← Chapters

အခန်း (၁၁၄၁-၁၁၄၃)

Vol. 77 Ch. 1141-1143

အခန်း (၁၁၄၁-၁၁၄၃)

Vol. 77 Ch. 1141-1143

အခန်း (၁၁၄၁) - အနိုင်ကျင့်လွန်းခြင်း

ဝုန်း...!

ကောင်းကင်ယံထက်မှ ကျဆင်းလာသော ဓားချက်သည် ပြင်းထန်လွန်းလှသဖြင့် စကားလုံးများဖြင့်ပင် ပြောရန် ခက်ခဲချေသည်။ ၎င်း၏ ဓားအရှိန်အဝါကြောင့် စောင့်ကြည့်နေသူအပေါင်း၏ စိတ်ဝိညာဉ်များသည်လည်း အပြည့်အဝ ဖမ်းစားခြင်း ခံလိုက်ရလေသည်။

ထိုအချိန်တွင် ပိုင်တု၏ မျက်နှာထက်၌ မာန်မာနတို့ ယှက်သန်းနေသည်။

ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်း သည် သူတို့၏ ဓားသိုင်းပညာ ကျွမ်းကျင်ပိုင်နိုင်မှုကြောင့် ဂုဏ်သတင်းကျော်ကြားမှုကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခု ထုတ်သုံးလိုက်သော ဓားဗျူဟာအစီအရင် သည်လည်း ၎င်းတို့၏ အကောင်းဆုံး ပညာရပ်များထဲမှ တစ်ခု ဖြစ်ပေသည်။

ဤအစီအရင်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် အတွင်းရှိလူတိုင်း၏ ဓားသိုင်းပညာကို စုစည်းကာ လူတစ်ယောက်တည်းထံသို့ ပို့လွှတ်ပေးနိုင်သည်။ ဤစွမ်းအားသည် နတ်ဘုရားများကိုသာမက အင်မော်တယ်များကိုပါ သတ်ဖြတ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ပိုင်တု၏ အမြင်တွင်မူ ဤဓားချက်သည် ရွှယ်အန်း၏ အသက်ကို ဧကန်မုချ ယူဆောင်သွားနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

သို့သော် သူ၏ အပြုံးများ ပီပြင်မလာခင်မှာပင် ရွှယ်အန်းသည် ၎င်းထံသို့ တိုးဝင်လာသော ဓားကို မော့ကြည့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်ကို မြင်လိုက်ရသည်။

"စိတ်ဝင်စားစရာတော့ ကောင်းသား၊ ဒါပေမဲ့ ဒီလောက်ပဲလား"

ထိုစကားဆုံးသည်နှင့် ရွှယ်အန်းသည် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်လေသည်။ သူသည် ထိုမျှကြီးမားသော ဓားချက်ကို ခန္ဓာကိုယ်သက်သက်ဖြင့် ကာကွယ်ရန်ပြင်ထားပုံရသည်။

ဘေးမှ ကြည့်နေသူအများစုမှာမူ ရွှယ်အန်းသည် ဓား၏ အရှိန်အဝါကြောင့် ကြောက်ရွံ့တုန်လှုပ်ပြီး စိတ်များ ဂယောက်ဂယက် ဖြစ်သွားပြီဟု ထင်မှတ်ကာ တိတ်တဆိတ် ခေါင်းခါမိလိုက်ကြသည်။ သို့မဟုတ်ပါက သူသည် ပြင်းထန်လှသော ဓားအလင်းတန်းကြီးကို သာမန် ခန္ဓာကိုယ်ဖြင့် ခုခံရန် မည်သည့်အတွက်ကြောင့် အဓိပ္ပာယ်မဲ့စွာ ကြိုးစားပါမည်နည်း။

ဓားကို ကိုင်စွဲထားသော ပိုင်တုကမူ ဂုဏ်ယူဝင့်ကြွားစွာဖြင့် အော်ဟစ်ရယ်မောချင်စိတ်ပင် ပေါက်လာခဲ့သည်။ သူက ရွှယ်အန်းတစ်ယောက် မည်သည့်နည်းလမ်းမှ မရှိတော့ဘဲ လမ်းဆုံးနေပြီဟု ယုံကြည်နေခဲ့သည်။

နောင်တစ်ခဏတွင် ရွှယ်အန်း၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာတော့မည်ဟု လူတိုင်း ထင်မှတ်နေချိန်၌ မူလက တောက်ပနေသော ဓားအလင်းတန်းကြီးသည် ရုတ်တရက် ရပ်တန့်သွားလေသည်။ လူတိုင်း ခေတ္တမျှ ကြောင်အမ်းသွားကြကာ ထိုတွင် ပိုင်တုသည်လည်း ကျေနပ်အားရမှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး ထိတ်လန့်တုန်လှုပ်မှုဖြင့် အစားထိုးလာသည်။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ လျိုရှဓားသည် ရွှယ်အန်း၏ လက်ချောင်းနှစ်ချောင်းကြား၌ ရှေ့ဆက်မတိုးနိုင်တော့ဘဲ မြဲမြံစွာ ညပ်မိနေသောကြောင့် ဖြစ်လေသည်။ ယခင်က ရှိခဲ့သော ဓား၏ အစွမ်းနှင့် ဖိအားအားလုံးသည် ထိုသွယ်လျသော လက်ချောင်းများရှေ့တွင် ပျောက်ကွယ်သွားခဲ့ချေသည်။

လက်ချောင်းများသက်သက်ကို အသုံးပြုပြီး ဓားကို ချိုးဖျက်ခြင်း...

ဤသည်မှာ တစ်ခါမျှ မကြားဖူးသော ကိစ္စပင်။ ပိုင်တုသည်လည်း ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို တစ်ခါမှ မကြုံဖူးသော်လည်း အံကိုကြိတ်ကာ ရွှယ်အန်း၏ လက်ထဲမှ ဓားကို ပြန်လည်ဆွဲယူရန် ရုတ်တရက် အားကုန်သုံး၍ ဆွဲလိုက်သည်။ သို့သော် ရွှယ်အန်း၏ လက်ချောင်းများသည် ကြီးမားသော တောင်ကြီးနှစ်လုံးကဲ့သို့ မည်သို့မျှ မလှုပ်ရှားကြောင်း သူ သတိထားမိလိုက်သည်။

တစ်ချိန်တည်းမှာပင် ရွှယ်အန်းက ပေါ့ပါးစွာ ပြုံးလိုက်သည်။

"မင်းမှာ ရှိတဲ့ အားက ဒီလောက်ပဲလား"

ထိုသို့ပြောပြီးနောက် သူသည် ဓားကို နောက်သို့ လွယ်ကူစွာ ဆွဲယူလိုက်ရာ ပိုင်တုသည် ကြီးမားသော အားတစ်ခု၏ ရိုက်ခတ်မှုကို ခံစားလိုက်ရသည်။ သူ၏ လက်များသည် တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ ပွင့်ထွက်သွားပြီး ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားကာ ရွှယ်အန်းကို ကြောင်ငေးကြည့်နေမိတော့သည်။

သူတစ်ယောက်တည်းသာ မဟုတ်ပဲ လူတိုင်း၏ မျက်လုံးအားလုံးသည် ရွှယ်အန်းထံသို့ စုပြုံရောက်ရှိနေကြသည်။ ထို့နောက် ရွှယ်အန်းသည် လျိုရှဓားကို ကိုင်ဆောင်လျက် အထက်အောက် သေချာကြည့်ရှုလိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းကာ ပြောလိုက်သည်။

"ဓားကောင်းတစ်လက်ပဲ၊ နှမြောစရာကောင်းတာက... ဒီဓားကို သုံးတဲ့လူရဲ့ ဓားပညာက အမှိုက်လို ဖြစ်နေတာပဲ"

ထိုစကားဆုံးသည်နှင့် ရွှယ်အန်းသည် ပိုင်တုနှင့် ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်းမှ လူများကို ကျောချမ်းစရာကောင်းသော အပြုံးဖြင့် ပြုံးပြလိုက်သည်။

"ဒီနေ့... ဒီဓားရဲ့ စစ်မှန်တဲ့ စွမ်းအားကို မင်းတို့ကို ငါပြမယ်"

ထိုစကားနှင့်အတူ ရွှယ်အန်းသည် လျိုရှဓားကို လက်ဖြင့် ပေါ့ပါးစွာ ပုတ်ခတ်လိုက်လေသည်။ နဂါးတစ်ကောင် ဟိန်းဟောက်သံကဲ့သို့သော အသံကြီးသည် ကျယ်ပြောလှသော မီးနတ်ဘုရားခန်းမ တစ်ခွင်၌ ပဲ့တင်ထပ်သွားသည်။

ထို့နောက် ဓားပေါ်မှ အစီအရင်များ ပျက်စီးသွားသည့်အလား အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ၎င်းတို့သည် ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်း၏ မျိုးဆက်အလိုက် ဂိုဏ်းချုပ်များက ဤလျိုရှဓားပေါ်တွင် ချန်ထားခဲ့သော အစီအရင်များ ဖြစ်ကြသည်။ ကြည့်လိုက်လျှင် မထူးခြားသော်လည်း မျိုးဆက်ပေါင်းများစွာ စုဆောင်းထားသော စွမ်းအားကိုမူ လျှော့တွက်၍ မရပေ။ ပိုင်တု ဤဓားကို ကိုင်စွဲအသုံးပြုနိုင်ခြင်းမှာလည်း ဤအစီအရင်များကြောင့်သာ ဖြစ်သည်။

ဓား၏ ကြောက်မက်ဖွယ် စွမ်းအားသည် အစီအရင်များကြောင့် ဖြစ်သည်ဟု သူ အမြဲ ယုံကြည်ထားခဲ့သည်။ သို့သော် ရွှယ်အန်းက ၎င်း၌ တွဲကပ်ထားသော အစီအရင်အားလုံးကို ဖျက်ဆီးလိုက်ပြီးနောက်တွင်မူ ဓား၏ တောက်ပမှုသည် ကြယ်တာရာများကဲ့သို့ ထည်ဝါစွာ လည်ပတ်စီးဆင်းလာတော့သည်။ ဓား၏ အရှိန်အဝါသည် စက္ကန့်တိုင်းတွင် မိုးထိအောင် မြင့်တက်လာပြီး ယခင်ကထက် အဆပေါင်းတစ်ရာကျော် ပိုမို အားကောင်းလာခဲ့လေသည်။

ထိုအခါမှသာ ရွှယ်အန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"အင်း... အခုမှပဲ ကြည့်ပျော်ရှုပျော် ရှိတော့တယ်"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် ဂရုမစိုက်ဟန်ဖြင့် ဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားဖြတ်သန်းသွားရာ နေရာတိုင်း၌ လေဟာနယ်သည် ပါးလွှာသော စက္ကူကဲ့သို့ စုတ်ပြဲသွားပြီး ရှည်လျားသွယ်လျသော အက်ကြောင်းကြီးတစ်ခု ကျန်ရစ်ခဲ့လေသည်။

ဤကဲ့သို့သော စွမ်းအားမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ချေ။ ပိုင်တုနှင့် အခြားသူများမှာမူ ဆွံ့အလျက် ရှိနေကြပြီ ဖြစ်သည်။ ထို့နောက် ရွှယ်အန်းက သူတို့ကို မဲ့ပြုံးပြုံးကာ မော့ကြည့်လိုက်သည်။

"ကဲ... မင်းတို့ရဲ့ ဓားနဲ့ပဲ မင်းတို့ကို အဆုံးသတ်ရတော့မယ်"

သူသည် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်နှင့် တပြိုင်နက် လျိုရှဓာသည် ပျံထွက်သွားပြီး ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်းမှ လူများ၏ ခေါင်းပေါ်၌ စတင် လှည့်ပတ်လေတော့သည်။

"ပြေးကြ"

ပိုင်တု ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သို့သော် အချိန်နှောင်းသွားပြီဖြစ်ကာ ဓားသည် နဂါးတစ်ကောင်အလား အရှိန်အဝါဖြင့် လေထုကို ခွင်းလျက် ဝင်ရောက်လာသည်။

ဒုတ်! ဒုတ်!

ဓားသည် သေမင်း၏ တံံစဉ်ကဲ့သို့ ဂိုဏ်းသားအများအပြား၏ အသက်များကို ရိတ်သိမ်းသွားရာ မာကျောသော အရာများကို ရိုက်ခတ်သံများ လေထုထဲတွင် ပြည့်နှက်သွားလေသည်။ နာကျင်စွာ အော်ဟစ်သံများ၊ မျှော်လင့်ချက်မဲ့စွာ ဒေါသတကြီး ဟိန်းဟောက်သံများနှင့် အသက်ချမ်းသာပေးရန် တောင်းပန်သံများသည် မီးနတ်ဘုရားခန်းမ တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ခဏအတွင်းမှာပင် ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်းမှ လူအားလုံးနီးပါး အသတ်ခံလိုက်ရလေသည်။ ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် ပိုင်တုတစ်ယောက်တည်းသာလျှင် ဤကပ်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သည်။ သို့သော် သူသည် ရွှယ်အန်း၏ ရက်စက်သော နည်းလမ်းများကြောင့် အလွန်အမင်း ကြောက်လန့်နေပြီဖြစ်ရာ ထွက်ပြေးရန်သာ စိတ်ကူးရှိတော့သည်။

ထို့ကြောင့် ရွှယ်အန်းကို လှည့်ပင်မကြည့်ရဲတော့ဘဲ ကိုယ်ကိုလှည့်ကာ အစွမ်းကုန် ပြေးလေတော့သည်။ ဓားသမားများသည် ကျင့်ကြံသူများအားလုံးတွင် အမြန်ဆုံးသူများ ဖြစ်သည့်အပြင် ပိုင်တု၏ ကျင့်ကြံမှုအဆင့်မှာလည်း မြင့်မားလှသဖြင့် သူ အားကုန်သုံး၍ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည့်အခါ မီးနတ်ဘုရား နန်းဆောင်မှ လွတ်မြောက်လုနီးပါး ဖြစ်သွားသည်။

ဒီနေရာကနေ လွတ်သွားတာနဲ့ ပြင်ပကမ္ဘာကြီးက ငါ့ကို စောင့်ကြိုနေလိမ့်မယ်၊ ပြီးရင် ဂိုဏ်းကို ပြန်ရောက်တာနဲ့ ဒီအရှက်တရားကို ပြန်လည်ချေပဖို့ နည်းလမ်းရှာရမယ်...

ပိုင်တုသည် သူ၏ စွမ်းအားအကုန်လုံးကို အသက်သွင်းကာ အရှိန်မြှင့်တင်ရင်း စိတ်ထဲတွင် တိတ်တဆိတ် ကြံစည်နေမိသည်။ သူ ဤနေရာမှ ထွက်ခွာတော့မည်။

ရွှယ်အန်းသည် နေရာမှ မရွေ့ဘဲ ရပ်နေလျက် အေးစက်စွာ ပြုံးလိုက်သည်။

"ထွက်သွားမလို့လား၊ မင်း လွတ်နိုင်မယ် ထင်နေလား"

ထို့နောက် သူသည် ပေါ့ပါးစွာ လက်ဝှေ့ယမ်းကာ အနည်းငယ် အော်ဟစ်လိုက်သည်။

"သွားစမ်း"

လျိုရှဓားသည် စူးရှစွာ မြည်ဟည်းလျက် ချက်ချင်းပင် ရှေ့ရှိ လေဟာနယ်ကို ထိုးဖောက်ကာ ပျောက်ကွယ်သွားလေသည်။ အစွမ်းကုန် ပြေးလွှားနေသော ပိုင်တုသည် ရုတ်တရက် ကျောချမ်းသွားပြီး ခေါင်းထဲတွင် အန္တရာယ် အချက်ပေးခေါင်းလောင်းသံ မြည်လာသဖြင့် ရုတ်တရက် ရပ်တန့်လိုက်ရသည်။

သူ၏ ကိုယ်ခန္ဓာ ရပ်တန့်သွားသည်နှင့် တပြိုင်နက် ဓားသည် သူ၏ နှာခေါင်းထိပ်နားမှ ကပ်၍ ဖြတ်သန်းသွားသည်။ ပိုင်တုမှာ နှာခေါင်းထိပ်တွင် အေးခနဲ ဖြစ်သွားသည်ကို ခံစားလိုက်ရပြီး ဓားချီကြောင့် အရေပြားများပင် ပွန်းပဲ့သွားလေသည်။ သွေးများလည်း ပန်းထွက်လာသည်။

သို့သော် ပိုင်တုသည် ထိုဒဏ်ရာကို ဂရုစိုက်ချိန် မရတော့ပေ။ သူသည် အလွန်အမင်း ထိတ်လန့်နေသဖြင့် ရွှယ်အန်းနှင့် ဝေးရာသို့ သွားရန်သာ စိတ်ကူးရှိတော့သဖြင့် ဦးတည်ချက်ပြောင်းကာ ထပ်မံ ထွက်ပြေးရန် ကြိုးစားလိုက်ပြန်သည်။ သို့သော် သူ အရှိန်မယူနိုင်ခင်မှာပင် နောက်ထပ် ဓားဆန္ဒတစ်ခုက သူ့လမ်းကို ပိတ်ဆို့လိုက်သည်။

ပိုင်တုသည် အသည်းခိုက်အောင် ကြောက်ရွံ့သွားပြီး လှည့်၍ ထပ်ပြေးပြန်သော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်နေသည်။

တစ်ခဏအတွင်းမှာပင် ပိုင်တုသည် ဓားလှောင်အိမ်ထဲတွင် မိနေသကဲ့သို့ နေရာကျဉ်းလေးတစ်ခုအတွင်း ပိတ်မိနေပြီး လုံးဝ မလှုပ်ရှားနိုင်တော့ချေ။ ထိုအချိန်တွင် ရွှယ်အန်းက ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။

"ပြေးဖို့ ကြိုးစားနေတုန်းပဲလား"

ပိုင်တု တစ်ကိုယ်လုံး တုန်ယင်သွားပြီးနောက် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်းနှင့် ထိတ်လန့်ခြင်းများ ရောပြွမ်းလျက် ရွှယ်အန်းကို စိုက်ကြည့်နေမိသည်။ ခဏကြာသောအခါ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။

"ငါတို့က ဓားကျင့်ကြံသူ အချင်းချင်းတွေပဲလေ၊ ငါ့အသက်ကို ချမ်းသာပေးလို့ မရဘူးလား"

ရွှယ်အန်းက ရယ်မောလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။

"မရဘူး"

ပိုင်တု၏ မျက်နှာထားမှာ တင်းမာသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"ရွှယ်အန်း... မင်း လူကို အနိုင်ကျင့်လွန်း အားကြီးမနေနဲ့၊ ရန်သူကို ကရုဏာထားတာက မွန်မြတ်တဲ့ စိတ်ဓာတ်ပဲ၊ မင်းသာ ငါ့ကို လမ်းဆုံးအောင် ဖိအားပေးမယ်ဆိုရင် မင်းလည်း ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး”

အခန်း (၁၁၄၂) - ငါ့ဆီမှာကျွန်ခံမယ် ဟုတ်လား၊ မင်းက တန်လို့လား

ရွှယ်အန်းသည် မိုးမဆုံး ဟားတိုက်ရယ်မောလိုက်လေသည်။

"အနိုင်ကျင့်လွန်းတယ် ဟုတ်လား၊ ဒီစကားလုံးကို ဘယ်သူမဆို ပြောခွင့်ရှိပေမဲ့ မင်းတို့လို လူတွေကတော့ ပြောဖို့ အရည်အချင်း မရှိဆုံး လူတွေပဲ၊ ဟုတ်တယ်... မင်းပြောတာ မှန်တယ်၊ ငါ မင်းတို့ကို လမ်းဆုံးအောင် လုပ်နေတာပဲ၊ ဘာလို့လဲဆိုတော့ မင်း ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ချင်လို့လ"

ပိုင်တု၏ မျက်နှာသည် ဒေါသကြောင့် အစိမ်းရောင်တလှည့် အဖြူရောင်တလှည့် ပြောင်းလဲနေပြီးနောက် ရုတ်တရက် အဝေးရှိ ချီစစ်ရှန်ရှိရာသို့ မော့ကြည့်ကာ အော်ဟစ်လိုက်သည်။

"ဂိုဏ်းချုပ်ချီ... ကျုပ်တို့ ဂိုဏ်းနှစ်ခုက မဟာမိတ် ဖွဲ့ထားကြတာလေ၊ အခု ဝူထုံ နတ်ဘုရားဂိုဏ်းလည်း ပျက်စီးသွားပြီ၊ ကျုပ်ရဲ့ ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်းလည်း အန္တရာယ်အကြီးကြီးနဲ့ ကြုံနေရပြီ၊ ခင်ဗျားက ဒီအတိုင်း အဝေးကနေ လက်ပိုက်ကြည့်နေတော့မလို့လား"

ပိုင်တုသည် တည်ငြိမ်ချင်ယောင်ဆောင်ရန် ကြိုးစားနေသော်လည်း သူ၏ စကားလုံးများထဲတွင် ပါဝင်နေသည့် တုန်လှုပ်ခြောက်ခြားမှုနှင့် ဒေါသအရှိန်အဝါကို လူတိုင်း ကြားနေရသည်။

သို့သော် ထိုစွပ်စွဲချက်ကို ရင်ဆိုင်ရချိန်တွင် ချီစစ်ရှန်သည် ဘာမျှမကြားသည့်အလား ခေါင်းကို ငုံ့၍ သူ၏ လက်ဖက်ရည်ကိုသာ ဇိမ်ပြေနပြေ သောက်နေလေသည်။ ပိုင်တု၏ မျက်နှာသည် မသိကျိုးကျွန်ပြုခြင်း ခံလိုက်ရမှုကြောင့် အရိုင်းဆန်စွာ ပြောင်းလဲသွားပြီး အခြေအနေကို ရိပ်မိလိုက်သည့်နှယ် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"ချီစစ်ရှန်၊ ခင်ဗျား... ခင်ဗျား... ချီးပဲ၊ ကျုပ်သေသွားရင်တောင် ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး!"

ထိုသို့ ပြောပြီးသည်နှင့် ပိုင်တုသည် အရာအားလုံးကို ရင်းကာ ရွှယ်အန်းဘက်သို့ လှည့်၍ ဟိန်းဟောက်လိုက်သည်။

"ရွှယ်အန်း... ဒါ မင်း ငါ့ကို အတင်းအကျပ် ဖိအားပေးလို့ ဖြစ်ရတာပဲ"

ထိုစကားဆုံးသည်နှင့် ပိုင်တု၏ မျက်နှာသည် လျင်မြန်စွာပင် သွေးဆုတ်ဖြူဖပ်သွားပြီး ချက်ချင်းဆိုသလို တစ်ကိုယ်လုံး ဖျော့တော့သွားသည်။ ထို့နောက် ပိုင်တု၏ မျက်နှာပေါ်တွင် အလွန်အမင်း နာကျင်ခံစားနေရသည့် ပုံရိပ်များ ပေါ်လာပြီး ငိုရမလို ရယ်ရမလို အသံကြီးဖြင့် အော်ဟစ်လိုက်လေသည်။

"မင်းတို့အားလုံး... ငါနဲ့အတူ ငရဲကို လိုက်ခဲ့ကြပေတော့"

ဝုန်း!

ထိုစကားဆုံးသည်နှင့် ပိုင်တု၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။ သို့သော် သွေးစက် သို့မဟုတ် အသားစ တစ်စက်မျှ လွင့်စင်ထွက်လာခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုခဏ၌ ပိုင်တု၏ သွေးနှင့် အသားအားလုံးသည် ဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ရွှယ်အန်းရှိရာဆီသို့ ရေစီးကမ်းပြိုသကဲ့သို့ တိုးဝင်သွားသောကြောင့် ဖြစ်သည်။

"ခန္ဓာကိုယ်ကို ဓားအဖြစ် ပြောင်းလဲလိုက်တာပဲ"

ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်း၏ နာမည်ကျော် သိုင်းကွက်ကို မှတ်မိလိုက်သော တစ်စုံတစ်ယောက်က ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ ဤသိုင်းကွက်သည် အလွန်အမင်း စွမ်းအားကြီးမားသော်လည်း အသုံးပြုခဲလှသည်။ အဘယ့်ကြောင့်ဆို ၎င်းကို ထုတ်သုံးလိုက်သည်နှင့် အသက်စွမ်းအင်နှင့် သက်တမ်း အမြောက်အမြားကို လောင်ကျွမ်းပစ်ရပြီး အသုံးပြုသူပါ သေဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ပိုင်တုသည် မျှော်လင့်ချက်မဲ့နေသော အခြေအနေသို့ ရောက်နေပြီဖြစ်ရာ ဖြစ်ချင်ရာဖြစ်ဟူသော သဘောဖြင့် အကုန်ပုံအော လိုက်ခြင်းဖြစ်သည်။ ရွှယ်အန်း၏ မျက်လုံးများထဲတွင် လေးစားသည့် အရိပ်အယောင် အနည်းငယ် ဖြတ်သန်းသွားသည်။

"မဆိုးဘူး၊ မင်းမှာ ဓားကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဓာတ်တော့ ရှိသားပဲ၊ ဒါပေမဲ့ နှမြောစရာကောင်းလိုက်တာက မင်းရဲ့ ပိုးစုန်းကြူးမီးလောက်ပဲ ရှိတဲ့ အလင်းရောင်လေးက နေမင်းနဲ့ လမင်းကို ယှဉ်ပြိုင်ရဲတယ်ပေါ့လေ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ခြေထောက်ကို ပေါ့ပါးစွာ ဆောင့်နင်းလိုက်ရာ လေဟာနယ် တစ်ခုလုံး အနည်းငယ် တုန်ခါသွားပြီး သူ၏ ပတ်ပတ်လည်တွင် ရေတွက်၍ မရနိုင်သော ဓားအလင်းတန်းများ ပေါ်ထွက်လာလေသည်။ အရှိန်အဝါ ကြီးမားလွန်းလှသဖြင့် တည့်တည့်ပင် မကြည့်ရဲလောက်အောင် ဖြစ်နေကြသည်။

"သွားစမ်း"

ရွှယ်အန်းက ပေါ့ပါးစွာ လက်ညှိုးထိုးလိုက်သည်နှင့် ဓားအလင်းတန်းများသည် ထောင့်ဖြတ်အတိုင်း အပေါ်သို့ ထိုးတက်သွားပြီး ပိုင်တု ပြောင်းလဲထားသော ဓားအလင်းတန်းများနှင့် ထိပ်တိုက် တွေ့ဆုံလေတော့သည်။

တိုက်ခိုက်မှုသည် အသံထွက်ခြင်း မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။ သို့သော် ပိုင်တု၏ ဓားအလင်းတန်းများသည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွားပြီးနောက် လျင်မြန်စွာပင် အစအနမကျန် ပျောက်ကွယ်သွားလေသည်။

"မလုပ်ပါနဲ့၊ အသက်ချမ်းသာပေးပါ သခင်ကြီးရယ်... ကျွန်တော် သခင်ကြီးရဲ့ ကျွန်ဖြစ်ပေးပါ့မယ်"

ပိုင်တု၏ အသံသည် အဆုံးမဲ့ ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး လေဟာနယ်ထဲမှ တောင်းပန်လိုက်သည်။

၎င်းသည် သနားဖို့ကောင်းသော်လည်း ရွှယ်အန်းသည် ထိုကဲ့သို့သော လူစားမျိုးအပေါ် မည်သည့်အခါမျှ ကရုဏာသက်လေ့ မရှိပေ။ ဤလူများ၏ နောင်တရခြင်း ဆိုသည်မှာ လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်အားကြီးမားမှု၏ ခြိမ်းခြောက်မှုအောက်တွင်သာ အခြေခံသည်ကို သူ ကောင်းကောင်း သိသည်။ အကယ်၍သာ သူ့တွင် စွမ်းအားမရှိပါက မည်မျှပင် အသက်ချမ်းသာပေးရန် တောင်းပန်ပါစေ ဤအထက်တန်းလွှာဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသူများ၏ ပါးစပ်ဖျားတွင် ဟာသတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ထိုတောင်းပန်စကားကို သူက ဖျော့တော့စွာ ပြုံး၍သာ တုံ့ပြန်လိုက်သည်။

"ငါ့ဆီမှာ ကျွန်ခံချင်တယ် ဟုတ်လား၊ ဟားဟား... မင်းက တန်လို့လား"

ထိုစကားဆုံးသည်နှင့် ဓားအလင်းတန်းများသည် ရိုင်းစိုင်းစွာ လှုပ်ရှားသွားပြီး ပိုင်တု၏ ဖြစ်တည်မှု အရာအားလုံးကို ဝါးမြိုကာ ချက်ချင်းပင် ချေမှုန်းပစ်လိုက်လေတော့သည်။ သို့သော် ထိုအချိန်လေးမှာပင် ပိုင်တုက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ချီစစ်ရှန်၊ သောက်လူယုတ်မာကောင်၊ ကျုက်သေရင်တောင် ခင်ဗျားလည်း အကောင်းအတိုင်း ကျန်ခဲ့မှာ မဟုတ်ဘူး"

ထိုသို့ ပြောလိုက်ပြီးသည်နှင့် ပိုင်တု အသွင်ပြောင်းထားသော ဓားအလင်းတန်း အားလုံးသည် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး ထိုပေါက်ကွဲအားကြောင့် ရွှယ်အန်း၏ ဝိုင်းရံပိတ်ဆို့မှုတွင် ဟာကွက်အသေးလေးတစ်ခု ဖြစ်ပေါ်သွားသည်။

ထိုအရာကို မြင်လိုက်ရသောအခါ ပိုင်တုသည် ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏ ဝိညာဉ်စွမ်းအား အကုန်လုံးကို လွှမ်းမိုးနိုင်သော ဓားဆန္ဒတစ်ခုအဖြစ် ပြောင်းလဲကာ ချီစစ်ရှန်ကို သတ်ဖြတ်ရန် ချက်ချင်း တိုးဝင်သွားလေသည်။

သို့သော် ပိုင်တု၏ ဓားဆန္ဒ ချဉ်းကပ်လာသည်နှင့် တပြိုင်နက် ချီစစ်ရှန်၏ ပတ်လည်တွင် ဖျော့တော့သော ရွှေရောင်မီးတောက်များ ရုတ်တရက် ပေါ်ထွက်လာသည်။

မက်မွန်ပွင့်နှင့် ဇီးပွင့်များကဲ့သို့ နူးညံ့သည်ဟု ထင်ရသော ထိုမီးတောက်သည် ၎င်းနှင့် ထိတွေ့သမျှ အရာအားလုံးကို အရည်ပျော်ကျသွားစေသည်။ ထိုမီးတောက်နှင့် ရင်ဆိုင်လိုက်ရချိန်တွင် ပိုင်တု၏ နောက်ဆုံးလက်ကျန် ဓားဆန္ဒသည်ပင် စူးရှစွာ အော်ဟစ်မြည်တမ်းရုံသာ တတ်နိုင်တော့သည်။ ထို့နောက် နက်ရှိုင်းသော အမုန်းတရားများဖြင့် သူ ဟိန်းဟောက်လိုက်သည်။

"ရွှေရောင်နေမင်း ကောင်းကင်မီးတောက်ပဲ၊ ချီစစ်ရှန်... သောက်လူယုတ်မာ..."

အော်ဟစ်သံများသည် ရုတ်တရက် ပြတ်တောက်သွားပြီး အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

သို့သော် ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးသည် ကိုယ်ခန္ဓာသာမက ဝိညာဉ်ပါ ပျက်စီးသွားပြီ ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။ ထိုသည်မှာ တစ်ချိန်က ကြီးစိုးခဲ့သော ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်းကြီး ကျဆုံးသွားပြီ ဖြစ်ပြီး ၎င်း၏ နောက်ဆုံး ကံကြမ္မာမှာ အခြားသူများ၏ ဝါးမြိုခြင်းကို ခံရုံမှတစ်ပါး အခြားမရှိတော့ပေ။

လူအုပ်ကြီးသည် တိတ်ဆိတ်သွားမိပြီး အများစုမှာ ခြေထောက်များပင် အနည်းငယ် တုန်ယင်နေကြပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆို ဤစစ်ပွဲကြီး၏ ကြမ်းတမ်းခက်ထန်မှုသည် လူများစွာ ခံနိုင်ရည်ရှိသည်ထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။ အစမှ ယခုအချိန်အထိ နာရီဝက်ပင် မရှိသေးသော်လည်း ကြီးမြတ်သော နတ်ဘုရားမျိုးနွယ်စုကြီး နှစ်ခု ပျက်စီးခဲ့ရသည်။

ဝူထုံ နတ်ဘုရားဂိုဏ်းနှင့် ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်းတို့သည် တစ်ချိန်က အလွန် စွမ်းအားကြီးမားပြီး လောကကို ၎င်းတို့၏ အရှိန်အဝါဖြင့် လွှမ်းမိုးခဲ့သော်လည်း ဤအင်အားစုကြီးများသည် မီးနတ်ဘုရားမျိုးနွယ်စု၏ ခန်းမအတွင်း၌ပင် သူတို့၏ ဇာတ်သိမ်းခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။

ဤကဲ့သို့သော အပြောင်းအလဲမျိုးက မည်သို့ ကြောက်လန့်စရာ မကောင်းဘဲ နေပါမည်နည်း။ ထိုအရာများကို ပြုလုပ်ခဲ့သူ ရွှယ်အန်းကိုမူ ယခုအချိန်၌ ရေတွက်၍ မရနိုင်သော လူအပေါင်းက နက်ရှိုင်းစွာ ကြောက်ရွံ့နေကြပြီ ဖြစ်သည်။

ထိုအချိန်တွင် နတ်ဘုရားမျိုးနွယ်စုကြီး နှစ်ခုကို ဆက်တိုက် ဖျက်ဆီးပစ်ခဲ့သော ရွှယ်အန်းသည် ဘာမှမဟုတ်သော ကိစ္စလေးတစ်ခုကို လုပ်ခဲ့သကဲ့သို့ ပုံစံဖြင့် ခေါင်းကိုမော့ကာ အဝေးရှိ မြင့်မားသော စင်မြင့်ထက်မှ ချီစစ်ရှန်ကို အနည်းငယ် ပြုံးပြလိုက်သည်။

"ခင်ဗျားကော ဒီမြင်ကွင်းကို ဘယ်လိုမြင်လဲ"

ချီစစ်ရှန်သည် သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ဖြည်းညှင်းစွာ မတ်တပ်ရပ်ကာ ရွှယ်အန်းကို ပြုံးပြလိုက်သည်။

"မစ္စတာရွှယ်ရဲ့ စွမ်းအားက တကယ်ကို ကြီးမားလွန်းပါပေတယ်၊ ကျွန်တော် ချီစစ်ရှန် လေးစားသွားပါပြီ"

ထိုသို့ပြောကာ ချီစစ်ရှန်သည် ရွှယ်အန်းကို လေးစားမှု ပြသသည့်အနေဖြင့် ခါးကိုပင် ကိုင်းညွှတ်၍ ဦးညွှတ်လိုက်သေးသည်။ မီးနတ်ဘုရား နန်းဆောင်အတွင်းရှိ လူတိုင်း ဆွံ့အလျက်သား ဖြစ်ကုန်ကြသည်။

ဘာတွေ ဖြစ်ကုန်တာလဲ...

လွန်ခဲ့သော ခဏလေးကမှ ရွှယ်အန်းကို သုတ်သင်ပစ်ရန် အော်ဟစ်နေခဲ့သော ချီစစ်ရှန်သည် အဘယ်ကြောင့် ရုတ်တရက် သဘောထားပြောင်းကာ ဤမျှ ရိုကျိုးနေရပါသနည်း။ ဉာဏ်ကောင်းသော လူအနည်းငယ်ကသာ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပြီး သူတို့သည်လည်း ခေါင်းများကို နက်ရှိုင်းစွာ ငုံ့လိုက်ကြကာ ဆက်လက် မကြည့်ရဲကြတော့ပေ။

သို့သော် ချီစစ်ရှန်၏ မိတ်ဆွေဖွဲ့လိုသော အမူအရာကို ရင်ဆိုင်ရချိန်တွင် ရွှယ်အန်းက ရယ်မောလိုက်သည်။

"လေးစားသွားပြီ ဟုတ်လား၊ ဘာကို လေးစားတာလဲ၊ ခင်ဗျားရဲ့ မဟာမိတ်နှစ်ယောက်ကို ကျွန်တော် ဖျက်ဆီးပစ်လိုက်တာကိုလား"

သူ၏ စကားလုံးများထဲတွင် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။ သို့သော် ချီစစ်ရှန်သည် ထိုစကားကို မကြားသည့်အလား ပေါ့ပါးစွာ ပြုံးနေဆဲဖြစ်သည်။

"နတ်ဘုရားလောကမှာက အင်အားနဲ့ ဂုဏ်ဒြပ်ကပဲ အရာရာကို လွှမ်းမိုးတာလေ၊ သူတို့က အရှင့်ကို ရန်စခဲ့လို့ သူတို့ရဲ့ ဇာတ်သိမ်းနဲ့ သူတို့ ရင်ဆိုင်ရတာပဲ၊ ကျွန်တော်ကတော့ သူတို့ကိုယ်သူတို့ကလွဲပြီး ဘယ်သူ့ကိုမှ အပြစ်တင်စရာ မရှိပါဘူး"

"အိုး... ဟုတ်လား"

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ဒါဆိုရင် ခင်ဗျားရဲ့ မီးနတ်ဘုရားမျိုးနွယ်စုနဲ့ ကိစ္စကိုကျ ဘယ်လို ဖြေရှင်းကြမလဲ၊ ဘာပဲဖြစ်ဖြစ်... ခင်ဗျားရဲ့ သားကလည်း ကျွန်တော့်လက်ချက်နဲ့ သေသွားခဲ့တာပဲလေ"

ဤစကားများသည် လေထုကို ရုတ်တရက် တင်းမာသွားစေသည်။ လူများစွာသည် ထိတ်လန့်သော မျက်လုံးများဖြင့် ရွှယ်အန်းကို ကြည့်လိုက်ကြသည်။ ချီစစ်ရှန်က အဆင်ပြေအောင် လိုက်လျောနေပါလျက်နှင့် ရွှယ်အန်းက အဘယ်ကြောင့် မညှာမတာ ဆက်ဆံပြီး ဤကိစ္စကို ပြန်စနေရသလဲ ဆိုသည်ကို သူတို့ နားမလည်နိုင် ဖြစ်နေကြသည်။

သူတို့ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ချီစစ်ရှန်က ဟားတိုက် ရယ်မောလိုက်လေသည်။

"ကျွန်တော့်သား ဟုန်ပေါ်က မွေးရာပါ မောက်မာတဲ့ကောင်ပါ၊ သူ အရှင့်ကို စော်ကားမိခဲ့တာ နေမှာပေါ့၊ ဒါကြောင့် ဝမ်းနည်းစရာ ကောင်းပေမဲ့ သူ သေသွားပြီ ဆိုရင်လည်း သေထိုက်ပါတယ်လေ"

ဤစကားများသည် လူများစွာကို တုန်လှုပ်ချောက်ချား သွားစေသည်။ ဒါက ကြမ်းတမ်းပြီး အာဏာရှင်ဆန်တယ်လို့ နာမည်ကြီးတဲ့ မီးနတ်ဘုရားမျိုးနွယ်စု ဟုတ်သေးရဲ့လား၊ ဘာကြောင့် ရုတ်တရက်ကြီး ဒီလောက်တောင် အကျိုးအကြောင်း ညီညွတ်ပြီး နားလည်ပေးတတ်သွားရတာလဲ...

ကျုံးအန်းအန်း တစ်ယောက်သာ ရွှယ်အန်း၏ ပုံရိပ်ကို ငေးမောကြည့်နေမိသည်။ သူမ၏ ဖြတ်ထိုးဉာဏ်ကောင်းမှုနှင့်အတူ အကြောင်းပြချက်ဆိုတာကို သဘာဝကျကျ နားလည်လိုက်သည်။

အရာအားလုံးက ရွှယ်အန်း၏ အလွန်အမင်း သာလွန်လွန်းလှသော အင်အားကြောင့်သာ ဖြစ်သည်။ ထိုကဲ့သို့သော စွမ်းအားအောက်တွင် မီးနတ်ဘုရားမျိုးနွယ်စုသည်ပင် ခေါင်းငုံ့ရပေမည်။

ချီစစ်ရှန် ပြောတာ မမှားပေ။ နတ်ဘုရားလောကတွင် အမှန်တကယ်ပင် အားကြီးသူကသာ အရာရာကို လွှမ်းမိုးသည်။ ထိုက်ယင် နတ်ဘုရားဂိုဏ်း အနှိပ်စက်ခံရခြင်းမှာ သူတို့ အလွန် အားနည်းလွန်းသောကြောင့် ဖြစ်သည်။

ဤအချက်ကို တွေးမိကာ ကျုံးအန်းအန်း ခါးသီးစွာ ပြုံးလိုက်သည်။ သို့သော် သူမ၏ စိတ်နှလုံးထဲတွင် တိတ်တဆိတ် ကတိပြုလိုက်သည်။

နောင်တစ်ချိန်ကျရင် ထိုက်ယင် နတ်ဘုရာဂိုဏ်းကို ဘယ်သူမှ အနိုင်မကျင့်နိုင်တဲ့ အင်အားကြီး ဂိုဏ်းတစ်ခုအဖြစ် ပြန်လည် မြင့်တက်လာအောင် ငါ လုပ်ရမယ်…

အခန်း (၁၁၄၃) - ကောင်းကင်မီးတောက်ကို လက်တစ်ချောင်းတည်းဖြင့် ဖြိုခွင်းခြင်း

တစ်ချိန်က မာန်မာနထောင်လွှားခဲ့သော ချီရွှယ်ဖုန်းသည်ပင် ယခုအချိန်တွင် ခေါင်းငုံ့ထားရပြီး မော့ပင် မမော့ရဲတော့ချေ။ ရွှယ်ဟုန်ဆိုလျှင် ပို၍ပင် ကြောက်ရွံ့နေပြီး လူအုပ်ကြီး၏ နောက်ကွယ်တွင် တုန်ယင်ကာ ပုန်းကွယ်နေရင်း သူ့ကို သတိမထားမိပါစေနဲ့ဟု ဆုတောင်းနေရသည်။

သို့သော် ဤကဲ့သို့သော အခြေအနေမျိုးတွင် ရွှယ်အန်းက တိုးတိုးလေး ရယ်မောကာ ရေရွတ်လိုက်သည်။

"ဆင်ခြေဆိုတာက အားကြီးသူတွေအတွက် သီးသန့်ဖြစ်ပြီးတော့ တောတွင်းဥပဒေ ဆိုတာကတော့ အားနည်းသူတွေအတွက်ပဲ ထင်ပါရဲ့"

ထိုသို့ပြောနေစဉ် ရွှယ်အန်း၏ အသံမှာ ကျယ်လောင်ခြင်း မရှိပေ။ ချီစစ်ရှန်သည် သူဘာပြောလိုက်သည်ကို သေချာမကြားလိုက်ချေ။ သို့သော် ထိုအရာက ချီစစ်ရှန်အတွက် အရေးမကြီးပေ။ ယခုအချိန်တွင် သူသည် မျက်နှာတစ်ပြင်လုံး ပြုံးရွှင်လျက် ပြောလိုက်သည်။

"မစ္စတာရွှယ်... ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်သင့်ပြီလို့ ကျွန်တော် ထင်တယ်၊ နောက်နောင်ဆိုရင် ကျွန်တော့် မီးနတ်ဘုရားမျိုးနွယ်စုက အရှင့်ကို အညံ့ခံပါ့မယ်၊ ဘယ်လိုသဘောရလဲ"

အကယ်၍ ချီစစ်ရှန်၏ ယခင်က အပြုအမူသည် လှုပ်ရှားမှုအနည်းငယ် ဖြစ်စေခဲ့သည် ဆိုလျှင် ယခု သူ၏ စကားများသည် ငလျင်တစ်ခုကဲ့သို့ပင် ပြင်းထန်သွားလေသည်။

"ဘာ... မီးနတ်ဘုရားမျိုးနွယ်စုက အညံ့ခံမယ် ဟုတ်လား၊ ငါ နားကြားမှားတာ မဟုတ်ဘူးမလား"

လူတစ်ယောက်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"ဟုတ်တယ်၊ ကြားရတာ တကယ် မယုံနိုင်စရာပဲ"

နောက်တစ်ယောက်သည်လည်း မယုံကြည်နိုင်စွာ ထပ်ပေါင်းပြောလိုက်သည်။

"ငါထင်တာတော့ ဒါက ဂိုဏ်းချုပ်ချီရဲ့ ပါးနပ်တဲ့ လုပ်ရပ်ပဲ၊ ဘာပဲဖြစ်ဖြစ် ဒီရွှယ်အန်းက အရမ်း အာဏာပြလွန်းတယ်၊ အခုလို အညံ့ခံလိုက်တာက ကောင်းတဲ့ကိစ္စ ဖြစ်လောက်တယ်"

"ဟုတ်တယ်... ဒါဆိုရင် မစ္စတာရွှယ်အတွက်လည်း ထွက်ပေါက်တစ်ခု ရသွားတာပေါ့"

လူအုပ်ကြီးသည် တီးတိုး ဆွေးနွေးလာကြသည်။

အားလုံးနီးပါးက ရွှယ်အန်းသည် ဤကမ်းလှမ်းမှုကို လက်ခံလိမ့်မည်ဟု ထင်နေကြသည်။ မည်သို့ပင်ဖြစ်စေ ကျိန်စာသင့်မြို့တော်တွင် သူ သတ်မှတ်ခဲ့သော ဆယ်ရက်တာ ကာလသည်လည်း ဂုဏ်သရေရှိ ဂိုဏ်းအသီးသီးကို အညံ့ခံခိုင်းရန်အတွက် မဟုတ်ပါလား။ ယခု သူ၏ ရည်မှန်းချက် ပြည့်မြောက်ပြီ ဖြစ်သည့်အပြင်၊ သူ့အတွက် ထွက်ပေါက်တစ်ခုလည်း ရရှိလာပြီ ဖြစ်ကယ သူ ငြင်းဆန်စရာ အကြောင်းမရှိပေ။

ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ အဖွဲ့ဝင်များပင် ထိုအတိုင်း တွေးမိကြသည်။ ကျုံးအန်းအန်း၏ စိတ်သည် မလိုလားမှု၊ စိတ်ပျက်အားငယ်မှုတို့ဖြင့် ပြည့်နှက်နေသော်လည်း အဆုံးတွင် သူမ ခေါင်းငုံ့လိုက်ရသည်။ ဘာပဲပြောပြော အရှင်က ကတိတည်ခဲ့ပြီးပြီလေ... သူမက ဘာများ ထပ်တောင်းဆိုနိုင်ဦးမှာလဲ

"အို... အညံ့ခံမယ် ဟုတ်လား"

လူတိုင်း မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ရွှယ်အန်းသည် ချက်ချင်းပင် သဘောမတူဘဲ စိတ်ဝင်တစား ပြန်မေးလိုက်သည်။

ချီစစ်ရှန်က ပြုံးရွှင်စွာဖြင့် ပြန်ဖြေသည်။

"ဟုတ်ပါတယ်၊ ဒီနေ့ကစပြီး ကျွန်တော့် မီးနတ်ဘုရားမျိုးနွယ်စုက အရှင့်ကို ထျန်ကျောက် အရှင်သခင် အဖြစ် ဂုဏ်ပြုပါ့မယ်၊ ဘယ်လိုလဲ"

ရွှယ်အန်းက အတော်လေး ပျော်ရွှင်သွားသည့်အလား ရယ်မောလိုက်သည်။ ချီစစ်ရှန်သည်လည်း ပို၍ပင် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ချီစစ်ရှန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် တောင့်တင်းသွားလေသည်။

အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး ရေခဲတမျှ အေးစက်သော အသံဖြင့် ပြောလိုက်သောကြောင့် ဖြစ်သည်။

"ဝမ်းနည်းစရာပဲ၊ ငါကတော့ အဲဒီလို မထင်ဘူး"

ရွှယ်အန်းက သူ့ကမ်းလှမ်းမှုကို ငြင်းပယ်လိမ့်မည်ဟု ချီစစ်ရှန် လုံးဝ ထင်မထားခဲ့သဖြင့် ကြောင်အမ်းလျက် ရပ်နေမိသည်။ သူသာမက ကြည့်နေရသူ အားလုံးလည်း သူတို့ နားကြားမှားသည်ဟု ထင်နေကြသည်။

သို့သော် ချီစစ်ရှန်သည် နှစ်ပေါင်းတစ်ထောင်ကြာ မီးနတ်ဘုရားမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်မှာ အလကား မဟုတ်ပေ။ သူသည် လျင်မြန်စွာပင် တည်ငြိမ်မှုကို ပြန်ယူလိုက်ပြီး အသက်ပြင်းပြင်း ရှူကာ လေးနက်စွာ မေးလိုက်သည်။

"အရှင်... ဒါ ဘာသဘောလဲ"

ရွှယ်အန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ထူးထူးခြားခြား အဓိပ္ပာယ်တော့ မရှိပါဘူး၊ ကျွန်တော် ခင်ဗျားကို မေးချင်တာ တစ်ခုရှိလို့ပါ၊ ထိုက်ယင် နတ်ဘုရားဂိုဏ်း ကိစ္စကို လုပ်ခဲ့တာ ခင်ဗျားလူတွေ မဟုတ်ဘူးလား၊ အဲဒါကိုရော စကားတစ်ခွန်းတည်းနဲ့ လျှော်ပစ်လို့ ရမယ်လို့ ခင်ဗျား ထင်နေတာလား"

ထိုစကားကို ကြားလိုက်ရသောအခါ ကျုံးအန်းအန်းနှင့် ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ လူများအားလုံး တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ကျုံးအန်းအန်း ဖြစ်သည်။ သူမသည် ရွှယ်အန်းကို မယုံကြည်နိုင်စွာ မော့ကြည့်လိုက်မိသည်။ ရွှယ်အန်းက ဤအရာတွေအားလုံးကို မှတ်မိနေဦးမည်ဟု သူမ ထင်မထားခဲ့ပေ။

ချီစစ်ရှန်၏ မျက်လုံးများထဲတွင် ဒေါသရိပ်များ ဖြတ်သန်းသွားသော်လည်း သူက သည်းခံကာ အေးစက်စွာ ပြောလိုက်သည်။

"အရှင်... ထိုက်ယင် နတ်ဘုရားဂိုဏ်းက လူတွေ အသက်ရှင်ရှိတာပဲ၊ ပြီးတော့ မုကုချင်း တစ်ယောက်တည်း သေသွားတာလေ၊ ဘယ်လိုလုပ်ပြီး ဒီအခြေအနေထိ ရောက်လာနိုင်မှာလဲ"

ကျုံးအန်းအန်းသည် အဆုံးတွင် သူမ၏ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။

"ချီစစ်ရှန်... ရှင် ကျွန်မ ဆရာသေဆုံးမှုကို ဒီလောက် ပေါ့ပေါ့တန်တန်ပဲ သဘောထားတာလား"

ချီစစ်ရှန်သည် စကားတစ်ခွန်းမျှ မပြောဘဲ မဲ့ပြုံးသာ ပြုံးလိုက်သော်လည်း သူ၏ သဘောထားမှာမူ အလွန် ရှင်းလင်းနေပြီ ဖြစ်သည်။ ကျုံးအန်းအန်းသည် ဒေါသကြောင့် ပူလောင်နေပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ရွှယ်အန်းက သူမကို နောက်ဆုတ်နေရန် လက်ကာပြလိုက်ပြီးနောက် ချီစစ်ရှန်ဘက်သို့ လှည့်ကာ အနည်းငယ် ပြုံးပြလိုက်သည်။

"ခင်ဗျားက ကျွန်တော့်လက်ကို ငှားပြီး ဝူထုံ နတ်ဘုရားဂိုဏ်းနဲ့ ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်းကို ဖျက်ဆီးခိုင်းတယ်၊ ပြီးတော့ ကျွန်တော့်ကို အညံ့ခံချင်ယောင်ဆောင်ပြီး ဒီအခွင့်အရေးကို သုံးပြီး အဲဒီ နတ်ဘုရားမျိုးနွယ်စုနှစ်ခုရဲ့ အင်အားကို အရင်သိမ်းပိုက်ပြီးမှ ဖြည်းဖြည်းချင်း အစီအစဉ်ဆွဲမယ်လို့ တွေးထားတာမလား၊ ဟုတ်တယ်မလား ဂိုဏ်းချုပ်ချီ"

ထိုစကားများကြောင့် ချီစစ်ရှန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း သူသည် လျင်မြန်စွာပင် ပြန်လည် ထိန်းချုပ်လိုက်ပြီး တဟားဟား ရယ်မောလိုက်သည်။

"မစ္စတာရွှယ်... ခင်ဗျား ပြောသမျှ အားလုံး မှန်တယ်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်၊ ဒါပေမဲ့ အဲဒါ ဘာမှားလို့လဲ၊ နတ်ဘုရားလောကမှာ ဒါက သာမန်ကိစ္စပဲလေ၊ ရှုန်းရှောင်နဲ့ ပိုင်တုက တုံးအလွန်းလို့ သေသွားကြတာ၊ အဲဒါ ကျွန်တော့်အပြစ်မှ မဟုတ်တာ၊ သူတို့ ချန်ထားခဲ့တဲ့ နယ်မြေတွေကို ကျွန်တော် မယူရင်လည်း တခြားလူက ယူမှာပဲလေ"

ထိုသို့ ပြောင်ပြောင်တင်းတင်း ပြောလိုက်သော စကားများကြောင့် လူများစွာ၏ မျက်နှာများ ပျက်သွားကြသည်။ သို့သော် ချီစစ်ရှန်သည် ဤအရာများသည် သာမန်ကိစ္စမျှသာ ဖြစ်ပြီး ဆွေးနွေးနေစရာပင် မလိုဟု ခံယူထားပုံရသည်။

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်ပြီးနောက် လက်ခုပ်ကို ဖြည်းညှင်းစွာ တီးလိုက်သည်။

"ပြောတာ ကောင်းတယ်၊ ဒါပေမဲ့ ကံဆိုးတာက..."

ရွှယ်အန်း၏ မျက်နှာထားသည် ရုတ်တရက် အေးစက်သွားသည်။

"ဆယ်ရက်ပြည့်တာနဲ့ မလာတဲ့သူတွေ အဖိုးအခ ပေးဆပ်ရမယ်လို့ ငါ အစကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသား၊ အဲဒီစကားကို မင်း မေ့သွားပြီလား"

ချီစစ်ရှန်၏ မျက်နှာ ပျက်သွားပြီး သူ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်သည်။

"ချီစစ်ရှန်... ခုနက ငါ ဖျက်ဆီးလိုက်တဲ့ ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်းနဲ့ ဝူထုံ နတ်ဘုရားဂိုဏ်းက ငါ့ရန်သူတွေ ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ သူတို့က ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ သတ္တိ ရှိသေးတယ်၊ မင်းလို လုပ်ကြံဖန်တီးပြီး ဉာဏ်နီဉာဏ်နက်များတဲ့ လူကတော့... အင်အားကြီးသူဆိုတဲ့ ခေါင်းစဉ်နဲ့ မတန်ဘူး"

ဝုန်း!

ချီစစ်ရှန်သည် အဆုံးတွင် သည်းမခံနိုင်တော့ပေ။ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ လက်သွားပြီး သူ၏ ရှေ့ရှိ စားပွဲနှင့် ကုလားထိုင်များ ပေါက်ကွဲထွက်သွားလေသည်။ ထို့နောက် ချီစစ်ရှန်က မဲ့ပြုံးပြုံးလိုက်သည်။

"မစ္စတာရွှယ်... ခင်ဗျားကို ကျွန်တော် တကယ် ကြောက်နေတယ်လို့ မထင်နဲ့၊ ခင်ဗျားလို လူစားမျိုးနဲ့ မတိုက်ခိုက်သင့်ဘူးလို့ ယူဆလို့သာ သည်းခံနေတာ၊ ဒါပေမဲ့ ခင်ဗျားက အရမ်း ရန်လိုလွန်းတယ်... တကယ့်ကို ကမ်းကုန်အောင် လုပ်နေတာပဲ၊ ကျုပ် ကောင်းကောင်းပြောတာ မရမှတော့ ဆိုးတာနဲ့ ပြရမှာပေါ့"

ရွှယ်အန်းက အားရပါးရ ရယ်မောလိုက်သည်။

"ကောင်းကောင်းပြောလို့မရရင် ဆိုးတာနဲ့ ပြရမယ်ဟုတ်လား? ငါလိုချင်တာက... မင်းတို့အားလုံး သေဆုံးသွားဖို့ပဲ"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် ချီစစ်ရှန် တုံ့ပြန်သည်ကိုပင် မစောင့်ဘဲ ရှေ့သို့ တိုးဝင်ကာ လက်သီးတစ်ချက် ထိုးချလိုက်သည်။ ထိုလက်သီးချက်သည် ပြင်းထန်သော လေပြင်းမုန်တိုင်းကဲ့သို့ ကြီးမားသော စွမ်းအားဖြင့် ဝင်ရောက်လာသည်။

၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် စင်မြင့်များ ကျိုးပဲ့ကုန်ပြီး စားပွဲနှင့် ကုလားထိုင်များသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲကုန်သည်။ ကြမ်းပြင်သည်ပင် နက်ရှိုင်းစွာ ထွင်းဖောက်ခံလိုက်ရသည်။ ဤအရာကို မြင်လိုက်ရသောအခါ အံ့အားသင့်နေပြီးသား လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ထို့နောက် တစ်စုံတစ်ယောက်က တွေဝေငေးမောစွာ ရေရွတ်လိုက်သည်။

"သူက ဓားကျင့်ကြံသူမဟုတ်ဘူးလား၊ ဘာလို့ ခန္ဓာကိုယ် တိုက်ခိုက်မှု မှာ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ"

သို့သော် ထိုမျှ ပြင်းထန်သော လက်သီးချက်အောက်တွင် ချီစစ်ရှန်၏ မျက်နှာ၌ မောက်မာမှုများသာ ပေါ်လာပြီး ရှောင်ပင် မရှောင်တိမ်းပေ။ လက်သီးချက် နီးကပ်လာသည်နှင့်အမျှ သူ၏ ရှေ့တွင် အရောင်အမျိုးမျိုးရှိသော မီးတောက်အစီအရင်တစ်ခု ပေါ်လာပြီး လျင်မြန်စွာပင် ပါးလွှာသော မီးတောက်အကာအရံတစ်ခု ဖြစ်သွားသည်။

ဝုန်း!

လက်သီးသည် အကာအရံကို ထိမှန်သွားသော်လည်း ရေပြင်ပေါ်တွင် လှိုင်းဂယက် အနည်းငယ် ထသွားသကဲ့သို့သာ ဖြစ်စေခဲ့သည်။ ထို့နောက် ချီစစ်ရှန်က ဟားတိုက် ရယ်မောလိုက်သည်။

"ရွှယ်အန်း... ငါ့ရဲ့ ကောင်းကင်မီးတောက် ရှေ့မှာ မင်း တကယ်ပဲ အခွင့်အရေး ရှိမယ်လို့ ထင်နေတာလား"

ရွှယ်အန်းက မည်သည့်အရာမှ မပြောဘဲ လက်ကိုမြှောက်ကာ လက်သီးချက် အများအပြား ထပ်မံ ထိုးနှက်လိုက်သော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်နေသည်။ ကြည့်လိုက်လျှင် ပျက်စီးလွယ်မည့်ပုံ ပေါက်နေသော ဤအလင်းရောင် အကာအရံသည် ကြောက်ခမန်းလိလိ ခိုင်ခံ့လွန်းလှသည်။ ရွှယ်အန်း၏ လက်သီးချက်တိုင်းသည် ဂယက်ထရုံသာ ဖြစ်စေပြီး ချီစစ်ရှန်ကို အနည်းငယ်မျှပင် မလှုပ်ရှားစေနိုင်ပေ။

"ရွှယ်အန်း... ငါ့စကား နားထောင်ပြီး မင်းရဲ့ အားအင်တွေကို အလဟဿ မဖြုန်းတီးပါနဲ့တော့၊ မင်း ဒီအကာအရံကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး"

ချီစစ်ရှန်က လက်ပိုက်လျက် အေးအေးလူလူ ပြုံးကာ ပြောလိုက်သည်။

"အို... ဟုတ်လား"

ရွှယ်အန်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။

"ငါ ဒါကို မဖျက်ဆီးနိုင်ဘူးလို့ မင်း တကယ် ထင်နေတာလား"

ချီစစ်ရှန်က မောက်မာစွာ ခေါင်းညိတ်လိုက်သည်။

"ရွှယ်အန်း... ဘာမှ အပိုတွေပြောနေစရာ မလိုဘူး၊ ငါ့ရှေ့မှာ မင်းရဲ့ လက်သီးတွေက လုံးဝ အသုံးမဝင်ဘူး"

ရွှယ်အန်းသည် သူ၏ ဖြူဖွေးသော သွားများ ပေါ်လာသည်အထိ ကျောချမ်းစရာ ကောင်းအောင် ပြုံးလိုက်သည်။

"လက်သီးတွေက အလုပ်မဖြစ်ဘူး ဆိုရင်... ဒီလိုဆိုရင်ကော"

ထိုသို့ပြောလိုက်သည်နှင့် ရွှယ်အန်း၏ လက်ညှိုးထိပ်တွင် ဖျော့တော့သော မီးတောက်ကလေးတစ်ခု ပေါ်လာပြီး ရှေ့သို့ လက်ညှိုးထိုးလိုက်သည်။ ထိုအမူအရာသည် မည်သည့် အရှိန်အဝါမှ မပါဘဲ ပေါ့ပါးလွန်းလှသည်။

သို့သော် ထိုကဲ့သို့ ပေါ့ပါးစွာ ထိုးလိုက်သော လက်ညှိုးတစ်ချောင်းကြောင့် ချီစစ်ရှန်၏ ကောင်းကင်မီးတောက် အကာအရံသည် ရုတ်တရက် ရပ်တန့်သွားပြီးနောက် အပိုင်းပိုင်းအစစ ကွဲအက် ပျက်စီးသွားလေတော့သည်။

All Chapters