← Chapters

အခန်း (၇၁၅-၇၁၇)

Vol. 48 Ch. 715-717

အခန်း (၇၁၅-၇၁၇)

Vol. 48 Ch. 715-717

အခန်း ၇၁၅ - အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်နှင့် တိုက်ပွဲ

“ဟူး...”

ဖန်ယွဲ့ယန်သည် လော့ချန် ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ အလိုအလျောက် သက်ပြင်းချလိုက်မိသည်။

“အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်ပဲ...”

နီရဲနေသော ကောင်းကင်ယံ၌ အိမ်တစ်လုံးအလား ကြီးမားလှသော သွေးရောင်ဝဲကတော့တစ်ခု လည်ပတ်နေပြီး ကြီးမားလှသော သွေးရောင်ရိပ်တစ်ခုမှာ ၎င်းအတွင်း၌ နစ်မြုပ်လိုက် ပေါ်လာလိုက် ဖြစ်နေသည်။

ဤသွေးရောင်ရိပ်မှာ အခြားသော သွေးမိစ္ဆာယွမ်ဝိညာဉ်များကဲ့သို့ ဝေဝေဝါးဝါး ဖြစ်မနေဘဲ အလွန်ပင် သိပ်သည်းလှပေသည်။ ၎င်းမှာ သွေးများဖြင့် သွန်းလုပ်ထားသည့်နှယ် လူသားနှင့် ဆင်တူသော ခန္ဓာကိုယ် ရှိနေခဲ့ပြီး မျက်နှာတွင်လည်း ဝေဝေဝါးဝါး ဖြစ်နေသော မျက်နှာအင်္ဂါရပ်များ ပေါ်ထွက်နေတော့သည်။

အထူးသဖြင့် သွေးရောင်လမင်းအလား ဖြစ်နေသော မျက်ဝန်းအစုံမှာ ရှုပ်ထွေးမှုနှင့် သတ်ဖြတ်လိုစိတ်များသာ ရှိနေသည်မဟုတ်ဘဲ ကောက်ကျစ်မှုနှင့် ရက်စက်မှုများပါ ကိန်းအောင်းနေသည်။ နီရဲနေသော ထိုမျက်ဝန်းများမှာ အသိဉာဏ်များ စတင်ပေါ်ထွက်လာတော့မည့်နှယ် ရှိနေတော့သည်။

“အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်က ဒီလောက်တောင် မြန်မြန် ပေါ်လာတာလား၊ ကြည့်ရတာ ဒီကောင်ကကိုယ်ပိုင်အသိစိတ် ပေါ်လာဖို့ အရမ်းနီးစပ်နေပြီပဲ၊ နောက်ထပ် အဆင့်တစ်ဆင့် တက်လိုက်တာနဲ့ စစ်မှန်တဲ့ သွေးမိစ္ဆာအဖြစ် ပြောင်းလဲသွားတော့မှာပဲ...”

ထိုသွေးရောင်ရိပ်ကို ကြည့်ကာ ဖန်ယွဲ့ယန်၏ လည်ချောင်းမှာ ခြောက်ကပ်နေတော့သည်။

သွေးမိစ္ဆာယွမ်ဝိညာဉ်များ စတင်မွေးဖွားလာချိန်တွင် ယုတ်မာလှသော အနှစ်သာရ အစုအဝေးတစ်ခုသာ ဖြစ်သဖြင့် ၎င်းတို့ကို အခြေခံအဆင့် သွေးမိစ္ဆာယွမ်ဝိညာဉ်ဟု ခေါ်ဝေါ်ကြပြီး သတ်ဖြတ်ရ လွယ်ကူလှပေသည်။ အခြေခံအဆင့် သွေးမိစ္ဆာယွမ်ဝိညာဉ်များသည် သွေးအနှစ်သာရများကို ဝါးမြိုခြင်းဖြင့် သူတို့၏ အဆင့်နှင့် အစွမ်းကို မြှင့်တင်နိုင်ကြသည်။

ဝါးမြိုသည့် သွေးအနှစ်သာရ များလေလေ သူတို့၏ အစွမ်းမှာ ပိုမို သန်မာလာလေလေဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း ပိုမို သိပ်သည်းလာကာ အလယ်အလတ်အဆင့် သို့မဟုတ် အဆင့်မြင့်အဆင့် သွေးမိစ္ဆာယွမ်ဝိညာဉ်အဖြစ် တဖြည်းဖြည်း တက်လှမ်းလာကြခြင်း ဖြစ်သည်။ အဆင့်မြင့် သွေးမိစ္ဆာယွမ်ဝိညာဉ်မှာ ထိပ်သီး သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် အစွမ်းတူညီသဖြင့် အလွန်ပင် သန်မာလှပေသည်။ သို့သော်လည်း ၎င်းမှာ အလွန်ပင် ခက်ခဲလှပေသည်။ သာမန် သွေးမိစ္ဆာယွမ်ဝိညာဉ် သောင်းနှင့်ချီရှိမှသာ တစ်ကောင် ပေါ်ထွက်လာရန် ခဲယဉ်းလှခြင်း ဖြစ်သည်။

ဖန်ယွဲ့ယန်နှင့် ယှဉ်လိုက်လျှင် လော့ချန်မှာမူ များစွာ တည်ငြိမ်နေခဲ့ပြီး ခွဲခြမ်းစိတ်ဖြာလိုက်သည်။

“ဒီသွေးမိစ္ဆာယွမ်ဝိညာဉ်တွေက အသွင်ပြောင်းပြီးသား သွေးမိစ္ဆာဆီကနေ ထွက်လာတဲ့ သွေးမိစ္ဆာအငွေ့အသက်တွေကနေ မွေးဖွားလာတာဆိုတော့ မူလကတည်းက သန်မာပြီးသားပဲ၊ အဲ့ဒီအပြင် ဒီတိုက်ပွဲမြေပြင်မှာ သန်မာတဲ့ သွေးအနှစ်သာရတွေ ဒီလောက်တောင် များနေတာဆိုတော့ သူတို့တွေ အဆက်မပြတ် ဝါးမြိုတိုးတက်လာပြီး အဆင့်မြင့် သွေးမိစ္ဆာယွမ်ဝိညာဉ် တစ်ကောင် မွေးဖွားလာတာ မထူးဆန်းပါဘူး...”

ဖန်ယွဲ့ယန်သည် သက်ပြင်းတစ်ချက်ကို အားပါးတရ ရှူလိုက်ပြီး ထိုကြီးမားလှသော သွေးရောင်ရိပ်ကို စိုက်ကြည့်ကာ ဆိုလိုက်သည်။

“လော့ချန်... ဒီကောင်ကိုယ်ပိုင်အသိစိတ် မရခင်မှာ ငါတို့ အမြန်သတ်ရမယ်၊ မဟုတ်ရင် သူသာ သွေးမိစ္ဆာအဖြစ် ပြောင်းလဲသွားရင်တော့ ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ဖြစ်လာမှာပဲ၊ ငါတို့အားလုံး ပူးပေါင်းရင်တောင် သူ့ကို ယှဉ်နိုင်ဖို့ ခက်လိမ့်မယ်၊ အဲ့ဒီအခါကျရင် လူဘယ်နှစ်ယောက် သေဦးမလဲ မသိဘူး...”

သွေးမိစ္ဆာသည် ကြယ်ငါးပွင့်အဆင့်ရှိသော အသွင်ပြောင်းစ သွေးမိစ္ဆာပင် ဖြစ်လင့်ကစား သူ၏ အစွမ်းမှာ မြေကမ္ဘာအဆင့် မဟာသန်မာသူနှင့် တူညီသဖြင့် အသေးအဖွဲ မဟုတ်ပေ။

“အင်း...”

လော့ချန်က ခေါင်းညိတ်လိုက်သည်။

သူသည်လည်း ထိုသို့ပင် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဤအဆင့်မြင့် သွေးမိစ္ဆာ၏ကိုယ်တွင်း၌ ကိန်းအောင်းနေသော သွေးအနှစ်သာရ အငွေ့အသက်များမှာ အလွန်ပင် ကျယ်ပြောလှသည်ကို သူ ခံစားလိုက်ရသည်။ အရည်အသွေးပိုင်းအရ ဖြစ်စေ၊ ပမာဏအရ ဖြစ်စေ သာမန် သွေးမိစ္ဆာယွမ်ဝိညာဉ်များထက် များစွာ သာလွန်လှပေသည်။

သာမန် သွေးမိစ္ဆာယွမ်ဝိညာဉ် တစ်ရာခန့်ပင်လျှင် ဤတစ်ကောင်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍သာ ဤအဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်ကို ဝါးမြိုနိုင်မည်ဆိုလျှင် သူ၏ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်မှာ သေချာပေါက် နောက်ထပ် အဆင့်တစ်ဆင့် တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။ နောက်တစ်ချက်မှာမူ လူကယ်နိုင်စွမ်း ရှိနေပါလျက်နှင့် လော့ချန်သည် ဘေးထိုင်ကြည့်နေလိမ့်မည် မဟုတ်ပေ။

“သတ်စမ်း...”

ထိုသူနှစ်ဦးမှာ စကားများစွာ မပြောတော့ဘဲ အဆင့်မြင့် သွေးမိစ္ဆာယွမ်ဝိညာဉ်ထံသို့ တစ်ပြိုင်နက်တည်း တိုးဝင်သွားကြတော့သည်။

“ဝူး...”

ဤအဆင့်မြင့် သွေးမိစ္ဆာယွမ်ဝိညာဉ်မှာ ကိုယ်ပိုင်အသိစိတ် ပေါ်ထွက်လာရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။ ထိုသူနှစ်ဦး၏ကိုယ်ပေါ်မှ ပြင်းထန်လှသော သွေးစွမ်းအင်များကို ခံစားလိုက်ရသည့်အခါ သူ၏ ဝေဝေဝါးဝါး ဖြစ်နေသော မျက်နှာထက်တွင် ရက်စက်လှသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီးကိုယ်ပေါ်မှ သွေးရောင်အလင်းများမှာလည်း ပြင်းထန်လာကာ ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။

ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ သာမန် သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ အမိန့်ပေးခြင်း ခံလိုက်ရသည့်နှယ် ထိုသူနှစ်ဦးထံသို့ တစ်ဟုန်ထိုး တိုးဝင်လာကြသည်။ ကောင်းကင်ယံတစ်ခုလုံးတွင် အေးစက်လှသော လေပြင်းများ တိုက်ခတ်လာခဲ့ပြီး သွေးအရှိန်အဝါများမှာလည်း လှိုင်းတံပိုးများအလား ပြင်းထန်နေတော့သည်။

“သတ်စမ်း...”

တိုးဝင်လာသော သွေးမိစ္ဆာယွမ်ဝိညာဉ်များကို ရင်ဆိုင်လျက် ဖန်ယွဲ့ယန်၏ကိုယ်ပေါ်တွင် တောင်တန်းသိုင်းဝိညာဉ် ပေါ်ထွက်လာခဲ့ပြီး အားပါးတရ အော်ဟစ်ကာ ရွှေရောင်အလင်းများ ကိန်းအောင်းနေသော လက်သီးဖြင့် ထိုးနှက်လိုက်ရာ တိုးဝင်လာသော သွေးမိစ္ဆာယွမ်ဝိညာဉ်များကို လွင့်စင်သွားစေတော့သည်။

လော့ချန်မှာမူ ပိုမို၍ ပြတ်သားလှပေသည်။ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို လှုံ့ဆော်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ ချက်ချင်းပင် ဝါးမြိုခြင်း ခံလိုက်ရတော့သည်။

တစ်ချိန်တည်းမှာပင် အဆင့်မြင့် သွေးမိစ္ဆာယွမ်ဝိညာဉ်သည်လည်း တိုက်ခိုက်မှု စတင်လိုက်ပြီ ဖြစ်သည်။ သူ၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ တုန်ခါသွားခဲ့ပြီး ကြီးမားလှသော ဝဲကတော့နှစ်ခု ပေါ်ထွက်လာတော့သည်။

“ရှူး... ရှူး...”

ဝဲကတော့အတွင်းမှနေ၍ ရေပုံးတစ်လုံးခန့် အရွယ်အစားရှိသော သွေးရောင်အလင်းတန်း နှစ်ခုမှာ ထိုးထွက်လာတော့သည်။ သွေးရောင်အလင်းတန်း၏ ရှေ့ဖျားမှာ ချွန်ထက်နေခဲ့ပြီး အရှိန်အဟုန်ဖြင့် လည်ပတ်နေသဖြင့် ကြီးမားလှသော တူးစက်နှစ်ခုအလား ရှိနေကာ လော့ချန်နှင့် ဖန်ယွဲ့ယန်ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာတော့သည်။

“ဖျတ်...”

သွေးရောင်အလင်းတန်း၏ အရှိန်မှာ မြန်ဆန်လွန်းလှသဖြင့် ဖန်ယွဲ့ယန်သည် မျက်စိတစ်မှိတ်အတွင်းမှာတင် သွေးရောင်တူးစက်မှာ သူ၏ မျက်စိရှေ့သို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် ကာကွယ်ရေးချီစွမ်းအင်ကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး လက်သီးဖြင့် အစွမ်းကုန် ထိုးနှက်လိုက်တော့သည်။

“ဝုန်း...”

လေထုအတွင်း၌ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သွေးရောင်အလင်းတန်းမှာလည်း ပြိုကွဲပျက်စီးသွားရသည်။ ဖန်ယွဲ့ယန်သည် သက်ပြင်းချရန် အချိန်ပင် မရှိလိုက်ဘဲ အပြောင်းအလဲတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။ ပြိုကွဲသွားသော သွေးရောင်အလင်းတန်းမှာ တွန့်လိမ်သွားခဲ့ပြီး သေးငယ်လှသော သွေးရောင်ရိပ်များအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းလျက် သူ့ထံသို့ ထိုးဆင်းလာကြတော့သည်။

“ဖျတ်...”

သတိမထားမိခင်မှာပင် ဖန်ယွဲ့ယန်သည် သွေးရောင်ရိပ်တစ်ခု၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး ၎င်းမှာ ကာကွယ်ရေးချီစွမ်းအင်ကို ဖောက်ထွက်ကာ ညာဘက်လက်အတွင်းသို့ တိုးဝင်သွားတော့သည်။ ချက်ချင်းပင် တစ်ကိုယ်လုံးရှိ သွေးအနှစ်သာရများမှာ လျင်မြန်စွာ ကုန်ခမ်းလာသည်ကို ခံစားလိုက်ရပြီး ညာဘက်လက်၏ အသားအရေမှာလည်း ခြောက်ကပ်လာတော့သည်။

“ဒုက္ခပဲ...”

ဖန်ယွဲ့ယန်၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ စိုးရိမ်စရာကောင်းလှသော ခဏမှာပင် ဓားအရှိန်အဝါတစ်ခုမှာ တစ်ဟုန်ထိုး ရောက်ရှိလာခဲ့ပြီး ကောင်းကင်ယံရှိ သွေးရောင်ရိပ်များကို ပိုင်းဖြတ်ပစ်လိုက်တော့သည်။

“ဘုန်း...”

အင်အားအရင်းအမြစ် ဆုံးရှုံးသွားသဖြင့် ထိုပိုင်းဖြတ်ခြင်းခံလိုက်ရသော သွေးရောင်ရိပ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကြပြီး နီရဲနေသော သွေးမိစ္ဆာအငွေ့အသက်များအဖြစ် ပြောင်းလဲသွားကြတော့သည်။

“စီနီယာက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ ငါ့ကိုပဲ လွှတ်ထားလိုက်ပါ...”

လော့ချန်က ဆိုလိုက်သည်။

“ကောင်းပြီလေ...”

တစ်ကြိမ်မျှ တိုက်ခိုက်လိုက်ရုံနှင့်ပင် ဖန်ယွဲ့ယန်သည် မိမိနှင့် ဤအဆင့်မြင့် သွေးမိစ္ဆာယွမ်ဝိညာဉ်ကြားရှိ ကွာခြားချက်ကို နားလည်သွားပြီ ဖြစ်သည်။ တစ်ဖက်လူ၏ တိုက်ခိုက်မှုမှာ အစွမ်းထက်လှသည်တင်မကဘဲ ကာကွယ်ရေးချီစွမ်းအင်များကိုပါ တိုက်စားနိုင်စွမ်း ရှိသဖြင့် တကယ့်ကို ထူးဆန်းလှပြီး တားဆီးရန် ခက်ခဲလှပေသည်။

ဤအချက်ကပင် ဖန်ယွဲ့ယန်ကို လော့ချန်အပေါ် ပိုမို၍ လေးစားသွားစေတော့သည်။ ဤမျှအထိ ကြောက်စရာကောင်းလှသော အဆင့်မြင့် သွေးမိစ္ဆာယွမ်ဝိညာဉ်ကို ရင်ဆိုင်နေရပါလျက်နှင့် လော့ချန်မှာမူ အေးအေးဆေးဆေး ရှိနေဆဲ ဖြစ်သည်မဟုတ်ပါလော။

ဓားဆန္ဒသည် သွေးမိစ္ဆာယွမ်ဝိညာဉ်များကို နှိမ်နင်းနိုင်စွမ်း ရှိသည်ဆိုဦးတော့၊ အခြားသော ဓားဆန္ဒအစပျိုးအဆင့်ရှိ ဓားသမားတစ်ဦးသာ ဤအဆင့်မြင့် သွေးမိစ္ဆာယွမ်ဝိညာဉ်နှင့် ရင်ဆိုင်ရမည်ဆိုပါက ဤမျှအထိ လွယ်ကူလိမ့်မည် မဟုတ်ကြောင်း ဖန်ယွဲ့ယန် သေချာပေါက် အာမခံရဲပေသည်။ ဖန်ယွဲ့ယန်သည် တွေဝေနေခြင်း မရှိဘဲ အဝေးသို့ အမြန် ဆုတ်ခွာလိုက်တော့သည်။

အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်မှာမူ ဖန်ယွဲ့ယန်ကို လုံးဝ ဂရုမစိုက်တော့ဘဲ သွေးရောင်လွှမ်းနေသော မျက်ဝန်းအစုံဖြင့် လော့ချန်ကိုသာ စိုက်ကြည့်နေတော့သည်။ သူ၏ကိုယ်ပေါ်မှ ရက်စက်လှသော အရှိန်အဝါများမှာလည်း လေဆင်နှာမောင်းတစ်ခုအလား ပြန့်လွင့်နေတော့သည်။

သွေးမိစ္ဆာယွမ်ဝိညာဉ်များသည် သွေးအနှစ်သာရ အငွေ့အသက်များအပေါ် အလွန်ပင် ခံစားမှု ထက်မြက်လှပေသည်။ ဤအဆင့်မြင့် သွေးမိစ္ဆာယွမ်ဝိညာဉ်သည် လော့ချန်၏ကိုယ်တွင်းရှိ ပြင်းထန်လှသော သွေးစွမ်းအင်များကို ခံစားလိုက်ရသည်။ ၎င်းမှာ ဘေးရှိလူထက် ဆယ်ဆခန့်မက ပိုမို သန်မာလှပေ၏။ ဟုန်းဟုန်းတောက် လောင်မြိုက်နေသော မီးဖိုကြီးတစ်ခုအလား ရှိနေခဲ့ပြီး ဤနေရာရှိ မည်သူထက်မဆို ပိုမို သန်မာလှပေသည်။

အကယ်၍သာ တစ်ဖက်လူကို ဝါးမြိုနိုင်မည်ဆိုလျှင် သူသည် သွေးမိစ္ဆာအဖြစ် အသွင်ပြောင်းနိုင်ရန် အခွင့်အရေး ရရှိမည်မှာ သေချာလှပေသည်။

“ဝူး...”

သန်မာလှသော သွေးစွမ်းအင်များအပေါ် ရူးသွပ်စွာ တောင့်တမှုကြောင့် အဆင့်မြင့် သွေးမိစ္ဆာယွမ်ဝိညာဉ်မှာ ပင်ကိုဗီဇအရ စိတ်လှုပ်ရှားလာခဲ့ပြီး အကြည့်များမှာ ရက်စက်လာကာ သူ၏ကိုယ်ထည်အတွင်း၌ ပိုမို ကြီးမားလှသော ဝဲကတော့တစ်ခု ဖြစ်ပေါ်လာတော့သည်။ သွေးအရှိန်အဝါများမှာလည်း ဆူပွက်နေတော့သည်။

“ဘုန်း...”

တံခါးချပ်တစ်ခုအလား ကြီးမားလှသော သွေးရောင်အလင်းတန်း မြစ်ကြီးတစ်ခုမှာ ဝဲကတော့အတွင်းမှ ထိုးထွက်လာခဲ့ပြီး လော့ချန်ထံသို့ တိုက်ရိုက် တိုးဝင်လာတော့သည်။ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ဆူပွက်နေသော ရေနွေးပူများအလား ပြင်းထန်စွာ တုန်ခါနေတော့သည်။

အဝေးသို့ မရောက်သေးသော ဖန်ယွဲ့ယန်သည် ဤတိုက်ကွက်၏ အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ ဤတိုက်ကွက်မှာ အရင်ကထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်လှသဖြင့် သူသည် သေချာပေါက် တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ ကာကွယ်ရေးချီစွမ်းအင်မှာ တစ်ခဏအတွင်း ထိုးဖောက်ခြင်း ခံလိုက်ရမည်ဖြစ်သလို သွေးအနှစ်သာရ အားလုံးလည်း အစုပ်ခံလိုက်ရမည်မှာ သေချာလှပေသည်။

“ငါ့ကို ဝါးမြိုချင်တာလား... တကယ့်ကို စိတ်ကူးယဉ်နေတာပဲ...”

လော့ချန်က အေးစက်စွာ ရယ်မောလိုက်ပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ သတ်ဖြတ်ခြင်းဓားဆန္ဒ ကိန်းအောင်းနေသော ဓားအရှိန်အဝါမှာ မှိန်ဖျော့လှသော သွေးရောင်အလင်းများ ဝင်းလက်သွားခဲ့ပြီး သွေးရောင်အလင်းတန်း မြစ်ကြီးကို တစ်ခဏအတွင်း အပိုင်းပိုင်း ပိုင်းဖြတ်လိုက်တော့သည်။

“ဝုန်း...”

တိုက်ကွက်တစ်ခု ပြီးဆုံးသွားသည်နှင့် နောက်ထပ် တိုက်ကွက်တစ်ခု ထပ်မံ ပေါ်ထွက်လာပြန်သည်။ အဆင့်မြင့် သွေးမိစ္ဆာယွမ်ဝိညာဉ်မှာ ရုတ်တရက် တိုးဝင်လာခဲ့ပြီး သူ၏ ကြီးမားလှသောကိုယ်ထည်မှာ ဟင်းလင်းပြင်၌ သွေးရောင်လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လော့ချန်ထံသို့ ရူးသွပ်စွာ တိုးဝင်လာတော့သည်။

“ဝူး... ဝူး... ဝူး... ဝူး...”

သွေးရောင်လေဆင်နှာမောင်း၏ ပြင်းထန်လှသော ဆွဲငင်အားကြောင့် ကောင်းကင်ယံ၌ ကြီးမားလှသော ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ သာမန် သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ နာကျင်စွာ အော်ဟစ်လိုက်ကြရကာ ပြင်းထန်လှသော လေထုအတွင်း၌ ပြိုကွဲပျက်စီးသွားကြပြီး သွေးရောင်လေဆင်နှာမောင်းအတွင်းသို့ ပေါင်းစပ်သွားကာ အရှိန်အဝါကို ပိုမို မြှင့်တင်ပေးလိုက်ကြတော့သည်။

‘ဒါက အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်ပေါ့၊ တကယ်ပဲ ထူးချွန်တာပဲ၊ ယွမ်ထျန်ယန်ကတော့ ယှဉ်လို့တောင် ရမှာ မဟုတ်ဘူး၊ သွေးဝိညာဉ်ဂိုဏ်းက မဟာသန်မာသူတစ်ပိုင်းထက်တောင် သာလွန်နေသေးတယ်...’

လော့ချန်သည် စိတ်ထဲမှ အံ့ဩသွားသော်လည်း မျက်နှာမှာမူ အလွန်ပင် တည်ငြိမ်နေခဲ့သည်။ ဓားဆန္ဒကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ ဓားသွားပေါ်တွင် မှိန်ဖျော့လှသော သွေးရောင်အလင်းတန်းတစ်ခု ဖုံးလွှမ်းသွားခဲ့ပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များမှာလည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။

“နတ်ဆိုးမုန်တိုင်း... ပိုင်းဖြတ်စမ်း...”

အရှိန်အနည်းငယ် စုစည်းလိုက်ပြီးနောက် လော့ချန်သည် ဓားကို ဝှေ့ယမ်းကာ သွေးရောင်အလင်းများ ဝင်းလက်နေသော ဓားအရှိန်အဝါ လေဆင်နှာမောင်းတစ်ခုကို ပိုင်းဖြတ်လိုက်ရာ အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့် ဖန်တီးထားသော သွေးရောင်လေဆင်နှာမောင်းနှင့် ထိပ်တိုက် တွေ့ဆုံသွားတော့သည်။

“ဝုန်း...”

နာကျင်လှသော အော်ဟစ်သံတစ်ခုနှင့်အတူ ပေါက်ကွဲသံမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ပြီး သွေးရောင်လေဆင်နှာမောင်းမှာ ဓားအရှိန်အဝါကြောင့် နှစ်ပိုင်း ပြတ်သွားတော့သည်။ ပြင်းထန်လှသော ပေါက်ကွဲမှုကြောင့် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး တုန်လှုပ်နေတော့သည်။

“ဝူး...”

ပြိုကွဲသွားသော သွေးရောင်လေဆင်နှာမောင်းမှာ ပြန်လည် စုစည်းလာခဲ့ပြီး သွေးရောင်ရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း သူ၏ကိုယ်ပေါ်မှ သွေးရောင်အလင်းများမှာ များစွာ မှိန်ဖျော့သွားခဲ့ပြီ ဖြစ်သည်။

“ဝါးမြိုစမ်း...”

လော့ချန်သည် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို တိုက်ရိုက် လည်ပတ်စေလိုက်ရာ ဒြပ်မဲ့လှသော ဆွဲငင်အားက အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်ကို လုံးဝ လွှမ်းခြုံသွားတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တွန့်လိမ်လာခဲ့ပြီး သွေးရောင်လမင်းအလား မျက်ဝန်းအစုံအတွင်း၌ မရှိသင့်သော ပြင်းထန်လှသည့် ထိတ်လန့်မှုများ ပေါ်ထွက်လာတော့သည်။

အခန်း ၇၁၅ ပြီးပါပြီ။

အခန်း ၇၁၆ - ကြောက်စရာကောင်းသော ဝါးမြိုနိုင်စွမ်း... ကောင်းပြီမလား

သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်၏ လွှမ်းခြုံမှုအောက်တွင် အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်မှာ လှောင်အိမ်အတွင်း ပိတ်မိနေသော သားရဲတစ်ကောင်အလား ဖြစ်နေခဲ့ပြီး ကြီးမားလှသော ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တွန့်လိမ်နေ၏။ ၎င်းမှာ အချိန်မရွေး ပြိုကွဲပျက်စီးသွားတော့မည့်နှယ် ရှိနေတော့သည်။

“ဝူး...”

အရေးကြီးသော ခဏတွင် အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်မှာ စူးရှလှသော ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ၏ကိုယ်ထည်မှာ ကြီးမားလှသော သွေးရောင်လေဆင်နှာမောင်းတစ်ခုအဖြစ် ပြန်လည် စုစည်းသွားကာ အပြင်ဘက်သို့ အတင်းအကျပ် ထိုးဖောက်ထွက်ခွာရန် ကြိုးစားတော့သည်။

“ဘုန်း...”

လေထုအတွင်း၌ တုန်ခါမှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပြီး သွေးရောင်လေဆင်နှာမောင်းမှာ ဆွဲငင်အားများကို ဖြတ်ကျော်ကာ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်၏ လွှမ်းခြုံမှုနယ်ပယ်အတွင်းမှ တိုက်ရိုက် ထိုးထွက်သွားတော့သည်။

“ငါ့ရဲ့ အခု သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ် အဆင့်နဲ့ဆိုရင် အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်ကို တိုက်ရိုက် ဝါးမြိုဖို့က တကယ်ပဲ ခက်ခဲနေသေးတာပဲ...”

လော့ချန်က ခါးသက်သက် ပြုံးလိုက်မိ၏။ သို့သော်လည်း ဤရလဒ်အပေါ် သူ အလွန်အမင်း အံ့ဩနေခြင်း မရှိပေ။

သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်သည် သွေးမိစ္ဆာယွမ်ဝိညာဉ်များအတွက် အားနည်းချက် ဖြစ်သည်မှာ မှန်သော်လည်း သူ၏ ကျင့်စဉ်အဆင့်မှာ နိမ့်လွန်းနေသေး၏။ သွေးစွမ်းအင်ဝဲကတော့၏ စတင်အောင်မြင်သည့် အဆင့်သာ ရှိသေးသည်မဟုတ်ပါလော။

ဤအဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်မှာမူ စစ်မှန်သော သွေးမိစ္ဆာအဖြစ် အသွင်ပြောင်းရန် အလွန်နီးစပ်နေပြီဖြစ်ရာ သူ၏ အစွမ်းမှာ မြေကမ္ဘာအဆင့် မဟာသန်မာသူနှင့် တူညီနေပြီ ဖြစ်၏။ ထို့ကြောင့် အလွယ်တကူ ဝါးမြိုခြင်း ခံရလိမ့်မည် မဟုတ်ပေ။

သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်၏ ဒုတိယမြောက် မဟာနယ်ပယ်ဖြစ်သော သွေးမိစ္ဆာပင်လယ် အဆင့်သို့ တက်လှမ်းနိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

“ဝူး...”

သွေးရောင်လေဆင်နှာမောင်းမှာ ဆွဲငင်အားအတွင်းမှ လွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် ရှည်လျားလှသော သွေးရောင်ရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အောက်ဘက်ရှိ တိုက်ပွဲမြေပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။

သူ့တွင် အသိစိတ် မရှိသေးသော်လည်း ပင်ကိုဗီဇအရ သူ၏ အရှေ့ရှိ လူသားလူငယ်မှာ အလွန်ပင် အန္တရာယ်များလှကြောင်း ခံစားမိနေသည်။

အလွန်အမင်း အန္တရာယ်များလှပေသည်။

ရှင်သန်လိုသော ပင်ကိုဗီဇအရ သူသည် အမြန်ဆုံး ထွက်ပြေးရန်သာ ကြိုးစားနေတော့သည်။

“ပြေးလို့ လွတ်မယ် ထင်နေတာလား...”

ဤအဆင့်မြင့် သွေးမိစ္ဆာယွမ်ဝိညာဉ်၏ အစွမ်းမှာ အလွန်ပင် သန်မာလှသဖြင့် ၎င်းအတွင်း၌ ကိန်းအောင်းနေသော သွေးအနှစ်သာရများမှာလည်း အသေးအဖွဲ မဟုတ်ပေ။ လော့ချန်သည် သူ့ကို လွှတ်ပေးလိမ့်မည် မဟုတ်ဘဲ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ အနောက်မှ လိုက်လံ သတ်ဖြတ်တော့သည်။

ဤမြင်ကွင်းကို ကြည့်ကာ အဝေးမှ စောင့်ကြည့်နေသော ဖန်ယွဲ့ယန်မှာ မျက်လုံးပြူးသွားရသည်။

ဤမျှအထိ သန်မာလှသော အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်မှာ လော့ချန်၏ လက်အောက်တွင် အကြီးအကျယ် အနှိပ်စက်ခံနေရပြီး မည်သည့် တုံ့ပြန်မှုမျှ မပြုနိုင်ဘဲ အရှက်တကွဲ ထွက်ပြေးနေရသည်မဟုတ်ပါလော။

အမြဲတမ်း မိမိကိုယ်ကို အထင်ကြီးတတ်သော ဖန်ယွဲ့ယန်ပင်လျှင် လော့ချန်ကို လုံးဝ အရှုံးပေးသွားခဲ့ရပြီး စိတ်ထဲမှ အတွေးတစ်ခု ပေါ်ထွက်လာသည်။

“သူက သွေးကြောနိုးကြားမှုနယ်ပယ် နယ်မြေ စာရင်းမှာ ဘယ်လောက်အဆင့်အထိ ရနိုင်မလဲ မသိဘူး...”

“ဝှစ်... ဝှစ်...”

ပုံရိပ်နှစ်ခုမှာ တစ်ခုပြီးတစ်ခု လိုက်လံ သတ်ဖြတ်နေကြရာ ခဏချင်းအတွင်းမှာပင် တိုက်ပွဲမြေပြင်၏ အထက်တည့်တည့်သို့ ရောက်ရှိလာကြတော့သည်။

“ပိုင်းဖြတ်စမ်း...”

သတ်ဖြတ်ခြင်းဓားဆန္ဒမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး လော့ချန်သည် ဓားဖြင့် အားပါးတရ ခုတ်ပိုင်းလိုက်ရာ သွေးရောင်အလင်းများ ဝင်းလက်နေသော ဓားအရှိန်အဝါမှာ သွေးရောင်မိုးကြိုးတစ်ခုအလား ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားခဲ့ပြီး အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်၏ကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။

“ရွှပ်...”

အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်မှာ တစ်ခဏအတွင်း နှစ်ပိုင်း ပြတ်သွားခဲ့ရ၏။ သူ ပြန်လည် စုစည်းလာချိန်တွင် သူ၏ကိုယ်ပေါ်မှ သွေးရောင်အလင်းများမှာ ပိုမို မှိန်ဖျော့သွားခဲ့ပြီး အရှိန်အဝါမှာလည်း များစွာ အားနည်းသွားတော့သည်။

“ဝူး...”

အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်မှာ ယုတ်မာလှသော ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်ပြီးကိုယ်ပေါ်တွင် ကြီးမားလှသော သွေးရောင်ပါးစပ်ကြီးတစ်ခု ပေါ်ထွက်လာကာ အားပါးတရ ဝါးမြိုလိုက်တော့သည်။

“ဝူး...”

ဒြပ်မဲ့လှသော ဆွဲငင်အားတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ သာမန် သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ သတိမထားမိခင်မှာတင် အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

“တကယ်ပဲ သန်မာတာပဲ၊ ဒီဝါးမြိုနိုင်စွမ်းက ငါ့ရဲ့ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်နဲ့ တစ်ပုံစံတည်းပဲ...”

ဤမြင်ကွင်းကို ကြည့်ကာ လော့ချန်၏ ဦးနှောက်အတွင်း၌ အတွေးတစ်ချက် ဝင်းလက်သွားသည်။

“ဝူး... ဝူး... ဝူး... ဝူး...”

သာမန် သွေးမိစ္ဆာယွမ်ဝိညာဉ် တစ်ရာကျော်ကို ဝါးမြိုလိုက်သည့်အခါ ဤအဆင့်မြင့် သွေးမိစ္ဆာ၏ကိုယ်ပေါ်တွင် သွေးရောင်အလင်းများ ပြန်လည် ပြင်းထန်လာခဲ့ပြီး အရှိန်မှာလည်း တစ်ဟုန်ထိုး မြင့်တက်လာကာ ကြီးမားလှသော သွေးရောင်လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွားလျက် တိုက်ပွဲမြေပြင်အတွင်းသို့ တိုးဝင်သွားတော့သည်။

“အား... အား... အား... အား...”

“ဒါ ဘာကြီးလဲ...ကယ်ကြပါဦး...”

“ထွက်သွားစမ်း... အား...”

ချက်ချင်းပင် တိုက်ပွဲမြေပြင်တစ်ခုလုံးတွင် နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

သွေးရောင်လေဆင်နှာမောင်း ရောက်ရှိသွားသော နေရာတိုင်းတွင် လူသားပုံရိပ်များမှာ တစ်ခုပြီးတစ်ခု လဲကျကုန်ကြ၏။ သက်ရှိမှန်သမျှမှာကိုယ်တွင်းရှိ သွေးအနှစ်သာရ အားလုံး ဝါးမြိုခြင်း ခံလိုက်ရသဖြင့် ဖြူဆွတ်နေသော အလောင်းခြောက်များအဖြစ် ပြောင်းလဲသွားကြရပြီး အသားစများပင် ကျန်ရစ်ခြင်း မရှိတော့ပေ။

များပြားလှသော သွေးအနှစ်သာရများကို ဝါးမြိုလိုက်ရသဖြင့် သွေးရောင်လေဆင်နှာမောင်း၏ အရှိန်အဝါမှာ ပိုမို ပြင်းထန်လာခဲ့ပြီး အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိတော့မည့်နှယ် ရှိနေသလို နောက်ထပ် အဆင့်တစ်ဆင့်သို့ တက်လှမ်းတော့မည့် အရိပ်အယောင်များပါ ပေါ်ထွက်နေတော့သည်။

“ဒီလောက်တောင် မြန်မြန် ပြန်ကောင်းလာတာလား၊ နည်းနည်းတော့ လက်ဝင်မယ့်ပုံပဲ...”

ဤမြင်ကွင်းကို ကြည့်ကာ လော့ချန်သည် တင်းကျပ်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။

အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်မှာ သွေးအနှစ်သာရများကို ဝါးမြိုခြင်းဖြင့် သူ၏ ချီစွမ်းအင်များကို ပြန်လည် ဖြည့်တင်းနိုင်သလို အစွမ်းကိုလည်း မြှင့်တင်နိုင်သည်မဟုတ်ပါလော။

ဤကျယ်ပြောလှသော တိုက်ပွဲမြေပြင်တွင် သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်းများ နေရာအနှံ့ ရှိနေသဖြင့် သွေးအနှစ်သာရများမှာ မကုန်နိုင်မခမ်းနိုင် ရှိနေတော့သည်။

အကယ်၍သာ ထိုသို့သာ ဆက်လက် ဝါးမြိုခွင့် ပေးထားမည်ဆိုလျှင် အချိန်ကြာလာသည်နှင့်အမျှ သူသည် စစ်မှန်သော သွေးမိစ္ဆာအဖြစ် အသွင်ပြောင်းသွားနိုင်ရန် အခွင့်အရေး ရှိနေပေသည်။

“သူ့ကို တစ်ချက်တည်းနဲ့ သတ်ပြီးတော့ ဝါးမြိုပစ်မှ ရမယ်...”

လော့ချန်သည် ဟင်းလင်းပြင်၌ ရပ်တန့်နေခဲ့ပြီး ဓားဆန္ဒမှာ ဆူပွက်နေတော့၏။ သူ၏ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များမှာလည်း အစွမ်းကုန် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး အရှိန်အဝါမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားကာ ထက်မြက်လှသော အကြည့်များဖြင့် အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်ကို စိုက်ကြည့်နေတော့သည်။

“ဟင်...”

လော့ချန်သည် ထိုအဆင့်မြင့် သွေးမိစ္ဆာကို အရှိန်အဟုန်ဖြင့် သတ်ဖြတ်ရန် ပြင်ဆင်နေစဉ်မှာပင် စိတ်ထဲ၌ ခံစားမှုတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူ၏ အကြည့်မှာ များပြားလှသော အဆောက်အအုံများကို ဖြတ်ကျော်ကာ ယွမ်ချွမ်မြို့၏ ဗဟိုချက်ဆီသို့ ကျရောက်သွားတော့၏။ သူ၏ မျက်နှာမှာလည်း ပြောင်းလဲသွားခဲ့ပြီး ကာကွယ်ရေးချီစွမ်းအင်ကို အစွမ်းကုန် လှုံ့ဆော်လိုက်တော့သည်။

နောက်တစ်ခဏတွင်...

“ဂျိမ်း... ဂျိမ်း... ဂျိမ်း...”

မိုးကြိုးပစ်သံအလား ပြင်းထန်လှသော ပေါက်ကွဲသံများမှာ မြေအောက်မှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မြေပြင်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါနေသဖြင့် ကောင်းကင်နှင့်မြေပြင်ပင် တုန်လှုပ်နေတော့သည်။

“ဂျွတ်...”

ယွမ်ချွမ်မြို့၏ ဗဟိုချက်တွင် တောင်တစ်လုံးခန့် အရွယ်အစားရှိသော သွေးရောင်အရှိန်အဝါ တိုင်ကြီးတစ်ခုမှာ မြေအောက်မှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့၏။ ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် မြေပြင်မှာ အပိုင်းပိုင်း ပြိုကွဲသွားခဲ့ပြီး အက်ကွဲကြောင်းများမှာလည်း လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။

“ဒါ ဘာဖြစ်တာလဲ...”

လူတိုင်းမှာ အကြီးအကျယ် တုန်လှုပ်သွားကြသည်။

ပေါက်ကွဲမှု၏ ရိုက်ခတ်မှုကြောင့် လော့ချန်ပင်လျှင်ကိုယ်ဟန်အနေအထား မတည်မငြိမ် ဖြစ်သွားခဲ့ရ၏။ သူသည် ထိုသွေးရောင်အရှိန်အဝါ တိုင်ကြီးကို စိုက်ကြည့်ကာ အံ့ဩတကြီး ရေရွတ်လိုက်၏။

“ကြည့်ရတာ စီနီယာယင်းလီ တို့တွေ သွေးမိစ္ဆာရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ရှာတွေ့သွားပြီ ထင်တယ်...”

သူ၏ စကားပင် မဆုံးသေးခင်မှာပင်...

“ဝုန်း... ဝုန်း... ဝူး...”

ပိုမို၍ ကြောက်စရာကောင်းလှသော တုန်ခါမှုများမှာ မြေအောက်မှ ထပ်မံ ထွက်ပေါ်လာပြန်သည်။

သွေးရောင်အရှိန်အဝါ တိုင်ကြီးရှိသော နေရာရှိ မြေပြင်မှာ အလွှာအလိုက် ပြိုကျကုန်ကြပြီး အဆောက်အအုံ အများအပြားလည်း ပြိုလဲကုန်ကြ၏။ အရာအားလုံးမှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့ရပြီး အကြီးအကျယ် ငလျင်လှုပ်သွားသည့်နှယ် ရှိနေတော့သည်။

“ဘုရားရေ... မြို့ရဲ့ တစ်ဝက်လောက်က ပျက်စီးသွားပြီပဲ...”

ဤကြောက်စရာကောင်းလှသော မြင်ကွင်းကို ကြည့်ကာ လူအများအပြားမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး စိတ်ထဲ၌လည်း ကြောက်ရွံ့မှုများသာ ပြည့်နှက်နေတော့သည်။

ပြင်းထန်လှသော တုန်ခါမှုများကြားမှပင် အလွန်တရာမှ နီရဲနေသော ကြီးမားလှသည့် သွေးရောင်ရိပ်တစ်ခုမှာ မြေအောက်မှ ထိုးထွက်လာတော့၏။ သူ၏ ပတ်ဝန်းကျင်ရှိ သွေးညှီနံ့များမှာလည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေတော့သည်။

ထိုသွေးရောင်ရိပ်မှာ ယောက်ျားလား၊ မိန်းမလား ခွဲခြားရန် ခဲယဉ်းလှပေ၏။ နီရဲနေသော ဆံပင်ရှည်များမှာ မြွေကြီးများအလား ကောင်းကင်ယံ၌ ဝေ့ယမ်းနေကြ၏။ အထူးသဖြင့် မျက်ဝန်းအစုံမှာ ကောင်းကင်ယံ၌ မြင့်မားစွာ ရှိနေခဲ့ပြီး သွေးရောင်ဝဲကတော့ နှစ်ခုအလား ရှိနေကာ လူသား၏ သွေးသားများနှင့် ဝိညာဉ်များကိုပါ ဝါးမြိုပစ်တော့မည့်နှယ် အလွန်ပင် ယုတ်မာလှပေ၏။

“သွေးမိစ္ဆာ...”

လော့ချန်သည် တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် ဤသည်မှာ သွေးဝိညာဉ်ဂိုဏ်း၏ အခြေစိုက်စခန်းကို ဝိုင်းရံတိုက်ခိုက်စဉ်က ပေါ်ထွက်လာခဲ့သော သွေးမိစ္ဆာဖြစ်ကြောင်း သိလိုက်၏။ သို့သော်လည်း ထိုအချိန်နှင့် ယှဉ်လိုက်လျှင် သူ၏ အရှိန်အဝါမှာ များစွာ အားနည်းနေသေး၏။ ကြည့်ရတာ သူ၏ ချီစွမ်းအင်များ လုံးဝ ပြန်မကောင်းသေးသည့်ပုံပင်။

“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”

သွေးမိစ္ဆာ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူရိပ်အများအပြားသည်လည်း ပြိုကွဲနေသော မြေပြင်ပေါ်မှ ဆက်တိုက် ထွက်ပေါ်လာကြသည်။

လျှပ်ယွမ်ဂိုဏ်းမှ ရှုတောက်ယန်၊ ကျိတော့ဂိုဏ်း မှ ယောင်ကွမ်းမင်းသမီး၊ စီနီယာယင်းလီ၊ ပထမမင်းသား၊ လျိုချင်းယွီ၊ ကျိလော့ဂိုဏ်းမှ ယုချင်းယူ၊ ချီယွမ်မန်း...

အားလုံးမှာ နာမည်ကျော်ကြားလှသော မဟာသန်မာသူ အဆင့်ရှိသူများ ဖြစ်ကြ၏။

လော့ချန်သည် အသေအချာ စူးစမ်းကြည့်လိုက်ရာ မြေအောက်သို့ ဆင်းသွားသူများထက် ယခု ထွက်ပေါ်လာသူ အရေအတွက်မှာ နည်းပါးနေသည်ကို တွေ့လိုက်ရသည်။

ဘာမှ စဉ်းစားနေစရာ မလိုဘဲ ထွက်မလာနိုင်သူများမှာ သေဆုံးသွားကြပြီဖြစ်ကြောင်း သူ သိလိုက်သည်။

ရှုတောက်ယန်၏ကိုယ်ပေါ်မှ မှိန်ဖျော့လှသော ရွှေရောင်မီးလျှံများမှာ ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး သွေးရောင်တိမ်တိုက်များကို ပိုင်းဖြတ်ပစ်လိုက်၏။ သူ၏ တစ်ကိုယ်လုံးမှာ တောက်ပလှသော နေမင်းကြီးတစ်ခုအလား ဟင်းလင်းပြင်၌ ရှိနေခဲ့ပြီး ဒြပ်မဲ့လှသော တုန်ခါမှုများမှာလည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေကာ တစ်ဖက်လူကို တားဆီး၍မရနိုင်သော အငွေ့အသက်များကို ပေးစွမ်းနေတော့သည်။

“သေစမ်း...”

မြေအောက်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှုတောက်ယန်၏ မျက်ဝန်းအတွင်းမှ ရွှေရောင်မီးလျှံများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သွေးမိစ္ဆာထံသို့ လက်လှမ်းလိုက်တော့သည်။

ကောင်းကင်နှင့်မြေပြင်ရှိ ချီစွမ်းအင်များမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ကောင်းကင်ယံတစ်ခုလုံးမှာ ဆူပွက်လာတော့သည်။

တောင်တစ်လုံးအလား ကြီးမားလှသော မီးလျှံလက်ဝါးကြီးတစ်ခုမှာ တစ်ခဏအတွင်း ပေါ်ထွက်လာခဲ့ပြီး သွေးမိစ္ဆာကို လုံးဝ လွှမ်းခြုံသွားတော့၏။ ပြင်းထန်လှသော အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာ ပြိုလဲကုန်ကြသလို မြစ်ရေများလည်း ခန်းခြောက်သွားခဲ့ရကာ ဟင်းလင်းပြင်ပင်လျှင် တွန့်လိမ်နေတော့၏။

သွေးမိစ္ဆာမှာ မီးလျှံလက်ဝါးကြီး၏ ဖမ်းဆီးခြင်းကို ခံရတော့မည့် ခဏတွင်...

“ဝူး...”

အိပ်မက်ဆန်လှသော အလင်းတိုင်များမှာ သွေးမိစ္ဆာ၏ ပတ်ဝန်းကျင်၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး တောက်ပလှသော လှောင်အိမ်တစ်ခုအဖြစ် ပေါင်းစပ်သွားကြ၏။ အလင်းတိုင်တစ်ခုချင်းစီမှာ ရေပုံးတစ်လုံးခန့် အရွယ်အစား ရှိနေခဲ့ပြီးကိုယ်ပေါ်တွင်လည်း ဖန်သားအလား အလင်းများ လည်ပတ်နေသဖြင့် ချေမှုန်းရန် ခက်ခဲလှသည့်နှယ် ရှိနေတော့သည်။

“ဘုန်း...”

မီးလျှံလက်ဝါးကြီးမှာ အလင်းတိုင်လှောင်အိမ်အပေါ်သို့ အားပါးတရ ရိုက်ခတ်သွားခဲ့ရာ ကောင်းကင်နှင့်မြေပြင် တုန်လှုပ်သွားခဲ့ပြီး မီးလျှံများမှာလည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့၏။ အလင်းတိုင်လှောင်အိမ်၏ မျက်နှာပြင်တွင်လည်း လှိုင်းတံပိုးများ ထွက်ပေါ်လာခဲ့ပြီး အလင်းများမှာလည်း ပြန့်လွင့်နေတော့၏။

“ဟင်...”

ရှုတောက်ယန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ထက်မြက်လှသော အကြည့်များဖြင့် အခြားသော ကောင်းကင်ယံတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာ၌ အလင်းများ ပေါင်းစပ်နေခဲ့ပြီး ယောင်ကွမ်းမင်းသမီးမှာ တောက်ပလှသော အလင်းကွင်းတစ်ခု၏ လွှမ်းခြုံခြင်းကို ခံထားရ၏။ သူမ၏ အဝတ်အစားများမှာလည်း လေထဲ၌ ဝေ့ယမ်းနေသဖြင့် တစ်ကိုယ်လုံးမှာ ပိုမို၍ သန့်စင်ပြီး မြင့်မြတ်နေသည့်နှယ် ရှိနေတော့၏။ လှပလှသော မျက်နှာထက်တွင် စွဲမက်ဖွယ်ကောင်းလှသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ဆိုလိုက်၏။

“ကျွန်မက မဟာသန်မာသူ လမ်းစဉ်ကို ရောက်ဖို့အတွက် အဆင့်တစ်ဆင့်ပဲ လိုတော့တာပါ၊ ဒါကြောင့် စီနီယာရွှီ အနေနဲ့ လူကြီးလူကောင်းဆန်ဆန် ဒီသွေးမိစ္ဆာဝိညာဉ်ကျောက်ကို ကျွန်မကို ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်မအနေနဲ့ ပေါက်စျေးထက် သုံးဆယ်ရာခိုင်နှုန်း ပိုပေးပြီးတော့ ဝယ်ပါ့မယ်၊ ကောင်းပြီမလား...”

ယောင်ကွမ်းမင်းသမီး၏ လေသံမှာ နွေဦးလေပြေအလား အလွန်ပင် ညင်သာလှပေသည်။

သူမ၏ အမြင်အရဆိုလျှင် ဤနေရာတွင် သန်မာသူများစွာ ရှိနေသော်လည်း သူမနှင့် တကယ်တမ်း ယှဉ်ပြိုင်နိုင်သူမှာ နှစ်ဦးသာ ရှိနေခြင်း ဖြစ်သည်။

၎င်းတို့မှာ ရှုတောက်ယန်နှင့် စီနီယာယင်းလီ တို့ပင် ဖြစ်ကြ၏။

အကယ်၍သာ ရှုတောက်ယန်ကို စည်းရုံးနိုင်မည်ဆိုပါက သွေးမိစ္ဆာဝိညာဉ်ကျောက်နှင့် မဟာသန်မာသူ လမ်းစဉ်မှာ သူမအတွက် လက်တစ်ကမ်းအလိုမှာတင် ရှိနေတော့မည် ဖြစ်၏။

စကားပြောနေစဉ်မှာပင် ယောင်ကွမ်းမင်းသမီး၏ လက်ဟန်များမှာ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး ထိုအလင်းတိုင်လှောင်အိမ်မှာလည်း ကျဉ်းမြောင်းလာကာ သွေးမိစ္ဆာကို ဖိနှိပ်လိုက်တော့၏။ သွေးမိစ္ဆာ၏ကိုယ်ပေါ်မှ သွေးရောင်အလင်းများမှာ ဆူပွက်နေသော်လည်း ခန္ဓာကိုယ်မှာမူ အဆက်မပြတ် ကျုံ့ဝင်နေတော့၏။

အခန်း ၇၁၆ ပြီးပါပြီ။

အခန်း ၇၁၇ - အားလုံး သေကြစေရမယ်... အောင်မြင်စွာ ဝါးမြိုခြင်း

“သိပ်မကောင်းဘူး...”

ရှုတောက်ယန်သည် သွေးမိစ္ဆာဝိညာဉ်ကျောက်ကို ရှာဖွေရန်အတွက် ရက်သတ္တပတ် နှစ်ပတ်ကြာအောင် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရသည်။ ၎င်းမှာ သူ၏မဟာသန်မာသူ လမ်းစဉ်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးဖြစ်သလို တစ်ဟုန်ထိုး တိုးတက်ပြီး ကြီးမားသော တန်ခိုးစွမ်းအားနှင့် လွတ်လပ်မှုကို ရရှိစေမည့် အခွင့်အရေးလည်း ဖြစ်ရာ မည်သို့လျှင် အလွယ်တကူ လက်လွှတ်ပေးပါမည်နည်း။

တစ်ဖက်လူမှာ နာမည်ကျော်ကြားပြီး တိုင်းပြည်ကို မှောက်စေနိုင်လောက်သည့် အလှပိုင်ရှင် ယောင်ကွမ်းမင်းသမီး ဖြစ်လင့်ကစား သူသည် အလျှော့ပေးလိမ့်မည် မဟုတ်ပေ။

“ဝုန်း...”

စကားပြောနေစဉ်မှာပင် ရှုတောက်ယန်၏ကိုယ်ပေါ်မှ အရှိန်အဝါများမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး လက်ချောင်းငါးချောင်းကို ဟင်းလင်းပြင်၌ ဆုပ်ကိုင်လိုက်သည်။ ထိုမီးလျှံလက်ဝါးကြီးပေါ်မှ မီးလျှံများမှာလည်း တစ်ဟုန်ထိုး ပြင်းထန်လာခဲ့ပြီး သွေးမိစ္ဆာကို ပိတ်လှောင်ထားသော အလင်းတိုင်လှောင်အိမ်ကို ဂျွတ်ဂျွတ်မြည်အောင် ဖိညှစ်လိုက်တော့သည်။ လှောင်အိမ်၏မျက်နှာပြင်မှာလည်း စတင် အက်ကွဲလာတော့သည်။

ယောင်ကွမ်းမင်းသမီးသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည်လည်း ဤမျှနှင့် လက်လျှော့လိမ့်မည် မဟုတ်ပေ။ ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အစွမ်းဖြင့်သာ စကားပြောကြရတော့မည် ဖြစ်သည်။

“ဒါဆိုရင်လည်းကိုယ့်အစွမ်းနဲ့ကိုယ်ပဲ ကြိုးစားကြတာပေါ့...”

အေးစက်လှသော လေသံဖြင့် ဆိုလိုက်ပြီးနောက် ယောင်ကွမ်းမင်းသမီး၏လက်ဟန်များမှာ ထပ်မံ ပြောင်းလဲသွားခဲ့သည်။ သူမကို လွှမ်းခြုံထားသော အလင်းကွင်းမှာလည်း တောက်ပလာခဲ့ပြီး ထူးဆန်းလှသော တုန်ခါမှုများ ထွက်ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင် ထိုအလင်းတိုင်လှောင်အိမ်မှာလည်း အလားတူ ထူးဆန်းသော တုန်ခါမှုများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို တွန့်လိမ်သွားစေကာ မီးလျှံလက်ဝါးကြီးကို တွန်းထုတ်ပစ်လိုက်သည်။ ထို့နောက် ၎င်းမှာ လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့ပြီး ယောင်ကွမ်းမင်းသမီးထံသို့ တစ်ဟုန်ထိုး ပျံသန်းသွားတော့သည်။ ကြည့်ရတာ သူမ၏လက်ထဲသို့ ကျရောက်တော့မည့်နှယ် ရှိနေတော့သည်။

“ဘာ...”

ယောင်ကွမ်းမင်းသမီး၏နည်းလမ်းမှာ ဤမျှအထိ ဆန်းကြယ်လိမ့်မည်ဟု ရှုတောက်ယန် မထင်မှတ်ထားခဲ့ပေ။ သူသည် အကြီးအကျယ် အံ့ဩသွားခဲ့ပြီး မျက်ဝန်းအတွင်းမှ မီးလျှံများ ပေါက်ကွဲထွက်ပေါ်လာကာ အရှိန်အဟုန်ဖြင့် လိုက်လံ ဖမ်းဆီးတော့သည်။ လမ်းတစ်ဝက်မှာတင် ရှုတောက်ယန်သည် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

“ဝုန်း...”

ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ကောင်းကင်ယံမှာ အပိုင်းပိုင်း ပြိုကွဲသွားခဲ့ပြီး ပိုမို၍ ကြောက်စရာကောင်းလှသော မီးလျှံလက်ဝါးကြီးတစ်ခုမှာ အလင်းတိုင်လှောင်အိမ်ထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။

“ဂျွတ်... ဂျွတ်... ဂျွတ်...”

ရှုတောက်ယန်နှင့် ယောင်ကွမ်းမင်းသမီးတို့ အပြိုင်အဆိုင် လုယူနေကြစဉ်မှာပင် ကောင်းကင်ယံ၌ အေးစက်လှသော လေပြင်းတစ်ခု ရုတ်တရက် တိုက်ခတ်လာခဲ့သည်။ စီနီယာယင်းလီသည် နှင်းခဲမြွေကြီး၏ဦးခေါင်းပေါ်တွင် ရပ်လျက် တစ်ဟုန်ထိုး ရောက်ရှိလာတော့သည်။

နှင်းခဲမြွေကြီးမှာ အိမ်တစ်လုံးခန့် ကြီးမားလှပြီး အမြီးကို ဝေ့ယမ်းကာ လျှပ်စီးအလား မြန်ဆန်လှပေသည်။ ပြင်းထန်လှသော နှင်းမုန်တိုင်းများကို သယ်ဆောင်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာတင် အလင်းတိုင်လှောင်အိမ်၏ရှေ့သို့ ရောက်ရှိလာကာ ပါးစပ်ကြီးကို ဟလျက် လှောင်အိမ်ကိုကိုက်ခဲပစ်လိုက်တော့သည်။

“ယုတ်မာလိုက်တာ... မင်းက ကြားကနေ အမြတ်ထုတ်ချင်တာလား... စိတ်ကူးယဉ်နေလိုက်...”

သွေးမိစ္ဆာမှာ စီနီယာယင်းလီ ၏လက်ထဲသို့ ကျရောက်တော့မည်ကို မြင်လိုက်ရသည့်အခါ ယောင်ကွမ်းမင်းသမီး၏မျက်ဝန်းအတွင်း၌ ဒေါသများ ပြည့်နှက်သွားခဲ့ပြီး သွားများကို တင်းကျပ်စွာ စိလျက် လက်ဟန်ကို ပြောင်းလဲလိုက်ရာ သွေးမိစ္ဆာကို ပိတ်လှောင်ထားသော အလင်းတိုင်လှောင်အိမ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

“ဘုန်း...”

လွတ်လပ်ခွင့် ပြန်လည်ရရှိသွားသော သွေးမိစ္ဆာသည်ကိုယ်ပေါ်မှ သွေးရောင်အလင်းများ ပြင်းထန်လာခဲ့ပြီး အလွန်ပင် သိပ်သည်းလှသော သွေးရောင်လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွားလျက် နှင်းခဲမြွေကြီး၏ပါးစပ်အတွင်းမှ ထိုးထွက်လာကာ အခြားသော ကောင်းကင်ယံ တစ်နေရာ၌ ပေါ်ထွက်လာတော့သည်။

သူ့နောက်သို့ လိုက်လံ ဖမ်းဆီးနေကြသော လူအုပ်ကြီးကို ငုံ့ကြည့်လိုက်သည့်အခါ သွေးမိစ္ဆာ၏မျက်ဝန်းအတွင်း၌ အရှက်ရမှုနှင့် ဒေါသတရားများမှာ ပင်လယ်လှိုင်းတံပိုးများအလား ပြင်းထန်နေတော့သည်။ သူသည် တစ်ပိုင်းတစ်စ အသွင်ပြောင်းပြီးသား သွေးမိစ္ဆာ ဖြစ်သည်။ အကယ်၍သာ အထွတ်အထိပ် အခြေအနေတွင် ရှိနေခဲ့မည်ဆိုလျှင် မဟာသန်မာသူတစ်ဦးကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။

ယနေ့တွင်မူ မဟာသန်မာသူ အုပ်စုကြီး၏လိုက်လံ သတ်ဖြတ်ခြင်းကို ခံနေရသဖြင့် ဤမျှအထိ အရှက်ရနေရခြင်း ဖြစ်သည်။ တကယ်ကို မယုံနိုင်စရာပင်။ ဒေါသထွက်နေသော်လည်း သွေးမိစ္ဆာမှာ လုံးဝ အသိစိတ် လွတ်သွားခြင်း မရှိပေ။

ယခုအခါ သူသည် အင်အားများစွာ ဆုံးရှုံးနေသဖြင့် ဤမျှအထိ များပြားလှသော လူအုပ်ကြီးကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ အထူးသဖြင့် မဟာသန်မာသူ လမ်းစဉ်ကို စတင် နားလည်နေကြသော ထိုထိပ်သီး သုံးဦးမှာ အလွန်ပင် သန်မာလှသလို အလွန်အမင်းလည်း အန္တရာယ်များလှပေသည်။ ကံကောင်းသည်မှာ ဤအတောအတွင်း ယွမ်ချွမ်မြို့၌ သတ်ဖြတ်ခြင်းနှင့် ပရမ်းပတာမှုများကို ဖန်တီးခဲ့သဖြင့် သွေးအနှစ်သာရ အမြောက်အမြားကို သူ ဝါးမြိုထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုသွေးအနှစ်သာရများကို အချိန်ယူ၍ သန့်စင်လိုက်ရုံနှင့် သူသည် သေချာပေါက် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်သည်။

“ငါ အင်အားတွေ ပြန်ကောင်းလာပြီးတော့ လုံးဝ အသွင်ပြောင်းနိုင်တဲ့အထိ စောင့်ကြဦး... မင်းတို့ အားလုံး သေကြစေရမယ်... အဲဒီအပြင် မင်းတို့ရဲ့ ဂိုဏ်းတွေနဲ့ မိသားစုတွေပါ တစ်ယောက်မှ ချန်ထားမှာ မဟုတ်ဘူး... မင်းတို့ရဲ့ အားလုံးသော တော်ဝင်မင်းဆက် တစ်ခုလုံးကို သွေးချောင်းစီးစေရမယ်...”

သွေးညှီနံ့များ ပြည့်နှက်နေသော အကြည့်ဖြင့် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီးနောက် သွေးမိစ္ဆာမှာ စူးရှလှသော အသံဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ထပ်မံ တွန့်လိမ်သွားခဲ့ပြီး အလွန်ပင် သိပ်သည်းလှသော သွေးရောင်မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားလျက် အဝေးသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။

“ဒီနေ့တော့ မင်း ပြေးဖို့ မကြိုးစားနဲ့တော့...”

ရှုတောက်ယန်၏ အနက်ရောင်ဆံပင်များမှာ လေထဲ၌ ဝေ့ယမ်းနေခဲ့ပြီးကိုယ်ပေါ်မှ မီးလျှံများမှာလည်း ပြင်းထန်နေတော့သည်။ သူသည် အနောက်မှ လိုက်လံ ဖမ်းဆီးနေခဲ့ပြီး ခြေလှမ်းများမှာ မမြန်လှဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်လှပေသည်။ ခြေလှမ်းအနည်းငယ်အတွင်းမှာတင် မိုင်ပေါင်းများစွာ အကွာအဝေးသို့ ရောက်ရှိသွားတော့သည်။

“ဝူး...”

ယောင်ကွမ်းမင်းသမီးသည်လည်း အနောက်မှကပ်လျက် လိုက်ပါသွားသည်။ သူမ၏ကိုယ်ပေါ်တွင် အလင်းကွင်းများ ဝန်းရံနေခဲ့ပြီး ပုံရိပ်မှာလည်း တောက်ပနေတော့သည်။ သူမ၏ပုံရိပ်မှာ အိပ်မက်ဆန်လှသော ပုံရိပ်ယောင်တစ်ခုအလား ဖြစ်နေခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ဟိုးအဝေးဆီသို့ ပျောက်ကွယ်သွားတော့သည်။ လေထုအတွင်း၌ တုန်ခါမှုများသာ ကျန်ရစ်ခဲ့တော့သည်။

“သတ်ကြစမ်း... ဒီနေ့ သူက သွေးအနှစ်သာရတွေ အများကြီးကို ဝါးမြိုထားတာဆိုတော့ သူ့ကို လုံးဝ လွှတ်ပေးလို့ မရဘူး... မဟုတ်ရင် သူ အင်အားတွေ ပြန်ကောင်းလာတာနဲ့ ဘေးဒုက္ခတစ်ခု ဖြစ်လာမှာပဲ... တကယ်လို့ သူသာ အသွင်ပြောင်း သွေးမိစ္ဆာ ဖြစ်သွားရင်တော့ သူ့ကို သတ်ဖို့က တကယ်ကို ခက်ခဲသွားလိမ့်မယ်...”

ပထမမင်းသား ကျင်းထျန်တူက လေးလံလှသော အသံဖြင့် ဆိုလိုက်သည်။

“အင်း...”

စီနီယာယင်းလီက အသာအယာ ခေါင်းညိတ်လိုက်သည်။ သူမသည် ဟင်းလင်းပြင်၌ ရှိနေစဉ် တောက်ပလှသော မျက်ဝန်းအစုံဖြင့် လော့ချန် ရှိရာဘက်သို့ ခေတ္တမျှ လှမ်းကြည့်လိုက်ပြီးနောက် ဆိုလိုက်သည်။

“သွားကြစို့...”

“ဟူး...”

စီနီယာယင်းလီသည် လက်ကို ဝှေ့ယမ်းလိုက်ရာ နှင်းခဲမြွေကြီး နှစ်ကောင်မှာ ချက်ချင်း ပေါ်ထွက်လာတော့သည်။ သူမနှင့် ကျင်းထျန်တူ အပြင် လျိုချင်းယွီ တို့ကို သယ်ဆောင်ကာ ဟင်းလင်းပြင်ကို ဖြတ်ကျော် ပျံသန်းသွားကြတော့သည်။

“လိုက်ကြစမ်း...”

တစ်ချိန်တည်းမှာပင် အခြားသော မဟာသန်မာသူများသည်လည်း အနောက်မှ လိုက်လံ ဖမ်းဆီးသွားကြတော့သည်။ ကောင်းကင်ယံ၌ တောက်ပလှသော အလင်းတန်းများစွာ ထင်ကျန်ရစ်ခဲ့တော့သည်။ ယောင်ကွမ်းမင်းသမီးတို့ သုံးဦး ရှိနေသဖြင့် သွေးမိစ္ဆာဝိညာဉ်ကျောက်ကို လုယူနိုင်ရန် မျှော်လင့်ချက်မှာ အလွန်ပင် မှေးမှိန်လှကြောင်း သူတို့ သိကြပါသည်။

သို့သော်လည်း သွေးမိစ္ဆာဝိညာဉ်ကျောက်သည် မဟာသန်မာသူများအတွက် အလွန်ပင် အရေးကြီးလှပေသည်။ လုံလောက်လှသော ဝိညာဉ်စွမ်းအင်နှင့် စိတ်ဓာတ်ခိုင်မာမှု မရှိပါက မိမိကိုယ်တိုင် ကြိုးစားရုံဖြင့်လည်းကောင်း၊ ပါရမီ အလွန်အမင်း ထူးချွန်ခြင်း မရှိပါကလည်းကောင်း မဟာသန်မာသူ တစ်ဦးသည် သူ၏တစ်သက်တာလုံး မဟာသန်မာသူ လမ်းစဉ်ကို နားလည်နိုင်လိမ့်မည် မဟုတ်သလို အမြင့်မြတ်ဆုံးသော မဟာသန်မာသူတစ်ဦးလည်း ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် မျှော်လင့်ချက် အနည်းငယ်သာ ရှိလင့်ကစား လူတိုင်းသည် လက်လျှော့လိုခြင်း မရှိကြပေ။

ကျိလော့ဂိုဏ်းမှ တပည့်နှစ်ဦးဖြစ်သော ယုချင်းယူနှင့် ချီယွမ်မန်း တို့သည်လည်း ဤလူအုပ်ကြီးအတွင်း၌ ပါဝင်နေကြသည်။

“ဟင်...”

ထွက်ခွာခါနီးတွင် ချီယွမ်မန်းသည် လော့ချန်ကို သတိပြုမိသွားခဲ့ပြီး မျက်မှောင်ကြုတ်ကာ အံ့ဩသွားတော့သည်။ လော့ချန်၏ကိုယ်တွင်းရှိ သွေးစွမ်းအင်များမှာ အရင်ကထက် များစွာ ပိုမို ပြင်းထန်လာသည်ကို သူမ ခံစားလိုက်ရခြင်း ဖြစ်သည်။ အနည်းငယ်မျှ သန်မာလာခြင်း မဟုတ်ဘဲ တစ်ဆ၊ နှစ်ဆခန့် ပြောင်းလဲသွားခြင်း ဖြစ်သည်။

“ယွမ်မန်း... မြန်မြန်လာလေ...”

ယုချင်းယူ ၏အသံမှာ ရှေ့ဘက်မှ ထွက်ပေါ်လာခဲ့သဖြင့် ချီယွမ်မန်း ၏အတွေးများကို ဖြတ်တောက်လိုက်တော့သည်။

“ဟုတ်ကဲ့ပါ...”

ချီယွမ်မန်းက ခေါင်းညိတ်လိုက်ပြီး လော့ချန်ကို သံသယများဖြင့် နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်သည်။

“ဒါ မဖြစ်နိုင်ပါဘူး... ခဏလေးအတွင်းမှာတင် လူတစ်ယောက်ရဲ့ သွေးစွမ်းအင်က ဒီလောက်အထိ တိုးတက်လာဖို့က မဖြစ်နိုင်တာပဲ...”

သူမ၏ပါးစပ်မှ ထိုသို့ ပြောလိုက်သော်လည်း ချီယွမ်မန်း ၏စိတ်ထဲမှ သံသယများမှာမူ လျော့ပါးသွားခြင်း မရှိပေ။ နောင်တစ်ချိန်တွင် အခွင့်အရေးရပါက အသေအချာ ပြန်လည် စူးစမ်းရန် ဆုံးဖြတ်လိုက်တော့သည်။

ခဏချင်းအတွင်းမှာပင် မဟာသန်မာသူ အုပ်စုကြီးမှာ အစအနမကျန် ထွက်ခွာသွားကြပြီ ဖြစ်သည်။ တိုက်ပွဲမြေပြင် တစ်ခုလုံးမှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရသည်။ လူအများအပြားမှာ အံ့ဩမှုအတွင်းမှ ရုန်းမထွက်နိုင်ကြသေးပေ။ ထိပ်သီး မဟာသန်မာသူများ၏တိုက်ပွဲမှ ပေါ်ထွက်လာသော ကြောက်စရာကောင်းလှသည့် ဖျက်ဆီးနိုင်စွမ်း ဖြစ်စေ၊ သွေးမိစ္ဆာ၏ကြောက်စရာကောင်းလှသော အရှိန်အဝါ ဖြစ်စေ လူတိုင်း၏စိတ်ထဲ၌ မေ့ဖျောက်၍မရနိုင်သော ပုံရိပ်များအဖြစ် ထင်ကျန်ရစ်ခဲ့တော့သည်။

မဟာသန်မာသူ အုပ်စုကြီးနှင့် သွေးမိစ္ဆာ ထွက်ခွာသွားသည်နှင့်အမျှ ကောင်းကင်ယံ၌ ပြည့်နှက်နေသော ပြင်းထန်လှသည့် သွေးမိစ္ဆာအငွေ့အသက်များမှာလည်း လွင့်စင်သွားခဲ့ရသည်။ ရွှေရောင် နေရောင်ခြည်များမှာလည်း ဓားသွားများအလား တစ်ဖွဲဖွဲ ကျရောက်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။

“အား... အား... အား...”

ရုတ်တရက် တိုက်ပွဲမြေပြင်အတွင်းမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ နေရောင်ခြည်နှင့် ထိတွေ့လိုက်ရသော သွေးမိစ္ဆာယွမ်ဝိညာဉ်များမှာ နာကျင်စွာ အော်ဟစ်လိုက်ကြရသည်။ သူတို့၏ခန္ဓာကိုယ်မှာ တိုက်ရိုက် လောင်ကျွမ်းလာခဲ့ပြီး ခဏချင်းအတွင်းမှာပင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားကြတော့သည်။

“ဟုတ်သားပဲ... သွေးမိစ္ဆာယွမ်ဝိညာဉ်တွေက နေရောင်ခြည်ကို ကြောက်တာပဲ...”

“ဟားဟား... အခုတော့ အသက်ရှင်ဖို့ လမ်းရှိသွားပြီ...”

“မြန်မြန်... ငါတို့တွေ ကောင်းကင်က တိမ်တိုက်တွေကို ရိုက်ထုတ်ကြစို့၊ ဒီယုတ်မာတဲ့ အရာတွေ ပုန်းစရာ နေရာမရှိအောင် လုပ်ရမယ်၊ နောက်ထပ် ဘေးဒုက္ခတွေ မဖြစ်လာအောင်လေ...”

ရောက်ရှိနေသူ အားလုံးမှာ အလွန်ပင် ဝမ်းသာသွားကြသည်။ ဤသွေးမိစ္ဆာယွမ်ဝိညာဉ်များကြောင့် သူတို့ဘက်တွင် အကျအဆုံး များပြားခဲ့ရသည်မဟုတ်ပါလော။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး တိုက်ခိုက်လိုက်ကြပြီး ကောင်းကင်ယံရှိ ကျန်ရှိနေသော သွေးရောင်တိမ်တိုက်များကို ရှင်းလင်းလိုက်ကြတော့သည်။ သွေးမိစ္ဆာအငွေ့အသက် တိမ်တိုက်များ ပျောက်ကွယ်သွားသည်နှင့်အမျှ နေရောင်ခြည်မှာ မြေပြင်သို့ လင်းလင်းထိန်ထိန် ကျရောက်လာခဲ့ပြီး သွေးမိစ္ဆာယွမ်ဝိညာဉ် အမြောက်အမြားမှာ ပျောက်ကွယ်သွားကြရတော့သည်။

ဤမြင်ကွင်းကို ကြည့်ကာ လော့ချန်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဤသွေးမိစ္ဆာယွမ်ဝိညာဉ်များကို ဝါးမြိုခြင်းဖြင့် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို ကျင့်ကြံရန် ရည်ရွယ်ထားသော်လည်း ယခုအခါတွင်မူ အရာအားလုံးမှာ အိပ်မက်ဆန်လှသော ပုံရိပ်ယောင်များသာ ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။

“အား... အား... အား... အား... အား...”

ရုတ်တရက် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြန်သည်။ လော့ချန်သည် အသံထွက်ပေါ်ရာ အောက်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ မျက်ဝန်းများ ဝင်းလက်သွားတော့သည်။

အောက်ဘက်ရှိ တိုက်ပွဲမြေပြင်တွင် သွေးရောင်ပုံရိပ်တစ်ခုမှာ ရူးသွပ်စွာ ထွက်ပြေးနေခဲ့သည်။ ၎င်းမှာ ထိုအဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်ပင် ဖြစ်သည်။ အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်မှာ နေရောင်ခြည်၏ရိုက်ခတ်ခြင်းကို ခံလိုက်ရသဖြင့်ကိုယ်ပေါ်မှ မီးခိုးငွေ့များ ထွက်ပေါ်နေသော်လည်း သာမန် သွေးမိစ္ဆာယွမ်ဝိညာဉ်များကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားခြင်း မရှိဘဲ တဖြည်းဖြည်းချင်းသာ အရည်ပျော်နေခြင်း ဖြစ်သည်။ နေပူထဲ၌ ထားရှိထားသော နှင်းလူသားတစ်ဦးအလား ရှိနေတော့သည်။

သူသည် နေရောင်ခြည်ကို ရှောင်ရှားရင်း လူအုပ်ကြီးအတွင်း၌ ဟိုဟိုဒီဒီ သွားလာနေခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူသားများ၏ သွေးအနှစ်သာရများကို ဝါးမြိုကာ မိမိကိုယ်ကို သန်မာအောင် လုပ်ဆောင်နေတော့သည်။ သူ ရောက်ရှိသွားသော နေရာတိုင်းတွင် လူသားပုံရိပ်များမှာ တစ်ခုပြီးတစ်ခု လဲကျကုန်ကြပြီး အရိုးနှင့်အရေသာ ကျန်တော့သည့် အလောင်းများ ဖြစ်သွားကြရသည်။ သွေးသားများ အားလုံးမှာ ဝါးမြိုခြင်း ခံလိုက်ရခြင်း ဖြစ်သည်။ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများ၏ကာကွယ်ရေးချီစွမ်းအင်များပင်လျှင် တားဆီးနိုင်စွမ်း မရှိကြပေ။

“ဒါ ဘာကြီးလဲ...”

“သတိထား... ဒါက အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်ပဲ...”

“အား... သူက ငါ့ရဲ့အောက်ဘက်ကို တိုးဝင်လာပြီ...”

“ကယ်ကြပါဦး...”

ထိုနယ်မြေအတွင်း၌ ထိတ်လန့်တကြား အော်ဟစ်သံများမှာ ဆက်တိုက် ထွက်ပေါ်နေခဲ့ပြီး ကြောက်ရွံ့မှုများမှာလည်း လှိုင်းတံပိုးများအလား ပြန့်နှံ့သွားခဲ့ရာ လူတိုင်းမှာ အရပ်မျက်နှာအနှံ့သို့ ရူးသွပ်စွာ ထွက်ပြေးနေကြတော့သည်။

“ဖျတ်...”

သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ဦးကို အလောင်းခြောက်ဖြစ်အောင် ဝါးမြိုပြီးနောက် သွေးရောင်ရိပ်မှာ အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးထံသို့ တိုးဝင်ရန် ပြင်လိုက်သည်။

“ဖျတ်...”

စိုးရိမ်စရာကောင်းလှသော ခဏတွင် လူရိပ်တစ်ခုမှာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး ထိုလူငယ်၏ရှေ့တွင် ကြိုတင် တားဆီးလိုက်တော့သည်။

“မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်း...”

မျက်ဝန်းအတွင်း၌ မိုးကြိုးအလင်းများ ဝင်းလက်သွားခဲ့ပြီး လော့ချန်သည် ဓားကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်လှသော ဓားအရှိန်အဝါမှာ မိုးကြိုးများ ပေါက်ကွဲထွက်ပေါ်လာသည့်နှယ် ရှိနေခဲ့ပြီး ရှောင်တိမ်းရန် အချိန်မရလိုက်သော သွေးရောင်ရိပ်ကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်တော့သည်။

“ဝူး...”

အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်၏ပုံရိပ်မှာ ထပ်မံ စုစည်းလာခဲ့ပြန်သည်။ သူ၏ပုံရိပ်မှာ ပိုမို၍ ဝေေဝဝါးဝါး ဖြစ်လာခဲ့ပြီး နေရောင်ခြည်၏ တိုက်စားမှုအောက်တွင်လည်း မီးခိုးငွေ့များ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။ လော့ချန်ကို နာကျည်းလှသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်မှာမူ လော့ချန်ကို ရင်ဆိုင်ရန် မဝံ့တော့ဘဲ စူးရှလှသော အသံဖြင့် အော်ဟစ်လိုက်ကာ သွေးရောင်လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွားလျက် မြေအောက် အက်ကွဲကြောင်းတစ်ခုဆီသို့ ရူးသွပ်စွာ တိုးဝင်သွားတော့သည်။ သူသည် မြေအောက်သို့ ထွက်ပြေးရန် ကြိုးစားနေခြင်း ဖြစ်သည်။

“ထွက်ပြေးချင်သေးတာလား... ပေါက်ကွဲစမ်း...”

လော့ချန်သည် ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ လေဟာနယ်ပေါက်ကွဲခြင်းကျင့်စဉ်ကို လှုံ့ဆော်လိုက်ရာ သူ၏ပုံရိပ်မှာ ပုံရိပ်ယောင် အမြောက်အမြားအဖြစ် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သူ၏အစစ်အမှန် ခန္ဓာကိုယ်မှာမူ သွေးရောင်ပုံရိပ်၏အထက်တွင် ပေါ်ထွက်လာကာ နတ်ဆိုးမုန်တိုင်း တိုက်ကွက်ဖြင့် ထိုးနှက်လိုက်တော့သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

လေဆင်နှာမောင်းဓားအရှိန်အဟုန်မှာ သွေးရောင်လေဆင်နှာမောင်းကို တစ်ခဏအတွင်း ဝါးမြိုသွားခဲ့ပြီး ပြင်းထန်စွာ ချေမှုန်းလိုက်တော့သည်။ ပေါက်ကွဲသံများမှာလည်း ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး ဟိန်းထွက်နေတော့သည်။ အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်မှာ နာကျင်စွာ အော်ဟစ်နေခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို ပြန်လည် စုစည်းကာ ဤနေရာမှ ထွက်ပြေးရန် အစွမ်းကုန် ကြိုးစားနေတော့သည်။

ထိုစဉ် လော့ချန်သည် မျက်လုံးကို အနည်းငယ် မှိတ်လိုက်ပြီး သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို တိုက်ရိုက် လှုံ့ဆော်လိုက်တော့သည်။

“ဝါးမြိုစမ်း...”

“ဝူး...”

ဒြပ်မဲ့လှသော ဆွဲငင်အားက အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်ကို လုံးဝ လွှမ်းခြုံသွားတော့သည်။ ဓားအရှိန်အဝါများနှင့်အတူ သူ၏ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆွဲဖြဲနေတော့သည်။ နေရောင်ခြည်၏ တိုက်စားမှုအောက်တွင် အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်၏အစွမ်းမှာ မူလကတည်းက အဆင့်တစ်ဆင့် လျော့နည်းနေခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင်မူ ပြင်းထန်လှသော တိုက်ခိုက်မှုနှစ်ခုကိုပါ ရင်ဆိုင်နေရသဖြင့် တဖြည်းဖြည်းနှင့် တောင့်မခံနိုင်တော့ပေ။

နောက်ဆုံးတွင် သူသည် မကျေမနပ် ဖြစ်နေသော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ကြီးမားလှသော ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ပြိုကွဲသွားခဲ့ရကာ အလွန်ပင် နီရဲတောက်ပလှသော သွေးရောင်စီးကြောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလျက် လော့ချန်၏ကိုယ်တွင်းသို့ စီးဝင်သွားတော့သည်။

အခန်း ၇၁၇ ပြီးပါပြီ။

All Chapters