အခန်း (၇၀၀-၇၀၂)
Vol. 47 Ch. 700-702
အခန်း ၇၀၀ - မင်း သူ့ကို ထိလို့မရဘူး
“မကောင်းတော့ဘူး...”
ရှုတောက်ယန်က လော့ချန်ကို တိုက်ခိုက်လိုက်သည်ကို မြင်လိုက်ရသည့်အခါ စီနီယာ လျိုချင်းယွီ စိတ်ထဲမှ မကောင်းသောနိမိတ်ကို ခံစားလိုက်ရသည်။ သူမ၏ညနူးညံ့လှသောမျက်နှာမှာ အေးစက်တင်းမာသွားခဲ့ပြီးကိုယ်ပတ်လည်ရှိ ရေဒြပ်စင်ချီစွမ်းအင်များမှာ ပြင်းထန်စွာ ဆူပွက်လာတော့သည်။ ရေတိုင်ကြီးကိုးတိုင်မှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေခဲ့ပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာလည်း အပိုင်းပိုင်း ပြိုကွဲပျက်စီးကုန်တော့သည်။
ကြီးမားလှသော မီးဝံပုလွေကြီးများမှာ အဆက်မပြတ် ပေါက်ကွဲနေကြသည်။ သို့သော်လည်း ရှုတောက်ယန်၏တိုက်စစ်မှာ ပိုမိုပြင်းထန်လှပေသည်။ မီးဝံပုလွေကြီးများမှာ တစ်ကောင်ပြီးတစ်ကောင် ရှေ့သို့ တိုးဝင်လာကြပြီး ရှုတောက်ယန်သည် အစစ်အမှန်အနှစ်သာရ၏ သဲလွန်စအချို့ကို နားလည်ထားသူဖြစ်ရာ ထိုမီးဝံပုလွေများမှာ အသက်ဝင်နေသည့်နှယ် ရှိနေကြသည်။ ၎င်းတို့သည် ရေတိုင်လုံးကြီးများ၏ အားနည်းချက်ကို အဆက်မပြတ် တိုက်ခိုက်နေကြသဖြင့် ရေတိုင်ကြီးကိုးတိုင်မှာ လှိုင်းတံပိုးများ ထွက်ပေါ်နေခဲ့ပြီး ရေပန်းများလည်း အရပ်မျက်နှာအနှံ့ ပွင့်ထွက်နေတော့သည်။
တစ်ခဏအတွင်း လျိုချင်းယွီမှာ လုံးဝ လွတ်မြောက်နိုင်စွမ်းမရှိဘဲ လော့ချန်ထံသို့ တိုက်ရိုက် ပြေးဝင်သွားသော မီးဝံပုလွေကြီးကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေရတော့သည်။
“ပြီးသွားပြီ...”
ယိုကွမ်းမင်းသမီးက ခပ်ဖွဖွ ခေါင်းခါလိုက်သည်။ အခြေအနေမှာ အဖြေထွက်သွားပြီဟု သူမ ယူဆလိုက်သည်။ လျိုချင်းယွီနှင့် ရှုတောက်ယန်တို့ကြားတွင် အဆင့်အတန်းတစ်ခု သိသိသာသာ ကွာခြားနေသဖြင့် သူမသည် တစ်ဖက်လူကို လုံးဝ တားဆီးနိုင်စွမ်း မရှိပေ။ လော့ချန်မှာမူ ထိပ်သီး ကောင်းကင်နယ်ပယ်မဟာသန်မာသူတစ်ဦး၏ရှေ့တွင် မြေမှုန့်တစ်မှုံအလား သေးငယ်လွန်းလှ၏။ လက်ဖျစ်တစ်ချက် တီးလိုက်ရုံနှင့်ပင် အစအနမကျန် ပျောက်ကွယ်သွားမည်ဖြစ်ရာ အသက်ရှင်ဖို့ လမ်းစ မြူတစ်မှုံစာမျှပင် မရှိတော့ပေ။
တိုက်ရိုက် ပြေးဝင်လာသော မီးဝံပုလွေကြီးကို ရင်ဆိုင်နေရစဉ် လော့ချန်၏နှလုံးခုန်သံမှာလည်း အမှတ်မထင် မြန်ဆန်လာခဲ့သည်။ သို့သော်လည်း သူ၏အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့်ထိတ်လန့်မှုမျှ မရှိပေ။ စီနီယာယင်းလီနှင့် ပထမမင်းသားတို့ ဤနေရာတွင် ရှိနေကြသည်ဖြစ်ရာ သူတို့ ဘေးကနေ ထိုင်ကြည့်နေလိမ့်မည် မဟုတ်မှန်း သူ သိပေသည်။ အဆိုးဆုံးအခြေအနေကို တွေးကြည့်လျှင်ပင် သူတို့နှစ်ဦးကကယ်တင်ခြင်း မပြုခဲ့ပါကလည်း သူ၏လက်ထဲတွင် ဖဲချပ်တစ်ခု ကျန်ရှိနေသေးသည်။ ၎င်းမှာ ဆရာဖြစ်သူ ပေးအပ်ထားသော အစစ်အမှန်ဖန်သားအမြုတေပင် ဖြစ်သည်။ ဤအမြုတေသည် မဟာသန်မာသူအဆင့်အောက်ရှိ မည်သည့်တိုက်ခိုက်မှုကိုမဆို တားဆီးနိုင်စွမ်း ရှိသည်။ ရှုတောက်ယန်မှာ မည်မျှပင် သန်မာပါစေ မဟာလမ်းစဉ်သို့ မတက်လှမ်းနိုင်သေးသရွေ့တော့ ဤအမြုတေက သူ့ကို ဘေးကင်းအောင် ကာကွယ်ပေးနိုင်မည်မှာ သေချာလှပေသည်။
“ချင်း...”
သေရမည့်အချိန်ကို ထိုင်စောင့်ဆိုင်းနေခြင်းမှာ လော့ချန်၏စရိုက်မဟုတ်ပေ။ ထို့အပြင် ထိပ်သီး ကောင်းကင်နယ်ပယ်မဟာသန်မာသူနှင့် မိမိကြား မည်မျှအထိ ကွာခြားသနည်းဆိုသည်ကိုလည်း သူ စမ်းသပ်လိုစိတ် ရှိနေသည်။ လော့ချန်သည် လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်ပြီး မီးလျှံကျောက်စိမ်းရတနာဓားကို အိမ်မှ ဆွဲထုတ်လိုက်သည်။ ပြင်းထန်လှသော ချီစွမ်းအင်များနှင့်အတူ ဓားဆန္ဒများကို ဓားသွားထက်သို့ ပုံအောထည့်လိုက်ရာ မီတာအတော်များများ ရှည်လျားသော သွေးရောင်ဓားအလင်းတန်းများ ပွင့်ထွက်လာတော့သည်။
“နတ်ဆိုးမုန်တိုင်း သတ်ဖြတ်ခြင်း... ကြယ်တာရာ ကြွေလွင့်ခြင်း... မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်း...”
လော့ချန်သည် သူ၏အသန်မာဆုံးသော ဓားကွက်သုံးကွက်ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။ လေပြင်းဓားအရှိန်အဝါများနှင့် မိုးကြိုးဓားအလင်းတန်းများ ပေါင်းစပ်သွားခဲ့ပြီး လေနှင့်တိမ်တိုက်များကို ဆူပွက်စေကာ မီးဝံပုလွေကြီးထံသို့ တိုက်ရိုက် ဦးတည် ပိုင်းဖြတ်လိုက်တော့သည်။
ဤမြင်ကွင်းကို ကြည့်ကာ လီရှောင်ဖုန်းက နှုတ်ခမ်းကို မဲ့လိုက်ပြီး အထင်သေးစွာ ဆိုလိုက်သည်။
“မဟာသန်မာသူကို ပြန်တိုက်ဖို့ ကြိုးစားနေတာလား... ပုရွက်ဆိတ်ကတော့ ပုရွက်ဆိတ်ပါပဲ...”
“ဝူး...”
မီးဝံပုလွေကြီးက ပါးစပ်ကို ဟလျက် ဟိန်းဟောက်လိုက်ပြီး ဓားအလင်းတန်းသုံးခုကို တစ်ခဏအတွင်း ဝါးမြိုပစ်လိုက်သည်။ အရှိန်မှာလည်း လျော့ကျသွားခြင်း မရှိဘဲ လော့ချန်ကိုပါ တစ်ပါတည်း ဝါးမြိုရန် တိုးဝင်လာတော့သည်။
လော့ချန် အံ့ဩခြင်း မရှိပေ။ မဟာသန်မာသူနှင့် မိမိကြား ကွာခြားချက်ကို သူ ပိုမို လေးနက်စွာ ခံစားလိုက်ရသည်။
“ဝှစ်...”
လော့ချန် မီးဝံပုလွေကြီး၏ဝါးမြိုခြင်းကို ခံရတော့မည့် အခိုက်အတန့်တွင် မနီးမဝေး၌ ရပ်နေသော ပထမမင်းသား ကျင်းထျန်တူသည် ခဏမျှ တွေဝေသွားပြီးနောက် လော့ချန်၏ရှေ့တွင် လျှပ်တပြက် ဝင်ရောက် တားဆီးပေးလိုက်သည်။ သူ၏သိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်ရာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ဝန်းရံလာခဲ့ပြီး ရောင်စဉ်များ ဖြာထွက်နေသည်။ ကောင်းကင်နှင့်မြေပြင် တစ်သားတည်းကျနေသည့်နှယ် ရှိနေပြီး နေနှင့်လကိုပင် ယှဉ်ပြိုင်နိုင်မည့် အရှိန်အဝါမျိုးမှာ တကယ့်ကို မောက်မာရဲတင်းလှပေသည်။ သူသည် လောကကြီးကို စိုးမိုးထားသည့် ဘုရင်တစ်ပါးအလား ရှိနေတော့သည်။
“သမုဒ္ဒရာကို ဖျက်ဆီးမယ့် လက်သီးစွမ်းအင်...”
ကျင်းထျန်တူက အသံကုန် အော်ဟစ်လိုက်ပြီး သူ၏အစွမ်းကုန် တိုက်ကွက်ကို ထုတ်ဖော်လိုက်တော့သည်။
“ဝုန်း...”
ကျယ်ပြောလှသော ရွှေရောင်အလင်းတန်းများမှာ မီးဝံပုလွေကြီးကို လုံးဝ ဖုံးလွှမ်းသွားခဲ့ပြီး နှစ်ခုစလုံးမှာ ပေါက်ကွဲသွားကြသည်။ ပြင်းထန်လှသော ရိုက်ခတ်မှုများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်လွင့်သွားတော့၏။
ကျင်းထျန်တူသည် ထိုအရှိန်ကို အသုံးချကာ လော့ချန်ကို ခေါ်ဆောင်လျက် မိုင်အနည်းငယ် ဝေးရာသို့ အနောက်သို့ ဆုတ်ခွာလိုက်သည်။ သူ၏မျက်နှာမှာ ဖြူလျော့နေခဲ့ပြီး အကြည့်များမှာလည်း အလွန်ပင် လေးနက်နေတော့သည်။ ဝေးရာမှ ကြည့်စဉ်ကတော့ မသိသာလှသော်လည်း တကယ်တမ်း လက်ရည်စမ်းလိုက်သည့်အခါမှ ရှုတောက်ယန်၏အစွမ်းမှာ မည်မျှအထိ သန်မာကြောင်း သူ ခံစားလိုက်ရသည်။ သာမန် တိုက်ကွက်တစ်ခုကတင် သူ့ကို တားဆီးရန် ခက်ခဲစေခဲ့ပြီး ထွက်ပေါ်လာသော အရှိန်ကြောင့်ပင် သွေးအန်ချင်စိတ်များ ပေါ်ပေါက်လာရသည်။ လျှပ်ယွမ်ဂိုဏ်း၏ ထိပ်သီးတိုက်ရိုက်တပည့်ကြီးဆိုသည်မှာ တကယ်ပဲ နာမည်နဲ့လိုက်အောင် အစွမ်းထက်လှပေသည်။
ရှုတောက်ယန်သည် တစ်စုံတစ်ယောက်က သူ့ကို ဆန့်ကျင်ရဲလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် မျက်ခုံးများ တွန့်ချိုးသွားခဲ့ပြီး အေးစက်လှသော အကြည့်များဖြင့် လှမ်းကြည့်ကာ ဆိုလိုက်သည်။
“ကျင်းထျန်တူ... မင်း ငါ့ကို တားရဲတယ်ပေါ့... မင်းတို့ တော်ဝင်မိသားစုက ငါတို့ လျှပ်ယွမ်ဂိုဏ်းရဲ့ ကိစ္စမှာ ဝင်ပါချင်တာလား...”
ရှုတောက်ယန်၏လေသံမှာ မြင့်မြတ်မောက်မာလှပြီး စကားလုံးတိုင်းမှာလည်း အေးစက်လွန်းလှသည်။ သူသည် တာယွဲ့မင်းဆက်၏ ပထမမင်းသား ကျင်းထျန်တူကိုပင် မြူတစ်မှုံစာမျှ မျက်စိထဲ ထည့်မထားပေ။ အမည်အားဖြင့်တော့ တာယွဲ့မင်းဆက် တော်ဝင်မိသားစုနှင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှာ အဆင့်အတန်း တူညီကြသည်။ ဟိုးယခင်ကဆိုလျှင် ဂိုဏ်းသုံးဂိုဏ်းမှာ တော်ဝင်မိသားစု၏ လက်အောက်တွင်ပင် ရှိခဲ့ကြသည်။ သို့သော်လည်း တော်ဝင်မိသားစုမှာ ဆုတ်ယုတ်လာခဲ့သည်မှာ ကြာပြီဖြစ်ရာ ယခုအခါတွင်မူ အစွမ်းမှာ ရွှမ်ယွမ်ဂိုဏ်းကိုပင် မမီတော့ပေ။ လျှပ်ယွမ်ဂိုဏ်းသည် တာယွဲ့မင်းဆက်၏ နံပါတ်တစ် ဂိုဏ်းအဖြစ် မိမိကိုယ်မိမိ သတ်မှတ်ထားသည်ဖြစ်ရာ တော်ဝင်မိသားစုကို မည်သို့ဖြင့် မျက်စိထဲ ထည့်ပါမည်နည်း။
“ဒီသေခြင်းရှင်ခြင်းတိုက်ပွဲကို အားလုံးလည်း မြင်တွေ့ခဲ့ကြတာပဲ... လော့ချန်မှာ ဘာအမှားမှ မရှိပါဘူး... လော့ချန်က ကျွန်တော့်ရဲ့ သူငယ်ချင်းပါ၊ တကယ်လို့ သူက စီနီယာ့ကို စော်ကားမိတာရှိရင် ကျွန်တော်ကပဲ သူ့ကိုယ်စား တောင်းပန်ပါရစေ... ဒီကိစ္စကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ကြရအောင်... မကောင်းဘူးလား...”
ကျင်းထျန်တူသည် သက်ပြင်းတစ်ချက်ကို အားပါးတရ ရှူလိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
“သူ့မှာ အမှားရှိသလား မရှိဘူးလားဆိုတာ မင်း ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး... ငါ ပြောပြီးပြီပဲ သူ ဒီနေ့ သေကို သေရမယ်လို့... မင်းက သူ့အတွက် ရှေ့ထွက်ပေးချင်တယ်ဆိုမှတော့ သေဖို့သာ ပြင်ထားလိုက်တော့...”
ရှုတောက်ယန်က မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ပေ။ စကားပြောနေစဉ်မှာပင် သူ၏မျက်ဝန်းအစုံမှ အလင်းတန်းများ ဝင်းလက်လာခဲ့ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကျယ်ပြောလှသော မီးလျှံများ ပြန့်လွင့်သွားခဲ့ပြီး ကောင်းကင်တစ်ခုလုံးကို လောင်ကျွမ်းစေတော့သည်။
“ရှုတောက်ယန်... မင်း လုပ်ရဲလား...”
ကျင်းထျန်တူ မထင်ထားခဲ့သည်မှာ ရှုတောက်ယန်သည် သူ့ကိုတင်မကဘဲ တော်ဝင်မိသားစုကိုပါ လုံးဝ မျက်စိထဲ မထည့်ဘဲ တိုက်ခိုက်ရန် ပြင်လိုက်ခြင်းပင် ဖြစ်သည်။ သူသည် လော့ချန်ကို ခေါ်ဆောင်ကာ အမြန်ဆုံး အနောက်သို့ ဆုတ်ခွာလိုက်တော့သည်။
“ဟင်း... ဘာလို့ မလုပ်ရဲရမှာလဲ... ဒါက မင်းကိုယ်တိုင် ရှာတဲ့ ဒုက္ခပဲ... မင်းကို သတ်လိုက်ရင်လည်း မင်းတို့ တော်ဝင်မိသားစုက ငါတို့ လျှပ်ယွမ်ဂိုဏ်းကို စစ်ကြေညာရဲလိမ့်မယ်လို့ ထင်နေတာလား...”
ရှုတောက်ယန်က အေးစက်စွာ ရယ်မောလိုက်ပြီး မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။ ကောင်းကင်ယံ၌ မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုမီးပင်လယ်ကြီးမှာ မီးဝံပုလွေအကောင်ပေါင်း ဆယ်နှင့်ချီ၍ ပြောင်းလဲသွားခဲ့သည်။ ပူပြင်းလှသော အပူရှိန်ကြောင့် လေဟာနယ်မှာ ဆူပွက်လာခဲ့ပြီး လျှပ်စီးတန်းများအလား မြန်ဆန်လှသော အရှိန်ဖြင့် ကျင်းထျန်တူတို့နှစ်ဦးထံသို့ ပြေးဝင်သွားကြတော့သည်။ လမ်းတစ်လျှောက်ရှိ လေထုမှာ လောင်ကျွမ်းသွားခဲ့ပြီး တောင်တန်းများမှာလည်း ပြိုကျပျက်စီးကုန်တော့သည်။
ရှုတောက်ယန်သည် ဤတိုက်ကွက်က လော့ချန်ကို အစအနမကျန် ချေမှုန်းနိုင်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေသည်။ ကျင်းထျန်တူ အတွက်ဆိုလျှင်တော့ အခုချက်ချင်းသာ ထွက်ပြေးမည်ဆိုပါက အသက်ရှင်ဖို့ လမ်းစ ရှိနိုင်သော်လည်း မဟုတ်ပါက သေလမ်းကလွဲ၍ အခြားမရှိသည်မှာ သေချာလှပေသည်။
ကျင်းထျန်တူ၏မျက်နှာမှာ အလွန်ပင် ညှိုးနွမ်းနေခဲ့သည်။ လျှပ်ယွမ်ဂိုဏ်းကလူတွေ မောက်မာမှန်း သူ သိသော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့ တော်ဝင်မိသားစုကိုပင် လုံးဝ မျက်စိထဲ မထည့်ကြသည်မှာ တကယ့်ကို ဆိုးရွားလှပေသည်။
မီးဝံပုလွေအုပ်ကြီးမှာ တစ်ဟုန်ထိုး တိုးဝင်လာသည်ကို မြင်လိုက်ရသည့်အခါ လော့ချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး အစစ်အမှန်ဖန်သားအမြုတေကို ထုတ်ယူရန် ပြင်လိုက်စဉ်မှာပင် သူ၏အကြည့်များမှာ လှုပ်ရှားသွားခဲ့ပြီး အမူအရာမှာလည်း ပေါ့ပါးသွားကာ တီးတိုးရေရွတ်လိုက်၏။
“နောက်ဆုံးတော့ ထွက်လာပြီပဲ... ငါကတော့ ဘေးမှာပဲ အမြဲတမ်း ထိုင်ကြည့်နေတော့မလို့လားလို့ ထင်နေတာ...”
“ဟူး...”
ဝေဝေဝါးဝါးမှာပင် ကောင်းကင်နှင့်မြေပြင်၌ အေးစက်လှသော လေပြင်းများ တိုက်ခတ်သွားခဲ့သည်။ ရောက်ရှိနေသူအားလုံးမှာ တစ်ခဏအတွင်း အေးစိမ့်သွားသည့် ခံစားချက်ကို ရလိုက်ကြပြီး ပူပြင်းလှသော နွေရာသီမှ အေးစက်လှသော ဆောင်းရာသီသို့ ချက်ချင်း ရောက်ရှိသွားသည့်နှယ် ခံစားလိုက်ရတော့သည်။ ကောင်းကင်ယံ၌ နှင်းပွင့်များမှာ အရှိန်အဟုန်ဖြင့် ဝဲလွင့်လာခဲ့ပြီး တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းသွားတော့သည်။
ဟုန်းဟုန်းတောက်နေသော မီးလျှံတိမ်တိုက်များမှာလည်း တစ်ခုပြီးတစ်ခု ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။ ထိုနှင်းပွင့်များမှာ မီးဝံပုလွေကြီးများ၏ကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ မီးလျှံများကို ရေခဲတုံးကြီးများအဖြစ် တစ်ခဏအတွင်း ပြောင်းလဲပစ်လိုက်တော့သည်။ ၎င်းတို့သည် အောက်ဘက်သို့ ကျဆင်းသွားကြပြီး မြေပြင်နှင့် ထိမှန်သွားသည့်အခါ အပိုင်းပိုင်း ပြိုကွဲသွားကြကာ စင်ကြယ်လှသော ကောင်းကင်နှင့်မြေပြင်ချီစွမ်းအင်များအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားကြတော့သည်။
“နှင်းခဲအနှစ်သာရ အငွေ့အသက်...”
ရှုတောက်ယန်သည် မျက်မှောင်ကြုတ်လိုက်ပြီး နှင်းပွင့်များ၏ ဗဟိုချက်ဆီသို့ လှမ်းကြည့်လိုက်သည်။ နှင်းပွင့်များကြားတွင်ကိုယ်ဟန်လှပသည့် အမျိုးသမီးပုံရိပ်တစ်ခု လော့ချန်တို့နှစ်ဦး၏ရှေ့တွင် တားဆီးပေးလိုက်သည်။ သူမ၏ဝတ်စုံစများမှာ လေထဲတွင် လွင့်နေခဲ့ပြီးကိုယ်ဟန်မှာ ဝေဝေဝါးဝါး တင့်တယ်လှပေသည်။ ဆံနွယ်နက်များမှာ လေထဲတွင်ကခုန်နေခဲ့ပြီး လှပလွန်းလှသဖြင့် နတ်သမီးတစ်ပါး ဆင်းသက်လာသည့်နှယ်ပင်။
စီနီယာယင်းလီ၏ အကြည့်များမှာ အေးစက်လှပေသည်။
“ရှုတောက်ယန်... အရာအားလုံးက သူ့အတိုင်းအတာနဲ့သူ ရှိရမယ်လေ... မင်းက လျှပ်ယွမ်ဂိုဏ်းရဲ့ ထိပ်သီးတိုက်ရိုက်တပည့်ကြီး တစ်ယောက်မဟုတ်လား... စိတ်ဓာတ်က ဒီထက်မက ကျယ်ပြန့်သင့်တာပေါ့... ဒီလောက်နဲ့ပဲ လက်စသတ်လိုက်တာ ပိုကောင်းပါလိမ့်မယ်...”
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရောက်ရှိနေသူအားလုံးမှာ အံ့ဩသွားကြသည်။ အထူးသဖြင့် ရွှမ်ယွမ်ဂိုဏ်းတပည့်များပင် ဖြစ်သည်။
စီနီယာ ကျူးလင်မေ့သည် မျက်လုံးများကို ပြူးလျက် ဆိုလိုက်သည်။
“မဖြစ်နိုင်တာ... လော့ရှာဂိုဏ်းရဲ့ တိုက်ရိုက်တပည့် စီနီယာယင်းလီတောင် လော့ချန်အတွက် ရှေ့ထွက်ပြောပေးတာလား... သူတို့ကြားမှာ အဲဒီလောက်အထိ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာလား...”
စီနီယာ ဖန်ယွဲ့ယန်လည်း အလွန်ပင် အံ့ဩသွားရသည်။ ပထမဦးဆုံးက ပထမမင်းသား ကျင်းထျန်တူ ဖြစ်သည်။ သူသည် စီနီယာ ရှုတောက်ယန်ကို ရန်စရမည်ကိုပင် ဂရုမစိုက်ဘဲ လော့ချန်ကိုကယ်တင်ရန် ရှေ့ထွက်ခဲ့သည်။ ယခုအခါတွင်မူ လော့ရှာဂိုဏ်း၏တိုက်ရိုက်တပည့် စီနီယာယင်းလီကိုယ်တိုင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ဤလူများမှာ တာယွဲ့မင်းဆက်၏ နာမည်ကျော် ပါရမီရှင်များ ဖြစ်ကြရာ မည်သူမဆို သိကျွမ်းခွင့်ရရန် ခက်ခဲလှသည်မဟုတ်ပါလော။
“ဝှစ်...”
ထိုအချိန်မှာပင် စီနီယာ လျိုချင်းယွီသည် ပိတ်ဆို့မှုများကို ထိုးဖောက်ကာ လော့ချန်၏ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ရှုတောက်ယန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။ ရှုတောက်ယန်ကတော့ ဂရုမစိုက်ဘဲ စီနီယာယင်းလီကို ကြည့်ကာ မျက်ဝန်းများအတွင်း၌ နူးညံ့လှသော အကြည့်များဖြင့် အလွန်ပင် စိတ်ရှည်ဟန် ပြသလိုက်သည်။ သူသည် တားဆီးခံလိုက်ရသဖြင့် စိတ်ဆိုးခြင်း မရှိဘဲ ဆိုလိုက်သည်။
“ယင်းလီ... ဒါက ငါတို့ လျှပ်ယွမ်ဂိုဏ်းနဲ့ ရွှမ်ယွမ်ဂိုဏ်းကြားက ကိစ္စလေ... ငါတို့ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ရန်ငြိုးတွေအကြားမှာ မင်းတို့ လော့ရှာဂိုဏ်းက အမြဲတမ်း ဘေးကနေပဲ ကြည့်နေခဲ့တာ မဟုတ်လား... ဒီကိစ္စမှာ ဝင်မပါတာ ပိုကောင်းပါလိမ့်မယ်... ဒီကိစ္စ ပြီးသွားတဲ့အခါကျရင် ငါတို့ အတူတူ သွေးမိစ္ဆာကို ရှာကြပြီး မဟာလမ်းစဉ်ကို အတူတူ လေ့လာကြတာပေါ့...”
စီနီယာယင်းလီက ခပ်ဖွဖွ ခေါင်းခါပြလိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
“မင်းတို့ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ရန်ငြိုးတွေအပေါ်မှာ ငါ စိတ်မဝင်စားပါဘူး... ဒါပေမဲ့... မင်း သူ့ကို ထိလို့မရဘူး...”
ယင်းလီက လော့ချန်ကို လက်ညှိုးညွှန်ပြကာ ဆိုလိုက်သည်။
အခန်း ၇၀၀ ပြီးပါပြီ။
အခန်း ၇၀၁ - ထိပ်သီး ကောင်းကင်နယ်ပယ်မဟာသန်မာသူတို့၏ တိုက်ပွဲ... မြို့ရိုးပြိုပျက်ခြင်း
စီနီယာယင်းလီ၏စကားလုံးများမှာ အေးဆေးတည်ငြိမ်လှသော်လည်း မည်သူမျှ ငြင်းဆန်၍မရသော ပြတ်သားမှုနှင့် ဂရုမစိုက်မှုတို့ ကိန်းအောင်းနေတော့သည်။
ဤစကားကို ကြားလိုက်ရသည့်အခါ ရောက်ရှိနေသူအားလုံးမှာ မှင်တက်မိသွားကြရသည်။ လော့ရှာဂိုဏ်း၏ တိုက်ရိုက်တပည့် ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော စီနီယာယင်းလီကိုယ်တိုင် ဤကိစ္စတွင် ဝင်ပါလာလိမ့်မည်ဟု လူအများစုက ထင်မှတ်မထားခဲ့ကြသလို သူမ၏သဘောထားမှာလည်း အလွန်ပင် ပြတ်သားလွန်းလှပေသည်။
“စိတ်ဝင်စားစရာပဲ... ဒီလူနှစ်ယောက်ထဲက ဘယ်သူက ပိုပြီး အစွမ်းထက်မလဲဆိုတာ မသိဘူး...”
ယိုကွမ်းမင်းသမီးသည် စီနီယာယင်းလီနှင့် စီနီယာ ရှုတောက်ယန်တို့ကို ကြည့်ကာ သူမ၏မျက်ဝန်းများအတွင်း၌ လျှပ်စီးတန်းများ ဝင်းလက်နေခဲ့ပြီး လှပလှသော မျက်နှာထက်တွင်လည်း စိတ်ဝင်တစားရှိသည့် အမူအရာများ ပေါ်ထွက်နေတော့သည်။ လီရှောင်ဖုန်းကတော့ အလွန်ပင် စိတ်မကြည်မလင် ဖြစ်နေခဲ့သည်။ သူက အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်ကာ ဒေါသတကြီး ဆိုလိုက်၏။
“ဒီလူတွေက ဘာလို့ ဒီလောက်တောင် အလုပ်ရှုပ်နေကြတာလဲ... အဲဒီအသုံးမကျတဲ့ကောင်ကို သေခိုင်းလိုက်ရင် ပြီးနေတာပဲကို...”
ယွမ်လန်ဂေဟာ၌ အကြီးအကျယ် အရှက်ရခဲ့သဖြင့် လီရှောင်ဖုန်းသည် လော့ချန်ကို အခုချက်ချင်း သေစေချင်နေခြင်း ဖြစ်သည်။ အကယ်၍ ဤနေရာတွင် လူအများအပြား ရှိမနေပါက သူကိုယ်တိုင်ပင် လော့ချန်ကို အဆုံးစီရင်ပြီး အရှက်ကြွေးကို ပြန်ဆပ်ချင်နေမိသည်။
“မစိုးရိမ်ပါနဲ့... ဒီရှုတောက်ယန်က မရိုးရှင်းဘူး... လော့ချန်အနေနဲ့ ဒီနေ့ အသက်ရှင်ဖို့ဆိုတာ မလွယ်ကူဘူး...”
ယိုကွမ်းမင်းသမီးက လော့ချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။ သူမသည်လည်း ယွမ်လန်ဂေဟာ၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများအပေါ် စိတ်ထဲ၌ အငြိုးအတေးရှိနေဆဲ ဖြစ်သည်။
“မင်း...”
ယင်းလီ၏စကားကို ကြားလိုက်ရသည့်အခါ ရှုတောက်ယန်၏မျက်နှာမှာ တောင့်တင်းသွားရသည်။ ယနေ့ သူ အပြင်ထွက်လာသည့်အခါ မည်သည့်အရာမှ အဆင်မပြေဖြစ်နေရသည်ဟု သူ ခံစားနေရတော့သည်။ ယွမ်ထျန်ယန် သေဆုံးသွားသည်ကို အပထား၊ လော့ချန်ကို သတ်ရန် ကြိုးစားတိုင်း တစ်ယောက်ပြီးတစ်ယောက်က တားဆီးနေကြသည်ကတော့ လွန်လွန်းလှသည် မဟုတ်ပါလော။
ပထမဦးဆုံးက စီနီယာ လျိုချင်းယွီ၊ ထို့နောက်တွင်မူ တော်ဝင်မိသားစုမှ ပထမမင်းသား ကျင်းထျန်တူ၊ ယခုအခါတွင်မူ စီနီယာယင်းလီကိုယ်တိုင် ထွက်လာပြီး ထိုအသုံးမကျသူကို ကာကွယ်ပေးနေပြန်ပြီ ဖြစ်သည်။ တိုက်ပွဲမစတင်မီကတည်းက စီနီယာယင်းလီသည် လော့ချန်ကို အထင်ကြီးနေခဲ့ခြင်းကို သတိရသွားသည့်အခါ စီနီယာ ရှုတောက်ယန်၏စိတ်ထဲ၌ ဒေါသမီးများ ဟုန်းဟုန်းတောက်လာခဲ့ပြီး ထိုသူနှစ်ဦးမှာ မည်သို့သော ဆက်ဆံရေးမျိုး ရှိကြသနည်းဟု သံသယဝင်လာရတော့သည်။
သို့သော်လည်း ထိုသူနှစ်ဦး၏ အဆင့်အတန်းနှင့် အစွမ်းအရဆိုလျှင် ဤသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စတစ်ခုပင် ဖြစ်သည်။ ရှုတောက်ယန်သည် စိတ်ထဲမှ ဒေါသများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး လေသံကို တတ်နိုင်သမျှ လျှော့ကာ ဆိုလိုက်၏။
“ယင်းလီ... မင်းက ဘာလို့ သူ့ကိုကယ်ချင်နေရတာလဲ... အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ အသုံးမကျသူတစ်ယောက်ပဲလေ... မင်းတို့ကြားမှာ ဘာဆက်ဆံရေးမှ မရှိပါဘူး...”
“ဆက်ဆံရေး ရှိသလား မရှိဘူးလားဆိုတာက အရေးကြီးလို့လား... ငါ သူ့ကိုကယ်ချင်လို့ကယ်တာပဲလေ...”
စီနီယာယင်းလီက မည်သည့်အမူအရာမျှ မပြဘဲ ပြန်လည် ဖြေကြားလိုက်သည်။ စီနီယာ ရှုတောက်ယန်၏မျက်ခုံးများမှာ တုန်ခါသွားခဲ့ပြီး အသံမှာလည်း ချက်ချင်းပင် အေးစက်သွားတော့သည်။
“ဒီနေ့တော့ သူ သေကို သေရမယ်... ငါ မင်းကို အခက်အခဲ မဖြစ်စေချင်ဘူး... ဒါကြောင့် ဖယ်ပေးတာ ပိုကောင်းလိမ့်မယ်...”
စီနီယာယင်းလီက ဘာမှပြန်မပြောဘဲ ထိုနေရာ၌ပင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူမ၏ပတ်ဝန်းကျင်၌ လေပြင်းများနှင့် နှင်းပွင့်များမှာ ပိုမို ပြင်းထန်လာခဲ့ပြီး လေထုတစ်ခုလုံးမှာ ဝေဝေဝါးဝါး ဖြစ်ကုန်တော့၏။ ၎င်းမှာ သူမ၏ပြတ်သားလှသော ဆန္ဒကို ဖော်ပြနေခြင်း ဖြစ်သည်။
မိမိ သဘောကျနေသော အမျိုးသမီးက အခြားသူတစ်ယောက်အတွက်နှင့် မိမိကို ရန်သူအဖြစ် သတ်မှတ်နေသည်ဆိုပါတကား။ စီနီယာ ရှုတောက်ယန်၏စိတ်ထဲ၌ မနာလိုမှုနှင့် ဒေါသတရားများမှာ အလိပ်လိုက် ထွက်ပေါ်လာခဲ့ပြီး နဖူးပေါ်မှ အကြောများမှာလည်း အဆက်မပြတ် တုန်ခါနေတော့သည်။ သူသည် လော့ချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ဆူပွက်နေသော ဒေါသများကို ထပ်မံ၍ မထိန်းချုပ်နိုင်တော့ဘဲ အေးစက်စွာ ရယ်မောလျက် ဆိုလိုက်၏။
“ကောင်းပြီလေ... မင်းတို့အားလုံးက သူ့ကိုကယ်ချင်နေကြမှတော့ ငါ့ကို မျက်စိထဲ ထည့်မထားကြဘူးပေါ့... ကောင်းတယ်... ဒီနေ့ မင်းတို့ ဘယ်လိုကယ်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့...”
“ဘုန်း...”
စီနီယာ ရှုတောက်ယန်သည် လုံးဝ ဒေါသထွက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏မျက်ဝန်းအတွင်းမှ ပွင့်ထွက်လာသော မီးလျှံအလင်းများမှာ အစစ်အမှန်အလား ရှိနေခဲ့ပြီး မြေပြင်နှင့် လေဟာနယ်ကိုပင် လောင်ကျွမ်းစေနိုင်သည့်နှယ် ရှိနေတော့၏။ သူ ကြည့်လိုက်သည့် နေရာတိုင်းရှိ လေထုမှာ တစ်ခဏအတွင်း ဆူပွက်လာတော့သည်။
သူ၏ကိုယ်ပတ်လည်၌လည်း ဟုန်းဟုန်းတောက်နေသော မီးလျှံများ ဖုံးလွှမ်းနေသဖြင့် သူ၏ပုံရိပ်မှာ ဝေဝေဝါးဝါး ဖြစ်သွားခဲ့ပြီး တောက်လောင်နေသော နေမင်းကြီးတစ်စင်းအလား ဖြစ်နေကာ ပျက်စီးခြင်း အငွေ့အသက်များကို ထုတ်လွှတ်နေတော့သည်။ ရောက်ရှိနေသော လူအုပ်ကြီးမှာ စိုးရိမ်တကြီး ဖြစ်နေကြရသည်။ မိုင်ပေါင်း ဆယ်နှင့်ချီ၍ ဝေးကွာနေပါသော်လည်း တိုက်ရိုက်ရိုက်ခတ်လာသော အပူရှိန်ကြောင့် သူတို့အားလုံးမှာ ထိတ်လန့်သွားကြရပြီး အသက်ရှူပင် ကျပ်သွားသလို ခံစားနေကြရတော့သည်။
“သေစမ်း...”
စီနီယာ ရှုတောက်ယန်သည် လော့ချန်ကို အကြည့်ဖြင့် ပစ်မှတ်ထားလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကျယ်ပြောလှသော မီးလျှံချီစွမ်းအင်များမှာ တောင်တစ်လုံးအလား ကြီးမားလှသော လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လော့ချန်ထံသို့ တိုက်ရိုက် ဖိနှိပ်ကျဆင်းလာတော့သည်။ ၎င်းမှာ ကောင်းကင်ယံကို ဖုံးလွှမ်းသွားခဲ့ပြီး နေရောင်ခြည်ကိုပင် ကွယ်သွားစေကာ လမ်းတစ်လျှောက်ရှိ လေဟာနယ်မှာလည်း အဆက်မပြတ် ပေါက်ကွဲနေတော့၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး တုန်လှုပ်သွားခဲ့ပြီး ထိုနေရာရှိ လေထုကို အစအနမကျန် ချေမှုန်းပစ်ရန် ကြိုးစားနေတော့သည်။
ထိုလက်ဝါးကြီးအတွင်း ကိန်းအောင်းနေသော ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများကို ခံစားလိုက်ရသည့်အခါ ပထမမင်းသား ကျင်းထျန်တူ၏မျက်နှာမှာ ပြောင်းလဲသွားခဲ့သည်။ သူ၏အစွမ်းနှင့်ဆိုလျှင် ဤတိုက်ကွက်ကို လုံးဝ တားဆီးနိုင်စွမ်း မရှိပေ။ သူ၏အသန်မာဆုံးသော တိုက်ကွက်ကို သုံးလျှင်ပင် မည်သို့မျှ မတတ်နိုင်သည်မှာ သေချာလှပေသည်။
“ရှုတောက်ယန်... မင်း သူ့ကို ထိလို့မရဘူး...”
စီနီယာယင်းလီ၏ အေးစက်လှသော အသံမှာ ထွက်ပေါ်လာတော့သည်။
“ရွှီ... ရွှီ... ရွှီ...”
ကောင်းကင်ယံ၌ အေးစက်လှသော လေပြင်းများ တိုက်ခတ်လာခဲ့ပြီး လက်ဝါးအရွယ်အစားခန့်ရှိသော နှင်းပွင့်များမှာ တစ်လောကလုံးကို ဖုံးလွှမ်းသွားတော့သည်။ စီနီယာယင်းလီကို ဗဟိုပြု၍ ပတ်ဝန်းကျင် မိုင်ပေါင်းများစွာအတွင်း ဖြူလွှလွှ နှင်းပွင့်များဖြင့် ပြည့်နှက်သွားတော့သည်။ ထို့နောက်တွင်မူ စီနီယာယင်းလီသည် သူမ၏ဖြူစင်လှသော လက်ညှိုးဖြင့် ဟင်းလင်းပြင်ကို တစ်ချက် ထောက်လိုက်၏။ ကောင်းကင်ယံရှိ နှင်းပွင့်များမှာ ရုတ်တရက် စုစည်းသွားခဲ့ကြပြီး နှင်းခဲများဖြင့် ဖွဲ့စည်းထားသော လေဆင်နှာမောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“ဖျတ်...”
ထိုလေဆင်နှာမောင်းကြီးမှာ အလွန်ပင် အေးစက်လှသော အငွေ့အသက်များနှင့် ထက်မြက်လှသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့ပြီး ဖြတ်သန်းသွားသော နေရာတိုင်းမှာ အေးခဲကုန်တော့သည်။ ၎င်းသည် တစ်ခဏအတွင်းမှာပင် ထိုမီးလျှံလက်ဝါးကြီးကို တားဆီးပေးလိုက်တော့သည်။
“ဘုန်း...”
နှစ်ခုစလုံး ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ ပြင်းထန်လှသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ချီစွမ်းအင်များမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့၏။ လေလှိုင်းများမှာလည်း ပြင်းထန်စွာ ဆူပွက်နေခဲ့ပြီး အဆက်မပြတ် မြည်ဟည်းနေတော့၏။ ရေခဲနှင့်မီးလျှံတို့ ထိပ်တိုက်ရင်ဆိုင်နေရသော မြင်ကွင်းမျိုး ဖြစ်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး တုန်လှုပ်နေတော့သည်။ တောင်ထိပ်များမှာ တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးကုန်တော့၏။ မြေပြင်မှာလည်း အလွှာလိုက် အလွှာလိုက် အပိုင်းပိုင်း ပြိုကွဲသွားတော့သည်။
တိုက်ကွက်တစ်ခုက အောင်မြင်မှုမရှိသဖြင့် စီနီယာ ရှုတောက်ယန်၏အကြည့်မှာ ပိုမို၍ ရက်စက်လာခဲ့ပြီး စီနီယာယင်းလီကို စိုက်ကြည့်ကာ အေးစက်စွာ ဆိုလိုက်၏။
“ငါ မင်းကို မထိခိုက်စေချင်ဘူး... မင်းတို့နှစ်ယောက်ပေါင်းရင် ငါ့ကို တားနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား...”
စီနီယာ လျိုချင်းယွီ၏ကိုယ်ပတ်လည်၌ ရေတိုင်ကြီး ကိုးတိုင်မှာ ကောင်းကင်သို့ ထိုးတက်နေခဲ့ပြီး ရေလှိုင်းများမှာလည်း ဆူပွက်နေတော့သည်။ သူမသည် စီနီယာ ရှုတောက်ယန်ကို ကြည့်ကာ တင့်တယ်လှသော မျက်နှာထက်တွင် အထင်သေးသော အပြုံးလေးတစ်ခု ပေါ်ထွက်လာလျက် ဆိုလိုက်၏။
“ရှုတောက်ယန်... မင်းက တကယ့်ကို လေသံကြီးတာပဲ... အစစ်အမှန်အနှစ်သာရရဲ့ သဲလွန်စလေး ရထားရုံနဲ့ မဟာသန်မာသူအဆင့်အောက်မှာ ပြိုင်ဘက်ကင်းနေပြီလို့ မင်း ထင်နေတာလား...”
တစ်ယောက်တည်းဆိုပါက သူမသည် စီနီယာ ရှုတောက်ယန်ကို ယှဉ်နိုင်ရန် ယုံကြည်မှု မရှိသော်လည်း လော့ရှာဂိုဏ်း၏ တိုက်ရိုက်တပည့် ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော စီနီယာယင်းလီနှင့် ပူးပေါင်းလိုက်လျှင်မူ အနိုင်ရရန် မျှော်လင့်ချက် များစွာ ရှိနေသည်မဟုတ်ပါလော။ ၎င်းအပြင် လော့ချန်သာ သူမ၏ရှေ့တွင် အသတ်ခံလိုက်ရမည်ဆိုလျှင် သူမသည် ပြန်သွားသည့်အခါ အကြီးအကဲချင်းချိုင်ကို ဘယ်လို အကြောင်းပြချက် ပေးရမည်နည်း။ ထိပ်သီး ကောင်းကင်နယ်ပယ် မဟာသန်မာသူတစ်ဦးအနေဖြင့် သူမ၏ဂုဏ်သိက္ခာကလည်း ဤကိစ္စကို လုံးဝ လက်ခံမည်မဟုတ်ပေ။
စီနီယာယင်းလီသည် အစအဆုံး တည်ငြိမ်နေခဲ့သည်။
“ရှုတောက်ယန်... ငါ မင်းနဲ့ အရှုံးအနိုင် ယှဉ်ပြိုင်ချင်တဲ့စိတ် မရှိဘူး... ဒါပေမဲ့... မင်း လော့ချန်ကိုတော့ ထိလို့ မရဘူး...”
စီနီယာယင်းလီက အေးဆေးစွာ ဆိုလိုက်ရင်း လော့ချန်ကို လက်ညှိုးညွှန်ပြလိုက်သည်။
“ကြည့်ရတာ မင်းက သူ့ကိုကယ်ဖို့ကို သေချာပေါက် ဆုံးဖြတ်ထားပုံရတာပဲ... အဲဒီလိုဆိုရင်တော့ ပြောစရာ မရှိတော့ဘူး... မင်းတို့က သူ့ကိုကယ်ချင်ပေမဲ့ ငါကတော့ သူ့ကို သေတွင်းထဲ ပို့ရမှာပဲ... ဒီနေ့ သူ့ကို ဘယ်သူကယ်နိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့...”
စီနီယာယင်းလီက လော့ချန်ကို ဤမျှအထိ ကာကွယ်ပေးနေသည်ကို မြင်လိုက်ရသည့်အခါ စီနီယာ ရှုတောက်ယန်သည် ဒေါသမီးများ ပိုမို၍ ဆူပွက်လာရတော့သည်။ သူ၏အက်ကွဲလှသော ဟိန်းဟောက်သံမှာ မိုးခြိမ်းသံအလား ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို တုန်ခါသွားစေတော့၏။ သူသည် လက်ငါးချောင်းကို ဖြန့်လိုက်ရာ လက်ချောင်းများပေါ်၌ မီးလျှံအလင်းတန်းများမှာ ဝင်းလက်နေခဲ့ပြီး စူးရှလှသော အလင်းများကို ထုတ်လွှတ်နေ၏။ သူသည် စီနီယာယင်းလီတို့ နှစ်ဦးထံသို့ လက်ဖဝါးဖြင့် ရုတ်တရက် ရိုက်နှက်လိုက်တော့သည်။
“မီးလျှံဝံပုလွေ ပျက်စီးခြင်း...”
“အူး... အူး... အူး...”
စီနီယာ ရှုတောက်ယန်က လက်ဖဝါးဖြင့် လှမ်း၍ ဖိနှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့်မြေပြင်၌ မီးလျှံများမှာ ဆူပွက်လာခဲ့ပြီး အိမ်တစ်လုံးအလား ကြီးမားလှသော မီးဝံပုလွေကြီးများမှာ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာခဲ့ကာ စီနီယာယင်းလီနှင့် စီနီယာ လျိုချင်းယွီတို့ထံသို့ ရူးသွပ်စွာ ပြေးဝင်သွားကြတော့သည်။
ထိုမီးဝံပုလွေကြီးများမှာ ရာနှင့်ချီ၍ ရှိနေခဲ့ပြီး ကောင်းကင်ယံ၌ မီးလျှံလှိုင်းလုံးကြီးတစ်ခုအလား ဖြစ်ပေါ်နေ၏။ အရှိန်အဝါမှာ တကယ့်ကို ရက်စက်လှပြီး စီနီယာယင်းလီနှင့် စီနီယာ လျိုချင်းယွီတို့ကိုပါ တစ်ပါတည်း ဝါးမြိုပစ်ရန် ကြိုးစားနေတော့သည်။
“သတိထား...”
စီနီယာ လျိုချင်းယွီသည် ဤတိုက်ကွက်၏ ဆိုးရွားမှုကို သိထားသဖြင့် အမြန်ပင် သတိပေးလိုက်သည်။ စီနီယာယင်းလီ၏မျက်နှာမှာမူ ပြောင်းလဲခြင်း မရှိပေ။ သူမက လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ ချက်ချင်းပင် တုန်ခါသွားခဲ့ပြီး ကောင်းကင်ယံရှိ နှင်းပွင့်များမှာ သူမထံသို့ စုရုံးလာကြကာ တစ်ခဏအတွင်းမှာပင် ကြီးမားလှသော နှင်းခဲရေမြွေကြီး နှစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
ထိုရေခဲမြွေကြီး နှစ်ကောင်မှာ မီတာပေါင်း ရာနှင့်ချီ၍ ရှည်လျားလှပြီးကိုယ်ထည်မှာလည်း ကြီးမားလှပေ၏။ကိုယ်ပေါ်ရှိ အကြေးခွံများမှာလည်း အစစ်အမှန်အလား ရှိနေခဲ့ပြီး လျှာကိုလည်း ပြူတစ်ပြူတစ်ဖြင့် ထုတ်နေကြသည်။
“ဟင်...”
စီနီယာ လျိုချင်းယွီ၏မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်ထွက်လာခဲ့ပြီး အကြီးအကျယ် တုန်လှုပ်သွားရသည်။ တစ်ခဏအတွင်းမှာပင် ထိုနှင်းခဲရေမြွေကြီး နှစ်ကောင်မှာ အသက်ဝင်နေသော သက်ရှိများအလား သူမ ခံစားလိုက်ရခြင်း ဖြစ်သည်။
“ရှူး...”
နှင်းခဲရေမြွေကြီး နှစ်ကောင် ဖြစ်ပေါ်လာသည်နှင့်အတူ ဟင်းလင်းပြင်၌ ပတ်ချာလည် ပျံသန်းထွက်ခွာသွားကြတော့သည်။ ၎င်းတို့သည် နဂါးများအလား ဟင်းလင်းပြင်၌ ကခုန်နေခဲ့ကြပြီး တစ်ခဏအတွင်းမှာပင် ရာနှင့်ချီသော မီးဝံပုလွေကြီးများကို အပိုင်းပိုင်း ပြိုကွဲပျက်စီးသွားအောင် တိုက်ခိုက်လိုက်တော့သည်။ မီးဝံပုလွေကြီးများမှာ တစ်ကောင်ပြီးတစ်ကောင် နာကျင်စွာ အော်ဟစ်လိုက်ကြရပြီး တိုက်ရိုက်ပင် အေးခဲကာ ပြိုကွဲကုန်ကြတော့၏။ သတ်ဖြတ်နိုင်စွမ်းမှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှပေသည်။
“ဘာ... ပုံရိပ်ယောင်ကို အစစ်အမှန်ဖြစ်စေတာလား... ချီစွမ်းအင်မှာ အသက်ဓာတ် ကိန်းအောင်းနေတာပဲ... ယင်းလီ... မင်းလည်း အစစ်အမှန်အနှစ်သာရကို စတင် နားလည်နေတာလား... မင်းရဲ့ ချီစွမ်းအင်မှာ အသက်ဓာတ် အနည်းငယ်တောင် ပါနေပြီပဲ... မင်း... မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ မြန်မြန် ကျင့်ကြံနိုင်ရတာလဲ...”
မူလက ထိုသူနှစ်ဦးကို ပိတ်ဆို့ထားပြီး လော့ချန်ကို သတ်ရန် ကြိုးစားနေသော စီနီယာ ရှုတောက်ယန်သည် တိုးဝင်လာသော နှင်းခဲရေမြွေကြီး နှစ်ကောင်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် သူ၏ကိုယ်ထည်မှာ တောင့်တင်းသွားရသည်။ သူ၏မျက်ဝန်းအတွင်း၌ အကြီးအကျယ် တုန်လှုပ်မှုများနှင့်အတူ မယုံနိုင်စရာ ကောင်းလှသော အမူအရာများ ပြည့်နှက်နေတော့သည်။ သူ၏မှတ်ဉာဏ်ထဲ၌ စီနီယာယင်းလီ၏အစွမ်းမှာ သူ့ထက် များစွာ နိမ့်ကျနေသည်မဟုတ်ပါလော၊ ဤမျှအထိ ရုတ်တရက် ဆန်လှသော ပြောင်းလဲမှုမှာ သူ၏မျှော်လင့်ချက်များကို လုံးဝ ကျော်လွန်နေတော့သည်။
“ဖျက်ဆီးစမ်း...”
ရှုတောက်ယန်သည် စိတ်ကို ပြန်ထိန်းလိုက်ပြီး သူ၏မျက်ဝန်းအတွင်းမှ အလင်းတန်းများ ပိုမို ပြင်းထန်လာခဲ့၏။ မီးလျှံချီစွမ်းအင်များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး သူ၏ကိုယ်ထည်မှာလည်း ရဲရဲနီနေသော နေမင်းငယ်တစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့ကာ နှင်းခဲရေမြွေကြီး နှစ်ကောင်ထံသို့ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။
“ဘုန်း...”
မိုးခြိမ်းသံကြီးတစ်ခုနှင့်အတူ ကောင်းကင်ယံမှာ နှင်းခဲနှင့်မီးလျှံဟူသော နယ်မြေနှစ်ခုအဖြစ် တစ်ခဏအတွင်း ကွဲပြားသွားတော့သည်။ ပြင်းထန်လှသော ရိုက်ခတ်မှုများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်လွင့်သွားခဲ့ပြီး မြေပြင်မှာလည်း ပြိုကျပျက်စီးကုန်တော့၏။ ကြီးမားလှသော အက်ကွဲကြောင်းကြီးများမှာ ပင့်ကူအိမ်တစ်ခုအလား နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။
“ခရက်...”
နက်ရှိုင်းလှသော အက်ကွဲကြောင်းကြီးတစ်ခုမှာ ယွမ်ချွမ်မြို့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ပေါင်း ဆယ်နှင့်ချီ၍ ရှည်လျားသော မှောင်မိုက်လှသော လမ်းကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့ရာ မြင့်မားလှသော မြို့ရိုးကြီးပင်လျှင် အပိုင်းပိုင်း ပြိုကွဲပျက်စီးသွားရတော့သည်။
“ဟာ... မြို့ရိုးကြီး ပြိုသွားပြီ...”
“တကယ့်ကို ကြောက်စရာကောင်းလိုက်တာ...”
မြို့ရိုးပေါ်ရှိ လူများမှာ အလန့်တကြားနှင့် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြရပြီး လူတိုင်း၏မျက်နှာမှာလည်း ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။ သူတို့တစ်သက်တွင် ဤမျှအထိ ထိတ်လန့်စရာကောင်းလှသော တိုက်ပွဲမျိုးကို တစ်ခါမျှ မြင်တွေ့ဖူးခြင်း မရှိကြပေ။ တိုက်ကွက်တစ်ခုကတင် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်မဟုတ်ပါလော။
လော့ချန်သည်လည်း အကြီးအကျယ် တုန်လှုပ်သွားရသည်။
“ဟင်...”
ရုတ်တရက် လော့ချန်သည် တစ်စုံတစ်ခုကို သတိထားမိသွားသဖြင့် သူ၏စိတ်အာရုံမှာ လှုပ်ရှားသွားခဲ့ပြီး သံသယများ ပြည့်နှက်နေသော အကြည့်များဖြင့် မြို့ရိုးကို ဖျက်ဆီးသွားသော ထိုမှောင်မိုက်လှသော လမ်းကြောင်းကြီးဆီသို့ လှမ်းကြည့်လိုက်မိသည်။
အခန်း ၇၀၁ ပြီးပါပြီ။
အခန်း ၇၀၂ - အကြောင်းပြချက်နှင့် သွေးမိစ္ဆာအငွေ့အသက်
“ဘုန်း...”
မီတာထောင်နှင့်ချီသော ကောင်းကင်ယံ၌ ပြင်းထန်လှသော ရိုက်ခတ်မှုလှိုင်းလုံးကြီးမှာ မုန်တိုင်းတစ်ခုအလား အရပ်မျက်နှာအနှံ့သို့ ပြန့်လွင့်သွားခဲ့သည်။ ၎င်းသည် တိမ်တိုက်ကြီးများကို ဖယ်ရှားပစ်လိုက်ပြီး ရောက်ရှိနေသူများ၏ ခန္ဓာကိုယ်ကိုလည်း အဆက်မပြတ် ဖိနှိပ်နေတော့သည်။
“ဝှစ်...”
ပြင်းထန်လှသော ရိုက်ခတ်မှုအောက်တွင် စီနီယာ လျိုချင်းယွီသည် မီတာတစ်ထောင်ခန့် အနောက်သို့ လွင့်စင်သွားခဲ့ရပြီးကိုယ်တွင်းရှိ သွေးစွမ်းအင်များမှာလည်း ဆူပွက်လာတော့သည်။
“တကယ့်ကို သန်မာတဲ့ အနှစ်သာရ အငွေ့အသက်ပဲ... မြစ်ကြီးတစ်စင်းအလား ပြင်းထန်လှတာပဲ... သာမန် ကောင်းကင်နယ်ပယ် မဟာသန်မာသူတွေနဲ့ဆိုရင်တော့ ယှဉ်ဖို့တောင် မဖြစ်နိုင်ဘူး...”
လျိုချင်းယွီသည် သူမ၏ကိုယ်ထည်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး တိုက်ရိုက်ရိုက်ခတ်လာသော အလွန်အေးမြသည့် အငွေ့အသက်များနှင့် ပူပြင်းလှသော အရှိန်အဝါများကို ခံစားလိုက်ရသည်။ သူမသည် သက်ပြင်းတစ်ချက်ကို အားပါးတရ ရှူလိုက်ပြီး ရှေ့သို့ လှမ်းကြည့်လိုက်ရာ အကြည့်များမှာ တောင့်တင်းသွားရတော့သည်။
တိုက်ပွဲ၏ ဗဟိုချက်တွင် ယခုအခါ စီနီယာယင်းလီနှင့် စီနီယာ ရှုတောက်ယန် တို့နှစ်ဦးသာ ကျန်ရှိတော့သည်။
ယင်းလီ၏ပတ်ဝန်းကျင်၌ နှင်းပွင့်များမှာ အဆက်မပြတ် ဝဲလွင့်နေခဲ့ပြီး ကြီးမားလှသော နှင်းခဲရေမြွေကြီး နှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် ချိတ်ဆက်လျက် အကာအကွယ်စက်ဝိုင်းတစ်ခုကို ဖန်တီးထားကြသည်။ ပြင်းထန်လှသော ချီစွမ်းအင်များ အနီးသို့ ရောက်ရှိလာတိုင်း တစ်ခဏအတွင်း အေးခဲကာ ပြိုကွဲပျက်စီးသွားကြရတော့သည်။
ရှုတောက်ယန်၏ကိုယ်ပေါ်တွင်မူ မီးလျှံအလင်းများမှာ ပြိုင်ဘက်ကင်းလှပြီး တစ်ကိုယ်လုံးတွင် ကျယ်ပြောလှသော ချီစွမ်းအင်မီးလျှံများမှာ ဟုန်းဟုန်းတောက် လောင်ကျွမ်းနေသည်။ ရက်စက်လှသော အရှိန်အဝါများကြောင့် လေဟာနယ်မှာ အနည်းငယ် တွန့်လိမ်နေခဲ့ပြီး မည်သည့်ချီစွမ်းအင်မျှ သူ၏အနီးသို့ မကပ်နိုင်ဘဲ တစ်ခဏအတွင်း လောင်ကျွမ်းပျက်စီးကုန်တော့သည်။
ဤအခိုက်အတန့်တွင် စီနီယာ ရှုတောက်ယန်သည် မျက်မှောင်ကြုတ်ထားသည်ကို လျှော့ချလိုက်ပြီး ယင်းလီကို ကြည့်ကာ မျက်ဝန်းများ ဝင်းလက်သွားခဲ့သည်။ သူ၏မျက်နှာထက်တွင် အပြုံးလေးတစ်ခု ထပ်မံပေါ်ထွက်လာလျက် ဆိုလိုက်၏။
“ယင်းလီ... မင်းလည်း လူသားအမြုတေလမ်းစဉ်ကို စတင်နားလည်နေပြီဆိုတော့ တကယ့်ကို ဂုဏ်ယူစရာပဲ... ငါတို့နှစ်ယောက်ရဲ့ အရည်အချင်းနဲ့သာ ပူးပေါင်းမယ်ဆိုရင် သွေးမိစ္ဆာဝိညာဉ်ကျောက်ကို ရရှိဖို့ဆိုတာ သေချာသလောက်ပဲ... အဲဒီအခါကျရင် ငါတို့ရဲ့ ကျင့်ကြံမှု အတွေ့အကြုံတွေကို အပြန်အလှန် နှီးနှောဖလှယ်ကြပြီး အစစ်အမှန် အနှစ်သာရကို အတူတူ လေ့လာကြတာပေါ့... လူသားအမြုတေအဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုတာ လက်တစ်ကမ်းအလိုမှာပဲ ရှိတော့တာလေ... အဲဒီအခါကျရင်ကမ္ဘာအနှံ့မှာ အတူတူ ကျင့်ကြံကြမယ်ဆိုရင် ဘယ်လောက်တောင် လွတ်လပ်လိုက်မလဲ...”
ထို့နောက် ရှုတောက်ယန်သည် လော့ချန်ထံသို့ အကြည့်ကို လွှဲလိုက်ပြီး ဆက်ပြောလိုက်သည်။
“အဲဒီကောင်နဲ့ ပတ်သက်ရင်တော့ သူက ငါ့ရဲ့ အရှိန်အဝါကို စော်ကားခဲ့တာကြောင့် သေကို သေရမှာပဲ... ဒါပေမဲ့ သူက ပုရွက်ဆိတ်လို အဆင့်မရှိတဲ့ လူတစ်ယောက်ပဲမို့ ငါတို့ကြားက ဆက်ဆံရေးကိုတော့ အပျက်စီးမခံနိုင်ပါဘူး... မင်းရဲ့ မျက်နှာကို ထောက်ပြီးတော့ ဒီတစ်ခါတော့ သူ့ကို ငါ ခွင့်လွှတ်ပေးဖို့ စဉ်းစားပေးပါ့မယ်... ဒါပေမဲ့ မင်း သူ့ကိုကယ်ရတဲ့ အကြောင်းပြချက်ကိုတော့ ငါ သိချင်တယ်...”
ယင်းလီ၏အမူအရာမှာ အေးစက်နေဆဲပင် ဖြစ်သည်။ သူမက ခပ်ဖွဖွ ခေါင်းခါပြလိုက်လျက် ဆိုလိုက်၏။
“ရှုတောက်ယန်... မင်းနဲ့ ငါက အကြိမ်အနည်းငယ်ပဲ တွေ့ဖူးတာပါ... အမှတ်မထင် တာဝန်တစ်ခုကိုပဲ အတူတူ ဆောင်ရွက်ခဲ့ဖူးရုံပဲလေ... ငါတို့ရဲ့ ဆက်ဆံရေးက ကျင့်ကြံမှု အတွေ့အကြုံတွေကို နှီးနှောဖလှယ်ပြီး မဟာလမ်းစဉ်ကို အတူတူ လေ့လာရလောက်အောင်အထိ မရင်းနှီးပါဘူး... လော့ချန်နဲ့ ပတ်သက်ရင်လည်း ငါ့မှာ ဘာအကြောင်းပြချက်မှ မရှိသလို မင်းကို ရှင်းပြနေဖို့လည်း မလိုဘူးလို့ ထင်တယ်...”
“မင်းက တကယ်ပဲ အဲဒီလို လုပ်မှာလား...”
ရှုတောက်ယန်၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့ပြီးကိုယ်ပေါ်မှ ချီစွမ်းအင်မီးလျှံများမှာလည်း ပိုမို ပြင်းထန်လာတော့သည်။ သူ၏အရှိန်အဝါမှာလည်း အဆင့်ဆင့် မြင့်တက်လာခဲ့ပြီး ယင်းလီကို သူ လုံလောက်အောင် မျက်နှာသာပေးခဲ့ပြီးပြီဟု သူ ယူဆထားသော်လည်း တစ်ဖက်လူက လုံးဝ ဂရုမစိုက်သဖြင့် ဒေါသမီးများမှာ သူ၏ရင်တွင်း၌ ပေါက်ကွဲထွက်လာတော့သည်။
“မင်း သူ့ကို ထိချင်တယ်ဆိုရင် ငါ့ကို အရင်ကျော်သွားရလိမ့်မယ်...”
ယင်းလီက ရှုတောက်ယန်ကို စိုက်ကြည့်ကာ စကားအနည်းငယ်ကိုသာ ပြောလိုက်သည်။
“ခရက်... ခရက်...”
ထိုသူနှစ်ဦး၏ အရှိန်အဝါများမှာ ထိပ်တိုက်ရင်ဆိုင်နေကြပြီး ရေခဲနှင့်မီးလျှံတို့၏ ရိုက်ခတ်မှုကြောင့် ဟင်းလင်းပြင်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းလှသော နယ်မြေတစ်ခု ဖြစ်ပေါ်လာတော့သည်။ ၎င်းအတွင်းရှိ လေဟာနယ်မှာ အနည်းငယ် တုန်ခါနေခဲ့ပြီး လေထုမှာလည်း တွန့်လိမ်နေသဖြင့် လူတိုင်းမှာ မုန်တိုင်းမလာခင် အသက်ရှူကျပ်နေသည့်နှယ် ခံစားနေရတော့သည်။
“တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ဖိအားပဲ... ကြည့်ရတာ ဒီလူနှစ်ယောက်က သာမန် ကောင်းကင်နယ်ပယ် မဟာသန်မာသူတွေရဲ့ အဆင့်ကို ကျော်လွန်နေပြီပဲ...”
အလွန်ဝေးကွာနေသဖြင့် ပထမမင်းသား ကျင်းထျန်တူသည် ယင်းလီတို့၏ စကားများကို မကြားရသော်လည်း တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်လာသော အရှိန်အဝါများကြောင့် စိတ်ထဲ၌ ထိတ်လန့်မှုကို ခံစားနေရတော့သည်။
လျိုချင်းယွီသည် ထိုသူနှစ်ဦး၏ ဘေးသို့ ဆုတ်ခွာလာခဲ့ပြီး ယင်းလီကို ကြည့်ကာ အံ့ဩတကြီး ဆိုလိုက်၏။
“ရှုတောက်ယန်က ဒီအဆင့်ကို ရောက်နေတာက မထူးဆန်းပေမဲ့ ယင်းလီကလည်း ဒီလောက်အထိ သန်မာနေလိမ့်မယ်လို့ မထင်ထားဘူး... အရင်က ဒီသတင်းမျိုးကို အနည်းငယ်တောင် မကြားခဲ့ဖူးဘူး...”
“ကြည့်ရတာ မကြာခင်ကပဲ ထူးခြားတဲ့ အခွင့်အရေး တစ်ခုခု ရခဲ့တယ်ထင်တယ်...”
ကျင်းထျန်တူက ဆိုလိုက်သည်။
လျိုချင်းယွီက ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားကာ မေးမြန်းလိုက်၏။
“ဂျူနီယာလေး... မင်း ယင်းလီနဲ့ ဘယ်လို သိတာလဲ... ငါ သိသလောက်ဆိုရင် ယင်းလီက လော့ရှာဂိုဏ်းမှာ အမြဲတမ်း တစ်ယောက်တည်း ကျင့်ကြံနေတတ်တာလေ... လူတွေနဲ့ ဆက်ဆံတာလည်း သိပ်မရှိဘူး... ဒါပေမဲ့ သူက မင်းကိုကယ်ဖို့အတွက် ရှုတောက်ယန်ကိုတောင် ရန်စရဲတယ်ဆိုတော့...”
လျိုချင်းယွီသည် လော့ချန်ကို စိတ်ဝင်တစားနှင့် ကြည့်ကာ မေးမြန်းလိုက်သည်။ ကျင်းထျန်တူ၏ အကြည့်မှာလည်း ရောက်ရှိလာခဲ့သည်။
ယင်းလီသည် ကျော်ကြားလှသော လော့ရှာဂိုဏ်း၏ တိုက်ရိုက်တပည့် ဆယ်ယောက်ထဲမှ တစ်ဦးဖြစ်သလို ထိပ်သီး ကောင်းကင်နယ်ပယ် မဟာသန်မာသူတစ်ဦးလည်း ဖြစ်သည်။
လော့ချန်သည် မကြာသေးခင်ကမှ နာမည်ကျော်လာသူဖြစ်ပြီး လူအများ၏ စိတ်ဝင်စားမှုကို ခံနေရသော်လည်း ၎င်းမှာ သူသည် အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားပါလျက်နှင့် အစွမ်းက အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်စွာ တိုးတက်လာခဲ့သောကြောင့်သာ ဖြစ်၏။ အမှန်စင်စစ် သူသည် ရွှမ်ယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦးသာ ဖြစ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ်၌သာ ရှိသေးသည်။
ထိုသူနှစ်ဦးမှာ အဆင့်အတန်းရော အစွမ်းပါ များစွာ ကွာခြားနေကြသဖြင့် သိကျွမ်းရန်မှာ ခက်ခဲလှသည် မဟုတ်ပါလော။
လော့ချန်သည် ဘာမှပြန်မပြောဘဲ မြို့ရိုးကို ဖျက်ဆီးသွားသော ထိုမှောင်မိုက်လှသော လမ်းကြောင်းကြီးကို စိုက်ကြည့်နေခဲ့၏။ သူ၏အကြည့်မှာ တဖြည်းဖြည်း လေးနက်လာလျက် ဆိုလိုက်၏။
“တကယ်ကို ထူးဆန်းတာပဲ... စီနီယာ... ဟိုနေရာကို ကြည့်လိုက်စမ်းပါ...”
လျိုချင်းယွီနှင့် ကျင်းထျန်တူ တို့သည်လည်း လှမ်းကြည့်လိုက်ကြရာ မျက်နှာများမှာ တစ်ခဏအတွင်း ပြောင်းလဲသွားကြရတော့သည်။
မြို့ရိုးအထိ ရောက်ရှိသွားသော ထိုမှောင်မိုက်လှသော လမ်းကြောင်းကြီး၏ နက်ရှိုင်းရာနေရာမှ ဝေဝေဝါးဝါးနှင့် သွေးရောင်အလင်းတန်းများ ဝင်းလက်နေ၏။ သွေးရောင်အလင်းများမှာ ရေအလား အသာအယာ စီးဆင်းနေခဲ့ပြီး ၎င်း၏အတွင်း၌ ဝေဝေဝါးဝါးနှင့် မှောင်မိုက်နေခဲ့၏။
“ဒါ ဘာကြီးလဲ... ယွမ်ချွမ်မြို့ရဲ့ မြေအောက်ဝိညာဉ်စမ်းရေကန်များလား...”
လျိုချင်းယွီက မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။
ကျင်းထျန်တူက ခေါင်းခါပြလိုက်၏။
“မြေအောက်ဝိညာဉ်စမ်းရေကန်က နို့နှစ်ရောင်လေ... သွေးရောင်ဝိညာဉ်စမ်းရေကန်ဆိုတာ တစ်ခါမှ မကြားဖူးဘူး... နောက်ပြီး ဒီအငွေ့အသက်ကလည်း တကယ်ကို ထူးဆန်းနေတယ်...”
“ဝူး...”
ထိုသူနှစ်ဦး စကားပြောနေစဉ်မှာပင် လော့ချန်သည် သူ၏ဝိညာဉ်စွမ်းအင်ကို တိတ်တဆိတ် ထုတ်ဖော်လိုက်သည်။
ပြင်းထန်လှသော ဝိညာဉ်စွမ်းအင်မှာ တစ်ခဏအတွင်း ထိုအက်ကွဲကြောင်း၏ နက်ရှိုင်းရာဆီသို့ ပြန့်လွင့်သွားခဲ့ပြီးနောက် ပြင်းထန်လှသော သွေးညှီနံ့များနှင့် သွေးမိစ္ဆာအငွေ့အသက်များကို ခံစားလိုက်ရတော့၏။
ထိုအငွေ့အသက်များမှာ အလွန်ပင် ရက်စက်လှပြီး သူ၏ဝိညာဉ်စွမ်းအင်ကိုပင် ဝါးမြိုရန် ကြိုးစားနေကြ၏။ လော့ချန်၏စိတ်ထဲ၌လည်း သွေးဆာသည့် အတွေးများ တစ်ခဏအတွင်း ပေါ်ပေါက်လာရတော့သည်။
တော်သေးသည်မှာ လော့ချန်၏ဝိညာဉ်စွမ်းအင်မှာ ထူးခြားလှသည့်အပြင် ဓားဆန္ဒဖြင့် သန့်စင်ထားသော သူ၏စိတ်ဓာတ်မှာလည်း အလွန်ပင် ခိုင်မာလှသဖြင့် ထိုသွေးဆာပြီး ရူးသွပ်လှသော အတွေးများကို အလွယ်တကူပင် ဖိနှိပ်လိုက်နိုင်ပြီး စိတ်ကို ပြန်လည် ကြည်လင်စေလိုက်သည်။
“တကယ့်ကို ပြင်းထန်တဲ့ သွေးညှီနံ့တွေပါလား...”
လော့ချန်သည် ဝိညာဉ်စွမ်းအင်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် အလွန်ပင် ထိတ်လန့်သွားရသည်။
အကယ်၍ သူ၏ဝိညာဉ်စွမ်းအင်နှင့် စိတ်ဓာတ်သာ ထူးခြားမှု မရှိခဲ့ပါက ထိုသွေးဆာသည့် စိတ်ရိုင်းများအောက်တွင် နစ်မွန်းသွားခဲ့ရမည်မှာ သေချာလှပြီး သတ်ဖြတ်ခြင်းကိုသာ သိသော နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားမည်မဟုတ်ပါလော။
“ဟင်... စတင် ပြောင်းလဲလာပြီပဲ... ဒါ သွေးမိစ္ဆာအငွေ့အသက်တွေပဲ...”
ထိုစဉ် လျိုချင်းယွီက ရုတ်တရက် အံ့ဩတကြီး အော်ဟစ်လိုက်သည်။
လော့ချန်၏ ဝိညာဉ်စွမ်းအင်များ ဝင်ရောက်လာမှုကြောင်းလား မဆိုနိုင်သော်လည်း မြေအောက်အက်ကွဲကြောင်းအတွင်းမှ သွေးရောင်အလင်းတန်းများမှာ ပိုမို ပြင်းထန်လာခဲ့ပြီး လှုပ်လှုပ်ရွရွ ဖြစ်လာကာ မြေပြင်ပေါ်သို့ပင် စတင် ပျံ့နှံ့လာတော့၏။ အက်ကွဲကြောင်းအတွင်းရှိ လေဟာနယ်မှာ သွေးရောင်များဖြင့် ပြည့်နှက်သွားခဲ့ပြီး လူကို ဖိအားပေးနေသော အငွေ့အသက်များ ပြည့်နှက်လာသဖြင့် အကြောင်းမဲ့ ထိတ်လန့်မှုများ ဖြစ်ပေါ်စေတော့သည်။
“သွေးမိစ္ဆာအငွေ့အသက်တွေ... ယွမ်ချွမ်မြို့အောက်မှာ ဒီလို အငွေ့အသက်တွေ မရှိသင့်ဘူးလေ...”
ကျင်းထျန်တူ၏ မျက်နှာမှာလည်း သံသယများ ပြည့်နှက်နေခဲ့ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ဆိုလိုက်၏။
“ဒါဆိုရင်...”
“သွေးမိစ္ဆာ...”
လော့ချန်၏ နှလုံးခုန်သံမှာ ပြင်းထန်လာရတော့သည်။
သူတို့တင်မကဘဲ ယိုကွမ်းမင်းသမီး အစရှိသည့် ကောင်းကင်နယ်ပယ် မဟာသန်မာသူများမှာလည်း ကောင်းကင်နှင့်မြေပြင် ချီစွမ်းအင်များကို ခံစားနိုင်စွမ်းမှာ အလွန်ပင် ထက်မြက်ကြသဖြင့် မြေအောက်မှ ထူးဆန်းမှုများကို ချက်ချင်းပင် သတိထားမိသွားကြပြီး အကြည့်များမှာ မြေအောက်နက်ရှိုင်းရာဆီသို့ ကျရောက်သွားကြကာ ပိုမို တောက်ပလာသော သွေးရောင်အလင်းတန်းများကို စိုက်ကြည့်လိုက်ကြတော့သည်။
“ဒီနေရာမှာ တိုက်ပွဲတွေလည်း မဖြစ်ခဲ့ဘဲနဲ့ ဘာလို့ ဒီလောက်အထိ ပြင်းထန်တဲ့ သွေးညှီနံ့တွေ ထွက်နေရတာလဲ...”
ယိုကွမ်းမင်းသမီးသည် မြေအောက်ရှိ လေဟာနယ်ကို စိုက်ကြည့်လိုက်ရာ သူမ၏မျက်ဝန်းအတွင်း၌ လျှပ်စီးတန်းများ ဝင်းလက်နေတော့သည်။
ဘေးရှိ ကျိတော့ဂိုဏ်းတပည့်က တွေးတောလျက် ဆိုလိုက်၏။
“ဒီအငွေ့အသက်က တကယ့်ကို ယုတ်မာညစ်ထေးတာပဲ... ကျင်းထျန်တူ ပြောပုံအရဆိုရင် သွေးမိစ္ဆာက ဒီပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်းမှာ ပုန်းနေတာဆိုတော့... ဒါ သွေးမိစ္ဆာများလား...”
အခြား ကျိတော့ဂိုဏ်းတပည့် တစ်ဦးကမူ မျက်ဝန်းများ ဝင်းလက်သွားခဲ့ပြီး အားပါးတရ ရယ်မောလိုက်သည်။
“တကယ့်ကို ကံကောင်းတာပဲ... ငါတို့ အသည်းအသန် ရှာနေတဲ့ သွေးမိစ္ဆာက ဒီယွမ်ချွမ်မြို့ရဲ့ အောက်မှာ ပုန်းနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...”
ယိုကွမ်းမင်းသမီး မျက်ခုံးများ ပင့်တက်သွားသည်။
“အောက်ဆင်းပြီး ကြည့်ကြရအောင်...”
“ရှူး... ရှူး... ရှူး...”
ထိုသူသုံးဦးသည် သူတို့၏ကိုယ်ဟန်များကို လှုပ်ရှားလိုက်ကြပြီး လျှပ်စီးတန်းများအလား မြေအောက်အက်ကွဲကြောင်းဆီသို့ တစ်ဟုန်ထိုး ဆင်းသက်သွားကြတော့သည်။
အခန်း ၇၀၂ ပြီးပါပြီ။