← Chapters

အခန်း (၆၉၇-၆၉၉)

Vol. 47 Ch. 697-699

အခန်း (၆၉၇-၆၉၉)

Vol. 47 Ch. 697-699

အခန်း ၆၉၇ - ထိုက်တန်လှသော အောင်မြင်မှု... ငါ့စကားသည်သာ စည်းကမ်း

ယခုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ တာယွဲ့မင်းဆက်ရှိ မည်သည့်သွေးကြောနိုးကြားမှုနယ်ပယ်သန်မာသူမဆို စွမ်းအားအရာတွင် လော့ချန်၏မျက်လုံးထဲတွင် ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။

ယွမ်ထျန်ယန်သည်လည်း ခြွင်းချက်မဟုတ်ပေ။

မူလက လော့ချန် တွက်ဆထားသည်မှာ ယွမ်ထျန်ယန်၏အသက်ကို ယူရန်အတွက် ဓားဆန္ဒနှင့် သိုင်းဝိညာဉ်ကို အစွမ်းကုန် နှိုးဆွထားသည့် အခြေအနေ၌ ရိုးရှင်းလှသော ဓားသုံးချက်ဆိုလျှင် လုံလောက်လှပေသည်။ သို့သော်လည်း အမှားအယွင်း မရှိစေရန်အတွက် လော့ချန်က စတုတ္ထမြောက် ဓားချက်ကိုပါ ထပ်မံဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။

သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်သည်ဖြစ်ရာ လက်တွန့်နေရန် မလိုပေ။ ရက်စက်ပြီး မောက်မာလှသော နည်းလမ်းကို သုံးစွဲလိုက်ခြင်းက သူ့ကို အထင်သေးနေကြသည့် လျှပ်ယွမ်ဂိုဏ်းတပည့်များအတွက် သင်ခန်းစာတစ်ခု ဖြစ်သွားစေမည် ဖြစ်သည်။ ထို စတုတ္ထမြောက် ဓားချက်မှာမူ မထင်မှတ်ဘဲ စီနီယာ ရှုတောက်ယန်၏တားဆီးမှုကိုပါ ရှောင်ကွင်းသွားနိုင်ခဲ့သည်။

ဓားအရှိန်အဝါများမှာ ဟင်းလင်းပြင်၌ သောင်းကျန်းနေဆဲပင်။

ယွမ်ထျန်ယန်၏ကိုယ်ထည်မှာ ဟင်းလင်းပြင်၌ တောင့်တင်းသွားခဲ့ပြီး လက်ဖြင့် လည်ပင်းကို အုပ်ထားလျက် လော့ချန်ကို စိုက်ကြည့်ကာ အက်ကွဲလှသော အသံဖြင့် ဆိုလိုက်သည်။

“မဖြစ်နိုင်တာ... ငါက ဓားဆန္ဒတစ်ပိုင်းအဆင့်ကို နားလည်ထားသလို... တကယ့်ဓားဆန္ဒကိုတောင် ထိတွေ့နေပြီလေ... ဓားဆန္ဒပုံဖော်ခြင်းရဲ့ အနှစ်သာရကိုလည်း ငါ ရထားတာပဲ... ဘာလို့ မင်းရဲ့ ဓားဆန္ဒကို မတားနိုင်ရတာလဲ...”

သူ၏အကြည့်များမှာ ရူးသွပ်မှု၊ မကျေနပ်မှုတို့နှင့်အတူ အကြီးအကျယ် ထိတ်လန့်အံ့ဩနေခြင်းများဖြင့် ပြည့်နှက်နေတော့သည်။ သူသည် ဓားဆန္ဒအစပျိုးအဆင့်ရှိသော ဓားသမားတစ်ဦးဖြစ်သလို စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ကို နိုးကြားထားသည့် ပါရမီရှင်၊ ဂိုဏ်းသုံးဂိုဏ်းက အသိအမှတ်ပြုထားသော အတွင်းစည်း၏ ပြိုင်ဘက်ကင်းသည့် ဘုရင်တစ်ပါး မဟုတ်ပါလော။

လော့ချန်က ဘာမို့လို့လဲ။ အသုံးမကျသည့် သိုင်းဝိညာဉ်ကို နိုးကြားထားသော အသုံးမကျသူ၊ သူ တစ်ခါမျှ မျက်စိထဲ ထည့်မထားခဲ့သော ပုရွက်ဆိတ်လေးတစ်ကောင်သာ ဖြစ်သည်။ ယခုတင်က အခိုက်အတန့်အထိ ယွမ်ထျန်ယန်၏စိတ်ထဲ၌ ဤတိုက်ပွဲတွင် ရှုံးနိမ့်လိမ့်မည်ဟူသော အတွေးမျိုး မြူတစ်မှုံစာမျှပင် မရှိခဲ့ပေ။

‘ငါက ဘယ်လိုလုပ်ပြီး ရှုံးရမှာလဲ...’

စိတ်လှုပ်ရှားနေသဖြင့် ယွမ်ထျန်ယန် စကားတစ်ခွန်း ပြောလိုက်တိုင်း လက်ချောင်းကြားမှ သွေးများမှာ အရှိန်အဟုန်ဖြင့် ပန်းထွက်လာသည်။ သူသည် အစွမ်းကုန် အားစိုက်လျက် စိတ်ထဲရှိ အကြီးမားဆုံးသော သံသယကို အက်ကွဲစွာ မေးမြန်းလိုက်၏။

“မင်းက... ဓားဆန္ဒအဆင့်ရှိတဲ့ ဓားသမား ဖြစ်နေပြီလား...”

ယွမ်ထျန်ယန် အနေဖြင့် ဤအကြောင်းပြချက် တစ်ခုတည်းကသာ သူ ရှုံးနိမ့်ရခြင်း၏ အဖြေဖြစ်နိုင်သည်ဟု ယူဆနေခြင်း ဖြစ်သည်။

“ငါလည်း ခုတင်ကမှ ဓားဆန္ဒတစ်ပိုင်းအဆင့်ကို နားလည်ခဲ့တာပါ...”

လော့ချန်က ခပ်ဖွဖွ ခေါင်းခါပြလိုက်ပြီး ပွင့်လင်းစွာပင် ပြောလိုက်၏။

“မဖြစ်နိုင်ဘူး...”

ယွမ်ထျန်ယန်၏မျက်လုံးများ ပြူးထွက်သွားခဲ့ပြီး မျက်ဝန်းအိမ်များမှာ နီမြန်းလာတော့သည်။ လော့ချန်သည်လည်း ဓားဆန္ဒတစ်ပိုင်းအဆင့်ကိုသာ နားလည်ထားခြင်းဆိုပါက သူသည်ကဏ္ဍစုံ၌ မိမိထက် နိမ့်ကျနေသူတစ်ဦးကို ရှုံးနိမ့်ခဲ့ရခြင်း မဟုတ်ပါလော။

ဤအမှန်တရားကို လက်မခံနိုင်သဖြင့် ယွမ်ထျန်ယန်သည် ဒေါသတကြီး အော်ဟစ်ရန် ပြင်လိုက်သော်လည်း လက်ဖဝါးကြားမှ သွေးများမှာ ပန်းထွက်လာခဲ့ပြီး ကျန်ရှိနေသော စကားလုံးများမှာ လည်ချောင်းထဲ၌ပင် ပျောက်ကွယ်သွားတော့သည်။

“ဂျူနီယာယွမ်... စကားမပြောနဲ့တော့...”

မိုင်အနည်းငယ် အကွာမှ စီနီယာ ရှုတောက်ယန်သည် ဤမြင်ကွင်းကို ကြည့်ကာ မျက်နှာ အကြီးအကျယ် ပျက်သွားခဲ့ပြီး ဖမ်းချုပ်ထားသော ဓားချီကို သူ၏ချီစွမ်းအင်ဖြင့် ချေမှုန်းပစ်လိုက်ကာ ယွမ်ထျန်ယန်၏ကိုယ်ထည်ဆီသို့ လက်လှမ်းလိုက်တော့သည်။

သို့ရာတွင် ချီစွမ်းအင်လက်ဖဝါးကြီးဖြင့် ဖမ်းဆုပ်မိလိုက်သည်မှာ ဦးခေါင်းနှင့်ကိုယ်ထည် တစ်ခြားစီဖြစ်နေသော ယွမ်ထျန်ယန်၏အလောင်းသာ ဖြစ်သည်။ ဟောင်းလောင်းပွင့်နေသော မျက်ဝန်းအစုံမှာ အသက်ဓာတ် လုံးဝကင်းမဲ့သွားခဲ့ပြီ ဖြစ်သည်။ လူတိုင်း၏အကြည့်မှာ လော့ချန်ထံသို့ စုစည်းသွားကြပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ တောင်ကုန်းတစ်ခုလုံးရှိ လူအုပ်ကြီးမှာ မှင်တက်မိနေကြပြီ ဖြစ်သည်။

မျက်တောင် တစ်ခါ၊ နှစ်ခါခန့် ခတ်လိုက်သည့် အချိန်အကြာတွင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။

“ယွမ်ထျန်ယန် သေသွားပြီ...”

ထိုအော်ဟစ်သံကြောင့် ငြိမ်သက်နေသော ရေပြင်ထက်သို့ ကျောက်တောင်ကြီးတစ်လုံး ပြုတ်ကျသွားသည့်နှယ် ဟိန်းဟောက်သံကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။

“ဓားလေးချက်တည်းနဲ့ ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်းဘုရင် ယွမ်ထျန်ယန်ကို သတ်လိုက်တာလား... ဒါ... ဒါက အိပ်မက် မဟုတ်ဘူး မဟုတ်လား...”

“ငါ အိပ်မက်တောင် ဒီလောက် မမက်ရဲဘူး...”

“တကယ်ကို အံ့ဩစရာပဲ... မယုံနိုင်စရာ ကောင်းလိုက်တာ... လော့ချန်က ယွမ်ထျန်ယန်ကို ဒီလောက်အထိ လွယ်လွယ်ကူကူ သတ်နိုင်တယ်ဆိုရင် သူက နယ်မြေအဆင့်စာရင်းထဲ ဝင်ဖို့ အရည်အချင်း ရှိနေပြီပေါ့... သူက အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတာလေ...”

“ယွမ်ထျန်ယန်ကို သတ်လိုက်ပြီဆိုမှတော့ လော့ချန်ကသာ ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်းရဲ့ ထိုက်တန်လှတဲ့ ဘုရင်အစစ်အမှန် ဖြစ်သွားပြီပေါ့...”

တိုက်ပွဲ စတင်ကာစမှာပင် လူတိုင်းသည် အထွတ်အထိပ် တိုက်ပွဲကြီးတစ်ခုကို စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ယွမ်ထျန်ယန်မှာ ခေါင်းနှင့်ကိုယ် တစ်ခြားစီ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ဤအရာအားလုံးမှာ မြန်ဆန်လွန်းလှသဖြင့် လူအတော်များများမှာ အိပ်မက်တစ်ခုအလား ဝေဝေဝါးဝါး ဖြစ်နေကြရပြီး ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြတော့သည်။ ရွှမ်ယွမ်ဂိုဏ်းတပည့်များမှာမူ အိပ်မက်မက်နေသည့်နှယ် ရှိနေကြသည်။

“လော့ချန် နိုင်သွားပြီ... သူ ပြောခဲ့တဲ့အတိုင်းပဲ ယွမ်ထျန်ယန်ကို မျက်စိတစ်မှိတ်အတွင်းမှာတင် သတ်ပစ်လိုက်တာပဲ...”

စီနီယာ ကျူးလင်မေ့သည် လော့ချန်ကို ကြည့်ကာ လှပလှသော မျက်ဝန်းများအတွင်း၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေတော့သည်။

“အင်း... ဒီသတင်းသာ ဂိုဏ်းကို ပြန့်သွားရင်တော့ အကြီးအကျယ် တုန်လှုပ်သွားမှာ သေချာတယ်... ကြည့်ရတာ ငါ့ရဲ့ အတွင်းစည်းစီနီယာကြီး နေရာကိုလည်း ဖယ်ပေးရတော့မှာပဲ...”

စီနီယာ ဖန်ယွဲ့ယန်၏မျက်ဝန်းများမှာ ခဏချင်းအတွင်း အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားခဲ့သည်။ ထိတ်လန့်မှုမှသည် လက်ခံနိုင်မှု၊ ထို့နောက်တွင်မူ စိတ်ရင်းမှန်ဖြင့် လေးစားသွားခြင်း ဖြစ်သည်။ သူသည် လော့ချန်ကို သုံးကြိမ်သာ တွေ့ဖူးသော်လည်း အကြိမ်တိုင်းတွင် လော့ချန်သည် သူ၏အရင်က အထင်အမြင်များကို ရိုက်ချိုးပြနိုင်ခဲ့သည်မဟုတ်ပါလော။ ယခုတင်က ဓားလေးချက်မှာ သူ့ကို လုံးဝဥဿုံ လေးစားသွားစေခဲ့ပြီ ဖြစ်သည်။

“ဟားဟား... စီနီယာ လော့ချန် နိုင်သွားပြီ...”

“ကြည့်စမ်း... ဟိုက လျှပ်ယွမ်ဂိုဏ်းကလူတွေ အားလုံး မှင်တက်မိနေကြပြီ...”

“နောက်ဆိုရင် ငါတို့ ရွှမ်ယွမ်ဂိုဏ်းကို အထင်သေးရဲဦးမလား ကြည့်ကြသေးတာပေါ့...”

ရောက်ရှိနေသော ရွှမ်ယွမ်ဂိုဏ်းတပည့်များမှာ အိပ်မက်မှ နိုးလာသည့်နှယ် စိတ်လှုပ်ရှားစွာဖြင့် လော့ချန်အတွက် အော်ဟစ်အားပေးလိုက်ကြတော့သည်။ လျှပ်ယွမ်ဂိုဏ်းတပည့်များ၏ အရင်က မောက်မာမှုများကြောင့် သူတို့၏စိတ်ထဲ၌ ခံပြင်းနေခဲ့ရသည်။ ယွမ်ထျန်ယန်၏ ပြင်းထန်လှသော အရှိန်အဝါကြောင့်လည်း သူတို့မှာ ဘာမှပြန်မပြောနိုင်ခဲ့ကြပေ။

ယခုအခါ လော့ချန်က လူပုံအလယ်တွင် ယွမ်ထျန်ယန်ကို သတ်ဖြတ်လိုက်ပြီ ဖြစ်ရာ သူတို့အတွက် ဂုဏ်ယူစရာ ကောင်းလှသလို စိတ်ထဲ၌လည်း များစွာ ပေါ့ပါးသွားခဲ့ပြီ ဖြစ်သည်။ လျှပ်ယွမ်ဂိုဏ်းတပည့်များမှာမူ မျက်နှာများ ညှိုးနွမ်းသွားခဲ့ပြီး မှင်တက်မိနေကြတော့သည်။ ယွမ်ထျန်ယန် ရှုံးနိမ့်သွားခြင်းက သူတို့အတွက်တော့ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

ဤကဲ့သို့သော အဆုံးသတ်မျိုးကို သူတို့ လုံးဝ မတွေးထားခဲ့ပေ။ အကြောင်းမှာ ဤသည်က မဖြစ်နိုင်သောကြောင့်ပင်။ ယွမ်ထျန်ယန်သည် ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်း၏ ဘုရင်၊ နယ်မြေအဆင့်ဝင်ရန် နီးစပ်သူ ဖြစ်ပြီး အလွန်ပင် သန်မာလှသူ ဖြစ်သည်။ တာယွဲ့မင်းဆက်ရှိ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများထဲတွင် သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။ စီနီယာ ယူလန်ရှင်း၊ စီနီယာ ဖန်ယွဲ့ယန် တို့ပင်လျှင် သူ့ကို မယှဉ်နိုင်ကြပေ။ လော့ချန် ဆိုသော တစ်ယောက်မှာမူ ပို၍ပင် ပြောစရာ မလိုပေ။

သို့သော်လည်း ဤ မဖြစ်နိုင်ဆုံးသော အဆုံးသတ်မှာ ယခုအခါ အားလုံး၏ မျက်မှောက်တွင် လက်တွေ့ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

“တောက်... ဒီကောင့်မှာ ဘာတွေ ဖြစ်နေတာလဲ...”

လီရှောင်ဖုန်းသည် လော့ချန်ကို စိုက်ကြည့်လိုက်ပြီး အေးစက်လှသော အကြည့်များမှာ ဓားတစ်စင်းအလား ထက်မြက်လှသဖြင့် လေထုအတွင်း၌ပင် မထင်မရှားသော လှိုင်းတွန့်များ ဖြစ်ပေါ်လာတော့သည်။ အသုံးမကျသည့် သိုင်းဝိညာဉ်ကို နိုးကြားထားသော တစ်ယောက်သည် တစ်နှစ်အတွင်းမှာတင် အစွမ်းက ဘာကြောင့် ဤမျှအထိ သန်မာလာရသနည်းဆိုသည်ကို သူ လုံးဝ စဉ်းစား၍မရပေ။ ဤသည်မှာ နယ်မြေအဆင့်စာရင်းထဲ ဝင်ရန် အရည်အချင်း ရှိနေပြီ ဖြစ်သည်။ အကယ်၍ အချိန်တစ်ခု ပေးလိုက်မည်ဆိုပါက တစ်ဖက်လူသည် သူနှင့် ရင်ဘောင်တန်းနိုင်မည့်သူ ဖြစ်လာလိမ့်မည်မဟုတ်ပါလော။ ဤသည်ကို တွေးမိသည့်အခါ လီရှောင်ဖုန်း၏အမူအရာမှာ ပိုမို ဆိုးရွားလာခဲ့ပြီး အကြည့်များမှာလည်း ပို၍ အေးစက်လာတော့သည်။

“ကြယ်တစ်ပွင့်တောင် မရှိတဲ့ အသုံးမကျတဲ့ သိုင်းဝိညာဉ်နဲ့ ကျင့်ကြံမှုအဆင့်ကို ကျော်ပြီး တိုက်ခိုက်နိုင်တာလား... စိတ်ဝင်စားစရာပဲ...”

ယိုကွမ်းမင်းသမီးသည် လော့ချန်၏အနောက်မှ ပုံဖော်ခြင်းမရှိသေးသော သိုင်းဝိညာဉ်ကို ကြည့်ကာ မျက်ဝန်းများ ဝင်းလက်သွားခဲ့ပြီး စိတ်ဝင်စားဟန် ပြသလိုက်သည်။

“ဟဲဟဲ... ဒီကောင်လေးရဲ့ အစွမ်းက မျှော်လင့်ထားတာထက် ပိုပြီး သန်မာတာပဲ...”

“အသုံးမကျတဲ့သိုင်းဝိညာဉ်နဲ့ ရွှေခန္ဓာအဆင့်ကို ကျင့်ကြံအောင်မြင်ထားတယ်၊ ဓားဆန္ဒတစ်ပိုင်းအဆင့်ရှိတဲ့ ဓားသမားလည်း ဖြစ်တယ်၊ နယ်မြေအဆင့်ဝင် ပါရမီရှင်လည်း ဖြစ်တယ်... ဒီလို အရည်အချင်းတွေအားလုံးက လူတစ်ယောက်တည်းမှာ ရှိနေတာလား...”

ကျိလော့ဂိုဏ်းတပည့်နှစ်ဦးမှာလည်း လော့ချန်အား စိတ်ဝင်စားမဆုံး ဖြစ်သွားကြသည်။ ဝတ်စုံဖြူနှင့် ချီယွမ်မန်းက ဆိုလိုက်၏။

“ငါတို့ ဒီသတင်းကို အမြန်ဆုံး ပြန်ပို့ကြရအောင်...”

ယုချင်းယူက လော့ချန်ကို စိုက်ကြည့်ကာ သူမ၏ဆွဲဆောင်မှုရှိလှသော နှုတ်ခမ်းနီနီလေးကို လျှာဖြင့် သပ်လိုက်သည်။

“သွေးမိစ္ဆာအတွက် ဒီအစည်းအဝေးကို လာခဲ့တာက တကယ့်ကို မျှော်လင့်မထားတဲ့ ရလဒ်တွေ ရတာပဲ... တကယ်လို့ သူသာ အရည်အချင်း ပြည့်မီမယ်ဆိုရင် သူ့ကို ငါတို့နဲ့အတူ ခေါ်သွားရမယ်၊ ဒါက အကြီးအကျယ် ဂုဏ်ပြုခံရမယ့် ကိစ္စပဲ... တကယ်လို့ သူသာ ရတနာပစ္စည်းအဖြစ် တာဝန်ယူနိုင်မယ်ဆိုရင်တော့... ဟဲဟဲ...”

ယုချင်းယူသည် မနေနိုင်ဘဲ ရယ်မောလိုက်သည်။

“အိမ်မက် မမက်ပါနဲ့ဦး... မင်းကိုယ်တိုင်ပဲ ပြောခဲ့တာမဟုတ်လား ဒါက မျှော်လင့်ချက် မရှိသလောက်ပါပဲဆို...”

ချီယွမ်မန်းက ခပ်ဖွဖွ ခေါင်းခါပြလိုက်ပြီး ဆက်ပြောလိုက်၏။

“နောက်ပြီး ဒီကိစ္စက ဒီလောက် လွယ်လွယ်နဲ့ ပြီးဆုံးသွားမှာ မဟုတ်ဘူး၊ သူ ဒီနေ့ အသက်ရှင်နိုင်ပါ့မလားဆိုတာတောင် ပြောဖို့ ခက်သေးတယ်...”

စီနီယာ ရှုတောက်ယန်သည် တိုက်ပွဲ၏ဗဟိုချက်ဆီသို့ တိတ်ဆိတ်စွာပင် ရောက်ရှိလာခဲ့သည်။ ယွမ်ထျန်ယန်၏အလောင်းကို မြင်လိုက်ရသည့်အခါ ရှုတောက်ယန်၏မျက်နှာမှာ အလွန်ပင် ဆိုးရွားသွားခဲ့ပြီး မျက်ဝန်းများအတွင်း၌ ဒေါသများ ဟုန်းဟုန်းတောက် လောင်လာတော့သည်။ ပြင်းထန်လှသော အရှိန်အဝါကြောင့် ကောင်းကင်ယံရှိ တိမ်တိုက်များမှာလည်း ပျောက်ကွယ်ကုန်တော့သည်။

ဤတစ်ခါတွင် သူသည် ဆရာဖြစ်သူ လူသားအမြုတေလျှပ်စီး၏ အမိန့်အရ ယွမ်ထျန်ယန်ကို သေခြင်းရှင်ခြင်းတိုက်ပွဲအတွက် လိုက်ပို့ပေးခြင်း ဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ ယွမ်ထျန်ယန်ကို လက်တွန့်မနေစေရန်နှင့် လော့ချန်ကို သတ်ဖြတ်ခြင်းဖြင့် မဟာအကြီးအကဲ မင်ကျုံးကို အရှက်ခွဲရန်အပြင် ရွှမ်ယွမ်ဂိုဏ်း၏အရှိန်အဝါကို ချိုးနှိမ်ရန်လည်း ဖြစ်သည်။

သို့သော်လည်း တိုက်ပွဲစတင်သည်နှင့် အရာအားလုံးမှာ သူ၏ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယွမ်ထျန်ယန်မှာ လော့ချန်၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။ သူကိုယ်တိုင် ဝင်ရောက်တားဆီးရန်ပင် အချိန်မရလိုက်ပေ။

ရှုတောက်ယန် အနည်းငယ် နောင်တရမိသွားသည်။ သူသည် အလွန် ပေါ့ဆသွားခဲ့မိသည်။ ဤတိုက်ပွဲကို အလေးမထားခဲ့မိသဖြင့် တုံ့ပြန်မှုမှာ တစ်လှမ်း နောက်ကျသွားခြင်း ဖြစ်သည်။ မဟုတ်လျှင် သူ၏အစွမ်းနှင့်ဆိုပါက မိုင်အနည်းငယ် ကွာနေလျှင်ပင် လော့ချန်သည် ယွမ်ထျန်ယန်ကို သတ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ရှုတောက်ယန် အသည်းအနာဆုံး အချက်မှာ သူ ဝင်ရောက်တားဆီးနေပါလျက်နှင့် လော့ချန်က ဂရုမစိုက်ဘဲ လက်တွန့်ခြင်းမရှိ သတ်ဖြတ်ပစ်လိုက်ခြင်းပင်။

ရှုတောက်ယန်သည် လော့ချန်ကို လှည့်ကြည့်လိုက်ရာ သူ၏အကြည့်များမှာ ကောင်းကင်ယံရှိ နေမင်းကြီးအလား ပြင်းထန်လှပေသည်။

“ဟိတ်ကောင်... ငါ့ရှေ့မှာ လူသတ်ရဲတယ်ပေါ့...”

“ဝုန်း... ဝုန်း...”

အောက်ဘက်ရှိ သစ်တောများမှာ တစ်ဖက်လူ၏ပြင်းထန်လှသော အရှိန်အဝါကို တောင့်မခံနိုင်ဘဲ ဟုန်းဟုန်းတောက် လောင်ကျွမ်းကုန်တော့သည်။

“ထိပ်သီး ကောင်းကင်နယ်ပယ် မဟာသန်မာသူ...”

လော့ချန်၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ ပြင်းထန်လှသော အပူရှိန်မှာ တိုက်ရိုက် ရိုက်ခတ်လာခဲ့ရာ ကာကွယ်ရေးချီစွမ်းအင်နှင့်ပင် လုံးဝ ကာကွယ်ရန် ခက်ခဲလှပေသည်။ အကြည့်တစ်ချက်ကပင် ဤမျှအထိ ပြင်းထန်နေခြင်းမှာ တစ်ဖက်လူသည် မဟာသန်မာသူအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သေချာလှသည်။ သာမန် မဟာသန်မာသူမျိုးပင် မဟုတ်လောက်ပေ။

ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် လော့ချန်၏မျက်ဝန်းထဲတွင် ထိတ်လန့်မှု မြူတစ်မှုံစာမျှပင် မရှိဘဲ တည်ငြိမ်စွာ ဆိုလိုက်၏။

“ယွမ်ထျန်ယန်နဲ့ ကျွန်တော်က သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲနေကြတာပါ၊ အရှုံးအနိုင်နဲ့ အသက်ကို ကံတရားအပေါ်ပဲ ပုံအပ်ထားတာလေ... သေခြင်းရှင်ခြင်းတိုက်ပွဲမှာ လူမသတ်ရဘူးဆိုတာက ဘယ်နေရာက စည်းကမ်းလဲ...”

“ဟားဟား... စည်းကမ်း ဟုတ်လား...”

စီနီယာ ရှုတောက်ယန်က ဒေါသတကြီး ရယ်မောလိုက်ပြီး လော့ချန်ကို ကြိမ်းမောင်းလိုက်သည်။

“မင်းက ဘာကောင်မို့လို့ ငါ့ရှေ့မှာ စည်းကမ်းအကြောင်း လာပြောနေတာလဲ... ဒီနေ့ မင်းကို ငါ သင်ခန်းစာတစ်ခု ပေးမယ်၊ စည်းကမ်းဆိုတာ သန်မာတဲ့သူတွေအတွက်ပဲ... ဒီနေရာမှာ ငါပြောတဲ့ စကားကသာ စည်းကမ်းပဲ...”

“တကယ်တော့ မင်းလို အဆင့်မရှိတဲ့ကောင်က ငါ့လက်နဲ့ သတ်ဖို့တောင် မတန်ပါဘူး၊ ဒါပေမဲ့ ဒီနေ့တော့ ငါ စည်းကမ်းဖောက်ပြီး ဂျူနီယာယွမ်အတွက်ကိုယ်တိုင် လက်စားချေပေးမယ်... မင်းရဲ့ အသက်ကို ပေးစမ်း...”

ရှုတောက်ယန်က မည်သည့်စည်းကမ်းကိုမျှ ဂရုမစိုက်တော့ပေ။ လော့ချန်ကို သတ်ဖြတ်နိုင်မှသာ သူ၏စိတ်ထဲရှိ ဒေါသများကို ဖျောက်ပစ်နိုင်မည် ဖြစ်သလို ပြန်သွားသည့်အခါတွင်လည်း အကြောင်းပြချက် ပေးနိုင်မည်မဟုတ်ပါလော။

“ဘုန်း...”

စကားပြောနေစဉ်မှာပင် စီနီယာ ရှုတောက်ယန်သည် လော့ချန်ထံသို့ လက်ညှိုးတစ်ချောင်း ညွှန်လိုက်သည်။ လက်ညှိုးထိပ်မှ ပြင်းထန်လှသော မီးလျှံစွမ်းအားများမှာ အဆက်မပြတ် လည်ပတ်နေပြီး ရွှေရောင်အလင်းတန်းများ ဝင်းလက်နေသည်။ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး၏အပူချိန်မှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး ဒုတိယမြောက် နေမင်းကြီးတစ်ခု ပေါ်ထွက်လာသည့်နှယ် ရှိနေတော့သည်။

အခန်း ၆၉၇ ပြီးပါပြီ။

အခန်း ၆၉၈ - စီနီယာ ရောက်ရှိလာခြင်း

လက်ညှိုးစွမ်းအားနှင့်အတူ ရှုတောက်ယန်၏ကိုယ်ပေါ်မှ ပြင်းထန်လှသော အရှိန်အဝါများမှာ ဆန်းကြယ်လှသော တုန်ခါမှုများအဖြစ် အရပ်မျက်နှာအနှံ့သို့ ပြန့်လွင့်သွားခဲ့သည်။ ပူပြင်းလှသော အရှိန်အဝါများကြောင့် ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံး လောင်ကျွမ်းတော့မည့်နှယ် ရှိနေပြီး ကောင်းကင်တစ်ခုလုံးကိုလည်း အနီရောင် ချင်းချင်းနီသွားစေတော့သည်။ ဤအခိုက်အတန့်တွင် လူတိုင်းသည် လျှပ်ယွမ်ဂိုဏ်း၏ ထိပ်သီးတိုက်ရိုက်တပည့်ကြီး ဖြစ်သော ဤပုဂ္ဂိုလ်၏ ပြိုင်ဘက်ကင်းလှသော အရှိန်အဝါကို ခံစားလိုက်ရကြသည်။

လူအတော်များများမှာ ထိုဖိအားကို တောင့်မခံနိုင်တော့ဘဲ အနောက်သို့ အမှတ်မထင် ဆုတ်ခွာလိုက်မိကြ၏။

“စီနီယာ လော့ချန်...”

ရွှမ်ယွမ်ဂိုဏ်းတပည့်များမှာ ရင်တထိတ်ထိတ် ဖြစ်နေကြရသည်။ အခြေအနေကို ကြည့်ရသည်မှာ တစ်ဖက်လူသည် လော့ချန်ကို သေတွင်းသို့ မပို့ရမချင်း လက်လျှော့မည့်ပုံ မပေါ်ပေ။ ကံမကောင်းသည်မှာ သူတို့ထဲ၌ မဟာသန်မာသူအဆင့်ရှိသူကို ယှဉ်နိုင်သူ တစ်ဦးမျှ မရှိခြင်းပင်။ ၎င်းအပြင် တစ်ဖက်လူမှာ ထိပ်သီး ကောင်းကင်နယ်ပယ် မဟာသန်မာသူတစ်ဦး မဟုတ်ပါလော။

“အစ်ကိုကြီး...”

နဝမမင်းသမီး ကျင်းယွီရှီးသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက် ပထမမင်းသား ကျင်းထျန်တူ၏ဝတ်ရုံစကို စိုးရိမ်တကြီး ဆွဲလိုက်မိသည်။ ကျင်းထျန်တူ၏မျက်နှာမှာလည်း လေးနက်နေခဲ့သည်။ သူ၏အစွမ်းနှင့်ဆိုလျှင် ရှုတောက်ယန်ကို ယှဉ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ဤသည်ကို တွေးမိသည့်အခါ ကျင်းထျန်တူသည် ယင်းလီဘက်သို့ အသာအယာ လှမ်းကြည့်လိုက်မိသည်။

ဤနေရာတွင် လော့ချန်ကို ကယ်တင်နိုင်စွမ်း ရှိသူမှာ ယင်းလီ တစ်ဦးတည်းသာ ရှိနိုင်တော့သည်မဟုတ်ပါလော။ သို့သော်လည်း လော့ချန် တစ်ယောက်အတွက်နှင့် လျှပ်ယွမ်ဂိုဏ်း၏ ထိပ်သီးတိုက်ရိုက်တပည့် ရှုတောက်ယန်ကို ယင်းလီက ရန်စဝံ့ပါ့မလားဆိုသည်မှာ ကျင်းထျန်တူအတွက် မသေချာလှပေ။

ယင်းလီ၏လှပလှသော မျက်နှာထက်တွင်မူ မည်သည့်လှုပ်ရှားမှုမျှ ရှိမနေဘဲ တည်ငြိမ်နေခဲ့သည်။ သူမက ကောင်းကင်ယံသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အေးဆေးသော အမူအရာသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီး ဝင်ရောက်တိုက်ခိုက်မည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြသခဲ့ပေ။

ဤသည်ကို မြင်လိုက်ရသည့်အခါ ကျင်းထျန်တူ၏မျှော်လင့်ချက်များမှာ ပျောက်ကွယ်သွားရတော့သည်။ ရှုတောက်ယန်နှင့် လော့ချန်တို့မှာ ယခုအခါ သေခြင်းရှင်ခြင်း အခြေအနေသို့ ရောက်နေပြီဖြစ်ရာ လော့ချန်အတွက်နှင့် ရှုတောက်ယန်ကို ရန်သူအဖြစ် သတ်မှတ်ရန်မှာ အမှန်တကယ်ပင် အမြော်အမြင်ရှိသော လုပ်ရပ် မဟုတ်သည်မှာ သေချာလှပေသည်။ သို့သော်လည်း ကျင်းထျန်တူသည် ဤအတိုင်း လက်လျှော့လိုက်ရန် မလိုလားပေ။

“စီနီယာရှု... ယွမ်ထျန်ယန် သေသွားတာက အမှန်တရား ဖြစ်သွားပြီလေ... ဘာလို့ ထပ်ပြီး ပြဿနာ ရှာနေဦးမှာလဲ... ဒါက လူရယ်စရာ ဖြစ်အောင် လုပ်နေသလိုပဲ... ဒီကိစ္စကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ရအောင် မကောင်းဘူးလား...”

ကျင်းထျန်တူသည် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ရှူလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ ရှုတောက်ယန်ကို ပြုံးလျက် ဆိုလိုက်သည်။

လော့ချန်အတွက် ရှေ့ထွက်ပြောရဲသူ ရှိလိမ့်မည်ဟု ရှုတောက်ယန် မထင်ထားခဲ့ပေ။

“ဟွန့်... ဒီကိစ္စက မင်းတို့ တော်ဝင်မိသားစုနဲ့ မဆိုင်ဘူး...ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စမှာ ဝင်မပါတာ ပိုကောင်းလိမ့်မယ်... ငါက ဂျူနီယာယွမ်အတွက် လက်စားချေပေးမယ်လို့ ပြောပြီးမှတော့ သူ ဒီနေ့ သေကို သေရမယ်... မဟုတ်ရင် ငါပြောတဲ့ စကားက ဘာတန်ဖိုး ရှိတော့မှာလဲ...”

ရှုတောက်ယန်က ကျင်းထျန်တူကို အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်ပြီး ဆိုလိုက်သည်။

“ကျွန်တော့် မျက်နှာကို ထောက်ပြီးတော့...”

ကျင်းထျန်တူက မျက်မှောင်ကြုတ်လိုက်သည်။

“သေစမ်း...”

ရှုတောက်ယန်က ကျင်းထျန်တူကို ဆက်ပြောခွင့်ပင် မပေးတော့ဘဲ လော့ချန်ထံသို့ လက်ညှိုးဖြင့် လှမ်း၍ ထိုးနှက်လိုက်တော့သည်။

“ဝုန်း...”

ရွှေရောင်ဝင်းလက်နေသော လက်ညှိုးစွမ်းအားမှာ တစ်ဟုန်ထိုး ပြေးထွက်သွားခဲ့ပြီး အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လက်ညှိုးအရွယ်အစားမှ မီတာအတော်များများအထိ ကြီးမားလာခဲ့ပြီး မီးလျှံတိုင်ကြီးတစ်ခုအလား ရှိနေတော့၏။ ပတ်ဝန်းကျင်ရှိ လေထုအတွင်း၌လည်း မီးလျှံများ ပွင့်ထွက်နေခဲ့ပြီး လျှပ်စီးတန်းများလည်း ယှက်သန်းနေ၏။ လေဟာနယ်မှာ အပိုင်းပိုင်း ပြိုကွဲပျက်စီးသွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး အရောင်ပြောင်းသွားတော့သည်။

“ခရက်... ခရက်... ခရက်...”

အောက်ဘက်ရှိ မြေပြင်များမှာ ပြိုကျပျက်စီးကုန်တော့သည်။ အနီးနားရှိ လူများမှာလည်း အလန့်တကြားနှင့် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြရသဖြင့် အလွန်ပင် ပျာယာခတ်နေကြတော့သည်။

“တကယ့်ကို ထိတ်လန့်စရာ အရှိန်အဝါပဲ... ဒီလောက် အဝေးကြီးမှာတောင် ငါ့ရဲ့ တစ်ကိုယ်လုံးက မွေးညင်းနုတွေ ထောင်ထနေရတယ်...”

“လျှပ်ယွမ်ဂိုဏ်းရဲ့ ထိပ်သီးတိုက်ရိုက်တပည့်၊ ထိပ်သီး ကောင်းကင်နယ်ပယ် မဟာသန်မာသူ ဆိုတာ တကယ်ပဲ မရိုးရှင်းဘူး... သာမန် တိုက်ကွက်တစ်ခုကတင် ကောင်းကင်နဲ့မြေပြင်ကို ပြောင်းလဲပစ်နိုင်တာပဲ...”

“လော့ချန်တော့ သွားပြီ...”

ထိုကြောက်မက်ဖွယ်ကောင်းလှသော လက်ညှိုးစွမ်းအားကို ကြည့်ကာ ရောက်ရှိနေသူများမှာ မျက်နှာပျက်ကုန်ကြပြီး ထိတ်လန့်တကြား ဖြစ်နေကြရသည်။ ထိပ်သီး ကောင်းကင်နယ်ပယ် မဟာသန်မာသူတစ်ဦး၏ တိုက်ကွက်ကို စတုတ္ထနယ်ပယ်ရှိ မဟာသန်မာသူများပင်လျှင် ယှဉ်နိုင်ရန် ခက်ခဲလှ၏။ သွေးကြောနိုးကြားမှုနယ်ပယ်သာ ရှိသေးသော လော့ချန်အတွက်မူ သေလမ်းကလွဲ၍ အခြားမရှိသည်မှာ သေချာလှပေသည်။

ဤသည်က လူအတော်များများကို နှမြောတသ ဖြစ်သွားစေသည်။ အသုံးမကျသည့် သိုင်းဝိညာဉ်နှင့် ဤအဆင့်အထိ ကျင့်ကြံနိုင်ရန်မှာ မည်မျှ ခက်ခဲကြောင်း သူတို့ သိကြ၏။ သို့သော်လည်း ယနေ့တွင်မူ ဤနေရာမှာပင် ကြွေလွင့်ရတော့မည် မဟုတ်ပါလော။ လျှပ်ယွမ်ဂိုဏ်းတပည့်များမှာမူ ဤမြင်ကွင်းကို ကြည့်ကာ စိတ်လှုပ်ရှားနေကြပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။ လော့ချန် သေဆုံးသွားမှသာ ယနေ့ သူတို့ ကြုံတွေ့ခဲ့ရသော အရှက်ရမှုများကို ဆေးကြောနိုင်မည် ဖြစ်သည်။

လော့ချန်၏ကိုယ်ပေါ်မှ ကာကွယ်ရေးချီစွမ်းအင်များမှာ ပြင်းထန်စွာ ဆူပွက်နေခဲ့ပြီး ပြင်းထန်လှသော အရှိန်အဝါများမှာ သူ၏အသားစများအတွင်းသို့ အတင်းအကျပ် ထိုးဝင်ရန် ကြိုးစားနေကြ၏။ သူသည် မီးပင်လယ်ကြီးတစ်ခုအတွင်း ရောက်ရှိနေသည့်နှယ် ခံစားနေရတော့သည်။ ဤတိုက်ကွက်သာ သူ့ကို တိုက်ရိုက် ထိမှန်သွားမည်ဆိုပါက သူသည် တစ်ခဏအတွင်း အစအနမကျန် ပျောက်ကွယ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သို့သော်လည်း လော့ချန်သည် ရှောင်တိမ်းခြင်း မပြုဘဲ ထိုနေရာ၌ပင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။

“မကောင်းတော့ဘူး...”

ကျင်းထျန်တူ၏မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး လော့ချန်ကိုကယ်တင်ရန်အတွက် လျှပ်တပြက် ပြေးထွက်ရန် ပြင်လိုက်သည်။

အရေးကြီးသည့် အခိုက်အတန့်မှာပင်...

“ဝေါ...”

ကောင်းကင်ယံမှ ရေအကာအရံတစ်ခု ရုတ်တရက် ကျဆင်းလာခဲ့သည်။ ထို ရေအကာအရံမှာ ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ထားပြီး မီတာပေါင်း ရာနှင့်ချီ၍ ကျယ်ဝန်းလှ၏။ အလင်းတန်းများ ဝင်းလက်တောက်ပနေခဲ့ပြီး ရောင်စဉ်ကိုးသွယ် ဖြာထွက်နေ၏။ ကောင်းကင်ယံမှ ကျဆင်းလာသော ရေတံခွန်ကြီးတစ်ခုအလား လော့ချန်၏ရှေ့တွင် တားဆီးပေးလိုက်တော့သည်။

ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးပစ်မည့် ထိုမီးလျှံလက်ညှိုးစွမ်းအားမှာ ရေအကာအရံကို ထိမှန်သွားသည့်အခါ ရွှံ့နွံအတွင်းသို့ ကျဆင်းသွားသည့် မီးတစ်စနှယ် ရှိနေတော့၏။ ရေအကာအရံ၏မျက်နှာပြင်ထက်တွင် လှိုင်းတွန့်လေးများသာ ဖြစ်ပေါ်သွားခဲ့ပြီး မီးလျှံအရှိန်အဝါများမှာ အထဲသို့ လုံးဝ နစ်ဝင်ပျောက်ကွယ်သွားတော့၏။ ပြင်းထန်လှသော တုန်ခါမှု မြူတစ်မှုံစာမျှပင် မကျန်ခဲ့ဘဲ ထူးဆန်းစွာ ပျောက်ကွယ်သွားရတော့သည်။

“ဘာဖြစ်သွားတာလဲ...”

ဤမျှအထိ ရုတ်တရက် ဆန်လှသော ပြောင်းလဲမှုကြောင့် လူတိုင်း မှင်တက်မိသွားကြရသည်။ ထိုစဉ် ရေအကာအရံ၏အထက် ကောင်းကင်ယံမှ လူရိပ်တစ်ခုမှာ အသာအယာ ဆင်းသက်လာခဲ့သည်။

၎င်းမှာ အသက် ၂၀ ကျော်ခန့်ရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး မိုးပြာရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထား၏။ အသားအရေမှာ နှင်းပွင့်အလား ဖြူစင်လှပြီး နှုတ်ခမ်းလေးမှာလည်း ရဲရဲနီနေ၏။ သူမသည် အလွန်အမင်း လှပလွန်းသည်ဟု မဆိုနိုင်သော်လည်း တင့်တယ်တည်ငြိမ်လှသည့်အပြင် မျက်နှာထက်တွင်လည်း ခပ်ဖွဖွ အပြုံးလေးတစ်ခု ရှိနေ၏။ ခင်မင်ရသည့် မိတ်ဆွေတစ်ဦးအလား နူးညံ့သိမ်မွေ့သည့် ခံစားချက်ကို ပေးစွမ်းနေတော့သည်။

သို့သော်လည်း လော့ချန်မှာမူ ထိုအပေါ်ယံ မြင်ကွင်းကြောင့် ဝေဝေဝါးဝါး ဖြစ်မသွားပေ။ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်လှသော စွမ်းအားများ ကိန်းအောင်းနေသည်ကို သူ ခံစားလိုက်ရ၏။ ထိုသူမှာ နောက်ထပ် ထိပ်သီး ကောင်းကင်နယ်ပယ် မဟာသန်မာသူတစ်ဦးပင် ဖြစ်သည်။

“စီနီယာ လျိုချင်းယွီ...”

စီနီယာ ကျူးလင်မေ့သည် ရောက်လာသူကို မြင်လိုက်ရသည့်အခါ အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့သည်။ ရောက်လာသူမှာ ရွှမ်ယွမ်ဂိုဏ်း၏ တိုက်ရိုက်တပည့် ၁၀ ယောက်ထဲတွင် နံပါတ် ၇ ရှိသော စီနီယာ လျိုချင်းယွီ ပင် ဖြစ်၏။ သူမသည် စီနီယာ ယွမ်မန်လီ ကဲ့သို့ပင် မဟာအကြီးအကဲ မင်ကျုံး၏ တပည့်တစ်ဦး ဖြစ်ပေသည်။

“စီနီယာလျို လာပြီ...”

ကျန်ရှိနေသော ရွှမ်ယွမ်ဂိုဏ်းတပည့်များမှာလည်း စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းနေကြတော့၏။ လော့ချန် သေဆုံးသွားမည်ဆိုပါက သူတို့သည်လည်း လျှပ်ယွမ်ဂိုဏ်းတပည့်များ၏ ကလဲ့စားချေမှုကို ခံရမည်မှာ သေချာလှ၏။ ယခုအခါတွင်မူ သူတို့အတွက် အားကိုးရာတစ်ခု ရရှိသွားပြီ ဖြစ်သည်။

စီနီယာ ဖန်ယွဲ့ယန် မျက်ခုံးတစ်ချက် ပင့်သွားသည်။ လျိုချင်းယွီသည် စောစောလည်း မလာ၊ နောက်ကျလည်း မလာဘဲ လော့ချန် အသက်ဘေးနှင့် ကြုံနေရသည့် အခိုက်အတန့်ကျမှ ပေါ်လာသည်မဟုတ်ပါလော။

လျိုချင်းယွီက ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီး လော့ချန်၏ဘေးသို့ ဆင်းသက်လာခဲ့သည်။ မျက်ရှေ့မှ လူငယ်လေးကို ကြည့်ကာ သူမ၏စိတ်ထဲ၌ မယုံနိုင်စရာ ကောင်းလှသော ချီးကျူးမှုများနှင့်အတူ ဝမ်းသာမှုများ ဖြစ်ပေါ်နေတော့သည်။

သူမသည် ဆရာဖြစ်သူ မင်ကျုံး၏မှာကြားချက်အရ တိုက်ပွဲမစတင်ခင်ကတည်းက ယွမ်ချွမ်မြို့သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမသည် ဤတိုက်ပွဲအပေါ်တွင် လုံးဝ ယုံကြည်မှု မရှိခဲ့ပေ။ လော့ချန်အနေဖြင့် ယွမ်ထျန်ယန်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူမ မယူဆခဲ့သဖြင့် လူပုံအလယ်တွင် ထွက်မလာခဲ့ခြင်း ဖြစ်၏။ တိုက်ပွဲပြီးလျှင် ထွက်ခွာသွားရန်သာ သူမ စဉ်းစားထားခဲ့ပြီး အချိန်မဖြုန်းလိုသဖြင့် ချက်ချင်းပင် ထွက်သွားရန်ပင် ကြံရွယ်ခဲ့မိသေးသည်။ သို့သော်လည်း တိုက်ပွဲစတင်သည်နှင့် အခြေအနေများမှာ သူမ၏မျှော်လင့်ချက်များကို လုံးဝ ရိုက်ချိုးပြခဲ့သည်မဟုတ်ပါလော။ လော့ချန်သည် ယွမ်ထျန်ယန်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ရုံတင်မကဘဲ ရှုတောက်ယန်၏ဒေါသကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။

လျိုချင်းယွီသည် သူမ စောစောစီးစီး ထွက်မသွားခဲ့မိသည်ကို ဝမ်းသာမိသွား၏။ မဟုတ်ပါက လော့ချန်သာ ဤနေရာ၌ ကြွေလွင့်သွားခဲ့မည်ဆိုလျှင် သူမ ပြန်သွားသည့်အခါ ဆရာ့ကို ဘယ်လို အကြောင်းပြချက် ပေးရမည်နည်း။ သူမကိုယ်တိုင်လည်း ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

“ဂျူနီယာမောင်လေး... မင်းကတော့ ဒီနေ့ အစ်မကို တကယ့်ကို အံ့ဩသွားအောင် လုပ်နိုင်ခဲ့တာပဲ... ဆရာသာ သိရင်တော့ အကြီးအကျယ် ထိတ်လန့်သွားမှာ သေချာတယ်...”

လျိုချင်းယွီသည် စိတ်ကို ပြန်ထိန်းလိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။ လော့ချန်သည် မကြာသေးခင်ကမှ မဟာအကြီးအကဲ မင်ကျုံး၏တပည့်အဖြစ် လက်ခံခြင်း ခံခဲ့ရသူဖြစ်ရာ သူမက ဂျူနီယာမောင်လေးဟု ခေါ်ဝေါ်လိုက်ခြင်းမှာ အလွန်ပင် ဆီလျော်လှပေသည်။

“စီနီယာ့ရဲ့ အချိန်မီကယ်တင်မှုအတွက် ကျေးဇူးတင်ပါတယ်...”

လော့ချန်က လက်အုပ်ချီကာ ဆိုလိုက်သည်။

“သြော်...”

လျိုချင်းယွီ၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး တွေးတောဟန် ပြုလိုက်သည်။ သူမသည် သူမ၏အရှိန်အဝါကို အမြဲတမ်း ဖုံးကွယ်ထားခဲ့သူ ဖြစ်၏။ ဤနေရာတွင် သူမ ရှိနေသည်ကို သတိထားမိသူမှာ ငါးဦးထက် မပိုနိုင်ကြောင်း သူမ ယုံကြည်ထား၏။ ထိုသူများမှာလည်း ထိပ်သီး ကောင်းကင်နယ်ပယ် မဟာသန်မာသူများသာ ဖြစ်ကြပေလိမ့်မည်။ လော့ချန်မှာမူ ထိုစာရင်းထဲတွင် ပါဝင်ရန် မဖြစ်နိုင်သည်မှာ သေချာလှသည်။ သို့သော်လည်း လော့ချန်၏တည်ငြိမ်လှသော အမူအရာနှင့် ယခုတင်က ပြောလိုက်သော စကားအရ... လော့ချန်သည် သူမ ရှိနေသည်ကို အစောကြီးကတည်းက သတိထားမိနေခဲ့ခြင်း ဖြစ်သည်ဟု လျိုချင်းယွီ ခံစားလိုက်ရသည်။ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ဦးက သူမ၏သဲလွန်စကို မြင်နိုင်သည်တဲ့လား။

လျိုချင်းယွီ တွေးတောနေစဉ်မှာပင် အေးစက်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။

“ဟင်း... ဒီနားမှာ တစ်ယောက်ယောက် ပုန်းနေတယ်ဆိုတာကို ငါ အစောကြီးကတည်းက သိထားပြီးသားပဲ... တကယ့်ကို လူမြင်မခံရဲတဲ့သူတွေပဲ... မင်း ဖြစ်နေတာကိုး...”

အစွမ်းမရှိသော ပုရွက်ဆိတ်လေးတစ်ကောင်ကို သတ်ရန် ကြိုးစားနေစဉ် အဆက်မပြတ် တားဆီးခံနေရသဖြင့် ရှုတောက်ယန်သည် ယခုအခါ စိတ်မရှည် ဖြစ်နေပြီ ဖြစ်၏။ သူသည် လျိုချင်းယွီကို စိုက်ကြည့်လိုက်ပြီးကိုယ်ပေါ်မှ အရှိန်အဝါများမှာ ပိုမို ပြင်းထန်လာကာ တစ်ကိုယ်လုံးတွင် မီးလျှံများ ဝန်းရံနေ၏။ သူ၏ ဒေါသတကြီး အော်ဟစ်သံကြောင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ တုန်ခါသွားတော့သည်။

“ရှုတောက်ယန်... လော့ချန်နဲ့ ယွမ်ထျန်ယန်တို့က သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲဖို့ သူတို့ကိုယ်တိုင် ဆုံးဖြတ်ခဲ့ကြတာလေ... ဖြစ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်း သူတို့ကိုယ်တိုင်ပဲ တာဝန်ယူရမှာပေါ့...”

လျိုချင်းယွီက အကြည့်ကို လွှဲလိုက်ပြီးကိုယ်ပေါ်မှ တောက်ပလှသော အလင်းတန်းများကို ဖြာထွက်စေလျက် တည်ငြိမ်စွာ ဆိုလိုက်သည်။

“ဒါတင် ဘယ်ကမလဲ... အတွင်းစည်းတပည့်တွေရဲ့ ကိစ္စကို အတွင်းစည်းတပည့်တွေအချင်းချင်းပဲ ဖြေရှင်းသင့်တာပေါ့... တကယ်လို့ လော့ချန်သာ တိုက်ပွဲမှာ သေသွားခဲ့ရင်လည်း ငါ ဝင်ပါမှာ မဟုတ်ဘူး... မင်းက လျှပ်ယွမ်ဂိုဏ်းရဲ့ ထိပ်သီးတိုက်ရိုက်တပည့်ကြီး တစ်ယောက်ဖြစ်ပြီး ဂိုဏ်းကိုကိုယ်စားပြုနေတဲ့သူလေ... ဒီကိစ္စမှာ ဝင်ပါတာက မသင့်တော်ဘူးလို့ ငါ ထင်တယ်... ဒီသတင်းသာ အပြင်ကို ပြန့်သွားရင်လည်း နားထောင်လို့ သိပ်ကောင်းမှာ မဟုတ်ဘူး... လျှပ်ယွမ်ဂိုဏ်းက ဒီလောက်တောင် အရှုံးကို လက်ခံနိုင်တဲ့ သတ္တိမရှိဘူးလား...”

“ရှုတောက်ယန်...”

ဤနာမည်ကို ကြားလိုက်ရသည့်အခါ လော့ချန်၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့ပြီး မျက်ဝန်းထဲတွင် အေးစက်လှသော အလင်းတန်းများ ဝင်းလက်သွားတော့သည်။ တစ်ဖက်လူသည် ဘာကြောင့် သူ့ကို သေတွင်းသို့ ပို့ရန် ဤမျှအထိ ကြိုးစားနေရသနည်းဆိုသည်ကို သူ ယခုမှ သဘောပေါက်သွားခြင်း ဖြစ်သည်။

“ဟားဟားဟား... လျိုချင်းယွီ... မင်း ဘယ်လောက်ပဲ စကားလုံးလှလှတွေ သုံးနေပါစေ အပိုပါပဲ... ငါ သတ်မယ်လို့ ဆုံးဖြတ်ထားတဲ့လူကတော့ အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး... ဘယ်သူမှလည်း တားနိုင်မှာ မဟုတ်ဘူး... မင်းအပါအဝင်ပေါ့...”

ရှုတောက်ယန်က အားပါးတရ အော်ဟစ်ရယ်မောလိုက်၏။ သူ၏အသံမှာ မိုးခြိမ်းသံအလား ကောင်းကင်ယံကို တုန်ခါသွားစေတော့၏။ သူသည် ဟင်းလင်းပြင်၌ မောက်မာစွာ ရပ်နေခဲ့ပြီး လောကကြီးကို အပေါ်စီးမှ ကြည့်နေသည့်နှယ် ရှိနေ၏။ သူက လော့ချန်ကို လက်ညှိုးညွှန်ပြကာ လျိုချင်းယွီကို ဆိုလိုက်၏။

“သူ ဒီနေ့ သေကို သေရမယ်... ငါ မင်းကို တစ်ခွန်းပဲ မေးမယ်... ဖယ်ပေးမလား မဖယ်ဘူးလား...”

အခန်း ၆၉၈ ပြီးပါပြီ။

အခန်း ၆၉၉ - ငါ့ကိုတားတဲ့သူ သေရမယ်... မဟာလမ်းစဉ်... မဟာလမ်းစဉ်...

ရှုတောက်ယန်သည် စီနီယာ လျိုချင်းယွီကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးကိုယ်ပေါ်မှ အရှိန်အဝါများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ ကောင်းကင်ယံ၌ နေမင်းကြီးတစ်စင်း ထွန်းလင်းနေသည့်နှယ် ပြင်းထန်လှသော အရှိန်အဝါမှာ တစ်လောကလုံးကို ဝါးမြိုတော့မည့်နှယ် ရှိနေတော့သည်။ ရောက်ရှိနေသူအားလုံးမှာ မိမိတို့ကိုယ်မိမိ ပုကွသွားသည့်နှယ် ခံစားလိုက်ရပြီး တိုက်ရိုက်ရိုက်ခတ်လာသော ပူပြင်းလှသော အရှိန်အဝါကြောင့် အသက်ရှူပင် ကျပ်သွားကြရသည်။

မဟာသန်မာသူအဆင့်ရှိ သန်မာသူများမှလွဲ၍ ကျန်ရှိနေသော လူအများစုမှာ အမှတ်မထင် အနောက်သို့ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်ခွာသွားကြရသည်။ အချို့မှာမူ ယွမ်ချွမ်မြို့အထက် ကောင်းကင်ယံအထိပင် ရောက်သွားကြတော့သည်။ သူတို့အားလုံးမှာ ရှုတောက်ယန်၏ ထိတ်လန့်စရာကောင်းလှသော အရှိန်အဝါကြောင့် ကြောက်ရွံ့နေကြသလို ကောင်းကင်နယ်ပယ် မဟာသန်မာသူ၏ ဒေါသသင့်မှာကိုလည်း စိုးရိမ်နေကြခြင်း ဖြစ်သည်။

“လျှပ်ယွမ်ဂိုဏ်းရဲ့ ထိပ်သီးတိုက်ရိုက်တပည့်ကြီးဆိုတာ တကယ်ပဲ မရိုးရှင်းဘူး...”

လော့ချန်၏ စိတ်အာရုံအတွင်း၌ ရွှေရောင်လှိုင်းလုံးများမှာ ငြိမ်သက်နေခဲ့ပြီး မည်သည့်ဖိနှိပ်မှုကိုမျှ မခံစားရသော်လည်း စိတ်ထဲမှမူ မချီးကျူးဘဲ မနေနိုင်ပေ။

“ငါ့ရဲ့ ဒီ ဂျူနီယာလေးက အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတာကလွဲရင် ကျန်တဲ့ကဏ္ဍစုံမှာတော့ အပြစ်ပြောစရာ မရှိအောင် ပြည့်စုံတာပဲ... စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း ရွယ်တူတွေထက် အများကြီး သာလွန်နေတယ်... ဒါကြောင့်လည်း ဆရာနဲ့ မဟာအကြီးအကဲ မင်ကျုံးတို့က သူ့ကို အထင်ကြီးနေကြတာ ဖြစ်မှာပါ...”

လော့ချန်မှာ တည်ငြိမ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည့်အခါ လျိုချင်းယွီမှာ အံ့ဩသွားရပြီး သူ့အပေါ်ထားရှိသော အထင်ကြီးမှုကို ပိုမိုမြှင့်တင်လိုက်မိသည်။ ရှုတောက်ယန်ကဲ့သို့သော ပုဂ္ဂိုလ်၏ရှေ့တွင် ဤမျှအထိ တည်ငြိမ်နိုင်ရန်မှာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ဦးအတွက် မလွယ်ကူလှပေ။

“ရှုတောက်ယန်... လော့ချန်က ငါ့ရဲ့ဆရာတူ ဂျူနီယာလေးပဲ... ဆရာက သူ့ကို ပြန်ခေါ်လာဖို့ ငါ့ကို မှာလိုက်တယ်... ဒါကြောင့် မင်းဘက်က အလျှော့ပေးလိုက်ရင် မကောင်းဘူးလား...”

လျိုချင်းယွီသည် အကြည့်ကို လွှဲလိုက်ပြီး ရှုတောက်ယန်ကို ပြုံးလျက် ကြည့်ကာ ဆိုလိုက်သည်။

“စကားတွေ အများကြီး ပြောမနေနဲ့...”

ရှုတောက်ယန်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ လေဟာနယ်မှာ အပိုင်းပိုင်း ပြိုကွဲသွားခဲ့ပြီး သူ၏အကြည့်များမှာ အေးစက်လှပေသည်။

“ငါ့ကိုတားတဲ့သူတိုင်း သေရမယ်...”

ရှုတောက်ယန်က တုံ့ပြန်လိုက်သည်။

“ဟဲဟဲ... တကယ့်ကို လေသံကြီးတာပဲ... ကြည့်ရတာ ဒီနေ့ မင်းက ငါတို့နှစ်ယောက်လုံးကို ဒီနေရာမှာ သတ်ပစ်ချင်နေတာလား...”

လျိုချင်းယွီက ခပ်ဖွဖွ ရယ်မောလိုက်သော်လည်း သူမ၏အသံမှာမူ အေးစက်စပြုလာခဲ့ပြီ ဖြစ်သည်။ သူမသည် ရွှမ်ယွမ်ဂိုဏ်း၏ တိုက်ရိုက်တပည့်ဆယ်ယောက်ထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သလို အဆင့်အတန်းလည်း မြင့်မားသူ ဖြစ်သည်။ ရှုတောက်ယန်၏ အကြိမ်ကြိမ် အထင်သေးမှုကို ခံလိုက်ရသည့်အခါ သူမ၏စိတ်ဓာတ် မည်မျှပင် ကောင်းမွန်ပါစေ ဒေါသထွက်လာရတော့သည်။

“ဟင်း... ငါ မလုပ်ရဲဘူးလို့ မင်း ထင်နေတာလား...”

ရှုတောက်ယန်၏မျက်ဝန်းအစုံမှ မီးလျှံအလင်းတန်းများ ပွင့်ထွက်လာခဲ့ပြီး ရှေ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။ သူ၏ခြေလှမ်းတိုင်းမှာ ကောင်းကင်ယံကို တုန်ခါသွားစေပြီး လျိုချင်းယွီထံသို့ တိုက်ရိုက် ဦးတည်လိုက်သည်။ ဟင်းလင်းပြင်၌ ရှိနေစဉ်မှာပင် သူသည် လော့ချန်ထံသို့ လက်သီးဖြင့် လှမ်း၍ ထိုးနှက်လိုက်တော့သည်။

“ဟိတ်ကောင်... ဒီနေ့တော့ မင်းကို ဘယ်သူမှကယ်နိုင်မှာ မဟုတ်ဘူး... သေစမ်း...”

လျိုချင်းယွီ၏ သေခြင်းရှင်ခြင်းကို သူ ဂရုမစိုက်ပေ။ လော့ချန် သေရမည်မှာသာ သူ၏အဓိကရည်မှန်းချက် ဖြစ်သည်။

“ဝုန်း...”

မီးလျှံအလင်းများ ဝင်းလက်သွားခဲ့ပြီး ကြီးမားလှသော မီးလျှံလက်သီးစွမ်းအင်တစ်ခုမှာ လော့ချန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ ၎င်းမှာ မိုးခြိမ်းသံအလား ပြင်းထန်လှပြီး ကောင်းကင်ယံ၌ မှောင်မိုက်သော လမ်းကြောင်းတစ်ခုကို ဖော်ဆောင်လိုက်တော့သည်။ အောက်ဘက်ရှိ တောင်တန်းများမှာလည်း ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ကျောက်တုံးများမှာလည်း ပြိုကျပျက်စီးကုန်တော့သည်။

“မင်း တော်တော် လွန်နေပြီနော်...”

လျိုချင်းယွီသည် အစောကြီးကတည်းက ပြင်ဆင်ထားပြီး ဖြစ်သဖြင့် သူမ၏ကိုယ်ပေါ်တွင် စိမ်းပြာရောင်အလင်းတန်းများ လည်ပတ်နေခဲ့သည်။ သူမ၏ကိုယ်ထည်မှာ ရေထဲရှိ ပုံရိပ်တစ်ခုအလား ဝေဝေဝါးဝါး ဖြစ်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လော့ချန်၏ရှေ့တွင် တားဆီးပေးလိုက်သည်။ သူမသည် ဖြူစင်လှသော လက်ဖဝါးကို ဆန့်ထုတ်ကာ ခပ်ဖွဖွ လှုပ်ရှားလိုက်၏။

“ရှူး...”

ကောင်းကင်ယံတစ်ခုလုံးမှာ ကျောက်တောင်ကြီးတစ်လုံး ကျဆင်းသွားသည့် ရေမျက်နှာပြင်နှယ် လှိုင်းတွန့်များ တစ်ဝိုင်းပြီးတစ်ဝိုင်း ထွက်ပေါ်လာခဲ့ပြီး ပြင်းထန်လှသော မီးလျှံလက်သီးစွမ်းအင်မှာလည်း တစ်ခဏအတွင်း အစအနမကျန် ချေမှုန်းခံလိုက်ရတော့သည်။

“မင်းက သေချင်နေမှတော့လည်း ငါက သေလမ်း ပို့ပေးရမှာပေါ့...”

ရှုတောက်ယန် ဒေါသတကြီး အော်ဟစ်လိုက်ပြီး လျိုချင်းယွီကို စိုက်ကြည့်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ကိုယ်ပေါ်မှ ပြင်းထန်လှသော မီးလျှံများမှာ ကောင်းကင်ယံသို့ ပျံ့နှံ့သွားတော့သည်။ ထိုမီးလျှံများမှာ ချီစွမ်းအင်ဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်များ မဟုတ်တော့ဘဲ အစစ်အမှန်အလား ခံစားရစေသည်။ ၎င်းတို့သည် ကောင်းကင်တစ်ခုလုံးကို မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်ပြီး လေဟာနယ်မှာလည်း တစီစီ မြည်သံများနှင့်အတူ လောင်ကျွမ်းနေတော့သည်။

“တကယ့်ကို သန်မာတဲ့ မီးဒြပ်စင်အနှစ်သာရပဲ... အစစ်အမှန်နယ်ပယ်ကို ရောက်နေပြီပေါ့...”

လျိုချင်းယွီ၏မျက်နှာမှာ ထိတ်လန့်မှုများ ပေါ်ထွက်လာသည်။ ရေလှိုင်းသံကြီးတစ်ခုနှင့်အတူ သူမ၏ပတ်ဝန်းကျင်၌ ကြည်လင်တောက်ပလှသော ရေလှိုင်းများ ဝန်းရံလာခဲ့ပြီး ၎င်းအတွင်း၌ ကြယ်ကိုးပွင့်မှာ လင်းလက်တောက်ပနေကြသည်။ သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ နူးညံ့လှသော စွမ်းအားတစ်ခုက လော့ချန်ကို မိုင်ပေါင်းများစွာ ဝေးရာသို့ တွန်းထုတ်ပေးလိုက်တော့သည်။

“ပျက်စီးစမ်း...”

တစ်ချိန်တည်းမှာပင် ရှုတောက်ယန်သည် ဖြန့်ထားသော လက်ချောင်းများကို ဟင်းလင်းပြင်၌ တင်းကျပ်စွာ ဆုပ်လိုက်သည်။

“ဝုန်း...”

ကောင်းကင်ယံရှိ မီးလျှံတိမ်တိုက်များမှာ အရှိန်အဟုန်ဖြင့် ကျုံ့ဝင်သွားခဲ့ပြီး မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လျိုချင်းယွီထံသို့ ကျဆင်းလာတော့သည်။ ထိုမီးလုံးကြီးမှာ ပြိုင်ဘက်ကင်းလှသော အလင်းတန်းများကို ထုတ်လွှတ်နေသဖြင့် တိုက်ရိုက်ကြည့်ရန်ပင် ခက်ခဲလှ၏။ ပေါက်ကွဲတော့မည့် နေမင်းငယ်လေးတစ်စင်းအလားပင် ဖြစ်နေတော့သည်။

“လည်ပတ်စမ်း...”

လျိုချင်းယွီ၏မျက်နှာမှာ လေးနက်နေခဲ့ပြီး သူမ၏ကိုယ်ပတ်လည်ရှိ ရေလှိုင်းများမှာ ကောင်းကင်သို့ ထိုးတက်သွားကာ အိမ်ကြီးအလား ကြီးမားလှသော ရေတိုင်ကြီးခြောက်တိုင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုရေတိုင်ကြီးများမှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေခဲ့ပြီး ၎င်းတို့၏အတွင်းရှိ လေဟာနယ်မှာလည်းကမောက်ကမ ဖြစ်သွားခဲ့ရာ ကောင်းကင်နှင့်မြေပြင်မှ တစ်သီးတခြား ဖြစ်နေသည့်နှယ်ကိုယ်ပိုင်နယ်မြေတစ်ခုကို ဖန်တီးလိုက်တော့သည်။

ထိုရေနယ်မြေ ဖြစ်ပေါ်လာသည့် ခဏမှာပင် မီးလုံးကြီးမှာ ကျဆင်းလာခဲ့သည်။

“ဝုန်း...”

မီးလုံးကြီး ပေါက်ကွဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး တုန်လှုပ်သွားတော့သည်။ ကောင်းကင်ယံမှာ ပဲ့ကြွေသွားသော မှန်တစ်ချပ်နှယ် အပိုင်းပိုင်း ပြိုကွဲသွားခဲ့ပြီး ပြင်းထန်လှသော မီးလျှံရိုက်ခတ်မှုများမှာ ရေဝဲကြီး၏လည်ပတ်မှုကြောင့် အနောက်သို့ ပြန်လည် လွင့်စင်သွားကြရသဖြင့် မူလအစွမ်းကို အပြည့်အဝ မထုတ်ဖော်နိုင်ဘဲ ဖြစ်နေတော့သည်။

လွင့်စင်သွားသော မီးလျှံအရှိန်အဝါများမှာ မြေပြင်သို့ ကျဆင်းသွားခဲ့ရာ မြေပြင်တစ်ခုလုံး တုန်လှုပ်သွားရသည်။ တောင်တန်းများမှာ ထိတ်လန့်စရာကောင်းလှသော အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာခဲ့ပြီး တောင်ကိုယ်ထည်များမှာလည်း ပြိုကျပျက်စီးကုန်တော့၏။ မီးလျှံများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေခဲ့ပြီးကမ္ဘာပျက်မည့် မြင်ကွင်းတစ်ခုအလား ရှိနေတော့သည်။

“တကယ်ကို သန်မာတာပဲ... ဒါက ထိပ်သီး ကောင်းကင်နယ်ပယ်မဟာသန်မာသူတွေရဲ့ တိုက်ပွဲပေါ့... သူတို့ရဲ့ အနှစ်သာရအငွေ့အသက်တွေကတင် ငါ့ထက် အဆပေါင်း ရာနှင့်ချီပြီး သာလွန်နေတာပဲ...”

မိုင်အနည်းငယ် အကွာတွင် လော့ချန်၏ကိုယ်ပေါ်မှ ကာကွယ်ရေးချီစွမ်းအင်များမှာ ပြင်းထန်စွာ ဆူပွက်နေခဲ့ပြီး သူ၏စိတ်အာရုံမှာလည်း တုန်လှုပ်နေမိသည်။ အရင်တစ်ခါ ယင်းလီနှင့် သွေးမိစ္ဆာဂိုဏ်းမှ သန်မာသူတို့ တိုက်ခိုက်စဉ်က သူသည် ကြည့်ရှုရန် အချိန်မရှိခဲ့ပေ။ ယခုမှာမူ သူသည် ထိပ်သီး ကောင်းကင်နယ်ပယ်မဟာသန်မာသူနှစ်ဦး၏ တိုက်ပွဲကို အနီးကပ် မြင်တွေ့နေရခြင်း ဖြစ်သည်။

‘ငါ ဘယ်တော့မှ ဒီအဆင့်ကို ရောက်နိုင်မှာလဲ...’

လော့ချန်သည် မိမိကိုယ်မိမိ သေးငယ်လွန်းလှသည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း သူသည် ထိုခံစားချက်ကြောင့် စိတ်ဓာတ်ကျသွားခြင်း မရှိပေ။ ဤအတွေးမှာ သူ ပိုမိုသန်မာလာစေရန်အတွက် တွန်းအားတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး နောင်တစ်ချိန်တွင် ထိုသူများနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ပိုမိုကြိုးစားရမည်ဖြစ်ကြောင်း သူ သိလိုက်ရသည်။

မိမိသည် သူတစ်ပါး၏သတ်ဖြတ်ခြင်းကို ခံရမည့် ပုရွက်ဆိတ်လေးတစ်ကောင် မဖြစ်စေရ။

“ဝုန်း...”

ကောင်းကင်ယံရှိ မီးလျှံများနှင့် ရေလှိုင်းများမှာ ပေါက်ကွဲသွားခဲ့ပြီး လျိုချင်းယွီ၏ကိုယ်ထည်မှာ ဟင်းလင်းပြင်၌ မီတာတစ်ထောင်ခန့် အနောက်သို့ လွင့်စင်သွားရသည်။

“မင်းရဲ့ မီးဒြပ်စင်အနှစ်သာရက တကယ့်ကို ထူးခြားတာပဲ... အစစ်အမှန်အနှစ်သာရအစပျိုးမှုကိုတောင် ရနေပြီဆိုတော့ မင်းက မဟာလမ်းစဉ်ဆီကို တကယ်ပဲ လှမ်းတက်နေပြီပေါ့...”

လျိုချင်းယွီက မျက်မှောင်ကြုတ်လျက် ရှုတောက်ယန်ကို လှမ်းကြည့်လိုက်သည်။ တစ်ဖက်နှင့်တစ်ဖက် ရန်ဘက်ဖြစ်နေကြသော်လည်း လျိုချင်းယွီ၏စိတ်ထဲမှမူ ရှုတောက်ယန်ကို အားကျမိနေသည်။ မဟာလမ်းစဉ်သို့ တက်လှမ်းနိုင်မှသာ တာယွဲ့မင်းဆက်၏ အထွတ်အထိပ်အဆင့်တွင် ပါဝင်နိုင်မည် ဖြစ်သလို ကျင့်ကြံမှုလောက၏ နယ်ပယ်သစ်တစ်ခုကိုလည်း မြင်တွေ့နိုင်မည် မဟုတ်ပါလော။

၎င်းမတိုင်ခင်အထိ သွေးကြောနိုးကြားမှုနယ်ပယ် ဖြစ်စေ၊ ကောင်းကင်နယ်ပယ်မဟာသန်မာသူဖြစ်စေ ကျင့်ကြံမှုလောက၏ အောက်ခြေအဆင့်တွင်သာ ရှိနေကြသေးပြီး တွင်းထဲမှ ဖားသူငယ်များနှယ်ကိုယ်ပိုင်ကမ္ဘာလေးထဲမှာသာ ပျော်မွေ့နေကြသူများ ဖြစ်ကြ၏။ ကျယ်ပြောလှသော ကျင့်ကြံမှုလောကကြီး၏ အလှတရားကို မမြင်နိုင်ကြသေးပေ။

ကံမကောင်းသည်မှာ လျိုချင်းယွီသည် ထိပ်သီး ကောင်းကင်နယ်ပယ်မဟာသန်မာသူအဖြစ် ရောက်ရှိနေသည်မှာ နှစ်အတော်ကြာပြီဖြစ်သော်လည်း အစစ်အမှန်အနှစ်သာရ၏ သဲလွန်စကို မြူတစ်မှုံစာမျှပင် မထိတွေ့နိုင်သေးခြင်းပင်။ စီနီယာများ၏ အတွေ့အကြုံအရ အသက် ၄၀ မတိုင်ခင် မဟာလမ်းစဉ်သို့ မတက်လှမ်းနိုင်ပါက တစ်သက်လုံး မျှော်လင့်ချက် မရှိတော့ဟု ဆိုကြသည်။

“ငါ ပြောခဲ့သားပဲ... မင်း ငါ့ကို မတားနိုင်ဘူးလို့...”

ရှုတောက်ယန်သည် ဟင်းလင်းပြင်၌ မောက်မာစွာ ရပ်နေခဲ့ပြီး သူ၏မျက်ဝန်းအတွင်း၌ တောက်ပလှသော မီးလျှံအလင်းများမှာ မြေပြင်ကိုပင် လောင်ကျွမ်းစေနိုင်သည့်နှယ် ရှိနေသည်။

“အဲဒီလိုတော့လည်း မဟုတ်လောက်ပါဘူး...”

လျိုချင်းယွီက အေးဆေးစွာပင် ပြန်လည် တုံ့ပြန်လိုက်သည်။ သူမ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ရေလှိုင်းများ တုန်ခါသွားခဲ့ပြီး ရေတိုင်ကြီးကိုးတိုင်မှာ သူမ၏ကိုယ်ပတ်လည်၌ ထွက်ပေါ်လာခဲ့သည်။ ထိုရေတိုင်များပေါ်တွင် စိမ်းပြာရောင်အလင်းတန်းများ ဖုံးလွှမ်းနေခဲ့ပြီး ကျောက်စိမ်းအလား တည်မြဲနေကာ အရပ်မျက်နှာအားလုံးကို ထိန်းချုပ်ထားတော့သည်။ ထိုအချိန်မှာပင် လော့ချန်၏နားထဲသို့ လျိုချင်းယွီ၏ စိုးရိမ်စိတ်အနည်းငယ် ပါဝင်နေသော အသံမှာ တိုက်ရိုက် ရောက်ရှိလာသည်။

‘ဂျူနီယာလေး... ဒီလူက အစစ်အမှန်အနှစ်သာရကို စတင် ထိတွေ့နေပြီမို့ ငါ သူ့ကို မယှဉ်နိုင်ဘူး... အခု ငါက သူ့ကို အစွမ်းကုန် တားဆီးထားပေးမယ်... မင်း အခုချက်ချင်း ဒီနေရာကနေ ပြေးတော့...’

လျိုချင်းယွီ၏မျက်နှာမှာမူ တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့်အမူအရာမျှ ပြောင်းလဲခြင်း မရှိပေ။

“အချည်းနှီးတွေ ကြိုးစားမနေနဲ့တော့... ငါ ပြောပြီးပြီပဲ သူ ဒီနေ့ သေကို သေရမယ်လို့... ဘယ်သူမှကယ်လို့မရဘူး... ငါ့ရဲ့ နောက်ထပ် တိုက်ကွက်တစ်ခုကို မြည်းကြည့်စမ်း...”

သို့သော်လည်း ရှုတောက်ယန်မှာမူ ချီစွမ်းအင်တုန်ခါမှုများမှတစ်ဆင့် တစ်စုံတစ်ခုကို သတိထားမိသွားသဖြင့် အေးစက်စွာ ဆိုလိုက်သည်။ ရှုတောက်ယန်၏ကိုယ်ထည်မှာ တုန်ခါသွားခဲ့ပြီး ပြင်းထန်လှသော ချီစွမ်းအင်များမှာ ပိုမို ကြီးမားလာကာ မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

“မီးလျှံဝံပုလွေ ပျက်စီးခြင်း...”

“ဝူး... ဝူး... ဝူး...”

ရှုတောက်ယန်က လက်ဖဝါးဖြင့် လှမ်း၍ ဖိနှိပ်လိုက်သည်နှင့် ထိုမီးပင်လယ်ကြီးမှာ အိမ်တစ်လုံးအလား ကြီးမားလှသော မီးဝံပုလွေကြီးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး လျိုချင်းယွီထံသို့ ရူးသွပ်စွာ ပြေးဝင်သွားကြတော့သည်။ ထို မီးဝံပုလွေကြီးများမှာ သွေးဆာနေသည့် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့ပြီး အသက်ဝင်နေကြ၏။ သက်မဲ့ပုံရိပ်ယောင်များ မဟုတ်တော့ပေ။

“ရေအကာအရံ ဒိုင်းလွှာ... လည်ပတ်စမ်း...”

လျိုချင်းယွီသည် အနည်းငယ်မျှ ပေါ့ဆခြင်း မရှိဘဲ ရေတိုင်ကြီးကိုးတိုင်ကို ကောင်းကင်သို့ ထိုးတက်စေလိုက်သည်။ ၎င်းမှာ အထက်သို့ ဆန်တက်နေသော ရေဝဲကြီးတစ်ခုအလား ရှိနေခဲ့ပြီး အရှိန်အဟုန်ဖြင့် လည်ပတ်လျက် ပြင်းထန်လှသော ဆွဲငင်အားများဖြင့် အရပ်မျက်နှာအနှံ့ကို လွှမ်းမိုးလိုက်တော့သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ကြီးမားလှသော မီးဝံပုလွေကြီးများမှာ တစ်ကောင်ပြီးတစ်ကောင် ရှေ့သို့ တိုးဝင်လာကြပြီး အဆက်မပြတ် ပေါက်ကွဲကုန်ကြသည်။ ရေဝဲကြီးမှာ ပြင်းထန်စွာ တုန်ခါနေခဲ့ပြီး ထွက်ပေါ်လာသော ရိုက်ခတ်မှုများကြောင့် မြေပြင်မှာလည်း တို့ဖူးတစ်ခုအလား အပိုင်းပိုင်း ပြိုကွဲပျက်စီးကုန်တော့သည်။ ရှုတောက်ယန်မှာမူ လျိုချင်းယွီကို အပြတ်အသတ် ဖိနှိပ်ထားနိုင်သည့်ပြင် တစ်ချိန်တည်းမှာပင် အားအင်များ ပိုလျှံနေဆဲပင်။

“မင်းကို ဘယ်သူမှ မကယ်နိုင်ဘူးလို့ ငါ ပြောခဲ့တယ် မဟုတ်လား... သေစမ်း...”

ရှုတောက်ယန်၏အေးစက်လှသော အကြည့်များမှာ လော့ချန်ထံသို့ ရုတ်တရက် ကျရောက်သွားတော့သည်။

“ဝူး...”

မီးဝံပုလွေကြီးတစ်ကောင်မှာ ဟိန်းဟောက်လျက် ထွက်ပေါ်လာခဲ့ပြီး မိုင်ပေါင်းများစွာကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်ကာ ကြီးမားလှသော ပါးစပ်ကြီးကို ဖြဲလျက် လော့ချန်ထံသို့ တိုက်ရိုက် ခုန်အုပ်လိုက်တော့သည်။

အခန်း ၆၉၉ ပြီးပါပြီ။

All Chapters