← Chapters

အခန်း (၄၇-၄၈)

Vol. 3 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 3 Ch. 47-48

အခန်း (၄၇) - နွားကြီးကို ကယ်တင်ခြင်း

ချန်ယွမ်ယွမ် သတိပြန်ဝင်လာရန် အတော်ကြာ အချိန်ယူလိုက်ရသည်။

“လင်းကျင်း... နင် ငါ့ကို ဒီလိုမျိုး ဆက်ဆံရဲတယ်ပေါ့လေ”

သူမသည် သွားကြိတ်ကာ ရေရွတ်လိုက်သည်။

သာမန်လူဆိုလျှင် ယခုလိုဖြစ်ရပ်မျိုး ကြုံပြီးနောက် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်မိမည် ဖြစ်သော်လည်း ချန်ယွမ်ယွမ်ကမူ ထိုသို့သောသူမျိုး မဟုတ်ပေ။ သူမအတွက်မူ ကမ္ဘာကြီးသည် သူမကို ဗဟိုပြု၍ လည်ပတ်နေပြီး အမှားဟူသမျှသည် အခြားသူများကြောင့်သာ ဖြစ်သည်ဟု ယူဆထားသူ ဖြစ်သည်။ တစ်ချိန်က သူမကို အမြဲတမ်း နာခံပြီး အားကိုးတကြီး ကြည့်ခဲ့သောသူက ယခုလို လျစ်လျူရှုရုံတင်မကဘဲ ပြန်လည်တုံ့ပြန်ခဲ့ခြင်းက သူမကို ဒေါသအလွန်အမင်း ထွက်စေခဲ့သည်။

“သခင်မလေး... ‘ဝိရောဓိစစ်သူကြီး’ မေ့လဲသွားပါပြီ”

ချန်မိသားစု၏ အစေခံများက စစ်ဆေးကြည့်ရာ ဂျာကေးသားရဲမှာ ပါးစပ်မှ အမြှုပ်များထွက်ကာ မျက်ဖြူလန်နေပြီး မည်သို့ပင် ပုတ်နှိုးစေကာမူ သတိပြန်မရတော့ပေ။ ၎င်း၏ ခြေလက်များမှာ တစ်ခါတစ်ရံ တုန်ရီနေပြီး ပုတ်နှိုးသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ လုံးဝ သတိလစ်နေခြင်း ဖြစ်သည်။

“ငါ မျက်စိမကန်းဘူး”

ချန်ယွမ်ယွမ်က အော်ဟစ်လိုက်သည်။ သူမသည် သူမ၏ သားရဲကို ခန့်ညားထည်ဝါစေရန် ‘ဝိရောဓိစစ်သူကြီး’ ဟု အမည်ပေးထားသော်လည်း ယခုကဲ့သို့ အလွယ်တကူ မေ့လဲသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဘာဖြစ်သွားသည်ကိုလည်း သူမ လုံးဝ နားမလည်နိုင် ဖြစ်နေရသည်။

“လင်းကျင်း... နင်က ဒီနေ့ ငါ့ကို လျစ်လျူရှုရုံတင်မကဘူး အရှက်ပါ ပေးခဲ့တယ်ပေါ့။ ကြည့်နေလိုက်စမ်းပါ ဒါက ဒီမှာတင် ပြီးသွားမှာ မဟုတ်ဘူး”

ဒေါသအလွန်အမင်း ထွက်နေသော ချန်ယွမ်ယွမ်သည် သတိလစ်နေသော ဝိရောဓိစစ်သူကြီးကိုပင် ကန်ကျောက်၍ မဲနေတော့သည်။ သနားစရာကောင်းသော ဂျာကေးသားရဲမှာမူ သတိမေ့နေသော်လည်း သူမ၏ ရိုက်နှက်ကန်ကျောက်မှုကို ခံနေရရှာသည်။

အခြားဆေးဆိုင်တစ်ခုမှ ထွက်လာသောအခါ လင်းကျင်း၏ လက်ထဲတွင် ‘ဝိညာဉ်စုဆောင်းဆေးလုံး’ ဖော်စပ်ရန် လိုအပ်သော ဆေးပစ္စည်းများ ပါလာခဲ့ပြီ ဖြစ်သည်။

ဤဆေးလုံး၏ ဖော်စပ်နည်းမှာ ပြင်ပကမ္ဘာရှိ မည်သည့်စာအုပ်တွင်မှ ဖော်ပြထားခြင်း မရှိဘဲ ပျောက်ဆုံးနေပြီဖြစ်သော်လည်း လင်းကျင်းကမူ သားရဲပြတိုက်ထံမှ အသေးစိတ် ရရှိထားခြင်း ဖြစ်သည်။ သူသည် ပြတိုက်ထံမှ သားရဲခြောက်လှန်နိုင်စွမ်းနှင့် ဇူချန်းတို့သာမက အဖိုးတန် ဆေးနည်းများကိုပါ ရရှိနိုင်ကြောင်း သိလိုက်ရသည်။

ဆေးဖော်ရန်အတွက် ဆေးဖို လိုအပ်သဖြင့် လင်းကျင်းသည် ထုံးစံအတိုင်း လုယွန်ဟဲထံမှ ငှားရန် ဆုံးဖြတ်လိုက်သည်။

အိမ်သို့ ပြန်ရောက်သောအခါ လက်သမားများမှာ အလုပ်ရှုပ်နေကြသည်။ လင်းကျင်း၏ လောင်ကျွမ်းသွားသော အိမ်နေရာတွင် အိမ်အသစ်၏ အုတ်မြစ်ကို ချထားပြီး ဖြစ်ရာ နောက်ထပ် ရက်အနည်းငယ်အတွင်း အိမ်အသစ်မှာ ပြီးစီးတော့မည် ဖြစ်သည်။ အိမ်အသစ်မှာ ယခင်အိမ်ထက် ပိုမိုကြီးမားပြီး ပိုမိုကောင်းမွန်သော ပစ္စည်းများကို သုံးထားသည်။

လက်သမားဆရာက လင်းကျင်းကို မြင်သောအခါ အနားသို့ လာ၍ နှုတ်ဆက်သည်။

“အကဲဖြတ်မှူးလင်း... ရောက်လာပြီလား”

လက်သမားဆရာမှာ ရိုးသားသော မြို့ခံတစ်ဦး ဖြစ်သည်။ အချို့သော အလုပ်သမားများ၏ သားရဲများမှာ သစ်သားချောင်းများနှင့် လိုအပ်သော ပစ္စည်းများကို သယ်ယူပေးနေကြသည်။ မြည်းများ၊ မြင်းများ ပါသကဲ့သို့ လက်သမားဆရာ၏ သားရဲမှာမူ မျောက်ကြီးတစ်ကောင် ဖြစ်သည်။ ၎င်းသည် အမြင့်နေရာများသို့ တက်ကာ အဆစ်အချိတ်များကို တပ်ဆင်ရာတွင် လူများထက် ပိုမိုထိရောက်လှသည်။

လင်းကျင်းသည် ယနေ့ အလုပ်ပြီးစီးမှု အခြေအနေကို ကြည့်ပြီး ကျေနပ်သဖြင့် ယနေ့အတွက် လုပ်ခများကို မဆိုင်းမတွပင် ပေးချေလိုက်သည်။ ထိုအချိန်တွင် ကျောက်ခဲများ သယ်ယူနေသော နွားအိုကြီးတစ်ကောင်မှာ ရုတ်တရက် လဲကျသွားပြီး အသက်ရှူသံများ ပြင်းထန်ကာ မျက်လုံးများ ပြူးထွက်လာတော့သည်။

“လျူလောင်စန်း... မင်းရဲ့ သားရဲက ဘာဖြစ်တာလဲ။ လမ်းလည်ခေါင်မှာ လဲနေတော့ လှည်းတွေ ဖြတ်လို့မရတော့ဘူး”

လက်သမားဆရာက စိုးရိမ်တကြီး ပြောလိုက်သည်။

နွားကြီးမှာ လမ်းလည်ခေါင်တည့်တည့်တွင် လဲကျနေသဖြင့် လှည်းများ ဖြတ်သန်းရန် အလွန်ပင် ခက်ခဲနေတော့သည်။ နွားပိုင်ရှင်ဖြစ်သူ လျူလောင်စန်းမှာလည်း ပျာပျာသလဲ ဖြစ်နေရသည်။

“ကျွန်တော်လည်း မသိဘူးဗျာ။ အရင်က ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ဘယ်လိုပဲ ချော့ခေါ်ခေါ် မထပါလား”

“သူ ဖျားနေတာလား”

“ဖြစ်နိုင်တယ်။ ဘယ်လိုလုပ်ကြမလဲ။ ကျောက်ခဲတွေက အများကြီးပဲ အချိန်မီလည်း မရွှေ့နိုင်ဘူး”

ထိုအချိန်တွင် မြင်းလှည်းတစ်စီးမှာ လမ်းပိတ်နေသဖြင့် ရပ်ထားရပြီး စပ်စုချင်သော လူအုပ်ကြီးကလည်း ဝိုင်းအုံလာကြသည်။

လင်းကျင်း အနားသို့ တိုးသွားလိုက်သည်။ သားရဲနှင့် ပတ်သက်လာလျှင် သူ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိသည်။

“ငါ့ကို ကြည့်ပါရစေ”

လင်းကျင်းက ပြောလိုက်ပြီး လူအုပ်ကြားမှ တိုးဝင်သွားသည်။

ဘေးပတ်ဝန်းကျင်ရှိ လူအချို့က လင်းကျင်းကို မှတ်မိကြသည်။ သို့သော် လင်းကျင်း၏ နာမည်ဆိုးကြောင့် သူတို့က လင်းကျင်း၏ အရည်အချင်းအပေါ် ယုံကြည်မှု မရှိကြပေ။ လက်သမားများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။

“တိရစ္ဆာန်ဆရာဝန်တစ်ယောက်ကိုပဲ သွားခေါ်လိုက်တာ ပိုမကောင်းဘူးလား”

ထိုစကားကြောင့် လင်းကျင်းက ခါးသီးစွာ ပြုံးလိုက်မိသည်။ သို့သော် သူသည် လူများ၏ အထင်သေးမှုကို ဂရုမစိုက်ဘဲ နွားကြီးကို စစ်ဆေးသည်။ နွားကြီးမှာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီး ဦးချိုနှင့် ခွာများတွင် အက်ကြောင်းများ ထင်နေကာ မျက်လုံးထဲတွင် သွေးများ စို့နေသည်။ ၎င်းသည် အသက်ရှူထုတ်ရုံသာ ရှိပြီး ပြန်မရှူသွင်းနိုင်တော့သဖြင့် အလွန်စိုးရိမ်ရသော အခြေအနေ ဖြစ်သည်။ လင်းကျင်းသည် ပြတိုက်၏ အကူအညီမပါဘဲ သူကိုယ်တိုင် အဖြေရှာမရသဖြင့် အနည်းငယ် ရှက်မိသွားသော်လည်း အချိန်မဆွဲဘဲ နွားကြီး၏ ခေါင်းကို ကိုင်လိုက်သည်။

ချက်ချင်းပင် သားရဲပြတိုက်ထဲ၌ နွားကြီး၏ အချက်အလက်များ ပေါ်လာသည်။

“အဆင့် ၁ မြေနွား။ မြေဓာတ်အမျိုးအစား။ အလားအလာနှုန်း ၁”

“လက်ရှိအခြေအနေ - ဦးနှောက်အာရုံကြော ပျက်စီးပြီး သေလုမြောပါး ဖြစ်နေခြင်း။ ကုသရန် နည်းလမ်းမှာ...”

အခြေအနေမှာ အလွန်ပင် စိုးရိမ်ရပြီး အဆင့် ၃ အကဲဖြတ်မှူးပင်လျှင် မတတ်နိုင်လောက်သော အခြေအနေ ဖြစ်သည်။ သို့သော် ပြတိုက်က ကုသနည်းကို ပေးလိုက်သည်။

လင်းကျင်းသည် သူ၏ ဝိညာဉ်စွမ်းအင်ကို လက်ချောင်းတွင် စုစည်းလိုက်ပြီး နွားကြီး၏ ဦးခေါင်းပေါ်ရှိ ဝိညာဉ်ဝင်ပေါက်ကို အရှိန်အဟုန်ဖြင့် ထိုးနှိုက်လိုက်သည်။ ၎င်းသည် ဝိညာဉ်စွမ်းအင် လက်ချောင်း ဟု ခေါ်သော အခြေခံ နည်းစနစ်တစ်ခု ဖြစ်သည်။

သူ၏ လက်ချောင်းမှာ ခွဲစိတ်ဓားကဲ့သို့ ထက်မြက်လှပြီး နွားကြီး၏ ခေါင်းမှ သွေးများ ပန်းထွက်လာသည်။

“အကဲဖြတ်မှူးလင်း... ခင်ဗျား ဘာလုပ်နေတာလဲ”

နွားပိုင်ရှင်က အော်ဟစ်လိုက်သည်။

လင်းကျင်းမှာ ပြန်ပြောရန် အချိန်မရှိပေ။ ရှောင်ဟော့က ဘေးမှ ကာကွယ်ပေးထားသဖြင့် မည်သူမျှ လင်းကျင်းကို အနှောင့်အယှက် မပေးနိုင်ကြပေ။ လင်းကျင်းသည် နွားကြီး၏ ကိုယ်ပေါ်ရှိ အခြား အချက်အချာ နေရာများကိုလည်း ထပ်မံ ထိုးနှိုက်လိုက်သည်။

ထူးဆန်းသည်မှာ ခဏအကြာတွင် နွားကြီး၏ အသက်ရှူသံမှာ ပုံမှန် ပြန်ဖြစ်လာပြီး အမြီးလေးကို စတင် လှုပ်ယမ်းလာခြင်းပင် ဖြစ်သည်။

“ပြီးပြီ”

လင်းကျင်းက ပြောလိုက်သည်။ သူသည် လက်မှ သွေးများကို ခါထုတ်လိုက်ပြီး ဆေးပင်အချို့ကို ဝါး၍ နွားကြီး၏ ဒဏ်ရာပေါ်တွင် အုပ်ပေးလိုက်သည်။

“သူ့ကို ဒီနေ့ အလုပ်ထပ်မခိုင်းပါနဲ့ဦး။ နှစ်ရက်လောက် နားလိုက်ရင် ကောင်းသွားပါလိမ့်မယ်”

ထိုအချိန်တွင် နွားကြီးမှာ အော်မြည်ကာ ထရပ်လိုက်ပြီး ၎င်း၏ သခင်ဆီသို့ လျှောက်သွားတော့သည်။ ဤသည်မှာ အံ့ဖွယ်တစ်ခုပင် ဖြစ်သည်။ သေလုမြောပါး ဖြစ်နေသော နွားကြီးမှာ ယခုအခါ လမ်းလျှောက်နိုင်သွားပြီ ဖြစ်သည်။

လူအစုအဝေးမှာ အံ့အားသင့်ကာ ကြည့်နေကြသည်။ လင်းကျင်းက နွားကြီးကို ကယ်တင်လိုက်သည်မှာမူ အထင်အရှားပင် ဖြစ်သည်။ နွားပိုင်ရှင်မှာ အလွန်ပင် ဝမ်းသာသွားပြီး လင်းကျင်း၏ ရှေ့တွင် ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုတော့သည်။

လင်းကျင်းက သူ့ကို ပြုံးလျက် ထူပေးလိုက်ပြီး ပြောလိုက်သည်။

“ငါက သားရဲအကဲဖြတ်မှူးလေ။ ဒီလို အခြေအနေမျိုး တွေ့ရင် ဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေနိုင်မှာလဲ”

“ကောင်းလိုက်တဲ့ စကား”

လက်သမားဆရာက လက်ခုပ်တီးလိုက်သည်။ လင်းကျင်း၏ အရည်အချင်းနှင့် စိတ်ရင်းစေတနာကို မြင်တွေ့လိုက်ရပြီးနောက် ယခင်က ကြားဖူးခဲ့သော ကောလာဟလများမှာ အလကားဖြစ်ကြောင်း လူတိုင်း သိသွားကြတော့သည်။

အမှန်တရား၏ ရှေ့မှောက်တွင် ကောလာဟလများမှာ အလိုလို ပျောက်ကွယ်သွားရစမြဲပင် ဖြစ်သည်။

အခန်း (၄၈) - လူဘင် ရောက်ရှိလာခြင်း

“အကဲဖြတ်မှူးလင်း... ခင်ဗျားရဲ့ အင်္ကျီတွေက သွေးတွေပေကုန်ပြီ။ ကျွန်တော် အသစ်တစ်စုံ ဝယ်ပေးပါရစေ”

နွားပိုင်ရှင်က အားနာတကြီးဖြင့် ပြောလိုက်သည်။

သို့သော် လင်းကျင်းက လက်ကာပြလိုက်ပြီး ပြောလိုက်သည်။

“ရပါတယ်... ဒါက သွေးစွန်းရုံတင်ပါ။ လျှော်လိုက်ရင် ပြောင်သွားမှာပဲ”

သူသည် ထိုအရာကို စိတ်ထဲမထားပေ။ ထိုမြင်ကွင်းကို ကြည့်ပြီး အလုပ်သမားများနှင့် လက်သမားဆရာတို့သည် လင်းကျင်းအပေါ် စစ်မှန်သော ကြည်ညိုလေးစားမှုများ ဖြစ်ပေါ်လာကြသည်။ ၎င်းမှာ သေးငယ်သော ကိစ္စဖြစ်သဖြင့် လင်းကျင်းသည် ဝန်ဆောင်ခလည်း မတောင်းဘဲ ထားလိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သည်။

“အကဲဖြတ်မှူးလင်း”

လင်းကျင်း လှည့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် အရပ်ရှည်ရှည် အဘိုးကြီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူမှာ အလွန်ပင် ရင်းနှီးနေသယောင် ရှိသည်။

သတိရသွားပြီ ဖြစ်သည်။ ဤသူမှာ မနေ့က အသင်းချုပ်တွင် တွေ့ခဲ့သော ထူးဆန်းသည့်လူစုထဲမှ ခြံရံပါလာသူ ဖြစ်သည်။ ထိုသူမှာ ဆေးဖိုးမပေးသည့်အပြင် မထွက်သွားမီ လင်းကျင်းနှင့် ရှောင်ဟော့ကိုပါ တိုက်ခိုက်သွားခဲ့သူ ဖြစ်သည်။

“ခင်ဗျားလား။ ငါ့အိမ်နားမှာ ဘာလာလုပ်တာလဲ။ ငါ့ဆီက ဘာလိုချင်လို့လဲ”

လင်းကျင်း၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားသည်။ ရှောင်ဟော့ကလည်း ဟိန်းဟောက်ကာ အဆင်သင့် ပြင်လိုက်သည်။

ဤအဘိုးကြီးမှာ ကျောက်စိမ်းနဂါးနိုင်ငံတော် နန်းတော်မှ အပြေးအလွှား ရောက်လာသော ‘လူဘင်’ ပင် ဖြစ်သည်။ သတ္တမမြောက် မင်းသမီးလေး ဟယ်ချန်းမှာ သတိမေ့မြောနေပြီး နန်းတွင်းသမားတော်များလည်း လက်လျှော့ထားရသည်။ လူဘင်သည် မနေ့က လင်းကျင်း ပြောခဲ့သော စကားများကို သတိရကာ မင်းသမီးလေးကို ကယ်တင်ရန် နောက်ဆုံးမျှော်လင့်ချက်ဖြင့် ရောက်လာခြင်း ဖြစ်သည်။(မူရင်းမှာကိုအဲလိုရေးထားတာပါ။ သတိမေ့နေတာက ဆဋ္ဌမမင်းသမီးဟယ်ယုဖြစ်ရမှာ)

သူသည် မိမိကိုယ်ကို ဖုံးကွယ်ထားပြီး အသင်းချုပ်တွင် လင်းကျင်းကို ရှာမတွေ့သဖြင့် အိမ်အထိ လိုက်လာခဲ့ခြင်း ဖြစ်သည်။ လင်းကျင်းက နွားကြီးကို ကုသပေးနေသည့် အချိန်တွင် သူက အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ စောစောက နွားပိုင်ရှင်ကို တားဆီးလိုက်သူမှာလည်း သူပင်ဖြစ်သည်။

လူဘင်သည် လင်းကျင်း၏ ကုသပုံကို ကြည့်ပြီး ဤလူမှာ သာမန်မဟုတ်ကြောင်း သိလိုက်ရသည်။ သူ၏ အမြင်အရ ထိုနွားကြီးမှာ အတွင်းသွေးကြောပြတ်ပြီး သေရတော့မည့် အခြေအနေ ဖြစ်သည်။ သို့သော် လင်းကျင်းက ကယ်တင်နိုင်ခဲ့သည်။

ထို့ပြင် လင်းကျင်း၏ သားရဲမှာ မနေ့က အဆင့် ၁ မီးဝံပုလွေသာ ဖြစ်သော်လည်း ယခုအခါ အဆင့် ၃ သို့ ရောက်ရှိနေပြီဟု သူက သံသယဝင်နေသည်။ အချိန်တိုအတွင်း သားရဲကို အဆင့်တက်စေနိုင်သူမှာ အလွန်ပင် စွမ်းအားကြီးသူ ဖြစ်ရမည်။ ထို့ကြောင့် လူဘင်သည် လင်းကျင်းကို ရိုရိုသေသေ ဆက်ဆံရန် ဆုံးဖြတ်လိုက်သည်။

“အကဲဖြတ်မှူးလင်း... မနေ့က ကျွန်တော် အရမ်း စိတ်လိုက်မာန်ပါ လုပ်မိသွားပါတယ်။ ကျွန်တော့်ရဲ့ အမှားတွေအတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

လူဘင်က လက်အုပ်ချီ၍ အရိုအသေပေးလိုက်သည်။

နန်းတွင်းမှ လူကြီးလူကောင်းများသာ မြင်လျှင် အံ့သြသွားကြပေလိမ့်မည်။ ဂုဏ်သရေရှိလှသော ဗိုလ်ချုပ်ကြီးလူဘင်က အဆင့် ၁ အကဲဖြတ်မှူးလေးကို ဒူးညွှတ်တောင်းပန်နေသည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။

လင်းကျင်းသည် ထိုသူမှာ မည်သူမှန်း မသိသော်လည်း အရှိန်အဝါကြီးသူ ဖြစ်ကြောင်း ခံစားမိသည်။ မနေ့က ထိုသူ တိုက်ခိုက်စဉ်က သားရဲပြတိုက်၏ အချက်အလက်များ ပေါ်လာခဲ့သဖြင့် လူဘင်မှာ သူတွေ့ဖူးသမျှထဲတွင် အင်အားအကြီးဆုံးသူ ဖြစ်ကြောင်း သိထားသည်။ လင်းကျင်းသည် ပြဿနာများကို မနှစ်သက်ဘဲ အေးအေးဆေးဆေး နေချင်သူ ဖြစ်သဖြင့် ဤကဲ့သို့သော လူကြီးလူကောင်းများနှင့် ဝေးဝေးနေချင်သည်။

“ဒါက သေးငယ်တဲ့ ကိစ္စပါပဲ။ ငါ မေ့သွားပြီမို့လို့ စိတ်ထဲမထားပါနဲ့တော့”

လင်းကျင်းက လေသံအေးအေးဖြင့် ပြန်ပြောလိုက်သည်။ သူသည် ထိုနေရာမှ အမြန်ထွက်သွားရန် ကြိုးစားသည်။ ထိုမိန်းကလေးမှာ တစ်ခုခုဖြစ်နေပြီဆိုသည်ကို သူ ရိပ်မိသည်။

သို့သော် လူဘင်က လင်းကျင်းကို တားလိုက်ပြီး ပြောလိုက်သည်။

“အကဲဖြတ်မှူးလင်း... ခဏလောက် စောင့်ပေးပါ။ ကျွန်တော့်မှာ တောင်းဆိုစရာ ရှိလို့ပါ”

“ဘာကိစ္စလဲ”

လင်းကျင်းက သိသိကြီးနှင့် မေးလိုက်သည်။

လူဘင်က သက်ပြင်းချကာ ရှင်းပြသည်။

“မနေ့က အကဲဖြတ်မှူးလင်းရဲ့ ထိုးထွင်းသိမြင်မှုကြောင့် ကျွန်တော့်ရဲ့ သခင်မလေးမှာ ကျိန်စာမိနေတယ်ဆိုတာ သိခဲ့ရပါတယ်။ အခု သခင်မလေးရဲ့ အခြေအနေက အရမ်းစိုးရိမ်ရလို့ လာရောက် အကူအညီတောင်းတာပါ”

လင်းကျင်း စိတ်တိုသွားသည်။ မနေ့က သူက စေတနာနှင့် ပြောသော်လည်း သူတို့က နားမထောင်သည့်အပြင် တိုက်ခိုက်ခဲ့ကြသည်။ ယခုမှ လာ၍ အကူအညီတောင်းခြင်းကို သူက မနှစ်မြို့ပေ။

“မစ္စတာလူ... ခင်ဗျား လူမှားနေပြီထင်တယ်။ ငါက သားရဲအကဲဖြတ်မှူးလေ ဆေးကုတဲ့ သမားတော် မဟုတ်ဘူး”

လင်းကျင်းက ငြင်းလိုက်သည်။

လူဘင်သည် လင်းကျင်း စိတ်ဆိုးနေသည်ကို ရိပ်မိသည်။

“အကဲဖြတ်မှူးလင်း... အဲဒီနေ့က ကျွန်တော့်အမှားပါ။ ကျွန်တော့်သခင်မလေးက အသက်အန္တရာယ် စိုးရိမ်နေရလို့ပါ။ အကဲဖြတ်မှူးရဲ့ ဒေါသပြေမယ်ဆိုရင် ကျွန်တော့်ရဲ့ လက်တစ်ဖက်ကို ဖြတ်ပြီး တောင်းပန်ဖို့ အသင့်ပါပဲ”

လူဘင်က ပြောပြောဆိုဆိုနှင့် ခါးကြားမှ ဓားမြှောင်ကို ထုတ်ကာ သူ၏ ဘယ်ဘက်လက်မောင်းကို ဖြတ်ရန် ပြင်လိုက်သည်။ လင်းကျင်းမှာ ထိတ်လန့်သွားရသည်။

“ရှောင်ဟော့”

လင်းကျင်းက အမိန့်ပေးလိုက်သည်။

ရှောင်ဟော့က အရှိန်ဖြင့် ပြေးဝင်ကာ လူဘင်ကို တားဆီးလိုက်သည်။ သို့သော် ဓားမြှောင်မှာ လူဘင်၏ လက်မောင်းထဲသို့ ၆ လက်မခန့် စိုက်ဝင်သွားပြီး သွေးများ ထွက်လာခဲ့သည်။ လင်းကျင်းမှာ ထိုမျှအထိ ရဲရင့်သောလူမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ရှောင်ဟော့ကို ပြန်ခေါ်လိုက်သည်။

သူတို့နှစ်ဦးသည် အနီးရှိ လက်ဖက်ရည်ဆိုင်တစ်ခု၏ သီးသန့်ခန်းထဲသို့ ဝင်ခဲ့ကြသည်။ လူဘင်က ဆိုင်ဝန်ထမ်းကို ငွေစတစ်တုံး ပေးကာ မည်သူမျှ အနားမလာရန် မှာကြားလိုက်သည်။

“အကဲဖြတ်မှူးလင်း... ကျွန်တော်က မျက်စိမရှိလို့ အကဲဖြတ်မှူးရဲ့ အရည်အချင်းကို မသိခဲ့တာပါ။ အကဲဖြတ်မှူးက စေတနာရှိတဲ့သူမို့လို့ နွားကြီးကိုတောင် ကယ်ခဲ့သေးတာပဲ။ အခု သေလုမြောပါး ဖြစ်နေတဲ့ လူတစ်ယောက်ကိုတော့ ဒီအတိုင်း ပစ်မထားပါနဲ့။ ကုသလို့ ရသည်ဖြစ်စေ မရသည်ဖြစ်စေ လူဘင်က ကျေးဇူးတင်နေမှာပါ”

လူဘင်က စကားကို ပါးနပ်စွာ ပြောဆိုတတ်သည်။ လင်းကျင်းသည် စဉ်းစားရခက်နေသည်။

“ဟုတ်သားပဲ... ကျွန်တော် မိတ်ဆက်ပေးရဦးမယ်။ ကျွန်တော်က...”

လူဘင်က ဆက်ပြောရန် ပြင်သည်။

လင်းကျင်းက လက်ကာပြကာ တားလိုက်ပြီး ပြောလိုက်သည်။

“မပြောပါနဲ့။ ကျွန်တော့်ကို မပြောပါနဲ့။ ခင်ဗျားက ဘယ်သူလဲဆိုတာ ကျွန်တော် စိတ်မဝင်စားသလို ဟိုမိန်းကလေးက ဘယ်သူလဲဆိုတာလည်း မသိချင်ပါဘူး။ ပြဿနာတွေလည်း မလိုချင်တော့ဘူး”

လင်းကျင်းမှာ စိတ်ရင်းဖြင့် ပြောခြင်း ဖြစ်သည်။ လူအများရှေ့တွင် မိမိကိုယ်ကိုယ် လက်ဖြတ်ရဲသောသူမှာ သာမန်လူ မဟုတ်နိုင်ပေ။ သူသည် ထိုကဲ့သို့သော အန္တရာယ်ရှိသူများနှင့် မပတ်သက်ချင်ပေ။

ချက်ချင်းပင် သူသည် စက္ကူနှင့် စုတ်တံကို ယူကာ ဆေးနည်းကို ရေးလိုက်သည်။

“နဂါးသွေးမြက်နှင့်အတူ ‘ရေကိုးသွယ် တိမ်လွှာဆေးလုံး’ ကို တစ်နေ့တစ်လုံး တိုက်ပေးပါ။ ဆေးလုံးဖော်စပ်နည်းကတော့...”

ရေးပြီးသောအခါ လင်းကျင်းက ထိုစက္ကူကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

“ဒါက ကုသနည်းပဲ။ ဒီအတိုင်းသာ လုပ်လိုက်ပါ။ မိုးချုပ်တော့မှာမို့လို့ ကျွန်တော် ပြန်ပါရစေတော့”

လင်းကျင်း ထွက်သွားသော်လည်း လူဘင်က မတားတော့ပေ။ သူသည် စက္ကူပေါ်ရှိ စာသားများကို ကြည့်ပြီး အံ့အားသင့်နေသည်။

“ဒါ... ဒါက ဆေးဖော်စပ်နည်း အသေးစိတ်ပဲ။ သူက ငါ့ကို ဒီအတိုင်း အလကား ပေးလိုက်တာလား”

ရှေးခေတ်ကတည်းက ဆေးနည်းများကို ဘယ်သူမှ အလကား မမျှဝေကြပေ။ ရွှေတောင်ကြီး ပေးလျှင်ပင် ရနိုင်ခဲလှသည်။ ထို့ကြောင့် လူဘင်မှာ မယုံနိုင်အောင် ဖြစ်နေရသည်။ သို့သော် ဆေးပညာ ဗဟုသုတ အနည်းငယ်ရှိသော လူဘင်အတွက် ဤဆေးနည်းမှာ အမှန်ဖြစ်နိုင်ကြောင်း ခံစားမိသည်။

သူသည် အချိန်မဆွဲဘဲ အပြင်သို့ ထွက်ကာ လေချွန်လိုက်သည်။ ကောင်းကင်မှ လင်းယုန်ကြီးတစ်ကောင် ဆင်းသက်လာသည်။ လူဘင်သည် ထိုလင်းယုန်ကြီး၏ ကျောပေါ်သို့ ခုန်တက်ကာ တိမ်တိုက်များကြားထဲသို့ ပျောက်ကွယ်သွားတော့သည်။

All Chapters