အခန်း (၅၃-၅၄)
Vol. 3 Ch. 53-54
အခန်း (၅၃) - ဒါကို လျှို့ဝှက်ထားပါ
အိုးထဲမှ ရေများမှာ ပွက်ပွက်ဆူနေပြီး ရေနွေးငွေ့များ တထောင်းထောင်း ထွက်နေသည်။ အိုးဖုံး ပိတ်ထားသဖြင့် အတွင်း၌ ဘာဖြစ်နေသည်ကို မည်သူမျှ မသိနိုင်ကြပေ။ လူများမှာ သံသယဝင်လာကြသော်လည်း လင်းကျင်း တစ်ယောက်သာ အေးဆေး တည်ငြိမ်နေသည်။
သားရဲပြတိုက်က ဤကုသနည်းကို ညွှန်ကြားထားခြင်း ဖြစ်သဖြင့် အကျိုးသက်ရောက်မှု ရှိမည်မှာ သေချာလှသည်။
ထို့ကြောင့် သူသည် စိုးရိမ်ပူပန်မှု အစအနမျှ မရှိဘဲ ပုံမှန်အတိုင်းပင် ရပ်နေသည်။
မိနစ် ၁၅ မိနစ်ခန့် ကြာသောအခါ အိုးဖုံးကို ဖွင့်လိုက်သည်။ သံကဏန်းမှာ ကိုယ်ထဲမှ အအေးဓာတ်များ ပျောက်ကွယ်သွားသဖြင့် အိုးထဲမှ ဖျတ်ခနဲ ခုန်ထွက်လာတော့သည်။
သံကဏန်း၏ ကိုယ်ပေါ်မှ အပူငွေ့များ ထွက်နေပြီး အားအင်များ ပြန်လည် ပြည့်ဝနေသည်ကို တွေ့ရသည်။ အသိဉာဏ် မရှိသူပင်လျှင် ဤကုသမှုမှာ အောင်မြင်သွားပြီ ဖြစ်ကြောင်း သိနိုင်လှသည်။
လင်းကျင်းက သူ၏ အလုပ်သင်များကို လှမ်းခေါ်ပြီး ညွှန်ကြားလိုက်သည်။
“ကျန်တဲ့ အပိုင်းတွေကို မင်းတို့ပဲ လုပ်လိုက်တော့။ သားရဲရဲ့ ဓာတ်သဘာဝကို ထိန်းညှိပေးမယ့် ဆေးအချို့ ပြင်ဆင်ပေးလိုက်ရင် အဆင်ပြေသွားလိမ့်မယ်။ ဒါ့အပြင် ဒီသံကဏန်းအတွက် ကံကောင်းတာတစ်ခု ရှိသေးတယ်။ သူ့ကိုယ်ထဲက အအေးဓာတ် ၉၀ ရာခိုင်နှုန်းလောက်က ပျောက်သွားပေမဲ့ ကျန်တဲ့ အအေးဓာတ်က သူ့ကို ထိခိုက်စေမယ့်အစား သူ့ရဲ့ ခွန်အားကို တိုးတက်စေလိမ့်မယ်။ မကြာခင်မှာ ဒီစွမ်းအင်သစ်နဲ့ သူ အဆင့်တက်နိုင်ခြေတောင် ရှိတယ်”
ကိုယ်လုံးကိုယ်ထည် ကြီးမားသော လူများမှာ ထိုစကားကို ကြားသောအခါ လင်းကျင်းကို အလုအယက် ကျေးဇူးတင်ကြတော့သည်။
ယခုအခါတွင်မူ သူတို့သည် လင်းကျင်း၏ အရည်အချင်းကို လုံးဝ ယုံကြည်သွားကြပြီ ဖြစ်သည်။ မျက်စိရှေ့မှ လက်တွေ့မြင်ကွင်းကို မည်သူမျှ ငြင်းဆို၍ မရပေ။ အဆင့်မြင့် အလုပ်သင်များဟု ဆိုကြသူများထံ သွားပြစဉ်က မည်သူမျှ မတတ်နိုင်ခဲ့ကြပေ။ အလုပ်သင် ကျန်းဟဲဆိုလျှင် တရားဝင် အကဲဖြတ်မှူးများတောင် ဤသံကဏန်းကို ကယ်နိုင်မည် မဟုတ်ဟု ပြောခဲ့သေးသည်။
ဆိုလိုသည်မှာ သံကဏန်းအတွက် မျှော်လင့်ချက် မရှိတော့ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် နာမည်ဆိုးဖြင့် ကျော်ကြားသော အကဲဖြတ်မှူးလင်းထံ ရောက်လာသည့်အခါတွင်မူ ဤမျှ လွယ်ကူစွာ ကုသနိုင်လိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
ဘယ်သူက လင်းကျင်းကို အရည်အချင်းမရှိဘူးလို့ ပြောတာလဲ။
ဘယ်သူက သူ့ကို နာမည်နဲ့ မလိုက်အောင် ညံ့ဖျင်းတယ်လို့ ပြောတာလဲ။
ထိုလူများမှာ လင်းကျင်းကို အခါခါ ကျေးဇူးတင်ပြီးမှ ပြန်သွားကြတော့သည်။
“အကဲဖြတ်မှူးလင်းက တကယ်ကို တော်တဲ့သူပဲ။ စိတ်ထားလည်း ကောင်းလိုက်တာ။ သူ့ကို တမင် နာမည်ဖျက်ဖို့ ကောလာဟလတွေ ဖြန့်နေကြတာ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတယ်”
သံကဏန်းပိုင်ရှင်က ဒေါသတကြီး ပြောလိုက်သည်။
ဤလူများမှာ သင်္ဘောကျင်းမှ အလုပ်သမားများ ဖြစ်ကြပြီး ဒေါသကြီးသော်လည်း ရိုးသားကာ သစ္စာရှိကြသူများ ဖြစ်သည်။ ဤဖြစ်ရပ်ကြောင့် သူတို့သည် လင်းကျင်းအပေါ် အကြွေးတင်သွားပြီဟု ခံစားနေကြရသည်။
“မနက်ဖြန်ကျရင် သူ့အတွက် ဂုဏ်ပြုဆိုင်းဘုတ်တစ်ခု သွားပေးကြရင် မကောင်းဘူးလား။ တခြား အကဲဖြတ်မှူးတွေရဲ့ အခန်းမှာ ‘ထူးချွန်ထက်မြက်သော အရည်အချင်း’ တို့ ‘မေတ္တာကရုဏာကြီးမားသူ’ တို့ဆိုတဲ့ ဆိုင်းဘုတ်တွေ ချိတ်ထားကြတာပဲ။ အကဲဖြတ်မှူးလင်းလို လူမျိုးရဲ့ အခန်းမှာ တစ်ခုမှ မရှိတာ မဖြစ်သင့်ဘူး”
“ဒါ ကောင်းတဲ့ စိတ်ကူးပဲ။ ငါတို့ လုပ်ကြတာပေါ့”
ထို့နောက်တွင် ထိုလူများမှာ သံကဏန်းကို သယ်၍ ထွက်သွားကြသည်။
သူတို့ ဘေးမှ ဖြတ်သွားသော ကိုယ်လုံးဝဝနှင့် လူတစ်ယောက်သည် သူတို့၏ စကားများကို ကြားလိုက်ရသည်။
ထိုသူမှာ တုန်းဟယ်ပင် ဖြစ်သည်။
မနက်ဖြန်မှစ၍ တုန်းဟယ်သည် အကဲဖြတ်ခြင်းလုပ်ငန်းများကို တရားဝင် စတင်တော့မည် ဖြစ်သည်။ စောစောက သင်္ဘောကျင်း အလုပ်သမားများမှာ ကျားချန်းနှင့် ကျန်းဟဲတို့ထံတွင် အရေးပေါ် လာပြနေသည်ကို သူ မြင်ခဲ့သော်လည်း အဆင်မပြေခဲ့သည်ကို သူ သိထားသည်။
သားရဲများတွင် ကုလို့မရသော ရောဂါများ ရှိတတ်ပြီး အကဲဖြတ်မှူးများက ကယ်တင်လိုက်ရသည်မှာ အသင်းချုပ်တွင် ထူးဆန်းသော ကိစ္စမဟုတ်ပေ။
သို့သော် ထိုသံကဏန်းမှာ သေလုမြောပါး ဖြစ်နေသည်ကို တုန်းဟယ် အသေအချာ မြင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ၎င်းမှာ သန်သန်မာမာနှင့် ပြေးလွှားနေသည်မှာ သေခါနီး သားရဲတစ်ကောင်နှင့် လုံးဝ မတူတော့ပေ။
တုန်းဟယ်မှာ အစက ဇဝေဇဝါ ဖြစ်နေသော်လည်း ထိုလူများ၏ စကားကို ကြားလိုက်ရချိန်တွင် အမှန်တရားကို သိသွားတော့သည်။
“လင်းကျင်းက ကုလိုက်တာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
တုန်းဟယ်မှာ ထိတ်လန့်သွားရသည်။
သူ သိထားသလောက်မှာ လင်းကျင်းသည် တရားဝင် အကဲဖြတ်မှူး ဖြစ်သော်လည်း အရည်အချင်းမှာမူ အလွန် ညံ့ဖျင်းသူ ဖြစ်သည်။ သို့သော် သေချာ စဉ်းစားကြည့်လျှင် လင်းကျင်း ညံ့ဖျင်းသည်ဟူသော ကောလာဟလများမှာ ကျန်းဟဲ၏ ပါးစပ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ ကျန်းဟဲသည် လင်းကျင်းကို သစ္စာဖောက်ကာ အခြားသူထံ ပြောင်းသွားသူ ဖြစ်သဖြင့် လင်းကျင်းကို တမင် နာမည်ဖျက်နေခြင်း ဖြစ်နိုင်ပါသလား။
၎င်းမှာ ဖြစ်နိုင်ခြေ ရှိသော အချက်ပင် ဖြစ်သည်။
သို့သော် တစ်ခုခုတော့ လွဲနေသေးသည်။ လင်းကျင်းသည် လစဉ် စစ်ဆေးမှုများတွင် အမှတ်နည်းခဲ့သည်မှာ လပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ သူသည် အလုပ်သင်များထက်ပင် အမှတ်နည်းကာ အဆင့်ဇယား၏ အလယ်လောက်မှာသာ ရှိနေခဲ့သည်။
အကယ်၍ သူသည် အလုပ်သင်တစ်ဦး ဖြစ်နေလျှင် ပြဿနာမရှိသော်လည်း သူက တရားဝင် အကဲဖြတ်မှူး တစ်ယောက် ဖြစ်သည်။ လင်းကျင်းသာ တကယ် တော်ပါက ဘာကြောင့် အမှတ်တွေ ဒီလောက် နည်းနေရတာလဲ။
တုန်းဟယ်မှာ နားမလည်နိုင်သဖြင့် သူ၏ အစ်မဖြစ်သူ တုန်းချွဲထံ သွားရောက် သတင်းပို့လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဟန်ဒုန်းသည်လည်း ယနေ့ စုံစမ်းရရှိသမျှကို လာရောက် သတင်းပို့နေသည်။
ဟန်ဒုန်း၏ သတင်းများမှာ ပိုမို အသေးစိတ်လှသည်။ လင်းကျင်းနှင့် အလုပ်သင်များ၏ သားရဲများ အခြေအနေ၊ လင်းကျင်း ရေးသားထားသော အစီရင်ခံစာများ၏ အကြောင်းအရာနှင့် ယနေ့ သံကဏန်းကို ကုသခဲ့ပုံများကို အသေးစိတ် ပြောပြလိုက်သည်။
“သူတို့ သတိမထားမိခင်မှာ လင်းကျင်းရဲ့ အစီရင်ခံစာ တစ်စောင်ကို ကျွန်တော် ခိုးပြီး ကော်ပီ ကူးလာခဲ့တယ်”
ဟန်ဒုန်းက ပြောလိုက်ပြီး စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။
တုန်းချွဲနှင့် တုန်းဟယ်တို့မှာ ထိုစာရွက်ကို အတူတူ ဖတ်ကြည့်ကြသည်။
တုန်းချွဲသည်လည်း အလုပ်သင် အကဲဖြတ်မှူးတစ်ဦး ဖြစ်သော်လည်း သူမက လူမသိအောင် နေတတ်သူ ဖြစ်သည်။ လင်းကျင်း၏ အစီရင်ခံစာကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်ခုံးများ လှုပ်ခတ်သွားပြီး တုန်းဟယ်မှာမူ အံ့သြလွန်း၍ ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။
“ဒါ... ဒါက တော်တော်လေး ကောင်းတာပဲ”
တုန်းဟယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
တုန်းချွဲက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။
“ဒါက ‘ကောင်းတယ်’ ဆိုတာထက် ပိုပါတယ်”
တုန်းချွဲမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ အလွန် ထိတ်လန့်နေမိသည်။
ဤအစီရင်ခံစာမှာ သာမန် အဆင့် ၁ သားရဲတစ်ကောင်အတွက် ရေးထားခြင်း ဖြစ်သည်။ အလုပ်သင်များပင် လုပ်နိုင်သော ကိစ္စဖြစ်သော်လည်း ပညာရှင်တစ်ယောက် ရေးသားခြင်းနှင့် သာမန်လူတစ်ယောက် ရေးသားခြင်းမှာ သိသိသာသာ ကွဲပြားလှသည်။
ပန်းချီဆရာတိုင်းမှာ မြင်ကွင်းတစ်ခုတည်းကို ဆွဲနိုင်ကြသော်လည်း ဆရာကြီးတစ်ယောက်၏ လက်ရာနှင့် သာမန်လူ၏ လက်ရာမှာ နှိုင်းယှဉ်၍ မရသကဲ့သို့ပင် ဖြစ်သည်။ ပညာရှိသူများမှာ ထိုကွာခြားချက်ကို ချက်ချင်း မြင်နိုင်ကြသည်။
သားရဲအကဲဖြတ်ခြင်းတွင်လည်း ထိုနည်းတူပင် ဖြစ်သည်။
လင်းကျင်း၏ အစီရင်ခံစာမှာ အလွန် အသေးစိတ်လှသည်။ သားရဲ၏ အမျိုးအစား၊ သွေးမျိုးဆက်၊ ဓာတ်သဘာဝမှသည် လက်ရှိ အခြေအနေ၊ ဖုံးကွယ်နေသော ရောဂါများနှင့် ကုသနည်းများအထိ အစုံအလင် ပါဝင်နေသည်။
၎င်းမှာ ခိုင်မာပြီး စနစ်ကျလှသော အစီရင်ခံစာကောင်း တစ်စောင် ဖြစ်သည်။
“လင်းကျင်းက ကျန်းဟဲ ပြောသလို ညံ့တဲ့သူ မဟုတ်ဘူးပဲ။ ဒါပေမဲ့ သူ့ရဲ့ လစဉ် အမှတ်တွေက ဘာလို့ ဒီလောက် နည်းနေရတာလဲ။ အကဲဖြတ်ရာမှာလည်း မှားဖူးတယ်ဆို”
တုန်းဟယ်က မယုံနိုင်သေးဘဲ မေးလိုက်သည်။
သူ၏ အစ်မဖြစ်သူ တုန်းချွဲက ပို၍ နက်နက်နဲနဲ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“လစဉ် စစ်ဆေးမှုတွေက မျှတတယ်လို့ ထင်ရပေမဲ့ ရလဒ်တွေကို ပြောင်းလဲပစ်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး။ အကဲဖြတ်ရာမှာ မှားယွင်းမှု ဖြစ်ခဲ့တယ်ဆိုတာကလည်း အခြေအနေမှန်ကို သိမှ ဆုံးဖြတ်လို့ ရမှာပါ။ ဘယ်လောက်ပဲ တော်တဲ့သူ ဖြစ်ဖြစ် ရာနှုန်းပြည့် မှန်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဝမ်ကျိနဲ့ ကောင်းကျန်းတို့တောင် မှားတတ်တာပဲ”
တုန်းဟယ်၏ ရင်ဘတ်မှာ တလှပ်လှပ် ဖြစ်သွားရသည်။ သူက အသံကို နှိမ့်ကာ မေးလိုက်သည်။
“အစ်မ... ဆိုလိုတာက...”
တုန်းချွဲက သက်ပြင်းတစ်ချက်ချပြီး ပြန်ပြောလိုက်သည်။
“ကြည့်ရတာ လင်းကျင်းက ကောလာဟလတွေထဲကလို အသုံးမကျတဲ့သူ မဟုတ်ဘူး။ အနည်းဆုံးတော့ သူက တရားဝင် အကဲဖြတ်မှူး တစ်ယောက်အနေနဲ့ အရည်အချင်း ပြည့်မီတဲ့သူပဲ”
“ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ။ သူသာ အသင်းချုပ်ကနေ မထွက်သွားရင် ငါ သူ့နေရာကို ယူလို့ မရဘူးလေ”
တုန်းဟယ်မှာ ပျာယာခတ်သွားတော့သည်။
မျှော်လင့်ချက် မရှိစဉ်က ဘာမှ မဖြစ်သော်လည်း အခွင့်အရေး ရလာချိန်တွင်မူ ထိုအိပ်မက်ကို လက်မလွှတ်နိုင်ကြတော့ပေ။ တုန်းဟယ်သည် ထောက်ပံ့ပို့ဆောင်ရေးဌာနမှ နှုတ်ထွက်ထားပြီး ဖြစ်သဖြင့် လင်းကျင်းသာ အသင်းချုပ်တွင် ဆက်ရှိနေပါက သူသည် ဒုက္ခရောက်ပေလိမ့်မည်။
တုန်းချွဲက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“မောင်လေး... မင်း ဘာကို ကြောက်နေတာလဲ။ လင်းကျင်းက အခုမှ တော်လာတာ မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်က သူ့ကို အကြာကြီးကတည်းက နှိပ်ကွပ်ထားတာပဲ ဖြစ်ရမယ်။ သူ ဘယ်လောက်ပဲ တော်နေပါစေ သူကိုယ်သူ ပြန်ကယ်တင်နိုင်မှာ မဟုတ်ဘူး။ သူ့ရဲ့ ကံဆိုးမှုကိုပဲ သူ အပြစ်တင်ရလိမ့်မယ်။ သူ့ရဲ့ အမှတ်တွေကလည်း နည်းနေပြီ၊ အမှားလည်း လုပ်ထားပြီးသား။ အကြီးအကဲ ဝမ်ကျိကလည်း သူ့ကို နှင်ထုတ်ဖို့ စီစဉ်ထားပြီးပြီဆိုတော့ မင်း ဘာမှ စိတ်ပူစရာ မလိုပါဘူး”
“ဒါဆို တော်သေးတာပေါ့။ အဲဒီ လင်းကျင်းကို မြင်ရတာကိုက မျက်စိစပါးလင် စားစရာကြီး။ သူ အသင်းချုပ်ကနေ ကန်ထုတ်ခံရတဲ့နေ့ကျရင် သူ့ကို နာနာလေး ဆုံးမဖို့ လူလွှတ်လိုက်မယ်”
တုန်းဟယ်က ရက်စက်သော မျက်နှာဖြင့် ပြောလိုက်သည်။
“လင်းကျင်းရဲ့ ဒီအရည်အချင်းတွေအကြောင်းကို ငါတို့ပဲ သိထားကြစို့။ တခြားလူတွေကို ပေးမသိစေနဲ့။ ဝမ်ကျိက ငါတို့အတွက် အလုပ်လုပ်ပေးမှာဆိုတော့ ငါတို့ လက်တွေ ညစ်ပတ်စရာ မလိုတော့ဘူး”
တုန်းချွဲက ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။
အခန်း (၅၄) - သင်ကြားပြသခြင်း
သူ၏ အိမ်မှာ ပြုပြင်နေဆဲ ဖြစ်သောကြောင့် လင်းကျင်းသည် ယနေ့ညတွင်လည်း အကဲဖြတ်ခန်း၏ အေးစက်သော ကြမ်းပြင်ပေါ်၌ပင် အိပ်စက်ရဦးမည် ဖြစ်သည်။ ရှောင်ဟော့နှင့် နီလာလိပ်ကြီး ရှိနေသဖြင့် သူသည် သိပ်ပြီး အထီးမကျန်လှပေ။ ညနေပိုင်းက အိမ်သို့ ခဏပြန်ချိန်တွင် ရွှေဝါလေးကိုပါ ခေါ်လာခဲ့သဖြင့် အကဲဖြတ်ခန်းထဲတွင် သားရဲများဖြင့် စည်ကားနေတော့သည်။
နောက်တစ်နေ့တွင် လင်းကျင်းသည် ထုံးစံအတိုင်း အကဲဖြတ်ခန်းထဲတွင် ထိုင်နေသည်။ အံ့သြစရာကောင်းသည်မှာ ဟန်ဒုန်းသည် မိန်းကလေးများထက်ပင် စောစီးစွာ ရောက်ရှိလာပြီး သန့်ရှင်းရေးများကို စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။ သူသည် အလုပ်အပေါ်တွင် အတော်ပင် အစွဲအလမ်းကြီးပုံရသည်။
လင်းကျင်းသည် ယနေ့တွင် သူ၏ အကဲဖြတ်လက်မှတ်များ အလုအယက် ရောင်းကုန်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း တစ်ယောက်မှ လာမဝယ်ကြသဖြင့် အံ့သြသွားရသည်။ မနေ့က ကုသပေးခဲ့သော ဧည့်သည်များမှာ မြို့နေလူထု၏ အစိတ်အပိုင်း အနည်းငယ်သာ ရှိသေးသည်။ လူအများစုမှာ လင်းကျင်းသည် အားကိုးမရသော အကဲဖြတ်မှူးတစ်ဦးဖြစ်သည်ဟူသော အစွဲအလမ်း ရှိနေကြဆဲ ဖြစ်သည်။
“ဒါက အဆင်ပြေပါတယ်။ စစ်မှန်တဲ့ ရွှေကတော့ တစ်နေ့မှာ တောက်ပလာမှာပဲ”
လင်းကျင်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ သူသည် လက်ရှိ အခြေအနေကို အတော်ပင် ကျေနပ်နေသည်။
အနည်းဆုံးတော့ ယခင်ကထက် ပိုကောင်းလာခဲ့ပြီ ဖြစ်သည်။ ယခင်က သူသည် စစ်သည်မရှိသော ဗိုလ်ချုပ်တစ်ဦးကဲ့သို့ တစ်ယောက်တည်း ဖြစ်နေခဲ့သော်လည်း ယခုမူ သူ၏လက်အောက်တွင် အလုပ်သင် သုံးဦး ရှိနေပြီ ဖြစ်သည်။
“ကောင်းပြီ... ငါတို့မှာ အချိန်ပို ရှိနေတုန်း ငါ့ရဲ့ သားရဲအကဲဖြတ်ခြင်းဆိုင်ရာ အတွေ့အကြုံအချို့ကို ပြောပြမယ်”
ဟန်ဒုန်း ရောက်လာပြီးကတည်းက တရားဝင် သင်ကြားပေးခြင်း မရှိသေးသဖြင့် လင်းကျင်းက အကဲဖြတ်ခြင်း အခြေခံများကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။ သားရဲပြတိုက်ထဲတွင် သင်ခန်းစာများစွာ ရှိနေသဖြင့် တစ်ခုကို ရွေးထုတ်ကာ သင်ကြားပေးလိုက်ရုံဖြင့် အလုပ်သင် သုံးဦးအတွက် များစွာ အကျိုးရှိစေမည် ဖြစ်သည်။
“စကြတာပေါ့”
လင်းကျင်း၏ သင်ကြားမှုများကို နားထောင်ဖူးသော ကျောက်ရင်းနှင့် လုရှောင်ယုတို့မှာ စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း နေရာယူလိုက်ကြသည်။ သို့သော် ဟန်ဒုန်းမှာမူ သူတို့လောက် စိတ်မပါလှပေ။ ၎င်းမှာ လင်းကျင်း၏ အရည်အချင်းကို သံသယရှိ၍ မဟုတ်ပေ။
မနေ့က အခြေအနေများကြောင့် လင်းကျင်း မည်မျှ တော်သည်ကို သူ သိထားသော်လည်း သူသည် အခြားသူများ၏ သင်ကြားမှုများကို အကြိမ်ကြိမ် နားထောင်ဖူးသူ ဖြစ်သည်။
ဟန်ဒုန်း အသင်းချုပ်ကို စရောက်ချိန်က အကဲဖြတ်မှူး ဂေါင်ကျန်း၏ လက်အောက်တွင် ရှိခဲ့သည်။ အကဲဖြတ်မှူး ဂေါင်ကျန်းတွင် အလုပ်သင် အယောက် ၃၀ ကျော်ရှိသဖြင့် လူတိုင်းကို အာရုံစိုက်ရန်မှာ မဖြစ်နိုင်ပေ။ ဟန်ဒုန်းသည် ဂေါင်ကျန်း၏ သင်ကြားမှုကို နားထောင်ခွင့်ရရန် နှစ်လခန့် စောင့်ခဲ့ရဖူးသည်။
ထိုစဉ်က သူသည် အလွန် ဝမ်းသာခဲ့သည်။ နာမည်ကျော် အကဲဖြတ်မှူးကြီး ဂေါင်ကျန်း၏ သင်ကြားမှုကို နားထောင်ရမည် ဖြစ်သဖြင့် ရင်ခုန်လွန်း၍ အိပ်ပင် မပျော်ခဲ့ပေ။ သူသည် စုတ်တံနှင့် စာရွက်များကို အဆင်သင့် ပြင်ထားပြီး သူ၏ အိုင်ဒေါ ပြောသမျှကို မှတ်သားရန် ပြင်ဆင်ခဲ့သည်။
သို့သော် ဂေါင်ကျန်းရောက်လာပြီး သင်ကြားမှုကို စတင်သည့်အခါတွင်မူ ဟန်ဒုန်းမှာ ရေအေးဖြင့် အလောင်းခံလိုက်ရသလို ခံစားလိုက်ရသည်။
ထိုသင်ကြားမှုများမှာ လှည့်စားမှုများသာ ဖြစ်ကြောင်း သူ သိလိုက်ရသည်။ အရေးကြီးသော ပညာရပ်များကို ဘယ်တော့မှ သင်မပေးဘဲ အပေါ်ယံ အချက်အလက်များကိုသာ ပြောပြတတ်ကြသည်။ ‘တပည့်ကို အကုန်သင်ပေးရင် ဆရာ ငတ်လိမ့်မယ်’ ဆိုသော စကားမှာ မှန်ကန်ကြောင်း သူ နားလည်သွားခဲ့သည်။
အကဲဖြတ်မှူး ဂေါင်ကျန်းအနေဖြင့် သူ ခက်ခက်ခဲခဲ ရရှိထားသော ပညာရပ်များကို မည်သူ့ကိုမဆို အလွယ်တကူ သင်ပေးလိမ့်မည် မဟုတ်ပေ။ သင်ပေးလျှင်ပင် သူ၏ ယုံကြည်ရသော လူအနည်းငယ်ကိုသာ သင်ပေးလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ဟန်ဒုန်းသည် လင်းကျင်း၏ သင်ကြားမှုမှာလည်း အချိန်ဖြုန်းခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်နေခြင်း ဖြစ်သည်။
သို့သော် သူသည် ထိုသို့ အပြင်ထုတ်မပြောဘဲ ကျောက်ရင်းတို့နှင့်အတူ ဝင်ထိုင်လိုက်သည်။ လင်းကျင်း ဘာတွေ သင်ပေးမလဲဆိုသည်ကို သူ စောင့်ကြည့်နေသည်။
“ဒီနေ့တော့ ငါတို့ သားရဲတွေကို ခွဲခြားတဲ့နေရာမှာ အလွန်နက်နဲတဲ့ ‘ဓာတ်ကြီးငါးပါး ခွဲခြားခြင်း နည်းစနစ်’ အကြောင်းကို ပြောပြမယ်”
လင်းကျင်းက စတင် ပြောလိုက်သည်။
ဤနည်းစနစ်မှာ သားရဲပြတိုက်ထဲတွင် အသေးစိတ် ဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။ ၎င်းသည် ဝိညာဉ်မျက်စိကို အသုံးမပြုဘဲ အခြေခံ အရည်အချင်းများနှင့် လုပ်ငန်းစဉ်များကို သုံးကာ သားရဲကို အကဲဖြတ်နိုင်သော နည်းစနစ် ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ဤနည်းစနစ်မှာ မည်သည့်နေရာတွင်မှ ရှာမရနိုင်သော ပညာရပ် ဖြစ်သည်။ အကဲဖြတ်မှူးများက နှစ်ပေါင်းများစွာ အတွေ့အကြုံများဖြင့် ဖော်ထုတ်ထားရသော လျှို့ဝှက်ချက် ဖြစ်သည်။ သို့သော် လင်းကျင်းအတွက်မူ သားရဲပြတိုက် ရှိနေသဖြင့် ဤနည်းစနစ်မှာ သိပ်ပြီး အသုံးမဝင်လှပေ။
မည်သည့်သားရဲကိုမဆို လက်ဖြင့် ထိတွေ့လိုက်ရုံနှင့် ပြတိုက်က အလိုအလျောက် အကဲဖြတ်ပေးနေသဖြင့် သူသည် ဤနည်းလမ်းများကို အသုံးပြုရန် မလိုပေ။ သို့သော် သားရဲပြတိုက် မရှိသော အခြားသူများအတွက်မူ ဤဗဟုသုတမှာ တန်ဖိုးမဖြတ်နိုင်သော အရာ ဖြစ်သည်။
လင်းကျင်းသည် ပညာရပ်များကို သူတစ်ယောက်တည်း သိမ်းထားရန် မရည်ရွယ်ပေ။ သို့သော် သူသည် အလွန် မြင့်မားသော နည်းစနစ်များထက် သာမန် နည်းစနစ်များကိုသာ ရွေးချယ် သင်ကြားပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မြင့်မားသော နည်းစနစ်များကို သူကိုယ်တိုင်ပင် သေချာ နားမလည်သေးသောကြောင့် ဖြစ်သည်။
ကျောက်ရင်းနှင့် လုရှောင်ယုတို့မှာ သင်ခန်းစာထဲတွင် လုံးဝ နစ်ဝင်သွားကြသည်။ လင်းကျင်း သင်ပေးသော ပညာရပ်များမှာ စစ်မှန်ကြောင်း သူတို့ သိထားကြသဖြင့် အချက်အလက်တစ်ခုမှ မလွတ်စေရန် အပြည့်အဝ အာရုံစိုက်နေကြသည်။
ဟန်ဒုန်းမှာ အစတွင် အာရုံမလာသော်လည်း မကြာမီမှာပင် သူသည် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
“ဒါက မဟုတ်သေးပါဘူး။ ဒါတွေက အပေါ်ယံ အချက်အလက်တွေ မဟုတ်ဘူး”
ဟန်ဒုန်းမှာ အခြေခံ ဗဟုသုတရှိသူ ဖြစ်သဖြင့် လင်းကျင်း ပြောနေသည်များမှာ မည်မျှ တန်ဖိုးရှိကြောင်း သူ ချက်ချင်း သိလိုက်ရသည်။ လင်းကျင်း စတင် ပြောကြားကတည်းက အပိုစကား တစ်ခွန်းမှ မပါဘဲ စစ်မှန်သော အတွေ့အကြုံများကိုသာ ပြောပြနေခြင်း ဖြစ်သည်။ ဤသည်မှာ တကယ့်ကို အဖိုးတန်သော သင်ကြားမှု ဖြစ်သဖြင့် ဟန်ဒုန်းမှာ အံ့သြမှင်သက်သွားရသည်။
သူသည် သတိပြန်ဝင်လာသည်နှင့် သူ၏ မှတ်စုစာအုပ်ကို အမြန်ဖွင့်ကာ အချက်အလက်များကို ချရေးတော့သည်။
ပညာရပ်ကို ငြင်းပယ်သူမှာ လူမိုက်သာ ဖြစ်သည်။ သူသည် လင်းကျင်းကို စောင့်ကြည့်ရန် လာသော သူလျှိုဖြစ်သော်လည်း သင်ယူရန် အခွင့်အရေး ရလာချိန်တွင်မူ သူ လက်မလွှတ်နိုင်ပေ။
သူသည် သင်ခန်းစာထဲတွင် စိတ်နှစ်လိုက်သည့်အခါ ရေငတ်နေသူက ပျားရည်ကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုပင် သူ သတိမထားမိတော့ပေ။
လင်းကျင်းသည် မိနစ် ၃၀ ခန့် သင်ကြားပေးလိုက်သည်။ သူသည် အနားမယူဘဲ ဆက်တိုက် ပြောနေခဲ့သဖြင့် ပါးစပ်များပင် ခြောက်ကပ်နေပြီ ဖြစ်သည်။
“ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ကြရအောင်”
လင်းကျင်းက နားချင်သော်လည်း အလုပ်သင် သုံးဦးစလုံးမှာမူ မဝသေးသလို ဖြစ်နေကြသည်။ အထူးသဖြင့် ဟန်ဒုန်းမှာ သူ ရေးထားသော မှတ်စုများကို ကြည့်ရင်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။ တစ်ချိန်တည်းမှာပင် သူသည် စိတ်မကောင်းလည်း ဖြစ်နေမိသည်။
သူ စိတ်မကောင်းဖြစ်ရခြင်းမှာ အစောပိုင်းက အာရုံမစိုက်မိသဖြင့် အရေးကြီးသော အချက်အလက်အချို့ကို လွတ်သွားခဲ့သောကြောင့် ဖြစ်သည်။ နောက်တစ်ကြိမ် အခွင့်အရေး ရပါက သူသည် အသေအချာ အာရုံစိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
ဟန်ဒုန်းသည် သူ၏ မှတ်စုများကို ပြန်ဖတ်ကြည့်ရင်း အံ့သြနေမိသည်။
“အကဲဖြတ်မှူးလင်းက ဘာလို့ ဒီလောက်တောင် ပွင့်လင်းရတာလဲ”
အသင်းချုပ်ရှိ အကဲဖြတ်မှူးများ၏ သင်ကြားမှုမှာ အပေါ်ယံများသာ ဖြစ်ကြောင်း လူတိုင်း သိကြသည်။ အရေးကြီးသော အချက်အလက်များကို တစ်ခါသင်လျှင် တစ်ချက် သို့မဟုတ် နှစ်ချက်သာ ပြောပြတတ်ကြသည်။ သင်ခန်းစာ အပြည့်အစုံ ရရန် အနည်းဆုံး ခြောက်လခန့် အချိန်ယူရစမြဲ ဖြစ်သည်။
သို့သော် အကဲဖြတ်မှူးလင်းမှာမူ သင်ခန်းစာ တစ်ခုတည်းဖြင့်ပင် ပြည့်စုံသော အချက်အလက်များကို ပေးလိုက်သည်။ နက်နဲသော်လည်း နားလည်ရလွယ်ကူလှသည်။ ၎င်းမှာ လက်တွေ့ကျပြီး ခိုင်မာသော ပညာရပ် ဖြစ်သည်။
“ဒါက တကယ့်ကို စစ်မှန်တဲ့ အတွေ့အကြုံနဲ့ အရည်အချင်းပဲ”
ဟန်ဒုန်းသည် ထိုအချက်ကို သိလိုက်ရချိန်တွင် သူ၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေတော့သည်။
ထို့နောက်တွင် အကဲဖြတ်မှူးလင်းက လက်ဖျောက်တစ်ချက် တီးလိုက်ပြီး ပြောလိုက်သည်။
“မင်းတို့ နားမလည်တာ ရှိရင် ငါ့ကို လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်”
ဟန်ဒုန်းမှာ မိမိကိုယ်ကို ချက်ချင်း ရှက်မိသွားသည်။
လူတစ်ယောက်ရဲ့ စိတ်ထားကောင်းတယ်ဆိုတာ ဒါကို ပြောတာလား။
ဆရာတစ်ယောက်ရဲ့ ဝတ္တရားဆိုတာ ဒါကို ဆိုလိုတာလား။
အကဲဖြတ်မှူးလင်းနဲ့ နှိုင်းယှဉ်ရင် ဝမ်ကျိနဲ့ ဂေါင်ကျန်းတို့က ဘာတွေလဲ။
ဟန်ဒုန်းမှာ ထိုအချိန်တွင် အမှန်အတိုင်း ဝန်ခံချင်စိတ်များ ပေါ်လာသည်။ သူသည် သူလျှိုတစ်ယောက်အဖြစ် ရောက်နေခြင်းကို ဝန်ခံလိုက်မှသာ သူ၏ စိတ်ထဲက အပြစ်ရှိစိတ်များကို လျော့ပါးသွားစေမည်ဟု သူ ခံစားနေရသည်။
သို့သော် ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။ လူအချို့သည် ဂုဏ်ပြုဆိုင်းဘုတ်ကြီး တစ်ခုကို သယ်ဆောင်ကာ ဝင်လာကြသည်ကို တွေ့လိုက်ရသည်။