← Chapters

အခန်း (၁၁၅၀-၁၁၅၂)

Vol. 77 Ch. 1150-1152

အခန်း (၁၁၅၀-၁၁၅၂)

Vol. 77 Ch. 1150-1152

အခန်း (၁၁၅၀) - ကောင်းကင်မီးတောက်ဖြင့် ကိုယ်ခန္ဓာ သန့်စင်ခြင်း၊ ပထမဆုံး နတ်ဘုရားအဆင့်

ကောင်းကင်မီးတောက် ချောက်နက်ကြီးသည် ပြန်လည် ငြိမ်သက်သွားခဲ့သည်။

လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ သူတို့ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများကို အသီးသီး မြင်တွေ့နေရသော်လည်း မည်သူမျှ ထွက်ခွာရဲခြင်း မရှိကြပေ။

ရွှယ်အန် မထွက်ခွာမီက မင်းတို့ ဒီမှာ စောင့်နေကြဟု ပြောခဲ့သည်။ ၎င်းသည် ကျုံးအန်းအန်နှင့် အခြားသူများကို ညွှန်ကြားခဲ့ခြင်း ဖြစ်ပုံရသော်လည်း သူတို့ကိုပါ ရည်ညွှန်းခဲ့ပါက မည်သို့လုပ်ကြမည်နည်း။

အကယ်၍သာ သူတို့ ယခု ထွက်ခွာသွားမိပါက ထို သတ်ဖြတ်ခြင်းနတ်ဘုရားကြီးက ချောက်နက်ကြီးထဲမှ ပြန်ထွက်လာခဲ့လျှင် သူတို့အသက် အန္တရာယ်ရှိနိုင်ပေသည်။ ဤလူများသည် မီးနတ်ဘုရားမျိုးနွယ်စု သို့မဟုတ် ရှေးဟောင်းဓားနတ်ဘုရားဂိုဏ်းတို့နှင့် ယှဉ်လျှင် အများကြီး နိမ့်ကျသူများ ဖြစ်သည်။ ထိုအင်အားကြီး ဂိုဏိးများပင်လျှင် ဤ သတ်ဖြတ်ခြင်းနတ်ဘုရားကြီး၏ ပြိုင်ဘက် မဟုတ်ခဲ့လျှင် သူတို့က မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ဤအတွေးကြောင့် မည်သူမျှ မထွက်ခွာရဲကြပေ။ ကျုံးအန်းအန်းနှင့် သူမ၏ အဖွဲ့သည်လည်း သဘာဝကျကျပင် ထွက်ခွာခြင်းမပြုကြပေ။ ကျုံးအန်းအန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဂိုဏ်းသားတို့... ငါ့အမိန့်ကို နာခံကြ၊ ဒီအချိန်ကစပြီး သခင်ကြီး ပြန်မရောက်မချင်း ဒီနေရာကို စောင့်ကြပ်နေရမယ်၊ ဘယ်ပြင်ပလူကိုမှ အနားကပ်ခွင့် မပေးရဘူး"

"ဟုတ်ကဲ့"

ထိုက်ယင်ဂိုဏ်းမှ အဖွဲ့ဝင်အားလုံးသည် ပြိုင်တူ တုံ့ပြန်လိုက်ကြပြီး ကောင်းကင်မီးတောက် ချောက်နက်ကြီး၏ ရှေ့တွင် ခံစစ်စည်းတစ်ခု ဖွဲ့စည်းလိုက်ကာ မည်သူ့ကိုမျှ ဝင်ရောက်ခွင့် မပေးတော့ချေ။

တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် အကန့်အသတ်မဲ့ ကောင်းကင်မီးတောက်များကို ဖြတ်သန်းသွားပြီး ချောက်နက်ကြီး တစ်ခုလုံးကို ဖြတ်ကျော်ကာ အမည်မသိသော နေရာတစ်ခုသို့ ရောက်ရှိသွားလေသည်။

ရွှယ်အန်း၏ ပုံရိပ် ပေါ်ထွက်လာသည်နှင့် တပြိုင်နက် အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သော ကြမ်းတမ်းသည့် မီးတောက်များနှင့် ရင်ဆိုင်လိုက်ရသည်။ ဤနယ်ပယ် တစ်ခုလုံးသည် ထာဝရမီးတောက်များဖြင့် လွှမ်းခြုံထားသည်။ မီးတောက်များသည် မြေပြင်ကို ဖုံးလွှမ်းထားပြီး ကောင်းကင်ယံတွင်လည်း မီးတောက်များ စီးဆင်းနေသည်။

ရေတွက်၍ မရနိုင်သော မီးတောက်များသည် တစ်ခုနှင့်တစ်ခု တိုက်မိပြီး ပေါင်းစပ်သွားကြသည်။ ထို့နောက် မီးတောက်အသစ်များအဖြစ် ပြောင်းလဲသွားကြသည်။ ပြန့်ကျဲနေသော မီးပွားများသည် စောစောက ကောင်းကင်မီးတောက် ချောက်နက်ကြီးတွင် ပေါ်လာခဲ့သော ကောင်းကင်မီးတောက် အပိုင်းအစများ ဖြစ်ကြသည်။

ဒါက... ကောင်းကင်မီးတောက် ချောက်နက်ကြီးရဲ့ မျက်နှာသွင်ပြင်အစစ်အမှန်လား

သို့သော် ရွှယ်အန်းကမူ ဤနေရာကို ၎င်း၏ အမည်ရင်းဖြစ်သော ရှေးဟောင်းမီးနယ်မြေဟု ခေါ်ဆိုရသည်ကို ပိုနှစ်သက်သည်။

စကြာဝဠာများကြားတွင် အံ့ဖွယ်နေရာများစွာ ရှိလေသည်။ ဆန်းကြယ်သော မီးတောက်အမျိုးမျိုး၏ မူလဇာစ်မြစ် ဖြစ်သော မီးဘိုးဘေးနယ်မြေသည်လည်း ထိုကဲ့သို့သော နေရာတစ်ခု ဖြစ်သည်။

အစွန်းရောက်သော ယန်ဓာတ်သည် မီးတောက်အဖြစ် တည်ရှိသည် ဟု ဆိုရိုးစကား ရှိသည်။ ဤနယ်မြေသည် အလွန် အစွမ်းထက်သော ယန်ဓာတ်များ ရှိရာနေရာ ဖြစ်သဖြင့် ရေတွက်၍ မရနိုင်သော စွမ်းအားကြီး ဆန်းကြယ်မီးတောက်များကို မွေးမြူပေးနိုင်သည်။

မီးစွမ်းအင်သုံး ကျင့်စဉ်များကို လေ့ကျင့်သော ကျင့်ကြံသူများအတွက်မူ ဤနေရာသည် တန်ဖိုးမဖြတ်နိုင်သော ရတနာသိုက်ကြီး ဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းမီးနယ်မြေသည် မီးစွမ်းအင် အခြေခံသော ဂိုဏ်းများစွာအတွက် ပြင်းထန်စွာ လုယူတိုက်ခိုက်ကြသော နေရာတစ်ခု ဖြစ်လာခဲ့သည်။

မမျှော်လင့်စွာ နတ်ဘုရားလောကတွင် ဤနေရာတစ်ခု ရှိနေခဲ့သည်။ သို့သော် ရွှယ်အန်း ပြောခဲ့သကဲ့သို့ပင် မီးနတ်ဘုရားမျိုးနွယ်စုသည် တကယ်ကို တုံးအလွန်းလှသည်။ သူတို့သည် ရှေးဟောင်းမီးနယ်မြေကို နှစ်ပေါင်းတစ်သောင်းကြာ ထိန်းချုပ်ထားခဲ့သော်လည်း သူတို့၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုသည် ကောင်းကင်မီးတောက်ကို အမိန့်ပေး ခိုင်းစေရုံသာ ရှိသည်။ ၎င်းသည် ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်ကို ပိုင်ဆိုင်ထားပြီး သစ်ကြားသီးခွဲရာတွင် အသုံးပြုနေသကဲ့သို့ ဖြစ်သည်။

ထို့အပြင် ရှေးဟောင်းမီးနယ်မြေ၏ အံ့ဖွယ်အသုံးပြုပုံများသည် ထိုမျှမက ရှိသေးသည်။ သို့သော် အရေးကြီးဆုံးနှင့် လက်ရှိ ရွှယ်အန်းအတွက် အကျိုးရှိစေမည့် အရာမှာ ရှေးဟောင်းမီးနယ်မြေသည် ကောင်းကင်ကိုယ်ခန္ဓာ သန့်စင်ခြင်းကို ပြုလုပ်ပေးနိုင်ခြင်းပင် ဖြစ်သည်။

ကောင်းကင်ကိုယ်ခန္ဓာ သန့်စင်ခြင်းဆိုသည်မှာ သူတို့၏ ကိုယ်ခန္ဓာကို အကန့်အသတ်အထိ ရောက်အောင် သန့်စင်လေ့ကျင့်ပြီး ဖျက်ဆီး၍ မရနိုင်အောင် တည်ဆောက်ခြင်း ဖြစ်သည်။ သေချာသည်မှာ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ကြီးမားသော အန္တရာယ်များလည်း ရှိနေသည်။ ဤနယ်မြေကို ပိုင်ဆိုင်ထားသော ဂိုဏ်းကြီးများပင်လျှင် ဤအရာကို လုပ်ဆောင်ရန် ကြိုးစားသောအခါ သေချာစွာ ပြင်ဆင်မှုများ ပြုလုပ်ရလေ့ရှိသည်။

အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ သန့်စင်ခြင်း လုပ်ငန်းစဉ်သည် အလွန် အန္တရာယ်များပြီး အနည်းငယ် အမှားအယွင်း ဖြစ်လိုက်သည်နှင့် ရုပ်ခန္ဓာသာမက ဝိညာဉ်ပါ လုံးဝ ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ဤအရာသည် ရွှယ်အန်းအတွက်မူ အသေးအဖွဲ ကိစ္စမျှသာဖြစ်သည်။

ထို့ကြောင့် ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုပြီးနောက် သူသည် အနည်းငယ် ပြုံးလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ မီးတောက်များသည် အပေါ်သို့ ထိုးတက်လာပြီး ရွှယ်အန်း၏ ခန္ဓာကိုယ်ကို ချက်ချင်း ဝါးမြိုလိုက်လေသည်။

ဤနယ်ပယ်တွင် အချိန်ဟူသည် အဓိပ္ပာယ် မရှိပေ။ ဤထာဝရမီးတောက်များ အတွက်မူ အဆုံးမဲ့ လောင်ကျွမ်းနေခြင်းသည်သာ ထာဝရတည်မြဲခြင်း ဖြစ်သည်။ သို့သော် ရွှယ်အန်း၏ ရောက်ရှိလာမှုသည် ဤနေရာရှိ သိမ်မွေ့သော မျှခြေကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ပြင်ပလူတစ်ယောက် ကျူးကျော်ဝင်ရောက်လာမှုသည် ဤမီးတောက်များကို လုံးဝဒေါသထွက် သွားစေသည်။

မီးတောက်များသည် ကောင်းကင်သို့ ထိုးတက်သွားပြီး အလွန်မြင့်မားသော အပူချိန်ကြောင့် အဖြူရောင်နီးပါး ဖြစ်သွားကာ ရွှယ်အန်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလျက် သူ့ကို အစအနမကျန် ချေမှုန်းပစ်ရန် ကြိုးစားကြတော့သည်။

သို့သော် ထိုမျှ ရက်စက်သော ပတ်ဝန်းကျင်ကို ရင်ဆိုင်ရသော်လည်း ရွှယ်အန်းသည် ကြောက်ရွံ့ခြင်း မရှိပေ။ ထိုအစား သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး လေထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်ကာ မီးတောက်များကို သူ့ခန္ဓာကိုယ်ပေါ် ဖြတ်သန်းခွင့် ပြုလိုက်လေသည်။

မီးတောက်များသည် ရွှယ်အန်း၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်စွာ တောက်လောင်နေပြီး သူ့ခန္ဓာကိုယ်ကို အခြေခံအကျဆုံး အဆင့်မှ စတင်၍ သန့်စင်ပေးနေသည်။ ဤသန့်စင်မှု လုပ်ငန်းစဉ်သည် နှေးကွေးသော်လည်း ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ခိုင်မာပြီး သန့်စင်လှသည်။

ရွှယ်အန်းသည် နတ်ဘုရားအ‌ဆင့် ဖြစ်သော်လည်း ကျင့်ကြံနေစဉ်အတွင်း ရှောင်လွှဲ၍ မရသော ဒဏ်ရာအသေးစားလေးများ ရှိတတ်သည်ကို သိထားရမည်။ ထိုဒဏ်ရာများသည် အနက်ရှိုင်းဆုံးတွင် ဖြစ်ပွားလေ့ရှိပြီး ပုံမှန်အားဖြင့် ရှာဖွေတွေ့ရှိရန် ခက်ခဲသည်။

သို့သော် ၎င်းတို့သည် လူတစ်ယောက်၏ ကျင့်ကြံမှုအပေါ် များစွာ သက်ရောက်မှု ရှိသည်။ ယခုအခါ ဤမီးတောက်များသည် ကျင့်ကြံစဉ်အတွင်း ဖြစ်ပေါ်ခဲ့သော ထိုဒဏ်ရာအသေးစားလေးများကို ဖယ်ရှားပေးနေခြင်း ဖြစ်သည်။ ဤအရာသည် ကျင့်ကြံသူတစ်ယောက်အတွက် အလွန် အကျိုးရှိလှသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိချေ။

ဤသည်မှာ တစ်ရက် ကြာသွားသလိုလို၊ တစ်နှစ် ကြာသွားသလိုလိုပင်ဖြစ်နေသည်။

ရွှယ်အန်း၏ ခေါင်းပေါ်မှ နောက်ဆုံးလက်ကျန် အလင်းစက်လေး ပျောက်ကွယ်သွားသောအခါ ရွှယ်အန်း ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

နတ်ဘုရား အလင်းတန်းနှစ်ခုသည် ကြီးမားသော မီးပင်လယ်ကြီးကို ထိုးဖောက်သွားပြီး ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို ဖြတ်သန်းလျက် ဧရာမ လမ်းကြောင်းကြီးနှစ်ခု ဖြစ်ပေါ်လာစေသည်။ ထို့နောက် ရွှယ်အန်းသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်သည်။ သူ၏ မျက်လုံးထဲမှ အလင်းရောင်များသည် တဖြည်းဖြည်း ပြန်လည် ဆုတ်ခွာသွားပြီး လုံးဝ ကြည်လင်သွားသည်။

သို့သော် ထိုသို့ ဖြစ်လာလေ ရွှယ်အန်း၏ အရှိန်အဝါသည် ပိုမို ကြောက်မက်ဖွယ် ကောင်းလာလေ ဖြစ်သည်။ ကောင်းကင်အပြည့် မီးတောက်များပင်လျှင် သူ၏ လွှမ်းမိုးထားသော အရှိန်အဝါအောက်တွင် မှေးမှိန်သွားရသည်။

ရွှယ်အန်းသည် လက်ကိုမြှောက်ကာ လက်သီးကို စမ်းသပ် ဆုပ်ကြည့်လိုက်သည်။ သူသည် ပေါ့ပါးစွာသာ ဆုပ်လိုက်သော်လည်း သူ၏ လက်ဖဝါးအတွင်းရှိ လေဟာနယ်သည် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး တွန့်လိမ်သွားကာ ရွှယ်အန်း၏ လက်သီးဆုပ်အောက်တွင် ကြေမွလုနီးပါး ဖြစ်သွားသည်။

ရွှယ်အန်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။

"မဆိုးပါဘူး၊ ငါ့ရဲ့ ကျင့်ကြံမှုအဆင့် မတက်လာပေမဲ့ ရုပ်ခန္ဓာခွန်အားကတော့ အရင်ကထက် အဆများစွာ ပိုသန်မာလာတာပဲ"

ရွှယ်အန်းသည် မည်သည့် ကျင့်ကြံမှုစွမ်းအားကိုမှ အားမကိုးဘဲ သူ၏ ရုပ်ခန္ဓာခွန်အား သက်သက်ဖြင့်ပင် မည်သည့် ပြိုင်ဘက်ကိုမဆို တိုက်ခိုက်နိုင်သည်ဟု ခံစားလိုက်ရသည်။ အင်မော်တယ်သခင် စွမ်းအားရှင်နှင့် ရင်ဆိုင်ရလျှင်ပင် သူသည် တည်ငြိမ်စွာ ယှဉ်ပြိုင်နိုင်ပေမည်။

အကယ်၍ အခြားသူများသာ ရွှယ်အန်း၌ နတ်ဘုရားအဆင့် ကျင့်ကြံမှုအဆင့်သာ ရှိသေးကြောင်း သိရှိပြီး သူ၏ လက်ရှိ စွမ်းအားကို မြင်လိုက်ရပါက အံ့အားသင့် သွားကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရှေးယခင်ကမှ ယခုအထိတိုင် ရွှယ်အန်း၏ ယခင်ဘဝ ကျင့်ကြံမှု သမိုင်းတွင်ပင် ဤမျှ စွမ်းအားကြီးသော ကျင့်ကြံမှုမျိုး တစ်ခါမျှ မရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။

ရွှယ်အန်းကို ယခုအခါ စကြာဝဠာ တစ်ခုလုံးတွင် ပထမဆုံးသော နတ်ဘုရားအဆင့်ဟုပင် ခေါ်ဆိုနိုင်ပေသည်။

ထို့နောက် ရွှယ်အန်းသည် ပတ်ဝန်းကျင်ရှိ မီးတောက်များကို ကြည့်ကာ ဖျော့တော့စွာ ပြုံးလိုက်သည်။

"မင်းတို့ကို ဒီမှာထားခဲ့ရင် နှမြောစရာပဲ၊ အားလုံး ငါ့နောက် လိုက်ခဲ့ကြ"

ထိုသို့ပြောလိုက်သည်နှင့် ရွှယ်အန်း၏ ရှေ့တွင် အလင်းရောင် တစ်ချက် လက်သွားပြီး ကံကြမ္မာ ကြာပန်းနီမီးတောက်မှာ ရုတ်တရက် ပေါ်လာသည်။ ဤကြာပန်းနီ ပေါ်ထွက်လာသည်နှင့် တပြိုင်နက် နယ်မြေတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ မီးတောက်အားလုံးသည် ပြိုင်တူ ခေါင်းညိတ်လိုက်ကြပြီး မော့ပင် မကြည့်ရဲကြပေ။

တစ်ချိန်တည်းမှာပင် ကံကြမ္မာ ကြာပန်းနီမီးတောက်သည် ကောင်းကင်သို့ ရုတ်တရက် ထိုးတက်သွားပြီး တစ်ပတ် လည်သွားပြီးနောက် လျင်မြန်စွာ ကြီးမားလာသည်။ တစ်ခဏအတွင်းမှာပင် ၎င်းသည် နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ထို့နောက် ဤနယ်မြေအတွင်းရှိ မီးတောက်အားလုံးသည် အပေါ်သို့ တိုးဝင်လာကြပြီး ကံကြမ္မာ ကြာပန်းနီမီးတောက်အတွင်းသို့ ဝင်ရောက် ပေါင်းစည်းသွားကြသည်။

အရှိန်သည် အလွန်မြန်ဆန်လှသဖြင့် လက်ဖက်ရည်တစ်ခွက် သောက်စာ အချိန်အတွင်းမှာပင် နယ်မြေအတွင်းရှိ မီးတောက်အားလုံး ကုန်ဆုံးသွားလေသည်။ ထို့နောက် ဤကြာပန်းနီ၏ ပွင့်ဖတ်များသည် အနည်းငယ် ပွင့်အာလာသကဲ့သို့ တုန်ခါသွားသည်။ ထို့အပြင် ၎င်း၏ အရောင်သည်လည်း အနည်းငယ် ပိုမို ရင့်လာသည်။

ရှေးဟောင်းမီးနယ်မြေ တစ်ခုလုံးရှိ မီးတောက်အားလုံး ပေါင်းစပ်လိုက်သော်လည်း ဤ ကံကြမ္မာ ကြာပန်းနီမီးတောင်ကို ကြီးကြီးမားမား ပြောင်းလဲမှု မဖြစ်စေနိုင်ပေ။ သို့သော် ရွှယ်အန်းက ဤအချက်ကို ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။ ဤမီးတောက်များသည် ဆန်းကြယ်သည် မှန်သော်လည်း ကြာပနခးနီနှင့် ယှဉ်လျှင် များစွာ နိမ့်ကျနေသေးသည်။

ထို့ကြောင့် ရွှယ်အန်းသည် ပေါ့ပါးစွာ ပြုံးရုံသာ ပြုံးလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြန်လည် သိမ်းဆည်းလိုက်သည်။ ကြာပန်းနီသည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီးနောက် သူ၏ မျက်ခုံးကြားရှိ နေရာသို့ ပြန်လည် ဝင်ရောက်သွားသည်။

ထို့နောက် ရွှယ်အန်းသည် အပေါ်သို့ ခုန်တက်လိုက်ပြီး လေဟာနယ်ကို တိုက်ရိုက် ဖြတ်သန်းလျက် ကျယ်ပြောလှသော စကြာဝဠာထဲသို့ ပြန်လည် ထွက်ခွာလာခဲ့လေသည်။

အခန်း (၁၁၅၁) - ဆယ်ရက်ကြာသော်လည်း သတင်းအစအနမရခြင်း

ကောင်းကင်မီးတောက် ချောက်နက်တွင်...

ရွှယ်အန်း ဝင်ရောက်သွားသည်မှာ ဆယ်ရက်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။

ဤဆယ်ရက်တာ ကာလအတွင်း ကျုံးအန်းအန်းနှင့် ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ အဖွဲ့ဝင်အားလုံးသည် ချောက်နက်ကြီး၏ အရှေ့ရှိ ခံစစ်စည်းမှ တစ်လက်မမျှ မရွေ့ဘဲ စောင့်ကြပ်နေခဲ့ကြသည်။ သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ လေထုအခြေအနေသည် ပိုမို လေးလံလာသည်။

ကောင်းကင်မီးတောက် ချောက်နက်ကြီး၏ အရှေ့၌ စုဝေးနေသော လူအုပ်ကြီးသည် လျော့နည်းသွားခြင်း မရှိသည့်အပြင် တဖြည်းဖြည်း ပို၍ပင် ကြီးမားလာသည်။ မည်သို့ပင်ဖြစ်စေ ဤဆယ်ရက်တာအတွင်း ကောင်းကင်မီးတောက်မြို့တော်၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် စကြာဝဠာ အရပ်လေးမျက်နှာ တစ်ခုလုံးကို တုန်လှုပ်ချောက်ချား သွားစေခဲ့သည်။

ရွှယ်အန်းသည် သူတစ်ယောက်တည်း၏ စွမ်းအားဖြင့် ကောင်းကင်မီးတောက်ဂိုဏ်း၊ ရှေးဟောင်းဓားဂိုဏ်းနှင့် ဝူထုံဂိုဏ်း ဟူသော နတ်ဘုရားဂိုဏ်းကြီး သုံးခုလုံးကို ချေမှုန်းပစ်ခဲ့သည်။ ထိုကဲ့သို့သော စွမ်းအားမျိုးသည် ကြားသိရသူတိုင်းကို ထိတ်လန့်အံ့သြစေရန် လုံလောက်သည်။ ထို့ကြောင့် ယခင်က မရောက်လာခဲ့သော စွမ်းအားကြီး ပုဂ္ဂိုလ်များစွာသည် သတင်းကြားသည်နှင့် အပြေးအလွှား ရောက်ရှိလာကြသည်။

ယခုအချိန်တွင် ရွှယ်အန်းသည် ထျန်ကျောက် နယ်ပယ်နှင့် စကြာဝဠာ အရပ်လေးမျက်နှာတို့တွင် ငြင်းဆန်၍မရနိုင်လောက်အောင် အထင်ရှားဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီ ဖြစ်သည်။ အကယ်၍ အနည်းငယ် ပေါ့ဆမိပါက သူတို့သည် ပျက်စီးခြင်းနှင့် ရင်ဆိုင်ရနိုင်သည်။ ဤအချက်ကို တွေးမိရင်း အရပ်ရပ်မှ စွမ်းအားကြီး ပုဂ္ဂိုလ်များသည် နေ့စဉ်နှင့်အမျှ ရောက်ရှိလာကြသည်။

သို့သော် ယခုအခါ ဆယ်ရက်တိတိ ပြည့်ခဲ့ပြီဖြစ်သည်။ ကောင်းကင်မီးတောက် ချောက်နက်ကြီး အတွင်း၌မူ အရာအားလုံးသည် ပုံမှန်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်သည်။ ဤအခြေအနေက လူအုပ်ကြီးကို တဖြည်းဖြည်း ဂနာမငြိမ် ဖြစ်လာစေသည်။

"ဟေ့... ရွှယ်အန်း တစ်ယောက် ကောင်းကင်မီးတောက် ချောက်နက်ကြီးထဲမှာ တစ်ခုခုများ ဖြစ်သွားပြီလို့ ထင်လား"

တစ်စုံတစ်ယောက်က တိုးတိုးလေး မေးလိုက်သည်။

"ဘယ်သူသိမှာလဲ ဒါပေမဲ့ သံသယဖြစ်စရာတော့ ကောင်းနေတာ အမှန်ပဲ၊ ဘာပဲဖြစ်ဖြစ် မီးနတ်ဘုရားမျိုးနွယ်စုက ဒီချောက်နက်ကြီးကို နှစ်ပေါင်းတစ်သောင်းလောက် ထိန်းချုပ်လာတာလေ၊ အထဲမှာ ဘယ်လို ထောင်ချောက်တွေ ဆင်ထားမှန်း ဘယ်သူသိနိုင်မလဲ၊ ရွှယ်အန်းက စွမ်းအားကြီးတာတော့ မှန်ပါတယ် ဒါပေမဲ့ သူ ထောင်ချောက်မိပြီး ဒုက္ခရောက်မနေဘူးလို့ ဘယ်သူ ပြောနိုင်မလဲ"

နောက်တစ်ယောက်က တိုးတိုးလေး သုံးသပ်ပြသည်။ ထိုစကားကို ကြားသောအခါ လူများစွာက သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

"ဟုတ်တယ်၊ နတ်ဘုရားမီးတောက်မျိုးနွယ်စုကို ရွှယ်အန်းတစ်ယောက်တည်းက ဖြိုခွင်းလိုက်တယ် ဆိုပေမဲ့ သူက တစ်ယောက်တည်းပဲ ရှိတာလေ၊ အထဲက အခြေအနေအမှန်ကို ဘယ်သူမှ မသိဘူး တကယ်လို့ သူ ထောင်ချောက်မိပြီး ပြန်မလာနိုင်တော့တာဆိုရင်ကော"

"ကျွတ် ကျွတ်... လူငယ်တွေက တကယ်ပဲ စိတ်မြန်လက်မြန် ရှိလွန်းတယ်၊ တကယ်လို့ သူသာ ကောင်းကင်မီးတောက် ချောက်နက်ကြီးထဲ မသွားခဲ့ရင် အခုလောက်ဆို ဒီကမ္ဘာလောကရဲ့ အမြင့်ဆုံး နေရာကို ရောက်နေလောက်ပြီ၊ အခုတော့ ခေါင်းမာပြီး ကိုယ့်သေလမ်း ကိုယ်ရှာသွားတာပဲ... ရယ်စရာကောင်းလိုက်တာ"

လူတစ်ယောက်က ဒုက္ခရောက်နေသည်ကို ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

"သူ တကယ်ပဲ သေသွားပြီလို့ မျှော်လင့်ရတာပဲ၊ ဒါဆိုရင် ငါတို့အတွက် အများကြီး အကျိုးရှိသွားပြီ"

နောက်တစ်ယောက်က ရုတ်တရက် တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လူတိုင်း တိတ်ဆိတ်သွားကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင် လောဘရိပ်များ ဖြတ်သန်းသွားသည်။

မှန်ပေသည်။

ယခုအခါ ကောင်းကင်မီးတောက်ဂိုဏ်း၊ ရှေးဟောင်းဓားဂိုဏ်းနှင့် ဝူထုံဖြစ်သည့် နတ်ဘုရားဂိုဏ်းကြီး သုံးခုလုံး ကျဆုံးသွားပြီ ဖြစ်သည့်အပြင် ထျန်ကျောက် နန်းတောလ်ည်း ပျက်စီးသွားပြီ ဖြစ်သည်။ ဤသည်မှာ ထျန်းကျောက် နယ်ပယ်နှင့် စကြာဝဠာ အရပ်လေးမျက်နှာတို့သည် နှစ်ပေါင်းတစ်သောင်းအတွင်း မကြုံဖူးလောက်အောင် အာဏာ လစ်လပ်မှုကို ကြုံတွေ့နေရခြင်း ဖြစ်သည်။

အကယ်၍ ရွှယ်အန်း‌သာ သေဆုံးသွားပါက ကျန်ရှိနေသော ဤဂုဏ်သရေရှိ အင်အားစုများသည် ထိုလစ်လပ်မှုကို အခွင့်ကောင်းယူ၍ နယ်မြေများကို သိမ်းပိုက်နိုင်ကြပေလိမ့်မည်။ ထို့ကြောင့် သူတို့အားလုံးနီးပါးသည် ရွှယ်အန်း ပြန်မလာပါစေနဲ့ဟု တိတ်တဆိတ် ဆုတောင်းနေကြသည်။

ဤလူများ၏ ဆုတောင်းသံကို ကြားသွားသည့်အလား နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြန်သည်။

ကောင်းကင်မီးတောက် ချောက်နက်ကြီး အတွင်း၌ အရာအားလုံး တိတ်ဆိတ်နေဆဲဖြစ်ပြီး မည်သည့် ထူးခြားမှုမျှ မရှိပေ။ ဤအချက်က လူအုပ်ကြီးကို ပိုမို ဂနာမငြိမ် ဖြစ်လာစေသည်။

ထို့ကြောင့် လူများစွာသည် ကျုံးအန်းအန်းနှင့် သူမ၏ အဖွဲ့ကို ကြည့်သော အကြည့်များ စတင် ပြောင်းလဲလာကြသည်။ သဘာဝကျကျပင် ကျုံးအန်းအန်းသည် ဤအခြေအနေကို ကောင်းစွာ သိရှိသည်။ သို့သော် ဒီတစ်ကြိမ်တွင် သူမ လုံးဝ ထိတ်လန့်ခြင်း မရှိပေ။

သူမသည် အခက်အခဲ ဆင်းရဲဒုက္ခ အမျိုးမျိုးကို ဖြတ်ကျော်ပြီးနောက် ရွှယ်အန်းအပေါ် အစွန်းရောက် ယုံကြည်မှုကို တည်ဆောက်ထားပြီး ဖြစ်သည်။ ဤလောကတွင် ရွှယ်အန်းကို တားဆီးနိုင်သော အရာဟူ၍ မရှိသည့်အပြင် ရွှယ်အန်းကို ဒုက္ခပေးနိုင်သော သူဟူ၍ မရှိဟု သူမ ခံစားမိသည်။ သာမန် ကောင်းကင်မီးတောက် ချောက်နက်ကြီးလောက်က ဘာမှ ပြောပလောက်သည် မဟုတ်ချေ။

ထို့ကြောင့် သူမသည် မတုန်မလှုပ် ခိုင်မာစွာ စောင့်ဆိုင်းနေသည်။ သို့သော် သူမ၏ လက်အောက်ငယ်သား ထိုက်ယင်ဂိုဏ်းသားများမှာမူ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပြသလာကြသည်။

"ဂိုဏ်းချုပ်၊ မစ္စတာရွှယ် သွားတာ ကြာလှပြီ၊ ပြန်မလာသေးဘူးဆိုတော့ တကယ်ပဲ တစ်ခုခုများ..."

အကြီးအကဲတစ်ယောက်က တိုးတိုးလေး မေးလိုက်သည်။

ကျုံးအန်းအန်း၏ မျက်နှာထား မည်းမှောင်သွားသည်။

"ဆက်မပြောနဲ့၊ မစ္စတာရွှယ်ရဲ့ ကျင့်ကြံမှုအဆင့်က မိုးမြေတုန်ဟည်းလောက်အောင် စွမ်းအားကြီးတယ်၊ သူ့မှာ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး ပြီးတော့ သူ မထွက်ခွာခင်က ငါတို့ ဒီမှာ သေသေချာချာ စောင့်နေဖို့ ရှင်းရှင်းလင်းလင်း မှာခဲ့ပြီးသားပဲ၊ ဒါကြောင့် တခြား ဘာမှ မတွေးနဲ့၊ သခင်ကြီး ပြန်လာမယ့်အချိန်ကိုပဲ စိတ်ရှည်လက်ရှည် စောင့်နေကြ!"

"ဒါပေမဲ့..."

အကြီးအကဲသည် တုံ့ဆိုင်းနေပြီး အဝေးရှိ လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။ ကျုံးအန်းအန်းသည် လူအုပ်ကြီးထံမှ မလိုလားအပ်သော အကြည့်များကို ခံစားမိသဖြင့် အေးစက်စွာ ပြုံးလိုက်သည်။

"သူတို့ကို ဂရုစိုက်မနေနဲ့၊ သခင်ကြီးအတွက် ဒီလူတွေက ပုရွက်ဆိတ်တွေလောက်ပဲ ရှိတာ၊ သခင်ကြီး ပြန်ရောက်တာနဲ့ မကောင်းကြံတဲ့သူတွေ၊ သစ္စာဖောက်ဖို့ ကြံတဲ့သူတွေ အားလုံး လွတ်မှာ မဟုတ်ဘူး"

"ဟုတ်ကဲ့"

အကြီးအကဲသည် စိတ်အားတက်ကြွသွားပြီး သဘောတူစွာ အလျင်အမြန် ခေါင်းညိတ်လိုက်ကာ ဆက်လက် မပြောရဲတော့ပေ။

လက်ရှိ ကျုံးအန်းအန်းသည် ယခင်နှင့် လုံးဝ မတူတော့ကြောင်း သူတို့ သတိထားမိလိုက်သောကြောင့် ဖြစ်သည်။ အနည်းဆုံးတော့ သူမဆီမှ ထွက်ပေါ်နေသော အာဏာစက်ကို လျှော့တွက်၍ မရနိုင်ပေ။

နောက်ထပ် နေ့ဝက်ခန့် ကုန်ဆုံးပြီးနောက် ညအချိန် ရောက်ရှိလာပြီး ကြယ်များ စိန်ပွင့်များကဲ့သို့ တောက်ပနေကြသည်။ လူအုပ်ကြီး၏ လှုပ်ရှားမှုသည် ပိုမို ပြင်းထန်လာပြီး အဆုံးတွင် လူတစ်စု ထွက်ပေါ်လာကာ ကျုံးအန်းအန်း၏ ရှေ့တည့်တည့်သို့ လျှောက်လာကြသည်။

"ဂိုဏ်းချုပ်ကျုံး... မတွေ့တာ ကြာပြီပဲ"

ခေါင်းဆောင်ဖြစ်သူက မရိုးသားသော အပြုံးဖြင့် လက်သီးဆုပ်ဂါဝါရပြုကာ နှုတ်ဆက်လိုက်သည်။ ကျုံးအန်းအန်းသည် ထိုလူကို မော့ကြည့်လိုက်ပြီး ခဏအကြာတွင် အကြည့်ပြန်ချကာ ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ဪ... ပျံသန်းနဂါးဂိုဏ်းရဲ့ ဒုတိယခေါင်းဆောင် သုန့်ရှုန်းပါလား"

မှန်ပေသည်။ ဤရောက်လာသောသူသည် ကျိန်စာသင့်မြို့တော်တွင် ရွှယ်အန်း၏ လက်ဝါးချက်ဖြင့် သေဆုံးသွားသော သုန့်ယင်ကျဲနှင့် ဂိုဏ်းတူသူဖြစ်သည်။ ထိုလူမှာ သုန့်ယင်ကျဲ၏ ညီအရင်းဖြစ်ပြီး ပျံသန်းနဂါးဂိုဏ်း၏ ဒုတိယ အကြီးအကဲ သုန့်ရှုန်းဖြစ်သည်။

ကျုံးအန်းအန်း၏ စကားကို ကြားသောအခါ သုန့်ရှုန်းက ကောက်ကျစ်စွာ ရယ်မောလိုက်သည်။

"ကြည့်ရတာ ဂိုဏ်းချုပ်ကျုံးက သတင်းတွေနဲ့ အဆက်အသွယ် ပြတ်နေပုံပဲ၊ ကျွန်တော်က အခု ပျံသန်းနဂါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်နေပြီ"

"အို... ဒါဆိုရင် ဂုဏ်ပြုပါတယ်"

ကျုံးအန်းအန်းက ပေါ့ပါးစွာ ပြန်ပြောသည်။

"ဒါနဲ့... ဂိုဏ်းချုပ်သုန့်က ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ"

ကျုံးအန်းအန်း၏ ဂရုမစိုက်သော အပြုအမူကြောင့် သုန့်ရှုန်း၏ မျက်လုံးများ အနည်းငယ် အေးစက်သွားသော်လည်း မျက်နှာပေါ်ရှိ အပြုံးမှာ ပြောင်းလဲခြင်း မရှိဘဲ ဆက်လက် ခေါင်းညိတ် ဦးညွှတ်ကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကျုံးလည်း မြင်တဲ့အတိုင်းပဲ၊ ကျွန်တော်တို့ ဒီမှာ စောင့်နေတာ ဆယ်ရက်ကျော်နေပြီ၊ သခင်ကြီးဆီက ဘာသတင်းမှ မကြားရသေးဘူး၊ ဂိုဏ်းချုပ်အနေနဲ့ သူ့ကို ဆက်သွယ်ကြည့်ပေးလို့ ရမလား၊ ဘာပဲဖြစ်ဖြစ် ဒီလိုကြီး ဆက်စောင့်နေရင်... ဘယ်တော့မှ ပြီးမှာလဲ"

သူ၏ စကားလုံးများသည် အလွန် ယဉ်ကျေးသည်။ သို့သော် မျက်စိပါသူတိုင်း ၎င်းသည် ဆင်ခြေသက်သက်သာ ဖြစ်ကြောင်း ပြောနိုင်သည်။ သုန့်ရှုန်းသည် ထိုက်ယင် နတ်ဘုရားဂိုဏ်းကို ဖိအားပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။

အကယ်၍ ကျုံးအန်းအန်းက ရွှယ်အန်းကို မဆက်သွယ်နိုင်ကြောင်း ဝန်ခံလိုက်လျှင် အခြေအနေ သေချာပေါက် ဆိုးရွားသွားလိမ့်မည်။ အကယ်၍ ကျုံးအန်းအန်းက ဆက်သွယ်နိုင်သည်ဟု ပြောလျှင်လည်း သုန့်ရှုန်းက မည်သည့်အချိန် ပြန်ရောက်မည်ကို အတိအကျ တောင်းဆိုလိမ့်မည်။ သူသည် စကားတစ်ခွန်းတည်းဖြင့် ကျုံးအန်းအန်း၏ ထွက်ပေါက်အားလုံးကို ပိတ်ဆို့လိုက်ခြင်း ဖြစ်ရာ တကယ်ကို ယုတ်မာသော လုပ်ရပ်ပင်ဖြစ်သည်။

အနည်းဆုံးတော့ သူ့နောက်မှ လူများစွာသည် ကျုံးအန်းအန်း ဤအခြေအနေကို မည်သို့ ဖြေရှင်းမည်နည်းဟု သိချင်စိတ်ဖြင့် စိတ်ဝင်တစား ပြုံးနေကြသည်။

ကျုံးအန်းအန်း တိတ်ဆိတ်သွားသည်။ သုန့်ရှုန်း၏ ရင်ထဲတွင် ကျေနပ်မှုနှင့် စိတ်သက်သာရာရမှု အရိပ်အယောင်များသည် မြင့်တက်လာသည်။ လက်ရှိ ပျံသန်းနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် သူသည် သူ့အစ်ကိုကို သတ်ဖြတ်ခဲ့သော ရွှယ်အန်းအပေါ် နက်ရှိုင်းသော အမုန်းတရား ရှိနေသည်။

သို့သော် အကယ်၍ ရွှယ်အန်းသာ ယခု ဤနေရာတွင် ရှိနေပါက သူသည် သေမလောက် ကြောက်ရွံ့၍ စကားတစ်ခွန်းမျှပင် ပြောရဲမည် မဟုတ်ပေ။ သို့သော်

ယခုအချိန် ရွှယ်အန်းက ပြန်မလာသေးချေ။ သူသည် ရွှယ်အန်း ပြန်လာနိုင်ဖို့ အခွင့်အရေး နည်းပါးကြောင်း သူ ယုံကြည်နေသည်။ ထို့ကြောင့် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ အာရုံစိုက်မှု ရယူရန်အတွက် ဤကစားကွက်ကို ခင်းလိုက်ခြင်း ဖြစ်သည်။

အခန်း (၁၁၅၂) - အလွန်ပါးနပ်သော အကြံအစည်၊ လှုပ်ရှားရမည့်အချိန်

မည်သို့ပင်ဆိုစေ သူ အာဏာရလာတာက လွယ်ကူလွန်းနေသည်။ အကယ်၍ သူသာ သူ့ရှေ့က သူ့အစ်ကိုအရင်းအတွက် ကလဲ့စားမချေပေးနိုင်လျှင် သူ့ရာထူးမှာ မြဲမြံစွာ ထိုင်နိုင်မည် မဟုတ်ပေ။

သို့သော် သူသည် ကျေနပ်အားရနေသော မျက်နှာထားဖြင့် ကျုံးအန်းအန်း၏ တုံ့ပြန်မှုကို စောင့်ဆိုင်းရန် ပြင်ဆင်နေချိန်မှာပင် ကျုံးအန်းအန်းသည် ရုတ်တရက် ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်လေသည်။ သူမ၏ ရယ်မောသံထဲတွင် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။

သုန့်ရှုန်းမှာ အခြေအနေကို နားမလည်နိုင် ဖြစ်သွားပြီး စကားပြောရန် ပြင်လိုက်စဉ် ကျုံးအန်းအန်းက သူ့ဘက်သို့ လက်ကို မြှောက်လိုက်ပြီး အေးစက်စွာ အော်ဟစ်လိုက်သည်ကို မြင်လိုက်ရသည်။

"နင်က ဘာကောင်မို့လို့ ငါ့ကို လာမေးခွန်းထုတ်ရဲတာလဲ"

ကျုံးအန်းအန်း၏ ပြင်းထန်သော စကားကြောင့် ဘေးမှ ကြည့်နေသူများ အံ့အားသင့်သွားကြသည်။ အထူးသဖြင့် သုန့်ရှုန်း ဖြစ်သည်။ သူသည် အငိုက်မိသွားပြီးနောက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကျုံး... ခင်ဗျား ဘာသဘောနဲ့ ပြောတာလဲ"

ကျုံးအန်းအန်းက လှောင်ပြောင်သလို ပြန်ပြောသည်။

"ဘာသဘောလဲ ဟုတ်လား၊ ဟက်... နင့်အတွေးတွေကို ငါ မသိဘူး မထင်နဲ့၊ သခင်ကြီး ထွက်သွားတာ ကြာပြီဆိုတော့ တစ်ခုခု ဖြစ်သွားလောက်ပြီလို့ နင် ထင်နေတာမလား၊ ဒါကြောင့်လည်း နင် ဒီလောက် ရမ်းကားရဲနေတာလေ မဟုတ်ရင် သခင်ကြီးသာ ဒီမှာရှိရင် နင် ကြောက်လွန်းလို့ စကားတစ်ခွန်းတောင် ဟရဲမှာ မဟုတ်ဘူး"

သူမ၏ စကားများသည် ပြင်းထန်လွန်းလှသဖြင့် လူများစွာ၏ မျက်နှာများ အရောင်ပြောင်းကုန်ကြသည်။ ကျုံးအန်းအန်း၏ မျက်နှာသည် ရေခဲတမျှ အေးစက်နေပြီး အခန်းထဲရှိ လူတိုင်းကို ဝေ့ဝဲကြည့်လိုက်ကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ငါ နင်တို့ကို ပြောလိုက်မယ်၊ သခင်ကြဌး ဘယ်တော့ ပြန်လာမလဲ ဆိုတာ သူ့ကိစ္စပဲ၊ နင်တို့မှာ ခန့်မှန်းပြောဆိုခွင့် မရှိဘူး၊ ငါ ပြောနိုင်တာ တစ်ခုတည်း ရှိတယ် သခင်ကြီးက သေချာပေါက် ဘေးကင်းကင်းနဲ့ ပြန်လာလိမ့်မယ်"

ဤစကားများကြောင့် သုန့်ရှုန်း၏ မျက်နှာသည် ဖြူလိုက်နီလိုက် ဖြစ်သွားပြီး နဖူးပေါ်တွင် ချွေးစေးများ ထွက်လာကာ ခဏတာမျှ ဘာပြောရမှန်း မသိအောင် ဖြစ်သွားသည်။ ထိုအချိန်တွင် တောင့်တင်းသန်မာသော လူတစ်ယောက်သည် လူအုပ်ကြီးထဲမှ ထွက်လာပြီး ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကျုံး... ခင်ဗျား ပြောတာတွေက သိပ်ပြီး အကျိုးအကြောင်း မညီညွတ်ဘူး ထင်တယ်ဗျာ၊ ဂိုဏ်းချုပ်သုန့်က သခင်ကြီး ဘယ်တော့ ပြန်လာမလဲ ဆိုတာကို စိတ်ပူပေးနေရုံ သက်သက်ပါ၊ ဘာလို့လဲဆိုတော့ ကျုပ်တို့ ဒီမှာ စောင့်ရတာ တော်တော် ဒုက္ခရောက်နေပြီလေ၊ အားလုံး သဘောတူကြတယ်မလား"

ထိုလူ၏ စကားကို လူအချို့က ထောက်ခံလိုက်ကြသည်။ ကျုံးအန်းအန်းသည် ရေပြင်ငြိမ်ကဲ့သို့ တည်ငြိမ်သော မျက်နှာထားဖြင့် သူ့ကို ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။

"ဒါနဲ့ ရှင်က ဘယ်သူများလဲ"

ထိုလူက ရယ်မောလိုက်သည်။

"ဂိုဏ်းချုပ်ကျုံး... ခင်ဗျား ကျွန်တော့်ကို သိချင်မှ သိမှာပါ၊ ဒါပေမဲ့ ကျွန်တော့်အစ်ကိုကိုတော့ ခင်ဗျား သေချာပေါက် သိမှာပဲ၊ ကျွန်တော်က လီရှုန်းပဲ၊ နတ်ဘုရားကျောင်းတော်ရဲ့ လက်ရှိ ခန်းမသခင်ပါ၊ လီကန်းက ကျွန်တော့် အစ်ကိုပဲ"

ထိုစကားကို ကြားလိုက်ရသောအခါ ဤလူ၏ အရှိန်အဝါကို ဘာကြောင့် ရင်းနှီးနေရသလဲ ဆိုတာ ကျုံးအန်းအန်း သဘောပေါက်လိုက်သည်။

ဒီတော့ သူက နတ်ဘုရားကျောင်းတော် က လူကိုး...

အစောက လီကန်းသည် ရွှယ်အန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်သာမက နတ်ဘုရားကျောင်းတော်၏ ခန်းမသခင်နှင့် အကြီးအကဲ အများအပြားလည်း လွတ်မြောက်ခဲ့ခြင်း မရှိပေ။ သွေးကြွေးနှင့် ပတ်သက်လျှင် နတ်ဘုရားကျောင်းတော်သည် ပျံသန်းနဂါးဂိုဏ်းထက်ပင် ရွှယ်အန်းအပေါ် ပိုမို နက်ရှိုင်းသော အမုန်းတရား ရှိသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ဤကိစ္စတွင် ရွှယ်အန်းတစ်ယောက် ကောင်းကင်မီးတောက် ချောက်နက်ကြီးထဲ၌ အသက်ပျောက်သွားပါစေဟု သူတို့ အသည်းအသန် မျှော်လင့်နေကြခြင်း ဖြစ်သည်။

သဘာဝကျကျပင် ကျုံးအန်းအန်းသည် ဤအချက်ကို ကောင်းစွာ သိရှိသဖြင့် သူမ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

"သခင်ကြီးက ရှင်တို့လို လူတွေ စိတ်ပူပေးရလောက်တဲ့ သူမျိုး မဟုတ်ဘူး၊ ကိုယ့်အလုပ် ကိုယ်လုပ်ပြီး သခင်ကြီး ပြန်လာမယ့်အချိန်ကို ရိုရိုသေသေ စောင့်နေကြပါ"

ကျုံးအန်းအန်းသည် ပြောပြီးသည်နှင့် မျက်လွှာချလိုက်ပြီး ထိုလူနှစ်ယောက်ကို ဆက်ကြည့်ချင်စိတ်ပင် မရှိတော့ပေ။

"ခင်ဗျား..."

သုန့်ရှုန်းသည် ဒေါသကြောင့် မျက်နှာရဲတက်သွားပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် လီရှုန်းက သူ့ကို ဆွဲကာ ဘေးသို့ ခေါ်သွားလိုက်သည်။

"ခန်းမသခင်လီ၊ အဲဒီမိန်းမက ရွှယ်အန်းရဲ့ အင်အားကို အမှီပြုပြီး မတရား မောက်မာလွန်းနေတယ်၊ ကျွန်တော် ဒီအရှက်တကွဲ ဖြစ်ရတာကို မျိုမသိပ်နိုင်တော့ဘူး၊ ကျွန်တော် သူ့ကို သွားပြောမလို့ဟာကို ဘာလို့ ဆွဲခေါ်လာတာလဲ"

သုန့်ရှုန်းက ဒေါသတကြီး ပြောလိုက်သည်။ လီရှုန်းက ရယ်မောလိုက်သည်။

"ဂိုဏ်းချုပ်သုန်ြ... သွေးပင်လယ် ဝေလောက်တဲ့ အမုန်းတရားနဲ့ ပတ်သက်ရင် ကျုပ်ရဲ့ နတ်ဘုရားကျောင်းတော်က ခင်ဗျားတို့ ပျံသန်းဂါးဂိုဏ်းထက် မလျော့ပါဘူး၊ ဒါပေမဲ့ အခုက ကျုံးအန်းအန်းနဲ့ စကားနိုင်လုရမယ့်အချိန် မဟုတ်သေးဘူး၊ သူ့ရဲ့ မောက်မာမှုက နောက်ထပ် ရက်အနည်းငယ်လောက်ပဲ ခံတော့မှာပါ"

"ခန်းမသခင် ဆိုလိုတာက..."

သုန့်ရှုန်း၏ မျက်လုံးများ အရောင်တောက်လာသည်။ လီရှုန်းက မဲ့ပြုံးပြုံးလိုက်သည်။

"ကျုပ် တချို့ စွမ်းအားရှင်တွေနဲ့ မဟာမိတ် ဖွဲ့ပြီးသွားပြီ၊ တကယ်လို့ ဒီညအထိ ရွှယ်အန်း ပြန်မလာဘူးဆိုရင် ကျုပ်တို့ အတူတူ လှုပ်ရှားကြမယ်၊ အရင်ဆုံး ထိုက်ယင် နတ်ဘုရားဂိုဏ်းက လူတွေကို ရှင်းပစ်မယ်၊ ပြီးရင် အဲဒီ စွမ်းအားရှင်တွေနဲ့ ပေါင်းပြီး ကောင်းကင်မီးတောက် ချောက်နက်ကြီးကို အတင်းအကျပ် ပိတ်ပစ်လိုက်မယ်"

"အဲဒီအချိန်ရောက်ရင်..."

ထိုသို့ပြောလိုက်စဉ် လီရှုန်း၏ မျက်လုံးများထဲတွင် လက်စားချေလိုစိတ်များ လက်ခနဲ ဖြစ်သွားသည်။

"ရွှယ်အန်း ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ လေဟာနယ် အက်ကြောင်းတွေထဲမှာ လမ်းပျောက်ပြီး ပြန်မလာနိုင်တော့ဘူး၊ အဲဒီကျ ကျုပ်တို့ရဲ့ နက်ရှိုင်းတဲ့ အမုန်းတရားအတွက် ကလဲ့စားချေပြီးသား မဖြစ်သွားဘူးလား"

သုန့်ရှုန်း တုန်လှုပ်သွားပြီးနောက် သူ၏ မျက်လုံးများထဲတွင် ဝမ်းသာအားရ ဖြစ်မှုများ တောက်လောင်လာသည်။

"တကယ့်ကို ပြောင်မြောက်တဲ့ အကြံအစည်ပဲ၊ ဒါပေမဲ့ ဘာလို့ အခု ချက်ချင်း မလှုပ်ရှားတာလဲ"

လီရှုန်းက ခေါင်းခါလိုက်သည်။

"မဖြစ်ဘူး... ကောင်းကင်မီးတောက် ချောက်နက်ကြီးကို ပိတ်ဖို့ဆိုတာ အဲဒီလောက် မလွယ်ဘူး၊ အချိန်အခါနဲ့ နေရာ မှန်ကန်ဖို့ လိုတယ်၊ မနက်ဖြန် နေထွက်ချိန်ကျရင် နှစ်တစ်ရာမှ တစ်ခါ ကြုံရခဲတဲ့ နေကြတ်တယ်ဆိုတဲ့ ကောင်းကင်ဖြစ်စဉ် ပေါ်လာလိမ့်မယ်၊ အဲဒီအချိန်ကျရင် ကျုပ်တို့ နတ်ဘုရားနယ်ပယ်က ဝိညာဉ်စွမ်းအင်တွေတောင် ကမောက်ကမ ဖြစ်ကုန်လိမ့်မယ်၊ အဲဒီ စွမ်းအားကို အသုံးပြုမှသာ ကောင်းကင်မီးတောက် ချောက်နက်ကြီးကို လုံးဝ ပိတ်ပစ်နိုင်မှာဖြစ်ပြီး ရွှယ်အန်း ဘယ်တော့မှ ပြန်မလာနိုင်အောင် လုပ်နိုင်မှာ"

သုန့်ရှုန်းက အားတက်သရော ခေါင်းညိတ်လိုက်သည်။

"သဘောပေါက်ပြီ၊ ခန်းမသခင်လီက တကယ့်ကို အစအဆုံး စဉ်းစားထားတာပဲ၊ ကျုပ်ရဲ့ ပျံသန်းနဂါးဂိုဏ်းလည်း အတူတူ လှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေပါ့မယ်"

"ကောင်းပြီ"

နတ်ဘုရားကျောင်းတော်နှင့် ပျံသန်းနဂါးဂိုဏ်းတို့၏ ဦးဆောင်မှုအောက်တွင် ယုတ်မာသော လှိုင်းကြီးတစ်ခု စတင် လှုပ်ရှားလာတော့သည်။

ကျုံးအန်းအန်းသည် ဤအရာကို အာရုံခံမိသော်လည်း မည်သည့် လှုပ်ရှားမှုမျှ မပြုဘဲ ထိုက်ယင်ဂိုဏ်းသား အားလုံးကို တိုက်ပွဲအတွက် အဆင်သင့် ပြင်ထားရန်သာ အမိန့်ပေးလိုက်သည်။

အချိန်များ ကုန်ဆုံးသွားပြီး အမှောင်ထု တဖြည်းဖြည်း ပျောက်ကွယ်ကာ အရှေ့ဘက် ကောင်းကင်ယံတွင် ဖျော့တော့သော အလင်းရောင်များ စတင် ပေါ်ပေါက်လာချိန်၌ လီရှုန်းနှင့် သုန့်ရှုန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့သည် မျက်နှာအမူအရာ မပျက်ဘဲ စတင် ပြင်ဆင်လိုက်ကြသည်။

ရွှေရောင် နေမင်းကြီးမှာ အရှေ့ဘက်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသောအခါ နတ်ဘုရားကျောင်းတော်၊ ပျံသန်းနေသော နဂါးဂိုဏ်းနှင့် အခြားသော အင်အားကြီး ဂိုဏ်းနှင့် ဂိုဏ်းအချို့မှ လူများသည် တိတ်တဆိတ် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။

"ဂိုဏ်းချုပ်"

ထိုက်ယင် နတ်ဘုရားဂိုဏ်းသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သဘာဝကျကျပင် သတိထားမိလိုက်ပြီး ခအကြီးအကဲတစ်ဦးက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

ကျုံးအန်းအန်းသည် မြေပြင်ပေါ်တွင် ထိုင်နေကာ အော်သံကြောင့် မျက်လုံးဖွင့်လိုက်ကာ ဖြည်းညှင်းစွာ ချဉ်းကပ်လာသော လီရှုန်းနှင့် အခြားသူများကို အံ့သြခြင်းမရှိဘဲ ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်သည်။

"ရှင်တို့ ဘာလုပ်နေကြတာလဲ"

ကျုံးအန်းအန်းက အေးစက်စွာ မေးလိုက်သည်။

"ဟက်! ကျုံးအန်းအန်း... ငါတို့ ဘာလုပ်မလို့လဲ ဆိုတာ မင်း မသိဘူးလား၊ ရွှယ်အန်း ပျောက်သွားတာ ဆယ်ရက်ကျော်နေပြီ၊ ဘာသတင်းမှ မကြားရဘူးဆိုတော့ သူ ကောင်းကင်မီးတောက် ချောက်နက်ကြီးထဲမှာ သေသွားတာ သိသာနေပြီလေ၊ မင်းကတော့ ဒီမှာ ဆက်စောင့်ချင် စိတ်ရှိဦးမယ်၊ ငါတို့ကတော့ ဆက်မစောင့်နိုင်တော့ဘူး"

သုန့်ရှုန်းက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"ဟုတ်တယ်၊ ငါတို့မှာ ဒီနေရာမှာ ထိုင်ပြီး ညအိပ်စောင့်နေဖို့ အချိန်မရှိဘူး၊ ရွှယ်အန်း သေချာပေါက် မတော်တဆ တစ်ခုခု ဖြစ်သွားပြီ၊ မဟုတ်ရင် အခုလောက်ဆို ပြန်ရောက်နေလောက်ပြီ"

တစ်စုံတစ်ယောက်က ထောက်ခံပြောဆိုလိုက်သည်။

"မှန်တယ်၊ ငါတို့က ရွှယ်အန်းအတွက် စောင့်ပေးဖို့ ဒီကို ရောက်နေတာ မဟုတ်ဘူး"

ထိုဆူညံသံများကြားတွင် ကျုံးအန်းအန်း၏ မျက်နှာသည် ရေခဲတမျှ အေးစက်နေပြီး စကားတစ်ခွန်းမျှ မပြောပေ။ ထို့နောက် လီရှုန်းကလည်း အေးစက်စွာ ရယ်မောလိုက်သည်။

"ကျုံးအန်းအန်း... မင်းနဲ့ ငါ့အစ်ကိုက တစ်ချိန်က ဂုဏ်သရေရှိ မျိုးနွယ်စုဝင်တွေ ဖြစ်ခဲ့တာကို ထောက်ထားပြီး ပြောမယ်၊ အခုပဲ ဖယ်ပေးလိုက်စမ်း... ဒါဆိုရင် ငါ မင်းကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူ ဒါမှမဟုတ်ရင်တော့..."

ကျုံးအန်းအန်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။

"အိပ်မက်မက်နေလိုက်စမ်း"

လီရှုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကြမ်းတမ်းစွာ ပြောလိုက်သည်။

"ဒါဆိုရင် ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့တော့၊ တိုက်ကြ"

ဝုန်း!

နတ်ဘုရားကျောင်းတော်နှင့် ပျံသန်းနဂါးဂိုဏ်းတို့သည် ရှေ့သို့ တိုးဝင်လာပြီး ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ လူများနှင့် ချက်ချင်း တိုက်ခိုက်လေတော့သည်။ ပျံသန်းနဂါးဂိုဏ်းသည် ထိုက်ယင် နတ်ဘုရားဂိုဏ်းနှင့် ယှဉ်လျှင် အများကြီး အားနည်းသည်။ သို့သော် နတ်ဘုရားကျောင်းတော် ဝင်ရောက် စွက်ဖက်လာသောအခါ တိုက်ပွဲအခြေအနေသည် မျှခြေ ဖြစ်သွားသည်။

မည်သို့ပင်ဖြစ်စေ နတ်ဘုရားကျောင်းတော်သည် တစ်ချိန်က စကြာဝဠာ အရပ်လေးမျက်နှာတွင် ဂုဏ်သရေရှိ ဂိုဏ်းတစ်ခု ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ဤထိပ်တိုက်တွေ့ဆုံမှုတွင် နှစ်ဖက်စလုံးသည် ယာယီအားဖြင့် အသာစီး မရနိုင်ဘဲ ဖြစ်နေကြသည်။

တစ်ချိန်တည်းမှာပင် လူအုပ်ကြီးသည် ဖြစ်ပျက်နေသမျှ အားလုံးကို အဝေးမှနေ၍ အေးစက်သော မျက်လုံးများဖြင့် စောင့်ကြည့်နေကြလေသည်။

All Chapters