အခန်း (၆၂၂-၆၂၄)
Vol. 42 Ch. 622-624
အခန်း (၆၂၂) - နဂါးမျိုးနွယ် အစောင့်အရှောက်
~အဖြူရောင် အလင်းတန်း တစ်ချက် လက်ဖြာသွားပြီးနောက် နေရာလပ်ကြီး တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဖျက်ဆီးအားပြင်းသော စွမ်းအင်များသည် အစအနမကျန် ပျောက်ကွယ်သွားပြီး ကျိန်စာ၏ စွမ်းအားများလည်း ပျောက်ကွယ်သွားသည်။
အဖြူရောင် အလင်းတန်းသည် လျှပ်စီးကြောင်း တစ်ခုကဲ့သို့ ဖြတ်သန်းသွားပြီး ဘာမှ မကျန်ရစ်ခဲ့ပေ။
အလွန် ထူးဆန်းလှသည်။
ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် မယုံနိုင်မှုများ အထင်းသား ပေါ်လွင်နေပြီး ဘာဖြစ်သွားမှန်း မသိဘဲ ဖြစ်နေ၏။
အဖြူရောင် အလင်းတန်းက ဘာလဲဆိုတာ မသိသော်လည်း ဖုန်းဝူချန် သေချာပေါက် ပြောနိုင်သည်မှာ ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားသည် ဒုတိယသခင်လေး ( တပ်မှူးလေး )ထက် များစွာ သာလွန်နေကြောင်းပင် ဖြစ်၏။
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မျက်နှာပေါ်တွင် အစွမ်းထက် ရန်သူတော်ကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
ဒုတိယသခင်လေး ( တပ်မှူးလေး ) တစ်စုံတစ်ခုကို သိနေပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူ ကြောက်လွန်းသဖြင့် တုန်ယင်နေသောကြောင့် ဖြစ်၏။
ဒုတိယသခင်လေး ( တပ်မှူးလေး )ကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားပိုင်ရှင်ကို ကြောက်ရွံ့သွားစေနိုင်သည့် ပုဂ္ဂိုလ်မျိုးသည် တိုက်ကြီးပေါ်တွင် လက်ချိုးရေ၍ ရနိုင်လောက်သည်။
“ဘယ်သူလဲ... ထွက်ခဲ့စမ်း...”
ဒုတိယသခင်လေး ( တပ်မှူးလေး ) မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။ သူ့မျက်နှာထား အလွန် လေးနက်နေ၏။
နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ ရှိပြီး တိုက်ခိုက်စွမ်းရည်က သတ္တမအလွှာကို ကျော်လွန်နေသော သူပင်လျှင် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်၏ အရှိန်အဝါကို အာရုံခံနိုင်ခြင်း မရှိပေ။
ဒါကို ကြည့်ခြင်းအားဖြင့် ထိုပုဂ္ဂိုလ်၏ ကျင့်ကြံခြင်းအဆင့်သည် ဒုတိယသခင်လေး ( တပ်မှူးလေး )ထက် များစွာ သာလွန်နေကြောင်း ထင်ရှားလှပေ၏။
ဒုတိယသခင်လေး ( တပ်မှူးလေး ) အော်ဟစ်ပြီးသည်နှင့် နဂါးနတ်ဘုရား နန်းတော် အတွင်း၌ ဖုန်းကျိန့်ရှုံး နှင့် အခြားသူများသည် ဘယ်နေရာကမှန်းမသိ ရုတ်တရက် ပြန်လည် ပေါ်ထွက်လာကြ၏။ မျက်လှည့်ပြလိုက်သကဲ့သို့ပင်။
“ဖေဖေ... မေမေ... ရှောင်ရှောင်...”
ဖုန်းဝူချန် မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြဝမ်းသာ ဖြစ်သွားသည်။
ဘာဖြစ်သွားမှန်း မသိသော်လည်း နဂါးနတ်ဘုရား နန်းတော်မှ လူများ အသက်ရှင်နေသေးကြောင်း ဖုန်းဝူချန် သေချာသွားခဲ့ပြီ ဖြစ်၏။
“မဖြစ်နိုင်ဘူး... သူတို့ အသက်ရှင်နေသေးတယ်...”
ဒုတိယသခင်လေး ( တပ်မှူးလေး ) မယုံနိုင်သလို ရေရွတ်လိုက်သည်။ သူ့မျက်နှာ အနည်းငယ် တောင့်တင်းသွား၏။
ခုနက ဖျက်ဆီးအားပြင်းသော စွမ်းအင်များသည် နဂါးနတ်ဘုရား နန်းတော်မှ လူများကို သာမက ဝူကျိနယ်မြေ တစ်ခုလုံးကိုပါ ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ သို့သော် နဂါးနတ်ဘုရား နန်းတော်မှ လူများသည် ရှင်းပြ၍ မရနိုင်လောက်အောင် အသက်ရှင် လွတ်မြောက်ခဲ့ကြ၏။
“မဖြစ်နိုင်ဘူးမလား...”
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ထပ်မံ ပေါ်လာပြန်သည်။
နဂါးနတ်ဘုရား နန်းတော်မှ လူများသည် ဝမ်းသာအားရ ခုန်ပေါက်နေကြသော်လည်း နားမလည်နိုင်မှုများလည်း ပြည့်နှက်နေကြ၏။
“ခုနက ကောင်းကင်ကြီး ဘာဖြစ်သွားတာလဲ... ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ...”
“ငါတို့ အကုန် သေကုန်ပြီ ထင်နေတာ... ဒုတိယသခင်လေး ( တပ်မှူးလေး )ရဲ့ စွမ်းအားတွေ ပျံ့နှံ့လာတော့ ကောင်းကင်ကြီး ပျောက်သွားတာ...”
“ဘာဖြစ်သွားတာလဲ... ကောင်းကင်ကြီး ပြန်ပေါ်လာပြီ...”
နဂါးနတ်ဘုရား နန်းတော်မှ လူများသည် လုံးဝ နားမလည်နိုင် ဖြစ်နေကြ၏။
သို့သော် ချီယွမ် ၊ ကျန်းဝူဖုန်း နှင့် အခြားသူများ၏ မျက်နှာထားများမှာမူ ထိတ်လန့်နေကြပြီး တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည့်အလား ဖြစ်နေကြ၏။
“နန်းတော်သခင် အဖမ်းမခံလိုက်ရဘူး...”
နန်းကုန်းကျန့် က စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီး လေထုထဲသို့ လက်ညှိုးထိုးပြလိုက်သည်။
“အစ်ကိုကြီးဖုန်း...”
လျိုချင်းယန် က ဝမ်းသာအားရ အော်ခေါ်လိုက်သည်။
“တော်သေးတာပေါ့...”
ဖုန်းဝူချန် အဖမ်းမခံလိုက်ရသည်ကို တွေ့သောအခါ ဖုန်းကျိန့်ရှုံး ၊ ရှောင်ချင်းချင်း နှင့် အခြားသူများ စိတ်အေးသွားကြ၏။
ကောင်းကင်ကြီး ရုတ်တရက် ပျောက်ကွယ်သွားခြင်း၊ ပြိုကျနေသော မည်းမှောင်သည့် ကောင်းကင်ကြီးကို မမြင်ရတော့ခြင်းနှင့် ဖုန်းဝူချန်၏ ပုံရိပ်ကို မတွေ့ရခြင်းတို့ကြောင့် သူတို့ အလွန် စိုးရိမ်ပူပန်နေခဲ့ကြ၏။
“ဒါ ဘာကြီးလဲ...”
လေထုထဲတွင် ရပ်နေသော ရာချီသည့် ဝိညာဉ် ခန္ဓာကိုယ်များကို မြင်သောအခါ ယီထျန်းချင်း ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ဝိညာဉ် ခန္ဓာကိုယ်တွေ...”
ကျန်းဝူဟန် နှင့် အခြားသူများ အံ့သြသွားကြ၏။
ကျန်းဝူဖုန်း က ထိတ်လန့်တကြား အော်ပြောလိုက်သည်။
“ဒီလောက် အစွမ်းထက်တဲ့ ဝိညာဉ် ခန္ဓာကိုယ်တွေ ဘယ်က ရောက်လာတာလဲ...”
“ကြောက်စရာကောင်းလိုက်တဲ့ ဝိညာဉ် ခန္ဓာကိုယ်တွေ... ဒါဇင်နဲ့ချီက နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့်တွေ... ကျန်တဲ့လူတွေ အကုန်လုံးက ထျန်းကျီဘုံ အဆင့်တွေ...”
ချီယွမ် လည်း မနေနိုင်တော့ဘဲ အံ့သြတကြီး ပြောလိုက်သည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုသည် အင်မော်တယ် လက်နက် စံအိမ် (၁၀) ခု ပေါင်းထားသည်ထက်ပင် သာလွန်နေ၏။ နဂါးနတ်ဘုရား နန်းတော်မှ လူများသည် ကြောက်လွန်းသဖြင့် ရင်ထဲအသည်းထဲ တုန်နေကြပြီး မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။
ဤ ဝိညာဉ် ခန္ဓာကိုယ်များ ဘယ်က ရောက်လာမှန်း မည်သူမျှ မသိကြပေ။
“ရွှီး...”
လင်ရှောင်ရှောင် သည် မျက်စိတစ်မှိတ်အတွင်း ပြေးဝင်သွားပြီး ဖုန်းဝူချန်၏ ရှေ့တွင် ရပ်ကာ ဒုတိယသခင်လေး ( တပ်မှူးလေး )ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ဖုန်းကျိန့်ရှုံး နှင့် နဂါးနတ်ဘုရား နန်းတော်မှ လူများ၊ ချီယွမ် နှင့် အဖွဲ့သားများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပျံသန်းရောက်ရှိလာကြ၏။
“အစ်ကိုကြီးဖုန်း... အဆင်ပြေရဲ့လား...”
လင်ရှောင်ရှောင် က စိုးရိမ်တကြီး မေးလိုက်သည်။
“အဆင်ပြေပါတယ်... ကံကောင်းလို့ ဒီ ဝိညာဉ် ခန္ဓာကိုယ်တွေ ရှိနေလို့... မဟုတ်ရင် အဖမ်းခံလိုက်ရလောက်ပြီ...”
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ရင်ထဲမှ ဝမ်းသာပီတိကို ဖိနှိပ်ထားလိုက်သည်။
နဂါးနတ်ဘုရား နန်းတော်မှ လူများ အသက်ရှင်နေသေးသည်ကို မြင်ရမှ စိတ်အေးသွားရသည်။
“အစ်ကိုကြီးဖုန်း... ဒီ ဝိညာဉ် ခန္ဓာကိုယ်တွေက ဘာလဲ...”
လင်ရှောင်ရှောင် က သိချင်စိတ်ဖြင့် မေးလိုက်သည်။ လူတိုင်း၏ အကြည့်များသည် ဖုန်းဝူချန် ထံသို့ ရောက်ရှိလာကြ၏။
“သားဝူချန်... ဘာလို့ ဒီ ဝိညာဉ် ခန္ဓာကိုယ်တွေက မလှုပ်ရှားကြတာလဲ...”
ရှောင်ချင်းချင်း က အံ့သြတကြီး မေးလိုက်သည်။ ကြည့်ရုံနှင့်ပင် ကြောက်လန့်နေမိသည်။
ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး...
“အသေးစိတ်တော့ သားလည်း မသိဘူး... ဒါပေမဲ့ သူတို့က ကိုးထပ် ချန်ခွင်း မျှော်စင်ထဲက ထွက်လာကြတာ...”
“ကိုးထပ် ချန်ခွင်း မျှော်စင်...”
ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာများ အံ့သြလွန်းသဖြင့် တောင့်တင်းသွားကြပြီး ဖုန်းဝူချန်ကို စိုက်ကြည့်နေမိကြ၏။
ကိုးထပ် ချန်ခွင်း မျှော်စင်ထဲတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ် ခန္ဓာကိုယ်များ ရှိနေသည် ဆိုသည်ကို သူတို့ မယုံနိုင်ကြပေ။ သူတို့ မျှော်စင်ထဲတွင် မကြာခဏ လေ့ကျင့်နေကြပါလျက်နှင့် ဘာကြောင့် တစ်ခါမှ မတွေ့ဖူးရသနည်း။
“အခုလောလောဆယ် ကျွန်တော်လည်း ဘာမှ မသိသေးဘူး... နောက်မှပဲ ပြောကြတာပေါ့...”
ဖုန်းဝူချန်က လေးနက်စွာ ပြောလိုက်သည်။ ဝိညာဉ် ခန္ဓာကိုယ်များ ဘာကြောင့် မျှော်စင်ထဲ ရှိနေရသလဲ၊ ဘာကြောင့် သူ့အမိန့်ကို နာခံနေရသလဲ ဆိုတာကို သူ နားမလည်ပေ။
“အစ်ကိုကြီးဖုန်း... ခုနက တစ်ယောက်ယောက် ကျွန်မတို့ကို ကယ်လိုက်တာ ဖြစ်မယ်...”
လင်ရှောင်ရှောင် က လေးနက်စွာ ပြောလိုက်သည်။ ဘယ်သူကယ်လိုက်မှန်း သူမလည်း မသိပေ။
“ဟုတ်တယ်... အဲ့ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်း မြင့်မားတယ်... အဲ့ဒီ အရှိန်အဝါက ချက်ချင်း ပျောက်သွားတာ...”
ချီယွမ် က လေးနက်စွာ ပြောလိုက်သည်။
“မင်းတို့ ပြောတဲ့လူက တစ်ယောက်တည်း ဖြစ်လောက်တယ်... ကျွန်တော့်ကို ကယ်ခဲ့တဲ့လူနဲ့ အတူတူပဲ...”
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။
သို့သော် ထို လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်သည် ပေါ်မလာသေးပေ။ ဒုတိယသခင်လေး ( တပ်မှူးလေး ) အပါအဝင် မည်သူမျှ ထိုလူ၏ တည်ရှိမှုကို အာရုံခံ၍ မရကြပေ။
“ဘယ်သူလဲ... ဘာလို့ ထွက်မလာတာလဲ...”
ဒုတိယသခင်လေး ( တပ်မှူးလေး ) ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ရန်လိုသော အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေ၏။
သို့သော် ဒုတိယသခင်လေး ( တပ်မှူးလေး ) အော်ဟစ်လိုက်သည်နှင့် တပြိုင်နက် ဖုန်းဝူချန် နှင့် အပေါင်းအပါများ၏ မျက်နှာများ ချက်ချင်း တောင့်တင်းသွားကြ၏။ တစ်စုံတစ်ခုကို မြင်လိုက်ရသည့်အလား မျက်လုံးများ ပြူးကျယ်ကုန်ကြ၏။
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ခေါင်းပေါ်တည့်တည့်တွင် အရိပ်တစ်ခု ဘယ်ကရောက်လာမှန်းမသိ ပေါ်လာပြီး ပဟေဠိဆက်သလိုမျိုး လူပုံသဏ္ဌာန်အဖြစ် စုစည်းသွားသည်။
အံ့သြစရာ ကောင်းသည်မှာ ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ထိုလူ ရောက်ရှိနေသည်ကို လုံးဝ သတိမထားမိခြင်းပင်။
သန်မာလိုက်တာ... လုံးဝ သန်မာလွန်းတယ်...
ပေါ်လာသော သူသည် တန်ဖိုးကြီးသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်၏။ ခေါင်းပေါ်တွင် သရဖူ တစ်ခု ဆောင်းထားပြီး မွေးရာပါ အထက်စီးဆန်သော အရှိန်အဝါများ ထွက်ပေါ်နေကာ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ ဟန်ပန်ကို ပိုင်ဆိုင်ထား၏။
ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ထိုလူသည် ပြိုင်ဘက်ကင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေပြီး အခြားသူများကို ကြောက်ရွံ့သွားစေသည်။
“သူ ဖြစ်နေတာကိုး...”
ဖုန်းဝူချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ နတ်ဆိုး နဂါးကြီး၏ မှတ်ဉာဏ်ထဲမှတစ်ဆင့် ထိုလူကို သူ ချက်ချင်း မှတ်မိလိုက်သည်။
“စံအိမ်သခင်ချီယွမ်... ခင်ဗျား ဒီလူကို သိလား...”
ကျန်းဝူဟန် က ကြောက်လန့်တကြား မေးလိုက်သည်။ နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်တစ်ဦး ဖြစ်သည့်တိုင် ထို လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ထံမှ မည်သည့် စွမ်းအင်လှိုင်းခတ်မှုကိုမှ အာရုံခံမရသော်လည်း ကြီးမားသော သတိထားမှုကို ခံစားနေရသည်။
ချီယွမ် ငေးမောကြည့်နေမိသည်။ ခေါင်းကို ခါလိုက်ရင်း သူ့မျက်နှာ ဖြူဖျော့သွားပြီး အံ့သြမှုများ ပြည့်နှက်နေ၏။ တိုက်ကြီး၏ ထိပ်သီးပုဂ္ဂိုလ်ကြီး တစ်ဦးအနေဖြင့် သူသည် ဤ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
“ကြောက်စရာ ကောင်းလိုက်တာ... အသက်ရှူလို့တောင် မရတော့သလိုပဲ...”
လျိုချင်းယန် သည် ကြောက်လွန်းသဖြင့် ဝိညာဉ်လိပ်ပြာ လွင့်မတတ် ဖြစ်နေ၏။
“ဒုတိယသခင်လေး ( တပ်မှူးလေး )က သူ့ကို သတိတောင် မထားမိဘူး...”
ယီထျန်းချင်း တစ်ကိုယ်လုံး တုန်ယင်နေ၏။
ပေါ်လာသော လူ၏ တည်ရှိမှုသည် မည်သည့် စွမ်းအင်လှိုင်းခတ်မှုမှ မရှိသော်လည်း အလွန် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ပေးစွမ်းနေ၏။ အနားမကပ်ဘဲနှင့်ပင် လေထု ဖိသိပ်မှုကြောင့် စုတ်ဖြဲခံရသကဲ့သို့ နာကျင်မှုကို ခံစားနေရသည်။
ဤ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်၏ ကျင့်ကြံခြင်းအဆင့်သည် တိုက်ကြီး၏ အထွတ်အထိပ်သို့ ရောက်ရှိနေပေလိမ့်မည်။
ဒေါသထွက်ပြီး အရှက်ရနေသော ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေစဉ် ဖုန်းဝူချန်နှင့် အပေါင်းအပါများ၏ တောင့်တင်းပြီး အံ့သြနေသော မျက်လုံးများကို ရုတ်တရက် သတိထားမိလိုက်သည်။
ဒုတိယသခင်လေး ( တပ်မှူးလေး ) တစ်ကိုယ်လုံး တောင့်ခဲသွားပြီး ခေါင်းကို ဖြည်းညှင်းစွာ မနည်း အားယူပြီး မော့ကြည့်လိုက်သည်။
မော့ကြည့်လိုက်သည်နှင့် တပြိုင်နက် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားသည်။
“မင်း ငါ့ကို ရှာနေတာလား...”
ထိုလူက ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ကြောက်လန့်နေသော မျက်လုံးများကို ကြည့်ပြီး မေးလိုက်သည်။
သူ၏ အသံသည် တည်ငြိမ်သော်လည်း ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ချက်ချင်း ငရဲတွင်းထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားသည်။
ခေါင်းပေါ်တည့်တည့်တွင် ဘယ်အချိန်က ရောက်နေမှန်းမသိသော လူကို မြင်လိုက်ရသဖြင့် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ခန္ဓာကိုယ် ထပ်မံ တုန်ခါသွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပိုမို ပြင်းထန်လာ၏။
“နဂါးမျိုးနွယ် အစောင့်အရှောက်...”
ဒုတိယသခင်လေး ( တပ်မှူးလေး ) ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာသည် ပိုမို ဖြူဖျော့သွားတော့သည်။
အခန်း (၆၂၃) - မင်း ထွက်သွားလို့ ရပြီ
~“နဂါးမျိုးနွယ် အစောင့်အရှောက်...”
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသား ပေါ်နေပြီး ဝိညာဉ်လိပ်ပြာ လွင့်မတတ် ဖြစ်နေ၏။
ရောက်လာသူသည် ရှေးဟောင်း နဂါးမျိုးနွယ်စု၏ အစောင့်အရှောက် ဖြစ်ပေ၏။
“နဂါးမျိုးနွယ် အစောင့်အရှောက် ဟုတ်လား...”
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ထိတ်လန့်တကြား အော်သံကို ကြားလိုက်ရသောအခါ နဂါးနတ်ဘုရား နန်းတော်တစ်ခုလုံး တုန်လှုပ်သွားကြ၏။
“နဂါး... နဂါးမျိုးနွယ်...”
ချီယွမ် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ရင်ဘတ်ထဲမှ နှလုံးသားသည် ဒိန်းဒိန်း ခုန်နေ၏။
“နဂါးမျိုးနွယ် ဆိုတာ ဘာမျိုးနွယ်လဲ...”
လူအုပ်ကြီးက နားမလည်နိုင်စွာ မေးမြန်းနေကြ၏။
နဂါးမျိုးနွယ်ကို သူတို့ မသိကြသော်လည်း နာမည်ကို ကြားရုံဖြင့် ကြောက်လန့်နေကြ၏။
“နဂါးမျိုးနွယ် ဆိုတာ လောကမှာ အစွမ်းအထက်ဆုံး မျိုးနွယ်စုပဲ... ယင်ယန် မိသားစု ဆိုတာ သူတို့ရှေ့မှာ ဘာမှ မဟုတ်ဘူး...”
နဂါးမျိုးနွယ် အစောင့်အရှောက်ကို မြင်သောအခါ လင်ရှောင်ရှောင် ၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာလာပြီး ရှင်းပြလိုက်သည်။
“အစွမ်းအထက်ဆုံး မျိုးနွယ်စု ဟုတ်လား...”
လူအုပ်ကြီး အံ့သြတကြီး ဖြစ်သွားကြ၏။
ချီယွမ် နှင့် ကျန်းဝူဟန် တို့သည် နဂါးမျိုးနွယ် အစောင့်အရှောက်ကို အလွန်အမင်း ကြောက်ရွံ့စွာဖြင့် ကြည့်နေမိကြ၏။
“ဦးလေးလုံကျန့်...”
လင်ရှောင်ရှောင် က နဂါးမျိုးနွယ် အစောင့်အရှောက်ကို လက်ပြနှုတ်ဆက်လိုက်သည်။ သူမ၏ မျက်နှာလေးသည် ပျော်ရွှင်မှုများဖြင့် လင်းလက်နေ၏။
“ဦးလေး...”
လင်ရှောင်ရှောင် ၏ ခေါ်သံကို ကြားလိုက်ရသောအခါ လူအုပ်ကြီး ထပ်မံ လန့်သွားကြပြန်သည်။
လင်ရှောင်ရှောင် က နဂါးမျိုးနွယ် အစောင့်အရှောက်ကို သိနေသည့်အပြင် ဦးလေးဟုပင် ခေါ်နေသေးသည်။
လင်ရှောင်ရှောင် ၏ နောက်ကွယ်တွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားစု ရှိနေသနည်း။
“ရှောင်ရှောင်... မင်းက ဦးလေးလုံကျန့် ကို မှတ်မိသေးသားပဲ... နဂါးမျိုးနွယ်စုဆီ မလာတာ ကြာပြီနော်...”
လုံကျန့် က လင်ရှောင်ရှောင် ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“ရှောင်ရှောင် က အပြင်မှာ လေ့ကျင့်နေလို့ အချိန်မရတာပါ...”
လင်ရှောင်ရှောင် က ပြုံးပြုံးလေး ပြန်ဖြေလိုက်သည်။
လုံကျန့် သည် ကြောက်လွန်းသဖြင့် မလှုပ်ရဲသော ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ဖြတ်ကျော်သွားလိုက်သည်။
လုံကျန့် လျှောက်လာသည်ကို ကြည့်ရင်း နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းသည် လေးစားခန့်ညားမှုများ ပြည့်နှက်နေကြ၏။
ချီယွမ် နှင့် အခြားသူများသည်လည်း လေးစားသမှု ပြသလိုက်ကြ၏။ ကြောက်မက်ဖွယ် စွမ်းအားပိုင်ရှင်ရှေ့တွင် မရိုမသေ မပြုလုပ်ရဲကြပေ။
ဒုတိယသခင်လေး ( တပ်မှူးလေး )တောင် ဒီလောက် ကြောက်နေရလျှင် သူတို့ဆို ပြောမနေနှင့်တော့လေ...။
“ဦးလေးလုံကျန့် က တော်တော် စွမ်းတာပဲ... ကျင့်ကြံခြင်းအဆင့်တွေ အများကြီး တိုးတက်လာတယ်...”
ဟု လင်ရှောင်ရှောင် က ရွှင်လန်းစွာ ပြောလိုက်သည်။
“မင်းကတော့လေ... စကားတွေ တတ်တုန်းပဲ... မင်းအဘိုးက မင်းကို ခဏခဏ လွမ်းနေတာ မဆန်းပါဘူး...”
လုံကျန့် က သဘောကျစွာ ရယ်မောလိုက်သည်။
ဖုန်းဝူချန်ဘက်သို့ လှည့်ကြည့်ပြီး လုံကျန့် က ပြုံးကာ ပြောလိုက်သည်။
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်တာ တော်တော် မြန်သားပဲ... နေရာလပ် ကူးပြောင်းခြင်းကို နားလည်သဘောပေါက်သွားရင် ရှေးဟောင်း နဂါးမျိုးနွယ်စုဆီ လာလည်ဖို့ မမေ့နဲ့နော်... မျိုးနွယ်စုခေါင်းဆောင်ကြီးက မင်းရဲ့ တိုးတက်မှုကို တွေ့ချင်နေတယ်...”
“သေချာပေါက် လာခဲ့ပါ့မယ်ဗျ...”
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။
လုံကျန့် ၏ စကားများသည် ချီယွမ် နှင့် အခြားသူများကို တုန်လှုပ်သွားစေသည်။
နဂါးမျိုးနွယ် အစောင့်အရှောက်က ဖုန်းဝူချန်ကို ဒီလောက်တောင် အလေးထားတာလား...
ချီယွမ် လောင်းကြေးထပ်လိုက်တာ မှန်သွားပြီဟု ခံစားလိုက်ရသည်။
ယင်ယန် မိသားစုက နဂါးမျိုးနွယ်ထက် ဘယ်လိုလုပ် သာနိုင်ပါ့မလဲ...
ဖုန်းကျိန့်ရှုံး နှင့် ရှောင်ချင်းချင်း တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ဒီလူက ဖုန်းဝူချန် အရင်က ပြောခဲ့ဖူးသည့် ဆရာများလားဟု တွေးတောနေမိကြ၏။
ဆရာ မဟုတ်လျှင်တောင် ဖုန်းဝူချန်၏ နောက်ကွယ်မှ ဆရာနှင့် ပတ်သက်ဆက်နွှယ်မှု ရှိရပေမည်။
မဟုတ်လျှင် ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်နှုန်းကို လုံကျန့် ဘယ်လို သိနိုင်ပါ့မည်လဲ။
လုံကျန့် ၏ စကားများကို ထောက်ရှုကြည့်လျှင် သူသည် ဖုန်းဝူချန်ကို တောက်လျှောက် စောင့်ကြည့်နေခဲ့ကြောင်း ထင်ရှားလှသည်။ ဖုန်းဝူချန်သည် နဂါးမျိုးနွယ်၏ စောင့်ကြည့်မှုအောက်တွင် ရှိနေခဲ့ခြင်း ဖြစ်၏။
ဒုတိယသခင်လေး ( တပ်မှူးလေး ) အပါအဝင် ရှိနေသူအားလုံး လုံကျန့် ၏ စကားကြောင့် ထိတ်လန့်သွားကြ၏။
ရှေးဟောင်း နဂါးမျိုးနွယ်စုက ဖုန်းဝူချန်ကို အမြဲတမ်း အာရုံစိုက်နေခဲ့တာကိုး...
ချီယွမ်၏ ရင်ထဲတွင် ပိုမို လှုပ်ရှားသွားပြီး ပျော်ရွှင်ဝမ်းသာ ဖြစ်နေမိသည်။
ချီယွမ် သည် အသက်ကို ပဓာနမထားဘဲ ကူညီပေးခဲ့သည်။ အင်မော်တယ် လက်နက် စံအိမ်၏ အနာဂတ်ကိုပင် ပုံအောပြီး ကူညီပေးခဲ့သည်။ သူ၏ လုပ်ရပ်များသည် ဖုန်းဝူချန်၏ ယုံကြည်မှုကို အပြည့်အဝ ရရှိစေခဲ့ပြီ ဖြစ်၏။
ကျန်းမိသားစုလည်း လောင်းကြေးထပ်တာ မှန်ကန်သွားခဲ့လေပြီ။
သူတို့ မထင်မှတ်ထားသည်မှာ နဂါးမျိုးနွယ်က ဖုန်းဝူချန်ကို ဤမျှ တန်ဖိုးထားလိမ့်မည် ဆိုခြင်းပင်။
“ဦးလေးလုံကျန့်... အဲ့ဒီကောင်စုတ်က အစ်ကိုကြီးဖုန်းကို ဖမ်းခေါ်သွားချင်နေတာ... ဦးလေးလုံကျန့် သာ အချိန်မီ ရောက်မလာရင် သမီးတို့အားလုံး သူ့လက်ချက်နဲ့ သေကုန်လောက်ပြီ...”
လင်ရှောင်ရှောင် က ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ကြည့်ပြီး တိုင်တောလိုက်သည်။
ထိုစကားကို ကြားသောအခါ လုံကျန့် ၏ အကြည့်များသည် ဒုတိယသခင်လေး ( တပ်မှူးလေး ) ထံသို့ ရောက်ရှိသွားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဒုတိယသခင်လေး ( တပ်မှူးလေး ) ကြောက်လန့်တကြား နောက်ဆုတ်သွားသည်။
အကြည့်တစ်ချက်တည်းနှင့်ပင် ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ဤမျှ ကြောက်လန့်သွားစေသည်ကို ကြည့်လျှင် လုံကျန့် ၏ စွမ်းအား မည်မျှ ကြီးမားကြောင်း သိသာထင်ရှားလှပေ၏။
“လုံကျန့်... ဖုန်းဝူချန်က ခင်ဗျားတို့ နဂါးမျိုးနွယ်ဝင်လား...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က ကြောက်ရွံ့မှုကို မျိုသိပ်ပြီး မေးလိုက်သည်။
လုံကျန့် ပြန်မဖြေပေ။ လက်ကို အနည်းငယ် မြှောက်လိုက်ပြီး လက်ဖဝါးကို ဒုတိယသခင်လေး ( တပ်မှူးလေး ) ဘက်သို့ လှည့်လိုက်သည်။
ထိုအပြုအမူသည် ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ဝိညာဉ်လိပ်ပြာ လွင့်မတတ် ဖြစ်သွားစေသည်။
“အစစ်အမှန်ယွမ် အကာအကွယ်...”
“ဝိညာဉ် ခုနစ်ပါး ကောင်းကင် ချပ်ဝတ်...”
“အင်မော်တယ် ကျင့်စဉ်... ရေခဲ နတ်ဘုရား ဒိုင်းကာ...”
ဒုတိယသခင်လေး ( တပ်မှူးလေး )သည် သွေးမျိုးဆက် စွမ်းအားများကို အကုန်ထုတ်သုံးပြီး စွမ်းအင်ဒိုင်းကာ ဖန်တီးလိုက်သည်။ အင်မော်တယ် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်ပြီး အင်မော်တယ် ကျင့်စဉ် စွမ်းအင်ဒိုင်းကာကိုလည်း ဖန်တီးလိုက်သည်။
“ဘုန်း...”
“ကွဲ...”
“အ...”
ညှာတာမှု ကင်းမဲ့သော ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဒုတိယသခင်လေး ( တပ်မှူးလေး )၏ စွမ်းအင်ဒိုင်းကာ၊ ဆင့်ခေါ်ထားသော အင်မော်တယ် လက်နက်နှင့် အင်မော်တယ် ကျင့်စဉ်တို့ကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။ ဒုတိယသခင်လေး ( တပ်မှူးလေး ) ပါးစပ်မှ သွေးများ အန်ထွက်လာ၏။
ဒုတိယသခင်လေး ( တပ်မှူးလေး ) နေရာမှာတင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့တော့သည်။
သန်မာလိုက်တာ... မိုးမြေသိမ့်တုန်လောက်အောင် သန်မာလွန်းတယ်...
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ စွမ်းအား မည်မျှ ကြောက်စရာကောင်းကြောင်း ဖုန်းဝူချန်နှင့် အခြားသူများ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီး ဖြစ်၏။
ချီယွမ် အပါအဝင် နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် (၈) ဦးနှင့် ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များ ပေါင်းတိုက်ခြင်းကပင် ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ဘာမှမလုပ်နိုင်ခဲ့ပေ။
သို့သော် လုံကျန့် က တစ်ချက်တည်းနှင့် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ခံစစ်စည်းအားလုံးကို ထိုးဖောက်ဖျက်ဆီးပစ်လိုက်သည်။ အင်မော်တယ် ချပ်ဝတ်တောင် ကွဲကြေသွားခဲ့သည်။ ဤမျှ ကြီးမားသော ကွာခြားချက်သည် နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းကို အံ့သြမှင်သက်သွားစေသည်။
လက်ကလေး တစ်ချက်မြှောက်လိုက်ရုံဖြင့် ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ပြင်းထန်စွာ ဒဏ်ရာရသွားစေခဲ့သည်။ လုံကျန့် ၏ ကျင့်ကြံခြင်းအဆင့်သည် စိတ်ကူးကြည့်၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပေ၏။
“မင်းမှာ စကားပြောခွင့် မရှိဘူး...”
လုံကျန့် က အေးစက်စွာ ပြောလိုက်သည်။
လှုပ်ရှားမှု တစ်ခု၊ စကားတစ်ခွန်းတည်းဖြင့် လုံကျန့် သည် ဒုတိယသခင်လေး ( တပ်မှူးလေး )ကို လုံးဝ မှင်သက်သွားစေခဲ့သည်။
လုံကျန့် ၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အထင်သေးစွာ ဆက်ဆံခံရသော်လည်း ဒုတိယသခင်လေး ( တပ်မှူးလေး )သည် မကျေနပ်မှု သို့မဟုတ် ဒေါသထွက်မှုကို အနည်းငယ်မျှပင် မပြရဲပေ။
လုံကျန့် ၏ ကြောက်မက်ဖွယ် ကောင်းပုံကို ဒုတိယသခင်လေး ( တပ်မှူးလေး ) ကောင်းကောင်း သိထား၏။ သူ့ကို သွားရောက် ရန်စရဲသည့် သတ္တိ မရှိပေ။
ဒုတိယသခင်လေး ( တပ်မှူးလေး ) သာမက... ယင်ယန် မိသားစု၏ သူတော်စင်မကြီးနှင့် အစောင့်အရှောက်တို့ပင်လျှင် လုံကျန့် ကို ရှောင်ဖယ်သွားရပေမည်။
ဒုတိယသခင်လေး ( တပ်မှူးလေး ) မှင်သက်နေသည်ကို ကြည့်ပြီး နဂါးနတ်ဘုရား နန်းတော်မှ လူများသည် စိတ်သက်သာရာ ရသွားကြပြီး ကျေနပ်အားရနေကြ၏။
ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ဒဏ်ရာကို ဖိထားပြီး ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ် သည်းခံနေရသည်။
“ဦးလေးလုံကျန့်... လုပ်တာ ကောင်းတယ်... ဒီလိုလူစားမျိုးက သင်ခန်းစာ ကောင်းကောင်း ပေးမှ ရမှာ... မဟုတ်ရင် သူ့ ယင်ယန် မိသားစုကပဲ လောကကြီးကို ပိုင်သလိုလိုနဲ့...”
လင်ရှောင်ရှောင် က အားရပါးရ ပြောလိုက်သည်။
“ယင်ယန် မိသားစုက ဒီရက်ပိုင်း တော်တော်လေး သောင်းကျန်းလာတာပဲ...”
လုံကျန့် က ဒုတိယသခင်လေး ( တပ်မှူးလေး )ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“ရတနာ ရှာတယ်ဆိုတာ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရှာရတာ... မင်းတို့ ယင်ယန် မိသားစုက မလုနိုင်ရင် မလုနိုင်တာပဲပေါ့... အင်အားကို အသုံးပြုပြီး လူငယ်တွေကို အနိုင်ကျင့်တာ ဘာစွမ်းရည်မို့လို့လဲ... မင်းတို့ ယင်ယန် မိသားစုရဲ့ သိက္ခာကို ချနေတာပဲ...”
ဟု လုံကျန့် က ဂရုမစိုက်သလို ပြောလိုက်သည်။
ဒုတိယသခင်လေး ( တပ်မှူးလေး ) ပြန်မပြောရဲသလို စကားတစ်ခွန်းမှလည်း မဟရဲပေ။
လုံကျန့် ၏ စွမ်းအားသည် ကြီးမားလွန်းလှသည်။ စကားတစ်ခွန်း မှားပြောမိလျှင် အသတ်ခံရမှာကို သူ ကြောက်နေမိသည်။
လုံကျန့် က သူ့ကို လွယ်လွယ်လေး သတ်နိုင်ပြီး သူက ပြန်လည် ခုခံနိုင်စွမ်း မရှိပေ။
“ပြန်သွားပြီး ယင်ယန် မိသားစုခေါင်းဆောင်ကို ပြောလိုက်... ယင်ယန် မိသားစုက ဒီလောက် သတ္တိကောင်းနေရင် ရှေးဟောင်း နဂါးမျိုးနွယ်စုဆီ လာခဲ့လို့ ပြောလိုက်...”
ဒုတိယသခင်လေး ( တပ်မှူးလေး ) ဘာမှမပြောဘဲ ကိုယ်ဖော့သိုင်းကို အသုံးပြုပြီး ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ပုံရိပ် ပျောက်ကွယ်သွားခါနီးတွင် လုံကျန့် သည် လေထုကို လှမ်းဆွဲလိုက်ပြီး ဒုတိယသခင်လေး ( တပ်မှူးလေး )ကို သူ့ရှေ့သို့ ပြန်လည် ဆွဲခေါ်လိုက်သည်။
“ဘုရားရေ...”
ထိုမြင်ကွင်းကို ကြည့်ပြီး နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်း အသက်ရှူမှားသွားကြ၏။
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ကျင့်ကြံခြင်းအဆင့်သည် အလွန် မြင့်မားလှသည်။ မျက်စိတစ်မှိတ်အတွင်း ဝူကျိနယ်မြေမှ လွတ်မြောက်အောင် ထွက်ပြေးနိုင်စွမ်း ရှိသည်။
သို့သော် လုံကျန့် က လက်လှမ်းပြီး ပြန်ဆွဲခေါ်လိုက်ရုံဖြင့် ဖမ်းမိသွားသည်မှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှပေ၏။
“ငါ စကားပြောလို့ မပြီးသေးဘူး... မင်း ဘယ်မှ သွားလို့ မရသေးဘူး...”
လုံကျန့် က အေးစက်စွာ ပြောလိုက်သည်။ အထွတ်အထိပ် အာဏာရှင်ဆန်လှသည်။
“ပြောပါခင်ဗျာ...”
ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ရင်ထဲမှ ဒေါသများကို မြိုသိပ်ပြီး လေသံကို ထိန်းကာ ပြောလိုက်ရသည်။
လုံကျန့် ရှေ့တွင် ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ဒေါသနည်းနည်းလေးမှ မပြရဲဘဲ အလွန်အမင်း ယဉ်ကျေးသိမ်မွေ့နေရသည်။
“အခု မင်း ထွက်သွားလို့ ရပြီ...”
လုံကျန့် က အေးစက်စွာ ပြောလိုက်သည်။
လုံကျန့် က ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ဒီစကားတစ်ခွန်း ပြောဖို့အတွက်နှင့် ဖြစ်၏။
အခန်း (၆၂၄) - ဒေါသတကြီး ပေါက်ကွဲခြင်း
~“အခု မင်း ထွက်သွားလို့ ရပြီ...”
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မျက်နှာထားသည် တောင့်တင်းနေပြီး လုံကျန့် ၏ စော်ကားသော စကားသံများသည် သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေ၏။
လုံကျန့် ၏ စကားများသည် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ သိက္ခာနှင့် မာနတရားတို့ကို ရက်စက်စွာ နင်းချေလိုက်ခြင်း ဖြစ်၏။
ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး သေချင်စိတ် ပေါက်လုမတတ် ခံစားနေရသည်။
သို့သော် လုံကျန့် က သူ့ကို ဘယ်အချိန်မဆို သတ်ပစ်နိုင်မှန်း သူ ကောင်းကောင်း သိထားသဖြင့် ဒေါသကို မနည်း မျိုသိပ်ထားရသည်။
သည်းခံရမယ်... အသက်ရှင်ဖို့အတွက် သည်းခံရမယ်...
နဂါးနတ်ဘုရား နန်းတော်၊ အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုမှ လူများသည် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
လုံကျန့် က ဒုတိယသခင်လေး ( တပ်မှူးလေး )ကို တမင်တကာ ပြန်ဆွဲခေါ်ပြီးမှ ‘ထွက်သွားလို့ ရပြီ’ ဟု ပြောလိုက်ခြင်းသည် သက်သက်မဲ့ စော်ကားလိုက်ခြင်းပင်။
“ပြန်ခေါ်ပြီးမှ မောင်းထုတ်လိုက်တယ် ဆိုတော့... တကယ်ကို အာဏာရှင်ဆန်တာပဲ...”
လျိုချင်းယန် အံ့သြတကြီး ရေရွတ်လိုက်မိသည်။
“အာဏာရှင်ဆန်တာထက် ပိုတယ်... ဒုတိယသခင်လေး ( တပ်မှူးလေး )ကို လူရာမသွင်းသလို ဖြစ်နေတာ...”
ယီထျန်းချင်း ၏ မျက်နှာပေါ်တွင် မယုံနိုင်မှုများ အထင်းသား ပေါ်လွင်နေ၏။
“ဒါက အစွမ်းထက်တဲ့ သူတွေရဲ့ ကမ္ဘာလား...”
လင်းယို သည် ကြောက်လွန်းသဖြင့် မျက်နှာ ဖြူဖျော့နေ၏။
လုံကျန့် ၏ ကြောက်မက်ဖွယ် ကောင်းပုံသည် သူတို့၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့သည်။
လုံကျန့် ၏ အာဏာရှင်ဆန်သော အပြုအမူကို နဂါးနတ်ဘုရား နန်းတော်မှ လူများ အလွန် သဘောကျနေကြ၏။
ဒုတိယသခင်လေး ( တပ်မှူးလေး )သည် အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ လုံကျန့် ကို မယှဉ်နိုင်လျှင်တောင် လုံကျန့် က သူ့ကို ဒီလောက်ထိ အထင်မသေးသင့်ပေ။
တိုက်ကြီးပေါ်တွင် ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ဤကဲ့သို့ ဆက်ဆံရဲသူ အနည်းငယ်သာ ရှိပေလိမ့်မည်။
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မျက်နှာထားသည် အလွန်အမင်း မည်းမှောင်နေပြီး ဒေါသကို မျိုသိပ်ထားသော်လည်း မျက်နှာကြွက်သားများ တုန်ခါနေသည်ကို မထိန်းချုပ်နိုင်ပေ။
“မသွားသေးဘူးလား... ငါ လိုက်ပို့ပေးရမလား...”
လုံကျန့် က အေးစက်စွာ မေးလိုက်သည်။ ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မည်းမှောင်နေသော မျက်နှာထားကို သူ လုံးဝ ဂရုမစိုက်ပေ။
“ဟွန်း...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က ရက်စက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
စိမ်းစိမ်းစိုစို တောင် ရှိနေသရွေ့ ထင်းခွေဖို့ မပူရ မဟုတ်ပါလော...။
ဒုတိယသခင်လေး ( တပ်မှူးလေး ) ထွက်သွားသည်နှင့် တပြိုင်နက် နဂါးနတ်ဘုရား နန်းတော်မှ လူများသည် ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် ပျော်ရွှင်သော အပြုံးများ ပေါ်လာကြသည်။
“ကျေးဇူးတင်ပါတယ်… အစောင့်အရှောက် လုံကျန့်...”
ဖုန်းဝူချန်က လက်သီးဆုပ်ကာ လေးစားစွာ ကျေးဇူးတင်လိုက်သည်။ အခြားသူများလည်း ဝိုင်းဝန်း ကျေးဇူးတင်လိုက်ကြ၏။
“ကိစ္စမရှိပါဘူး... ကျေးဇူးတင်နေစရာ မလိုပါဘူး...”
ဟု လုံကျန့် က ပြုံးကာ ပြောလိုက်သည်။
“ဦးလေးလုံကျန့်... ဘာလို့ သူ့ကို မသတ်လိုက်တာလဲ... သူ့ကို လွှတ်ပေးလိုက်တာ..ကျားကို တောပြန်လွှတ်လိုက်သလို ဖြစ်နေမှာပေါ့... သူ သေချာပေါက် ပြန်လာမှာ..”
လင်ရှောင်ရှောင် က မကျေမနပ် ပြောလိုက်သည်။
ထိုအခါ၊ လုံကျန့် က ပြုံးပြီး ပြောလိုက်သည်။
“သူ့ကို သတ်ရတာက ပုရွက်ဆိတ်ကို သတ်ရသလိုပဲ... လွယ်လွယ်လေးပါ... ဒါပေမဲ့ ဦးလေး သတ်မယ့်အစား ဖုန်းဝူချန် ကိုယ်တိုင် သတ်တာ ပိုကောင်းပါလိမ့်မယ်...”
“ဖုန်းဝူချန်ရဲ့ ပါရမီနဲ့ဆိုရင် ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ကျော်တက်ဖို့က အချိန်တစ်ခုပဲ လိုတာပါ... ကဲ... ဦးလေးမှာ တခြား အရေးကြီး ကိစ္စတွေ ရှိသေးလို့ သွားလိုက်ဦးမယ်...”
ပြောပြီးသည်နှင့် လုံကျန့် သည် ဆန်းကြယ်စွာ ပျောက်ကွယ်သွားတော့သည်။
“သိမ်းစမ်း...”
ဖုန်းဝူချန်က တိုးတိုးလေး အော်ဟစ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ကိုးထပ် ချန်ခွင်း မျှော်စင်သည် ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များကို ပြန်လည် သိမ်းဆည်းလိုက်သည်။
ကြောက်မက်ဖွယ် တိုက်ပွဲနှင့် ဖျက်ဆီးအားပြင်းသော စွမ်းအင်များကြောင့် ပတ်ဝန်းကျင်ရှိ တောင်တန်းများအားလုံး ပြားပ်သွားခဲ့ပြီ ဖြစ်၏။ ဆေးဧကရာဇ် တောင်ထိပ်တစ်ခုတည်းသာ လင်ရှောင်ရှောင် ၏ အကာအကွယ်ကြောင့် ဘေးကင်းစွာ ကျန်ရစ်ခဲ့သည်။
နဂါးနတ်ဘုရား နန်းတော်၏ ခမ်းနားသော နန်းဆောင်များတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေ၏။
ကံကောင်းထောက်မစွာဖြင့် ပြိုကျမသွားခဲ့ပေ။ မဟုတ်လျှင် ပြန်ဆောက်ရပေလိမ့်မည်။
အက်ကွဲကြောင်းများကိုမူ မြေဓာတ် စွမ်းအားပိုင်ရှင် ကျင့်ကြံသူများက ပြန်လည် ပြုပြင်နိုင်သဖြင့် ပြဿနာ မရှိပေ။
တိုက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုတို့သည် နေရပ်သို့ ပြန်သွားကြ၏။ သူတို့သည် ဒဏ်ရာပြင်းထန်စွာ ရထားသဖြင့် အရေးပေါ် ကုသမှု ခံယူရန် လိုအပ်နေပါသည်။
“နန်းတော်ကို အမြန်ဆုံး ပြုပြင်ကြ... ပြီးရင် ဆက်လက် ကျင့်ကြံကြမယ်...”
ဖုန်းဝူချန်က ညွှန်ကြားလိုက်သည်။
ပြောပြီးသည်နှင့် ဖုန်းဝူချန်သည် ကိုးထပ် ချန်ခွင်း မျှော်စင်ထဲသို့ ဝင်ရောက်သွားသည်။ ဝိညာဉ် ခန္ဓာကိုယ်များအကြောင်းကို အမြန်ဆုံး စုံစမ်းရန် လိုအပ်နေ၏။
နဂါးနတ်ဘုရား နန်းတော်မှ လူများသည်လည်း နန်းတော်ကို ပြန်လည် ပြုပြင်ရန် ဝိုင်းဝန်း လုပ်ဆောင်ကြလေသည်။
...
“အား...”
သီးသန့် နေရာလပ်တစ်ခုတွင် ဒုတိယသခင်လေး ( တပ်မှူးလေး )သည် တောင်တန်းများပေါ်တွင် မတ်မတ်ရပ်ကာ ရူးသွပ်စွာ အော်ဟစ်နေ၏။ သူ့မျက်လုံးများသည် သွေးရောင်လွှမ်းနေပြီး အကန့်အသတ်မဲ့ သတ်ဖြတ်လိုစိတ်များ သောင်းကျန်းနေ၏။ ဖျက်ဆီးအားပြင်းသော စွမ်းအင်များ ပြန့်ကားသွားပြီး တောင်တန်းများ တုန်ခါကာ ပြိုကျကုန်သည်။
ဤနေရာသည် ဒုတိယသခင်လေး ( တပ်မှူးလေး ) ဖန်တီးထားသော သီးသန့် နယ်မြေတစ်ခု ဖြစ်၏။
“သေစမ်း... ငါ့ကို စော်ကားရဲတယ်ပေါ့... လုံကျန့်... ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး... မင်းကို တစ်စစီ ချေမွပစ်မယ်... အရိုးတွေကို အမှုန့်ကြိတ်ပစ်မယ်...ဟား...”
ဒုတိယသခင်လေး ( တပ်မှူးလေး ) ဒေါသတကြီး အော်ဟစ်နေ၏။
လုံကျန့် ၏ စကားများသည် သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေ၏။
“မင်း ထွက်သွားလို့ ရပြီ…”
“မင်း ထွက်သွားလို့ ရပြီ...”
သူ့ဂုဏ်သိက္ခာနှင့် မာနတရားတို့သည် လုံကျန့် ၏ ခြေဖဝါးအောက်တွင် နင်းချေခံလိုက်ရသဖြင့် ဒုတိယသခင်လေး ( တပ်မှူးလေး )သည် သေသည်ထက် ဆိုးရွားသော ခံစားမှုကို ခံစားနေရသည်။
ယင်ယန် မိသားစု၏ ဒုတိယသခင်လေး ( တပ်မှူးလေး )၊ ထူးခြားသော ဂုဏ်ဒြပ်နှင့် ကြောက်မက်ဖွယ် စွမ်းအားပိုင်ရှင် ဖြစ်ပါလျက်နှင့် သူတစ်ပါး၏ စော်ကားမှုကို ဘယ်တုန်းက ခံခဲ့ဖူးသနည်း။
“လုံကျန့်... မင်းက ငါ့ကို ထွက်သွားခိုင်းရဲတယ်ပေါ့... ဒီနေ့ အရှက်ရမှုအတွက် အဆတစ်ရာ ပြန်ပေးဆပ်စေရမယ်...”
ဒုတိယသခင်လေး ( တပ်မှူးလေး ) ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူ့မျက်နှာသည် ရုပ်ပျက်ဆင်းပျက် တွန့်လိမ်နေပြီး သတ်ဖြတ်လိုစိတ်များ နေရာလပ်တစ်ခုလုံး လွှမ်းခြုံသွားသည်။
“ငါ စွမ်းအား လိုတယ်... စွမ်းအား လိုတယ်...”
“ဝူး... ဝူး...”
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ဒေါသတကြီး ပေါက်ကွဲမှုကြောင့် ဖျက်ဆီးအားပြင်းသော စွမ်းအင်များ အတားအဆီးမဲ့စွာ ထွက်ပေါ်လာပြီး မိုးမြေကို ဖျက်ဆီးပစ်နိုင်လောက်အောင် ဖြစ်နေ၏။
...
နတ်ဘုရား ဘုရင် နန်းတော်...
ထျန်းဟယ် သည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို လိန်ဟွန်း ထံ အစီရင်ခံပြီး ဖြစ်၏။
မကြာမီ နတ်ဘုရား ဘုရင် နန်းတော်မှ ပညာရှင်များသည် ဝူကျိနယ်မြေမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားများကို အာရုံခံမိလိုက်ကြ၏။
နတ်ဘုရား ဘုရင် နန်းတော် သခင်ကြီးသည် ထိုစွမ်းအားပိုင်ရှင် ဘယ်သူလဲ ဆိုတာကိုပင် ခန့်မှန်းမိလိုက်သည်။
ဆွေးနွေးတိုင်ပင်ပြီးနောက် နတ်ဘုရား ဘုရင် နန်းတော်သည် ဝင်မပါရန် ဆုံးဖြတ်လိုက်ကြ၏။
လိန်ဟွန်း မကျေမနပ် ဖြစ်မိသော်လည်း ယင်ယန် မိသားစုကို အပြစ်ပြုရန် သတ္တိမရှိပေ။
“ဒုတိယ နန်းတော်သခင်လေး... ဘာဆက်လုပ်မလဲ...”
ထျန်းဟယ် က မေးလိုက်သည်။
“တိုက်ပွဲ ပြီးသွားပြီ... နဂါးနတ်ဘုရား နန်းတော်ကို သွားကြည့်လိုက်... ဖုန်းဝူချန် အသက်ရှင်သေးလား ဆိုတာ...”
လိန်ဟွန်း က လေးနက်စွာ ပြောလိုက်သည်။
ဖုန်းဝူချန်နှင့် နဂါးနတ်ဘုရား နန်းတော် ရှိနေသေးလား ဆိုတာကို လိန်ဟွန်း မသေချာပေ။ သို့သော် နတ်ဘုရား ပြစ်ဒဏ်ခတ်ခြင်း စွမ်းအား အတွက် ထျန်းဟယ် ကို စေလွှတ်ကာ အတည်ပြုခိုင်းလိုက်ခြင်း ဖြစ်၏။
“ဖုန်းဝူချန် အသက်ရှင်သေးရင် သူ့ကို လန့်သွားအောင် မလုပ်နဲ့... အခွင့်ကောင်း ရတဲ့အထိ စောင့်ပါ...”
“ဟုတ်ကဲ့ပါ..”
ထျန်းဟယ် လေးစားစွာ အမိန့်နာခံပြီး ပျောက်ကွယ်သွားတော့သည်။
...
ကိုးထပ် ချန်ခွင်း မျှော်စင်ဝယ်၊...
ဖုန်းဝူချန်သည် စတုတ္ထအထပ်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ဖုန်းဝူချန်သည် ကိုးထပ် ချန်ခွင်း မျှော်စင်၏ အထပ်တိုင်းနှင့် ရင်းနှီးသော်လည်း စတုတ္ထအထပ်ကိုမူ ရှားရှားပါးပါး တစ်ကြိမ်သာ ရောက်ဖူးသည်။
တစ်ကြိမ်သာ ရောက်ဖူးသော်လည်း မှတ်မှတ်ရရ ဖြစ်နေ၏။
အဘယ်ကြောင့်ဆိုသော် စတုတ္ထအထပ်သည် အုတ်ဂူများ ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်နေသောကြောင့်ပင်။
ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များကို တွေ့လိုက်ရသောအခါ ဖုန်းဝူချန်သည် စတုတ္ထအထပ်ကို ချက်ချင်း သတိရလိုက်ခြင်း ဖြစ်၏။
ထူးခြားသော ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် အုတ်ဂူများကို လိုက်ကြည့်ရင်း ထူးဆန်းသော အငွေ့အသက်များကို သူ ခံစားလိုက်ရသည်။
“အစွမ်းထက်တဲ့ အရှိန်အဝါတွေ ကျန်နေသေးတယ်... ဟို ဝိညာဉ် ခန္ဓာကိုယ်တွေက ဒီ စတုတ္ထအထပ်က လာတာ သေချာတယ်...”
ဖုန်းဝူချန် အတပ်ပြောလိုက်သည်။
ပထမဆုံးအကြိမ် ရောက်တုန်းက ဖုန်းဝူချန် ဘာမှ သတိမထားမိခဲ့သလို အချိန်အကြာကြီး နေခဲ့တာတောင် ဘာမှ ထူးခြားမှု မရှိခဲ့ပေ။
‘ကိုးထပ် ချန်ခွင်း မျှော်စင်ထဲမှာ ဒီလောက် အစွမ်းထက်တဲ့ ဝိညာဉ် ခန္ဓာကိုယ်တွေ ရှိနေမယ်လို့ ထင်မထားခဲ့ဘူး... ဒီမျှော်စင်က ထင်ထားတာထက် ပိုပြီး စွမ်းအားကြီးနေတယ်... သာမန် အင်မော်တယ် လက်နက် မဟုတ်လောက်ဘူး…’
ဖုန်းဝူချန် တွေးတောရင်း အုတ်ဂူတစ်ခု ရှေ့သို့ ရောက်ရှိသွားသည်။
“ဘုန်း...”
ဖုန်းဝူချန်သည် လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ကျောက်ခေါင်းတလား အဖုံး ပွင့်သွားသည်။
ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ခေါင်းတလားထဲမှ ထွက်ပေါ်လာပြီး အတွင်းထဲတွင် ဝိညာဉ် ခန္ဓာကိုယ်တစ်ခု ငြိမ်းချမ်းစွာ လဲလျောင်းနေ၏။
ဖုန်းဝူချန်သည် ဝိညာဉ် ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားကြည့်သော်လည်း တုံ့ပြန်မှု မရှိပေ။ သူ ဘာလုပ်လုပ် ဝိညာဉ် ခန္ဓာကိုယ်သည် မလှုပ်မယှက် ရှိနေ၏။
“ဘာလို့ ထိန်းချုပ်လို့ မရတော့တာလဲ... တကယ်ပဲ.. ဘာဖြစ်နေပါလိမ့်...”
ဖုန်းဝူချန် လုံးဝ နားမလည်နိုင် ဖြစ်နေတော့သည်။