အခန်း (၇၀၃-၇၀၅)
Vol. 47 Ch. 703-705
အခန်း ၇၀၃ - မြေအောက်လှုပ်ရှားမှုနှင့် ရုတ်တရက်ပြောင်းလဲခြင်း
“ဟင်... ယိုကွမ်းမင်းသမီးတို့က ဘာဆင်းလုပ်တာလဲ...”
မဟာသန်မာသူအချို့သည် ယိုကွမ်းမင်းသမီးနှင့် အဖွဲ့၏ လှုပ်ရှားမှုကို သတိပြုမိသွားကြသည်။
“သွေးမိစ္ဆာအငွေ့အသက်တွေပဲ... ကြည့်ရတာ သူတို့ သွေးမိစ္ဆာရဲ့ သဲလွန်စကို ရှာတွေ့သွားတာများလား...”
“အသွင်ပြောင်းတော့မယ့် သွေးမိစ္ဆာရဲ့ သွေးမိစ္ဆာဝိညာဉ်ကျောက်ကိုသာ ရရင် ဝိညာဉ်စွမ်းအင်ကို သန့်စင်ပေးနိုင်တဲ့အတွက် လူသားအမြုတေလမ်းစဉ်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးက အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် ပိုများလာမှာပဲ...”
“အခွင့်အရေးကို လက်မလွတ်စေနဲ့... သွားကြစို့...”
“ရှူး... ရှူး... ရှူး... ရှူး...”
ယိုကွမ်းမင်းသမီးတို့ သုံးဦး လှုပ်ရှားသွားသည်နှင့်အတူ သွေးမိစ္ဆာကို ရှာဖွေရန် ရောက်ရှိလာကြသည့် နိုင်ငံအသီးသီးမှ မဟာသန်မာသူများသည် မြေအောက်အက်ကွဲကြောင်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
“ငါတို့လည်း ဆင်းကြရအောင်...”
ချီမင်းဆက် ကျိလော့ဂိုဏ်းမှ အမျိုးသမီးတပည့်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြတော့သည်။
အရည်အချင်းပြည့်မီသော ရတနာပစ္စည်းကို ရှာဖွေရန် တာဝန်က အရေးကြီးသော်လည်း သွေးမိစ္ဆာဝိညာဉ်ကျောက်ကို ရရှိပြီး လူသားအမြုတေလမ်းစဉ်သို့ တက်လှမ်းနိုင်ရန်က ပို၍ အရေးကြီးသည်မဟုတ်ပါလော။
မဟာသန်မာသူ ဆယ်ယောက်ကျော်သည် မြေအောက်အက်ကွဲကြောင်းဆီသို့ တစ်ပြိုင်နက်တည်း ပျံသန်းသွားကြရာ ဟင်းလင်းပြင်၌ တောက်ပလှသော လမ်းကြောင်းများ ထင်ကျန်ရစ်ခဲ့ပြီး ချီစွမ်းအင်တုန်ခါမှုများမှာလည်း ပြင်းထန်လှပေသည်။ ဤမျှအထိ ကြီးမားလှသော အရှိန်အဝါကြောင့် လူတိုင်း၏အာရုံမှာ ထိုနေရာသို့ ရောက်ရှိသွားကြတော့သည်။
“သူတို့အားလုံး မြေအောက်ကို ဆင်းသွားကြပြီပဲ... အောက်မှာ ရတနာ တစ်ခုခု ရှိနေတာလား...”
မြို့ရိုးပေါ်မှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
“ယွမ်ချွမ်မြို့အောက်မှာ သွေးမိစ္ဆာအငွေ့အသက်တွေ ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး... အောက်မှာ တကယ်ပဲ ကောင်းတဲ့အရာ တစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်တာပဲ...”
“အင်း... ရတနာတွေ ပေါ်ထွက်လာတော့မယ်ဆိုရင် ထူးခြားတဲ့ မြင်ကွင်းတွေ ဖြစ်ပေါ်တတ်တာပဲလေ...”
“ငါတို့လည်း သွားကြည့်ကြရအောင်...”
ရတနာပစ္စည်းများက လူတို့၏စိတ်ကို လှုပ်ရှားစေသည်ဖြစ်ရာ လူအတော်များများ၏ မျက်နှာထက်တွင် လောဘအရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။ မဟာသန်မာသူများကိုပင် စိတ်လှုပ်ရှားစေနိုင်သော ရတနာဆိုမှတော့ သေချာပေါက် ထူးခြားလိမ့်မည် ဖြစ်သည်။
“ရှူး... ရှူး... ရှူး...”
အက်ကွဲကြောင်းနှင့် အနီးဆုံးရှိ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်စုသည် မြေအောက်အက်ကွဲကြောင်းဆီသို့ ချက်ချင်းပင် တိုးဝင်သွားကြတော့သည်။
“ဖယ်စမ်း...”
အရှေ့ဆုံးမှ ကျိတော့ဂိုဏ်းတပည့်တစ်ဦးသည် တိုးဝင်လာသော လူအုပ်ကြီးကို ကြည့်ကာ စိတ်မရှည်စွာဖြင့် လက်ဖဝါးဖြင့် ရိုက်နှက်လိုက်သည်။
“ဘုန်း...”
စိမ်းပြာရောင် လက်ဝါးရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ဟင်းလင်းပြင်မှ ဖိနှိပ်ကျဆင်းလာသည်။ အနီးသို့ ရောက်ရှိလာသော သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ယင်ကောင်များအလား ရိုက်နှက်ခြင်း ခံလိုက်ရပြီး ခန္ဓာကိုယ်များ ပေါက်ကွဲကာ သေဆုံးကုန်ကြတော့သည်။ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများနှင့် သွေးသားများသည် မိုးရေစက်များအလား မြေအောက်အက်ကွဲကြောင်းအတွင်းသို့ ကျဆင်းသွားကြတော့သည်။
“မြန်မြန် ဆုတ်ကြ...”
အနည်းငယ် နောက်ကျနေသော အခြား သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများသည် ချက်ချင်းပင် သတိဝင်လာကြပြီး ထိတ်လန့်တကြားဖြင့် အနောက်သို့ အသက်လုကာ ဆုတ်ခွာလိုက်ကြတော့သည်။
ဤမြင်ကွင်းကို ကြည့်ကာ လော့ချန်က ခေါင်းခါလိုက်သည်။
မဟာသန်မာသူများ၏ရှေ့တွင် ရတနာကို လုယူရန် ကြိုးစားခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းပင် ဖြစ်သည်။ အကယ်၍ ကံကောင်းထောက်မစွာဖြင့် ရရှိခဲ့လျှင်ပင် လူတိုင်း၏ ပစ်မှတ်ထားခြင်းကိုသာ ခံရမည်မဟုတ်ပါလော။
မည်သည့်အရာမဆို အစွမ်းနှင့် ထိုက်တန်မှု ရှိရမည် ဖြစ်သည်။ အစွမ်းမရှိဘဲနှင့် မပိုင်ဆိုင်သင့်သော အရာကို ရယူရန် ကြိုးစားခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးနေခြင်းသာ ဖြစ်၏။
ထိုစဉ် အခြေအနေများမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
မြေအောက်အက်ကွဲကြောင်းအတွင်းသို့ ကျဆင်းသွားသောကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများနှင့် သွေးသားများသည် ပြင်းထန်လှသော သွေးရောင်အရှိန်အဝါများကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး ထိုသွေးရောင်အရှိန်အဝါများမှာ သက်ရှိတစ်ခုအလား လှုပ်ရှားလာကာ ထိုသွေးသားများကို တိုက်ရိုက် ဝါးမြိုပစ်လိုက်ကြသည်။ ခဏချင်းအတွင်းမှာပင် မည်သည့်အရာမျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားရတော့သည်။
“ဝူး...”
သွေးသားများကို ဝါးမြိုပြီးနောက် ထိုလှုပ်ရှားနေသော သွေးရောင်အရှိန်အဝါများ၏ မျက်နှာပြင်ထက်တွင် ရက်စက်လှသော လူသားမျက်နှာပုံစံများ ဝေဝေဝါးဝါး ပေါ်ထွက်လာခဲ့ပြီး ယိုကွမ်းမင်းသမီး တို့အဖွဲ့ကို လှမ်း၍ ကြည့်လိုက်သည်။
ထို့နောက်တွင်မူ...
“ဘုန်း...”
ထိတ်လန့်စရာကောင်းလှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး တောက်ပလှသော သွေးရောင်အရှိန်အဝါများမှာ မြေအောက်မှ ပေါက်ကွဲထွက်လာကာ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။ ၎င်းမှာ ထူထပ်လှသော သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
“အား... အား... အား...”
အနီးနားသို့ ရောက်ရှိနေသော သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူအချို့မှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သွေးမြူခိုးများ၏ ဝင်ရောက်ခြင်းကို ခံလိုက်ရသည်။ သူတို့၏ မျက်နှာများမှာ တစ်ခဏအတွင်း နာကျင်မှုကြောင့် တွန့်လိမ်သွားခဲ့ပြီး ကိုယ်တွင်းအင်္ဂါ ခုနစ်သွယ်မှ သွေးများ ယိုစီးလာကာ မျက်ဝန်းအတွင်း၌လည်း သွေးကြောနီကြီးများ ပေါ်ထွက်လာတော့သည်။
သူတို့ မျက်လုံးကို ပြန်လည် ဖွင့်လိုက်သည့်အခါ မျက်ဝန်းအစုံမှာ သွေးရောင်များ လွှမ်းနေခဲ့ပြီး ရက်စက်မှုနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။ သူတို့သည် သွေးဆာနေကြပြီး လူသားတို့၏ အသိစိတ်ဟူ၍ မြူတစ်မှုံစာမျှပင် မကျန်တော့ပေ။
“သတ်စမ်း...”
ထိုသူများသည် သားရဲများအလား အော်ဟစ်လိုက်ကြပြီး သူတို့၏ အနီးနားရှိ လူများကို တိုက်ရိုက် သတ်ဖြတ်ကြတော့သည်။
“ဖူး... ဖူး... ဖူး...”
ချီစွမ်းအင်များမှာ နေရာအနှံ့ ပျံ့နှံ့နေခဲ့ပြီး သွေးသားများလည်း လွင့်စင်နေတော့သည်။
မည်သည့်သတိပေးချက်မျှ မရှိဘဲ လူဆယ်ယောက်ကျော်မှာ ချက်ချင်းပင် အသတ်ခံလိုက်ရသည်။ သူတို့၏ သွေးသားများသည် မြေပြင်သို့ ကျရောက်သွားသည့် ခဏမှာပင် သွေးရည်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး ထူးဆန်းလှသော အလောင်းခြောက်ကြီးများအဖြစ် ပြောင်းလဲသွားကြတော့၏။
“အား... အား... အား...”
“ဒီလူတွေ ရူးသွားကြပြီလား...”
“သတိထားကြ... ဒီသွေးမြူခိုးတွေထဲမှာ ပါတဲ့ သွေးမိစ္ဆာအငွေ့အသက်တွေက တကယ့်ကို ပြင်းထန်လွန်းတယ်... ကိုယ်ထဲကို အဝင်မခံနဲ့... မဟုတ်ရင် စိတ်အာရုံကို ချက်ချင်း ဝါးမြိုခံရလိမ့်မယ်...”
မြို့ရိုးပေါ်၌ အကြီးအကျယ် ပရမ်းပတာ ဖြစ်ကုန်တော့သည်။ အမြင်စူးရှသူများက ထိုသွေးမြူခိုးများ၏ ထူးဆန်းမှုကို သတိပြုမိသွားကြပြီး ကာကွယ်ရေးချီစွမ်းအင်များကို အမြန်ဆုံး အသုံးပြုကာ ပိတ်ဆို့လိုက်ကြသည်။
ယိုကွမ်းမင်းသမီး အစရှိသည့် မဟာသန်မာသူများမှာမူ ထိုသွေးမြူခိုးများ၏ သက်ရောက်မှုကို မခံရပေ။
သွေးမြူခိုးများမှာ ယိုကွမ်းမင်းသမီး၏ ခန္ဓာကိုယ်နှင့် တစ်ပေခန့်အကွာသို့ပင် မကပ်နိုင်ဘဲ သေးငယ်လှသော လျှပ်စီးတန်းများဖြင့် တစ်ခဏအတွင်း ချေမှုန်းဖျက်ဆီးခံလိုက်ရသည်။
ယိုကွမ်းမင်းသမီးသည် လက်ဖဝါးကို ဆန့်ထုတ်ကာ သွေးမြူခိုးအုပ်စုတစ်ခုကို လှမ်း၍ ဖမ်းချုပ်လိုက်သည်။ သွေးမြူခိုးများမှာ လွတ်မြောက်ရန် ရူးသွပ်စွာ လှုပ်ရှားနေသော်လည်း သူမ၏ လက်ဖဝါးပေါ်ရှိ လျှပ်စီးချီစွမ်းအင်များကြောင့် လုံးဝ လှုပ်မရဘဲ ဖြစ်နေတော့သည်။
“ဇိ... ဇိ...”
လျှပ်စီးချီစွမ်းအင်မှာ ထိုသွေးမြူခိုးများ၏ အားနည်းချက် ဖြစ်ပုံရသည်။ အနည်းငယ်မျှ ထိတွေ့လိုက်ရုံနှင့်ပင် သွေးမြူခိုးများမှာ နှင်းခဲများအလား အရည်ပျော်သွားကြတော့သည်။
ဤမြင်ကွင်းကို ကြည့်ကာ ယိုကွမ်းမင်းသမီး၏ မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့သည်။
“ဒီသွေးမိစ္ဆာအငွေ့အသက်တွေက ဒီလောက်အထိ သန်မာပြီး အသက်ဝင်နေမှတော့... သေချာပြီ... အဲဒီသွေးမိစ္ဆာက ဒီနေရာမှာပဲ ပုန်းနေတာပဲ...”
ခုနတင်က လူသတ်လိုက်သည့် ကျိတော့ဂိုဏ်းတပည့်က ပြုံးလျက် ဆိုလိုက်၏။
“ကြည့်ရတာ သူက ဒီယွမ်ချွမ်မြို့က လူတွေကို သန့်စင်ပြီး ဒဏ်ရာတွေကို ကုသချင်နေတာပဲ... လောကကြီးမှာ အယုတ်မာဆုံးနဲ့ အညစ်ထေးဆုံး အရာဆိုတော့ တကယ်ပဲ သတ္တိရှိတာပဲ... တကယ်လို့ သူသာ အောင်မြင်သွားပြီး ဒီမြို့မှာရှိတဲ့ လူသန်းပေါင်းများစွာရဲ့ သွေးအနှစ်သာရကို ဝါးမြိုလိုက်မယ်ဆိုရင် ဒဏ်ရာတွေ ချက်ချင်းသက်သာသွားပြီး အသွင်ပြောင်းသွားနိုင်တယ်... အဲဒီအခါကျရင် ငါတို့အားလုံးလည်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး... ကံကောင်းတာက ယခုတင်က တိုက်ပွဲကြောင့် သူ့ရဲ့ သဲလွန်စ ပေါ်ထွက်လာခဲ့တာပဲ...”
ယိုကွမ်းမင်းသမီးက ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး အောက်ဘက်ရှိ သွေးချောင်းစီးနေသော တိုက်ပွဲမြေပြင်ကို ကြည့်ကာ ဆိုလိုက်သည်။
“သူက သူ့ရဲ့သဲလွန်စ ပေါ်သွားပြီဆိုတာကို သိနေလို့ အခုလို ပရမ်းပတာတွေ လုပ်ပြီး ဒီလူတွေရဲ့ သွေးအနှစ်သာရကို သုံးကာ ဒဏ်ရာကို အစောတလျင် ကုသဖို့ ကြိုးစားနေတာပဲ... အချိန်မဆွဲဘဲ သူ့ကို အမြန်ဆုံး ရှာဖွေပြီး သတ်ပစ်ရမယ်... မဟုတ်ရင် အချိန်ကြာလေလေ သူက ပိုပြီး သန်မာလာလေလေပဲ ဖြစ်မှာ...”
“ဘုန်း...”
စကားပြောနေစဉ်မှာပင် ယိုကွမ်းမင်းသမီး၏ကိုယ်ပေါ်၌ တောက်ပလှသော လျှပ်စီးအလင်းတန်းများ ဖုံးလွှမ်းသွားခဲ့သည်။ သူမသည် လျှပ်စီးများကို စိုးမိုးထားသော နတ်သမီးတစ်ပါးအလား တင့်တယ်တည်ငြိမ်လှသဖြင့် လူတိုင်းမှာ တိုက်ရိုက်ကြည့်ရန်ပင် ခက်ခဲလှပေ၏။ သူမသည် သွေးရောင်အလင်းများ ပြည့်နှက်နေသော မြေအောက်အက်ကွဲကြောင်းဆီသို့ တိုက်ရိုက် ဆင်းသက်သွားတော့သည်။
“ရှူး... ရှူး... ရှူး...”
အခြား မဟာသန်မာသူများသည်လည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြတော့သည်။
ဟင်းလင်းပြင်၌ စီနီယာယင်းလီနှင့် စီနီယာရှုတောက်ယန် တို့သည်လည်း ဤမြင်ကွင်းကို သတိပြုမိသွားကြသည်။
ရှုတောက်ယန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့ပြီးကိုယ်ပေါ်မှ အရှိန်အဝါများကို ရုတ်တရက် ရုပ်သိမ်းလိုက်ကာ ယင်းလီကို ပြုံးလျက် ဆိုလိုက်၏။
“ယင်းလီ... ငါတို့အနေနဲ့ အဆင့်မရှိတဲ့ လူတစ်ယောက်အတွက်နဲ့ ဆက်ဆံရေး အပျက်စီးခံနေဖို့ မလိုပါဘူး... ဒီနေ့တော့ မင်းရဲ့ မျက်နှာကို ထောက်ပြီး သူ့ကို ငါ တစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်...”
“ဒါပေမဲ့ သူက အစွမ်းလည်း မရှိဘဲနဲ့ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ မောက်မာလွန်းနေတယ်... ဘေးဒုက္ခဆိုတာ မကြာခင်မှာ ရောက်လာတော့မှာပဲ... အဲဒီအခါကျရင် မင်း သူ့ကို ဘယ်နှစ်ကြိမ်လောက် ကယ်နိုင်ဦးမှာလဲ...”
ရှုတောက်ယန်သည် ဝေးရာရှိ လော့ချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အထင်သေးစွာ ခေါင်းခါလိုက်ကာ မြေအောက်အက်ကွဲကြောင်းဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
သူ၏မျက်လုံးထဲတွင် လော့ချန်သည် ပုရွက်ဆိတ်တစ်ကောင်နှင့် ဘာမှမခြားပေ။ လက်ဖျစ်တစ်ချက် တီးရုံနှင့်ပင် အစအနမကျန် ချေမှုန်းနိုင်သည်မဟုတ်ပါလော။
ယခုအခါ သွေးမိစ္ဆာ ပေါ်ထွက်လာပြီဖြစ်ရာ ဤကဲ့သို့သော ကိစ္စအတွက်နှင့် အချိန်မဖြုန်းလိုတော့ခြင်း ဖြစ်သည်။ သွေးမိစ္ဆာဝိညာဉ်ကျောက်ကိုသာ ရရှိမည်ဆိုပါက သူသည် လူသားအမြုတေလမ်းစဉ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
လူသားအမြုတေအဆင့်သို့ ရောက်ရှိသွားမှသာ ကျင့်ကြံမှုလောကအတွင်းသို့ အမှန်တကယ် ဝင်ရောက်နိုင်ခြင်း ဖြစ်၏။ ထိုအခါဆိုလျှင် ထူးခြားလှသော စွမ်းအားများကို စိုးမိုးနိုင်မည်ဖြစ်သလို ကျယ်ပြောလှသော ကမ္ဘာကြီးအတွင်းမှာလည်း မိမိ အလိုရှိသော အမျိုးသမီးတိုင်းကို ရယူနိုင်မည်မဟုတ်ပါလော။
ထိုအရာများနှင့် ယှဉ်လိုက်လျှင် လော့ချန်၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းမှာ သူ့အတွက်တော့ ဘာမှအရေးမပါသော ကိစ္စတစ်ခုသာ ဖြစ်သည်။
“နောက်ဆုံးတော့ ထွက်သွားပြီပဲ...”
ရှုတောက်ယန်၏ပုံရိပ်မှာ မြေအောက်အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အခါမှ စီနီယာ လျိုချင်းယွီသည် သက်ပြင်းမောတစ်ချက်ကို မှုတ်ထုတ်လိုက်နိုင်တော့သည်။
ရှုတောက်ယန် ပေးသော ဖိအားမှာ သူမအတွက် များစွာ ပြင်းထန်လှပေ၏။ အကယ်၍ တစ်ဖက်လူသာ ထွက်မသွားခဲ့ပါက မည်သို့သော အခြေအနေများ ဖြစ်လာမည်နည်း။ လော့ချန် ဘေးကင်းကင်းနှင့် ထွက်ခွာနိုင်ပါ့မလားဆိုသည်မှာလည်း မသေချာလှပေ။
ပထမမင်းသားသည် အောက်ဘက်ရှိ သွေးမြူခိုးများကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏။
“ငါတို့ တော်တော် ပေါ့ဆသွားတာပဲ... သွေးမိစ္ဆာက ဒီယွမ်ချွမ်မြို့ရဲ့ အောက်မှာ ပုန်းနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဒုက္ခကြီး ဖြစ်တော့မယ့် အခြေအနေပဲ...”
သွေးမိစ္ဆာသည် ဒဏ်ရာ အပြင်းအထန် ရထားသဖြင့် နတ်ဆိုးတောအုပ်အတွင်း၌သာ ပုန်းအောင်းနေလိမ့်မည်ဟု သူ ယူဆထားခဲ့ခြင်း ဖြစ်၏။ ဤမျှအထိ လူမြင်ကွင်းရှိရာ ယွမ်ချွမ်မြို့အတွင်းသို့ ဝင်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
စီနီယာ လျိုချင်းယွီက ဆိုလိုက်သည်။
“ဒီယွမ်ချွမ်မြို့ရဲ့ မြေအောက်ဝိညာဉ်စမ်းရေကန်တွေက တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေပြီးတော့ တော်တော်လေးကို ရှုပ်ထွေးတာလေ... အဲ့ဒါတွေရဲ့ သက်ရောက်မှုကြောင့် သွေးမိစ္ဆာရဲ့ သဲလွန်စကို ရှာတွေ့ဖို့ ခက်သွားတာလည်း ဖြစ်နိုင်တယ်...”
“တော်သေးတာပေါ့ သူ လှုပ်ရှားဖို့ အချိန်မရလိုက်လို့... မဟုတ်ရင် သူသာ ဒီမြို့မှာရှိတဲ့ လူတွေရဲ့ သွေးအနှစ်သာရကို ဝါးမြိုပြီး ဒဏ်ရာကို ကုသကာ အဆင့်တက်သွားမယ်ဆိုရင် ငါတို့အားလုံး ပေါင်းရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... အကြီးအကဲတွေ ထွက်လာရင်တောင် သူ့ကို တားနိုင်ပါ့မလားဆိုတာ မသေချာဘူး...”
ထိုစဉ်...
“ဝှစ်...”
အေးစက်လှသော လေပြင်းများ တိုက်ခတ်သွားခဲ့ပြီး စီနီယာယင်းလီသည် နှင်းခဲရေမြွေကြီးကို စီးနင်းလျက် လော့ချန်တို့ သုံးဦး၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူမသည် ပထမမင်းသား ကျင်းထျန်တူနှင့် စီနီယာ လျိုချင်းယွီတို့ကို ကြည့်ကာ ဆိုလိုက်၏။
“ငါတို့လည်း အနောက်ကနေ လိုက်သွားကြစို့... ဘေးဒုက္ခတွေ မဖြစ်ခင် ဒီသွေးမိစ္ဆာကို အမြန်ဆုံး ရှင်းထုတ်ပစ်ရမယ်...”
စကားပြောပြီးနောက် စီနီယာယင်းလီက လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။
“သွေးမိစ္ဆာက တကယ့်ကို ထူးဆန်းပြီးတော့ ကောက်ကျစ်တာလေ... ဒီတိုက်ပွဲက မင်းအတွက်တော့ တော်တော်လေး အန္တရာယ်ရှိတယ်၊ ဒါကြောင့် ဒီမှာ အကြာကြီး မနေတာ ပိုကောင်းလိမ့်မယ်... လော့ချန်... မင်း ယူလန်ရှင်း တို့ဆီကို သွားပြီးတော့ ဒီယွမ်ချွမ်မြို့ကနေ တတ်နိုင်သမျှ မြန်မြန် ထွက်သွားကြဖို့ သွားပြောလိုက်ပါ...”
“ဟုတ်ကဲ့ပါ...”
လော့ချန်သည် စီနီယာယင်းလီကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ ကျေးဇူးတင်စကားများကိုတော့ သူ အခုအချိန်မှာ ပြောမနေတော့ပေ။ အခြေအနေကလည်း ပြောနေရန် အချိန်မရှိသည်မဟုတ်ပါလော။
ပထမမင်းသား ကျင်းထျန်တူက ဆိုလိုက်၏။
“လော့ချန်... ညီမလေး ကျင်းယွီရှီးကိုလည်း တစ်ချက်လောက် စောင့်ရှောက်ပေးပါဦး...”
ကျင်းယွီရှီး၏ အစွမ်းမှာ အားနည်းလွန်းလှသဖြင့် ယခုကဲ့သို့သော အခြေအနေတွင် ကျင်းထျန်တူအနေဖြင့် သူမ၏ ဘေးကင်းမှုအတွက် စိုးရိမ်နေခြင်း ဖြစ်သည်။
လော့ချန်က ခေါင်းညိတ်လိုက်သည်။
“စိတ်ချပါ... ကျွန်တော် ရှိနေသရွေ့တော့ သူ ဘာမှမဖြစ်စေရဘူး...”
အခန်း ၇၀၃ ပြီးပါပြီ။
အခန်း ၇၀၄ - ယွမ်ချွမ်မြို့တော့ သွားပါပြီ
လော့ချန်ထံမှ ကတိစကား ရရှိလိုက်သည့်အခါ ပထမမင်းသား ကျင်းထျန်တူသည် စိတ်အေးသွားတော့သည်။ ယခု လော့ချန်၏အစွမ်းနှင့်ဆိုလျှင် မဟာသန်မာသူအဆင့်ရှိသူနှင့် မတွေ့သရွေ့တော့ အရှုံးမရှိနိုင်သည်မှာ သေချာလှပေသည်။
“ဂရုစိုက်ပါ...”
စီနီယာယင်းလီသည် ထုံးစံအတိုင်း စကားကို အပိုမပြောဘဲ လော့ချန်ကို မှာကြားလိုက်သည်။
“သွားကြစို့...”
“ဝှစ်...”
စီနီယာယင်းလီ၏ ဘေးပတ်လည်တွင် ကြီးမားလှသော နှင်းခဲမြွေကြီးနှစ်ကောင်မှာ ဝန်းရံနေခဲ့ပြီး သူမသည် မြေအောက်အက်ကွဲကြောင်းဆီသို့ တစ်ဟုန်ထိုး ဆင်းသက်သွားတော့သည်။ လမ်းတစ်လျှောက်ရှိ သွေးရောင်မြူခိုးများမှာ တစ်ခဏအတွင်း အေးခဲသွားခဲ့ကြပြီး သွေးရောင်နှင်းပွင့်များအဖြစ် အရပ်မျက်နှာအနှံ့ ဝဲလွင့်ကျဆင်းကုန်တော့သည်။
ကျင်းထျန်တူနှင့် စီနီယာ လျိုချင်းယွီတို့သည်လည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြတော့သည်။ သူတို့သည်လည်း လက်တစ်ကမ်းအလိုရှိ သွေးမိစ္ဆာဝိညာဉ်ကျောက်ကို အမှန်တကယ်ပင် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။ ယိုကွမ်းမင်းသမီးနှင့် စီနီယာ ရှုတောက်ယန်တို့ ရှိနေစဉ်မှာတော့ သူတို့နှစ်ဦးမှာ သွေးမိစ္ဆာဝိညာဉ်ကျောက်အပေါ်၌ မျှော်လင့်ချက် များစွာ မထားရဲခဲ့ကြပေ။ ယခုအခါတွင်မူ စီနီယာယင်းလီ ရှိနေပြီဖြစ်ရာ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသူသုံးဦး၏ပုံရိပ်များမှာ အက်ကွဲကြောင်းအတွင်းသို့ ပျောက်ကွယ်သွားကြတော့သည်။
“ဟူး...”
ထိုသူသုံးဦး ထွက်ခွာသွားသည်ကို ကြည့်ကာ လော့ချန်သည် စိတ်ထဲ၌ အချိန်အတော်ကြာ ဖိနှိပ်ထားရသော ဒေါသတစ်ခုကို အားပါးတရ မှုတ်ထုတ်လိုက်တော့သည်။ ယွမ်ထျန်ယန်ကို သတ်ဖြတ်လိုက်သည့် ကိစ္စမှာ နောက်ဆုံးတော့ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း လော့ချန်သည် ဤမျှနှင့် စိတ်မအေးနိုင်သေးဘဲ ပိုမို၍ပင် စိုးရိမ်လာရသည်။ သူ ယွမ်ထျန်ယန်ကို သတ်ဖြတ်လိုက်ခြင်းက လျှပ်ယွမ်ဂိုဏ်း၏ အငြိုးအတေးကို ခံရမည်မှာ သေချာလှပေ၏။ နောင်ပိုင်းတွင် မည်သို့သော လှုပ်ရှားမှုများ ရှိလာမည်နည်းဆိုသည်ကို သူ မသိနိုင်ပေ။ လျှပ်ယွမ်ဂိုဏ်းတွင် မဟာသန်မာသူအဆင့်ရှိသူ များစွာ ရှိနေသည်မဟုတ်ပါလော။ ၎င်းအပြင် နန်းမြို့တော်မှ ချီမိသားစုလည်း ရှိသေးသည်။
ကျင်းထျန်တူ ယူဆောင်လာသော သတင်းများအရ ချီမိသားစုသည် သူ့ကို သတ်ဖြတ်ရန်အတွက် မဟာသန်မာသူနှစ်ဦးကို စေလွှတ်ထားခဲ့ပြီးပြီ ဖြစ်၏။ ဘာကြောင့် အခုအချိန်အထိ ပေါ်မလာကြသေးသနည်းဆိုသည်မှာ သူ ယွမ်ထျန်ယန်နှင့် သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲနေခြင်းကြောင့် ဖြစ်လိမ့်မည်ဟု သူ ယူဆလိုက်သည်။ သူ ယွမ်ထျန်ယန်ကို သတ်ဖြတ်လိုက်သည့် သတင်းသာ အပြင်သို့ ပြန့်သွားမည်ဆိုပါက ချီမိသားစုကတော့ ငြိမ်နေလိမ့်မည် မဟုတ်ပေ။
ကျင်းမင်နှင့် မင်းသားတန်းတို့လည်း ရှိနေသေးသည်။ ရန်သူများ ဝန်းရံနေသည့် အခြေအနေတွင် လော့ချန်သည် မည်သို့လျှင် ပေါ့ဆရဲပါမည်နည်း။ အမြဲတမ်း ဤကဲ့သို့ ကံကောင်းနေလိမ့်မည် မဟုတ်သလို သူတစ်ပါး၏အရှိန်အဝါကို အသုံးချပြီး အကာအကွယ် ယူနေခြင်းမှာလည်း ရေရှည်အတွက် မကောင်းလှပေ။ တစ်ပါးသူက မိမိကို တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ကူညီပေးနိုင်သော်လည်း တစ်သက်လုံးတော့ ကူညီနိုင်လိမ့်မည် မဟုတ်ပေ။ မိမိကိုယ်တိုင်၏အစွမ်း သန်မာလာရန်ကသာ အခြေခံအုတ်မြစ် ဖြစ်သည်။
မြေပြင်ပေါ်၌ ဟောင်းလောင်းပေါက် ဖြစ်နေသော ထိုအက်ကွဲကြောင်းကြီးကို ကြည့်ကာ လော့ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
“လူသားအမြုတေလမ်းစဉ်ကို တက်လှမ်းဖို့ဆိုတာ ငါ့အတွက်တော့ စောလွန်းသေးတယ်၊ အခုလောလောဆယ်တော့ မဟာသန်မာသူအဆင့်ကို အမြန်ဆုံး ရောက်အောင် ကြိုးစားရမယ်... ဓားဆန္ဒကိုလည်း တကယ့်ဓားဆန္ဒအဆင့်အထိ မြှင့်တင်နိုင်မှသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိမှာပဲ...”
ဤအတွေးနှင့်အတူ လော့ချန်သည် ယွမ်ချွမ်မြို့အတွင်းသို့ ပျံသန်းသွားတော့သည်။ စီနီယာယင်းလီနှင့် စီနီယာ ရှုတောက်ယန်တို့၏တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်လှသော ပျက်စီးမှုများကြောင့် ဘေးကနေ ကြည့်နေသူများမှာ ယွမ်ချွမ်မြို့အတွင်းသို့ ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်ရာ နဝမမင်းသမီး ကျင်းယွီရှီးတို့လည်း မြို့ထဲမှာပဲ ရှိနေလိမ့်မည် ဖြစ်သည်။
ပြိုကျပျက်စီးသွားသော တောင်ဘက်မြို့ရိုးဘက်တွင် သွေးမြူခိုးများ ဖုံးလွှမ်းနေခဲ့ပြီး မြေပြင်ပေါ်၌လည်း ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ပြန့်ကျဲနေကာ သွေးနံ့များကြောင့် လူကို ဖိအားပေးနေသော အငွေ့အသက်များ ပြည့်နှက်နေတော့သည်။ သွေးမိစ္ဆာအငွေ့အသက်များ၏ရိုက်ခတ်မှုကြောင့် အသိစိတ်များ ပျောက်ကွယ်သွားသော သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူ ဆယ်ယောက်ကျော်မှာ အစွမ်းက အလွန်ပင် သန်မာလှပေ၏။
၎င်းအပြင် သူတို့သည် ရူးသွပ်နေကြပြီး သေရမှာကိုလည်း မကြောက်ကြသဖြင့် တွေ့သမျှလူကို သတ်ဖြတ်နေကြရာ တောင်ဘက်မြို့ရိုးတွင် အကြီးအကျယ် ပရမ်းပတာ ဖြစ်နေခဲ့ပြီး သေဆုံးသူ အရေအတွက်မှာလည်း လူတစ်ရာကျော်အထိ ရှိနေပြီ ဖြစ်သည်။ တော်သေးသည်မှာ အသိစိတ် ပျောက်ကွယ်သွားသူ နည်းပါးသလို ဤနေရာတွင် ပါရမီရှင်များ စုဝေးနေကြသဖြင့် ထိုပရမ်းပတာများမှာ တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့ပြီ ဖြစ်၏။
လော့ချန်သည် အကြည့်ဖြင့် ဝေ့ဝဲရှာဖွေလိုက်ရာ လူအုပ်ကြီးအတွင်း၌ စီနီယာ ဖန်ယွဲ့ယန်နှင့်အတူ တခြားရွှမ်ယွမ်ဂိုဏ်းတပည့်များကို တွေ့ရှိသွားသဖြင့် သူတို့ရှိရာသို့ တစ်ဟုန်ထိုး ပျံသန်းသွားလိုက်သည်။
“စီနီယာ လော့ချန်...”
“တိုက်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် စီနီယာ...”
လော့ချန် ရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အခါ ရွှမ်ယွမ်ဂိုဏ်းတပည့် အားလုံး၏ မျက်ဝန်းအတွင်း၌ လေးစားမှုများ ပေါ်ထွက်နေတော့၏။ ၎င်းတို့အထဲတွင် ယခင်က လော့ချန် ယွမ်ထျန်ယန်ကို စိန်ခေါ်ခဲ့သည့်အပေါ် မကျေမနပ် ဖြစ်ခဲ့သူများလည်း ပါဝင်သည်။ အတွင်းစည်းတပည့် ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်ဟူသော အဆင့်အတန်းကို ဘေးဖယ်ထားလျှင်ပင် လော့ချန်က ဓားလေးချက်တည်းဖြင့် ယွမ်ထျန်ယန်ကို သတ်ဖြတ်လိုက်သော အစွမ်းက လူတိုင်းကို လေးစားသွားစေခဲ့ပြီ ဖြစ်သည်။
“လော့ချန်...”
စီနီယာ ဖန်ယွဲ့ယန်နှင့် စီနီယာ ကျူးလင်မေ့တို့သည်လည်း လျှောက်လှမ်းလာကြသည်။ သူတို့နှစ်ဦးမှာ ယခုတင်က ရူးသွပ်နေသော သွေးကြောနိုးကြားမှုအထွတ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်ခဲ့ကြသူများဖြစ်ရာ ကိုယ်ပေါ်၌လည်း သွေးစွန်းနေခဲ့ကြသည်။
“ဂုဏ်ယူပါတယ်... ယွမ်ထျန်ယန်ကို အနိုင်ယူလိုက်ပြီဆိုတော့ မင်းက အခုဆိုရင် ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်းရဲ့ ဘုရင် ဖြစ်သွားပြီပေါ့...”
စီနီယာ ကျူးလင်မေ့က လော့ချန်ကို ကြည့်ကာ ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သော်လည်း သူမ၏အကြည့်များမှာ ဝေဝေဝါးဝါး ဖြစ်နေခဲ့သည်။ အရင်အကြိမ်များက တွေ့ဆုံစဉ်က သူမသည် လော့ချန်ကို ဂျူနီယာဟု ခေါ်ဝေါ်ခဲ့သော်လည်း ယခုအခါ လော့ချန်မှာ သူမပင် မော်ကြည့်ရသည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ တကယ့်ကို နှမြောတသ ဖြစ်စရာ ကောင်းလှပေသည်။
စီနီယာ ဖန်ယွဲ့ယန်က ရယ်မောလျက် ဆိုလိုက်သည်။
“ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်းဘုရင် ဆိုတာက ဘာမှ မဟုတ်ပါဘူး... ယွမ်ထျန်ယန်က နယ်မြေအဆင့် ၁၀၂ မှာ ရှိနေတာလေ၊ ဒီလောက်အထိ လွယ်လွယ်ကူကူနဲ့ သူ့ကို သတ်နိုင်တယ်ဆိုရင် မင်းက သေချာပေါက် နယ်မြေအဆင့်ထဲကို ဝင်နိုင်မှာပဲ...”
“နယ်မြေအဆင့်စာရင်းထဲ ဝင်နိုင်ပြီဆိုရင်တော့ တကယ့်ကို တစ်ကမ္ဘာလုံးက သိသွားမှာပဲ၊ ဂိုဏ်းကလည်း အကြီးအကျယ် ဆုချီးမြှင့်မှာ သေချာတယ်... လော့ချန်... မင်း နယ်မြေအဆင့်စာရင်းထဲ ဝင်သွားတဲ့အခါကျရင် ငါနဲ့ တစ်ချက်လောက် လက်ရည်စမ်းကြရအောင်လေ၊ ငါ နယ်မြေအဆင့် ပါရမီရှင်တစ်ယောက်နဲ့ တိုက်ခိုက်ချင်နေတဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ပေါ့...”
စီနီယာ ဖန်ယွဲ့ယန်သည် လော့ချန်က မိမိထက် သာလွန်သွားသည်ဟူသော အမှန်တရားကို လက်ခံလိုက်ပြီ ဖြစ်သည်။ လက်မခံ၍လည်း မရပေ။ အစွမ်းကွာခြားချက်က မျက်စိရှေ့မှာပင် ရှိနေသည်မဟုတ်ပါလော။
“ဒီကိစ္စတွေကို နောက်မှ ပြောကြတာပေါ့... သွေးဝိညာဉ်ဂိုဏ်းရဲ့ အခြေစိုက်စခန်းကနေ ထွက်ပြေးသွားတဲ့ သွေးမိစ္ဆာက ဒီယွမ်ချွမ်မြို့ရဲ့ မြေအောက်မှာ ပုန်းနေတာ ဖြစ်နိုင်တယ်... ဒီသွေးမိစ္ဆာက လူသားအမြုတေအဆင့်နဲ့ နီးစပ်နေတာမို့ တိုက်ပွဲသာ ဖြစ်လာရင် နောက်ဆက်တွဲက ဘယ်လိုဖြစ်လာမလဲဆိုတာ ခန့်မှန်းဖို့ ခက်တယ်... ဒါကြောင့် မင်းတို့ ဒီနေရာကနေ မြန်မြန် ထွက်သွားကြတာ ပိုကောင်းလိမ့်မယ်...”
လော့ချန်က သတိပေးလိုက်သည်။
“ကောင်းပြီလေ...”
ဖန်ယွဲ့ယန်က ခေါင်းညိတ်လိုက်သည်။ သူတို့အားလုံးသည် ထိုသွေးမိစ္ဆာ၏ ကြောက်စရာကောင်းပုံကို မြင်တွေ့ခဲ့ကြပြီးသား ဖြစ်၏။ ဤအဆင့်ရှိသော တိုက်ပွဲမှာ သူတို့ ဝင်ရောက်စွက်ဖက်နိုင်သော အရာ မဟုတ်ပေ။ ဘေးကနေ ကြည့်နေလျှင်ပင် အသက်အန္တရာယ် ရှိနိုင်သည်မဟုတ်ပါလော။
“မင်းကရော ငါတို့နဲ့အတူ မလိုက်ဘူးလား...”
စီနီယာ ကျူးလင်မေ့က မေးမြန်းလိုက်သည်။
“ငါ့မှာ လုပ်စရာလေး တစ်ခု ကျန်သေးလို့ပါ...”
လော့ချန်က ခေါင်းခါပြလိုက်ပြီး မေးမြန်းလိုက်သည်။
“မင်းတို့ လော့ရှာဂိုဏ်းက လူတွေကို မြင်မိသေးလား...”
သူတစ်ပါး၏မှာကြားချက်ကို လက်ခံထားသူဖြစ်ရာ ပထမမင်းသား ကျင်းထျန်တူကို ပေးထားသောကတိအတိုင်း သူသည် နဝမမင်းသမီး ကျင်းယွီရှီးကိုကိုယ်တိုင် မြို့ပြင်အထိ လိုက်ပို့ပေးပြီးမှသာ စိတ်အေးနိုင်မည် ဖြစ်သည်။
စီနီယာ ကျူးလင်မေ့က မြို့ရိုး၏အခြားတစ်ဖက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
“သူတို့ အရင်ကတော့ ဟိုဘက်မှာ ရှိနေတာပဲ... ဒါပေမဲ့ စောစောကပဲ ပရမ်းပတာတွေ ဖြစ်တော့ သူတို့ကို မတွေ့တော့ဘူး...”
“ကောင်းပြီလေ...”
လော့ချန်သည် သူတို့ကို ရှာဖွေရန်အတွက် ချက်ချင်းပင် လှုပ်ရှားလိုက်တော့သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
ထိုစဉ် မြေပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး မြေအောက်မှ တစ်စုံတစ်ရာ တိုးထွက်လာတော့မည့်နှယ် ရှိနေတော့သည်။ နောက်တစ်ခဏတွင် မြို့ရိုးကို ဖြတ်ကျော်သွားသော ထိုအက်ကွဲကြောင်းအတွင်းမှ အရင်ကထက် ပိုမို ထူထပ်လှသော သွေးရောင်အရှိန်အဝါများမှာ ဟုန်းဟုန်းတောက် ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
ဤမျှနှင့် မပြီးသေးပေ။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
ယွမ်ချွမ်မြို့အတွင်းရှိ နေရာအနှံ့မှ ပြင်းထန်လှသော သွေးရောင်အရှိန်အဝါလှိုင်းကြီးများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့ရာ ကောင်းကင်တစ်ခုလုံးမှာ သွေးရောင်လွှမ်းသွားခဲ့ပြီး ထူထပ်လှသော သွေးညှီနံ့ ပြည့်နှက်နေသော မြူခိုးများမှာလည်း လေနှင့်အတူ ပျံ့နှံ့ကုန်တော့သည်။
“ဘာဖြစ်တာလဲ...”
လူတိုင်းမှာ မှင်တက်မိသွားကြရသည်။
“ဝှစ်...”
လော့ချန်သည် ဟင်းလင်းပြင်သို့ အမြန်ဆုံး ပျံတက်လိုက်ပြီး မြို့အတွင်းသို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာမှာ အလွန်ပင် ဆိုးရွားသွားတော့သည်။ ယွမ်ချွမ်မြို့ တစ်ခုလုံးရှိ နေရာအနှံ့မှ သွေးရောင်အရှိန်အဝါများမှာ ပေါက်ကွဲနေခဲ့ကြပြီး တစ်ခုပြီးတစ်ခုမှာ ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ထားသော တိုင်ကြီးများအလား ရှိနေတော့၏။ ထူထပ်လှသော သွေးညှီနံ့ ပြည့်နှက်နေသော မြူခိုးများမှာလည်း မြို့အတွင်း၌ လျင်မြန်စွာ ပျံ့နှံ့နေတော့သည်။
သွေးရောင်တိမ်တိုက်များ၊ သွေးရောင်အလင်းတန်းများနှင့် ပျံ့နှံ့နေသော သွေးမြူခိုးများကြောင့် ယွမ်ချွမ်မြို့ တစ်ခုလုံးမှာ တစ်ခဏအတွင်း သွေးရောင်ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး လူကို ဖိအားပေးနေသော ထိတ်လန့်စရာ အငွေ့အသက်များ ဝန်းရံနေတော့သည်။
ထို့နောက်တွင်မူ ရူးသွပ်လှသော အော်ဟစ်သံများမှာ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းအတွင်း၌ အကူအညီတောင်းသံများ၊ ဒေါသတကြီး အော်ဟစ်သံများ၊ အသနားခံသံများနှင့် ကလေးငယ်များ၏ငိုသံများမှာ ငရဲပွက်သည့်ပမာ ကမ္ဘာပျက်နေတော့သည်။
မြို့အတွင်းရှိ မြင်ကွင်းကို ကြည့်ကာ လော့ချန်၏မျက်ခုံးများ တင်းကျပ်စွာ တွန့်ချိုးသွားသည်။ ထိုသွေးရောင်မြူခိုးများကို ရှူရှိုက်မိလိုက်ကြသော သာမန်လူများ၊ အဆင့်နိမ့် ကျင့်ကြံသူများနှင့် သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများပင်လျှင် ယခုအခါ လုံးဝ ရူးသွပ်သွားကြပြီး သူတို့၏ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရူးသွပ်စွာ သတ်ဖြတ်နေကြတော့သည်။ ကျင့်ကြံသူများက သူတို့၏သိုင်းပညာများကို ထုတ်ဖော်နေကြပြီး သာမန်လူများမှာမူ လက်ဖြင့် ကုတ်ခြစ်ကာ၊ သွားဖြင့်ကိုက်ကာဖြင့် တွေ့ကရာ သတ်ဖြတ်နေကြ၏။ သူတို့အားလုံးမှာ ရူးသွပ်နေသော သားရဲများအလား ဖြစ်နေကြတော့သည်။
ဤမျှ အရှိန်အဟုန်ဖြင့် ရုတ်တရက် ဆန်လှသော အပြောင်းအလဲကြောင့် လူအတော်များများမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သွေးအိုင်အတွင်း၌ လဲကျကုန်ကြရ၏။ သူတို့၏ခန္ဓာကိုယ်များမှာ ရူးသွပ်နေသူများ၏လက်ချက်ဖြင့် တစ်ခဏအတွင်း အပိုင်းပိုင်း ပြိုကွဲပျက်စီးသွားခဲ့ကြပြီး သွေးများမှာလည်း လမ်းမတစ်လျှောက် စီးကျကုန်သဖြင့် မြေပြင်တစ်ခုလုံးမှာ သွေးရောင် လွှမ်းနေတော့သည်။
“ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ...”
စီနီယာ ဖန်ယွဲ့ယန်နှင့် စီနီယာ ကျူးလင်မေ့တို့သည်လည်း အနောက်မှ လိုက်ပါလာကြ၏။ သူတို့သည် သေခြင်းရှင်ခြင်းများကို အကြိမ်ကြိမ် ကြုံတွေ့ဖူးသူများ ဖြစ်ကြသော်လည်း ဤကဲ့သို့သော ငရဲဘုံအလား မြင်ကွင်းမျိုးကို မြင်လိုက်ရသည့်အခါ မျက်နှာများ ဖြူလျော့သွားခဲ့ပြီး မှင်တက်မိနေကြတော့သည်။ စီနီယာ ကျူးလင်မေ့သည် သက်ပြင်းတစ်ချက်ကို ခက်ခက်ခဲခဲ ချလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“ယွမ်ချွမ်မြို့တော့ သွားပါပြီ...”
အခန်း ၇၀၄ ပြီးပါပြီ။
အခန်း ၇၀၅ - အကြီးအကျယ် ပရမ်းပတာဖြစ်ခြင်းနှင့် ဝါးမြိုခြင်း
စီနီယာ ကျူးလင်မေ့ တစ်ယောက်တည်းသာမက မြို့အတွင်းရှိ ဆိုးရွားလှသော မြင်ကွင်းကို ကြည့်ကာ လူအများအပြား၏ စိတ်ထဲ၌လည်း အလားတူ အတွေးများ ပေါ်ထွက်နေကြသည်။ စီနီယာ ဖန်ယွဲ့ယန်ကတော့ အတော်လေး တည်ငြိမ်နေခဲ့ပြီး နှုတ်ခမ်းကို သပ်လျက် ဆိုလိုက်၏။
“အသွင်မပြောင်းရသေးတဲ့ သွေးမိစ္ဆာမှာ ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ စွမ်းရည်မျိုး မရှိသင့်ဘူး... ဒါဆိုရင် ဒီလောက် အချိန်တိုအတွင်းမှာတင် အဲဒီသွေးမိစ္ဆာက ဒဏ်ရာတွေ သက်သာသွားရုံတင်မကဘဲ အဆင့်တက်ပြီး အသွင်ပြောင်းသွားပြီလား... တကယ်လို့ အဲဒီလိုသာဆိုရင်တော့ ဒါက တကယ့်ကိုကမ္ဘာပျက်မယ့် ဘေးဒုက္ခကြီးပဲ...”
လော့ချန်က ခပ်ဖွဖွ ခေါင်းခါပြလိုက်သည်။
“အဲဒီလိုတော့ မဟုတ်လောက်ပါဘူး... မဟုတ်ရင် သူက ဒီယွမ်ချွမ်မြို့ရဲ့ မြေအောက်မှာ ပုန်းနေပြီးတော့ လူမြင်မခံဘဲ နေမှာ မဟုတ်ဘူးလေ...”
အသွင်ပြောင်းသွားသော သွေးမိစ္ဆာသည် လူသားအမြုတေအဆင့် သန်မာသူများနှင့် အဆင့်အတန်း တူညီလှပြီး စွမ်းအားများမှာလည်း ကြီးမားလှသလို ခန့်မှန်းရလည်း ခက်ခဲလှပေ၏။ လူသားအမြုတေအဆင့် သန်မာသူများ ထွက်မလာသရွေ့တော့ သူ့ကို မည်သူမျှ ခြိမ်းခြောက်နိုင်မည် မဟုတ်သဖြင့် ပုန်းအောင်းနေစရာ မလိုပေ။ ဖန်ယွဲ့ယန်ကလည်း ဤအချက်မှာ ဆီလျော်သည်ဟု ယူဆလိုက်သည်။
“ဒါဆိုရင် ဒါက ဘာဖြစ်လို့လဲ...”
လော့ချန်သည် မြို့အတွင်း၌ ပျံ့နှံ့နေသော သွေးမြူခိုးများကို ကြည့်ကာ တွေးတောလျက် ဆိုလိုက်၏။
“မမှားဘူးဆိုရင်တော့... ဒီသွေးမိစ္ဆာက ယွမ်ချွမ်မြို့အောက်မှာ ရှိတဲ့ ဝိညာဉ်စမ်းရေကန်တွေထဲမှာ ပုန်းနေတာ ဖြစ်ရမယ်... မြေအောက်က အရပ်မျက်နှာအနှံ့ ဆက်သွယ်နေတဲ့ ဝိညာဉ်စမ်းရေ လမ်းကြောင်းတွေကို အသုံးချပြီးတော့ အခုလို အခြေအနေမျိုး ဖြစ်အောင် လုပ်လိုက်တာပဲ...”
သွေးရောင်အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည့် နေရာတိုင်းမှာ မြေအောက်ဝိညာဉ်စမ်းရေ ထွက်ပေါက်များ ရှိသည့် နေရာများ ဖြစ်နေသည်ကို လော့ချန် ယခုတင်က သတိထားမိခဲ့သည်။ သူ ယခင်က နေထိုင်ခဲ့သည့် ယွမ်လန်ဂေဟာလည်း အပါအဝင် ဖြစ်ပေသည်။ ထိုနေရာမှာ ယခုအခါ ထူထပ်လှသော သွေးရောင်အရှိန်အဝါများဖြင့် လုံးဝ ဖုံးလွှမ်းခြင်း ခံထားရပြီ ဖြစ်သည်။
သူ၏တွက်ဆချက်အရဆိုလျှင် သွေးမိစ္ဆာသည် မကြာသေးခင်ကပင် မြေအောက်ဝိညာဉ်စမ်းရေကန်များအတွင်း ပုန်းအောင်းနေခဲ့ပြီး မိမိ၏ယုတ်မာညစ်ထေးလှသော သွေးမိစ္ဆာအငွေ့အသက်များဖြင့် ဝိညာဉ်စမ်းရေများကို ညစ်ညမ်းစေခဲ့ကာ နောက်ဆုံးတွင် ပေါက်ကွဲထွက်ပေါ်လာစေပြီး ယခုကဲ့သို့သော အခြေအနေမျိုးကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
လော့ချန်၏စိတ်ထဲ၌ လျှပ်စစ်စီးသွားသည့်နှယ် ဖြစ်သွားခဲ့ပြီး မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။ ယနေ့ မနက်ပိုင်းက သူ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို သုံးစွဲပြီး ဝိညာဉ်စမ်းရေထဲမှ သွေးအနှစ်သာရ အငွေ့အသက်များကို ထုတ်ယူခဲ့သည်ကို သူ သတိရသွားသည်။
ထိုစဉ်က လော့ချန် အသေအချာ မစစ်ဆေးခဲ့မိပေ။ ယခု ပြန်စဉ်းစားကြည့်လျှင် မြေအောက်ဝိညာဉ်စမ်းရေများမှာ ယခင်ကတည်းက သွေးမိစ္ဆာ၏လက်ချက်ဖြင့် ညစ်ညမ်းနေခဲ့ပြီ ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤရက်ပိုင်းအတွင်း ယွမ်ချွမ်မြို့က ဝိညာဉ်စမ်းရေကန်တွေထဲတွင် ကျင့်ကြံခဲ့သူများ ဆိုလျှင်...
“အား... စီနီယာတူ... မင်း ဘာလုပ်တာလဲ...”
“ဂျူနီယာယွမ်...”
ရုတ်တရက် အောက်ဘက်မှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အောက်ဘက်တွင် ယခုတင်ကအထိ ပုံမှန်အတိုင်း ရှိနေကြသော ရွှမ်ယွမ်ဂိုဏ်းတပည့် အချို့၏မျက်ဝန်းများမှာ ရုတ်တရက် နီမြန်းလာခဲ့ပြီးကိုယ်ပေါ်မှ ချီစွမ်းအင်များမှာလည်း ပြင်းထန်စွာ ဆူပွက်လာကာ ဘေးရှိလူများကို တိုက်ရိုက် တိုက်ခိုက်ကြတော့၏။ ထိုသူများထဲတွင် လော့ချန် ယခင်က ကယ်တင်ခဲ့ဖူးသော ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် အမျိုးသမီး သုံးဦးလည်း ပါဝင်နေတော့သည်။
မည့်သည့်ပြင်ဆင်မှုမျှ မရှိသည့်အတွက် ရွှမ်ယွမ်ဂိုဏ်းတပည့် အချို့မှာ ချက်ချင်းပင် အတိုက်ခံလိုက်ရပြီး သွေးအန်ကာ လွင့်စင်သွားကြရ၏။ နှစ်ဦးမှာမူ ဒဏ်ရာ ပြင်းထန်လွန်းသဖြင့် တိုက်ရိုက်ပင် သတိလစ်သွားကြတော့သည်။
“ဘာဖြစ်ကုန်တာလဲ...”
စီနီယာ ကျူးလင်မေ့နှင့် စီနီယာ ဖန်ယွဲ့ယန် တို့၏မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားရတော့သည်။
“သူတို့ကို အရင်ဆုံး ထိန်းချုပ်လိုက်ကြစို့...”
လော့ချန်က စကားတစ်ခွန်း ပြောလိုက်ပြီးနောက် ရူးသွပ်နေသော အမျိုးသမီးတပည့် သုံးဦးရှိရာသို့ တစ်ဟုန်ထိုး ပျံဆင်းသွားတော့သည်။
“သေစမ်း...”
တစ်စုံတစ်ယောက် အနားသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည့်အခါ ထိုအမျိုးသမီးတပည့် သုံးဦး၏ သွေးရောင်လွှမ်းနေသော အကြည့်များမှာ လော့ချန်ထံသို့ တိုက်ရိုက် ကျရောက်သွားခဲ့ပြီး ဘယ်ညာ နှစ်ဖက်မှ တစ်ပြိုင်နက်တည်း လော့ချန်ကို သတ်ဖြတ်ရန် တိုးဝင်လာကြတော့သည်။ လော့ချန်က မျက်ခုံးကို ပင့်လိုက်ပြီး လက်ဖဝါးဖြင့် ရိုက်နှက်ကာ ထိုသူသုံးဦး၏တိုက်ကွက်များကို ချေမှုန်းပစ်လိုက်ပြီး လက်ကို ဟင်းလင်းပြင်၌ တင်းကျပ်စွာ ဆုပ်လိုက်၏။
“ဝူး...”
ကျယ်ပြောလှသော ချီစွမ်းအင်များမှာ ချီစွမ်းအင်လက်ဖဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ထိုသူသုံးဦးကို တိုက်ရိုက် ဖမ်းချုပ်လိုက်တော့သည်။ ထိုအချိန်မှာပင် ဖန်ယွဲ့ယန်နှင့် ကျူးလင်မေ့ တို့သည်လည်း ရူးသွပ်နေသော အခြားတပည့် လေးဦးကို ထိန်းချုပ်လိုက်နိုင်ကြပြီ ဖြစ်သည်။
ထိုခုနစ်ဦးမှာ ထိန်းချုပ်ခြင်း ခံထားရသော်လည်း ပါးစပ်မှမူ အဆက်မပြတ် အော်ဟစ်နေကြဆဲဖြစ်ပြီး ရူးသွပ်စွာ ရုန်းကန်နေကြ၏။ သွေးရောင်လွှမ်းနေသော အကြည့်များမှာ ရက်စက်မှုနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့ပြီးကိုယ်တွင်းရှိ ချီစွမ်းအင်များမှာလည်း ပြင်းထန်စွာ ဆူပွက်နေတော့၏။ အကယ်၍ ထိုသူခုနစ်ဦး၏ကျင့်ကြံမှုအဆင့်သာ မနိမ့်ကျခဲ့ပါက ချက်ချင်းပင် လွတ်မြောက်သွားနိုင်သည့် အနေအထားမျိုးပင် ဖြစ်သည်။
“ဒါ တကယ်ပဲ ဘာဖြစ်တာလဲ... သူတို့က သွေးမိစ္ဆာအငွေ့အသက်တွေကိုလည်း မရှူရှိုက်မိကြပါဘူး...”
ဖန်ယွဲ့ယန်၏မျက်နှာမှာ သံသယများ ပြည့်နှက်နေတော့သည်။ ကျူးလင်မေ့သည်လည်း အလွန်ပင် ဇဝေဇဝါ ဖြစ်နေရသည်။ ဤ ဂိုဏ်းတူ ညီအစ်ကို မောင်နှမများမှာ သွေးမိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေသော နေရာသို့ပင် မသွားခဲ့ကြဘဲ ဘာကြောင့် ရုတ်တရက် ရူးသွပ်ကုန်ကြသနည်း။ လော့ချန်သည် ထိတ်လန့်နေကြသော အခြား ရွှမ်ယွမ်ဂိုဏ်းတပည့်များကို ကြည့်ကာ မေးမြန်းလိုက်၏။
“မင်းတို့ ယွမ်ချွမ်မြို့ကို ဘယ်တုန်းက ရောက်ကြတာလဲ...”
“ကျွန်တော်ကတော့ ဒီနေ့မနက်မှပါ...”
“ကျွန်မလည်း အတူတူပါပဲ...”
လူတိုင်းက တစ်ယောက်တစ်ပေါက်နှင့် ပြန်လည်ဖြေကြားကြရာ အားလုံးမှာ ယနေ့မှ ရောက်ရှိလာသူများသာ ဖြစ်ကြသည်။
“သေချာသွားပြီ...”
လော့ချန်သည် မိမိ၏စိတ်ထဲရှိ သံသယများကို အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။ ရူးသွပ်သွားသော ထိုသူများသည် ယွမ်ချွမ်မြို့သို့ စောစောစီးစီး ရောက်ရှိနေခဲ့ကြသူများ ဖြစ်ရမည်။ သူတို့သည် ဝိညာဉ်စမ်းရေကန်များထဲတွင် ဝင်ရောက်ကျင့်ကြံခဲ့မိကြသဖြင့် အမှတ်မထင် သွေးမိစ္ဆာ၏အစီအမံအောက်သို့ ရောက်ရှိသွားခဲ့ကြပြီးမှ ယခုကဲ့သို့ ရုတ်တရက် ရူးသွပ်ကုန်ကြခြင်း ဖြစ်သည်။ ရွှမ်ယွမ်ဂိုဏ်းတပည့် ခုနစ်ဦးတည်းသာ မဟုတ်ပေ။ အလားတူ ကိစ္စရပ်များမှာ နေရာအနှံ့တွင် ဖြစ်ပေါ်နေတော့သည်။
“သတ်စမ်း...”
အော်ဟစ်သံများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး သွေးမိစ္ဆာအငွေ့အသက်များ၏ရိုက်ခတ်မှုကို ရှောင်တိမ်းနိုင်ခဲ့သူများမှာ ဝမ်းသာရန်ပင် အချိန်မရလိုက်ဘဲ ဘေးရှိလူများ၏ရုတ်တရက် တိုက်ခိုက်ခြင်းကို ခံလိုက်ကြရတော့သည်။ ဤကဲ့သို့သော တင်းမာလှသော အခြေအနေမျိုးတွင် လူတိုင်းမှာကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်သာ ကြိုးစားနေကြပြီး အချို့မှာမူ မိတ်ဆွေ ရန်သူ မခွဲခြားနိုင်တော့ဘဲ ရူးသွပ်စွာ သတ်ဖြတ်နေကြတော့သည်။
ယွမ်ချွမ်မြို့ တစ်ခုလုံးမှာ အကြီးအကျယ် ပရမ်းပတာ ဖြစ်ကုန်တော့၏။ ကောင်းကင်နှင့်မြေပြင် နေရာအနှံ့တွင် သတ်ဖြတ်မှုများ ပြည့်နှက်နေခဲ့ပြီး တစ်ခဏအတွင်းမှာပင် သွေးချောင်းစီးလျက် အလောင်းများမှာလည်း တောင်တစ်လုံးအလား စုပုံနေတော့သည်။ ထိုအလောင်းများသည် သွေးမိစ္ဆာအငွေ့အသက်များ၏ ဖုံးလွှမ်းမှုအောက်တွင် တစ်ခဏအတွင်း အလောင်းခြောက်များအဖြစ် ပြောင်းလဲသွားကြသည်မှာ လွန်စွာ ထူးဆန်းလှပေသည်။
လူအတော်များများမှာ ထိုဖိအားကို တောင့်မခံနိုင်တော့ဘဲ မြို့ပြင်သို့ အတင်းအကျပ် တိုးထွက်ကာ ဤဒုက္ခများ ရှိရာနေရာမှ အမြန်ဆုံး ထွက်ခွာနိုင်ရန် ကြိုးစားနေကြတော့သည်။ သာမန်လူများမှာမူ ထောင့်တစ်နေရာတွင်သာ ကုပ်ကပ်ပုန်းအောင်းနေကြရပြီး ကလေးငယ်များမှာလည်း ကျိတ်၍ငိုကြွေးနေကြကာ အမျိုးသမီးများမှာလည်း တုန်လှုပ်ခြောက်ခြားနေကြတော့သည်။
“ကျွီ... ကျွီ... ကျွီ...”
ပရမ်းပတာ ဖြစ်နေသည့်ကြားမှ ရူးသွပ်နေသော သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူ သုံးဦးသည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် လော့ချန်တို့ရှိရာသို့ တိုးဝင်လာကြတော့သည်။
“ဘုန်း...”
ထိုသူသုံးဦးမှာ သွေးကြောနိုးကြားမှု အစောပိုင်းအဆင့်သာ ရှိသေးသဖြင့် ဖန်ယွဲ့ယန်ကတော့ မျက်စိထဲပင် မထည့်ဘဲ လက်သီးတစ်ချက်ဖြင့်ပင် အဝေးသို့ လွင့်စင်သွားအောင် တိုက်ခိုက်လိုက်တော့သည်။ ရူးသွပ်နေသူများမှာ ပိုမို များပြားလာသည်ကို မြင်လိုက်ရသည့်အခါ ဖန်ယွဲ့ယန်က လော့ချန်ဘက်သို့ လှည့်ကာ ဆိုလိုက်၏။
“ဒီအတိုင်း ဆက်သွားနေရင်တော့ မကောင်းဘူး... ဘယ်လိုလုပ်ကြမလဲ...”
အခြား ရွှမ်ယွမ်ဂိုဏ်းတပည့်များမှာလည်း လော့ချန်ထံသို့ တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။ အမှတ်မထင်နှင့် လော့ချန်သည် လူတိုင်း၏အားကိုးရာ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ လော့ချန်သည် ရုန်းကန်နေကြသော ရွှမ်ယွမ်ဂိုဏ်းတပည့် ခုနစ်ဦးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ တပည့် ခုနစ်ဦးမှာ ရူးသွပ်နေကြသလို အချို့မှာလည်း ဒဏ်ရာ ရထားကြ၏။ ဤကဲ့သို့သော ပရမ်းပတာ အခြေအနေမျိုးတွင် ထိုသူများကို ခေါ်ဆောင်ပြီး ထွက်ခွာသွားရန်မှာ လက်တွေ့မကျလှပေ။ ထပ်မံ၍ နေထိုင်နေမည်ဆိုလျှင်လည်း ပိုမို၍ အန္တရာယ် ရှိလာမည်မဟုတ်ပါလော။ လော့ချန်သည်လည်း ထိုသူများကို စွန့်ပစ်လိုက်ရန် မဖြစ်နိုင်ပေ။ ထိုအဆင့်အထိတော့ မရောက်သေးသည်မှာ သေချာလှပေသည်။
‘ဟုတ်ပြီ... သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်...’
လော့ချန်သည် တစ်စုံတစ်ခုကို သတိရသွားသည်။ ဤလူများသည် သွေးမိစ္ဆာအငွေ့အသက်များ၏ ဝင်ရောက်ဖျက်ဆီးခြင်းကို ခံလိုက်ရသဖြင့် အသိစိတ်များ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်က သွေးအနှစ်သာရ အငွေ့အသက်များကို ထုတ်ယူ ဝါးမြိုနိုင်စွမ်း ရှိသည်မဟုတ်ပါလော။ သွေးမိစ္ဆာအငွေ့အသက် ဆိုသည်မှာလည်း သွေးအနှစ်သာရ အငွေ့အသက်ပင် ဖြစ်၏။ အထဲတွင် သွေးမိစ္ဆာ၏ ယုတ်မာသော အငွေ့အသက်များ ပါဝင်နေခြင်းသာ ဖြစ်ရာ သဘောတရားအရဆိုလျှင် ၎င်းတို့ကိုလည်း ထုတ်ယူ ဝါးမြိုနိုင်စွမ်း ရှိရမည် ဖြစ်သည်။
“ဖန်ယွဲ့ယန်... သူတို့ကို ထိန်းထားပေး...”
လော့ချန်က ဖန်ယွဲ့ယန်ကို မှာကြားလိုက်ပြီးနောက် ချက်ချင်းပင် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို စတင် လည်ပတ်စေလိုက်တော့သည်။
“ဝူး...”
ဒန်ထျန်အတွင်းရှိ သွေးစွမ်းအင်ဝဲကတော့ လည်ပတ်လာသည်နှင့်အတူ သူ၏ကိုယ်တွင်းရှိ သွေးစွမ်းအင်များမှာလည်း ဆူပွက်လာတော့၏။ သူ၏ညာဘက်လက်မှာ သွေးရောင်လွှမ်းနေသော သွေးလက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ၎င်း၏အထက်တွင် သွေးအငွေ့အသက်များ ဝန်းရံနေကာ မရေမတွက်နိုင်သော နတ်ဆိုးများ ရုန်းကန်နေသည့်နှယ် ရှိနေတော့သည်။
“လော့ချန်... မင်း ဒါက...”
ဖန်ယွဲ့ယန် ထိတ်လန့်သွားရ၏။ ထိုသွေးလက်ဝါးက ပေးစွမ်းနေသော ခံစားချက်မှာ အလွန်ပင် ယုတ်မာလှသဖြင့် လူသားတစ်ယောက် ကျင့်ကြံရမည့် သိုင်းပညာမျိုးနှင့် လုံးဝ မတူပေ။ သူ တစ်ခါမျှ မကြားဖူးသော အရာပင် ဖြစ်သည်။ လော့ချန်သည် ဘာမှပြန်မပြောဘဲ ရူးသွပ်နေသော ရွှမ်ယွမ်ဂိုဏ်းတပည့် တစ်ဦးထံသို့ သူ၏ညာဘက်လက်ဖြင့် လှမ်း၍ ဖမ်းချုပ်လိုက်သည်။ သူသည် ပေါ့ဆခြင်း မရှိဘဲ ပထမဦးစွာ လူတစ်ယောက်နှင့် စမ်းသပ်ကြည့်လိုက်ခြင်း ဖြစ်သည်။
“ဝူး...”
သွေးလက်ဝါးက ထို ရွှမ်ယွမ်ဂိုဏ်းတပည့်၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည့် ခဏမှာပင် လော့ချန်သည် တစ်ဖက်လူ၏ တစ်ကိုယ်လုံးရှိ သွေးစွမ်းအင်များ၊ စီးဆင်းမှုများ၊ အားနည်းချက် အားသာချက်များနှင့် အသက်ဓာတ် အခြေအနေများကို အထင်အရှား ခံစားလိုက်ရတော့သည်။ ဆူပွက်နေသော သွေးစွမ်းအင်များကြားတွင် မှောင်မိုက်လှသော အငွေ့အသက်တစ်ခုမှာ သိသိသာသာ ပေါ်လွင်နေတော့သည်။
‘ဒါပဲ...’
“ဝါးမြိုစမ်း...”
လော့ချန်က စကားတစ်လုံးကို အေးစက်စွာ ပြောလိုက်ပြီးနောက် ညာဘက်လက်မှ သွေးရောင်အလင်းတန်းများမှာ ပိုမို ပြင်းထန်လာခဲ့ပြီး သွေးရောင်ဝဲကတော့တစ်ခု ဖြစ်ပေါ်လာကာ ဒြပ်မဲ့လှသော ဆွဲငင်အားတစ်ခုမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထို ရွှမ်ယွမ်ဂိုဏ်းတပည့်၏ ကိုယ်ထည်မှာ တုန်ခါသွားခဲ့ပြီး အသားစများအတွင်းမှ သွေးကြောများမှာ ဖောင်းကြွလာတော့၏။ သွေးရောင်အရှိန်အဝါများမှာ အပြင်သို့ ပွင့်ထွက်လာခဲ့ပြီး ထိုမှောင်မိုက်လှသော သွေးမိစ္ဆာအငွေ့အသက် အပါအဝင် အရာအားလုံးမှာ သွေးရောင်ဝဲကတော့မှတစ်ဆင့် လော့ချန်၏ကိုယ်တွင်းသို့ ရူးသွပ်စွာ စီးဝင်သွားကြတော့သည်။
သွေးအရှိန်အဝါများ ကိုယ်တွင်းသို့ စီးဝင်လာသည်နှင့်အမျှ လော့ချန်သည် သူ၏တစ်ကိုယ်လုံး၌ အလွန်ပင် လန်းဆန်းသွားသည့် ခံစားချက်ကို ရလိုက်၏။ ပူပြင်းလှသော အချိန်တွင် အေးမြလှသောကန်ရေပြင်အတွင်းသို့ ခုန်ဆင်းလိုက်ရသည့်နှယ် တစ်ကိုယ်လုံးတွင် ပြောမပြတတ်အောင်ပင် သက်သောင့်သက်သာ ဖြစ်သွားရတော့သည်။ သို့သော်လည်း တစ်ဖက်လူ၏မျက်နှာမှာ လျင်မြန်စွာ ဖြူလျော့လာသည်ကို သတိထားမိလိုက်သည့်အတွက် လော့ချန်သည် အမြန်ပင် လက်ကို ပြန်ရုပ်သိမ်းလိုက်ရသည်။
‘သွေးဝိညာဉ်ဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ်လို့ မပြောရဘူး တကယ့်ကို ယုတ်မာလွန်းတာပဲ...’
လော့ချန်သည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။ အကယ်၍ သူ၏စိတ်ဓာတ်နှင့် အသိစိတ်သာ မခိုင်မာခဲ့ပါက ယခုပင် တစ်ဖက်လူကို သွေးစုပ်ဖုတ်ကောင်တစ်ခုအလား အစအနမကျန် ဝါးမြိုပစ်မိတော့မည် မဟုတ်ပါလော။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သွေးဝိညာဉ်ဂိုဏ်းမှ သွေးဝိညာဉ်အရှင်သခင် ဖန်တီးထားသော ဤလျှို့ဝှက်ကျင့်စဉ်မှာ မည်မျှအထိ ရက်စက်ယုတ်မာကြောင်း သိသာလှပေသည်။
“အဟွတ်...”
ထိုစဉ် ထိုရွှမ်ယွမ်ဂိုဏ်းတပည့်မှာ မျက်လုံးကို ပြန်လည် ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ဇဝေဇဝါနှင့် ကြည့်ကာ ဆိုလိုက်၏။
“ငါ... ငါ ဘာတွေ ဖြစ်သွားတာလဲ...”
“စီနီယာတူ... မင်း သတိရလာပြီပဲ...”
အခြားလူများမှာ အတိုင်းထက်အလွန် ဝမ်းသာသွားကြရသည်။ ဖန်ယွဲ့ယန်က ထိတ်လန့်တကြား မေးမြန်းလိုက်၏။
“လော့ချန်... ဒါက ဘာနည်းလမ်းလဲ... သွေးစွမ်းအင်တွေကိုတောင် ထုတ်ယူနိုင်တာလား...”
လော့ချန်သည် အစောကြီးကတည်းက အကြောင်းပြချက်ကို စဉ်းစားထားပြီး ဖြစ်ရာ ဆိုလိုက်သည်။
“ဒါက ငါ အမှတ်မထင် ရခဲ့တဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုပါ၊ တကယ်ပဲ အသုံးဝင်လိမ့်မယ်လို့ မထင်ထားဘူး...”
“အဲဒီလို ထုတ်ယူလိုက်တဲ့ သွေးမိစ္ဆာအငွေ့အသက်တွေက မင်းအတွက် ဘာမှမဖြစ်ဘူးလား...”
ဖန်ယွဲ့ယန်က ထိုလျှို့ဝှက်ကျင့်စဉ်ကို အသေအချာ ထပ်မမေးတော့ပေ။ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိကြသည်မဟုတ်ပါလော။ လော့ချန် ဆိုလျှင် ပို၍ပင် ပြောစရာ မလိုပေ။ အသုံးမကျသည့် သိုင်းဝိညာဉ်ကို နိုးကြားထားပါလျက်နှင့် ယနေ့ကဲ့သို့သော အဆင့်အထိ ဤမျှအထိ လျင်မြန်စွာ တိုးတက်လာနိုင်ခြင်းမှာ လော့ချန်တွင် ထူးခြားသော အခွင့်အရေးများ မရှိဘူးဆိုလျှင် သူ လုံးဝ ယုံကြည်မည် မဟုတ်ပေ။
“ဘာမှ မဖြစ်ပါဘူး...”
လော့ချန်က ခေါင်းခါပြလိုက်သည်။ သွေးမိစ္ဆာအငွေ့အသက်များ သူ၏ကိုယ်တွင်းသို့ ဝင်ရောက်လာသည်နှင့် သူသည် ဓားဆန္ဒကို အသုံးချကာ ၎င်းအတွင်းရှိ ယုတ်မာသော အငွေ့အသက်များကို အစအနမကျန် ချေမှုန်းပစ်လိုက်သည်ဖြစ်ရာ သူ၏အပေါ်တွင် မည်သည့်သက်ရောက်မှုမျှ ရှိလိမ့်မည်မဟုတ်ပေ။
ပထမဦးဆုံး အတွေ့အကြုံ ရရှိပြီးနောက် လော့ချန်သည် ထိုနည်းလမ်းအတိုင်းပင် ကျန်ရှိနေသော ရွှမ်ယွမ်ဂိုဏ်းတပည့် ခြောက်ဦး၏ကိုယ်တွင်းရှိ သွေးမိစ္ဆာအငွေ့အသက်များကို တစ်ခဏအတွင်း အစအနမကျန် ဝါးမြိုပစ်လိုက်တော့သည်။
“ဟင်...”
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လော့ချန်သည် မမျှော်လင့်ဘဲ ဒန်ထျန်အတွင်းရှိ သွေးစွမ်းအင်ဝဲကတော့မှာ အနည်းငယ် ပိုမို ကြီးမားလာသည်ကို သတိထားမိလိုက်၏။ မူလက ဝေေဝဝါးဝါး ရှိနေသော သွေးစွမ်းအင်တိမ်တိုက်မှာလည်း ပိုမို၍ သိပ်သည်းလာခဲ့ပြီး ကြယ်တာရာအလား လည်ပတ်နေသဖြင့် တကယ့်ကို အားအင်များ ပြည့်နှက်နေသည့်နှယ် ရှိနေတော့သည်။
အခန်း ၇၀၅ ပြီးပါပြီ။