အခန်း (၁၉၆၇-၁၉၇၀)
Vol. 104 Ch. 1967-1970
အခန်း (၁၉၆၇) - ဘုရားသခင်နဲ့ ယှဉ်နိုင်သူ
~အစ္စဘယ်လ်လာသည် အလိုအလျောက် တုံ့ပြန်မှုဖြင့် ဘေးဘက်သို့ ရှောင်တိမ်းလိုက်မိသည်။
"ဒိုင်း..."
ပေါက်ကွဲသံတစ်သံ သူမ၏ ခေါင်းအထက်မှ ထွက်ပေါ်လာပြီး၊ လေအဟုန်တစ်ခုက သူမ၏ အဝတ်အစားများကို ပွတ်တိုက်ကာ မြေပြင်ပေါ်သို့ ကျရောက်သွားပြီး စတန့်စ်လေဆိပ်၏ ကြမ်းပြင်ပေါ်တွင် ကျည်ဆန်ရာ အသေးလေးတစ်ခု ကျန်ရစ်ခဲ့လေသည်။
အစ္စဘယ်လ်လာ ယုံနိုင်ဖို့ ခဲယဉ်းနေမိသည်။
သူမ မော့ကြည့်လိုက်သောအခါ မီးတောက်များ လောင်ကျွမ်းနေသော ဒရုန်းတစ်စင်း ကောင်းကင်မှ ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။
ကျည်လမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် သူမကို ပစ်ခတ်တော့မည့် ကျည်ဆန်သည် ထိုဒရုန်းမှ ပစ်ခတ်လိုက်ခြင်း ဖြစ်တန်ရာ၏။
...
အကယ်၍ ဂိုဒေါင် (C07) ဒုတိယထပ်မှ သတိပေးသံနှင့် အချိန်မီ ပစ်ခတ်လိုက်သော လက်နက်သာ မရှိခဲ့လျှင်၊ သူမ သေဆုံးသွားနိုင်သည် မဟုတ်ပါလော။
"နင်တို့တွေ ရူးနေကြပြီလား"
"ငါ့ရဲ့ အထူးအေးဂျင့် ဥပဒေစိုးမိုးရေး မှတ်တမ်းတင်ကိရိယာက ပွင့်နေတုန်းပဲနော်... ဒီက ဒေတာတွေက တော်ဝင် အထူးအေးဂျင့် ဌာနချုပ်ရဲ့ ဒေတာဘေ့စ်နဲ့ အချိန်နဲ့တပြေးညီ ချိတ်ဆက်နေတာ... ငါသာ ဒီမှာ သေသွားရင် ဌာနချုပ်က ဒေတာတွေကို စစ်ဆေးပြီး ဒီမှာရှိတဲ့ လူတိုင်း အမှုပတ်ကုန်လိမ့်မယ်"
"နေမဝင်အင်ပါယာရဲ့ တော်ဝင် အေးဂျင့်တစ်ယောက် လူမြင်ကွင်းမှာ အသတ်ခံရတယ် ဆိုရင်၊ ဒါက အေးဂျင့် အဖွဲ့အစည်း စတင် တည်ထောင်ကတည်းက မကြုံစဖူး ရက်စက်ကြမ်းကြုတ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာလိမ့်မယ်... အဲ့ဒီအခါကျရင် ဒီဗွန်ရှိုင်းယား မြို့စားကြီးတောင် နင်တို့ကို ကာကွယ်မပေးနိုင်ဘူး"
အစ္စဘယ်လ်လာက ရောဘတ်ကို ဒေါသတကြီး ပြန်ကြည့်ရင်း ပြောလိုက်သည်။
"အခုက ဒါတွေ ပြောနေရမယ့် အချိန်မဟုတ်ဘူး"
တချိန်တည်းမှာပင် ဂိုဒေါင် (C07) ဆီမှ ရင်းနှီးသော သတိပေးသံ ထွက်ပေါ်လာပြန်သည်။
နောက်ထပ် အေးစက်သော အလင်းတန်းများ ဂိုဒေါင် (C07) ဒုတိယထပ် ပြတင်းပေါက်မှ ပျံသန်း ထွက်ခွာလာပြန်သည်။
အစ္စဘယ်လ်လာ လှမ်းကြည့်လိုက်သောအခါ ကောင်းကင်ယံရှိ ဒရုန်းများက လှည့်ပတ်လာပြီး သူမကို ချိန်ရွယ်ရန် ပြင်ဆင်နေကြသည်ကို တွေ့လိုက်ရသည်။
သူမ အလျင်အမြန် လှုပ်ရှားလိုက်ရတော့သည်။ သူမသည် (Z) ပုံသဏ္ဍာန် ရွေ့လျားပြီး ဂိုဒေါင် (C07) ဆီသို့ အမြန် ချဉ်းကပ်သွားလိုက်သည်။
ရှောင်တိမ်းနေရင်းနှင့်ပင် သူမသည် မှတ်တမ်းတင်ကိရိယာထဲသို့ အော်ပြောလိုက်သည်။
"ကျွန်မ.. အစ္စဘယ်လ်လာပါ... ဒီနေ့ တာဝန်ထမ်းဆောင်နေတုန်း စတန့်စ်လေဆိပ် လုံခြုံရေး တပ်ဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံနေရပါတယ်"
"ဒီလူတွေ ရူးနေကြပြီ... သူတို့က တော်ဝင် မိသားစုကိုတောင် ဂရုမစိုက်ကြတော့ဘူး"
"ပြီးတော့ ဒီနေရာနဲ့ ပတ်သက်ပြီး အရင်က ရထားတဲ့ တိုင်ကြားစာတွေ အကုန်လုံးက အမှန်တွေ ဖြစ်မယ်လို့ ငါ အလေးအနက် သံသယ ရှိတယ်... သူတို့က ကျွန်မတို့ကို နှုတ်ပိတ်ဖို့ ကြိုးစားနေကြတာ"
မှတ်တမ်းတင်ကိရိယာထဲသို့ အော်ပြောလိုက်သောအခါ ရောဘတ်နှင့် အခြားလူများ အနည်းငယ် သတိထားသွားကြလိမ့်မည်ဟု အစ္စဘယ်လ်လာ ထင်မှတ်ခဲ့သည်။
သို့သော် သူမ၏ ထင်မြင်ယူဆချက် မှားယွင်းကြောင်းကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ ရောဘတ်သည် လုံးဝ ဂရုစိုက်ပုံ မရချေ။
ဆန့်ကျင်ဘက်အားဖြင့် ဂိုဒေါင် (C07) မှ ပစ်ခတ်လိုက်သော လက်နက်များကြောင့် ဒရုန်းများ ပျက်ကျနေသည်ကို မြင်လိုက်ရသည့်အခါနှင့် အစ္စဘယ်လ်လာ ပိုမို နီးကပ်လာသည်ကို မြင်လိုက်ရသည့်အခါ၊ သူသည် လက်ထောက်ကို တိတ်တဆိတ် မျက်ရိပ်ပြလိုက်ပြန်သည်။
စတန့်စ်လေဆိပ်၏ ကုန်စည်ပို့ဆောင်ရေး အခြေစိုက်စခန်း အထက်တွင် ပျံဝဲနေသော ဒရုန်းအုပ်စုနှင့် ပြန်လည် ရုပ်သိမ်းသွားသော ဒရုန်းအများအပြားသည် ရုတ်တရက် ပျားအုံကဲ့သို့ လှုပ်ရှားလာကြတော့သည်။
လွတ်လမ်းမရှိသော ပိုက်ကွန် တစ်ခုကဲ့သို့ပင် ၎င်းတို့သည် လမ်းကြောင်း အသီးသီးမှ ခွဲထွက်ကာ အစ္စဘယ်လ်လာကို ဝိုင်းရံလိုက်ကြသည်။
အချို့က နောက်မှ လိုက်လာ၏၊ အချို့က ရှေ့မှ ပိတ်ဆို့ထားသည်၊ အချို့က ဘေးတိုက် တိုက်ခိုက်၏၊ အချို့က သူမ၏ မျက်ကွယ်နေရာမှ ခိုး၍ တိုက်ခိုက်သည်၊ အချို့ကမူ ဂိုဒေါင်ရုံးခန်း ပြတင်းပေါက်၏ မျက်ကွယ်နေရာသို့ လှည့်ပတ် သွားကြ၏။
အတိုချုပ် ပြောရလျှင် သူတို့သည် အစ္စဘယ်လ်လာ၏ ထွက်ပေါက်အားလုံးကို ပိတ်ဆို့ထားပြီး ယဲ့ဖန် သူမကို ကူညီခွင့် မရအောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
ဒရုန်းအများအပြား သူမကို ဝိုင်းရံထားသည်ကို မြင်လိုက်ရသောအခါ၊ ထို့ပြင် ထိုဒရုန်းအများစုမှာ ဂိုဒေါင် ဒုတိယထပ် ရုံးခန်းပြတင်းပေါက်၏ မျက်ကွယ်နေရာတွင် ရှိနေသည်ကို သိလိုက်ရသောအခါ၊ အစ္စဘယ်လ်လာ၏ စိတ်နှလုံး တဖြည်းဖြည်း လေးလံလာရတော့သည်။
သူမ သေနတ်ကို ဆွဲထုတ်လိုက်သည်။ ဤဥပဒေမဲ့ လူများကို တစ်စုံတစ်ခု ပေးဆပ်သွားစေရန် အသက်နှင့်ရင်း၍ တိုက်ခိုက်တော့မည်ဟု ဆုံးဖြတ်လိုက်ချိန်မှာပင်...
ပုံရိပ်တစ်ခု ဂိုဒေါင် (C07) ဒုတိယထပ် ပြတင်းပေါက်မှ ရုတ်တရက် ပျံသန်း ထွက်ခွာလာလေသည်။
ရောဘတ်နှင့် အခြားသူများ မတုံ့ပြန်နိုင်ခင်မှာပင်၊ ထိုပုံရိပ်သည် သရဲတစ္ဆေ တစ်ကောင်အလား ရွေ့လျားသွားပြီး လက်နှစ်ဖက်ဖြင့် သေနတ်ကို ကိုင်ကာ အစ္စဘယ်လ်လာ ပတ်လည်ရှိ ဒရုန်းများကို ပစ်ခတ်လိုက်တော့သည်။
"ဒိုင်း... ဒိုင်း... ဒိုင်း..."
အစ္စဘယ်လ်လာ ဘာမှ မလုပ်နိုင်ခင်မှာပင်၊ ပေါက်ကွဲသံများကြားမှ သူမအတွက် လမ်းကြောင်း တစ်ခု ရှင်းလင်းပေးလိုက်လေသည်။
"ယဲ့ဖန်..."
အစ္စဘယ်လ်လာသည် ထိုပုံရိပ်ကို သေချာ မမြင်ရသော်လည်း၊ ကြည့်၍ မမီအောင် မြန်ဆန်လွန်းသော ထိုအရိပ်ကြောင့် သူမ၏ နှလုံးသား အနူးညံ့ဆုံး နေရာလေး ထိခိုက်သွားသလို ခံစားလိုက်ရသည်။
ယခုအချိန်တွင် ယဲ့ဖန်သည် သူမ၏ ဘုရားသခင် ဖြစ်နေတော့၏။
---
အခန်း (၁၉၆၈) - ငါ့ကို ယှဉ်နိုင်ဖို့ မင်းမှာ ဘာရှိလို့လဲ
~"ဘာရပ်လုပ်နေတာလဲ"
"မင်း မသိဘူးလား... ဒီလူတွေက မင်းကို နှုတ်ပိတ်ချင်နေကြတာ"
"နေမဝင်အင်ပါယာရဲ့ တော်ဝင် အထူးအေးဂျင့် ဌာနချုပ်က ဒီဗွန်ရှိုင်းယား မိသားစုရဲ့ ကြိုတင် အကြောင်းကြားတာကို ခံထားရပြီးလောက်ပြီ... မင်းရဲ့ မှတ်တမ်းတင်ကိရိယာက ဟိုဘက်ကို ဒေတာတွေ ပို့မပေးနိုင်တော့ဘူး ဖြစ်မယ်"
ရုတ်တရက်ပင်၊ ယဲ့ဖန်သည် အစ္စဘယ်လ်လာကို ဆွဲပြီး ရှောင်တိမ်းလိုက်သည်။
လမ်းတစ်လျှောက်တွင် သူသည် ပတ်ဝန်းကျင်ကို သေနတ်ဖြင့် အချက်အချို့ ပစ်ခတ်လိုက်ပြီး ဒရုန်းအချို့ကို ဖျက်ဆီးပစ်လိုက်သည်။
...
"တော်ပါပေတယ်..."
ထိုအချိန်တွင်ပင် ယဲ့ဖန်နှင့် အလွန် ရင်းနှီးသော ပုံရိပ်တစ်ခုသည် စတန့်စ်လေဆိပ် လုံခြုံရေး အဖွဲ့ကို ဖြတ်ကျော်ပြီး လျှောက်လှမ်းလာလေသည်။ ထိုလူသည် လက်ခုပ်တီးရင်း အပြုံးတစ်ပွင့်နှင့် ဝင်ရောက်လာ၏။
"မင်း ပြောသလိုပါပဲ... ရောဘတ်ရဲ့ လူတွေက ဒီက အခြေအနေကို ငါ့ကို ပြောပြပြီးကတည်းက၊ ကိုယ်က တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းက မိတ်ဆွေတွေဆီ ဖုန်းဆက်ပြီးသားပါ"
"ကံမကောင်းစွာနဲ့ပဲ... စနစ် အဆင့်မြှင့်တင်မှု အချို့ကြောင့် နေမဝင်အင်ပါယာ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းရဲ့ မှတ်တမ်းတင်ကိရိယာ ဒေတာ လက်ခံတဲ့ ပရိုဂရမ်မှာ အမှားအယွင်းတွေ ဖြစ်နေတယ်တဲ့လေ... အထူးအေးဂျင့် အစ္စဘယ်လ်လာ...မင်းရဲ့ မှတ်တမ်းတင် ကိရိယာက ဖမ်းယူထားတဲ့ ဒေတာတွေ အောင်မြင်စွာ ပေးပို့နိုင်ခြင်း မရှိပါဘူးတဲ့"
"လေဆိပ်ထဲကို ခိုးဝင်လာတဲ့ ရာဇဝတ်လူတွေက အရမ်း ရက်စက်ကြမ်းကြုတ်လွန်းတော့၊ အထူးအေးဂျင့် အစ္စဘယ်လ်လာခမျာ စုံစမ်းစစ်ဆေးနေတုန်း ကံမကောင်းစွာနဲ့ပဲ ကျဆုံးသွားခဲ့ရရှာတယ်... ငါတို့ စတန့်စ်လေဆိပ်က ဒီကိစ္စအတွက် အလွန်ပဲ ဝမ်းနည်းကြေကွဲရပါတယ်... ငါ မင်းအတွက် ပြင်ဆင်ပေးထားတဲ့ ဇာတ်ညွှန်းကို ဘယ်လိုသဘောရလဲ"
အသံ ပိုင်ရှင်မှာ နေနတ်သား တစ်ပါးလို ချောမောခန့်ညားသော လူငယ်လေး တစ်ယောက် ဖြစ်သည်။ မြင်လိုက်ရရုံနှင့် လူကို မုန်းတီးစိတ် ဖြစ်ပေါ်လာစေရန် မဖြစ်နိုင်သော ရုပ်ရည်မျိုး ဖြစ်သည်။
အစ္စဘယ်လ်လာ သူ့ကို လှမ်းကြည့်လိုက်ပြီး မျက်လုံးများတွင် ဒေါသအငွေ့အသက်များ တောက်လောင်လာသည်။
"ဒီဗွန်ရှိုင်းယားဟွတ်ခ်..."
"နင်တို့ ဒီဗွန်ရှိုင်းယား မိသားစုက ရူးသွားကြပြီလား"
"တရားမဝင် ကိုယ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့တွေ ဖွဲ့စည်းတာ၊ မသမာတဲ့ စီးပွားရေးတွေ လုပ်တာတင် မကဘူး... အခုတော့ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းက စီမံခန့်ခွဲသူတွေနဲ့ ပူးပေါင်းပြီး တော်ဝင် အေးဂျင့် တစ်ယောက်ကို လုပ်ကြံဖို့ ကြိုးစားနေတယ်ပေါ့လေ"
ဒီဗွန်ရှိုင်းယားဟွတ်ခ်က ပခုံးတွန့်ပြလိုက်သည်။
"တရားမဝင် လက်နက်ကိုင် တပ်ဖွဲ့တွေ ဖွဲ့စည်းတယ်... မသမာတဲ့ စီးပွားရေး လုပ်တယ်... တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းက လူတွေနဲ့ ပူးပေါင်းတယ်... တော်ဝင် အေးဂျင့်ကို လုပ်ကြံဖို့ ကြိုးစားတယ် ဟုတ်လား... အေးဂျင့် အစ္စဘယ်လ်လာ... ဒါတွေ အကုန်လုံးက ငါတို့အပေါ် အသရေဖျက်မှုတွေပါပဲ... ငါတို့..မင်းကို အသရေဖျက်မှုနဲ့ ပြန်တရားစွဲလို့ ရတယ်နော် မဒမ်"
"မယုံရင် ဒီမှာရှိတဲ့ လူတွေကို မေးကြည့်လိုက်လေ... မင်း စွပ်စွဲတာတွေကို ဘယ်သူ မြင်လိုက်လို့လဲ"
"ငါတို့ အားလုံးက ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားတွေပါ... ငါတို့ အားလုံးက နေမဝင်အင်ပါယာရဲ့ ဂုဏ်သရေရှိ လူတန်းစားတွေပါဗျ"
ရောဘတ်နှင့် အခြားသူများလည်း ချက်ချင်းပင် ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ... ယနေ့ ဤနေရာတွင် အစ္စဘယ်လ်လာနှင့် ယဲ့ဖန်တို့သာ အသက်ပျောက်သွားခဲ့ပါက သူတို့ဘက်မှ သက်သေ ထွက်ဆိုနိုင်မည့်သူ ရှိတော့မည် မဟုတ်ပေ။ ဒီဗွန်ရှိုင်းယား မိသားစုအနေဖြင့် နောင်ဖြစ်လာမည့် သမိုင်းကို စိတ်ကြိုက် ရေးသားနိုင်ပေလိမ့်မည်။
ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစု၏ အရှိန်အဝါ အာဏာစက်ဖြင့်ဆိုလျှင် သက်သေ အထောက်အထားများကို ဖျောက်ဖျက် ပြုပြင်ခြင်း၊ သက်သေအတုများ ဖန်တီးခြင်းနှင့် တရားဥပဒေ ယန္တရားကို ထိန်းချုပ်ခြင်းတို့သည် ထမင်းစားရေသောက်သမျှ လွယ်ကူနေပေလိမ့်မည်။
အတိုချုပ် ပြောရလျှင်... အစ္စဘယ်လ်လာနှင့် ယဲ့ဖန်ဟူသော မရေရာသည့် ကိန်းရှင်နှစ်ခု ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်၊ ဒိုင်လူကြီးရော ကစားသမားပါ ဒီဗွန်ရှိုင်းယား မိသားစုဘက်မှ ဖြစ်သွားပြီး အဖြူကို အမည်း၊ အမည်းကို အဖြူ လုပ်နိုင်ခွင့် ရရှိသွားတော့မည် ဖြစ်၏။
"အရှက်မရှိတဲ့ လူ..."
"နင်တို့ မအောင်မြင်စေရဘူး"
အစ္စဘယ်လ်လာ ဒေါသထွက်လွန်း၍ တုန်ရီနေသည်။
ယဲ့ဖန်က သူမကို ဆွဲထားပြီး ဒရုန်းအုပ်စု၏ ကျည်ဆန်မိုးများကြားမှ ဖြတ်သန်း ရွေ့လျားနေဆဲ ဖြစ်သည်။ ရံဖန်ရံခါ ပြန်လည် ပစ်ခတ်ပြီး ဒရုန်းအချို့ကို ဖျက်ဆီးပစ်လိုက်သည်။
"မင်း တော်တော် စွမ်းတာပဲ"
ဒီဗွန်ရှိုင်းယားဟွတ်ခ်က ယဲ့ဖန်ကို မမှတ်မိသေးပေ။ သူ၏ လှုပ်ရှားမှုနှင့် သေနတ်ပစ် စွမ်းရည် ထက်မြက်ပုံကို မြင်လိုက်ရသောအခါ မထီမဲ့မြင် ပြုံးလိုက်သည်။
"တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းရဲ့ ဒေတာဘေ့စ် ပြဿနာကို ဖြေရှင်းပြီးပြီ ဆိုတော့... ငါတို့ လက်တွန့်နေစရာ မလိုတော့ဘူး"
"အားလုံးပဲ... အတူတူ တိုက်ခိုက်ကြ... သူတို့ အကုန်လုံးကို ဒီနေရာမှာတင် အသေရှင်းပစ်လိုက်"
"မြန်မြန်လုပ်"
"ဟုတ်ကဲ့ ဆရာ..."
ရောဘတ် အမိန့်ရသည်နှင့် စတန့်စ်လေဆိပ် လုံခြုံရေးများကို လက်ဝှေ့ယမ်းပြလိုက်သည်။
ထိုအချိန်တွင် စတန့်စ်လေဆိပ်၏ ဒရုန်းတပ်ဖွဲ့များ အကုန်အစင် ထွက်လာရုံသာမက၊ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အထက်တန်းစား လုံခြုံရေး အဖွဲ့နှင့် မျိုးရိုးဗီဇ ပြုပြင်ထားသော လူသား တပ်ဖွဲ့များပါ ယဲ့ဖန်နှင့် အစ္စဘယ်လ်လာကို ဝိုင်းရံလိုက်ကြတော့သည်။
"ဒုက္ခပါပဲ...ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ"
အစ္စဘယ်လ်လာ ထိတ်လန့်သွားပြန်သည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် သူမကို ကျည်ဆန်မိုးများကြားမှ ခေါ်ထုတ်သွားစဉ် သူမ၏ အထူး ဆက်သွယ်ရေး ကိရိယာကို ထုတ်ပြီး စစ်ဆေးကြည့်ရာ၊ အနီးနားတဝိုက်ရှိ ကွန်ရက်နှင့် ဆက်သွယ်ရေး လိုင်းများ အားလုံး ဖြတ်တောက်ခံထားရသည်ကို တွေ့လိုက်ရသောကြောင့်တည်း။
ယခုအချိန်တွင် သူမနှင့် ယဲ့ဖန်တို့မှာ အကူအညီမဲ့နေပြီ ဖြစ်သည်။ အသက်ရှင်ချင်လျှင် ကိုယ့်အားကိုယ်ကိုးပြီး တိုက်ခိုက် ထွက်ပေါက်ရှာမှသာ ရပေတော့မည်။
ထိုအရာက ကောင်းကင်ပေါ်သို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလွန်းလှသည် မဟုတ်ပါလော။
အခန်း (၁၉၆၉) - မင်း အံ့ဩသွားလား၊ ပျော်ရော ပျော်ရဲ့လား
~စတန့်စ်လေဆိပ်၏ လုံခြုံရေး အဖွဲ့ကြီး (၃) ဖွဲ့၊ လူအင်အား (၂၀၀) ကျော် ပါဝင်သော ခေတ်မီ လက်နက်ကိုင် လုံခြုံရေး အဖွဲ့၊ ဒီဂျစ်တယ် သတင်းအချက်အလက် စစ်ဆင်ရေး ကျွမ်းကျင်သူများ ဖွဲ့စည်းထားသော ဒရုန်းတပ်မတော်နှင့် မျိုးရိုးဗီဇ တပ်မတော်တို့ ပေါင်းစပ်လိုက်သောအခါ... အစ္စဘယ်လ်လာနှင့် ယဲ့ဖန် မဆိုထားနှင့်၊ လက်နက်ကိုင် ရာချီသော အဖွဲ့ပင် ယှဉ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
ထို့ပြင် ဒီဗွန်ရှိုင်းယားဟွတ်ခ် ရောက်ရှိနေပြီ ဖြစ်သဖြင့်၊ ဒီဗွန်ရှိုင်းယား မြို့စားကြီး၏ အခြားသော လက်နက်ကိုင် တပ်ဖွဲ့များလည်း မကြာမီ ရောက်ရှိလာတော့မည်မှာ သေချာသလောက် ရှိနေသည်။
အကယ်၍ အစ္စဘယ်လ်လာနှင့် ယဲ့ဖန်တို့ အသက်ရှင် လွတ်မြောက်ချင်သည် ဆိုလျှင်၊ ရန်သူများ အားလုံး ငြိမ်သက်စွာ ရပ်နေပြီး အသတ်ခံပေးလျှင်တောင် သူတို့ မောပန်းသွားနိုင်သည့် အနေအထား ဖြစ်နေသည် မဟုတ်ပါလော။
"ငါတို့မှာ ရွေးချယ်စရာ ရှိသေးလို့လား"
ယဲ့ဖန် ရယ်ချင်သွားမိသည်။ သူသည် ဤမိန်းမလှလေးကို မနေနိုင်စွာ ပုတ်လိုက်မိလေသည်။
"ရှ... ရှင် ဘာလုပ်တာလဲ"
အစ္စဘယ်လ်လာ အနည်းငယ် ရှက်ရွံ့သွားပြီး သူမ၏ ဖြူဝင်းသော ပါးပြင်လေးများ နီမြန်းသွားရရှာသည်။
...
"ဘယ်သူက မင်းကို အဲ့ဒီလို ဉာဏ်နည်းတဲ့ မေးခွန်းမျိုး မေးခိုင်းလို့လဲ"
ယဲ့ဖန်က ခေါင်းခါလိုက်ပြီး သူမကို ပြန်ဆွဲကာ ရှောင်တိမ်းလိုက်သည်။
"မင်းရဲ့ လက်နက်ကို ထုတ်လိုက်... ကိုယ်နဲ့ ပူးပေါင်းပြီး ငါတို့ နဂါးနိုင်ငံရဲ့ ဂန္ထဝင် ပြကွက်တစ်ခုကို ကပြလိုက်ရအောင်"
အစ္စဘယ်လ်လာ သေနတ်ကို ဆွဲထုတ်လိုက်ပြီး ဘေးနားမှ ဒရုန်းတစ်စင်းကို ပစ်ချရင်း မေးလိုက်သည်။
"ဘာပြကွက်လဲ"
"ရန်သူ့ စစ်သည် တစ်သောင်းကြားကနေ ရန်သူ့ ခေါင်းဆောင်ရဲ့ ခေါင်းကို ဖြတ်ယူမယ့် ပြကွက်လေ"
ယဲ့ဖန် ပြုံးလိုက်သည်။ သူသည် နောက်ထပ် ဒရုန်းအချို့ကို ပစ်ချလိုက်ပြီး အစ္စဘယ်လ်လာကို လွှတ်ကာ ဒီဗွန်ရှိုင်းယားဟွတ်ခ် ရှိရာသို့ ဦးတည် ပြေးဝင်သွားတော့သည်။
"ရှင် ရူးနေပြီလား"
အစ္စဘယ်လ်လာ အထိတ်တလန့် ဖြစ်သွားရသည်။
သူမ အရူးတွေကို မြင်ဖူးသော်လည်း၊ ဒီလောက်ထိ ရူးသွပ်မိုက်မဲသူမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးချေ။
ဒီဗွန်ရှိုင်းယားဟွတ်ခ်၏ ရှေ့တွင် ရောဘတ်နှင့် စတန့်စ်လေဆိပ် လုံခြုံရေး အထက်တန်းစားများ ရှိနေရုံသာမက၊ အထူထပ်ဆုံးသော မျိုးရိုးဗီဇ ပြုပြင်ထားသူများ၊ လုံခြုံရေးများနှင့် ဒရုန်းအုပ်စုများပါ ရှိနေသည် မဟုတ်ပါလော။
ယခု ယဲ့ဖန်က သူမကို အဲ့ဒီနေရာသို့ ခေါ်သွားခြင်းသည် ထောင်ချောက်ထဲသို့ တိုးဝင်သွားခြင်းနှင့် ဘာမှ မခြားနားပေ။
ဒီဗွန်ရှိုင်းယားဟွတ်ခ်နှင့် အခြားသူများလည်း အံ့အားသင့်သွားကြသည်။
စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် (Z) ပုံသဏ္ဍာန်ဖြင့် ဒရုန်းများ၏ ကျည်ဆန်များကို ရှောင်တိမ်းကာ လျှပ်စီးလို လှုပ်ရှားနေသော ပုံရိပ်ကို ကြည့်ပြီး ရေရွတ်လိုက်မိသည်။
"ဒီကောင် ဘယ်လောက်တောင် သတ္တိကောင်းနေတာလဲ"
"အကာအကွယ် ရှိတဲ့ နေရာ၊ ဒါမှမဟုတ် ဂိုဒေါင်ထဲမှာ ဝင်ပုန်းမနေဘဲ ငါတို့ဆီကို တိုးဝင်လာတယ် ဟုတ်လား"
"ရောဘတ်... တစ်မျိုး တွေးကြည့်ရင် ဒီသူက ခင်ဗျားကို ရန်စပြီး အထင်သေးနေတာပဲ"
ရောဘတ်က ဟွတ်ခ်၏ ဆိုလိုရင်းကို နားလည်လိုက်သည်။ ဒေါသအမျက် ခြောင်းခြောင်းထွက်သွားပြီး ဘေးနားရှိ အဖွဲ့ခေါင်းဆောင် သုံးယောက်ကို အမိန့်ပေးလိုက်လေသည်။
"ဒီမှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ အထက်တန်းစား ရာချီ ရှိနေတာ... လူနှစ်ယောက်တည်းကို ကိုင်တွယ်ဖို့ အချိန်အကြာကြီး လိုလိမ့်မယ်လို့ ခင်ဗျားတို့ ထင်နေတာလား"
"အကုန်လုံး အစွမ်းကုန် တိုက်ကြစမ်း... သခင်လေးဟွတ်ခ် ရှေ့မှာ ငါ့ကို အရှက်မခွဲကြနဲ့"
"ဟုတ်ကဲ့ ဆရာ..."
လုံခြုံရေး အဖွဲ့ခေါင်းဆောင် သုံးယောက်က ချက်ချင်း တုံ့ပြန်လိုက်ပြီး လက်အောက်ငယ်သားများကို အမိန့်ပေးကာ ယဲ့ဖန်နှင့် အစ္စဘယ်လ်လာကို အမြန်ဆုံး ရှင်းလင်းပစ်ရန် ညွှန်ကြားလိုက်ကြသည်။
သို့သော်... အမိန့်ပေးပြီး (၁) မိနစ်ပင် မပြည့်လိုက်ချေ။ ယဲ့ဖန်၏ မရပ်မနား လှုပ်ရှားမှုများ၊ ဆက်တိုက် ထွက်ပေါ်လာသော သေနတ်သံများနှင့် လျှို့ဝှက်လက်နက်များအောက်တွင် ရှေ့ဆုံးမှ ဒရုန်းများနှင့် လုံခြုံရေး အချို့မှာ ပေါင်းပင်များ ရိတ်သိမ်းခံရသလို တဖြုတ်ဖြုတ် လဲကျကုန်ကြတော့သည်။
သူ့သေနတ်ထဲမှ ကျည်ဆန်များ ကုန်သွားသည့်တိုင်၊ ယဲ့ဖန်၏ သရဲတစ္ဆေကဲ့သို့သော ပုံရိပ်သည် လက်သီးနှင့် ခြေလှမ်းများကို အသုံးပြုကာ ထူထပ်သော လုံခြုံရေး အဖွဲ့ကြီးကြားတွင် သွေးစွန်းသော လမ်းကြောင်း တစ်ခု ဖောက်လုပ်ပြီး အစ္စဘယ်လ်လာကို ဒီဗွန်ရှိုင်းယားဟွတ်ခ်နှင့် ရောဘတ်တို့ ရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့လေသည်။
တခဏအတွင်း လုံခြုံရေးများ ကြောက်လန့်တကြား ဖြစ်ကုန်ကြရုံသာမက၊ ရောဘတ်နှင့် အခြားသူများလည်း စိတ်ကူးယဉ် အိပ်မက်တစ်ခု မက်နေသလို ခံစားလိုက်ရသည်။ ဒီဗွန်ရှိုင်းယားဟွတ်ခ် ကိုယ်တိုင်ပင် စက္ကန့်ပိုင်းမျှ ကြောင်အသွားမိ၏။
နောက်ထပ် လုံခြုံရေး တစ်ယောက်က ယဲ့ဖန်ကို သေနတ်ဖြင့် ချိန်ရွယ်လိုက်သည့် အချိန်ကျမှ၊ ယဲ့ဖန်က ဒရုန်းပန်ကာ တစ်ခုကို ကောက်ယူပြီး ပစ်လွှတ်လိုက်ရာ ထိုလူ၏ လည်ပင်းကို စိုက်ဝင်သွား၏။ လုံခြုံရေးသည် သွေးများ ပန်းထွက်ကာ ဘိုင်းခနဲ လဲကျသွားတော့သည်။
ထိုအခါမှသာ ဟွတ်ခ် အသိပြန်ဝင်လာပြီး ယဲ့ဖန်ကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေသည်။
"ယဲ့ဖန်... မင်း.. ဖြစ်နေတာကိုး"
ယဲ့ဖန် အလွန် တည်ငြိမ်နေသည်။
"မင်း အံ့ဩသွားလား... ပျော်ရော ပျော်ရဲ့လား"
"ငါပါပဲကွာ... မင်းရဲ့ အစီအစဉ်တွေကို ငါပဲ ထပ်ဖျက်ဆီးလိုက်ပြန်တာလေ"
"..."
---
အခန်း (၁၉၇၀) - ကမ္ဘာလောကကြီးက အရမ်း ကျယ်ပြောတယ်... ငါ ကြည့်လို့ မဝသေးဘူး
~"သခင်လေး ဟွတ်ခ်..."
ရောဘတ်နှင့် အခြားသူများ သေနတ်များကို မြှောက်ပြီး ဟွတ်ခ်ကို ကာကွယ်ရန် ပြင်လိုက်ကြသည်။
"ဖယ်ကြစမ်း... ဒီလူ့ကို ငါကိုယ်တိုင် ကိုင်တွယ်မယ်"
ဟွတ်ခ်က အံကိုကြိတ်ပြီး သူတို့ကို တွန်းထုတ်လိုက်ကာ ယဲ့ဖန်ကို စိမ်းစိမ်း ကြည့်လိုက်သည်။
"ယဲ့ဖန်... ဒီရက်ပိုင်း ငါ မင်းကို အရမ်း လွမ်းနေတာ"
"ဒီနေ့ ဒီဗွန်ရှိုင်းယား မိသားစုကို ဒုက္ခပေးတဲ့သူက မင်း ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး"
"ဒါဆိုရင်လည်း အဟောင်းရော အသစ်ရော စာရင်းရှင်းကြတာပေါ့... ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်... ငါတို့ မျှမျှတတ တစ်ပွဲ ယှဉ်တိုက်ကြမယ်... တိုက်ပွဲပြီးရင် မင်း အလောင်းကို အကောင်းပကတိအတိုင်း ထားခွင့်ပေးမယ်... ဘယ်လိုလဲ"
...
ယဲ့ဖန်က ဟွတ်ခ်၏ ဒေါသကို ဂရုမစိုက်ပေ။
"မကောင်းဘူး"
"သေရမှာနဲ့ ယှဉ်ရင် ငါက ကောင်းကောင်း အသက်ရှင်ချင်သေးတာ"
"ကမ္ဘာလောကကြီးက အရမ်း ကျယ်ပြောတယ်...ကြည့်လို့ မဝသေးဘူး"
"မင်းမှာ ရွေးချယ်စရာ မရှိဘူး"
ဟွတ်ခ်၏ အသက်ရှူသံများ မြန်ဆန်လာပြီး သူ့ခန္ဓာကိုယ် ရုတ်တရက် လျင်မြန်စွာ ကြီးထွားလာတော့သည်။
သူ့ကြွက်သားများ လေမှုတ်သွင်းလိုက်သကဲ့သို့ ဖောင်းကားလာပြီး ကျစ်လျစ်မာကျောလာသည်။ ထို့ပြင် သူ၏ အရပ်အမောင်းမှာလည်း ရုတ်တရက် ရှည်ထွက်လာပြီး (၂) မီတာခန့် အထိ ရောက်ရှိသွားကာ၊ မျက်လုံးများတွင် သားရဲ တစ်ကောင်၏ အရောင်အဝါများ လက်လာတော့သည်။
အချိန်တိုအတွင်း သူ၏ အရှိန်အဝါသည် အတွင်းအား ကျင့်စဉ် နှောင်းပိုင်းအဆင့် အထိ မြင့်တက်သွားလေသည်။
"မင်း မသေချင်လည်း ဒီနေ့ သေရမှာပဲ"
ဟွတ်ခ်၏ ဩရှသော အသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။ သူသည် တောင်ပေါ်မှ ဆင်းသက်လာသော ကျားရဲအလား လှုပ်ရှားလိုက်၏။ သူ၏ လက်သီးချက်က လေတိုးသံ တဝီဝီ မြည်ဟိန်းလျက် ယဲ့ဖန်၏ မျက်နှာဆီသို့ ချိန်ရွယ် ဝင်ရောက်လာတော့သည်။
"ဒါက မင်း ဆုံးဖြတ်လို့ ရတဲ့ကိစ္စ မဟုတ်ဘူး"
ယဲ့ဖန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် နောက်မဆုတ်ဘဲ ရှေ့သို့ တိုးဝင်လိုက်ပြီး ကိုယ်ကို ယိမ်းနွဲ့ကာ ထိုတိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။ တချိန်တည်းမှာပင် ညာလက်ကို လက်သီးဆုပ်ကာ "ဝင်ချွန်း" (Wing Chun) သိုင်းပညာ၏ "လက်ဖြန့်ခြင်း" နှင့် "နေမင်းလက်သီး" အား ပေါင်းစပ်အသုံးပြုပြီး၊ ဟွတ်ခ်၏ ဂျိုင်းအောက် (လူ့ခန္ဓာကိုယ်၏ အားအနည်းဆုံး နေရာ တစ်ခု) သို့ လျင်မြန်တိကျစွာ ထိုးနှက်လိုက်လေသည်။
[ဝင်ချွန်း (Wing Chun - 詠春) ဆိုတာကတော့ တရုတ်ရိုးရာ ကွန်ဖူးသိုင်းပညာရပ်တွေထဲက နာမည်အကျော်ကြားဆုံးနဲ့ လက်တွေ့အဆန်ဆုံး သိုင်းပညာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် "အနီးကပ်တိုက်ပွဲ" မှာ အလွန် အစွမ်းထက်ပါတယ်။
ဝင်ချွန်းဟာ တရုတ်ပြည်တောင်ပိုင်းကနေ ဆင်းသက်လာတဲ့ သိုင်းပညာဖြစ်ပြီး၊ ဒဏ္ဍာရီတွေအရ အမျိုးသမီးတစ်ဦးက တီထွင်ခဲ့တာလို့ ဆိုကြပါတယ်။ ဒါကြောင့် ဒီသိုင်းပညာက ခွန်အားကြီးမှ အနိုင်ရမယ်ဆိုတာမျိုး မဟုတ်ဘဲ၊ ပါးနပ်မှု၊ လျင်မြန်မှုနဲ့ နည်းစနစ် ကို အဓိက အားပြုပါတယ်။
* နာမည်ကျော်ကြားမှု - နာမည်ကျော် သိုင်းပညာရှင် "အစ်ပ်မန် (Ip Man)" နဲ့ သူ့ရဲ့ တပည့်ကျော် "ဘရုစ်လီ (Bruce Lee)" တို့ကြောင့် ကမ္ဘာမှာ လူသိများလာတာပါ။
“နေမင်းလက်သီး” ဆိုတာ ဝင်ချွန်းရဲ့ အသက်ဝိညာဉ် ဖြစ်တဲ့ "Yat Chi Kuen" (Sun Character Punch) ကို ဆိုလိုတာပါ။ လက်သီးဆုပ်တဲ့အခါ ရိုးရိုးလက်သီးလို အလျားလိုက် မဟုတ်ဘဲ ဒေါင်လိုက် ဆုပ်ပြီး ထိုးတာပါ။ လက်သီးဆုပ်ထားတဲ့ပုံစံက တရုတ်စာလုံး "နေမင်း (日 )" ပုံစံနဲ့ တူလို့ ဒီနာမည် ပေးထားတာပါ။
* အားသာချက် - တံတောင်ဆစ်ကို အောက်စိုက်ပြီး ထိုးတာကြောင့် ခန္ဓာကိုယ်ရဲ့ အလယ်မျဉ်းကို ကာကွယ်ပြီးသား ဖြစ်သလို၊ လက်သီးချက်တွေက အရမ်းမြန်ပြီး စက်သေနတ်ပစ်သလို ဆက်တိုက် ထိုးနှက်နိုင်ပါတယ်။
ယဲ့ဖန်ရဲ့ တိုက်ခိုက်ပုံမှာ - ယဲ့ဖန်က ဟွတ်ခ်ရဲ့ တိုက်ခိုက်မှုကို ရှောင်ပြီး "ဂျိုင်းအောက်" ကို ထိုးတယ်ဆိုတာ ဝင်ချွန်းရဲ့ သဘောတရားနဲ့ အရမ်းကိုက်ညီပါတယ်။
*အလယ်မျဉ်း သဘောတရား): ဝင်ချွန်းက ရန်သူရဲ့ အလယ်ဗဟိုကို တိုက်ခိုက်ဖို့နဲ့ ကိုယ့်ရဲ့ အလယ်ဗဟိုကို ကာကွယ်ဖို့ ဦးစားပေးပါတယ်။
* ဂျိုင်းအောက် ဆိုတာ ကြွက်သားတွေ နည်းပြီး အာရုံကြောတွေ စုဝေးရာ ဖြစ်သလို၊ လက်မောင်းကို မမြှောက်နိုင်အောင် လုပ်လို့ရတဲ့ နေရာပါ။ ယဲ့ဖန်က အားကို အားချင်း မပြိုင်ဘဲ၊ ရန်သူရဲ့ အားအနည်းဆုံး နေရာကို အနီးကပ် ဝင်တိုက်လိုက်တာ ဖြစ်ပါတယ်။
အတိုချုပ်ပြောရရင် - ယဲ့ဖန် သုံးလိုက်တာက ခွန်အားသုံးပြီး ရမ်းသမ်းထိုးတာ မဟုတ်ဘဲ၊ ရန်သူရဲ့ အရှိန်ကို ရှောင်တိမ်းပြီး အကာအကွယ်မဲ့နေတဲ့ နေရာကို တိုတိုနဲ့ ထိထိမိမိ လျှပ်စီးလက်သလို တန်ပြန်တိုက်ခိုက်လိုက်တဲ့ နည်းစနစ်ပဲ ဖြစ်ပါတယ်။]
ဟွတ်ခ်သည် လျှို့ဝှက်သော စွမ်းအား တစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး ယိုင်နဲ့သွားသဖြင့် ထိတ်လန့်သွားရသည်။
သူ ချက်ချင်းပင် ဟန်ချက်ပြန်ထိန်းလိုက်ပြီး ခြေထောက်ကို ကွေးကာ "Kickboxing" ၏ "ဒူးပျံတိုက်ခိုက်ခြင်း" ဖြင့် တန်ပြန် တိုက်ခိုက်လိုက်ပြီး ပြင်းထန်သော အရှိန်ဖြင့် အသာစီး ပြန်ယူရန် ကြိုးစားလိုက်သည်။
[ယဲ့ဖန်က "ဝင်ချွန်း" သိုင်းပညာနဲ့ ထိုးလိုက်တဲ့အခါ သာမန် လက်သီးနဲ့ ထိုးတာလို အပေါ်ယံ နာကျင်သွားတာမျိုး မဟုတ်ပါဘူး။
တရုတ်သိုင်းဝတ္ထုတွေမှာ ဒါကို "အတွင်းအား" လို့ ခေါ်ပါတယ်။ ယဲ့ဖန်ရဲ့ လက်သီးက ဟွတ်ခ်ရဲ့ ကြွက်သားတွေကို ကျော်ပြီး အတွင်းကလီစာတွေ၊ အရိုးတွေဆီကို တုန်ခါမှု ရောက်သွားစေတာပါ။ ဒါကြောင့်လည်း ဟွတ်ခ်လို သန်မာတဲ့လူက အနောက်ကို ယိုင်သွားရတာ ဖြစ်ပါတယ်။
ဟွတ်ခ်က ယိုင်သွားပေမယ့် ချက်ချင်း ပြန်တည်ငြိမ်အောင် လုပ်ပြီး "Kickboxing (လက်ဝှေ့)" ပညာကို ပြောင်းသုံးလိုက်ပါတယ်။ သူသုံးလိုက်တဲ့ "ဒူးပျံ (Flying Knee)" ဆိုတာက -
ခန္ဓာကိုယ်တစ်ခုလုံးကို လေပေါ် မြှောက်တက်လိုက်ပြီး၊ မိမိရဲ့ ကိုယ်အလေးချိန်နဲ့ အရှိန်အဟုန် အားလုံးကို ဒူးခေါင်းထိပ်မှာ စုစည်းကာ ရန်သူရဲ့ ရင်ဘတ် သို့မဟုတ် မျက်နှာကို ပစ်တိုက်တာပါ။
ဒါဟာ Kickboxing နဲ့ Muay Thai (ထိုင်းလက်ဝှေ့) မှာ အပြင်းထန်ဆုံး လက်နက်တစ်ခု ဖြစ်ပါတယ်။ ထိတာနဲ့ မေးရိုးကျိုးတာ၊ အသက်ရှူရပ်တာ၊ သတိလစ်တာတွေ ဖြစ်နိုင်ပါတယ်။
*ဒီတိုက်ခိုက်မှုက ဟွတ်ခ်ရဲ့ ပါးနပ်မှုကို ပြနေပါတယ်။
* အကွာအဝေး ယူခြင်း: ယဲ့ဖန်ရဲ့ "ဝင်ချွန်း" က အနီးကပ် တိုက်ပွဲမှာ အရမ်းကောင်းမှန်း ဟွတ်ခ် သိသွားပါပြီ။ ဒါကြောင့် သူက ယဲ့ဖန်နဲ့ ကပ်မနေတော့ဘဲ ခုန်ထွက်ပြီး ခပ်ကြမ်းကြမ်း တိုက်ခိုက်နည်းကို ပြောင်းသုံးတာပါ။
* အင်အားသုံး ဖြေရှင်းခြင်း: ယဲ့ဖန်က "နည်းစနစ်" နဲ့ တိုက်ရင်၊ ဟွတ်ခ်က "အကြမ်းပတမ်း ခွန်အား" နဲ့ ပြန်ဖြေရှင်းတဲ့ သဘောပါ။ "မင်း ငါ့ကို နည်းစနစ်နဲ့ ဟန်ချက်ပျက်အောင် လုပ်တယ်ပေါ့၊ ငါက မင်းကို အားနဲ့ ဖိပြီး အမှုန့်ကြိတ်ပစ်မယ်" ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ]
သို့သော် ယဲ့ဖန်သည် ဟွတ်ခ်၏ လှုပ်ရှားမှုကို ကြိုတင် တွက်ချက်ထားပုံ ရ၏။ ကိုယ်ကို ထူးဆန်းစွာ ဘေးတိုက် ယိမ်းလိုက်ခြင်းဖြင့် ထိုကြမ်းတမ်းသော တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ရုံသာမက၊ အခွင့်ကောင်းယူပြီး ဟွတ်ခ်၏ အနီးကပ်သို့ ဝင်ရောက်သွားလိုက်သည်။ သူ၏ လက်နှစ်ဖက်သည် လေရဟတ်ကဲ့သို့ လည်ပတ်သွားပြီး "ကွင်းဆက် လက်သီးချက်များ" အား ဆက်တိုက် ပစ်သွင်းလိုက်၏။ လက်သီးချက်တိုင်းတွင် ဝင်ချွန်း၏ လျှို့ဝှက်စွမ်းအားများ ပါဝင်နေပြီး ဟွတ်ခ်၏ အရေးကြီးသော နေရာများကိုသာ ချိန်ရွယ်ထားလေသည်။
ဟွတ်ခ်သည် A-အဆင့် မျိုးရိုးဗီဇ ပြုပြင်ထားသဖြင့် သန်မာပြီး ခန္ဓာကိုယ် ကြီးထွားနေသော်လည်း၊ ယဲ့ဖန်၏ တိုက်ခိုက်မှုအောက်တွင် အမြောက်ဆန်များဖြင့် ပစ်ခတ်ခံနေရသကဲ့သို့ ခံစားနေရသည်။
သူသည် လက်မောင်းများကို အသုံးပြုပြီး ယဲ့ဖန်၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားသော်လည်း၊ ယဲ့ဖန်၏ လက်သီးမှ ထွက်ပေါ်လာသော စွမ်းအားကြောင့် နောက်သို့ ဆုတ်နေရပြီး သွေးများ ဆူပွက်လာရ၏။
အထူးသဖြင့် ယဲ့ဖန်၏ မုန်တိုင်းကဲ့သို့သော လက်သီးချက်များကို ခံစားလိုက်ရပြီးနောက်၊ ယဲ့ဖန်က ရုတ်တရက် အရှိန်မြှင့်တင်ပြီး သူ့ရင်ဘတ်ကို ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
"ဝုန်း..."
ကျယ်လောင်သော အသံနှင့်အတူ ဟွတ်ခ်၏ လက်မောင်းများ ကျိုးသွားပြီး၊ ယဲ့ဖန်၏ လေးလံသော လက်သီးချက်က ရင်ဘတ်ကို ထိမှန်သွားကာ တူကြီးတစ်ချောင်းဖြင့် ထုနှက်လိုက်သကဲ့သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားကာ ဖုန်မှုန့်များ ထသွားလေသည်။
(၁၀) စက္ကန့်...
ဆိုလိုသည်မှာ (၁၀) စက္ကန့်ပင် မကြာလိုက်ပေ။
A-အဆင့် မျိုးရိုးဗီဇ ပြုပြင်မှု ပြီးမြောက်ခါစ ဟွတ်ခ်ကို အပြတ် ရှင်းလင်းပစ်လိုက်ခြင်း ဖြစ်သည်။
ဟွတ်ခ် လုံးဝ ကြောင်အသွား၏။
"မင်း..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဟွတ်ခ်သည် ထရန် ကြိုးစားသော်လည်း ရင်ဘတ်မှ နာကျင်မှုကြောင့် မျက်နှာ ဖြူဖျော့သွားပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူ ယဲ့ဖန်ကို မော့ကြည့်လိုက်ရာ မျက်လုံးများထဲတွင် မကျေနပ်မှုနှင့် ဒေါသများ ပြည့်နှက်နေလေသည်။
သူသည် ကံကောင်းထောက်မစွာဖြင့် A-အဆင့် မျိုးရိုးဗီဇ ပြုပြင်မှုကို အောင်မြင်ခဲ့ပြီး ပြိုင်ဘက်ကင်း ဖြစ်လာပြီဟု ထင်မှတ်ခဲ့သည်။
သို့သော် စွမ်းရည်ပြသခွင့်ပင် မရလိုက်ဘဲ လူအများရှေ့တွင် ယဲ့ဖန်၏ ရိုက်နှက်မှုကို ခံလိုက်ရသည် မဟုတ်ပါလော။
"ရန်သူ့ စစ်သည် တစ်သောင်းကြားကနေ မင်းခေါင်းကို ဖြတ်ယူမယ်လို့ ငါ အစ္စဘယ်လ်လာကို ပြောထားတယ်... ယောကျာ်းဆိုတာ ကတိတည်ရတယ်"
ယဲ့ဖန် လက်သီးကို ပြန်ရုတ်လိုက်ပြီး အေးဆေးစွာ ရပ်နေလိုက်သည်။ သူ့အကြည့်များက တည်ငြိမ်ပြီး နက်ရှိုင်းနေကာ ခုနက ဖြစ်ပျက်ခဲ့သမျှသည် ပုံမှန် လုပ်ရိုးလုပ်စဉ် တစ်ခုကဲ့သို့ပင်။
"မဖြစ်နိုင်ဘူး..."
ဟွတ်ခ် ဤရလဒ်ကို လက်မခံနိုင်ပေ။ ယဲ့ဖန်က သူ့ကို ထိန်းချုပ်ရန် ရှေ့တိုးလာသည်ကို မြင်လိုက်ရသည်။
"ရပ်လိုက်စမ်း..."
နောက်ကျောဘက်မှ ရင်းနှီးသော လူလတ်ပိုင်း အရွယ် အသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့သည်။