← Chapters

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

အခန်း ၇၀၆ - သတ်ဖြတ်လိုစိတ်နှင့် သေချင်နေခြင်း

“ဒီလောက် အချိန်တိုအတွင်းမှာတင် ဒီလောက်အထိ တိုးတက်လာတာလား...”

ဒန်ထျန်အတွင်းရှိ သွေးစွမ်းအင်ဝဲကတော့၏ သိသိသာသာ ပြောင်းလဲလာမှုကို ခံစားလိုက်ရသည့်အခါ လော့ချန်သည် မနေနိုင်ဘဲ ဝမ်းသာသွားမိသည်။ သူသည် မူလက သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို ကျင့်သုံးပြီး ဂိုဏ်းတူညီအစ်ကိုမောင်နှမများကို ကယ်တင်ရန် စမ်းသပ်ကြည့်ရုံသာ ရှိသေးသော်လည်း ယခုကဲ့သို့သော ရလဒ်မျိုး ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဟုတ်သားပဲ... သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို ကျင့်ကြံဖို့ဆိုရင် သွေးအနှစ်သာရတွေကို ထုတ်ယူသန့်စင်ဖို့ လိုတာပဲ... သွေးအနှစ်သာရက ပိုပြီး သန်မာလေလေ တိုးတက်မှုနှုန်းကလည်း ပိုပြီး မြန်လေလေပဲ... အဲဒီသွေးမိစ္ဆာက အသွင်ပြောင်းဖို့ လက်တစ်ကမ်းအလိုအထိ ရောက်နေပြီး လူသားအမြုတေအဆင့်နဲ့ ယှဉ်နိုင်တဲ့သူဆိုတော့ သူ့ရဲ့ သွေးမိစ္ဆာအငွေ့အသက်တွေက ဘယ်လိုလုပ်ပြီး သာမန်ဖြစ်မှာလဲ...”

အဓိကအချက်ကို သဘောပေါက်သွားသည့်အခါ လော့ချန်သည် စိတ်လှုပ်ရှားလာရသည်။ ဤနေရာတွင် ပြည့်နှက်နေသော ထူထပ်လှသည့် သွေးမိစ္ဆာအငွေ့အသက်များမှာ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို ကျင့်ကြံရန်အတွက် အကောင်းဆုံးသော အခွင့်အရေးပင် ဖြစ်သည်။

သူ၏ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်မှာ ယခုအခါ စတင်မှုအောင်မြင်သည့် အဆင့်သို့ပင် မရောက်သေးဘဲ သွေးစွမ်းအင်များကို ထိတွေ့ပြီး ထုတ်ယူနိုင်ရုံသာ ရှိသေး၏။ အဝေးမှနေ၍ ထုတ်ယူနိုင်စွမ်းတော့ အနည်းငယ်မျှပင် မရှိသေးပေ။

ကျမ်းအတွင်းရှိ ဖော်ပြချက်များအရ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပါက ရန်သူ၏ ကာကွယ်ရေးချီစွမ်းအင်များကိုပင် ဂရုစိုက်နေစရာ မလိုတော့ဘဲ မီတာရာနှင့်ချီသော အကွာအဝေးမှနေ၍ ရန်သူ၏ သွေးစွမ်းအင်များကို ထုတ်ယူနိုင်စွမ်းရှိသဖြင့် အလွန်ပင် သန်မာလှပေသည်။

သို့သော်လည်း ထိုအဆင့်မှာ အဝေးကြီး လိုနေသေးသဖြင့် လော့ချန်သည် အခုလောလောဆယ်တွင် အဝေးမှနေ၍ သွေးစွမ်းအင်များကို ထုတ်ယူနိုင်သည့် အဆင့်သို့ အမြန်ဆုံး ရောက်ရှိရန်သာ စဉ်းစားထား၏။ ထိုသို့ဖြစ်မှသာ သူ၏ ဝါးမြိုခြင်းစွမ်းရည်နှင့် ပေါင်းစပ်နိုင်မည် မဟုတ်ပါလော။

“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာလော့ချန်...”

“ကျေးဇူးတင်ပါတယ် စီနီယာ...”

လော့ချန် တွေးတောနေစဉ်မှာပင် ရွှမ်ယွမ်ဂိုဏ်းတပည့် ခုနစ်ဦးမှာ သတိပြန်ဝင်လာကြပြီ ဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှကို သိရှိသွားသည့်အခါ သူတို့သည် လော့ချန်ကို အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုလိုက်ကြ၏။ သူတို့၏ စိတ်ထဲ၌ လော့ချန်အပေါ် ထားရှိသော လေးစားမှုနှင့် ကျေးဇူးတင်မှုများမှာ အတိုင်းအထက်အလွန် ဖြစ်နေခဲ့ပြီး ကိုးကွယ်လိုသည့် အဆင့်သို့ပင် ရောက်ရှိနေတော့သည်။

အကယ်၍ လော့ချန်သာ မရှိခဲ့ပါက သူတို့သည် သတ်ဖြတ်လိုသော စိတ်ရိုင်းများအောက်တွင် နစ်မွန်းသွားကြရမည်ဖြစ်ပြီး သတ်ဖြတ်ခြင်းကိုသာ သိသော မိစ္ဆာနတ်ဆိုးများအဖြစ် ပြောင်းလဲသွားကြရမည် မဟုတ်ပါလော။ နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့လျှင်ပင် ဆိုးရွားလှသော နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်ရမည်မှာ သေချာလှပေသည်။

လော့ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီး ဆိုလိုက်၏။

“ဒီနေရာက အရမ်း အန္တရာယ်များတယ်... မင်းတို့ မြန်မြန် ထွက်သွားကြတာ ပိုကောင်းလိမ့်မယ်...”

“ဟုတ်ကဲ့ပါ...”

ယခုတင်က အခြေအနေများကို ကြုံတွေ့ခဲ့ရသဖြင့် ထိုတပည့်များသည်လည်း ဤဒုက္ခများ ရှိရာနေရာမှ အမြန်ဆုံး ထွက်ခွာချင်နေကြပြီ ဖြစ်၏။ ထို့ကြောင့် နှုတ်ဆက်စကား ဆိုလိုက်ကြပြီးနောက် အဝေးသို့ ချက်ချင်းပင် ပျံသန်းထွက်ခွာသွားကြတော့သည်။ သူတို့သည် ယွမ်ချွမ်မြို့၏ အပြင်ဘက်တွင် ရှိနေကြခြင်းဖြစ်သဖြင့် အကြီးအကျယ် ပရမ်းပတာ ဖြစ်နေခြင်းဧရိယာအတွင်း မရှိရာ အန္တရာယ်ကင်းကင်းနှင့်ပင် တိုက်ပွဲမြေပြင်မှ လွတ်မြောက်သွားကြတော့သည်။

စီနီယာ ဖန်ယွဲ့ယန်၊ စီနီယာ ကျူးလင်မေ့နှင့် အခြား ရွှမ်ယွမ်ဂိုဏ်းတပည့် သုံးဦးမှာမူ လှုပ်ရှားခြင်း မရှိဘဲ ကျန်နေခဲ့ကြသည်။

“မင်းတို့ မသွားကြဘူးလား...”

လော့ချန်က မေးမြန်းလိုက်သည်။

“ခုနတင် မြို့စားအိမ်တော်က လူတွေက သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတွေကို မြို့ထဲက သာမန်လူတွေ လွတ်မြောက်အောင် ကူညီပေးဖို့ လိုက်ခေါ်နေကြတယ်လေ... ငါလည်း ဒီမှာပဲ နေပြီးတော့ ကူညီနိုင်မယ့် နေရာရှိရင် ကူညီပေးချင်လို့ပါ...”

ကျူးလင်မေ့က ဆိုလိုက်သည်။ လော့ချန်က ခေါင်းညိတ်လိုက်၏။

“ဒါဆိုရင်လည်း ဂရုစိုက်ကြပါ... ငါ လုပ်စရာတွေ ပြီးရင် မင်းတို့ကို လာရှာပါ့မယ်...”

ဖန်ယွဲ့ယန်က ရယ်မောလျက် ဆိုလိုက်သည်။

“စိတ်ချပါ... ငါတို့ရဲ့ အစွမ်းက မင်းလောက် မတော်ပေမဲ့ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းတော့ ရှိပါတယ်... ငါတို့ထက်စာရင် မင်းက ပိုပြီးတော့ သတိထားရမှာပါ... မင်းက ယွမ်ထျန်ယန်ကို သတ်ပြီးတော့ နာမည်ကျော်သွားတာဆိုတော့ လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံနေရပြီလေ... ဒါက ကောင်းတဲ့အချက် ဖြစ်သလို ဒုက္ခလည်း ပေးနိုင်တယ်... ခုနတင်ကတည်းက လျှပ်ယွမ်ဂိုဏ်းတပည့်တွေက မင်းကို စောင့်ကြည့်နေတာ... ကြည့်ရတာ သူတို့မှာ ရည်ရွယ်ချက် မကောင်းဘူး ထင်တယ်...”

လော့ချန်က သတိမထားမိဘဲ မည်သို့ နေပါမည်နည်း။ သူက ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်၏။

“ကြောင်သူတော် အနည်းငယ်လောက်ပါပဲ... သူတို့ လာချင်ရင်လည်း လာပါစေပေါ့... ယွမ်ထျန်ယန် ဆီကို အဖော်လုပ်ဖို့ ပို့ပေးလိုက်ရုံပါပဲ...”

ဖန်ယွဲ့ယန်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ လော့ချန်နှင့် နီးကပ်လေလေ သူသည် လော့ချန်၏ ကြောက်စရာကောင်းပုံကို ပိုမို သတိထားမိလေလေ ဖြစ်သည်။

မျက်နှာပြင်ထက်တွင် တည်ငြိမ်အေးဆေးနေပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်သည့်နှယ် ရှိနေသော်လည်း အတွင်းစိတ်ထဲ၌မူ ပြိုင်ဘက်ကင်းလှသော ယုံကြည်ချက်များ ကိန်းအောင်းနေသည်မဟုတ်ပါလော။ ၎င်းအပြင် အချိန်မရွေး သွေးစွန်းနိုင်သည့် ထက်မြက်လှသော အရှိန်အဝါတစ်ခုလည်း ရှိနေသေး၏။ ထိုအရှိန်အဝါသာ ပေါက်ကွဲထွက်လာမည်ဆိုပါက ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေနိုင်သည်မှာ သေချာလှပေသည်။

လော့ချန်သည် နဝမမင်းသမီး ကျင်းယွီရှီး၏ ဘေးကင်းမှုကို စိုးရိမ်နေသဖြင့် လူအနည်းငယ်ကို နှုတ်ဆက်လိုက်ပြီးနောက် လော့ရှာဂိုဏ်းတပည့်များ ရှိရာဘက်သို့ ဦးတည် ပျံသန်းသွားတော့သည်။

ဟင်းလင်းပြင်၌ ရှိနေစဉ် လော့ချန်သည် သူ၏ ဝိညာဉ်စွမ်းအင်ကို တိတ်တဆိတ် ထုတ်ဖော်လိုက်သည်။

ပြင်းထန်လှသော ဝိညာဉ်စွမ်းအင်မှာ တစ်ခဏအတွင်း ရေအလား ပရမ်းပတာ ဖြစ်နေသော တိုက်ပွဲမြေပြင်ဆီသို့ ပြန့်လွင့်သွားခဲ့ပြီး မည်သည့်ထောင့်ကိုမဆို သူ ခံစားသိရှိနေတော့သည်။

“ကျွီ...”

ရုတ်တရက်...

အရှေ့ဘက်မှ လူသားနှင့်မတူသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး မျက်ဝန်းအစုံ နီမြန်းနေသော သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် ဓားမကြီးတစ်ချောင်းကို ကိုင်ဆောင်လျက် လော့ချန်ထံသို့ တိုက်ရိုက် တိုးဝင်လာတော့သည်။ သူ၏ ဓားသွားထက်တွင် သွေးများ စိုရွှဲနေခဲ့ပြီး သူ၏ ပတ်ဝန်းကျင်၌လည်း အပိုင်းပိုင်း ပြိုကွဲပျက်စီးနေသော အလောင်းများ ပြန့်ကျဲနေတော့သည်။

“ချင်း...”

လော့ချန်သည် ရတနာဓားကို အိမ်မှ ဆွဲထုတ်လိုက်ပြီး ဓားဖျားကို ဟင်းလင်းပြင်၌ တစ်ချက် ဝှေ့ယမ်းလိုက်၏။

“ဖျတ်...”

အရှိန်အဟုန်ဖြင့် တိုးဝင်လာသော ထိုဓားသမားသည် သူ၏ ရှေ့သို့ တိုးဝင်နေသော ပုံစံအတိုင်း ရှိနေသော်လည်း ဦးခေါင်းမှာမူ လည်ပင်းမှ ပြုတ်ထွက်ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ လော့ချန်သည် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ တစ်ဖက်လူ၏ သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်ပြီးနောက် လက်ဖဝါးဖြင့် ထိုအလောင်းကို ထိတွေ့ကာ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို စတင် လည်ပတ်စေလိုက်သည်။ ဒြပ်မဲ့လှသော ဆွဲငင်အားအောက်တွင် အလောင်းအတွင်းမှ သွေးအနှစ်သာရများမှာ အရှိန်အဟုန်ဖြင့် ပန်းထွက်လာခဲ့ပြီး လော့ချန်၏ လက်ဖဝါးအတွင်းသို့ စီးဝင်သွားကြတော့သည်။

လော့ချန်သည် သူ၏ကိုယ်တွင်းရှိ သွေးစွမ်းအင်ဝဲကတော့မှာ အနည်းငယ် ပိုမို ကြီးမားလာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

ဤပြောင်းလဲမှုမှာ အလွန်ပင် သေးငယ်လှသဖြင့် လော့ချန်သည် သူ၏ ဝိညာဉ်စွမ်းအင်ကို အစွမ်းကုန် ထုတ်သုံးမှသာ သတိပြုမိနိုင်ခြင်း ဖြစ်သည်။

‘သာမန် သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူရဲ့ သွေးအနှစ်သာရဆိုတော့ အကျိုးသက်ရောက်မှုက အဝေးကြီး လိုသေးတာပဲ... သွေးမိစ္ဆာအငွေ့အသက်တွေကို ပိုပြီး ထုတ်ယူနိုင်မှ ဖြစ်မှာပဲ...’

လော့ချန် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်သည်။ ထိုစဉ် လော့ချန်သည် အေးစက်လှသော သတ်ဖြတ်လိုစိတ် အချို့ကို ခံစားလိုက်ရသဖြင့် ဝိညာဉ်စွမ်းအင်ဖြင့် လှမ်း၍ စစ်ဆေးလိုက်ရာ လူအုပ်ကြီးအတွင်း၌ ချောင်းမြောင်းနေကြသော လျှပ်ယွမ်ဂိုဏ်းတပည့် အချို့ကို တွေ့ရှိသွားတော့သည်။

‘ဒီကောင်တွေက တကယ်ကို မမှတ်သေးဘူးပဲ...’

လော့ချန်က အေးစက်စွာ ရယ်မောလိုက်ပြီးနောက် ဂရုမစိုက်ဟန်ဖြင့် ဆက်လက် ပျံသန်းသွားသည်။

လူအုပ်ကြီးအတွင်း၌ လျှပ်ယွမ်ဂိုဏ်းတပည့် ခုနစ်ဦး၊ ရှစ်ဦးခန့်မှာ စုဝေးနေကြသည်။

ဤလျှပ်ယွမ်ဂိုဏ်းတပည့်များမှာ အားလုံးက သွေးကြောနိုးကြားမှု အဆင့် ၉ ရှိသူများ ဖြစ်ကြပြီး ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးမှာပင် သွေးကြောနိုးကြားမှု အဆင့် ၉ အလယ်အလတ်အဆင့်တွင် ရှိနေကြသည်။

“စီနီယာစီ... ငါတို့ တကယ်ပဲ လော့ချန်ကို သတ်မှာလား...”

လျှပ်ယွမ်ဂိုဏ်းတပည့် တစ်ဦးသည် လော့ချန်၏ ကျောပြင်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး အလယ်တွင် ရှိနေသော အေးစက်လှသော လူငယ်ကို မေးမြန်းလိုက်၏။

“စီနီယာကြီး ယွမ်တောင် လော့ချန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ... ငါတို့ရဲ့ အစွမ်းနဲ့ဆိုရင်တော့...”

အေးစက်လှသော လူငယ်မှာ ကျင့်ကြံမှုအဆင့် အမြင့်ဆုံးဖြစ်ပြီး သွေးကြောနိုးကြားမှု အဆင့် ၉ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်၏။ သူကပင် ထိုလူအုပ်စု၏ အဓိက အားကိုးရာ ဖြစ်ပေ၏။ သူက ဤစကားကို ကြားသည့်အခါ အေးစက်စွာ ရယ်မောလျက် ဆိုလိုက်၏။

“ဘာကို ကြောက်နေတာလဲ... ပေါ်ပေါ်ထင်ထင် တိုက်ခိုက်တာက ရှောင်ရလွယ်ပေမဲ့ ချောင်းမြောင်းတိုက်ခိုက်တာကတော့ ကာကွယ်ဖို့ ခက်တယ်လေ... ပြောရမယ်ဆိုရင် သူက သွေးကြောနိုးကြားမှု အဆင့် ၉ နောက်ဆုံးအဆင့်ပဲ ရှိသေးတာ... သူ့ရဲ့ ဓားသိုင်းက ဘယ်လောက်ပဲ သန်မာပါစေ ကာကွယ်ရေးကတော့ အဲဒီလောက်အထိ သန်မာမှာ မဟုတ်ဘူး...”

“ဒီနေရာက အကြီးအကျယ် ပရမ်းပတာ ဖြစ်နေတာလေ... သူက မြို့ထဲကို ဝင်ဖို့ ကြိုးစားနေတာဆိုတော့ အခွင့်အရေးကို စောင့်ပြီးတော့ ငါတို့အားလုံး တစ်ပြိုင်နက်တည်း ချောင်းမြောင်းတိုက်ခိုက်ကြမယ်... အဲဒီလိုဆိုရင်တော့ သူ့မှာ အသက် ဆယ်ချောင်း ရှိရင်တောင် သေကို သေရမှာပဲ...”

“မင်းတို့က တကယ်ပဲ ရွှမ်ယွမ်ဂိုဏ်းက အသုံးမကျတဲ့ကောင် တစ်ယောက်က ငါတို့ရဲ့ ခေါင်းပေါ်မှာဖြတ်လျှောက်ပြီး ဗိုလ်ကျနေတာကို ဒီအတိုင်း ကြည့်နေမှာလား...”

အေးစက်လှသော လူငယ်က လူတိုင်းကို စိုက်ကြည့်လိုက်သည်။

“စီနီယာစီ ပြောတာ မှန်တယ်...”

“လုပ်ကြတာပေါ့... ရွှမ်ယွမ်ဂိုဏ်းတပည့်တွေရဲ့ မျက်နှာကို မြင်ယောင်ကြည့်ရင်းနဲ့တင် ငါကတော့ အဲဒီကောင့်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေပြီ...”

လျှပ်ယွမ်ဂိုဏ်းတပည့် အချို့မှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကြတော့သည်။

သူတို့သည် အမြဲတမ်း မောက်မာခဲ့ကြသူများ ဖြစ်သဖြင့် ယခုကဲ့သို့သော အရှက်ရမှုမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးကြပေ။ ထို့ကြောင့် လော့ချန်ကို ကြည့်တိုင်း စိတ်မကြည်မလင် ဖြစ်နေကြခြင်း ဖြစ်သည်။

“နောက်ကနေ လိုက်ခဲ့ကြ... သတိထား... သူ မသိအောင်လို့...”

ဆုံးဖြတ်ချက် ချပြီးနောက် ထိုသူများမှာ လော့ချန်၏ အနောက်မှ တိတ်တဆိတ် လိုက်ပါသွားကြတော့သည်။

ဝိညာဉ်စွမ်းအင်၏ ခံစားမှုအရ လော့ချန်သည် လော့ရှာဂိုဏ်းတပည့်များ ရှိရာနေရာကို တွေ့ရှိသွားပြီ ဖြစ်သည်။

၎င်းမှာ မြို့အတွင်းရှိ မိုင်အနည်းငယ် အကွာတွင် ဖြစ်သဖြင့် သူသည် မြို့အတွင်းသို့ ဦးတည်လျက် အရှိန်ကို မြှင့်တင်လိုက်တော့သည်။

“သတ်စမ်း...”

“သတ်စမ်း...”

“သတ်စမ်း...”

မြို့အတွင်းသို့ ဝင်လေလေ ရူးသွပ်နေသူများမှာ ပိုမို များပြားလာလေလေ ဖြစ်၏။ လော့ချန် မြို့ရိုးပေါ်သို့ ရောက်ရှိသွားသည့် ခဏမှာပင် မျက်ဝန်းအစုံ နီမြန်းနေသော လူရိပ် သုံးခုမှာ ရှေ့မှနေ၍ တိုက်ရိုက် တိုးဝင်လာကြတော့သည်။

“ရှူး... ရှူး... ရှူး...”

မီးလျှံကျောက်စိမ်းရတနာဓားမှာ ဟင်းလင်းပြင်၌ အဆက်မပြတ် လှုပ်ခါသွားခဲ့ပြီး ဓားအရှိန်အဝါများမှာ ပြန့်လွင့်သွားတော့၏။ တိုးဝင်လာသော လူရိပ် သုံးခုမှာ တစ်ခဏအတွင်း အပိုင်းပိုင်း ပြိုကွဲသွားကြပြီး သွေးများလည်း လွင့်စင်နေတော့သည်။

“ဝါးမြိုစမ်း...”

သုံးစွဲမှု အကြိမ်ရေ များပြားလာသည်နှင့်အမျှ လော့ချန်သည် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို ပိုမို၍ ကျွမ်းကျင်လာခဲ့ပြီ ဖြစ်၏။ သူသည် လက်ငါးချောင်းကို ဖြန့်လိုက်ပြီး အလောင်းများကို ဖမ်းချုပ်လိုက်ရာ လက်ဖဝါးပေါ်၌ သွေးရောင်အလင်းတန်းများ ဝင်းလက်သွားခဲ့ပြီး သွေးများမှာ တစ်ခဏအတွင်း သွေးအနှစ်သာရ အငွေ့အသက်များအဖြစ် ပြောင်းလဲသွားကာ သူ၏ လက်ဖဝါးအတွင်းသို့ စီးဝင်သွားကြတော့သည်။

“ဘုန်း...”

သွေးများ ကုန်ခမ်းသွားသော အလောင်းခြောက်များကို ဘေးသို့ ပစ်ချလိုက်ပြီးနောက် လော့ချန်သည် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် သူ၏ကိုယ်ထည်မှာ တောင့်တင်းသွားခဲ့ပြီး အနောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ မျက်နှာထက်တွင် မည်သည့် အမူအရာမျှ ရှိမနေပေ။

“မင်းတို့က နောင်တမရနိုင်ဘဲနဲ့ သေလမ်းကိုကိုယ်တိုင် ရှာနေကြမှတော့လည်း ငါ့ကို အပြစ်မတင်နဲ့တော့...”

မူလက လော့ချန်သည် အကြီးအကျယ် သတ်ဖြတ်လိုစိတ် မရှိခဲ့ပေ။ ထို လျှပ်ယွမ်ဂိုဏ်းတပည့်များအနေဖြင့် အခြေအနေကို သိပြီးကိုယ့်ဘာသာကိုယ် ထွက်သွားကြလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။

သို့သော်လည်း ထိုသူများသည် ထွက်ခွာသွားမည့် အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ အနောက်မှ အဆက်မပြတ် လိုက်ပါနေကြသည်မဟုတ်ပါလော။

တစ်ဖက်လူမှာ သူ့အပေါ် တစ်စုံတစ်ခု ကြံစည်နေကြောင်း သိသာလှပေ၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် လော့ချန်၏ လုပ်ဆောင်ချက်မှာ အမြဲတမ်း တစ်ခုတည်းသာ ရှိ၏။ ၎င်းမှာ ပြတ်ပြတ်သားသား ရှင်းလင်းပစ်ရန်ပင်။

“သေစမ်း...”

ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည့် ခဏမှာပင် လေထုမှာ ဆူပွက်လာခဲ့ပြီး ဓားအရှိန်အဝါ လေဆင်နှာမောင်းတစ်ခုမှာ ဟင်းလင်းပြင်၌ ပေါ်ထွက်လာကာ လျှပ်စီးတန်းများအလား မြန်ဆန်လှသော အရှိန်ဖြင့် မြို့ရိုးအောက်သို့ တိုက်ရိုက် ပိုင်းဖြတ်လိုက်တော့သည်။

အခန်း ၇၀၆ ပြီးပါပြီ။

အခန်း ၇၀၇ - သတ်ဖြတ်ခြင်းကြားမှ အခွင့်အရေးနှင့် ထူးဆန်းသော သွေးရောင်ပုံရိပ်

“ဘုန်း...”

တံခါးချပ်တစ်ခုအလား ကြီးမားလှသော ဓားအရှိန်အဝါ လေဆင်နှာမောင်းမှာ ထက်မြက်လှသော အရှိန်အဝါများနှင့်အတူ လျှပ်ယွမ်ဂိုဏ်းတပည့် ခုနစ်ဦး၊ ရှစ်ဦးစလုံးကို လွှမ်းခြုံသွားတော့သည်။

“အား... သူ ငါတို့ကို သတိထားမိသွားပြီ...”

“မြန်မြန် ပြေးကြ...”

လျှပ်ယွမ်ဂိုဏ်းတပည့် အချို့၏မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ထိတ်လန့်တကြားဖြင့် အရပ်မျက်နှာအနှံ့သို့ အသက်လုကာ ထွက်ပြေးကြတော့သည်။

သို့သော်လည်း ဓားအရှိန်အဝါ၏အရှိန်မှာ သူတို့ထက် ပိုမိုမြန်ဆန်လှပေ၏။ ၎င်းသည် အရာအားလုံးကို ဖျက်ဆီးပစ်မည့် အရှိန်အဝါမျိုးဖြင့် ဖိနှိပ်ကျဆင်းလာတော့သည်။

“ဝုန်း...”

မြေပြင်ကြီးမှာ အပိုင်းပိုင်း ပြိုကွဲသွားခဲ့ပြီး လေထုမှာလည်း ဆူပွက်နေသော ရေနွေးပူများအလား ရိုက်ခတ်မှုလှိုင်းလုံးများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

“အား... အား... အား...”

နာကျင်စွာ အော်ဟစ်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး သွေးသားများမှာလည်း လွင့်စင်နေတော့သည်။

လျှပ်ယွမ်ဂိုဏ်းတပည့် ခုနစ်ဦး၊ ရှစ်ဦးခန့်မှာ တိုက်ရိုက်ပင် အသတ်ခံလိုက်ရပြီး နှစ်ဦးသာလျှင် ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားခဲ့၏။ ထိုသူနှစ်ဦးထဲတွင် ကျင့်ကြံမှုအဆင့် အမြင့်ဆုံးဖြစ်သော အေးစက်လှသော လူငယ်လည်း ပါဝင်နေသည်။

“ဖူး...”

ထိုသူနှစ်ဦးမှာ ဓားအရှိန်အဝါကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ၎င်းအတွင်း၌ ကိန်းအောင်းနေသော ထက်မြက်လှသော အငွေ့အသက်များကြောင့် ကိုယ်တွင်းရှိ သွေးစွမ်းအင်များမှာ ဆူပွက်လာခဲ့ပြီး သွေးအန်ကာ အကြီးအကျယ် ဒဏ်ရာရသွားကြရသည်။

“တကယ်ကို သန်မာတာပဲ...”

ထိုသူနှစ်ဦးမှာ ထိတ်လန့်တုန်လှုပ်နေကြတော့သည်။

အရင်က လော့ချန်သည် ဓားလေးချက်တည်းဖြင့် ယွမ်ထျန်ယန်ကို သတ်ဖြတ်လိုက်သည်ဆိုသော ကိစ္စအပေါ် သူတို့ သံသယရှိနေခဲ့ကြသေး၏။ လော့ချန်သည် အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားသူဖြစ်ရာ မည်မျှပင် သန်မာပါစေ ဤအဆင့်အထိတော့ မရှိနိုင်ဟု သူတို့ ယူဆထားခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ လော့ချန်နှင့် တိုက်ရိုက် ရင်ဆိုင်လိုက်ရသည့်အခါမှ ကြောက်စရာကောင်းခြင်း ဆိုသည်မှာ ဘာလဲ၊ တားဆီး၍မရသော အစွမ်းဆိုသည်မှာ ဘာလဲဆိုသည်ကို သူတို့ အမှန်တကယ် နားလည်သွားကြတော့သည်။

ဓားတစ်ချက်တည်းဖြင့် သူတို့အဖွဲ့ထဲမှ ငါးယောက်ကို တစ်ခဏအတွင်း သတ်ဖြတ်နိုင်ခဲ့သည်မဟုတ်ပါလော။ ဓားအရှိန်အဝါအတွင်းရှိ ထက်မြက်လှသော အငွေ့အသက်များကတင် သူတို့ကို အသက်ရှူကျပ်သွားစေခဲ့ပြီ ဖြစ်သည်။

လော့ချန်က ဆက်လက်၍ တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်လိုက်ရသည့်အခါ အေးစက်လှသော လူငယ် စီဝမ်ဝူသည် မျက်ခုံးများ တုန်ခါသွားခဲ့ပြီး စိတ်ထဲမှ ထိတ်လန့်မှုများကို အတင်းအကျပ် ဖိနှိပ်ကာ အော်ဟစ်လိုက်၏။

“တော်တော့... လော့ချန်... မင်း ဘာလို့ ငါတို့ကို တိုက်ခိုက်နေရတာလဲ... မင်းရဲ့ အစွမ်းက သန်မာနေတာနဲ့တင် ငါတို့ လျှပ်ယွမ်ဂိုဏ်းတပည့်တွေကို စိတ်ကြိုက် သတ်လို့ရတယ်လို့ ထင်နေတာလား... မင်းက ငါတို့ လျှပ်ယွမ်ဂိုဏ်း တစ်ခုလုံးနဲ့ ရန်သူဖြစ်ချင်နေတာလား...”

လော့ချန်သည် ထိုသူနှစ်ဦးကို အေးစက်စွာ ကြည့်လိုက်သည်။

“ကိုယ့်ဘာသာကိုယ် မလုပ်ခဲ့ဘူးဆိုရင် တစ်ပါးသူ သိစရာ အကြောင်းမရှိဘူးလေ... မင်းတို့က ငါ့အပေါ် မကြံစည်သင့်တဲ့ အရာကို ကြံစည်ခဲ့ကြမှတော့ သေကို သေရမယ်...”

ဤစကားကို ကြားလိုက်ရသည့်အခါ အခြား လျှပ်ယွမ်ဂိုဏ်းတပည့် တစ်ဦးမှာ တုန်လှုပ်သွားရသည်။

“မင်း သိနေတာလား... မဖြစ်နိုင်တာ... မင်း ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ...”

“အခုတော့ သိသွားပြီလေ...”

လော့ချန်သည် မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်ရာ မီးလျှံကျောက်စိမ်းရတနာဓား ပေါ်မှ ဓားအရှိန်အဝါများမှာ အနည်းငယ် တုန်ခါနေတော့သည်။

“အား... လော့ချန်... မင်းက ဘာလို့ ဒီလောက်တောင် ရဲတင်းနေရတာလဲ... စီနီယာ ရှုတောက်ယန်က မင်းကို အသက်တစ်ချောင်း ချမ်းသာပေးခဲ့တာလေ... မင်းကကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ လူသတ်ရဲသေးတယ်ပေါ့... စီနီယာ ရှုတောက်ယန် ပြန်ထွက်လာတဲ့အခါကျရင် မင်းကတော့ သေတွင်းထဲ ရောက်ရမှာပဲ...”

လော့ချန်၏ကိုယ်ပေါ်မှ သတ်ဖြတ်လိုစိတ်များကို ခံစားလိုက်ရသည့်အခါ အေးစက်လှသော လူငယ်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ရှုတောက်ယန်ကို သုံးကာ လော့ချန်ကို ခြိမ်းခြောက်ရန် ကြိုးစားနေတော့သည်။

ထို့နောက် သူသည် ခြေထောက်ကို အားပြုကာ ဟင်းလင်းပြင်သို့ တစ်ဟုန်ထိုး ပျံတက်လိုက်တော့သည်။

“စီနီယာစီ...”

အခြား လျှပ်ယွမ်ဂိုဏ်းတပည့်မှာလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။

“ပြေးလို့ လွတ်မယ် ထင်နေတာလား...”

လော့ချန်က ခပ်ဖွဖွ ခေါင်းခါပြလိုက်၏။ သူ တိုက်ခိုက်လိုက်ပြီဆိုမှတော့ ထိုသူများကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။ တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကိုလည်း သူ စိတ်ထဲ၌ ထည့်မထားပေ။

ဤနေရာတွင် အကြီးအကျယ် ပရမ်းပတာ ဖြစ်နေခဲ့ပြီး အချိန်တိုင်း လူတွေ သေဆုံးနေကြသည်မဟုတ်ပါလော။ လူအနည်းငယ် ပိုပြီး သေသွားခြင်းက ဘယ်လောက် တိုးထူးပါမည်နည်း။

ဓားဆန္ဒကို လှုံ့ဆော်လိုက်ရာ ကောင်းကင်သို့ ထိုးတက်နေသော ထက်မြက်လှသည့် အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့ပြီး လော့ချန်သည် ဓားကို ဘယ်ညာ ဝှေ့ယမ်းကာ ဟင်းလင်းပြင်သို့ ဓားနှစ်ချက် ပိုင်းဖြတ်လိုက်တော့သည်။

ထွက်ပြေးနေကြသော ထိုသူနှစ်ဦးမှာ အကြီးအကျယ် ထိတ်လန့်သွားကြပြီး အစွမ်းကုန် တားဆီးရန် ကြိုးစားလိုက်ကြသည်။

သို့သော်လည်း ဓားအရှိန်အဝါမှာ သူတို့၏ ကာကွယ်ရေးများကို တစ်ခဏအတွင်း ချေမှုန်းပစ်လိုက်ပြီး ဖျတ်ခနဲ အသံနှင့်အတူ ကာကွယ်ရေးချီစွမ်းအင်နှင့် ခန္ဓာကိုယ်များမှာ ဟင်းလင်းပြင်၌ တစ်ခဏအတွင်း အပိုင်းပိုင်း ပြိုကွဲသွားကြကာ သွေးများလည်း လွင့်စင်ကျဆင်းကုန်တော့သည်။

လော့ချန်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုသူများ၏ အလောင်းများကို ဆွဲယူလိုက်ပြီး သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို ချက်ချင်း လည်ပတ်စေလိုက်၏။ ထိုအခါ ကျယ်ပြောလှသော သွေးစွမ်းအင်များမှာ သူ၏ကိုယ်တွင်းသို့ စီးဝင်လာတော့သည်။

ဤခုနစ်ဦးစလုံးမှာ သွေးကြောနိုးကြားမှု အဆင့် ၉ ရှိသူများ ဖြစ်ကြပြီး ကျင့်ကြံမှုအဆင့်မှာလည်း မြင့်မားလှသဖြင့် သူတို့၏ သွေးအနှစ်သာရမှာလည်း အလွန်ပင် သန်မာလှပေ၏။ ထိုသူခုနစ်ဦး၏ သွေးစွမ်းအင်များကို ဝါးမြိုလိုက်သည့်အခါ ဒန်ထျန်အတွင်းရှိ သွေးစွမ်းအင်ဝဲကတော့မှာ ပိုမို နက်ရှိုင်းလာခဲ့ပြီး လည်ပတ်မှုမှာလည်း ပိုမို အားကောင်းလာသည်ကို လော့ချန် သိသိသာသာ ခံစားလိုက်ရ၏။

‘ဟင်... ကျင့်ကြံမှုအဆင့်ကလည်း အနည်းငယ် တိုးတက်လာပုံရတယ်...’

အသေအချာ စစ်ဆေးလိုက်သည့်အခါ ကျင့်ကြံမှုအဆင့်မှာလည်း အနည်းငယ် တိုးတက်လာသည့် အရိပ်အယောင်များ ရှိနေသည်ကို လော့ချန် အံ့ဩတကြီး သတိပြုမိသွား၏။ သူ၏ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များ၏ အရည်အသွေးနှင့် ပမာဏမှာ အနည်းငယ်မျှ မြင့်တက်လာခဲ့ပြီး သွေးစွမ်းအင်မှာမူ အမြင့်ဆုံးအထိ တိုးတက်လာခဲ့ကာ သွေးကြောနိုးကြားမှု အဆင့် ၉ အထွတ်အထိပ်သို့ ပိုမို နီးကပ်သွားခဲ့ပြီ ဖြစ်၏။

‘သွေးဝိညာဉ်ဂိုဏ်းက အရင်က ယွမ်လန်နယ်မြေအုပ်စုကို ဘာလို့ စိုးမိုးနိုင်ခဲ့လဲဆိုတာ အခုမှပဲ နားလည်တော့တယ်... ဒီလိုမျိုး အချိန်တိုအတွင်း ကျင့်ကြံနိုင်တဲ့ နည်းလမ်းက သာမန်ကျင့်ကြံတာထက် အများကြီး ပိုပြီးတော့ မြန်ဆန်တာပဲ... တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ အရာပဲ... အရည်အချင်း မရှိတဲ့ လူတွေဆိုရင်တော့ ဒီဆွဲဆောင်မှုကို တောင့်ခံနိုင်ဖို့ ခက်လိမ့်မယ်...’

လော့ချန်သည် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်မိပြီး စိတ်လှုပ်ရှားမှုများလည်း ပေါ်ထွက်လာတော့သည်။

‘ကောင်းတယ်... ဒီလိုမျိုး တိုက်ပွဲမြေပြင်က ငါ့အတွက်တော့ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ် ကျင့်ကြံဖို့ အကောင်းဆုံး အခွင့်အရေးပဲ... သွေးစွမ်းအင်တွေကို များများ ဝါးမြိုနိုင်မယ်ဆိုရင် ဒီနေ့ သွေးကြောနိုးကြားမှု အဆင့် ၉ အထွတ်အထိပ်ကို တက်လှမ်းနိုင်ဖို့တောင် အခွင့်အရေး ရှိတာပဲ...’

စိတ်ဆုံးဖြတ်ပြီးနောက် လော့ချန်သည် ထိုသူများ၏ သိုလှောင်လက်စွပ်များကို သိမ်းဆည်းလိုက်ပြီး မြို့အတွင်းသို့ ပျံသန်းသွားတော့သည်။

ဤတစ်ကြိမ်တွင် သူသည် ဟင်းလင်းပြင်မှ ပျံသန်းခြင်းကို မရွေးချယ်တော့ဘဲ လမ်းမတစ်လျှောက်မှတစ်ဆင့် သွားလာရန် ရွေးချယ်လိုက်သည်။

မူလက စည်ကားလှသော လမ်းမကြီးမှာ ယခုအခါတွင်မူ အခြားမြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အိမ်ခြေများမှာ ပြိုကျပျက်စီးနေခဲ့ပြီး သွေးချောင်းစီးနေကာ နေရာတိုင်းတွင် အလောင်းခြောက်များ ပြန့်ကျဲနေ၏။ မျက်ဝန်းအစုံမှာလည်း ကောင်းကင်ယံသို့ ဟောင်းလောင်းကြီး ကြည့်နေကြ၏။ ရူးသွပ်နေသူများမှာမူ ရူးသွပ်နေသော သားရဲများအလား သူတို့ရှေ့ရှိ အရာအားလုံးကို သတ်ဖြတ်နေကြတော့၏။

‘အသွင်မပြောင်းရသေးတဲ့ သွေးမိစ္ဆာ တစ်ကောင်တည်းကတင် ဒီလောက်အထိ ကြီးမားတဲ့ ဘေးဒုက္ခကို ဖြစ်စေနိုင်တာဆိုတော့... သွေးမိစ္ဆာ အကြောင်း ပြောရင် လူတိုင်း ဘာလို့ မျက်နှာပျက်ကုန်ကြလဲဆိုတာ နားလည်သွားပြီ...’

လေထုအတွင်းရှိ ပြင်းထန်လှသော သွေးညှီနံ့များကို ရှူရှိုက်မိသည့်အခါ လော့ချန်သည် မျက်ခုံးများကို တင်းကျပ်စွာ တွန့်ချိုးလိုက်မိသည်။

သွေးမိစ္ဆာသည် အသွင်ပြောင်းသွားပြီဆိုပါက အစစ်အမှန် ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာမည်ဖြစ်ပြီး အန္တရာယ်မှာလည်း အဆင့်ဆင့် မြင့်တက်လာလိမ့်မည်ဟု ဆိုကြ၏။

ဤကဲ့သို့သော မြင့်တက်လာမှုမျိုးမှာ တစ်ဆ၊ နှစ်ဆ မဟုတ်ဘဲ ဆယ်ဆခန့်အထိ ဖြစ်ပေ၏။ အလယ်အလတ်အဆင့် မြို့တော်တစ်ခုကို အလွယ်တကူပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသလို သာမန် လူသားအမြုတေအဆင့် သန်မာသူများပင်လျှင် သူ၏ရှေ့၌ အနိုင်ရရန် ခက်ခဲလှပေ၏။

ဤသည်ကပင် သွေးမိစ္ဆာ၏ အကြောက်စရာအကောင်းဆုံး အချက် မဟုတ်သေးပေ။

သွေးမိစ္ဆာ၏ အကြောက်စရာအကောင်းဆုံး အချက်မှာ သူ၏ ထူးခြားလှသော အရည်အချင်းပင် ဖြစ်၏။ သွေးအနှစ်သာရ လုံလောက်စွာ ရရှိမည်ဆိုပါက သူတို့သည် အလွန်ပင် လျင်မြန်စွာ တိုးတက်လာနိုင်စွမ်း ရှိသဖြင့် ပါရမီရှင်များပင်လျှင် သူတို့ကို ယှဉ်နိုင်ရန် ခက်ခဲလှပေ၏။

“သေစမ်း...”

စိတ်ထဲမှ အတွေးများကို ဘေးဖယ်ထားလိုက်ပြီးနောက် လော့ချန်သည် သူ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားတစ်ချက်တိုင်းမှာ ရူးသွပ်နေသူ တစ်ဦး၏ အသက်ကို နုတ်ယူလိုက်တော့သည်။

ပြိုကျနေသော အိမ်တစ်လုံးအတွင်း၌ မိန်းကလေးငယ်တစ်ဦးသည် သူမ၏ မိခင်ဖြစ်သူ၏ ရင်ခွင်အတွင်း၌ ပုန်းအောင်းနေခဲ့သည်။

“အမေ... သမီး ကြောက်တယ်...”

အပြင်ဘက်မှ သတ်ဖြတ်သံများကို ကြားလိုက်ရသည့်အခါ ကလေးမလေးသည် တုန်လှုပ်ခြောက်ခြားနေခဲ့ပြီး ငိုချင်စိတ်များကိုလည်း အတင်းအကျပ် ထိန်းထားရတော့သည်။

“မကြောက်ပါနဲ့... အမေ ဒီမှာ ရှိတယ်လေ...”

အမျိုးသမီး၏ မျက်နှာမှာ ဖြူလျော့နေခဲ့ပြီး သူမ၏ ရင်ခွင်အတွင်းရှိကလေးငယ်ကို တင်းကျပ်စွာ ပွေ့ဖက်ထားတော့သည်။

“ဘုန်း...”

တစ်ဝက်ခန့်သာ ကျန်တော့သော သစ်သားတံခါးမှာ ရုတ်တရက် ပွင့်ထွက်သွားခဲ့သည်။

ရူးသွပ်နေသော ထုံရွှမ်နယ်ပယ် ကျင့်ကြံသူတစ်ဦးသည် အထဲသို့ တိုးဝင်လာခဲ့ပြီး သူတို့နှစ်ဦးကို လှမ်းကြည့်လိုက်၏။ သူ၏ ဓားမကြီးပေါ်မှ သွေးများမှာလည်း တောက်တောက်ကျနေတော့သည်။

“အား...”

အမျိုးသမီး၏ မျက်နှာမှာ ပိုမို ဖြူလျော့သွားခဲ့ပြီး ကလေးမလေး၏ မျက်လုံးကို ပိတ်လိုက်ကာ သူမ၏ ရင်ခွင်အတွင်း၌ သေလုမတတ် ပွေ့ဖက်ထားတော့သည်။

“ဝှစ်...”

ထိုစဉ်မှာပင် ကောင်းကင်ယံမှ ဓားအရှိန်အဝါတစ်ခု ကျဆင်းလာခဲ့ပြီး ထိုရူးသွပ်နေသော ကျင့်ကြံသူ၏ ဦးခေါင်းကို ဖြတ်ပစ်လိုက်တော့သည်။

မိခင်နှင့် သမီးဖြစ်သူတို့သည် မော့ကြည့်လိုက်ကြရာ အပေါ်မှတစ်ဆင့် ဖြတ်သန်းသွားသော လော့ချန်၏ ပုံရိပ်ကို မြင်တွေ့လိုက်ကြရသည်။

“ကျေးဇူးတင်ပါတယ် သခင်လေး...”

အမျိုးသမီးသည် မျက်ရည်များ ဝဲလျက် ကလေးမလေးကို ခေါ်ကာ အဆက်မပြတ် ဦးခိုက်နေတော့သည်။

“ရှူး... ရှူး... ရှူး... ရှူး...”

ဓားအရှိန်အဝါများ ပြန့်လွင့်နေခဲ့ပြီး ချီစွမ်းအင်များလည်း ရိုက်ခတ်နေ၏။ လော့ချန်၏ တိုက်ခိုက်မှုအောက်တွင် ရူးသွပ်နေသူများမှာ တစ်ဦးပြီးတစ်ဦး လဲကျကုန်ကြတော့သည်။

သာမန်လူများနှင့် အဆင့်နိမ့် ကျင့်ကြံသူများ၏ သွေးစွမ်းအင်မှာ အားနည်းလွန်းလှသဖြင့် လော့ချန်သည် အချိန်မဖြုန်းလိုတော့ဘဲ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများကိုသာ ဝါးမြိုရန် ရွေးချယ်လိုက်သည်။

ဤသို့ဆိုလျှင်ပင် အရေအတွက်မှာ နည်းပါးလှသည် မဟုတ်ပေ။

သွေးစွမ်းအင်များမှာကိုယ်တွင်းသို့ အဆက်မပြတ် စီးဝင်လာသည်နှင့်အမျှ လော့ချန်သည် ဒန်ထျန်အတွင်းရှိ သွေးစွမ်းအင်ဝဲကတော့၏ အရောင်မှာ ပိုမို နက်ရှိုင်းလာခဲ့ပြီး လည်ပတ်မှုမှာလည်း ပိုမို လျင်မြန်လာသည်ကို ခံစားလိုက်ရ၏။ ၎င်းမှာ အဆင့်တက်လှမ်းတော့မည့်နှယ် ရှိနေတော့သည်။

‘ကောင်းတယ်... ဒီအတိုင်း ဆက်သွားမယ်ဆိုရင် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို စတင်အောင်မြင်တဲ့ အဆင့်အထိ ကျင့်ကြံနိုင်ဖို့ အချိန်အများကြီး မလိုတော့ဘူး... အဲဒီအခါကျရင် အဝေးကနေ ဝါးမြိုဖို့ စမ်းသပ်ကြည့်လို့ ရပြီ... အစွမ်းကလည်း အဆင့်ဆင့် မြင့်တက်လာမှာ ဖြစ်သလို သုံးစွဲရတာလည်း ပိုပြီးတော့ အဆင်ပြေလာမှာပဲ...’

‘ဆက်သွားရအောင်...’

သတ်ဖြတ်မှုများ ပြင်းထန်လာသည်နှင့်အမျှ လော့ချန်သည် ဓားဆန္ဒကို လှုံ့ဆော်လိုက်ပြီး သွေးစွမ်းအင်များကို ဝါးမြိုနေစဉ်မှာပင် သတ်ဖြတ်ခြင်းဓားဆန္ဒကိုပါ ကျင့်ကြံလိုက်တော့သည်။

သတ်ဖြတ်ခြင်းဓားဆန္ဒသည် သတ်ဖြတ်မှုများကြားမှ ပေါ်ထွက်လာခြင်းဖြစ်ရာ ယခုကဲ့သို့သော သွေးညှီနံ့ ပြည့်နှက်နေသော တိုက်ပွဲမြေပြင်မှာ ကျင့်ကြံရန်အတွက် အကောင်းဆုံးနေရာပင် ဖြစ်၏။ ရလဒ်ကလည်း နှစ်ဆခန့် ပိုမို ရရှိစေလိမ့်မည် ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ လော့ချန်သည် သတ်ဖြတ်ခြင်းဓားဆန္ဒအပေါ် နားလည်မှုမှာ ပိုမို၍ စင်ကြယ်လာခဲ့ပြီး ဓားတစ်ချက်တိုင်းတွင် လူတို့၏ စိတ်အာရုံကို လှုပ်ရှားစေနိုင်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ကိန်းအောင်းနေတော့သည်။ မကြာမီမှာပင် လော့ချန်သည် လော့ရှာဂိုဏ်းတပည့်များ ရှိရာနယ်မြေသို့ ရောက်ရှိသွားတော့သည်။

လော့ချန် လှမ်းကြည့်လိုက်ရာ အကြီးအကျယ် ထိတ်လန့်သွားရသည်။

အရှေ့ဘက်မှာ သွေးမိစ္ဆာအငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာသည့် နေရာများထဲမှ တစ်ခု ဖြစ်နေခဲ့ပြီး မြင်ကွင်းမှာလည်း ပိုမို ဆိုးရွားလှပေ၏။ နေရာတိုင်းတွင်ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ပြန့်ကျဲနေခဲ့ပြီး ပြင်းထန်လှသော သွေးမိစ္ဆာအငွေ့အသက်များမှာလည်း ပတ်ဝန်းကျင်ရှိ လမ်းမအချို့ကို ဖုံးလွှမ်းထားတော့သည်။

သွေးမိစ္ဆာအငွေ့အသက်များ၏ ဗဟိုချက်ရှိရာနေရာ၌ အကြီးအကျယ် တိုက်ပွဲတစ်ခု ဖြစ်ပွားနေတော့သည်။

လူအုပ်စုတစ်စုကို ရူးသွပ်နေသော ကျင့်ကြံသူ ရာနှင့်ချီ၍ ဝိုင်းရံထားကြပြီး အဆက်မပြတ် တိုက်ခိုက်နေကြ၏။ လော့ရှာဂိုဏ်းတပည့်များမှာလည်း ၎င်းအတွင်း၌ ပါဝင်နေခဲ့ကြပြီး ပိတ်မိနေသည်မှာ ထင်ရှားလှပေသည်။

ရာနှင့်ချီသော ရူးသွပ်နေသည့် ကျင့်ကြံသူများအပြင် လော့ချန်သည် ဟင်းလင်းပြင်၌ ပျံသန်းနေသော သွေးရောင်ပုံရိပ်များစွာကိုလည်း မြင်တွေ့လိုက်ရသည်။

ထိုသွေးရောင်ပုံရိပ်များမှာ အစစ်အမှန် ခန္ဓာကိုယ် မရှိကြဘဲ လူပုံစံနှင့် ဆင်တူကြ၏။ ဝေဝေဝါးဝါး ဖြစ်နေကြသော်လည်း သွေးမြူခိုးများဖြင့် ဖွဲ့စည်းထားသည့်နှယ် ရှိနေကာ တိုက်ပွဲမြေပြင်အတွင်း၌ ပျံသန်းနေကြတော့သည်။

“အား...”

ပြင်းထန်လှသော တိုက်ပွဲကြားတွင် လူအုပ်စုအတွင်းရှိ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးသည် အမှတ်မထင် ညာဘက်လက် ပြတ်သွားခဲ့သဖြင့် သွေးများမှာလည်း တစ်ရွဲရွဲ စီးကျနေတော့သည်။

ထိုစဉ်မှာပင် ထိတ်လန့်စရာကောင်းလှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အနီးနားရှိ သွေးရောင်ပုံရိပ်တစ်ခုမှာ ထိုဒဏ်ရာမှတစ်ဆင့် ထိုကျင့်ကြံသူ၏ ကိုယ်တွင်းသို့ ရုတ်တရက် တိုးဝင်သွားတော့သည်။

နောက်တစ်ခဏတွင်...

“အား... အား... အား...”

ထိုကျင့်ကြံသူမှာ နာကျင်စွာ အော်ဟစ်လိုက်ရ၏။ သန်မာလှသော သူ၏တကိုယ်လုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အလောင်းခြောက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး အသက်ဓာတ်များလည်း တစ်ခဏအတွင်း ကုန်ခမ်းသွားရတော့သည်။

ထိုသွေးရောင်ပုံရိပ်မှာ အလောင်းအတွင်းမှ ပြန်လည် ထွက်ပေါ်လာသည့်အခါ မူလက ဝေဝေဝါးဝါး ဖြစ်နေသော သူ၏ကိုယ်ထည်မှာ အတော်လေး သိပ်သည်းလာခဲ့ပြီးကိုယ်ပေါ်မှ သွေးရောင်များမှာလည်း ပိုမို တောက်ပလာတော့၏။

အခန်း ၇၀၇ ပြီးပါပြီ။

အခန်း ၇၀၈ - ဘယ်သူက ဘယ်သူ့ကို ဝါးမြိုတာလဲ... အဆင့်တက်ခြင်း

“တကယ့်ကို ယုတ်မာညစ်ထေးလှတဲ့ အရာပဲ... ဒါ သွေးမိစ္ဆာယွမ်ဝိညာဉ်တွေပဲ...”

သွေးရောင်ပုံရိပ်တစ်ခုက လူတစ်ယောက်ကို မျက်စိတစ်မှိတ်အတွင်း အလောင်းခြောက်ဖြစ်အောင် စုပ်ယူလိုက်သည်ကို မြင်လိုက်ရသည့်အခါ လော့ချန်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ သွေးမိစ္ဆာယွမ်ဝိညာဉ် ဆိုသည်မှာ ထူထပ်လှသော သွေးညှီနံ့များနှင့် နာကျည်းမှုများ ပြည့်နှက်နေသည့် နေရာတွင် ပေါ်ထွက်လာတတ်သော ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်သည်။ ဤကဲ့သို့သော ဝိညာဉ်ခန္ဓာများသည် သွေးသားများနှင့် ဆိုးရွားလှသော စိတ်အာရုံအမျိုးမျိုး ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် အလွန်ပင် ယုတ်မာလှပေသည်။

စတင်ဖြစ်ပေါ်လာသည့် အချိန်တွင် သွေးမိစ္ဆာယွမ်ဝိညာဉ်၌ ကိုယ်ပိုင်အသိစိတ် မရှိကြဘဲ ပင်ကိုဗီဇအရ လတ်ဆတ်သော သွေးသားများကို ဝါးမြိုကာ မိမိကိုယ်ကို သန်မာအောင် လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ ဝါးမြိုလိုက်သော သွေးသားများ ပိုမိုများပြားလာပြီး အစွမ်းပိုမို သန်မာလာသည်နှင့်အမျှ သွေးမိစ္ဆာယွမ်ဝိညာဉ်တွင် ကိုယ်ပိုင်အသိစိတ် ပေါ်ထွက်လာရန် အခွင့်အရေး ရှိလာတော့သည်။ သို့သော်လည်း ထိုအခွင့်အရေးမှာ အလွန်ပင် သေးငယ်လှပေသည်။

အဘယ်ကြောင့်ဆိုသော် သွေးမိစ္ဆာယွမ်ဝိညာဉ်ကိုယ်တိုင်က ဆိုးရွားလှသော စိတ်အာရုံအမျိုးမျိုး ပေါင်းစပ်ထားခြင်းဖြစ်ရာ အသိစိတ်မှာ အလွန်ပင် ရှုပ်ထွေးနေတတ်၏။ ဝါးမြိုတိုးတက်လာသည့် ဖြစ်စဉ်အတွင်း ထို ထိန်းချုပ်၍မရသော ရှုပ်ထွေးယုတ်မာလှသည့် စိတ်အာရုံများသည်လည်း အတူတူ ကြီးထွားလာပြီး တစ်ခုနှင့်တစ်ခု အားပြိုင်ကြသဖြင့် တစ်ခဏအတွင်း လုံးဝ ပျက်စီးသွားရန် ပို၍ လွယ်ကူသောကြောင့် ဖြစ်သည်။

သို့သော်လည်း သွေးမိစ္ဆာယွမ်ဝိညာဉ်၌သာ ကိုယ်ပိုင်အသိစိတ် ပေါ်ထွက်လာခဲ့မည်ဆိုလျှင်မူ အနှစ်သာရပိုင်းအရ သိသိသာသာ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိသွားပါက ၎င်းသည် သွေးမိစ္ဆာအဖြစ် အသွင်ပြောင်းသွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် လူအတော်များများက သွေးမိစ္ဆာယွမ်ဝိညာဉ်ကို သွေးမိစ္ဆာအစပျိုးအဆင့် ဟုပင် ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

“သွေးမိစ္ဆာဆီကနေ ပေါက်ကွဲထွက်လာတဲ့ သွေးမိစ္ဆာအငွေ့အသက်တွေက သာမန်သွေးမိစ္ဆာအငွေ့အသက်တွေထက် ပိုပြီးတော့ ယုတ်မာတာပဲ... နောက်ပြီး ဒီမှာကလည်း သွေးညှီနံ့တွေက ဒီလောက်အထိ ထူထပ်နေတာဆိုတော့ အချိန်တိုအတွင်းမှာ ဒီလောက်အထိ များပြားတဲ့ သွေးမိစ္ဆာယွမ်ဝိညာဉ်တွေ ပေါ်ထွက်လာတာ မထူးဆန်းပါဘူး...”

လော့ချန်သည် အကြမ်းဖျင်း တွက်ဆကြည့်လိုက်ရာ ဟင်းလင်းပြင်၌ ပျံသန်းနေသော သွေးမိစ္ဆာယွမ်ဝိညာဉ်မှာ အနည်းဆုံး တစ်ရာခန့် ရှိနေခဲ့ပြီး တိုက်ပွဲမြေပြင်အတွင်း၌ လှည့်လည်သွားလာလျက် လတ်ဆတ်သော သွေးသားများကို ဝါးမြိုရန် အခွင့်အရေး စောင့်နေကြတော့သည်။ ဤမျှအထိ များပြားလှသော ကောက်ကျစ်သည့် သွေးမိစ္ဆာယွမ်ဝိညာဉ်များနှင့်အတူ ရူးသွပ်နေသော ကျင့်ကြံသူ ရာနှင့်ချီ၍ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသဖြင့် ပိတ်မိနေသူများ၏ အခြေအနေမှာ အလွန်ပင် စိုးရိမ်စရာ ကောင်းလှပေ၏။ သူတို့မှာ စက်ဝိုင်းပုံစံ ရပ်တည်လျက် အစွမ်းကုန် ကာကွယ်နေကြရရုံသာ ရှိတော့သည်။

အကယ်၍ သွေးမိစ္ဆာယွမ်ဝိညာဉ်များတွင်သာ အသိစိတ်ရှိနေခဲ့ပြီး ပင်ကိုဗီဇအရ မိတ်ဆွေရန်သူ မခွဲခြားဘဲ တိုက်ခိုက်နေခြင်းမျိုး မဟုတ်ပါက ထိုကာကွယ်ရေးစည်းမှာ တစ်ခဏအတွင်း ပြိုပျက်သွားမည်မှာ သေချာလှပေသည်။

“ဝှစ်...”

အခြေအနေများမှာ စိုးရိမ်စရာကောင်းသည်ကို မြင်လိုက်ရသည့်အခါ လော့ချန်သည် စိတ်ထဲမှ အတွေးများကို ဖယ်ရှားလိုက်ပြီး တိုက်ပွဲ၏ဗဟိုချက်ဆီသို့ အရှိန်မြှင့်ကာ ပျံသန်းသွားတော့သည်။

“ဟင်... ယူလန်ရှင်း ဒဏ်ရာရနေတာပဲ...”

အကွာအဝေးမှာ လျင်မြန်စွာ နီးကပ်လာသည်နှင့်အမျှ လော့ချန်သည် တစ်တိုက်ပွဲလုံးကို အထင်အရှား မြင်တွေ့လိုက်ရသည်။ လူအုပ်စုအတွင်း၌ လော့ရှာဂိုဏ်းတပည့် အမျိုးသမီး နှစ်ဆယ်၊ သုံးဆယ်ခန့်မှာ စုဝေးနေကြသည်။ လော့ရှာဂိုဏ်း၏ စီနီယာအစ်မကြီး ယူလန်ရှင်းသည် ထိုတပည့်များ၏ အနောက်ဘက်၌ တင်ပျဉ်ခွေ ထိုင်နေခဲ့ပြီး မျက်နှာမှာ အလွန်ပင် ဖြူလျော့နေ၏။ ပခုံးပေါ်တွင်လည်း သွေးများ စိုရွှဲနေသော ဓားဒဏ်ရာတစ်ခု ရှိနေခဲ့ပြီး ဝတ်ရုံမှာလည်း သွေးများဖြင့် ရဲရဲနီနေတော့သည်။ ယူလန်ရှင်း၏ဘေးတွင်လည်း အသက်ရှင်နေခြင်း ရှိ၊ မရှိ မသေချာသော လော့ရှာဂိုဏ်းတပည့် အမျိုးသမီး အချို့ လဲကျနေကြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လော့ချန်သည် များစွာ အံ့ဩသွားရသည်။ အခြား လော့ရှာဂိုဏ်းတပည့်များကို အသာထား ယူလန်ရှင်းသည် သွေးကြောနိုးကြားမှုနယ်ပယ်၏ အတော်ဆုံး ပါရမီရှင်တစ်ဦးဖြစ်သလို ဓားဆန္ဒအစပျိုးအဆင့်သို့ ရောက်ရှိနေသော ဓားသမားတစ်ဦးလည်း ဖြစ်သည်မဟုတ်ပါလော။ ဓားဆန္ဒသည် အစစ်အမှန်မဟုတ်သော အရာများကို ပိုင်းဖြတ်နိုင်စွမ်းရှိသလို ယုတ်မာညစ်ထေးသော အရာများကိုလည်း ချေမှုန်းနိုင်စွမ်း ရှိသည်ဖြစ်ရာ ဝိညာဉ်ခန္ဓာ အားလုံး၏အားနည်းချက်ဟု ဆိုနိုင်သည်။ မဟာသန်မာသူအဆင့်ရှိသူနှင့် မတွေ့သရွေ့တော့ ယူလန်ရှင်းကို ခြိမ်းခြောက်နိုင်မည့်သူ မရှိသင့်ပေ။ ဤသို့ တွေးမိသည်နှင့်တစ်ပြိုင်နက် လော့ချန်သည် ချက်ချင်းပင် သတိဝင်လာခဲ့ပြီး သူ၏ဝိညာဉ်စွမ်းအင်ကို ထုတ်ဖော်လိုက်သည်။

“မဟာသန်မာသူအဆင့်ရှိသူ မရှိဘူးပဲ...”

တစ်တိုက်ပွဲလုံးကို စူးစမ်းစစ်ဆေးပြီးနောက်တွင်မှ လော့ချန်သည် စိတ်အေးသွားတော့သည်။ သူသည် မြေကမ္ဘာအဆင့်ရှိ မဟာသန်မာသူတစ်ဦးကို ရင်ဆိုင်နိုင်ရန် ယုံကြည်ချက်ရှိသော်လည်း မဟာသန်မာသူအဆင့်ရှိသူများကို လုံးဝ ဂရုမစိုက်နိုင်လောက်အောင်အထိတော့ မောက်မာခြင်း မရှိပေ။

“တော်သေးတာပေါ့ ကျင်းယွီရှီး ဘာမှမဖြစ်လို့...”

လော့ချန်သည် လူအုပ်စုအတွင်း၌ ကျင်းယွီရှီးကို တွေ့ရှိသွားသည်။ သူမ ဘေးကင်းကင်းရှိနေသည်ကို မြင်လိုက်ရသည့်အခါမှ စိတ်အေးသွားရတော့သည်။

ထိုစဉ် အေးစက်လှသော လေပြင်းတစ်ခု တိုက်ခတ်လာသည်။ လော့ချန်၏ကိုယ်ပေါ်မှ ပြင်းထန်လှသော သွေးစွမ်းအင်များကို သတိထားမိသွား၍ ဖြစ်ပုံရ၏။ အနီးနားရှိ သွေးမိစ္ဆာယွမ်ဝိညာဉ် နှစ်ခုမှာ လော့ချန်ထံသို့ တိုက်ရိုက် ပျံသန်းလာကြတော့သည်။ ဤသွေးမိစ္ဆာယွမ်ဝိညာဉ် နှစ်ခုမှာ သိသိသာသာပင် သွေးသားများစွာကို ဝါးမြိုထားပြီးပုံရ၏။

ကိုယ်ပေါ်မှ သွေးရောင်များမှာ အလွန်ပင် တောက်ပနေခဲ့ပြီး ဝေဝေဝါးဝါး ဖြစ်နေသောကိုယ်ထည်မှာလည်း လူသားပုံစံ အနည်းငယ်မျှ ပေါ်ထွက်နေတော့၏။ သူတို့၏ ခန္ဓာကိုယ်များမှာ ရုတ်တရက် တွန့်လိမ်သွားခဲ့ပြီး သွေးရောင်လေဆင်နှာမောင်းငယ် နှစ်ခုအဖြစ် ပြောင်းလဲသွားကာ လော့ချန်၏သွေးသားများကို အစအနမကျန် ဝါးမြိုပစ်ရန်အတွက် ရူးသွပ်စွာ တိုးဝင်လာကြတော့သည်။

“ဟဲဟဲ... ငါ့ကို ဝါးမြိုချင်တာလား...”

လော့ချန်က အေးစက်စွာ ရယ်မောလိုက်သည်။ ဤကဲ့သို့သော အစစ်အမှန် ခန္ဓာကိုယ်မရှိသည့် သွေးမိစ္ဆာယွမ်ဝိညာဉ်မျိုးမှာ အခြား သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများအတွက်တော့ ကြီးမားလှသော အခက်အခဲ ဖြစ်နိုင်သော်လည်း သူ့အတွက်မူ ဆေးလုံးများအလား အသုံးဝင်သောအရာများသာ ဖြစ်ကြ၏။ ဓားဆန္ဒကို အသုံးချကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့်ပင် ၎င်းတို့ကို ချေမှုန်းနိုင်သည်မဟုတ်ပါလော။

လော့ချန်သည် ဓားဆန္ဒကို လှုံ့ဆော်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် စိတ်ကူးပြောင်းသွားခဲ့သည်။ သွေးမိစ္ဆာယွမ်ဝိညာဉ် ဆိုသည်မှာ သွေးအနှစ်သာရနှင့် နာကျည်းမှုများကြားတွင် ဖြစ်ပေါ်လာသည့် ဝိညာဉ်ခန္ဓာပင်။ အနှစ်သာရပိုင်းအရ ပြောရမည်ဆိုလျှင် ဤအရာသည် သွေးအနှစ်သာရ အငွေ့အသက်များပင် ဖြစ်သည်။ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်က ထုတ်ယူ ဝါးမြိုနိုင်စွမ်း ရှိရမည်ဖြစ်သည်။

ဤအတွေးနှင့်အတူ လော့ချန်သည် ချက်ချင်းပင် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို လည်ပတ်စေလိုက်၏။ သူ၏ဘယ်ဘက်လက်မှ သွေးအရှိန်အဝါများ ဆူပွက်လာခဲ့ပြီး သွေးရောင်လေဆင်နှာမောင်း နှစ်ခုကို တိုက်ရိုက် ဖမ်းချုပ်လိုက်တော့သည်။

“ဘုန်း...”

သွေးလက်ဝါးက သွေးရောင်လေဆင်နှာမောင်း နှစ်ခုကို တိုက်ရိုက် ရိုက်နှက်လိုက်သည့် ခဏမှာပင် လော့ချန်သည် ထိုသွေးမိစ္ဆာယွမ်ဝိညာဉ် နှစ်ခုထံမှ အလွန်အမင်း ထိတ်လန့်သွားသည့် စိတ်အာရုံကိုပင် ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် ဒြပ်မဲ့လှသော ဆွဲငင်အားတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သွေးမိစ္ဆာယွမ်ဝိညာဉ် နှစ်ခု၏ကိုယ်ထည်မှာ တုန်ခါတွန့်လိမ်သွားကာ လော့ချန်၏လက်ဖဝါးအတွင်းသို့ တစ်ခဏအတွင်း သက်ဆင်း ပျောက်ကွယ်သွားကြတော့သည်။

ချက်ချင်းပင် ကျယ်ပြောလှသော သွေးအနှစ်သာရ အငွေ့အသက်များမှာ ကျိုးပေါက်သွားသော ဆည်ရေများအလား လော့ချန်၏ကိုယ်တွင်းသို့ စီးဝင်လာတော့၏။ ၎င်းနှင့်အတူ ပြင်းထန်လှသော နာကျည်းမှုများမှာလည်း လော့ချန်၏စိတ်အာရုံကို ဝါးမြိုရန် ကြိုးစားလာကြတော့သည်။ ဤနာကျည်းမှုများမှာ သွေးမိစ္ဆာယွမ်ဝိညာဉ်အတွင်း၌ ကိန်းအောင်းနေသော ယုတ်မာလှသည့် စိတ်အာရုံ အမျိုးမျိုးပင် ဖြစ်၏။ အကယ်၍သာ တောင့်မခံနိုင်ဘဲ စိတ်အာရုံ ပြိုကွဲသွားမည်ဆိုပါက ချက်ချင်းပင် ရူးသွပ်သွားလိမ့်မည် ဖြစ်သလို အသိစိတ်မရှိသော အလောင်းခြောက် သို့မဟုတ် ယုတ်မာလှသော အလိုရမ္မတ်များ၏ စေခိုင်းမှုကို ခံရသည့် နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ‌ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ စမ်းသပ်မှုနှင့် ယှဉ်လိုက်လျှင် ဤနာကျည်းမှုမှာ ဘာမှပြောပလောက်သည် မဟုတ်ပေ။ ယခု လော့ချန်သည် ရောင်စဉ်ခုနစ်သွယ် စမ်းရေကန်ကို တက်လှမ်းစဉ်ကထက် ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားလာသလို ဝိညာဉ်စွမ်းအင်မှာလည်း သန်မာလာခဲ့ပြီ ဖြစ်၏။ ၎င်းအပြင် ဓားဆန္ဒကိုလည်း တစ်ပိုင်းအဆင့်အထိ ကျင့်ကြံအောင်မြင်ထားပြီး ဓားဆန္ဒအဆင့်ရှိသော ဓားသမားတစ်ဦးဖြစ်ရန် လက်တစ်ကမ်းအလိုသာ ရှိတော့သဖြင့် စိတ်အာရုံမှာလည်း အလွန်ပင် ထက်မြက်လှပေ၏။ ထို့ကြောင့် ဤနာကျည်းမှုများ၏ ရိုက်ခတ်မှုကို ခံရလိမ့်မည် မဟုတ်ပေ။

“သတ်စမ်း...”

အတွေးတစ်ချက်အတွင်းမှာပင် စိတ်အာရုံအတွင်းသို့ တိုးဝင်လာသော နာကျည်းမှု စိတ်အာရုံများမှာ တစ်ခဏအတွင်း ပြိုကွဲပျက်စီးသွားခဲ့ပြီး စင်ကြယ်လှသော အနှစ်သာရများအဖြစ် ပြောင်းလဲသွားကာ လော့ချန်၏စိတ်ဓာတ်ကို ပိုမို သန်မာစေလိုက်တော့သည်။ သတိပြန်ဝင်လာသည့်အခါ လော့ချန်သည် သူ၏ဝမ်းဗိုက်ပိုင်း၌ အနည်းငယ် ဖောင်းကြွလာကာ ပူနွေးလာသည်ကို ခံစားလိုက်ရသည်။ အသေအချာ စစ်ဆေးလိုက်သည့်အခါ သွေးစွမ်းအင်ဝဲကတော့၏ အရောင်မှာ ပိုမို နက်ရှိုင်းလာခဲ့ပြီး အတော်လေး ပိုမို ကြီးမားလာ၏။ သွေးအလင်းများမှာလည်း ဝင်းလက်နေခဲ့ပြီး လည်ပတ်မှုမှာလည်း ကောင်းကင်ယံရှိ ကြယ်တာရာများအလား ကျယ်ပြောသန်မာလှပေသည်။

“ဝါးမြိုစမ်း...”

မျက်ဝန်းအတွင်း၌ အလင်းတန်းများ ဝင်းလက်သွားခဲ့ပြီး လော့ချန်သည် လက်ဖဝါးကို အရှေ့သို့ ဆန့်ထုတ်ကာ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို ထပ်မံ၍ အသုံးပြုလိုက်ပြန်သည်။

“ဝူး...”

ချက်ချင်းပင် ဆွဲငင်အားတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး လေထုမှာလည်း ဆူပွက်လာတော့သည်။

“အောင်မြင်ပြီ...”

လော့ချန်၏အကြည့်များမှာ ဝမ်းသာမှုများ ပြည့်နှက်နေတော့သည်။ သွေးမိစ္ဆာယွမ်ဝိညာဉ် နှစ်ခုအတွင်း၌ ကိန်းအောင်းနေသော သွေးအနှစ်သာရ အငွေ့အသက်များမှာ အလွန်ပင် သန်မာစင်ကြယ်လှသဖြင့် သူ၏သွေးစွမ်းအင်ဝဲကတော့ကို တိုက်ရိုက်ပင် အဆင့်တက်လှမ်းစေခဲ့ခြင်း ဖြစ်သည်။ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်မှာ စတင်မှုအောင်မြင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အဝေးမှနေ၍ ထုတ်ယူ ဝါးမြိုနိုင်သည့် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ အကွာအဝေးမှာ အကန့်အသတ် ရှိနေသေးသော်လည်း ၎င်းမှာ အစပျိုးရုံသာ ရှိသေးသည်မဟုတ်ပါလော။ ဆက်လက်၍ ထုတ်ယူ ဝါးမြိုနေမည်ဆိုပါက သွေးစွမ်းအင်ဝဲကတော့ ပိုမို ကြီးမားလာသည်နှင့်အမျှ အဝေးမှနေ၍ ထုတ်ယူနိုင်သည့် အစွမ်းနှင့် အကွာအဝေးမှာလည်း အဆင့်ဆင့် မြင့်တက်လာလိမ့်မည် ဖြစ်သည်။

“ဒီတိုက်ပွဲမြေပြင်က အခြားလူတွေအတွက်တော့ ငရဲခန်းတစ်ခု ဖြစ်နေပေမဲ့ ငါ့အတွက်တော့ ရတနာသိုက်တစ်ခုပါပဲ...”

“သွေးမိစ္ဆာယွမ်ဝိညာဉ်တွေကို ပိုပြီးတော့ ဝါးမြိုနိုင်မယ်ဆိုရင် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကလည်း ထပ်ပြီးတော့ အဆင့်တက်လာမှာပဲ... ကျင့်ကြံမှုအဆင့်နဲ့ ခန္ဓာကိုယ်အစွမ်းတွေလည်း ဘက်စုံကနေ တိုးတက်လာလိမ့်ဦးမှာ...”

“အဲဒီလိုဆိုရင်တော့ အချိန်အများကြီး မလိုတော့ဘဲ ငါ စတုတ္ထနယ်ပယ်ကို တိုက်ခိုက်နိုင်ပြီးတော့ မဟာသန်မာသူတစ်ဦး ဖြစ်လာနိုင်တာပေါ့...”

ဤသို့ တွေးမိသည့်အခါ လော့ချန်၏စိတ်ဓာတ်မှာ အလွန်ပင် ထက်သန်လာခဲ့ပြီး အရှေ့ဘက်ရှိ ပရမ်းပတာ ဖြစ်နေသော တိုက်ပွဲမြေပြင်ကို ကြည့်ကာ စိတ်ထဲမှ ဆိုလိုက်မိသည်။

“အရင်ဆုံး လူကယ်ရသေးတာပေါ့...”

ဤနေရာရှိ သွေးမိစ္ဆာအငွေ့အသက်များမှာ အလွန်ပင် ထူထပ်လှပေ၏။ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြားလည်း စိတ်ဓာတ်မခိုင်မာပါက အချိန်ကြာလာသည်နှင့်အမျှ သက်ရောက်မှုများကို ခံရလိမ့်မည်ဖြစ်သလို တိုက်ခိုက်နိုင်စွမ်းမှာလည်း များစွာ လျော့ကျသွားလိမ့်မည် ဖြစ်၏။ နောက်ဆုံးတွင် သွေးမိစ္ဆာအငွေ့အသက်များ၏ ဝင်ရောက်ဖျက်ဆီးခြင်းကို ခံရကာ အသိစိတ်များ ပျောက်ကွယ်သွားရလိမ့်မည် ဖြစ်သည်။ ယခုအခါ ဤလူအုပ်စု၏ ကာကွယ်ရေးစည်းမှာလည်း အဆက်မပြတ် ကျဉ်းမြောင်းလာနေခဲ့ပြီး ပိုမို အန္တရာယ် ရှိလာပြီ ဖြစ်၏။ သေခြင်းရှင်ခြင်း အဆုံးအဖြတ်ပေးရမည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အခန်း ၇၀၈ ပြီးပါပြီ။

All Chapters