အခန်း (၁၄၆၈-၁၄၇၀)
Vol. 98 Ch. 1468-1470
အခန်း (၁၄၆၈)
အရှေ့မြင်ကွင်း ဧကရာဇ်၏ အတွေးများ
အခြေအနေ ဆိုးရွားလာပြီဟု ကြားလိုက်လျှင် အရှေ့မြင်ကွင်း ဧကရာဇ်၏ မျက်နှာ ပို၍ပင် ခက်ထန်လာသည်။ တစ်နေရာရာတွင် အခြားသော ဧကရာဇ်လောင်း တစ်ပါး ကောင်းကင်နတ်ဆိုး ပြဿနာကို မဖြေရှင်းနိုင်ခြင်း ဖြစ်လိမ့်မည်ဟူသည့် အတွေးက သူ၏ စိတ်ထဲသို့ ပထမဆုံး ဝင်လာသည်။
အရှေ့မြင်ကွင်း ဧကရာဇ်သည် သူ၏ နဖူးကို အသာအယာ ပွတ်သပ်လိုက်ပြီးနောက် နိုင်ငံတစ်နိုင်ငံလုံးကို စစ်ဆေးရန် သူ၏ စိတ်အာရုံကို လွှတ်တင်လိုက်သော်လည်း အရှေ့မြင်ကွင်း နိုင်ငံအတွင်း၌ ကောင်းကင်နတ်ဆိုးများ ပေါ်ပေါက်လာခြင်း မရှိကြောင်း တွေ့ရသည်။ အခြားသော နိုင်ငံများမှ ကောင်းကင်နတ်ဆိုးများသည် အရှေ့မြင်ကွင်း နိုင်ငံသို့ ဦးတည်လာနေကြသော်လည်း သူ အုပ်ချုပ်သည့် ကြယ်နယ်မြေအတွင်းသို့ မရောက်ရှိသေးခြင်း ဖြစ်နိုင်သည်ဟု သူ ပြန်လည်တွေးတောလိုက်မိသည်။
ထိုသို့ တွေးတောရင်း အရှေ့မြင်ကွင်း ဧကရာဇ်က
“ဘာတွေ ဖြစ်နေတာလဲ”
ခန်းမအတွင်းသို့ ပြေးဝင်လာခဲ့သော ဧကရာဇ်လောင်းက
“ဟွေဟိုင် ကြယ်နယ်မြေထဲမှာ ထူးဆန်းတဲ့ နတ်လှေ အမြောက်အမြား ပေါ်လာပါတယ်။”
ထိုအရာကို ကြားလျှင် အရှေ့မြင်ကွင်း ဧကရာဇ် အံ့အားသင့်သွားသည်။ အရှေ့မြင်ကွင်း နိုင်ငံ၏ အစွန်အဖျားတွင် တည်ရှိသော ဟွေဟိုင် ကြယ်နယ်မြေသည် နယ်စပ်ဒေသတစ်ခု ဖြစ်သည်။ နယ်စပ်တွင် နတ်လှေ အမြောက်အမြား ပေါ်လာခြင်းက တစ်စုံတစ်ယောက်က အရှေ့မြင်ကွင်း နိုင်ငံကို တိုက်ခိုက်ရန် ရည်ရွယ်နေခြင်းကို ဖော်ပြနေခြင်းပင်။
သို့သော်လည်း မည်သည့် သတင်းမှ သူကြိုတင် မရရှိခဲ့ချေ။ သူသည် အချိန်အတော်များများကို ပျော်ပါးရင်း ကုန်ဆုံးစေသော်လည်း အိမ်နီးချင်း နိုင်ငံများ၏ လှုပ်ရှားမှုများ၊ အထူးသဖြင့် လင်ကျောက် မဟာကြယ်စုနယ်မြေစု အတွင်းရှိ နိုင်ငံများကို အမြဲမပြတ် သတိထား စောင့်ကြည့်နေသူ ဖြစ်သည်။ မည်သည့်နိုင်ငံကမှ စစ်ပြင်နေသည့် သတင်းကို သူ မကြားမိခဲ့ပေ။
ထိုသို့ဆိုလျှင် ဤနတ်လှေများက မည်သည့်နေရာမှ ရောက်ရှိလာသနည်း။
ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီးနောက် သူ၏ မျက်နှာ ပြာနှမ်းသွားသည်။ အရှေ့မြင်ကွင်း ဧကရာဇ်က
“ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ် ရောက်လာတာများလား။”
ဧကရာဇ်လောင်း စကားမပြောနိုင်မီမှာပင် အခြားသော ဧကရာဇ်တစ်ပါး၏ ပုံရိပ် ခန်းမအတွင်း၌ ရုတ်တရက် ပေါ်လာသည်။ ထိုဧကရာဇ်သည် မီးခိုးရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်များပင် ဖြူစပြုနေသော်လည်း သူ၏ ခန္ဓာကိုယ်ကတော့ သန်စွမ်းဖျတ်လတ်ပုံ ပေါ်သည်။ ကျိလျန်ဧကရာဇ်က
“မဖြစ်နိုင်ပါဘူး။ အဲ့ဒီတုန်းက ရှန်ယွဲ့နိုင်ငံက လမ်းဖောက်ဖို့အတွက်ပဲ လင်ကျောက် မဟာကြယ်စုနယ်မြေစုထဲက နိုင်ငံတွေကို တိုက်ခိုက်ခဲ့တာပဲ။”
“ပြီးတော့ ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်သာဆိုရင် သူတို့က ဟွေဟိုင် ကြယ်နယ်မြေမှာ ပေါ်လာမှာ မဟုတ်ဘူး။”
ကျိလျန် ဧကရာဇ်၏ စကားကို ကြားသောအခါ အရှေ့မြင်ကွင်း ဧကရာဇ်လည်း ထိုစကား အကျိုးအကြောင်း ဆီလျော်သည်ဟု ခံစားလိုက်ရသည်။
ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်သည် လွန်ခဲ့သော အချိန်တစ်ခုတည်းက ဆုတ်ခွာသွားခဲ့ပြီ ဖြစ်၏။ ရှန်ယွဲ့နိုင်ငံသည် ဗဟိုကြယ်နယ်မြေတွင် တည်ရှိပြီး အကယ်၍ သူတို့သာ အရှေ့မြင်ကွင်း နိုင်ငံကို တိုက်ခိုက်မည်ဆိုလျှင် ဟွေဟိုင် ကြယ်နယ်မြေဘက်မှ ပေါ်လာစရာ အကြောင်းမရှိပေ။
ဟွေဟိုင် ကြယ်နယ်မြေ၏ အလွန်တွင် ကျောက်ဖြူ ကြယ်စုနယ်မြေစု တည်ရှိသည်။ ရှန်ယွဲ့နိုင်ငံက အရှေ့မြင်ကွင်း နိုင်ငံကို တိုက်ခိုက်မည်ဆိုလျှင် လင်ကျောက် မဟာ ကြယ်စုနယ်မြေစုကြီး အတွင်းရှိ အခြားသော နိုင်ငံများသည် အရှေ့မြင်ကွင်း နိုင်ငံ၏ ရှေ့တွင် တည်ရှိနေသောကြောင့် ကံဆိုးမှုနှင့် အရင်ဆုံး ရင်ဆိုင်ရမည် ဖြစ်သည်။
ဤအချက်ကို သေသေချာချာ စဉ်းစားပြီးနောက် ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်သာ မဟုတ်လျှင် ပြဿနာ သိပ်မကြီးမားနိုင်ဟု တွေးကာ အရှေ့မြင်ကွင်း ဧကရာဇ် သက်ပြင်းတစ်ချက် အသာအယာ ချလိုက်သည်။
သို့သော် ထပ်မံ တွေးတောကြည့်လိုက်သော် လင်ကျောက် ကြယ်စုနယ်မြေစုကြီး အတွင်းရှိ နိုင်ငံများလည်း မဟုတ်၊ ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်လည်း မဟုတ်ပါက အရှေ့မြင်ကွင်း နိုင်ငံကို မည်သူက ခြိမ်းခြောက်နေသနည်း။
ကျောက်ဖြူ ကြယ်စုနယ်မြေစု တစ်ခုလုံးကို ရှနိုင်ငံက သိမ်းပိုက်ထားပြီး ဖြစ်ပုံရသည်။ ထို့ကြောင့် ထိုဘက်အရပ်မှ လာသော နတ်လှေများသည် ရှနိုင်ငံမှ ဖြစ်ရန် အလားအလာ အရှိဆုံး မဟုတ်ပါလား။
ရှနိုင်ငံသည် မကြာသေးမီကမှ ရှန်ယွဲ့နိုင်ငံ စစ်တပ်၏ ဝိုင်းရံမှုကို ခံခဲ့ရပြီး ထိုအပြာရောင် အကာအကွယ်အတွင်းသို့ ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ထိုအကာအကွယ်၏ အင်အားကြီးမားမှုကို စကြဝဠာအတွင်းရှိ နိုင်ငံအားလုံး သိကြသည်။
ယခု ရှနိုင်ငံက အဘယ်ကြောင့် ပြင်ပသို့ တပ်ဖွဲ့များ စေလွှတ်နိုင်ရသနည်း။
အရှေ့မြင်ကွင်း ဧကရာဇ်က ခဏခန့် စဉ်းစားလိုက်ပြီးနောက် ခန်းမအတွင်းရှိ ကျိလျန် ဧကရာဇ်ကို ကြည့်ကာ
“ဒါ ရှနိုင်ငံက နတ်လှေတွေ ဖြစ်နိုင်မလား။”
ကျိလျန် ဧကရာဇ်က
“ဒါကတော့ စောင့်ကြည့်မှပဲ သိနိုင်မှာပါ။ ရှနိုင်ငံက နာမည်ကြီးပေမဲ့ သူတို့မှာ ခိုင်မာတဲ့ နည်းဗျူဟာ ပုံစံရှိတာပဲ ကျုပ်တို့ သိထားတာလေ။ သူတို့ရဲ့ အင်အားနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဘာမှ မသိရသေးဘူး။”
အချိန်မဆွဲတော့ပဲ အရှေ့မြင်ကွင်း ဧကရာဇ်က ထရပ်လိုက်ပြီး
“ကျုပ်တို့ရဲ့ စစ်တပ်အားလုံးကို ချက်ချင်း စုစည်းကြ။ ဟွေဟိုင် ကြယ်နယ်မြေကို သွားပြီး ကျူးကျော်လာတဲ့ ရန်သူတွေကို နှိမ်နင်းကြမယ်”
ဟု အမိန့်ပေးလိုက်သည်။
ရှနိုင်ငံမှဖြစ်စေ အခြားမည်သည့် နိုင်ငံမှဖြစ်စေ ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်သာ မဟုတ်လျှင် အရှေ့မြင်ကွင်း နိုင်ငံကို အရှေ့မြင်ကွင်း ဧကရာဇ် လွယ်လွယ်နှင့် စွန့်လွှတ်မည် မဟုတ်ပေ။
မင်းဆက်ကံစွမ်းအားသည် ဧကရာဇ်တစ်ဦး၏ အင်အားအတွက် မရှိမဖြစ် မဟုတ်သလို ကပ်ဘေးကိုလည်း သူတို့ ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။ သို့သော် သူ၏ ကျန်ရှိနေသော ပျော်ရွှင်ဖွယ် အချိန်များကို အရှေ့မြင်ကွင်း နိုင်ငံ၌သာ ကုန်ဆုံးလို၏။ သူ၏ ပျော်ရွှင်ဖွယ် အချိန်များကို အခြားနိုင်ငံများက ဖျက်ဆီးခြင်းကို ခွင့်မပြုနိုင်ပေ။
အလျင်အမြန်ပင် အရှေ့မြင်ကွင်း နိုင်ငံသည် နတ်လှေ တစ်ရာကျော်ကို စုစည်းကာ ဟွေဟိုင် ကြယ်နယ်မြေသို့ ဦးတည် ထွက်ခွာခဲ့ကြသည်။ အရှေ့မြင်ကွင်း ဧကရာဇ် ရောက်ရှိလာသောအခါ ထိုထူးဆန်းသော နတ်လှေများသည် ဟွေဟိုင်ကြယ်နယ်မြေ၏ ပြင်ပရှိ ဟင်းလင်းပြင်ထဲ၌ တန်းစီ ရပ်တန့်နေကြသည်။
ငွေရောင် သတ္တုအလင်းတန်းများ ဖြာထွက်နေသော ထိုနတ်လှေများကို မြင်လျှင် အရှေ့မြင်ကွင်း နိုင်ငံမှ ဧကရာဇ် လေးပါးစလုံး အလွန် ဇဝေဇဝါ ဖြစ်သွားကြသည်။ ထိုနတ်လှေမျိုးကို သူတို့ တစ်ခါမျှ မမြင်ဖူးကြပေ။ ထိုယာဉ်များ၏ ပုံစံသည် ထူခြားနေပြီး ကြောက်မက်ဖွယ် လက်နက်များလည်း တပ်ဆင်ထား ပုံရသည်။
ထိုအခိုက်အတန့်တွင် ကျိလျန် ဧကရာဇ်က
“ထူးဆန်းလိုက်တာ... ဒီနတ်လှေက နတ်လှေနဲ့လည်း မတူဘူး။ စိတ်ဝိညာဉ် စွမ်းအားနဲ့ မောင်းနှင်တာလည်း မဟုတ်ဘူး။ ဒါက တကယ် ရွေ့လျားနိုင်တာလား”
ဟု မှတ်ချက်ပြုလိုက်သည်။
ထို့နောက် နဂါးစစ်တပ်၏ ယာဉ်အုပ်စုကို စစ်ဆေးရန် သူ၏ စိတ်အာရုံကို အရှေ့မြင်ကွင်း ဧကရာဇ် လွှတ်တင်လိုက်သောအခါ အင်အားကြီးမားသော တည်ရှိမှု အမြောက်အမြားကို ချက်ချင်း ခံစားလိုက်ရသည်။
အရှေ့မြင်ကွင်း ဧကရာဇ်၏ မျက်နှာ သိသိသာသာ ပျက်သွား၏။
ထို့နောက် သူ၏ စိတ်အာရုံကို ချက်ချင်း ပြန်လည် ရုပ်သိမ်းလိုက်ရသည်။ သူ၏ စိတ်အာရုံကို အပြည့်အဝ မလွှတ်တင်မီမှာပင် အနည်းဆုံး ဧကရာဇ် ဆယ်ပါးခန့်ကို သူ ခံစားမိပြီး ဖြစ်သည်။
အကယ်၍ သူ၏ စိတ်အာရုံသည် နတ်ယာဉ်အုပ်စု တစ်စုလုံးကို ဖြတ်သန်း စစ်ဆေးမည်ဆိုလျှင် ထိုအတွင်း၌ မည်မျှ များပြားသော အင်အားကြီးသူများ ရှိနေဦးမည်မှန်း သူ မသိနိုင်ပေ။ ဤအင်အားသည် အရှေ့မြင်ကွင်း နိုင်ငံ၏ စုစုပေါင်း အင်အားထက်ပင် ပိုများနေလိမ့်မည်။
အရှေ့မြင်ကွင်း ဧကရာဇ်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်ကို မြင်လျှင် သူ၏ ဘေးရှိ ဧကရာဇ်တစ်ပါးက
“မင်းကြီး... ဘာကို သိလိုက်ရလို့လဲ”
ဟု စပ်စုကာ မေးလိုက်သည်။
ထိုဧကရာဇ်ကတော့ ထိုထူးဆန်းသော နတ်လှေများကို စမ်းသပ်ရန် စိတ်အာရုံကို မဆင်မခြင် အသုံးမပြုဝံ့ပေ။
အရှေ့မြင်ကွင်း ဧကရာဇ်က ချက်ချင်း ပြန်မဖြေပဲ ရှေ့ရှိ နတ်လှေများဆီသို့သာ အာရုံကို စိုက်ထားလိုက်သည်။ ထိုစဉ် သူ၏ နဖူးပေါ်တွင် ချွေးစက်များ စတင် စီးကျလာသည်။
ထိုအခိုက်အတန့်တွင် နဂါးတပ်ဖွဲ့မှ ဧကရာဇ်တစ်ပါး ကြယ်ဖျက်ယဉ်အတွင်းမှ ထွက်လာပြီး အရှေ့မြင်ကွင်း နိုင်ငံ၏ နတ်လှေစု ရှေ့ရှိ ဟင်းလင်းပြင်အတွင်းသို့ ပျံသန်းလာသည်။ ထို့နောက် သူက
“ရှနိုင်ငံတော် ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်တော်ကို ကြေညာမယ်။ မလိုအပ်ပဲ သွေးထွက်သံယိုမှုတွေ မဖြစ်စေဖို့အတွက် အရှေ့မြင်ကွင်း နိုင်ငံဟာ သုံးရက်အတွင်း လက်နက်ချရမယ်။ မဟုတ်ရင်တော့ ရှနိုင်ငံတော်ရဲ့ နဂါးတပ်ဖွဲ့က အရှေ့မြင်ကွင်း နိုင်ငံကို အမြစ်ပြတ် ချေမှုန်းလိမ့်မယ်”
ဟု အသံလွှင့်ကာ ပြောလိုက်သည်။
ထိုအရာကို ကြားလျှင် အရှေ့မြင်ကွင်း ဧကရာဇ်၏ ဘေးရှိ ဧကရာဇ် သုံးပါးစလုံး၏ မျက်နှာများ ချက်ချင်း ဖြူဖျော့သွားကြသည်။ ဤထူးဆန်းသော နတ်လှေများသည်တကယ်ပဲ ရှနိုင်ငံမှ ဖြစ်နေတာလား။
နေပါဦး.....
ခုနက ဒီလူ ဘာပြောလိုက်တာလဲ။
အရေးကြီးသော စကားလုံးတစ်လုံးကို ချက်ချင်း လူတိုင်း သတိပြုမိသွားကြသည်။
“ကောင်းကင်ဧကရာဇ် ဟုတ်လား”
ရှနိုင်ငံရဲ့ အုပ်ချုပ်သူက ကောင်းကင်ဧကရာဇ်တဲ့လား။
ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒီစကြဝဠာထဲမှာ တစ်ယောက်ယောက်က အဲ့ဒီအတားအဆီးကို ကျော်ဖြတ်နိုင်သွားတာလား။
အကယ်၍ တစ်စုံတစ်ယောက်သာ ထိုအတားအဆီးကို တကယ် ကျော်ဖြတ်နိုင်ခဲ့လျှင် ယခုကဲ့သို့ တိတ်ဆိတ်နေစရာ အကြောင်းမရှိပေ။ကောင်းကင်ဧကရာဇ်၏ ဖိအားကို အစောကတည်းက သူတို့ ခံစားခဲ့ရရမည် ဖြစ်သည်။
သို့သော် ထပ်မံ တွေးတောကြည့်လျှင်တော့ အကယ်၍ ရှနိုင်ငံ၏ အုပ်ချုပ်သူသည် ကောင်းကင်ဧကရာဇ် မဟုတ်ပါက ကောင်းကင်ဧကရာဇ်အဖြစ် ဟန်ဆောင်နေသူကို ကောင်းကင်ဘုံ လမ်းစဉ်က ခွင့်လွှတ်မည် မဟုတ်ပေ။ ယခု တစ်ဖက်လူက ပေါ်ပေါ်ထင်ထင် ကြေညာရဲနေသည်ဆိုပါက ရှနိုင်ငံအတွင်း၌ ကောင်းကင်ဧကရာဇ် တစ်ပါး တကယ် ရှိနေခြင်းလား။
အရှေ့မြင်ကွင်း နိုင်ငံမှ ဧကရာဇ် လေးပါး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ အရှေ့မြင်ကွင်း ဧကရာဇ်က
“မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး...”
ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
“တကယ်လို့ ကောင်းကင်ဧကရာဇ်သာ ရှိနေမယ်ဆိုရင် ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်က ဘယ်လိုလုပ် ဘေးကင်းကင်းနဲ့ ဆုတ်ခွာသွားနိုင်မှာလဲ။”
အရေးကြီးသော အချက်တစ်ချက်ကို အရှေ့မြင်ကွင်း ဧကရာဇ် သတိထားမိလိုက်ခြင်းဖြစ်သည်။
ဧကရာဇ်တစ်ပါး၏ အမည်နာမကို စော်ကား၍မရပေ။ အဆင့်နိမ့် ကျင့်ကြံသူများက ဧကရာဇ်၏ အမည်ကို ခေါ်ဝေါ် စော်ကားလျှင် ဧကရာဇ်၏ စိတ်အာရုံဖြင့် စစ်ဆေးခြင်းခံရပြီး နောက်ဆုံးတွင် သုတ်သင်ပယ်ရှင်းခြင်း ခံရနိုင်သည်။
ဧကရာဇ်တစ်ပါးပင် ထိုမျှ အင်အားကြီးမားပါက ကောင်းကင်ဧကရာဇ်အဆင့်ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။ ရှန်ယွဲ့နိုင်ငံက ရှနိုင်ငံသို့ စစ်တပ်ပင် စေလွှတ်ခဲ့ခြင်းဖြစ်၏။ ကောင်းကင်ဧကရာဇ်က ထိုအရာကို တကယ် သည်းခံနိုင်မှာလား။
ထိုအချက်ကို တွေးမိသောအခါ အရှေ့မြင်ကွင်း ဧကရာဇ် ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။ အကယ်၍ ကောင်းကင်ဧကရာဇ် တကယ်ရှိခဲ့လျှင် သူ့ရှေ့မှောက်တွင် ရှိနေသော ဤရှစစ်တပ်က အဘယ်ကြောင့် ချက်ချင်း တိုက်ခိုက်ခြင်း မပြုသနည်း။
သုံးရက်အတွင်း လက်နက်ချရန် အချိန်ပေးနေခြင်းက ဘာအဓိပ္ပာယ်ရှိသနည်း။
ထို့ပြင် ဤမျှများပြားသော ဧကရာဇ်အဆင့် အင်အားစုမျိုး ကောင်းကင်ဧကရာဇ်၏ လက်အောက်တွင် ရှိမည်ဆိုလျှင် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ရန်ပင် လုံလောက်ပေလိမ့်မည်။ သို့သော် သူတို့က အရှေ့မြင်ကွင်း နိုင်ငံကဲ့သို့ သေးငယ်သော နိုင်ငံကိုသာ လာရောက် ခြိမ်းခြောက်နေသည်။ ဤအချက်များက ယုတ္တိမတန်လှပေ။
သို့သော် ယခုအချိန်တွင် ထိုအချက်များကို စဉ်းစားရန် အချိန်မရှိတော့ပေ။ အရှေ့မြင်ကွင်း ဧကရာဇ်၏ အတွက် လောလောဆယ် ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။
လက်နက်ချရန် သို့မဟုတ် တိုက်ခိုက်ရန်ပင်။ သို့သော် ရန်သူ၏ အင်အားကို ခဏခန့် ခံစားလိုက်ရပြီးနောက် တိုက်ခိုက်ခြင်းသည် သေခြင်းကိုသာ ရွေးချယ်ခြင်းဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
သူ၏ ဘေးရှိ ဧကရာဇ်သုံးပါးသည်လည်း ထိုနည်းတူပင် တွေးတောနေကြဟန် တူသည်။ သူတို့၏ မျက်နှာများ ဖြူဖျော့နေပြီး မည်သူမှ စကားတစ်ခွန်းမှ မပြောဝံ့ကြပေ။ ထိုအချိန်၌ ဟင်းလင်းပြင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည်။
…………..
အခန်း (၁၄၆၉)
လက်နက်ချခဲ့ခြင်းသည် ကံကောင်းထောက်မခြင်းဖြစ်၏
ရှနိုင်ငံတော်တွင် ကောင်းကင်ဧကရာဇ် တစ်ပါး တကယ် ရှိနေပါက ရှန်ယွဲ့နိုင်ငံ စစ်တပ်မှ တစ်ယောက်မှ ပြန်နိုင်မည် မဟုတ်ဟု အရှေ့မြင်ကွင်း ဧကရာဇ်မြင်၏။ ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်ကို ထားဦး ရှန်ယွဲ့နိုင်ငံမှ ဧကရာဇ်အဆင့်ကိုး နှစ်ပါးပင် ရှနိုင်ငံတော်ကြောင့် သေရွာ သွားကြရပေလိမ့်မည်။
အရှေ့မြင်ကွင်း ဧကရာဇ်၏ စကားကို ကြားလျှင် ကျိလျန် ဧကရာဇ်က
“ဒါ အရင်ခေတ်က ဧကရာဇ်တစ်ပါးများလား”
ဟု ဘေးမှ မှတ်ချက်ပြုလိုက်သည်။
ထိုစကားကို ကြားလျှင် အရှေ့မြင်ကွင်း ဧကရာဇ်နှင့် အခြားသော ဧကရာဇ်နှစ်ပါးစလုံး အံ့အားသင့်သွားကြသည်။ အထူးသဖြင့် မဖြစ်နိုင်ဟု ပြောခဲ့သော အရှေ့မြင်ကွင်း ဧကရာဇ် အလွန်တွေဝေသွားသည်။
အကယ်၍ ယခင်ခေတ်မှ ကျန်ရှိနေခဲ့သော ကောင်းကင်ဧကရာဇ်အဆင့် တစ်ပါး ဖြစ်ခဲ့လျှင် ထိုလူသည် ယခုခေတ် စကြဝဠာနိယာမ၏ နှိပ်ကွပ်မှုကို ခံရမည်ဖြစ်ကာ သူ၏ စွမ်းအားလည်း လျော့နည်းသွားနိုင်၏။
သို့သော်လည်း ကောင်းကင်ဧကရာဇ်သည် ကောင်းကင်ဧကရာဇ်သာ ဖြစ်ရာ ထိုသူသည် နောက်ဆုံးတွင် သူ၏ အင်အားကို ပြန်လည် ရယူနိုင်မည့် နည်းလမ်းကို ရှာတွေ့မည်သာ ဖြစ်သည်။ ဤဖြစ်နိုင်ခြေသည် အစောပိုင်းက အတွေးထက် ပို၍ ယုတ္တိရှိသည်။
ရှနိုင်ငံတော်တွင် ယခင်ခေတ်မှ ကျန်ရှိနေသော ကောင်းကင်ဧကရာဇ် တစ်ပါး တကယ် ရှိနေပါက ထိုလူ၏ အင်အား အပြည့်အဝ ပြန်မကောင်းသေးခြင်းသာ ဖြစ်နိုင်၏။ ထို့ကြောင့်ပင် သူတို့က ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်ကို အရေးမယူသေးခြင်း ဖြစ်မည်။
ယခု ရှနိုင်ငံတော်က နယ်မြေချဲ့ထွင်ရန်အတွက် သူတို့၏ တပ်ဖွဲ့များကို တက်ကြွစွာ စေလွှတ်နေခြင်းက ရှနိုင်ငံမှ ကောင်းကင်ဧကရာဇ်သည် အင်းအားတိုးတက်မှုများ ပြန်လည်ရရှိနေပြီဖြစ်ပြီး သူ့ကိုယ်သူ ဆက်လက်ဖုန်းကွယ်ထားရန် မရည်ရွယ်တော့ဟု ဆိုလိုနေသည်။
ထိုဖြစ်နိုင်ခြေကို တွေးမိသောအခါ အရှေ့မြင်ကွင်း နိုင်ငံမှ လူများ ထိတ်လန့်သွားကြသည်။ တစ်ဖက်လူသည် ဤခေတ်မှ ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ ကောင်းကင်ဧကရာဇ်သည် အမြဲတမ်း ကောင်းကင်ဧကရာဇ်သာ ဖြစ်သည်။
ကောင်းကင်ဧကရာဇ် တစ်ပါးသည် ဧကရာဇ်အဆင့်များကို လုံးဝ နှိပ်ကွပ်နိုင်သည်။ အကယ်၍ ကောင်းကင်ဧကရာဇ် တစ်ပါးသာ သူ၏ အင်အားကို အပြည့်အဝ ပြန်လည် ရရှိသွားပါက စကြဝဠာ တစ်ခုလုံးကို ထိုကောင်းကင်ဧကရာဇ်က ထိန်းချုပ်သွားနိုင်သည်။
ထိုအခိုက်အတန့်တွင် အရှေ့မြင်ကွင်း နိုင်ငံမှ ဧကရာဇ် လေးပါးလည်း ဘာမှ ထပ်မပြောတော့ပဲ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဤသည်က ယခုလောလောဆယ် တွေးဆနိုင်သော ခန့်မှန်းချက်တစ်ခုသာ ဖြစ်သော်လည်း တစ်ဖက်လူက ကောင်းကင်ဧကရာဇ် ဘွဲ့အမည်ကို ခံယူရဲခြင်းနှင့် စကြဝဠာ နိယာမ လမ်းစဉ်၏ ပြစ်ဒဏ်ကို မကြောက်ရွံ့ခြင်းတို့ကြောင့် ထိုအရာက တကယ် ဖြစ်နိုင်ပေသည်။
ဟင်းလင်းပြင်တစ်ခုလုံးအား လေးလံသော တိတ်ဆိတ်မှုက လွှမ်းခြုံသွား၏။ အချိန်မည်မျှကြာသွားသည်မသိ အရှေ့မြင်ကွင်း ဧကရာဇ်၏ ဘေးရှိ ဧကရာဇ်တစ်ပါးက စကားစလာသည်။
“ရှနိုင်ငံတော်မှာ ကောင်းကင်ဧကရာဇ် တစ်ပါး တကယ်ရှိနေရင် ကျုပ်တို့ ဘာလုပ်သင့်သလဲ။”
ကောင်းကင်ဧကရာဇ် တစ်ပါး တကယ် တည်ရှိနေလျှင်ပင် ကောင်းကင်ဧကရာဇ်၏ စွမ်းအား အပြည့်အဝ ပြန်မကောင်းသေးခြင်း ဖြစ်နိုင်သဖြင့် ယခု ခုခံမည်ဆိုပါက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော်... အကယ်၍ ယခု ခုခံလိုက်ပြီး ကောင်းကင်ဧကရာဇ်က နောင်တွင် သူ၏ စွမ်းအားများကို ပြန်လည် ရရှိသွားမည်ဆိုပါက အရှေ့မြင်ကွင်း နိုင်ငံသည် ဝမ်းနည်းဖွယ် အဆုံးသတ်နှင့် ကြုံတွေ့ရပေလိမ့်မည်။ ဤအခြေအနေက ရွေးချယ်ရန် ခက်ခဲလှသော လမ်းဆုံတစ်ခုလိုပင်။
အရှေ့မြင်ကွင်း ဧကရာဇ်က ချက်ချင်း ပြန်မဖြေချေ။ သူသည် ဟင်းလင်းပြင်ရှိ ရှနိုင်ငံတော်၏ ထူးဆန်းသော နတ်လှေများကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး အစောပိုင်းက ခံစားခဲ့ရသော အင်အားကြီးမားသည့် အငွေ့အသက်များကို ပြန်လည် သတိရမိကာ နောက်ဆုံးတွင် သက်ပြင်းကို မတတ်သာပဲ ချလိုက်သည်။
“ဒါလည်း ဖြစ်နိုင်တာပဲ။ ကျုပ်တို့ရဲ့ အင်အား လျော့ကျသွားနိုင်ပေမဲ့ အဲ့လိုဆိုရင်လည်း ဗဟိုကြယ်နယ်မြေကို သွားလို့ရတာပေါ့။”
ထိုသို့ပြောပြီးနောက် အရှေ့မြင်ကွင်း ဧကရာဇ်က ဟင်းလင်းပြင်ထဲသို့ အသံလွှင့်ကာ
“အရှေ့မြင်ကွင်း နိုင်ငံဟာ ရှနိုင်ငံတော်ကို လက်နက်ချဖို့ လိုလားပါတယ်။ အရှေ့မြင်ကွင်း နိုင်ငံက လူတွေကို ချမ်းသာပေးဖို့နဲ့ မလိုအပ်ပဲ သတ်ဖြတ်မှုတွေ မပြုလုပ်ဖို့ ကောင်းကင်ဧကရာဇ်ကို ကျုပ် တောင်းဆိုပါတယ်။”
သူ၏ အသံထဲတွင် နှိမ့်ချမှုနှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေသည်။
ကြယ်ဖျက်ယဉ်အတွင်း၌ ထိုင်နေသော လုချန်း၏ ကိုယ်ပွားက သတ်ဖြတ်ခြင်း စွမ်းအားကို အသုံးပြု၍
“ကောင်းပြီ”
ဟု ခပ်တိုးတိုး တုံ့ပြန်လိုက်သည်။
သတ်ဖြတ်ခြင်း စွမ်းအားများ ပါဝင်နေသော အသံလှိုင်းများသည် အရှေ့မြင်ကွင်း ဧကရာဇ်နှင့် အခြားသူများပေါ်သို့ ဖြတ်သန်းသွားသောအခါ သူတို့၏ မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်များ ချက်ချင်း ပေါ်လာခဲ့သည်။ ထိုစွမ်းအားသည် သူတို့၏ ရင်ထဲအထိ စိမ့်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဒါက သတ်ဖြတ်ခြင်း စွမ်းအားလား။
ရှနိုင်ငံတော်ရဲ့ ကောင်းကင်ဧကရာဇ်က တကယ်ပဲ သတ်ဖြတ်ခြင်းနဲ့ လမ်းစဉ်ကို သက်သေပြခဲ့တာလား။
မိုးနတ်မင်း...။
ကံကောင်းထောက်မစွာဖြင့် သူတို့ အလျင်အမြန် လက်နက်ချခဲ့သည်။ ရှနိုင်ငံတော်၏ ခေါင်းဆောင်က ကောင်းကင်ဧကရာဇ် မဟုတ်လျှင်ပင် သို့မဟုတ် ကောင်းကင်ဧကရာဇ်၏ အင်အား ပြန်မကောင်းသေးလျှင်ပင် သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြထားရုံမျှနှင့်ပင် လက်ရှိ အရှေ့မြင်ကွင်း နိုင်ငံအနေနှင့် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် ထိုကဲ့သို့သော ဧကရာဇ်မျိုးကို ရင်ဆိုင်ရန် လုံးဝ အဆင်သင့် မဖြစ်ခဲ့ကြချေ။
ထိုအခိုက်အတန့်တွင် အရှေ့မြင်ကွင်း နိုင်ငံမှ ဧကရာဇ် လေးပါး စိတ်သက်သာရာ ရသွားကြသော်လည်း မကြာမီမှာပင် မေးခွန်းတစ်ခုကို တွေးတောမိကြသည်။ အခြားနိုင်ငံတစ်နိုင်ငံကို သိမ်းပိုက်ရန် ပြင်ထားသည့် သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြထားသော ဧကရာဇ်အဆင့် တစ်ပါးသည် ထိုနိုင်ငံကို လက်နက်ချရန် တက်ကြွစွာ တိုက်တွန်းပြီးနောက် ထိုနိုင်ငံမှ လူများကို သတ်ဖြတ်ခြင်း မပြုရန် ကတိပေးပါ့မလား။
ဒါက ဖြစ်နိုင်ပါ့ မလား။
ထိုသူသည် သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြသူဖြစ်၏။
ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်သည် ရှနိုင်ငံတော်သို့ ဦးတည်လာစဉ်က တစ်လမ်းလုံး သတ်ဖြတ်မှုများ ပြုလုပ်လာခဲ့ပြီး မည်သည့်နိုင်ငံ၏ လက်နက်ချမှုကိုမှ လက်မခံခဲ့ချေ။ လက်နက်ချခဲ့သူများပင် ဆိုးရွားသော အကျိုးဆက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ဤအရာများကို တွေးတောရင်း အရှေ့မြင်ကွင်း ဧကရာဇ်တို့လူစု၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
ရှနိုင်ငံတော်သည် သူတို့အား လက်နက်ချရန် လှည့်ဖျားနေခြင်း ဖြစ်ကာ လက်နက်ချပြီးသည်နှင့် ရှစစ်တပ်က အရှေ့မြင်ကွင်း နိုင်ငံအတွင်းသို့ ဝင်ရောက်ကာ သတ်ဖြတ်မှုများ စတင်တော့မည်ဟု သူတို့ ယခု သံသယ ဝင်လာကြသည်။ ဤအတွေးသည် သူတို့၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့် စီးဆင်းသွား၏။
လူတိုင်း ထိုသို့ တွေးတောနေစဉ် ရှစစ်တပ်မှ အခြားသော ဧကရာဇ်တစ်ပါး သူတို့ရှေ့သို့ ရောက်လာပြီး
“ခင်ဗျားတို့ လက်နက်ချဖို့ ရွေးချယ်ခဲ့တာကြောင့် လက်နက်ချပွဲအတွက် သွားပြင်ဆင်ကြပါ။ ပြီးတော့ မင်းဆက်ကံစွမ်းအား အားလုံးကို ရှနိုင်ငံတော်ဆီ လွှဲပြောင်းပေးရမယ်။”
ထိုအရာကို ကြားလျှင် အရှေ့မြင်ကွင်း ဧကရာဇ် ခဏခန့် မှင်တက်သွားသည်။
လက်နက်ချပွဲနှင့် မင်းဆက်ကံစွမ်းအား အားလုံးကို ရှနိုင်ငံတော်သို့ လွှဲပြောင်းပေးရမှာလား။
ပုံမှန်အားဖြင့် မင်းဆက်ကံစွမ်းအားကို လွှဲပြောင်းရန် နည်းလမ်းနှစ်မျိုး ရှိသည်။ တစ်မျိုးမှာ ရှန်ယွဲ့နိုင်ငံကဲ့သို့ နိုင်ငံတစ်နိုင်ငံကို တိုက်ရိုက် ချေမှုန်းပစ်ခြင်း ဖြစ်၏။ သို့သော် ထိုနည်းလမ်း၌ သိသာထင်ရှားသော အားနည်းချက်တစ်ခု ရှိသည်။
နိုင်ငံတစ်နိုင်ငံကို တိုက်ရိုက် ချေမှုန်းရန် ရွေးချယ်မည်ဆိုပါက နိုင်ငံမှ လူများ သေဆုံးခြင်းနှင့်အတူ နိုင်ငံ၏ ကံစွမ်းအားပါ ပါသွားမည်ဖြစ်၏။ နိုင်ငံ ပျက်စီးပြီးသွားသောအခါ ကံစွမ်းအားလည်း များစွာ လျော့နည်းသွားမည် ဖြစ်သည်။
ထို့ကြောင့် အချို့သော နိုင်ငံများသည် နိုင်ငံတစ်နိုင်ငံကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ဦးစွာထိန်းချုပ်ရန်အတွက် ခြိမ်းခြောက်ခြင်း သို့မဟုတ် ဆွဲဆောင်ခြင်းနည်းလမ်းတို့ကို အသုံးပြုကြပြီး ထိုနိုင်ငံကို ဆန္ဒအလျောက် လက်နက်ချစေခြင်းဖြင့် ပို၍ ပြည့်စုံသော မင်းဆက်ကံစွမ်းအားကို ရယူကြသည်။
သို့သော်လည်း သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြသော ဧကရာဇ်များ၏ အဓိက ရည်ရွယ်ချက်ကတော့ မင်းဆက်ကံစွမ်းအား မဟုတ်ပေ။ သတ်ဖြတ်မှုများ ပို၍ ပြုလုပ်ရန်သာ ဖြစ်လေ့ရှိသည်။
ယခင် ရှန်ဝူ ဧကရာဇ်ကဲ့သို့ပင် ဖြစ်သည်။ သူသည် နေရာတိုင်းတွင် စစ်တိုက်ခဲ့သော်လည်း ထိုနိုင်ငံများ၏ လက်နက်ချမှုကို ဘယ်တော့မှ လက်မခံခဲ့ချေ။ ယခု ရှစစ်တပ်၏ ဧကရာဇ်အဆင့်က လက်နက်ချပွဲနှင့် မင်းဆက်ကံစွမ်းအား အားလုံးကို ပြင်ဆင်ရန် ပြောဆိုနေခြင်းက ရှနိုင်ငံတော်၏ ခေါင်းဆောင်သည် အရှေ့မြင်ကွင်း နိုင်ငံ၌ သတ်ဖြတ်မှုများ မပြုလုပ်လိုဟု ဖော်ပြနေသည်။
သို့သော်...
သတ်ဖြတ်မှုများထက် မင်းဆက်ကံစွမ်းအားကို ပို၍ ဦးစားပေးသော သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြသည့် ဧကရာဇ်တစ်ပါး ရှိနိုင်ပါ့မလား။
ဖြစ်နိုင်ပါ့မလား။
သတိပြန်ဝင်လာပြီးနောက် အရှေ့မြင်ကွင်း ဧကရာဇ်က
“ကောင်းကင်ဧကရာဇ်က သတ်ဖြတ်ခြင်းနဲ့ လမ်းစဉ်ကို သက်သေပြခဲ့တာ မဟုတ်ဘူးလား”
ဟု သတိထားကာ မေးလိုက်သည်။
ထိုမေးခွန်းကို ကြားလျှင် နဂါးတပ်ဖွဲ့မှ ဧကရာဇ်လည်း အရှေ့မြင်ကွင်း ဧကရာဇ်၏ အတွေးကို နားလည်သွားကာ
“ကျုပ်တို့ မင်းကြီးက သတ်ဖြတ်ခြင်းနဲ့ လမ်းစဉ်ကို သက်သေပြခဲ့တာ မှန်ပေမဲ့ သူရဲ့ ကျင့်စဉ်က မတူပါဘူး။ သူက အကြောင်းပြချက် မရှိပဲ သတ်ဖြတ်မှုတွေ မလုပ်ပါဘူး။ စိတ်ချပါ...သူက မင်းဆက်ကံစွမ်းအားကိုပဲ လိုချင်တာပါ”
ဟု ရှင်းပြလိုက်သည်။
“ကျုပ်တို့ ရှနိုင်ငံတော်အတွက်ကတော့ လူတွေ ပိုများများ လက်ခံရရှိလေလေ မင်းဆက်ကံစွမ်းအားက ပို၍ အားကောင်းလေလေပဲ။”
ဒါက...
နဂါးတပ်ဖွဲ့မှ ဧကရာဇ်၏ စကားများသည် သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြသော ဧကရာဇ်များအပေါ် အရှေ့မြင်ကွင်း ဧကရာဇ်၏ အမြင်ကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။ သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြသူတိုင်းသည် သတ်ဖြတ်ရန်သာ သိသော လူသတ်အရူးများဟု သူ ထင်မှတ်ခဲ့သော်လည်း မင်းဆက်ကံစွမ်းအားကို ပို၍ တန်ဖိုးထားသော သူမျိုးနှင့် တွေ့ဆုံရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။
ဤအရာက အလွန် ထူးဆန်းလှသည်။ သို့သော်လည်း တစ်ဖက်လူ၏ အမူအရာအရ လိမ်ညာနေခြင်း မဟုတ်ကြောင်း သိသာသည်။ သူတို့ဘက်၌ ရှိသော ဧကရာဇ် အရေအတွက်အရ အကယ်၍ သူတို့သာ အရှေ့မြင်ကွင်း နိုင်ငံမှ လူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုပါက စောင့်ဆိုင်းမနေပဲ ချက်ချင်း ဝင်ရောက် တိုက်ခိုက်မည်သာ ဖြစ်သည်။ သူတို့၏ အင်အားသည် ထိုသို့ ပြုလုပ်ရန် လုံလောက်နေပြီ ဖြစ်သည်။
ထိုအကြောင်းကို တွေးတောရင်း အရှေ့မြင်ကွင်း ဧကရာဇ်က အလျင်အမြန်ပင်
“ကောင်းပါပြီ။ ကောင်းပါပြီ။ ကျုပ် အခုပဲ လက်နက်ချပွဲအတွက် သွားပြင်ဆင်လိုက်ပါ့မယ်။”
ပြောပြီးသည်နှင့် အရှေ့မြင်ကွင်း ဧကရာဇ်သည် အာဏာလွှဲပြောင်းမှုများ လုပ်ဆောင်ရန် ဧကရာဇ်တစ်ပါးကို ထားရစ်ခဲ့ကာ ကျန်သော သူများသည် လက်နက်ချပွဲ ပြင်ဆင်ရန်အတွက် ဧကရာဇ်ကြယ်ဆီသို့ အလျင်အမြန် ပြန်သွားကြသည်။
အရှေ့မြင်ကွင်း နိုင်ငံပိုင် ကြယ်နယ်မြေ ရှနိုင်ငံတော်၏ ထိန်းချုပ်မှုအောက်သို့ အလျင်အမြန် ရောက်ရှိသွားပါက သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြသော ဧကရာဇ်အဆင့် တစ်ပါးပင်လျှင် အရှေ့မြင်ကွင်း နိုင်ငံမှ လူများကို စိတ်ထင်တိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်တော့မည် မဟုတ်ပေ။ ထိုအရာက လက်ရှိ အခြေအနေတွင် သူတို့ ရရှိနိုင်သော အကောင်းဆုံး ရလဒ် ဖြစ်သည်။
…………
အခန်း (၁၄၇၀ )
အင်အားကြီးထွားခွင့် မပေးသင့်သူ
အရှေ့မြင်ကွင်းနိုင်ငံ ရှနိုင်ငံထံ လက်နက်ချသွားပြီဟူသော သတင်းသည် တစ်လမပြည့်မီ အချိန်အတွင်း လင်ကျောက် မဟာကြယ်နယ်မြေစု တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ဤသတင်းသည် လေပြင်းမုန်တိုင်းတစ်ခုသဖွယ် ကြယ်နယ်မြေစုတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
ထိုအရာကို ကြားလျှင် လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ အင်ပါယာများ အစပိုင်းတွင် မယုံကြည်ခဲ့ကြပေ။ ရှနိုင်ငံတော်သည် မကြာသေးမီကပင် ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်ကို မရင်ဆိုင်ရဲသဖြင့် ထိုအပြာရောင် လိပ်ခွံအတွင်း ပုန်းအောင်းနေခဲ့သည်။ ရှန်ယွဲ့စစ်တပ် ထွက်ခွာသွားသည်မှာလည်း ဘာမှမကြာသေးပေ။
ယခုတော့ ရှနိုင်ငံတော်က နယ်မြေချဲ့ထွင်ရန် စစ်တပ်စေလွှတ်ရဲလာတာလား။
ဒါက ဖြစ်နိုင်ပါ့မလား။
ရှန်ယွဲ့နိုင်ငံ၏ စစ်တပ် ပြန်လည်ရောက်ရှိလာမှာကို သူတို့ မကြောက်ကြဘူးလား။
သို့သော် မကြာမီမှာပင် အဓိက အင်ပါယာကြီးများသည် သူတို့စေလွှတ်ထားသော သူလျှိုများထံမှ ထိုသတင်း အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။ သတင်းက အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် လူများ ပို၍ပင် မယုံကြည်နိုင် ဖြစ်ခဲ့ကြသည်။
လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းသို့ နယ်မြေချဲ့ထွင်ရန် ရှနိုင်ငံတော်အား မည်သည့်အရာက သတ္တိများ ပေးထားသနည်း။ ဤမေးခွန်းသည် လူများ၏ စိတ်ထဲ ကြီးမားသော စိုးရွံ့မှုတစ်ခု ဖြစ်စေခဲ့သည်။
လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းတွင် မဟာအင်အားကြီးနိုင်ငံ အမြောက်အမြား ရှိနေပြီး ထိုမဟာအင်အားကြီးနိုင်ငံများတွင် အနည်းဆုံး ဧကရာဇ်အဆင့် ဆယ်ပါးစီ ရှိကြကာ အချို့တွင် ဧကရာဇ်အဆင့်ကိုးများပင် ရှိကြသည်။
ရှနိုင်ငံတော်က အရှေ့မြင်ကွင်းနိုင်ငံကို သိမ်းပိုက်လိုက်ကြောင်း ကြားရပြီးနောက် လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ အင်ပါယာများမှ တုံ့ပြန်မှု အမျိုးမျိုး ရှိခဲ့ကြသည်။ အရှေ့မြင်ကွင်းနိုင်ငံနှင့် နီးကပ်သော အင်ပါယာများသည် သူတို့၏ စစ်တပ်များကို လျင်မြန်စွာ စုစည်းကာ အဓိက ကြယ်နယ်မြေများသို့ စေလွှတ်ခဲ့ပြီး ရှနိုင်ငံတော်၏ ကျူးကျော်မှုကို ခုခံရန် ပြင်ဆင်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် အချို့သော အင်ပါယာများကတော့ ရှနိုင်ငံတော်က အရှေ့မြင်ကွင်းနိုင်ငံကို သိမ်းပိုက်လိုက်ကြောင်း ကြားရသော်လည်း ရှနိုင်ငံတော်ကို အလေးအနက် မထားခဲ့ကြပေ။ အရှေ့မြင်ကွင်းနိုင်ငံသည် လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်း၌ အဆင့်နိမ့် နိုင်ငံတစ်နိုင်ငံအဖြစ်သာ သတ်မှတ်နိုင်ပြီး ဧကရာဇ်အဆင့် လေးပါးသာ ရှိကာ မည်သူမှလည်း အဆင့်ငါးထက် မကျော်ကြပေ။
ထိုကဲ့သို့သော နိုင်ငံမျိုးကို ရှနိုင်ငံတော်က အနိုင်ယူနိုင်ခြင်းက သိပ်မထူးဆန်းလှပေ။ ရှနိုင်ငံတော်၏ စစ်တပ်သည် ဗဟိုကြယ်နယ်မြေအတွင်းသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ သူတို့ ရင်ဆိုင်ရမည့် အင်ပါယာများ ပို၍ အားကောင်းလာမည် ဖြစ်သည်။ ရှနိုင်ငံတော်သာ ဆက်လက် နယ်မြေချဲ့ထွင်နေမည်ဆိုပါက အနှေးနှင့်အမြန်ဆိုသလို အခက်အခဲနှင့် ကြုံတွေ့ရပေလိမ့်မည်။
…….
ထျန်းလုနိုင်ငံ။
ထျန်းလုဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်ကာ ခန်းမအတွင်းရှိ ပုံရိပ်ယောင်များကို ကြည့်နေ၏။ ရေတွက်၍မရနိုင်သော နတ်လှေများကို မြင်လိုက်ရသောအခါ ထျန်းလုဧကရာဇ် ခပ်တိုးတိုး ရယ်မောလိုက်သည်။
ထိုယာဉ်များ၏ အရေအတွက် များပြားသော်လည်း သူ့အဖို့တော့ ခြိမ်းခြောက်မှုတစ်စုံတစ်ရာ မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ထျန်းလုဧကရာဇ်က
“သာမန် အဆင့်နိမ့် နိုင်ငံလေးတစ်နိုင်ငံက သူတို့ကို ကြောက်လန့်စေခဲ့တာပဲ”
ရေရွတ်လိုက်၏။
သူ၏ အသံတွင် မထီမဲ့မြင်လေသံ သက်သက်သာ ပါဝင်နေသည်။
ထိုအခိုက်အတန့်တွင် ဧကရာဇ်အဆင့် အမြောက်အမြားသည် ခန်းမမကြီးအတွင်း မတ်တပ်ရပ်နေကြသည်။ ရှနိုင်ငံတော်က အရှေ့မြင်ကွင်းနိုင်ငံကို သိမ်းပိုက်လိုက်ကြောင်း သိလိုက်ရသောအခါ ခန်းမသို့ သူတို့ ချက်ချင်း အပြေးအလွှား ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ မျက်နှာများတွင် စိုးရိမ်မှုနှင့် မျှော်လင့်ချက်တို့ ရောထွေးနေသည်။
ထိုစဉ် ခန်းမအတွင်းရှိ ဧကရာဇ်အဆင့်တစ်ပါးက
“မင်းကြီး... ရှနိုင်ငံတော်ရဲ့ နည်းဗျူဟာပုံစံ အတော်လေး ခိုင်မာတယ်လို့ ကျုပ် ကြားခဲ့ရပါတယ်။ ကျုပ်တို့ ရှနိုင်ငံတော်ကို တိုက်ခိုက်ပြီး အဲဒီနည်းဗျူဟာပုံစံကို ဘာလို့ သိမ်းမပိုက်ရမှာလဲ။”
သူ၏ မျက်လုံးထဲတွင် တပ်မက်မှု အရိပ်များ တဖျတ်ဖျတ် လက်နေသည်။
ထျန်းလုဧကရာဇ်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
“နည်းဗျူဟာပုံစံက အရမ်းခိုင်မာတယ်လို့ ပြောကြတယ်။ ရှန်ယွဲ့နိုင်ငံက အဆင့်ကိုးဧကရာဇ် နှစ်ပါးတောင် အဲ့ဒါကို မဖျက်ဆီးနိုင်ခဲ့တာကို ခင်ဗျားက သိမ်းပိုက်ချင်နေသေးတာလား။”
“အဲ့ဒါကို ဘယ်လိုများ သိမ်းပိုက်ဖို့ ခင်ဗျားစဉ်းစားထားသလဲဆိုတာ ကျုပ်ကို ပြောပြပါဦး။”
ထိုဧကရာဇ်အဆင့်က ချက်ချင်းပင် “နည်းဗျူဟာပုံစံက ခိုင်မာတယ်ဆိုပေမဲ့ ရှနိုင်ငံတော်ရဲ့ ဧကရာဇ် နည်းဗျူဟာပုံစံထဲကနေ ထွက်လာပြီလို့ ကျုပ် ကြားခဲ့ရပါတယ်။ အရှေ့မြင်ကွင်းနိုင်ငံကို သိမ်းပိုက်တုန်းက အဲ့ဒီဧကရာဇ် ရှိနေခဲ့ပါတယ်။”
ထိုအရာကို ကြားလျှင် ထျန်းလုဧကရာဇ် ခဏခန့် မှင်တက်သွားခဲ့သည်။
“ထွက်လာတယ် ဟုတ်လား”
လုချန်း နည်းဗျူဟာပုံစံအတွင်းမှ ထွက်လာပြီဆိုပါက တကယ်ပင် အကွက်ချ စီစဉ်နိုင်စရာ ရှိသည်။ သူသည် ခံစစ်တစ်ခုတည်းကိုသာ အားကိုးနေခြင်း မဟုတ်ပဲ ပြင်ပသို့ ချဲ့ထွင်ရန် ရည်ရွယ်ချက်လည်း ရှိနေသည်။
ထျန်းလုဧကရာဇ် စဉ်းစားခန်း ဝင်သွားပြီး ခဏအကြာတွင် သူက ဆက်လက်၍
“လုချန်းက ရှနိုင်ငံတော်ရဲ့ နည်းဗျူဟာပုံစံထဲကနေ တကယ် ထွက်လာသလားဆိုတာကို စုံစမ်းဖို့ လူတွေ ဆက်လွှတ်လိုက်ပါ။ ပြီးတော့ စုံစမ်းနေတုန်းမှာ သူတို့ သတိမပြုမိအောင် ဂရုစိုက်ပါ။”
“ဟုတ်ကဲ့ပါ မင်းကြီး။”
ထို့နောက် ထျန်းလုဧကရာဇ်သည် ခန်းမအတွင်းရှိ ပုံရိပ်ယောင်ကို တစ်ချက် ထပ်ကြည့်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပုံရိပ်ယောင်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ရှနိုင်ငံတော်နှင့် ပတ်သက်၍ ထျန်းလုဧကရာဇ် အလေးအနက် မထားခဲ့ပေ။ ရှနိုင်ငံတော်တွင် အလွန်ခိုင်မာသော နည်းဗျူဟာပုံစံ ရှိနေပြီး ထိုနည်းဗျူဟာပုံစံကို သူ မဖျက်ဆီးနိုင်လောက်ဟု သိထားသော်လည်း ရှနိုင်ငံတော်က သူတို့ကို တိုက်ရိုက် လာရောက် တိုက်ခိုက်မည်ဆိုပါက အခြေအနေက ကွဲပြားသွားပေလိမ့်မည်။
ရှနိုင်ငံတော်မှ မည်သူပင် ရောက်လာပါစေ သူ အကုန်လုံးကို သတ်ပစ်မည် ဖြစ်သည်။
ရှနိုင်ငံတော်၏ ကိစ္စရပ်များကို ဂရုမစိုက်တော့ရန် ထျန်းလုဧကရာဇ် တွေးတောလိုက်စဉ်မှာပင် ခန်းမအတွင်းသို့ အဖြူရောင် အလင်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး နောက်ထပ် ဧကရာဇ်အဆင့်တစ်ပါး ခန်းမအတွင်း ချက်ချင်း ပေါ်လာခဲ့သည်။ ထိုဧကရာဇ်အဆင့် ခန်းမအတွင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထျန်းလုဧကရာဇ်ကို
“မင်းကြီး... အရှေ့မြင်ကွင်းနိုင်ငံရဲ့ ကိစ္စရပ်တွေကို သိပြီးပြီလား”
ဟု အရေးတကြီးဖြစ်နေသော လေသံဖြင့်ချက်ချင်း မေးလိုက်သည်။
ထိုမေးခွန်းကို ကြားသောအခါ ထျန်းလုဧကရာဇ်က ခပ်တိုးတိုး ရယ်မောကာ
“အင်း... အဲ့ဒါတွေကို အရမ်း စိတ်ပူနေစရာ မလိုပါဘူး”
ထိုဧကရာဇ်အဆင့်က ဆက်လက်၍
“ရှနိုင်ငံတော်မှာ ကောင်းကင်ဧကရာဇ် တစ်ပါးရှိနေနိုင်တယ်လို့ သံသယရှိတဲ့ သတင်းကိုလည်း မင်းကြီး ကြားပြီးပြီလား။”
“ကောင်းကင်ဧကရာဇ်...”
ဤစကားလုံး နှစ်လုံးကို ကြားလိုက်ရသောအခါ ခန်းမအတွင်းရှိ အခြားသော ဧကရာဇ်အဆင့်အားလုံးလည်း သတင်းလာပို့သော ဧကရာဇ်အဆင့်ထံသို့ အာရုံရောက်သွားကြတော့၏။ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ထျန်းလုဧကရာဇ်ပင်လျှင် ကိုယ်ကို မတ်လိုက်မိသည်။ ခန်းမအတွင်းရှိ စိတ်ခံစားမှု လေထုလည်း ချက်ချင်းပင် လေးလံသွားခဲ့သည်။
ထျန်းလုဧကရာဇ် သတိဝင်လာပြီးနောက် မျက်ခုံးတွန့်ကာ
“မဖြစ်နိုင်တာ.....စကြဝဠာထဲက ဘယ်နေရာမှာ ကောင်းကင်ဧကရာဇ် ရှိနေလို့လဲ”
သူ၏ အသံထဲတွင် မယုံကြည်နိုင်မှုနှင့် သတိထားမှုတို့ ရောထွေးနေသည်။
သတင်းပို့သော ဧကရာဇ်အဆင့်က ဆက်လက်၍
“ကျုပ် ရရှိခဲ့တဲ့ သတင်းတွေအရ ရှနိုင်ငံတော်က အရှေ့မြင်ကွင်းနိုင်ငံကို မတိုက်ခိုက်ခင်မှာ ကောင်းကင်ဧကရာဇ်ဘွဲ့ကို သုံးပြီး အရှေ့မြင်ကွင်းနိုင်ငံကို လက်နက်ချဖို့ ဖိအားပေးခဲ့တာပါ။ ရှနိုင်ငံတော်မှာ ကောင်းကင်ဧကရာဇ် တစ်ပါးရှိတယ်လို့ ကြားလိုက်ရတော့ အရှေ့မြင်ကွင်းနိုင်ငံက မခုခံတော့ပဲ တိုက်ရိုက် လက်နက်ချဖို့ ရွေးချယ်ခဲ့တာပါ။ ဒါ့အပြင် အဲဒီ ကောင်းကင်ဧကရာဇ်ဆိုတဲ့ လူက သတ်ဖြတ်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းသူလို့လည်း သိရပါတယ်။”
အင်ပါယာတိုင်းတွင် အခြားအင်ပါယာများ၌ သူလျှိုများ ရှိကြပြီး အရှေ့မြင်ကွင်းနိုင်ငံကဲ့သို့ နိုင်ငံကြီးတွင်လည်း အခြားနိုင်ငံများမှ သူလျှိုများစွာ ရှိနေသည်။ ထိုကဲ့သို့သော သတင်းသည် ဖုံးကွယ်ထား၍ မရပဲ လျင်မြန်စွာ ပျံ့နှံ့သွားနိုင်သည်။ ထို့ပြင် ဤသတင်းသည် စကြဝဠာ၏ အခြေခံ အစီအစဉ်တကျဖြစ်မှုကိုပင် လှုပ်ခတ်သွားစေနိုင်သော သတင်းမျိုး ဖြစ်သည်။
အမှန်စင်စစ် လုချန်းကလည်း ဤအရာကို ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ကောင်းကင်ဧကရာဇ် ဟူသော ဘွဲ့အမည်ကို ထုတ်သုံးခြင်းသည် လူများကို ခြောက်လှန့်ရန်အတွက်သာ ဖြစ်သည်။
ကောင်းကင်ဧကရာဇ်ဘွဲ့ကို သုံးပြီး အချို့သော အင်ပါယာများကို တိုက်ရိုက် လက်နက်ချအောင် ခြောက်လှန့်နိုင်မည်ဆိုပါက သူ့အတွက် အချိန်များစွာ သက်သာစေမည် ဖြစ်သည်။ ထိုအချက်ကသာ သူ၏ ရည်ရွယ်ချက် အစစ်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ခန်းမအတွင်းရှိ ဧကရာဇ်အဆင့် အားလုံး တိတ်ဆိတ်သွားခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ဧကရာဇ် ဟူသော ဘွဲ့အမည်သည် မည်သူမှ ကိုယ့်ဘာကိုယ် မခေါ်ဝံ့သော ဘွဲ့အမည်
ဖြစ်သည်။
ရှနိုင်ငံတော်၏ ခေါင်းဆောင်က ကောင်းကင်ဧကရာဇ်အဖြစ် ဟန်ဆောင်ရဲပါ့မလား။
ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို မကြောက်ဘူးလား။
ဒါမှမဟုတ် ရှနိုင်ငံတော်မှာ တကယ်ပဲ ကောင်းကင်ဧကရာဇ် ရှိနေတာလား။
ထိုအချိန်တွင် ထျန်းလုဧကရာဇ်က ခပ်တိုးတိုး ရယ်မောကာ
“သူတို့မှာ ကောင်းကင်ဧကရာဇ် တစ်ပါးရှိတယ်လို့ ပြောတိုင်း အဲ့ဒါက အမှန်ဖြစ်မယ်လို့ မဆိုလိုပါဘူး။ ဒါက အားနည်းတဲ့ နိုင်ငံတွေကို ခြောက်လှန့်ဖို့ပဲ...ဒါပေမဲ့”
ဤနေရာတွင် ထျန်းလုဧကရာဇ်က စကားကို ခေတ္တရပ်လိုက်ပြီး
“ဒါပေမဲ့ သတ်ဖြတ်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းတယ်ဆိုတာကတော့ အတော်လေး ဖြစ်နိုင်ခြေ ရှိပုံရတယ်။”
ရှန်ဝူဧကရာဇ် ပြီးနောက် သတ်ဖြတ်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းသော အခြား ရှန်ယွဲ့ဧကရာဇ် တစ်ပါးလည်း ရှိခဲ့ပြီး ရှန်ယွဲ့ဧကရာဇ်သည် ရှန်ဝူဧကရာဇ်၏ သားဖြစ်သည်။ ရှန်ဝူဧကရာဇ်၏ သားတစ်ယောက်အနေနှင့် လုချန်းသည် ရှန်ဝူဧကရာဇ်၏ လမ်းစဉ်ကို ဆက်ခံရန်က မဖြစ်နိုင်သည် မဟုတ်ပေ။
သို့သော်လည်း ထျန်းလုဧကရာဇ် လုချန်းကို အလေးအနက် မထားသေးပေ။ လုချန်းသာ သတ်ဖြတ်ခြင်း လမ်းစဉ်ကို တကယ် လျှောက်လှမ်းနေလျှင်ပင် လုချန်း၏ လက်ရှိ ကျင့်စဉ်အဆင့်အရ သူနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
ထျန်းလုဧကရာဇ်က စဉ်းစားဟန်ဖြင့်
“ဒါပေမဲ့ ပြောရမယ်ဆိုရင်တော့... တကယ်လို့ လုချန်းသာ သတ်ဖြတ်ခြင်း လမ်းစဉ်ကို တကယ် လျှောက်လှမ်းနေတာဆိုရင် သူ ဆက်လက် မကြီးထွားလာအောင် တားရမှာပဲ။ သူ့ကို လွှတ်ထားလို့ မဖြစ်ဘူး။”
သတ်ဖြတ်ခြင်း ဧကရာဇ်တစ်ပါး အောင်မြင်သွားပြီဆိုပါက ထျန်းလုနိုင်ငံ ပျက်စီးရန် ကံဖန်လာပေလိမ့်မည်။ လက်ရှိတွင် လုချန်းသည် လမ်းစဉ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်တာ ကြာသေးပုံ မရပေ။
ထို့ကြောင့်ပင် သူ၏ အင်အားကို မြှင့်တင်ရန်အတွက် လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ အင်ပါယာများကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤအချက်က လုချန်း၏ လက်ရှိ အင်အား အကန့်အသတ်ရှိ နေကြောင်း ဖော်ပြနေသည်။
အကယ်၍ သတ်ဖြတ်ခြင်း ဧကရာဇ် လုချန်းသာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် သတ်ဖြတ်နေမည်ဆိုပါက သူ၏ အင်အားလည်း အဆပေါင်းများစွာ တိုးပွားလာမည် ဖြစ်သည်။ ထိုအချိန်ကျလျှင် ဧကရာဇ်အဆင့်ကိုးများပင်လျှင် သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
ဤအရာသည် ထျန်းလုဧကရာဇ်၏ အမြင်တွင် အမှန်တကယ်ပင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။ ရှနိုင်ငံတော်အတွင်း ကောင်းကင်ဧကရာဇ် တစ်ပါးရှိသည် ဟူသော ပြောဆိုချက်များနှင့် ပတ်သက်၍မူ ထျန်းလုဧကရာဇ်မှာ လုံးဝ မယုံကြည်နိုင် ဖြစ်နေသေးသည်။
သို့သော် သတ်ဖြတ်ခြင်း ဧကရာဇ်တစ်ပါး၏ ခြိမ်းခြောက်မှုကိုမူ သူ လျစ်လျူရှုထား၍ မရတော့ပေ။ ထိုအရာက ချက်ချင်း ကိုင်တွယ်ရမည့် ပြဿနာတစ်ရပ်ဟု သူယူဆလာတော့ သည်။