာဇ်က

“မင်းကြီး ကျုပ်တို့ သူတို့ကို သွားမတိုက်တော့ဘူးလား။”

လုချန်းက

“မလိုပါဘူး”

ဟု ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

ထိုအရာကို ကြားလျှင် ရှန်ယွဲ့နိုင်ငံတော်မှ ဧကရာဇ်များကို ကိုယ်တိုင်စဉ်းစား ရွေးချယ်ရန် အခွင့်အရေးတစ်ခု ပေးချင်သောကြောင့် ဝင်ရောက် မစွက်ဖက်ရန် လုချန်း ဆုံးဖြတ်ခြင်း ဖြစ်နိုင်သည်ဟု မိုးကြိုးဧကရာဇ်နှင့် ကျိကျိဧကရာဇ်တို့ တွေးလိုက်ကြသည်။

ကောင်းကင်ဧကရာဇ်ကသာ တကယ် တိုက်ခိုက်မည်ဆိုပါက ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများ ထွက်ပေါ်လာမည်ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် အလွယ်တကူ လှုပ်ရှားလိမ့်မည် မဟုတ်ပေ။

အခြားသူများ မည်သို့တွေးသည်ကို လုချန်း ဂရုမစိုက်ပေ။ သူက လုယန်ဟွာနှင့် အဆင့်ကိုး ဧကရာဇ် နှစ်ပါးကို တစ်ချက်ကြည့်လိုက်ပြီး

“ခင်ဗျားတို့ ကျုပ်ရဲ့ နည်းဗျူဟာပုံစံကို ဆက်ပြီး ကြိုးစားဖျက်ကြည့်လို့ ရပါတယ်။ ကျုပ်ကတော့ ခင်ဗျားတို့နဲ့ အတူရှိမနေပေးနိုင်တော့ဘူး။”

ထိုစကားများနှင့်အတူ လုချန်း ထိုနေရာမှာပင် ပျောက်ကွယ်သွားခဲ့သည်။

လုချန်း ထွက်သွားသည်ကို မြင်လျှင် လုယန်ဟွာ ဒေါသ ထပ်မံ ပေါက်ကွဲလာပြန်သည်။ သူသည် ဤမျှ အဝေးကြီး လာခဲ့သော်လည်း လုချန်း၏ အဝတ်စကိုပင် မထိနိုင်ခဲ့ပေ။

သူ ပိုစဉ်းစားလေ ပိုဒေါသထွက်လေ ဖြစ်လာ၏။ ထို့‌နောက် လုယန်ဟွာက ယဲ့ဟွမ်ဧကရာဇ်နှင့် ရွှမ်လင်ဧကရာဇ်တို့ကို

“ဆက်ပြီး တိုက်ခိုက်ကြ။ ဒီနည်းဗျူဟာပုံစံက အကန့်အသတ်မရှိ တောင့်ခံနိုင်လိမ့်မယ်လို့ ကျုပ် မယုံဘူး။”

ယဲ့ဟွမ်ဧကရာဇ်နှင့် ရွှမ်လင်ဧကရာဇ်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်

“ဟုတ်ကဲ့ပါ မင်းကြီး”

ဟု တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

ထို့နောက် သူတို့နှစ်ဦးသည် နတ်ဝိညာဉ်ထီးမှ ဖန်တီးထားသော အပြာရောင် အတားအဆီးကို ဆက်လက် ပူးပေါင်း တိုက်ခိုက်ကြတော့သည်။ သို့သော်လည်း သူတို့ မည်သို့ပင် တိုက်ခိုက်စေကာမူ နောက်ဆုံးရလဒ်ကတော့ အတူတူပင် ဖြစ်သည်။

…….

ထိုအခိုက်အတန့်တွင်။

ဖေးဟုန်နတ်လှေအတွင်း၌။

ထျန်းဟုန်ဧကရီသည် ပြင်ပတွင် ဖြစ်ပျက်နေသည်များကို အာရုံခံမိလိုက်ပြီး သူမကို ဖက်ထားသော လုချန်းကို

“ရှင်ပြောတဲ့ ကျွန်မကို လွှတ်ပေးမယ်ဆိုတာ ဒါကို ပြောတာလား”

ဟု အေးစက်စွာ ပြောလိုက်သည်။

လုချန်းက

“ဧကရာဇ်အဆင့်ကိုး နှစ်ပါး ရှိနေလိမ့်မယ်လို့ ကိုယ် မထင်ထားခဲ့ဘူး။ မင်း အစွမ်းထက်တယ်ဆိုတာ ကိုယ် သိပါတယ်။ ဒါပေမဲ့ အဆင့်ကိုး ဧကရာဇ် နှစ်ပါးကို ဆိုရင်တော့ မင်းယှဉ်နိုင်မှာ မဟုတ်ဘူး မဟုတ်လား။”

ထျန်းဟုန်ဧကရီ တိတ်ဆိတ်သွားသည်။ အဆင့်ကိုး ဧကရာဇ် တစ်ပါးတည်းဆိုပါက သူမ တိုက်ခိုက်နိုင်စွမ်း ရှိသေးသော်လည်း အဆင့်ကိုး နှစ်ပါး ပူးပေါင်းပါက သူတို့ကို ရင်ဆိုင်ရန် တကယ် ခက်ခဲလိမ့်မည် ဖြစ်သည်။

ထို့ပြင် အတားအဆီး၏ အပြင်ဘက်တွင် အဆင့်ရှစ် ဧကရာဇ်အချို့လည်း ရှိနေသေးသည်။ သူမသည် သတ်ဖြတ်ခြင်း ဧကရာဇ် ဖြစ်သော်လည်း ဤမျှများပြားသော အဆင့်မြင့် ဧကရာဇ်များ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရပါက ရှုံးနိမ့်သွားနိုင်သေးသည်။

သူမ၏ အဆင့်ကို ဧကရာဇ်အဆင့်ငါးနယ်ပယ်အထိ မြှင့်တင်နိုင်မှသာ အဆင့်ကိုးဧကရာဇ် အမြောက်အမြားကို ရင်ဆိုင်ဖို့ လုံလောက်ပေလိမ့်မည်။ သတ်ဖြတ်ခြင်းလမ်းစဉ် ဧကရာဇ်နယ်ပယ် အဆင့်ငါးသို့ ရောက်သွားလျှင် သူမ၏ စွမ်းအားသည် လုံးဝပြောင်းလဲသွားမည် ဖြစ်သည်။

ထိုအခါတွင် စကြဝဠာအတွင်းရှိ ဧကရာဇ်အနည်းငယ်သာ သူမကို ယှဉ်နိုင်တော့မည်ဖြစ်သည်။ သို့သော် သတ်ဖြတ်ခြင်း ဧကရာဇ်နယ်ပယ် အဆင့်ငါးသို့ တက်လှမ်းရန်က အလွန်ပင် ခက်ခဲလှသည်။ လုချန်း၏ အသက်မျိုးစေ့များကို နေ့စဉ် သတ်ဖြတ်နိုင်လျှင်တောင် နှစ်ပေါင်း ထောင်ချီ ကြာနိုင်သည်။

ဧကရာဇ်အဆင့်တွင် အဆင့်မြင့်လေလေ နောက်တစ်ဆင့်သို့ တက်လှမ်းရန် ခက်ခဲလေလေဖြစ်၏။ သူမ၏ အဆင့်ကန့်သတ်ချက်ကို ထျန်းဟုန်ဧကရီ သိသိသာသာ ခံစားနေရသည်။

သို့သော် သူမ၏ အဆင့်တက်လှမ်းမှုကို မြန်ဆန်စေမည့် အခြားနည်းလမ်းတစ်ခု ရှိသေး၏။ မင်းဆက်ကံစွမ်းအားပင် ဖြစ်သည်။

ရှနိုင်ငံ၏ ကံစွမ်းအားသာ ဆက်လက် တိုးပွားလာပါက နိုင်ငံ၏ ကံစွမ်းအား ကောင်းချီးပေးမှုဖြင့် သူမ၏ အဆင့်ကန်သတ်ချက် မကြာမီ ပွင့်သွားနိုင်သည်။

ရှနိုင်ငံ၏ ကံစွမ်းအားကို တိုးမြှင့်ရန်အတွက် နိုင်ငံကို နယ်မြေချဲ့ထွင်ပေးခြင်းကဲ့သို့သော နိုင်ငံအတွက် အကျိုးရှိမည့် အလုပ်များကို သူမ လုပ်ဆောင်ပေးရန် လိုအပ်သည်။

ဤအရာကို တွေးမိသောအခါ သူမကို တိတ်ဆိတ်စွာ တိုက်ခိုက်နေသော လုချန်းကို ထျန်းဟုန်ဧကရီ မျက်စောင်းထိုး ကြည့်လိုက်၏။ သူမသည် ဤလူ၏ ပင်လယ်ဓားပြသင်္ဘောပေါ်သို့ မလွှဲမရှောင်သာ တက်မိသွားပြီဖြစ်ကြောင်းလည်း သိလိုက်ရသည်။

ထိုသို့ စဉ်းစားမိသောအခါ ထျန်းဟုန်ဧကရီ အနည်းငယ် စိတ်ဓာတ်ကျသွားမိသည်။ သူမ၏ အတိတ်ဘဝ၌ သူမသည် ပြင်ပနယ်မြေ တစ်ခုလုံးကို လွတ်လပ်စွာ လှည့်လည်သွားလာပြီး သတ်ဖြတ်ခဲ့သူဖြစ်၏။

ယခုကဲ့သို့ အမျိုးသားတစ်ဦး၏ လက်အောက်သို့ လုံးဝ ကျရောက်သွားခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

ထားလိုက်ပါတော့.....

သူမ ဘဝအတွက် ကြီးမားတဲ့ ကံဆိုးမှု တစ်ခုလို့ပဲ သဘောထားရ ပေတော့မည်။

ထိုသို့တွေးပြီးနောက်တွင် ထျန်းဟုန်ဧကရီလည်း လုချန်း၏ လှုပ်ရှားနေသောလက်များကို ထပ်ပြီး ဂရုမစိုက်တော့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လတာ အချိန် ကုန်ဆုံးသွားခဲ့သည်။

ထိုတစ်လအတွင်း လုချန်းသည် သူ၏ ဇနီးများ၏ ကျင့်စဉ်အဆင့်များကို မြှင့်တင်ပေးရန် အလုပ်ရှုပ်နေခဲ့၏။ ရှန်ယွဲ့စစ်တပ်သည်လည်း နတ်ဝိညာဉ်ထီး အတားအဆီးအပေါ် တိုက်ခိုက်မှုကို တစ်ခါမှ မရပ်နားခဲ့ပေ။

သို့သော် တစ်လကြာပြီးနောက်တွင်လည်း နတ်ဝိညာဉ်ထီးမှ ဖန်တီးထားသော အတားအဆီးသည် အစပိုင်းကကဲ့သို့ပင် ခိုင်မာနေဆဲဖြစ်သည်။

၎င်းသည် အဆင့်နိမ့် နတ်လက်နက်တစ်ခုမျှသာ ဖြစ်သော်လည်း ဤစကြဝဠာထဲတွင် ဖြေရှင်း၍ မရသော တည်ရှိမှုတစ်ခု ဖြစ်နေသည်။

ထိုအချက်က ဤစကြဝဠာ၏ အပြင်ဘက်တွင် ပို၍ကြီးမားသော လောကတစ်ခု ရှိနေနိုင်ပြီး ဤနတ်ဝိညာဉ်ထီးသည် ထိုလောကမှ လာခြင်းဖြစ်နိုင်ကြောင်း လုချန်းအား သဘောပေါက်စေခဲ့သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် စနစ်မှ ပေးအပ်ထားသော နယ်စပ်ဖြတ်ကျော်ကျောက်တုံးသည် ဤစကြဝဠာမှ ထွက်ခွာသည့်အခါ အသုံးပြုရန် ဖြစ်လိမ့်မည်။

…….

ကျောက်ဖြူကြယ်နယ်မြေစု၏ အပြင်ဘက်တွင်။

လုယန်ဟွာသည် ကောင်းကင်နန်းတော်ပေါ်တွင် ရပ်နေ၏။ သူ၏ အကြည့်များသည် နတ်ဝိညာဉ်ထီး၏ အတားအဆီးပေါ်သို့ စူးစိုက်ကျရောက်နေသည်။

လုယန်ဟွာ၏ နံဘေး၌ ရသေ့ဝတ်စုံများ ဝတ်ဆင်ထားသည့် ထျန်းကျိရဲတိုက်မှ ဧကရာဇ်အဆင့် သုံးပါး ရှိနေသည်။

လုယန်ဟွာက

“ထျန်းကျိရဲတိုက်ကတောင် ဒါကို မဖြေရှင်းနိုင်ဘူးလား”

ဟု အေးစက်စွာ ပြောလိုက်သည်။

ဧကရာဇ်တစ်ပါးက စိတ်ပျက်နေသော လေသံဖြင့်

“ကျုပ်တို့ နည်းလမ်းအားလုံးကို သုံးပြီးပါပြီ။ ဒါပေမဲ့ အပြာရောင် အတားအဆီးကို မဖျက်နိုင်သေးပါဘူး”

အခြားဧကရာဇ်တစ်ပါးကလည်း

“ဒီမှာ ဖြစ်ပျက်နေတာတွေကို ရဲတိုက်သခင်ဆီ အကြောင်းကြားထားပြီးပါပြီ။ သူက ပိုပြီး အစွမ်းထက်တဲ့ ဧကရာဇ်တစ်ပါးကို စေလွှတ်ပေးနိုင်ပါတယ်။”

ထိုအရာကို ကြားလျှင် လုယန်ဟွာ၏ စိတ်အခြေအနေ အနည်းငယ် ပြန်ကောင်းလာသည်။ ဤလူများ မဖြေရှင်းနိုင်လျှင်ပင် အနည်းဆုံး ထျန်းကျိရဲတိုက်မှ ပညာရှင်များက ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်လိမ့်မည်။

ထျန်းကျိရဲတိုက်မှ ပညာရှင်များပင် မတတ်နိုင်သေးပါက ရဲတိုက်သခင်ကိုယ်တိုင်ဆိုလျှင်တော့ ဤအတားအဆီးကို ဖျက်ဆီးနိုင်ရမည်ဖြစ်သည်။

ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင်ပင် မဖျက်နိုင်သော နည်းဗျူဟာပုံစံမျိုး ဤစကြဝဠာထဲတွင် ရှိနေဖို့ မဖြစ်နိုင်ပေ။ ထျန်းကျိရဲတိုက်သည် နည်းဗျူဟာပုံစံများကို တွက်ချက် ဖန်တီးနိုင်သောကြောင့် နည်းဗျူဟာပုံစံများကို ဖျက်ဆီးရာတွင်လည်း အကျွမ်းကျင်ဆုံး ဖြစ်သည်။

အဝေးမှ အပြာနုရောင် အတားအဆီးကို ကြည့်ရင်း လုယန်ဟွာ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။

“လုချန်း...မင်း ဘယ်လောက်အထိ ထပ်တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့!”

လုယန်ဟွာ၏ စကားအဆုံးတွင် သူ၏ ဘေးတွင် အာကာသ လှိုင်းတွန့်တစ်ခု ပေါ်လာပြီး ရသေ့ဝတ်စုံ ဝတ်ဆင်ထားသည့် ထျန်းကျိရဲတိုက်မှ အဆင့်ကိုး ဧကရာဇ် တစ်ပါး လုယန်ဟွာ၏ ဘေးတွင် ပေါ်လာခဲ့သည်။ အဆင့်ကိုး ဧကရာဇ်တစ်ပါးကို စေလွတ်လိုက်သဖြင့် ထျန်းကျိရဲတိုက်သည် နည်းဗျူဟာပုံစံကို အလေးအနက်ထားလာပြီဖြစ်ကြောင်း ပြသနေသည်။

………….

အခန်း( ၁၄၆၆ )

ပြင်ပမှ အရာဝတ္ထု

ရောက်ရှိလာသူမှာ ထျန်းကျိရဲတိုက်မှ ဧကရာဇ်အဆင့် ဖြစ်သည်ကို မြင်လျှင် လုယန်ဟွာ စိတ်လှုပ်ရှားသွား၏။ နောက်ဆုံးတွင် အတားအဆီးကို ဖျက်ဆီးနိုင်မည့်သူ ရောက်လာပြီဟု သူ တွေးလိုက်မိသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် ထိုဧကရာဇ်အဆင့်ကိုးက လုယန်ဟွာ၏ မျှော်လင့်ချက်များကို ရေအေးဖြင့် လောင်းချလိုက်သလို ပြောလိုက်သည်။

“ရှန်ယွဲ့ဧကရာဇ်... ရှနိုင်ငံမှာ ပြင်ပလောကလာတဲ့ အရာဝတ္ထုတစ်ခု ရှိနေတယ်လို့ ကျုပ်တို့ ရဲတိုက်သခင်က ပြောပါတယ်။ ခင်ဗျားရဲ့ အခုရှိနေတဲ့ အစွမ်းနဲ့ လုချန်းကို သတ်လို့မရနိုင်ပါဘူး။”

ထိုအရာကို ကြားလျှင် လုယန်ဟွာ မှင်တက်သွားတော့သည်။

ပြင်ပလောကမှ အရာဝတ္ထုလား။

ဒါဆို ဒီအတားအဆီးက ပြင်ပလောကမှ အရာဝတ္ထုတစ်ခုက ဖန်တီးထားတာလို့ ဆိုလိုတာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

လုချန်းက ပြင်ပလောကမှ အရာဝတ္ထုတစ်ခုကို ဘယ်လိုများ ရအောင် ယူနိုင်ခဲ့တာလဲ။

လုယန်ဟွာ သတိပြန်ဝင်လာပြီး မကျေမနပ်ဖြင့်

“ကျုပ်ဘာသာ ဒါကို မကိုင်တွယ်နိုင်ဘူးဆိုရင် ထျန်းကျိရဲတိုက်မှာလည်း ဘာနည်းလမ်းမှ မရှိတော့ဘူးလို့ ဆိုလိုတာလား။”

“ခင်ဗျားတို့ ရဲတိုက်သခင်ကတော့ ဒါကို ဖျက်ဆီးနိုင်မှာ သေချာပါတယ်။ ဟုတ်တယ် မဟုတ်လား။”

အဆင့်ကိုး ဧကရာဇ်က

“ကျုပ်တို့ ရဲတိုက်သခင်က လောလောဆယ်မှာတော့ ကောင်းမွန်တဲ့ နည်းလမ်းကို မစဉ်းစားမိသေးပါဘူး။ ဒါကို ဖျက်ဆီးဖို့ သူလည်း နည်းလမ်း ရှာနေတုန်းပါပဲ။”

“ဒီပြင်ပလောက လာတဲ့ အရာဝတ္ထုကို ဖျက်ဆီးဖို့ နည်းလမ်းတွေ့တာနဲ့ ရှနိုင်ငံကို ကိုယ်တိုင်လာခဲ့မယ်လို့ ခင်ဗျားကို ပြောခိုင်းလိုက်ပါတယ်။”

လုယန်ဟွာ တိတ်ဆိတ်သွားသည်။ သူ့စိတ်နှလုံးသားထဲတွင် ဒေါသများ အဆက်မပြတ် တောက်လောင်နေသည်။

လုချန်းက ဘယ်လိုလုပ်ပြီး ကံကောင်းမှုတွေအားလုံးကို လက်ဝါးကြီးအုပ်ထားနိုင်ရတာလဲ။

သူသည် တော်ဝင်မိသားစုဝင်အားလုံးကို ရှင်းလင်းပြီး ရှန်ယွဲ့နိုင်ငံတော်၏ မင်းဆက်ကံစွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် လက်တစ်ကမ်းအလို ရောက်နေပြီဖြစ်သော်လည်း လုချန်းက ပြင်ပလောကမှ အရာဝတ္ထုတစ်ခုကို ရရှိသွားခဲ့တယ်တဲ့လား။

ဘာလို့ သူကပဲ ပြင်ပလောကက အရာဝတ္ထုကို ရရှိရတာလဲ။

လုယန်ဟွာ ခဏခန့် တိတ်ဆိတ်သွားပြီးနောက်

“ ပြန်မယ်”

ဟု နောက်ဆုံးတွင် ပြောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် လုယန်ဟွာသည် ကောင်းကင်နန်းတော်ကို ကိုယ်တိုင်ထိန်းချုပ်ကာ နောက်လှည့်မကြည့်ပဲ ထွက်ခွာသွားတော့သည်။ ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင်ကိုယ်တိုင်က သူ့ကိုကူညီမည်ဟု ပြောထားပြီးဖြစ်သဖြင့် ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။

အတားအဆီးကို မဖျက်ဆီးနိုင်သဖြင့် ဤနေရာ၌ ဆက်နေခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် အခြားနိုင်ငံများကို ဆက်လက်ဖျက်ဆီးပြီး ကောင်းကင်ခိုးယူခြင်းကျင့်စဉ်ကို အသုံးပြုကာ သူ၏ အစွမ်းကို မြှင့်တင်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

လုယန်ဟွာ ထွက်ခွာသွားပြီးနောက် ရှန်ယွဲ့နိုင်ငံတော်၏ စစ်တပ်များလည်း တဖြည်းဖြည်း ဆုတ်ခွာသွားကြသည်။ ထိုအခိုက်အတန့်တွင် ယဲ့ဟွမ်ဧကရာဇ်နှင့် ရွှမ်လင်ဧကရာဇ်တို့သည် ကောင်းကင်နန်းတော် ထွက်ခွာသွားရာဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး သူတို့ရှေ့မှ အပြာရောင် အတားအဆီးဘက်သို့ ပြန်လှည့်ကြည့်လိုက်ကြသည်။

သူတို့နှစ်ဦးစလုံး မျက်မှောင်ကြုတ်နေကြသည့်အပြင် မျက်နှာများမှာလည်း အလွန်ပင်တင်းမာနေ၏။ စိတ်အနှောင့်အယှက် အလွန်ဖြစ်နေပုံရကြောင်း ထင်ရှားလှသည်။

ယဲ့ဟွမ်ဧကရာဇ်က

“ဒီလို အပြောင်းအလဲမျိုး ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး”

ဟု သူ့ဘာသူရေရွတ်လိုက်သည်။

ရွှမ်လင်ဧကရာဇ်ကလည်း

“ဒါက မင်းကြီးရဲ့ အစီအစဉ်ကို မထိခိုက်ဖို့ မျှော်လင့်ရတာပဲ”

ဟုပြောရင်း သက်ပြင်းအနည်းငယ် ချလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးစလုံး နတ်ဝိညာဉ်ထီး အတားအဆီးအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီး ရှန်ယွဲ့နိုင်ငံတော်သို့ ပြန်သွားကြတော့သည်။

ရှန်ယွဲ့နိုင်ငံတော်၏ စစ်တပ်များ ဆုတ်ခွာသွားသည်နှင့် ကျောက်ဖြူကြယ်နယ်မြေစု၏ နယ်စပ်တွင် လုချန်း ထပ်မံ ပေါ်ထွက်လာပြီး ရှန်ယွဲ့နိုင်ငံတော်ဘက်သို့ စူးစိုက်ကြည့်နေခဲ့သည်။

ထိုစဉ် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွား၏။ ယခုတော့ သူပဲ ဧကရာဇ်အဆင့်ကိုးသို့ အရင်တက်လှမ်းနိုင်မလား သို့မဟုတ် လုယန်ဟွာက အရင်တက်မလားဆိုတာ အရေးကြီးလာပြီဖြစ်သည်။

သူသာ ဧကရာဇ်အဆင့်ကိုးသို့ အရင်ရောက်သွားပါက သူပိုင်ဆိုင်ထားသော စွမ်းအားဖြင့် ဤစကြဝဠာအတွင်းရှိ မည်သည့် ဧကရာဇ်အဆင့်ကိုမှ သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။ ထိုအခါတွင် လုယန်ဟွာထံမှ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို ပြန်လည်ရယူရန် အလွန်ပင် လွယ်ကူသွားပေလိမ့်မည်။

……

တစ်ချိန်တည်းမှာပင်။

ထျန်းကျိရဲတိုက်။

ကြယ်တာယာခန်းမ။

ရွှမ်းထျန်း၏ ရှေ့တွင် ကျောက်ဖြူကြယ်နယ်မြေစု၌ ယခုဖြစ်ပျက်နေသော အဖြစ်အပျက်များကို ပုံရိပ်ဖမ်းကျောက်ဖြင့် ပြသထားသည်။ ရှနိုင်ငံတစ်ခုလုံးကို နတ်ဝိညာဉ်ထီးက လွှမ်းခြုံထားသည်ကိုကြည့်ရင်း ရွှမ်းထျန်း၏ မျက်နှာ အလွန်မည်း‌ မှောင်နေသည်။

“ဘာလို့လဲ...ဘာလို့ နတ်လက်နက်က ပေါ်လာရတာလဲ”

“သေချာတာကတော့ သူရောက်လာတုန်းက သူ့မှာ ဘာမှမပါလာပါဘူး။ အခု ဘယ်လိုလုပ်ပြီး နတ်လက်နက်က ရုတ်တရက် ပေါ်လာရတာလဲ။”

ဟု ရွှမ်းထျန်း သူ့သာသူ ရေရွတ်ပြောဆို နေသည်။

ရွှမ်းထျန်း၏ မျက်နှာထား အတော်လေး ပုံပျက်ပန်းပျက် ဖြစ်နေပြီး နတ်ဝိညာဉ်ထီး ပေါ်ပေါက်လာခြင်းကို လက်မခံနိုင်ဖြစ်နေသည်။ ယခင်က နတ်ဝိညာဉ်ထီး တည်ရှိမှုကို တစ်ခါမှ မသိခဲ့ဖူးသလို နတ်လက်နက်၏ အငွေ့အသက်ကိုလည်း မခံစားခဲ့ရပေ။

ဤနတ်လက်နက်သည် ဤစကြဝဠာထဲတွင် ရုတ်တရက်ကြီး ပေါ်ပေါက်လာသကဲ့သို့ ဖြစ်နေသည်။ စကြဝဠာတစ်ခုလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိ၏။

နတ်လက်နက်တစ်ခု ဤစကြဝဠာထဲတွင် ပေါ်မလာသင့်ပေ။

ရွှမ်းထျန်း ရုတ်တရက် လူတစ်ယောက်ကို တွေးမိသွားသည်။

“ဒါက သူ လုပ်လိုက်တာများလား။”

“မဟုတ်ဘူး။ သူ့မှာ မူလမှတ်ဉာဏ်တွေ ကျန်နေသေးတယ်ဆိုရင်တောင် သူအနေနဲ့ နတ်လက်နက်တစ်ခုကို ရနိုင်ဖို့ မဖြစ်နိုင်ဘူး။”

ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုကို ရွှမ်းထျန်း စဉ်းစားမိသော်လည်း ပြန်စဉ်းစားကြည့်လျှင် သူမသည် အနာဂတ်ကို တွက်ချက်ရာတွင်သာ ကျွမ်းကျင်သူသာ ဖြစ်သည်။ သူမ၌ အတိတ်ဘဝမှ မှတ်ဉာဏ်များ ကျန်နေလျှင်ပင် သူမသည် ဤစကြဝဠာမှ ထွက်ခွာနိုင်ခြင်းမရှိသဖြင့် နတ်လက်နက်ကို ယူဆောင်လာရန်က ပို၍ပင် မဖြစ်နိုင်ပေ။

ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုလက်ချက်လည်း မဟုတ် လုချန်းကလည်း အစကတည်းက ယူမလာခဲ့ဘူးဆိုပါက ဤနတ်လက်နက်၏ ဇာတ်လမ်းက ဘာဖြစ်နိုင်မည်နည်း။

ရွှမ်းထျန်း သူ၏ စိတ်လှုပ်ရှားမှုများကို ပြန်လည် ထိန်းချုပ်လိုက်ပြီး စိတ်ထဲတွေးလိုက်၏။

“မဟုတ်ဘူး... ဒီနတ်လက်နက်ကို တစ်နည်းနည်းနဲ့ ဖျက်ဆီးပစ်ရမယ်။ မဟုတ်ရင် သူက ကပ်ဘေးကို နောက်တစ်ကြိမ် ထပ်ပြီး ကျော်ဖြတ်သွားနိုင်တယ်။ သူသာ မှတ်ဉာဏ်တွေအားလုံး ပြန်ရသွားရင် ငါ့ရဲ့ ပင်မခန္ဓာကတော့ သွားပြီပဲ။”

ဤအရာကို တွေးမိသောအခါ နတ်ဝိညာဉ်ထီးကို မည်သို့ဖျက်ဆီးရမည်နည်းဟု ရွှမ်းထျန်း နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားတော့သည်။ နတ်ဝိညာဉ်ထီးသည် အဆင့်နိမ့် နတ်လက်နက်တစ်ခုမျှသာ ဖြစ်ကြောင်း သူ ခံစားမိသော်လည်း အဆင့်နိမ့် ဖြစ်နေလျှင်ပင် ၎င်းကို ဖျက်ဆီးရန် မလွယ်ကူပေ။

အချိန်အတော်ကြာ စဉ်းစားခဲ့သော်လည်း နတ်ဝိညာဉ်ထီးကို ဖျက်ဆီးရန် ကောင်းမွန်သော နည်းလမ်းကို ရွှမ်းထျန်း မတွေ့ရှိခဲ့ပေ။

နတ်ဝိညာဉ်ထီးသည် ဖျက်ဆီးရခက်သော အရာတစ်ခုကဲ့သို့ ဖြစ်နေသည်။ အကယ်၍ အတင်းအဓမ္မ ဖျက်ဆီးမည်ဆိုပါက စကြဝဠာတစ်ခုလုံးကိုပါ ပျက်စီးသွားစေနိုင်သည်။

စကြဝဠာ ပျက်စီးသွားပါက သူသည်လည်း ပျက်စီးသွားမည်ဖြစ်သည်။ သူသည် နတ်လက်နက်တစ်ခုကို ဖျက်ဆီးရန်အတွက် မိမိကိုယ်ကိုယ် မစတေးနိုင်ပေ။ နတ်ဝိညာဉ်ထီးကို ဖျက်ဆီး၍ မရနိုင်သောကြောင့် အစီအစဉ်တစ်ခုသာ ကျန်တော့သည်။ ၎င်းကို ဤစကြဝဠာထဲမှ မောင်းထုတ်ရန်ပင် ဖြစ်သည်။

ထိုသို့ တွေးမိသောအခါ ရွှမ်းထျန်း ပို၍ပင် စိတ်လေးသွားသည်။ ရှနိုင်ငံတစ်ခုလုံးသည် နတ်ဝိညာဉ်ထီး၏ ကာကွယ်မှုအောက်တွင် ရှိနေသဖြင့် ၎င်းကို မောင်းထုတ်ခြင်းက ရှနိုင်ငံကို စကြဝဠာထဲမှ မောင်းထုတ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

အကယ်၍ ထိုသို့လုပ်လိုက်ပါက ကမ္ဘာဦးခေတ်များစွာကတည်းက ချမှတ်လာခဲ့သော အစီအစဉ်များ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ရွှမ်းထျန်း၏ ကိုယ်ပေါ်ရှိ အဖြူအမည်း အငွေ့အသက်များသည် ကြယ်တာယာခန်းမအတွင်း သောင်းကျန်းနေပြီး သူ၏ စိတ်အခြေအနေလည်း အလွန်မငြိမ်မသက် ဖြစ်လာခဲ့သည်။ အဆင့်နိမ့် နတ်လက်နက်တစ်ခုကြောင့် နှစ်သန်းပေါင်းများစွာကြာအောင် သူချမှတ်ခဲ့သော အကြံအစည်များကို အပျက်စီး မခံနိုင်ပေ။

“မဖြစ်ဘူး။ အရှုံးမပေးနိုင်ဘူး။ တခြားနည်းလမ်းတွေ ရှိဦးမှာပါ!”

“ငါသာ လုချန်းကို နတ်လက်နက်ရဲ့ ကာကွယ်မှု နယ်ပယ်ထဲကနေ ထွက်လာအောင် ဆွဲဆောင်နိုင်ရင်၊ ပြီးတော့မှ နတ်လက်နက်ကို စကြဝဠာထဲကနေ ချက်ချင်း မောင်းထုတ်လိုက်ရင် ငါ့ရဲ့ အစီအစဉ်က ဆက်သွားလို့ ရမှာပဲ...”

ထိုသို့ ရေရွတ်ပြီးနောက် ရွှမ်းထျန်း ထပ်မံ စဉ်းစားခန်း ဝင်သွားပြန်သည်။

လုချန်းကို နတ်လက်နက်၏ ကာကွယ်မှုအပြင်ဘက်သို့ ဆွဲထုတ်ရန်က ကြီးမားသော ပြဿနာ မဟုတ်ပေ။ ပြဿနာက ဆွဲထုတ်ခံလိုက်ရသော လုချန်းသည် ပင်မခန္ဓာ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

နှစ်သန်းပေါင်းများစွာကြာအောင် ချမှတ်ခဲ့သော အကြံအစည်များကို သူ အပျက်စီးမခံနိုင်ပေ။ ထို့ကြောင့် အသေးစိတ်ကျကျ စီစဉ်ရန် ရွှမ်းထျန်း ဆုံးဖြတ်လိုက်သည်။

…….

ရှနိုင်ငံအပေါ် ရှန်ယွဲ့နိုင်ငံတော်၏ တိုက်ခိုက်မှု ကျရှုံးသွားသည့် သတင်းသည် စကြဝဠာတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဤသတင်း ထိပ်တန်း မြင့်မြတ်နယ်မြေများသို့ ရောက်ရှိသွားသောအခါ အဖြစ်မှန်ဟု မယုံကြည်နိုင်ကြသဖြင့် အင်အားစုအသီးသီးမှ သူလျှိုများစွာကို စေလွှတ်ကာ စုံစမ်းစစ်ဆေးခိုင်းခဲ့ကြသည်။ နောက်ဆုံးတွင် အံ့အားသင့်ဖွယ် အမှန်တရားကို အတည်ပြုနိုင်ခဲ့သဖြင့် စကြဝဠာတစ်ဝှမ်းရှိ ဧကရာဇ်အဆင့်များ တုန်လှုပ်သွားကြတော့သည်။

ရှနိုင်ငံသည် စကြဝဠာ၏ အစွန်းပိုင်းတွင် အသစ်တည်ထောင်ထားသော နိုင်ငံတစ်နိုင်ငံသာ ဖြစ်သော်လည်း ရှန်ယွဲ့နိုင်ငံကတော့ အဆင့်ကိုး ဧကရာဇ် များစွာ၏ ကျောထောက်နောက်ခံကို ရရှိထားသည်။

ဤမျှ အစွမ်းထက်သော ရှန်ယွဲ့နိုင်ငံတော်သည် သေးငယ်လှသော ရှနိုင်ငံကို အဘယ်ကြောင့် မဖျက်ဆီးနိုင်ရသနည်း။

ဤရှနိုင်ငံတွင် ဘာတွေ ဖြစ်ပျက်နေသနည်း။

သတင်းအချက်အလက်များ ပို၍ထွက်ပေါ်လာသည်နှင့်အမျှ ရှန်ယွဲ့နိုင်ငံတော်၏ တိုက်ခိုက်မှု အဘယ်ကြောင့် ကျရှုံးခဲ့ရသည်ကို လူများ စတင် နားလည်လာကြသည်။ ရုတ်တရက်ဆိုသလိုပင် ထိပ်တန်း အင်အားစုအားလုံးသည် ရှနိုင်ငံ၏ ကာကွယ်ရေး နည်းဗျူဟာပုံစံကို စိတ်ဝင်စားလာကြတော့သည်။

အချို့သော အင်အားစုများသည် ရှနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ရန် သံတမန်များ စေလွှတ်ခဲ့ကြပြီး အချို့ကတော့ နည်းဗျူဟာပုံစံ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြသည်။ ဤနည်းဗျူဟာပုံစံသည် အဆင့်ကိုး ဧကရာဇ်နှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုကိုပင် ခုခံနိုင်ခဲ့သဖြင့် စကြဝဠာအနှံ့ အလွန် ဂယက်ရိုက်ခတ်သွားစေခဲ့သည်။

……………

အခန်း( ၁၄၆၇ )

ရှနိုင်ငံနယ်မြေ ချဲ့ထွင်ခြင်း

ဧကရာဇ်အဆင့်ကိုး နှစ်ပါး၏ လနှင့်ချီ တိုက်ခိုက်မှုကို ခုခံနိုင်သော နည်းဗျူဟာပုံစံတစ်ခုသည် အဆင့်မြင့် ကောင်းကင်နတ်ဆိုးများ၏ တိုက်ခိုက်မှုအချို့ကိုလည်း ဧကန်မုချ ခုခံနိုင်မည်ဖြစ်သည်။ အရေးကြီးဆုံးမှာ ဤနည်းဗျူဟာပုံစံသည် သူတို့ကို ကပ်ဘေးမှ လွတ်မြောက်ရန်ပင် ကူညီပေးနိုင်ခြင်းဖြစ်သည်။

ဤအချက်ကြောင့် ထိပ်တန်း မြင့်မြတ်နယ်မြေများသည် ရှနိုင်ငံကို ပို၍ပင် စိတ်ဝင်စားလာကြသည်။

ယခုအချိန်အထိ စကြဝဠာတစ်ခွင်လုံးတွင် ထိပ်တန်း မြင့်မြတ်နယ်မြေများမှ နည်းဗျူဟာ ပညာရှင်များပင်လျှင် ဧကရာဇ်အဆင့်ကိုးများကို အပြည့်အဝ ခုခံနိုင်သော နည်းဗျူဟာပုံစံတစ်ခုကို မဖန်တီးနိုင်ကြသေးပေ။

ထိုထိပ်တန်း မြင့်မြတ်နယ်မြေများ၏ နည်းဗျူဟာပုံစံများသည် အချိန်အတိုင်းအတာတစ်ခုအထိသာ ထိန်းထားနိုင်ပြီး အချိန်အတန်ကြာပြီးနောက်တွင်မူ သူတို့၏ နည်းဗျူဟာပုံစံများသည် အမျိုးမျိုးသော ပြဿနာများနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

သို့သော် ရှနိုင်ငံ၏ နည်းဗျူဟာပုံစံကတော့ကွဲပြားသည်။ သတင်းရင်းမြစ်အသီးသီးမှ ရရှိသော အချက်အလက်များအရ ရှန်ယွဲ့နိုင်ငံတော်မှ ဧကရာဇ်အဆင့်ကိုး နှစ်ပါးသည် ရှနိုင်ငံ၏ အတားအဆီးကို တိုက်ခိုက်ခဲ့စဉ်က လှိုင်းတွန့်အချို့ကိုသာ ဖြစ်ပေါ်စေခဲ့ပြီး မည်သည့်အက်ကြောင်းမှ မကျန်ရစ်စေခဲ့ပေ။ ဤနည်းဗျူဟာပုံစံ၏ ခိုင်ခံ့မှုက ထင်ရှားလှပေသည်။

ရှနိုင်ငံထံမှ ဤနည်းဗျူဟာပုံစံကို ရရှိရန်အတွက် အင်အားစုအသီးသီးသည် ရှနိုင်ငံသို့ ကိုယ်စားလှယ်များ စေလွှတ်ကာ ထိုနည်းဗျူဟာပုံစံကို ဝယ်ယူရန် မျှော်လင့်ခဲ့ကြသည်။ သို့သော် အင်အားစုများမှ ရှနိုင်ငံသို့ စေလွှတ်သော ကိုယ်စားလှယ်များထဲမှ မည်သူမှ ရှနိုင်ငံအတွင်းသို့ မဝင်နိုင်ခဲ့ကြသလို လုချန်းကလည်း သူတို့ကို ကိုင်တွယ်ဖြေရှင်းရန် စိတ်မပါခဲ့ပေ။

သူ၏ တံခါးများသည် မိတ်ဆွေများအတွက်သာ ဖွင့်ထားပြီး သူ့ထံမှ တစ်စုံတစ်ရာ ရယူလိုသူများအတွက်မူ ပိတ်ထားသည်။

ရှနိုင်ငံ၏ နည်းဗျူဟာပုံစံဟု ခေါ်ဝေါ်သော အရာမှာ နတ်ဝိညာဉ်ထီးမှ ဖန်တီးထားခြင်းဖြစ်သည်။ ဤနည်းဗျူဟာပုံစံကို သူတို့အား ပေးအပ်ခြင်းသည် သူတို့ကို နတ်ဝိညာဉ်ထီး ပေးလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ လုချန်းသည် လူအ မဟုတ်သဖြင့် သူ၏ နတ်ဝိညာဉ်ထီးကို ပေးအပ်ရန်က မဖြစ်နိုင်ပေ။

ထို့ကြောင့် ရှနိုင်ငံကို ကာကွယ်ထားသော နည်းဗျူဟာပုံစံကို လိုချင်နေကြသော ထိုအင်အားစုများကို လုချန်း လုံးဝ လျစ်လျူရှုထားလိုက်သည်။

……

ယန်ယန် နန်းတော်။

နန်းတော်သခင်ခန်းမ။

အသက်ကယ် ဧကရီသည် စိတ်ဝိညာဉ်ကျောက်များဖြင့် ပြုလုပ်ထားသော ပလ္လင်ပေါ်တွင် ထိုင်လျက် ခန်းမအတွင်း ပြသနေသော ပုံရိပ်များကို ကြည့်ကာ

“ဒီနည်းဗျူဟာပုံစံက တကယ်ပဲ ဒီလောက် အစွမ်းထက်တာလား။ အဆင့်ကိုး ဧကရာဇ် နှစ်ပါးတောင် မဖောက်နိုင်ဘူးဆိုတော့...”

ဟု သူမဘာသာ ရေရွတ်လိုက်သည်။

သူမအတွက် ခန္ဓာကိုယ်သိမ်းပိုက်ရန် အသင့်တော်ဆုံးဖြစ်သော လေဟုန်ယွမ်ကို ခေါ်ထုတ်ရန် သူမ၏ ကိုယ်ပွားကို ရှနိုင်ငံသို့ စေလွှတ်ဖို့ အသက်ကယ် ဧကရီ အစက စဉ်းစားခဲ့သည်။ သို့သော် သူမ၏ ကိုယ်ပွား ရှနိုင်ငံသို့ ရောက်ရှိပြီးနောက် ရှန်ယွဲ့ ဧကရာဇ်ကဲ့သို့ပင် ထိုအတားအဆီးကို မဖောက်နိုင်ခဲ့ပေ။

ထို့ကြောင့် ဘာမှမတတ်နိုင်ပဲ သူမ၏ ကိုယ်ပွားကို ပြန်လာခိုင်းခဲ့ရသည်။ ထိုအချိန်တွင် ရှန်ယွဲ့နိုင်ငံတော်က ရှနိုင်ငံကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် သတင်းကို ကြားလိုက်ရသဖြင့် သူမ၏ ကိုယ်ပွားသည် ယန်ယန် နန်းတော်သို့ ချက်ချင်း ပြန်မလာခဲ့ပေ။ ယင်းအစား ရှန်ယွဲ့စစ်တပ် မလွဲမရှောင်သာ ဖြတ်သန်းရမည့် လမ်းကြောင်းတွင် စောင့်ဆိုင်းကာ နည်းဗျူဟာပုံစံကို ရှန်ယွဲ့စစ်တပ် ဖောက်နိုင်မနိုင် ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

ရလဒ်မှာ ရှန်ယွဲ့တပ်သည် နည်းဗျူဟာပုံစံကို မဖောက်နိုင်ခဲ့ရုံသာမက ရှန်ယွဲ့နိုင်ငံတော်မှ ဧကရာဇ်အဆင့်ကိုး နှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုသည်ပင် နည်းဗျူဟာပုံစံအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ပေ။ ဤမြင်ကွင်းကို သူမကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသဖြင့် ယုံရခက်သော်လည်း လက်ခံလိုက်ရသည်။

ထိုအခိုက်အတန့်တွင် အသက်ကယ် ဧကရီသည် ပလ္လင်ပေါ်တွင် မှီလျက် တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ လက်တစ်ဖက်ဖြင့် ပလ္လင်၏ လက်တန်းကို ပုတ်နေခဲ့သည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက သူမ သိမ်းပိုက်ရန် ရည်ရွယ်ထားသော ခန္ဓာကိုယ်ကို လက်လွှတ်လိုက်ရနိုင်သည်။ သို့မဟုတ် ထိုအရာ ဖြစ်သွားခဲ့ပြီးတာလည်း ဖြစ်နိုင်သည်။

သို့သော် ထိုသို့ဖြစ်ခဲ့လျှင်ပင် သူမ ဤကိစ္စကို ဒီအတိုင်း လွှတ်ထား၍ မရပေ။ ဧကရာဇ်အဆင့် တစ်ပါးအနေနှင့် သူမတွင် ဧကရာဇ်၏ ဂုဏ်သိက္ခာ ရှိနေ၏။

ဤဒေါသကို သူမ မျိုသိပ်ထားနိုင်မည် မဟုတ်ပေ။ သို့သော် လတ်တလော ပြဿနာက ရှန်ယွဲ့နိုင်ငံတော်မှ ဧကရာဇ်အဆင့်ကိုး နှစ်ပါးပင် ရှနိုင်ငံ၏ အတားအဆီးကို မဖောက်နိုင်ခဲ့ရာ သူမ၏ ပင်မခန္ဓာ ကိုယ်တိုင်သွားလျှင်ပင် ထိုအတားအဆီးကို ဖောက်နိုင်မည်မဟုတ်ပေ။ သူမ သိမ်းပိုက်မည့် ခန္ဓာကိုယ်ကို လုယူသွားသော လူယုတ်မာကို ရှင်းလင်းရန်က ပို၍ပင် မဖြစ်နိုင်ပေ။

ထိုအခိုက်အတန့်တွင် အသက်ကယ် ဧကရီ၏ စိတ်ထဲသို့ အတွေးတစ်ခု ဝင်လာခဲ့သည်။ ရှန်ယွဲ့နိုင်ငံတော်၏ နောက်ကွယ်တွင် ထျန်းကျိရဲတိုက် ရှိနေပြီး ထျန်းကျိရဲတိုက်၌ ထိုအတားအဆီးကို ဖျက်ဆီးရန် နည်းလမ်း ဧကန်မုချ ရှိလိမ့်မည်ဖြစ်သည်။

သူမအနေနှင့် ရှန်ယွဲ့နိုင်ငံတော်နှင့် မဟာမိတ်ဖွဲ့နိုင်သည်။ ထိုအချက်ကို တွေးမိပြီးနောက် မဟာမိတ်ဖွဲ့ရန်အတွက် ကိုယ်ပွားတစ်ခုကို သူမ ချက်ချင်း စေလွှတ်လိုက်သည်။

……..

ရှနိုင်ငံ။

ထျန်းချန်ကမ္ဘာ။

မြေအောက်ကျင့်ကြံခန်း။

လုချန်း၏ ပင်မခန္ဓာသည် မြေအောက်နန်းတော်၏ အလယ်ဗဟိုတွင် ထိုင်လျက် ရှနိုင်ငံတစ်ခုလုံး၏ ကံစွမ်းအားကို အာရုံခံနေသည်။ ထိုအခိုက်အတန့်တွင် သူ အနည်းငယ် သက်ပြင်းချလိုက်မိသည်။

ရှနိုင်ငံ၏ ကံစွမ်းအား ဤမျှများပြားလာလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ ပေ။ ရှန်ယွဲ့နိုင်ငံတော်၏ ကံစွမ်းအားထက်ပင် ပို၍ များလာခြင်းဖြစ်၏။ သို့သော်လည်း ပင်မခန္ဓာက‌တော့ အဆင့်တက်လှမ်းနိုင်ခြင်း မရှိသေးပေ။

အဆင့်မြင့်လေလေ တက်လှမ်းရန် ပို၍ ခက်ခဲလေလေ ဖြစ်သည်ဟု ပြောကြသည်က အမှန်ပင်ဖြစ်သည်။ သူ အဆက်မပြတ် နယ်မြေချဲ့ထွင်ရန် လိုအပ်နေပုံရသည်။

ထိုအရာကို တွေးမိသောအခါ သူ၏ ကိုယ်ပွားကို ချက်ချင်း စေလွှတ်လိုက်ပြီး အသစ်ပေါင်းစည်းထားသော နဂါးတပ်မတော်ကို စုစည်းကာ နယ်မြေချဲ့ထွင်ရန် ဦးဆောင်ခိုင်းလိုက်သည်။

ကောင်းကင်ဧကရာဇ် နယ်ပယ်သို့ တက်လှမ်းရန်အတွက် သူ၏ ဇနီးများနှင့် စုံတွဲကျင့်စဉ်ကို ဆက်လက် လေ့ကျင့်ရုံသာမက နိုင်ငံတော်၏ ကံစွမ်းအားများကိုလည်း ပို၍ မြန်မြန် စုဆောင်းရမည်ဖြစ်သည်။

လုချန်းအနေနှင့် နိုင်ငံကံစွမ်းအားကို အားမကိုးပဲ စုံတွဲကျင့်စဉ်တစ်ခုတည်းဖြင့်လည်း ကောင်းကင်ဧကရာဇ် နယ်ပယ်သို့ ဧကန်မုချ ရောက်ရှိနိုင်သော်လည်း ကျင့်စဉ်အဆင့်တက်နှုန်းကို သိသိသာသာ နှေးကွေးစေမည်ဖြစ်သည်။

ကပ်ဘေး ကျရောက်လာဖို့ နှစ်ပေါင်း တစ်သောင်းခန့် သို့မဟုတ် ထိုထက်ပင် နည်းသော အချိန်သာ ကျန်တော့သည်။ ကောင်းကင်ဧကရာဇ် နယ်ပယ်သို့ စောစောစီးစီး တက်လှမ်းနိုင်ခြင်းက ကပ်ဘေးကို တွန်းလှန်ရန် ပို၍ ယုံကြည်မှု ရှိစေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အချိန်သည် သူ့အတွက် အလွန် အဖိုးတန်လှသည်။

…….

ကျောက်ဖြူကြယ်နယ်မြေစု၏ အပြင်ဘက်သည် စကြဝဠာ၏ အစွန်အဖျား မဟုတ်သေးပေ။ ၎င်းသည် လင်ကျောက် မဟာကြယ်နယ်မြေစုဟု ခေါ်သော ကြယ်အစုအဝေးကြီးတစ်ခုနှင့် ထိစပ်နေသည်။

လင်ကျောက် မဟာကြယ်နယ်မြေစု အတွင်း၌ ကျောက်ဖြူကြယ်နယ်မြေစုနှင့် အရွယ်အစားတူညီသော ကြယ်နယ်မြေစုပေါင်း တစ်ရာကျော် ရှိနေပြီး အတွင်း၌ အင်အားကြီးနိုင်ငံပေါင်း တစ်ရာကျော် တည်ရှိနေသည်။

ရှန်ယွဲ့နိုင်ငံ စစ်တပ် လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းသို့ ဝင်ရောက်လာသောအခါ လမ်းကြောင်းရှင်းရန်အတွက် ကြယ်နယ်မြေစု တစ်ခုတည်းကိုသာ သိမ်းပိုက်ခဲ့၏။ လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ နိုင်ငံအားလုံးကို စစ်မကြေညာခဲ့ပေ။

ရှန်ယွဲ့နိုင်ငံတော်သည် အစွမ်းထက်သော်လည်း ရှန်ဝူဧကရာဇ်လည်း မရှိတော့သလို လုယန်ဟွာသည်လည်း ဧကရာဇ်အဆင့်သို့ တက်လှမ်းကာစသာ ရှိသေးသည်။ ရှန်ယွဲ့နိုင်ငံတော် မည်မျှပင် အစွမ်းထက်စေကာမူ နိုင်ငံပေါင်းများစွာကို တစ်ပြိုင်နက်တည်း စစ်မခင်းနိုင်ပေ။

လုချန်းသည်လည်း ထိုနိုင်ငံအားလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မည်မဟုတ်ပေ။ သူသည် ကျောက်ဖြူကြယ်နယ်မြေစုနှင့် ထိစပ်နေသော လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ နိုင်ငံအချို့မှ စတင်ကာ လင်ကျောက် ကြယ်နယ်မြေစုအတွင်းရှိ နိုင်ငံအားလုံးကို တဖြည်းဖြည်း ဝါးမြိုသွားမည်ဖြစ်သည်။ ဤသည်က ရှနိုင်ငံ၏ ပထမဆုံးသော နယ်မြေ ချဲ့ထွင်ခြင်းပင် ဖြစ်သည်။

…….

လင်ကျောက် မဟယကြယ်နယ်မြေစု။

အရှေ့မြင်ကွင်းနိုင်ငံ။

ခမ်းနားထည်ဝါသော ခန်းမကြီးအတွင်း၌ အဝတ်မပါသော အမျိုးသားတစ်ဦးသည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေ၏။ သူ၏ ဘယ်ဘက်တွင် လှပသော နတ်သမီးတစ်ဦးနှင့် ညာဘက်တွင်လည်း ချောမောသော အလှပ‌ ဂေးတစ်ဦး ရှိနေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ရှေ့၌ အလွန်လှပသော အမျိုးသမီးတစ်ဦးက ဝိုင်ငှဲ့ပေးနေသည်။ ခန်းမအတွင်း၌ ဂီတသံများ၊ တီးမှုတ်ကခုန်မှုများနှင့် အသက်ဝင်လျက်ရှိ၏။ ထိုနေရာသည် နတ်ဘုံနတ်နန်းကဲ့သို့ ဖြစ်နေပြီး မီးခိုးငွေ့များ လွင့်ပျံနေကာ ဆန်းကြယ်၍ ပျော်ရွှင်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေ၏။

အစေခံမလေး ငှဲ့ပေးသော ဝိုင်ကို တစ်ငုံ သောက်ပြီးနောက် အရှေ့မြင်ကွင်းဧကရာဇ် သက်ပြင်းမချပဲ မနေနိုင်ခဲ့ပေ။ ယခုဘဝသည် ပျော်စရာ ကောင်းနေသော်လည်း သူ၏ စိတ်များကတော့ ကြည်လင်မနေခဲ့ပေ။

ယခုအခါ စကြဝဠာသည် ပို၍ ပို၍ ရှုပ်ထွေးလာပြီး စစ်ပွဲများ ဖြစ်ပွားနေကာ ကောင်းကင်နတ်ဆိုးများလည်း အဆက်မပြတ် ပေါ်ထွက်လာနေသည်။ ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်နတ်ဆိုး အရေအတွက် ပို၍ များပြားလာပြီး ပို၍ လည်း အားကြီးလာကာ ကိုင်တွယ်ရ ပို၍ ခက်ခဲလာသည်။

ဤကာလအတွင်းမှာပင် အရှေ့မြင်ကွင်းနိုင်ငံသည် ကောင်းကင်နတ်ဆိုး တစ်ရာကျော်နှင့် ရင်ဆိုင်ခဲ့ရသည်။ ကံကောင်းသည်က သူတို့၏ အစွမ်း သိပ်မကြီးမားခြင်းပင်ဖြစ်သည်။

သို့သော် ဤအရာက ယာယီသာဖြစ်ကြောင်း အရှေ့မြင်ကွင်းဧကရာဇ် နားလည်ထားသည်။ ကောင်းကင်နတ်ဆိုးများ တစ်ကြိမ်ပေါ်လာတိုင်း အရှေ့တကြိမ်ထက် ပို၍ အင်အားကြီးလာကြသည်။

အစပိုင်းတွင် အချို့သော ကောင်းကင်နတ်ဆိုးများကို သူကိုယ်တိုင် ကိုင်တွယ်ရန် မလိုခဲ့သော်လည်း မကြာသေးမီက ပေါ်လာသော ကောင်းကင်နတ်ဆိုးများကိုတော့ ဧကရာဇ်လောင်းများပင် ဖြေရှင်းနိုင်စွမ်း မရှိတော့ပေ။

ကပ်ဘေး မဆိုက်ရောက်မီ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရန် အရှေ့မြင်ကွင်းဧကရာဇ် ကြံရွယ်ထားသော်လည်း လက်ရှိ အခြေအနေအရ သူ၏ နိုင်ငံသည် အခြားနိုင်ငံများ၏ ဖျက်ဆီးခြင်း သို့မဟုတ် ကပ်ဘေး မရောက်မီမှာပင် ကောင်းကင်နတ်ဆိုးများ၏ ချေမှုန်းခြင်းကို ခံရပေလိမ့်မည်။ ထိုအရာက သူ့အတွက် ရှောင်လွှဲ၍မရသော ကံကြမ္မာတစ်ခုကဲ့သို့ ဖြစ်နေသည်။

ဤအရာများကို တွေးမိသောအခါ အရှေ့မြင်ကွင်းဧကရာဇ်သည် သူ၏ ဘေးပတ်လည်ရှိ ဆွဲဆောင်မှုရှိသော အလှအပများအပေါ် စိတ်ဝင်စားမှု လုံးဝ ကုန်ဆုံးသွားခဲ့သည်။ သူသည် ဝိုင်ခွက်ကို တစ်ဖန် ပြန်ကိုင်ကာ တစ်ကျိုက်တည်းဖြင့် ကုန်အောင် သောက်လိုက်သည်။ ဝိုင်၏ အရသာသည် ခါးသက်နေပြီး သူ၏ လက်ရှိဘဝနှင့် တူနေသည်။

ထိုအချိန်တွင် ရုတ်တရက် ဧကရာဇ်လောင်း တစ်ဦး ခန်းမကြီးအတွင်းသို့ အပြေးအလွှား ဝင်လာပြီး

“မင်းကြီး.... ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်နေပါပြီ”

ဟု အော်ဟစ်လိုက်သည်။

သူ၏ အသံသည် တုန်ယင်နေပြီး မျက်နှာပေါ်တွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်လျက်ရှိသည်။

All Chapters