← Chapters

အခန်း (၁၉၆၃-၁၉၆၆)

Vol. 104 Ch. 1963-1966

အခန်း (၁၉၆၃-၁၉၆၆)

Vol. 104 Ch. 1963-1966

အခန်း (၁၉၆၃) - ငါ ရိုးသားသွားပါပြီ... ကျေးဇူးပြုပြီး လွှတ်ပေးပါတော့

~ဟူးချ် သည် ယုံကြည်မှု အပြည့်ရှိနေပုံ ပေါ်သည်။

"သွားကြစို့..."

သူ၏ လက်အောက်ငယ်သားများက အဖွဲ့လိုက် ခွဲပြီး ဂိုဒေါင်ထဲသို့ ဝင်ရောက်သွားကြသည့်အခါ၊ သူက အဓိက တိုက်ခိုက်မည့် အဖွဲ့ကို ဦးဆောင်ကာ စိတ်ဓာတ်မြှင့်တင်ရေး စကားများကို ပြောကြားလိုက်လေသည်။

"အားလုံးပဲ... ငါ့ရဲ့ ဗျူဟာကို မှတ်ထားကြနော်"

"ငါတို့က ဂိုဒေါင်ထဲက ဖွဲ့စည်းပုံကို အကုန် နားလည်ပြီးသား... အဓိက ကျတဲ့ နေရာတွေကို ပိတ်ဆို့ထားပြီး ရန်သူကို ထွက်ပေါက်မပေးဘဲ ပိတ်ပစ်ထားနိုင်ရင်၊ ငါတို့ရဲ့ ပစ်အားနဲ့တင် ဒီလူ့ကို အလွယ်တလေး ရှင်းပစ်နိုင်မှာ"

"အဲ့ဒီအခါကျရင် စတန့်စ်လေဆိပ်ရဲ့ တကယ့် အထက်တန်းစား လုံခြုံရေးအဖွဲ့က ဘယ်သူလဲဆိုတာ တစ်လောကလုံး သိသွားစေရမယ်"

"နားလည်ပါပြီ ဆရာ..."

ဟူးချ်၏ လက်အောက်ငယ်သားများမှာလည်း ကန်တန် (Kenton) တို့အဖွဲ့ကို ယှဉ်ပြိုင်ချင်နေကြသူများ ဖြစ်သည်။ ယခု သူတို့ ခေါင်းဆောင်၏ ယုံကြည်မှု ရှိသော အစီအစဉ်ကို ကြားလိုက်ရသည့်အခါ လက်တွေ ယားလာကြတော့သည်။

'အင်း... ကောင်းပြီ... ဒီလူတွေလည်း စိတ်ဓာတ် တက်ကြွနေကြတာပဲ'

ဟူးချ်၏ မျက်နှာပေါ်တွင် မောက်မာသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ကန်တန်တို့အဖွဲ့ မရှင်းနိုင်ခဲ့သော ယဲ့ဖန်ကို သူတို့က အလွယ်တကူ ရှင်းပစ်လိုက်ပြီး မျက်နှာပန်းလှလှဖြင့် ပြန်လာမည့် မြင်ကွင်းကို သူ မြင်ယောင်နေမိသည်။

"ဘယ်သူမှ မေးစရာ မရှိတော့ရင်... အခုပဲ လှုပ်ရှားကြမယ်"

ဟူးချ်က လက်အောက်ငယ်သားများအားလုံးကို နည်းဗျူဟာပိုင်းဆိုင်ရာ လက်သင်္ကေတ ပြလိုက်သည်နှင့် တပြိုင်နက်၊ သူတို့အားလုံး ဖျတ်လတ်စွာ လှုပ်ရှားလိုက်ကြ၏။ ယဲ့ဖန် ရှိနေသည့် နေရာကို မျက်ခြေမပြတ် လိုက်လံ ရှာဖွေပြီး ပစ်အားဖြင့် ဖိနှိပ်ရန် ပြင်ဆင်လိုက်ကြတော့သည်။

ထို့နောက်တွင်...

သေနတ်သံများ ဆူညံစွာ ထွက်ပေါ်လာပြီး၊ ယဲ့ဖန်၏ ပုံရိပ်သည် ဒုတိယထပ်တွင် သရဲတစ္ဆေ တစ်ကောင်အလား ဟိုမှ သည်မှ ကူးလူးသွားလာနေလေသည်။ ဟူးချ်၏ အဖွဲ့ဝင် (၂၀) ကျော်မှာ ကြမ်းပြင်ပေါ်တွင် တစ်ယောက်ပြီး တစ်ယောက် လဲကျကုန်ကြသည်။

ဟူးချ် ဦးဆောင်သော သုံးယောက်အဖွဲ့သာ ကျန်ရစ်တော့၏။ သူတို့မှာ အကာအကွယ် နောက်တွင် ပုန်းအောင်းနေပြီး အခွင့်ကောင်းကို စောင့်နေသောကြောင့်သာ ခေတ္တမျှ အသက်ဆက်ခွင့် ရနေခြင်း ဖြစ်သည်။

မူလက ဝံ့ကြွားနေသော ဟူးချ်တစ်ယောက် ရုတ်တရက် မျက်နှာပျက်စရာ ကောင်းသော အခြေအနေနှင့် ရင်ဆိုင်လိုက်ရပြီ ဖြစ်သည်။

(၃) မိနစ်... (၃) မိနစ်ပင် မပြည့်လိုက်ပေ။ ယဲ့ဖန်၏ တွက်ချက်မှုအောက်တွင် သူတို့အဖွဲ့ တစ်ဖွဲ့လုံးနီးပါး သုတ်သင်ခံလိုက်ရသည် မဟုတ်ပါလော။

... မျက်နှာပျက်စရာ ကောင်းလိုက်တာ။

"ခေါင်းဆောင်...ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"

သူ့ဘေးနားရှိ လက်အောက်ငယ်သားများမှာ ကြောက်လန့်တကြား တုန်ရီနေကြပြီး တိုးတိုးလေး မေးလိုက်ကြသည်။

"ရန်သူက ကျွန်တော်တို့ ထင်ထားတာထက် ပိုကြမ်းနေတယ်... ဒါက သာမန်လူတွေ နားလည်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေပြီ ဆရာရဲ့"

"ဒီအတိုင်းသာ ဆက်သွားရင် ကျွန်တော်တို့တွေလည်း မကြာခင် သေကုန်ကြတော့မယ်"

ဟူးချ် တစ်ယောက် တကယ်တမ်းတော့ အပြင်ထွက်ပြီး ယဲ့ဖန်နှင့် အသေအကြေ ယှဉ်တိုက်လိုက်ချင်သည်။ သို့မှသာ သူ့သိက္ခာကို အနည်းငယ် ပြန်ဆယ်နိုင်မည် မဟုတ်ပါလော။

သို့ရာတွင်၊ ယဲ့ဖန်က သူတို့၏ လှုပ်ရှားမှုတွေကို ကြိုတင်တွက်ချက်ပြီး ရှောင်တိမ်းသွားပုံတွေ၊ သူ့လူတွေကို အသေမသတ်ဘဲ လှုပ်ရှားမရအောင် လုပ်ထားပုံတွေကို တွေးမိလိုက်သောအခါ... အကယ်၍ သူသာ ယဲ့ဖန်ကို ဒေါသထွက်အောင် သွားစလျှင် ဒီလူသတ်နတ်ဘုရားက တကယ် ထသတ်တော့မလား ဆိုပြီး တွေးကြောက်သွားမိသည်။

ထို့ကြောင့် ထိုမိုက်မဲသော အတွေးကို အမြန်ပင် ခေါက်ထားလိုက်ရတော့၏။

"သတိထားကြ..."

သူ့လူနှစ်ယောက်ကို ယဲ့ဖန် ဝင်မလာနိုင်အောင် စောင့်ကြည့်ခိုင်းပြီးနောက်၊ ဟူးချ်သည် စကားပြောစက်ကို ဖွင့်ကာ ကန်တန်ကို ဆက်သွယ်လိုက်လေသည်။

"ကန်တန်... စတန့်စ်လေဆိပ်ဘက်က စစ်ကူတပ်ဖွဲ့ကို လှမ်းခေါ်လိုက်ရအောင်"

"ရန်သူက ကြောက်စရာကောင်းလောက်အောင် သန်မာလွန်းတယ်"

"ငါတို့ရဲ့ သာမန် နည်းဗျူဟာတွေ၊ ဒီလောက် လူအင်အားလောက်နဲ့ကတော့ သူဌေးကြီး ခိုင်းတဲ့ အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

စကားပြောစက်ထဲမှ ကန်တန်၏ အသံထွက်လာသော်လည်း သဘောကောင်းသည့် လေသံတော့ မဟုတ်ပေ။ သူက မသိချင်ယောင်ဆောင်ကာ ကောက်ကျစ်သည့် လေသံဖြင့် မေးလိုက်၏။

"ဟေ... ဟုတ်လို့လား"

"ငါ မှတ်မိသလောက်တော့ တကယ် အရေးကြီးတဲ့ အချိန်ကျရင် SEALs တပ်ဖွဲ့က ဆင်းလာတဲ့ ကျောင်းသားတွေကသာ အားကိုးရတာ ဆို... ငါတို့ကိုတောင် မျက်လုံးဖွင့်ပြီး ကြည့်ထားပါ ဆိုပြီး တစ်ယောက်ယောက် ပြောသွားသလိုပဲနော်"

"အခုမှ (၃) မိနစ်ပဲ ရှိသေးတာလေ... အဲ့ဒီလူက အရင်လို ယုံကြည်ချက်

မပြင်းထန်တော့ဘူးလား"

ဟူးချ်မှာ မျက်နှာပူလွန်း၍ နားရွက်ပါ နီလာသော်လည်း အံကို ကြိတ်ပြီး ပြောလိုက်ရတော့သည်။

"ဒါက... ရန်သူ ဘယ်လောက် စွမ်းသလဲ ဆိုတာကို အရင်က ငါ နားမလည်ခဲ့လို့ပါကွာ"

"အခု ငါ ရိုးသားသွားပါပြီ... ကျေးဇူးပြုပြီး လွှတ်ပေးပါတော့"

"အခု အခြေအနေက ဒီအဆင့်ထိ ရောက်နေပြီဆိုတော့ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို ကာကွယ်ပြီး သူဌေးကြီး ပေးထားတဲ့ တာဝန်ကို ပြီးအောင် လုပ်ဖို့ပဲလေ... စတန့်စ်လေဆိပ် လုံခြုံရေးဌာနဆီက အကူအညီ တောင်းမယ်ဆိုတာ မင်း သဘောတူလား"

"သဘောတူတယ်..."

ကန်တန်သည် ဟူးချ်ကို လှောင်ပြောင်ရတာ ကျေနပ်နေသော်လည်း အခြေအနေ အရမ်းဆိုးနေမှန်း သိသဖြင့် လက်ခံလိုက်သည်။ ဟူးချ်ကို ခဏလောက် ထပ်ပြီး စနောက်လိုက်ပြီးနောက် သူတို့နှစ်ဦး သဘောတူညီမှု ရသွားကြသည်။

သူတို့သည် စတန့်စ်လေဆိပ်သို့ အခြေအနေကို အတူတကွ တင်ပြပြီး ပိုမို အင်အားကြီးမားသော လုံခြုံရေး အကူအညီကို တောင်းခံရန် ဆုံးဖြတ်လိုက်ကြ၏။

ယဲ့ဖန်သည် သူတို့ နှစ်ဦး ပူးပေါင်းကြံစည်နေသည်ကို ကြားလိုက်ရသောအခါ...

'ဟွန်း... ဒီလူတွေ တပ်ကူခေါ်ပြီး ငါ့ကို ဖိနှိပ်ချင်သေးတယ်ပေါ့လေ...'

တိတ်တဆိတ် ကဲ့ရဲ့လိုက်ပြီး တပြိုင်နက် သူ ထပ်မံ လှုပ်ရှားလိုက်ပြန်တော့သည်...။

အခန်း (၁၉၆၄) - ကောင်းပေ့ညွန့်ပေ့ ဆိုတာတွေကို မစားဖူးကြဘူး ထင်ပါရဲ့

~အချိန်အားဖြင့် (၁) မိနစ်ပင် မပြည့်လိုက်ချေ။ ကျည်ဆန် (၃၀) ခန့်ကို သုံးလိုက်သည့် အချိန်အတွင်းမှာပင် ကန်တန်၊ ဟူးချ်နှင့် အခြားသော လက်ရွေးစင်ဆိုသူများ အားလုံးမှာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားကြတော့သည်။

ရို့စ်၏ ရုံးခန်းအပြင်ဘက်တွင် ဝိုင်းရံထားသော အထက်တန်းစား လုံခြုံရေး အဖွဲ့နှစ်ဖွဲ့လုံးကို ယဲ့ဖန်က အမြစ်ပြတ် ချေမှုန်းပစ်လိုက်ခြင်း ဖြစ်လေသည်။

ဤအခြေအနေက ဟူးချ်နှင့် ကန်တန်တို့ နှစ်ယောက်စလုံးကို မိမိတို့၏ ဘဝအပေါ် သံသယ ဝင်သွားစေသည်အထိ ရိုက်ခတ်သွားတော့၏။ သူတို့၏ လက်အောက်ငယ်သားများက သူတို့ကို မှင်သက်သော အကြည့်များဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရသောအခါ၊ ထိုနှစ်ယောက်မှာ ဝင်စရာ မြေခေါင်းရှာမတွေ့ ဖြစ်နေရှာသည်။

အထူးသဖြင့် ဟူးချ်ဆိုသောကောင်မှာ မျက်လုံးများကို စုံမှိတ်ထားပြီး သေချင်ယောင် ဆောင်နေလေတော့သည်။

'သောက်ရှက်ကွဲတာပဲ... ခုနလေးတင်မှ ကန်တန်နဲ့ သူ့လူတွေရှေ့မှာ လေကြီးမိုးကြီး ပြောထားမိတာ... အခုကျတော့ ယဲ့ဖန်ဆိုတဲ့ ဒီတရုတ်လူငယ်လေးရှေ့မှာ SEALs အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ဆိုတဲ့ ဂုဏ်ပုဒ်က ဘာမှ မဟုတ်ပါလား'

ယဲ့ဖန်၏ လက်ချက်ဖြင့် တခဏအတွင်း အရေးနိမ့်သွားရသည့် အဖြစ်က သူ့အတွက် အရှက်ရစရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။

အခြားတစ်ဖက်တွင်မူ စတန့်စ်လေဆိပ်နှင့် ဒီဗွန်ရှိုင်းယား မိသားစုအပေါ် အလွန် သစ္စာရှိကြသော လုံခြုံရေး အချို့က ယဲ့ဖန်ကို သတိပေးရန် မမေ့ကြပေ။

"မင်း ဘယ်လောက်ပဲ တော်နေပါစေ အလကားပါပဲကွာ"

"စတန့်စ်လေဆိပ်ရဲ့ လုံခြုံရေးစနစ်က မင်း ယှဉ်နိုင်တဲ့ အရာမဟုတ်ဘူး"

"အခုချိန်လောက်ဆိုရင် လေဆိပ်က မောင်းသူမဲ့ လေယာဉ်တွေနဲ့ လူအများအပြား သေစေနိုင်တဲ့ လက်နက်တွေ အသင့်ပြင်ထားပြီးလောက်ပြီ... ဒီနေ့ မင်း ဘယ်ကိုမှ ပြေးလို့လွတ်မှာ မဟုတ်ဘူး... အခုပဲ လက်နက်ချလိုက်ပါတော့"

ယဲ့ဖန်က တခစ်ခစ် ရယ်မောလိုက်လေသည်။

"ခင်ဗျားတို့ရဲ့ သစ္စာတရားကိုတော့ ကျွန်တော် လေးစားပါတယ်ဗျာ"

ထို့နောက် အံ့အားသင့်နေသော လုံခြုံရေးများ၏ အကြည့်အောက်မှာပင် ယဲ့ဖန်က သူတို့ကို နောက်ထပ် ကျည်ဆန်အချို့ ထပ်ကျွေးလိုက်ပြန်သည်။

"ဒါပေမဲ့လေ... ခင်ဗျားတို့ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေး နေကြတာကို ကျွန်တော်က ပိုသဘောကျတယ်"

ကျည်ဆန်များသည် လုံခြုံရေးများ၏ လက်ဝါးနှင့် ခြေဖဝါးများကိုသာ ချိန်ရွယ်ထားသော်လည်း၊ သူတို့ခမျာ နာကျင်လွန်းသဖြင့် အော်ဟစ်နေကြရပြီး ယဲ့ဖန်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေမိကြတော့သည်။

ဆူညံချင်နေကြသော အခြား လုံခြုံရေးများလည်း အခြေအနေကို မြင်လိုက်ရသောအခါ အသံတိတ်သွားကြပြီး ကျယ်ကျယ်လောင်လောင်ပင် အသက်မရှူရဲကြတော့ချေ။

ယဲ့ဖန်သည် သေနတ်ကို ကိုင်လျက် ရုံးခန်းထဲသို့ အေးအေးလူလူ လျှောက် ဝင်လာခဲ့သည်။

သူ့ကို ဆီးကြိုနေသည်ကတော့ ရို့စ်၏ တုန်လှုပ်ချောက်ခြားနေသော မျက်ဝန်းများပင် ဖြစ်၏။

ယဲ့ဖန်က သေနတ်ကို ဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ရို့စ်၏ မျက်ဝန်းများကို စူးစိုက်ကြည့်ရင်း မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ... ဘာလို့ ကိုယ့်ကို အဲ့ဒီလို ပုံစံကြီးနဲ့ ကြည့်နေရတာလဲ"

ရို့စ်က ယဲ့ဖန်ကို အသေအချာ စုန်ဆန်ကြည့်လိုက်ပြီး တံတွေး တစ်ချက်ကို ခက်ခဲစွာ မြိုချလိုက်သည်။ ထို့နောက် သရဲ မြင်လိုက်ရသူ တစ်ယောက်၏ လေသံဖြင့် မေးလိုက်မိတော့သည်။

"ရှင်.. တစ်ယောက်တည်းနဲ့ ကန်တန်နဲ့ ဟူးချ်တို့ရဲ့ အဖွဲ့တွေကို ရှင်းပစ်လိုက်တာလား"

"လက်ပါရင် လုပ်တတ်တာပဲလေ... လွယ်ပါတယ်"

ယဲ့ဖန်၏ မျက်နှာပေးက ဘာမှ မဖြစ်ခဲ့သလို အေးဆေး တည်ငြိမ်လွန်းနေသည်။ ရို့စ်၏ မျက်နှာထားက ပို၍ ထူးဆန်းသွားတော့၏။

"လက်ပါရင် လုပ်တတ်တာပဲ ဟုတ်လား... ရှင် မသိလို့ပါ... ကန်တန် ဆိုတာ ဆိုက်ဘေးရီးယား ငရဲလေ့ကျင့်ရေးစခန်းက ထွက်လာတဲ့ ထိပ်တန်း တိုက်ခိုက်ရေးသမား တစ်ယောက်ပါ... ပုံမှန်ဆိုရင် သူနဲ့ အရည်အချင်းတူတဲ့ တိုက်ခိုက်ရေးသမား (၁၀) ယောက်လောက်ကို သူတစ်ယောက်တည်း ယှဉ်နိုင်တယ်... ဟူးချ် ဆိုရင်လည်း SEALs အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကလေ... သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ကန်တန်နဲ့ ယှဉ်နိုင်သလို အဖွဲ့လိုက် စွမ်းဆောင်ရည်မှာဆိုရင် ကန်တန်ထက်တောင် သာပါသေးတယ်"

"ဒါဆိုရင်လည်း အဲ့ဒီ ဆိုက်ဘေးရီးယား ငရဲလေ့ကျင့်ရေးစခန်း ဆိုတာနဲ့ SEALs အဖွဲ့ဆိုတာက သိပ်ပြီး အထင်ကြီးစရာ မဟုတ်ဘူးပေါ့"

ယဲ့ဖန်က မထီမဲ့မြင် လေသံဖြင့် ပြောလိုက်လေသည်။

"ပြီးတော့ မင်းက ဒီလောက် ဝင်ငွေကောင်းတဲ့ တရားမဝင် လုပ်ငန်းကြီးကို ဦးစီးနေတာလေ... ဒီလို သာမန် တိုက်ခိုက်ရေးသမားလောက်ကိုများ ရတနာလို သဘောထားနေတယ် ဆိုတော့... ကြည့်ရတာ မင်းလည်း ကောင်းပေ့ညွန့်ပေ့ ဆိုတာတွေကို မစားဖူးဘူး ထင်ပါရဲ့"

[ဘာသာပြန်သူ၏ မှတ်ချက် - မူရင်းစာသားတွင် "Fine Chaff" (ဖွဲနုကောင်း/အစားကောင်း) ဟု သုံးနှုန်းထားပါသည်။ ဆိုလိုရင်းမှာ ရို့စ်အနေဖြင့် အရည်အချင်းရှိသော ပညာရှင် အစစ်အမှန်များကို မတွေ့ဖူးဘဲ၊ သာမန်လူများကိုသာ အထင်ကြီးနေသည်ဟု ယဲ့ဖန်က လှောင်ပြောင်လိုက်ခြင်း ဖြစ်ပါသည်။]

ရို့စ်မှာ ပြောစရာ စကားမဲ့သွားရရှာသည်။

'အစ်ကိုရေ... ကျွန်မတို့က အကောင်းစား မစားဖူးတာ မဟုတ်ပါဘူး... ရှင်ကသာ လူမဆန်လွန်းနေတာပါ'

သာမန်လူ တစ်ယောက်က လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ အထက်တန်းစား လုံခြုံရေး (၄၀) (၅၀) လောက်ကို တစ်ယောက်တည်း ကိုင်တွယ်နိုင်ပါ့မလား။

သူမ စကားလမ်းကြောင်း လွှဲလိုက်ရတော့သည်။

"ရှင်က ဘယ်သူလဲ"

"ရှင်လို လူမျိုးက နာမည်မရှိတဲ့ သူတစ်ယောက်တော့ မဖြစ်နိုင်ဘူး"

"ဒီဗွန်ရှိုင်းယား မိသားစု ရောက်လာရင် မင်း သိရမှာပါ"

ယဲ့ဖန်က ထပ်ပြီး ရှင်းပြမနေတော့ချေ။ ရို့စ်က တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ထူးဆန်းသော အကြည့်များဖြင့် မေးလိုက်ပြန်၏။

"ရှင်က... ဒီဗွန်ရှိုင်းယား မိသားစုနဲ့ မိတ်ဟောင်းတွေလား"

"အစကတည်းက ဒီဗွန်ရှိုင်းယား မိသားစုအတွက် လာတာ မဟုတ်လား"

ယဲ့ဖန်က ပခုံးတွန့်ပြလိုက်ပြီး ဘာမှ ပြန်မပြောတော့ပေ။

ထိုအချိန်တွင် ဂိုဒေါင်အပြင်ဘက်မှ ရှုပ်ထွေးသော ခြေသံများ ထပ်မံ ထွက်ပေါ်လာလေသည်။ ထိုခြေသံများနှင့်အတူ တဝီဝီ မြည်နေသော ပျားအုံကဲ့သို့ အသံများပါ ရောနှော ပါဝင်နေ၏။

ရုံးခန်းထဲမှ လှမ်းကြည့်လိုက်သောအခါ စတန့်စ်လေဆိပ်မှ လုံခြုံရေး အများအပြားနှင့် ဒရုန်း ဒါဇင်ပေါင်းများစွာက သူတို့ကို ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။

၎င်းမြင်ကွင်းအား မြင်လိုက်ရသည်နှင့်တပြိုင်နက်၊ ယဲ့ဖန်သည် ချက်ချင်းပင် ရုံးခန်းလိုက်ကာများကို ဆွဲပိတ်လိုက်ပြီး ရုံးခန်း၏ ထောင့် တစ်နေရာတွင် ဝင်ရောက် ပုန်းအောင်းလိုက်တော့သည်။

---

အခန်း (၁၉၆၅) - အစ္စဘယ်လ်လာ ရောက်ရှိလာခြင်း

~"လုံခြုံရေး အားလုံး နားထောင်ကြ..."

"ဂိုဒေါင် (C07) ရဲ့ ဝင်ပေါက် ထွက်ပေါက် အားလုံးကို အခုချက်ချင်း ပိတ်ဆို့ထားလိုက်"

"လေဆိပ် လုံခြုံရေးဌာနက ကန်တန်နဲ့ ဟူးချ်ဆီကနေ ခိုင်လုံတဲ့ သတင်း ရထားတယ်... အဲ့ဒီ မောက်မာနေတဲ့သူက ဂိုဒေါင် (C07) ထဲမှာ ရှိနေတုန်းပဲ"

"အားလုံးပဲ... နည်းဗျူဟာ အဖွဲ့တွေ ချက်ချင်း ဖွဲ့စည်းပြီး ခံစစ်ပြင်ထားကြ... ဒရုန်းတပ်ဖွဲ့တွေက သတင်းအချက်အလက် ပံ့ပိုးမှုနဲ့ တိုက်ခိုက်ရေးအတွက် အသင့်ပြင်ထား"

ဂိုဒေါင်အပြင်ဘက်တွင် သိပ်သည်းသော ခြေသံများနှင့် ဒရုန်းသံများအပြင် ကျယ်လောင်ပြတ်သားသော အမိန့်ပေးသံများပါ ထွက်ပေါ်လာလေသည်။

ခြေသံများနှင့် ဒရုန်းသံများကို နားထောင်ရုံဖြင့် ယခုတစ်ကြိမ် ဝိုင်းရံလာသော အဖွဲ့၏ အင်အားမှာ သာမန်မဟုတ်ကြောင်း သိသာထင်ရှားလှသည်။

...

"ဟင်..."

ရို့စ်၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

"ကျွန်မတို့တော့ ဒုက္ခရောက်ပြီ"

"စတန့်စ်လေဆိပ် ဆိုတာ ဒီဗွန်ရှိုင်းယား မိသားစုရဲ့ ဒုစရိုက် အခြေစိုက်စခန်းလေ... ဒီနေရာရဲ့ လုံခြုံရေးက တချို့သော လက်နက်ကိုင် အဖွဲ့အစည်းကြီးတွေထက်တောင် ပိုကောင်းသေးတယ်"

"လုံခြုံရေးတိုင်းက အထက်တန်းစားတွေချည်းပဲ... သူတို့ရဲ့ လက်နက် ကိရိယာတွေကလည်း အရမ်း ကောင်းမွန်တယ်"

"ကျွန်မ သိသလောက်ဆိုရင် ဒီဂိုဒေါင်က လုံခြုံရေး အင်အားအပြင် စတန့်စ်လေဆိပ်မှာ ပိုကြီးမားတဲ့ လုံခြုံရေး အဖွဲ့ကြီး (၃) ဖွဲ့ ရှိသေးတယ်... အဲ့ဒီအထဲမှာ လူအင်အား (၂၀၀) ကျော် ပါဝင်တဲ့ ခေတ်မီ လက်နက်ကိုင် လုံခြုံရေး အဖွဲ့ရယ်၊ ဒီဂျစ်တယ် သတင်းအချက်အလက် စစ်ဆင်ရေး ကျွမ်းကျင်သူတွေ တည်ဆောက်ထားတဲ့ ဒရုန်းတပ်မတော်ရယ်၊ ပြီးတော့ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားတဲ့ စစ်သည်တော်တွေ ပါဝင်တဲ့ မျိုးရိုးဗီဇ တပ်မတော်ရယ် ဆိုပြီး ပါဝင်တယ်"

"ဒီလူတွေသာ အတူတကွ လှုပ်ရှားလာမယ် ဆိုရင်၊ စတန့်စ်လေဆိပ်မှာ သိုလှောင်ထားတဲ့ လက်နက် ခဲယမ်းတွေနဲ့ ပေါင်းစပ်လိုက်ရင်၊ ကျွန်မတို့ကို ဖမ်းဖို့ မပြောနဲ့... နိုင်ငံငယ်လေး တစ်ခုနဲ့ စစ်ခင်းရင်တောင် ပြဿနာ မရှိဘူး"

"ဒီတစ်ခါတော့ ကျွန်မတို့မှာ အတောင်ပံ ပါရင်တောင် လွတ်မြောက်ဖို့ တော်တော် ခက်ခဲသွားပြီရှင်"

ယဲ့ဖန်ကမူ အလွန် တည်ငြိမ်နေလေသည်။

"ဒီလူတွေ သေနတ် မပစ်ရဲပါဘူး"

"သူတို့ သေနတ် မပစ်ရဲသရွေ့တော့... အဲ့ဒီ ဒရုန်းတပ်မတော် ဆိုတာတွေ၊ ခေတ်မီ လက်နက်တွေ ဆိုတာတွေ အားလုံးက သံတိုသံစတွေ ဖြစ်သွားမှာပါပဲ"

ရို့စ်မှာ တခဏမျှ ကြောင်အသွားသည်။ ယဲ့ဖန်က လျန်ပြည်နယ် ဖိုကြီးကို တစ်ချက် လှမ်းကြည့်လိုက်လေ၏။

"ဒီဗွန်ရှိုင်းယားက ဒီပစ္စည်းကို ကျည်ဆန် ထိသွားမှာ ကြောက်နေတယ်လေ"

"သူတို့က စတန့်စ်လေဆိပ်ကို အမိန့်ပေးထားပြီးသား နေမှာပါ... လျန်ပြည်နယ် ဖိုကြီးကို အစွမ်းကုန် ကာကွယ်ပါ ဆိုပြီးတော့ပေါ့"

ရို့စ်လည်း ရုတ်တရက် သဘောပေါက်သွားတော့သည်။ သို့သော် သူမက ခေါင်းကို ခါယမ်းရင်း ပြောလိုက်ပြန်သည်။

"သူတို့ လောလောဆယ် သေနတ် မပစ်ရဲရင်တောင်မှ ကျွန်မတို့က အန္တရာယ် ရှိနေတုန်းပဲ"

"သူတို့မှာက လူအင်အား အားသာချက် ရှိတယ်... ပြီးတော့ ဒီနေရာက သူတို့ရဲ့ ပိုင်နက်လေ... သူတို့ ဘာမှ မလုပ်ရင်တောင် အချိန်ဆွဲထားရုံနဲ့တင် ကျွန်မတို့ကို မောပြီး သေသွားအောင် လုပ်လို့ ရနေတာပဲ"

"ရဲတွေလည်း သူတို့ကြောင့် ကြန့်ကြာနေလောက်ပြီ... ဒီကိစ္စ မပြီးမချင်း ရဲတွေ ရောက်လာမှာ မဟုတ်ဘူး"

"စောင့်ကြည့်ကြတာပေါ့"

ယဲ့ဖန်က ဘာမှ ဆက်မရှင်းပြတော့ပေ။ သူသည် သတိဝီရိယရှိသော အနေအထားကို ထိန်းသိမ်းထားပြီး အပြင်ဘက်မှ အခြေအနေကို သေချာစွာ အာရုံခံလိုက်သည်။

အပြင်ဘက်မှ လုံခြုံရေးများသည် လျင်မြန်စွာ ဖြန့်ခွဲ နေရာယူပြီးနောက် မည်သည့် လှုပ်ရှားမှုမှ ဆက်မလုပ်ကြတော့ချေ။ သူတို့သည် ရို့စ် ပြောသကဲ့သို့ပင် အချိန်ဆွဲပြီး ယဲ့ဖန်တို့ကို မောပန်းသွားစေရန် ရည်ရွယ်ထားပုံ ရသည်။

လုံခြုံရေးများကြားတွင် အလွန် အစွမ်းထက်သော အရှိန်အဝါ (၃၀) ကျော်ကို ယဲ့ဖန် ရှာဖွေ တွေ့ရှိလိုက်သည်။ ထိုလူများ၏ စွမ်းအားသည် အလင်းကျင့်စဉ် အဆင့် သိုင်းပညာရှင်များနှင့် သိပ်မကွာခြားလှပေ။

သူတို့သည် ရို့စ် ပြောခဲ့သော မျိုးရိုးဗီဇ တပ်မတော်မှ အဖွဲ့ဝင်များ ဖြစ်တန်ရာ၏။

သို့သော် ထိုအရာက ယဲ့ဖန်အတွက် ခြိမ်းခြောက်မှု မဟုတ်ပေ။ ယဲ့ဖန်သာ အပြင်သို့ ထိုးဖောက် ထွက်မည် ဆိုလျှင် ထိုလူများကို အဖက်လုပ်နေမည်ပင် မဟုတ်ချေ။

သို့သော် ဂိုဒေါင်အပေါ်တွင် ပျံဝဲနေသော ဒရုန်းများကတော့ အနည်းငယ် ပြဿနာ ရှိလေသည်။ ထိုဒရုန်းများတွင် အမြောက်ဆန်များ တပ်ဆင်ထားပုံ ရသည်။ တစ်ခါပစ် ဒရုန်းအမျိုးအစား ဖြစ်လျှင်ပင်၊ ဒရုန်း အစင်း (၁၀၀) နီးပါးက သူ့ကို ဝိုင်းဝန်း ဗုံးကြဲတိုက်ခိုက်လာပါက ထွက်ပေါက် ဖောက်ရန် ခက်ခဲသွားပေလိမ့်မည်။

ယဲ့ဖန်သည် ယခင်က ခဲယမ်းမီးကျောက်များ တပ်ဆင်ထားသော ဒရုန်းအုပ်စုနှင့် ရင်ဆိုင်ဖူးခြင်း မရှိသဖြင့်၊ ၎င်းတို့၏ ဖျက်ဆီးအားနှင့် အမြန်နှုန်းကို တိကျစွာ မဆုံးဖြတ်နိုင်သေးပေ။

သူ အထူး သတိထားပြီး ဦးနှောက်ကို အစွမ်းကုန် အလုပ်ပေးနေစဉ်မှာပင်... အဝေးဆီမှ ရင်းနှီးသော အသံ တစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့သည်။

"ရပ်လိုက်ကြ..."

"စတန့်စ်လေဆိပ် လုံခြုံရေး အားလုံး... ဝိုင်းရံ ပိတ်ဆို့ထားတာကို အခုချက်ချင်း ရပ်လိုက်ကြပါ"

"ကျွန်မက နေမဝင်အင်ပါယာရဲ့ တော်ဝင် လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့က အစ္စဘယ်လ်လာပါ... ဒါက ကျွန်မရဲ့ သက်သေခံ ကတ်ပြား"

"အခုချိန်ကစပြီး ဒီနေရာကို ကျွန်မ..လွှဲပြောင်း ရယူလိုက်ပြီ... အားလုံးပဲ ပူးပေါင်း ဆောင်ရွက်ပြီး ပိတ်ဆို့ထားတာကို ချက်ချင်း ရပ်တန့်ပေးကြပါ"

လိုက်ကာကို ဖွင့်ကြည့်စရာ မလိုဘဲ အစ္စဘယ်လ်လာ ရောက်ရှိလာပြီ ဖြစ်ကြောင်း ယဲ့ဖန် သိလိုက်ရလေတော့သည်။

အခန်း (၁၉၆၆) - ဒီဗွန်ရှိုင်းယားတို့ရဲ့ ရူးသွပ်နေတဲ့ မိသားစု

~ဂိုဒေါင် (C07) ၏ အပြင်ဘက်တွင် ဖြစ်သည်။

စတန့်စ်လေဆိပ်၏ ထိပ်တန်း အဖွဲ့ (၃) ဖွဲ့၏ ရှေ့ဆုံးတွင် ရပ်နေသော၊ ဆင်ကြီး တစ်ကောင်လောက် ထွားကြိုင်းသည့် ကြွက်သားအဖုအထစ်များနှင့် လူကြီးမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်နှာထား ပျက်ယွင်းသွားတော့သည်။

အထူးသဖြင့် အစ္စဘယ်လ်လာ ကိုင်ထားသော နေမဝင်အင်ပါယာ၏ တော်ဝင် အထူးအေးဂျင့် သက်သေခံကတ်ပြားနှင့် သူမ၏ ရင်ဘတ်ပေါ်တွင် ပွင့်နေဆဲဖြစ်သော ဥပဒေစိုးမိုးရေး မှတ်တမ်းတင်ကိရိယာ (Body Camera) ကို မြင်လိုက်ရသောအခါ၊ သူ၏ မျက်နှာမှာ ပို၍ပင် ကြည့်ရဆိုးလာလေသည်။

သူသည် သူ၏ လက်ထောက်ကို တိတ်တဆိတ် မျက်ရိပ်ပြလိုက်ပြီး အထက်လူကြီးများကို အမြန် ဆက်သွယ်ကာ တုံ့ပြန်မည့် ဗျူဟာတစ်ခု ရေးဆွဲရန် အချက်ပြလိုက်သည်။ ထို့နောက် ကြွက်သားလူကြီးက လက်အောက်ငယ်သား (၃) ဖွဲ့လုံးကို လက်ဟန်ပြကာ အသင့်အနေအထားဖြင့် ခေတ္တ နောက်ဆုတ်နေရန် အမိန့်ပေးလိုက်လေသည်။

"အေးဂျင့် အစ္စဘယ်လ်လာ... ကျွန်တော်က စတန့်စ်လေဆိပ် လုံခြုံရေး စစ်ဆင်ရေး တာဝန်ခံ ရောဘတ်ပါ"

"ကျွန်တော် အခုလေးတင် အနီးနားက ရဲစခန်းဆီက ညွှန်ကြားချက် ရထားပါတယ်... အခင်းဖြစ်ပွားရာ နေရာကို သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ထိန်းချုပ်ထားဖို့ပေါ့... အင်ပါယာဘက်က အေးဂျင့်တွေ လာပြီး ဒီနေရာကို လွှဲယူမယ်လို့တော့ မကြားမိပါဘူး"

...

ကြွက်သားလူကြီး ရောဘတ်သည် ယဉ်ကျေးမှုကို ထိန်းသိမ်းထားသော်လည်း သူ၏ လေသံထဲတွင် သံသယဝင်မှုကို ဖုံးကွယ်မထားပေ။

တကယ်တမ်းတွင် ရဲတပ်ဖွဲ့ထဲ၌ အေးဂျင့်များ ပါလာမည် ဆိုသည်ကို သူ ကြိုသိပြီးသား ဖြစ်သည်။

သူသည် အချိန်ဆွဲရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ အစ္စဘယ်လ်လာကို ဤနေရာတွင် ထိန်းထားပြီး ကုန်စည်ပို့ဆောင်ရေး စင်တာအတွင်းရှိ ပြဿနာများကို သူမ မတွေ့ရှိစေရန်နှင့်၊ သူ၏ လက်ထောက်က အထက်လူကြီးများထံမှ နောက်ထပ် ညွှန်ကြားချက်များ တောင်းခံနေသည်ကို စောင့်ဆိုင်းရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

အစ္စဘယ်လ်လာကမူ ဤအချက်ကို လုံးဝ သတိမထားမိရှာပေ။

လက်ရွေးစင် (၂၀၀) ကျော်၊ ကောင်းကင်ယံတွင် ပျံဝဲနေသော လက်နက်တပ်ဆင်ထားသည့် ဒရုန်းအများအပြားနှင့် သူမ၏ ပတ်ဝန်းကျင်တွင် ရှိနေသော မျိုးရိုးဗီဇ ပြုပြင်ထားသူ (၃၀) ကျော်ကို မြင်လိုက်ရသောအခါ သူမ၏ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာရသည်။

သူမသည် နေမဝင်အင်ပါယာ၏ တော်ဝင် အေးဂျင့်တစ်ဦး ဖြစ်သော်လည်း၊ သူမ၏ ရင်ဘတ်ပေါ်ရှိ မှတ်တမ်းတင်ကိရိယာ ပွင့်နေသော်လည်း၊ ယခုအချိန်တွင် သူမ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရအောင် တင်းမာနေမိသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာသည် နဂါးဂူ ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ လူများမှာ ဥပဒေမဲ့များ ဖြစ်နေခြင်းကြောင့်သာ မကဘဲ၊ အရေးကြီးဆုံးမှာ ၎င်းတို့သည် ဒီဗွန်ရှိုင်းယား မိသားစု၏ ကိုယ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်နေသောကြောင့် ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမသည် တိုက်ခိုက်ရေး စွမ်းရည်နှင့် သေနတ်ပစ် စွမ်းရည် ကောင်းမွန်သည့် တော်ဝင် အေးဂျင့် တစ်ဦး ဖြစ်လင့်ကစား၊ သူမကို အနည်းငယ် စိတ်လုံခြုံမှု ပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ ပုံရိပ်နှင့် အသံများကို နေမဝင်အင်ပါယာ၏ တော်ဝင် အေးဂျင့် ဌာနချုပ်သို့ အချိန်နှင့်တပြေးညီ ပေးပို့နေသော မှတ်တမ်းတင် ကိရိယာသာ ရှိတော့သည်။

ယခုအချိန်တွင် အစ္စဘယ်လ်လာသည် မှတ်တမ်းတင်ကိရိယာ၏ အလုပ်လုပ်ပုံကို စောင့်ကြည့်ရင်း၊ သေနတ်ကို ကိုင်ကာ အေးဂျင့် သက်သေခံကတ်ပြားကို ပြသလျက် ရောဘတ်ရှိရာသို့ လျှောက်လှမ်းသွားလိုက်၏။

လူအုပ်ကြီးကို ဖြတ်ကျော်သွားပြီးမှသာ သူမအပေါ် ကျရောက်နေသော ဖိအားများ လျော့ကျသွားပြီး ခန္ဓာကိုယ် အနည်းငယ် ပြေလျော့သွားတော့သည်။

သူမ၏ ခါးကြားရှိ သေနတ်လက်ကိုင်ပေါ် တင်ထားသော လက်ကိုလည်း ပြန်ချလိုက်လေသည်။

"ခဏလေး စောင့်ပါဦး အေးဂျင့် အစ္စဘယ်လ်လာ..."

ရောဘတ်က သက်သေခံကတ်ပြားကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး အစစ်အမှန် ဟုတ်မဟုတ် သေချာစွာ စစ်ဆေးနေလေသည်။ သူသည် အစ္စဘယ်လ်လာ၏ အသွင်အပြင် အသေးစိတ်ကိုပါ စောင့်ကြည့်နေ၏။

သက်သေခံကတ်ပြား၏ စစ်မှန်မှုကို စစ်ဆေးပြီးနောက်၊ ကတ်ပြားပါ လူနှင့် အစ္စဘယ်လ်လာ တူညီမှု ရှိမရှိကိုပါ ဆက်လက် စစ်ဆေးနေပြန်သည်။

နှစ်မိနစ်ခန့် ကြာသောအခါ လက်ထောက်ဖြစ်သူ ပြန်ရောက်လာပြီး အစ္စဘယ်လ်လာ၏ နောက်ကျောဘက်မှနေ၍ ရောဘတ်ကို တိတ်တဆိတ် မျက်ရိပ်ပြလိုက်သည်။ ထိုအခါမှသာ ရောဘတ်သည် သက်သေခံကတ်ပြားကို အစ္စဘယ်လ်လာထံ ပြန်ပေးလိုက်ပြီး တောင်းပန်သည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ကြန့်ကြာသွားတဲ့အတွက် တောင်းပန်ပါတယ် အေးဂျင့် အစ္စဘယ်လ်လာ... ဒါက နေမဝင်အင်ပါယာရဲ့ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းနဲ့ သက်ဆိုင်နေတဲ့အတွက် အရေးကြီးကိစ္စ ဖြစ်နေလို့ပါ... စစ်ဆေးမှုက နည်းနည်း ကြာသွားပါတယ်... နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်"

"ကျွန်တော် သက်သေခံကတ်ပြားကို သေချာ စစ်ဆေးပြီးပါပြီ... ခင်ဗျားက အင်ပါယာ အေးဂျင့်တစ်ယောက် ဆိုတာ အတည်ပြုပါတယ်"

"ခင်ဗျားရဲ့ အထောက်အထား မှန်ကန်ကြောင်း အတည်ပြုပြီးတဲ့အတွက် တော်ဝင် ဥပဒေအရ အခုချိန်ကစပြီး ဒီနေရာကို ခင်ဗျား လွှဲပြောင်း ရယူနိုင်ပါပြီ"

အစ္စဘယ်လ်လာ သက်ပြင်းချလိုက်မိသည်။

သူမသည် သက်သေခံကတ်ပြားကို ပြန်သိမ်းလိုက်ပြီး ရောဘတ်ကို ပြောလိုက်သည်။

"ကောင်းကင်ပေါ်က လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းတွေကို ပြန်ရုပ်သိမ်းလိုက်ပါ"

"ပြီးတော့ အခင်းဖြစ်ပွားရာ နေရာက အခြေအနေကို ကျွန်မကို ပြောပြ"

ရောဘတ်က သူမ ခိုင်းသည့်အတိုင်း လုပ်ဆောင်ပြီး ဖြစ်ပျက်သမျှ အရာအားလုံးကို ပြောပြလိုက်လေသည်။

ယဲ့ဖန်သည် ရို့စ်၏ ရုံးခန်းထဲတွင် ရှိနေဆဲဖြစ်ပြီး ဒဏ်ရာမရသေးကြောင်း၊ ရောဘတ်၏ လူများပင် ရုံးခန်းထဲတွင် ဘာဖြစ်နေသလဲ ဆိုတာကို စုံစမ်းရန် အချိန်မရလိုက်ကြောင်း သိလိုက်ရသောအခါ၊ အစ္စဘယ်လ်လာမှာ စိတ်အေးသွားရပြီး ရောဘတ်နှင့် အဖွဲ့ကို ခေါ်ကာ ရုံးခန်းဆီသို့ သွားရန် ပြင်လိုက်တော့သည်။

"သတိထား..."

ဂိုဒေါင် (C07) ၏ ဒုတိယထပ် ပြတင်းပေါက် နောက်ကွယ်မှ ရင်းနှီးသော ယောကျာ်းလေး အသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

တချိန်တည်းမှာပင် အေးစက်သော အလင်းတန်းတစ်ခု ပြတင်းပေါက်မှ ပျံသန်း ထွက်ခွာလာတော့သည်။

All Chapters