အခန်း (၇၁၈-၇၂၀)
Vol. 48 Ch. 718-720
အခန်း ၇၁၈ - လီရှောင်ဖုန်း၏ သေတွင်း
အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်မှ ပြောင်းလဲသွားသော သွေးရောင်စီးကြောင်းကြီးမှာ ကိုယ်တွင်းသို့ စီးဝင်လာသည်နှင့်တစ်ပြိုင်နက် လော့ချန်သည် သူ၏ကိုယ်တွင်း၌ အလွန်ပင် ပြင်းထန်လှသော ယုတ်မာညစ်ထေးသည့် စိတ်အာရုံတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ သူ၏ဝိညာဉ်ကို ဝါးမြိုရန်နှင့် စိတ်ဓာတ်များကို ချေမှုန်းရန် ကြိုးစားနေခြင်း ဖြစ်သည်။
“တကယ့်ကို ယုတ်မာတဲ့ စိတ်အာရုံပဲ၊ အရမ်းကို ရှုပ်ထွေးပြီးတော့ ရိုင်းစိုင်းလွန်းတယ်... သာမန် သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ယောက်အနေနဲ့ လုံးဝ တောင့်ခံနိုင်မှာ မဟုတ်ဘူး...”
လော့ချန်သည် ဤအဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်၏ သန်မာမှုကို ခံစားလိုက်ရပြီး စိတ်ထဲမှ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ အကယ်၍သာ အခြားသော သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူ သို့မဟုတ် ထိပ်သီး သန်မာသူပင် ဖြစ်လင့်ကစား ဤမျှအထိ ပြင်းထန်လှသော ယုတ်မာသည့် စိတ်အာရုံ၏ရိုက်ခတ်မှုကို ခံလိုက်ရမည်ဆိုပါက စိတ်အာရုံများ ချက်ချင်း ပြိုကွဲသွားခဲ့ပြီး ရူးသွပ်သွားမည်ဖြစ်သလို အသိစိတ်မရှိသော လူအတစ်ဦးအဖြစ် ပြောင်းလဲသွားမည်မှာ သေချာလှပေသည်။
လော့ချန်မှာမူ ထိုကဲ့သို့သော စိုးရိမ်ပူပန်မှုမျိုး ရှိမနေပေ။
“ချေမှုန်းစမ်း...”
သတ်ဖြတ်ခြင်းဓားဆန္ဒမှာ တစ်ကိုယ်လုံးသို့ ပြန့်နှံ့သွားခဲ့ပြီး လော့ချန်သည် ရောင်စဉ်ကိုးသွယ် အကြေးခွံရတနာ၏ ဝါးမြိုခြင်းစွမ်းအားကိုလည်း တစ်ပါးတည်း လှုံ့ဆော်လိုက်သည်။ အင်အားနှစ်ရပ်၏ ပေါင်းစပ်မှုအောက်တွင် အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်၏ သွေးအနှစ်သာရအတွင်း ကိန်းအောင်းနေသော ယုတ်မာသည့် စိတ်အာရုံများမှာ ပုန်းအောင်းစရာ နေရာမရှိတော့ဘဲ အားလုံး ချေမှုန်းခြင်း ခံလိုက်ရပြီး စင်ကြယ်လှသော သွေးအနှစ်သာရ အငွေ့အသက်များအဖြစ် ပြောင်းလဲသွားတော့သည်။
လော့ချန်သည် ချက်ချင်းပင် စိတ်ကို စုစည်းလိုက်ပြီး သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို လည်ပတ်စေလျက် အစွမ်းကုန် ထုတ်ယူ ဝါးမြိုတော့သည်။
“ဝူး...”
ဤသွေးအနှစ်သာရ အငွေ့အသက်မှာ အလွန်ပင် ပြင်းထန်လှပေသည်။ သာမန် သွေးမိစ္ဆာယွမ်ဝိညာဉ်များထက် အဆပေါင်း ရာနှင့်ချီ၍ သန်မာလှသဖြင့် လော့ချန်ပင်လျှင် တစ်ခဏအတွင်း အားလုံးကို ဝါးမြိုနိုင်ခြင်း မရှိပေ။ ကျယ်ပြောလှသော သွေးအနှစ်သာရ အငွေ့အသက်များမှာ လော့ချန်၏ပတ်ဝန်းကျင်၌ သွေးရောင်ကြယ်တာရာ ဝဲကတော့များအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့ကို လုံးဝ လွှမ်းခြုံထားတော့သည်။ အဆက်မပြတ် ဝါးမြိုနေသည်နှင့်အမျှ လော့ချန်၏ ဒန်ထျန်အတွင်းရှိ သွေးစွမ်းအင်ဝဲကတော့မှာ သွေးရောင်အလင်းများ ပိုမို ပြင်းထန်လာခဲ့ပြီး လည်ပတ်မှုမှာလည်း အလွန်ပင် အားကောင်းလှပေသည်။
၎င်းအတွင်းရှိ သွေးအနှစ်သာရ အငွေ့အသက်များမှာလည်း တစ်ဖြည်းဖြည်း သန့်စင်ပြီး သိပ်သည်းလာခဲ့ကာ ပိုမို၍လည်း ကျယ်ပြောလာတော့သည်။ လှိုင်းတံပိုးများအလား မြည်ဟည်းနေတော့သည်။ ခဏမျှအကြာတွင် သွေးရောင်ကြယ်တာရာ ဝဲကတော့များမှာ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့ပြီး လော့ချန်သည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်သည်။ မျက်ဝန်းအတွင်းမှ သွေးရောင်အလင်းများ ဝင်းလက်သွားခဲ့ပြီး တစ်ကိုယ်လုံးမှာလည်း တောင်တစ်လုံးအလား ခိုင်ခံ့လှပေသည်။
“အား... အား... အား...”
ပတ်ဝန်းကျင်ရှိ လော့ချန်နှင့် အကြည့်ချင်း ဆုံမိသူမှန်သမျှမှာ အကြီးအကျယ် ထိတ်လန့်သွားကြပြီး အနောက်သို့ ဆက်တိုက် ဆုတ်ခွာကုန်ကြသည်။ လူတိုင်း၏မျက်နှာတွင် သရဲသဘက်ကို မြင်လိုက်ရသည့်နှယ် အမူအရာများ ပြည့်နှက်နေတော့သည်။ ယခုအခါ လော့ချန်၏ မျက်ဝန်းအစုံအတွင်း၌ သွေးကြောမျှင်များစွာ ပြည့်နှက်နေခဲ့ပြီး မျက်လုံးထောင့်များမှလည်း သွေးစက်အချို့ ကျဆင်းနေသည်။ အသားအရေအောက်ရှိ သွေးကြောများမှာလည်း ဖောင်းကြွနေသဖြင့် အသေအချာ မြင်တွေ့နေရသည်။ ဆူပွက်ပြီး ကြောက်စရာကောင်းလှသော အရှိန်အဝါမှာ ပြန်လည်မွေးဖွားလာသော သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးအလား ဖြစ်နေခဲ့ပြီး ယခုတင်က အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်ထက်ပင် ပိုမို၍ ကြောက်စရာကောင်းလှပေသည်။
လော့ချန်၏ကယ်တင်ခြင်းကို ခံလိုက်ရသော လူငယ်မှာ သတ္တိကို မွေးလျက် တုန်တုန်ရင်ရင်နှင့် ဆိုလိုက်၏။
“လော့ချန်... ခုလိုကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်... မင်း... မင်း ဘာမှ မဖြစ်ဘူးမလား...”
လော့ချန်က ခေါင်းခါပြလိုက်ပြီး ခြေလှမ်းတစ်ချက် ပြင်လိုက်ရာ ဟင်းလင်းပြင်သို့ ပျံတက်သွားခဲ့ပြီး မြို့ပြင်ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။ ဤအဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်အတွင်း ကိန်းအောင်းနေသော သွေးအနှစ်သာရများမှာ လော့ချန်၏ထင်မှတ်ချက်ထက် များစွာ ကျော်လွန်လှပေသည်။ သာမန် သွေးမိစ္ဆာယွမ်ဝိညာဉ် ရာနှင့်ချီ၍ ရှိနေသည့်နှယ်ပင် ဖြစ်သည်။
ဤမျှအထိ များပြားလှသော သွေးအနှစ်သာရများကို တစ်ခဏအတွင်း ဝါးမြိုပစ်လိုက်ခြင်းမှာ အခြားသော သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူသာဆိုပါကကိုယ်ခန္ဓာ ပေါက်ကွဲသွားမည်မှာ သေချာလှပေသည်။ အခြားသော လမ်းစဉ် ရှိနေလိမ့်မည် မဟုတ်ပေ။ လော့ချန်ပင်လျှင် အနည်းငယ် တောင့်ခံရန် ခက်ခဲနေခဲ့ပြီး သွေးစွမ်းအင်ဝဲကတော့မှာ အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ကိုယ်တွင်းရှိ သွေးစွမ်းအင်များမှာလည်း လှိုင်းတံပိုးများအလား မြည်ဟည်းနေခဲ့ပြီး ဆူပွက်ပေါက်ကွဲတော့မည့်နှယ် ရှိနေတော့သည်။
သူသည် ဤသွေးအနှစ်သာရများကို သန့်စင်ရန်အတွက် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခု ရှာဖွေရန် လိုအပ်နေခြင်း ဖြစ်သည်။
“လော့ချန်... ခဏနေပါဦး...”
လော့ချန်သည် ယွမ်ချွမ်မြို့မှ ထွက်ခွာရန် ပြင်နေစဉ်မှာပင် ဝမ်းသာအားရ ဖြစ်နေသော ကြည်လင်သည့် အသံလေးတစ်ခုမှာ ဘေးဘက်မှ ထွက်ပေါ်လာတော့သည်။ လော့ချန်သည် ခေါင်းကို လှည့်ကြည့်လိုက်ရာ အနည်းငယ် အံ့ဩသွားရသည်။ နဝမမင်းသမီး ကျင်းယွီရှီး ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။
“ဝှစ်...”
နဝမမင်းသမီး ကျင်းယွီရှီးသည် လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး ဝမ်းသာအားရ ဆိုလိုက်၏။
“နောက်ဆုံးတော့ ရှာတွေ့သွားပြီ... ဟင်... မင်း ဘာဖြစ်တာလဲ...”
လော့ချန်၏တစ်ကိုယ်လုံး သွေးများ လွှမ်းနေခဲ့ပြီး အရှိန်အဝါများမှာလည်း အချိန်မရွေး ပေါက်ကွဲတော့မည့်နှယ် ကြောက်စရာကောင်းလှသော အသွင်ကို သတိပြုမိသွားသည့်အတွက် ကျင်းယွီရှီး၏မျက်နှာမှာ ပြောင်းလဲသွားတော့သည်။
“ဘာမှ မဖြစ်ပါဘူး...”
လော့ချန်က ခေါင်းခါပြလိုက်ပြီး မေးမြန်းလိုက်သည်။
“မင်းတို့ ယွမ်ချွမ်မြို့ကနေ ထွက်သွားကြပြီ မဟုတ်ဘူးလား... ဘာလို့ ဒီမှာ ရှိနေသေးတာလဲ...”
ကျင်းယွီရှီးသည် အရေးကြီးသော ကိစ္စကို သတိရသွားခဲ့ပြီး ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်ကာ လေသံကို နှိမ့်လျက် လေးနက်စွာ ဆိုလိုက်၏။
“လော့ချန်... ကျိတော့ဂိုဏ်းက လီရှောင်ဖုန်းက မင်းရဲ့သတင်းကို အရပ်မျက်နှာအနှံ့မှာ လိုက်ရှာနေတယ်...”
လော့ချန်သည် မျက်မှောင်ကြုတ်လိုက်သည်။
“လီရှောင်ဖုန်းလား...”
ကျင်းယွီရှီးက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... မင်းကို ရှာဖို့အတွက် သူက လူတော်တော်များများကိုတောင် သတ်ခဲ့သေးတယ်... ကြည့်ရတာ ယွမ်လန်စားသောက်ဆိုင်မှာ ဖြစ်ခဲ့တဲ့ကိစ္စကို သူက အငြိုးထားပြီးတော့ မင်းကို သေတွင်းထဲပို့ဖို့ ကြိုးစားနေတာပဲ... မင်း ယွမ်ချွမ်မြို့ကနေ မြန်မြန် ထွက်သွားမှ ဖြစ်မယ်... မဟုတ်ရင် သူသာ မင်းကို ရှာတွေ့သွားရင်တော့ ဒုက္ခရောက်ကုန်လိမ့်မယ်...”
ကျင်းယွီရှီး၏လေသံမှာ အလွန်ပင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေတော့သည်။ ယခုတင်က လော့ချန်နှင့် အဆင့်မြင့် သွေးမိစ္ဆာအစပျိုးအဆင့်တို့၏တိုက်ပွဲမှာ အလွန်ပင် အရှိန်အဟုန် ကြီးမားလှသဖြင့် လူအများအပြား၏ အာရုံစိုက်မှုကို ခံခဲ့ရသည်မဟုတ်ပါလော။ ထို့ကြောင့်လည်း သူမသည် လော့ချန်ကို အချိန်မီ ရှာတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။
လော့ချန်က အေးစက်စွာ ရယ်မောလိုက်၏။
“ငါ့ကို သေတွင်းထဲ ပို့မလို့လား... ဟဲဟဲ... သူ လာတာက အတော်ပဲပေါ့... ငါလည်း အခုပဲ အစွမ်းတွေ တက်လာတာဆိုတော့ ပြိုင်ဘက်ကောင်းတစ်ယောက် လိုအပ်နေတာနဲ့ အတော်ပဲ...”
ဤစကားကို ကြားသည့်အခါ ကျင်းယွီရှီးက စိုးရိမ်တကြီး ဆိုလိုက်သည်။
“လော့ချန်... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့... နယ်မြေအဆင့် စာရင်းထဲ ဝင်ထားတဲ့သူတွေက ဘယ်သူမှ သာမန်မဟုတ်ဘူး... အဲ့ဒီအပြင် လီရှောင်ဖုန်းက ဓားဆန္ဒအဆင့်ရှိတဲ့ ဓားသမားတစ်ယောက်လေ၊ နယ်မြေအဆင့် ၄၁ မှာ ရှိနေတာဆိုတော့ ပါရမီရှင်တွေထဲက ပါရမီရှင်ပဲ... သူ့ရဲ့ အစွမ်းက ယွမ်ထျန်ယန်နဲ့ ယှဉ်လို့ရတာ မဟုတ်ဘူး... ငါ့အစ်ကိုကြီး ပြောဖူးတာတော့ လီရှောင်ဖုန်းမှာ မြေကမ္ဘာအဆင့် မဟာသန်မာသူတစ်ယောက်ကိုတောင် ရင်ဆိုင်နိုင်တဲ့ အရည်အချင်း ရှိတယ်တဲ့...”
ကျင်းယွီရှီးသည် လော့ချန်ကို အထင်သေးနေခြင်း မဟုတ်ပေ။ သို့သော်လည်း လီရှောင်ဖုန်း၏ကျော်ကြားမှုမှာ အလွန်ပင် ကြီးမားလှသည်မဟုတ်ပါလော။ အခြားတစ်ဖက်ကလည်း လော့ချန်ကို သေတွင်းထဲ ပို့ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူမသည် လော့ချန်ကို အန္တရာယ် မကြုံစေလိုခြင်း ဖြစ်သည်။
လော့ချန်သည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် စိတ်ထဲ၌ ခံစားမှုတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူ၏သွေးလွှမ်းနေသော မျက်ဝန်းများဖြင့် အနောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ အေးစက်လှသော အလင်းတန်းများ ဝင်းလက်သွားခဲ့ပြီး ဆိုလိုက်၏။
“ငါနဲ့ လိုက်ခဲ့...”
လော့ချန်သည် စကားများစွာ မပြောတော့ဘဲ ကျင်းယွီရှီး၏လက်ကောက်ဝတ်ကို ဆွဲလျက် မြူခိုးရိပ်ခြေလှမ်းကို အစွမ်းကုန် လှုံ့ဆော်ကာ ဟင်းလင်းပြင်သို့ ပျံတက်လိုက်ပြီး အဝေးသို့ လျှပ်စီးအလား အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။ ကျင်းယွီရှီးမှာမူ လော့ချန်သည် သူမ၏စကားကို နားဝင်သွားခြင်းဖြစ်မည်ဟု ယူဆလိုက်ပြီး ဆိုလိုက်၏။
“လော့ချန်... ငါတို့တွေ အနီးအနားက ဟေးလင်မြို့ကို သွားလို့ ရတယ်... အစ်ကိုကြီးနဲ့ ငါနဲ့ ချိန်းထားတာ ရှိတယ်လေ၊ သွေးမိစ္ဆာကိစ္စ ပြီးသွားရင် အဲ့ဒီမှာ ဆုံကြမယ်လို့... လီရှောင်ဖုန်းက မင်းရဲ့ သတင်းကို ရှာတွေ့ရင်တောင်မှ အစ်ကိုကြီး ရှိနေရင်တော့ သူ ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး...”
လော့ချန်ကမူ ဘာမှ ပြန်မပြောဘဲကိုယ်တွင်းရှိ ဆူပွက်နေသော သွေးစွမ်းအင်များကိုသာ အတင်းအကျပ် ဖိနှိပ်လျက် အစွမ်းကုန် ခရီးနှင်နေတော့သည်။ သူ၏ပုံရိပ်မှာ ကောင်းကင်ယံရှိ တိမ်တိုက်များအလား ဝေေဝဝါးဝါး ဖြစ်နေခဲ့ပြီး ခဏချင်းအတွင်းမှာပင် ယွမ်ချွမ်မြို့ကို အနောက်၌ ချန်ရစ်ခဲ့တော့သည်။
မကြာမီမှာပင် ထိုသူနှစ်ဦးမှာ ယွမ်ချွမ်မြို့မှ မိုင်ပေါင်း ရာနှင့်ချီ၍ ဝေးကွာသွားခဲ့ပြီး မြစ်တစ်စင်းနှင့်အတူ သွယ်တန်းနေသော တောင်တန်းကြီးတစ်ခု၏အထက်သို့ ရောက်ရှိလာကြတော့သည်။
“ဒီနေရာက မဆိုးဘူးပဲ...”
“ဝှစ်...”
ပုံရိပ်တစ်ခု ဝင်းလက်သွားခဲ့ပြီး လော့ချန်သည် တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
“လော့ချန်... ဒီကို ဘာလာလုပ်တာလဲ...”
ကျင်းယွီရှီးသည် အနည်းငယ် ထူးဆန်းနေတော့သည်။
“မင်းကို ပြဇာတ်ကောင်းတစ်ပုဒ် ပြမလို့လေ... လာပြီ...”
လော့ချန်သည် အသာအယာ ပြုံးလိုက်ပြီး ယွမ်ချွမ်မြို့ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
နောက်တစ်ခဏတွင်...
“ဝှစ်...”
တိမ်တိုက်များမှာ အပိုင်းပိုင်း ပြိုကွဲသွားခဲ့ပြီး ဆူပွက်လှသော ဓားအရှိန်အဝါများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားကာ ကောင်းကင်ယံကိုလည်း အပိုင်းပိုင်း ပြတ်တောက်သွားစေတော့သည်။ ဓားအရှိန်အဝါများ၏ဗဟိုချက်၌ လူရိပ်တစ်ခု ရှိနေခဲ့ပြီး သန်မာလှသော ဓားအရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ လေထုမှာ ရေအလား တုန်ခါနေကာ လှိုင်းတံပိုးများ ပြည့်နှက်နေတော့သည်။
“လီရှောင်ဖုန်း...”
ရောက်ရှိလာသူကို မြင်လိုက်ရသည့်အခါ ကျင်းယွီရှီး၏မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး နှုတ်ခမ်းကို လက်ဖြင့် အုပ်လိုက်မိတော့သည်။ လီရှောင်ဖုန်းသည် ဟင်းလင်းပြင်၌ ရပ်တန့်နေခဲ့ပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ထက်မြက်လှသော အကြည့်များမှာ လော့ချန်၏ကိုယ်ပေါ်သို့ ကျရောက်သွားပြီးနောက် ပြုံးလျက် ဆိုလိုက်၏။
“လော့ချန်... မင်း ထွက်ပြေးတာ တကယ်ကို မြန်တာပဲ... ဒါပေမဲ့ နောက်ဆုံးတော့လည်း ငါ့လက်ထဲကနေ မလွတ်နိုင်ပါဘူး...”
“ဟုတ်လို့လား...”
လော့ချန်၏မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ ကျင်းယွီရှီးကို ခေါ်ဆောင်ကာ ယွမ်ချွမ်မြို့မှ ထွက်ခွာလာစဉ်မှာပင် လီရှောင်ဖုန်း၏အနောက်မှ လိုက်ပါလာမှုကို သူ သတိပြုမိပြီးသား ဖြစ်သည်။ လီရှောင်ဖုန်းသည် တိုက်ခိုက်ရန် အလျင်မလိုသေးဘဲ လော့ချန်ကို သေလူတစ်ဦးအလား စိုက်ကြည့်ကာ အေးအေးဆေးဆေးပင် ဆိုလိုက်၏။
“မင်းက အသုံးမကျတဲ့သိုင်းဝိညာဉ်နဲ့ ဒီနေ့လို အဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာ၊ အဲ့ဒီအပြင် ယွမ်ထျန်ယန်တောင် မင်းရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူးဆိုတော့ မင်းက တကယ့် ပါရမီရှင်တစ်ယောက်ပဲ... ဆက်ပြီးတော့ တိုးတက်သွားမယ်ဆိုရင် စတုတ္ထနယ်ပယ်ကို တက်လှမ်းပြီးတော့ မဟာသန်မာသူတစ်ယောက်တောင် ဖြစ်လာနိုင်တာပဲ... ဒါပေမဲ့ နှမြောဖို့ ကောင်းတာက မင်းက လုံးဝ လာစိန်မခေါ်ခဲ့သင့်တဲ့ ငါ့ကို စိန်ခေါ်လိုက်မိတာပဲ...”
“ယွမ်လန်စားသောက်ဆိုင်မှာ ဓားဆန္ဒချင်း ယှဉ်ပြိုင်တုန်းက မင်းကြောင့် ငါ ဒဏ်ရာရခဲ့တာဟာ ငါ့တစ်သက်မှာ အကြီးမားဆုံး အရှက်ရမှုပဲ... အဲ့ဒီအချိန်ကစပြီးတော့ ဘယ်လို တန်ဖိုးပဲ ပေးရပါစေ မင်းကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်မယ်လို့ ငါ ကျိန်ဆိုခဲ့ပြီးသားပဲ...”
လီရှောင်ဖုန်း၏ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော စကားများကို ကြားလိုက်ရသည့်အခါ ကျင်းယွီရှီး၏မျက်နှာမှာ ဖြူလျော့သွားခဲ့ပြီး သတ္တိကို မွေးလျက် ဆိုလိုက်၏။
“လီရှောင်ဖုန်း... လော့ချန်က ငါ့အစ်ကိုကြီးရဲ့ သူငယ်ချင်းလေ... မင်း... မင်း သူ့ကို ဒဏ်ရာမရစေနဲ့... မင်းက နယ်မြေအဆင့် စာရင်းဝင် သန်မာသူတစ်ယောက် ဖြစ်နေပြီးတော့ အားနည်းတဲ့သူကို ဒီလိုမျိုး အနိုင်မကျင့်သင့်ဘူး... ဒါက မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်...”
လီရှောင်ဖုန်းသည် ကျင်းယွီရှီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အေးစက်စွာ ရယ်မောလိုက်၏။
“ကျင်းထျန်တူလား... သူက ဘာကောင်မို့လို့လဲ... စိတ်မပူပါနဲ့၊ ဒီနေ့ မင်းလည်း သေရမှာပဲ၊ ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စကို ဘယ်သူမှ သိမှာ မဟုတ်ဘူး...”
ဓားဆန္ဒချင်း ယှဉ်ပြိုင်ရာတွင် လော့ချန်ကို ရှုံးနိမ့်ခဲ့ခြင်းမှာ အလွန်ပင် သိက္ခာကျစရာ ကောင်းလှပေသည်။ အကယ်၍ လော့ချန်ကို လိုက်လံ သတ်ဖြတ်နေသည့် သတင်းသာ ပေါက်ကြားသွားခဲ့မည်ဆိုလျှင် သူသည် အရှုံးကို လက်မခံနိုင်သော သဘောထားသိမ်ဖျင်းသူတစ်ဦးအဖြစ် လူပြောစရာ ဖြစ်လာမည်ဖြစ်သလို သူ၏ကျော်ကြားမှုကိုလည်း ထိခိုက်စေမည် ဖြစ်သည်။ ထို့ကြောင့် အစကတည်းက လီရှောင်ဖုန်းသည် မည်သူ့ကိုမျှ အသက်ချန်ထားရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
“ဟူး...”
လော့ချန်သည် ရုတ်တရက် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆိုလိုက်၏။
“လီရှောင်ဖုန်း... တကယ်တော့ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် အေးအေးဆေးဆေး နေလို့ ရတာပဲကို...”
“အော်...”
ဤစကားကို ကြားသည့်အခါ လီရှောင်ဖုန်းသည် ရက်စက်စွာ ရယ်မောလိုက်ပြီး မောက်မာလှသော အသွင်ဖြင့် ဆိုလိုက်၏။
“မင်းက အခု ငါ့ကို အသနားခံနေတာလား... နှမြောဖို့ ကောင်းတာက နောက်ကျသွားပြီပဲ...”
လော့ချန်က ခေါင်းခါပြလိုက်ပြီး ပတ်ဝန်းကျင်ရှိ လှပလှသော တောင်တန်းနှင့် မြစ်များကို ဝေ့ကြည့်လိုက်ကာ တည်ငြိမ်စွာပင် မေးမြန်းလိုက်သည်။
“မင်း ဒီနေရာကို ဘယ်လို ထင်သလဲ... အလှအပကိုကော စိတ်ကျေနပ်ရဲ့လား...”
“ဘာကို ဆိုလိုတာလဲ...”
လီရှောင်ဖုန်းမှာ မှင်တက်မိသွားရသည်။ လော့ချန်သည် ဖြူဖွေးလှသော သွားများကို ပေါ်အောင် ပြုံးလိုက်ပြီး ဆိုလိုက်၏။
“ဒါက မင်းအတွက် ငါ ရွေးချယ်ပေးထားတဲ့ သေတွင်းပဲလေ...”
အခန်း ၇၁၈ ပြီးပါပြီ။
အခန်း ၇၁၉ - လီရှောင်ဖုန်းနှင့် တိုက်ပွဲ... သရဲသဘက် မြင်လိုက်ရသည့်နှယ်
လော့ချန်၏စကားကြောင့် နဝမမင်းသမီး ကျင်းယွီရှီးနှင့် လီရှောင်ဖုန်းတို့ နှစ်ဦးစလုံးမှာ မှင်တက်မိသွားကြတော့သည်။
“ငါ့အတွက် ရွေးချယ်ပေးထားတဲ့ သေတွင်း ဟုတ်လား...”
လီရှောင်ဖုန်းသည် လောက၌ အကောင်းဆုံးသော ဟာသတစ်ခုကို ကြားလိုက်ရသည့်နှယ် အေးစက်စွာ ရယ်မောလိုက်ပြီးနောက် လော့ချန်ကို လူအတစ်ယောက်အလား ငုံ့ကြည့်ကာ ဆိုလိုက်သည်။
“မင်းကကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာလား၊ ဒါမှမဟုတ် တကယ်ပဲ မိုက်မဲနေတာလား မသိဘူး၊ ဒီအခြေအနေအထိ ရောက်နေတာတောင် ငါ့ရှေ့မှာ လာပြီးတော့ ကြွားလုံးထုတ်နေသေးတယ်... ဓားဆန္ဒချင်း ယှဉ်ပြိုင်တုန်းက အသာစီးရခဲ့ရုံနဲ့ ငါ့ကို ယှဉ်နိုင်ပြီလို့ ထင်နေတာလား... တကယ်ပဲ ရယ်စရာကောင်းလိုက်တာ... အမှန်အတိုင်း ပြောရရင် အဲ့ဒီတုန်းက ငါက မင်းကိုကစားရုံပဲကစားခဲ့တာ၊ ငါ့ရဲ့ဓားဆန္ဒ ခြောက်ဆယ်ရာခိုင်နှုန်းတောင် မသုံးခဲ့ရသေးဘူး... မဟုတ်ရင် ငါ အစွမ်းကုန် တိုက်ခိုက်လိုက်တာနဲ့ မင်းက တစ်ခဏအတွင်းမှာတင် အသတ်ခံလိုက်ရမှာပဲ...”
လီရှောင်ဖုန်းသည် လော့ချန်ကို လုံးဝ အရေးမစိုက်ဘဲ သူ၏စကားလုံးတိုင်းတွင် အထင်မြင်သေးမှုများသာ ပြည့်နှက်နေတော့သည်။ ယခုအခါ လော့ချန်မှာ တစ်ကိုယ်လုံး သွေးများ လွှမ်းနေခဲ့ပြီး သွေးစွမ်းအင်များမှာလည်း ဆူပွက်ကာ ရှုပ်ထွေးနေသည်ဖြစ်ရာ ယခုတင်က တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည်မှာ သိသာလှပေသည်။
အကယ်၍ လော့ချန်မှာ အထွတ်အထိပ် အခြေအနေတွင် ရှိနေခဲ့မည်ဆိုလျှင်ပင် လီရှောင်ဖုန်း၏အမြင်တွင်မူ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။ သူသည် ယွမ်ထျန်ယန် တို့ကဲ့သို့သော သူများ မဟုတ်ဘဲ ကျိတော့ဂိုဏ်း၏တပည့်ဖြစ်သလို နယ်မြေအဆင့် ၄၁ တွင် ရှိနေသည့် ပါရမီရှင်ကြီး ဖြစ်သည်မဟုတ်ပါလော။ နယ်မြေအဆင့် စာရင်းဝင်သူ တစ်ဦးတစ်ယောက်ချင်းစီမှာ အားလုံးသော တော်ဝင်မင်းဆက်၏ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူ အားလုံးကို အလွယ်တကူ ရှင်းလင်းပစ်နိုင်စွမ်း ရှိကြသည်။ သူ့အတွက် လော့ချန်ကို သတ်ရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။
“အေးအေးဆေးဆေးပဲ အသေခံလိုက်စမ်းပါ... ငါ မင်းကို အလောင်းမပျက်အောင် ချန်ပေးထားမယ်... မဟုတ်ရင်တော့ မင်း သေတာထက် ပိုဆိုးတဲ့ နာကျင်မှုကို ခံစားရစေရမယ်...”
လီရှောင်ဖုန်းသည် ဟင်းလင်းပြင်၌ မောက်မာစွာ ရပ်တန့်နေခဲ့ပြီး သူ၏အေးစက်လှသော အကြည့်များမှာ လော့ချန်နှင့် ကျင်းယွီရှီးတို့၏ကိုယ်ပေါ်သို့ ကျရောက်နေတော့သည်။
“လော့ချန်...”
ကျင်းယွီရှီးသည် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားခဲ့ပြီး အသံများမှာလည်း တုန်ခါနေတော့သည်။ လီရှောင်ဖုန်းသည် နယ်မြေအဆင့် စာရင်းဝင် ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။ သူ၏ဓားကဲ့သို့ ထက်မြက်လှသော အကြည့်တစ်ချက်တည်းဖြင့်ပင် သူမကို အသက်ရှူရ ခက်ခဲစေသည်။ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ဦးထံမှ ဤမျှအထိ ကြောက်စရာကောင်းလှသော ဖိအားကို ခံစားရသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
“စိတ်ချပါ...”
လော့ချန်က ကျင်းယွီရှီးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ပုံရိပ်တစ်ခုအဖြစ် ဝင်းလက်သွားကာ ဟင်းလင်းပြင်သို့ တက်လှမ်းလိုက်သည်။ သူသည် လီရှောင်ဖုန်းကို ကြည့်ကာ အသာအယာ ပြုံးလိုက်ပြီး ဆိုလိုက်သည်။
“အေးအေးဆေးဆေး အသေခံရမှာက ငါ မဟုတ်ဘဲ မင်း ဖြစ်နေမလား မသိဘူး...”
လော့ချန်၏လေသံမှာ တည်ငြိမ်နေသော်လည်း လီရှောင်ဖုန်း၏အစွမ်းကို ပြန်လည် ရင်ဆိုင်နေသည့်နှယ် ပြင်းထန်လှသော စိတ်ဓာတ်များ ပြည့်နှက်နေတော့သည်။
“ဟဲဟဲ... တကယ့်ကို သေတွင်းကို မမြင်မချင်း မျက်ရည်မကျတဲ့ကောင်ပဲ...”
လီရှောင်ဖုန်းသည် မျက်လုံးကို အနည်းငယ် မှိတ်လိုက်ပြီး သူ၏ဒေါသများကို မထိန်းနိုင်တော့ဘဲကိုယ်ပေါ်မှ ပြင်းထန်လှသော ဓားဆန္ဒကို ထုတ်ဖော်လိုက်ရာ လေထုနှင့် တိမ်တိုက်များကိုပင် ရှုပ်ထွေးသွားစေသည်။ သူသည် လော့ချန်ထံသို့ တစ်လှမ်းချင်း တိုးကပ်လာခဲ့ပြီး အေးစက်စွာ ဆိုလိုက်၏။
“ဒါဆိုရင်လည်း စစ်မှန်တဲ့ လက်တွေ့ဆိုတာ ဘာလဲဆိုတာကို ငါ မင်းကို ပြပေးရတာပေါ့... ငါ့ရှေ့မှာ ဒူးထောက်စမ်း...”
“ချင်း...”
လီရှောင်ဖုန်းသည် ညာဘက်ခြေလှမ်းကို အသာအယာ ပြင်လိုက်သည့် ခဏမှာပင် ခါးရှိ အပြာရောင် ဓားမှာ အိမ်အတွင်းမှ ထိုးထွက်လာခဲ့ပြီး ခေါင်းပေါ်သို့ မြှောက်လိုက်ရာ ဓားသွားပေါ်မှ မီတာအနည်းငယ် ရှည်လျားသော ဓားအရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ နတ်ဆိုးများကို ချေမှုန်းတော့မည့်နှယ် အရှိန်အဟုန်ဖြင့် ပိုင်းဖြတ်လိုက်တော့သည်။
“ဝုန်း...”
တံခါးချပ်တစ်ခုအလား ထူထဲလှသော စိမ်းပြာရောင် ဓားအရှိန်အဝါမှာ ဓားဆန္ဒ၏အားဖြည့်မှုအောက်တွင် ပြင်းထန်လှသော ထက်မြက်မှုများ ပြည့်နှက်နေခဲ့ပြီး လော့ချန်၏ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားတော့သည်။
လော့ချန်၏အဝတ်အစားများမှာ လေထဲ၌ တဖြတ်ဖြတ် လွင့်နေခဲ့ပြီး သူသည် ဆုတ်ခွာခြင်း၊ ရှောင်တိမ်းခြင်း မရှိဘဲ ဓားကိုပင် မဆွဲထုတ်ဘဲကိုယ်တွင်းရှိ ချီစွမ်းအင်များကို လှုံ့ဆော်ကာ လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်တော့သည်။
“ဝုန်း...”
ကောင်းကင်နှင့်မြေပြင် တုန်လှုပ်သွားစေသည့် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုသူနှစ်ဦးကို ဗဟိုပြုလျက် လေထုမှာ အလွှာအလိုက် တွန့်လိမ်သွားခဲ့ကာ လေလှိုင်းများမှာလည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။
“ဖူး...”
လော့ချန်သည် အနောက်သို့ မီတာ ရာနှင့်ချီ၍ လွင့်စင်သွားခဲ့ရသည်။ ဘယ်ဘက်လက်မောင်း တစ်ခုလုံးမှာ ထုံကျင်နေခဲ့ပြီး နှုတ်ခမ်းထောင့်မှ သွေးစက်အချို့ ကျဆင်းလာသလို မျက်လုံးနှင့် နှာခေါင်းတို့မှလည်း သွေးများ ထွက်ပေါ်နေတော့သည်။
“လော့ချန်...”
လော့ချန်၏ဆိုးရွားလှသော အခြေအနေကို မြင်လိုက်ရသည့်အခါ ကျင်းယွီရှီးသည် သွားများကို တင်းကျပ်စွာ စိလျက် မျက်မှောင်ကိုလည်း တင်းကျပ်စွာ ကြုတ်လိုက်မိသည်။ ဓားသမားချင်း တိုက်ခိုက်ရာတွင် အနိုင်အရှုံးမှာ ခဏချင်းအတွင်းမှာပင် ဆုံးဖြတ်နိုင်သည်မဟုတ်ပါလော။ တစ်ကြိမ်မျှ အသာစီးအပေးခံလိုက်ရပါက အခြေအနေကို ပြန်လည် ထိန်းချုပ်ရန် ခက်ခဲသွားမည်ဖြစ်သလို တစ်ဖက်လူ၏တိုက်ခိုက်မှုအောက်မှ ရုန်းထွက်နိုင်ရန်လည်း လွယ်ကူလိမ့်မည် မဟုတ်ပေ။
နှမြောဖို့ ကောင်းသည်မှာ သူမ၏အစွမ်းမှာ အလွန်ပင် အားနည်းလွန်းနေသဖြင့် ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် ဝင်ရောက် ကူညီနိုင်ရန် အရည်အချင်း မရှိခြင်းပင်။
လော့ချန်သည် စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ တစ်ဖက်လူ၏သာမန် ဓားတစ်ချက်မှာပင် ယွမ်ထျန်ယန် ၏အပြင်းထန်ဆုံးသော တိုက်ကွက်နှင့် တူညီနေပြီ ဖြစ်ရာ နယ်မြေအဆင့် ၄၁ ဆိုသော အဆင့်အတန်းမှာ အလကားရထားခြင်း မဟုတ်သည်မှာ သိသာလှပေသည်။
“ဟင်...”
ရုတ်တရက် လော့ချန်၏အကြည့်မှာ တုန်ခါသွားသည်။ ယခုတင်က ရိုက်ခတ်မှုကြောင့် သူ၏ကိုယ်တွင်း၌ ဆူပွက်နေသော သွေးအနှစ်သာရများမှာ သွေးကြောများကို ဖောင်းကြွစေခဲ့သော်လည်း ပေါက်ကွဲတော့မည့် ခံစားချက်မှာမူ အနည်းငယ် လျော့ပါးသွားသည်ကို သူ ခံစားလိုက်ရခြင်း ဖြစ်သည်။
‘ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ရာကနေ ရလာတဲ့ ဖိအားက ငါ့ကိုယ်တွင်းက သွေးအနှစ်သာရ အငွေ့အသက်တွေကို ဖိနှိပ်ပြီးတော့ သန့်စင်ပေးနိုင်တာပဲ...’
ဤအတွေး ဝင်လာသည်နှင့်အမျှ လော့ချန်၏မျက်ဝန်းအတွင်းမှ အလင်းတန်းများမှာ တဖြည်းဖြည်း တောက်ပလာတော့သည်။
ထိုစဉ်မှာပင် လီရှောင်ဖုန်း၏ ရက်စက်လှသော အသံမှာ ရောက်ရှိလာပြန်သည်။
“ဟဲဟဲ... ငါ့ကို ရင်ဆိုင်နေရတာတောင် ဓားမဆွဲထုတ်သေးဘူးဆိုတော့ မင်းက တကယ်ပဲ မောက်မာတာပဲ... ဒါဆိုရင်လည်း မင်းရဲ့မောက်မာမှုအတွက် တန်ဖိုးပေးလျှော်လိုက်စမ်း...”
လီရှောင်ဖုန်းသည် အေးစက်စွာ ရယ်မောလိုက်ပြီးကိုယ်ပေါ်မှ ဓားအရှိန်အဝါမှာ ပိုမို ပြင်းထန်လာခဲ့ကာ လော့ချန်ထံသို့ ဓားဖြင့် ထပ်မံ ပိုင်းဖြတ်လိုက်ပြန်သည်။
“ဖျတ်...”
ဤတစ်ကြိမ်တွင်မူ ဓားအရှိန်အဝါမှာ ပိုမို ပြင်းထန်လှပေသည်။ တောင်တစ်လုံးအလား လေးလံလှသော ဓားအရှိန်အဝါမှာ အရာအားလုံးကို ဖောက်ထွက်နိုင်စွမ်း ရှိနေခဲ့ပြီး လေပြင်းများနှင့်အတူ လော့ချန်ထံသို့ ကျရောက်သွားတော့သည်။ တိုးဝင်လာသော ဓားအရှိန်အဝါကို ရင်ဆိုင်လျက် လော့ချန်၏အကြည့်မှာ လေးနက်သွားသော်လည်း ဓားဆွဲထုတ်ရန် ရည်ရွယ်ချက် မရှိသေးပေ။
‘ကောင်းပြီလေ... ဒါဆိုရင်လည်း မင်းရဲ့အစွမ်းကို သုံးပြီးတော့ ငါ့ကိုယ်တွင်းက သွေးအနှစ်သာရတွေကို သန့်စင်ရတာပေါ့...’
လော့ချန်၏အကြည့်မှာ လျှပ်စီးအလား ထက်မြက်နေတော့သည်။ သူ၏အတွေးမှာ ရိုးရှင်းလှပေသည်။ လီရှောင်ဖုန်းနှင့် တိုက်ခိုက်ရာမှ ရရှိလာသော ဖိအားကို အသုံးချလျက် မိမိ၏အကန့်အသတ်ကို ချိုးဖျက်ရန်နှင့်ကိုယ်တွင်းရှိ ဆူပွက်ပေါက်ကွဲနေသော သွေးအနှစ်သာရများကိုကိုယ်တွင်းသို့ ပေါင်းစပ်ကာ မိမိ၏အစွမ်းအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်သည်။
“ကောင်းကင်အိုးလက်သီး...”
တစ်လှမ်းမျှ ဆုတ်ခွာခြင်း မရှိဘဲ လော့ချန်၏ကိုယ်ပေါ်မှ ချီစွမ်းအင်များမှာ တုန်ခါသွားခဲ့ပြီး ခြေသုံးချောင်းနှင့် နားရွက်နှစ်ခုပါဝင်သော ကြီးမားလှသည့် ရှေးဟောင်းနတ်ဘုရားအိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလျက် အရပ်မျက်နှာအနှံ့ကို အခြေခိုင်စေကာ တိုးဝင်လာသော ဓားအရှိန်အဝါကို လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။
“ဝုန်း...”
လေထုမှာ ပေါက်ကွဲသွားခဲ့ပြီး ချီစွမ်းအင်များမှာလည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။ လော့ချန်သည် ထပ်မံ၍ အနောက်သို့ လွင့်စင်သွားခဲ့ရပြန်ပြီး နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ထွက်ပေါ်နေသဖြင့် အလွန်ပင် ဆိုးရွားလှသော အခြေအနေသို့ ရောက်ရှိနေသည့်နှယ် ရှိနေတော့သည်။ ဤမြင်ကွင်းကို ကြည့်ကာ လီရှောင်ဖုန်း၏ မျက်ဝန်းအတွင်း၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားခဲ့ပြီး ရက်စက်စွာ ရယ်မောလိုက်၏။
“ကောင်လေး... အခုတော့ ငါတို့ကြားက ကွာခြားချက်ကို မင်း သိသွားပြီမလား...”
လော့ချန်သည် အသာအယာ ခေါင်းခါပြလိုက်သည်။
“ဒီလောက်တင်ပဲလား...”
“ဟဲဟဲ... အခုထိတောင် လေလုံးထွားနိုင်သေးတာပဲ... မင်း ဘယ်လောက်အထိ တောင့်ခံနိုင်ဦးမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့...”
လီရှောင်ဖုန်းသည် လော့ချန်မှာ အရှုံးမပေးဘဲ ဇွတ်မှိတ်ပြောနေခြင်းဖြစ်မည်ဟု ယူဆလိုက်ပြီး ချီစွမ်းအင်များကို လှုံ့ဆော်ကာ ဓားကို မြှောက်လျက် ဆက်တိုက် ပိုင်းဖြတ်တော့သည်။ သူသည် အပြင်းထန်ဆုံးသော တိုက်ကွက်များကို အသုံးမပြုသေးသလို ဓားဆန္ဒကိုလည်း အစွမ်းကုန် မလှုံ့ဆော်သေးပေ။ သူသည် လော့ချန်ကို ဤသို့ပင် တစ်ဖြည်းဖြည်းချင်း နှိပ်စက်ရန်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ တစ်စစီ ပြိုကွဲသွားအောင် လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ လော့ချန်ကို မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေမျိုးတွင် သေဆုံးစေလိုခြင်း ဖြစ်သည်။
“ရှူး... ရှူး... ရှူး...”
မီတာ ရာနှင့်ချီ၍ ရှည်လျားလှသလို တောင်တစ်လုံးအလား လေးလံလှသော ဓားအရှိန်အဝါများမှာ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ပြည့်နှက်သွားစေသည်။ ဟင်းလင်းပြင်ကို ဆွဲဖြဲနေခဲ့ပြီး ထက်မြက်လှသော အရှိန်အဝါကြောင့် လေထုမှာလည်း လျင်မြန်စွာ ပြိုကွဲနေတော့သည်။ လော့ချန်မှာမူ လုံးဝ ထိတ်လန့်ခြင်း မရှိဘဲ အကြည့်အတွင်း၌ စိတ်လှုပ်ရှားမှုများပင် ပြည့်နှက်နေတော့သည်။
“ပြိုကွဲစမ်း...”
ကောင်းကင်အိုးလက်သီးကို အသုံးချလျက် လော့ချန်၏လက်သီးပေါ်တွင် မှိန်ဖျော့လှသော မိုးကြိုးအလင်းများ လည်ပတ်နေခဲ့ပြီး နဂါးတစ်စုံအလား ဖြစ်နေသော လက်သီးနှစ်ဖက်ဖြင့် ဓားအရှိန်အဝါများကို ထိပ်တိုက် ရင်ဆိုင်တော့သည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
ဓားအရှိန်အဝါများမှာ တစ်ခုပြီးတစ်ခု ချေမှုန်းခြင်း ခံလိုက်ရပြီး ပြင်းထန်လှသော ရိုက်ခတ်မှုများမှာ လှိုင်းတံပိုးများအလား အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။ အောက်ဘက်ရှိ တောင်ထိပ်များမှာ ပြိုကျကုန်သလို မြစ်ရေများလည်း ပြောင်းပြန် စီးဆင်းကုန်တော့သည်။
“ဖူး...”
တိုက်ပွဲမှ ရရှိလာသော ဖိအားကြောင့် လော့ချန်၏ကိုယ်တွင်းရှိ ဆူပွက်နေသော သွေးအနှစ်သာရများမှာ နှာခေါင်း၊ ပါးစပ်နှင့် အသားအရေများမှတစ်ဆင့် အတင်းအကျပ် ထိုးထွက်လာတော့သည်။ ထို့ကြောင့် သူ၏တစ်ကိုယ်လုံးမှာ သွေးများ လွှမ်းနေခဲ့ပြီး ဆံပင်များမှလည်း သွေးစက်များ ကျဆင်းနေတော့သည်။
သို့သော်လည်း ပိုမိုများပြားလှသော သွေးအနှစ်သာရများမှာမူ လော့ချန်၏သွေးသားများ၊ ဒန်ထျန်အတွင်းရှိ သွေးစွမ်းအင်ဝဲကတော့အတွင်းသို့ ပေါင်းစပ်သွားကြပြီး သူ၏အခြေခံကို ပိုမို သန်မာစေလိုက်တော့သည်။ အချိန်ကြာလာသည်နှင့်အမျှ လော့ချန်သည် ပိုမို၍ စိတ်ဓာတ် တက်ကြွလာခဲ့ပြီး လက်သီးအရှိန်မှာလည်း ပိုမို သန်မာလာတော့သည်။ လက်သီးတစ်ချက်စီတိုင်းမှာ မိုးကြိုးပစ်သံနှင့် လှိုင်းတံပိုးများ မြည်ဟည်းသံများ ပါဝင်နေခဲ့ပြီး တိုးဝင်လာသော ဓားအရှိန်အဝါများကို အလွယ်တကူပင် ချေမှုန်းပစ်နိုင်တော့သည်။
“ဒီကောင်က ဘာဖြစ်နေတာလဲ...”
လီရှောင်ဖုန်းသည် အစပိုင်းတွင် ရက်စက်စွာ စိတ်လှုပ်ရှားနေသော်လည်း ယခုအခါတွင်မူ သံသယများ ပြည့်နှက်လာတော့သည်။ သူသည် မမှန်ကန်မှုကို နောက်ဆုံးတွင် သတိပြုမိသွားပြီ ဖြစ်သည်။ ဤမျှအထိ ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက် လော့ချန်မှာ ဤမျှအထိ ဆိုးရွားလှသော အခြေအနေသို့ ရောက်ရှိနေပါလျက်နှင့် ပုံမှန်ဆိုလျှင် သွေးစွမ်းအင်များစွာ ကုန်ခမ်းပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိနေသင့်သည် မဟုတ်ပါလော။
သို့သော်လည်း လော့ချန်၏အရှိန်အဝါမှာ လုံးဝ အားနည်းသွားခြင်း မရှိသည့်အပြင် တိုက်လေလေ ပို၍ သန်မာလာလေလေ ဖြစ်နေသည်။ အစပိုင်းတွင် လီရှောင်ဖုန်းသည် ဓားအရှိန်အဝါများဖြင့် လော့ချန်ကို အေးအေးဆေးဆေး ဖိနှိပ်ထားနိုင်သော်လည်း ယခုအခါတွင်မူ အခြေအနေမှာ တဖြည်းဖြည်းနှင့် တူညီလာသည့် အရိပ်အယောင်များ ပေါ်ထွက်နေတော့သည်။
“ဒီကောင် လူရော ဟုတ်ရဲ့လား...”
လီရှောင်ဖုန်း၏မျက်နှာမှာ ရက်စက်လာတော့သည်။ သူသည် မည်သို့မျှ တွေးမရနိုင်ဘဲ ဖြစ်နေတော့သည်။ မိမိ၏ဖိနှိပ်မှုအောက်တွင် လော့ချန်က ဘာကြောင့် ဤမျှအထိ ပိုမို သန်မာလာရပါသနည်း။ ဤသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်သည်။ လောကနိယာမကို ဆန့်ကျင်နေခြင်းပင်။
“ဘုန်း...”
လော့ချန်သည် လက်သီးတစ်ချက်ဖြင့် ဓားအရှိန်အဝါတစ်ခုကို ချေမှုန်းပစ်လိုက်ပြီး လီရှောင်ဖုန်းကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
“နယ်မြေအဆင့် စာရင်းဝင် ပါရမီရှင်ဆိုတာ ဒီလောက်ပဲ အစွမ်းရှိတာလား...”
လော့ချန်သည် သွေးစွမ်းအင်ဝဲကတော့မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီး နောက်ထပ်တစ်ကြိမ် အဆင့်တက်လှမ်းရန် အရေးကြီးသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ဖြင့် သွေးအနှစ်သာရများကို ဆက်လက် ဝါးမြိုနေရုံနှင့် အဆင့်တက်လှမ်းနိုင်ရန်မှာ အချိန်တစ်ခု လိုအပ်ဦးမည် ဖြစ်သည်။ သို့သော်လည်း လော့ချန်သည် ထိုမျှအထိ မစောင့်လိုတော့ပေ။
သူသည် ဤတိုက်ပွဲကို အသုံးချလျက် ပိုမို ပြင်းထန်လှသော တိုက်ပွဲဖိအားဖြင့် ဤပိတ်ဆို့မှုကို တိုက်ရိုက် ချိုးဖျက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ လော့ချန်၏လှောင်ပြောင်လှသော စကားများကို ကြားလိုက်ရသည့်အခါ လီရှောင်ဖုန်းသည် အကြီးအကျယ် ဒေါသထွက်သွားခဲ့ပြီး မျက်နှာမှာလည်း နီမြန်းလာကာ လည်ပင်းမှ သွေးကြောများမှာလည်း တီကောင်များအလား ဖောင်းကြွလာတော့သည်။ သူသည် သွားများကို တင်းကျပ်စွာ စိလျက် ဆိုလိုက်၏။
“မင်းကို ငါ မသတ်နိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား...”
အခန်း ၇၁၉ ပြီးပါပြီ။
အခန်း ၇၂၀ - ကြက်ကလေး ခွေးကလေးကဲ့သို့ သတ်ဖြတ်ခြင်း... အသုံးမကျသော အမှိုက်တဆ
“ဝုန်း...”
လီရှောင်ဖုန်း၏ ဟိန်းဟောက်သံနှင့်အတူ...
နောက်တစ်ခဏတွင်...
အလွန်တရာမှ ကြောက်စရာကောင်းလှသော ဓားဆန္ဒတစ်ခုမှာ သူ၏ကိုယ်ပေါ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မိုးထိအောင် မြင့်မားသော ဓားရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလျက် ကောင်းကင်ယံသို့ ထိုးတက်ကာ ဟင်းလင်းပြင်ကို ဖောက်ထွက်သွားတော့သည်။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးမှာလည်း ဤဓားဆန္ဒ၏ ရိုက်ခတ်မှုကြောင့် တုန်လှုပ်နေသည့်နှယ် ရှိနေတော့သည်။
ဒေါသအရှိန် ပြင်းထန်နေသဖြင့် လီရှောင်ဖုန်းသည် ဓားဆန္ဒကို အစွမ်းကုန် လှုံ့ဆော်လိုက်ခြင်း ဖြစ်သည်။ ဓားဆန္ဒအဆင့်ရှိသော ဓားဆန္ဒမှာ လုံးဝ ပေါက်ကွဲထွက်ပေါ်လာပြီ ဖြစ်သည်။
ဓားဆန္ဒ၏ အားဖြည့်မှုအောက်တွင် လီရှောင်ဖုန်း၏ အရှိန်အဝါမှာ အဆက်မပြတ် မြင့်တက်လာခဲ့ပြီး ကျောက်ဆောင်ထိပ်၌ ရပ်တန့်နေသော ပြိုင်ဘက်ကင်း ဓားသမားတစ်ဦးအလား ရှိနေခဲ့သည်။ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ဝူးဝူးမြည်လျက် တုန်ခါနေသလို လက်ထဲရှိ ဓားထံမှလည်း ပကတိ စစ်မှန်လှသော ဓားလှိုင်းများစွာ ဖြာထွက်နေသဖြင့် လေထုမှာ တစ်ခဏအတွင်း အပိုင်းပိုင်း ဆွဲဖြဲခြင်း ခံလိုက်ရတော့သည်။
“စွပ်...”
ဓားကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် ထက်မြက်လှသော အရှိန်အဝါမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး ဟင်းလင်းပြင်၌ အသံမထွက်ဘဲ ဖြောင့်တန်းလှသော ဓားရာကြီးတစ်ခု ထင်ကျန်ရစ်စေခဲ့သည်။
အောက်ဘက်ရှိ တောင်ထိပ်ပေါ်မှ မြက်ပင်နှင့် သစ်ပင်များမှာ မျက်နှာပြင်ပေါ်၌ မည်သည့် ဒဏ်ရာမျှ မရှိသော်လည်း လျင်မြန်စွာပင် ညှိုးနွမ်းသွားခဲ့ရပြီး စိမ်းလန်းသော အရွက်များမှာလည်း ဝါဖျော့သွားကြတော့သည်။ ဓားဆန္ဒက သူတို့၏ ရှင်သန်မှု စွမ်းအင်များကို တိုက်ရိုက် ချေမှုန်းပစ်လိုက်ခြင်းပင် ဖြစ်သည်။
“ဒီနေ့ ငါတို့ကြားက ဓားဆန္ဒ ကွာခြားချက်ကို ငါ မင်းနားလည်အောင် လုပ်ပေးရတာပေါ့... ဓားတစ်ချက်တည်းနဲ့ မင်းကို သတ်မယ်...”
လော့ချန်ကို အကြည့်ဖြင့် အသေအချာ စိုက်ကြည့်လျက် လီရှောင်ဖုန်းသည် မျက်လုံးကို အနည်းငယ် မှိတ်လိုက်ပြီးနောက် လက်ကို မြှောက်ကာ ဓားဖြင့် အားပါးတရ ခုတ်ပိုင်းလိုက်တော့သည်။
“ဝုန်း...”
တောင်တစ်လုံးအလား လေးလံလှသော ဓားအရှိန်အဝါမှာ ကောင်းကင်နှင့်မြေပြင်ကို ခွဲထုတ်တော့မည့်နှယ် လော့ချန်၏ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားတော့သည်။
ဤဓားအရှိန်အဝါမှာ မီတာထောင်နှင့်ချီ၍ ရှည်လျားလှသလို တံခါးချပ်တစ်ခုအလား ကျယ်ပြောလှသည်။ ၎င်းအတွင်း၌ ပြင်းထန်လှသော ထက်မြက်မှုများ ပြည့်နှက်နေသဖြင့် အရာအားလုံးကို ဖောက်ထွက်နိုင်စွမ်း ရှိနေခဲ့ပြီး ဓားနတ်ဘုရားတစ်ပါး၏ ရက်စက်မှုမျိုး ကိန်းအောင်းနေသည်။ ဓားအရှိန်အဝါ တုန်ခါသွားသည့် နေရာတိုင်းတွင် ကောင်းကင်နှင့်မြေပြင်ကြား၌ လေဆင်နှာမောင်းငယ်များစွာ ပေါ်ထွက်လာခဲ့ပြီးကမ္ဘာမြေပင် အရောင်ပြောင်းသွားစေတော့သည်။
ဓားတစ်ချက် ပိုင်းဖြတ်ပြီးနောက် လီရှောင်ဖုန်း၏ နှုတ်ခမ်းထောင့်တွင် အသာအယာ ပြုံးလိုက်မိသည်။ ဤဓားတစ်ချက်မှာ သူ၏ အထွတ်အထိပ် ဓားဆန္ဒကို ပေါင်းစပ်ထားခြင်း ဖြစ်ရာ မဟာသန်မာသူအောက်ရှိ မည်သူမျှ တားဆီးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဘဲ တစ်ခဏအတွင်း အပိုင်းပိုင်း ဆွဲဖြဲခြင်းသာ ခံရမည် ဖြစ်သည်။ လော့ချန်မှာလည်း ထိုနည်းတူပင် ဖြစ်မည်မှာ သေချာလှပေသည်။
“လော့ချန်...”
အဝေးမှ ကျင်းယွီရှီးမှာမူ မိမိ၏ စိတ်ခံစားချက်များကို မထိန်းနိုင်တော့ဘဲ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ သူမသည် လော့ချန်အတွက် အလွန်ပင် စိုးရိမ်ပူပန်နေတော့သည်။
ဤဓားတစ်ချက်မှာ ကြောက်စရာ ကောင်းလွန်းလှပေသည်။ ဤမျှအထိ ဝေးကွာနေသော်လည်း ဓားအရှိန်အဝါ၏ ဖိအားတစ်ခုတည်းဖြင့်ပင် သူမကို ရေခဲတိုက်အတွင်းသို့ ရောက်ရှိသွားသည့်နှယ် ခံစားရစေပြီး အသက်အန္တရာယ် နီးကပ်နေသည့် ကြောက်ရွံ့မှုကို ပေးစွမ်းနေသည်။ လော့ချန်အနေဖြင့် ဤဓားတစ်ချက်ကို မည်သို့ တားဆီးရမည်နည်းဆိုသည်ကို သူမ လုံးဝ တွေးမရနိုင်တော့ပေ။
‘ဒါက ဓားဆန္ဒရဲ့ စစ်မှန်တဲ့ စွမ်းပကားပေါ့... တကယ်ပဲ ကြောက်စရာကောင်းတာပဲ...’
ဓားအရှိန်အဝါ မရောက်ရှိလာသေးခင်မှာပင် လော့ချန်သည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ တင်းကျပ်လာသည်ကို ခံစားလိုက်ရသည်။ သူ့ကို ထိုနေရာ၌ ပိတ်လှောင်ထားသည့်နှယ် ရှိနေသဖြင့် ရှောင်တိမ်းရန် လမ်းစ မရှိတော့ပေ။ တိုးဝင်လာသော ဓားအရှိန်အဝါကို ထိပ်တိုက် ရင်ဆိုင်ရုံမှတစ်ပါး အခြားလမ်း မရှိတော့သလို ဤဟင်းလင်းပြင်နှင့်အတူ ဖျက်ဆီးခံရမည့်နှယ် ရှိနေတော့သည်။
ဤမျှအထိ ကြီးမားလှသော ဖိအားအောက်တွင် လော့ချန်၏ နှုတ်ခမ်းထောင့်၌မူ မှိန်ဖျော့လှသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူ စောင့်ဆိုင်းနေခဲ့သည်မှာ ဤခဏပင် ဖြစ်သည်။ ဤဖိအားက သူ၏ ပိတ်ဆို့မှုကို ချိုးဖျက်နိုင်ရန် အကူအညီ ပေးနိုင်မည်မှာ သေချာလှပေသည်။
“ဝူး...”
ဓားဆွဲထုတ်ခြင်း မရှိဘဲ လော့ချန်သည် သူ၏ သိုင်းဝိညာဉ်ကို တိုက်ရိုက် လှုံ့ဆော်လိုက်သည်။ ရောင်စဉ်ကိုးသွယ်အလင်းတန်းများ ဝင်းလက်သွားခဲ့ပြီးနောက် ကိုးရောင်ခြယ်ဥကြီး တစ်လုံးမှာ ဟင်းလင်းပြင်၌ ပေါ်ထွက်လာတော့သည်။ သိုင်းဝိညာဉ် လည်ပတ်နေစဉ်မှာပင် အလင်းကွင်းများမှာလည်း ဝန်းရံနေခဲ့ပြီး အလင်းကွင်းတစ်ခုစီမှာ ကြည်လင်တောက်ပနေကာ တောက်ပလှသော ကြယ်တာရာ မြစ်ကြီးများအလား စီးဆင်းနေတော့သည်။
တစ်ချိန်တည်းမှာပင် လော့ချန်၏ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များမှာ ဆူပွက်လာခဲ့ပြီး သူ၏ အနောက်ဘက်၌ တောင်တန်းကြီး ငါးခု၏ ပုံရိပ်ယောင်များ ပေါ်ထွက်လာတော့သည်။
“တောင်ခွင်းလက်သီး...”
လက်သီးကို ဆုပ်လိုက်သည့် ခဏတွင် တောင်တန်းပုံရိပ်ယောင် ငါးခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြားရှိ ကြီးမားလှသော နတ်ဘုရားအိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလျက် လော့ချန်၏ လက်သီးတစ်ချက်နှင့်အတူ တောင်တစ်လုံးအလား လေးလံလှသော ဓားအရှိန်အဝါကို ရင်ဆိုင်လိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာတင် လက်သီးအရှိန်နှင့် ဓားအရှိန်အဝါတို့မှာ ထိပ်တိုက် တွေ့ဆုံသွားခဲ့ပြီး ထိုနေရာ၌ပင် ရပ်တန့်သွားကြသည်။
ထို့နောက်တွင်မူ...
“ဝုန်း...”
ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ဟင်းလင်းပြင်တစ်ခုလုံးရှိ လေထုမှာ ပြိုကွဲသွားခဲ့သည်။ လျှပ်စီးများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားခဲ့ပြီး အရာအားလုံးမှာ ရှုပ်ထွေးကုန်တော့သည်။ လှိုင်းတံပိုးကြီးများအလား ဖြစ်နေသော ရိုက်ခတ်မှုများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားခဲ့ပြီး တောတောင် ကျောက်ဆောင်များကို ကြိတ်ခြေပစ်လိုက်သလို မြစ်ရေများကိုလည်း ပြောင်းပြန် စီးဆင်းသွားစေတော့သည်။
မိုင်ပေါင်းများစွာ ဝေးကွာသော နေရာမှ စောင့်ကြည့်နေသည့် ကျင်းယွီရှီးပင်လျှင် သူမ၏ကိုယ်ဟန်အနေအထားကို မတည်ငြိမ်နိုင်တော့ဘဲ အဝေးသို့ လွင့်စင်သွားခဲ့ရသည်။ သူမသည် မျက်လုံးကို အတင်းအကျပ် မှေးကျဉ်းလျက် တိုက်ပွဲ၏ ဗဟိုချက်ဆီသို့ အားယူ၍ ကြည့်လိုက်မိသည်။ သို့သော်လည်း သူမ မြင်လိုက်ရသည်မှာ အလွန်ပင် ကြောက်စရာကောင်းလှသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
“ခရက်...”
ထူးဆန်းလှသော ဆွဲဖြဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး နတ်ဘုရားအိုးကြီးမှာ ခဏမျှ တောင့်ခံလိုက်ပြီးနောက် ဓားအရှိန်အဝါ၏ ထိုးဖောက်ခြင်းကို တိုက်ရိုက် ခံလိုက်ရတော့သည်။ တောင်တစ်လုံးအလား လေးလံလှသော ဓားအရှိန်အဝါမှာ လော့ချန်၏ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့ပြီး ဟင်းလင်းပြင်၌ ဖြောင့်တန်းလှသော အက်ကွဲကြောင်းကြီးတစ်ခုကို ချန်ရစ်ကာ ကြယ်တံခွန်တစ်ခုအလား အောက်ဘက်သို့ တစ်ဟုန်ထိုး ကျဆင်းသွားတော့သည်။
“ဝုန်း...”
အောက်ဘက်ရှိ တောင်ထိပ်မှာ တိုက်ရိုက် ပြိုကွဲပျက်စီးသွားခဲ့ပြီး အပျက်အစီးများသာ ကျန်ရစ်တော့သည်။ အပျက်အစီးများ၏ ဗဟိုချက်၌ မီတာ ဆယ်ဂဏန်းကျော် ကျယ်ပြောလှပြီး အဆုံးမရှိသော ကြောက်စရာကောင်းလှသည့် ဓားရာကြီးတစ်ခုကို ဝေဝေဝါးဝါး မြင်တွေ့နေရတော့သည်။
“လော့ချန်...”
ထိုအပျက်အစီးများကို ကြည့်ကာ ကျင်းယွီရှီး၏ လှပလှသော မျက်နှာလေးမှာ သွေးစမရှိဘဲ ဖြူလျော့နေခဲ့ပြီး ကြောက်ရွံ့မှုကြောင့် အသံများပင် တုန်ခါနေတော့သည်။
“ဟားဟားဟား...”
အားပါးတရ ရယ်မောသံတစ်ခုမှာ ကောင်းကင်နှင့်မြေပြင်ကြား၌ ဟိန်းထွက်သွားတော့သည်။ လီရှောင်ဖုန်းသည် ဟင်းလင်းပြင်၌ ရပ်တန့်နေခဲ့ပြီး ခြေဖဝါးအောက်မှ အပျက်အစီးများကို ကြည့်ကာ အကြည့်အတွင်း၌ ဝမ်းသာမှုများ ပြည့်နှက်နေတော့သည်။ မိမိကိုယ်တိုင် လော့ချန်ကို ဖျက်ဆီးပစ်နိုင်ခဲ့သဖြင့် သူ၏ စိတ်ထဲမှ အရှက်ရမှုများမှာ ပျောက်ကွယ်သွားခဲ့ပြီး ကျေနပ်အားရစွာပင် အားပါးတရ ရယ်မောလိုက်သည်။
“ကိုယ့်အဆင့်ကိုယ် မသိတဲ့ကောင်... ယွမ်ထျန်ယန်ကို အနိုင်ရရုံနဲ့ ငါ့ကို လာစိန်ခေါ်လို့ ရပြီလို့ တကယ်ပဲ ထင်နေတာလား... သေးငယ်တဲ့ တော်ဝင်မင်းဆက်မှာ ဘုရင်တစ်ဆူအလား မောက်မာနေရုံနဲ့ကိုယ့်ကိုယ်ကိုယ် သန်မာလှပြီလို့ ထင်နေတာကိုး... ဒါပေမဲ့ မင်း မသိတာက မင်းဟာ လောကကြီးကို မမြင်ဖူးသေးတဲ့ ရေတွင်းထဲက ဖားတစ်ကောင်မျှသာ ဖြစ်တယ်ဆိုတာပဲ... မင်းကို သတ်ရတာက ကြက်ကလေး ခွေးကလေးကို သတ်ရသလိုပဲ လွယ်ကူလွန်းတယ်...”
လီရှောင်ဖုန်းမှာ မိမိကိုယ်ကို ယုံကြည်မှု ပြည့်ဝနေသည်။ ယခုတင်က သူ၏ အထွတ်အထိပ် ဓားဆန္ဒကို ပေါင်းစပ်ထားသော ဓားတစ်ချက်ကို လော့ချန် သေချာပေါက် တားဆီးနိုင်လိမ့်မည် မဟုတ်ဘဲ အစအနမကျန် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူ သေချာပေါက် အာမခံရဲပေသည်။ လီရှောင်ဖုန်းသည် တစ်ချက် လှောင်ပြောင်လိုက်ပြီးနောက် ရက်စက်လှသော အကြည့်များဖြင့် ကျင်းယွီရှီးကို လှည့်ကြည့်လိုက်ကာ အေးစက်စွာ ဆိုလိုက်သည်။
“အခု မင်းရဲ့ အလှည့်ရောက်ပြီ... ငါ့ကို အပြစ်မတင်နဲ့ဦး၊ မင်းရဲ့ အမြင်မရှိမှုကိုပဲ အပြစ်တင်လိုက်စမ်းပါ... ကိုယ့်အဆင့်ကိုယ် မသိတဲ့ အသုံးမကျတဲ့ကောင်နဲ့ သွားပေါင်းမိပြီးတော့မှ ဒီလိုမျိုး ပြဿနာတွေကြားထဲကို ဇွတ်တိုးဝင်လာတာကိုး...”
ကျင်းယွီရှီး၏ မျက်နှာမှာ ညှိုးငယ်နေခဲ့ပြီး အပျက်အစီးများကိုသာ ကြောင်တောင်တောင် စိုက်ကြည့်နေတော့သည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အင်အားများ အားလုံး ကုန်ခမ်းသွားသည့်နှယ် ရှိနေတော့သည်။ လော့ချန် ဤသို့ပင် သေဆုံးသွားလိမ့်မည်ဟု သူမ မယုံကြည်နိုင်သေးပေ။ သို့သော်လည်း အရှိတရားမှာမူ သူမ၏ မျက်စိရှေ့၌ ရှိနေသည်မဟုတ်ပါလော။ အလွန်ပင် ရက်စက်လှပေသည်။
“ဝူး...”
လီရှောင်ဖုန်းသည် ဓားကို ဝှေ့ယမ်းလိုက်ပြီး ကျင်းယွီရှီးကို သတ်ဖြတ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ပြိုကျပျက်စီးနေသော အပျက်အစီးများရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ရုတ်တရက်...
“ဝုန်း...”
အပျက်အစီးများမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ထက်မြက်လှသော ဓားအရှိန်အဝါတစ်ခုမှာ ၎င်းအတွင်းမှနေ၍ ကောင်းကင်ယံသို့ ထိုးတက်လာတော့သည်။ ဓားအရှိန်အဝါမှာ အလွန်ပင် ထက်မြက်လှပေသည်။ ကောင်းကင်ယံ၌ ကောက်ကွေးလှသော အနက်ရောင် အက်ကွဲကြောင်းများစွာကို ဖန်တီးလိုက်တော့သည်။
“ဟင်... ပြိုကွဲစမ်း...”
လီရှောင်ဖုန်းမှာ အကြီးအကျယ် ထိတ်လန့်သွားခဲ့ပြီး အသံကုန် အော်ဟစ်လိုက်ကာကိုယ်တွင်းရှိ ချီစွမ်းအင်များကို ဆူပွက်စေလျက် ဓားဖြင့် ထိုဓားအရှိန်အဝါထံသို့ ပိုင်းဖြတ်လိုက်တော့သည်။
“ချွတ်... ဖူး...”
ဓားအရှိန်အဝါမှာ ပေါက်ကွဲသွားခဲ့သော်လည်း လီရှောင်ဖုန်းမှာမူ သွေးတစ်ချက် အန်လိုက်ရပြီး အနောက်သို့ မီတာ ရာနှင့်ချီ၍ လွင့်စင်သွားခဲ့ရသည်။ ခြေဖဝါးနှစ်ဖက်ဖြင့် ဟင်းလင်းပြင်၌ ဝဲကတော့ လှိုင်းတံပိုးများစွာကို ဖန်တီးလိုက်ပြီးနောက် အောက်ဘက်သို့ သွားများကို တင်းကျပ်စွာ စိလျက် စိုက်ကြည့်နေတော့သည်။ သူ၏ မျက်နှာမှာ သရဲသဘက်ကို မြင်လိုက်ရသည့်နှယ် အမူအရာများ ပြည့်နှက်နေတော့သည်။
“ဝှစ်...”
ကျောက်ခဲများ ပြန့်လွင့်သွားခဲ့ပြီးနောက် လူရိပ်တစ်ခုမှာ ကောင်းကင်ယံသို့ ပျံတက်လာတော့သည်။
“လော့ချန်...”
ထိုပုံရိပ်ကို မြင်လိုက်ရသည့်အခါ ကျင်းယွီရှီးသည် တုန်ခါနေသော နှုတ်ခမ်းလေးကို တင်းကျပ်စွာ စိလိုက်မိပြီး ဝမ်းသာလွန်းသဖြင့် ငိုပင်ငိုချင်လာတော့သည်။ လော့ချန်၏ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ အပိုင်းပိုင်း ပြတ်တောက်နေခဲ့ပြီး တစ်ကိုယ်လုံးလည်း သွေးများ လွှမ်းနေသဖြင့် အလွန်ပင် ဆိုးရွားလှသော အခြေအနေသို့ ရောက်ရှိနေသည့်နှယ် ရှိသော်လည်း သူ၏ တစ်ကိုယ်လုံးမှာမူ စိတ်ဓာတ်များ တက်ကြွနေခဲ့သည်။ မျက်ဝန်းအတွင်းမှလည်း နီရဲတောက်ပလှသော အလင်းတန်းနှစ်ခု ပေါက်ကွဲထွက်ပေါ်နေတော့သည်။
ယခုအချိန်တွင် သူ၏ တစ်ကိုယ်လုံးရှိ သွေးစွမ်းအင်များမှာ ပိုမို၍ ဆူပွက်နေတော့သည်။ အသားအရေ မျက်နှာပြင်ပေါ်တွင်လည်း မှိန်ဖျော့လှသော သွေးရောင်မိုးကြိုးအလင်းများ ဝင်းလက်နေသဖြင့် တစ်ကိုယ်လုံးမှာ သွေးကျောက်စိမ်းများဖြင့် သွန်းလုပ်ထားသည့်နှယ် ရှိနေခဲ့ပြီး ပြင်းထန်လှသော အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ လေထုမှာပင် လှိုင်းတံပိုးများအလား တုန်ခါနေတော့သည်။
လီရှောင်ဖုန်း၏ ဓားတစ်ချက်ကို တိုက်ရိုက် ရင်ဆိုင်လိုက်ရသဖြင့် လော့ချန်သည် ဒဏ်ရာအချို့ ရရှိခဲ့သည်မှာ မှန်သော်လည်း သေခြင်းရှင်ခြင်းကြားမှ ဖိအားကြောင့် သူ၏ အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ အစွမ်းများကို လှုံ့ဆော်လိုက်ရာ သွေးစွမ်းအင်ဝဲကတော့မှာ ထပ်မံ၍ အဆင့်တက်လှမ်းသွားခဲ့ပြီး သွေးစွမ်းအင်ဝဲကတော့ အဆင့်မြင့်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ကိုယ်တွင်းရှိ ဆူပွက်ပေါက်ကွဲနေသော သွေးအနှစ်သာရများ အားလုံးမှာလည်း သွေးစွမ်းအင်ဝဲကတော့နှင့် သွေးသားများအတွင်းသို့ လုံးဝ ပေါင်းစပ်သွားကြပြီ ဖြစ်သည်။
ဤအချက်ကပင် သူ၏ သွေးစွမ်းအင်များကို တစ်ဟုန်ထိုး မြင့်တက်လာစေသလို ကျင့်ကြံမှုအဆင့်မှာလည်း တစ်ပါးတည်း တိုးတက်လာခဲ့ပြီး သွေးကြောနိုးကြားမှု အဆင့် ၉ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ကိုယ်တွင်းရှိ ရှစ်ဆယ့်တစ်သွယ်သော ချီသွေးကြောများမှာလည်း ပြည့်စုံလာခဲ့ပြီ ဖြစ်ရာ နောက်ထပ် အဆင့်တစ်ဆင့် တက်လှမ်းနိုင်ရုံနှင့် စတုတ္ထနယ်ပယ်သို့ တက်လှမ်းပြီး မဟာသန်မာသူတစ်ဦး ဖြစ်လာနိုင်တော့မည် ဖြစ်သည်။
“မင်း... မင်းက ဘယ်လိုမျိုး ဘီလူးသတ္တဝါလဲ...”
လီရှောင်ဖုန်းသည် လော့ချန်ကို အသေအချာ စိုက်ကြည့်နေခဲ့ပြီး သူသည် ရူးသွပ်တော့မည့်နှယ် ရှိနေကာ အသံကုန် ဟိန်းဟောက်၍ မေးမြန်းလိုက်တော့သည်။ ယခုတင်က ဓားတစ်ချက်မှာ သူ၏ အထွတ်အထိပ် ဓားဆန္ဒကို ပေါင်းစပ်ထားခြင်းဖြစ်ရာ ပုံမှန်ဆိုလျှင် လော့ချန်သည် သေချာပေါက် တားဆီးနိုင်လိမ့်မည် မဟုတ်ဘဲ ဝိညာဉ်ပင် ပျောက်ကွယ်သွားသင့်သည် မဟုတ်ပါလော။
လော့ချန်ကမူ တားဆီးနိုင်ခဲ့ရုံတင်မကဘဲ လီရှောင်ဖုန်း၏ ခံစားမှုအရ လော့ချန်၏ အရှိန်အဝါမှာ အရင်ကထက် အဆပေါင်းများစွာ ပိုမို မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ ဤအချိန်တိုလေးအတွင်းမှာပင် လော့ချန်၏ အစွမ်းမှာ အကြီးအကျယ် တိုးတက်သွားခဲ့ခြင်း ဖြစ်သည်။
‘လောကမှာ ဒီလိုကိစ္စမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
လီရှောင်ဖုန်း၏ ဦးနှောက်မှာ တဝူးဝူးမြည်လျက် ရှိနေခဲ့ပြီး မိုးကြိုးပေါင်း သောင်းနှင့်ချီ၍ ပေါက်ကွဲနေသည့်နှယ် ရှိနေတော့သည်။
လော့ချန်သည် ဓားကို ဆုပ်ကိုင်လျက် လီရှောင်ဖုန်းကို တည်ငြိမ်စွာပင် တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဆိုလိုက်သည်။
“မင်းက ငါ့ကို သတ်ရတာ ကြက်ကလေး ခွေးကလေး သတ်ရသလိုပဲ လွယ်ကူတယ်လို့ ပြောခဲ့တယ်မလား... နှမြောဖို့ ကောင်းတာက ငါ့မျက်လုံးထဲမှာတော့ မင်းဟာ အသုံးမကျတဲ့ အမှိုက်တစ်စပဲ၊ ငါ အချိန်မရွေး ရှင်းပစ်လို့ရတဲ့ အမှိုက်တဆထက် မပိုဘူးသိလား...”
ယနေ့တွင်မူ လော့ချန်သည် လီရှောင်ဖုန်းကို လုံးဝ အရေးမစိုက်တော့ပေ။ တစ်ဖက်လူမှာ နယ်မြေအဆင့် ၄၁ ဖြစ်နေပါစေဦး၊ နယ်မြေအဆင့် ထိပ်သီး အဆင့်တစ်ဆယ် စာရင်းဝင် ဖြစ်နေခဲ့မည်ဆိုလျှင်ပင် သူသည် သေချာပေါက် အနိုင်ရယူနိုင်မည်ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။
အခန်း ၇၂၀ ပြီးပါပြီ။