← Chapters

အခန်း (၆၉၄-၆၉၆)

Vol. 47 Ch. 694-696

အခန်း (၆၉၄-၆၉၆)

Vol. 47 Ch. 694-696

အခန်း ၆၉၄ - တိုက်ခိုက်တော့ ဘာဖြစ်လဲ... ဒီနေ့ပဲ အပြတ်ရှင်းမယ်

“ကဲ့ရဲ့ရှုတ်ချတယ် ဟုတ်လား...”

ထွက်လာသည့် ရွှမ်ယွမ်ဂိုဏ်းတပည့်များကို ကြည့်ကာ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့်တစ်ဦးက အေးစက်စွာ ပြုံးလိုက်ပြီး ပြန်မေးလိုက်သည်။

“သူကိုယ်တိုင်က လိပ်လို ခေါင်းလျှိုနေတာကို ငါတို့က အမှန်အတိုင်း ပြောတာပဲလေ... ဒါက ဘယ်လိုလုပ် ကဲ့ရဲ့တာ ဖြစ်မှာလဲ...”

ထိုလျှပ်ယွမ်ဂိုဏ်းတပည့်သည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ရာ လူအုပ်ထဲ၌ ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် အတော်များများ ရှိနေသော်လည်း မည်သူမျှ ထွက်မလာရဲကြသည်ကို သတိထားမိသွားသဖြင့် အထင်သေးသော အမူအရာဖြင့် ဆက်ပြောလိုက်သည်။

“အမှန်အတိုင်း ပြောရရင် မင်းတို့ ရွှမ်ယွမ်ဂိုဏ်းကလူတွေနဲ့ အဲဒီလော့ချန်က တစ်ပုံစံတည်းပဲ... အားလုံးက လူမြင်မခံရဲတဲ့ ကြောက်တတ်တဲ့ကောင်တွေချည်းပဲ...”

ထိုစကားကို ကြားလိုက်ရသည့်အခါ ရွှမ်ယွမ်ဂိုဏ်းတပည့်များ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။ သို့သော်လည်း အခြေအနေအရ သူတို့မှာ တစ်ဖက်လူကို မယှဉ်နိုင်ပေ။ ဤတိုက်ပွဲတွင် လော့ချန် အနိုင်ရလိမ့်မည်ဟု ယူဆသူ အလွန်နည်းပါးလှသဖြင့် လာရောက်အားပေးသည့် ရွှမ်ယွမ်ဂိုဏ်းတပည့် အရေအတွက်မှာလည်း နည်းပါးလှသလို အစွမ်းမှာလည်း လျှပ်ယွမ်ဂိုဏ်းဘက်ထက် များစွာ နိမ့်ကျနေသည်။ ထို့ကြောင့် ယခုအချိန်တွင် ထွက်လာပါကကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

ရွှမ်ယွမ်ဂိုဏ်းတပည့် အချို့မှာမူ စိတ်ထဲ၌ လော့ချန်ကိုပင် အပြစ်တင်မိနေကြသည်။

‘ဘာကြောင့်များကိုယ့်အဆင့်ကိုယ်မသိဘဲ ယွမ်ထျန်ယန်ကို စိန်ခေါ်ခဲ့ရသလဲ... အခုတော့ ငါတို့ပါ လိုက်ပြီး အရှက်ကွဲနေရပြီ...’

“ဟားဟားဟား... ငါတို့ ရွှမ်ယွမ်ဂိုဏ်းတပည့်တွေက လူမြင်မခံရဲတဲ့သူတွေ ဟုတ်လား... တော်တော်လေး သတ္တိကောင်းလှချည်လား... ခေါင်းကောင်းလို့ လက်သီးတောင်းနေတယ်ပေါ့လေ... ဒါဆိုလည်း ငါ့ရဲ့ လက်သီးတစ်ချက်ကို အရင်မြည်းကြည့်လိုက်စမ်း...”

ရုတ်တရက် အေးစက်လှသော ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သန်မာတောင့်တင်းသော လူရိပ်တစ်ခုမှာ လူအုပ်ထဲမှ လျှပ်တပြက် ပြေးထွက်လာခဲ့ပြီး တောင်တစ်လုံးအလား ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာကာ စကားပြောနေသော လျှပ်ယွမ်ဂိုဏ်းတပည့်ထံသို့ လက်သီးဖြင့် တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။

“ဝုန်း...”

ထူထဲလှသော ချီစွမ်းအင်များမှာ မြင့်မားသော တောင်တန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

“ဖူး...”

ထို လျှပ်ယွမ်ဂိုဏ်းတပည့်မှာ အစွမ်းမနိမ့်လှဘဲ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အစောပိုင်း သန်မာသူတစ်ဦး ဖြစ်သည်။ သို့သော်လည်း တောင်တန်းကြီးအလား ပြင်းထန်လှသော လက်သီးအရှိန်အောက်တွင် သူသည် အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိဘဲ လက်သီးအရှိန်ကြောင့်ပင် သွေးတစ်လုတ် အန်ထုတ်လိုက်ရကာ စိတ်ထဲ၌လည်း ထိတ်လန့်သွားရတော့သည်။

“ပျက်စီးစမ်း...”

ယွမ်ထျန်ယန်က မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး လက်ညှိုးဖြင့် ဟင်းလင်းပြင်ကို တစ်ချက် ထောက်လိုက်ရာ ထက်မြက်လှသော အလင်းတန်းတစ်ခု ပွင့်ထွက်လာခဲ့သည်။ ဝင်းလက်တောက်ပလှသော မီးလျှံဓားစွမ်းအင်တစ်ခုမှာ လေထုကို ဆွဲဖြဲကာ တောင်တန်းလက်သီးစွမ်းအင်ကို တိုက်ရိုက် ထိုးဖောက်ဖျက်ဆီးပစ်လိုက်ရာ မြေပြင်ပေါ်၌ပင် ကြီးမားလှသော ဓားရာကြီးတစ်ခု ထင်ကျန်ရစ်တော့သည်။

“ဘုန်း...”

ထို လျှပ်ယွမ်ဂိုဏ်းတပည့်မှာ နောက်တစ်ကြိမ် သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားခဲ့ပြီး မျက်နှာမှာ ပြာနှမ်းသွားကာ နောက်ထပ် စကားတစ်လုံးမျှ မပြောရဲတော့ပေ။ ယခုတင်က သူသည် သေမင်းနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသကဲ့သို့ပင်။

“ဝှစ်... ဝှစ်... ဝှစ်...”

လူရိပ်အချို့မှာ လူအုပ်ထဲမှ ဆက်တိုက် ထွက်ပေါ်လာခဲ့ကြပြီး သန်မာတောင့်တင်းသော လူငယ်၏ ဘေးတွင် ရပ်လိုက်ကြသည်။ သူတို့အားလုံးမှာ ရွှမ်ယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့်များ ဖြစ်ကြပြီး ကျူးလင်မေ့သည်လည်း ထိုအထဲတွင် ပါဝင်နေသည်။

ယွမ်ထျန်ယန်၏ အကြည့်မှာ ဓားတစ်စင်းအလား ထက်မြက်လှပြီး ထိုသန်မာသော လူရိပ်ကို စိုက်ကြည့်ကာ ဆိုလိုက်သည်။

“ဖန်ယွဲ့ယန်... မင်းလည်း ငါနဲ့ တိုက်ချင်နေတာလား...”

ထိုသန်မာသော လူငယ်မှာ ရွှမ်ယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့်ကြီး ဖန်ယွဲ့ယန် ပင် ဖြစ်သည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲ၌မူ များစွာ တုန်လှုပ်နေမိသည်။ ယွမ်ထျန်ယန်၏ အစွမ်းမှာ သွေးမိစ္ဆာဂိုဏ်း၏ စခန်းကို ဝိုင်းဝန်းတိုက်ခိုက်စဉ်ကထက် များစွာ ပိုမို သန်မာလာခဲ့ပြီ ဖြစ်သည်။ သာမန် ဓားကွက်တစ်ခုကပင် သူ၏ သွေးနှင့် စွမ်းအားများကို ဆူပွက်လာအောင် လုပ်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။

“ဟူး...”

ဖန်ယွဲ့ယန်က သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးကိုယ်ပေါ်မှ ချီစွမ်းအင်များကို တောင်တစ်လုံးအလား တည်မြဲစေလျက် အော်ဟစ်ရယ်မောကာ ဆိုလိုက်သည်။

“တိုက်ခိုက်တော့ ဘာဖြစ်လဲ...”

ရွှမ်ယွမ်ဂိုဏ်း၏ အတွင်းစည်းစီနီယာကြီးတစ်ဦးအနေဖြင့် သူသည် ယွမ်ထျန်ယန်၏ စကားတစ်ခွန်းကြောင့် ကြောက်ရွံ့ကာ မတိုက်ခိုက်ဘဲ ဆုတ်ခွာသွားမည်ဆိုပါက အလွန်ပင် အရှက်ရစရာ ကောင်းလှပေလိမ့်မည်။ လူအများ၏ ကဲ့ရဲ့လှောင်ပြောင်မှုကိုလည်း ခံရပေလိမ့်မည်။

“ဟင်... ဖန်ယွဲ့ယန်က ယွမ်ထျန်ယန်နဲ့ တိုက်မလို့လား...”

“ဖန်ယွဲ့ယန်က ပြိုင်ဘက် မဟုတ်လောက်ဘူး... သူက လော့ရှာဂိုဏ်းက ယူလန်ရှင်း ထက်တောင် အစွမ်းက နည်းနည်း နိမ့်သေးတာ... ယခုတင်က ယှဉ်ပြိုင်မှုမှာတင် ဖန်ယွဲ့ယန်က သိသိသာသာ အားနည်းနေတာ တွေ့ရတယ်...”

“အင်း... အတွင်းစည်းတပည့်ကြီးတွေ ဖြစ်ကြပေမဲ့ ဖန်ယွဲ့ယန်က နယ်ပယ်စုံမှာ ယွမ်ထျန်ယန်ကို မယှဉ်နိုင်ဘူး... ဒါကို ကြည့်ရင်တင် ရွှမ်ယွမ်ဂိုဏ်းက လျှပ်ယွမ်ဂိုဏ်းထက် အများကြီး နိမ့်ကျနေတယ်ဆိုတာ သိသာတယ်... လူငယ်မျိုးဆက်ထဲမှာ အခြေအနေကို ထိန်းနိုင်မယ့်သူ မရှိဘူးဆိုတော့ နှစ်ပေါင်းများစွာ လျှပ်ယွမ်ဂိုဏ်းရဲ့ ဖိနှိပ်မှုကို ခံနေရတာ မဆန်းပါဘူး...”

“ရွှမ်ယွမ်ဂိုဏ်းမှာ လော့ချန် ဆိုတဲ့တစ်ယောက် ရှိသေးတယ် မဟုတ်လား...”

“ဟားဟား... မင်းက တကယ်ပဲ လော့ချန်က ယွမ်ထျန်ယန်ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား... တကယ်လို့ အဲဒီလိုသာဆိုရင် သူက နယ်မြေအဆင့်ထဲမှာ ပါနေလောက်ပြီပေါ့...”

အတွင်းစည်းတပည့်ကြီး နှစ်ဦး ထိပ်တိုက်တွေ့နေခြင်းမှာ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားသွားတော့သည်။ ယွမ်ထျန်ယန်က ဖန်ယွဲ့ယန်ကို စိုက်ကြည့်လိုက်ပြီး ခေါင်းခါပြကာ အေးဆေးစွာ ဆိုလိုက်၏။

“မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး... တကယ်လို့ မင်းက တိုက်ချင်တယ်ဆိုရင်တော့ ငါ လော့ချန်ကို ရှင်းပြီးမှ မင်းနဲ့ကစားပေးမယ်...”

ဤမျှအထိ အထင်သေးခံလိုက်ရသဖြင့် ဖန်ယွဲ့ယန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားရသည်။ သို့သော်လည်း အစွမ်းကသာ စကားပြောသည်မဟုတ်ပါလော။ စိတ်ထဲ၌ မည်မျှပင် ခံပြင်းနေပါစေ အစွမ်းမရှိလျှင် ဘာမှမတတ်နိုင်ပေ။ သူသည် စိတ်တိုနေသော်လည်း တစ်ဖက်တွင်မူ လော့ချန် ပေါ်လာပြီး ယွမ်ထျန်ယန်ကို အနိုင်ယူကာ သိက္ခာပြန်ဆယ်ပေးနိုင်ရန် မျှော်လင့်ချက်လေး တစ်ခုတော့ ရှိနေမိသည်။

သို့သော်လည်း ထိုအတွေးမှာ ခဏမျှသာ ဖြစ်သည်။ ဖန်ယွဲ့ယန်၏ အမြင်တွင် ထိုမျှော်လင့်ချက်မှာ အလွန်ပင် သေးငယ်လှပေသည်။ သွေးမိစ္ဆာဂိုဏ်းစခန်းကို တိုက်စဉ်က လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သို့ အခုမှ ရောက်ကာစသာ ရှိသေး၏။ သူသည် သန်မာလှသော ဓားဆန္ဒ ၉၀ ရာခိုင်နှုန်းကို နားလည်ထားသော်လည်း ယွမ်ထျန်ယန်သည်လည်း ဓားဆန္ဒတစ်ပိုင်းအဆင့်ရှိသော ဓားသမားဖြစ်ရာ အသာစီးရရန်မှာ အလွန်ပင် ခဲယဉ်းလိမ့်မည် ဖြစ်သည်။

အကယ်၍ ဓားဆန္ဒဆိုသည့် အကြီးမားဆုံးသော ဝှက်ဖဲကို သုံး၍မရတော့ဘူးဆိုလျှင် လော့ချန်က ယွမ်ထျန်ယန်ကို မည်သည့်နည်းဖြင့် ယှဉ်နိုင်မည်နည်း။ လုံးဝ မျှော်လင့်ချက် မရှိသလောက်ပင်။

“ယွမ်ထျန်ယန်... မင်းက ငါ့ကို ရှင်းပစ်ချင်တယ်ဆိုရင်တော့ မင်းမှာ အဲဒီအစွမ်း မရှိဘူး ထင်တယ်...”

ထိုစဉ် မြို့တံခါးဘက်မှ ကြည်လင်ပြတ်သားလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံတွင် ထက်မြက်လှသော ဓားဆန္ဒများ ပါဝင်နေသဖြင့် ယွမ်ထျန်ယန်ထံသို့ လှိုင်းတစ်ခုအလား ရိုက်ခတ်သွားပြီး လေထုမှာလည်း ရေလှိုင်းများကဲ့သို့ တုန်ခါသွားတော့သည်။

ယွမ်ထျန်ယန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့ပြီး မြို့တံခါးဘက်သို့ ကြည့်လိုက်ရာ ထိုအကြည့်မှာ ဓားတစ်စင်းအလား ထက်မြက်လှပေသည်။

“လော့ချန် လာပြီ...”

မြို့တံခါးဝတွင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ရတနာဓားကို ချိတ်ဆွဲထားသော လော့ချန်သည် တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ သူ၏ကိုယ်ပေါ်မှ ပြင်းထန်လှသော ဓားအရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ တံတွေးကို ခပ်ပြင်းပြင်း မျိုချလိုက်ရကာ အမှတ်မထင် လမ်းဖယ်ပေးလိုက်ကြတော့သည်။

လော့ချန်သည် ဖန်ယွဲ့ယန်၏ ဘေးသို့ တိုက်ရိုက် လျှောက်လှမ်းလာခဲ့သည်။

“လော့ချန်...”

ဖန်ယွဲ့ယန်သည် တစ်ချိန်က သူ လုံးဝ မျက်စိထဲ ထည့်မထားခဲ့သော ဤဂျူနီယာညီလေးကို ကြည့်ကာ မျက်ဝန်းများ ဝင်းလက်သွားခဲ့သည်။ ဘာကြောင့်မှန်း မသိသော်လည်း လော့ချန် ပေါ်လာသည်နှင့် သူ၏ စိတ်ထဲ၌ ထူးဆန်းစွာပင် ပေါ့ပါးသွားခဲ့ပြီး ယွမ်ထျန်ယန်၏ အရှိန်အဝါ ဖိနှိပ်မှုကို မခံစားရတော့ပေ။

“စီနီယာ လော့ချန်...”

ကျူးလင်မေ့နှင့် အခြားသော ရွှမ်ယွမ်ဂိုဏ်းတပည့်များမှာလည်း လော့ချန်၏ အနားသို့ စုရုံးလာကြသည်။ သူတို့ထဲမှ အချို့မှာ လော့ချန်၏ မဆင်မခြင် စိန်ခေါ်မှုကို စိတ်ထဲ၌ အပြစ်တင်နေကြသော်လည်း ယခုကဲ့သို့သော အချိန်တွင် မည်သူက ရန်သူ၊ မည်သူကကိုယ့်လူ ဆိုသည်ကိုတော့ ကောင်းကောင်း ခွဲခြားတတ်ကြပေသည်။

လော့ချန်က ခေါင်းညိတ်ပြလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ဝဲကြည့်လိုက်သည်။ လူရင်းများမှာ မနည်းလှပေ၊ ဖန်ယွဲ့ယန်နှင့် ကျူးလင်မေ့ တို့အပြင် ယူလန်ရှင်းနှင့် ယန်ချင်းရှုံး တို့ကဲ့သို့သော ရင်းနှီးသည့် လော့ရှာဂိုဏ်းတပည့်များကိုလည်း မြင်တွေ့ရသည်။ ယူလန်ရှင်းနှင့် ယန်ချင်းရှုံးတို့၏ မျက်ဝန်းများတွင်တော့ စိုးရိမ်စိတ်များ ပြည့်နှက်နေကြသည်။

လော့ချန်၏ အစွမ်းမှာ အလွန်ပင် သန်မာလှပြီး ကျင့်ကြံမှုအဆင့်တစ်ခုတည်းနှင့် ဆုံးဖြတ်၍မရမှန်း သူတို့ သိကြသော်လည်း ယခုတစ်ခါမှာ သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်သလို ပြိုင်ဘက်မှာလည်း ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်း၏ ဘုရင် ယွမ်ထျန်ယန် ဖြစ်နေသည်မဟုတ်ပါလော။

“လော့ချန်... မင်း နောက်ဆုံးတော့ ထွက်လာပြီပေါ့... မင်း ဒီယွမ်ချွမ်မြို့မှာ တစ်သက်လုံး ပုန်းနေတော့မယ်လို့ ငါ ထင်နေတာ...”

ယွမ်ထျန်ယန်၏ အေးစက်လှသော ရယ်သံ ထွက်ပေါ်လာသည်။ လော့ချန်က ယွမ်ထျန်ယန်ကို စိုက်ကြည့်လိုက်ပြီး အေးဆေးစွာ ဆိုလိုက်၏။

“ဘာလို့ ပုန်းနေရမှာလဲ... မင်း ဒီလောက်စောစော ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ရုံပဲရှိတယ်...”

“ဟားဟားဟား...”

လော့ချန်သည် ဤအချက်ကို အကြောင်းပြကာ အချိန်ဆွဲနေသည်ဟု ယွမ်ထျန်ယန်က ယူဆလိုက်သဖြင့် အေးစက်စွာ ရယ်မောလိုက်ပြီး ဆိုလိုက်သည်။

“တကယ်လို့ မင်း ကြောက်နေတယ်ဆိုရင်တော့ မင်းကို နောက်ထပ် နှစ်ရက်လောက် ပိုပြီး အသက်ရှင်ခွင့် ပေးနိုင်ပါတယ်... နောက်နှစ်ရက်နေမှ တိုက်ရင်လည်း မနောက်ကျပါဘူး...”

လော့ချန်က ခပ်ဖွဖွ ခေါင်းခါပြလိုက်သည်။

“မလိုပါဘူး... ဒီနေ့ပဲ အပြတ်ရှင်းလိုက်ကြတာပေါ့...”

ယွမ်ထျန်ယန်က မျက်ခုံးကို ပင့်လိုက်သည်။ လော့ချန်၏ အရှိန်အဝါမှာ သွေးမိစ္ဆာဂိုဏ်းစခန်းကို တိုက်စဉ်ကထက် များစွာ သန်မာလာသည်ကို သူ ခံစားလိုက်ရသဖြင့် သေချာ ဂရုစိုက်ကြည့်လိုက်ရာ အံ့ဩတကြီး ဆိုလိုက်၏။

“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နှောင်းပိုင်း...”

သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နှောင်းပိုင်း...။

ဤစကားကို ကြားလိုက်ရသည့်အခါ လော့ချန်၏ အစွမ်းကို သိထားကြသည့် ဖန်ယွဲ့ယန်နှင့် ယူလန်ရှင်း တို့မှာ အံ့ဩတုန်လှုပ်သွားကြတော့သည်။ သွေးမိစ္ဆာဂိုဏ်းစခန်းကို တိုက်စဉ်က လော့ချန်သည် အဆင့် ၉ အစောပိုင်း အဆင့်မှာပင် ရှိနေသေးသည်မဟုတ်ပါလော။ ဆယ်ရက်ကျော်အတွင်းမှာတင် အဆင့်ငယ် နှစ်ဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်လား။

လော့ချန်က ဆိုလိုက်သည်။

“တကယ်လို့ လွန်ခဲ့တဲ့ တလခွဲတုန်းကသာ မင်းနဲ့ ငါ တိုက်ရမယ်ဆိုရင်တော့ ငါ မင်းကို နိုင်ဖို့က သိပ်မလွယ်လောက်ဘူး... ကံမကောင်းတာက အဲဒီအခွင့်အရေးကို မင်း လက်လွတ်ခံလိုက်တာပဲ...”

“ဟားဟား... တကယ့်ကို မောက်မာတဲ့ကောင်ပဲ...”

ယွမ်ထျန်ယန်က အထင်သေးစွာ ရယ်မောလိုက်ပြီး မောက်မာစွာ ဆိုလိုက်၏။

“ကျင့်ကြံမှုအဆင့် တက်လာရုံနဲ့ ငါ့ကို ယှဉ်နိုင်မယ်လို့ မင်း ထင်နေတာလား...”

သူသည် ဓားဆန္ဒတစ်ပိုင်းအဆင့်ကို နားလည်ထားသူ ဖြစ်ရာ ဤအရာနှင့် နှိုင်းယှဉ်လျှင် သာမန် ကျင့်ကြံမှုအဆင့်ငယ် နှစ်ဆင့် တက်လာခြင်းမှာ ပြောပလောက်သည့် ကိစ္စမဟုတ်ပေ။ လော့ချန်ကတော့ ဂရုမစိုက်ဘဲ ဆိုလိုက်သည်။

“ယှဉ်နိုင် မယှဉ်နိုင်ဆိုတာကတော့ လက်တွေ့ကျရင် မင်းသိသွားမှာပါ...”

“ဟွန့်... ကောင်းပြီလေ... စောင့်ကြည့်ကြတာပေါ့...”

ယွမ်ထျန်ယန်၏ မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ ဆူပွက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။

“ဒီနေရာက တိုက်ခိုက်ဖို့ သိပ်မကောင်းဘူး... ငါ့နောက်ကို လိုက်ခဲ့...”

ယွမ်ထျန်ယန်၏ကိုယ်ထည်မှာ လျှပ်တပြက် လှုပ်ရှားသွားခဲ့ပြီး မြို့အပြင်ဘက် ဟင်းလင်းပြင်ဆီသို့ ပျံသန်းထွက်ခွာသွားတော့သည်။ လော့ချန်သည်လည်း မည်သို့မျှ ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏ အနောက်မှကပ်လျက် လိုက်ပါသွားတော့သည်။

အခန်း ၆၉၄ ပြီးပါပြီ။

အခန်း ၆၉၅ - မင်းမှာ တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်

“မြန်မြန် လိုက်သွားကြစို့...”

လော့ချန်နှင့် ယွမ်ထျန်ယန်တို့ ထွက်ခွာသွားသည်ကို မြင်လျှင် လူအုပ်ကြီးသည် ချက်ချင်း နောက်မှ လိုက်ပါသွားကြတော့သည်။ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများသည် နည်းလမ်းအမျိုးမျိုးဖြင့် ဟင်းလင်းပြင်၌ ပျံသန်းကြပြီး ထိုအဆင့်သို့ မရောက်သေးသူများမှာမူ ပျံသန်းရေးရတနာများကို ထုတ်ယူကြ၏။ ထိုအရာပင် မရှိသူများမှာမူ မြင်ကွင်းကောင်းသည့် နေရာတစ်ခုရရန် အပြေးအလွှား လိုက်ပါသွားကြသဖြင့် တစ်ခဏအတွင်း ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး လူရိပ်များဖြင့် ပြည့်နှက်သွားတော့သည်။

လော့ချန်တို့နှစ်ဦး၏ ကျောပြင်ကို ကြည့်ကာ ဖန်ယွဲ့ယန်က လေးနက်စွာ ဆိုလိုက်၏။

“ဆယ်ရက်ကျော်အတွင်းမှာတင် ယွမ်ထျန်ယန်ရဲ့ အစွမ်းက နောက်တစ်ဆင့်ကို တက်လှမ်းသွားပြန်ပြီပဲ... သူ့ရဲ့ ဓားဆန္ဒက ပိုပြီး တိုးတက်လာပုံရသလို ဓားဆန္ဒတစ်ပိုင်းအဆင့်ကိုတောင် ရောက်နေလောက်ပြီ...”

“ဓားဆန္ဒတစ်ပိုင်းအဆင့် ဟုတ်လား...”

ကျူးလင်မေ့မှာ ထိတ်လန့်သွားရသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်းကာ ဆိုလိုက်သည်။

“တော်သေးတာပေါ့... လော့ချန်လည်း အများကြီး တိုးတက်လာခဲ့တာပဲ... ကျင့်ကြံမှုအဆင့်က အဆင့်ငယ် နှစ်ဆင့်တောင် တက်လာတာလေ...”

ဖန်ယွဲ့ယန်က ခပ်ဖွဖွ ခေါင်းခါပြလိုက်၏။

“ဒီလောက် အချိန်တိုအတွင်း အဆင့်ငယ် နှစ်ဆင့် တက်လာတာက တကယ့်ကို အံ့ဩစရာ ကောင်းတာ မှန်ပါတယ်... ဒါပေမဲ့ ကျင့်ကြံမှုအဆင့်က ယွမ်ထျန်ယန်ကို ယှဉ်ဖို့ အဝေးကြီး လိုနေသေးတယ်... နှစ်ယောက်လုံးက ဓားသမားတွေဆိုတော့ ယွမ်ထျန်ယန်ရဲ့ ဓားဆန္ဒက တကယ်ပဲ ဓားဆန္ဒတစ်ပိုင်းအဆင့်ကို ရောက်နေမယ်ဆိုရင် လော့ချန်ရဲ့ ဓားဆန္ဒက သေချာပေါက် ဖိနှိပ်ခံရမှာပဲ... အခြေအနေကတော့ သိပ်မကောင်းလှဘူး...”

ဖန်ယွဲ့ယန်သည် လော့ချန်ကို အထင်သေးခြင်း မဟုတ်ပေ။ ယွမ်ထျန်ယန် ယခုတင်က ပြသလိုက်သော ဓားအရှိန်အဝါမှာ အလွန်ပင် သန်မာလှသဖြင့် သူ၏ စိတ်ထဲ၌ပင် မယှဉ်နိုင်သော ခံစားချက်မျိုး ခံစားနေရခြင်း ဖြစ်သည်။

“စောင့်ကြည့်ရမှာပေါ့... လော့ချန်က မဆင်မခြင် လုပ်တတ်တဲ့သူ မဟုတ်ဘူး... သူက တိုက်ပွဲကို လက်ခံတယ်ဆိုမှတော့ သူ့မှာ ယုံကြည်ချက် တစ်ခုခုတော့ ရှိမှာပဲ...”

ကျူးလင်မေ့ကတော့ ပို၍ အကောင်းမြင်သည်။ လော့ချန်သည် ယနေ့အထိ ခြေလှမ်းတိုင်းကို ကံကောင်းရုံသက်သက်နှင့် လျှောက်လှမ်းလာခဲ့သူ မဟုတ်သည်မှာ သေချာလှပေသည်။

“အဲဒီလိုပဲ ဖြစ်ပါစေ...”

ဖန်ယွဲ့ယန်က ခေါင်းညိတ်လိုက်သည်။ သူတို့သည် ရွှမ်ယွမ်ဂိုဏ်းတပည့် တစ်စုကို ခေါ်ဆောင်ကာ တိုက်ပွဲဖြစ်ပွားမည့်နေရာဆီသို့ လျှောက်လှမ်းသွားကြတော့သည်။

ယူလန်ရှင်းနှင့် ယန်ချင်းရှုံး အစရှိသည့် လော့ရှာဂိုဏ်းတပည့်များမှာမူ စီနီယာယင်းလီတို့အဖွဲ့နှင့် ပူးပေါင်းလိုက်ကြသည်။

“စီနီယာအစ်မ အမြင်အရ ဒီတိုက်ပွဲမှာ လော့ချန်က အနိုင်ရဖို့ မျှော်လင့်ချက် ရှိရဲ့လား...”

ယန်ချင်းရှုံးက ယူလန်ရှင်းကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ ယူလန်ရှင်းသည်လည်း ဓားဆန္ဒအစပျိုးအဆင့်ရှိသော ဓားသမားတစ်ဦး ဖြစ်သဖြင့် အခြေအနေကို ပို၍ မြင်နိုင်လိမ့်မည်ဟု သူမ ယူဆခြင်း ဖြစ်သည်။

“ခက်လိမ့်မယ်... ယွမ်ထျန်ယန်ရဲ့ကိုယ်ပေါ်က ဓားအရှိန်အဝါက အရင်ကထက် ပိုပြီး သန်မာလာတယ်... ငါ အထင်မမှားဘူးဆိုရင် သူ့ရဲ့ ဓားဆန္ဒအဆင့်က ဓားဆန္ဒတစ်ပိုင်းအဆင့်ကို ရောက်နေပြီ...”

ယူလန်ရှင်းက ခပ်ဖွဖွ ခေါင်းခါပြလိုက်ပြီး ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် အသံတစ်ခုက ကြားဖြတ်ဝင်လာသည်။

“စီနီယာတို့ နှစ်ယောက်လုံး လော့ချန်အတွက် မစိုးရိမ်ပါနဲ့...”

စကားပြောသူမှာ နဝမမင်းသမီး ကျင်းယွီရှီး ဖြစ်သည်။ သူမက နောက်ပြောင်သည့်နှယ် ပြုံးလိုက်ပြီး သူတို့နှစ်ဦး၏ နားနားသို့ကပ်ကာ ယခုတင်က ယွမ်လန်ဂေဟာ၌ ဖြစ်ပျက်ခဲ့သမျှကို အမြန်ပင် ပြောပြလိုက်တော့သည်။

“ဘာ...”

“ဓားဆန္ဒအစပျိုးအဆင့်က လီရှောင်ဖုန်းရဲ့ တကယ့်ဓားဆန္ဒကို ချေမှုန်းပစ်လိုက်ရုံတင်မကဘဲ သူ့ကို သွေးအန်ပြီး လွင့်စင်သွားအောင် လုပ်နိုင်ခဲ့တယ် ဟုတ်လား... ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ထိုသတင်းကြောင့် နှစ်ယောက်လုံးမှာ မှင်တက်မိသွားကြရသည်။ အထူးသဖြင့် ယူလန်ရှင်းမှာ လှပလှသော ပါးစပ်လေးပင် ဟစိဟစိ ဖြစ်သွားခဲ့ပြီး မယုံနိုင်အောင် ဖြစ်နေရတော့သည်။ ဓားဆန္ဒအစပျိုးအဆင့်ရှိသော ဓားသမားတစ်ဦးအနေဖြင့် ဓားဆန္ဒအစပျိုးအဆင့်နှင့် တကယ့်ဓားဆန္ဒတို့၏ ကွာခြားချက်ကို သူမ ကောင်းကောင်း သိပေသည်။

အကယ်၍ ဓားဆန္ဒအစပျိုးအဆင့်က အကြိမ်ပေါင်းများစွာ ထုနှက်ထားသော သံကြမ်းထည်ဆိုလျှင် တကယ့်ဓားဆန္ဒမှာ ထိုသံကြမ်းထည်မှ ထုဆစ်ထားသော ရတနာလက်နက် ဖြစ်သည်။ နှစ်ခုစလုံးမှာ အဆင့်အတန်းချင်း လုံးဝ မတူညီလှပေ။

ဓားဆန္ဒအစပျိုးအဆင့်ဖြင့် တကယ့်ဓားဆန္ဒကို ချေမှုန်းပစ်သည်ဟူသော ကိစ္စမျိုးကို သူမ တစ်ခါမျှ မကြားဖူးပေ။

“ကြည့်ရတာ ဆရာ ပြောခဲ့သလိုပဲ... သူက နှစ်တစ်ရာမှာ တစ်ယောက်တွေ့ရခဲတဲ့ ဓားကျင့်ကြံသူ ပါရမီရှင်ပဲ...”

ယန်ချင်းရှုံးလည်း အတော်လေး တုန်လှုပ်သွားရသည်။ သူမ၏ လှပလှသော မျက်နှာထက်တွင် အံ့ဩမှုများ ပြည့်နှက်နေခဲ့ပြီး မျက်ဝန်းများမှာ လော့ချန်ထံမှ တစ်ဖက်သို့ပင် မလှည့်နိုင်ဘဲ ဖြစ်နေတော့သည်။

“ဟဲဟဲ... ယင်းလီ... မင်းလည်း ဒီမှာ ရှိနေတာပဲ...”

ထိုစဉ် ဝေးရာမှ အသံတစ်ခု လှမ်း၍ ထွက်ပေါ်လာသည်။

“ဝှစ်...”

အသံထွက်လာသည်နှင့်အတူ မီးလျှံအလင်းတန်းတစ်ခုမှာ လော့ရှာဂိုဏ်းတပည့်များ၏ ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ မီးလျှံအလင်းအတွင်း၌ မီးလျှံတိမ်တိုက်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးသွယ်သွယ်နှင့် လူငယ်တစ်ဦး ရှိနေသည်။ သူသည်ကိုယ်ဟန်မြင့်မားတောင့်တင်းပြီး အကြည့်များမှာ ဓားတစ်စင်းအလား ထက်မြက်လှကာ ဟင်းလင်းပြင်၌ လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တတ်ရပ်နေခဲ့သည်။ လူတိုင်းမှာ ပြင်းထန်လှသော အရှိန်အဝါကို ခံစားလိုက်ရပြီး တစ်ကမ္ဘာလုံးကို ပြာဖြစ်အောင် လုပ်နိုင်စွမ်း ရှိနေသည့်နှယ် ရှိနေတော့သည်။

“ရှုတောက်ယန်...”

“လျှပ်ယွမ်ဂိုဏ်းရဲ့ ထိပ်သီးတိုက်ရိုက်တပည့်ကြီးတောင် ရောက်လာတာလား...”

“သူက စီနီယာယင်းလီအတွက် လာတာလား မသိဘူး...”

ယူလန်ရှင်းတို့ တစ်စုမှာ တစ်ဖက်လူ၏ အရှိန်အဝါကြောင့် အမှတ်မထင် ခြေလှမ်းများ ရပ်တန့်သွားကြရသည်။ သူတို့ထဲမှ အတော်များများမှာ ရှုတောက်ယန်သည် ယင်းလီကို စိတ်ဝင်စားနေကြောင်း သိကြ၏။ သူသည် အကြိမ်ပေါင်းများစွာ ချဉ်းကပ်ခဲ့သော်လည်း ယင်းလီကတော့ လုံးဝ ဂရုမစိုက်ခဲ့ပေ။

ယင်းလီက တစ်ဖက်လူကို ကြည့်လိုက်ပြီး အေးစက်စွာ ဆိုလိုက်၏။

“ရှုတောက်ယန်... မင်းက ရောက်လာခဲ့တာပဲ... ဒီလို သွေးကြောနိုးကြားမှုနယ်ပယ် တိုက်ပွဲလေးက မင်းလို တိုက်ရိုက်တပည့်ကြီးကိုတောင် ဆွဲဆောင်နိုင်တာလား... မင်းတို့ လျှပ်ယွမ်ဂိုဏ်းက ယွမ်ထျန်ယန် ရှုံးသွားမှာကို စိုးရိမ်လို့ မင်းကို အခြေအနေ ထိန်းဖို့ လွှတ်လိုက်တာလား...”

“ဟဲဟဲ... ယင်းလီ... မင်းကတော့ အရင်အတိုင်းပါပဲလား... ငါက သွေးမိစ္ဆာရဲ့ သဲလွန်စကို ရှာနေရင်းနဲ့ ဂျူနီယာ ယွမ်ရဲ့ ကိစ္စကို ရှင်းပေးဖို့ လိုက်လာခဲ့တာပါ...”

ရှုတောက်ယန်က ယင်းလီကို ကြည့်ကာ လေသံမှာ အလွန်ပင် နူးညံ့လှပေသည်။ ယင်းလီ၏ အေးစက်မှုကိုလည်း သူ စိတ်မဆိုးဘဲ ဆက်ပြောလိုက်၏။

“ဒီတိုက်ပွဲနဲ့ ပတ်သက်ရင်တော့ အရှုံးအနိုင်က အစောကြီးကတည်းက သေချာနေပြီးသားပါ... ဂျူနီယာယွမ်က လော့ချန်ကို သတ်ဖို့ဆိုတာ လက်ဖဝါးလှန်သလို လွယ်ပါတယ်... ငါ ဝင်ပါဖို့တောင် မလိုပါဘူး...”

ယင်းလီက အေးစက်စွာ ဆိုလိုက်သည်။

“တိုက်ပွဲက အခုမှ စတာလေ... အခုကတည်းက အဆုံးအဖြတ်ပေးတာက စောလွန်းသေးတယ်လို့ ငါ ထင်တယ်... ဒါပေမဲ့ မင်း ပြောခဲ့တဲ့ စကားကိုတော့ မင်း မှတ်ထားဖို့ မျှော်လင့်ပါတယ်...”

ရှုတောက်ယန်က ခပ်ဖွဖွ ခေါင်းခါပြလိုက်၏။

“ငါတို့တွေက ဒီလို သေချာနေတဲ့ ကိစ္စလေးတွေအတွက် ငြင်းခုံနေဖို့ မလိုပါဘူး... မင်း ဒီကို လာတာကလည်း သွေးမိစ္ဆာဝိညာဉ်ကျောက် အတွက်ပဲ ဖြစ်မှာပါ... ခုနတင် ငါ မဟာသန်မာသူအဆင့်ရှိတဲ့ လူစိမ်း အတော်များများကို တွေ့ခဲ့တယ်၊ အားလုံးက သွေးမိစ္ဆာဝိညာဉ်ကျောက် အတွက် လာကြတာပဲ ထင်တယ်...”

“ငါ ဒီရက်ပိုင်း စုံစမ်းထားရသလောက်တော့ သွေးမိစ္ဆာ ပုန်းအောင်းနေတဲ့ နေရာကို ငါ သိထားပြီ... မင်းနဲ့ငါ ပူးပေါင်းပြီး သွေးမိစ္ဆာကို အတူတူ ရှာကြရအောင်လေ... သွေးမိစ္ဆာဝိညာဉ်ကျောက်ကို ရတဲ့အခါကျရင်လည်း မဟာသန်မာသူအဆင့်ကို အတူတူ တက်လှမ်းကြတာပေါ့...”

ရှုတောက်ယန်က မျှော်လင့်ချက်အပြည့်ဖြင့် ယင်းလီကို ကြည့်ကာ ဆိုလိုက်သည်။

“ငါက တစ်ယောက်တည်း သွားရတာကို ပိုသဘောကျတယ်... သူတစ်ပါးနဲ့ ပူးပေါင်းတတ်တဲ့ အကျင့် မရှိဘူး...”

ယင်းလီက တိုက်ရိုက်ပင် ငြင်းပယ်လိုက်ပြီးနောက် စကားလမ်းကြောင်းကို ပြောင်းကာ ဆိုလိုက်၏။

“ဒီတိုက်ပွဲမှာ ယွမ်ထျန်ယန် အနိုင်ရမှာက သေချာနေတယ်လို့ မင်း ပြောလိုက်တာလား... ငါ့အမြင်မှာတော့ အဲဒီလို မဟုတ်လောက်ဘူး...”

“သေချာသလား မသေချာသလားဆိုတာကိုတော့ မကြာခင်မှာ အဖြေ ရလာမှာပါ...”

ရှုတောက်ယန်က စိတ်ရှည်လက်ရှည်ပင် ခေါင်းခါပြလိုက်ပြီး ဆိုလိုက်သည်။

“ငါတို့ ပူးပေါင်းတာက နှစ်ယောက်လုံးအတွက် အကျိုးရှိမယ့် ကိစ္စမို့ မင်း ထပ်ပြီး သေသေချာချာ စဉ်းစားကြည့်ပါဦး... ဒီတိုက်ပွဲ ပြီးတဲ့အခါကျရင် မင်းကို ငါ ထပ်ပြီး လာရှာပါ့မယ်...”

စကားပြောနေစဉ်မှာပင် ရှုတောက်ယန်သည် မီးလျှံအလင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ လော့ချန်တို့ ရှိရာဘက်သို့ ဦးတည်သွားတော့သည်။

“ဒီလူက ပြောတာ တကယ်ကို နားမခံသာလိုက်တာ... အရာအားလုံးက သူ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ရမယ်လို့ တွေးနေပုံရတယ်...”

နဝမမင်းသမီး ကျင်းယွီရှီးက စိတ်တိုတိုနှင့် ဆိုလိုက်၏။

“ယွမ်ထျန်ယန်က လော့ချန်ရဲ့ လက်ထဲမှာ ရှုံးသွားတဲ့အခါကျမှ သူ စီနီယာ့ရှေ့မှာ ဘယ်လို မျက်နှာနဲ့ လေလုံးထွားနိုင်ဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့...”

ယူလန်ရှင်းက မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။

“ရှုတောက်ယန်နဲ့ ယွမ်ထျန်ယန် တို့က ဂိုဏ်းတူ ညီအစ်ကိုတွေလေ... လော့ချန်ရဲ့ ဂိုဏ်းနဲ့လည်း ရန်ငြိုးတွေ ရှိကြတယ်... တကယ်လို့ လော့ချန်သာ အနိုင်ရမယ်ဆိုရင် ရှုတောက်ယန်က ဒီအတိုင်း လွှတ်ထားပါ့မလား... ရွှမ်ယွမ်ဂိုဏ်းက လူတွေထဲမှာလည်း သူ့ကို တားနိုင်မယ့်သူ မရှိဘူးလေ...”

ဤစကားကို ကြားလိုက်ရသည့်အခါ ကျင်းယွီရှီးလည်း ထိတ်လန့်သွားရပြီး တွေဝေစွာ ဆိုလိုက်၏။

“သူက လျှပ်ယွမ်ဂိုဏ်းရဲ့ ထိပ်သီးတိုက်ရိုက်တပည့်ကြီးပဲလေ... သွေးကြောနိုးကြားမှုနယ်ပယ် တပည့်တွေကြားက တိုက်ပွဲမှာ ဝင်မပါလောက်ပါဘူး... ခုနတင် သူကိုယ်တိုင်လည်း စီနီယာ့ကို ဝင်မပါဘူးလို့ ပြောသွားတာပဲ... သူက ပြောပြီးသားကတိကို ပြန်ဖျက်ပါ့မလား...”

ယူလန်ရှင်းမှာ သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။ ကျင်းယွီရှီးသည် တော်ဝင်မိသားစုမှ ဖြစ်သဖြင့် စိတ်ဓာတ်က အနည်းငယ် ဖြူစင်လွန်းလှ၏။ အနိုင်ရနေလျှင်တော့ ဝင်ပါမည်မဟုတ်သော်လည်း ရှုံးနိမ့်သွားလျှင်တော့ ပြောရန် ခက်လှပေသည်...။

“သွားကြစို့...”

ယင်းလီကတော့ ဘာမှအများကြီး မပြောဘဲ ရှေ့ဆုံးမှ ဦးဆောင်ကာ ထွက်ခွာသွားတော့သည်။

ယွမ်ချွမ်မြို့၏ အနောက်တောင်ဘက် မိုင်အနည်းငယ်အကွာတွင် တောင်တန်းကြီးများ ရှိနေသည်။ ထိုတောင်တန်းများ၏ အထက်တွင် မရေမတွက်နိုင်သော မျက်ဝန်းများ၏ စိုက်ကြည့်နေခြင်း အောက်တွင် လော့ချန်နှင့် ယွမ်ထျန်ယန် တို့သည် ဟင်းလင်းပြင်၌ မီတာတစ်ရာခန့်အကွာတွင် မျက်နှာချင်းဆိုင်လျက် ရပ်နေကြသည်။

“လော့ချန်... ပြောရမယ်ဆိုရင် မင်းက တကယ်ပဲ သတ္တိရှိတာပဲ... ထွက်မပြေးရုံတင်မကဘဲ ငါနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲကို တိုက်ရဲသေးတယ်... မင်းက အသုံးမကျတဲ့သိုင်းဝိညာဉ်နဲ့ အခုလို အဆင့်အထိ ကျင့်ကြံနိုင်တာက တကယ်ကို လွယ်ကူမှာမဟုတ်ဘူး... ကံမကောင်းတာက မင်းရဲ့ မိုက်မဲမှုနဲ့ မောက်မာမှုတွေကြောင့် ဒီနေရာမှာပဲ မင်းရဲ့ ခက်ခက်ခဲခဲရထားတဲ့ဘဝက အဆုံးသတ်ရတော့မှာပဲ...”

ယွမ်ထျန်ယန်က လော့ချန်ကို ကြည့်ကာ ခပ်ဖွဖွ ခေါင်းခါပြလိုက်၏။ အရာအားလုံးကို သူ စိုးမိုးထားနိုင်သည့်နှယ် ပြင်းထန်လှသော အရှိန်အဝါများ ပြန့်လွင့်လာခဲ့ပြီး လှိုင်းလုံးကြီးများအလား ရိုက်ခတ်နေတော့သည်။

ထိုအရှိန်အဝါများ၏ ရိုက်ခတ်မှုအောက်တွင် လော့ချန်၏ ဝတ်စုံစများမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေခဲ့ပြီး ဆံနွယ်နက်များမှာလည်း ဝဲဖြန့်နေ၏။ သူက အေးဆေးစွာ ဆိုလိုက်၏။

“တကယ်တော့ ထွက်ပြေးရမယ့်သူက မင်းပဲ... အဲဒီလိုဆိုရင်တော့ မင်းအတွက် အသက်ရှင်ဖို့ မျှော်လင့်ချက်လေး တစ်ခုတော့ ကျန်ဦးမှာပါ...”

“ဟုတ်လား...”

ယွမ်ထျန်ယန်က အေးစက်စွာ ရယ်မောလိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ ရတနာဓားကို ဆွဲထုတ်ကာ အနည်းငယ် လှုပ်ခါလိုက်သည်။

“တင်...”

ကြည်လင်လှသော ဓားမြည်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းလှသော ဓားအရှိန်အဝါတစ်ခု ယွမ်ထျန်ယန်၏ကိုယ်ပေါ်မှ ထိုးထွက်လာကာ မျက်စိနှင့်မြင်တွေ့နိုင်သော ဓားပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။ စင်ကြယ်လှသော ဓားဆန္ဒမှာ လေထုကို ထိုးဖောက်လျက် တိမ်တိုက်များကို ဆွဲဖြဲပစ်လိုက်ပြီး အရပ်မျက်နှာအားလုံးကို လွှမ်းမိုးသွားတော့သည်။

ကောင်းကင်ယံတစ်ခုလုံး လေနှင့်တိမ်တိုက်များ ဆူပွက်လာတော့သည်။

ရောက်ရှိနေသော လူတိုင်း၏ စိတ်ထဲ၌ ထက်မြက်လှသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရပြီး မိမိတို့၏ ခေါင်းပေါ်တွင် ဓားတစ်စင်း ချိတ်ဆွဲခံထားရသကဲ့သို့ပင် ခံစားလိုက်ရကြတော့သည်။

“ပြင်းထန်လှတဲ့ ဓားဆန္ဒပါလား... ကြောက်စရာကောင်းတဲ့ ဓားအရှိန်အဝါပဲ... ဒါက ဓားဆန္ဒအစပျိုးအဆင့် ၉၀ ရာခိုင်နှုန်း ပြည့်စုံမှုအဆင့်ကို ရောက်နေတာပဲ...”

“မဟုတ်ဘူး... ဓားဆန္ဒအစပျိုးအဆင့် ၉၀ ရာခိုင်နှုန်းတင် မကဘူး... ယွမ်ထျန်ယန်ရဲ့ ဓားဆန္ဒက ပုံရိပ်ယောင်ကနေ အစစ်အမှန်ဘက်ကို ပြောင်းလဲနေပြီ... သူက တကယ့်ဓားဆန္ဒကို ထိတွေ့နေပြီဖြစ်လို့ ဓားဆန္ဒတစ်ပိုင်းအဆင့်လို့ ပြောလို့ရတယ်...”

“ဓားဆန္ဒတစ်ပိုင်းအဆင့် ဟုတ်လား... ဒါကြောင့်ကိုး ဒီလောက် သန်မာနေတာ... ဓားဆန္ဒတစ်ပိုင်းအဆင့်သာ ထွက်လာရင် တာယွဲ့မင်းဆက်တစ်ခုလုံးက သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတွေထဲမှာ ဘယ်သူက တားနိုင်မှာလဲ...”

“ကျင့်ကြံမှုအဆင့်ကလည်း မယှဉ်နိုင်ဘူး... အခု ဓားဆန္ဒကလည်း အဝေးကြီး ကွာနေပြီဆိုတော့ ဘယ်လိုလုပ် တိုက်မှာလဲ... လော့ချန် ဆယ်ယောက်ရှိရင်တောင် ယွမ်ထျန်ယန်ရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး... သူ အသတ်ခံရမှာ သေချာနေပြီ...”

ယွမ်ထျန်ယန်၏ ဓားဆန္ဒတစ်ပိုင်းအဆင့် ထွက်ပေါ်လာသည့်အခါ ယင်းလီနှင့် အခြားလူအနည်းငယ်မှလွဲ၍ ကျန်ရှိနေသော လူအားလုံးမှာ ဤတိုက်ပွဲတွင် လော့ချန် သေချာပေါက် သေရတော့မည်ဟု ယူဆလိုက်ကြတော့သည်။

လီရှောင်ဖုန်းမှာမူ ကဲ့ရဲ့လှောင်ပြောင်သော အမူအရာကို ပြသလိုက်ပြီး အံကို တင်းတင်းကြိတ်ထားတော့သည်။ ယွမ်ထျန်ယန်က လော့ချန်ကို သတ်နိုင်ပါ့မလားဟု သူ အရင်က စိုးရိမ်ခဲ့သော်လည်း ယခုတော့ အနိုင်ရရန် ရှစ်ဆယ်ရာခိုင်နှုန်းကျော် သေချာနေပြီ ဖြစ်၏။

“အခုလည်း ထွက်ပြေးရမယ့်သူက ငါပဲလို့ မင်း ထင်နေတုန်းလား...”

ယွမ်ထျန်ယန်၏ ဓားအရှိန်အဝါမှာ အဆင့်ဆင့် မြင့်တက်လာခဲ့ပြီး လော့ချန်၏ကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်နေ၏။ သူက ချက်ချင်း တိုက်ခိုက်ခြင်း မပြုဘဲ လော့ချန်ကို လက်ဖဝါးပေါ်၌ကစားလိုခြင်း ဖြစ်၏။ သူသည် လော့ချန်၏ ဆန္ဒကို တဖြည်းဖြည်း ချိုးနှိမ်ပြီး ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ အစအနမကျန် ဖျက်ဆီးပြီးမှ သတ်ဖြတ်လိုခြင်း ဖြစ်ပေသည်။

“ချင်း...”

ထိုအသံနှင့်အတူ ကြယ်ငါးပွင့် အဆင့်မြင့် ရတနာဓားဖြစ်သည့် မီးလျှံကျောက်စိမ်းရတနာဓား အိမ်မှ ထွက်လာခဲ့၏။ လော့ချန်၏ ကြယ်တာရာအလား နက်မှောင်လှသော မျက်ဝန်းများမှာ ယွမ်ထျန်ယန်ကို ငြိမ်သက်စွာ စိုက်ကြည့်နေလျက် ဆိုလိုက်သည်။

“တိုက်ကွက် ထုတ်စမ်း... မင်းရဲ့ အစွမ်းရှိသမျှကို အကုန်ထုတ်သုံးလိုက်ပါ... ဘာလို့လဲဆိုတော့ မင်းမှာ တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိမှာမို့လို့ပဲ...”

အခန်း ၆၉၅ ပြီးပါပြီ။

အခန်း ၆၉၆ - ဒီတစ်ချက်နဲ့ မင်း အစအနမကျန် ပျောက်ကွယ်သွားစေရမယ်

လော့ချန်၏စကားအဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။ ထို့နောက်တွင်မူ ဟိန်းဟောက်သံကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။

ဂိုဏ်းသုံးဂိုဏ်း၏ အတွင်းစည်းဘုရင်၊ နယ်မြေအဆင့်ဝင်ရန် နီးစပ်သူ၊ ဓားဆန္ဒတစ်ပိုင်းအဆင့်ရှိသော ဓားသမား ယွမ်ထျန်ယန်မှာ တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိသည်ဆိုပါတကား။ ရောက်ရှိနေသူအားလုံးမှာ လော့ချန်၏စကားကြောင့် ထိတ်လန့်သွားကြရသည်။

“မောက်မာတာလည်း အတိုင်းအတာ တစ်ခုတော့ ရှိရမယ်လေ...”

“ယွမ်ထျန်ယန်က သူ့ရှေ့မှာ တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်တဲ့... သူကကိုယ့်ကိုယ်ကိုယ် ဘယ်သူမှတ်နေလို့လဲ... နယ်မြေအဆင့်က ထိပ်သီးပါရမီရှင်များ မှတ်နေသလား...”

“ရူးသွားတာများလား မသိဘူး...”

လူတိုင်းက ခေါင်းခါပြနေကြပြီး လော့ချန်သည် မောက်မာလွန်းသည်ဟု ယူဆကြသည်။ အချို့ကမူ သူသည် ကြောက်လွန်း၍ စိတ်ဖောက်ပြန်သွားပြီဟုပင် ထင်မှတ်နေကြ၏။

“သေခါနီးတောင် မောက်မာနေသေးတာပဲ...”

“စီနီယာ... အဲဒီကောင့်ကို အရှင်လတ်လတ် နုတ်နုတ်စဉ်းပစ်လိုက်စမ်းပါ...”

ရောက်ရှိနေသော လျှပ်ယွမ်ဂိုဏ်းတပည့်များမှာလည်း ဒေါသထွက်ကုန်ကြပြီး လော့ချန်ကို ကြည့်ကာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို ပေါက်ကွဲထွက်လာကြသည်။ ရွှမ်ယွမ်ဂိုဏ်းတပည့်များမှာမူ ဘာမှပြန်မပြောနိုင်ဘဲ ခေါင်းငုံ့ထားကြရသည်။ လော့ချန်က ဘာကြောင့် ဤကဲ့သို့သော စကားမျိုး ပြောလိုက်သည်ကို သူတို့လည်း နားမလည်ကြပေ။

စီနီယာ ကျူးလင်မေ့ပင်လျှင် မျက်မှောင်ကြုတ်သွားမိသည်။ လော့ချန်ကို ပြောသည့်အတိုင်း လုပ်နိုင်စေချင်သော်လည်း ဤသည်မှာ မဖြစ်နိုင်မှန်း သိသာလွန်းလှ၏။ မျှော်လင့်ချက် လုံးဝမရှိပေ။

“ဟဲဟဲ... တကယ့်ကို ကောင်းကင်ကြီး ဘယ်လောက်မြင့်မှန်းမသိတဲ့ အကောင်ပဲ...”

လီရှောင်ဖုန်းက အထင်သေးစွာ လှောင်ပြောင်လိုက်သည်။ ဤစကားမျိုးကို ပြောပြီးမှ မလုပ်နိုင်ပါက အကြီးအကျယ် အရှက်ရမည်မှာ သေချာလှသည်။ သို့သော်လည်း သေသွားမည့်လူတစ်ယောက်အတွက်တော့ သိက္ခာဆိုသည်မှာ အရေးမကြီးလှပေ။

ယိုကွမ်းမင်းသမီးကလည်း ခပ်ဖွဖွ ခေါင်းခါလိုက်သည်။ လော့ချန်၏စကားမှာ အမှန်တရားနှင့် များစွာ ကွာဝေးလွန်းသည်ဟု သူမလည်း ယူဆမိ၏။ သေခြင်းရှင်ခြင်းတိုက်ပွဲဆိုသည်မှာ ဓားဆန္ဒချင်း ယှဉ်ပြိုင်ခြင်း မဟုတ်ပေ၊ ဓားဆန္ဒ၏ သက်ရောက်မှုမှာ အစိတ်အပိုင်းတစ်ခုမျှသာ ရှိသည်။ ၎င်းအပြင် လော့ချန်၏ ဓားဆန္ဒမှာ လျှို့ဝှက်နည်းလမ်းတစ်ခုခုဖြင့် အတင်းအကျပ် မြှင့်တင်ထားခြင်း ဖြစ်နိုင်ရာ တကယ့်တိုက်ခိုက်ရေးစွမ်းအားကို မည်မျှအထိ မြှင့်တင်ပေးနိုင်မည်နည်းဆိုသည်မှာ ပြောရန် ခက်လှပေသည်။

“ဟဲဟဲ... စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ... သူ ဒီလောက် သေချင်နေမှတော့ မင်း ဘာကို စောင့်နေအုံးမှာလည်း... သူ့စီနီယာအစ်ကိုဆီကို ပို့ပေးလိုက်တော့... ဟားဟားဟား...”

စီနီယာ ရှုတောက်ယန်က မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။ ဤမျှအထိ မောက်မာသောသူမျိုးကို လွန်ခဲ့သော ဆယ်နှစ်ခန့်က သူ တွေ့ဖူးသည်။ ထိုသူမှာ လော့ချန်၏ စီနီယာအစ်ကိုပင် ဖြစ်သည်။ ကံမကောင်းသည်က ထိုစီနီယာမှာ သူ၏လက်ထဲတွင် အသတ်ခံလိုက်ရပြီး အလောင်းပင် မကျန်ခဲ့ပေ။ ဆယ်နှစ်အကြာတွင် လော့ချန်၏ မိုက်မဲမှုနှင့် မောက်မာမှုမှာ ထိုသူထက်ပင် သာလွန်နေသည်တဲ့လား။

“ဟုတ်ကဲ့ပါ စီနီယာရှု...”

ယွမ်ထျန်ယန်က ရိုသေစွာ ပြန်လည်ဖြေကြားလိုက်ပြီး အကြည့်ကို လွှဲကာ အေးစက်စွာ ပြုံးလိုက်သည်။

“လော့ချန်... ငါ့မှာ တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်လို့ မင်း ပြောခဲ့မှတော့ ငါလည်း ဓားတစ်ချက်တည်းပဲ သုံးပါ့မယ်... ဒါပေမဲ့ ဒီဓားချက်အောက်မှာ မင်း သေချာပေါက် အလောင်းတောင် ကျန်မှာမဟုတ်ဘဲ အစအနမကျန် ပျောက်ကွယ်သွားစေရမယ်...”

“ချင်း...”

စကားအဆုံးတွင် ယွမ်ထျန်ယန်သည် ရတနာဓားကို ဆွဲထုတ်လိုက်သည်။ သူ၏အနောက်တွင် ကြယ်ဆယ်ပွင့် ပါဝင်သော မီးလျှံသိုင်းဝိညာဉ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး တစ်ကိုယ်လုံးတွင် မီးလျှံအငွေ့အသက်များ ဝန်းရံနေသည်။ ဓားဆန္ဒတစ်ပိုင်းအဆင့်၏ သက်ရောက်မှုကြောင့် ထိုမီးလျှံများမှာ မီးလျှံဓားစွမ်းအင်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး အလင်းတန်းများမှာ ကောင်းကင်ယံရှိ နေမင်းကြီး၏အလင်းကိုပင် ဖုံးလွှမ်းသွားတော့သည်။

“ဝူး...”

တစ်ခဏအတွင်းမှာပင် ပူပြင်းလှသော အရှိန်အဝါတစ်ခု ယွမ်ထျန်ယန်ကို ဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ ပြန့်လွင့်သွားခဲ့ပြီး မီတာတစ်ထောင် ပတ်လည်ရှိ လေထုမှာ ချက်ချင်းပင် တုန်ခါသွားကာ မြင်ကွင်းများမှာလည်း ဝေဝေဝါးဝါး ဖြစ်ကုန်တော့သည်။ အောက်ဘက်ရှိ တောင်ထိပ်မှ သစ်ပင်များမှာလည်း ထိုကြောက်မက်ဖွယ်ကောင်းလှသော အပူချိန်ကြောင့် တစ်ခဏအတွင်း ညှိုးနွမ်းသွားကြရတော့သည်။

“ကြယ်ဆယ်ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်...”

“ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်းရဲ့ ဘုရင်၊ နယ်မြေအဆင့်ဝင်ဖို့ လက်တစ်ကမ်းအလိုအထိ ရောက်ခဲ့တဲ့ ပါရမီရှင်ဆိုတာ တကယ်ပဲ မရိုးရှင်းဘူး... အရှိန်အဝါက တကယ့်ကို ကြောက်စရာကောင်းလိုက်တာ...”

ရောက်ရှိနေသူများမှာ တစ်ယောက်ပြီးတစ်ယောက် အံ့ဩတကြီး အော်ဟစ်လိုက်ကြသည်။ ဝိညာဉ်သိုင်းဝိညာဉ်နှင့် ဓားဆန္ဒတစ်ပိုင်းအဆင့် ပူးပေါင်းလိုက်သည့်အခါ ထွက်ပေါ်လာသော အရှိန်အဝါမှာ လူကို အသက်ရှူပင် ကျပ်သွားစေတော့သည်။

“ဘုန်း...”

အနီးဆုံးရှိ တောင်ထိပ်တစ်ခုပေါ်မှ သစ်ပင်များမှာ ဟုန်းဟုန်းတောက် လောင်ကျွမ်းသွားခဲ့ပြီး မီးလျှံများမှာ ကောင်းကင်တစ်ခုလုံးကို သွေးရောင် လွှမ်းသွားစေတော့သည်။ တစ်ချိန်တည်းမှာပင် ယွမ်ထျန်ယန်၏ အရှိန်အဝါမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး သူ၏ကိုယ်ထည်မှာ လျှပ်တပြက် လှုပ်ရှားသွားကာ လေဟာနယ်ကို ဆွဲဖြဲလျက် လော့ချန်ထံသို့ တိုက်ရိုက် ဦးတည်လိုက်သည်။ လက်ထဲမှ ရတနာဓားမှ ဓားအလင်းတန်းမှာ မီတာအတော်များများအထိ ရှည်လျားသွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးပစ်မည့် အရှိန်အဟုန်ဖြင့် လော့ချန်ထံသို့ ခုတ်ပိုင်းလိုက်တော့သည်။

“သေစမ်း... မဟာမီးလျှံ ကောင်းကင်ဖျက်ဆီးခြင်း...”

“ဘုန်း...”

မီတာတစ်ရာခန့် ရှည်လျားသော မီးလျှံဓားကြီးတစ်ခု ဟင်းလင်းပြင်၌ ပေါ်ထွက်လာခဲ့သည်။ ထိုဓားကြီးမှာ ပြိုင်ဘက်ကင်းလှပြီး ကောင်းကင်ယံကို လောင်ကျွမ်းစေကာ မိုးတိမ်များမှာလည်း ထိုအရှိန်ကို ပိုမိုပြင်းထန်အောင် လုပ်ပေးနေကြသည်။ ဝေးရာမှ ကြည့်လိုက်လျှင် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးမှာ ဟုန်းဟုန်းတောက် လောင်ကျွမ်းနေသည့်နှယ် ရှိနေပြီး မီးလျှံငရဲဘုံတစ်ခုအလား ဖြစ်နေကာ အထဲတွင် အရာအားလုံး ပြိုကွဲပျက်စီးနေတော့သည်။

“ဒါ လျှပ်ယွမ်ဂိုဏ်းရဲ့ မဟာမီးလျှံဓားသိုင်းပဲ... ဒါက ကြယ်ခြောက်ပွင့် အဆင့်မြင့် ဓားသိုင်းလေ...”

တစ်စုံတစ်ယောက်က ယွမ်ထျန်ယန် သုံးစွဲလိုက်သော ဓားသိုင်းကို မှတ်မိသွားသည်။

“ဓားတစ်ချက် ထွက်လာတာနဲ့ ကောင်းကင်တစ်ခုလုံး အရောင်ပြောင်းသွားတာပဲ... ဒီဓားချက်ထဲမှာ အရှိန်အဝါရဲ့ အနှစ်သာရတွေ ပါဝင်နေတယ်... ယွမ်ထျန်ယန်က ကောင်းကင်နှင့်မြေပြင်ရဲ့ အရှိန်အဝါတွေကို စတင် စိုးမိုးနိုင်နေပြီပဲ...”

“ဟာ... ကောင်းကင်နှင့်မြေပြင်ရဲ့ အရှိန်အဝါကို စတင် စိုးမိုးနိုင်နေပြီဆိုတော့ သူက စတုတ္ထနယ်ပယ်ကို တက်လှမ်းပြီး ကောင်းကင်နယ်ပယ် မဟာသန်မာသူ ဖြစ်လာဖို့ နီးစပ်နေပြီပေါ့...”

“မှန်တယ်...”

ကောင်းကင်ကို ဖုံးလွှမ်းနေသော မီးလျှံတိမ်တိုက်များမှာ ဓားအရှိန်အဝါနှင့်အတူ ဖိနှိပ်ကျဆင်းလာခဲ့ပြီး လော့ချန်မှာမူ ထိုမီးလျှံငရဲဘုံ၏ ဗဟိုချက်တွင် ရှိနေသည်။ ချီစွမ်းအင်တံတိုင်း အပြင်ဘက်ရှိ လေထုမှာ ဆူပွက်နေသော ရေနွေးပူများအလား ဖြစ်နေသဖြင့် ထွက်ပြေးစရာ နေရာမရှိ၊ ရှောင်တိမ်းစရာ နေရာမရှိဘဲ ဖြစ်နေတော့၏။

‘တကယ်ကို သန်မာတာပဲ... တကယ်လို့ ပြီးခဲ့တဲ့ လဝက်လောက်တုန်းကသာဆိုရင် ငါ ဒီဓားချက်ကို တားဆီးနိုင်ဖို့ ငါ့ရဲ့ ဝှက်ဖဲတွေအားလုံးကို ထုတ်သုံးရမှာ သေချာတယ်...’

လော့ချန်၏ဝတ်စုံစများမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေခဲ့ပြီး သူ၏ မျက်ခုံးများက ဖြည်းညင်းစွာ တွန့်ချိုးသွားသည်။

လော့ချန်၏အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ ယွမ်ထျန်ယန်က လော့ချန် ကြောက်လန့်သွားပြီဟု ထင်မှတ်လိုက်သဖြင့် မျက်ဝန်းများ ဝင်းလက်သွားခဲ့၏။

“ဟဲဟဲ... မဟာမီးလျှံဓားသိုင်းနဲ့ ဓားဆန္ဒတစ်ပိုင်းအဆင့် ပေါင်းစပ်လိုက်ရင် ကောင်းကင်နယ်ပယ် မဟာသန်မာသူအောက်မှာ ဘယ်သူမှ မတားနိုင်ဘူး... ဒါက ငါ ပထမဆုံးအကြိမ် အစွမ်းကုန် ထုတ်သုံးလိုက်တာပဲ... မင်း ဒီဓားချက်အောက်မှာ သေရတာကတော့ နောင်တရစရာ မရှိတော့ပါဘူး...”

“ဟူး...”

ဓားအရှိန်အဝါ ကျဆင်းလာသည့် နောက်ဆုံးအချိန်အထိ လော့ချန်သည် သက်ပြင်းတစ်ချက်ကိုသာ မှုတ်ထုတ်နေခဲ့သည်။ လွန်ခဲ့သော လဝက်ခန့်ကဆိုလျှင် သူသည် ဤဓားချက်ကို ရင်ဆိုင်ရန် အားထုတ်ရမည်မှာ မှန်သော်လည်း တစ်ဖက်လူအတွက် ကံမကောင်းသည်က ဤလဝက်အတွင်း သူ၏ကျင့်ကြံမှု၊ ဓားဆန္ဒ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် စိတ်ဝိညာဉ်စွမ်းအားတို့မှာ အလွန်အမင်း တိုးတက်လာခဲ့ပြီ ဖြစ်၏။ သူကိုယ်တိုင်ပင် ခန့်မှန်း၍မရလောက်အောင်ပင် ဖြစ်သည်။

ယနေ့အချိန်တွင် သူသည် လွန်ခဲ့သော လဝက်ကကိုယ့်ကိုယ်ကိုယ် သတ်ဖြတ်ရန်မှာ လက်ဖဝါးလှန်သကဲ့သို့ပင် လွယ်ကူလှပေသည်။

“သေစမ်း...”

လော့ချန်က စကားတစ်လုံးကို အေးစက်စွာ ပြောလိုက်ပြီးနောက် မျက်ဝန်းများ ဝင်းလက်သွားကာ သိုင်းဝိညာဉ်နှင့် ဓားဆန္ဒကို တစ်ပြိုင်နက်တည်း ပေါက်ကွဲစေလိုက်သည်။ ကိုးရောင်ခြည်အလင်းတန်းများ ဝင်းလက်သွားခဲ့ပြီး အလွန်ပင် သိပ်သည်းလှသော သွေးရောင်ဓားပုံရိပ်တစ်ခု သူ၏ကိုယ်ပေါ်မှ ထိုးထွက်လာခဲ့၏။ သွေးညှီနံ့များ ပြည့်နှက်နေသော သတ်ဖြတ်ခြင်းဓားဆန္ဒမှာ ပြန့်လွင့်သွားခဲ့ပြီး နေရာအနှံ့ရှိ ပူပြင်းလှသော အရှိန်အဝါများကို တစ်ခဏအတွင်း အစအနမကျန် ချေမှုန်းဖျက်ဆီးပစ်လိုက်တော့သည်။

“ရှူး... ရှူး... ရှူး...”

လော့ချန်သည် လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး အထက်သို့ ဓားသုံးချက် ဆက်တိုက် ခုတ်ပိုင်းလိုက်သည်။ ထိုဓားသုံးချက်မှာ မည်သည့်ကျင့်စဉ် သို့မဟုတ် နည်းစနစ်မျှ မပါဝင်ဘဲ ရိုးရှင်းလှသော အခြေခံဓားကွက်များသာ ဖြစ်၏။ သို့သော်လည်း ထိုရိုးရှင်းမှုကြောင့်ပင် အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှပေ၏။ သွေးရောင်ဓားအလင်းတန်း သုံးခုမှာ တစ်ခုနှင့်တစ်ခုကပ်လျက် သွေးရောင်လျှပ်စီးတန်းကြီးတစ်ခုအလား ဟိန်းဟောက်လျက် ထွက်ပေါ်သွားတော့သည်။

“ဖျတ်...”

ပထမဓားချက်တွင် လေထုအတွင်းရှိ အရှိန်အဝါများ ဆွဲဖြဲခံလိုက်ရသည့် အသံ ထွက်ပေါ်လာခဲ့ပြီး ယွမ်ထျန်ယန်၏ ဓားဆန္ဒမှာ တစ်ခဏအတွင်း ချေမှုန်းခံလိုက်ရ၏။ ကောင်းကင်ယံရှိ မီးလျှံတိမ်တိုက်များမှာလည်း ကတ်ကြေးနှင့် ဖြတ်လိုက်သည့်နှယ် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

“ဝုန်း...”

ဓားဆန္ဒ ချေမှုန်းခံလိုက်ရသည့်အခါ ထိုမီတာတစ်ရာရှည်သော ဓားစွမ်းအင်ကြီးမှာလည်း အားအင်များ ဆုံးရှုံးသွားခဲ့ပြီး ဒုတိယဓားချက်ဖြင့် တိုက်ရိုက် အစအနမကျန် ချေမှုန်းဖျက်ဆီးခံလိုက်ရတော့သည်။ ကျန်ရှိနေသော ဓားအရှိန်အဝါမှာ ယွမ်ထျန်ယန်၏ ကာကွယ်ရေးကို တိုက်ရိုက် ထိုးဖောက်သွားခဲ့ပြီး လက်ထဲမှ ရတနာဓားမှာလည်း လွင့်ထွက်သွားတော့၏။ ပြိုင်ဘက်ကင်းလှသော သတ်ဖြတ်ခြင်းဓားဆန္ဒမှာမူ လွတ်မြောက်ရာလမ်းကို တွေ့ရှိသွားသည့်နှယ် သူ၏ကိုယ်တွင်းသို့ ရူးသွပ်စွာ ထိုးဝင်သွားတော့သည်။

“ဖူး...”

ယွမ်ထျန်ယန်သည် ကောင်းကင်သို့ သွေးတစ်လုတ်ကို အရှိန်အဟုန်ဖြင့် အန်ထုတ်လိုက်ရသည်။

“ရှူး...”

တတိယဓားချက်မှာကပ်လျက် ရောက်ရှိလာခဲ့ပြီး ယွမ်ထျန်ယန်၏ လည်တိုင်ထံသို့ တိုက်ရိုက် ဦးတည်နေတော့သည်။

“မကောင်းတော့ဘူး...”

ယွမ်ထျန်ယန်၏ ဓားဆန္ဒ ချေမှုန်းခံလိုက်ရသည့် ခဏမှာပင် စီနီယာ ရှုတောက်ယန်သည် အခြေအနေ မကောင်းမှန်း သိလိုက်သဖြင့် လက်ဖဝါးကို ဝှေ့ယမ်းကာ ချီစွမ်းအင်လက်ဖဝါးကြီးတစ်ခုဖြင့် ဓားအလင်းတန်းကို ဖမ်းချုပ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူသည် တိုက်ပွဲ၏ ဗဟိုချက်နှင့် မိုင်အနည်းငယ် ဝေးကွာနေသလို ယွမ်ထျန်ယန် ရှုံးလိမ့်မည်ဟုလည်း လုံးဝ ထင်မထားခဲ့ပေ၊ ၎င်းအပြင် ဓားသုံးချက်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် ကြားထဲတွင် အကြားအလပ်အချိန်ပင် မရှိသလောက်ဖြစ်နေပြန်၏။ ယွမ်ထျန်ယန် သွေးအန်ကာ လွင့်ထွက်သွားသည့် အချိန်ကျမှသာ သူ၏ ချီစွမ်းအင်လက်ဖဝါးကြီးမှာ ရောက်ရှိလာခြင်း ဖြစ်သည်။

“ဘုန်း...”

တတိယဓားချက်က ယွမ်ထျန်ယန်၏ လည်တိုင်ပေါ်မှ အရေပြားကို ထိမှန်သွားသည့် ခဏမှာပင် ချီစွမ်းအင်လက်ဖဝါးကြီးမှာ ဓားအလင်းတန်းကို ဖမ်းချုပ်နိုင်ခဲ့သည်။

“ဟူး...”

ရှုတောက်ယန် သက်ပြင်းတစ်ချက် ချလိုက်နိုင်ရုံသာ ရှိသေး၏။ သူ၏ မျက်ဝန်းများမှာ ပြင်းထန်စွာ တုန်လှုပ်သွားရပြန်သည်။ တိတ်ဆိတ်စွာပင် နောက်ထပ် ဓားအလင်းတန်းတစ်ခုမှာ ချီစွမ်းအင်လက်ဖဝါးကြီး၏ ဘေးမှ ဖြတ်သန်းသွားခဲ့ပြီး ယွမ်ထျန်ယန်၏ကိုယ်ထည်ကို တိုက်ရိုက် ဖြတ်ကျော်သွားတော့သည်။

“ဝှစ်...”

သွေးများမှာ အရှိန်အဟုန်ဖြင့် ပွင့်ထွက်သွားခဲ့ပြီး ယွမ်ထျန်ယန်၏ အနောက်ဘက်ရှိ ကောင်းကင်ယံတွင် မီတာပေါင်း ထောင်နှင့်ချီ၍ ရှည်လျားသော သွေးရောင်ဓားရာကြီးတစ်ခု ထင်ကျန်နေတော့သည်။

အခန်း ၆၉၆ ပြီးပါပြီ။

All Chapters