အခန်း (၁၁၄၄-၁၁၄၆)
Vol. 77 Ch. 1144-1146
အခန်း (၁၁၄၄) - လေဟာနယ်မှာ မွေးဖွားလာသော မီးတောက်၊ နတ်ဘုရားမီးလျှံ အစီအရင်
ဝုန်း...!
ချီစစ်ရှန်သည် ကြီးမားသော အားအင်တစ်ခု၏ ရိုက်ခတ်မှုကြောင့် ကိုက်ပေါင်းများစွာ အကွာသို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြန်ကျလာသောအခါ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ ထို့နောက် သူသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ရွှယ်အန်းကို စိုက်ကြည့်လိုက်လေသည်။
"မင်း... မင်း ဘယ်လိုလုပ် မှော်အတတ်ကို သုံးလိုက်တာလဲ၊ ငါ့ရဲ့ နတ်ဘုရားမီးတောက် အကာအရံကို ဖောက်ပြီး ငါ့ကို ဒဏ်ရာရအောင် ဘယ်လိုလုပ်လိုက်တာလဲ"
ရွှယ်အန်းက အေးစက်စွာ ပြုံး၍ ပြန်ဖြေလိုက်သည်။
"တခြားလူတွေအတွက် ခက်ခဲကောင်း ခက်ခဲနိုင်ပေမဲ့ ငါ့အတွက်တော့ လက်ဖဝါး တစ်ဖက်လှန်လိုက်သလိုပဲ လွယ်ကူလွန်းတယ်"
ထိုစကားကြောင့် ချီစစ်ရှန်၏ မျက်နှာထား ပိုမို မည်းမှောင်သွားပြီး ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ ရွှယ်အန်း၊ မင်းက တကယ်ပဲ ထူးခြားတဲ့သူပါပဲ... ထျန်ကျောက်က နတ်ဘုရားတွေကို မင်းတစ်ယောက်တည်း သတ်ဖြတ်နိုင်ခဲ့တာ မဆန်းပါဘူး ဒါပေမဲ့ မင်းက..."
သူ စကားမဆုံးခင်မှာပင် ရွှယ်အန်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် သူ့ဘေးနားသို့ ရောက်ရှိလာပြီး လက်သီးဖြင့် ထိုးချလိုက်ပြန်သည်။ အငိုက်မိသွားသော ချီစစ်ရှန်မှာ နောက်တစ်ကြိမ် လွင့်ထွက်သွားရပြန်သည်။
ထို့နောက် ရွှယ်အန်းသည် လက်သီးကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး မျက်လွှာချလျက် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ငါ့စိတ်ရှည်မှုတွေ ကုန်ခါနီးပြီ၊ ဒါကြောင့် စကားတွေအများကြီး လာမပြောနဲ့တော့... ကြားလား"
ချီစစ်ရှန်သည် ယိုင်နဲ့နဲ့ဖြင့် မတ်တပ်ထရပ်လိုက်ပြီး သွေးအချို့ ထပ်မံ အန်ထုတ်လိုက်သည်။ ယခုအခါ သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ရွှယ်အန်းကို ကြည့်လိုက်သည်။
ရွှယ်အန်းက သူ့နတ်ဘုရားမီးတောက် အကာအရံကို လက်တစ်ချောင်းတည်းဖြင့် ဖောက်ထွင်းလိုက်သည်ကို သူ အံ့သြနေခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ သူ့ကို အလွယ်တကူ ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။
သူ၏ ခန္ဓာကိုယ်ကို ကိုးထပ်ကောင်းကင်မီးတောက်ဖြင့် သွန်းလောင်းကျင့်ကြံထားခဲ့ခြင်း ဖြစ်သည်။ လက်သီးနှင့် ခြေထောက်များကို မဆိုထားနှင့် သာမန် နတ်ဘုရားလက်နက်များပင် သူ့ကို အနည်းငယ်မျှ ထိခိုက်အောင် မလုပ်နိုင်ပေ။
သို့သော် ထိုအချိန်တွင် အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခု ချီစစ်ရှန်၏ မျက်လုံးထဲတွင် လက်ခနဲ ဖြစ်သွားသည်။
သူသည် ရွှယ်အန်းကို အချိန်ဆွဲသည့် နည်းဗျူဟာဖြင့် ချွေးသိပ်ထားပြီး ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်းနှင့် ဝူထုံ နတ်ဘုရားဂိုဏ်းတို့၏ စွမ်းအားများကို ရိတ်သိမ်းပြီးမှ စာရင်းရှင်းရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခြေအနေကို ကြည့်ခြင်းအားဖြင့် သူ မလှုပ်ရှားလျှင် မဖြစ်တော့သည့် အနေအထားသို့ ရောက်နေပြီ ဖြစ်သည်။
အကယ်၍သာ ဤကောင်လေးကို မရှင်းလင်းနိုင်ပါက သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်လာပေလိမ့်မည်။ ထို့အပြင် မျက်လုံးပေါင်းများစွာက သူ့ကို ဝိုင်းကြည့်နေကြချိန်တွင် ရွှယ်အန်း၏ ရိုက်နှက်မှုကြောင့် နှစ်ကြိမ်တိုင်တိုင် လွင့်ထွက်သွားရခြင်းသည် သည်းခံနိုင်စရာ မဟုတ်သော သိက္ခာကျဆင်းမှုဖြစ်သည်။
ထိုအချက်ကို တွေးမိလိုက်သည်နှင့် ချီစစ်ရှန်၏ အသံသည် ရေခဲတမျှ အေးစက်သွားလေသည်။
"ရွှယ်အန်း... ဒါ မင်းကိုယ်မင်း ရှာလိုက်တဲ့ လမ်းပဲ၊ မင်းရဲ့ ကံကြမ္မာအတွက် သူများတွေကို အပြစ်မတင်နဲ့တော့၊ အားလုံး... ငါ့အမိန့်ကို နာခံပြီး တိုက်ခိုက်ကြစမ်း"
သူ၏ အမိန့်ပေးသံအဆုံးတွင် ကမ္ဘာမြေကြီး တုန်ခါသွားပြီး လေဟာနယ်တွင် မီးပွားများ တောက်လောင်လာသည်။ ဒုတိယသခင်လေး ချီရွှယ်ဖုန်း အပါအဝင် မီးနတ်ဘုရားမျိုးနွယ်စုမှ အဖွဲ့ဝင်အားလုံး၏ ခေါင်းပေါ်တွင် မီးတောက်များ ပေါ်ထွက်လာကြသည်။
ထိုမီးတောက်များသည် ပုံသဏ္ဌာန် အမျိုးမျိုးရှိပြီး အရောင်အသွေး စုံလင်လှသည်။ အချို့မှာ ကြာပန်းကဲ့သို့ ကြီးမားပြီး၊ အချို့မှာ ဇီဇဝါပန်းကဲ့သို့ သေးငယ်သော်လည်း ခြွင်းချက်မရှိသောအရာမှာ ထိုမီးတောက်အားလုံးသည် ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်နေကြသည်။
"ဒါ... မီးနတ်ဘုရားမျိုးနွယ်စုဝင်တွေရဲ့ အသက်ဝိညာဉ် မီးတောက်များပဲ"
ဗဟုသုတ ကြွယ်ဝသော လူတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ထိုမီးတောက်များသည် ရုတ်တရက် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီးနောက် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် မြန်ဆန်သော အရှိန်ဖြင့် နေရာများ စတင် ရွှေ့ပြောင်းလေတော့သည်။ လေထုထဲတွင် အလင်းတန်းများ ပြည့်နှက်သွားပြီး မီးရောင်များသည် ကောင်းကင်ကို လင်းထိန်သွားစေသည်။
ခေါင်းမူးစရာကောင်းလောက်အောင် ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီးနောက် မီးတောက်များသည် ရုတ်တရက် ရပ်တန့်သွားကြသည်။ ထို့နောက် ထိုမီးတောက်များကြားတွင် ပါးလွှာသော အလင်းတန်းလေးများ ပေါ်လာလေသည်။ တစ်ခဏအတွင်းမှာပင် ထိုမီးတောက်အားလုံး ဆက်သွယ်ချိတ်ဆက်သွားကြသည်။
အစီအရင် ပုံဖော်လိုက်သည်နှင့် တပြိုင်နက် သန့်စင်သော အပြာရောင် မီးတောက်ကြီးတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ဖြတ်သန်းသွားရာ နေရာတိုင်းရှိ လေထုကို ပြင်းထန်သော အပူရှိန်ဖြင့် လိမ်တွန့်သွားစေသည်။ ထိုအချိန်ရောက်မှသာ ပွဲကြည့်ပရိသတ်များသည် ထိုအရာက ဘာလဲဆိုတာကို သဘောပေါက်လိုက်ကြသည်။
အလင်းတန်းများဖြင့် ချိတ်ဆက်ထားသော ထိုမီးတောက်များသည် ကြီးမားသော အစီအရင်ကြီးတစ်ခု၏ ပုံသဏ္ဌာန်ဖြစ်သည်။
"ဒါက... ဒါက မီးနတ်ဘုရားမျိုးနွယ်စုရဲ့ နတ်ဘုရားမီးလျှံ အစီအရင်ကြီးပဲ"
တစ်စုံတစ်ယောက်သည် မေးရိုးများ တုန်ခိုက်လျက် တီးတိုးရေရွတ်လိုက်သည်။ ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း ထိတ်လန့်တုန်လှုပ် သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ဤ နတ်ဘုရားမီးလျှံ အစီအရင်သည် စကြာဝဠာ အရပ်လေးမျက်နှာတွင် အစွမ်းအထက်ဆုံး အစီအရင်ဖြစ်သည်ဟု ကျော်ကြားပြီး မီးနတ်ဘုရားမျိုးနွယ်စု၏ ရှေးဟောင်းနတ်ဘုရားသိုင်းပညာရပ် ဖြစ်သောကြောင့်ဖြစ်သည်။
၎င်းကို ခင်းကျင်းအသုံးပြုခဲသော်လည်း တစ်ကြိမ် အသက်သွင်းလိုက်သည်နှင့် မိုးနှင့်မြေကို ဇောက်ထိုးလှန်ပစ်နိုင်သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် စွမ်းအား ရှိသည်ဟု ဆိုစမှတ်ပြုကြသည်။ ထို့အပြင် ယခုမြင်တွေ့နေရသော နတ်ဘုရားမီးလျှံ အစီအရင်သည် မီးနတ်ဘုရားမျိုးနွယ်စု တစ်ခုလုံး၏ ကျင့်ကြံမှုအဆင့်များနှင့် နတ်ဘုရားစွမ်းအားများကို စုစည်းထားခြင်းဖြစ်ရာ ၎င်း၏ စွမ်းအားမှာ ယခင်က မကြုံဖူးလောက်အောင် ကြီးမားနေသည်။
အနည်းဆုံးတော့ လူအများစုသည် ဤအစီအရင်နှင့် အတော်လေး ဝေးကွာသော နေရာတွင် ရှိနေသော်လည်း ပူပြင်းလှသော အပူလှိုင်းကြောင့် သူတို့၏ ဆံပင်များ ကျွမ်းလောင်တော့မတတ် ခံစားလိုက်ရပြီး မျက်နှာပေါ်တွင် ထိတ်လန့်သော အမူအရာများဖြင့် နောက်သို့ မဆုတ်ဘဲ မနေနိုင်အောင် ဖြစ်ကုန်ကြသည်။
ထိုအချိန်တွင် ချီစစ်ရှန်က ရိုင်းစိုင်းမောက်မာသော အသံဖြင့် ပြောလိုက်သည်။
"ရွှယ်အန်း... ငါတို့မျိုးနွယ်စုရဲ့ နတ်ဘုရားသိုင်းကွက်အောက်မှာ ဒီလို သေဆုံးရတာက မင်းအတွက် ကံကောင်းခြင်း တစ်ခုလို့ မှတ်ယူလိုက်စမ်း"
သို့သော် ရွှယ်အန်းသည် ချီစစ်ရှန်၏ လှောင်ပြောင်သရော်မှုများကို လုံးဝ မကြားသည့်အလား ခေါင်းကိုမော့ကာ ခမ်းနားထည်ဝါသော အစီအရင်ကြီးကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။ ခဏကြာမှသာ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"စလိုက်တော့"
ဟင်...
ထိုစကားကို ကြားလိုက်ရသူတိုင်း အံ့အားသင့်သွားကြသည်။
စလိုက်တော့ ဟုတ်လား၊ အဲဒါ ဘာအဓိပ္ပာယ်လဲ၊ ရွှယ်အန်းက နတ်ဘုရားမီးလျှံ အစီအရင်ရဲ့ ပြိုင်ဘက်ကင်း စွမ်းအားကို မြင်ပြီး ခုခံဖို့ လက်လျော့လိုက်တာများလား
ကျုံးအန်းအန်းဆိုလျှင် ပို၍ပင် တုန်လှုပ်သွားပြီး စိတ်ပူပန်သော မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။
"အရှင်..."
ချီစစ်ရှန်သည် အနည်းငယ် ကြောင်အမ်းသွားသော်လည်း ချက်ချင်းပင် ကျယ်လောင်စွာ ဟားတိုက် ရယ်မောလိုက်လေသည်။
"ကောင်းပြီလေ... ရွှယ်အန်း၊ မင်းက အညံ့ခံသင့်တဲ့အချိန်ကို သိတဲ့လူပဲ၊ အဲဒီစကားတစ်ခွန်းကြောင့် မင်းကို မြန်မြန်ဆန်ဆန် ဇာတ်သိမ်းပေးလိုက်မယ်"
ထိုသို့ပြောပြီးသည်နှင့် ချီစစ်ရှန်သည် လက်ကိုမြှောက်၍ ရွှယ်အန်းကို ညွှန်ပြကာ ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်သည်။
"သူ့ကို မီးသင်္ဂြိုဟ်လိုက်စမ်း"
ဝုန်း!
မီးတောင်ပေါက်ကွဲသကဲ့သို့ပင် ကောင်းကင်ပေါ်ရှိ အစီအရင်မှ အကန့်အသတ်မရှိသော မီးတောက်များသည် ရွှယ်အန်းထံသို့ ကျဆင်းလာသည်။ ချီစစ်ရှန်သည် ရွှယ်အန်းကို အလွန်အမင်း သတိထားနေသည်မှာ သိသာထင်ရှားလှသည်။ ထို့ကြောင့် သူ လှုပ်ရှားလိုက်သည်နှင့် လုံးဝ ညှာတာမှုမရှိသော သတ်ကွက်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
သို့သော် ရွှယ်အန်းသည် သူ့ထံ တိုးဝင်လာသော မီးပင်လယ်ကြီးကို ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့သည့် အရိပ်အယောင် မပြသည့်အပြင် မျက်လုံးများကိုပင် ဖြည်းညှင်းစွာ မှိတ်လိုက်သေးသည်။
ဤအချက်က ချီစစ်ရှန်ကို ပို၍ပင် ကျေနပ်သွားစေသည်။ မီးနတ်ဘုရား၏ စွမ်းအား ကြီးမားလွန်းသဖြင့် မိမိ ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း ရွှယ်အန်း နားလည်သွားပြီး ခုခံမှုကို လက်လျော့လိုက်ပြီဟု သူ ထင်မှတ်လိုက်သည်။ ထိုအတွေးသည် ထိုနေရာရှိ လူအများစု၏ အတွေးနှင့်လည်း တူညီနေသည်။ လူများစွာက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် ဒီလူငယ်လေးက အလွန်စွမ်းအားကြီးမားပေမဲ့ မီးနတ်ဘုရားမျိုးနွယ်စုရဲ့ လက်ထဲမှာပဲ ဇာတ်သိမ်းရတော့မှာပဲလေ...
ချီရွှယ်ဖုန်းနှင့် ရွှယ်ဟွင်းတို့သည် ပို၍ပင် ဝမ်းသာအားရ ဖြစ်နေကြသည်။ အထူးသဖြင့် ရွှယ်ဟွင်းဖြစ်သည်။ ယခုအချိန်တွင် သူမသည် ကျယ်လောင်စွာ သုံးကြိမ်တိုင်တိုင် အော်ဟစ်ရယ်မောချင်စိတ် ပေါက်နေသော်လည်း ရင်ထဲမှ စိတ်လှုပ်ရှားမှုကို အတင်း ဖိနှိပ်ထားကာ မလှမ်းမကမ်းရှိ ကျုံးအန်းအန်းကို လှမ်းကြည့်လိုက်သည်။
ကျုံးအန်းအန်းနှင့် ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ လူအားလုံး၏ မျက်နှာများသည် အလွန် အရုပ်ဆိုးနေပြီး မျှော်လင့်ချက်မဲ့နေသော အရောင်အဆင်းများပင် လွှမ်းခြုံနေသည်။ သို့သော် ဒီလိုဖြစ်လေလေ ရွှယ်ဟွင်းက ပိုပျော်လေလေဖြစ်သည်။
ဟွန်း... သစ်ပင်ကြီးကို မှီတွယ်မိပြီလို့ တကယ် ထင်နေတာလား၊ အခုကော ဘယ်လိုလဲ၊ ဒီရွှယ်အန်း သေသွားတာနဲ့... နင်တို့အားလုံးရဲ့ ကံကြမ္မာက အဆိုးရွားဆုံး ဖြစ်လာတော့မယ်
ရွှယ်ဟွင်းသည် ကောက်ကျစ်စွာ တွေးလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်အပြည့် မီးတောက်များသည် ရွှယ်အန်း၏ ပုံရိပ်ကို အပြည့်အဝ ဝါးမြိုသွားလေသည်။ ပူပြင်းသော အပူလှိုင်းကြောင့် မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများပင် ဖြစ်ပေါ်လာသည်။ လူအုပ်ကြီးသည် နောက်သို့ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်ခွာသွားကြသည်။
ချီစစ်ရှန်က တဟားဟား ရယ်မောလိုက်သည်။
"ရွှယ်အန်း... မင်းပဲ စွမ်းအားကြီးတယ်ဆို၊ အခု နတ်ဘုရားမီးတောက်က မင်းရဲ့ ခန္ဓာကိုယ်ကို ဝါးမြိုနေပြီ၊ မင်း ဘယ်လိုများ ပြန်လှန်နိုင်ဦးမလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်"
တစ်နေရာလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကျုံးအန်းအန်းသည် မျက်လုံးထဲတွင် မျက်ရည်များ ဝဲလျက် မှေးမှိန်သော မျက်နှာထားဖြင့် ကြည့်နေရှာသည်။ ဤတစ်ကြိမ်တော့ ရွှယ်အန်းတစ်ယောက် သေချာပေါက် လမ်းဆုံးသွားပြီဟု သူမပင် ယုံကြည်နေမိသည်။
ထိုအချိန်တွင် ချီစစ်ရှန်သည် ခေါင်းကို လှည့်ကာ သူမကို ရက်စက်စွာ မဲ့ပြုံးပြုံးလိုက်သည်။
"ဂိုဏ်းချုပ်ကျုံး... အခု ဘာပြောချင်သေးလဲ၊ လိမ်လိမ်မာမာ အညံ့ခံလိုက်၊ ဒါဆိုရင် မင်းတို့အသက်ကို ချမ်းသာပေးဖို့ ငါ စဉ်းစားပေးမယ်၊ မဟုတ်ရင်တော့..."
ကျုံးအန်းအန်းသည် သူ့စကားဆုံးသည်အထိ မစောင့်တော့ဘဲ အသက်ပြင်းပြင်း ရှူကာ အေးစက်စွာ ပြောလိုက်သည်။
"တော်လိုက်တော့... ဒီနေ့ ထိုက်ယင် နတ်ဘုရားဂိုဏ်းက သွေးမြေကျတဲ့အထိ တိုက်ပွဲဝင်သွားမယ်"
ထိုသို့ပြောပြီးသည်နှင့် ကျုံးအန်းအန်းသည် လက်ထဲမှ ဓားကို မြှောက်၍ ဓားထိပ်ဖျားကို ရှေ့သို့ တည့်တည့်ချိန်ကာ သူမ၏ အားအင်အကုန်သုံး၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"သတ်ကြ”
အခန်း (၁၁၄၅) - လူလား သရဲလား၊ လက်ဝါးတစ်ချက်ဖြင့် ငြိမ်းသတ်ခြင်း
ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ အဖွဲ့ဝင်များ၏ မျက်နှာတိုင်းတွင် သေမင်းတမန်နှင့် ရင်ဆိုင်ရန် အသင့်ဖြစ်နေသော ပြတ်သားသည့် အမူအရာများ ပေါ်နေပြီး ကျုံးအန်းအန်း၏ ဦးဆောင်မှုနောက်သို့ ဓားများကို ဆွဲထုတ်ကာ ပြေးဝင်သွားကြလေသည်။
သို့သော် ကြီးမားခမ်းနားသော မီးနတ်ဘုရားမျိုးနွယ်စုနှင့် ယှဉ်လိုက်လျှင် ထိုက်ယင် နတ်ဘုရားဂိုဏ်းသည် ပုရွက်ဆိတ်ကလေးများပမာ သေးနုပ်လွန်းလှသည်။ မည်မျှပင် သေးနုပ်နေသနည်းဆိုရသော် သူတို့၏ တိုက်ခိုက်မှုသည် မျှော်လင့်ချက်မဲ့ပြီး အားကိုးရာမဲ့နေသည့်ပုံ ပေါက်နေတော့သည်။
ချီစစ်ရှန်သည်လေးစားအားကျဖွယ် ဟူသော လေသံဖြင့် တက်ခေါက်လိုက်သည်။
"ချီးကျူးစရာကောင်းတဲ့ စိတ်ဓာတ်ပဲ၊ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက... ပြိုင်ဘက်ကင်း အင်အားရှေ့မှာ မင်းတို့အတွက် ရွေးချယ်စရာ နှစ်လမ်းပဲ ရှိတယ်၊ အညံ့ခံမလား ဒါမှမဟုတ် မြေစာအဖြစ် ပြောင်းလဲခံမလား"
ချီစစ်ရှန်သည် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ မီးလျှံကြိုးကွင်းတစ်ချောင်း ပျံထွက်သွားပြီး ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ လူများကို ရစ်ပတ်ကာ အားလုံးကို ဖမ်းချုပ်လိုက်လေသည်။
"ကျုံးအန်းအန်း၊ မင်းကို နောက်ဆုံးအနေနဲ့ အကြံပေးလိုက်မယ်... အခုပဲ လက်နက်ချလိုက်ပါ၊ ဒါဆိုရင် မင်းတို့အသက်ကို ချမ်းသာပေးမယ်၊ ငါ့စေတနာကို စော်ကားပြီး လမ်းဆုံးကို ရွေးချယ်ချင်တယ်ပေါ့လေ"
ချီစစ်ရှန်က ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။
ကျုံးအန်းအန်းသည် သေခြင်းတရားနှင့် ရင်ဆိုင်နေရချိန်တွင် ယခင်က မရှိဖူးလောက်အောင် တည်ငြိမ်နေပြီး ချီစစ်ရှန်၏ စကားကို ကြားပြီးသည့်တိုင် သူမ၏ စိတ်လှုပ်ရှားမှု အတက်အကျ အနည်းငယ်မျှပင် မပြချေ။ သူမသည် နားရွက်နားသို့ ကျနေသော ဆံနွယ်စကို သပ်တင်လိုက်ရင်း ပေါ့ပါးစွာ ပြောလိုက်သည်။
"အကောင်းပြောတာရော အဆိုးနဲ့တွေ့မှာရော၊ ဘယ်ဟာကိုမှ ကျွန်မ လက်မခံဘူးလို့ ခုနက ပြောခဲ့တာလေ၊ ပြီးတော့ ထိုက်ယင် နတ်ဘုရားဂိုဏ်းရဲ့ အသက်က ရှင်ဆုံးဖြတ်ပေးလို့ရတဲ့အရာ မဟုတ်ဘူး"
ဤစကားများကြောင့် ချီစစ်ရှန်၏ မျက်နှာ အရောင်ပြောင်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"ငတုံးမမ၊ ဒီလိုဆိုမှတော့ မင်းတို့အားလုံး ရွှယ်အန်းအတွက် ယဇ်ကောင်အဖြစ်နဲ့သာ သေလိုက်ကြတော့"
ထိုစကားနှင့်အတူ ချီစစ်ရှန်၏ လက်ချောင်းများ ရုတ်တရက် တင်းကြပ်သွားသည်။ မီးလျှံကြိုးကွင်းသည်လည်း ချက်ချင်း ကျုံ့ဝင်လာသည်။ ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ လူများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် တင်းကြပ်စွာ ပူးကပ်သွားကြသည်။
သို့သော် အားလုံး အချည်းနှီးသာဖြသ်သည်။။ မီးကြိုးမျှင် ကျုံ့ဝင်မှု နှေးကွေးနေသော်လည်း မီးတောက်များ၏ ဝါးမြိုမှုကို ခံရမည့်အရေးမှာ အချိန်ပိုင်း ကိစ္စသာ ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျုံးအန်းအန်း ရယ်မောလိုက်သည်။ သူမ၏ ရယ်သံသည် ကြည်လင်ပြတ်သားပြီး ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။ ထို့နောက် သူမသည် ထိုက်ယင် ဂိုဏ်းမှ လူများအားလုံးကို လှည့်ကြည့်လိုက်သည်။
"တောင်းပန်ပါတယ်၊ ကြည့်ရတာ... ငါတို့ လောင်းကြေးထပ်တာ မှားသွားပုံပဲ"
"ဂိုဏ်းချုပ် အဲဒီလို မပြောပါနဲ့၊ သေခြင်းတရား ဆိုတာက ကြိုတင်သတ်မှတ်ထားပြီးသားပါ... ဒါက ကိစ္စကြီး မဟုတ်ပါဘူး"
"ဟုတ်တယ်၊ ဂိုဏ်းချုပ်ပဲ ပြောခဲ့တယ်လေ အနည်းဆုံးတော့ ငါတို့ ကြိုးစားခဲ့ကြတာပဲ မဟုတ်ဘူးလား"
ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ အကြီးအကဲများစွာက ဆက်တိုက် ပြောဆိုလိုက်ကြသည်။ အခြားသော ဂိုဏ်းသားများသည်လည်း မျက်နှာပေါ်တွင် မည်သည့် ညည်းညူသံမှ မပါဘဲ ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
ကျုံးအန်းအန်းသည် ခဏမျှ ကြောင်အမ်းသွားပြီးနောက် ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်တာပေါ့၊ ငါတို့ ကြိုးစားခဲ့ကြတယ်၊ သေရမယ် ဆိုရင်တောင် ဒီလူတွေလက်ချက်နဲ့တော့ အသေမခံနိုင်ဘူး၊ ငါတို့ လိပ်ပြာလုံလုံနဲ့ သွားကြစို့"
ထိုသို့ ပြောပြီးသည်နှင့် ကျုံးအန်းအန်းသည် ပြတ်သားစွာဖြင့် သူမ၏ ဓားကို မြှောက်ကာ ကိုယ်ပိုင် လည်ပင်းပေါ်သို့ တင်လိုက်လေသည်။ ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ အဖွဲ့ဝင်အားလုံးသည်လည်း သူမ၏ လှုပ်ရှားမှုအတိုင်း လိုက်လုပ်ကာ ဓားများကို မြှောက်လိုက်ကြသည်။
လူများစွာသည် ဆက်မကြည့်နိုင်တော့ဘဲ ဝမ်းနည်းမှု အရိပ်အယောင်များဖြင့် မျက်နှာလွှဲသွားကြသည်။
ကျုံးအန်းအန်း၏ အကြည့်သည် လူတိုင်း၏ မျက်နှာကို ဖြတ်ကျော်ကြည့်ရှုသွားပြီးနောက် ရွှယ်ဟွင်းဆီတွင် ခဏ ရပ်တန့်သွားသည်။ ရွှယ်ဟွင်း၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ခေါင်းငုံ့ကာ အနည်းငယ် နောက်ဆုတ်သွားသည်။
သို့သော် ကျုံးအန်းအန်းက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်ရုံသာ ကြည့်ပြီး ဂရုမစိုက်တော့ဘဲ ဆူပွက်နေဆဲဖြစ်သော နတ်ဘုရားမီးတောက်များဆီသို့ အကြည့်လွှဲလိုက်သည်။ သူမ၏ မျက်ဝန်းများ အနည်းငယ် တုန်ယင်သွားပြီးနောက် အံကို ပြင်းထန်စွာ ကြိတ်လိုက်သည်။
"အဆုံးသတ်လိုက်ကြစို့"
သူမ အမိန့်ပေးပြီးသည်နှင့် မျက်လုံးများကို မှိတ်ကာ ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် ထိုနေရာမှာတင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် ပြင်လိုက်သည်။ ချီစစ်ရှန်က လှောင်ပြောင်သရော်သော မျက်နှာထားဖြင့် ကြည့်နေသည်။ ဒုတိယသခင်လေး ချီရွှယ်ဖုန်း၏ မျက်နှာပေါ်တွင်လည်း သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသော အမူအရာများအပြည့် ဖြစ်နေသည်။
သို့သော် ထိုအချိန်လေးမှာပင် ကျုံးအန်းအန်းသည် ဆန့်ကျင်၍ မရနိုင်သော ပြင်းထန်သည့် အားတစ်ခုက သူမကို ဝင်ရောက်တိုက်ခိုက်သည်ကို ခံစားလိုက်ရပြီး သူမလက်ထဲမှ ဓားသည် ထိန်းချုပ်မှု ကင်းမဲ့ကာ လွင့်ထွက်သွားလေသည်။ ထိုမျှော်လင့်မထားသော အဖြစ်အပျက်ကြောင့် သူမ ထိတ်လန့်တကြား မျက်လုံးဖွင့်ကြည့်လိုက်သည်။
ထိုသည်မှာ သူမ တစ်ယောက်တည်း မဟုတ်ပေ။ ထိုက်ယင် ဂိုဏ်းသားများ၏ လက်ထဲမှ ဓားများအားလုံး လွင့်ထွက်သွားပြီး လေထဲတွင် တန်းစီ၍ ပျံဝဲနေကြသည်။ ဓားထိပ်ဖျားများသည် ဟိန်းဟောက်နေသော နတ်ဘုရားမီးတောက်များကို ညွှန်ပြနေပြီး ထို့နောက် ဓားသွားများသည် တစ်စုံတစ်ယောက်ကို အရိုအသေ ပေးနေသည့်အလား အနည်းငယ် ကွေးညွှတ်သွားကြသည်။
ဒါ... ဒါက ဘာကြီးလဲ...
ကျုံးအန်းအန်း၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာသည်။ ချီစစ်ရှန်နှင့် အခြားသူများလည်း အံ့အားသင့်သွားကြသည်။
ထိုအချိန်မှာပင် နတ်ဘုရားမီးတောက်များ အတွင်းမှ တည်ငြိမ်အေးဆေးသော အသံတစ်သံ ထွက်ပေါ်လာသည်။
"မဖြစ်နိုင်မှန်း သိရက်နဲ့ ရွေးချယ်ရဲပြီး နောက်ဆုံးအချိန်အထိ ပေးဆပ်ရဲတဲ့ သတ္တိရှိတယ်၊ မင်းတို့က မိန်းမတွေဖြစ်ပေမဲ့ တကယ်ကို ချီးကျူးစရာပါပဲ"
အသံသည် မကျယ်လောင်သော်လည်း ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ကျုံးအန်းအန်း၏ ကိုယ်ခန္ဓာကြီး ပြင်းထန်စွာ တုန်ယင်သွားပြီး ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
အဘယ်ကြောင့်ဆိုသော် ထိုစကားပြောသူသည် ရွှယ်အန်းမှလွဲ၍ အခြားသူ မဟုတ်သောကြောင့်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်အထိ မြင့်မားနေသော နတ်ဘုရားမီးတောက်များ အတွင်း၌ လူရိပ်တစ်ခု ပေါ်လာသည်။ ပတ်ဝန်းကျင်မှ တောက်လောင်နေသော မီးရောင်များကြောင့် ထိုပုံရိပ်သည် အလွန် ကြီးမားထည်ဝါနေသယောင် ထင်ရသည်။ ထိုအရာကို မြင်လိုက်ရသောအခါ ချီစစ်ရှန်သည် သရဲတွေ့လိုက်ရသည့်အလား ဖြစ်သွားသည်။
"ဒါ... ဒါက..."
သူ စကားထစ်နေပြီး ဆက်မပြောနိုင်တော့ပေ။
ထိုခဏ၌ တဖျပ်ဖျပ် တောက်လောင်နေသော နတ်ဘုရားမီးတောက်များ အတွင်းမှ လူတစ်ယောက် လမ်းလျှောက် ထွက်လာလေသည်။ နှင်းထက်ပင် ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်နှင့် ခမ်းနားထည်ဝါနေသည်။
ထိုလူမှာ ရွှယ်အန်းဖြစ်သည်။
လူအုပ်ကြီးသည် အရင်ဆုံး ငြိမ်ကျသွားပြီးနောက် ကြီးမားသော တုန်လှုပ်မှုဖြင့် ပွက်လောရိုက်သွားကြသည်။
"အရှင်..."
ကျုံးအန်းအန်းနှင့် အခြားသူများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ ရွှယ်အန်းက သူတို့ဘက်သို့ ကြည့်ကာ ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ထိုအချိန်တွင် ဒုတိယသခင်လေး ချီရွှယ်ဖုန်းက ရုတ်တရက် အေးစက်သော အသံဖြင့် မေးလိုက်သည်။
"မင်း... မင်းက လူလား၊ သရဲလား"
ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"မင်းအမြင်မှာကော ငါက ဘာနဲ့တူနေလို့လဲ"
ချီရွှယ်ဖုန်း ကြောင်အမ်းသွားပြီးနောက် အော်ဟစ်လိုက်သည်။
"ငါ မယုံဘူး၊ နတ်ဘုရားမီးတောက် အစီအရင်ထဲမှာ ဘယ်သူမှ အသက်ရှင်မနေနိုင်ဘူး၊ ဒါ သေချာပေါက် မျက်လှည့်ပြကွက် တစ်ခုခုပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား?"
သူ၏ အသံသည် စိတ်ဖောက်ပြန်နေသူ တစ်ယောက်ကဲ့သို့ပင် ဖြစ်နေသညခ။ ချီစစ်ရှန်သည်လည်း အလွန် လေးနက်သော မျက်နှာထားဖြင့် ရွှယ်အန်းကို ကြည့်နေသည်။ ရွှယ်အန်းမှာ မည်သည့်နည်းလမ်းကို သုံး၍ နတ်ဘုရားမီးတောက် အစီအရင်မှ လွတ်မြောက်လာသလဲ ဆိုသည်ကို သူလည်း နားမလည်နိုင် ဖြစ်နေသည်။
ရွှယ်အန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး အေးစက်စွာ ပြုံးလိုက်သည်။
"မယုံဘူးပေါ့၊ ကောင်းပြီလေ... ဒါဆိုရင် မင်း ယုံလာအောင် ငါ လုပ်ပေးရတာပေါ့"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် ကစဉ့်ကလျား ဖြစ်နေသေးသော နတ်ဘုရားမီးတောက် အစီအရင်ကို မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ချက် လက်ခနဲ ဖြတ်သန်းသွားပြီးနောက် ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ လက်ဝါးဖြန့်လျက် တည်ငြိမ်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။
"လာခဲ့စမ်း"
ဝုန်း!
ထိုစကားတစ်ခွန်းတည်းဖြင့် နတ်ဘုရားမီးတောက်များ၏ ချိတ်ဆက်မှုသည် ချက်ချင်း ပျက်စီးသွားပြီး မည်သူမျှ မဖျက်ဆီးနိုင်ဟု ယူဆထားကြသော နတ်ဘုရားမီးတောက် အစီအရင်ကြီးသည် ခဏမျှ တုန်ခါသွားပြီးနောက် ကြေမွသွားလေသည်။ ထို့နောက် ထိန်းချုပ်မှု ကင်းမဲ့သွားသော နတ်ဘုရားမီးတောက်များသည် ရွှယ်အန်း၏ လက်ဝါးထက်သို့ အလုအယက် တိုးဝင်လာကြသည်။
ခဏအတွင်းမှာပင် ကောင်းကင်ကြီးမှာ ကြည်လင်သွားပြီး နတ်ဘုရားမီးတောက် အားလုံးသည် ရွှယ်အန်း၏ လက်ဝါးထဲ၌ စုစည်းသွားကြသည်။ တစ်ချိန်က ဟိန်းဟောက်တောက်လောင်နေခဲ့သော နတ်ဘုရားမီးတောက်ကြီးသည် ယခုအချိန်တွင် ရွှယ်အန်း၏ လက်ဝါးပေါ်၌ ပျံဝဲနေသော ပဲစေ့အရွယ် မီးတောက်လေးများ အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
ထို့နောက် ရွှယ်အန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ပြီး ကြောင်အမ်းကာ စကားမပြောနိုင် ဖြစ်နေသော ချီရွှမ်ဖုန်းကို အေးစက်စွာ ပြုံးပြလိုက်သည်။
"ကဲ... အခု ယုံပြီလား"
ချီရွှမ်ဖုန်း၏ ကိုယ်ခန္ဓာ တုန်ယင်သွားပြီး မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖပ်သွားကာ အသံများ တုန်ရီနေသည်ာ
"မင်း... မင်း..."
သူတစ်ယောက်တည်း မဟုတ်ပေ။ ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားမီးတောက် အစီအရင်ကို ဤမျှ လွယ်ကူစွာ ဖျက်ဆီးနိုင်မည့်သူ ရှိလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးသောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် ရွှယ်အန်းက သက်ပြင်းအနည်းငယ် ချလိုက်ပြီး ပျင်းရိစွာ ပြောလိုက်သည်။
"နတ်ဘုရားမီးတောက် ဆိုတာ ဘယ်လောက်တောင် စွမ်းအားကြီးမလဲလို့ ငါ စမ်းကြည့်ချင်ခဲ့တာ ဒါပေမဲ့ တော်တော်လေး စိတ်ပျက်စရာ ကောင်းနေတာပဲ၊ ဒါကြောင့် စိတ်မကောင်းပါဘူး၊ ကစားပွဲ ပြီးပြီ"
ထိုစကားဆုံးသည်နှင့် ကျောက်ရုပ်ကဲ့သို့ ဖြစ်နေသော ချီစစ်ရှန်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိလိုက်ပြီး အလွန်အမင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မလုပ်ပါနဲ့..."
သို့သော် အရာအားလုံး နောက်ကျသွားချေသည်။ ရွှယ်အန်းသည် ရုတ်တရက် လက်ကို ဆုပ်လိုက်သည်။
သူ၏ လက်ဝါးပေါ်တွင် ပျံဝဲနေသော နတ်ဘုရားမီးတောက် အားလုံးသည် ချက်ချင်း ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။ ကွင်းပြင်အတွင်းရှိ လေထုသည် ခဏမျှ ရပ်တန့်သွားပြီးနောက် နားကွဲမတတ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
မီးနတ်ဘုရားမျိုးနွယ်စုမှ အဖွဲ့ဝင်အားလုံးသည် သူတို့၏ ခြေထောက်အောက်မှ မီးတောက်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ကြရသည်။ ထိုမီးတောက်များသည် သားကောင်ကို ရွေးချယ်လိုက်သော အဆိပ်ပြင်းမြွေများကဲ့သို့ ချက်ချင်း ပြန့်ပွားသွားလေတော့သည်။
အခန်း (၁၁၄၆) - လှိုင်းလုံးကြီးဖြင့် မျောပါခြင်း၊ ကောင်းကင်မီးတောက် ချောက်နက်ကြီး
တစ်ခဏအတွင်းမှာပင် မီးနတ်ဘုရားမျိုးနွယ်စုဝင်များသည် မီးတောက်များ၏ လွှမ်းခြုံမှုကို ခံလိုက်ရလေသည်။
"ဒါ... ဒါက နတ်ဘုရားမီးတောက်ရဲ့ ဒဏ်ပြန်သင့်တာပဲ"
တစ်စုံတစ်ယောက်က တံတွေးကို ခက်ခဲစွာ မျိုချရင်း ပြောလိုက်သည်။
နတ်ဘုရားမီးတောက် ဒဏ်ပြန်သင့်ခြင်း ဆိုသည်မှာ ဂိုဏ်းသားများ၏ ခန္ဓာကိုယ်အတွင်းရှိ အသက်ဝိညာဉ် မီးတောက် ငြိမ်းသတ်ခံလိုက်ရပါက ကြောက်မက်ဖွယ် ကန်ထွက်အားတစ်ခုကို ခံစားရပြီး ရုပ်ခန္ဓာသာမက ဝိညာဉ်ပါ ပျက်စီးသွားစေနိုင်သော အခြေအနေကို ဆိုလိုသည်။
ယခုလေးတင် အသက်သွင်းလိုက်သော နတ်ဘုရားမီးတောက် အစီအရင်သည် မီးနတ်ဘုရားမျိုးနွယ်စုဝင် အားလုံး၏ အသက်ဝိညာဉ် မီးတောက်များကို အသုံးပြုထားခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် ဤအရာက ထူးခြားသည် မဟုတ်သော်လည်း ရွှယ်အန်းက နတ်ဘုရားမီးတောက် အားလုံးကို သူ့လက်ဝါးအတွင်းသို့ ထိန်းချုပ် သိမ်းယူလိုက်မည်ဟု မည်သူက ကြိုတင်တွေးမိပါမည်နည်း။
ထိုသို့ လုပ်လိုက်ခြင်းမှာ မီးနတ်ဘုရားမျိုးနွယ်စုဝင်များက သူတို့ သဘောအလျောက် သေလမ်းရှာလိုက်သကဲ့သို့ ဖြစ်သွားသည်။ ဤအချက်သည် အစောက ချီစစ်ရှန် ထိတ်လန့်သွားရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ သို့သော် အဆုံးတွင် သူ တားဆီးနိုင်ခြင်း မရှိလိုက်ဘဲ နတ်ဘုရားမီးတောက် အားလုံးသည် ရွှယ်အန်း၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ငြိမ်းသတ်ခံလိုက်ရလေသည်။
နာကျင်စွာ အော်ဟစ်မြည်တမ်းသံများနှင့် သရဲတစ္ဆေတို့၏ ငိုရှိုက်သံကဲ့သို့သော အသံများကြားတွင် အားနည်းသော မီးနတ်ဘုရားမျိုးနွယ်စုဝင်များသည် အသက်ရှူချိန် သုံးကြိမ်မျှပင် မကြာလိုက်ဘဲ ပြာအဖြစ် ပြောင်းလဲသွားကြ၏။
သို့သော် စွမ်းအားကြီးသော သူများမှာမူ အချိန်အနည်းငယ် ပို၍ တောင့်ခံနိုင်ကြသည်။ ဥပမာအားဖြင့် ချီစစ်ရှန်နှင့် သူ့သား ချီရွှယ်ဖုန်းတို့ဖြစ်သည်။ ယခုအချိန်၌ သူတို့သည်လည်း သူတို့၏ အသက်ဝိညာဉ် မီးတောက် ဒဏ်ပြန်သင့်မှုကို ခံစားနေရသော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်များဖြင့် အသည်းအသန် ကြိုးစား၍ တောင့်ခံထားကြသည်။ သို့သော် ဤဒဏ်ပြန်သင့်မှုသည် ဝိညာဉ်ကို တိုက်ရိုက် သက်ရောက်မှုရှိရာ သူတို့အနေဖြင့် ရုန်းထွက်နိုင်ခြင်း မရှိပေ။
ထို့ကြောင့် ခဏမျှ ရုန်းကန်ပြီးနောက် ချီရွှမ်ယ်န်းသည် ဆက်လက် သည်းမခံနိုင်တော့ချေ။ သူသည် နာကျင်စွာ အော်ဟစ်လိုက်သည်။
"အဖေ... ကယ်ပါဦး၊ အဖေ... ကျွန်တော့်ကို ကယ်ပါဦး"
ဝမ်းနည်းစရာ ကောင်းသည်မှာ တစ်ချိန်က အရာရာကို လုပ်နိုင်စွမ်းရှိသည်ဟု ထင်ရသော ချီစစ်ရှန်သည် ယခုအချိန်တွင် သူ့သားကို ကယ်တင်ရန် အလုပ်ရှုပ်လွန်းနေပြီ ဖြစ်သည်။ ချီရွှယ်ဖုန်း အကြိမ်အနည်းငယ် အော်ဟစ်သော်လည်း အရာအားလုံး အချည်းနှီးဖြစ်ကြောင် နားလည်လိုက်သည်။
ထို့နောက် မျှော်လင့်ချက်မဲ့မှုနှင့် ဝိညာဉ်ပျက်စီးရမည့် ကြောက်ရွံ့မှုတို့အောက်တွင် သူသည် ရွှယ်အန်း၏ ရှေ့၌ ဒူးထောက်ချလိုက်လေသည်။
"အရှင်... ကျွန်တော် မှားမှန်း သိပါပြီ၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ၊ ကျွန်တော် အရှင့်ရဲ့ ကျွန်အဖြစ် တစ်သက်လုံး နေပါ့မယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ..."
သူ စကားဆုံးခါနီးတွင် အလွန်အမင်း ကြောက်ရွံ့မှုကြောင့် ငိုကြွေးလာတော့သည်။ ထိုကဲ့သို့ ဂုဏ်သိက္ခာမဲ့စွာ အသနားခံနေမှုသည် လူအများ၏ မျက်နှာအမူအရာများကို အနည်းငယ် ပြောင်းလဲသွားစေသည်။
ရွှယ်အန်းက သက်ပြင်းအနည်းငယ် ချလိုက်သည်။
"မင်းတို့လိုလူတွေက သေခါနီးမှပဲ လေးစားရကောင်းမှန်း သိတတ်ကြတာ ဘာလို့လဲ"
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ၊အရှင် ပြောတာ မှန်ပါတယ်၊ ကျွန်တော် တကယ်ပဲ မှားမှန်း သိပါပြီဖ ကျေးဇူးပြုပြီး ချမ်းသာပေးပါ၊ ကျွန်တော် အရှင့်ရဲ့ ကျွန်အဖြစ် နေပါ့မယ်"
ချီရွှယ်ဖုန်းသည် ကရုဏာသက်စေရန် အော်ဟစ်ငိုယို ပြောဆိုလေသည်။
ရွှယ်အန်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။
"အခု မင်းရဲ့ သနားစရာကောင်းနေတဲ့ ပုံစံနဲ့ ငါ့ကျွန်အဖြစ် အမှုထမ်းဖို့တောင် စောစောက မိန်းကလေးတစ်ယောက်လောက် တန်ဖိုးမရှိတော့ဘူး"
ထိုငြင်းပယ်စကားကြောင့် ချီရွှယ်ဖုန်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။ သူ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ထိုအချိန်၌ နတ်ဘုရားမီးတောက်၏ ဆက်တိုက် ဝါးမြိုမှုကို ခံနေရသော သူ၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ စတင် ပေါ်ပေါက်လာတော့သည်။
"မလုပ်ပါနဲ့..."
ချီရွှယ်ဖုန်းသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သို့သော် မကြာမီ အော်ဟစ်သံ ရုတ်တရက် ရပ်တန့်သွားသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြာအဖြစ် ပြောင်းလဲသွားပြီး သူ၏ ဝိညာဉ်ပါမကျန် လုံးဝ ပျောက်ကွယ်သွားလေသည်။ နတ်ဘုရားမီးတောက်များ ပျောက်ကွယ်သွားချိန်တွင် မြေပြင်ပေါ်၌ အဖြူရောင် အမှုန့်ပါးပါးလေးတစ်လွှာသာ ကျန်ရစ်တော့၏။ ချီရွှယ်ဖုန်း၏ ရုပ်အလောင်း အစအနဟူ၍ တစ်ခုမျှ မကျန်တော့ချေ။
ဤမြင်ကွင်းကို ကြည့်ရင်း လူများစွာသည် ဦးရေပြားများ ကျိန်းစပ်သွားပြီး ကိုယ်ခန္ဓာများ တုန်ယင်လာကြသည်။ ချီရွှယ်ဖုန်းနှင့် အနီးဆုံးတွင် ရှိနေသော ရွှယ်ဟွင်းဆိုလျှင် သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ယင်နေပြီး မေ့လဲလုနီးပါး ဖြစ်နေရှာသည်။
အခြေအနေများ ပြောင်းလဲမှုသည် မြန်ဆန်လွန်းလှသည်။ လွန်ခဲ့သော ခဏကမှ အသာစီး ရနေခဲ့သော မီးနတ်ဘုရားမျိုးနွယ်စုသည် ရုတ်တရက်ဆိုသလို လုံးဝနီးပါး ချေမှုန်းခံလိုက်ရသည်။ သူတို့၏ သခင်လေး ချီရွှယ်ဖုန်းပင်လျှင် ဝိညာဉ်ပါမကျန် သေဆုံးသွားခဲ့သည်။ ချီရွှယ်ဖုန်း မသေဆုံးခင် ကြုံတွေ့ခဲ့ရသော ကြေကွဲဖွယ် ဇာတ်သိမ်းကို တွေးမိရင်း ရွှယ်ဟွင်းသည် သူမ၏ သွေးများ ခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ကြီးမားသော ကြောက်ရွံ့မှုကြောင့် ရူးသွပ်လုနီးပါး ဖြစ်လာသည်။
သို့သော် ယခုအချိန်တွင် ရွှယ်အန်းသည် သူမကို ဂရုစိုက်ရန် စိတ်ကူးမရှိကြောင်း ထင်ရှားလှသည်။ ရွှယ်အန်းသည် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး နတ်ဘုရားမီးတောက်များ လွှမ်းခြုံနေသော်လည်း သူနှင့် တန်းတူ ရပ်တည်နေဆဲဖြစ်သော ချီစစ်ရှန်ကို ကြည့်ကာ ဖျော့တော့စွာ ပြုံးလိုက်သည်။
"စိတ်မကောင်းပါဘူး၊ ခင်ဗျားရဲ့ မီးနတ်ဘုရားမျိုးနွယ်စုတော့ မရှိတော့ဘူး"
ထိုအချိန်တွင် ချီစစ်ရှန်မှလွဲ၍ မီးနတ်ဘုရားမျိုးနွယ်စုဝင် အားလုံးကို ရွှယ်အန်းက သုတ်သင်ရှင်းလင်းပြီး ဖြစ်သည်။ ရွှယ်အန်း၏ စကားကို ကြားပြီးနောက် ချီစစ်ရှန်သည် ဒေါသတကြီး နှာမှုတ်လိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောပေ။
ရွှယ်အန်းက တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ခင်ဗျားသားလည်း သေသွားပြီ၊ ဒါပေမဲ့ ခင်ဗျားက နည်းနည်းမှ ဝမ်းနည်းပုံ မရပါလား၊ ဪ... ကျွန်တော် သဘောပေါက်ပြီ၊ ခင်ဗျားက အခု နတ်ဘုရားမီးတောက် ဒဏ်ပြန်သင့်တာကို အစွမ်းကုန် ခုခံနေရလို့ အာရုံလွင့်သွားလို့ မဖြစ်ဘူးမလား ဒါမှမဟုတ်ရင် ခင်ဗျားလည်း လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်၊ ဟုတ်တယ်မလား?"
တောက်လောင်နေသော မီးတောက်များကြားတွင် တိတ်ဆိတ်မှု တစ်ခဏ ဖြတ်သန်းသွားပြီးနောက် ငရဲမှ လာသည့်အလား အေးစက်သော ချီစစ်ရှန်၏ အသံ ထွက်ပေါ်လာသည်။
"ရွှယ်အန်း... မင်း ထင်တာ မှန်တယ်၊ ငါ့ဂိုဏ်းသားတွေ အကုန်သေပြီ၊ ငါ့သားတောင် သေပြီ၊ ဒါပေမဲ့ မင်း တကယ်ပဲ နိုင်သွားပြီလို့ ထင်နေတာလား"
ရွှယ်အန်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
"တခြား ဘာရှိသေးလို့လဲ"
ထိုအချိန်တွင် မီးတောက်များကြားမှ ကြွပ်ဆတ်သော အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် ချီစစ်ရှန်၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။ ၎င်းမှာ သူ အသည်းအသန် ခုခံနေခဲ့သော နတ်ဘုရားမီးတောက်က နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ကို အက်ကွဲသွားစေသောကြောင့် ဖြစ်သည်။
သို့သော် အော်ဟစ်ပြီးနောက် ချီစစ်ရှန်သည် ရုတ်တရက် ဟားတိုက် ရယ်မောလိုက်လေသည်။
"ရွှယ်အန်း... မင်းရဲ့ ကျင့်ကြံမှုအဆင့်က အံ့သြစရာ ကောင်းတယ် ဆိုတာ ငါ ဝန်ခံတယ်၊ မင်းရဲ့ နည်းလမ်းတွေကလည်း ကြောက်စရာကောင်းပါတယ်၊ ဒါပေမဲ့ မင်းကို စွမ်းအားအကြီးဆုံးလို့ ခေါ်လို့ မရသေးဘူး"
"ဒီလူတွေ သေသွားလို့ ငါ နှလုံးကွဲပြီး စိတ်ပျက်အားငယ် သွားမယ်လို့ မင်း ထင်နေတာလား၊ ဟင့်အင်း... မင်း မှားတယ်၊ ငါ ရှိနေသရွေ့ မီးနတ်ဘုရားမျိုးနွယ်စုက ပျက်စီးမှာ မဟုတ်ဘူး၊ ဂိုဏ်းသားတွေနဲ့ သားတွေဆိုတာက ငါ့မျက်လုံးထဲမှာတော့ အချိန်မရွေး စတေးပစ်လို့ရတဲ့ စစ်တုရင် နယ်ရုပ်တွေသက်သက်ပဲ"
လူအုပ်ကြီးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ရွှယ်အန်းလည်း မျက်ခုံးအနည်းငယ် ပင့်ကာ တစ်ဝက်ပြုံး တစ်ဝက်မဲ့ဖြင့် မေးလိုက်သည်။
"အို... ဟုတ်လား"
"ဒါပေါ့၊ ဘာလို့လဲဆိုတော့ စစ်မှန်တဲ့ စွမ်းအားကြီးသူတစ်ယောက်ရဲ့ မျက်လုံးထဲမှာ ကိုယ့်ကိုယ်ကိုယ်ကလွဲရင် ကျန်တဲ့အရာအားလုံးကို စတေးပစ်လို့ ရတယ်လေ"
"အခုချိန်ထိ ထွက်ပြေးလို့ ရမယ်လို့ ထင်နေတုန်းပဲလား"
ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
"ဟက်... ရွှယ်အန်း၊ မင်းက တကယ့်ကို ဗဟုသုတ နည်းပါးတဲ့ တွင်းအောင်းဖားသူငယ်ပါလား၊ ဒီနေ့ မီးနတ်ဘုရားမျိုးနွယ်စုရဲ့ စစ်မှန်တဲ့ အင်အားကို မင်းတို့အားလုံး မြင်တွေ့စေရမယ်"
ထိုစကားနှင့်အတူ ချီစစ်ရှန်သည် ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် နတ်ဘုရားမီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသော်လည်း ထိုအချိန်လေးမှာပင် နတ်ဘုရားအလင်းတန်းတစ်ခု ပစ်ထွက်လာပြီး အပေါ်သို့ လှည့်ပတ်တက်ကာ ကောင်းကင်ယံဆီသို့ ပျံတက်သွားလေသည်။
လူတိုင်း အနည်းငယ် ကြောင်အမ်းသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ချီစစ်ရှန်သည် သူ၏ ဝိညာဉ် လွတ်မြောက်စေရန်အတွက် သူ၏ ရုပ်ခန္ဓာကိုယ်ကို စတေးလိုက်သည်မှာ သိသာထင်ရှားလှသောကြောင့် ဖြစ်သည်။
သို့သော် ထိုသို့ လုပ်လိုက်ခြင်းသည် သူ၏ ကျင့်ကြံမှုအဆင့်များ အားလုံး သဲထဲရေသွန် ဖြစ်သွားသဖြင့် စွမ်းအားရှင်တစ်ယောက်အတွက်မူ သေတာထက် ပိုဆိုးပေလိမ့်မည်။ ဤမျှ ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ပြီး ချီစစ်ရှန်က ဘာကိုများ လုပ်ဆောင်ရန် ကြိုးစားနေသနည်း။
လူတိုင်းသည် မရေရာသော ထိတ်လန့်
သော အခြေအနေသို့ ရောက်နေကြသည်။ ရွှယ်အန်း၏ အပြုံးကသာ ပိုမို ကျယ်ပြန့်လာပြီး သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
"နောက်ဆုံးတော့... စလာပြီလား"
သူ့ စကားဆုံးသည်နှင့် တပြိုင်နက် အောက်ခြေမှ မြေကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာတော့သည်။ မီးနတ်ဘုရားမျိုးနွယ်စု၏ နန်းဆောင်တစ်ခုလုံးသည်လည်း ဖိအားအောက်တွင် ညည်းညူသံများ ထွက်ပေါ်လာသည်။ လူတိုင်း ထိတ်လန့်သွားကြပြီး အပြင်သို့ အမြန် ပျံထွက်သွားကြသည်။
အပြင်သို့ ရောက်သောအခါ အံ့ဖွယ် မြင်ကွင်းတစ်ခုသည် လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာလေသည်။
ကျယ်ပြောလှသော အဆုံးမဲ့ ကောင်းကင်မီးတောက် သဲကန္တာရကြီးသည် နိုးထလာသော စပါးအုံးမြွေကြီးတစ်ကောင်ကဲ့သို့ မရပ်မနား တွန့်လိမ်လှုပ်ရှားနေပြီး ကြီးမားသော ချောက်နက်ကြီးတစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။
တစ်ခဏအတွင်းမှာပင် မိုင်ပေါင်းထောင်ချီ ရှည်လျားသော ကြီးမားသည့် ချောက်ကမ်းပါးကြီးတစ်ခုသည် သဲကန္တာရ အလယ်တွင် ပေါ်လာပြီး ၎င်း၏ အနက်မှာ အဆုံးကို မမြင်နိုင်လောက်အောင် နက်ရှိုင်းလှသဖြင့် ချောက်နက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။
ဤအရာကို မြင်လိုက်ရသောအခါ တစ်စုံတစ်ယောက်၏ မျက်နှာသည် ပြာနှမ်းသွားပြီး တုန်ရီစွာ ပြောလိုက်သည်။
"ကောင်းကင်... ကောင်းကင်မီးတောက် ချောက်နက်ကြီးပဲ၊ ဒါက မီးနတ်ဘုရားမျိုးနွယ်စုရဲ့ ရှေးဟောင်းနယ်မြေ ကောင်းကင်မီးတောက် ချောက်နက်ကြီးပဲ"
တစ်ချိန်တည်းမှာပင် ချောက်နက်ကြီး အတွင်းမှ မောက်မာသော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
"ရွှယ်အန်း... မင်းရဲ့ အပြစ်ကို မင်း သိပြီလား”