← Chapters

အခန်း (၁၁၄၇-၁၁၄၉)

Vol. 77 Ch. 1147-1149

အခန်း (၁၁၄၇-၁၁၄၉)

Vol. 77 Ch. 1147-1149

အခန်း (၁၁၄၇) - လေဟာနယ် အက်ကြောင်းနှင့် လက်ဝါးရိုက်ချက် ပေါက်ကွဲမှု

ထိုစကား အဆုံးသတ်သွားပြီးနောက် ကောင်းကင်မီးတောက် ချောက်နက်ကြီး၏ အထက်တွင် ဝိုးတဝါးဖြစ်နေသော ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။ ထိုသူမှာ အခြားသူမဟုတ်ပဲ မောက်မာဝင့်ကြွားနေသော မျက်နှာထားဖြင့် ရှိနေသည့် ချီစစ်ရှန်ပင် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူသည် ရုပ်ခန္ဓာမဲ့နေပြီး ဝိညာဉ်သဏ္ဌာန် ဖြစ်‌နေသော်လည်း ဤကမ္ဘာလောကတွင် မရှိသည့်အလား ရပ်တန့်နေသည်။ ထိုနေရာရှိ စွမ်းအားရှင်များ၏ စိတ်ဝိဉာဉ်စွမ်းအားဖြင့် ထောက်လှမ်း၍ပင် မရနိုင်ချေ။ ဤကဲ့သို့ ထူးဆန်းသော ဖြစ်ရပ်ကြောင့် လူတိုင်း နက်ရှိုင်းစွာ တုန်လှုပ်သွားကြသည်။

ရွှယ်အန်းက တိတ်ဆိတ်စွာ ကြည့်နေပြီး ခဏကြာမှ ပေါ့ပါးစွာ ရယ်မောကာ ပြောလိုက်သည်။

"ငါ့အပြစ်ကို သိလား ဟုတ်လား၊ ငါ့မှာ ဘာအပြစ်ရှိလို့လဲ"

ချီစစ်ရှန်က ထူးဆန်းစွာ တဟားဟား ရယ်မောလိုက်သည်။

"ရွှယ်အန်း... မင်း ငါ့ဂိုဏ်းသားတွေကို သတ်တယ်၊ ငါ့သားကို သတ်တယ်၊ မင်းရဲ့အပြစ်က သေဒဏ်နဲ့ ထိုက်တန်တယ်၊ ဒါပေမဲ့ ငါလို ဂုဏ်သရေရှိ ဂိုဏ်းချုပ်ကြီးတစ်ယောက်အနေနဲ့ သဘောထားကြီးမှုတွေ ရှိပါတယ်၊ မင်း အခု ငါ့ကို အညံ့ခံမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးဖို့ ငါ စဉ်းစားပေးလို့ရတယ်"

"အို... ခင်ဗျားကို အညံ့ခံရမယ် ဟုတ်လား"

ရွှယ်အန်းက စိတ်ဝင်တစား မေးလိုက်သည်။

"ဒါပေါ့"

ထိုအချိန်တွင် ချီစစ်ရှန်၏ မျက်လုံးများထဲ၌ လောဘရိပ်များ ဖြတ်သန်းသွားသည်။

"ဒါပေမဲ့ လိုအပ်ချက်ကတော့ မင်းမှာရှိသမျှ လျှို့ဝှက်သိုင်းကျမ်းတွေ၊ ကျင့်စဉ်တွေကို ငါ့ကို ပေးရမယ်၊ ဒါမှ ငါ မင်းကို လွှတ်ပေးနိုင်မှာ"

ဤသည်မှာ ချီစစ်ရှန်၏ ရည်ရွယ်ချက်အမှန်ပင် ဖြစ်သည်။ အမှန်တကယ်တော့ သူသည် ရွှယ်အန်း၏ အဆုံးမဲ့ပြီး အလွန်အမင်း စွမ်းအားကြီးမားသော လျှို့ဝှက်သိုင်းများကို လိုချင်တပ်မက်နေသည်မှာ ကြာပြီဖြစ်သည်။ အကယ်၍သာ ထိုအရာများကို ရရှိခဲ့လျှင် မီးနတ်ဘုရားမျိုးနွယ်စုသည် စကြာဝဠာအတွင်း ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်လာရုံသာမက အဆင့်မြင့် နတ်ဘုရားလောက သို့ပါ တက်လှမ်းနိုင်ပြီး နတ်ဘုရားနယ်ပယ် တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်အားကြီး ဂိုဏ်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုအရာနှင့် ယှဉ်လိုက်လျှင် ဂိုဏ်းသားများ သေဆုံးခြင်းနှင့် သူ့သားနှစ်ယောက် သေဆုံးခြင်း ဆိုသည်မှာ ဘာမျှ မပြောပလောက်သော ကိစ္စများသာ ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ရွှယ်အန်းသည် ချီစစ်ရှန်၏ ကမ်းလှမ်းမှုကို အလေးအနက် စဉ်းစားနေသည့်အလား တိတ်ဆိတ်နေလေသည်။ ထိုအခါ ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ အဖွဲ့ဝင်များ၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။ အထူးသဖြင့် ကျုံးအန်းအန်း၏ မျက်နှာပေါ်တွင် ထိတ်လန့်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

အ... အရှင်က ဒီချီစစ်ရှန်ကို တကယ်ပဲ အညံ့ခံလိုက်တော့မှာလား...

ကျုံးအန်းအန်းပင်လျှင် လက်ရှိ ချီစစ်ရှန်မှာ ရိုးရှင်းသော အခြေအနေမဟုတ်ကြောင်း မြင်နိုင်သည်။ မည်သူ့၏ အာရုံစွမ်းအားကမျှ သူ့ကို ထောက်လှမ်း၍ မရခြင်းကပင် သူ့တွင် ယုံကြည်မှု အပြည့်အဝ ရှိနေကြောင်း သက်သေပြနေသည်။

ကျုံးအန်းအန်းသည် ထိုက်ယင်ဂိုဏ်းသား တစ်ယောက်အနေဖြင့် ကောင်းကင်မီးတောက် ချောက်နက်ကြီး အကြောင်း ဒဏ္ဍာရီများကို ကြားဖူးထားသည်။ ထိုနေရာသည် နတ်ဘုရားလောကတွင်ပင် တွေ့ရခဲသော နေရာဖြစ်ပြီး ရေတွက်၍ မရနိုင်သော ကောင်းကင်မီးတောက်များဖြင့် ပြည့်နှက်နေကာ အံ့ဖွယ် အသုံးပြုပုံ အမျိုးမျိုး ရှိသည်ဟု ဆိုကြသည်။ ထိုအချက်ကို တွေးမိကာ ကျုံးအန်းအန်း၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာပြီး ရွှယ်အန်းကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။

ရွှယ်အန်းက ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါ ချီစစ်ရှန်သည် စိတ်ထဲတွင် ကျေနပ်အားရ သွားပြီး ဆက်ပြောလိုက်သည်။

"စိတ်ချပါ၊ စွမ်းအားကြီးတဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဂိုဏ်းသားတွေ၊ သားတွေ သေတာလောက်နဲ့ မင်းအပေါ် ဒေါသပုံချမှာ မဟုတ်ပါဘူး၊ လျှို့ဝှက်သိုင်းတွေ၊ ကျင့်စဉ်တွေ ပေးပြီးရင် ငါတို့နှစ်ယောက် လက်တွဲလို့ ရတာပဲ၊ အဲဒီကျရင် နတ်ဘုရားနယ်ပယ်ကြီးက ကျယ်ပြောပေမဲ့ ငါတို့ လွတ်လွတ်လပ်လပ် သွားလာလို့ ရပြီလေ"

သေချာသည်မှာ ဂုဏ်သရေရှိ ဂိုဏ်းခေါင်းဆောင်တစ်ယောက် အနေဖြင့် ချီစစ်ရှန်သည် လူတို့၏ စိတ်နှလုံးကို ကစားရာတွင် အလွန် ကျွမ်းကျင်လှသည်။ အနည်းဆုံးတော့ ဤစကားများက လူများစွာ၏ စိတ်ကို ယိမ်းယိုင်သွားစေသည်။ ဤအခွင့်အရေးသည် တစ်သက်တွင် တစ်ခါသာ ရနိုင်သည်ဖြစ်ရာ ရွှယ်အန်း သေချာပေါက် သဘောတူလိမ့်မည်ဟု ထင်နေကြသည်။

ချီစစ်ရှန်သည်လည်း ပြုံး၍ စောင့်ကြည့်နေသော်လည်း သူ့စိတ်ထဲတွင်မူ ရွှယ်အန်းထံမှ အသုံးဝင်သမျှကို အရည်ညှစ်ထုတ်ယူပြီးနောက် ကောင်းကင်မီးတောက်ဖြင့် ချက်လုပ်ခြင်းကို ခံစားစေရမည်ဟု ကြံစည်နေလေသည်။

သို့သော် ထိုအချိန်လေးမှာပင် ရွှယ်အန်းက သက်ပြင်းအပျော့စားလေး တစ်ချက် ချလိုက်သည်။

"ဂုဏ်သရေရှိ ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ လုပ်ရပ်တွေက မလွန်ကဲပါဘူး ဒါပေမဲ့ ခင်ဗျားရဲ့ အကြီးမားဆုံး ပြဿနာကတော့..."

ရွှယ်အန်း ရုတ်တရက် ခေါင်းမော့လိုက်သည်။

"ခင်ဗျားမှာ အခြေခံ ကိုယ်ကျင့်တရား စည်း မရှိတာပဲ"

"ခင်ဗျားအတွက်ကတော့ စွမ်းအားရဖို့ ဘာမဆိုလုပ်တာ ပုံမှန်လို့ ထင်ရပေမဲ့ ဒီလိုစိတ်ဓာတ် ရှိနေသရွေ့ ခင်ဗျား ပိုင်ဆိုင်ထားတဲ့ အင်အားကပဲ ခင်ဗျားရဲ့ ကျဆုံးခန်း ဖြစ်လာလိမ့်မယ်"

"ဘာလို့လဲဆိုတော့ မျက်လုံးတွေ အမြင်မှားနေတဲ့အခါ ဘာကိုမှ ပိုမမြင်နိုင်တော့ဘူးလေ၊ အားနည်းခြင်းနဲ့ မသိနားမလည်ခြင်းက ရှင်သန်ရပ်တည်ဖို့ အတားအဆီး မဟုတ်ဘူး၊ မာနထောင်လွှားခြင်းကသာ အတားအဆီးပဲ"

ဤစကားများသည် လူအများစုကို မျက်မှောင်ကြုတ်သွားစေပြီး နားမလည်နိုင် ဖြစ်သွားစေသည်။ ကျုံးအန်းအန်း တစ်ယောက်သာ အနည်းငယ် အံ့သြသွားပြီး စဉ်းစားခန်း ဝင်သွားသော အမူအရာ ပေါ်လာသည်။

သို့သော် ချီစစ်ရှန်ကတော့ ထိုစကားများကို နားဝင်မည့်ပုံ မပေါ်ပေ။ သူ၏ မျက်နှာထား မည်းမှောင်သွားပြီး ယုတ်မာသော အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

"ရွှယ်အန်း... ငါ့ကို ဆရာလုပ်ဖို့ မင်းအလှည့် မရောက်သေးဘူး၊ မင်း အရင်က မိုင်ထောင်ချီ ခရီးကို ဖြတ်သန်းနိုင်ခဲ့တာနဲ့ပဲ အခု ငါ့ကို ဘာမဆို လုပ်နိုင်မယ် ထင်နေလား၊ ငါ ရပ်နေတဲ့ နေရာက မင်း လက်လှမ်းမီတဲ့ နေရာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် ချီစစ်ရှန်က မောက်မာစွာ ရယ်မောလိုက်သည်။

"အို... ဟုတ်လား"

ရွှယ်အန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ထိုခြေတစ်လှမ်းတည်းဖြင့် ရွှယ်အန်းသည် ချီစစ်ရှန်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

လက်ဝါးရိုက်ချက်မှ လေပြင်းများသည် မုန်တိုင်းကဲ့သို့ လှည့်ပတ်တိုက်ခတ်သွားပြီး၊ ၎င်း၏ စွမ်းအားသည် လူကို ကြောက်လန့်တုန်လှုပ်သွားစေလောက်သည်။ သို့သော် ထိုမျှ အင်အားကြီးမားသော လက်ဝါးရိုက်ချက်သည် ချီစစ်ရှန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖြတ်သန်းသွားလေသည်။

ချီစစ်ရှန်၏ ခန္ဓာကိုယ်သည် လေထုကဲ့သို့ ဖြစ်နေပြီး ရွှယ်အန်း၏ လက်ဝါးသည် မည်သည့် ခုခံမှုမှ မရှိဘဲ ဖြတ်သန်းသွားရာ အနည်းငယ်မျှပင် ထိရောက်မှု မရှိချေ။

ချီစစ်ရှန်က အောင်နိုင်သူအလား ရယ်မောလိုက်သည်။

"ရွှယ်အန်း... မင်းရဲ့ အားအင်တွေကို ချွေတာထားလိုက်ပါတော့၊ ငါ အခု ရှိနေတဲ့ နေရာက မင်း စိတ်ကူးလို့ရတဲ့ နေရာ မဟုတ်ဘူး၊ နောက်တစ်ခါ ထပ်ပြောမယ်... အညံ့ခံလိုက်စမ်းပါ"

"လေဟာနယ် အက်ကွဲကြောင်းထဲမှာ ပုန်းနေတာလေးကိုများ.. ဘာများ အထင်ကြီးစရာ ရှိလို့လဲ၊ ပြီးတော့... ခင်ဗျားက တော်တော် စကားများတာပဲ"

ရွှယ်အန်း၏ အေးစက်သော တုံ့ပြန်စကား အဆုံးတွင် သူသည် လက်ဝါးကို ဆန့်ထုတ်လိုက်သည်။ သူ၏ လက်တစ်ဖက်သည် လေဟာနယ် အလွှာများကို ထိုးဖောက်ကာ ချီစစ်ရှန်၏ ရှေ့တည့်တည့်၌ ပေါ်လာပြီး ၎င်းလည်ပင်းကို ဖမ်းဆုပ်ကာ အပြင်သို့ ကြမ်းတမ်းစွာ ဆွဲထုတ်လိုက်လေသည်။

ချီစစ်ရှန်၏ မျက်နှာ ရိုင်းစိုင်းစွာ ပြောင်းလဲသွားပြီး မယုံကြည်နိုင်စွာ ဟိန်းဟောက်လိုက်သည်။

"မင်း..."

သို့သော် ရွှယ်အန်းသည် ဤလူနှင့် စကားဆက်ပြောကာ အချိန်မဖြုန်းချင်တော့ပေ။

"ဒါက ခင်ဗျားရဲ့ ကိုယ်ပွားတစ်ခုမှန်း ငျုက်သိတယ်၊ ဒါပေမဲ့ ဒီနေ့ ခင်ဗျား သေကို သေရမယ်လို့ ပြောပြီးသားပဲ"

ထိုစကားဆုံးသည်နှင့် ရွှယ်အန်းသည် လက်ကို ပြင်းထန်စွာ ဆုပ်နယ်လိုက်သည်။

ဝုန်း!

ပုပ်ပွနေသော ဖရဲသီးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ အသံမျိုး ထွက်ပေါ်လာကာ ချီစစ်ရှန်၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ကြေမွသွားလေသည်။

ထို့နောက် ကောင်းကင်မီးတောက် ချောက်နက်ကြီး အတွင်းမှ စူးရှသော နာကျင်အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

"ရွှယ်အန်း... မင်း ငါ့ကို အတင်းအကျပ် ဖိအားပေးနေတာပဲ"

"ကောင်းကင်မီးတောက်... ကိုယ်ထင်ပြစမ်း"

ချောက်နက်ကြီးထဲတွင် ပုန်းအောင်းနေသော ချီစစ်ရှန်သည် အလွန်အမင်း ဒေါသထွက်နေသည်မှာ ထင်ရှားလှသည်။ သူ၏ အမိန့်ပေးသံအဆုံးတွင် နက်ရှိုင်းလှသော ချောက်နက်ကြီး အတွင်း၌ အလင်းစက်လေးများ ပေါ်ထွက်လာသည်။

ထိုအလင်းစက်များသည် နက်ရှိုင်းသော ပင်လယ်ကြမ်းပြင်မှ ရေခူများပမာ တောက်ပနေပြီး အပေါ်သို့ ဖြည်းညှင်းစွာ ပျံတက်လာကြသည်။ ခဏအကြာတွင် ထိုအလင်းစက်များသည် ချောက်နက်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လူတိုင်း၏ ရှေ့မှောက်သို့ ရောက်လာသောအခါ အားလုံး အံ့အားသင့် သွားကြသည်။

ထိုအလင်းစက်များသည် တကယ်တော့ အရောင်စုံလင်သော မီးတောက်များ ဖြစ်ကြသည်။ ထိုမီးတောက်များသည် ချောက်နက်ကြီးအထက်တွင် ပျံဝဲနေပြီး ကွက်ကွက်ကွင်းကွင်း ထင်ရှားသော အရောင်စုံ မီးပင်လယ်ကြီး တစ်ခုအဖြစ် ပုံဖော်လိုက်ကြသည်။ မြင်ကွင်းသည် အလွန် ခမ်းနားထည်ဝါလှသည်။

တစ်ချိန်တည်းမှာပင် မီးပင်လယ်ကြီး အတွင်း၌ လှိုင်းလုံးကြီးတစ်ခု ကြွတက်လာပြီး ၎င်းထဲမှ ပေတစ်ရာကျော် မြင့်မားသော ဧရာမ လူပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ ချီစစ်ရှန်မှလွဲ၍ အခြားသူ မဟုတ်ပေ။

သူ ပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး၏ အပူချိန်သည် ရုတ်တရက် မြင့်တက်သွားလေသည်။ လူများစွာသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏ ဆံပင်နှင့် မုတ်ဆိတ်မွေးများ မီးလောင်ကျွမ်းတော့မတတ် ခံစားလိုက်ရသဖြင့် ထိတ်လန့်တကြား မျက်နှာလွှဲလိုက်ကြပြီး တည့်တည့်ပင် မကြည့်ရဲကြတော့ပေ။

ရွှယ်အန်းတစ်ယောက်သာ မတ်မတ်ရပ်လျက် ချီစစ်ရှန်၏ ကြီးမားသော ပုံရိပ်ကို မော့ကြည့်ကာ အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။

"အင်း၊ အခုမှပဲ ကြည့်ပျော်ရှုပျော် ရှိလာတော့တယ်"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် ဝတ်ရုံကို ခါယမ်းကာ ကောင်းကင်သို့ ပျံတက်သွားပြီး ချက်ချင်းပင် ချီစစ်ရှန်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။

ယခုအချိန်တွင် ချီစစ်ရှန်သည် မီးနတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေပြီး ရွှယ်အန်း ချဉ်းကပ်လာသည်ကို မြင်သောအခါ သူ၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ချက် လက်ခနဲ ဖြစ်သွားသည်။

မီးအလင်းတန်းနှစ်ခုသည် ရွှယ်အန်းထံသို့ ပစ်ထွက်သွားပြီး လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို လောင်ကျွမ်းစေကာ လေဟာနယ်ကိုပင် တူးခြစ်သွားသကဲ့သို့ ဖြစ်နေသည်။

သို့သော် ရွှယ်အန်းက လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုမီးအလင်းတန်းနှစ်ခု ပျောက်ကွယ်သွားသည်။ ထို့နောက် သူက အေးစက်စွာ ပြုံး၍ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ချီစစ်ရှန်၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားကာ မိုးကြိုးပစ်ချသည့်အလား ပြင်းထန်သော လက်သီးချက်ဖြင့် ထိုးချလိုက်လေတော့သည်။

အခန်း (၁၁၄၈) - နှင်းဝတ်ရုံဖြူနှင့် တစ်ကိုယ်တော်ခြေလှမ်း၊ မီးလျှံထောင်သောင်း၏ ဦးညွှတ်ခြင်း

ချီစစ်ရှန်သည် ရွှယ်အန်း၏ အထက်စီးဆန်သော အကြည့်ကို မြင်လိုက်ရသောအခါ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ ကြီးမားသော လက်သီးကြီးဖြင့် ရွှယ်အန်းကို တည့်တည့် ချိန်ရွယ်၍ ထိုးချလိုက်သည်။

ချီစစ်ရှန်၏ တောင်ကုန်းပမာ လက်သီးကြီးနှင့် ယှဉ်လိုက်လျှင် ရွှယ်အန်း၏ ခန္ဓာကိုယ်သည် ပုရွက်ဆိတ်ကလေးပမာ အလွန် သေးငယ်နေသည်။ လက်သီးမှ ထွက်ပေါ်လာသော လေပြင်းကြောင့် ရွှယ်အန်း၏ ခန္ဓာကိုယ်သည် လေထဲတွင် ယိမ်းထိုးသွားသည်။ သို့သော် ထိုသို့ ဖြစ်နေသည့်တိုင် ရွှယ်အန်းသည် အနည်းငယ်မျှ နောက်မဆုတ်ဘဲ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

အဆုံးတွင် သူတို့၏ လက်သီးနှစ်ဖက် ထိတွေ့သွားကြသည်။ သို့သော် မမျှော်လင့်စွာ မိုးမြေတုန်ဟည်းသော အသံများ ထွက်မလာသည့်အပြင် အခြားသော တုန်ခါမှုများလည်း မရှိချေ။ လက်သီးနှစ်ဖက်သည် တိတ်ဆိတ်စွာ ထိတွေ့သွားခြင်း ဖြစ်သည်။

သို့သော် အသက်ရှူချိန် တစ်ခဏ အကြာတွင် သူတို့၏ လက်သီးနှစ်ဖက်ကို ဗဟိုပြု၍ ကြောက်မက်ဖွယ် ကောင်းသော တုန်ခါမှုလှိုင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး ပျံ့နှံ့သွားလေသည်။ ထိုလှိုင်းနှင့်အတူ လူတိုင်း၏ မျက်နှာများကို ဖြူဖပ်သွားစေနိုင်လောက်သည့် နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

တစ်ခဏအတွင်းမှာပင် တုန်ခါမှုလှိုင်းသည် စကြာဝဠာတစ်ခုလုံးကို ဖြတ်သန်းသွားပြီး ကောင်းကင်ယံမှ တိမ်တိုက်များကို ရှင်းလင်းပစ်လိုက်သည်။

ဘယ်သူနိုင်ပြီး ဘယ်သူရှုံးသွားလဲ...

လူအုပ်ကြီးသည် သံသယများဖြင့် အံ့အားသင့်နေကြပြီး အလင်းရောင်များ မှေးမှိန်သွားသောအခါ အားလုံးက အာရုံစိုက်၍ ကြည့်လိုက်ကြသည်။

ရွှယ်အန်းသည် မီတာအနည်းငယ် နောက်သို့ ယိုင်ဆင်းသွားသည်ကို မြင်လိုက်ရသော်လည်း ထိုအချက်မှလွဲ၍ သူ့တွင် အခြား ထူးခြားသော ဒဏ်ရာရသည့် လက္ခဏာ မရှိပေ။

ဆန့်ကျင်ဘက်အားဖြင့် ချီစစ်ရှန်၏ အခြေအနေမှာမူ အလွန် ဆိုးရွားနေသည်။ သူ၏ လက်မောင်းတစ်ဖက် ပွင့်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သို့သော် ချက်ချင်းပင် ကောင်းကင်မီးတောက် ချောက်နက်ကြီး'၏ စွမ်းအားက အစားထိုး ဝင်ရောက်လာပြီး ယခင်အတိုင်း ပြန်လည် ကုစားပေးလိုက်သည်။

သို့သော် ထိုနာကျင်မှုသည် ချီစစ်ရှန်ကို ဒေါသထွက်စေရန် လုံလောက်နေပြီး သူသည် ရွှယ်အန်းကို နက်ရှိုင်းသော ကြောက်ရွံ့မှုများဖြင့် ကြည့်လိုက်မိသည်။ သူသည် ကောင်းကင်မီးတောက် ချောက်နက်ကြီး၏ အကူအညီဖြင့် သူ့ရှေ့ရှိ ရွှယ်အန်းကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်မည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤလက်သီးချက်က သူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ဒီလူက ဘယ်သူများလဲ၊ ဘာကြောင့် ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားရတာလဲ

ဤမေးခွန်းသည် ချီစစ်ရှန်၏ မေးခွန်းသာမက လူတိုင်း၏ မေးခွန်းလည်း ဖြစ်နေသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ခေါင်းကိုငုံ့ကာ ကောင်းကင်မီးတောက် ချောက်နက်ကြီးတစ်ခုလုံးကို ကြည့်ရှုလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"နောက်ထပ် ပြကွက်သစ်တွေ ကျန်သေးလား၊ မရှိတော့ရင်... မင်းကို ဇာတ်သိမ်းပေးရတော့မယ်"

ထိုစကားကို ကြားသောအခါ ချီစစ်ရှန်သည် အလွန်အမင်း ဒေါသထွက်သွားပြီး ချောက်နက်ကြီးထဲမှ မီးတောက်အရှိန်အဝါများသည် သူ့ဒေါသနှင့်အတူ မြင့်တက်လာသည်။ သူသည် ယခုအချိန်တွင် မီးဝိညာဉ် ခန္ဓာကိုယ် ဖြစ်နေပြီဖြစ်ရာ အရိုင်းဆန်သော မီးတောက်များ၏ စိတ်အခြေအနေကိုပါ အမွေဆက်ခံထားရသဖြင့် ရွှယ်အန်း၏ စကားကို ကြားပြီးနောက် ချီစစ်ရှန်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ရွှယ်အန်း၊ မင်းက တကယ်ပဲ သာမန်လူ မဟုတ်ပါလား၊ ဒါပေမဲ့ ဒီနေ့... အင်မော်တယ်သခင်စွမ်းအားရှင် တစ်ယောက် ငါ့ရှေ့ရောက်လာရင်တောင် ဒီနေရာမှာပဲ ကျဆုံးစေရမယ်"

ချီစစ်ရှန်၏ စကားအဆုံးတွင် ချောက်နက်ကြီးထဲမှ ကောင်းကင်မီးတောက်များသည် ပိုမို မြင့်တက်လာပြီး စုစည်းလာကြသည်။ တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံသို့ ထိုးတက်နေသော ဧရာမ အရောင်စုံ ကောင်းကင်မီးတောက်ကြီး အဖြစ်သို့ ပြောင်းလဲသွားလေသည်။

"ရွှယ်အန်း... ဒီသိုင်းကွက်အောက်မှာ သေဆုံးရတာက မင်းအတွက် ကံကောင်းခြင်းပဲ"

ထိုသို့ ပြောပြီးနောက် ချီစစ်ရှန်သည် လက်ကိုမြှောက်ကာ ညွှန်ပြလိုက်ပြီး စကားလုံးတိုင်းကို ပီသစွာ အော်ဟစ်လိုက်သည်။

"ကောင်းကင်မီးတောက်... ငါ့အမိန့်ကို နာခံပြီး ကောင်းကင်ယံကို လောင်ကျွမ်းပစ်စမ်း"

ဝုန်း!

ထိုအမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ဧရာမ ကောင်းကင်မီးတောက်ကြီးသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားလေသည်။ ထို့နောက် ရွှေရောင်အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး မီးတောက်များသည် အရိုင်းဆန်သော ဧရာမ လူကြီးများကဲ့သို့ ရွှယ်အန်းထံသို့ တိုးဝင်သွားကြသည်။

လူအုပ်ကြီးသည် ထိုစွမ်းအားကြောင့် ထိတ်လန့်သွားကြပြီး အဝေးသို့ ကစဉ့်ကလျား ထွက်ပြေးကြကာ ထိတ်လန့်တကြား မော့ကြည့်လိုက်ကြသည်။ ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်များကြားတွင် ရွှယ်အန်းသည် မိုးကောင်းကင်အထက်၌ ရပ်တန့်နေပြီး နောက်ဆုတ်မည့် အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။

သို့သော် နောင်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လောင်ကျွမ်းနေသော ကောင်းကင်မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရလေသည်။

ဤမြင်ကွင်းသည် လူတိုင်း၏ မျက်လုံးထဲတွင် စွဲထင်သွားသည်။ ကျုံးအန်းအန်သည် ဝမ်းနည်းပက်လက် အော်ဟစ်လိုက်သည်။

"သခင်ကြီး"

ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ အဖွဲ့ဝင်အားလုံးသည်လည်း အလွန်အမင်း ဝမ်းနည်းကြေကွဲသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အမြင်တွင် ဤကောင်းကင်မီးတောက်၏ စွမ်းအားသည် ပြင်းထန်လွန်းလှသည်။ ယခု ရွှယ်အန်းသည် မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီ ဖြစ်ရာ အသက်ရှင်နိုင်မည့် အခွင့်အရေးမှာ နည်းပါးလွန်းလှသည်။

ဤအခြေအနေက သူတို့ကို မည်သို့ ဝမ်းနည်းအားငယ်မှု မဖြစ်စေဘဲ နေပါမည်နည်း။ ကျုံးအန်းအန်း၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေလေသည်။။ အခြားသော ဘေးလူများမှာမူ အချို့က သနားစာနာပြီး နှမြောတသ ဖြစ်နေကြသော်လည်း အချို့ကမူ တိတ်တဆိတ် ဝမ်းသာနေကြသည်။

ဥပမာအားဖြင့် ရွှယ်ဟွင်းဆိုလျှင် စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိသည်။

ဘာပဲဖြစ်ဖြစ်... ဒီရွှယ်အန်း သေသွားတာ ကောင်းတယ်၊ မဟုတ်ရင် ငါ့ အသက်လည်း အာမခံချက်ရှိမှာ မဟုတ်ဘူး...

ထိုအချိန်တွင် ချီစစ်ရှန်သည် တောက်လောင်နေသော မီးတောက်များကို ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အောင်နိုင်သူ၏ အပြုံးတစ်ခု ပေါ်လာသည်။

"ရွှယ်အန်း... မင်းက စွမ်းအားကြီးတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ မင်းက ငယ်လွန်းပါသေးတယ်၊ အခုလို သေရတာ တခြားသူကို အပြစ်မတင်နဲ့ မင်းကိုယ်မင်း စိတ်မြန်လက်မြန် ရှိလွန်းတာကိုပဲ အပြစ်တင်လိုက်တော့"

ထိုသို့ ပြောပြီးနောက် ချီစစ်ရှန်သည် ခေါင်းကိုငုံ့ကာ လူတိုင်း၏ မျက်နှာကို ဝေ့ဝဲကြည့်လိုက်သည်။ လူတိုင်း ထိတ်လန့်သွားကြပြီး ခေါင်းများကို အမြန် ငုံ့လိုက်ကြသည်။ ထို့နောက် ချီစစ်ရှန်၏ အကြည့်သည် ကျုံးအန်းအန်းနှင့် အခြားသူများအပေါ်တွင် ရပ်တန့်သွားပြီး ယုတ်မာသော ရယ်သံဖြင့် ရယ်မောလိုက်သည်။

"ကျုံးအန်းအန်း... အခု ဘာပြောစရာ ရှိသေးလဲ"

ကျုံးအန်းအန်း၏ မျက်နှာထားသည် တဖြည်းဖြည်း အေးစက်သွားပြီး ခေါင်းခါလိုက်သည်။

"ချီစစ်ရှန်... လုပ်စရာရှိတာ လုပ်လိုက်တော့"

ချီစစ်ရှန်က တဟားဟား ရယ်မောလိုက်သည်။

"လုပ်လိုက်တော့ ဟုတ်လား၊ ကျုံးအန်းအန်း... မင်းက စစ်သည်တော် တစ်ယောက်လို သေချင်နေတယ် ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ အဲဒါက မင်းရဲ့ တုံးပတဲ့ ဆန္ဒသက်သက်ပဲ၊ ငါ မင်းတို့အားလုံးကို ဖမ်းပြီး မသေခင်မှာ အကြီးအကျယ် ခံစားရအောင် နှိပ်စက်ဦးမှာ"

ကျုံးအန်းအန်း၏ မျက်နှာ အရောင်ပြောင်းသွားပြီး ချက်ချင်းပင် သူမ၏ ဓားကို မြှောက်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်လေးမှာပင် ချီစစ်ရှန်သည် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ မီးအလင်းတန်းတစ်ခု ပစ်ထွက်သွားပြီး ကျုံးအန်းအန်းနှင့် သူမ၏ နောက်ရှိ ဂိုဏ်းသားများ အားလုံး၏ လက်များကို မြဲမြံစွာ ချည်နှောင်လိုက်လေသည်။

"သေချင်တယ် ဟုတ်လား၊ သေလို့မရ ရှင်လို့မရ ဖြစ်အောင် ငါ လုပ်ပြမယ်!"

ချီစစ်ရှန်က အဆိပ်ပြင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။ သို့သော် ထိုအချိန်တွင် ရုတ်တရက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"ဟို... ဟိုမှာ ဘာကြီးလဲ"

ထိုအသံကို ကြားလိုက်ရသူတိုင်း မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သောအခါ များစွာသော သူတို့သည် ကျဆင်းလာသော အရာကို တွေ့ပြီး ထိတ်လန့်သွားကြသည်။

နှင်းပဲ၊ နှင်းကျနေတာလား

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ဤနေရာသည် နေရောင်ခြည် အလွန်ပြင်းထန်သော သဲကန္တာရဖြစ်ပြီး သမိုင်းတစ်လျှောက်တွင် နှင်းမဆိုထားနှင့် မိုးပင် ရွာဖူးခြင်း မရှိကြောင်း သိထားကြသည်။

ဒီနေ့ ဘာတွေ ဖြစ်ကုန်တာလဲ...

လူတိုင်း၏ ခေါင်းထဲတွင် ကြီးမားသော မေးခွန်းထုတ်စရာကြီး ပေါ်လာသည်။ ချီစစ်ရှန်သည်လည်း အံ့သြနေသော မျက်နှာထားဖြင့် မော့ကြည့်လိုက်သည်။

ထိုအချိန်တွင အထက်တွင် တောက်လောင်နေသော မီးတောက်ကြီးသည် ရုတ်တရက် မှေးမှိန်စပြုလာသည်။ ထို့နောက် ထိုနေရာမှ ဖျော့တော့သော အသံတစ်သံ ထွက်ပေါ်လာသည်။

"မီးနတ်ဘုရားရဲ့ ရှေးဟောင်းပိုင်နယ်မြေကို နှစ်ပေါင်းတစ်သောင်းလောက် စောင့်ရှောက်လာပြီးတော့ ကောင်းကင်မီးတောက်ကို ဒီလောက် ယောင်ဝါးဝါးပဲ သုံးတတ်တာလား၊ မင်းတို့ကောင်တွေ တကယ် တုံးအတာပဲ"

ထိုအသံနှင့်အတူ ကောင်းကင်အပြည့် လင်းလက်နေသော မီးအလင်းတန်းများ ယိမ်းထိုးသွားပြီး ရွှယ်အန်းသည် ထိုအထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာသည်။ သူ ထွက်လာသည်နှင့် တပြိုင်နက် ကောင်းကင်အပြည့် မီးအလင်းတန်းများသည် ပေါက်ကွဲသံနှင့်အတူ ကြေမွသွားပြီး ကောင်းကင်မီးတောက် အစက်အပျောက်လေးများ အဖြစ်သို့ ပြန်ပြောင်းသွားကြသည်။

ရွှယ်အန်းသည် ကောင်းကင်ယံအထက်တွင် ရပ်တန့်နေသည်။ နှင်းပွင့်များသည် သူ၏ မျက်ခုံးမွှေးများပေါ်သို့ ကျဆင်းနေပြီး သူ၏ အဖြူရောင် ဝတ်ရုံသည် နှင်းထက်ပင် ပိုမို ဖြူစင်တောက်ပနေကာ တစ်ကိုယ်တော် နှင်းဝတ်ရုံဖြူ နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်ရှုသူများကို ဖမ်းစားထားလေသည်။

ဤအံ့ဖွယ် မြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း ထပ်မံ အံ့အားသင့်သွားကြသည်။ ထို့နောက် ရွှယ်အန်းသည် အံ့သြထိတ်လန့်ပြီး မယုံကြည်နိုင် ဖြစ်နေသော ချီစစ်ရှန်၏ မျက်နှာကို ငုံ့ကြည့်လိုက်ကာ ပေါ့ပါးစွာ ပြုံးလိုက်သည်။

"ငါ ပြောတာ မှန်တယ်မလား"

ချီစစ်ရှန် တုန်လှုပ်သွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိလိုက်ကာ လက်ကိုမြှောက်၍ ညွှန်ပြပြီး ဟိန်းဟောက်လိုက်သည်။

"ကောင်းကင်မီးတောက်... ငါ့အမိန့်ကို နာခံပြီး ဒီလူကို ဖျက်ဆီးပစ်စမ်း"

သို့သော် မမျှော်လင့်စွာ သူ၏ အမိန့်သည် ဤတစ်ကြိမ်တွင် မည်သည့် လှုပ်ရှားမှုကိုမျှ မဖြစ်စေတော့ဘဲ ပျံဝဲနေသော ကောင်းကင်မီးတောက်များသည် မတုန်မလှုပ် ငြိမ်သက်နေကြသည်။

"ဘယ်... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ချီစစ်ရှန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကျောက်ရုပ်ကဲ့သို့ ဖြစ်လုနီးပါး ဖြစ်သွားသည်။ ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"စိတ်မကောင်းပါဘူး၊ ဒီကောင်းကင်မီးတောက်တွေက အခု ငါ့ဟာတွေ ဖြစ်သွားပြီ"

ထိုသို့ ပြောပြီးသည်နှင့် ရွှယ်အန်း၏ မျက်ခုံးနှစ်ခုကြားတွင် အနီနှင့် အဖြူ ရောစပ်ထားသော မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာပြီး ချက်ချင်းပင် ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည်လင်၍ သိမ်မွေ့လှပသော ကြာပန်းငယ်လေး တစ်ပွင့်အဖြစ် ပြောင်းလဲသွားလေသည်။

ကံကြမ္မာပန်းကြာနီ မီးတောက်ဖြစ်သည်။

ထိုမီးတောက် ပေါ်လာသောအခါ ကောင်းကင်အပြည့် ပျံဝဲနေသော ကောင်းကင်မီးတောက်များသည် ပြိုင်တူ မှေးမှိန်သွားကြပြီး သူတို့၏ အရှင်သခင်ကို ဖူးမြော်နေသော လက်အောက်ငယ်သားများကဲ့သို့ ရွှယ်အန်း၏ ရှေ့တွင် ဦးညွှတ်လိုက်ကြသည်။

ဤသည်မှာ ကောင်းကင်မီးတောက်များ ဦးခိုက်ခြင်းဖြစ်ကာ မီးလျှံပေါင်း ထောင်သောင်း၏ ဦးခိုက်ပူဇော်ခြင်းပင်ဖြစ်သည်။

အခန်း (၁၁၄၉) - ချောက်နက်ကြီးထဲသို့ ဝင်ရောက်ခြင်း

တစ်ချိန်တည်းမှာပင် ချီစစ်ရှန်၏ မူလက ပေတစ်ရာခန့် မြင့်မားသော ဧရာမ ခန္ဓာကိုယ်ကြီးသည် ပူပြင်းသော နေရောင်အောက်မှ ရေခဲနှင့် နှင်းများကဲ့သို့ လျင်မြန်စွာ အရည်ပျော်ကျသွားလေသည်။

သူ၏ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော ကောင်းကင်မီးတောက်များသည် အလင်းစက်များအဖြစ် ကွဲထွက်သွားပြီး အလျင်အမြန် ပျံ့လွင့်သွားကြသည်။ ချီစစ်ရှန်သည် မလိုလားခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ပြည့်နှက်နေသော အသံဖြင့် ဟိန်းဟောက်လိုက်သည်။

"မင်း... မင်းက တကယ်တမ်း ဘယ်သူလဲ"

ဤမေးခွန်းသည် လူများစွာ၏ စိတ်ထဲရှိ သံသယများကို ကိုယ်စားပြုနေသည်။ အဘယ်ကြောင့်ဆိုသော် လူမိုက်တစ်ယောက်ပင်လျှင် ရွှယ်အန်းသည် ယခင်က ပြောဆိုခဲ့သကဲ့သို့ သာမန် စွမ်းအားရှင်တစ်ယောက် မဟုတ်ကြောင်း သိမြင်နိုင်သည်။ သူ ယခုလေးတင် ပြသခဲ့သော စွမ်းအားမျိုးသည် အဆင့်မြင့် နတ်ဘုရားဂိုဏ်းများမှ ပြိုင်ဘက်ကင်း ပါရမီရှင်များပင် ပိုင်ဆိုင်နိုင်စွမ်း မရှိသော အရာဖြစ်သည်။

ရွှယ်အန်းက အေးစက်စွာ ပြုံး၍ ပြန်ဖြေလိုက်သည်။

"ငါ့နာမည်က ရွှယ်အန်းပဲ"

ထိုအချိန်တွင် ချီစစ်ရှန်၏ ခန္ဓာကိုယ်သည် လုံးဝ ပြိုကွဲပျက်စီးသွားပြီ ဖြစ်သည်။ အကန့်အသတ်မဲ့ ကောင်းကင်မီးတောက်များသည် အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးသွားကြသည်။ တစ်ခဏအတွင်းမှာပင် ကွင်းပြင်၌ ချီစစ်ရှန်၏ ဒြပ်မဲ့နေသော အာရုံစွမ်းအား သက်သက်သာ ကျန်ရစ်တော့သည်။

ရွှယ်အန်းက လက်ညှိုးဖြင့် ပေါ့ပါးစွာ ညွှန်ပြကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ပျက်စီးစမ်း"

ကောင်းကင်မီးတောက် လှိုင်းလုံးကြီးသည် သူ့ထံသို့ တိုးဝင်သွားပြီး ချီစစ်ရှန်၏ အာရုံစွမ်းအားကို ခဏအတွင်း အပြည့်အဝ ဝါးမြိုသွားလေသည်။

ချီစစ်ရှန်သည် မသေဆုံးမီတွင် အစမှအဆုံး သူ ကိုယ်တိုင် သေလမ်းရှာခဲ့မိကြောင်း အဆုံးတွင် သဘောပေါက်သွားသည်။ သူသည် ရွှယ်အန်းကို ထိန်းချုပ်နိုင်ကာ အနိုင်ယူနိုင်မည်ဟု သူ ထင်မှတ်ခဲ့ခြင်းသည် ရယ်စရာကောင်းလှသည်။ အမှန်တွင် သူသည်သာ သေခြင်းတရားကို နားမလည်သော မသိနားမလည်သူ ဖြစ်နေခဲ့သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ သူ ဤအမှန်တရားများကို သိရှိချိန်တွင် အလွန် နောက်ကျနေခဲ့ပြီ ဖြစ်သည်။ သူ၏ ရင်ထဲတွင် နောင်တများဖြင့် ပြည့်နှက်နေသော်လည်း မလိုလားမှုနှင့် နောင်တရမှုတို့ ပါဝင်သော အော်ဟစ်ငိုယိုသံတစ်ခု ပြုလုပ်ပြီးနောက် သူသည် ကောင်းကင်မီးတောက်၏ လောင်ကျွမ်းမှုအောက်တွင် လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

ထိုသို့ဖြင့် လွန်ခဲ့သော တစ်နာရီခန့်ကမှ စကြာဝဠာ အရပ်လေးမျက်နှာတွင် မောက်မာဝင့်ကြွားနေခဲ့သော ရှေးဟောင်း အင်အားကြီး ဂိုဏ်းတစ်ခုသည် ကျဆုံးသွားခဲ့လေသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူများသည် မယုံကြည်နိုင်စွာ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။ ဤကန္တာရမြေရိုင်းကို အုပ်စိုးပြီး ကောင်းကင်မီးတောက် ချောက်နက်ကြီးကို နှစ်ပေါင်းတစ်သောင်းကြာ ထိန်းချုပ်ခဲ့သော ရှေးဟောင်း အင်အားကြီး ဂိုဏ်းတစ်ခုသည် ဤကဲ့သို့ပင် ပျက်စီးသွားပြီလား။

အချို့လူများသည် အလွန်အမင်း တုန်လှုပ်သွားသဖြင့် ဦးနှောက်များ ဗလာဖြစ်သွားပြီး မည်သို့ တုံ့ပြန်ရမှန်း မသိဘဲ မတ်တပ်ရပ်လျက်သာ ကျန်ရစ်နေကြသည်။ ရွှယ်အန်းကမူ ကောင်းကင်ယံထက်တွင် ရပ်လျက် လူတိုင်းကို ငုံ့ကြည့်နေသည်။

သူ၏ အကြည့်များ ဖြတ်သန်းသွားသောအခါ လူတိုင်းသည် ကြောက်ရွံ့စွာ ခေါင်းငုံ့လိုက်ကြပြီး သူ့ကို ရင်ဆိုင်မကြည့်ရဲကြပေ။ ထိုအခါမှသာ ရွှယ်အန်းသည် ထပ်တူထပ်မျှ တုန်လှုပ်ချောက်ချားနေသော ကျုံးအန်းအန်းနှင့် အခြားသူများဘက်သို့ လှည့်ကာ အနည်းငယ် ပြုံးပြလိုက်သည်။

"ကဲ... မီးနတ်ဘုရားမျိုးနွယ်စုလည်း ပျက်စီးသွားပြီ၊ မင်းတို့အတွက် ကလဲ့စားကို ချေပြီးပြီ"

ရွှယ်အန်း၏ အသံ တိတ်ဆိတ်သွားသည်နှင့် ကျုံးအန်းအန်းနှင့် အခြားသူများကို ချည်နှောင်ထားသော ကောင်းကင်မီးတောက် ကြိုးမျှင်များသည် ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ကျုံးအန်းအန်းနှင့် အခြားသူများသည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ရွှယ်အန်းကို နက်ရှိုင်းရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

"ကျွန်မတို့အတွက် ကလဲ့စားချေပေးလို့ အရှင့်ကို ကျေးဇူးတင်ပါတယ်"

ရွှယ်အန်းက ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်ပြီး၊ လူအုပ်ကြီး၏ အနောက်ဘက်တွင် တစ်ကိုယ်လုံး တုန်ယင်လျက် ရှိနေသော ရွှယ်ဟွင်းဆီသို့ အကြည့် ရွှေ့လိုက်သည်။

"ဒီမိန်းမကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"

ရွှယ်အန်းသည် ဂရုမစိုက်ဟန်ဖြင့် လက်ညှိုးထိုးလိုက်ရာ ကောင်းကင်မီးတောက် တစ်စသည် ရွှယ်ဟွင်းကို ချက်ချင်း ရစ်ပတ်လိုက်ပြီး ကွင်းပြင်အလယ်သို့ ပစ်ချလိုက်လေသည်။

ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ လူများသည် ရွှယ်ဟွင်းကို မြင်လိုက်ရသောအခါ ဒေါသအမျက် ခြောင်းခြောင်းထွက်လာကြသည်။

"ဒီ အရှက်မရှိတဲ့ သစ္စာဖောက်မ၊ သူ့ကို သတ်ပစ်ကြမယ်"

"ဟုတ်တယ်၊ ဂိုဏ်းသားတွေ သေရတာ အများစုက သူ့ကြောင့်ပဲ၊ သူ့ကို တစ်ထောင်တန် ဓားချက်နဲ့ မွှန်းပစ်သင့်တယ်"

ရွှယ်ဟွင်းသည် ဆူညံသံများကြားတွင် သေလောက်အောင် ကြောက်ရွံ့နေပြီး မည်သို့ ခုခံရမှန်း မသိတော့သဖြင့် မြေပြင်မှ ထလာကာ ကျုံးအန်းအန်း၏ ခြေရင်းသို့ တွားသွား၍ ငိုယိုတောင်းပန်လေသည်။

"ဂိုဏ်းချုပ်၊ ကျွန်မ အရင်က မှိုင်းမိသွားလို့ပါ၊ ကျွန်မကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ၊ ကျွန်မရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးမယ် ဆိုရင်တောင်မှ စိတ်ဝိဉာဉ်စွမ်းအားလေး တစ်ခုလောက်တော့ ချန်ထားပေးပါနော်၊ ကျွန်မတို့ နှစ်ယောက်စလုံးက ထိုက်ယင်ဂိုဏ်းသားတွေပဲမို့လို့ ဒီတစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ"

ရွှယ်ဟွင်းသည် ဦးခေါင်းနှင့် ကြမ်းပြင်ကို အသံမြည်အောင် ဆက်တိုက် ဦးညွှတ်နေသည်။ ထိုက်ယင်ဂိုဏ်းသားများသည် တိတ်ဆိတ်သွားကြပြီး ကျုံးအန်းအန်းကို လှည့်ကြည့်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ သူမသည် ယခုအခါ ထိုက်ယင် နတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင် ဖြစ်နေပြီဖြစ်ရာ ဤအခြေအနေကို သူမ မည်သို့ ကိုင်တွယ်မည်ကို လူတိုင်း သိချင်နေကြသည်။

ကျုံးအန်းအန်း၏ မျက်နှာသည် ရေခဲတမျှ အေးစက်နေသည်။ သူမသည် နှပ်ချေးတွဲလောင်းဖြင့် ငိုယိုနေသော ရွှယ်ဟွင်းကို ငုံ့ကြည့်လိုက်ပြီးနောက် ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်သည်။

"အသက်ချမ်းသာပေးရမယ် ဟုတ်လား"

ရွှယ်ဟွင်းက ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။

"ဟုတ်ကဲ့... ကျွန်မ..."

သူမ စကားမဆုံးခင်မှာပင် ကျုံးအန်းအန်းသည် ရုတ်တရက် ရှေ့သို့ တိုးလာပြီး သူမ၏ ဆံပင်ကို ဆွဲကာ နောက်သို့ လှန်လိုက်သဖြင့် လည်ပင်း တစ်ခုလုံး ပေါ်လာသည်။ ရွှယ်ဟွင်းသည် ပြန်လည်မတုံ့ပြန်နိုင်ခင်မှာပင် ကျုံးအန်းအန်း၏ အခြားလက်တစ်ဖက်သည် ဓားကို ဆွဲထုတ်ကာ အလျားလိုက် ခုတ်ပိုင်းလိုက်သဖြင့် ဓားသွားသည် ရွှယ်ဟွင်း၏ လည်ချောင်းကို တိုက်ရိုက် ဖြတ်သန်းသွားလေသည်။

သွေးများလည်း ပန်းထွက်လာသည်။

ကျုံးအန်းအန်း၏ ဓားချက်သည် အလွန် ရက်စက်ပြင်းထန်လှပြီး ရွှယ်ဟွင်း၏ လည်ပင်းတစ်ဝက် ပြတ်သွားသဖြင့် လေပြွန်မှ လေနှင့် သွေးများ ရောနှောကာ ရှူးရှူးရှားရှား အသံများ ထွက်ပေါ်လာသည်။ ထိုနေရာတွင်ရှိနေသော လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ အဘယ်ကြောင့်ဆိုသော် နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသည်ဟု ထင်ရသော ကျုံးအန်းအန်းသည် ဤမျှ ရက်စက်စွာ တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့သောကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရွှယ်ဟွင်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်နေပြီး သူမ၏ မျက်လုံးများထဲတွင် နာကျင်မှုနှင့် နာကြည်းမှု အရိပ်အယောင်များ ပေါ်လာသည်။ ကျုံးအန်းအန်းကမူ သူမ၏ မျက်နှာပေါ်သို့ စင်လာသော သွေးများကို ဂရုမစိုက်ဘဲ ငုံ့ကြည့်ကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။

"နင့်ကို ခွင့်လွှတ်ဖို့က ဆရာသခင်ရဲ့ အပိုင်း၊ ငါ့တာဝန်က နင့်ကို ဆရာသခင်နဲ့ သွားတွေ့ခိုင်းဖို့ပဲ"

ထိုသို့ ပြောပြီးသည်နှင့် ကျုံးအန်းအန်းသည် သူမ၏ ကျင့်ကြံမှုအဆင့် တစ်ခုလုံးကို အသုံးပြုကာ သူမ၏ အာရုံစွမ်းအားကို ရွှယ်ဟွင်း၏ အသိစိတ်ပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရောက်စေပြီး ဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်လေသည်။

ရွှယ်ဟွင်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ရုန်းကန်နေပြီးနောက် သူမ၏ မျက်လုံးများသည် သာမန်မျက်စိဖြင့် မြင်နိုင်လောက်သော အရှိန်ဖြင့် လျင်မြန်စွာ မှေးမှိန်သွားသည်။ အဆုံးတွင် သူတို့လူအပေါ် သစ္စာဖောက်ခဲ့သော ရွှယ်ဟွင်းသည် ကျုံးအန်းအန်း၏ လက်ချက်ဖြင့် အပြီးတိုင် ချေမှုန်းခံလိုက်ရလေသည်။

ရွှယ်ဟွင်း၏ အသက်မဲ့နေသော ခန္ဓာကိုယ် မြေပြင်ပေါ်သို့ လဲကျသွားသောအခါ ကျုံးအန်းအန်းသည် ဒူးထောက်ချလိုက်ပြီး ငိုကြွေးလိုက်သည်။

"ဆရာသခင်၊ ကျွန်မ သစ္စာဖောက် ရွှယ်ဟွင်းကို ကွပ်မျက်ပြီးပါပြီ၊ ကျေးဇူးပြုပြီး ငြိမ်းချမ်းစွာ အနားယူပါတော့"

သူမ၏ လုပ်ရပ်သည် ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ အဖွဲ့ဝင်အားလုံးကို မျက်ရည်ကျစေခဲ့ပြီး သူတို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။ ထိုအချိန်တွင် ရွှယ်အန်းက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီးနောက် လက်ဟန်ပြလိုက်ရာ ကျုံးအန်းအန်း၏ လက်ထဲမှ ရှည်လျားသော ဓားသည် သူ့ထံသို့ တည့်တည့် ပျံသန်းလာပြီး လက်ထဲသို့ ရောက်ရှိလာသည်။

ကျုံးအန်းအန်း ကြောင်အမ်းသွားပြီး ရွှယ်အန်း၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း မေးမြန်းရဲခြင်း မရှိဘဲ ခေါင်းကိုသာ နက်ရှိုင်းစွာ ငုံ့ထားလိုက်သည်။ ရွှယ်အန်းသည် ဓားရှည်ကို စိတ်ဝင်တစားဖြင့် ခဏကြာ ကြည့်ရှုပြီးနောက် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"စိတ်ဝင်စားစရာပဲ၊ ငါ မမှားဘူးဆိုရင်... မင်းတို့ရဲ့ ဆရာသခင်ဆိုတဲ့လူက အသက်ရှင်နေလောက်သေးတယ်"

ထိုစကားလုံးများသည် မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်သွားပြီး ကျုံးအန်းအန်းနှင့် ထိုက်ယင်ဂိုဏ်းသားများအားလုံး ပြင်းထန်စွာ တုန်ယင်သွားကြသည်။ သူမတို့သည် သူမတို့ကိုယ်တိုင်၏ နားကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။

"အ... အရှင်... တကယ် ပြောတာလားဟင်"

ကျုံးအန်းအန်းက မျှော်လင့်ချက်များ ပြည့်နေသော အသံဖြင့် မေးလိုက်သည်။

ရွှယ်အန်းက ပြုံးလိုက်ပြီး လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ဓားရှည်သည် ကျုံးအန်းအန်း၏ ဘေးသို့ ပြန်လည် ပျံသန်းသွားသည်။ ထို့နောက် ရွှယ်အန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဒီဓားပေါ်က အရှိန်အဝါကို ကြည့်ရတာတော့ သေချာသလောက် ရှိတယ်၊ အခြေအနေ အတိအကျကိုတော့ ဒီကိစ္စပြီးရင် ငါ မင်းတို့ရဲ့ ထိုက်ယင်ဂိုဏ်းနယ်မြေကို လာကြည့်ပေးမယ်"

ကျုံးအန်းအန်း၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ စတင် တောက်လောင်လာသည်။ ထို့နောက် သူမသည် နက်ရှိုင်းစွာ ဒူးထောက်လိုက်ပြီး တုန်ရီသော အသံဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင်"

သူမ တစ်ယောက်တည်း မဟုတ်ပဲ ထိုက်ယင် ဂိုဏ်းသားများ အားလုံးလည်း ပြိုင်တူ ဒူးထောက်လိုက်ကြသည်။

"ကျေးဇူးတင်ပါတယ် အရှင်"

ယခုအခါ ရွှယ်ဟွင်းကို ကွပ်မျက်ပြီးပြီ ဖြစ်သောကြောင့် ဘေးလူများသာ ကျန်ရစ်တော့သည်။ သို့သော် ရွှယ်အန်းသည် သူတို့ကို အပြီးတိုင် သုတ်သင်ရှင်းလင်းရန် စိတ်မဝင်စားပေ။ ထို့အပြင် နတ်ဘုရားက ဂိုဏ်းကြီး သုံးခုကို ချေမှုန်းပြီးပြီဖြစ်ကာ ဤလူများသည် နောက်ထပ် ပြဿနာရှာရဲတော့မည် မဟုတ်ဟု သူ တွက်ဆလိုက်သည်။ ထို့ကြောင့် ရွှယ်အန်းသည် သူတို့ကို အေးစက်စွာ တစ်ချက်သာ ကြည့်လိုက်သည်။

သူ၏ အကြည့်တစ်ချက် ဖြတ်သန်းသွားသည်နှင့် လူအားလုံးသည် ရိုကျိုးစွာ ခါးကို ကိုင်းညွှတ်လိုက်ကြပြီး အနည်းငယ်မျှပင် အာခံရဲခြင်း မရှိကြပေ။

ထို့နောက် ရွှယ်အန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"မင်းတို့ ဒီမှာ စောင့်နေကြ၊ ငါ ကောင်းကင်မီးတောက် ချောက်နက်ကြီးထဲ ဆင်းသွားလိုက်ဦးမယ်"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး အကန့်အသတ်မဲ့ ကောင်းကင်မီးတောက်များဖြင့် ဖွဲ့စည်းထားသော မီးပင်လယ်ကြီးထဲသို့ တည့်တည့် ထိုးဆင်းသွားလေသည်။

ဝုန်း!

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မီးပင်လယ်ကြီးအထက်တွင် လှိုင်းလုံးကြီးများ မြင့်တက်လာသည်။ သို့သော် လှိုင်းလုံးများ ပြန်မကျမီမှာပင် အကန့်အသတ်မဲ့ ကောင်းကင်မီးတောက်များသည် တဖြည်းဖြည်း ငြိမ်းသတ်သွားသည်။ ရွှယ်အန်း၏ ပုံရိပ်သည်လည်း ထိုနည်းတူစွာပင် အစအနမကျန် ပျောက်ကွယ်သွားလေသည်။

All Chapters