အခန်း (၇၁၂-၇၁၄)
Vol. 48 Ch. 712-714
အခန်း ၇၁၂ - ရူးသွပ်စွာ သတ်ဖြတ်ခြင်းနှင့် ဒီတစ်ခါတော့ မင်းကို သေချာပေါက် သတ်မယ်
တားဆီးခြင်း ခံလိုက်ရသော လူအနည်းငယ်မှာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ လီရှောင်ဖုန်း၏ဓားဆန္ဒ ကိန်းအောင်းနေသော အကြည့်ဖြင့် အကြည့်ခံလိုက်ရသည့်အခါ ထိုသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်တစ်ဦးမှာ တုန်တုန်ရင်ရင်နှင့် သူ၏အနောက်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်ပြီး သွားများ တဂတ်ဂတ် ရိုက်လျက် ဆိုလိုက်၏။
“ကျွန်တော်... ကျွန်တော် မြင်ခဲ့ပါတယ်... လော့ချန်က မြို့ထဲမှာ ရှိနေတာပါ... ဒီနေရာနဲ့ဆိုရင် သုံးလေးမိုင်လောက်ပဲ ဝေးပါတယ်...”
“ကောင်းပြီလေ...”
လီရှောင်ဖုန်း၏မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့ပြီး စကားပြောလိုက်သော သူကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
“မင်း ငါ့ကို သူ့ဆီ လိုက်ပို့စမ်း...”
“ကျွန်တော်လား...”
အရပ်ရှည်ပိန်ပိန် လူငယ်မှာ လေသံများ တုန်ခါသွားခဲ့ပြီး မျက်နှာမှာလည်း ဖြူလျော့သွားရသည်။ သူ ဘာကြောင့် ရှေ့ထွက်ပြောခဲ့မိပါလိမ့်ဟု နောင်တရနေတော့သည်။ သူသည် သက်ပြင်းတစ်ချက်ကို အားပါးတရ ရှူလိုက်ပြီး ငြင်းဆိုရန် အကြောင်းပြချက် ရှာနေစဉ်မှာပင် လီရှောင်ဖုန်း၏အကြည့်မှာ အေးစက်သွားခဲ့ပြီး ဆိုလိုက်၏။
“ဘာလဲ... မင်းက မလိုက်ချင်ဘူးလား...”
“မဟုတ်ပါဘူး... မဟုတ်ပါဘူး...”
ထိုလူငယ်မှာ မလိုက်ချင်ဟု မည်သို့ ပြောရဲပါမည်နည်း။ သူသည် သွားများကို တင်းကျပ်စွာ စိလျက် အတင်းအကျပ် ပြုံးကာ ဆိုလိုက်သည်။
“ကျွန်တော် လိုက်ပို့ပါ့မယ်... လိုက်ပို့ပါ့မယ်...”
“လမ်းပြစမ်း...”
“ဝှစ်...”
ထိုသူနှစ်ဦးမှာ တစ်ဦးပြီးတစ်ဦး မြို့အတွင်းသို့ ပျံသန်းဝင်ရောက်သွားကြတော့သည်။ ဤမြင်ကွင်းကို ကြည့်ကာ ယူလန်ရှင်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒုက္ခပဲ... ကြည့်ရတာ ဒီလီရှောင်ဖုန်းက လော့ချန်ကို လွှတ်ပေးမယ့်ပုံ မပေါ်ဘူး... လော့ချန်ကို သေတွင်းထဲ ပို့ဖို့ ကြိုးစားနေတာပဲ...”
လူအုပ်စုမှာ နဝမမင်းသမီး ကျင်းယွီရှီး၏ပါးစပ်မှတစ်ဆင့် ဖြစ်ပျက်ခဲ့သမျှကို သိရှိသွားကြပြီ ဖြစ်သည်။ ကျင်းယွီရှီးက စိုးရိမ်တကြီး ဆိုလိုက်၏။
“အခု ဘယ်လိုလုပ်ကြမလဲ... လီရှောင်ဖုန်းက ဓားဆန္ဒအဆင့်ရှိတဲ့ ဓားသမားတစ်ယောက်လေ၊ နယ်မြေအဆင့် ၄၁ မှာ ရှိနေတဲ့ ပါရမီရှင်ကြီးပဲ... သူသာ လော့ချန်ကို ရှာတွေ့သွားရင်တော့...”
ကျင်းယွီရှီးသည် ဆက်၍ မပြောရဲတော့ပေ။ အခြားလူများ၏မျက်နှာများမှာလည်း အလွန်ပင် ဆိုးရွားနေကြသည်။ နယ်မြေအဆင့် ၄၁ ဆိုသော အဆင့်အတန်းက ပေးစွမ်းနေသည့် ဖိအားမှာ အလွန်ပင် ပြင်းထန်လှပေသည်။ သူတို့အတွက်တော့ ထိုအဆင့်မှာ အလှမ်းဝေးလွန်းလှသော တည်ရှိမှုတစ်ခုပင် ဖြစ်သည်မဟုတ်ပါလော။
“စိတ်ဓာတ်ကို အရင် စုစည်းကြစို့... လော့ချန်က ဒီနေ့အထိ လျှောက်လှမ်းလာနိုင်ခဲ့တာဆိုတော့ အလွယ်တကူနဲ့ ကျဆုံးသွားမယ့်သူ မဟုတ်ပါဘူး...”
ယူလန်ရှင်းက နှစ်သိမ့်စကား ဆိုလိုက်ပြီးနောက် ချီယွမ်မန်းဘက်သို့ လှည့်ကာ ဆိုလိုက်သည်။
“ချီယွမ်မန်း... မင်း ငါနဲ့အတူ လော့ချန်ကို လိုက်ရှာကြရအောင်... လီရှောင်ဖုန်းထက် အရင် ရှာတွေ့ဖို့ ကြိုးစားရမယ်...”
“ကောင်းပြီလေ...”
ချီယွမ်မန်းက ခေါင်းညိတ်လိုက်သည်။
“စီနီယာအစ်မကြီး... ကျွန်မလည်း လိုက်ချင်ပါတယ်...”
ကျင်းယွီရှီးက အမြန်ပင် ဆိုလိုက်သည်။ ယူလန်ရှင်းက ခေါင်းခါပြလိုက်သည်။
“ဂျူနီယာကျင်း... ဒီခရီးက အရမ်း အန္တရာယ်များတယ်၊ မင်းရဲ့ကျင့်ကြံမှုအဆင့်က နိမ့်လွန်းတာမို့ မိုက်ရူးရဲ မဆန်ပါနဲ့... နောက်ပြီး မင်းတို့ လုပ်ရမယ့် အလုပ်တစ်ခု ရှိသေးတယ်... မြို့ထဲမှာ အခုက အကြီးအကျယ် ပရမ်းပတာ ဖြစ်နေတာဆိုတော့ လော့ချန်ကို ရှာတွေ့ဖို့က မလွယ်ဘူး... လော့ချန်က ယွမ်ချွမ်မြို့ကနေ ကြိုပြီးတော့ ထွက်သွားတာလည်း ဖြစ်နိုင်တာပဲ... ဒါကြောင့် မင်းတို့ မြို့ပြင်က အရပ်မျက်နှာအသီးသီးကို ခွဲပြီးတော့ စောင့်နေကြ... လော့ချန်ကို တွေ့တာနဲ့ ဒီကိစ္စကို ချက်ချင်း အသိပေးပြီးတော့ သူ့ကို ဒီကနေ မြန်မြန် ထွက်သွားခိုင်းလိုက်...”
“ဟုတ်ကဲ့ပါ...”
ကျင်းယွီရှီးသည် နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်ပြီးနောက် သဘောတူလိုက်တော့သည်။
“အချိန်မဆွဲနဲ့... သွားကြစို့...”
“ဝှစ်...”
ယူလန်ရှင်းနှင့် ချီယွမ်မန်းတို့၏ပုံရိပ်များမှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားကြတော့သည်။ ကျင်းယွီရှီးနှင့် အခြား လော့ရှာဂိုဏ်းတပည့်များသည်လည်း ယူလန်ရှင်း မှာကြားခဲ့သည့်အတိုင်း အရပ်မျက်နှာအသီးသီးသို့ ခွဲခွာသွားကြတော့သည်။
မြို့အတွင်း၌ လော့ချန်သည် သတ်လေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်ပြီး သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်မှာလည်း ပိုမို၍ ကျွမ်းကျင်လာခဲ့သည်။ ရန်သူတစ်ဦးကို သတ်ဖြတ်လိုက်တိုင်း အတွေးတစ်ချက်အတွင်းမှာတင် ဒြပ်မဲ့လှသော ဆွဲငင်အားက ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ သွေးအနှစ်သာရ အငွေ့အသက် အားလုံးကိုကိုယ်တွင်းသို့ ထုတ်ယူ ဝါးမြိုပစ်လိုက်သည်။ ၎င်းမှာ အရင်ကထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်လှပေသည်။ ထိုသူများ၏သိုင်းဝိညာဉ်များကိုမူ လော့ချန်က မိုက်ရူးရဲဆန်စွာ ဝါးမြိုခြင်း မပြုခဲ့ပေ။
သွေးအနှစ်သာရ အငွေ့အသက်များကို ထုတ်ယူ ဝါးမြိုနိုင်သည့် ကျင့်စဉ်နှင့် သိုင်းပညာများမှာ ရှားပါးလှသော်လည်း လုံးဝ မရှိသည်တော့ မဟုတ်ပေ။ လော့ချန် သိထားသလောက်ဆိုလျှင် တော်ဝင်မင်းဆက် ကျိတော့ဂိုဏ်းတွင် သွေးသားသန့်စင်လက်ဖဝါးဟု ခေါ်ဝေါ်သော ထိပ်သီးသိုင်းပညာတစ်ခု ရှိနေခဲ့ပြီး ပြင်းထန်လှသော သွေးအနှစ်သာရများဖြင့် မိမိ၏ချီစွမ်းအင်များကို သန့်စင်ကာ သွေးလက်ဖဝါးတစ်စုံကို ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။
ထိုသိုင်းပညာ အောင်မြင်သွားပါက ရန်သူ၏ကာကွယ်ရေးချီစွမ်းအင်များကို အလွယ်တကူပင် ချေမှုန်းနိုင်စွမ်း ရှိပေသည်။ သို့သော်လည်း သိုင်းဝိညာဉ် သို့မဟုတ် သားရဲဝိညာဉ်များကို ဝါးမြိုနိုင်သည်ဆိုသော ကိစ္စမျိုးကိုမူ မိမိကိုယ်တိုင်မှအပ လော့ချန် တစ်ခါမျှ မကြားဖူးပေ။ ဤအရည်အချင်းမှာ လောကနိယာမကို ဆန့်ကျင်လွန်းလှသဖြင့် တစ်ခါမျှ ပေါ်ထွက်သွားခဲ့မည်ဆိုလျှင် ကြီးမားလှသော ဘေးဒုက္ခတစ်ခု ဖြစ်လာမည်မှာ သေချာလှပေသည်။ ရာနှုန်းပြည့် ဘေးကင်းသည်ဟု အာမမခံနိုင်သော အခြေအနေမျိုးတွင် လော့ချန်သည် လူမြင်ကွင်း၌ သိုင်းဝိညာဉ် ဝါးမြိုခြင်းစွမ်းရည်ကို အလွယ်တကူ ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။
သတ်စမ်း...
မောပန်းခြင်းမရှိဘဲ သတ်ဖြတ်နေတော့သည်။ လော့ချန်သည် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့ပြီး သူ ရောက်ရှိသွားသော နေရာတိုင်းတွင် သေဆုံးခြင်းများသာ ကျန်ရစ်ခဲ့တော့သည်။ ခဏချင်းအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ရူးသွပ်နေသော ကျင့်ကြံသူများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ် အများစုမှာ လော့ချန်၏လက်ချက်ဖြင့် ပျောက်ကွယ်သွားကြရသည်။
ဒန်ထျန်အတွင်းရှိ သွေးစွမ်းအင်ဝဲကတော့မှာ အဆက်မပြတ် သန်မာလာခဲ့ပြီး သွေးအရှိန်အဝါများမှာလည်း အဆပေါင်းများစွာ ပိုမို ကြီးမားလာခဲ့ပြီ ဖြစ်သည်။ ဝါးမြိုနိုင်သော အကွာအဝေးမှာလည်း သုံးမီတာခန့်မှ ကိုးမီတာ၊ ဆယ်မီတာခန့်အထိ မြင့်တက်လာခဲ့ပြီ ဖြစ်ရာ တစ်ချက် အသုံးပြုလိုက်သည်နှင့် ပတ်ဝန်းကျင်၌ အေးစက်လှသော လေပြင်းများ တိုက်ခတ်လာတော့သည်။ အားနည်းလှသော သွေးမိစ္ဆာယွမ်ဝိညာဉ် အချို့မှာ ထိုအကွာအဝေးအတွင်းသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူတို့၏ခန္ဓာကိုယ်ကိုပင် မထိန်းနိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်လျက် တွန့်လိမ်ပြိုကွဲသွားကြကာ လော့ချန်၏ကိုယ်တွင်းသို့ စီးဝင်သွားကြပြီး သွေးစွမ်းအင်ဝဲကတော့၏အာဟာရများ ဖြစ်သွားကြတော့သည်။
“ဒီသွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်က သွေးမိစ္ဆာယွမ်ဝိညာဉ်တွေအတွက်တော့ အားနည်းချက်ပဲ၊ ပြောရမယ်ဆိုရင် သွေးမိစ္ဆာယွမ်ဝိညာဉ်ရဲ့ အနှစ်သာရက သွေးအနှစ်သာရ အငွေ့အသက်တွေပဲလေ...”
“ဟုတ်သားပဲ... သွေးမိစ္ဆာရဲ့ ခန္ဓာကိုယ်ကလည်း သွေးအနှစ်သာရတွေနဲ့ ဖွဲ့စည်းထားတာပဲလေ၊ စိတ်အာရုံက ပိုပြီးတော့ သန်မာတာပဲ ရှိတာ... ဒီသွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို သွေးမိစ္ဆာကို နှိမ်နင်းတဲ့နေရာမှာ သုံးရင် ဘယ်လိုနေမလဲ မသိဘူး...”
ခံစားလိုက်ရသည့်အခါ လော့ချန်သည် အတွေးများစွာ ပေါ်ထွက်လာခဲ့ပြီး သွေးမိစ္ဆာ၏ကိုယ်တွင်းရှိ သွေးမိစ္ဆာဝိညာဉ်ကျောက် အပေါ်၌ပင် လောဘစိတ်အချို့ ဖြစ်ပေါ်လာရတော့သည်။ လော့ချန်သည် ခေါင်းခါလိုက်ပြီး မိမိ၏အတွေးမှာ ရယ်စရာကောင်းသည်ဟု ယူဆလိုက်မိသည်။ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်က သွေးမိစ္ဆာကို နှိမ်နင်းနိုင်စွမ်း ရှိသည်ဆိုဦးတော့၊ သူသည် သွေးမိစ္ဆာ၏ခန္ဓာကိုယ်နှင့် ကိုးမီတာ၊ ဆယ်မီတာ အကွာအဝေးသို့ မရောက်ခင်မှာတင် တစ်ဖက်လူ၏လက်ချက်ဖြင့် အသားစများအဖြစ် ကြိတ်ခြေခြင်း ခံရမည်မှာ သေချာလှသလိုကိုယ်တွင်းရှိ သွေးအနှစ်သာရများလည်း အစုပ်ခံလိုက်ရမည် မဟုတ်ပါလော။
“ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့ပဲ အာရုံစိုက်ရမယ်... ကျင့်ကြံမှုအဆင့်က တက်မလာရင်တော့ အရာအားလုံးက အလကားပဲ...”
လော့ချန်သည် စိတ်ကို ပြန်လည် စုစည်းလိုက်ပြီး ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးရောင်အလင်းများ ဝင်းလက်သွားခဲ့ပြီး ထိုးဆင်းလာသော သွေးမိစ္ဆာယွမ်ဝိညာဉ် သုံးခုမှာ မျက်စိတစ်မှိတ်အတွင်း လော့ချန်၏ကိုယ်တွင်းသို့ စီးဝင်သွားခဲ့ကာ သူ၏သွေးစွမ်းအင်နှင့် ချီစွမ်းအင်များကို သန်မာစေလိုက်တော့သည်။ ခဏမျှ အသက်ရှူပြီးနောက် လော့ချန်သည် ဤနေရာရှိ ရူးသွပ်နေသော ကျင့်ကြံသူများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များကို အစအနမကျန် ရှင်းလင်းပစ်လိုက်ပြီ ဖြစ်သည်။
ဒန်ထျန်အတွင်းရှိ သွေးစွမ်းအင်ဝဲကတော့၏အရောင်မှာ ပိုမို နက်ရှိုင်းလာခဲ့ပြီး အရည်အသွေးမှာလည်း ပိုမို သန်မာလာကာ လည်ပတ်မှုမှာလည်း အလွန်ပင် အားကောင်းလှပေသည်။ ၎င်းမှာ အဆက်မပြတ် လည်ပတ်နေသဖြင့် ထပ်မံ၍ အဆင့်တက်လှမ်းတော့မည့်နှယ် ရှိနေတော့သည်။
“သွေးစွမ်းအင်ဝဲကတော့ရဲ့ ဒုတိယအကြိမ် အဆင့်တက်ခြင်းပဲ... သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်က စတင်မှုအောင်မြင်တဲ့ အဆင့်ကို ရောက်တော့မှာပဲ...”
သွေးစွမ်းအင်ဝဲကတော့၏ပြောင်းလဲမှုကို ခံစားလိုက်ရသည့်အခါ လော့ချန်သည် စိတ်ထဲ၌ အလွန်ပင် ဝမ်းသာသွားခဲ့ပြီး ထိုနေရာ၌ ဆက်မနေတော့ဘဲ မြူခိုးရိပ်ခြေလှမ်းကို အသုံးချလျက် မြို့အတွင်းရှိ အခြားသော သွေးမိစ္ဆာအငွေ့အသက်များ ပေါက်ကွဲနေသည့် နေရာဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားတော့သည်။
“ဝှစ်... ဝှစ်...”
လော့ချန် ထွက်ခွာသွားပြီး မကြာမီမှာတင် ပုံရိပ်နှစ်ခုမှာ ဟင်းလင်းပြင်မှတစ်ဆင့် ရောက်ရှိလာတော့သည်။ ၎င်းတို့မှာ လီရှောင်ဖုန်းနှင့် လမ်းပြပေးသော အရပ်ရှည်ပိန်ပိန် လူငယ်တို့ပင် ဖြစ်သည်။ တိတ်ဆိတ်နေသော တိုက်ပွဲမြေပြင်ကို ကြည့်ကာ လီရှောင်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး မေးမြန်းလိုက်သည်။
“လူကော...”
အရပ်ရှည်ပိန်ပိန် လူငယ်မှာ မြေပြင်ပေါ်ရှိ ပြန့်ကျဲနေသောကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများနှင့် အလောင်းခြောက်များကို ကြည့်ကာ မျက်လုံးအစုံ ပြူးကျယ်သွားရသည်။ သူသည် နှုတ်ခမ်းကို မနေနိုင်ဘဲ သပ်လိုက်မိတော့သည်။ သူ ထွက်ခွာသွားချိန်မှ ယခုအချိန်အထိမှာ အချိန်အနည်းငယ်သာ ရှိသေးသည်မဟုတ်ပါလော။ ရာနှင့်ချီသော ရူးသွပ်နေသည့် ကျင့်ကြံသူများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ် ဆယ်ဂဏန်းကျော်မှာ ဤမျှအထိ မြန်ဆန်စွာ ရှင်းလင်းခြင်း ခံလိုက်ရသည်ဆိုတော့။ အကယ်၍ ဤအရာအားလုံးကို လော့ချန် တစ်ယောက်တည်း လုပ်ခဲ့တာဆိုရင်တော့ တကယ့်ကို ကြောက်စရာကောင်းလွန်းတာပဲ။
“မင်းက လော့ချန် ဒီမှာရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား... လူကော...”
လီရှောင်ဖုန်း၏အေးစက်လှသော အသံမှာ ထိုလူငယ်ကို သတိပြန်ဝင်လာစေခဲ့သည်။ သူသည် ထိတ်လန့်တကြားနှင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး တုန်တုန်ရင်ရင်နှင့် ဆိုလိုက်၏။
“သူ... သူ ခုနတင် ဒီမှာ ရှိနေတာပါ... အခုတော့... ကျွန်တော်လည်း မသိတော့ဘူး...”
“တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ...”
လီရှောင်ဖုန်းက ဆဲဆိုလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဖျတ်...”
ထိုလူငယ်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သူ၏ကိုယ်ထည်မှာ ရင်ဘတ်မှနေ၍ နှစ်ပိုင်း ပြတ်သွားတော့သည်။ အသက်ဓာတ် ကုန်ဆုံးခါနီး နောက်ဆုံးအချိန်တွင် သူသည် လီရှောင်ဖုန်းကို စိုက်ကြည့်ကာ သွားများကို တင်းကျပ်စွာ စိလျက် ဆိုလိုက်၏။
“အား... အား... မင်း... မင်းလည်း ကောင်းကောင်းသေရမှာ မဟုတ်ဘူး...”
“ဟွန့်... စကားများလိုက်တာ...”
လီရှောင်ဖုန်း၏မျက်ဝန်းအတွင်း၌ အေးစက်လှသော အလင်းတန်းများ ဝင်းလက်သွားခဲ့ပြီး လက်ညှိုးဖြင့် ဟင်းလင်းပြင်၌ အကြိမ်ကြိမ် ထောက်လိုက်သည်။
“ရှူး... ရှူး... ရှူး...”
ထက်မြက်လှသော ဓားအရှိန်အဝါများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး အရှိန်အဝါများမှာလည်း ပြိုင်ဘက်ကင်းလှသည်။ ထိုလူငယ်၏ခန္ဓာကိုယ်မှာလည်း တစ်ခဏအတွင်း အပိုင်းပိုင်း ပြိုကွဲသွားရတော့သည်။
“လော့ချန်... မင်းလို အသုံးမကျတဲ့ကောင်ရဲ့ ကံက ဘယ်လောက်အထိ ကောင်းမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့... ငါ့ရှေ့ကနေ ဘယ်နှစ်ကြိမ်လောက် ပြေးနိုင်မလဲဆိုတာကိုလေ... ဒီတစ်ခါတော့ မင်းကို ငါ သေချာပေါက် သတ်မယ်...”
လီရှောင်ဖုန်းသည် ရက်စက်စွာ ရယ်မောလိုက်ပြီး သူ၏ကိုယ်ပေါ်၌ စိမ်းပြာရောင် ဓားရိပ်များမှာ ဟိန်းဟောက်နေတော့သည်။ သူသည် ရှေ့ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
အခန်း ၇၁၂ ပြီးပါပြီ။
အခန်း ၇၁၃ - အဆင့်တက်ခြင်း... အစွမ်းပြသခြင်း
လော့ချန်သည် တောင်ပံဖြန့်ထားသော လင်းယုန်ကြီးတစ်ကောင်အလား အရပ်မျက်နှာအနှံ့ကို ဝေ့ဝဲကြည့်ရှုလျက် မြို့အတွင်းရှိ သွေးမိစ္ဆာအငွေ့အသက်များ ပေါက်ကွဲနေသော နေရာဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
ခဏမျှအကြာတွင် လော့ချန်သည် နောက်ထပ် ဆိုးရွားလှသော တိုက်ပွဲမြေပြင်တစ်ခုသို့ ရောက်ရှိလာခဲ့ပြန်သည်။ ၎င်းမှာ သူနှင့် စီနီယာယင်းလီတို့ ယခင်က နေထိုင်ခဲ့သည့် ယွမ်လန်ဂေဟာပင် ဖြစ်သည်။ ယခင်က ခမ်းနားထည်ဝါလှသော ယွမ်လန်ဂေဟာမှာ ယခုအခါတွင်မူ အပျက်အစီးများသာ ကျန်တော့သည့် မြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မြေပြင်ပေါ်၌ အက်ကွဲကြောင်းများ နေရာအနှံ့ ရှိနေခဲ့ပြီး အပိုင်းပိုင်း ပြိုကွဲပျက်စီးနေသော အလောင်းခြောက်များမှာလည်း တောင်တစ်လုံးအလား စုပုံနေတော့သည်။
လော့ချန်သည် ထိုအထဲ၌ ရင်းနှီးသော မျက်နှာအချို့ကို တွေ့ရှိသွားခဲ့သည်။ ၎င်းတို့မှာ သူနှင့် စီနီယာယင်းလီကို ဧည့်ခံခဲ့ကြသည့် ယွမ်လန်ဂေဟာမှ အစေခံမလေးများပင် ဖြစ်သည်။ ထိုအစေခံမလေးများသည် ငယ်ရွယ်နုပျိုပြီး လှပကြသူများ ဖြစ်ကြသော်လည်း ယခုအခါတွင်မူကိုယ်တွင်းရှိ သွေးအနှစ်သာရ အားလုံး ဝါးမြိုခြင်း ခံလိုက်ရသဖြင့် အရိုးနှင့်အရေသာ ကျန်တော့သည့် အလောင်းခြောက်များအဖြစ် ပြောင်းလဲသွားကြရသည်။ ဟောင်းလောင်းပေါက် ဖြစ်နေသော မျက်ဝန်းအစုံမှာ ကောင်းကင်ယံသို့ စိုက်ကြည့်နေကြပြီး ကံကြမ္မာ၏မတရားမှုကို တိုင်တည်နေကြသည့်နှယ် ရှိနေတော့သည်။
လော့ချန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး ရှေ့ဘက်ရှိ တိုက်ပွဲမြေပြင်ကို မော်ကြည့်လိုက်သည်။ ထိုနေရာ၌ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူ နှစ်ဆယ်၊ သုံးဆယ်ခန့်သာ ကျန်ရှိတော့ပြီး အစွမ်းကုန် ခုခံနေကြရသည်။ လူတိုင်း၏ကိုယ်ပေါ်တွင် ဒဏ်ရာများ ပြည့်နှက်နေသလို မျက်နှာများမှာလည်း မျှော်လင့်ချက်ကင်းမဲ့နေကြတော့သည်။ သူတို့၏ပတ်ဝန်းကျင်၌ ရူးသွပ်နေသော ကျင့်ကြံသူ ဆယ်ဂဏန်းကျော် ရှိနေခဲ့ပြီး သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာမူ ကျိုင်းကောင်များအလား သိပ်သည်းစွာ ပြည့်နှက်နေတော့သည်။
လော့ချန် အကြမ်းဖျင်း တွက်ဆကြည့်လိုက်ရာ သွေးမိစ္ဆာယွမ်ဝိညာဉ် အနည်းဆုံး နှစ်ရာ၊ သုံးရာခန့် ရှိနေခဲ့သည်။ ဤသွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ ဟင်းလင်းပြင်၌ ပျံသန်းနေကြပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းထားသော သွေးမိစ္ဆာအငွေ့အသက်များကြောင့် တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် ငရဲဘုံတစ်ခုအလား ဖြစ်နေကာ ခြောက်ကပ်ပြီး မျှော်လင့်ချက်ကင်းမဲ့သော အငွေ့အသက်များ ပြည့်နှက်နေတော့သည်။
“ဒီလောက်အထိ များပြားတဲ့ သွေးမိစ္ဆာယွမ်ဝိညာဉ်တွေဆိုရင်... ငါ့ရဲ့ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို စတင်မှုအောင်မြင်တဲ့ အဆင့်အထိ သေချာပေါက် တက်လှမ်းစေနိုင်မှာပဲ...”
လော့ချန်သည် တွေဝေနေခြင်း မရှိဘဲ ထိုနေရာသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။
“သတ်စမ်း...”
ဟင်းလင်းပြင်၌ ရှိနေစဉ် လော့ချန်သည် ရုတ်တရက် အသံကုန် ဟိန်းဟောက်လိုက်သည်။ ထိုဟိန်းဟောက်သံအတွင်း၌ သတ်ဖြတ်ခြင်းဓားဆန္ဒကို ပေါက်စပ်ထားသဖြင့် လေထုမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ သွေးမိစ္ဆာယွမ်ဝိညာဉ်ကိုယ်ထည်များမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ဝေေဝဝါးဝါး ဖြစ်ကုန်ကြတော့သည်။
ဓားဆန္ဒသည် ယုတ်မာညစ်ထေးသော အရာများကို ချေမှုန်းနိုင်စွမ်းရှိသလို အစစ်အမှန်မဟုတ်သော အရာများကိုလည်း ပိုင်းဖြတ်နိုင်စွမ်း ရှိသည်ဖြစ်ရာ သွေးမိစ္ဆာယွမ်ဝိညာဉ်များကဲ့သို့သော ဝိညာဉ်ခန္ဓာများအတွက်မူ အားနည်းချက် ဖြစ်နေသည်မှာ သေချာလှပေသည်။ အစွမ်းထက်လှသော ဓားဆန္ဒအဆင့်ရှိ ဓားသမားအချို့ဆိုလျှင် အကြည့်တစ်ချက်တည်းဖြင့်ပင် ဝိညာဉ်ခန္ဓာများကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
“ဝါးမြိုစမ်း...”
ဤအခွင့်အရေးကို အသုံးချလျက် လော့ချန်သည် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို တိုက်ရိုက် အသုံးပြုလိုက်တော့သည်။ ချက်ချင်းပင် သွေးမိစ္ဆာယွမ်ဝိညာဉ် ဆယ်ဂဏန်းကျော်မှာ ကိုယ်တွင်းသို့ ထုတ်ယူ ဝါးမြိုခြင်း ခံလိုက်ရပြီး စင်ကြယ်လှသော သွေးအနှစ်သာရ အငွေ့အသက်များအဖြစ် ပြောင်းလဲသွားကာ လော့ချန်၏ကိုယ်တွင်းသို့ ဟုန်းဟုန်းတောက် စီးဝင်သွားကြတော့သည်။
‘သွေးစွမ်းအင်တွေက တစ်ကိုယ်လုံးမှာ လည်ပတ်နေပြီးတော့ ဒန်ထျန်မှာ စုစည်းလာတယ်... သွေးစွမ်းအင်ဝဲကတော့ ဖြစ်ပေါ်လာပြီး သမုဒ္ဒရာအလား စီးဆင်းကာ သွေးမိစ္ဆာနတ်ဘုရားကို ဖော်ဆောင်တယ်...’
လော့ချန်သည် စိတ်ထဲမှ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်၏ ကျင့်စဉ်နည်းလမ်းများကို ရွတ်ဆိုလျက် အစွမ်းကုန် ကျင့်ကြံနေတော့သည်။ သူ၏တစ်ကိုယ်လုံးရှိ သွေးစွမ်းအင်များမှာ လှိုင်းတံပိုးများအလား မြည်ဟည်းနေခဲ့ပြီး သွေးစွမ်းအင်ဝဲကတော့မှာလည်း အဆင့်တက်လှမ်းတော့မည့် ခံစားချက်မှာ ပိုမို ပြင်းထန်လာတော့သည်။ အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်သည့်အတွက် လော့ချန်၏မျက်ဝန်းအတွင်းမှ အလင်းတန်းများ ဝင်းလက်သွားခဲ့ပြီး တိုက်ပွဲ၏ဗဟိုချက်ဆီသို့ ကိုယ်တိုင် တိုးဝင်သွားတော့သည်။
“ဝူး... ဝူး... ဝူး... ဝူး...”
ဟင်းလင်းပြင်၌ ပျံသန်းနေသော သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ ဤမျှအထိ ပြင်းထန်လှသော သွေးစွမ်းအင် တုန်ခါမှုများကို ခံစားလိုက်ရသည့်အခါ သွေးနံ့ကို ရလိုက်သော ဝံပုလွေအုပ်ကြီးအလား လော့ချန်ထံသို့ ရူးသွပ်စွာ ထိုးဆင်းလာကြသည်။ အရေအတွက်မှာ အနည်းဆုံး တစ်ရာခန့် ရှိနေတော့သည်။
“သတ်စမ်း...”
သွေးမိစ္ဆာယွမ်ဝိညာဉ် တစ်ရာခန့်၏ဝိုင်းရံခြင်းကို ခံလိုက်ရသည့်အခါ လော့ချန်သည်လည်း ပေါ့ဆခြင်း မရှိဘဲ ဓားဆန္ဒကို အစွမ်းကုန် လှုံ့ဆော်လျက် မီးလျှံကျောက်စိမ်းရတနာဓားဖြင့် ပတ်ချာလည် ပိုင်းဖြတ်လိုက်တော့သည်။
“ဘုန်း...”
လေဆင်နှာမောင်းဓားအရှိန်အဝါမှာ နဂါးတစ်ကောင်အလား လော့ချန်ကို ဗဟိုပြု၍ ပြန့်လွင့်သွားခဲ့သည်။ သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ ဓားအရှိန်အဝါနှင့် ထိတွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် တစ်ခဏအတွင်း ပြိုကွဲပျက်စီးသွားခဲ့ကြပြီး လော့ချန်၏ထုတ်ယူ ဝါးမြိုခြင်းကို ခံလိုက်ကြရတော့သည်။ ဓားနှစ်ချက်၊ သုံးချက်မျှဖြင့်ပင် သွေးမိစ္ဆာယွမ်ဝိညာဉ် တစ်ရာခန့်မှာ အစအနမကျန် ရှင်းလင်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ပြင်းထန်လှသော သွေးအနှစ်သာရ အငွေ့အသက်များကြောင့် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်မှာ ဝါးမြိုနိုင်ရန်ပင် အချိန်မလောက်သကဲ့သို့ ဖြစ်နေခဲ့ပြီး လော့ချန်၏ပတ်ဝန်းကျင်၌ ပါးလွှာလှသော သွေးရောင်အလွှာတစ်ခု ဖြစ်ပေါ်လာကာ သူ့ကို လွှမ်းခြုံနေတော့သည်။ သွေးရောင်အရှိန်အဝါများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေခဲ့ပြီး တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် သွေးရောင်ပိုးအိမ်ကြီးတစ်ခုအလား ရှိနေတော့သည်။
သွေးရောင်ပိုးအိမ်၏ဗဟိုချက်၌ လော့ချန်၏တစ်ကိုယ်လုံးရှိ အသားအရေများမှာ နီမြန်းနေခဲ့ပြီး သွေးကြောများမှာလည်း ဖောင်းကြွလာတော့သည်။ ၎င်းမှာ သွေးစွမ်းအင်များ အလွန်အမင်း ပြင်းထန်နေခြင်း၏လက္ခဏာပင် ဖြစ်သည်။ သူ၏ဒန်ထျန်အတွင်းရှိ သွေးစွမ်းအင်ဝဲကတော့မှာလည်း အရောင်မှာ အနီရင့်ရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အသာအယာ လည်ပတ်နေကာ သိုလှောင်နိုင်စွမ်းမှာ အကန့်အသတ်သို့ ရောက်ရှိနေသည့်နှယ် ရှိနေတော့သည်။
‘ဒီတစ်ကြိမ်မှာ အောင်မြင်ရမယ်... ပေါက်ကွဲစမ်း...’
လော့ချန်သည် စိတ်ထဲမှ အော်ဟစ်လိုက်ပြီး သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို အစွမ်းကုန် လည်ပတ်စေလိုက်တော့သည်။ ထို့နောက်တွင်မူ ပြင်းထန်လှသော လှိုင်းတံပိုးကြီးများ၏မြည်ဟည်းသံတစ်ခုမှာ သူ၏ဒန်ထျန်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
“ဝုန်း...”
သွေးစွမ်းအင်ဝဲကတော့မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး တောက်ပလှသော သွေးရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ အရှိန်အဟုန်ဖြင့် ကြီးမားလာတော့သည်။ ၎င်းမှာ မူလကထက် အဆပေါင်း သုံးဆခန့်အထိ ပိုမို ကြီးမားသွားမှသာ ရပ်တန့်သွားခဲ့ပြီး လည်ပတ်မှုမှာလည်း ပိုမို အားကောင်းလာတော့သည်။ အစွမ်းကုန် လည်ပတ်လိုက်သည်နှင့်တစ်ပြိုင်နက် လှိုင်းတံပိုးများ၏မြည်ဟည်းသံများမှာ ထွက်ပေါ်လာခဲ့ပြီး ဒန်ထျန်တစ်ခုလုံးမှာလည်း ရေလှိုင်းအလား လှုပ်ရှားတုန်ခါနေတော့သည်။
“သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ် စတင်မှုအောင်မြင်တဲ့ အဆင့်ကို ရောက်ပြီ... သွေးကြောနိုးကြားမှု အဆင့် ၉ အထွတ်အထိပ်ပဲ...”
လော့ချန်သည် အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ ဤမျှအထိ များပြားလှသော သွေးမိစ္ဆာယွမ်ဝိညာဉ်များကို ဝါးမြိုလိုက်သဖြင့် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်မှာ သဘာဝအလျောက်ပင် စတင်အောင်မြင်သည့် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
၎င်းတင်မကသေးဘဲ သွေးစွမ်းအင်ဝဲကတော့ အဆင့်တက်လှမ်းသွားသည့် ခဏမှာပင် ကျင့်ကြံမှုအဆင့်၏ ပိတ်ဆို့မှုမှာလည်း ပွင့်ထွက်သွားခဲ့ပြီး သွေးကြောနိုးကြားမှု အဆင့် ၉ အထွတ်အထိပ်သို့ တိုက်ရိုက်ပင် အဆင့်တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ မူလက လော့ချန်၏တွက်ဆချက်အရဆိုလျှင် သူသည် သွေးကြောနိုးကြားမှု အဆင့် ၉ အထွတ်အထိပ်သို့ ရောက်ရှိရန် အနည်းဆုံး ဆယ်ရက်ခန့် လိုသေးခြင်း ဖြစ်သည်။ ၎င်းမှာလည်း အဆင့်မြင့် ကျင့်ကြံရေးဆေးလုံးများကို အသုံးပြုပြီး ကျင့်ကြံမှုအရှိန်ကို မြှင့်တင်နိုင်မှသာ ဖြစ်နိုင်ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို ကျင့်ကြံခြင်းဖြင့် ကျင့်ကြံမှုအဆင့်မှာလည်း တစ်ပါးတည်း တိုးတက်လာခဲ့ပြီး အချိန်မတိုင်မီ အဆင့်တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်က လောကနိယာမကို ဆန့်ကျင်နေခြင်းကြောင့် မဟုတ်ပေ။ ပြောရမည်ဆိုလျှင် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်က သွေးအနှစ်သာရ အငွေ့အသက်များကို ထုတ်ယူ ဝါးမြိုနိုင်စွမ်း ရှိသော်လည်း ၎င်းအတွင်း၌ အားနည်းချက်တစ်ခု ရှိနေသေးသည်။ ၎င်းမှာ သွေးအနှစ်သာရအတွင်းရှိ စိတ်အာရုံများကို ချေမှုန်းနိုင်စွမ်း မရှိသဖြင့် ကျင့်ကြံသူကိုယ်တိုင်ကသာ တဖြည်းဖြည်းချင်း သန့်စင်ပေးရခြင်း ဖြစ်သည်။
အချိန်တိုအတွင်း၌ သွေးအနှစ်သာရ အငွေ့အသက်များကို အလွန်အမင်း ဝါးမြိုမိမည်ဆိုပါက ၎င်းအတွင်းရှိ ရှုပ်ထွေးလှသော စိတ်အာရုံများကြောင့် ကျင့်ကြံသူကို ပြန်လည် ထိခိုက်စေနိုင်ပြီး စိတ်အာရုံများ ရှုပ်ထွေးကုန်ကာ အလိုရမ္မတ်များအတွင်း နစ်မွန်းသွားစေနိုင်၏။ နောက်ဆုံးတွင် ကျင့်စဉ်ဖောက်ပြန်ပြီး အသိစိတ်မရှိသော နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားစေနိုင်ပါသည်။
ဤသွေးမိစ္ဆာယွမ်ဝိညာဉ်များသည် သွေးမိစ္ဆာဆီမှ ပေါက်ကွဲထွက်လာသော သွေးမိစ္ဆာအငွေ့အသက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ ၎င်းအတွင်းရှိ ယုတ်မာသော စိတ်အာရုံများမှာ ပိုမို၍ ကြောက်စရာကောင်းလှပေသည်။ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ဦးအနေဖြင့် လုံးဝ တောင့်ခံနိုင်မည် မဟုတ်ပေ။ ယူလန်ရှင်းသည် သွေးကြောနိုးကြားမှုနယ်ပယ်၏ ထိပ်သီးပါရမီရှင်ဖြစ်သလို ဓားဆန္ဒအစပျိုးအဆင့်ရှိသူ တစ်ဦး ဖြစ်ပါလျက်နှင့်ပင် သွေးမိစ္ဆာယွမ်ဝိညာဉ် နှစ်ခု၏ ဝင်ရောက်ဖျက်ဆီးခြင်းကို ခံလိုက်ရသည့်အခါ ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည်မဟုတ်ပါလော။
အကယ်၍ အခြား သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူသာဆိုပါက ဤမျှအထိ များပြားလှသော သွေးအနှစ်သာရများနှင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များကို ဝါးမြိုမိသည်နှင့်တစ်ပြိုင်နက် စိတ်အာရုံများ ချက်ချင်း ပြိုကွဲသွားခဲ့ပြီး သေဆုံးသွားရမည်မှာ သေချာလှပေသည်။ သို့သော်လည်း လော့ချန်သည် ဝိညာဉ်စွမ်းအင် သန်မာလှသလို သန်မာလှသော သတ်ဖြတ်ခြင်းဓားဆန္ဒကိုလည်း ကျင့်ကြံထားသူ ဖြစ်၏။ ၎င်းအပြင် အရာအားလုံးကို သန့်စင်နိုင်စွမ်းရှိသော ရောင်စဉ်ကိုးသွယ် အကြေးခွံရတနာလည်း ရှိနေသေးသဖြင့် ဤကဲ့သို့သော စိုးရိမ်ပူပန်မှုမျိုး ရှိနေစရာ မလိုပေ။ သူ၏ခန္ဓာကိုယ်ကသာ တောင့်ခံနိုင်မည်ဆိုလျှင် သူသည် ဆက်လက်၍ ဝါးမြိုနိုင်စွမ်း ရှိနေဦးမည် ဖြစ်သည်။
“ဟဲဟဲ... ဒီသွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်က ငါ့လက်ထဲကို ရောက်လာတော့ ဆယ်ဆလောက် ပိုပြီးတော့ အသုံးဝင်သွားတာပေါ့... တကယ့်ကို အားကိုးရတဲ့ အရာပဲ... သွေးဝိညာဉ်အရှင်သခင်ကိုယ်တိုင်တောင် တစ်စုံတစ်ယောက်က သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဂရုစိုက်စရာ မလိုဘဲ ကျင့်ကြံနိုင်လိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ဘူး...”
လော့ချန်၏မျက်ဝန်းများထဲ၌ ဝမ်းသာမှုများ ပြည့်နှက်နေခဲ့ပြီး သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို ရရှိခဲ့သည့်အတွက် မိမိကိုယ်ကို ကံကောင်းသည်ဟု ယူဆလိုက်မိသည်။ သိုင်းဝိညာဉ် ဝါးမြိုခြင်းစွမ်းရည်ကိုမူ လူမြင်ကွင်း၌ လွယ်လွယ်ကူကူ အသုံးမပြုနိုင်ပေ။ ဤသွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကမူ များစွာ စိုးရိမ်နေစရာ မလိုသဖြင့် သူ၏ကျင့်ကြံမှုအရှိန်ကို များစွာ တိုးတက်လာစေမည်မှာ သေချာလှပေသည်။
“ဟင်...”
ရုတ်တရက် လော့ချန်သည် သူ၏ဒန်ထျန်အတွင်းမှ ပြင်းထန်လှသော ဟာတာတာ ဖြစ်မှုကို ခံစားလိုက်ရသည်။ သွေးစွမ်းအင်ဝဲကတော့ အဆင့်တက်လှမ်းသွားခဲ့ပြီး အဆပေါင်းများစွာ ပိုမို ကြီးမားလာခဲ့ကာ ပိုမို၍လည်း သိပ်သည်းလာခဲ့ပြီ ဖြစ်သည်။ မူလကရှိနေသော သွေးအနှစ်သာရ အငွေ့အသက်များကမူ ထိုဝဲကတော့ကြီးကို ဖြည့်ဆည်းပေးရန် မလုံလောက်တော့ဘဲ ဟာတာတာ ဖြစ်နေခြင်းပင် ဖြစ်သည်။
“ဝူး... ဝူး... ဝူး... ဝူး... ဝူး...”
ထိုစဉ်မှာပင် သွေးမိစ္ဆာယွမ်ဝိညာဉ် နောက်ထပ် အုပ်စုတစ်ခုမှာ အရပ်မျက်နှာအနှံ့မှ တိုးဝင်လာကြပြန်သည်။
“ဟဲဟဲ... လာတာ အတော်ပဲ...”
စတင်အောင်မြင်သည့် အဆင့်သို့ ရောက်ရှိသွားသော သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်၏အစွမ်းကို စမ်းသပ်ကြည့်လိုသဖြင့် လော့ချန်သည် လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး သွေးစွမ်းအင်ဝဲကတော့ကို အစွမ်းကုန် လည်ပတ်စေလိုက်တော့သည်။
“ဝူး...”
သွေးရောင်အလင်းများ ဆူပွက်လာခဲ့ပြီး လော့ချန်၏ကိုယ်ပေါ်မှ ဒြပ်မဲ့လှသော ဆွဲငင်အားတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။ လော့ချန်ကို ဗဟိုပြုလျက် မီတာသုံးဆယ်ခန့်ရှိသော လေဟာနယ်အတွင်း၌ လေထုမှာ အနည်းငယ် တွန့်လိမ်နေသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ပြီး တိုးဝင်လာသော သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ ထိုနေရာသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံး တွန့်လိမ်ပြိုကွဲသွားကြကာ ပြင်းထန်လှသော သွေးအနှစ်သာရ အငွေ့အသက်များအဖြစ် ပြောင်းလဲသွားလျက် လော့ချန်၏ကိုယ်တွင်းသို့ တိုက်ရိုက် စီးဝင်သွားကြတော့သည်။
ဆယ်ခု...။
ငါးဆယ်...။
တစ်ရာ...။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဟင်းလင်းပြင်၌ ပျံသန်းနေသော သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ အစအနမကျန် ရှင်းလင်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။
“ဟင်... တစ်ခဏအတွင်းမှာတင် သွေးမိစ္ဆာအစပျိုးအဆင့် အများကြီးကို သတ်ပစ်လိုက်တာလား...”
“ဒါ ဘာနည်းလမ်းလဲ... ငါ့ရဲ့ကိုယ်တွင်းက သွေးစွမ်းအင်တွေတောင် သက်ရောက်မှု ခံလိုက်ရပြီးတော့ ထိန်းချုပ်လို့ မရတော့မလို ဖြစ်သွားတယ်...”
“တကယ့်ကို သန်မာတာပဲ... ကြောက်စရာ ကောင်းလိုက်တာ... သူ... သူက တကယ်ပဲ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူ ဟုတ်ရဲ့လား...”
“လော့ချန်ကတော့ သေချာပေါက် သွေးကြောနိုးကြားမှုနယ်မြေ စာရင်းထဲ ဝင်နိုင်မှာပဲလို့ ငါ လောင်းရဲတယ်...”
ဤတိုက်ကွက်က ပတ်ဝန်းကျင်ရှိ သန်မာသူအားလုံးကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့ပြီး လူတိုင်း၏အကြည့်မှာ လော့ချန်ထံသို့သာ ရောက်ရှိနေတော့သည်။ သွေးမိစ္ဆာယွမ်ဝိညာဉ် အနည်းငယ်ကပင် သူတို့ကို အကြီးအကျယ် ဒုက္ခပေးနိုင်သည်မဟုတ်ပါလော။ လော့ချန် တစ်ယောက်တည်းကမူ တစ်ခဏအတွင်းမှာပင် တစ်ရာကျော်ကို အစအနမကျန် ရှင်းလင်းပစ်နိုင်ခဲ့သဖြင့် ဤအစွမ်းမှာ တကယ့်ကို အံ့မခန်းလှပေ။
အခန်း ၇၁၃ ပြီးပါပြီ။
အခန်း ၇၁၄ - မဟာနယ်ပယ်သုံးခု... သွေးမိစ္ဆာမွေးဖွားခြင်း
“ဒီလောက်တောင် သန်မာတာလား...”
လော့ချန်သည်လည်း သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်မှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းပကားကြောင့် အနည်းငယ် မှင်တက်မိသွားရသည်။ ကျမ်းအတွင်းရှိ ဖော်ပြချက်များအရ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်တွင် မဟာနယ်ပယ်သုံးခု ရှိနေသည်မဟုတ်ပါလော။ ၎င်းတို့မှာ သွေးစွမ်းအင်ဝဲကတော့၊ သွေးမိစ္ဆာပင်လယ်နှင့် သွေးမိစ္ဆာနတ်ဘုရား တို့ပင် ဖြစ်ကြသည်။
သူသည် ယခုအခါ ပထမဆုံးနယ်ပယ်ဖြစ်သော သွေးစွမ်းအင်ဝဲကတော့ကိုသာ စတင်အောင်မြင်သည့် အဆင့်သို့ ရောက်ရှိသေးသော်လည်း ဤမျှအထိ စွမ်းပကားကြီးမားနေပြီ ဖြစ်သည်။ အကယ်၍သာ အမြင့်ဆုံးနယ်ပယ်ဖြစ်သော သွေးမိစ္ဆာနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့မည်ဆိုလျှင် မည်မျှအထိ ကြောက်စရာကောင်းလိုက်မည်နည်း။
ထိုအခါကျလျှင် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့်ပင် သွေးကြောနိုးကြားမှုနယ်ပယ်၏ ထိပ်သီးသန်မာသူများကို တစ်ခဏအတွင်း သွေးအနှစ်သာရများ ကုန်ခမ်းစေပြီး အလောင်းခြောက်ဖြစ်သွားအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ကာကွယ်ရေးချီစွမ်းအင်များကလည်း တားဆီးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ဤသို့ တွေးမိသည့်အခါ လော့ချန်သည် စိတ်လှုပ်ရှားလာရသည်။ ယခု ယွမ်ချွမ်မြို့၏ နေရာအနှံ့တွင် သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြည့်နှက်နေသလို သွေးမိစ္ဆာယွမ်ဝိညာဉ်များလည်း အဆက်မပြတ် ပေါ်ထွက်နေသည်ဖြစ်ရာ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ် ကျင့်ကြံရန်အတွက် အကောင်းဆုံးသော နတ်ဘုရားနယ်မြေတစ်ခုပင် ဖြစ်နေတော့သည်။
“ဒီအခွင့်အရေးကို သုံးပြီးတော့ သွေးမိစ္ဆာယွမ်ဝိညာဉ်တွေကို များများ ဝါးမြိုရမယ်၊ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို နောက်ထပ်နယ်ပယ်တစ်ခုအထိ တက်လှမ်းနိုင်အောင် ကြိုးစားရမယ်၊ အဲ့ဒီလိုဆိုရင် ကျင့်ကြံမှုအဆင့်ကလည်း ပိုပြီးတော့ ခိုင်မာလာမှာဖြစ်သလို စတုတ္ထနယ်ပယ်ကို တက်လှမ်းပြီး မြေကမ္ဘာအဆင့် မဟာသန်မာသူဖြစ်ဖို့အတွက် ပြင်ဆင်ပြီးသား ဖြစ်သွားမှာပဲ...”
စိတ်ထဲမှ တွက်ချက်ပြီးနောက် လော့ချန်သည် အောက်သို့ ထိုးဆင်းလိုက်ပြီး ကျန်ရှိနေသော ရူးသွပ်နေသည့် ကျင့်ကြံသူ ဆယ်ဂဏန်းကျော်ကို သတ်ဖြတ်ရန် တိုးဝင်သွားတော့သည်။
ကျင့်ကြံမှုအဆင့် တက်လှမ်းသွားသဖြင့် လော့ချန်၏ အစွမ်းမှာလည်း သိသိသာသာ မြင့်တက်လာခဲ့ပြီ ဖြစ်ရာ ဤရူးသွပ်နေသော ကျင့်ကြံသူများကို သတ်ဖြတ်ရသည်မှာ မုန်လာဥလှီးရသကဲ့သို့ လွယ်ကူလှပေသည်။ အသက်တစ်ရှူစာမျှ အချိန်အတွင်းမှာပင် ရူးသွပ်သော ကျင့်ကြံသူ ဆယ်ဂဏန်းကျော်မှာ အစအနမကျန် ရှင်းလင်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ထိုသူများ၏ သွေးအနှစ်သာရများနှင့် သိုလှောင်လက်စွပ်များကို သိမ်းဆည်းပြီးနောက် လော့ချန်သည် ထိုနေရာ၌ ဆက်မနေတော့ဘဲ ပုံရိပ်ယောင်များကို ဖန်တီးလျက် မြို့အတွင်းသို့ ပျံသန်းသွားတော့သည်။ လမ်းတစ်လျှောက် ပျံသန်းနေစဉ် လော့ချန်သည် သွေးမိစ္ဆာယွမ်ဝိညာဉ် အုပ်စုငယ်များကို မကြာခဏ တွေ့ရှိရပြီး သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို လှုံ့ဆော်ကာ အဝေးမှနေ၍ ထုတ်ယူ ဝါးမြိုပစ်လိုက်သည်။
သွေးစွမ်းအင်ဝဲကတော့ အဆင့်တက်သွားသဖြင့် အဝေးမှနေ၍ ဝါးမြိုနိုင်သော အကွာအဝေးမှာလည်း မီတာသုံးဆယ်ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ရာ သုံးစွဲရသည်မှာ ပိုမို အဆင်ပြေလာသလို ထိရောက်မှုမှာလည်း များစွာ မြင့်တက်လာခဲ့သည်။ သွေးမိစ္ဆာယွမ်ဝိညာဉ်များကို တစ်ခုပြီးတစ်ခု ရှင်းလင်းဝါးမြိုနေခဲ့ရာ အချိန်အနည်းငယ်အတွင်းမှာပင် လော့ချန်သည် နောက်ထပ် သွေးမိစ္ဆာယွမ်ဝိညာဉ် တစ်ရာကျော်ကို ဝါးမြိုလိုက်ပြီ ဖြစ်သည်။
ပြင်းထန်လှသော သွေးအနှစ်သာရ အငွေ့အသက်များကိုယ်တွင်းသို့ စီးဝင်လာသည်နှင့်အမျှ ဟာတာတာ ဖြစ်နေသော သွေးစွမ်းအင်ဝဲကတော့မှာ ထပ်မံ၍ ပြည့်စုံလာခဲ့ပြန်သည်။ သွေးအလင်းများ ဝင်းလက်နေသော သွေးရောင်ကြယ်တာရာအလား သူ၏ ဒန်ထျန်အတွင်း၌ လည်ပတ်နေတော့သည်။
“ကျမ်းမှာ ဖော်ပြချက်အရဆိုရင်တော့ အရမ်း နှေးနေသေးတယ်...”
ဤမျှအရှိန်အဟုန်ဖြင့် မြန်ဆန်လှသော်လည်း လော့ချန်က အားမရသေးဘဲ ရပ်တန့်လိုက်ပြီးနောက် ခေတ္တမျှ တွေးတောကာ သူ၏ ဝိညာဉ်စွမ်းအင်ကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ ဝိညာဉ်စွမ်းအင်၏ ခံစားမှုအရ ထိုနေရာ၌ ပျံသန်းနေသော သွေးမိစ္ဆာယွမ်ဝိညာဉ် အရေအတွက်မှာ ဆယ်ဂဏန်း၊ ရာဂဏန်း မဟုတ်ပေ။
၎င်းမှာ ထောင်နှင့်ချီ၍လည်းကောင်း၊ သောင်းနှင့်ချီ၍လည်းကောင်း ရှိနေခြင်း ဖြစ်သည်။ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားသော ထိုမြင်ကွင်းကြောင့် လော့ချန်ပင်လျှင် မနေနိုင်ဘဲ ထိတ်လန့်သွားရတော့သည်။
မည်သည့် တွေဝေမှုမျှ မရှိဘဲ လော့ချန်သည် အနောက်တောင်ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။ မကြာမီမှာပင် လော့ချန်သည် အခြေအနေကို သဘောပေါက်သွားခဲ့သည်။
အရှေ့ဘက်တွင် မိုင်ပေါင်းများစွာ ကျယ်ပြောလှသော တိုက်ပွဲမြေပြင်ကြီးတစ်ခု ရှိနေခဲ့ပြီး တစ်ဖက်တွင် မြို့စားအိမ်တော်မှ ခေါ်ယူထားသော သန်မာသူများနှင့် မြို့စောင့်တပ်များ ရှိနေကြသည်။ ထိုသူများသည် ရှည်လျားလှသော ကာကွယ်ရေးစည်းတစ်ခုကို တည်ဆောက်ထားကြပြီး ယွမ်ချွမ်မြို့၏ သာမန်ပြည်သူများကို မြောက်ဘက်မြို့ရိုးမှတစ်ဆင့် ထွက်ခွာနိုင်အောင် ကာကွယ်ပေးနေကြခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ရေတွက်၍မရနိုင်သော ရူးသွပ်သည့် ကျင့်ကြံသူများနှင့် ဟင်းလင်းပြင်၌ ပြည့်နှက်နေသော သွေးမိစ္ဆာယွမ်ဝိညာဉ်များ ရှိနေကြသည်။ နှစ်ဖက်စလုံးမှာ အကြီးအကျယ် သတ်ဖြတ်နေကြသဖြင့် တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လှပေသည်။
တိုက်ပွဲမြေပြင် တစ်ခုလုံးတွင် အလောင်းများမှာ တောင်လိုပုံနေပြီး သွေးချောင်းစီးနေကာ ပြင်းထန်လှသော သွေးမိစ္ဆာအငွေ့အသက်များမှာ ကောင်းကင်သို့ ထိုးတက်နေသဖြင့် နေရောင်ခြည်ကိုပင် ကွယ်နေတော့သည်။ လေထုအတွင်း၌လည်း ပြင်းထန်လှသော သွေးညှီနံ့များ ပြည့်နှက်နေသလို သွေးမိစ္ဆာယွမ်ဝိညာဉ်များ၏ အော်ဟစ်သံများကြောင့် လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်နေကြရတော့သည်။
“အခြားနေရာတွေမှာ သွေးမိစ္ဆာယွမ်ဝိညာဉ် အရေအတွက် နည်းနေတာ မထူးဆန်းတော့ဘူးပဲ၊ ကြည့်ရတာ ဒီနေရာက လတ်ဆတ်တဲ့ သွေးသားအရှိန်အဝါတွေကြောင့် အားလုံး ဒီကို စုရုံးရောက်ရှိလာကြတာပဲ...”
ဤမျှအထိ များပြားလှသော သွေးမိစ္ဆာယွမ်ဝိညာဉ်များကို မြင်လိုက်ရသည့်အခါ လော့ချန်သည် သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာခဲ့ပြီး တိုက်ပွဲမြေပြင်အတွင်းသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။
လော့ချန်သည် ဝံပုလွေတစ်ကောင်အလား သွေးမိစ္ဆာယွမ်ဝိညာဉ်များ အသိပ်သည်းဆုံးသော နယ်မြေအတွင်းသို့ တိုက်ရိုက် တိုးဝင်လိုက်ပြီး သတ်ဖြတ်ခြင်းဓားဆန္ဒကို ပြန့်လွင့်စေလိုက်ရာ ကောင်းကင်ယံရှိ အငွေ့အသက်များကို ပိုမို ရက်စက်လာစေတော့သည်။
မီးလျှံကျောက်စိမ်းရတနာဓားကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ယံ၌ သွေးရောင်လမ်းကြောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ထိုနယ်မြေအတွင်းရှိ သွေးမိစ္ဆာယွမ်ဝိညာဉ်များ အားလုံးမှာ ဓားဆန္ဒ၏ ရိုက်ခတ်မှုကြောင့်ကိုယ်ထည်များ ပြိုကွဲကုန်ကြတော့သည်။
ထို့နောက် လော့ချန်သည် ဘယ်ဘက်လက်ကို ဖြန့်လိုက်ရာ သွေးရောင်အလင်းများ ပြန့်လွင့်သွားတော့သည်။ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်မှ ပေါက်ကွဲထွက်ပေါ်လာသော ဆွဲငင်အားမှာ ကောင်းကင်နှင့်မြေပြင်ကို ဖြန့်ကျက်ထားသော ပိုက်ကွန်ကြီးတစ်ခုအလား ပတ်ဝန်းကျင်ရှိ သွေးမိစ္ဆာယွမ်ဝိညာဉ် အားလုံးကို လွှမ်းခြုံသွားခဲ့ပြီး သွေးရောင်ဝဲကတော့ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလျက် လော့ချန်၏ကိုယ်တွင်းသို့ စီးဝင်သွားကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးမိစ္ဆာယွမ်ဝိညာဉ် နှစ်ရာ၊ သုံးရာခန့်မှာ ရှင်းလင်းခြင်း ခံလိုက်ရပြီး ကောင်းကင်ယံ၌ ဟောင်းလောင်းပေါက် နယ်မြေကြီးတစ်ခု ပေါ်ထွက်လာတော့သည်။ ဤမျှအထိ ပြင်းထန်လှသော စွမ်းဆောင်မှုကြောင့် လူအများအပြား၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။ လူတိုင်းသည် လော့ချန်ရှိရာသို့ လှမ်းကြည့်လိုက်ကြပြီး မဟာသန်မာသူအဆင့်ရှိသူ တစ်ဦး ရောက်ရှိလာခြင်းဖြစ်မည်ဟု ယူဆလိုက်ကြသည်။
သို့သော်လည်း အလွန်ဝေးကွာနေသလို သွေးရောင်ဝဲကတော့၏ သက်ရောက်မှုကြောင့် လော့ချန်၏ မျက်နှာကို မည်သူမျှ အသေအချာ မမြင်ရဘဲ မည်သူဖြစ်မည်နည်းဟုသာ ခန့်မှန်းနေကြတော့သည်။
လူအုပ်ကြီးအတွင်းရှိ လူရိပ်တစ်ခုမှာ သွေးရောင်ဝဲကတော့အတွင်းရှိ ပုံရိပ်ကို စိုက်ကြည့်လိုက်ရာ အကြည့်များမှာ သံသယများ ပြည့်နှက်သွားခဲ့ပြီး ရှေ့ရှိ ရူးသွပ်နေသော ကျင့်ကြံသူများကို လက်သီးတစ်ချက်ဖြင့် တွန်းထုတ်လိုက်ကာ ဟင်းလင်းပြင်သို့ ပျံတက်လိုက်တော့သည်။
ထိုစဉ် သွေးရောင်ဝဲကတော့ ပျောက်ကွယ်သွားခဲ့ပြီး ထိုပုံရိပ်မှာ မျက်ဝန်းများ ဝင်းလက်သွားကာ အားပါးတရ ရယ်မောလိုက်သည်။
“လော့ချန်... တကယ်ပဲ မင်း ဖြစ်နေတာကိုး...”
လော့ချန်သည် ရောက်ရှိလာသူကို ကြည့်ကာ ပြုံးလိုက်သည်။
“စီနီယာ ဖန်ယွဲ့ယန်...”
ယခင်က ဖန်ယွဲ့ယန်နှင့် ကျူးလင်မေ့တို့အဖွဲ့သည် မြို့စားအိမ်တော်၏ တောင်းဆိုချက်အရ သာမန်ပြည်သူများကို ကာကွယ်ပေးရန် ရောက်ရှိနေခဲ့ကြခြင်းဖြစ်ရာ သူတို့အားလုံးလည်း ဤတိုက်ပွဲမြေပြင်သို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
ဖန်ယွဲ့ယန်သည် လော့ချန်ကို အသေအချာ စူးစမ်းကြည့်လိုက်ပြီးနောက် ထိတ်လန့်တကြား ဆိုလိုက်သည်။
“သွေးကြောနိုးကြားမှု အဆင့် ၉ အထွတ်အထိပ်ပဲ၊ မင်း... မင်းက ထပ်ပြီးတော့ အဆင့်တက်သွားပြန်ပြီလား...”
“အင်း...”
လော့ချန်က ခေါင်းညိတ်လိုက်သည်။ ဖန်ယွဲ့ယန်သည် ပါးစပ်အဟောင်းသားနှင့် ဘာပြောရမှန်း မသိတော့ပေ။ လော့ချန်မှာ မျက်စိတစ်မှိတ်အတွင်းမှာတင် ထပ်မံ၍ အဆင့်တက်လှမ်းသွားခဲ့ခြင်း ဖြစ်သည်မဟုတ်ပါလော။
“ငါတော့ မင်းကို တကယ်ပဲ အရှုံးပေးသွားပြီ...”
ဖန်ယွဲ့ယန်က သက်ပြင်းချကာ ဆိုလိုက်သည်။ လော့ချန်သည် အောက်ဘက်ရှိ တိုက်ပွဲမြေပြင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
“အခု အခြေအနေ ဘယ်လိုရှိလဲ...”
ဖန်ယွဲ့ယန်က ခေါင်းခါပြလိုက်ပြီး မျက်နှာမှာ လေးနက်သွားတော့သည်။
“အခြေအနေက မကောင်းဘူး၊ ရူးသွပ်နေတဲ့ ကျင့်ကြံသူတွေကို ထားဦး၊ သူတို့ အရေအတွက်က အကန့်အသတ် ရှိနေတော့ ငါတို့တွေ တစ်ဖြည်းဖြည်းနဲ့ ရှင်းလို့ ရပါတယ်၊ အန္တရာယ်အရှိဆုံးကတော့ အဲဒီ သွေးမိစ္ဆာအစပျိုးအဆင့်တွေပဲ...”
“သူတို့က လုံးဝ သတ်လို့မသေနိုင်တဲ့အပြင် ဒီမှာကလည်း သွေးမိစ္ဆာအငွေ့အသက်တွေ ထူထပ်နေတာဆိုတော့ သူတို့အတွက်တော့ ပိုပြီးတော့ အစွမ်းထက်လာစေတယ်။ သတ်လေလေ ပိုထွက်လာလေလေပဲ၊ ပြီးတော့ သူတို့က အရမ်းကို ကောက်ကျစ်တာလေ... တကယ်ကို မဆုံးနိုင်တော့သလိုပဲ... ဒီအတိုင်း ဆက်သွားရင်တော့ ကာကွယ်ရေးစည်းက ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး၊ ကာကွယ်ရေးစည်းသာ ပြိုသွားရင်တော့ လူဘယ်နှစ်ယောက် သေဦးမလဲ မသိဘူး...”
ဖန်ယွဲ့ယန်၏ လေသံမှာ အလွန်ပင် လေးလံနေတော့သည်။ သူ့အတွက်တော့ အန္တရာယ် မရှိသလို အချိန်မရွေး ထွက်ခွာသွားနိုင်သော်လည်း မြို့တစ်ခုလုံးရှိ လူသားများမှာ သွေးမိစ္ဆာယွမ်ဝိညာဉ်များ၏ သတ်ဖြတ်ခြင်းကို ခံရမည်ကိုတော့ သူ မမြင်လိုပေ။
“မစိုးရိမ်ပါနဲ့... သွေးမိစ္ဆာယွမ်ဝိညာဉ်တွေကို ငါ့တာဝန် ထားလိုက်ပါ...”
လော့ချန်က စကားတစ်ခွန်း ပြောလိုက်သည်။ ထို့နောက် သူသည် လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် တိုးဝင်လာသော သွေးမိစ္ဆာယွမ်ဝိညာဉ် အနည်းငယ်မှာ ထုတ်ယူ ဝါးမြိုခြင်း ခံလိုက်ရတော့သည်။
“မင်း တစ်ယောက်တည်းလား...”
ဖန်ယွဲ့ယန်သည် အစပိုင်းတွင် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး မယုံနိုင်သကဲ့သို့ ဖြစ်နေသော်လည်း လော့ချန်က သွေးမိစ္ဆာယွမ်ဝိညာဉ်များကို အလွယ်တကူ ရှင်းလင်းပစ်သည်ကို မြင်လိုက်ရသည့်အခါ လော့ချန်တွင် သွေးမိစ္ဆာယွမ်ဝိညာဉ်များကို နှိမ်နင်းနိုင်သော နည်းလမ်းရှိကြောင်း သတိရသွားပြီး ဝမ်းသာအားရ ဆိုလိုက်သည်။
“ကောင်းပြီလေ၊ ယွမ်ချွမ်မြို့ကိုသာ ကာကွယ်နိုင်မယ်ဆိုရင် မင်းကတော့ နံပါတ်တစ် သူရဲကောင်းပဲ...”
ထိုစဉ် ကောင်းကင်ယံ၌ သွေးရောင်အလင်းများမှာ ရုတ်တရက် ပြင်းထန်လာတော့သည်။
“သတိထား...”
လော့ချန်သည် ခံစားမှု ထက်မြက်လှသဖြင့် မြူခိုးရိပ်ခြေလှမ်းကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး မူလနေရာ၌ ပုံရိပ်ယောင်တစ်ခု ချန်ရစ်ကာ ဖန်ယွဲ့ယန်ကို ဆွဲလျက် အဝေးသို့ ရှောင်တိမ်းလိုက်တော့သည်။
သွေးရောင်အလင်းတန်းကြီးတစ်ခုမှာ ဟင်းလင်းပြင်ကို ဖောက်ထွက်လာခဲ့ပြီး လော့ချန် ချန်ရစ်ခဲ့သော ပုံရိပ်ယောင်ကို အစအနမကျန် ချေမှုန်းပစ်လိုက်ကာ ကောင်းကင်ယံ၌ မီတာထောင်နှင့်ချီ၍ ရှည်လျားသော သွေးရောင်အက်ကွဲကြောင်းကြီးတစ်ခု ထင်ကျန်ရစ်စေခဲ့သည်။ သွေးရောင်အလင်းတန်းမှာ မြေပြင်သို့ ရိုက်ခတ်သွားခဲ့ပြီး လမ်းတစ်လျှောက်ရှိ ရှောင်တိမ်းရန် အချိန်မရလိုက်သူများမှာ တစ်ခဏအတွင်း ဝါးမြိုခြင်း ခံလိုက်ရကာကိုယ်တွင်းရှိ သွေးအနှစ်သာရများမှာ လျင်မြန်စွာ ကုန်ခမ်းသွားခဲ့ပြီး တစ်ခဏအတွင်း အလောင်းခြောက်များ ဖြစ်သွားကြတော့သည်။
“ဒါ ဘာကြီးလဲ...”
ဖန်ယွဲ့ယန်၏ မျက်နှာမှာ ဖြူလျော့နေတော့သည်။ ယခုတင်ကသာ လော့ချန် မရှိခဲ့ပါက သူသည် ထိုသွေးရောင်အလင်းတန်း၏ တိုက်ခိုက်မှုအောက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ လော့ချန်သည် အရှေ့ဘက်သို့ လှမ်းကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
“အခြေအနေ မကောင်းဘူး၊ နောက်ထပ် သွေးမိစ္ဆာ တစ်ကောင် မွေးဖွားတော့မှာပဲ...”
အခန်း ၇၁၄ ပြီးပါပြီ။