အခန်း (၆၉၁-၆၉၃)
Vol. 47 Ch. 691-693
အခန်း ၆၉၁ - ချောင်းမြောင်းကြည့်ရှုခြင်း... ယွမ်ထျန်ယန် ရောက်ရှိလာခြင်း
လီရှောင်ဖုန်း၏ကိုယ်ပေါ်မှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်များကို ခံစားမိလိုက်သဖြင့် ယိုကွမ်းမင်းသမီးက ဆိုလိုက်သည်။
“မင်း သူ့ကို သိပ်ပြီး အထင်မသေးနဲ့... ဒီလူက ဓားဆန္ဒအဆင့်ရှိတဲ့ ဓားသမား မဟုတ်သေးပေမဲ့ တစ်စုံတစ်ခုကြောင့် သူ့ရဲ့ ဓားဆန္ဒက အတော်လေး ထူးခြားနေတယ်... ပြင်းထန်လှတဲ့ သတ်ဖြတ်ခြင်းဂုဏ်သတ္တိတွေကြောင့် သူ့ရဲ့ ဓားဆန္ဒအစပျိုးအဆင့်ဟာ မင်းရဲ့ ဓားဆန္ဒထက် အစွမ်းမနိမ့်လောက်ဘူး... ယခုတင်က ဓားဆန္ဒချင်း ယှဉ်ပြိုင်တုန်းက မင်း ဒါကို သိခဲ့မှာပါ...”
ဤစကားကို ကြားလိုက်ရသည့်အခါ ကျိတော့ဂိုဏ်းတပည့်နှစ်ဦးမှာ ချက်ချင်းပင် မျက်နှာပျက်သွားကြတော့သည်။
“ဓားဆန္ဒအစပျိုးအဆင့်နဲ့ ဓားဆန္ဒဆိုတာ အဆင့်အတန်းနှစ်ခုလေ... ကွာခြားချက်က မိုးနဲ့မြေလိုပဲ... ဓားဆန္ဒအစပျိုးအဆင့်ရဲ့ အစွမ်းက လီဂျူနီယာညီလေးရဲ့ ဓားဆန္ဒနဲ့ ရင်ဘောင်တန်းနိုင်တယ်တဲ့လား... ဒီလောက်တောင် သန်မာနေတာလား...”
“ဒါက မဖြစ်နိုင်တာပဲ...”
ထိုသူနှစ်ဦးမှာ ယိုကွမ်းမင်းသမီးကဲ့သို့ အမြင်စူးရှမှုမရှိကြပေ။ လီရှောင်ဖုန်းမှာ လော့ချန်ကြောင့် သွေးအန်ကာ အနောက်သို့ လွင့်စင်သွားသည်ကိုသာ သိကြပြီး ဘာကြောင့် ရှုံးနိမ့်သွားသလဲ၊ ဘယ်လိုရှုံးသွားသလဲဆိုသည့် အသေးစိတ်ကိုမူ သူတို့လည်း မဝေခွဲနိုင်ကြပေ။
လီရှောင်ဖုန်း၏ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်တုံမြင့်တုံဖြစ်နေခဲ့ပြီး မျက်နှာမှာ မည်းမှောင်နေ၏။
“စီနီယာအစ်မ... အစ်မက သူ့ကို အမွှမ်းတင်လွန်းနေပါပြီ... အဲဒီကောင်က ကံကောင်းလို့ ကျွန်တော့်ကို အလစ်အငိုက်မိသွားစေတာပါ... ယခုတင်က ကျွန်တော်သာ ဓားဆန္ဒကို အစွမ်းကုန် နှိုးဆွလိုက်မယ်ဆိုရင် သူ သေချာပေါက် ရှုံးမှာပဲ... သူက ကျွန်တော့်ကို ပြန်တိုက်နိုင်စွမ်း ရှိမှာမဟုတ်ဘူး...”
လီရှောင်ဖုန်းသည် ဓားဆန္ဒကို နားလည်ထားသော ဓားသမားတစ်ဦး ဖြစ်ရခြင်းကို အမြဲတမ်း ဂုဏ်ယူနေခဲ့သူ ဖြစ်သည်။ သူ အားထုတ်ကြိုးပမ်းပြီးမှ နားလည်ခဲ့ရသော ဓားဆန္ဒမှာ လော့ချန်၏ ဓားဆန္ဒအစပျိုးအဆင့်လောက်ပင် မရှိဟုဆိုခြင်းကို သူ သေချာပေါက် ဝန်ခံမည်မဟုတ်ပေ။ ဤကဲ့သို့သော အချက်မျိုးမှာ သူ လုံးဝ လက်ခံနိုင်သည့်အရာ မဟုတ်ပေ။
“အဲဒီလိုပဲ မျှော်လင့်ရမှာပေါ့...”
ယိုကွမ်းမင်းသမီးသည် လော့ချန်ကို လှမ်းကြည့်လိုက်ပြီး ထပ်မံ၍ စကားမပြောတော့ပေ။ သူမသည် လီရှောင်ဖုန်း၏အမူအရာကို ကြည့်ကာ အနည်းငယ် သင်ခန်းစာပေးလိုက်ရုံနှင့်ပင် လုံလောက်လှပြီဖြစ်မှန်း သိပေသည်။
၎င်းအပြင် လော့ချန်၏ ဓားဆန္ဒမှာ သန်မာသည်ဆိုသော်လည်း သူသည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်းသာ ရှိသေးသလို အသုံးမကျသည့်သိုင်းဝိညာဉ်ကိုလည်း နိုးကြားထားသူ ဖြစ်သည်။ တကယ့်တိုက်ခိုက်ရေးစွမ်းအားနှင့် ပတ်သက်လျှင် လီရှောင်ဖုန်းကို လုံးဝ ယှဉ်နိုင်မည်မဟုတ်ပေ။ မဟုတ်လျှင် သူသည် နယ်မြေအဆင့်စာရင်းတွင် ပါဝင်နေလောက်ပြီ ဖြစ်သည်။
နယ်မြေအဆင့်စာရင်း၌ ဤလူမရှိသရွေ့တော့ စိုးရိမ်စရာ တစ်ခုမှမရှိပေ။
“ဓားဆန္ဒအစပျိုးအဆင့်ရှိတဲ့ ဓားသမားရဲ့ ဓားဆန္ဒက ဒီလောက်အထိ မပြင်းထန်သင့်ဘူး... သူ့ရဲ့ အသက်အရွယ်နဲ့ဆိုရင်လည်း ပြင်းထန်လှတဲ့ သတ်ဖြတ်ခြင်းဓားဆန္ဒကို နားလည်ဖို့ မဖြစ်နိုင်သေးဘူး... လျှို့ဝှက်နည်းလမ်းတစ်ခုခုကို သုံးစွဲလိုက်တာလား... ဒါမှမဟုတ် ရတနာပစ္စည်းတစ်ခုခု ရှိနေတာလား...”
ယိုကွမ်းမင်းသမီး၏မျက်နှာတွင် စဉ်းစားဟန်များ ပေါ်ထွက်လာပြီး လော့ချန်ကို ကြည့်နေသည့် အကြည့်များမှာ စူးရှထက်မြက်နေတော့သည်။
အခြားတစ်ဖက်တွင်မူ လော့ချန်သည် ကျင်းထျန်တူတို့နှင့်အတူ မိမိ၏နေရာသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
“လော့ချန်... မင်း ဘာမှမဖြစ်ဘူး မဟုတ်လား...”
လော့ချန်၏မျက်နှာမှာ အနည်းငယ် ဖြူလျော့နေသည်ကို ကျင်းထျန်တူ မြင်လိုက်ရသည့်အခါ တစ်ဖက်လူမှာ လျှို့ဝှက်နည်းလမ်းတစ်ခုခုကို သုံးစွဲလိုက်သဖြင့် နောက်ဆက်တွဲဒုက္ခများ ရှိနေသည်ဟု သူလည်း ထင်မှတ်သွားခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ ထိုဓားချက်မှာ ဓားဆန္ဒအဆင့်ရှိသည့် နယ်မြေအဆင့် ပါရမီရှင် လီရှောင်ဖုန်းကိုပင် အနောက်သို့ ဆုတ်ခွာသွားစေခဲ့သည်မဟုတ်ပါလော။ ဤအချက်ကို တွေးမိလိုက်ရုံနှင့်ပင် ကျင်းထျန်တူ တစ်ကိုယ်လုံး ကျဉ်စိမ့်သွားရပြီး အိပ်မက်တစ်ခုအလား မယုံနိုင်အောင် ဖြစ်နေရတော့သည်။
“ဘာမှ မဖြစ်ပါဘူး...”
လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။
သူသည် ယခုတင်က ယင်းလီနှင့် နီးကပ်လွန်းခဲ့သဖြင့် သူမ၏ အေးစက်လှသော အငွေ့အသက်များ၏ သက်ရောက်မှုကို ခံလိုက်ရခြင်းသာ ဖြစ်သည်။ ထိပ်သီးကောင်းကင်နယ်ပယ် မဟာသန်မာသူတစ်ဦး၏ အရှိန်အဝါမှာ ကာကွယ်ရေးချီစွမ်းအင်နှင့်ပင် လုံးဝဥဿုံ ကာကွယ်ရန် ခက်ခဲလှပေသည်။
“မင်းကတော့ တကယ့်ကို အစွမ်းထက်တာပဲ...”
ကျင်းယွီရှီးသည် ယခုမှ သတိပြန်ဝင်လာခဲ့ပြီး လော့ချန်၏ လက်မောင်းကို စိတ်လှုပ်ရှားစွာဖြင့် ဆွဲကိုင်ကာ လှပလှသော မျက်နှာထက်တွင် အံ့ဩမှုများဖြင့် ပြည့်နှက်နေလျက် ဆိုလိုက်၏။
“လီရှောင်ဖုန်းက နယ်မြေအဆင့် ၄၁ မှာရှိတဲ့ ထိပ်သီးပါရမီရှင်လေ... မင်းက သူ့ကို သွေးအန်ပြီး လွင့်စင်သွားအောင် လုပ်နိုင်ခဲ့တာပဲ... ဒါက တကယ့်ကို အံ့ဩစရာကောင်းလိုက်တာ...”
“ဒီကိစ္စသာ အပြင်ကို ပြန့်သွားရင် တာယွဲ့မင်းဆက်တစ်ခုလုံးကို ဟိုးဟိုးကျော်သွားမှာ သေချာတယ်... ပတ်ဝန်းကျင်က နိုင်ငံတွေမှာတောင် နာမည်ကြီးသွားလိမ့်မယ်... ယွမ်ထျန်ယန်သာ ဒီသတင်းကို ကြားရင် မင်းနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်မယ့်ကိစ္စကို ထပ်ပြီး တွက်ဆရတော့မှာပဲ...”
မှန်ပေသည်။ သွေးကြောနိုးကြားမှုနယ်ပယ် နယ်မြေအဆင့် ၄၁ ရှိသော လီရှောင်ဖုန်းမှာ ယွမ်လန်နယ်မြေအုပ်စု တစ်ခုလုံးတွင် နာမည်ကျော်ကြားသူ ဖြစ်ရာ သူသည် နာမည်မရှိသည့် လူငယ်လေးတစ်ဦးကြောင့် သွေးအန်ကာ ဆုတ်ခွာခဲ့ရသည်ဟူသော သတင်းမှာ သေချာပေါက် ဟိုးဟိုးကျော်သွားမည် ဖြစ်သည်။
လော့ချန်မှာမူ အလွန်ပင် တည်ငြိမ်နေခဲ့ပြီး ပြုံးလျက် ဆိုလိုက်သည်။
“အဲဒီလောက်လည်း မဟုတ်ပါဘူး... အသာစီးရရုံလေးပါပဲ...”
“ဟဲဟဲ... သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ယောက်က လီရှောင်ဖုန်းရဲ့လက်ထဲကနေ အမြတ်ထုတ်နိုင်ဖို့ဆိုတာ မလွယ်ဘူးလေ... ယွမ်လန်နယ်မြေတစ်ခုလုံးမှာတောင် အဲဒီလိုလူ အများကြီး မရှိပါဘူး...”
ကျင်းထျန်တူက ခေါင်းညိတ်လျက် ဆိုလိုက်သော်လည်း သူ၏စိတ်ထဲမှာမူ တည်ငြိမ်ခြင်း မရှိသေးပေ။ တွေ့ဆုံသည့် အကြိမ်တိုင်းတွင် လော့ချန်မှာ သူ့ကို အမြဲတမ်း မျှော်လင့်မထားသော အံ့ဩမှုများ ပေးနေခဲ့သည်မဟုတ်ပါလော။
တစ်စုံတစ်ခုကို သတိရသွားသဖြင့် ကျင်းထျန်တူက မေးမြန်းလိုက်၏။
“ယခုတင်က ဓားချက်မျိုးကို မင်း မကြာခင်မှာ ထပ်ပြီး သုံးနိုင်ဦးမလား...”
လော့ချန်၏အခြေအနေမှာ အားနည်းသွားပြီး နှစ်ရက်အကြာတွင် ယွမ်ထျန်ယန်နှင့် တိုက်ခိုက်ရမည့် သေခြင်းရှင်ခြင်းတိုက်ပွဲအပေါ် သက်ရောက်မှု ရှိသွားမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။
လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။
ကျင်းထျန်တူက သဘောပေါက်သွားသည့်နှယ် ရယ်မောလျက် ဆိုလိုက်၏။
“ကြည့်ရတာ မင်းက ဒီတိုက်ပွဲအတွက် အနိုင်ရဖို့ကို အစောကြီးကတည်းက သေချာနေခဲ့တာပဲ... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ယွမ်ထျန်ယန်သာ သိသွားရင် သူ ဘယ်လို ခံစားရမလဲ မသိဘူး... လာရဲပါဦးမလား...”
ဓားသမားချင်း တိုက်ပွဲတွင် ဓားဆန္ဒ၏ သက်ရောက်မှုမှာ အလွန်ကြီးမားလှသည်။ လော့ချန် အခုပြသလိုက်သော ဓားဆန္ဒအရှိန်အဝါနှင့်ဆိုလျှင် ယွမ်ထျန်ယန်နှင့် တိုက်ပွဲတွင် အနိုင်ရရန် များစွာ သေချာနေပြီ ဖြစ်သည်။
လော့ချန်ကတော့ ယွမ်ထျန်ယန် ရောက်မလာမှာကို မစိုးရိမ်ပေ။ သူသည် ဆရာဖြစ်သူကို ဤတိုက်ပွဲဖြင့် အရှက်ပြန်ဆပ်ပေးပါမည်ဟုကတိပေးထားသည်မဟုတ်ပါလော။ ယွမ်ထျန်ယန်ကို သတ်ဖြတ်ပြီး အကျိုးအမြတ် ရယူနိုင်မှသာ သူသည် အတွင်းစည်း ထိပ်သီးတပည့်လေးဦးကို သတ်ခဲ့သည့် အပြစ်ဒဏ်များမှ လုံးဝကင်းလွတ်နိုင်မည် ဖြစ်သည်။ အကယ်၍ ယွမ်ထျန်ယန်သာ ရောက်မလာပါက ထိုရည်မှန်းချက်များ အားလုံးမှာ အလဟဿ ဖြစ်သွားရုံသာ ရှိတော့မည် ဖြစ်သည်။
“ဟင်...”
လော့ချန် စဉ်းစားနေစဉ်မှာပင် တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် ဘယ်ဘက်ရှိ ဒုတိယမြောက် နားနေဆောင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ထိုင်နေကြသူများမှာ တာ့ချီမင်းဆက် ကျိလော့ဂိုဏ်းမှ အမျိုးသမီးတပည့်နှစ်ဦး ဖြစ်ကြသည်။
ထိုသူနှစ်ဦးမှာလည်း လော့ချန်ကို အကဲခတ်နေကြသည်။ ဘယ်ဘက်မှ ဝတ်စုံဖြူနှင့် အမျိုးသမီး၏ မျက်ဝန်းများအတွင်း၌ ဆန်းကြယ်လှသော အလင်းတန်းများ ပါရှိနေပြီး နက်ရှိုင်းလှသော ကြယ်တာရာများအလား လော့ချန်ကို ငြိမ်သက်စွာ စိုက်ကြည့်နေကြသည်။ လော့ချန်က ရုတ်တရက် လှမ်းကြည့်လိုက်သည့်အခါ သူမ၏မျက်ဝန်းထဲမှ အလင်းတန်းများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“ဘာဖြစ်လို့လဲ...”
လော့ချန် အနည်းငယ် ထူးဆန်းသွားရသည်။ ခုနတင်က တစ်စုံတစ်ခု၏ ချောင်းမြောင်းကြည့်ရှုခြင်းကို ခံလိုက်ရသည်ဟု သူ ခံစားလိုက်ရသော်လည်း ရှာဖွေရန် ပြင်လိုက်သည့်အခါတွင်မူ မည်သည့်သဲလွန်စမျှ မရှိတော့ပေ။
၎င်းကို မသိရှိခဲ့သည်မှာ ဝတ်စုံဖြူနှင့် ကျောက်စိမ်းအလား တင့်တယ်လှသည့် ကျိလော့ဂိုဏ်းတပည့် ချီယွမ်မန်း၏ စိတ်ထဲတွင်မူ ယခုအခါ အကြီးအကျယ် တုန်လှုပ်နေပြီ ဖြစ်၏။
“ဘာဖြစ်လို့လဲ...”
ဘေးနားရှိ ယုချင်းယူက သူမ၏ တင်းမာသွားသောကိုယ်ဟန်ကို ခံစားမိသဖြင့် မေးမြန်းလိုက်၏။
ချီယွမ်မန်းက ထိတ်လန့်တကြား ဆိုလိုက်သည်။
“သူက ငါ့ရဲ့ ချောင်းမြောင်းကြည့်ရှုမှုကို သတိထားမိသွားပုံရတယ်...”
“မဖြစ်နိုင်တာ... မင်းရဲ့ သိုင်းဝိညာဉ်စွမ်းရည်ကို ငါတောင် သတိမထားမိတာလေ... သာမန်မဟာသန်မာသူတွေတောင် သိနိုင်မှာ မဟုတ်ဘူး... သူက သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲလေ... ဘယ်လိုလုပ် သိနိုင်မှာလဲ...”
ယုချင်းယူက ခေါင်းခါပြလိုက်သည်။
“အင်း... ငါပဲ အထင်မှားသွားတာ ဖြစ်မှာပါ...”
ချီယွမ်မန်းက ပြန်လည်တွေးတောကြည့်လိုက်သည့်အခါတွင်လည်း ဟုတ်နိုင်သည်ဟု ယူဆလိုက်သည်။ တစ်ဖက်လူမှာ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းအားမှာ ထူးခြားသည်ဆိုသော်လည်း စိတ်ဝိညာဉ်စွမ်းအင်ပိုင်းတွင်မူ ဤမျှအထိ အောင်မြင်မှုရှိရန် မဖြစ်နိုင်သဖြင့် သူမ၏ချောင်းမြောင်းကြည့်ရှုမှုကို သိရှိရန်မှာ မဖြစ်နိုင်ပေ။
“ဘာတွေ တွေ့ခဲ့လဲ...”
ယုချင်းယူက စပ်စုသည့်လေသံဖြင့် မေးလိုက်၏။ လော့ချန်သည် ဓားဆန္ဒအစပျိုးအဆင့်ရှိသော ဓားသမားတစ်ဦး ဖြစ်ပါလျက်နှင့် တကယ့်ဓားဆန္ဒကို ချေမှုန်းနိုင်ခဲ့သည်ဆိုသောအချက်မှာ သူတို့တစ်ခါမျှ မကြားဖူးသော ကိစ္စဖြစ်သဖြင့် လော့ချန်၏ကိုယ်ပေါ်တွင် မည်သို့သော လျှို့ဝှက်ချက်များ ရှိနေသနည်းဆိုသည်ကို စုံစမ်းလိုကြခြင်း ဖြစ်သည်။
ချီယွမ်မန်းက မျက်မှောင်လေးများကို တွန့်ချိုးလိုက်ပြီး ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။
“သူ့ရဲ့ စိတ်အာရုံနဲ့ ဒန်ထျန်မှာ ဆန်းကြယ်လှတဲ့ အရှိန်အဝါတစ်ခု ဖုံးကွယ်နေတယ်... ဒါက ပြင်းထန်လှတဲ့ အစီအရင်တစ်ခုနဲ့ တူနေတာမို့ ငါလည်း အထဲကို ထိုးဖောက်ကြည့်လို့ မရဘူး...”
“မင်းတောင် အထဲကို မမြင်ရဘူးတဲ့လား...”
ယုချင်းယူ အနည်းငယ် တုန်လှုပ်သွားရပြီး လော့ချန်ကို ကြည့်ကာ ဆိုလိုက်၏။
“ဒီကောင်က တကယ်ပဲ မရိုးရှင်းဘူး... အသုံးမကျတဲ့သိုင်းဝိညာဉ်နဲ့ ရွှေခန္ဓာအဆင့်ကို ကျင့်ကြံအောင်မြင်ထားရုံတင်မကဘဲ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်အထိ ရောက်နေတယ်... ဓားဆန္ဒကလည်း ဒီလောက်သန်မာနေတာ... သူ ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို တကယ်ပဲ သိချင်မိတယ်... ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်... သူ ပိုပြီး ထူးချွန်လေလေ... ငါတို့ရဲ့ ရတနာပစ္စည်းအဖြစ် တာဝန်ယူဖို့ ပိုပြီး မျှော်လင့်ချက် ရှိလေလေပဲ...”
ချီယွမ်မန်းကတော့ ဘာမှပြန်မပြောပေ။ လောကတွင် နာမည်ကျော်ကြားလှသော ထိပ်သီးပါရမီရှင်များပင် ရတနာပစ္စည်းအဖြစ် တာဝန်ယူရန် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတွင် အားလုံးမှာ ရှုံးနိမ့်ခဲ့ကြရသည် မဟုတ်ပါလော။ လော့ချန်သည် ထိုသူများနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်သေးပေ။ ရတနာပစ္စည်းအဖြစ် တာဝန်ယူနိုင်ရန်မှာ အလွန်ပင် ခဲယဉ်းလှသလို မျှော်လင့်ချက်မှာလည်း မရှိသလောက်ပင် ဖြစ်သည်။
မဟုတ်လျှင် ယခင်က ထိုသူသည် ရွှေခန္ဓာအဆင့်ကို ကျင့်ကြံအောင်မြင်ခဲ့သည်ဟူသော သတင်းရောက်သွားစဉ်ကတည်းက အထက်ကလူများမှာ လစ်လျူရှုထားကြမည် မဟုတ်ပေ။
“ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ငါတို့ ပြန်ပြီး သတင်းပို့လိုက်ရအောင်... အဲဒီပုဂ္ဂိုလ်ကပဲ ဆုံးဖြတ်ပါလိမ့်မယ်...”
ခြံဝင်းအတွင်း၌ ဖျော်ဖြေရေးအစီအစဉ်များမှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး တေးဂီတသံများဖြင့် အလွန်ပင် စည်ကားလှပေသည်။ သို့သော်လည်း လူတိုင်း၏စိတ်မှာ ထိုဖျော်ဖြေရေးများပေါ်တွင် ရှိမနေကြဘဲ ယခုတင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကိုသာ အသီးသီး ဆွေးနွေးနေကြတော့သည်။
ဆွေးနွေးမှုများ၏ ဗဟိုချက်မှာ သေချာပေါက် ယိုကွမ်းမင်းသမီး၊ ယင်းလီနှင့် လော့ချန်တို့ပင် ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ယွမ်ချွမ်မြို့မှ မိုင်ပေါင်း ရာနှင့်ချီ၍ ဝေးကွာသော တိမ်တိုက်များအထက်၌ ပြင်းထန်လှသော မီးလျှံအလင်းတစ်ခုမှာ တစ်ဟုန်ထိုး ဖြတ်သန်းသွားနေသည်။
ထို မီးလျှံအလင်းအတွင်း၌ လူရိပ်နှစ်ခုကို ဝေဝေဝါးဝါး မြင်တွေ့နေရပြီး အနောက်ဘက်မှ လိုက်ပါလာသော အသက် ၁၇၊ ၁၈ နှစ်ခန့်ရှိသည့် အမျိုးသားမှာ ခါးတွင် ရတနာဓားတစ်စင်း ချိတ်ဆွဲထားကာကိုယ်ဟန်မှာ တင့်တယ်လျက် ဟင်းလင်းပြင်၌ မောက်မာစွာ ရပ်နေခဲ့သည်။ ထိုမျက်ဝန်းအစုံမှာလည်း တောက်ပဝင်းလက်နေပြီး အေးစက်လှသော ဓားအလင်းတန်းနှစ်ခုအလား ရှိနေကာ မည်သည့်အချိန်မှာမဆို လူတစ်ယောက်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်နိုင်သည့်နှယ်ပင်။
၎င်းမှာ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့်ကြီး ယွမ်ထျန်ယန်ပင် ဖြစ်သည်။
အခန်း ၆၉၁ ပြီးပါပြီ။
အခန်း ၆၉၂ - လော့ချန်... ငါ့ရှေ့ကို ထွက်လာခဲ့စမ်း
ယွမ်ထျန်ယန်နှင့်အတူ လာသူမှာ မီးလျှံတိမ်တိုက်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးသွယ်သွယ်နှင့် လူငယ်တစ်ဦး ဖြစ်သည်။ သူသည်ကိုယ်ဟန်မြင့်မားတောင့်တင်းပြီး အကြည့်များမှာ ဓားတစ်စင်းအလား ထက်မြက်လှကာ ဟင်းလင်းပြင်၌ လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တတ်ရပ်နေခဲ့သည်။ သူ၏ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ပြင်းထန်လှသော အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ တိမ်တိုက်များမှာ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားရတော့သည်။
ထိုလူငယ်မှာ လျှပ်ယွမ်ဂိုဏ်း၏ စီနီယာ ရှုတောက်ယန် ဖြစ်သည်။
ယွမ်ထျန်ယန်သည် လော့ချန် ယွမ်ချွမ်မြို့သို့ ရောက်ရှိနေသည့် သတင်းကို ကြားသည်နှင့် ချက်ချင်းပင် ခရီးထွက်လာခဲ့ရာ လမ်းခုလတ်၌ ရှုတောက်ယန်နှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။ အမြဲတမ်း မောက်မာလှသော ယွမ်ထျန်ယန်သည် ယခုအခါတွင်မူ အလွန်ပင် ရိုသေကိုင်းညွတ်လှသော အမူအရာ ရှိနေတော့သည်။
“စီနီယာရှု... အစ်ကိုက မဟာသန်မာသူအဆင့်ကို တက်လှမ်းဖို့အတွက် တံခါးပိတ်ကျင့်ကြံနေတယ်လို့ ဆရာပြောတာ ကြားပါတယ်... ဘာလို့ ဒီကို ရောက်နေတာလဲ...”
ယွမ်ထျန်ယန်က စူးစမ်းစွာ မေးမြန်းလိုက်သည်။
“ငါက ဟို သွေးမိစ္ဆာရဲ့ သဲလွန်စကို ရှာနေတာပါ...”
ရှုတောက်ယန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
“သွေးမိစ္ဆာ ဟုတ်လား... အစ်ကိုက သွေးမိစ္ဆာဝိညာဉ်ကျောက်အတွက် လာတာလား...”
ယွမ်ထျန်ယန်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးလိုက်သည်။
“မှန်တယ်...”
ရှုတောက်ယန်သည် အစောကြီးကတည်းက ကောင်းကင်နယ်ပယ်သန်မာသူတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မူလက တံခါးပိတ်ကျင့်ကြံနေခြင်းဖြစ်သော်လည်း သွေးမိစ္ဆာပေါ်ထွက်လာသည့် သတင်းကို ကြားသည်နှင့် ချက်ချင်းပင် ထွက်လာခဲ့ခြင်း ဖြစ်သည်။
“မဟာသန်မာသူအဆင့်ဆိုတာ စိတ်နဲ့ကိုယ် တစ်သားတည်းကျပြီး ပုံရိပ်ယောင်ကို အစစ်အမှန်ဖြစ်အောင် လုပ်ရတာလေ... အဓိကသော့ချက်က အစစ်အမှန် ဆိုတဲ့အချက်ပဲ... ဒါကကိုယ့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ ဆန္ဒအပေါ်မှာ အများကြီး မူတည်နေတာ... စိတ်ဝိညာဉ်စွမ်းအား သန်မာလေလေ မဟာသန်မာသူဖြစ်ဖို့ မျှော်လင့်ချက် ကြီးမားလေလေပဲ... သွေးမိစ္ဆာဝိညာဉ်ကျောက်က ဆန္ဒကို သန့်စင်ပေးနိုင်သလို စိတ်ဝိညာဉ်စွမ်းအားကိုလည်း တိုးတက်စေနိုင်တာမို့ ဒါက ကောင်းကင်ဘုံက ပေးတဲ့ ရတနာပဲ...”
ယွမ်ထျန်ယန်သည် ကြယ်ဆယ်ပွင့် ဝိညာဉ်သိုင်းဝိညာဉ်ကို နိုးကြားထားသူဖြစ်ရာ အလားအလာ အလွန်ကြီးမားလှသဖြင့် ရှုတောက်ယန်ကလည်း ဤဂျူနီယာညီလေးကို လမ်းညွှန်ပေးလိုစိတ် ရှိနေခြင်း ဖြစ်သည်။
“မင်းလည်း ပုံမှန်အချိန်တွေမှာ ဒီဘက်ပိုင်းကို ဂရုစိုက်ပြီး ကျင့်ကြံရမယ်... တကယ်လို့ စိတ်ဝိညာဉ်စွမ်းအားကို တိုးတက်စေမယ့် ရတနာမျိုး တွေ့ခဲ့ရင်တော့ လုံးဝ လက်လွှတ်မခံနဲ့... ဒါက မင်း နောင်တစ်ချိန်မှာ ဘယ်လောက်အထိ အောင်မြင်မလဲဆိုတာကို ဆုံးဖြတ်ပေးမှာပဲ...”
ရှုတောက်ယန်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
“စီနီယာ့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်...”
ယွမ်ထျန်ယန်က ခေါင်းညိတ်လိုက်သည်။
“ရှေ့နားတင် ယွမ်ချွမ်မြို့ကို ရောက်တော့မယ်... မင်းက ရွှမ်ယွမ်ဂိုဏ်းတပည့် လော့ချန်နဲ့ ဒီမြို့မှာ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲဖို့ ချိန်းထားတယ်လို့ ကြားတယ်...”
ရှုတောက်ယန်က ရှေ့သို့ လှမ်းကြည့်လိုက်ရင်း ဆိုလိုက်သည်။
“အင်း... အဲဒီလော့ချန်ကြောင့် ငါတို့ လျှပ်ယွမ်ဂိုဏ်းက ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲမှာ ပထမဆုနဲ့ လွဲခဲ့ရတယ်... ဆုံးရှုံးမှုကလည်း မနည်းလှဘူး... အခုလည်း သူက လူပုံအလယ်မှာ ဂျူနီယာ လျိုကျွယ်ကို ဖျက်ဆီးပစ်ခဲ့သေးတယ်... တကယ့်ကို မောက်မာလွန်းတာပဲ... သူ့ကို မဆုံးမဘူးဆိုရင် လူတွေက ငါတို့ လျှပ်ယွမ်ဂိုဏ်းကို ဘယ်လို မြင်ကြမလဲ...”
ယွမ်ထျန်ယန်၏ အကြည့်များမှာ အေးစက်လှပေသည်။
“ဟဲဟဲ... ပြောတာ မှန်ပါတယ်... သူ အဖိုးအခတော့ ပေးရမှာပေါ့...”
ရှုတောက်ယန်က ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့ ဒီကောင်က လျိုကျွယ်ကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်ခဲ့တာဆိုတော့ အစွမ်းက မနိမ့်လှဘူး... ဒီတိုက်ပွဲမှာ မင်း သေချာပေါက် အနိုင်ရပါ့မလား... အမှားအယွင်း မရှိစေနဲ့နော်...”
ရှုတောက်ယန်က သတိပေးလိုက်သည်။
“စီနီယာ စိတ်ချပါ... လျိုကျွယ်က အဲဒီတုန်းက ပေါ့ဆသွားလို့နေမှာပါ... အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ အသုံးမကျသူတစ်ယောက်ရဲ့ ဓားဆန္ဒက ၉၀ ရာနှုန်းအထိ ရောက်နေလိမ့်မယ်လို့ သူ မထင်ထားခဲ့တာလေ... တကယ်လို့ ဂရုတစိုက်နဲ့ ပုံမှန်တိုက်မယ်ဆိုရင် လျိုကျွယ်က ရှုံးချင်မှ ရှုံးမှာပါ...”
ယွမ်ထျန်ယန်က ယုံကြည်ချက်အပြည့်ဖြင့် ဆိုလိုက်သည်။
“ဒါတင် ဘယ်ကမလဲ... ဒီရက်ပိုင်းအတွင်း ငါ့ရဲ့ ဓားဆန္ဒကလည်း ထပ်ပြီး တိုးတက်လာခဲ့တယ်... တကယ့်ဓားဆန္ဒရဲ့ အသွင်သဏ္ဌာန်ကို ငါ မြင်တွေ့နေရပြီဖြစ်လို့ ဓားဆန္ဒတစ်ပိုင်းအဆင့်ကို ရောက်နေပြီ... ဓားဆန္ဒကို ခဏတာ တည်မြဲအောင် လုပ်နိုင်နေပြီလေ... ငါ သူ့ကို သတ်ဖို့ဆိုတာ လက်ဖဝါးလှန်ရသလို လွယ်ပါတယ်...”
စကားပြောနေစဉ်မှာပင် ယွမ်ထျန်ယန်သည် လက်ညှိုးဖြင့် ဟင်းလင်းပြင်ကို တစ်ချက် ထိုးနှက်လိုက်သည်။
“ရှူး...”
အစစ်အမှန်အလား ထင်မှတ်ရသည့် ဓားပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ရှေ့ရှိ တိမ်တိုက်များကို ဆွဲဖြဲပစ်လိုက်တော့သည်။
“အော်... မင်းက ဓားဆန္ဒပုံဖော်ခြင်းကို စတင် တတ်မြောက်နေပြီပေါ့... ကြည့်ရတာ မင်း ဓားဆန္ဒအဆင့်ရှိတဲ့ ဓားသမား ဖြစ်လာဖို့က မဝေးတော့ဘူးပဲ...”
ရှုတောက်ယန်က မျက်ဝန်းများ ဝင်းလက်သွားခဲ့ပြီး ချီးကျူးလိုက်သည်။
“မင်းရဲ့ အစွမ်းနဲ့ဆိုရင်တော့ ဒီတိုက်ပွဲက အောင်မြင်ဖို့ သေချာသလောက် ရှိနေပါပြီ... ငါ ဒီတစ်ခါ လာတာက သွေးမိစ္ဆာကို ရှာဖို့တင်မကဘဲ ဆရာ့ရဲ့ မှာကြားချက်အရ မင်းကို ယွမ်ချွမ်မြို့အထိ ပို့ပေးဖို့လည်း ပါတယ်... ဆရာက လော့ချန်ရဲ့ ခေါင်းကို မင်း သေချာပေါက် ယူရမယ်လို့ မှာလိုက်တယ်...”
“ဆရာကလား...”
ယွမ်ထျန်ယန် အနည်းငယ် မှင်တက်မိသွားရသည်။ ဆရာဖြစ်သူကိုယ်တိုင် ဤကိစ္စကို အရေးစိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“မင်း မသိသေးတာ ရှိတယ်... ဆရာနဲ့ ရွှမ်ယွမ်ဂိုဏ်းက မဟာအကြီးအကဲ မင်ကျုံးတို့က ရန်ဘက်တွေလေ... နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ကြတာ... လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကလည်း ဆရာ့ရဲ့ အမိန့်အရ ငါက မင်ကျုံးရဲ့ တိုက်ရိုက်တပည့်ကို သေခြင်းရှင်ခြင်းတိုက်ပွဲမှာကိုယ်တိုင် သတ်ခဲ့တာလေ...”
ရှုတောက်ယန်က ရှင်းပြလိုက်သည်။
“အခု ဆယ်နှစ်အကြာမှာ မင်းက လော့ချန်နဲ့ ထပ်တွေ့ပြန်ပြီ... ငါသိရသလောက်တော့ လော့ချန်က မင်ကျုံး အသစ်လက်ခံထားတဲ့ တိုက်ရိုက်တပည့်ပဲ...”
“ဒါကြောင့်ကိုး... ဒါက တကယ့်ကို ရေစက်ပဲ...”
ယွမ်ထျန်ယန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။
“ကြည့်ရတာ သူတို့ဂိုဏ်းကလူတွေက ငါတို့လက်ထဲမှာပဲ သေဖို့ ကံပါလာတာ ဖြစ်မှာပါ...”
“ဒီတိုက်ပွဲက မင်းတို့နှစ်ယောက်ရဲ့ အရှုံးအနိုင်တင်မကဘဲ ဆရာနဲ့ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာလည်း ပါဝင်နေတာမို့ သေချာပေါက် အနိုင်ရမှ ဖြစ်မယ်...”
ရှုတောက်ယန်က ခေါင်းညိတ်လိုက်သည်။
“စီနီယာ စိတ်ချပါ... ငါကိုယ်တိုင် လော့ချန်ရဲ့ ခေါင်းကို ဖြတ်ပြီး ငါတို့ လျှပ်ယွမ်ဂိုဏ်းကို စော်ကားရင် ဘယ်လိုဖြစ်တတ်သလဲဆိုတာကို လူတွေ သိစေရပါ့မယ်...”
ယွမ်ထျန်ယန်က ပြတ်သားစွာ ဆိုလိုက်သည်။
“ကောင်းပြီ... သွားကြစို့... ဒီနေ့ပဲ ကိစ္စကို အပြတ်ရှင်းရအောင်...”
ရှုတောက်ယန်က အရှိန်ကို မြှင့်တင်လိုက်သည်။
“ဝှစ်...”
မီးလျှံအလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီး ထိုသူနှစ်ဦး ပျောက်ကွယ်သွားတော့သည်။
ယွမ်လန်ဂေဟာတွင် ဖျော်ဖြေရေးအစီအစဉ်များမှာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
“လော့ချန်... လီရှောင်ဖုန်းကို သတိထားဦးနော်... သူ ယခုတင်ကတည်းက မင်းကို စိုက်ကြည့်နေတာ... မကောင်းတဲ့ အကြံရှိပုံရတယ်...”
နဝမမင်းသမီး ကျင်းယွီရှီးက လော့ချန်ကို တိုးတိုးလေး သတိပေးလိုက်သည်။
“လီရှောင်ဖုန်းက မောက်မာတတ်သူလေ... ဒီနေ့ မင်းလက်ထဲမှာ အရှက်ကွဲခဲ့ရတာက သူ့အတွက်တော့ တကယ့်ကို အရှက်ရစရာပဲ... သူက နယ်မြေအဆင့် ၄၁ ဆိုတော့ အစွမ်းကလည်း မသေးဘူး...”
ကျင်းထျန်တူကလည်း ခေါင်းညိတ်ပြလိုက်သည်။ ဤစကားကို ကြားလိုက်ရသည့်အခါ လော့ချန်သည် အကြည့်ကို လွှဲလိုက်ရာ လီရှောင်ဖုန်း၏ အမုန်းတရားများ ပြည့်နှက်နေသော အကြည့်များနှင့် တိုက်ရိုက် တိုးသွားတော့သည်။ အကြည့်ချင်း ဆုံမိသွားသည့်အခါ လေထုအတွင်း၌ပင် လျှပ်စီးတန်းများ ပွင့်ထွက်သွားသည့်နှယ် ခံစားလိုက်ရသည်။
“အင်း...”
လော့ချန်က ဂရုမစိုက်စွာပင် အကြည့်ကို ပြန်လွှဲလိုက်သည်။ သူသည် နယ်မြေအဆင့်ပါရမီရှင်တစ်ဦး၏ အစွမ်းကို သံသယမရှိပေ။ သို့သော်လည်း ဤဆယ်ရက်အတွင်း သူ၏အစွမ်းမှာလည်း များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် နယ်မြေအဆင့် ထိပ်ဆုံး ဆယ်ယောက်၊ ထိုမျှမက... ထိပ်ဆုံး သုံးယောက် ဆိုလျှင်သာ သူ စိတ်ဝင်စားမိမည် ဖြစ်သည်။ နယ်မြေအဆင့် ၄၁ ရှိသော လီရှောင်ဖုန်းမှာမူ သူ၏မျက်လုံးထဲ၌ မရှိတော့ပေ။
လော့ချန် ဤမျှအထိ တည်ငြိမ်နေသည်ကို မြင်လိုက်ရသည့်အခါ ကျင်းထျန်တူ အနည်းငယ် အံ့ဩသွားရပြီး စိတ်ထဲမှ အတွေးတစ်ခု ပေါ်လာခဲ့သည်။
“ဒါက မဖြစ်နိုင်တာပဲ...”
လော့ချန်နှင့် လီရှောင်ဖုန်းတို့ကို တစ်လှည့်စီ ကြည့်လိုက်ပြီးနောက် ကျင်းထျန်တူသည် သူ၏စိတ်ထဲရှိ ရူးသွပ်လှသော အတွေးကို ပြန်လည် ဖျောက်ပစ်လိုက်သည်။ ယခုတင်က ဓားဆန္ဒချင်း ယှဉ်ပြိုင်ရာတွင် လော့ချန်က အသာစီးရခဲ့သည်မှာ မှန်သော်လည်း ဓားဆန္ဒဆိုသည်မှာ တကယ့် တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝကိုယ်စားမပြုနိုင်ပေ။ ၎င်းအပြင် လော့ချန်သည် လျှို့ဝှက်နည်းလမ်းကို သုံးစွဲခဲ့ခြင်းဖြစ်နိုင်ရာ မည်မျှအထိ တည်မြဲနိုင်မည်နည်း။
လီရှောင်ဖုန်းမှာမူ နယ်မြေအဆင့် ၄၁ ရှိသူဖြစ်ရာကဏ္ဍစုံတွင် ထိပ်တန်းအဆင့်၌ ရှိနေသူ ဖြစ်သည်။ လော့ချန်၏ အခြေခံမှာမူ အလွန်ပင် အားနည်းလွန်းလှသဖြင့် တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် ယှဉ်နိုင်ရန်မှာ အလွန်ပင် ခဲယဉ်းလိမ့်မည်ဟု သူ ယူဆထားသည်။
ထိုစဉ် ဖျော်ဖြေရေးများ ပြီးဆုံးသွားခဲ့ပြီး ယိုကွမ်းမင်းသမီးက ပြုံးလျက် ဆိုလိုက်သည်။
“အားလုံးပဲ... သွေးမိစ္ဆာကို စိတ်ဝင်စားနေကြတာ ကျွန်မတို့တင် မဟုတ်ပါဘူး... အချိန်မဆွဲဘဲနဲ့ နောက်ထပ် အစီအစဉ်တွေကို တိုင်ပင်ကြရအောင်... အမြန်ဆုံး ရှာတွေ့ဖို့ ကြိုးစားကြတာပေါ့...”
သူမ၏အသံမှာ အေးဆေးနူးညံ့လှပြီး ယခုတင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများမှာ မရှိခဲ့သကဲ့သို့ပင် ဖြစ်နေတော့သည်။
“ယိုကွမ်းမင်းသမီး... ဒီအစည်းအဝေးက သွေးမိစ္ဆာကို နှိမ်နင်းဖို့ တိုင်ပင်တာဆိုတော့ ကျွန်တော့်ရဲ့ အစွမ်းနဲ့ဆိုရင်တော့ ဝင်မပါတော့တာ ပိုကောင်းပါလိမ့်မယ်...”
လော့ချန်က နေရာမှ ထရပ်လိုက်ပြီး လက်အုပ်ချီကာ ဆိုလိုက်သည်။ လော့ချန်သည် ဤအစည်းအဝေးအပေါ် စိတ်ဝင်စားမှုမရှိသဖြင့် ထွက်ခွာလိုခြင်း ဖြစ်သည်။ လီရှောင်ဖုန်း၏ စကားများကြောင့်သာ မဟုတ်လျှင် သူ အစောကြီးကတည်းက ထွက်သွားခဲ့ပြီ ဖြစ်သည်။
စကားဖြတ်ပြောခြင်းကို ခံလိုက်ရသဖြင့် ယိုကွမ်းမင်းသမီး၏ မျက်ဝန်းထဲတွင် စိတ်မရှည်သည့် အရိပ်အယောင် အနည်းငယ် ပေါ်ထွက်လာသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
“သခင်လေးလော့ချန်က စိတ်မဝင်စားဘူးဆိုရင်လည်း ကျွန်မက အတင်းအကျပ် မတားတော့ပါဘူး...”
ယိုကွမ်းမင်းသမီးက ပြုံးလျက် ဆိုလိုက်သည်။
“နှုတ်ဆက်ပါတယ်...”
လော့ချန်သည် လှည့်ထွက်ရန် ပြင်လိုက်သည်။ စီနီယာယင်းလီကလည်း ဘာမှမပြောဘဲ နေရာမှ ထရပ်ကာ လော့ချန်၏ အနောက်မှ လိုက်ပါသွားတော့သည်။
နဝမမင်းသမီးက ကျင်းထျန်တူ၏ ဝတ်စုံစကို အသာအယာ ဆွဲလိုက်သည်။ ကျင်းထျန်တူလည်း သူမ၏စိတ်ကို နားလည်သဖြင့် သက်ပြင်းတစ်ချက်ချကာ နေရာမှ ထရပ်လိုက်သည်။
“ယိုကွမ်းမင်းသမီး... သွေးမိစ္ဆာရဲ့ သတင်းနဲ့ ပတ်သက်ရင်တော့ ကျွန်တော် သိသမျှ ဒါပါပဲ... နောက်ထပ် သဲလွန်စ ရခဲ့မယ်ဆိုရင်တော့ ထပ်ပြီး အကြောင်းကြားပေးပါ့မယ်... ကျွန်တော်တို့ကိုလည်း ခွင့်ပြုပါဦး...”
ကျင်းထျန်တူက ဆိုလိုက်သည်။ လော့ချန်၏ နောက်မှ လူအားလုံး လိုက်ပါသွားသည်ကို မြင်လိုက်ရသည့်အခါ ယိုကွမ်းမင်းသမီး၏ မျက်နှာမှာ ပြောင်းလဲသွားခဲ့ပြီး မျက်ဝန်းထဲတွင် လျှပ်စီးတန်းများ ဝင်းလက်သွားတော့သည်။
ငယ်စဉ်ကတည်းက သူမ အလိုရှိသမျှ အရာအားလုံးမှာ အဆင်ပြေခဲ့သည်ချည်းဖြစ်ရာ ယနေ့တွင်မူ လော့ချန် ဆိုသော လူငယ်လေးတစ်ဦးကြောင့် သူမ၏ အစည်းအဝေးမှာ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရလေပြီ။ ထိုစဉ် ဘယ်ဘက်ရှိ နားနေဆောင်မှ ကျိလော့ဂိုဏ်းတပည့်နှစ်ဦးမှာလည်း နေရာမှ ထရပ်လိုက်ကြသည်။
“ယိုကွမ်းမင်းသမီး... ကျွန်မတို့ကိုလည်း ခွင့်ပြုပါဦး...”
ကျိလော့ဂိုဏ်းတပည့်များက ဆိုလိုက်သည်။ ရတနာပစ္စည်းအဖြစ် တာဝန်ယူနိုင်မည့်သူကို ရှာဖွေရန်မှာ အလွန် အရေးကြီးလှသဖြင့် လော့ချန်ကို ဆက်လက် အကဲခတ်လိုကြခြင်း ဖြစ်သည်။
“မင်းတို့လည်း သွားကြတော့မလို့လား...”
ယိုကွမ်းမင်းသမီး၏ မျက်နှာမှာ တည်ငြိမ်မှု မရှိတော့ပေ။ လော့ချန်သည်လည်း မိမိ ထွက်ခွာခြင်းက ဤမျှအထိ ဂယက်ထသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“လော့ချန်... ငါ့ရှေ့ကို ထွက်လာခဲ့စမ်း...”
ရုတ်တရက် လေထုမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်သံတစ်ခု ဝေးရာမှ ပျံ့လွင့်လာခဲ့ရာ မိုးခြိမ်းသံအလား တစ်မြို့လုံးကို ဟိန်းဟောက်သွားတော့သည်။
ယွမ်ထျန်ယန်...။
လော့ချန်၏ မျက်လုံးများမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားတော့သည်။
အခန်း ၆၉၂ ပြီးပါပြီ။
အခန်း ၆၉၃ - သေတွင်း၊ ကဲ့ရဲ့ရှုတ်ချခြင်း
“လာတာ တော်တော်မြန်တာပဲ...”
ချိန်းဆိုထားသည့် သေခြင်းရှင်ခြင်းတိုက်ပွဲနေ့ ရောက်ရန် နှစ်ရက်ပင် လိုသေးသည်။ လော့ချန်သည် ယွမ်ထျန်ယန် ဤမျှစောစော ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း ဤသည်က ပို၍ပင် ကောင်းမွန်လှပေသည်။ သူကိုယ်တိုင်လည်း ဤကိစ္စကို အမြန်ဆုံး အပြတ်ရှင်းလိုနေသည်မဟုတ်ပါလော။
လော့ချန်သည် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ခြံဝင်းတံခါးမှ တိုက်ရိုက် လှမ်းထွက်လာခဲ့သည်။ ကျင်းထျန်တူနှင့် အခြားသူများကလည်း သူ့နောက်မှကပ်လျက် လိုက်ပါလာကြသည်။
ခြံဝင်းအတွင်းရှိ လူအတော်များများမှာ ဘာဖြစ်သွားမှန်း မသိသဖြင့် မှင်တက်မိနေကြသည်။ ယိုကွမ်းမင်းသမီးသည်လည်း ထို့အတူပင်။ သူမသည် ယွမ်ချွမ်မြို့သို့ ရောက်ရောက်ချင်း ဤအစည်းအဝေးသို့ တိုက်ရိုက် လာခဲ့ခြင်း ဖြစ်သည်။
အတွင်းသတင်းကို သိရှိထားသည့် သန်မာလှသော လူငယ်တစ်ဦးက လော့ချန်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ ရယ်မောလျက် ဆိုလိုက်သည်။
“ကြည့်ရတာ ပွဲကောင်းတော့ ကြည့်ရတော့မှာပဲ...”
“ဘာဖြစ်လို့လဲ...”
ယိုကွမ်းမင်းသမီးက သူမ၏ လှပသော မျက်ဝန်းများကို ဝှေ့ယမ်းကာ မေးမြန်းလိုက်သည်။
“ကျွန်တော် ယွမ်ချွမ်မြို့ကို ရောက်တုန်းက ကြားခဲ့တာ... တာယွဲ့မင်းဆက် ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းထိပ်သီးတပည့် လော့ချန်နဲ့ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့်ကြီး ယွမ်ထျန်ယန် တို့က ဒီမြို့မှာ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲကြမယ်တဲ့... တကယ်က နောက်နှစ်ရက်နေမှ ချိန်းထားတာ ဖြစ်ပေမဲ့ အခုတော့ အဓိကလူတွေ အားလုံး ရောက်နေကြပြီဆိုတော့ ဒီနေ့ပဲ တိုက်ပွဲဖြစ်တော့မယ် ထင်တယ်...”
ထိုလူငယ်က ရှင်းပြလိုက်သည်။
“ဒီကိစ္စကို ကျွန်မလည်း ကြားဖူးတယ်... အဲဒီယွမ်ထျန်ယန်က နယ်မြေအဆင့်ထဲ ဝင်ဖို့ လက်တစ်ကမ်းအလိုအထိ ရောက်ခဲ့တဲ့သူလေ... အရင်ကတော့ ဒီလော့ချန်က ယွမ်ထျန်ယန်နဲ့ တွေ့ရင် သေချာပေါက် သေလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တာ... ဒါပေမဲ့ ယခုတင်က သူ့ရဲ့ ဓားဆန္ဒက ဒီလောက်တောင် သန်မာနေတာဆိုတော့ နှစ်ယောက်လုံးရဲ့ အရှုံးအနိုင်က ခန့်မှန်းရ ခက်သွားပြီ...”
“အဲဒီလိုတော့လည်း မဟုတ်လောက်ဘူး... ဓားဆန္ဒက ဓားသမားတစ်ယောက်ရဲ့ တကယ့်တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝကိုယ်စားမပြုနိုင်ပါဘူး... ဒီလော့ချန်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်းပဲ ရှိသေးသလို အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတာဆိုတော့ နယ်မြေအဆင့်ကို ဝင်နိုင်လောက်တဲ့ အစွမ်းမျိုး ရှိဖို့ မဖြစ်နိုင်ပါဘူး...”
သတင်းမှာ တဖြည်းဖြည်း ပြန့်နှံ့သွားခဲ့ပြီး ဝင်းအတွင်း၌ ဆွေးနွေးမှုများဖြင့် ဆူညံသွားတော့သည်။ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆိုသည်မှာ လူတိုင်း စိတ်ဝင်စားသည့် ကိစ္စဖြစ်သလို လော့ချန်၏ ယခုတင်က စွမ်းဆောင်ရည်ကြောင့်လည်း လူတိုင်းမှာ ချက်ချင်းပင် သွားရောက်ကြည့်ရှုလိုစိတ်များ ပြင်းပြနေကြသည်။ သို့သော်လည်း ယိုကွမ်းမင်းသမီး၏ မျက်နှာကို ထောက်ထားသဖြင့်သာ စိတ်ကို ထိန်းထားကြခြင်း ဖြစ်သည်။
“ဟင်း... ဒီလော့ချန်က တကယ့်ကို သေမှာမကြောက်တတ်တဲ့ကောင်ပဲ... ယွမ်ထျန်ယန်နဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲရဲတယ်ဆိုပဲ...”
လီရှောင်ဖုန်း၏ မျက်ဝန်းထဲတွင် အမုန်းတရားများနှင့် အငြိုးအတေးများ ပြည့်နှက်နေခဲ့ပြီး ယိုကွမ်းမင်းသမီးကို ကြည့်ကာ ဆိုလိုက်သည်။
“စီနီယာအစ်မ... ကျွန်တော်တို့လည်း သွားကြည့်ရအောင်... အဲဒီလော့ချန် ဘယ်လိုသေမလဲဆိုတာကို ကျွန်တော်ကိုယ်တိုင် မြင်ချင်တယ်...”
ယွမ်ထျန်ယန်သည် နယ်မြေအဆင့်ထဲ ဝင်ရန် လက်တစ်ကမ်းအလိုအထိ ရောက်ခဲ့သူ ဖြစ်သည်။ နယ်မြေအဆင့်ဝင် ပါရမီရှင်တစ်ဦးဖြစ်သော လီရှောင်ဖုန်းသည် ထိုရလဒ်၏ အစွမ်းမှာ မည်မျှ ကြီးမားကြောင်း ကောင်းကောင်း သိပေသည်။ အနည်းဆုံးတော့ တစ်ဖက်လူ၏ အစွမ်းမှာ တာယွဲ့မင်းဆက်ရှိ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူအားလုံးကို ဖိနှိပ်ရန် လုံလောက်လှပေသည်။
တာယွဲ့မင်းဆက်တွင် နယ်မြေအဆင့်စာရင်း၌ ပါဝင်နိုင်သူ မရှိကြောင်း လီရှောင်ဖုန်း သိထားသည်။ လော့ချန်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။
ဤအခြေအနေသို့ ရောက်ရှိလာသည့်အခါ အစည်းအဝေးမှာလည်း ဆက်လက်ပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။ ယိုကွမ်းမင်းသမီး၏ မျက်ဝန်းထဲတွင် လျှပ်စီးတန်းများ ဝင်းလက်သွားခဲ့ပြီး နေရာမှ ထရပ်ကာ ပြုံးလျက် ဆိုလိုက်သည်။
“အားလုံးပဲ စိတ်ဝင်စားနေကြမှတော့ ကျွန်မတို့လည်း သွားကြည့်ကြတာပေါ့...”
စကားအဆုံးတွင် ယိုကွမ်းမင်းသမီးသည် ရှေ့ဆုံးမှ ဦးဆောင်ကာ ခြံဝင်းအတွင်းမှ ထွက်ခွာလာခဲ့သည်။ ကျိလော့ဂိုဏ်းမှ အမျိုးသမီးတပည့်နှစ်ဦးမှာလည်း သူမနောက်မှကပ်လျက် လိုက်ပါလာကြသည်။
“ဒီကောင်လေးက တကယ့်ကို ပြဿနာရှာတဲ့နေရာမှာ ဆရာကြီးပဲ... ခုနတင် လီရှောင်ဖုန်းနဲ့ ပြဿနာဖြစ်ပြီး အခုတော့ တခြားတစ်ယောက်နဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲတဲ့လား...”
ယုချင်းယူက တီးတိုး ရေရွတ်လိုက်သည်။ ဝတ်စုံဖြူနှင့် ချီယွမ်မန်း၏ မျက်ဝန်းများမှာမူ နက်ရှိုင်းနေသည်။
“ဒါက သူ့ရဲ့ အစစ်အမှန်အစွမ်းကို ကြည့်ဖို့အတွက် အခွင့်အရေးကောင်းပဲ...”
“ငါကတော့ သူ သေသွားမှာကို စိုးရိမ်တာ... အဲဒီလိုဆိုရင် ငါတို့ရဲ့ ရတနာပစ္စည်းကို ရှာဖို့ မျှော်လင့်ချက် တစ်ခု ဆုံးရှုံးသွားမှာပေါ့...”
ယုချင်းယူက ချီယွမ်မန်း၏ နူးညံ့လှသော လက်ဖဝါးကို အသာအယာ ပွတ်သပ်ကာ ရယ်မောလျက် ဆိုလိုက်သည်။ ချီယွမ်မန်းကတော့ ရှေ့မှ လော့ချန်၏ ကျောပြင်ကို ကြည့်ကာ ခပ်ဖွဖွ ခေါင်းခါပြလိုက်၏။
“တကယ်လို့ သူက ဒီလောက်နဲ့တင် သေသွားမယ်ဆိုရင်တော့ ငါတို့ရဲ့ ရတနာပစ္စည်း အဖြစ် တာဝန်ယူဖို့ အရည်အချင်း မရှိဘူးလို့ပဲ ပြောရမှာပေါ့...”
လူအုပ်ကြီးသည် အေးဆေးစွာ လျှောက်လာကြသော်လည်း အရှိန်မှာ မနှေးလှပေ၊ အော်ဟစ်သံများ ထွက်ပေါ်လာရာ တောင်ဘက်အရပ်ဆီသို့ တိုက်ရိုက် ဦးတည်လိုက်ကြသည်။
ယွမ်ချွမ်မြို့၏ တောင်ဘက်မြို့တံခါးဝ။
ယခုအခါ ထိုနေရာတွင် လူပင်လယ်ကြီးအလား ဖြစ်နေပြီး လူအုပ်ကြီးမှာ မည်းမည်းလှုပ်နေတော့သည်။ အရပ်မျက်နှာအနှံ့မှ လူများမှာလည်း အဆက်မပြတ် ရောက်ရှိလာနေကြဆဲ ဖြစ်၏။
“မြန်မြန်လာ... လော့ချန်နဲ့ ယွမ်ထျန်ယန်တို့ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်တော့မယ်...”
“ဟား... ဒီနေ့ပဲ တိုက်ကြတော့မှာလား... တော်သေးတာပေါ့၊ ငါ ယွမ်ချွမ်မြို့ကို အစောကြီး ရောက်နေလို့...”
“အင်း... ဒီတိုက်ပွဲက ငါတို့ တာယွဲ့မင်းဆက် လူငယ်မျိုးဆက်တွေရဲ့ အထွတ်အထိပ် တိုက်ပွဲပဲ၊ အခုလွဲသွားရင် တစ်သက်လုံး မြင်ရတော့မှာ မဟုတ်ဘူး...”
လူတိုင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကြသည်။ သူတို့သည် နယ်မြေအသီးသီးရှိ အင်အားစုများမှ ဖြစ်ကြပြီး လော့ချန်နှင့် ယွမ်ထျန်ယန် တို့၏ တိုက်ပွဲကို ကြည့်ရန်အတွက် ယွမ်ချွမ်မြို့သို့ တမင်လာခဲ့ကြခြင်း ဖြစ်သည်။
လော့ချန်... အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားသည့် နာမည်မရှိသော လူငယ်လေးတစ်ဦးသည် ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲတွင် လူတိုင်းကို အံ့အားသင့်စေခဲ့ပြီးနောက်ပိုင်း တစ်နှစ်ကျော်အတွင်း သူနှင့် ပတ်သက်သည့် အံ့ဩစရာ သတင်းများမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်မဟုတ်ပါလော။
လျိုကျွယ်ကို အနိုင်ယူလိုက်ခြင်းမှာ သူသည် ဂိုဏ်းသုံးဂိုဏ်း၏ အတွင်းစည်းတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။ သူ၏ တိုးတက်လာမှုမှာ တကယ့်ကို အံ့ဩစရာ ကောင်းလှသည့် အံ့ဖွယ်ကိစ္စတစ်ခုအလား ရှိနေတော့သည်။ သူသည် မကြာသေးခင် နှစ်များအတွင်း ဂိုဏ်းကြီးသုံးဂိုဏ်းမှ ထွက်ပေါ်လာသည့် အကြီးမားဆုံးသော အစွမ်းအစရှိသူတစ်ဦးပင် ဖြစ်ပေလိမ့်မည်။
ယွမ်ထျန်ယန်မှာမူ ကြယ်ဆယ်ပွင့် ဝိညာဉ်သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားပြီး နယ်မြေအဆင့်ထဲ ဝင်ရန် လက်တစ်ကမ်းအလိုအထိ ရောက်ခဲ့သူဖြစ်ရာ ဂိုဏ်းသုံးဂိုဏ်း၏ အတွင်းစည်းတွင် ရှုံးနိမ့်ခြင်းမရှိသည့် ဘုရင်တစ်ပါးအဖြစ် လူအများက သတ်မှတ်ထားကြသည်။
အသုံးမကျသည့်သိုင်းဝိညာဉ်နှင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်... အသစ်တက်လာသည့် ပါရမီရှင်နှင့် ရှုံးနိမ့်ခြင်းမရှိသည့် ဘုရင်... ရွှမ်ယွမ်ဂိုဏ်းတပည့်နှင့် လျှပ်ယွမ်ဂိုဏ်းတပည့်...
ထိုသူနှစ်ဦး၏ သေခြင်းရှင်ခြင်းတိုက်ပွဲမှာ ကောင်းကင်ကမိုးကြိုးနှင့် မြေပြင်ကမီးလျှံတို့ ထိပ်တိုက်တွေ့ဆုံသကဲ့သို့ လူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေမည် ဖြစ်သည်။
တောင်ဘက်မြို့တံခါး အပြင်ဘက်။
ရှုတောက်ယန်နှင့် ယွမ်ထျန်ယန် တို့သည် ဟင်းလင်းပြင်၌ မတ်တတ်ရပ်နေခဲ့ကြပြီး သူတို့၏ ပတ်ဝန်းကျင်၌ မီးလျှံတိမ်တိုက်များ ဖုံးလွှမ်းနေသည်။ ထိုအရှိန်အဝါမှာ မောက်မာရဲတင်းလှသဖြင့် လူတိုင်းမှာ ဦးညွှတ်လိုစိတ်များပင် ပေါ်ပေါက်နေရတော့သည်။
“ဟင်... စီနီယာရှု...”
“စီနီယာရှုနဲ့ စီနီယာယွမ်ကို ဂါရဝပြုပါတယ်...”
လူအုပ်ကြီးအတွင်းရှိ လျှပ်ယွမ်ဂိုဏ်းတပည့် အမြောက်အမြားမှာ ချက်ချင်းပင် ထွက်လာခဲ့ကြပြီး ထိုသူနှစ်ဦးကို ရိုသေစွာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။ ရှုတောက်ယန်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်၏။
“အဲဒီလော့ချန် ယွမ်ချွမ်မြို့မှာ ရှိနေတုန်းပဲလား...”
ယွမ်ထျန်ယန်က မေးမြန်းလိုက်သည်။
“ဟုတ်ကဲ့... သူ မြို့ထဲက ယွမ်လန်ဂေဟာမှာ ရှိနေပါတယ်...”
“ဂျူနီယာညီလေး သုံးယောက်က သူ့ကို စောင့်ကြည့်နေတာမို့ ဒီတစ်ခါတော့ သူ လုံးဝ ထွက်ပြေးလို့ ရမှာမဟုတ်ပါဘူး...”
ထိုလျှပ်ယွမ်ဂိုဏ်းတပည့်များသည် လော့ချန်၏ သတင်းကို အစောကြီးကတည်းက စုံစမ်းထားကြခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့မှာ ယွမ်လန်ဂေဟာ အတွင်းသို့ ဝင်ရောက်ခွင့် မရှိကြသဖြင့် အပြင်ဘက်တွင်သာ စောင့်ကြည့်နေခဲ့ကြရသည်။
“မင်းတို့ တော်တော်လေး ကောင်းကောင်း လုပ်ခဲ့တာပဲ...”
ယွမ်ထျန်ယန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ထိုစဉ် လျှပ်ယွမ်ဂိုဏ်းတပည့်တစ်ဦးက အံကြိတ်ကာ ဆိုလိုက်၏။
“စီနီယာယွမ်... အဲဒီလော့ချန်က ယွမ်ချွမ်မြို့ကို ရောက်ရောက်ချင်းမှာတင် ငါတို့ကို တိုက်ခိုက်ခဲ့တာပါ၊ စီနီယာကျူးက စီနီယာရဲ့ နာမည်ကို ပြောပြလိုက်ပေမဲ့ သူက ဂရုမစိုက်ဘဲ စီနီယာကျူး တို့ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်ခဲ့တာ... သူက စီနီယာ့ကိုတင်မကဘူး၊ ငါတို့ လျှပ်ယွမ်ဂိုဏ်း တစ်ခုလုံးကိုပါ မျက်လုံးထဲ ထည့်မထားတာပါ၊ စီနီယာကျူး တို့အတွက်ကလဲ့စားချေပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်...”
“ဟုတ်တယ်... အဲဒီကောင်က တကယ့်ကို မောက်မာလွန်းတာပဲ...”
လျှပ်ယွမ်ဂိုဏ်းတပည့် အုပ်စုမှာ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
ဤကိစ္စကြောင့် လွန်ခဲ့သော နှစ်ရက်အတွင်း သူတို့သည် ယွမ်ချွမ်မြို့၌ အရှက်တကွဲ ဖြစ်ခဲ့ရပြီး စိတ်ထဲ၌လည်း အလွန်ပင် ခံပြင်းနေကြခြင်း ဖြစ်သည်။ ယခင်ကဆိုလျှင် လျှပ်ယွမ်ဂိုဏ်းတပည့်များက ရွှမ်ယွမ်ဂိုဏ်းတပည့်များအပေါ် အနိုင်ကျင့်ခဲ့တာပဲ ရှိခဲ့ပြီး ယခုကဲ့သို့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရခြင်းမှာ အလွန်ပင် ရှားပါးလှပေသည်။
ယွမ်ထျန်ယန်၏ မျက်ဝန်းထဲတွင် အေးစက်လှသော အလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီးနောက် ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သည်။
“စိတ်ချပါ... ငါ ရောက်လာပြီဆိုမှတော့ သူ မောက်မာနိုင်တာလည်း အဆုံးသတ်သွားပါပြီ၊ ဒီယွမ်ချွမ်မြို့က သူ့ရဲ့ သေတွင်း ဖြစ်လာစေရမယ်...”
“ကောင်းတယ်...”
“စီနီယာယွမ်က တကယ့်ကို အစွမ်းထက်တာပဲ...”
လျှပ်ယွမ်ဂိုဏ်းတပည့် အားလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြတော့သည်။ ယွမ်ထျန်ယန်သည် အကြည့်ကို လွှဲလိုက်ပြီး ယွမ်ချွမ်မြို့အတွင်းသို့ လှမ်းကြည့်လိုက်၏။ လူအုပ်ကြီးမှာလည်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသဖြင့် တောင်ဘက်မြို့တံခါးဝမှာ တစ်ခဏအတွင်း ငြိမ်သက်သွားတော့သည်။
ခဏအကြာတွင် လော့ချန် ပေါ်မလာသေးသည်ကို မြင်လိုက်ရသည့်အခါ လျှပ်ယွမ်ဂိုဏ်းတပည့်တစ်ဦးက မနေနိုင်ဘဲ ဆိုလိုက်၏။
“ဘာလို့ အခုထိ ထွက်မလာသေးတာလဲ... ကြည့်ရတာ သူက စီနီယာ့ရဲ့ ပြိုင်ဘက်မဟုတ်မှန်း သိလို့ မထွက်ရဲတော့တာ ထင်တယ်... မြို့ထဲမှာပဲ ပုန်းနေပြီး လိပ်လိုမျိုး ခေါင်းလျှိုနေတော့မှာလား...”
“ဟင်း... အခုအချိန်အထိ ရောက်နေပြီဆိုမှတော့ သူ လွတ်မှာမဟုတ်ပါဘူး... ဒီလောက် လူအမြောက်အမြား စောင့်နေကြတာကို သူသာ မထွက်လာဘူးဆိုရင်တော့ အကြီးအကျယ် အရှက်ကွဲရမှာပဲ၊ နောင်ဆိုရင်လည်း လူပုံအလယ်မှာ ခေါင်းမော့ရဲတော့မှာ မဟုတ်ဘူး... ရွှမ်ယွမ်ဂိုဏ်း တစ်ခုလုံးလည်း သူ့ကြောင့် အရှက်ရပြီး ဟာသဖြစ်ရလိမ့်မယ်...”
“ဟုတ်တယ်... ဒါပေမဲ့ သူ လိပ်လို ခေါင်းလျှိုနေလည်း အပိုပဲ၊ ဒီနေ့တော့ သူ သေရမှာ သေချာတယ်...”
လျှပ်ယွမ်ဂိုဏ်းတပည့် အုပ်စုမှာ လော့ချန်ကို အမျိုးမျိုး ကဲ့ရဲ့ရှုံ့ချနေကြတော့သည်။
“မင်းတို့ တအား လွန်သွားပြီနော်...”
အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
အရင်က လော့ချန်ကယ်ဆယ်ပေးခဲ့သော ရွှမ်ယွမ်ဂိုဏ်းတပည့် သုံးဦးမှာ ထွက်လာခဲ့ကြပြီး ထိုအထဲမှ ရဲရင့်လှသော အမျိုးသမီးတပည့်မှာ လော့ချန်ကို ကဲ့ရဲ့နေသော လျှပ်ယွမ်ဂိုဏ်းတပည့်များကို ကြည့်ကာ ဒေါသတကြီး ဆိုလိုက်၏။
“သူတစ်ပါးရဲ့ နောက်ကွယ်မှာ အတင်းအဖျင်းချပြီး ကဲ့ရဲ့ရှုတ်ချနေတာက ဘယ်လောက် ရှက်ဖို့ကောင်းလိုက်လဲ... မင်းတို့ကိုယ်တိုင် မရှက်ကြဘူးလား...”
အခန်း ၆၉၃ ပြီးပါပြီ။