အခန်း (၇၀၉-၇၁၁)
Vol. 48 Ch. 709-711
အခန်း ၇၀၉ - ပြိုလဲခြင်းနှင့် လော့ချန်၏ ခြိမ်းခြောက်နိုင်စွမ်း
ပိတ်မိနေသော လူအုပ်စုအတွင်း၌ လော့ရှာဂိုဏ်းတပည့် အမျိုးသမီး နှစ်ဆယ်၊ သုံးဆယ်ခန့်မှာ စုဝေးနေကြပြီး တစ်ဦးချင်းစီမှာ လှပချောမောကာ နုပျိုတင့်တယ်လှပေသည်။ သို့သော်လည်း သူတို့၏မျက်နှာများမှာ ဖြူလျော့နေခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေကြရသည်။ သူတို့ထဲမှ အများစုမှာ ဒဏ်ရာရထားကြပြီး ရူးသွပ်နေသော ကျင့်ကြံသူများ၏ ဝိုင်းရံတိုက်ခိုက်မှုနှင့် ကောက်ကျစ်လှသော သွေးမိစ္ဆာယွမ်ဝိညာဉ်များကို အစွမ်းကုန် ခုခံနေကြရသည်။
“စီနီယာအစ်မယွဲ့... သေဆုံးတဲ့သူတွေက ပိုပြီးတော့ များလာပြီ၊ နောက်ပြီး ဘယ်ကနေ ထွက်လာမှန်းမသိတဲ့ သွေးမိစ္ဆာအစပျိုးအဆင့်တွေလည်း ရှိနေသေးတယ်... ဒီအတိုင်း ဆက်သွားနေရင်တော့ ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး... ကာကွယ်ရေးစည်းသာ ပြိုပျက်သွားရင် ငါတို့ရဲ့ အစွမ်းနဲ့တော့ တားဆီးနိုင်မှာ မဟုတ်ဘူး... အဲဒီအခါကျရင် ဘယ်လိုလုပ်ကြမလဲ...”
ကျင်းယွီရှီးသည် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ရာ လဲကျသွားသူများမှာ ပိုမိုများပြားလာသည်ကို မြင်တွေ့လိုက်ရသဖြင့် စိုးရိမ်တကြီးနှင့် ဘေးရှိ ချီယွမ်မန်းကို မေးမြန်းလိုက်သည်။ စီနီယာအစ်မကြီး ယူလန်ရှင်း လဲကျသွားပြီးနောက် လော့ရှာဂိုဏ်း၏ အတွင်းစည်းတပည့် ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော ချီယွမ်မန်းသည် ကျင့်ကြံမှုအဆင့် အမြင့်ဆုံးဖြစ်လာခဲ့သလို လူတိုင်း၏ အားကိုးရာလည်း ဖြစ်လာခဲ့သည်။ သူမသည် လက်သီးများကို အဆက်မပြတ် ထိုးနှက်နေခဲ့ပြီး လက်သီးချက်တိုင်းတွင် သိပ်သည်းလှသော ငွေရောင်လက်သီးအရှိန်အဝါများ ကိန်းအောင်းနေသည်။ ၎င်းသည် တိုးဝင်လာသော ရူးသွပ်နေသည့် ကျင့်ကြံသူများကို သတ်ဖြတ်ပစ်လိုက်သလို အနီးသို့ ချဉ်းကပ်လာသော သွေးမိစ္ဆာယွမ်ဝိညာဉ်များကိုလည်း လွင့်စင်သွားအောင် တိုက်ခိုက်နေတော့သည်။
“ဘုန်း...”
ရုတ်တရက် အပေါ်မှနေ၍ ထိုးဆင်းလာသော သွေးမိစ္ဆာယွမ်ဝိညာဉ်တစ်ခုကို လက်သီးတစ်ချက်ဖြင့် ပြိုကွဲပျက်စီးသွားအောင် တိုက်ခိုက်လိုက်ပြီးနောက်တွင်မှ ချီယွမ်မန်းက ပြန်လည်ဖြေကြားလိုက်သည်။
“စိတ်ကို မလွင့်စေနဲ့... သွေးမိစ္ဆာယွမ်ဝိညာဉ်တွေ အခွင့်ကောင်းယူတာ မခံရစေနဲ့... စီနီယာအစ်မကြီး သတိပြန်ရလာတာနဲ့ ငါတို့အားလုံး ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်မှာပါ...”
စကားပြောနေစဉ်မှာပင် ချီယွမ်မန်းသည် အနောက်ဘက်သို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်မိသည်။ ယူလန်ရှင်းသည် မျက်လုံးအစုံကို တင်းကျပ်စွာ ပိတ်လျက် တင်ပျဉ်ခွေ ထိုင်နေခဲ့ပြီး လက်နှစ်ဖက်ကိုလည်း ပူးကပ်ထားသည်။ မူလက ကျောက်စိမ်းအလား နုညက်လှသော သူမ၏အသားအရေမှာ အလွန်ပင် ဖြူလျော့နေခဲ့ပြီး အရောင်အဝါများလည်း မှိန်ဖျော့နေတော့သည်။ သူမ၏မျက်မှောင်မှာလည်း တင်းကျပ်စွာ တွန့်ချိုးနေခဲ့ပြီး အသက်ရှူသံမှာလည်း အလွန်ပင် ရှုပ်ထွေးနေတော့သည်။
ယခုတင်က သွေးမိစ္ဆာအငွေ့အသက်များမှာ သူတို့၏အနီးနား၌ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သဖြင့် လူအတော်များများမှာ သက်ရောက်မှုများကို ခံခဲ့ကြရပြီး ရူးသွပ်စွာ သတ်ဖြတ်နေကြခြင်း ဖြစ်သည်။ ယူလန်ရှင်းသည် လူတိုင်းကို ခေါ်ဆောင်ကာ မြို့ပြင်သို့ တိုးထွက်ရန် ကြိုးစားခဲ့သော်လည်း အဝေးသို့ မရောက်ခင်မှာတင် လော့ရှာဂိုဏ်းတပည့် အချို့မှာ မည်သည့်သတိပေးချက်မျှ မရှိဘဲ အသိစိတ်များ ပျောက်ကွယ်သွားခဲ့ပြီး ဘေးရှိလူများကို တိုက်ခိုက်လာခဲ့ကြသည်။
ယူလန်ရှင်းသည် ထိုအကြောင်းကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သလို သူမသည် ဂိုဏ်းတူညီအစ်မများအပေါ် ရက်စက်စွာ မတိုက်ခိုက်လိုသဖြင့် ထိုရူးသွပ်နေသူများကို ထိန်းချုပ်ရန် ကြိုးစားနေစဉ်မှာပင် ရုတ်တရက် ပေါ်ထွက်လာသော သွေးမိစ္ဆာယွမ်ဝိညာဉ်များ၏ အခွင့်ကောင်းယူခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။ သွေးမိစ္ဆာယွမ်ဝိညာဉ် နှစ်ခုမှာ သူမ၏ဒဏ်ရာမှတစ်ဆင့်ကိုယ်တွင်းသို့ တိုးဝင်သွားခဲ့သဖြင့် သူမသည် ယခုအချိန်အထိ သတိမေ့မြောနေခြင်း ဖြစ်သည်။
“သွေးမိစ္ဆာယွမ်ဝိညာဉ်တွေကိုယ်တွင်းကို ဝင်သွားရင် လူရဲ့ သွေးစွမ်းအင်နဲ့ စိတ်ဓာတ်တွေကို ဝါးမြိုပစ်မှာလေ... စီနီယာအစ်မကြီးက ဒဏ်ရာရထားကာစဆိုတော့ တောင့်ခံနိုင်ပါ့မလား...”
လော့ရှာဂိုဏ်းတပည့် မိန်းကလေးတစ်ဦးက စိုးရိမ်တကြီး ဆိုလိုက်သည်။ ချီယွမ်မန်းက နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်လျက် ဆိုလိုက်၏။
“ဒီလိုမျိုး စိတ်ဓာတ်ကျမယ့် စကားတွေ မပြောပါနဲ့... စီနီယာအစ်မကြီးက ဓားဆန္ဒအစပျိုးအဆင့်ရှိတဲ့ ဓားသမားတစ်ယောက်ပဲလေ... စိတ်ဓာတ်က ထက်မြက်ပြီးသားဆိုတော့ ဝါးမြိုတာကို အလွယ်တကူ ခံရမှာ မဟုတ်ဘူး... သွေးမိစ္ဆာယွမ်ဝိညာဉ်တွေကို သူ့ရဲ့ကိုယ်တွင်းမှာတင် သေချာပေါက် ချေမှုန်းနိုင်မှာပါ...”
ချီယွမ်မန်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်သော်လည်း သူမ၏လေသံမှာ အလွန်ပင် ခက်ခဲနေတော့သည်။ သူမသည် ယူလန်ရှင်းအပေါ် ယုံကြည်မှု မရှိခြင်း မဟုတ်ပေ၊ သို့သော်လည်း အခြေအနေက အချိန်မပေးသည်မှာ သေချာလှသလို ကာကွယ်ရေးစည်းမှာလည်း အချိန်မရွေး ပြိုပျက်သွားနိုင်သည့် အနေအထား ဖြစ်နေတော့သည်။ အကယ်၍ အခြားဘက်မှ တားဆီးနိုင်စွမ်း မရှိတော့ပါက သူမတို့အဖွဲ့၏အစွမ်းနှင့် ဘေးကင်းကင်း ထွက်ခွာနိုင်ရန် ခက်ခဲလှပေ၏။ မိမိကိုယ်ကို ကာကွယ်နိုင်ရန်ပင် ခက်ခဲနေသဖြင့် ယူလန်ရှင်းနှင့် သတိမေ့မြောနေသော အခြား ဂျူနီယာများကို ကာကွယ်ပေးနိုင်ရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။
ချီယွမ်မန်းသည် သက်ပြင်းတစ်ချက်ကို အားပါးတရ ရှူလိုက်ပြီး အသံကုန် အော်ဟစ်လိုက်၏။
“ညီမလေးတို့... ထပ်ပြီးတော့ တောင့်ခံထားကြစို့... စီနီယာအစ်မကြီး သေချာပေါက် နိုးလာမှာပါ... အဲဒီအခါကျရင် ငါတို့အားလုံးကို ခေါ်ပြီး ဒီနေရာကနေ ထွက်သွားနိုင်မှာပဲ...”
“ဟုတ်ကဲ့ပါ...”
လူတိုင်းသည် သူတို့၏သိုင်းဝိညာဉ်များကို ထုတ်ဖော်လိုက်ကြပြီး အစွမ်းကုန် တိုက်ခိုက်ကြတော့သည်။ ကျင်းယွီရှီးနှင့် ကျင့်ကြံမှုအဆင့် အားနည်းသော တပည့်အချို့မှာမူ အနောက်ဘက်တွင် နေထိုင်လျက် ယူလန်ရှင်းတို့အဖွဲ့ကို ကာကွယ်ပေးရန် တာဝန်ယူထားကြသည်။ ရူးသွပ်နေသော သားရဲများအလား ဖြစ်နေသည့် လူအုပ်ကြီးနှင့် ဟင်းလင်းပြင်၌ ပျံသန်းနေသော သွေးမိစ္ဆာယွမ်ဝိညာဉ်များကို ကြည့်ကာ ကျင်းယွီရှီးကိုင်ဆောင်ထားသော ဓားမှာလည်း အနည်းငယ် တုန်ခါနေတော့သည်။
ယခုတင်က သူမသည် ဂိုဏ်းတူ ဂျူနီယာတစ်ဦး သွေးမိစ္ဆာယွမ်ဝိညာဉ်၏ ဝင်ရောက်ခြင်းကို ခံလိုက်ရပြီးကိုယ်တွင်းအင်္ဂါ ခုနစ်သွယ်မှ သွေးများ ယိုစီးလာကာ အသားအရေများမှာ တစ်ခဏအတွင်း လူရေခွံတစ်ခုအလား အလောင်းခြောက်ဖြစ်သွားသည်ကိုကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သူမသည် ရက်စက်လှစွာဖြင့် ပိုးစိုးပက်စက် သေဆုံးသွားခဲ့ရသည်။ ထိုမြင်ကွင်းမှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှပေသည်။ အရင်က လော့ချန်နှင့်အတူ ကျိလော့ဂိုဏ်းမှ နတ်ဆိုးမ မူချင်းလျန်၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရစဉ်ကပင် သူမသည် ဤမျှအထိ ထိတ်လန့်ခဲ့ခြင်း မရှိပေ။
ကျင်းယွီရှီး တစ်ယောက်တည်း တွေးတောနေစဉ်မှာပင် ရူးသွပ်လှသည့် အော်ဟစ်သံများမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သွေးမိစ္ဆာအငွေ့အသက်များ၏ သက်ရောက်မှုကြောင့် ဖြစ်စေ သို့မဟုတ် တိုက်ပွဲမြေပြင်ရှိ ပြင်းထန်လှသော သွေးညှီနံ့များကြောင့် ဖြစ်စေ ရူးသွပ်နေသော ကျင့်ကြံသူများသည် ပိုမို၍ ရက်စက်လာကြပြီး သားရဲများအလား အော်ဟစ်လျက် ရူးသွပ်စွာ တိုက်ခိုက်လာကြတော့သည်။
“ဝုန်း...”
ပြင်းထန်လှသော တိုက်ခိုက်မှုအောက်တွင် နောက်ဆုံး၌ ကာကွယ်ရေးစည်းမှာ အပေါက်တစ်ခု ဖြစ်ပေါ်သွားခဲ့ပြီး ရူးသွပ်နေသော ကျင့်ကြံသူများမှာ တစ်ဦးပြီးတစ်ဦး တိုးဝင်လာခဲ့ကြကာ တွေ့သမျှလူကို သတ်ဖြတ်ကြတော့သည်။
“အား... သူတို့ တိုးဝင်လာကြပြီ...”
“တားလို့ မရတော့ဘူး... မြန်မြန် ပြေးကြစို့...”
“မြန်မြန် ပြေး...”
ကာကွယ်ရေးစည်း၌ အပေါက်တစ်ခု ဖြစ်ပေါ်သွားသည်နှင့်အတူ လူတို့၏စိတ်ဓာတ်မှာလည်း ပြိုလဲသွားခဲ့ပြီး အချို့မှာ အသက်လုကာ ထွက်ပြေးရန် ပြင်ကြတော့သည်။ သူတို့အတွက်တော့ ယခုအချိန်တွင် ထွက်ပြေးနိုင်မှသာ အသက်ရှင်ရန် မျှော်လင့်ချက် ရှိတော့မည်ဖြစ်၏။ မဟုတ်ပါက ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရလျှင် ထွက်ခွာရန် ပို၍ပင် ခက်ခဲသွားမည်မဟုတ်ပါလော။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကာကွယ်ရေးစည်း တစ်ခုလုံးမှာ ပြိုလဲသွားခဲ့ပြီး အကြီးအကျယ် ပရမ်းပတာ ဖြစ်ကုန်တော့သည်။ အချို့မှာ ဝိုင်းရံသတ်ဖြတ်ခြင်းကို ခံလိုက်ရသလို အချို့မှာလည်း သွေးမိစ္ဆာယွမ်ဝိညာဉ်၏ ဝင်ရောက်ခြင်းကို ခံလိုက်ရကာ သွေးအနှစ်သာရများ ကုန်ခမ်းသွားကြရသည်။ တိုက်ပွဲမြေပြင် တစ်ခုလုံးတွင် နာကျင်စွာ အော်ဟစ်သံများမှာ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်နေတော့သည်။
“စီနီယာအစ်မယွဲ့... ဘယ်လိုလုပ်ကြမလဲ...”
ဤအခြေအနေကို မြင်လိုက်ရသည့်အခါ လော့ရှာဂိုဏ်းတပည့်များမှာလည်း ထိတ်လန့်သွားကြပြီး မျက်နှာများမှာ ဖြူလျော့နေကြတော့သည်။ ချီယွမ်မန်းက စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဆိုလိုက်၏။
“ငါ လမ်းဖောက်ပေးမယ်... မင်းတို့က စီနီယာအစ်မကြီးကို ခေါ်ပြီးတော့ အနောက်ကနေ လိုက်ခဲ့ကြ... ညီမလေးတို့... အစွမ်းကုန် တိုက်ခိုက်ကြစို့...”
ချီယွမ်မန်း၏လေသံမှာ အနည်းငယ် ပြတ်သားလှပေသည်။ ယခုအခါ ရှေ့ဘက်တွင်လည်း ရန်သူများ ရှိနေသလို အနောက်ဘက်တွင်လည်း ရန်သူများ ဝိုင်းရံထားကြသည်။ ၎င်းအပြင် ဘယ်ကနေ ထွက်လာမှန်းမသိသော သွေးမိစ္ဆာယွမ်ဝိညာဉ်များကိုလည်း ကာကွယ်နေရသေးသည်ဖြစ်ရာ သူမတို့ တကယ်ပဲ ထွက်သွားနိုင်ပါ့မည်လော။ လူမည်မျှလောက် လွတ်မြောက်နိုင်မည်နည်းဆိုသည်မှာ သူမကိုယ်တိုင်ပင် မသိနိုင်တော့ပေ။
သို့သော်လည်း ယခုအခြေအနေက သူမအတွက် အချိန်မရှိတော့ပေ။ ရူးသွပ်နေသော ကျင့်ကြံသူများမှာ အရပ်မျက်နှာအနှံ့မှ ဝိုင်းရံလာကြပြီဖြစ်သလို ယူလန်ရှင်းဆီမှ ထွက်ပေါ်နေသော သွေးနံ့များကြောင့်လည်း သွေးမိစ္ဆာယွမ်ဝိညာဉ်များသည်လည်း သွေးရောင်လေဆင်နှာမောင်းများအဖြစ် ပြောင်းလဲကာ တိုးဝင်လာကြပြီး သူမတို့ကို လုံးဝ ဝိုင်းရံထားကြပြီ ဖြစ်သည်။ ယခုအချိန်တွင် မထွက်သွားနိုင်ပါက တစ်ယောက်မှ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။
လူတိုင်းမှာ မျှော်လင့်ချက်ကင်းမဲ့နေကြစဉ်မှာပင် ရုတ်တရက် ကောင်းကင်ယံမှ ဓားမြည်သံတစ်ခု ထွက်ပေါ်လာတော့သည်။
“ဝီး...”
တံခါးချပ်တစ်ခုအလား ကြီးမားလှသော အေးစက်လှသည့် ဓားအရှိန်အဝါတစ်ခုမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ချီယွမ်မန်းတို့၏အပေါ်မှနေ၍ မီတာရာကျော်အထိ တိုက်ရိုက် ပိုင်းဖြတ်လိုက်တော့သည်။ ထို ဓားအရှိန်အဝါ ဖြတ်သန်းသွားသော နေရာရှိ အရာအားလုံးမှာ အပိုင်းပိုင်း ပြိုကွဲသွားခဲ့ရသလို သွေးမိစ္ဆာအငွေ့အသက်များပင်လျှင် တိုက်ရိုက် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသဖြင့် နှစ်မီတာခန့် ကျယ်ပြန့်ပြီး မီတာရာကျော် ရှည်လျားလှသော ကြီးမားလှသည့် ဓားရာကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
“ဟယ်...”
ဤဓားတစ်ချက်က လူတိုင်းကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။ လူတိုင်းမှာ ဓားအရှိန်အဝါ ထွက်ပေါ်လာရာဘက်သို့ လှမ်းကြည့်လိုက်ကြရာ တစ်စုံတစ်ယောက်က အံ့ဩတကြီး အော်ဟစ်လိုက်၏။
“ရွှမ်ယွမ်ဂိုဏ်းတပည့် လော့ချန်ပဲ...”
“လော့ချန်...”
အရှိန်အဟုန်ဖြင့် ပျံသန်းလာသော ထိုပုံရိပ်ကို ကြည့်ကာ ကျင်းယွီရှီးသည် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ပြီး လှပလှသော မျက်နှာလေးမှာလည်း ရဲတက်နေတော့သည်။
“ဝှစ်...”
ကာကွယ်ရေးစည်း ပြိုလဲသွားသည့် အချိန်မှာပင် လော့ချန် တိုက်ပွဲမြေပြင်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အခြေအနေမှာ စိုးရိမ်စရာကောင်းသည်ကို မြင်လိုက်ရသည့်အတွက် သူသည် ချက်ချင်းပင် ကူညီပေးလိုက်ခြင်း ဖြစ်သည်။ ဓားတစ်ချက် ပိုင်းဖြတ်လိုက်ပြီးနောက် လော့ချန်သည် တိုက်ပွဲမြေပြင်ကို အကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤမျှအရှိန်အဟုန်ဖြင့် ပရမ်းပတာ ဖြစ်နေသည့် အခြေအနေတွင် သူသည် အစွမ်းကုန် တိုက်ခိုက်ရန် ခက်ခဲလှပေသည်။ ထို့ကြောင့် သူက အသံကုန် အော်ဟစ်လိုက်၏။
“စိတ်ကို မလွင့်စေနဲ့... အခုကစပြီး ဘယ်သူပဲဖြစ်ဖြစ် ထွက်ပြေးဖို့ ကြိုးစားရင် ငါကိုယ်တိုင် သတ်ပစ်မယ်...”
ဓားဆန္ဒ ကိန်းအောင်းနေသော ထိုအသံမှာ လူတိုင်း၏နားထဲသို့ အထင်အရှား စီးဝင်သွားခဲ့ပြီး မိုးခြိမ်းသံအလား တုန်ခါသွားစေတော့သည်။
“အားလုံးပဲ မထိတ်လန့်ကြနဲ့... စိတ်ဓာတ်ကို စုစည်းပြီးတော့ ဒီနတ်ဆိုးတွေကို အတူတူ သတ်ကြရအောင်...”
“လော့ချန်က ဓားဆန္ဒအစပျိုးအဆင့်ရှိတဲ့ ဓားသမားတစ်ယောက်ပဲလေ၊ ယွမ်ထျန်ယန်ကိုတောင် အနိုင်ယူခဲ့တဲ့ ပါရမီရှင်ပဲ... သူ ရှိနေမှတော့ ငါတို့ ဒီဒုက္ခကနေ သေချာပေါက် လွတ်မြောက်နိုင်မှာပါ...”
“ဟားဟား... အသက်ရှင်ဖို့ လမ်းရှိသွားပြီ...”
လော့ချန်၏စကားတစ်ခွန်းကတင် လူတိုင်းကို ခြိမ်းခြောက်လိုက်နိုင်ပြီ ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူတို့အားလုံးမှာ သေရမည်ကို ကြောက်ရွံ့နေကြသဖြင့် အသိစိတ်များ ပျောက်ကွယ်နေကြခြင်း ဖြစ်သည်။ ယခုအခါ လော့ချန် ပေါ်ထွက်လာခဲ့ပြီး အသက်ရှင်ရန် အခွင့်အရေး ရှိလာပြီဖြစ်ရာ မည်သူက ထွက်ပြေးချင်ပါမည်နည်း။ ချက်ချင်းပင် လူတိုင်းသည် ကာကွယ်ရေးစည်းကို ပြန်လည် တည်ဆောက်လိုက်ကြပြီး ရူးသွပ်နေသော ကျင့်ကြံသူများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များ၏ သတ်ဖြတ်မှုများကို ပြန်လည် ခုခံကြတော့သည်။
ဤမြင်ကွင်းကို ကြည့်ကာ ချီယွမ်မန်းသည် မှင်တက်မိနေခဲ့ရသည်။ သူမသည် လော့ချန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က အခြေအနေကို သတိရသွားခြင်း ဖြစ်သည်။ ထိုစဉ်က သူမသည် လော့ရှာဂိုဏ်း၏အတွင်းစည်းတပည့် ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး လော့ချန်မှာမူ သူမ မျက်စိထဲပင် မထည့်ခဲ့သော သွေးကြောနိုးကြားမှု အဆင့် ၆ ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်မဟုတ်ပါလော။ သူမသည် လော့ချန်ကို ကျင်းယွီရှီးအား ဖမ်းဆီးထားသော သူခိုးလေးတစ်ယောက်ဟုပင် ယူဆခဲ့သေးသည်။ ယခုအခါတွင်မူ လော့ချန်သည် စကားတစ်ခွန်းတည်းဖြင့်ပင် တစ်တိုက်ပွဲလုံးကို ခြိမ်းခြောက်လိုက်နိုင်ပြီ ဖြစ်သည်။
အခန်း ၇၀၉ ပြီးပါပြီ။
အခန်း ၇၁၀ - ဆယ်ဆခန့် တိုးတက်လာခြင်းနှင့် ယူလန်ရှင်း၏ ကျေးဇူးတင်မှု
လော့ချန်၏ အေးစက်လှသော ဟိန်းဟောက်သံမှာ တစ်တိုက်ပွဲလုံးကို ခြိမ်းခြောက်လိုက်နိုင်ပြီ ဖြစ်သည်။ ထို့အတူ ပတ်ဝန်းကျင်ရှိ ရူးသွပ်နေသော ကျင့်ကြံသူများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များကိုလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတော့သည်။ အနီးနားရှိ ရူးသွပ်နေသော ကျင့်ကြံသူများသည် သူတို့၏အကြည့်များကို တစ်ပြိုင်နက်တည်း လွှဲလိုက်ကြရာ သွေးရောင်လွှမ်းနေသော အကြည့်များမှာ ဟင်းလင်းပြင်၌ သွေးရောင်လမ်းကြောင်းများ ထင်ကျန်ရစ်ခဲ့ပြီး သားကောင်ကို ပစ်မှတ်ထားနေသော သားရဲများအလား လော့ချန်ထံသို့ စိုက်ကြည့်လိုက်ကြတော့သည်။
“သတ်စမ်း...”
သားရဲများအလား အော်ဟစ်သံများမှာ ဟိန်းထွက်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ရှိ ရက်စက်လှသော အငွေ့အသက်များကို ပိုမို ထူထပ်လာစေတော့သည်။ ရူးသွပ်နေသော ကျင့်ကြံသူ ဆယ်ယောက်ကျော်မှာ သူတို့၏ကိုယ်ပေါ်မှ အရှိန်အဝါများကို ပေါက်ကွဲစေလျက် တစ်ဟုန်ထိုး တိုးဝင်လာကြသည်။ သူတို့၏အရှိန်အဝါမှာ တကယ့်ကို ပြတ်သားလှပြီး နောက်ဆုတ်မည့် အရိပ်အယောင် မြူတစ်မှုံစာမျှ မရှိပေ။
“ပိုင်းဖြတ်စမ်း...”
လော့ချန်သည် တည်ငြိမ်စွာ ကြည့်နေခဲ့ပြီး လက်ကောက်ဝတ်ကို လှည့်လိုက်ကာ နတ်ဆိုးမုန်တိုင်းကို ထုတ်ဖော်လိုက်တော့သည်။
“ဖူး... ဖူး... ဖူး...”
လေဆင်နှာမောင်းဓားစွမ်းအားမှာ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပြီး ကြီးမားလှသော ကြိတ်ဆုံတစ်ခုအလား ဟင်းလင်းပြင်၌ ပတ်ချာလည် ပျံသန်းလျက် အရာအားလုံးကို ဝါးမြိုလိုက်တော့သည်။ ၎င်း ဖြတ်သန်းသွားသော နေရာရှိ ရူးသွပ်နေသော ကျင့်ကြံသူများ၏ခန္ဓာကိုယ်များမှာ တစ်ခဏအတွင်း အပိုင်းပိုင်း ပြိုကွဲသွားကြရပြီး သွေးသားများလည်း လွင့်စင်နေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရူးသွပ်နေသော ကျင့်ကြံသူ နှစ်ဆယ်၊ သုံးဆယ်ခန့်မှာ သတ်ဖြတ်ခြင်း ခံလိုက်ရပြီး ပြိုကွဲသွားသော သွေးသားများမှာ ဟင်းလင်းပြင်၌ စူးရှလှသော သွေးရောင်လမ်းကြောင်းကြီးတစ်ခုအဖြစ် ပေါ်ထွက်နေတော့သည်။
“တကယ့်ကို သန်မာတာပဲ... ဓားတစ်ချက်တည်းနဲ့ ဒီလောက်တောင် များတဲ့လူတွေကို သတ်နိုင်တာလား... ပြန်တောင် မတိုက်နိုင်ကြဘူးပဲ...”
“ကြည့်ရတာ သူ ဓားလေးချက်တည်းနဲ့ ယွမ်ထျန်ယန်ကို သတ်နိုင်ခဲ့တာက ကံကောင်းလို့ မဟုတ်ဘူးပဲ...”
ရောက်ရှိနေသူအားလုံးမှာ အကြီးအကျယ် ထိတ်လန့်သွားကြရသည်။ ဤရူးသွပ်နေသော ကျင့်ကြံသူများထဲတွင် ပါရမီရှင်များစွာ ပါဝင်နေသလို သွေးကြောနိုးကြားမှုနယ်ပယ်၏ ထိပ်သီးသန်မာသူများပင် ပါဝင်နေသည်မဟုတ်ပါလော။ သူတို့သည် လော့ချန်က ဓားလေးချက်တည်းဖြင့် ယွမ်ထျန်ယန်ကို သတ်ဖြတ်လိုက်သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသော်လည်း အရာအားလုံးမှာ လျင်မြန်လွန်းလှသလို ထူးဆန်းလွန်းလှသဖြင့် လူအတော်များများမှာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြပေ။ အချို့မှာမူ ထိုတိုက်ပွဲ၌ ကံကောင်းမှုများ ပါဝင်နေလိမ့်မည် သို့မဟုတ် အခြားသော လျှို့ဝှက်ချက်များ ရှိနေလိမ့်မည်ဟု ယူဆထားခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါတွင်မူ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုသို့ မတွေးရဲတော့ပေ။ လော့ချန်၏အစွမ်းမှာ သူတို့ ထင်ထားသည်ထက် များစွာ ပိုမို သန်မာလှပေသည်။ မျှော်လင့်ချက်များကို ကျော်လွန်လောက်အောင် သန်မာလှပေသည်။ မည်သည့် သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူမဆို သူ၏တိုက်ကွက်တစ်ခုကိုပင် တောင့်ခံနိုင်စွမ်း မရှိသကဲ့သို့ ဖြစ်နေတော့သည်။
လော့ချန်သည် ရူးသွပ်နေသော ကျင့်ကြံသူများကို တစ်ဦးပြီးတစ်ဦး သတ်ဖြတ်နေစဉ်မှာပင် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကိုပါ တစ်ပြိုင်တည်း နှိုးဆွထားလိုက်ကာ ကျင့်ကြံနေတော့သည်။ သူ၏ဘယ်ဘက်လက်ဖဝါးမှ သွေးရောင်အလင်းတန်းများ ဆူပွက်လာခဲ့ပြီး လက်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်လိုက်သည်နှင့်အမျှ ဒြပ်မဲ့လှသော ဆွဲငင်အားတစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ လတ်ဆတ်သော သွေးသားများအတွင်းမှ သွေးအနှစ်သာရ အငွေ့အသက်များမှာ လှိုင်းတံပိုးများအလား စီးဝင်လာတော့သည်။ ပြင်းထန်လှသော သွေးစွမ်းအင်များမှာကိုယ်တွင်းသို့ စီးဝင်လာခဲ့ပြီး သွေးစွမ်းအင်ဝဲကတော့ကို အဆက်မပြတ် သန်မာလာစေသလို သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်၏ အစွမ်းကိုလည်း ပိုမို အားကောင်းလာစေတော့သည်။ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်၏ အဝေးမှနေ၍ ထုတ်ယူနိုင်သော အကွာအဝေးမှာ အစပိုင်းတွင် လက်မအနည်းငယ်သာ ရှိသော်လည်း အဆက်မပြတ် မြင့်တက်လာခဲ့ပြီး မကြာမီမှာပင် တစ်ပေကျော်အထိ ရောက်ရှိသွားတော့သည်။
“ဝူး... ဝူး... ဝူး...”
ဤမျှအထိ ပြင်းထန်လှသော သွေးညှီနံ့များကြောင့် ပတ်ဝန်းကျင်ရှိ သွေးမိစ္ဆာယွမ်ဝိညာဉ်များကိုလည်း ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ သွေးမိစ္ဆာယွမ်ဝိညာဉ် ဆယ်ခုကျော်မှာ အုပ်စုလိုက် ရောက်ရှိလာကြပြီး အက်ကွဲလှသော အော်ဟစ်သံများကို ထုတ်လွှတ်နေကြသည်။ သူတို့သည် တွန့်လိမ်သွားကြပြီး သွေးရောင်လေဆင်နှာမောင်းများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့မှ လော့ချန်ထံသို့ တိုးဝင်လာကြတော့သည်။ ချက်ချင်းပင် ကောင်းကင်ယံတစ်ခုလုံး၌ အေးစက်လှသော လေပြင်းများ တိုက်ခတ်လာခဲ့ပြီး လေထုအတွင်း၌လည်း ပြင်းထန်လှသော သွေးညှီနံ့များ ပြည့်နှက်နေသဖြင့် ငရဲဘုံတစ်ခုအလား ဖြစ်နေကာ လူတို့၏စိတ်အာရုံကို ဒြပ်မဲ့လှသော ဖိအားများ ပေးနေတော့သည်။
“လာစမ်း... မင်းတို့ကို စမ်းသပ်ကြည့်ဖို့ အတော်ပဲ...”
လော့ချန်၏အကြည့်အတွင်း၌ စိတ်လှုပ်ရှားမှုများ ပေါ်ထွက်နေတော့သည်။ အခြားလူများ၏မျက်လုံးထဲတွင် ဤသွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ အလွန်ပင် အန္တရာယ်များလှသော ယုတ်မာသည့် အရာများ ဖြစ်နေကြသော်လည်း သူ၏မျက်လုံးထဲတွင်မူ အစွမ်းထက်လှသော ဝိညာဉ်ဆေးများသာ ဖြစ်ကြသည်။
“ဝါးမြိုစမ်း...”
လက်ငါးချောင်းကို ဖြန့်လိုက်ရာ ပြင်းထန်လှသော သွေးရောင်အလင်းတန်းများမှာ ဆူပွက်လာတော့သည်။ တိုးဝင်လာသော သွေးမိစ္ဆာယွမ်ဝိညာဉ်များ၏ ကိုယ်ထည်မှာ တစ်ခဏအတွင်း အရှိန်အဟုန်ဖြင့် လည်ပတ်သွားကြရပြီး တွန့်လိမ်ပြိုကွဲကုန်ကြကာ သွေးရောင်အရှိန်အဝါများအဖြစ် ပြောင်းလဲသွားလျက် လော့ချန်၏လက်ဖဝါးအတွင်းသို့ ထုတ်ယူ ဝါးမြိုခြင်း ခံလိုက်ကြရတော့သည်။
“တကယ်ကို သန်မာတဲ့ သွေးအနှစ်သာရတွေပဲ...”
သွေးမိစ္ဆာယွမ်ဝိညာဉ် တစ်ခုချင်းစီ၌ ကိန်းအောင်းနေသော သွေးအနှစ်သာရ အငွေ့အသက်များမှာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများထက် များစွာ သာလွန်လှပေသည်။ တစ်ခဏအတွင်းမှာပင် လော့ချန်သည်ကိုယ်တွင်းသို့ စီးဝင်လာသော သွေးအနှစ်သာရ အငွေ့အသက်များမှာ လှိုင်းတံပိုးများအလား ပြင်းထန်နေသည်ကို ခံစားလိုက်ရသည်။ ဒန်ထျန်အတွင်းရှိ သွေးစွမ်းအင်ဝဲကတော့မှာလည်း အဆက်မပြတ် သန့်စင်ပြီး ကြီးထွားလာနေတော့သည်။
သွေးမိစ္ဆာယွမ်ဝိညာဉ် တစ်ခုကို ဝါးမြိုလိုက်တိုင်း သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်၏ အစွမ်းမှာလည်း အဆင့်ဆင့် မြင့်တက်လာတော့သည်။ လော့ချန်သည် သွေးမိစ္ဆာယွမ်ဝိညာဉ် ဆယ်ခုကျော်စလုံးကို ဝါးမြိုပြီးသည့်အခါ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်၏ အဝေးမှနေ၍ ထုတ်ယူနိုင်သော အကွာအဝေးမှာ တစ်ပေခန့်မှ သုံးမီတာခန့်အထိ တိုးတက်လာခဲ့ပြီ ဖြစ်ရာ ဆယ်ဆခန့်အထိ မြင့်တက်လာခြင်း ဖြစ်သည်။ သူ တစ်ချက် အသုံးပြုလိုက်သည်နှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ သူ၏အနီးသို့ လုံးဝ မကပ်နိုင်တော့ပေ။
ထို့အပြင် လော့ချန်သည် သူ၏ကျင့်ကြံမှုအဆင့်မှာလည်း သွေးကြောနိုးကြားမှု အဆင့် ၉ အထွတ်အထိပ်၏ ပိတ်ဆို့အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေသည်ကို ခံစားလိုက်ရသည်။
“ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သွေးမိစ္ဆာယွမ်ဝိညာဉ် ဆယ်ဂဏန်းလောက် ထပ်ပြီး ဝါးမြိုလိုက်တာနဲ့ ငါ သွေးကြောနိုးကြားမှု အဆင့် ၉ အထွတ်အထိပ်ကို တက်လှမ်းနိုင်တော့မှာပဲ...”
လော့ချန်သည် မနေနိုင်ဘဲ စိတ်လှုပ်ရှားလာရသည်။ ယခု ယွမ်ချွမ်မြို့ တစ်ခုလုံးတွင် ရှိနေသော သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ ဆယ်ဂဏန်းလောက်သာ မကဘဲ ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ပင် ရှိနေနိုင်သည်မဟုတ်ပါလော။ အကယ်၍သာ ဤသွေးမိစ္ဆာယွမ်ဝိညာဉ် အားလုံးကို ဝါးမြိုနိုင်မည်ဆိုလျှင် စတုတ္ထနယ်ပယ်သို့ မတက်လှမ်းနိုင်လျှင်ပင် ထိုအဆင့်သို့ ရောက်ရန် အဝေးကြီး လိုတော့မည် မဟုတ်ပေ။
“ဝှစ်...”
လော့ချန်သည် လမ်းဖောက်လိုက်ပြီးနောက် ခန္ဓာကိုယ်ကို နှိမ့်ချကာ လော့ရှာဂိုဏ်းတပည့်များကြားသို့ ဆင်းသက်လိုက်တော့သည်။
“လော့ချန်...”
လော့ချန်ကို မြင်လိုက်ရသည့်အခါ ကျင်းယွီရှီးသည် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ငိုချင်စိတ်များကိုလည်း အတင်းအကျပ် ထိန်းထားရတော့သည်။ သူမ၏ပုံစံမှာ တကယ့်ကို သနားစရာ ကောင်းလှပေသည်။ အခြား လော့ရှာဂိုဏ်းတပည့် အမျိုးသမီး အများအပြားမှာလည်း မျက်ရည်များ ဝဲနေကြသည်။ လော့ချန် ပေါ်ထွက်လာခြင်းမှာ သူတို့အတွက်တော့ ဒုက္ခရောက်နေချိန်တွင် အကူအညီ ရလိုက်သကဲ့သို့ပင် ဖြစ်သည်။ မဟုတ်ပါက သူတို့ထဲမှ လူဘယ်နှစ်ယောက်လောက် ဤနေရာ၌ သေဆုံးသွားရမည်နည်း။ သွေးမိစ္ဆာယွမ်ဝိညာဉ်၏ ဝါးမြိုခြင်းကို ခံရမည်ဆိုလျှင် လူလည်း မဟုတ် နတ်ဆိုးလည်း မဟုတ်သည့် အခြေအနေမျိုးသို့ ရောက်ရှိသွားမည်မှာ သေချာလှပေသည်။
“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... စီနီယာလော့ချန်...”
ချီယွမ်မန်းသည် အရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီး ခဏမျှ တွေဝေသွားပြီးနောက်တွင်မှ စီနီယာဟု ခေါ်ဝေါ်လိုက်တော့သည်။ လော့ချန်၏ ကျေးဇူးတရားကြောင့် ဖြစ်စေ သို့မဟုတ် သူ၏အစွမ်းကြောင့် ဖြစ်စေ ယခုအခါတွင်မူ စီနီယာဟု ခေါ်ဝေါ်ရန် ထိုက်တန်လှပေသည်။
“ကျေးဇူးတင်ပါတယ် စီနီယာ...”
“စီနီယာ့ရဲ့ ဒီနေ့ကယ်တင်တဲ့ ကျေးဇူးကို ကျွန်မတို့တွေ ဘယ်လိုမှ ပြန်ဆပ်လို့ ကျေနိုင်မှာ မဟုတ်ပါဘူး...”
အခြား လော့ရှာဂိုဏ်းတပည့်များမှာလည်း ကျေးဇူးတင်စကားများ ဆိုလိုက်ကြသည်။
“ဘာမှ မဟုတ်ပါဘူး...”
လော့ချန်က ခေါင်းခါပြလိုက်သည်။ ကျင်းထျန်တူ၏ မှာကြားချက် ရှိနေသည်ကို အပထား၊ မရှိလျှင်ပင် သူသည် ဘေးကနေ ထိုင်ကြည့်နေလိမ့်မည် မဟုတ်ပေ။ ဘေးတွင် ရှိနေသော ယူလန်ရှင်းကို သတိထားမိလိုက်သည့်အတွက် လော့ချန်က မေးမြန်းလိုက်၏။
“ဒါ ဘာဖြစ်တာလဲ... ဒီမှာ သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့သူ မရှိသင့်ဘူးလေ...”
“စီနီယာအစ်မကြီးက ဂျူနီယာလေးတွေကို ကာကွယ်ပေးရင်းနဲ့...”
အမျိုးသမီးတပည့်တစ်စုမှာ တတွတ်တွတ်နှင့် ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြောပြလိုက်ကြသည်။
“အဲဒီလိုကိုး...”
လော့ချန်က ခေါင်းညိတ်လိုက်ပြီး သတိမေ့မြောနေသော ယူလန်ရှင်းနှင့် အခြား လော့ရှာဂိုဏ်းတပည့်များကို တစ်ချက် ကြည့်ကာ ဆိုလိုက်၏။
“ငါ သူတို့ကို ကူညီပေးနိုင်ပါတယ်...”
“မင်းက စီနီယာအစ်မကြီးတို့ကို ကယ်နိုင်တာလား...”
အခြား လော့ရှာဂိုဏ်းတပည့်များမှာ မျက်ဝန်းများ ဝင်းလက်သွားကြသည်။
“အဲဒီ သွေးမိစ္ဆာယွမ်ဝိညာဉ်တွေက မင်းရဲ့အနီးကို မကပ်နိုင်တာလား...”
ချီယွမ်မန်းသည် အမြင်စူးရှသူဖြစ်ရာ ယခုတင်က လော့ချန်နှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များ၏ တိုက်ပွဲကို ကြည့်ကာ ထူးခြားမှုကို သတိပြုမိသွားခြင်း ဖြစ်သည်။
“အင်း... ဒါက ငါ အမှတ်မထင် ရခဲ့တဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုပါ၊ သွေးမိစ္ဆာယွမ်ဝိညာဉ်တွေကို နှိမ်နင်းနိုင်စွမ်း ရှိတာမို့ ဒီနေ့တော့ အသုံးဝင်သွားတာပေါ့...”
လော့ချန်သည် ဖုံးကွယ်ထားခြင်း မရှိဘဲ ခေါင်းညိတ် ဝန်ခံလိုက်သည်။ ဤသို့ဖြစ်မှသာ နောင်တွင် သူ သိုင်းဝိညာဉ်များကို ဝါးမြိုသည့်အခါ တစ်ပါးသူ၏သံသယကို မခံရမှာ ဖြစ်သည်မဟုတ်ပါလော။ စကားပြောနေစဉ်မှာပင် လော့ချန်သည် ယူလန်ရှင်းတို့၏အရှေ့သို့ ရောက်ရှိလာခဲ့ပြီး ယခင်က လူကယ်ခဲ့သည့် အတွေ့အကြုံအတိုင်း သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို တိုက်ရိုက် လည်ပတ်စေလျက် ထိုသူတို့၏ ကိုယ်တွင်းရှိ သွေးမိစ္ဆာအငွေ့အသက်များကို သန့်စင်ပေးလိုက်တော့သည်။ မကြာမီမှာပင် သတိမေ့မြောနေသော လော့ရှာဂိုဏ်းတပည့် အမျိုးသမီးအချို့မှာ တစ်ဦးပြီးတစ်ဦး သတိပြန်ဝင်လာကြတော့သည်။
ဒဏ်ရာ အပြင်းထန်ဆုံးဖြစ်သော ယူလန်ရှင်းသည် နောက်ဆုံးမှ နိုးလာခဲ့ပြီး ဖြစ်ပျက်ခဲ့သမျှကို သိရှိသွားသည့်အခါ ချက်ချင်းပင် လော့ချန်ကို ကြည့်ကာ ဆိုလိုက်၏။
“လော့ချန်... ဒီတစ်ခါတော့ တကယ်ပဲ ကျေးဇူးတင်ပါတယ်... မင်း ငါတို့ရဲ့အသက်ကိုကယ်ခဲ့တာဆိုတော့ ဒီကိစ္စကို ငါ ဂိုဏ်းကို သတင်းပို့ပေးပါ့မယ်... နောင်မှာ မင်း ဘာအခက်အခဲပဲ ကြုံရကြုံရ ငါတို့ ညီအစ်မတွေကတော့ အသက်နဲ့လဲပြီးတော့ ကူညီပေးဖို့ အဆင်သင့်ပါပဲ...”
ဤစကားကို ကြားလိုက်ရသည့်အခါ လော့ချန်သည် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်မိသည်။
‘အသက်နဲ့လဲပြီး ကူညီတာကို ထားပါဦး၊ မင်းတို့ရဲ့အစွမ်းနဲ့က ငါ့ကို ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူး... အဲဒီအစား လော့ရှာဂိုဏ်းက ငါ သူတို့ကိုကယ်ခဲ့တာကို ထောက်ထားပြီးတော့ ငါ့ကို ရောင်စင်ခုနစ်သွယ်စမ်းရေကန်ရဲ့ မြေအောက်ကွင်းပြင်ထဲကို ပေးဝင်ခိုင်းရင်တော့ အတော်ပဲ၊ အဲဒီမှာ ဘာရတနာတွေ ပုန်းနေလဲဆိုတာ သွားကြည့်ချင်လို့လေ...’
လော့ချန်သည် လော့ရှာဂိုဏ်း၏ ရောင်စဉ်ခုနှစ်သွယ် စမ်းရေကန် မြေအောက်အတွင်း၌ သူ၏ကိုယ်တွင်းရှိ နဂါးချီစွမ်းအင်ကို တုန်ခါစေနိုင်သော အရာတစ်ခု ရှိနေသည်ကို အလွန်ပင် စိတ်ဝင်စားနေခဲ့ပြီး ထိုကိစ္စကို အမြဲတမ်း မှတ်မိနေခြင်း ဖြစ်သည်။ သို့သော်လည်း သူတစ်ပါး၏ဂိုဏ်းအတွင်းရှိ လျှို့ဝှက်နယ်မြေထဲသို့ ရတနာသွားရှာမည်ဆိုသော ကိစ္စမှာ လူတောထဲတွင် ပြောဆို၍မကောင်းသဖြင့် သူသည် စိတ်ထဲ၌သာ တွေးတောလိုက်ခြင်းဖြစ်၏။
“ဒါက ဘာမှ မဟုတ်ပါဘူး... ဒီနေရာက အရမ်း အန္တရာယ်များတယ်၊ နောက်ထပ် ဘာတွေ ဖြစ်လာဦးမလဲ မသိနိုင်ဘူး... ဒါကြောင့် မင်းတို့ မြန်မြန် ထွက်သွားကြတာ ပိုကောင်းလိမ့်မယ်...”
“အင်း...”
ဤကဲ့သို့သော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသလို ဂျူနီယာ အများအပြားမှာလည်း ဒဏ်ရာရထားကြသဖြင့် ယူလန်ရှင်းသည်လည်း ဆက်လက် နေထိုင်ရန် ရည်ရွယ်ချက် မရှိတော့ပေ။ ကျင်းယွီရှီးက မေးမြန်းလိုက်သည်။
“လော့ချန်... မင်းက ငါတို့နဲ့အတူ မလိုက်ဘူးလား...”
လော့ချန်သည် သူ၏အစွမ်းများကို အစွမ်းကုန် ထုတ်ပြရန် ပြင်ဆင်ထားသူဖြစ်ရာ ယခုအချိန်တွင် ထွက်ခွာရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက ခေါင်းခါပြလိုက်၏။
“ငါ အထဲကို ဝင်ပြီးတော့ ကြည့်ချင်သေးတယ်... ကူညီနိုင်မယ့် နေရာရှိရင် ကူညီပေးချင်လို့ပါ...”
ဤစကားကို ကြားလိုက်ရသည့်အခါ ထိုအမျိုးသမီးတပည့်များ၏ မျက်ဝန်းများမှာ တစ်ခဏအတွင်း ဝင်းလက်သွားကြတော့သည်။ လော့ချန်သည် သူတို့ကိုကယ်တင်ခဲ့ပါလျက်နှင့် မည်သည့် ဆုလာဘ်ကိုမျှ မတောင်းဆိုခဲ့သလို ယခုအခါ အန္တရာယ်များကို ဂရုမစိုက်ဘဲ လူကယ်ရန် ကြိုးစားနေသည်မဟုတ်ပါလော။ တစ်ခဏအတွင်းမှာပင် အမျိုးသမီးတပည့် တစ်ဦးချင်းစီ၏စိတ်ထဲ၌ လော့ချန်အပေါ် ထားရှိသော လေးစားမှုများမှာ မြင့်တက်လာခဲ့ပြီး လော့ချန်၏ပုံရိပ်မှာလည်း သူတို့၏မျက်လုံးထဲတွင် အလွန်ပင် မြင့်မြတ်လှပသွားကာ အထင်ကြီးမှုများမှာလည်း အမြင့်ဆုံးသို့ ရောက်ရှိသွားတော့သည်။
အခန်း ၇၁၀ ပြီးပါပြီ။
အခန်း ၇၁၁ - အဆင့်ချိုးဖျက်ခြင်းနှင့် သတ်ဖြတ်လိုစိတ်
“ကောင်းပြီလေ... မင်းကိုယ်မင်း ဂရုစိုက်ပါ...”
လော့ချန်၏အစွမ်းမှာ မြင့်မားလှသည်ဖြစ်ရာ မဟာသန်မာသူအဆင့်ရှိသူနှင့် မတွေ့သရွေ့တော့ သူ့ကို ထိခိုက်အောင် လုပ်နိုင်မည့်သူ မရှိသလောက်ပင် ဖြစ်ကြောင်း ယူလန်ရှင်း သိထားသဖြင့် သူမသည် ထပ်မံ၍ တားဆီးခြင်း မပြုတော့ပေ။
“လော့ချန်... မင်း သတိထားပါဦး...”
ကျင်းယွီရှီးက မှာကြားလိုက်သည်။
“စိတ်ချပါ...”
လော့ချန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြင်းထန်လှသော တိုက်ပွဲမြေပြင်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“ငါ လမ်းဖောက်ပေးမယ်...”
စကားပြောနေစဉ်မှာပင် လော့ချန်၏ကိုယ်ထည်မှာ တုန်ခါသွားခဲ့ပြီး ဝေေဝဝါးဝါး ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်သို့ ပျံတက်လိုက်တော့သည်။
“တောင်ခွင်း လက်သီး...”
ကျယ်ပြောလှသော လက်သီးအရှိန်အဟုန်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ ရူးသွပ်နေသော ကျင့်ကြံသူများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များကို အဝေးသို့ တွန်းထုတ်လိုက်သည်။ ထို့နောက် လော့ချန်သည် လက်ကောက်ဝတ်ကို လှည့်လိုက်ရာ မီးလျှံကျောက်စိမ်းရတနာဓားမှ ဓားအရှိန်အဝါ လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ရှေ့သို့ တိုက်ရိုက် ပိုင်းဖြတ်လိုက်တော့သည်။
“ဝုန်း...”
ဓားအရှိန်အဝါ လေဆင်နှာမောင်းမှာ ဟိန်းဟောက်သွားခဲ့ပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာ အပိုင်းပိုင်း ပြိုကွဲပျက်စီးကုန်တော့သည်။ ပြည့်နှက်နေသော တိုက်ပွဲမြေပြင်အတွင်း၌ မီတာအနည်းငယ် ကျယ်ပြန့်ပြီး မီတာရာကျော် ရှည်လျားလှသော ကြီးမားလှသည့် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ မြို့ပြင်ဘက်အထိ အဆက်မပြတ် ဆန့်ထွက်သွားတော့သည်။
“သေချာသွားပြီ... သူက ဓားဆန္ဒအဆင့်ရှိတဲ့ ဓားသမားတစ်ယောက်ဖြစ်ဖို့ တကယ်ကို နီးစပ်နေပြီပဲ...”
ထို ဖြောင့်တန်းလှသော ဓားရာကြီးကို ကြည့်ကာ ယူလန်ရှင်း၏မျက်ဝန်းအတွင်း၌ အားကျသည့် အရိပ်အယောင်များ ဝင်းလက်သွားခဲ့သည်။ သူမသည်လည်း ဓားဆန္ဒအစပျိုးအဆင့်ရှိသူ တစ်ဦးဖြစ်ရာ လော့ချန်၏သန်မာမှုကို ပိုမို ခံစားလိုက်ရခြင်း ဖြစ်သည်။ သူမ၏ကိုယ်တွင်းရှိ ဓားဆန္ဒမှာလည်း လော့ချန်၏အရှိန်အဝါအောက်တွင် တင်းကျပ်စွာ ဖိနှိပ်ခြင်း ခံနေရသည်ဖြစ်ရာ ၎င်းမှာ လော့ချန်၏ဓားဆန္ဒက သူမထက် များစွာ သာလွန်သွားပြီဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။
“သွားကြစို့...”
ယူလန်ရှင်းသည် တွေဝေနေခြင်း မရှိဘဲ လော့ရှာဂိုဏ်းတပည့်တစ်စုကို ခေါ်ဆောင်လျက် ထိုဓားရာအတိုင်း လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
“မြန်မြန် သွားကြစို့...”
ပိတ်မိနေသော အခြား ကျင့်ကြံသူများသည်လည်း ထိုနေရာ၌ ပိတ်မိနေမည်ကို စိုးရိမ်သဖြင့် မြို့ပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်ကြတော့သည်။ ရူးသွပ်နေသော ကျင့်ကြံသူများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာမူ ထိုသူများကို ဤအတိုင်း လွှတ်ပေးမည် မဟုတ်ပေ။ အရပ်မျက်နှာအနှံ့မှနေ၍ လူအုပ်ကြီးထံသို့ ထိုးဆင်းလာကြပြီး သတ်ဖြတ်သံများနှင့် ဟိန်းဟောက်သံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေသဖြင့် အခြေအနေမှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှပေသည်။
“တောင်ခွင်းလက်သီး... သတ်စမ်း...”
လော့ချန်သည် လူအုပ်ကြီး၏အနောက်ဘက်တွင် တားဆီးပေးလိုက်ပြီး မျက်ဝန်းအတွင်းမှ အလင်းတန်းများ ဝင်းလက်သွားကာ လက်သီးဖြင့် ရူးသွပ်စွာ ထိုးနှက်လိုက်တော့သည်။
“ဝုန်း...”
အိုးပုံစံ လက်သီးအရှိန်အဟုန်မှာ လေနှင့်အတူ ကြီးမားလာခဲ့ပြီး တစ်ခဏအတွင်း အိမ်တစ်လုံးအလား ကြီးမားသွားကာ အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားတော့သည်။ တိုးဝင်လာသော ရူးသွပ်နေသည့် ကျင့်ကြံသူများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များ အားလုံးမှာ တစ်ခဏအတွင်း အသားစများအဖြစ် ကြိတ်ခြေခြင်း ခံလိုက်ရပြီး ဟင်းလင်းပြင်၌ ဟောင်းလောင်းပေါက် နယ်မြေတစ်ခု ဖြစ်ပေါ်သွားတော့သည်။
“ငါ သူတို့ကို တားထားမယ်...”
လော့ချန်က အသံကုန် အော်ဟစ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်လေးလော့ချန်...”
“ဒီကနေ့ ကျေးဇူးကို နောင်တစ်ချိန်မှာ သေချာပေါက် ပြန်ဆပ်ပါ့မယ်...”
ဘေးအန္တရာယ်မှ လွတ်မြောက်သွားကြသဖြင့် ထိုကျင့်ကြံသူများသည် လော့ချန်အပေါ် အတိုင်းထက်အလွန် ကျေးဇူးတင်သွားကြပြီး မြို့ပြင်ဘက်သို့ ပိုမိုမြန်ဆန်လှသော အရှိန်ဖြင့် ထွက်ခွာသွားကြတော့သည်။ ခဏချင်းအတွင်းမှာပင် တိုက်ပွဲတစ်ခုလုံး၌ လော့ချန် တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
ရူးသွပ်နေသော ကျင့်ကြံသူများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ လူအနည်းငယ်ကို လိုက်လံသတ်ဖြတ်နေသည်မှအပ ကျန်ရှိသူ အားလုံးမှာ လော့ချန်၏တားဆီးခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ ရူးသွပ်နေသော ကျင့်ကြံသူ ရာနှင့်ချီ၍လည်းကောင်း၊ သွေးမိစ္ဆာယွမ်ဝိညာဉ် ဆယ်ဂဏန်းကျော်လည်းကောင်း လော့ချန်ကို ဝိုင်းရံထားကြသည်။ ကောင်းကင်နှင့်မြေပြင်ကြားရှိ လေထုမှာ ပြင်းထန်စွာ တုန်ခါနေခဲ့ပြီး ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်နှင့် ယုတ်မာလှသော သွေးမိစ္ဆာအငွေ့အသက်များ ရောထွေးနေသဖြင့် လူသေအလောင်းများ တောင်လိုပုံနေသော ငရဲဘုံတစ်ခုအလား ဖြစ်နေတော့သည်။
လော့ချန်သည် ကျင်းယွီရှီးတို့အဖွဲ့ တိုက်ပွဲမြေပြင်မှ လွတ်မြောက်သွားသည်ကို မြင်တွေ့လိုက်ရသည့်အခါမှ စိတ်အေးသွားရပြီး သူ့ကို ဝိုင်းရံထားသော ရူးသွပ်နေသည့် ကျင့်ကြံသူများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်ထွက်လာတော့သည်။
“နောက်ဆုံးတော့ အားမနာတမ်း တိုက်လို့ ရပြီပဲ...”
“ဝုန်း...”
လော့ချန်၏ကိုယ်ပေါ်မှ ခြိမ်းခြောက်မှုများကို ခံစားလိုက်ရ၍ ဖြစ်ပုံရသည်၊ ရူးသွပ်နေသော ကျင့်ကြံသူများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ ယခုအခါတွင်မူ ပူးပေါင်းလိုက်ကြပြီး အရပ်မျက်နှာအနှံ့မှနေ၍ တစ်ဟုန်ထိုး တိုက်ခိုက်လာကြတော့သည်။ ထိတ်လန့်စရာကောင်းလှသော အရှိန်အဝါကြောင့် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး တုန်လှုပ်နေတော့သည်။
“လာစမ်း...”
ဤမြင်ကွင်းကို ကြည့်ကာ လော့ချန်သည် ထိတ်လန့်ခြင်း မရှိဘဲ ဝမ်းသာသွားခဲ့ပြီး ချက်ချင်းပင် ဓားဆန္ဒနှင့် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို အစွမ်းကုန် လည်ပတ်စေလိုက်တော့သည်။
“ပိုင်းဖြတ်စမ်း...”
မီးလျှံကျောက်စိမ်းရတနာဓားကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် တံခါးချပ်တစ်ခုအလား ကြီးမားလှပြီး သွေးရောင်အလင်းများ ဝင်းလက်နေသော ဓားအရှိန်အဝါ လေဆင်နှာမောင်းတစ်ခုမှာ ဟင်းလင်းပြင်သို့ ထိုးတက်သွားတော့သည်။
“ရှူး... ရှူး... ရှူး...”
ဓားအရှိန်အဝါ လေဆင်နှာမောင်းမှာ လေထုကို ဆူပွက်စေခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြား၌ ကြီးမားလှသော ဓားစွမ်းရည် သွေးရောင်ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။ ထိုဝဲကတော့အနီးသို့ ချဉ်းကပ်လာသော ရူးသွပ်နေသည့် ကျင့်ကြံသူများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များ အားလုံးမှာ တစ်ခဏအတွင်း နာကျင်စွာ အော်ဟစ်လိုက်ကြရပြီး ရက်စက်လှသော ဓားအရှိန်အဝါအောက်တွင် အပိုင်းပိုင်း ပြိုကွဲပျက်စီးကုန်ကြတော့သည်။ တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံတစ်ခုလုံး၌ အသားစများ လွင့်စင်နေခဲ့ပြီး သွေးမိုးများလည်း အဆက်မပြတ် ကျဆင်းနေတော့သည်။
“ဝါးမြိုစမ်း...”
လော့ချန်သည် လက်ငါးချောင်းကို ဖြန့်လိုက်ရာ ဒြပ်မဲ့လှသော ဆွဲငင်အားတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး မိုးရေစက်များအလား ကျဆင်းနေသော သွေးများနှင့် အပိုင်းပိုင်း ပြိုကွဲသွားသော သွေးမိစ္ဆာယွမ်ဝိညာဉ်များ အားလုံးမှာ သွေးအနှစ်သာရ အငွေ့အသက်များအဖြစ် ပြောင်းလဲသွားကာ သူ၏ကိုယ်တွင်းသို့ စီးဝင်သွားကြတော့သည်။ ဤမျှအထိ ကျယ်ပြောလှသော သွေးအနှစ်သာရ အငွေ့အသက်များ၏ရိုက်ခတ်မှုအောက်တွင် လော့ချန်၏တစ်ကိုယ်လုံးရှိ သွေးကြောများမှာ အနည်းငယ် ဖောင်းကြွလာခဲ့ပြီး သွေးစွမ်းအင်ဝဲကတော့မှာလည်း အဆက်မပြတ် သန်မာလာနေသည်ကို အထင်အရှား ခံစားလိုက်ရသည်။ ချီစွမ်းအင်နှင့် ခန္ဓာကိုယ်အစွမ်းများမှာလည်း ပိုမို သန်မာလာနေတော့သည်။
“တိုးတက်မှုနှုန်းက ငါ ထင်ထားတာထက်တောင် မြန်နေသေးတာပဲ...”
အစွမ်းများ လျင်မြန်စွာ တိုးတက်လာခြင်းကြောင့် လော့ချန်သည် အလွန်ပင် စိတ်လှုပ်ရှားလာရပြီး သတ်ဖြတ်လိုစိတ်များလည်း ပေါ်ထွက်လာကာ ရူးသွပ်နေသော ကျင့်ကြံသူများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များ အထူထပ်ဆုံးသော နယ်မြေဆီသို့ ဦးတည်၍ တိုးဝင်သွားတော့သည်။
“ဝူး... ဝူး... ဝူး... ဝူး...”
ထို သွေးမိစ္ဆာယွမ်ဝိညာဉ်များသည် အခွင့်အရေးကို မြင်လိုက်သည်နှင့်အတူ လော့ချန်၏ကိုယ်တွင်းသို့ တိုးဝင်ကာ သူ၏စိတ်ဓာတ်ကို ချေမှုန်းပြီး သွေးသားများကို ဝါးမြိုရန်အတွက် အော်ဟစ်လျက် တိုးဝင်လာကြတော့သည်။ သို့သော်လည်း သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်မှာ သူတို့၏အားနည်းချက် ဖြစ်နေသည်မဟုတ်ပါလော။ လော့ချန် တစ်ချက် အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် ကျယ်ပြောလှသော ဆွဲငင်အားက သူတို့ကို လွှမ်းခြုံသွားခဲ့ပြီး ကိုယ်တွင်းသို့ ထုတ်ယူ ဝါးမြိုခြင်း ခံလိုက်ကြရတော့သည်။
ဓားဆန္ဒ ထွက်ပေါ်လာသည်နှင့်အမျှ ထို သွေးမိစ္ဆာယွမ်ဝိညာဉ်များအတွင်းရှိ ယုတ်မာလှသော စိတ်အာရုံများမှာလည်း အစအနမကျန် ချေမှုန်းခြင်း ခံလိုက်ရပြီး အစင်ကြယ်ဆုံးသော သွေးအနှစ်သာရ အငွေ့အသက်များအဖြစ် ပြောင်းလဲသွားကာ သွေးစွမ်းအင်ဝဲကတော့၏ အာဟာရများ ဖြစ်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် ယူလန်ရှင်းတို့အဖွဲ့မှာ ယွမ်ချွမ်မြို့၏ အပြင်ဘက်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
“လော့ချန် ဘာမှမဖြစ်နိုင်ဘူး မဟုတ်လား...”
ကျင်းယွီရှီးသည် အနောက်သို့ လှမ်းကြည့်လိုက်ရာ ထိုနေရာရှိ သွေးမိစ္ဆာအငွေ့အသက်များမှာ ပိုမို ထူထပ်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်ပင် စိုးရိမ်နေတော့သည်။ ယူလန်ရှင်းက သူမကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးလျက် ဆိုလိုက်၏။
“စိတ်ချပါ... လော့ချန်ရဲ့ အခုအစွမ်းကို ငါကိုယ်တိုင်တောင် အသေအချာ မသိနိုင်တော့ဘူး... မဟာသန်မာသူအဆင့်ရှိသူနဲ့ မတွေ့သရွေ့တော့ သူက အရှုံးမရှိနိုင်ပါဘူး... ငါ့ရဲ့ တွက်ဆချက်အရဆိုရင် သူ့ရဲ့အစွမ်းက အနည်းဆုံး နယ်မြေအဆင့် ၈၀ ဝန်းကျင်လောက်မှာ ရှိနေနိုင်တယ်...”
“နယ်မြေအဆင့် ၈၀ တောင်လား...”
“ဒီလောက်အထိ သန်မာတာလား...”
အခြား လော့ရှာဂိုဏ်းတပည့်များမှာ မှင်တက်မိသွားကြရသည်။ နယ်မြေအဆင့်စာရင်းဝင် ဖြစ်ခြင်းက ဘာကိုကိုယ်စားပြုသလဲဆိုသည်ကို သူတို့ အထင်အရှား သိထားကြသည်။ အကယ်၍သာ အခြားသူတစ်ယောက်က ဤသို့ ပြောမည်ဆိုလျှင် သူတို့ ယုံကြည်မည် မဟုတ်သော်လည်း စီနီယာအစ်မကြီး ယူလန်ရှင်း၏ပါးစပ်မှ ထွက်ပေါ်လာသော စကားဖြစ်ရာ မယုံ၍ မရပေ။
“ဒါက တကယ့်ကို ထူးထူးခြားခြား တိုးတက်လာတာပဲ... ငါတို့ တာယွဲ့မင်းဆက်မှာ သွေးကြောနိုးကြားမှုနယ်ပယ် စာရင်းဝင်နိုင်တဲ့သူ မရှိခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ... ဒီစံချိန်ကို ချိုးဖျက်နိုင်မယ့်သူက အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ လော့ချန် ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...”
ချီယွမ်မန်းသည်လည်း လှပလှသော မျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ် လုပ်လျက် သက်ပြင်းချကာ ဆိုလိုက်သည်။
“အင်း... သူသာ နယ်မြေအဆင့်စာရင်းထဲ ဝင်သွားမယ်ဆိုရင် လူအတော်များများကို အကြီးအကျယ် တုန်လှုပ်သွားစေမှာပဲ...”
ယူလန်ရှင်းက ခေါင်းညိတ်လိုက်ပြီး ဆိုလိုက်၏။
“သွားကြစို့... အရင်ဆုံး အနားယူဖို့ နေရာတစ်ခု ရှာရမယ်...”
လူအုပ်စုမှာ ယွမ်ချွမ်မြို့မှ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။ ထိုစဉ် အခြားတစ်ဖက်မှ ဆူညံသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။
“မင်းတို့ ရွှမ်ယွမ်ဂိုဏ်းတပည့် လော့ချန် ဘယ်မှာလဲဆိုတာ သိကြလား...”
လူငယ်တစ်ဦးသည် လမ်းတွင်ရှိသော ကျင့်ကြံသူအချို့ကို တားဆီးလိုက်ပြီး ရက်စက်လှသော လေသံဖြင့် မေးမြန်းလိုက်သည်။ ထိုအသံမှာ လူကို အေးစိမ့်သွားစေနိုင်သည်အထိ အေးစက်လှပေသည်။
“ဟင်... အဲဒါ...”
ကျင်းယွီရှီးသည် ထိုလူငယ်ကို မြင်လိုက်ရသည့်အခါ မျက်နှာမှာ တစ်ခဏအတွင်း ပြောင်းလဲသွားရတော့သည်။
“လီရှောင်ဖုန်း...”
ထိုလူငယ်မှာ ခါးတွင် ရတနာဓားကို ချိတ်ဆွဲထားပြီး မျက်ခုံးများမှာ ထက်မြက်လှသလို အကြည့်များမှာလည်း တောက်ပနေသည်။ သူသည် မောက်မာရဲတင်းလှသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး သူကပင် ကျိတော့ဂိုဏ်းတပည့်ဖြစ်သလို နယ်မြေအဆင့် ၄၁ မှာ ရှိနေသည့် ထူးချွန်လှသော ပါရမီရှင် လီရှောင်ဖုန်း ပင် ဖြစ်သည်။
လီရှောင်ဖုန်းသည် မူလက ယွမ်ထျန်ယန်က လော့ချန်ကို သတ်ဖြတ်ပြီး သူ့အတွက် အရှက်ပြန်ဆပ်ပေးလိမ့်မည်ဟု ယူဆထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယွမ်ထျန်ယန်မှာ ဤမျှအထိ အသုံးမကျဘဲ လော့ချန်၏ဓားလေးချက်တည်းဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤအချက်က သူ၏စိတ်ကို ပိုမို၍ မကြည်မလင် ဖြစ်စေခဲ့သလို ထူးဆန်းလှသော စိုးရိမ်စိတ်တစ်ခုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် သူသည် ဒေါသတကြီးနှင့် လော့ချန်ကိုကိုယ်တိုင် အဆုံးစီရင်ပြီး ယွမ်လန်ဂေဟာ၌ ရခဲ့သော အရှက်တရားများကို ပြန်လည် ဆေးကြောရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သွေးမိစ္ဆာအငွေ့အသက်များ စတင် ပေါက်ကွဲထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လီရှောင်ဖုန်းသည် လော့ချန်၏သဲလွန်စကို အမြဲတမ်း စောင့်ကြည့်နေခဲ့သည်။ လော့ချန်သာ ယွမ်ချွမ်မြို့မှ ထွက်လာမည်ဆိုပါက သူသည် ချက်ချင်းပင် သတ်ဖြတ်ရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ လုံးဝ မထင်မှတ်ထားသည်မှာ လော့ချန်သည် ထွက်မသွားဘဲ မြို့အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခြင်းပင် ဖြစ်သည်။ သူသည် အနည်းငယ် ပေါ့ဆသွားသဖြင့် လော့ချန်၏သဲလွန်စ ပျောက်ကွယ်သွားခဲ့ရသည်။ ထို့ကြောင့်သာ လမ်းတစ်လျှောက် လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။
လီရှောင်ဖုန်း၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသော လူအနည်းငယ်မှာ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြရသည်။ သူတို့သည် ယူလန်ရှင်းတို့နှင့်အတူ ဘေးကင်းကင်း ထွက်ခွာလာနိုင်ခဲ့ကြသူများ မဟုတ်ပါလော။ လူငယ်တစ်ဦးသည် သက်ပြင်းတစ်ချက်ကို အားပါးတရ ရှူလိုက်ပြီး ခေါင်းခါပြလိုက်၏။
“လော့ချန် ဘယ်မှာလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး...”
“ဟဲဟဲ... အဲဒီလိုလား... မင်းတို့ မသိဘူးပေါ့...”
လီရှောင်ဖုန်း၏ မျက်နှာထက်တွင် လှောင်ပြောင်သော အမူအရာများ ပေါ်ထွက်လာတော့သည်။ သူသည် ထိုသူများ၏အမူအရာကို ကြည့်ကာ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။ ထို့ကြောင့် ချက်ချင်းပင် အေးစက်စွာ ရယ်မောလျက် ဆိုလိုက်၏။
“မသိဘူးဆိုမှတော့လည်း... မင်းကို အသက်ရှင်ထားပေးလို့ ဘာအသုံးဝင်မှာလဲ...”
“ဖျတ်...”
သူသည် လက်ညှိုးဖြင့် တစ်ချက် ထောက်လိုက်ရာ ဓားအရှိန်အဝါတစ်ခုမှာ စကားပြောလိုက်သော လူငယ်၏ဦးခေါင်းကို တိုက်ရိုက် ဖောက်ထွက်သွားခဲ့ပြီး ကြီးမားလှသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားကာ ထိုလူငယ်မှာလည်း တစ်ခဏအတွင်း လဲကျသေဆုံးသွားရတော့သည်။
“မင်းတို့ရော...”
လီရှောင်ဖုန်းသည် ကျန်ရှိသူများကို စိုက်ကြည့်လိုက်ရာ သူ၏ကိုယ်ပေါ်မှ ဓားဆန္ဒများမှာ ဆူပွက်လာခဲ့ပြီး သတ်ဖြတ်လိုစိတ်များမှာလည်း နေရာအနှံ့ ပျံ့နှံ့နေတော့သည်။
အခန်း ၇၁၁ ပြီးပါပြီ။