အခန်း (၆၂၈-၆၃၀)
Vol. 42 Ch. 628-630
အခန်း (၆၂၈) - ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား စွမ်းရည်
~အကယ်၍ ဖုန်းဝူချန်သာ အစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်လိုက်မည် ဆိုလျှင် ထျန်းကျီဘုံ ပညာရှင်ကိုပင် ယှဉ်နိုင်စွမ်း ရှိပေမည်။
ဖုန်းဝူချန်၌ ထိုကဲ့သို့သော ယုံကြည်မှု ရှိသည်။
ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်ဘုံလူသား အဆင့် (၇) ရှိသော်လည်း အဆင့်မြင့် ဝိညာဉ် လက်နက်ကို အသုံးပြုကာ ချီလင် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်ပါက ကောင်းကင်ဘုံလူသား အဆင့် (၉) အထွတ်အထိပ်နှင့် ယှဉ်နိုင်သော တိုက်ခိုက်စွမ်းရည်ကို ရရှိမည်တည်း။
ယခုတွင်မူ တပိုင်း နတ်ဘုရား လက်နက်ခန့်နှင့် ညီမျှသော အစွမ်းအထက်ဆုံး အင်မော်တယ် လက်နက်ကို ပိုင်ဆိုင်ထားပြီ ဖြစ်ရာ သူ၏ တိုက်ခိုက်စွမ်းရည်သည် ပိုမို ကြောက်မက်ဖွယ် ကောင်းလာမည်မှာ သေချာသည်။
ထို့ကြောင့် ထျန်းကျီဘုံ ပထမအလွှာ ပညာရှင်ကို ရင်ဆိုင်ရန် ယုံကြည်မှု အပြည့်ရှိသည်။ အနည်းဆုံးတော့ အင်အားချင်း ယှဉ်လျှင် အရေးနိမ့်မည် မဟုတ်ပေ။
အမြန်နှုန်း အပိုင်းတွင်လည်း ဖုန်းဝူချန်၌ လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း ပညာရပ် ရှိနေ၏။
ကြောက်မက်ဖွယ် လက်သီးချက်သည် အင်မော်တယ် လက်နက် စံအိမ်မှ တပည့်များကို ထိတ်လန့်သွားစေသည်။
“ဆရာသခင်က ကောင်းကင်ဘုံလူသား အဆင့် (၇) ကို ဘယ်တုန်းက ရောက်သွားတာလဲ...”
“ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား... ဒီလက်သီးချက်က ထျန်းကျီဘုံ ပထမအလွှာလောက် ရှိမယ် ထင်တယ်...”
“ကောင်းကင်ဘုံလူသား အဆင့် (၇) နဲ့ ထျန်းကျီဘုံ ပထမအလွှာလောက် ရှိတဲ့ စွမ်းအားကို ထုတ်သုံးနိုင်တယ် ဆိုတော့...”
လေထုကြီး အက်ကွဲသွားသည်ကို မြင်သောအခါ အင်မော်တယ် လက်နက် စံအိမ်မှ တပည့်များအားလုံး ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းရည်ကြောင့် ကြောက်ရွံ့သွားကြ၏။
ပါရမီရှင် တပည့်များပင်လျှင် ကြောက်လွန်းသဖြင့် ရင်တုန်ပန်းတုန် ဖြစ်ကုန်ကြသည်။
“အဟား၊ မဆိုးဘူး... တကယ် မဆိုးဘူး... စွမ်းအားက တော်တော် ကောင်းတာပဲ...”
ဖုန်းဝူချန် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။ လက်အိတ်၏ စွမ်းအားကို သူ အတော်လေး ကျေနပ်နေပါ၏။
လက်အိတ်ကို ပြန်သိမ်းလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင် ပျံဝဲနေသော နဂါးနတ်ဘုရား ဓားသည် သူ့လက်ထဲသို့ ရောက်ရှိလာ၏။
နဂါးနတ်ဘုရား ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ကမ္ဘာပျက် စွမ်းအားကို ဓားထဲသို့ ထည့်သွင်းလိုက်သည်။ ရိုင်းစိုင်းကြမ်းတမ်းသော ဓားချီများ ထွက်ပေါ်လာပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဓားအလင်းတန်းများ တောက်ပလာ၏။
“ရွှီး...”
“ဝူး...”
နဂါးနတ်ဘုရား ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ လေထုထဲသို့ အလျားလိုက် ပိုင်းချလိုက်သည်။ သွေးရောင်လွှမ်းသော လမင်းကြီးနှယ် အနီရောင် ဓားအလင်းတန်းကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ခမ်းနားထည်ဝါပြီး လွှမ်းမိုးနိုင်စွမ်း ရှိသော အရှိန်အဟုန်ဖြင့် လေထုကို ခွဲဖြတ်သွားရာ လေထုကြီး နှစ်ပိုင်း ကွဲသွားသကဲ့သို့ ဖြစ်ပေါ်သွား တော့သည်။
“ပေါ့ပေါ့ပါးပါး ထုတ်သုံးလိုက်တဲ့ ဓားအလင်းတန်းက ဒီလောက်တောင် ကြောက်စရာ ကောင်းနေတာလား...”
“ဓားအလင်းတန်းရဲ့ စွမ်းအားက ခုနက လက်သီးချက်ထက် ပိုတောင် ပြင်းထန်သေးတယ်...”
“ဆရာသခင့်ရဲ့ တိုက်ခိုက်စွမ်းရည်က သိပ်ကြောက်စရာ ကောင်းတာပဲ...”
“ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားက မြေကမ္ဘာအဆင့် ဓားသိုင်းနဲ့ ယှဉ်လို့ရတယ်...”
လွှမ်းမိုးနိုင်စွမ်းရှိသော ဓားအလင်းတန်းသည် အင်မော်တယ် လက်နက် စံအိမ်မှ တပည့်များကို ထပ်မံ ထိတ်လန့်သွားစေပြန်သည်။
“ဆရာ့ရဲ့ တိုက်ခိုက်စွမ်းရည်က ငါ့ထက်တောင် သာလွန်နေပြီ...”
ချီခုံး ၏ မျက်နှာ ဖြူဖျော့နေပြီး ကြောက်လန့်တကြား ရေရွတ်လိုက်သည်။
ချီယွမ် ကဲ့သို့သော အဆင့်မြင့် ခေါင်းဆောင်များပင်လျှင် ဖုန်းဝူချန်၏ ရိုင်းစိုင်းကြမ်းတမ်းသော တိုက်ခိုက်စွမ်းရည်ကြောင့် အံ့သြနေကြ၏။
အင်မော်တယ် လက်နက် စံအိမ် တစ်ခုလုံးကို ရှာဖွေကြည့်လျှင် ဖုန်းဝူချန်ကဲ့သို့ ထူးခြားဆန်းကြယ်သော ပါရမီရှင်မျိုးကို တွေ့နိုင်မည် မဟုတ်ပေ။
စံအိမ်သခင်လေး ချီခုံး သည်ပင်လျှင် ဖုန်းဝူချန်နှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။
ချီခုံး သည် ထျန်းကျီဘုံ ဒုတိယအလွှာ ရှိသော်လည်း ဖုန်းဝူချန်၏ အောင်မြင်မှုများနှင့် ယှဉ်လျှင် သနားစရာ ကောင်းလောက်အောင် နည်းပါးလှသည်။
“ကောင်းတယ်... ဒီဓားရဲ့ စွမ်းအားက လက်အိတ်ထက်တောင် သာလွန်သေးတယ်...”
ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်နေသည်။ နဂါးနတ်ဘုရား ဓား၏ စွမ်းအားကို သူ အလွန် ကျေနပ်နေ၏။
“ဒါကိုသာ ဓားသိုင်းနဲ့ ပေါင်းစပ်လိုက်ရင် ထျန်းကျီဘုံ ပထမအလွှာတောင် ငါ့ပြိုင်ဘက် မဟုတ်တော့ဘူး...”
ဖုန်းဝူချန် တွေးတောလိုက်မိသည်။
ဤအချိန်တွင် ဖုန်းဝူချန်သည် အလွန်အမင်း ပျော်ရွှင်နေပြီး အစွမ်းထက် ပြိုင်ဘက်တစ်ယောက်နှင့် တိုက်ခိုက်စမ်းသပ်ချင်စိတ်များ ပြင်းပြနေ၏။
သို့သော် ဖုန်းဝူချန်၏ ဓားအလင်းတန်းသည် အင်မော်တယ် လက်နက် စံအိမ်မှ ပါရမီရှင် တပည့်များကို တုန်လှုပ်သွားစေရန် လုံလောက်နေပြီ ဖြစ်၏။
“ကျန်တာက သွန်းလုပ်ခြင်း ပဲ... လေလံပွဲက ဝယ်ထားတဲ့ သွန်းလုပ်ရေး ကျောက်တုံးတွေ အများကြီး ကျန်သေးတာပဲ...”
ဖုန်းဝူချန် ခပ်ဖွဖွ.. ရေရွတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ သွန်းလုပ်ရေး ကျောက်တုံးများနှင့် ကုန်ကြမ်းပစ္စည်းများကို ထုတ်ယူလိုက်သည်။
တတိယ အကြီးအကဲကို ကြည့်ပြီး ဖုန်းဝူချန်က ပြုံးကာ မှာကြားလိုက်သည်။
“တတိယ အကြီးအကဲ... သေချာ ကြည့်ထားပါ... ခင်ဗျားက အဆင့် (၇) သွန်းလုပ်ရေး ပညာရှင် ဖြစ်ပေမယ့် လေ့လာစရာတွေ ရှိနေပါသေးတယ်...”
ထိုစကားကို ကြားသောအခါ တတိယ အကြီးအကဲက လေးစားစွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာ...”
နဂါးနတ်ဘုရား ဓားကို လေထုထဲတွင် ပျံဝဲနေစေပြီး ဖုန်းဝူချန်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ သွန်းလုပ်ရေး ကျောက်တုံးများနှင့် ကုန်ကြမ်းပစ္စည်းများသည် သူ့လက်ဖဝါးထဲသို့ ရောက်ရှိလာ၏။
“ဘုန်း...”
နဂါးမျိုးနွယ် မီးတောက်ကို ထပ်မံ ထုတ်ဖော်လိုက်ပြီး စိမ်းပြာရောင် မီးတောက်များသည် သူ့လက်ဖဝါးထဲတွင် တောက်လောင်နေ၏။ ဝိညာဉ်စွမ်းအားများကို ထည့်သွင်းလိုက်ပြီး ဆန်းကြယ်သော လက်သင်္ကေတများကို ဖန်တီးလိုက်သည်။
ခဏအကြာတွင် လက်ဖဝါးထဲမှ ကုန်ကြမ်းပစ္စည်းများသည် မျက်စိတစ်မှိတ်အတွင်း အရည်ပျော်သွားကြ၏။
“မြန်လိုက်တာ...”
တတိယ အကြီးအကဲ အံ့သြတကြီး အော်ဟစ်လိုက်သည်။
ချီယွမ် နှင့် အခြားသူများသည် စိတ်အဆင်သင့် ပြင်ထားသော်လည်း ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် သွန်းလုပ်ခြင်း ပညာရပ်ကြောင့် အံ့သြနေကြဆဲပင်။
“ဆရာက သွန်းလုပ်ခြင်းကိုလည်း အတွေးတစ်ချက်ဖြင့် လုပ်နိုင်တာလား...”
ချီယွမ် နှင့် အခြားသူများ စိတ်ထဲတွင် ကြောက်လန့်တကြား ခန့်မှန်းမိလိုက်ကြ၏။
အမှန်ပင်။
သူတို့ ခန့်မှန်းလိုက်သည်နှင့် တပြိုင်နက် ဖုန်းဝူချန် လက်ဖဝါးထဲမှ ကုန်ကြမ်းပစ္စည်းများသည် လုံးဝ ပေါင်းစပ်သွားပြီး မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းများ တောက်ပလာကာ အလွန် အစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်လာ၏။
ဖုန်းဝူချန် လက်ညှိုးထိုးလိုက်ရာ နဂါးနတ်ဘုရား ဓားသည် ပျံသန်းလာ၏။ ထို့နောက် လက်ညှိုးတစ်ချက် တောက်လိုက်ရာ အဖြူရောင် အလင်းတန်းများသည် နဂါးနတ်ဘုရား ဓားထဲသို့ ဝင်ရောက်သွားသည်။
“ဘုန်း...”
စိမ်းပြာရောင် မီးတောက်များသည် ရုတ်တရက် ပိုမို တောက်ပလာပြီး ဖုန်းဝူချန်၏ လက်သင်္ကေတများသည် လျင်မြန်စွာ ပြောင်းလဲကာ ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ထည့်သွင်းနေ၏။
အဖြူရောင် အလင်းတန်းများသည် နဂါးနတ်ဘုရား ဓားတစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။
“ပထမအဆင့် သွန်းလုပ်ခြင်း...”
“ဒုတိယအဆင့် သွန်းလုပ်ခြင်း...”
“တတိယအဆင့် သွန်းလုပ်ခြင်း...”
“...”
“ဆဋ္ဌမအဆင့် သွန်းလုပ်ခြင်း...”
သွန်းလုပ်ခြင်း အဆင့်သည် ဒုံးပျံစီးထားသကဲ့သို့ ရူးသွပ်စွာ မြင့်တက်လာပြီး မျက်စိတစ်မှိတ်အတွင်း ပထမအဆင့်မှ ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားသည်။
“...”
တတိယ အကြီးအကဲ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
ချီယွမ် နှင့် အခြားသူများသည် ခန့်မှန်းထားသော်လည်း လက်တွေ့ မြင်လိုက်ရသောအခါ ကျောက်ရုပ်များသဖွယ် တောင့်ခဲသွားကြ၏။
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းရည်သည် လူသားတို့၏ စွမ်းရည်ထက် ကျော်လွန်နေ၏။
ဆဋ္ဌမအဆင့် သွန်းလုပ်ခြင်း အောင်မြင်သွားသော်လည်း ဖုန်းဝူချန်သည် အံ့သြခြင်း မရှိဘဲ သာမန် အပြုံးလေးသာ ပြုံးလိုက်သည်။
နဂါးနတ်ဘုရား ဓားကို သွန်းလုပ်ပြီးနောက် ဖုန်းဝူချန်သည် အင်မော်တယ် လက်နက် စံအိမ်မှ လူများ၏ အံ့သြတကြီး အကြည့်များအောက်တွင် လက်အိတ်ကို ဆက်လက် သွန်းလုပ်လိုက်သည်။
နဂါးနတ်ဘုရား လက်အိတ်၏ သွန်းလုပ်ခြင်း အဆင့်သည်လည်း ဒုံးပျံကဲ့သို့ မြင့်တက်လာပြီး မျက်စိတစ်မှိတ်အတွင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားသည်။
ထပ်မံ၍ မျက်စိတစ်မှိတ်အတွင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားခြင်းက ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် သွန်းလုပ်ခြင်း အဆင့်အတန်းကို သက်သေပြနေပြီး အင်မော်တယ် လက်နက် စံအိမ်မှ လူတိုင်းကို နက်ရှိုင်းစွာ တုန်လှုပ်သွားစေသည်။
အင်မော်တယ် လက်နက် စံအိမ် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ တတိယ အကြီးအကဲသည် ရေခဲရိုက်ခံထားရသကဲ့သို့ မလှုပ်မယှက် ဖြစ်နေပြီး အသက်ရှူရန်ပင် မေ့နေသကဲ့သို့ ဖြစ်နေ၏။
အဆင့် (၆) သွန်းလုပ်ရေး ပညာရှင် တစ်ယောက်က ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သွန်းလုပ်ခြင်း အဆင့်အတန်းကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။
ဖုန်းဝူချန်၏ သွန်းလုပ်ခြင်း ပညာရပ်သည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ တတိယ အကြီးအကဲ အနေဖြင့် မော့ကြည့်ရုံသာ တတ်နိုင်ပေတော့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဆရာက အဆင့် (၆) သွန်းလုပ်ရေး ပညာရှင်ပဲ ရှိသေးတာ... ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ အဆင့်ကို ရောက်နေရတာလဲ...”
တတိယ အကြီးအကဲ ထိတ်လန့်တုန်လှုပ်နေမိသည်။
ဖုန်းဝူချန်၏ စွမ်းရည်သည် သူ့စိတ်ကူးဉာဏ်ထက် ကျော်လွန်နေ၏။
အင်မော်တယ် လက်နက် စံအိမ်မှ လူများသည် ဖုန်းဝူချန်က သွန်းလုပ်ခြင်း နယ်ပယ်တွင်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
ဆေးဖော်စပ်ရာတွင် အတွေး တစ်ချက်တည်းနှင့် ဆေးလုံးဖြစ်ပေါ်စေခြင်း ၊ လက်နက်သွန်းလုပ်ရာတွင် အတွေးတစ်ချက်ဖြင့် လက်နက်ဖန်တီးခြင်း၊ ယခု သွန်းလုပ်ခြင်းတွင်လည်း အတွေး တစ်ချက်တည်းနှင့် သွန်းလုပ်ခြင်း ကို ရရှိထား၏။ နယ်ပယ် (၃) ခုစလုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း တည်း။
ဤမျှ ပါရမီ မြင့်သော ပုဂ္ဂိုလ်မျိုးသည် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုများ အပါအဝင် တိုက်ကြီးတစ်ခုလုံးတွင် ပြိုင်ဘက်ကင်း ဖြစ်သည်သာ။ ဒုတိယမြောက် လူကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
ဖုန်းဝူချန်က ဒုတိယ ဟု ပြောလျှင် ဘယ်သူမှ ပထမ ဟု မပြောရဲကြပေ။
“ကုန်ကြမ်းပစ္စည်းတွေ ကုန်သွားပြီပဲ...”
ဖုန်းဝူချန် တကိုယ်တည်း ရေရွတ်လိုက်မိသည်။
“ရွှေဒင်္ဂါးပြားတွေ မရှိတော့လို့ ပစ္စည်းထပ်ဝယ်လို့ မရတော့ဘူး... နဂါးနတ်ဘုရား နန်းတော်သခင်က ဒီလောက် ဆင်းရဲလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ...”
အခြားလူသာ ဆိုလျှင် အလွန် ချမ်းသာကြွယ်ဝနေလောက်ပြီ ဖြစ်သော်လည်း သူ့အဖို့တော့ ဆင်းရဲမွဲတေနေပါ၏။
တစ်ရက်တည်း အတွင်းမှာပင် လက်နက်ဝိညာဉ် ပါဝင်သော အဆင့်မြင့် အင်မော်တယ် လက်နက်များကို သွန်းလုပ်ခဲ့ပြီး ဆဋ္ဌမအဆင့် သွန်းလုပ်ခြင်းကိုလည်း တစ်ကြိမ်တည်းဖြင့် အောင်မြင်ခဲ့သည်။
အံ့သြမှင်သက်နေသော အင်မော်တယ် လက်နက် စံအိမ်မှ လူများကို ကြည့်ပြီး ဖုန်းဝူချန် ခေါင်းအနည်းငယ် ခါလိုက်ကာ၊
“ချီယွမ်... ကြိုးကြိုးစားစား လေ့ကျင့်ပါ... ဒီနေ့ ကျွန်တော် သင်ပေးခဲ့တာတွေကို မှတ်သားထား... ခင်ဗျားရဲ့ အနာဂတ် လက်နက်သွန်းလုပ်ခြင်း လမ်းခရီးအတွက် အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်...”
ဟု မှာကြားလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာ... တပည့်က ဆရာ့ရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး...”
ချီယွမ် က လေးစားစွာ ကတိပေးပြီး ဖုန်းဝူချန်ကို ဦးညွှတ် ဂါရဝပြုလိုက် လေသည်။
အခန်း (၆၂၉) - ထျန်းဟယ်၏ တိုက်ခိုက်မှု
`အင်မော်တယ် လက်နက် စံအိမ်မှ ထွက်ခွာလာပြီးနောက် ဖုန်းဝူချန်သည် ကျန်းမိသားစုဆီသို့ သွားရောက်ခဲ့သည်။
ဤတစ်ကြိမ်တွင် ကျန်းမိသားစုသည် ဖုန်းဝူချန်ကို ကူညီရန် အစွမ်းကုန် ကြိုးစားခဲ့ကြ၏။ နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် (၃) ဦးသည် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ပေးခဲ့ကြသဖြင့် ဖုန်းဝူချန် အလွန် ကျေးဇူးတင်မိသည်။
ကျန်းမိသားစု၏ ကူညီမှုကို ရရှိထားသဖြင့် ဖုန်းဝူချန်သည် ကျေးဇူးဆပ်ချင်နေ၏။
ကျန်းမိသားစုသို့ ရောက်ရှိသောအခါ ဖုန်းဝူချန်သည် လက်နက်သွန်းလုပ်နည်း ကျမ်းလိပ်တစ်ခုကို ကျေးဇူးဆပ်သည့် အနေဖြင့် ပေးအပ်ခဲ့သည်။
ဖုန်းဝူချန်သည် အကြာကြီး မနေခဲ့ဘဲ နဂါးနတ်ဘုရား နန်းတော်သို့ ပြန်ခဲ့သည်။
ဤတိုက်ပွဲအပြီးတွင် နတ်ဆိုးမျိုးနွယ်နှင့် ယင်ယန် မိသားစုတို့သည် အချိန်တိုအတွင်း ထပ်မံ တိုက်ခိုက်လာမည် မဟုတ်ကြောင်း ဖုန်းဝူချန် ယုံကြည်ထား၏။
နတ်ဘုရား ဘုရင် နန်းတော်ကိုမူ နတ်ဆိုးမျိုးနွယ်နှင့် ယင်ယန် မိသားစုတို့က ဟန့်တားထားပြီး ဖြစ်လိမ့်မည်။ သူတို့ မည်မျှပင် အင်အားကြီးမားပါစေ... နတ်ဆိုးမျိုးနွယ်နှင့် ယင်ယန် မိသားစုကို စိန်ခေါ်ရဲမည် မဟုတ်ပေ။
ထို့ကြောင့် ဖုန်းဝူချန်သည် အချိန်အတော်လေး ရရှိသွားခဲ့သည်။
ရှေးဦး စက်ကွင်း လက်နက် ကို တွေ့ရှိထားပြီး ဖြစ်ရာ နောက်တစ်ဆင့်မှာ အချိန် စွမ်းအားအား ရှာဖွေရန် ဖြစ်ပါ၏။
အချိန် စွမ်းအား ရရှိမှသာ ရှေးဦး စက်ကွင်း လက်နက်ကို အသုံးပြုနိုင်မည် ဖြစ်၏။
အချိန် စွမ်းအား မရှိလျှင် ရှေးဦး စက်ကွင်း လက်နက်သည် သံတိုသံစထက် မပိုပေ။
အချိန် စွမ်းအား ရှိသော နေရာကို ဖုန်းဝူချန် အကြမ်းဖျင်း သိထားပြီး ဖြစ်၏။
သို့သော် အချိန် စွမ်းအားကို မရှာဖွေမီ နတ်ဘုရား ဘုရင် နန်းတော် ငြိမ်သက်နေချိန်တွင် လွှမ်းမိုးခြင်း နယ်မြေ သို့ သွားရောက်ပြီး ဝူမီးတောက် ကို ရှာဖွေရဦးမည်။
ဆုံးဖြတ်ချက်ချပြီးနောက် ဖုန်းဝူချန်သည် နဂါးနတ်ဘုရား နန်းတော်သို့ အမြန်ပြန်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“နဂါးနတ်ဘုရား နန်းတော်သခင်က အလျင်လိုနေပါလား... ဘယ်သွားမလို့လဲ...”
“ထျန်းဟယ်...”
အသံကို ကြားလိုက်သည်နှင့် ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်ပြီး ခြေလှမ်း ရပ်တန့်လိုက်သည်။
“ရွှီး...”
လူရိပ်တစ်ခု လျင်မြန်စွာ ရောက်ရှိလာ၏။ နတ်ဘုရား ဘုရင် နန်းတော်မှ ထျန်းဟယ် ပင်။
“မင်း အသက်ရှင်နေသေးလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... နဂါးနတ်ဘုရား နန်းတော်လည်း ဘေးကင်းနေသေးတယ် ဆိုတော့... တကယ်တမ်း ဘာဖြစ်သွားမှန်း မသိရပေမယ့်...”
ထျန်းဟယ် အေးစက်စွာ ပြောလိုက်သည်။ ထျန်းကျီဘုံ ပဉ္စမအလွှာ၏ ကြောက်မက်ဖွယ် အရှိန်အဝါသည် ဖုန်းဝူချန်ကို လွှမ်းခြုံထားလိုက်သည်။
နဂါးနတ်ဘုရား နန်းတော်နှင့် ဖုန်းဝူချန် ဘေးကင်းကြောင်း သိလိုက်ရသောအခါ ထျန်းဟယ် သည် ဖုန်းဝူချန်ကို ပစ်မှတ်ထားခဲ့သော်လည်း အခုအချိန်ထိ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။
လိန်ဟွန်း က မြက်ရိုက်ပြီး မြွေလန့်သွားအောင် မလုပ်ဖို့ သတိပေးထားသဖြင့် ဖုန်းဝူချန် အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုသို့ သွားနေစဉ်တွင် ထျန်းဟယ် သည် အနားမကပ်ရဲခဲ့ပေ။
ထိုစဉ်၊ ဖုန်းဝူချန်က လေးနက်စွာ ပြောလိုက်သည်။
“နတ်ဆိုးမျိုးနွယ်က နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်တွေကြောင့် ခင်ဗျား ကြောက်လန့်မသွားဘူးနဲ့ တူရဲ့...”
‘ဖုန်းဝူချန်က ကောင်းကင်ဘုံလူသား အဆင့် (၇) ကို ရောက်နေပြီ... ခုနက အင်မော်တယ် လက်နက် စံအိမ်မှာတုန်းက ထျန်းကျီဘုံ ပထမအလွှာနဲ့ ယှဉ်နိုင်တဲ့ စွမ်းအားကို ထုတ်သုံးပြခဲ့တယ်... ဒီကောင်လေးရဲ့ တိုးတက်မှုက မြန်လွန်းတယ်... နောင်ခါလာ နောင်ဈေး မဖြစ်အောင် အမြန်ဆုံး ရှင်းပစ်မှ ရမယ်…’
ထျန်းဟယ် စိတ်ထဲတွင် ရက်စက်စွာ တွေးတောနေ၏။ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ အထင်းသား ပေါ်နေ၏။
“ဘုန်း...”
စကားပြောမနေတော့ဘဲ ထျန်းဟယ် သည် ရုတ်တရက် တိုက်ခိုက်လိုက်သည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး သူ၏ ပုံရိပ်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ထျန်းဟယ် သည် ဖုန်းဝူချန်၏ ရှေ့သို့ ရောက်ရှိလာ၏။
“ဘုန်း...”
“ဝူး... ဝူး...”
ထျန်းဟယ် သည် ဧရာမ လက်ဝါးကြီးဖြင့် ဖုန်းဝူချန်ကို ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအင်များသည် လေထုကို စုတ်ဖြဲပစ်လိုက်သည်။
“ဟွန်း... မင်း ပြေးလို့ လွတ်မယ် ထင်နေလား...”
ထျန်းဟယ် အေးစက်စွာ ပြောလိုက်သည်။
ထျန်းဟယ် ၏ လက်ဝါးချက်သည် ဖုန်းဝူချန်ကို မထိမှန်ခဲ့ပေ။
ထျန်းဟယ် တိုက်ခိုက်လိုက်သည့် ခဏ၌ ဖုန်းဝူချန်သည် လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုပြီး ရှောင်တိမ်းလိုက်ခြင်း ဖြစ်၏။
သူတို့နှစ်ဦးကြားမှ အမြန်နှုန်း ကွာခြားချက် ကြီးမားလွန်းသဖြင့် ဖုန်းဝူချန်သည် နေရာရွှေ့ပြောင်းခြင်းကိုသာ အားကိုးရတော့မည်။
ထျန်းဟယ် သည် ဖုန်းဝူချန်နောက်သို့ လိုက်ပါသွားသည်။
"ဝှစ်..ဝှစ်"
လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို ဆက်တိုက် အသုံးပြုနေပြီး ဖုန်းဝူချန်၏ ပုံရိပ်သည် တဖျပ်ဖျပ် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။
သို့သော် ထျန်းဟယ် ၏ အမြန်နှုန်းသည်လည်း ကြောက်မက်ဖွယ် ကောင်းလှသည်။ ထျန်းကျီဘုံ ပဉ္စမအလွှာ ဖြစ်သည့်အားလျော်စွာ အမြန်နှုန်းတွင် အားသာချက် ရှိနေ၏။
သို့သော် လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းသည် ဆန်းကြယ်ပြီး ဖမ်းဆုပ်ရ ခက်ခဲသော ပညာရပ် ဖြစ်သဖြင့် ထျန်းဟယ် သည် ဖုန်းဝူချန်ကို ချက်ချင်း ဖမ်းမမိနိုင်ဖြစ်နေ၏။
“နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းကွက်... ဝူကျိ စွမ်းအင် ချည်နှောင်ခြင်း...”
ထျန်းဟယ် ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ကို ဆက်တိုက် ဝှေ့ယမ်းလိုက်သည်။ စွမ်းအင် သံကြိုးများ ပစ်ထွက်သွားပြီး လေထုထဲတွင် ဧရာမ ပိုက်ကွန်ကြီးသဖွယ် ယှက်နွှယ်သွားသည်။
"ဝှစ်..ဝှစ်"
ထျန်းဟယ် သည် ဆက်တိုက် တိုက်ခိုက်နေပြီး စွမ်းအင် သံကြိုးများသည် ကြီးမားသော လှောင်အိမ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ဖုန်းဝူချန်... မင်းရဲ့ အမြန်နှုန်းနဲ့ လွတ်မယ် ထင်နေလား...”
ထျန်းဟယ် မဲ့ပြုံး ပြုံးလိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ထျန်းဟယ် သည် ဧရာမ လှောင်အိမ်ကြီး တစ်ခုကို ဖန်တီးလိုက်သည်။ စွမ်းအင် သံကြိုးတိုင်းတွင် ကြောက်မက်ဖွယ် စွမ်းအင်များ ပါဝင်နေ၏။ ဖုန်းဝူချန်ကို ဖမ်းမိမည်ဟု သူ ယုံကြည်မှု အပြည့်ရှိသည်။
အမှန်ပင်။
ဖုန်းဝူချန်၏ ပုံရိပ်သည် လှောင်အိမ်ထဲတွင် ပေါ်လာ၏။ နေရာရွှေ့ပြောင်းခြင်း မည်မျှပင် မြန်ဆန်ပါစေ... အမြန်နှုန်းတွင် အားနည်းချက် ရှိနေသေးသည်။
“မင်း ပြေးမလွတ်ပါဘူး... မင်းကို လာကယ်မယ့်သူ မရှိဘူး...”
ထျန်းဟယ် လှောင်ပြောင်လိုက်ပြီး သူ၏ ကြောက်မက်ဖွယ် အစစ်အမှန်ယွမ်စွမ်းအားများကို စုစည်းလိုက်သည်။
ထျန်းဟယ် သည် ဤနေရာကို ရွေးချယ်ခဲ့ခြင်းမှာ ကျန်းမိသားစုနှင့်ရော နဂါးနတ်ဘုရား နန်းတော်နှင့်ပါ ဝေးကွာသောကြောင့် ဖြစ်၏။ ဖုန်းဝူချန် အန္တရာယ်ကြုံနေရကြောင်း တစ်ယောက်ယောက် သိသွားလျှင်တောင် စစ်ကူမရောက်လာခင် ဖမ်းမိနိုင်မည်ဟု သူ ယုံကြည်ထား၏။
“ဝူး... ဝူး...”
ကြောက်မက်ဖွယ် စွမ်းအင်များ လေထုထဲတွင် တုန်ခါနေ၏။ လေထုသည် အက်ကွဲပြီး ပြိုကျလာနေ၏။
မကြာမီ သောင်းချီသော စွမ်းအင် ဓားသွားများ စုစည်းလာပြီး အသက်ရှူကြပ်လာစေသည်။
“ဓားတစ်သောင်း… ရင်ကို ဖောက်ဝင်တဲ့ အရသာကို ခံစားကြည့်လိုက်စမ်း...”
ထျန်းဟယ် ရက်စက်စွာ ပြောလိုက်ပြီး တုံ့ဆိုင်းမနေဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဝှစ်..ဝှစ်"
“ဝူး... ဝူး...”
သောင်းချီသော ကြောက်မက်ဖွယ် စွမ်းအင် ဓားသွားများသည် မိုးကြိုးမုန်တိုင်းအလား ဖုန်းဝူချန်ဆီသို့ ဝင်ရောက်လာ၏။
ထျန်းကျီဘုံ ပဉ္စမအလွှာ၏ စွမ်းအားသည် ဖုန်းဝူချန် ခံနိုင်ရည်ရှိသော အရာမဟုတ်ပေ။
အင်အားကွာခြားချက် ကြီးမားလွန်းသည်။
“မင်းကို ဖမ်းမိရင် ကြီးမားတဲ့ အောင်မြင်မှု ရမှာပဲ... ထျန်းကျီဘုံ ဆဋ္ဌမအလွှာကို တက်လှမ်းဖို့ အခွင့်အရေး ရလိမ့်မယ်...”
ထျန်းဟယ် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
“ချီလင် ချပ်ဝတ်...”
“အစစ်အမှန်ယွမ် အကာအကွယ်...”
“နဂါးနတ်ဘုရား အကာအကွယ်...”
လှောင်အိမ်ထဲတွင် ပိတ်မိနေသော ဖုန်းဝူချန်သည် ထျန်းဟယ် ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခုခံရန် အစွမ်းကုန် ကြိုးစားလိုက်သည်။ နဂါးနတ်ဘုရား အကာအကွယ်ကိုပင် ဆင့်ခေါ်လိုက်သည်။
ထိုအခိုက်အတန့်၌၊ဖုန်းဝူချန်၏ ပတ်လည်တွင် ကြီးမားသော သွေးရောင် နဂါးကြီး တစ်ကောင် ပါ်လာပြီး သူ့ကို ကာကွယ်ပေးထား၏။
“ဒါ ဘာကြီးလဲ...”
ထူးဆန်းသော သတ္တဝါကြီးကို မြင်လိုက်ရသဖြင့် ထျန်းဟယ် အံ့သြသွားသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
“ဝူး... ဝူး...”
သေချာ မကြည့်ရသေးခင်မှာပင် သောင်းချီသော စွမ်းအင် ဓားသွားများသည် ဧရာမ နဂါးကြီးကို ဝင်ဆောင့်လိုက်ကြ၏။ ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး ဖျက်ဆီးအားပြင်းသော စွမ်းအင်များသည် လှောင်အိမ်ကြီးကို စုတ်ဖြဲပစ်လိုက်ကာ ဖုန်းဝူချန်ကို ဝါးမြိုသွားတော့သည်။
“မင်းရဲ့ ကာကွယ်မှု ဘယ်လောက်ပဲ ကောင်းကောင်း... ငါ့စွမ်းအားကို ခံနိုင်ရည် ရှိပါ့မလား...”ဟု ထျန်းဟယ် အထင်သေးစွာ ပြောလိုက်သည်။
ဖျက်ဆီးအားပြင်းသော စွမ်းအင်များအောက်တွင် ဖုန်းဝူချန်၏ အစစ်အမှန်ယွမ် အကာအကွယ်သည် ချက်ချင်း ကွဲကြေသွားပြီး နဂါးနတ်ဘုရား အကာအကွယ်သည်လည်း တုန်ခါနေ၏။
‘ချီလင် ချပ်ဝတ်ရော နဂါးနတ်ဘုရား အကာအကွယ်ရော မခံနိုင်တော့ဘူး…’
ချီလင် ချပ်ဝတ် ဆိုသည်မှာ နတ်ဘုရား လက်နက် ဖြစ်၏။ ၎င်း၏ ကာကွယ်နိုင်စွမ်းသည် အလွန် မြင့်မားလှသည်။
ယခု အခါတွင် ဖုန်းဝူချန်သည် ကြောက်မက်ဖွယ် မုန်တိုင်းကြီးထဲ ရောက်နေသကဲ့သို့ ခံစားနေရသည်။
ဧရာမ နဂါးကြီး၏ ကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ပြည့်နှက်နေပြီး အချိန်မရွေး ပြိုကျသွားနိုင်သည့် အနေအထား ဖြစ်နေ၏။
“အ...”
ဖုန်းဝူချန် ပါးစပ်မှ သွေးများ အန်ထွက်လာ၏။ ဒဏ်ရာများ လျင်မြန်စွာ ပြင်းထန်လာသည်။
သောင်းချီသော စွမ်းအင် ဓားသွားများ၏ တိုက်ခိုက်မှုသည် စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထျန်းကျီဘုံ ပဉ္စမအလွှာ ပညာရှင်၏ ရှေ့တွင် ဖုန်းဝူချန်သည် ခုခံနိုင်စွမ်း ကင်းမဲ့နေ၏။
အခန်း (၆၃၀) - ထွက်ပြေးခြင်း
~အားလှိုင်းအကြွင်းအကျန်များသည် ကိုက်ပေါင်း သောင်းချီသော နေရာလပ်ကြီးကို ဖုံးလွှမ်းသွားသည်။
“ဝူး...”
အသံများ တဖြည်းဖြည်း တိုးဝင်သွားသော်လည်း အားလှိုင်းအကြွင်းအကျန်များထဲတွင် တစ်စုံတစ်ခု ကွဲအက်သွားသံကို ကြားလိုက်ရသည်။
“ကွဲ...”
ဖုန်းဝူချန်ကို ကာကွယ်ပေးထားသော သွေးရောင် နဂါးကြီးသည် ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး နောက်ဆုံးတွင် မခံနိုင်တော့ဘဲ ကွဲကြေသွားတော့သည်။
ဖုန်းဝူချန်သည် ပြင်းထန်သော ဒဏ်ရာကို ရရှိသွားပြီး အသက်ရှူရန်ပင် မနည်း ကြိုးစားနေရသည်။ မျက်နှာမှာ ဖြူဖျော့နေပြီး ပါးစပ်နှင့် သွားများကြားမှ သွေးများ ယိုစီးကျလာ၏။ အဝတ်အစားများလည်း စုတ်ပြဲကုန်ပြီး ဒဏ်ရာများကို အတိုင်းသား မြင်နေရသည်။
“နဂါးနတ်ဘုရား အကာအကွယ်တောင် ထျန်းကျီဘုံ ပဉ္စမအလွှာရဲ့ စွမ်းအားကို မခံနိုင်ဘူးပဲ...”
ဖုန်းဝူချန်၏ မျက်နှာထား လေးနက်သွားသည်။
ယခုအချိန်တွင် ဒဏ်ရာပြင်းထန်စွာ ရထားသဖြင့် ထျန်းဟယ် ၏ ကြောက်မက်ဖွယ် စွမ်းအားကို ယှဉ်နိုင်စွမ်း မရှိတော့ပေ။ ထွက်ပြေးရန်ပင် မလွယ်ကူတော့ချေ။
ထျန်းဟယ် ၏ ရည်ရွယ်ချက်မှာ ဖုန်းဝူချန်ကို အရှင်ဖမ်းပြီး ကုသိုလ်ယူရန် ဖြစ်၏။ ဖုန်းဝူချန်ကို လွယ်လွယ်လေး လွှတ်ပေးပါ့မလား...
“ခုနက သတ္တဝါကြီးက ဘာကြီးလဲ... စွမ်းအင် ဓားသွားတွေကိုတောင် ခံနိုင်ရည် ရှိသားပဲ...”
ထျန်းဟယ် စိတ်ထဲတွင် အံ့သြနေမိသည်။
နဂါးနတ်ဘုရား အကာအကွယ်သည် ဖုန်းဝူချန်၏ အစွမ်းအထက်ဆုံး ခံစစ်စည်း ဖြစ်၏။
နဂါးနတ်ဘုရား အကာအကွယ်သာ မရှိလျှင် ဖုန်းဝူချန်သည် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး မေ့မြောသွားလောက်ပြီ ဖြစ်၏။
“အခု မင်း ပြေးလို့ မလွတ်တော့ဘူး မဟုတ်လား... မင်းရဲ့ ကိုယ်ဖော့သိုင်း ဘယ်လောက်ကောင်းကောင်း... ငါ့လက်ထဲက မလွတ်နိုင်ပါဘူး...”
ထျန်းဟယ် လှောင်ပြောင်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်နေ၏။
“ငါ့စွမ်းအားကို ခံနိုင်ရည် ရှိတာတော့ ချီးကျူးစရာပဲ... ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက မင်းရဲ့ စွမ်းအားက သိပ်အားနည်းလွန်းနေတယ်...”
ထျန်းဟယ် က အေးစက်စွာ ပြောလိုက်သည်။
“ရွှီး...”
စကားဆုံးသည်နှင့် ထျန်းဟယ် သည် လေထုကို နင်းပြီး ပြေးဝင်လာ၏။
“ထျန်းဟယ်... ခင်ဗျား ကျုပ်ကို လျှော့တွက်လွန်းနေတယ်...”
လှောင်အိမ် အစွန်းနားတွင် ရှိနေသော ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“မင်းကသာ ငါ့ကို လျှော့တွက်နေတာ... ဒဏ်ရာ ရထားတဲ့ မင်းအခြေအနေနဲ့ ငါ့လက်ထဲက လွတ်နိုင်မယ် ထင်နေတာလား...”
ထျန်းဟယ် ပြန်ပြောလိုက်သည်။
ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာပြီး...
“ခင်ဗျား ထင်တာ မှန်တယ်...”
“ဖြောင်း...”
ဖုန်းဝူချန်သည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ရာ ကြီးမားသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာ၏။ ကမ္ဘာပျက် စွမ်းအားကို အစွမ်းကုန် ထုတ်သုံးလိုက်ပြီး သွေးရောင်အလင်းတန်းများ ဖြာထွက်လာ၏။
ကမ္ဘာပျက် စွမ်းအားကို အတင်းအကြပ် ထုတ်သုံးလိုက်သဖြင့် ဖုန်းဝူချန်၏ ဒဏ်ရာများ ပိုမို ဆိုးရွားလာ၏။
သို့သော် ဖုန်းဝူချန် ဂရုမစိုက်နိုင်တော့ပေ။
“မင်းရဲ့ ခန္ဓာကိုယ်က ဒဏ်ရာတွေနဲ့ ပြည့်နေပြီ... ဘာလုပ်နိုင်မှာလဲ... ငါ့လက်ထဲက လွတ်မယ် ထင်နေတုန်းလား... အိပ်မက် မက်မနေနဲ့...”
ထျန်းဟယ် အထင်သေးစွာ ပြောလိုက်ပြီး ဖုန်းဝူချန်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာကာ လက်ဝါးဖြင့် ထပ်မံ ရိုက်ချလိုက်သည်။
ဖုန်းဝူချန်၏ ဒဏ်ရာများ အလွန် ပြင်းထန်နေပြီ ဖြစ်ရာ ထျန်းဟယ် ၏ သာမန် လက်ဝါးချက် တစ်ချက်တည်းနှင့်ပင် သတိလစ်သွားနိုင်သည်။
သို့သော် ဖုန်းဝူချန်သည် အလွယ်တကူ အရှုံးပေးမည့်သူလား။
ထျန်းဟယ် ၏ အမြန်နှုန်းသည် အလွန် မြန်ဆန်လှပြီး အခြေအနေမှာ အလွန် အရေးကြီးနေ၏။
“အင်မော်တယ် ကျင့်စဉ်... မိုင်တစ်သောင်း ကိုယ်ပျောက်...”
ဖုန်းဝူချန် ရုတ်တရက် အော်ဟစ်လိုက်သည်။
“အင်မော်တယ် ကျင့်စဉ်...”
ထျန်းဟယ် အံ့သြသွားသော်လည်း စဉ်းစားချိန် မရတော့ပေ။
“ဒီမှာပဲ နေခဲ့တော့...”
ထျန်းဟယ် ရက်စက်စွာ အော်ဟစ်လိုက်ပြီး ဖုန်းဝူချန်၏ ရင်ဘတ်ကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
“ဘုန်း...”
“ဝူး...”
ကြောက်မက်ဖွယ် လက်ဝါးချက် ထိမှန်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ဖုန်းဝူချန်သည် ချက်ချင်း ပြာကျသွားပြီး ရိုင်းစိုင်းကြမ်းတမ်းသော စွမ်းအင်များသည် လေထုကို ဖျက်ဆီးပစ်လိုက်ကာ အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာစေသည်။
“ဟွန်း... မင်း ပြေးလို့ လွတ်မယ် ထင်နေလား...”
ထျန်းဟယ် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ သူ့မျက်နှာထား အလွန် မည်းမှောင်နေ၏။
အရေးကြီးသော အချိန်တွင် ဖုန်းဝူချန်သည် အင်မော်တယ် ကျင့်စဉ်ကို အသုံးပြုပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ထျန်းဟယ် ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းသွားနိုင်ခဲ့သည်။
ပြာကျသွားသည်မှာ ဖုန်းဝူချန်၏ နောက်ယောင်ခံ ပုံရိပ်ယောင်သာ ဖြစ်၏။
ယခုအချိန်တွင် ဖုန်းဝူချန်၏ ပုံရိပ်သည် အစအနမကျန် ပျောက်ကွယ်သွားပြီ ဖြစ်၏။
“ဖုန်းဝူချန်က နဂါးနတ်ဘုရား နန်းတော်ကို ပြန်ပြေးတာ နေမှာ... သူ မရောက်ခင် ငါ အရင် လိုက်မှ ရမယ်...”
ထျန်းဟယ် အေးစက်စွာ ပြောလိုက်ပြီး ချက်ချင်း လိုက်ပါသွားတော့သည်။
ဖုန်းဝူချန် နဂါးနတ်ဘုရား နန်းတော်သို့ ရောက်သွားလျှင် ထျန်းဟယ် အခွင့်အရေး ဆုံးရှုံးသွားပေလိမ့်မည်။ နောက်တစ်ခါ ဖမ်းမိဖို့ဆိုတာ ပိုခက်ခဲသွားလိမ့်မည်။
“ရွှီး...”
စက္ကန့်အနည်းငယ် ကြာသောအခါ ဖုန်းဝူချန်၏ ပုံရိပ် ရုတ်တရက် ပေါ်လာ၏။
“အွတ်..”
အတင်းအကြပ် စွမ်းအားထုတ်သုံးပြီး အင်မော်တယ် ကျင့်စဉ်ကို အသုံးပြုခဲ့ရသဖြင့် ဖုန်းဝူချန်၏ ဒဏ်ရာများ ပိုမို ဆိုးရွားလာ၏။ ပါးစပ်မှ သွေးများ အန်ထွက်လာပြီး ခန္ဓာကိုယ် တုန်ခါကာ အချိန်မရွေး ပြိုလဲသွားနိုင်သည့် အနေအထား ဖြစ်နေ၏။
“အဲ့ဒီကောင်စုတ် လိုက်လာပြီ...”
ဖုန်းဝူချန် မျက်မှောင်ကြုတ်ကာ တီးတိုး ရေရွတ်လိုက်သည်။ လွတ်မြောက်လာသည်မှာ မကြာသေးမီကပင် ဖြစ်သော်လည်း ထျန်းဟယ် သည် ကြောက်မက်ဖွယ် အရှိန်ဖြင့် လိုက်ပါလာနေကြောင်း အာရုံခံမိလိုက်သည်။
ဖုန်းဝူချန်သည် ဆေးလုံးအချို့ကို ထုတ်ယူကာ အလျင်အမြန် မျိုချလိုက်ပြီး အနက်ရောင် အတောင်ပံများကို ခတ်ကာ ဆက်လက် ပျံသန်းသွားသည်။
ဒဏ်ရာများနှင့် အစစ်အမှန်ယွမ်စွမ်းအားများ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာနေသော်လည်း ဖုန်းဝူချန်သည် ထျန်းဟယ် မမီခင် နဂါးနတ်ဘုရား နန်းတော်သို့ ရောက်ရှိရန်သာ မျှော်လင့်နေ၏။
“ဟွန်း... ဒီကောင်စုတ်က တကယ်ပဲ နဂါးနတ်ဘုရား နန်းတော်ကို ပြန်ပြေးနေတာကိုး... ဝမ်းနည်းစရာ ကောင်းတာက မင်းမှာ အခွင့်အရေး မရှိတော့ဘူး...”
နောက်မှ လိုက်လာသော ထျန်းဟယ် သည် ဖုန်းဝူချန်၏ အားနည်းနေသော အရှိန်အဝါကို အာရုံခံမိလိုက်ပြီး ရက်စက်သော အပြုံးတစ်ခု ပေါ်လာ၏။
“ဘုန်း...”
ထျန်းဟယ် ရုတ်တရက် အရှိန်မြှင့်လိုက်သည်။ စူးရှသော အသံကြီး ထွက်ပေါ်လာပြီး သူ၏ ပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ အလွန် လျင်မြန်လှလေသည်။
“ဖုန်းဝူချန်... မင်း ပြေးမလွတ်ပါဘူး... အင်မော်တယ် ကျင့်စဉ်ကို ဖိအားပေး သုံးလိုက်လို့ တောင့်မခံနိုင်တော့ဘူး မဟုတ်လား... ဒါက သေခါနီး အချိန်..ရုန်းကန်တာပါပဲ...”
ဖုန်းဝူချန်သည် ထျန်းဟယ် ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
သူက နောက်လှည့်ကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။
“နဂါးနတ်ဘုရား နန်းတော် ပြန်ရောက်ပြီး အခင်းအကျင်းကို ဖွင့်မယ် ကြံနေတာလား... မင်း စိတ်ကူးယဉ်လွန်းနေပြီ...”
ထျန်းဟယ်က ဆက်လက် လှောင်ပြောင်လိုက်သည်။
နဂါးနတ်ဘုရား နန်းတော်နှင့် အလွန် နီးကပ်နေပြီ ဖြစ်သော်လည်း ဖုန်းဝူချန်သည် ထျန်းဟယ် ၏ ကြားဖြတ် တားဆီးခြင်းခံလိုက်ရသည်။
“အေးအေးဆေးဆေးသာ လိုက်ခဲ့ပါ... မင်းအလောင်းကို အကောင်းပကတိ ထားပေးမယ်လို့ ငါ ကတိပေးတယ်...”
ထျန်းဟယ် မောက်မာစွာ ပြောလိုက်သည်။ ဖုန်းဝူချန်ကို အထက်စီးမှ ငုံ့ကြည့်နေ၏။
“ကျုပ်ကို ဖမ်းချင်တာလား...”
ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်တွင် ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာ၏။
“ခင်ဗျားမှာ အဲ့ဒီ အရည်အချင်း မရှိသေးဘူး...”
“ဟုတ်လား...”
ထျန်းဟယ် ၏ မျက်နှာထား မည်းမှောင်သွားသည်။ ဖုန်းဝူချန်ကို အခွင့်အရေး မပေးတော့ဘဲ ချက်ချင်း ဖမ်းဆုပ်ရန် ပြင်လိုက်သည်။
ထျန်းဟယ် သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ မီတာ (၁၀) ကျော် အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားပြီး ဖုန်းဝူချန်ကို ဖမ်းမိမည်ဟု ယုံကြည်ထား၏။
သို့သော် ထျန်းဟယ် လှုပ်ရှားလိုက်သည့် ခဏ၌ ဖုန်းဝူချန်၏ လက်များသည် လျင်မြန်စွာ လက်သင်္ကေတများ ဖော်လိုက်ပြီး နောက်ဆုံးတွင် လက်နှစ်ဖက်ကို ပူးကပ်လိုက်သည်။
ထျန်းဟယ် ၏ လက်သည်းသည် ဖုန်းဝူချန်နှင့် လက်တစ်ကမ်း အလိုတွင် ရုတ်တရက် ရပ်တန့်သွားသည်။ ရှေ့ဆက် မတိုးနိုင်တော့ပေ။
ထျန်းဟယ် အံ့သြသွားသည်။ သူ့ခန္ဓာကိုယ် လုံးဝ လှုပ်ရှားမရတော့သည်ကို တွေ့လိုက်ရ၍ပင်။
“ဘာ... ဘာဖြစ်တာလဲ...”
ထျန်းဟယ် ၏ မျက်နှာပေါ်တွင် အံ့သြမှုများ ပြည့်နှက်နေ၏။
“ဟွန်း.. ပြောသားပဲ... ခင်ဗျားမှာ ကျုပ်ကို ဖမ်းနိုင်တဲ့ အရည်အချင်း မရှိသေးဘူးလို့...”
ဖုန်းဝူချန် အေးစက်စွာ ပြောလိုက်ပြီး အတောင်ပံများကို ခတ်ကာ နဂါးနတ်ဘုရား နန်းတော်ဆီသို့ အလျင်အမြန် ပျံသန်းသွားတော့သည်။
ဖုန်းဝူချန် ကြာကြာ မနေရဲပေ။ ထျန်းဟယ် သည် အလွန် စွမ်းအားကြီးသဖြင့် အချိန်မရွေး လွတ်မြောက်လာနိုင်သည်။
“ဒါက ချုပ်နှောင်ခြင်းပဲ...”
မိမိကိုယ်ကို စစ်ဆေးကြည့်လိုက်သောအခါ ထျန်းဟယ် ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာ၏။
“နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်တွေသာ လုပ်နိုင်တဲ့ ချုပ်နှောင်ခြင်းကို... ဖုန်းဝူချန်က ဘယ်လိုလုပ်ပြီး...”
နဂါးနတ်ဘုရား နန်းတော်သို့ ပျံသန်းသွားသော ဖုန်းဝူချန်ကို ကြည့်ပြီး ထျန်းဟယ် သည် နှစ်ခါပြန် မစဉ်းစားတော့ဘဲ ရှိသမျှ စွမ်းအားအကုန် ထုတ်သုံးကာ ချုပ်နှောင်ထားခြင်းကို အတင်းအကြပ် ဖြိုခွင်းရန် ကြိုးစားလိုက်သည်။
“ဝူး... ဝူး...”
ထိုအခါ၊ ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အပြာရောင် အလင်းတန်းများ တောက်ပလာကာ လေထုကြီး ပြင်းထန်စွာ တုန်ခါသွားသည်။
“ကွဲဖျက်စေ...”
ထျန်းဟယ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို အားစိုက်ပြီး ချုပ်နှောင်ထားခြင်းကို ရုန်းထွက်လိုက်သည်။
“အခွင့်အရေး ရှိသေးတယ်...”
ဖုန်းဝူချန်ကို အညှိုးအတေးနှင့် ကြည့်ရင်း ထျန်းဟယ် အရှိန်မြှင့်လျက် လိုက်ပါသွား
တော့သည်။
‘လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း…’
ဖုန်းဝူချန် စိတ်ထဲမှ အော်ဟစ်လိုက်သည်။ ဒဏ်ရာများနှင့် အစစ်အမှန်ယွမ်စွမ်းအားများ အနည်းငယ် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သဖြင့် ကိုယ်ဖော့သိုင်းကို ထုတ်သုံးလိုက်တော့၏။
“သေစမ်း... နောက်ကျသွားပြီ...”
ထျန်းဟယ် အံကြိတ်လိုက်သည်။
“နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းကွက်... နတ်ဘုရား လေ လက်ညှိုး...”
ဖုန်းဝူချန် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုပြီး အကွာအဝေးကို ဆွဲဆန့်လိုက်သဖြင့် မမီနိုင်တော့မှန်း သိလိုက်ရသောအခါ ထျန်းဟယ် သည် ဒေါသတကြီး အော်ဟစ်ပြီး သိုင်းကွက်ကို ထုတ်သုံးလိုက်သည်။
“ကိုးထပ် ချန်ခွင်း နတ်ဘုရား သတ် အခင်းအကျင်း... ပွင့်စေ...”
ဖုန်းဝူချန်သည် နေရာရွှေ့ပြောင်းခြင်းကို ထပ်မံ အသုံးပြုပြီး နဂါးနတ်ဘုရား နန်းတော်သို့ အောင်မြင်စွာ ရောက်ရှိသွား၏။
အလျင်အမြန်ပင်၊ နဂါးနတ်ဘုရား နန်းတော်၏ အခင်းအကျင်းကို အသက်ဝင်စေလိုက်တော့သည်။