နတ်ဘုရားထောင်ချောက်ဓားဝိညာဉ်
Vol. 3 Ch. 254
ပြင်းထန်စွာ နာကျင်ပြီးမှ ခံစားရသည့် စိတ်ကြည်နူးမှုမှာ လူကို ပေါ့ပါး သွားစေလေသည်။ ဆန်းလျန်မှာ ပျော်ရွှင် နေလေသည်။ ရွှေရောင်လမ်းလေးမှ ဝိညာဉ် စွမ်းအားများကြောင့် ဆန်းလျန်မှာ သူ့ကိုယ်သူ နတ်ဘုရား တစ်ပါးအဖြစ် ပြောင်းလဲ သွားသည့် အလား ခံစား နေရလေသည်။
ပြီးပြည့်စုံခြင်းနှင့် လွတ်မြောက်ခြင်းကို အဆုံးစွန်ထိ ခံစားနေရလေသည်။ ကျင့်စဉ်လမ်း ပြီးဆုံးသည့် အဆင့်ရောက်ရှိကာ နတ်ဘုရား တစ်ပါး ဖြစ်ရခြင်းလောက် မည်သည့်အရာက ပျော်ရွှင်စရာ ကောင်းနိုင် ပါမည်နည်း။
ထိုအချိန်မှာပင် မိုးကောင်းကင် တေးသွားလေးကလည်း လေထဲတွင် ပျံ့လွင့် လာလေသည်။ ရွှေရောင်လမ်း၏ ဘေးတစ်ဖက် တစ်ချက်ဆီမှ သစ်ပင်များမှ ရွှေရောင်ပန်းများက ပွင့်လန်း လာလေသည်။ ပန်းလေးများမှာ ပင်လယ်ထဲတွင် မျောနေသကဲ့သို့ လေထဲတွင် လွင့်မျော နေကြလေသည်။ မိန်းမလှလေးများက ဆန်းလျန်ကို လက်ဝှေ့ယမ်း ပြနေသည့် အလား လှပလွန်းလေသည်။
အရားအားလုံးက အဆင်ပြေနေဆဲမှာပင်….
ရုတ်တရက်....
ရွှေရောင် ပန်းပွင့်လေးများကို မီးများလောင်ကျွမ်း သွားလေသည်။
ရွှေရောင် လမ်းလေး၏ ဘေးတစ်ဖက် တစ်ချက်ဆီမှ သစ်ပင်များ အားလုံးကိုလည်း မီးလောင်ကျွမ်း သွားလေသည်။ မိုးကောင်းကင် တေးသွားမှာ ဘီလူးဆိုင်းသံ အလား ကြမ်းတမ်းသည့် ဗုံသံ အဖြစ် ပြောင်းလဲသွားပြီး ဗုံသံကြမ်းလေ မီးများ ပိုမိုလောင်ကျွမ်း လာလေ ဖြစ်လေသည်။
ဆန်းလျန်၏ ပတ်ဝန်းကျင် တစ်ခုလုံးတွင် မီးများ အရှိန်အဟုန် ပြင်းစွာဖြင့် လောင်မြိုက် နေလေတော့သည်။
မီးညွန့်များက ဆန်းလျန်၏ တာအို ဝတ်ရုံကို လာရောက် လောင်မြိုက် ကြလေသည်။
ထို့နောက် ဆံပင်များ၊ မျက်ခုံးမွေးများနှင့် အသွေးအသားများ အားလုံးကိုပင် လောင်မြိုက် ကုန်တော့သည်။ ထူးခြား မွှေးပျံ့သည့် ရနံ့လေးမှာ ပျောက်ကွယ် သွားပြီး အသားများ တူးခြစ်သည့် ညှော်နံ့များ ထွက်လာ လေသည်။
သို့သော်.... ဆန်းလျန်ကတော့ အပြုံးမပျက်ပါ။ သူက လမ်းလေး အတိုင်း တည်ငြိမ်သည့် ခြေလှမ်းများဖြင့် ဆက်လျှောက် သွားလေသည်။
အဆုံးမရှိသည့် မီးပင်လယ်ထဲတွင် သူက ယုံကြည်မှု ရှိရှိဖြင့် လျှောက်လှမ်း နေလေသည်။
နောက်ဆုံးတွင်တော့ အနက်ရောင် အလင်းတန်း တစ်ခုပေါ်လာပြီး မိုးများ ရွာချ လာလေသည်။ ခဏအတွင်းမှာပင် မီးပင်လယ် တစ်ခုလုံးမှ မီးများ ငြိမ်းသွားရလေသည်။
မီးနှင့်ရေ ပေါင်းစပ်ပြီး တိုက်စားမှုကြောင့် ဆန်းလျန်၏ အသားအရေမှာ ယခင်ကထက်ပင် ဖြူစင် လှပ လာလေသည်။
ရေကမီးကို ထိန်းချုပ် လိုက်သည့် နောက်ပိုင်း ပတ်ဝန်းကျင်တွင် မီးစွမ်းအားများ ကျန်ရစ် ခဲ့လေသည်။ ထိုစွမ်းအားများကို ဆန်းလျန်က စုပ်ယူပြီး သူ၏ တန်ခိုးစွမ်းအားကို ဖြည့်ဆည်း လိုက်သည်။
အရှေ့ဆီတွင် မြူခိုးများက ကာဆီး ထားဆဲ ဖြစ်လေသည်။
ရုတ်တရက်… မြူခိုးငွေ့များ ပို၍ သိပ်သည်းစွာ ကျလာပြီး ကောင်းကင်ထက်တွင် လျှပ်စီး တစ်ချက် လက်သွားလေသည်။ ထိုလျှပ်စီးမှာ ဓားဝိညာဉ် တစ်ခု ဖြစ်လေသည်။ ယင်စွမ်းအားများ ပြင်းထန်စွာ ပါဝင်ပြီး အလွန် ကြောက်စရာ ကောင်းသည့် ဓားဝိညာဉ် ဖြစ်လေသည်။ ဓားဝိညာဉ်မှာ ကျောက်စိမ်းသား ကဲ့သို့ မာကျောပြီး ရေကဲ့သို့ ကြည်လင် နေလေသည်။
ထိုဓားဝိညာဉ်သည် ဆန်းလျန်ဆီသို့ အရှိန်ဖြင့် ဝင်ရောက် လာလေသည်။
ဓားဝိညာဉ်မှာ အလွန်အမင်း ထက်ရှနေပြီး သတ်ဖြတ်လိုသည့် အငွေ့အသက် များလည်း ပြင်းထန် နေလေသည်။ ဓားဝိညာဉ်က ဆန်းလျန်နှင့် တဖြည်းဖြည်း နီးကပ် လာလေသည်။ ထိုဓားဝိညာဉ်မှာ ဓားတောင်နှင့် မီးပင်လယ် များကဲ့သို့ ပုံရိပ်ယောင် မဟုတ်ဘဲ ဓားဝိညာဉ် အစစ်တစ်ခု ဖြစ်လေသည်။ ထိုဓားဝိညာဉ်ဖြင့်သာ တိုက်ခိုက် ခံရပါက ဒဏ်ရာ ပြင်းထန်စွာ ရမည်မှာ မလွဲဧကန်ပင်။
ဆရာ ဘိုးဘိုးယွမ်ချင်း၏ ဓားဝိညာဉ် ထက်ပင် ကြောက်စရာ ကောင်းနေသေးသည်။
ယင်စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ဓားဝိညာဉ်သည် မိုးကောင်းကင်မှ နတ်ဘုရားများ အားလုံးကို နတ်သက်ခြွေ နိုင်စွမ်း ရှိလေသည်။
ဆန်းလျန်သည် သူ့နေရာတွင် ရပ်မြဲ ရပ်နေလေသည်။
သူ၏ ဦးခေါင်းထက်တွင် နဂါးငွေ့တန်း ပုံရိပ်တစ်ခု ဖြစ်တည် လာလေသည်။ ဆန်းလျန်က ဝိညာဉ် စွမ်းအားကို အသုံးပြုကာ နဂါးငွေ့တန်း ဓားသိုင်းနှင့် နတ်သက်ခြွေ ဓားသိုင်းကို ပေါင်းစပ်ပြီး ဖန်ဆင်း လိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန် ဖန်ဆင်းထားသည့် နဂါးငွေ့တန်းသည် ဓားဝိညာဉ်ဖြင့် ရိုက်ခတ် သွားလေသည်။ နဂါးငွေ့တန်း၏ မူလမှာ မပျက်စီးနိုင်သည့် ကောင်းကင် မြစ်တစ်စင်း ဖြစ်လေသည်။ သို့သော် ဆန်းလျန် ဖန်ဆင်းထားသည့် နဂါးငွေ့တန်းသည် ဓားဝိညာဉ်ဖြင့် ထိခတ်မိသည်နှင့် အပိုင်းပိုင်း အစစ ပျက်စီး သွားလေသည်။
နဂါးငွေ့တန်းမှာ ဆန်းလျန်၏ ဝိညာဉ် စွမ်းအားဖြင့် ဖန်ဆင်းထားခြင်း ဖြစ်သည့် အတွက် တည်ငြိမ်သည့် အရံအတား တစ်ခုဖြစ်လေသည်။ သို့သော် ယခုတော့ ဆန်းလျန်၏ ဝိညာဉ် စွမ်းအားများမှာ တစ်စစီ ပိုင်းဖြတ် ခံလိုက်ရလေပြီ။ ထို့ပြင် ဓားဝိညာဉ်သည် သူ၏ ဝိညာဉ် အတွင်းသို့ပင် ဝင်ရောက် လာလေသည်။
သို့သော် နဂါးငွေ့တန်း ဓားသိုင်းမှာ ဟန်ပြကာ ကွယ်သည့် အရံအတားသာ ဖြစ်ပြီး ဓားဝိညာဉ်ကို တကယ်တမ်း တိုက်ခိုက် လိုက်သည်က ဆန်းလျန်၏ ဝိညာဉ် တစ်နေရာတွင် ပုန်းအောင်းနေသည့် ဆရာ ဘိုးဘိုးယွမ်ချင်း၏ ဓားဝိညာဉ်ပင် ဖြစ်လေသည်။
သို့သော် ဓားဝိညာဉ်မှာ ဆန်းလျန်၏ ဝိညာဉ်အတွင်းသို့ စီးဆင်း ဝင်ရောက်လာသည်နှင့် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ ဆန်းလျန် ပုံဖော်လေ့ရှိသည့် နတ်ဘုရား ပုံရိပ်သည် ဆန်းလျန်၏ နှလုံးသားထဲမှ ပေါ်ထွက် လာလေသည်။ ဓားဝိညာဉ်က ဆန်းလျန်၏ နှလုံးသားကို ထိုးစိုက် ချလိုက်သည့် အခါတွင်တော့ ထိုနတ်ဘုရားပုံမှာ မာကျောသွားပြီး ဆန်းလျန်၏ နှလုံးသားကို ကာကွယ် ပေးထားကာ ဓားဝိညာဉ်ကို စုပ်ယူ လိုက်လေသည်။ သို့သော် ထိုနတ်ဘုရားသည် အစစ်အမှန် မဟုတ်ပေ။
ဝိညာဉ်လောကထဲမှ ပြင်ပကမ္ဘာသို့ ဆန်းလျန် ပြန်လည် ရောက်ရှိ လာလေသည်။
သို့သော်….
သူ့မျက်စိရှေ့တွင် မြင်တွေ့ လိုက်ရသည့် မင်ဝမ်ဝတ် ကျောင်းတော်၏ မြင်ကွင်းကြောင့် များစွာ တုန်လှုပ် သွားရလေသည်။
ရှေးဟောင်း ကျောင်းတော်ကြီးမှာ ဓားချက် တစ်ချက်ဖြင့် ခုတ်ပိုင်းခံထားရပြီး နှစ်ခြမ်း ကွဲထွက် နေလေသည်။ “မင်ဝမ် ဝတ်ကျောင်းတော်” ဆိုသည့် ဆိုင်းဘုတ်မှာ အရောင်မှိန်ကာ မည်းမှောင် နေလေသည်။ ဝတ်ကျောင်းတော်သည် တရားဓမ္မကို ဆုံးရှုံးခဲ့လေပြီ။
ဆန်းလျန်မှာ သူ့မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေရလေသည်။
မည်ကဲ့သို့သော ဓားတန်ခိုးရှင်က မင်ဝမ် ဝတ်ကျောင်းတော်ကို နှစ်ပိုင်း ပိုင်းလိုက် နိုင်ရပါသနည်း။ မင်ဝမ် ဝတ်ကျောင်းတော်မှာ ဗုဒ္ဓဘာသာ၏ အထွတ်အမြတ် နေရာ ဖြစ်လေသည်။ လောကတွင် ရှေးအကျဆုံး ဝတ်ကျောင်းတော်ကြီး တစ်ခုဖြစ်လေသည်။
ဆန်းလျန်ရင်ထဲတွင် နားမလည် နိုင်ခြင်းများစွာ ပြည့်နှက်လို့ နေလေသည်။
သူတောင်ပေါ် တက်လာစဉ်က တောင်ပေါ်မှ ကျောက်တုံးကြီး တစ်တုံး ပြိုကျနေပြီး တိုက်ပွဲ တစ်ခု ဖြစ်ခဲ့သည့် လက္ခဏာမျိုး မြင်တွေ့ခဲ့ရလေသည်။ သို့သော် ထိုတိုက်ပွဲကို တိုက်ခိုက်သူက မင်ဝမ် ဝတ်ကျောင်းတော်ကို နှစ်ပိုင်း ပိုင်းလိုက်သူ မဖြစ်နိုင်ပေ။ တိုက်ပွဲကို တိုက်ခိုက်သည့်လူမှာ အခြားသော တန်ခိုးစွမ်းအားကို အသုံးပြုထားခြင်း ဖြစ်ပြီး ဓားဖြင့် တိုက်ခိုက်သည့် တိုက်ပွဲ မဟုတ်ပေ။
အနည်းဆုံးတော့ တန်ခိုးရှင် နှစ်ပါး ဖြစ်ရမည် ဖြစ်သည်။
တစ်ဦးက တောင်ကိုဖြိုပြီး တိုက်ပွဲကို ပြုလုပ်သည့်သူ ဖြစ်ပြီး နောက်တစ်ဦးကတော့ ဝတ်ကျောင်းတော်ကို ဓားဖြင့် နှစ်ပိုင်းပိုင်းသူ ဖြစ်လေသည်။ သူတို့နှစ်ယောက်မှာ တစ်ယောက်တည်း မဖြစ်နိုင်ပေ။
အဘယ်ကြောင့် ဆိုသော် တောင်ကို ဖြိုခဲ့သူ၏ တန်ခိုးစွမ်းအားနှင့် ကျောင်းတော်ကို နှစ်ပိုင်း ပိုင်းလိုက်သည့် ဓားတန်ခိုးရှင်၏ တန်ခိုးစွမ်းအားမှာ တူညီခြင်း မရှိသည့် အတွက် ဖြစ်လေသည်။
အကယ်၍ တစ်ယောက်တည်းသာ ဖြစ်ခဲ့မည် ဆိုလျှင်တော့ အလွန်မှ ကြောက်စရာ ကောင်းသူ တစ်ယောက် ဖြစ်မည်မှာ အသေအချာပင်။
ထို့ပြင် ကျောင်းတော်ကို နှစ်ပိုင်းပိုင်းလိုက်သည့် ဓားချက်မှ ကျန်ရစ်ခဲ့သည့် ဓားဝိညာဉ် သည်ပင်လျှင် ဆန်းလျန်ကို ဒဏ်ရာ အပြင်းအထန် ရသည်အထိ တိုက်ခိုက် နိုင်စွမ်း ရှိခဲ့လေသည်။ ဤသည်ကို ကြည့်ခြင်း အားဖြင့် ထိုဓားတန်ခိုးရှင်သည် သာမန် လောက နတ်ဘုရား တစ်ပါး မည်သို့မျှ မဖြစ်နိုင်ပေ။
မင်ဝမ်ဝတ် ကျောင်းတော် တစ်ခုလုံးသည် သုဿန် တစ်စပြင်အလား ခြောက်သွေ့ နေလေသည်။
ဆန်းလျန်မှာ ကျောင်းတော် အတွင်းသို့ မဝင်ခင်မှာပင် ပျက်စီးနေသည့် ကျောင်းတော်ကြီးကို ငေးကြည့် နေမိလေသည်။ ဆရာတော် ပေါင်းများစွာ အသက်ဆုံးရှုံး ပျံလွန်တော် မူခဲ့ရပြီဟု သူတွေးနေမိသည်။
သူက တရားရှာဖွေရန် လာခဲ့ခြင်း ဖြစ်လေသည်။ သို့သော် တရားကို သင်ပြပေးနိုင်ရာ မင်ဝမ် ဝတ်ကျောင်းတော်က ပျက်စီး နေခဲ့လေပြီ။
“မင်း အံ့သြနေတာလား၊ ဟွေခဲ့ ဆရာတော်က မဟာကျားရဲ့ ကိုယ်တော်ကြီးရဲ့ ဓားပညာကို အောင်မြင် ထားတဲ့သူပဲ၊ သူက ဓားတစ်လက်တည်းနဲ့ မြစ်တစ်စင်းကိုတောင် နှစ်ပိုင်းခွဲနိုင်တယ်၊ လောကမှ ကျော်ကြားတဲ့ နတ်မိစ္ဆာဘုရင် ခေါင်းကိုးလုံး မင်းကြီးလောက်တော့ သူက အသာလေး အနိုင်ယူနိုင်တယ်၊ ဒါပေမဲ့… သူက ဓားချက် တစ်ချက်တည်းနဲ့ ဒဏ်ရာရသွား ဝိညာဉ် မြစ်ရေထဲကို ခုန်ချပြီး လွတ်မြောက် သွားခဲ့တယ်၊ ဒီလိုဖြစ်လာမယ်လို့ တွေးတောင် တွေးမကြည့်ခဲ့မိဘူး”
အသံတစ်သံက ဆန်းလျန်နားထဲသို့ ဝင်ရောက် လာလေသည်။
ဆန်းလျန်က အသံလာရာသို့ လှည့်ကြည့် လိုက်သည်။
အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သွေးနီရောင် ပလ္လင်ထက်တွင် ထိုင်နေသည့် လူငယ် တစ်ယောက်ကို တွေ့ရလေသည်။ ထိုလူငယ်က လေထဲတွင် တည်ရှိနေခြင်း ဖြစ်လေသည်။
ထိုလူငယ်က ဆန်းလျန်ကို စိုက်ကြည့် နေလေသည်။ သူ့မျက်ဝန်းတွင် လှိုင်းဂယက်များ ထနေလေသည်။ သူ့မျက်ဝန်းထဲမှ အပြုံးကို ဖုံးကွယ်၍ မရနိုင်ပေ။
သူက ဆန်းလျန်ကို ပြုံးပြလိုက်သည်။
ဆန်းလျန်ကလည်း သူ့ကို ပြန်ပြုံးပြ လိုက်လေသည်။
“တိုင်းတစ်ပါးမှာ သူငယ်ချင်းဟောင်းနဲ့ မထင်မှတ်ဘဲ ပြန်ဆုံရပြီ” ဆိုသည့် စကားပုံ အတိုင်းပင် ဖြစ်လေသည်။
ဆန်းလျန် လေထဲသို့ ခုန်ဝင်လိုက်သည်။ ယင်စွမ်းအားများ၏ လှုပ်ခတ်သံများ သူ့နားထဲတွင် ကြားနေရလေသည်။
“အစ်ကိုရဲ့လျိုယွင်၊ မတွေ့ရတာ နှစ်တွေ ဘယ်လောက်တောင် ကြာနေပြီလဲ”
ဆန်းလျန်က တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
ရဲ့လျိုယွင်က ဆန်းလျန်ကို မော့ကြည့် လိုက်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်က အတိုင်း ဆန်းလျန်သည် ငယ်ရွယ် ချောမောနေဆဲ ဖြစ်လေသည်။ ဆန်းလျန် လေပေါ်တွင် ရပ်တန့် နေသည်မှာ နတ်ဘုရား တစ်ပါးနှင့်ပင် ဆင်တူ လှသည်။
ရဲ့လျိုယွင်ကု ခေါင်းကို အသာ ညိတ်ပြလိုက်သည်။
ထို့နောက် ရဲ့လျိုယွင်က ဝတ်ကျောင်းတော်ကို နှစ်ပိုင်းပိုင်းထားသည့် ဓားချက်ကို လှမ်းကြည့် လိုက်လေသည်။ သူက ထိုဓားချက်ထဲတွင် ရှိနေသည့် ဓားဝိညာဉ်ကို ပြန်လည် အမှတ်ရ လိုက်မိသည်။
ဝတ်ကျောင်းတော်ကို နှစ်ပိုင်း ပိုင်းလိုက်သည့် ဓားချက်ထဲမှ ဓားဝိညာဉ်မှာ ပျောက်ဆုံးနေပြီ ဖြစ်လေသည်။
“ဆန်းလျန်၊ မင်းက တကယ့်ကို ထူးဆန်းတဲ့သူပဲ၊ နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်ကို မင်းဘယ်လိုလုပ် စုပ်ယူ လိုက်နိုင်တာလဲ”
ရဲ့လျိုယွင်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
ဓားဝိညာဉ်ကို သူ၏ ဝိညာဉ်စွမ်းအားက စုပ်ယူလိုက်သည်ကို ဆန်းလျန်လည်း ရိပ်မိ လိုက်လေသည်။ သို့သော် ဆန်းလျန် ကိုယ်တိုင်လည်း ထိုအချက်ကို သိပ်ပြီး နားလည်ခြင်း မရှိပေ။
“ငါလည်း သိပ်နားမလည်ပါဘူး၊ ဖြစ်နိုင်ချေကိုတော့ ရိပ်မိပေမယ့် မင်းကိုတော့ ပြောပြလို့ မဖြစ်သေးလို့ ခွင့်လွှတ် ပေးပါဦးကွာ”
ဆန်းလျန်က ပြန်ပြော လိုက်လေသည်။
ဆန်းလျန်အနေဖြင့် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ် အကြောင်းကို မည်သူ့ကိုမှ ပြောပြလိုခြင်း မရှိသေးပေ။
***