နတ်ဘုရား နှိမ်နင်းခြင်း အင်းကွက်
Vol. 3 Ch. 255
“မင်းက အရင်က အတိုင်းပဲနော်၊ ဘာမှ မပြောင်းလဲဘူး၊ ကဲ အထဲကို ဝင်ကြည့်ရအောင်”
ရဲ့လျိုယွင်က ပြောလိုက်လေသည်။
ထို့နောက်ရဲ့ လျိုယွင်က လက်ဟန် တစ်ခုပြုလုပ်ကာ သွေးနီရောင် ပလ္လင်ကို တန်ခိုးဖြင့် ရွေ့လျား စေလိုက်သည်။
ရဲ့လျိုယွင်မှ အပေါ်ယံအားဖြင့် ယဉ်ကျေး သိမ်မွေ့နေသည့်တိုင် သူ့ဆီမှ လူသတ်လိုသည့် အရိပ်အငွေ့များ ထွက်ပေါ် နေလေသည်။ ဆန်းလျန်ကို သတ်ဖြတ်လိုသည့် အရိပ်အယောင် မဟုတ်သည့်တိုင် သူ့လက်ဖြင့် လူပေါင်းများစွာကို သတ်ဖြတ် ပြီးခဲ့ကြောင်း သိသာ ထင်ရှားနေလေသည်။
အတိတ်တစ်ချိန်က တိမ်ဖြူ တစ်စလို သန့်စင်ခဲ့သည့် ရဲ့လျိုယွင်၏ လက်သည် ယခုတော့ လူ့အသက်များစွာ၏ သွေးများ စွန်းထင်းခဲ့ပြီ ဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်အတွင်း ရဲ့လျိုယွင် တစ်ယောက် မည်သည့် အဖြစ်အပျက်များနှင့် ကြုံတွေ့ ခဲ့ရသည်ကို ဆန်းလျန် သိချင်နေမိသည်။ သို့သော် မေးရန်လည်း မသင့်တော်သောကြောင့် မမေးမြန်းတော့ပေ။ သက်ရှိ သတ္တဝါ ပေါင်းများစွာကို သတ်ဖြတ်ပြီး အသက်ရှင်သန် နေရသည့် လူတစ်ယောက် အတွက် ပြောမပြနိုင်သည့် စကားပေါင်းများစွာ ရှိနေမည်ကို ဆန်းလျန် သိထားပါသည်။ အကြောင်းပြချက်ကို မသိသေးဘဲ ဆန်းလျန် အနေဖြင့် ရဲ့လျိုယွင်ကို အထင်သေး စက်စုပ်ခြင်း မဖြစ်မိပါ။
“အစ်ကိုရဲ့၊ အထဲကို ခုထိ ဝင်မကြည့်ရသေးဘူးလား၊ ကြည့်ရတာ မင်းက ဒီက အဖြစ်အပျက်တွေကို တော်တော် သိထားတာပဲကို”
သူ့စိတ်ထဲမှ သိချင်သည့် ကိစ္စက တခြား တကယ်တမ်း ဆန်းလျန် မေးလိုက်သည်က တခြား ဖြစ်လေသည်။
“ငါ့ကို အများကြီးတွေ မေးမနေနဲ့၊ မင်းကို ငါ တစ်ခုမှာ လိမ်မပြောဘူး၊ ဒီကိစ္စ မဖြစ်ခင်ကတည်းက မင်ဝမ်ဝတ်ကျောင်းတော်ကို ငါ တစ်ခါမှ မရောက်ဖူးဘူး၊ ဒါပေမဲ့ ငါ့ရဲ့ တန်ခိုး စွမ်းအားတွေအရ အကြောင်းအရာတွေကို သိမြင်ခွင့်ရခဲ့တာ၊ ဒါက ရှောင်လွှဲလို့မရတဲ့ ကံတရားပဲ၊ ဒီနေ့မတိုင်ခင် တစ်ခါမှ ဒီနေရာကို မလာခဲ့ဖူးဘူး၊ ဒီနေ့ ရောက်လာပြန်တော့လည်း မင်းနဲ့ တွေ့ရမယ်လို့ မထင်ခဲ့မိဘူး”
ရဲ့လျိုယွင်က ပြုံးရင်း ပြောလိုက်လေသည်။
ရဲ့လျိုယွင်၏ အနောက်ဘက်တွင် တိုက်ခတ်နေသည့် လေပြေလေးကို ဆန်းလျန် ကြည့်လိုက်လေသည်။ ထိုလေပြည်လေးမှာရဲ့ လျိုယွင်၏ အဖြူရောင် အင်္ကျီလက်၏ ထောင့်တစ်နေရာမှ တိုက်ခတ်နေခြင်း ဖြစ်လေသည်။ ထိုလေပြေများက ယင်စွမ်းအားများကို တိမ်ခိုးများအလား သိပ်သည်း သွားစေလေသည်။ အလွန်မှ ထူးဆန်းလွန်းပြီး ယင်းစန်းတောင်တွင် နေသည်မှာ အချိန်ကြာသည့် အတွက် ထိုသို့ဖြစ်ရခြင်းလားဟု ဆန်းလျန် တွေးနေမိသည်။ လေပြေလေးနှင့် တိမ်ခိုးများမှာ ရဲ့လျိုယွင်ကို ထောက်ပံ့ပေးနေလေသည်။
ထိုတန်ခိုး စွမ်းအားများမှာ ရဲ့လျိုယွင်၏ ကျင့်စဉ်လမ်း အဆင့်အတန်း မြင့်မားမှုကို ပြခြင်း ဖြစ်လေသည်။
“ဒါဖြင့်လည်း ရှေ့က အရင်သွားပြီး အစ်ကိုရဲ့အတွက် လမ်းရှင်းထားပေးပါ့မယ်”
ဆန်းလျန်က ပြောလိုက်လေသည်။
ဓားချက် တစ်ချက်တည်းဖြင့် နှစ်ပိုင်း ပိုင်းခံလိုက်ရသည့် ဝတ်ကျောင်းတော်ကြီးမှာ မှောင်မှိုင်း တိတ်ဆိတ် နေလေသည်။ လူလည်း တစ်ယောက်မှ မရှိတော့ပေ။
နွားဦးခေါင်းနှင့် လူခန္ဓာကိုယ်ရှိသည့် မိစ္ဆာကြီး၊ ဓားတောင်၊ ရွှေရောင်လမ်းလေးနှင့် မီးပင်လယ်တို့မှာ မင်ဝမ်ဝတ်ကျောင်းတော်မှ လောကကို ကျော်လွန်သွားသည့် ဆရာတော်များ၏ တန်ခိုးစွမ်းအားကြောင့် ပျက်စီးသွားပြီ ဖြစ်သည့် ကျောင်းတော်ကြီးကို ကာကွယ်ရန် အလိုလို ပေါ်လာခြင်း ဖြစ်ပုံရလေသည်။ မင်ဝမ်ဝတ် ကျောင်းတော်ကြီးဆီသို့ ပြင်ပမှလူများ ဝင်ရောက် လာနိုင်ခြင်း မရှိစေရန်အတွက် မိုးနှင့်မြေမှ ဖြစ်တည်လာသည့် သဘာဝ အရံအတားများပင် ဖြစ်လေသည်။ ထိုအရံအတားများကို မင်ဝမ်ဝတ် ကျောင်းတော်ကို နှစ်ပိုင်းပိုင်းခဲ့သည့် ဓားဝိညာဉ်ကပင် အန္တရာယ် ပြုနိုင်ခြင်းမရှိပေ။
သို့သော် မင်ဝမ်ဝတ်ကျောင်းတော် လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများကို ဆန်းလျန် အနေဖြင့် ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။
ဆန်းလျန်မှာ စိတ်ကသာ တွေးတောနေသည့်တိုင် လူကတော့ မည်သူ့ကိုမှ ဂရုမစိုက်သည့် ပုံစံဖြင့် မင်ဝမ်ဝတ်ကျောင်းတော်အတွင်းသို့ ဝင်သွားလေသည်။
ရဲ့လျိုယွင်၏ သွေးနီရောင် ပလ္လင်မှာလည်း သွေးနီရောင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲသွားပြီး ဆန်းလျန်နောက်မှ လိုက်ပါသွား လေသည်။
ဝတ်ကျောင်းတော်ကြီးထဲတွင် ဘုန်းတော်ကြီး တစ်ပါးတလေကိုပင် မတွေ့ရပေ။ ကျောင်းတော်အဝင် တံခါးမကြီးမှာ ကျိုးပဲ့နေပြီး ယင်စွမ်းအားများ၏ ရိုက်ခတ်မှုကြောင့် သစ်ပင်များမှာ အစိမ်းရင့်ရောင် ပြောင်းနေကြလေသည်။ ထိုသစ်ပင်များကို အနီးကပ် သေချာကြည့်မည် ဆိုပါက လူသားများ၏ မျက်နှာများနှင့် ဆင်တူပြီး အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။
မင်ဝမ်ဝတ်ကျောင်းတော်မှ သစ်ပင်များမှာ နှစ်ပေါင်း များစွာ ကြာအောင် ဗုဒ္ဓဘာသာ၏ ဘုရားရိပ်၊ တရားရိပ်တွင် ရှိခဲ့သည့် အပင်များဖြစ်သည့် အတွက် ဝိညာဉ် စွမ်းအား အလွန် ကောင်းလေသည်။ သို့သော် ယင်းစန်းတောင်မှ ယင်စွမ်းအားများ ဝင်ရောက်လာသည့် အခါတွင်တော့ ဝိညာဉ် စွမ်းအားများမှာ အမျက်ဒေါသ ထွက်နေသည့် ဝိညာဉ်ဆိုးများအဖြစ် ပြောင်းလဲ သွားလေတော့သည်။ ထို့ကြောင့် အစိမ်းရင့်ရောင် ဝိညာဉ် သစ်ပင်များ အဖြစ် ပြောင်းလဲသွားပြီး အသက်ဝင်လျက် ရှိလေသည်။
ဝိညာဉ် သစ်ပင်များမှာ အမျက်ဒေါသများဖြင့် ပြည့်နေလေသည်။ တစ်ချိန်ထဲမှာပင် သတ်ဖြတ်လိုသည့် အငွေ့အသက်များလည်း ထွက်ပေါ် နေလေသည်။
ထိုအချိန်မှာပင်…. သစ်ပင်အချို့၏ သစ်ရွက်များမှာ သံကြိုးများ ကဲ့သို့သော လက်တံရှည်များ အဖြစ် ပြောင်းလဲသွားပြီး ဆန်းလျန်ကို တိုက်ခိုက် လိုက်ကြလေသည်။ သစ်ရွက် လက်တံရှည် များမှာ ဓားသွားကဲ့သို့ ထက်ရှ နေကြလေသည်။ ဆန်းလျန် ကမန်းကတန်း ရှောင်တိမ်း လိုက်သည့်အတွက် ဆန်းလျန်ကို ထိခိုက်မိခြင်း မရှိပေ။ သို့သော် ဆန်းလျန်ရှေ့မှ ကျောက်တုံးကြီးမှာ ထက်ပိုင်းပြတ် သွားရလေသည်။
ထို့နောက် သစ်ရွက် လက်တံရှည်များမှာ ဓားသွားများအလား ဆန်းလျန်ထံသို့ တိုးဝင် လာကြပြန်သည်။
ရုတ်တရက်…
လျှပ်စီးလက်သကဲ့သို့ လျင်မြန်လွန်းသည့် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး ပေငါးဆယ် ပတ်လည်အတွင်းမှာ မြက်ပင်များ၊ သစ်ပင်များ၊ ဝါးပင်များနှင့် ကျောက်တုံးများ အားလုံးကို အမှုန့် ဖြစ်သွားသည်အထိ ပိုင်းဖြတ် ပစ်လိုက်လေသည်။ ဝိညာဉ် သစ်ပင်များ အားလုံး ပျက်စီးသွားပြီး သန့်စင်သည့် ယင်စွမ်းအား အဖြစ်သို့ ပြောင်းလဲသွားကာ မိုးနှင့်မြေတွင် ပေါင်းစည်း သွားလေသည်။
ထိုဓားဝိညာဉ်မှာ ဆန်းလျန်၏ ဓားဝိညာဉ် မဟုတ်ပါ။ ရဲ့လျိုယွင်၏ ဓားဝိညာဉ် ဖြစ်လေသည်။
ရဲ့လျိုယွင်၏ လက်ထဲတွင် ရေကဲ့သို့ ကြည်လင်နေသည့် ဓားတိုတစ်လက်ကို ကိုင်ထားလေသည်။ ထိုဓားတိုမှာ ရေကဲ့သို့ ကြည်လင် နေလေသည်။ ရဲ့လျိုယွင်က ဓားမျက်နှာပြင်ကို လက်ဖြင့် တစ်ချက် သပ်လိုက်ပြီး ဝိညာဉ်စွမ်းအား တုန်ခါမှုများကို ခါထုတ် လိုက်သည်။
ရဲ့လျိုယွင် အသုံးပြုလိုက်သည့် ဓားသိုင်းကို “ဓားဝှက်ဓား” ဟုခေါ်ပြီး သိုင်းလောကမှ သာမန် ဓားသိုင်းပညာ တစ်ခု ဖြစ်လေသည်။ သို့သော် ရဲ့လျိုယွင်၏ လက်ထဲတွင်တော့ သာမန် သိုင်းပညာသည်ပင်လျှင် နတ်ဘုရားများ၊ နတ်မိစ္ဆာများ၏ ဓားဝိညာဉ်ကဲ့သို့ အစွမ်းထက် လွန်းလှလေသည်။
“ဆန်းလျန်၊ မင်းခုတလော ဘာတွေများ ဖြစ်ခဲ့လို့လဲ၊ မင်းကို ကြည့်ရတာ သိပ်နေမကောင်းသလိုပဲ”
ရဲ့လျိုယွင်က မျက်မှောင်တစ်ချက် ကြုတ်ရင်း မေးလိုက်သည်။
အမှန်တော့ ရဲ့လျိုယွင်၏ ဓားဝိညာဉ်က ဆန်းလျန်ဆီသို့လည်း တိုးဝင်လာခြင်း ဖြစ်လေသည်။
ဆန်းလျန်က ရှောင်တိမ်းရန် ကြိုးစား လိုက်သည့်တိုင် စိတ်ကူးဖြင့်သာ ရှောင်တိမ်း လိုက်နိုင်ပြီး ရုပ်ခန္ဓာက စိတ်၏ လျင်မြန်မှုကို မလိုက်နိုင် ဖြစ်သွားရလေသည်။ ဆန်းလျန်သည် ရဲ့လျိုယွင်၏ ဓားဝိညာဉ်ကို ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။
ထိုအချက်ကို ရဲ့လျိုယွင်က ချက်ချင်း ရိပ်မိလိုက်လေသည်။ ထို့ကြောင့် ရဲ့လျှိုယွင်က ဆန်းလျန်ရှေ့ သုံးပေခန့် အကွာတွင် ဓားဝိညာဉ်ကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်လေသည်။
“ငါ့ရဲ့ ကျင့်ကြံမှု တန်ခိုးစွမ်းအား ခုနစ်ဆယ်ရာခိုင်နှုန်း ဆုံးရှုံးထားတယ်၊ အဲဒီအတွက် ဖြေရှင်းနိုင်တာများ ရှိမလားလို့ မင်ဝမ်ဝတ် ကျောင်းတော်ကို လာခဲ့တာပဲ၊ ဒါပေမဲ့ မင်ဝမ်ဝတ် ကျောင်းတော်က ဒီလိုဖြစ်နေမယ်လို့ ဘယ်ထင်မိမှာလဲ"
ဆန်းလျန်က မချိပြုံးပြုံးရင်း ပြောလိုက်လေသည်။
“ဆန်းလျန်၊ မင်းက သိပ်ပွင့်လင်းတာပဲ၊ မင်းအခြေအနေကို ငါသိသွားရင် မင်းကို ဒုက္ခပေးမှာ မကြောက်ဘူးလား”
ရဲ့လျိုယွင်က ဆန်းလျန်ကို စိုက်ကြည့်ပြီး မေးလိုက်လေသည်။
ဆန်းလျန်က ရယ်မောလိုက်ရင်း…
“ငါက အမှန်ကို မပြောလည်း ခုန မင်းစမ်း သပ်လိုက်တာကို မခုခံနိုင်ကတည်းက ငါ့အခြေအနေကို မင်းသိသွားမှာပဲလေ၊ ပွင့်ပွင့်လင်းလင်း ပြောလိုက်တာက ပိုမကောင်းဘူးလား”
“ဒါလည်း ဟုတ်တာပဲ”
ရဲ့လျိုယွင်က ခပ်တိုးတိုးပင် ပြန်ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး မင်ဝမ်ဝတ် ကျောင်းတော် ပတ်ပတ်လည်ကို လေ့လာ နေလိုက်ကြလေသည်။ ဝတ်ကျောင်းတော် တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက် နေလေသည်။
ဆန်းလျန်၏ ရင်ထဲတွင် ပျက်စီးနေသည့် ဝတ်ကျောင်းတော်ကြီးကို ကြည့်ကာ စိတ်မကောင်း များစွာ ဖြစ်သွားရသည်။ သို့သော် ရဲ့လျိုယွင်ကတော့ တည်ငြိမ်နေလေသည်။
ရဲ့လျိုယွင်က ဆန်းလျန်ရင်ထဲမှ စိတ်မကောင်း ဖြစ်နေသည့် ခံစားချက်များကို ခံစားလိုက်မိသည့် အတွက် ဆန်းလျန်းကို လှမ်းပြီး ပြုံးပြလိုက်သည်။
ရဲ့လျိုယွင်၏ တည်ငြိမ်သည့် အကြည့်နှင့် ခပ်ပါးပါး အပြုံးကို မြင်တွေ့ လိုက်ရသည်နှင့် ဆန်းလျန် တစ်ချက် တုန်လှုပ် သွားမိသည်။
မင်ဝမ်ဝတ် ကျောင်းတော် ကျောင်းဝန်းထဲတွင် ဝိညာဉ် သစ်ပင်များ အပြင် သီးခြား အဆောင်လေးများ ကိုလည်း တွေ့ရလေသည်။ ထိုအဆောင်လေးများ အလယ်တွင် ပြိုကျနေသည့် စေတီတော် တစ်ဆူ ရှိလေသည်။ ကျောင်းတော်ကို နှစ်ပိုင်း ပိုင်းလိုက်သည့် ဓားချက်မှာ စေတီတော် နေရာတွင် အဆုံးသတ် သွားခြင်း ဖြစ်လေသည်။ စေတီတော် အောက်ခြေတွင် ကြီးမားသည့် အပေါက်ကြီး တစ်ပေါက် ရှိနေပြီး တစ်စုံတစ်ခုကို တူးထုတ်ထားသည်နှင့် တူလေသည်။
ရဲ့လျိုယွင်က ထိုအပေါက်ကြီးကို ကြည့်ရင်း သက်ပြင်း ချလိုက်သည်။
“အမှန်ပဲ၊ သူတို့တွေက နတ်ဘုရား နှိမ်နင်းခြင်း အင်းကွက်အတွက် ရောက်လာကြတာပဲ”
“နတ်ဘုရားနှိမ်နင်းခြင်း အင်းကွက်ဆိုတာ ဘာလဲ”
ဆန်းလျန်က မေးလိုက်သည်။
“မင်ဝမ်ဝတ် ကျောင်းတော်က ပထမ ရူပနတ်ဘုရား မင်းကြီးက ဘယ်သူလဲဆိုတာ မင်းသိလား”
ရဲ့လျိုယွင်က မေးလိုက်သည်။
“ပထမရူပ နတ်ဘုရား မင်းကြီး အကြောင်းကို ငါက နည်းနည်းပဲသိတာပါ”
ဆန်းလျန်က ပြန်ပြော လိုက်သည်။
“ဒါဖြင့် ပြောကြည့်ပါဦး”
ရဲ့လျိုယွင်က တိုက်တွန်းလိုက်သည်။
ရဲ့လျိုယွင်က သူ့ကို စမ်းသပ်နေခြင်း ဖြစ်ကြောင့် ဆန်းလျန် ရိပ်မိလိုက်သည်။ သို့သော် သူကလည်း နတ်ဘုရား နှိမ်နင်းခြင်း အင်းကွက်အကြောင်းကို သိချင်နေသည့် အတွက် ရဲ့လျိုယွင် မေးသည်ကို ပြောပြလိုက်လေသည်။
“အရင်တုန်းက ဗောဓိသကျက တရားအလင်းရတဲ့ အခါမှာ မိုးကောင်းကင် နတ်မိစ္ဆာ ပေါင်းများစွာကို နှိမ်နင်းခဲ့တယ်၊ ဒါပေမဲ့ မိုးကောင်းကင် နတ်မိစ္ဆာတွေဟာ နှိမ်နင်းလို့ မကုန်နိုင်ဘူး၊ ဒါကြောင့် ဗောဓိသကျက မမြင်ရတဲ့ ဓမ္မအလင်း တစ်ခုဖြစ်တဲ့ ရူပ နတ်ဘုရားဆိုတဲ့ ပန်းချီကား တစ်ချပ်ကို ဖန်ဆင်းခဲ့ရာ ကနေ ရူပ နတ်ဘုရားမင်းကြီး ဖြစ်တည် လာခဲ့တယ်၊ အဲဒီ ရူပနတ်ဘုရား မင်းကြီးဟာ ဓမ္မအလင်းကို အထောက်အပံ့ ပြုပြီး မိုးကောင်းကင် နတ်မိစ္ဆာတွေကို နှိမ်နင်းခဲ့တယ်၊ ကြည့်ရတာ အဲဒါက မင်ဝမ်ဝတ် ကျောင်းတော်နဲ့ ဆက်စပ်နေမယ် ထင်တယ်”
ဆန်းလျန်က ပြောပြလိုက်လေသည်။
“ဆန်းလျန်၊ မင်းက တကယ့်ကို ဗဟုသုတ ကြွယ်ဝတာပဲ၊ အဲဒီ အကြောင်းက ဗုဒ္ဓ စာပေတွေထဲမှာ ပါတယ်၊ မင်းပြောတာ မမှားပါဘူး၊ ဒါပေမဲ့ မင်းမသိတာ တစ်ခု ရှိသေးတယ်၊ ဗောဓိသကျက ရူပနတ်ဘုရား ပန်းချီကား တစ်ခုတည်းကိုပဲ ဖန်ဆင်းလိုက်တာ မဟုတ်ဘူး၊ အဲဒီ ပန်းချီကားနဲ့ အတူ ကျင့်စဉ်လမ်းနဲ့ ဆက်စပ်နေတဲ့ အင်းကွက် တစ်ခုကိုပါ ဖန်ဆင်းခဲ့တာ၊ အဲဒီ အင်းကွက်ကို နတ်ဘုရား နှိမ်နင်းခြင်း အင်းကွက်လို့ ခေါ်တယ်၊ အဲဒီ အင်းကွက်ကို မင်ဝမ်ဝတ် ကျောင်းတော်ရဲ့ စေတီတော် အောက်ခြေမှာ ဌာပနာ ထားတာ၊ ဒီစေတီတော်ကြောင့်သာ မဟုတ်ရင် မင်ဝမ်ဝတ် ကျောင်းတော်ဟာ ဒေါင်းစိမ်း မင်းကြီးကို ဘယ်လိုလုပ် ထိန်းချုပ် ထားနိုင်မှာတဲ့လဲ”
ရဲ့လျိုယွင်က ပြန်ပြော လိုက်လေသည်။
***