← Chapters

အခန်း (၁၁၅၃-၁၁၅၅)

Vol. 77 Ch. 1153-1155

အခန်း (၁၁၅၃-၁၁၅၅)

Vol. 77 Ch. 1153-1155

အခန်း (၁၁၅၃) - နေကြတ်ခြင်း၊ ချောက်နက်ကြီးကို တံဆိပ်ခတ် ပိတ်ဆို့ခြင်း

ထိုအချိန်၌ ကောင်းကင်ယံအမြင့်တွင် ရောက်နေပြီဖြစ်သော ရွှေရောင် နေမင်းကြီး၏ အနားသတ်တွင် အမည်းစက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး ထို့နောက် သိသာထင်ရှားသော နှုန်းဖြင့် လျင်မြန်စွာ ကြီးမားလာသည်။

"ကြည့်စမ်း... ဒါက နေကြတ်တဲ့ ကောင်းကင်ဖြစ်စဉ်ပဲ"

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

လီရှုန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တိုက်ပွဲကြားမှ လျင်မြန်စွာ ခုန်ထွက်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ်သုန့်... ဒီကောင်တွေကို ခင်ဗျားလက်ထဲ အပ်လိုက်ပြီ"

သုန့်ရှုန်းက ကြမ်းတမ်းသော အသံဖြင့် ပြန်ပြောသည်။

"စိတ်ချထားလိုက်"

ထို့နောက် နောက်ထပ် လျင်မြန်သော လှုပ်ရှားမှုတစ်ခုဖြင့် လီရှုန်းသည် ကောင်းကင်မီးတောက် ချောက်နက်ကြီး၏ အထက်သို့ ပျံတက်သွားပြီး သူ၏ ရင်ဘတ်မှ ရိုးရှင်းကာ ဟောင်းနွမ်းသော ကြေးမုံပြင်တစ်ခုကို ဆွဲထုတ်လိုက်သည်။ ထိုအချိန်တွင် အရပ်လေးမျက်နှာမှ အလင်းတန်းများ စုစည်းရောက်ရှိလာကြသည်။ သူတို့အားလုံးသည် သက်ဆိုင်ရာ နယ်မြေအသီးသီးကို လွှမ်းမိုးထားသော စွမ်းအားရှင်များ ဖြစ်ကြသည်။

လီရှုန်းက ထိုလူများကို ခေါင်းညိတ်ပြလိုက်သည်။

"ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး၊ အားလုံး အခုပဲ စလိုက်ကြ"

ထိုစကားကို ကြားသည်နှင့် သူတို့သည် အလင်းတန်းများအဖြစ် ကွဲထွက်သွားကာ ကောင်းကင်မီးတောက် ချောက်နက်ကြီး၏ ပတ်ပတ်လည်တွင် နေရာယူလိုက်ကြပြီး၊ မိမိတို့၏ ဝတ်ရုံများထဲမှ ရှေးဟောင်းကြေးမုံပြင် တစ်ချပ်စီကို ပြိုင်တူ ထုတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ်ရှိ နေမင်းကြီးသည် အများစု ဖုံးလွှမ်းခြင်း ခံလိုက်ရလေသည်။ ကြည်လင်နေသော ကောင်းကင်သည် အမှောင်ထု လွှမ်းမိုးလာသည်။

သို့သော် ရှေးဟောင်းကြေးမုံပြင်များ သူတို့လက်ထဲတွင် ပေါ်လာသည်နှင့် တပြိုင်နက် အပေါ်ရှိ နေမင်းကြီးထံမှ အနက်ရောင်နှင့် ဆန်းကြယ်သော အရောင်များ ရောနှောထားသည့် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။ ထို့နောက် ထိုအလင်းတန်းသည် ကောင်းကင်မီးတောက် ချောက်နက်ကြီး အတွင်း၌ ဂယက်များ ထစေခဲ့သည်။

ကျုံးအန်းအန်းသည် သတိပြန်ဝင်လာကယ ၎င်းတို့လုပ်နေသည်ကို သဘောပေါက်သွားသည်။

"ဒါက တံဆိပ်ခတ် ပိတ်ဆို့နေတာပဲ"

ယခုအခါ လီရှုန်းနှင့် အခြားသူများ ဘာလုပ်ရန် ကြိုးစားနေသည်ကို သူမ နားလည်သွားပြီ ဖြစ်သည်။ သူတို့သည် သဘာဝ ဝိညာဉ်စွမ်းအင်များ ကမောက်ကမ ဖြစ်နေသည့် ရှားပါး ကောင်းကင်ဖြစ်စဉ်ကို အခွင့်ကောင်းယူကာ ထိုစွမ်းအားကို အသုံးပြုပြီး ကောင်းကင်မီးတောက် ချောက်နက်ကြီးကို ပိတ်ဆို့ရန် ကြံစည်နေခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။

ဤအသိသည် ကျုံးအန်းအန်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေပြီး သူမကို ထိတ်လန့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် လီရှုန်းနှင့် အခြားသူများသာ တကယ် အောင်မြင်သွားပါက ရွှယ်အန်း ပြန်လာနိုင်ရန် မဖြစ်နိုင်တော့သောကြောင့် ဖြစ်သည်။

မဖြစ်ဘူး... ငါ သူတို့ကို တားမှ ဖြစ်မယ်...

ထိုအတွေးနှင့်အတူ ကျုံးအန်းအန်းသည် ရဲရင့်စွာ ရှေ့သို့ တိုးဝင်သွားသည်။

သူမ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မှောင်ယင်စွမ်းအင်က သူမ၏ လမ်းကို ပိတ်ဆို့ထားသူ အားလုံးကို အေးခဲသွားစေသည်။ သို့သော် ထိုအချိန်တွင် ချီစွမ်းအင်ဖြင့် ထိန်းချုပ်ထားသော ပျံသန်းနေသည့် နဂါးတစ်ကောင်မှာ သူမထံသို့ တိုးဝင်လာပြီး ကျုံးအန်းအန်း၏ လမ်းကြောင်းကို ခိုင်မာစွာ ပိတ်ဆို့လိုက်သည်။

ထို့နောက် သုန့်ရှုန်း ပေါ်လာပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကျုံး... ဘာလို့ အလျင်လိုနေတာလဲ၊ အချိန်တွေ အများကြီး ရှိပါသေးတယ်၊ ကျုပ်တို့ ဖြည်းဖြည်းချင်း ကစားလို့ ရတာပဲ"

"ငါ့ရှေ့က ဖယ်စမ်း"

ကျုံးအန်းအန်း၏ မျက်လုံးများသည် မထိန်းချုပ်နိုင်သော ဒေါသကြောင့် သွေးရောင်လွှမ်းနေပြီး တိုက်ခိုက်လိုက်သည်။

သူမသည် သုန့်ရှုန်းထက် အနည်းငယ် ပို၍ သန်မာသော်လည်း နတ်ဘုရားကျောင်းတော်မှ လူများက သူမကို လျင်မြန်စွာ ဝိုင်းရံလိုက်ကြသဖြင့် သူမသည် ခဏချင်းပင် ပိတ်မိသွားလေသည်။ ကျုံးအန်းအန်းသည် အကြိမ်အနည်းငယ် ဖောက်ထွက်ရန် ကြိုးစားသော်လည်း ဝိုင်းရံမှုကို မဖောက်ထွက်နိုင်ဘဲ ကောင်းကင်မီးတောက် ချောက်နက်ကြီး၏ အထက်တွင် နေကြတ်သည့် အနှစ်သာရဖြင့် ပြုလုပ်ထားသော တံဆိပ်တစ်ခု ဖြည်းညှင်းစွာ ပုံဖော်လာသည်ကိုသာ လက်ပိုက်ကြည့်နေရရှာသည်။

ဤအခြေအနေက ကျုံးအန်းအန်း၏ နှလုံးသားကို ကွဲကြေသွားစေပြီး ပြင်းထန်သော စိတ်ဆင်းရဲမှုကြောင့် သူမ ပါးစပ်မှ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

"ဟားဟားဟား... ကျုံးအန်းအန်း သိပ်မခံနိုင်တော့ဘူး၊ မှတ်ထားကြ... ငါတို့ သူမကို အရှင်လိုချင်တယ်"

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သုန့်ရှုန်းသည် အလွန်ဝမ်းသာသွားပြီး အမိန့်ပေးလိုက်သည်။

နတ်ဘုရားကျောင်းတော်နှင့် ပျံသန်းနဂါးဂိုဏ်းမှ လူများက ကျုံးအန်းအန်းကို အရှင်ဖမ်းရန် ရည်ရွယ်ချက်ဖြင့် ဝိုင်းရံထားသော ပိုက်ကွန်ကို ကျဉ်းမြောင်းလိုက်ကြသည်။ ကျုံးအန်းအန်းသည် ခါးသီးစွာ ပြုံးလိုက်သည်။ သူမသည် ကြီးမားသော မုန်တိုင်းများကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီးမှ သာမန် မြောင်းပုပ်ထဲတွင် ကျဆုံးရလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ဤလူများ၏ လက်ချက်ဖြင့် သေဆုံးရမည်ကို သူမ လက်မခံနိုင်ပေ။

ထိုအချိန်၌ အပေါ်မှ နေကြတ်သွားပြီဖြစ်ရာ ကောင်းကင်နှင့် မြေကြီးကြားရှိ အရာအားလုံးသည် အမှောင်ထုထဲသို့ ကျရောက်သွားလေသည်။ ရှေးဟောင်းကြေးမုံပြင် တစ်ဒါဇင်ခန့်သာ အေးစက်သော အလင်းရောင်များ ထုတ်လွှတ်နေသည်။

တံဆိပ်ခတ်ခြင်းများသည် ရူးသွပ်ဖွယ်ရာ အရှိန်ဖြင့် စုစည်းနေကြသည်။ အဆုံးတွင ကောင်းကင်မီးတောက် ချောက်နက်ကြီးသည် ပြင်းထန်စွာ တုန်ခါသွားသည်။ ထို့နောက် လီရှုန်း၏ ရိုင်းစိုင်းသော ရယ်မောသံ လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။

"ဟားဟားဟား... တံဆိပ်ခတ်တာ အောင်မြင်သွားပြီ၊ အခုအချိန်ကစပြီး ကောင်းကင်မီးတောက် ချောက်နက်ကြီးဆိုတာ ရှိတော့မှာ မဟုတ်ဘူး"

ထိုစကားကို ကြားသောအခါ ကျုံးအန်းအန်းသည် မျှော်လင့်ချက်မဲ့စွာ မှိတ်လိုက်သည်။ ဤနေရာတွငိ ရှိနေသော လူတိုင်းသည်လည်း လီရှုန်းကိုသာ အာရုံစိုက်နေမိကြသည်။ ယခုအချိန်တွင် လီရှုန်း၏ မျက်နှာသည် ကျေနပ်အားရမှုများ ပြည့်နှက်နေပြီး လေးလံစွာ တံဆိပ်ခတ် ပိတ်ဆို့ခံထားရသော ကောင်းကင်မီးတောက် ချောက်နက်ကြီးကို ငုံ့ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။

"ရွှယ်အန်း... မင်းအတွက် ငါလုပ်ပေးထားတဲ့ ဒီသင်္ချိုင်းဂူကို ကျေနပ်ရဲ့လား"

ထိုသို့ပြောပြီးသည်နှင့် လီရှုန်းသည် ကောင်းကင်ကို မော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သို့သော် ထိုအချိန်လေးမှာပင် အောင်မြင်စွာ တံဆိပ်ခတ် ပိတ်ဆို့ထားပြီး ဖြစ်သော ကောင်းကင်မီးတောက် ချောက်နက်ကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာပြန်သည်။ အတွင်းထဲတွင် ကြီးမားသော သားရဲတစ်ကောင်က တံဆိပ်ကို ဖောက်ထွက်ရန် ကြိုးစားနေသကဲ့သို့ထင်ရသည်။

ထိုအင်အား၏ ပြင်းထန်မှုကြောင့် လူတိုင်း၏ မျက်နှာ အရောင်ပြောင်းသွားကြသည်။ ကျုံးအန်းအန်းသည်လည်း ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး အဝေးသို့ အာရုံစိုက် ကြည့်လိုက်သည်။ လီရှုန်း တစ်ယောက်သာ တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားပြီး ရယ်မောကာ ပြောလိုက်သည်။

"မကြောက်ကြနဲ့ မိတ်ဆွေတို့၊ ဒီတံဆိပ်က နေကြတ်တာရဲ့ စွမ်းအားကို အသုံးပြုထားတာ၊ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေ ပါဝင်နေတဲ့ ဒီလိုတံဆိပ်မျိုးကို သာမန် လူသားအင်အားလောက်နဲ့ ဘယ်လိုလုပ် ဖျက်ဆီးနိုင်မှာလဲ"

သူ ပြောသည့်အတိုင်းပင် သူစကားဆုံးသည်နှင့် ကောင်းကင်မီးတောက် ချောက်နက်ကြီး၏ တုန်ခါမှု ရပ်တန့်သွားသည်။ ဧရာမ သားရဲကြီးသည် ရုန်းကန်ရခြင်း၏ အချည်းနှီးဖြစ်မှုကို နားလည်သွားပြီး လက်လျော့လိုက်သည့်အလားထင်ရသည်။

ကျုံးအန်းအန်း၏ ရင်ထဲတွင် ရုတ်တရက် တင်းကျပ်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"အရှင်..."

တစ်ချိန်တည်းမှာပင် လီရှုန်းက ရယ်မောလိုက်သည်။

"ငါ ဘာပြောလဲ၊ ဒီတံဆိပ်က ခံတပ်တစ်ခုလို ခိုင်ခံ့တယ်၊ လူသားအင်အားနဲ့ လုံးဝ ထိုးဖောက်လို့ မရဘူး၊ ငါ..."

သူ စကားမဆုံးခင်မှာပင် ကောင်းကင်မီးတောက် ချောက်နက်ကြီးပေါ်ရှိ တံဆိပ်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် လူအားလုံး ထိတ်လန့်တုန်လှုပ်သွားစေလောက်အောင် အက်ကွဲကြောင်းများ စတင် ပေါ်ပေါက်လာတော့သည်။

လီရှုန်း၏ မျက်နှာပေါ်ရှိ အပြုံးသည် တောင့်တင်းသွားပြီး သရဲတစ္ဆေ မြင်လိုက်ရသည့်အလား တံဆိပ်ပေါ်ရှိ အက်ကွဲကြောင်းများကို စိုက်ကြည့်နေမိသည်။ သူ၏ နှုတ်ခမ်းများ လှုပ်ရှားနေသော်လည်း အသံထွက်မလာပေ။ ထိုအချိန်လေးမှာပင်...

ဝုန်း!

မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ တံဆိပ်သည် အပိုင်းပိုင်းအစစ ကွဲကြေသွားလေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ်၌ နေကြတ်နေသော နေမင်းကြီးသည်လည်း စတင် ယိမ်းယိုင်လာသည်။ ကောင်းကင်ထက်မှ ဖျော့တော့သော ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်ကို လူများစွာ ခံစားလိုက်ရပြီး နေမင်းကြီးကို လွှမ်းမိုးထားသော အမှောင်ထုသည် ရူးသွပ်ဖွယ်ရာ နှုန်းဖြင့် စတင် ဆုတ်ခွာသွားလေသည်။

နေရောင်ခြည်သည် ကမ္ဘာမြေပေါ်သို့ ပြန်လည် ရောက်ရှိလာသည်။ ထို့နောက် နေမင်းကြီး၏ အလယ်မှ အလင်းတိုင်ကြီးတစ်ခု ပစ်ကျလာပြီး ကောင်းကင်မီးတောက် ချောက်နက်ကြီးထံသို့ တည့်တည့် ချိန်ရွယ်လိုက်သည်။

ဒိုင်း! ဒိုင်း! ဒိုင်း!

ဆက်တိုက် ပေါက်ကွဲသံများကြားတွင် ရှေးဟောင်းကြေးမုံပြင်များသည် ပေါက်ကွဲထွက်ကုန်ကြသည်။ ကြေးမုံပြင်များသာမက ၎င်းတို့ကို ကိုင်ဆောင်ထားသော လူများသည်လည်း အပိုင်းပိုင်းအစစ ပေါက်ကွဲသွားကြသည်။

တစ်ခဏအတွင်းမှာပင် ကောင်းကင်မီးတောက် ချောက်နက်ကြီး အထက်၌ စွမ်းအားရှင်များစွာ စုဝေးနေခဲ့သော နေရာတွင် ယခုအခါ တုန်ရီနေသော လီရှုန်းတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ သူ၏ ရှေးဟောင်းကြေးမုံပြင်သည်လည်း ပေါက်ကွဲသွားသော်လည်း သူသည် ကိုယ်ခန္ဓာစွမ်းအားကို ကောင်းစွာ လေ့ကျင့်ထားသော နတ်ဘုရားကျောင်းတော် ခန်းမသခင်၏ မျိုးဆက်ဖြစ်သောကြောင့် တစ်နည်းနည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာမရခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ ထိခိုက်မှုမရှိလေ ပို၍ ကြောက်ရွံ့လေ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ လုံးဝ မလှုပ်ရှားနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။ သူသည် ကောင်းကင်မီးတောက် ချောက်နက်ကြီးကို ထိတ်လန့်စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ထိုအဖြစ်အပျက် ပြောင်းလဲမှုသည် မြန်ဆန်လွန်းလှသဖြင့် လူတိုင်း ဆွံ့အလျက်သား ဖြစ်နေကြသည်။ လူအုပ်ကြီး၏ မျက်စိရှေ့တွင် ထိုးတက်လာသော အလင်းရောင် ဖုန်မှုန့်များကြားမှ အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်၏ ပုံရိပ်မှာ ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။

သူသည် လူတိုင်း၏ ရှေ့မှောက်သို့ ရောက်လာသောအခါ တောက်ပသော နေမင်းကြီးထံမှ အလင်းတန်းများသည် သူ့အပေါ်သို့ ကျရောက်နေသဖြင့် ကောင်းကင်ဘုံမှ ပြစ်ဒဏ်ခတ်၍ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။ ကျုံးအန်းအန်းသည်လည်း ဤအံ့ဖွယ် မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေရှာသည်။

ရွှယ်အန်းသည် လူအုပ်ကြီးကို ဖြည်းညှင်းစွာ ဝေ့ဝဲကြည့်လိုက်ပြီးနောက် မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသော လီရှုန်းအပေါ် အကြည့်ရပ်တန့်လိုက်ကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"နေကိုဝါးမြိုတဲ့ သားရဲရဲ့ စွမ်းအားကို သုံးပြီး ငါ့ကို တံဆိပ်ခတ်ဖို့ ကြိုးစားတာ စိတ်ဝင်စားစရာ အကြံဉာဏ်ပဲ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက... သာမန် ထျန်းကုလေး တစ်ကောင်က ငါ့ရဲ့ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး"

သူ၏ စကားများသည် လီရှုန်းနှင့် မကောင်းကြံစည်သူ အားလုံး၏ နှလုံးသားကို ထိုးစိုက်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့ကို သွေးဆုတ်ဖြူဖပ်သွားစေသည်။ ရွှယ်အန်း ပြောသည့်အတိုင်းပင် သူ ကောင်းကင်မီးတောက် ချောက်နက်ကြီးထဲမှ ပြန်ထွက်လာရန် ပြင်လိုက်စဉ်မှာပင် ထျန်းကု၏ စွမ်းအားဖြင့် အတင်းအကျပ် ပိတ်ဆို့ခံလိုက်ရကြောင်း အံ့သြဖွယ် တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။

အခန်း (၁၁၅၄) - အစအနမကျန် ချေမှုန်းခံရခြင်းနှင့် သူ့ အာဏာကြောင့် ကြောက်ရွံ့သွားခြင်း

ရွှယ်အန်းသည် တံဆိပ်ကို ဖြိုခွဲနိုင်သော်လည်း သူသည် အားစိုက်ထုတ်ရမည်ကို ပျင်းရိသဖြင့် တံဆိပ်ကို လက်သီးဖြင့် ထိုးခွဲပစ်လိုက်ခြင်း ဖြစ်သည်။

လီရှုန်း၏ မျက်လုံးထဲတွင် ခိုင်မာသည်ဟု ထင်ရသော ပိတ်ဆို့မှုသည် ရွှယ်အန်း၏ လက်သီးချက် သုံးချက်ကိုပင် မခံနိုင်ဘဲ ကွဲကြေသွားလေသည်။ ထိုအရာနှင့်အတူ နေမင်းကြီး၏ ဝါးမြိုခြင်းကို ခံရသော ကံဆိုးသည့် ထျန်းကုသည်လည်း ကွဲကြေထွက်သွားလေသည်။ ဤအကြောင်းရင်းကြောင့်ပင် နေမင်းကြီးသည် လွတ်မြောက်နိုင်ခဲ့ပြီး ဒေါသတကြီးဖြင့် တိုက်ခိုက်လိုက်ရာ ရှေးဟောင်းကြေးမုံပြင် တစ်ဒါဇင်စလုံး ကွဲကြေသွားရခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရွှယ်အန်း၏ မျက်လုံးများသည် စိန်ပွင့်များကဲ့သို့ တောက်ပနေပြီး သူ၏ လက်ကို ရုတ်တရက် ဆုပ်လိုက်ရာ လေထုသည် အက်ကွဲသံ မြည်သည်အထိ ကျုံ့ဝင်သွားသည်။ ထို့နောက် သူက အေးစက်စွာ ပြုံးလိုက်သည်။

"ငါက မင်းတို့ကို လွှတ်ပေးမလို့ စဉ်းစားထားတာ ဒါပေမယ့် မင်းတို့က သေချင်တယ် ဆိုတော့လည်း ငါ့ကို အပြစ်မတင်နဲ့တော့"

ထို့နောက် ရွှယ်အန်းသည် လီရှုန်း၊ သုန့်ရှုန်းနှင့် အခြားသူများ၏ ငိုယိုအော်ဟစ်သံများကို ဂရုမစိုက်တော့ဘဲ ရှေ့သို့ တိုးဝင်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဝုန်း!

သူ၏ လက်သီးချက်သည် စကြာဝဠာတစ်ခုလုံးကို တုန်ခါသွားစေသည့်အလား ဖြစ်ပြီး လွှမ်းမိုးထားသော လက်သီးစွမ်းအားသည် ကြောက်ရွံ့မှုကို မြင့်တက်လာစေကာ ထိတ်လန့်တုန်လှုပ်နေသော နတ်ဘုရားကျောင်းတော်နှင့် ပျံသန်းနဂါးဂိုဏ်း ဝင်များကို အပြည့်အဝ ဝါးမြိုသွားလေသည်။

အော်ဟစ်သံ မရှိသလို ရုန်းကန်သံလည်း မကြားရပေ။

လက်သီးစွမ်းအား ပျောက်ကွယ်သွားသောအခါ ထိုနေရာသည် ဟာလာဟင်းလင်း ဖြစ်သွားသည်။ နတ်ဘုရားကျောင်းတော်နှင့် ပျံသန်းနဂါးဂိုဏ်းဝင်များသည် အစအနမကျန် ပျောက်ကွယ်သွားလေသည်။ လက်သီးတစ်ချက်တည်းဖြင့် ၎င်းတို့ကို ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

ဤလက်သီးချက်၏ စွမ်းအားသည် လူတိုင်းကို ဆွံ့အလျက်သား ဖြစ်စေခဲ့သည်။ အထူးသဖြင့် ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ လူများကိုဖြစ်သည်။ အစောလေးကမှ သူတို့သည် ရန်သူများ၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ သို့သော် ရွှယ်အန်း၏ လက်သီးချက်အောက်တွင် သူတို့၏ ပတ်ပတ်လည်ရှိ ရန်သူအားလုံးသည် အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။

သို့သော် သူတို့ကမူ လေပြည်လေညင်း ဖြတ်သန်းသွားသည်ဟု ခံစားလိုက်ရရုံမှတစ်ပါး ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ သူ၏ ထိန်းချုပ်နိုင်စွမ်းသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

ထိုအချိန်တွင် ရွှယ်အန်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ကျုံးအန်းအနနှင့် အခြားသူများသည် သတိပြန်ဝင်လာပြီး ရိုသေလေးစားမှုကို ပြသရန် အမြန် ရှေ့သို့ တိုးလာကြသည်။ ရွှယ်အန်းက ပြုံး၍ လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် အဝေးရှိ လူအုပ်ကြီးကို ကြည့်လိုက်သည်။

ထိုလူများသည် တုန်လှုပ်ချောက်ချားနေပြီး ထိတ်လန့်တကြား ခါးကို ကိုင်းညွှတ်ကာ အရိုအသေ ပေးလိုက်ကြသည်။

"အရှင်"

"ဂါရဝပြုပါတယ် အရှင်"

"ပြန်လည် ကြိုဆိုပါတယ် အရှင်"

ဤတုန်ရီနေသော အသံများကို ကြားသောအခါ ရွှယ်အန်း၏ မျက်လုံးထဲရှိ အလင်းရောင်သည် အချိန်အတော်ကြာ မရေမရာ ဖြစ်နေပြီးမှ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ထားလိုက်ပါတော့၊ မင်းတို့ကိုလည်း ငါ ဖျက်ဆီးပစ်မလို့ ရည်ရွယ်ခဲ့ပေမဲ့ အလွန်အကျွံ သတ်ဖြတ်တာက ငါ့စရိုက်မဟုတ်ဘူး၊ ဒီတစ်ကြိမ်တော့ မင်းတို့ကို လွှတ်ပေးလိုက်မယ်"

ထိုစကားကို ကြားသောအခါ လူများသည် ခန္ဓာကိုယ်မှ အမွှေးအမျှင်များ ထောင်ထသွားပြီး ခြေထောက်များ တုန်ယင်လာကြသည်။ အထူးသဖြင့် စိတ်ဓာတ်ပျော့ညံ့သူများ ပိုဆိုးသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သေမင်းတံခါးဝမှ ပြန်လှည့်လာရခြင်း ဖြစ်ကြောင်း သိနေသောကြောင့် ဖြစ်သည်။ အကယ်၍သာ ဤ သတ်ဖြတ်ခြင်းနတ်ဘုရား စိတ်မကြည်မသာ ဖြစ်ပြီး လက်သီးတစ်ချက်လောက် ပေါ့ပေါ့ပါးပါး ပစ်သွင်းလိုက်လျှင် သူတို့၏ ကံကြမ္မာသည် နတ်ဘုရားကျောင်းတော်နှင့် ပျံသန်းနဂါးဂိုဏ်းဝင်များ ရင်ဆိုင်ခဲ့ရသလို အစအနမကျန် ချေမှုန်းခံရခြင်းမျိုး ဖြစ်သွားနိုင်သည်။

"ကျေးဇူးတင်ပါတယ် အရှင်"

"ဒီနေ့ကစပြီး ကျုပ်တို့ အရှင့်ရဲ့ ဦးဆောင်မှုကို လိုက်နာပါ့မယ်"

"ဟုတ်ပါတယ်... အရှင်က ဒီနေ့ကစပြီး ကျုပ်တို့ရဲ့ သခင်ပါပဲ"

ထိုစကားများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ရွှယ်အန်းက မျက်ခုံးအနည်းငယ် ပင့်ရုံသာ ပင့်လိုက်ပြီး ခေါ်လိုက်သည်။

"မိန်းကလေးကျုံး"

"ရှိပါတယ်"

ကျုံးအန်းအန်းက အမြန် ခေါင်းညိတ်လိုက်သည်။

"မြင်လား၊ ဒါက အောက်တန်းကျပြီး သိမ်ဖျင်းတဲ့သူတွေရဲ့ သဘာဝပဲ၊ သူတို့က အာဏာကို ကြောက်ပေမဲ့ ကျေးဇူးတရားကို နားမလည်ကြဘူး၊ အခု သူတို့ လိုက်လျောနေပုံ ပေါက်တာကို မယုံနဲ့၊ အာဏာနဲ့ ဟန့်တားမထားရင် သူတို့က ဆယ်ရက်တောင် မကြာဘဲ ဖောက်ပြန်ကြလိမ့်မယ်၊ သူတို့ကို နာခံစေချင်ရင် သူတို့ မင်းကို ကြောက်နေဖို့ လိုတယ်... နားလည်လား"

ကျုံးအန်းအန်းသည် သူမနှင့် မျက်နှာချင်းဆိုင်ရှိ လူအုပ်ကြီးကို စဉ်းစားဆင်ခြင်ဟန်ဖြင့် ကြည့်လိုက်ပြီးနောက် ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

"နားလည်ပါပြီ"

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ကောင်းပြီ၊ သွားကြစို့... ထိုက်ယင် ရေကန်ကို သွားကြမယ်"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် မည်သည့် လှုပ်ရှားမှုမျှ မလုပ်သကဲ့သို့ ထင်ရသော်လည်း ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်သွားလေသည်။ ထို့နောက် ကျုံးအန်းအန်းနှင့် ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ အဖွဲ့ဝင်အားလုံးသည် ကြီးမားသော အားတစ်ခု၏ ဆွဲတင်ခြင်းကို ခံလိုက်ရပြီး မြေပြင်မှ ကြွတက်ကာ ရွှယ်အန်း၏ နောက်သို့ ကပ်လျက် လိုက်ပါသွားကြသည်။ မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ယံ၌ ပျောက်ကွယ်သွားကြလေသည်။

ထိတ်လန့်အံ့သြနေသော လူအုပ်ကြီးကို ထိုနေရာ၌ ထားရစ်ခဲ့သည်။ အချိန်အတော်ကြာမှ တစ်စုံတစ်ယောက်က ကြောက်ရွံ့စွာ ပြောလိုက်သည်။

"သူ... သူက ပိုပြီးတောင် စွမ်းအားကြီးလာသလိုပဲ"

လူတိုင်း တိတ်ဆိတ်သွားကြသည်။ ဤအချက်ကို ငတုံးပင်လျှင် မြင်နိုင်သည်။ သို့သော် အဓိကအချက်မှာ ရွှယ်အန်း ပြန်ထွက်လာကတည်းက သူ၏ ကျင့်ကြံမှုစွမ်းအားကို မသုံးဘဲ ရုပ်ခန္ဓာခွန်အား သက်သက်ကိုသာ အားကိုးခဲ့ခြင်း ဖြစ်သည်။ ယခုလေးတင် သူ ပျံတက်သွားသည်ကပင် ချီငွေ့ အနည်းငယ်မျှ မထွက်ဘဲ ဝိညာဉ်စွမ်းအင်ကို အနည်းငယ်မျှ အနှောင့်အယှက် မဖြစ်စေခဲ့ပေ။

ဤသည်မှာ ရွှယ်အန်း၏ ရုပ်ခန္ဓာသည် သာမန်မဟုတ်လောက်အောင် လွန်ကဲသော အတိုင်းအတာအထိ စွမ်းအားကြီးလာပြီ ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ယခုအခါ ဤလူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခါးသီးစွာ ပြုံးကာ လူစုခွဲလိုက်ကြတော့သည်။ ရွှယ်အန်း ပြန်ထွက်လာပြီး နတ်ဘုရားကျောင်းတော်နှင့် ပျံသန်းနဂါးဂိုဏ်းမှ လူအားလုံးကို လက်သီးတစ်ချက်တည်းဖြင့် ချေမှုန်းပစ်လိုက်သော သတင်းသည်လည်း ပျံ့နှံ့သွားလေသည်။

တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် ထိုက်ယင် ရေကန်သို့ ဦးဆောင် ဝင်ရောက်သွားခဲ့သည်။

သူ ကျွန်းပေါ်သို့ ဆင်းသက်လိုက်သောအခါ ကျုံးအန်းအန်းနှင့် အခြားသူများ အလျင်အမြန် ရောက်ရှိလာကြသည်။ ယခုအချိန်တွင် တစ်ချိန်က သာယာလှပခဲ့သော ကျွန်းလေးသည် လုံးဝ ပျက်စီးနေလေသည်။ အစောပိုင်းက ချီရွှယ်ဖုန်းသည် ဤနေရာမှ ရတနာများကို လုယူခဲ့ရုံသာမက ထိုက်ယင် နတ်ဘုရားဂိုဏ်း၏ ဇာတိမြေကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့သဖြင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆောက်အအုံတိုင်း မြေပြင်နှင့် တစ်သားတည်း ဖြစ်ကုန်ကြကာ တန်ဖိုးရှိသမျှ အရာအားလုံး အခိုးခံလိုက်ရသည်

ဤကဲ့သို့သော ပျက်စီးမှုသည် ထိုက်ယင်ဂိုဏ်းသား အားလုံး၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သို့သော် ရွှယ်အန်းသည် ဤအရာများကို ဂရုမစိုက်ဘဲ ယခုအခါ အပျက်အစီးပုံ ဖြစ်နေသော ဗဟိုနတ်ဘုရားကျောင်းဆောင်ဆီသို့ တည့်တည့် သွားလိုက်သည်။

ရွှယ်အန်း အထဲသို့ ဝင်လိုက်သောအခါ နေရာတိုင်းတွင် အပျက်အစီးများနှင့် အပိုင်းအစများ ပြန့်ကျဲနေပြီး မူလမြင်ကွင်းကို မှတ်မိနိုင်ခြင်း မရှိတော့ပေ။ ကျုံးအန်းအန်းနှင့် အခြားသူများသည် မုကုချင်း ဤနတ်ဘုရားကျောင်းဆောင် အတွင်းရှိ ထိုက်ယင် ရေကန်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး ဝမ်းနည်းပက်လက် အော်ဟစ်လိုက်ကြသည်။

"ဆရာသခင်"

"ဂိုဏ်းချုပ်ဟောင်း"

ဝမ်းနည်းစရာ ကောင်းသည်မှာ ယခင်က စမ်းရေတွင်းကို ရှာဖွေရန်ပင် မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က ချီရွှယ်ဖုန်းသည် ဤနေရာ၌ အပြောင်းအလဲများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဝူထုံနတ်ဘုရားဂိုဏ်းတို့ဖြင့် ပူးပေါင်းကာ ဤနေရာကို စေ့စေ့စပ်စပ် ဖျက်ဆီးပစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤအဂာသည် အမြဲတမ်း တည်ငြိမ်နေသော ကျုံးအန်းအန်းကို ရူးသွပ်လုနီးပါး ဖြစ်သွားစေရန် လုံလောက်သည်။

ထိုအချိန်တွင် ရွှယ်အန်းသည် လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ကံကြမ္မာ.. နောက်ပြန်လှည့်စမ်း"

ဝုန်း!

ရွှယ်အန်းထံမှ အလင်းတန်းများ ဖြာထွက်လာပြီး ကျွန်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားလေသည်။ ထို့နောက် အံ့ဖွယ် မြင်ကွင်းတစ်ခုသည် ကျုံးအန်းအန်းနှင့် အခြားသူများ၏ မျက်စိရှေ့တွင် ပေါ်လာသည်။

အလင်းရောင်များကြားတွင် ယခင်က ပြိုလဲနေသော အဆောက်အအုံများသည် သူတို့ဖာသာ ပြန်လည် တည်ဆောက်လာကြပြီး ပျက်စီးနေသော မြေပြင်သည်လည်း ပြန်လည် ကုစားလာသည်။ ကျိုးပဲ့နေသော သစ်ပင်များပင်လျှင် အသစ်ပြန်လည် ကြီးထွားလာကြသည်။

"ကံ... ကံကြမ္မာကို ပြောင်းပြန်လှန်လိုက်တာလား"

ကျုံးအန်းအန်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ထိုကဲ့သို့သော နတ်ဘုရား စွမ်းရည်မျိုးကို သူမ ကြားသာ ကြားဖူးပြီး တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ကံကြမ္မာကို ဝင်ရောက်စွက်ဖက်ခြင်းသည် အင်မော်တယ်သခင် သို့မဟုတ် ထိုထက်ပိုသော အထွတ်အထိပ် စွမ်းအားရှင်များသာ လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပါလား။

ရွှယ်အန်းက ပြုံးလိုက်သည်။

"ကံကြမ္မာကို ပြောင်းပြန်လှန်တယ်လို့တော့ မခေါ်ပါဘူး၊ ဒါက နည်းလမ်းအသေးစားလေး တစ်ခုပါ"

အမှန်တော့ ရွှယ်အန်းသည် ယခုအခါ ကံကြမ္မာ အချို့ကို လွှမ်းမိုးနိုင်နေပြီ ဖြစ်သည်။ ဥပမာအားဖြင့် သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်သည် ကံကြမ္မာနှင့် သက်ဆိုင်သည်။ ယခင်က ထိုစွမ်းအားကို ရန်သူများကို တိုက်ခိုက်ရာတွင်သာ အသုံးပြုနိုင်ခဲ့သည်။

သို့သော် ကောင်းကင်မီးတောက်ဖြင့် ကိုယ်ခန္ဓာ သန့်စင်ခြင်းကို ပြုလုပ်ပြီးနောက် ရွှယ်အန်းသည် ယခုအခါ ရိုးရှင်းသော ကံကြမ္မာကြိုးမျှင် အချို့ကို ခြေရာခံ နောက်ပြန်လှည့်ရန်အတွက် နည်းလမ်းအသေးစားများကို အသုံးပြုနိုင်ပြီ ဖြစ်သည်။ ပို၍ အရေးကြီးသော အချက်မှာ ဤနေရာကို ဖျက်ဆီးခဲ့သော ချီရွှမ်ဖုန်းနှင့် အခြားသူများကို ရွှယ်အန်းက သတ်ဖြတ်ပြီး ဖြစ်နေခြင်းဖြစ်သည်။ အကယ်၍ သူတို့သာ အသက်ရှင်နေသေးလျှင် ကံကြမ္မာကို နောက်ပြန်လှည့်ရန် ဤမျှ လွယ်ကူမည် မဟုတ်ပေ။

အရာအားလုံး ပြန်လည် ကောင်းမွန်သွားသောအခါ ရွှယ်အန်းသည် တဖန် ပြန်လည် မြင်တွေ့လာရသော စမ်းရေတွင်းဆီသို့ လျှောက်သွားပြီး ခဏကြာ ငေးကြည့်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ငါ့ထင်မြင်ချက် မှန်ပုံရတယ်၊ သြူမှာ အသက်ရှင်နိုင်ဖို့ အခွင့်အရေး တစ်စွန်းတစ်စ ရှိနေသေးတာပဲ"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် လက်ကိုမြှောက်ကာ စမ်းရေတွင်းထဲသို့ ထိုးထည့်လိုက်သည်။ ထိုက်ယင် ရေကန်နှင့် တိုက်ရိုက် ဆက်သွယ်ထားသော စမ်းရေသည် အလွန် အေးစက်ပြီး အန္တရာယ်များလှရာ သာမန်လူတစ်ယောက် ထိတွေ့မိပါက အသက်အန္တရာယ် ရှိနိုင်သည်။ သို့သော် ရွှယ်အန်းအတွက်မူ ထိုအရာများသည် အသေးအဖွဲမျှသာဖြစ်သည်။

ခဏအကြာတွင် ရွှယ်အန်းက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"တက်လာခဲ့”

အခန်း (၁၁၅၅) - ကိုယ်ခန္ဓာနှင့် ဝိညာဉ် ပေါင်းစည်းခြင်း၊ နတ်ဘုရားလမ်းစဉ်သို့ လျှောက်လှမ်းခြင်း

ထိုအမိန့်သံ ပေးလိုက်သည်နှင့် တပြိုင်နက် ကျွန်းတစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ကြည့်ရှုနေသူများ ဆွံ့အလျက်သား ဖြစ်နေစဉ်မှာပင် ကောင်းကင်သို့ ဖြည်းညှင်းစွာ မြင့်တက်လာလေသည်။ ကျွန်း၏ ပတ်ပတ်လည်တွင် ရေပြင်ကျယ်ကြီး ဝန်းရံထားရာ မြေပြင်မှ ကြွတက်လာသောအခါ ကြီးမားသော ရေလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာပြီး ကျွန်းကို ရစ်ပတ်ထားသော်လည်း ကျွန်းပေါ်သို့ လျှံကျခြင်း မရှိပေ။

အဆုံးတွင် ကျွန်းသည် ကောင်းကင်ယံသို့ မီတာတစ်ရာခန့် မြင့်တက်သွားပြီးနောက် ဖြည်းညှင်းစွာ ရပ်တန့်သွားကာ အောက်ခြေ၌ နက်မှောင်အေးစက်သော စမ်းရေတွင်းတစ်ခု ပေါ်ထွက်လာသည်။

ထိုစမ်းရေတွင်း၏ အလယ်တွင် လူတစ်ယောက် ပေါလောပေါ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူမှာ ထိုက်ယင် ရေကန်ထဲသို့ ခုန်ချခဲ့ရသော မုကုချင်းပင် ဖြစ်သည်။

ယခုအချိန်၌ သူမသည် စမ်းရေပြင်တွင် လှဲလျောင်းလျက် ပေါလောပေါ်နေသည်။ သူမ၏ ဆံနွယ်များသည် ဘေးပတ်ဝန်းကျင်သို့ ဖြန့်ကျက်နေပြီး မျက်နှာအဆင်းသည် အလွန်အမင်း ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း နှုတ်ခမ်းများမှာမူ မီးတောက်ကဲ့သို့ နီရဲနေသည်။ သူမသည် အိပ်ပျော်နေသော ရေနတ်သမီး တစ်ပါးနှင့် တူလှသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိုက်ယင် နတ်ဘုရားဂိုဏ်းမှ လူများသည် ဝမ်းနည်းပက်လက် အော်ဟစ်လိုက်ကြသည်။

"ဂိုဏ်းချုပ်ဟောင်း"

"ဂိုဏ်းချုပ်မု"

ကျုံးအန်းအန်း သည် မျက်ရည်များ ကျနေပြီဖြစ်သော်လည်း ရှားပါးစွာ တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး လှည့်ကာ ဂရုတစိုက် မေးလိုက်သည်။

"အရှင် ကျွန်မရဲ့ ဆရာသခင်က... တကယ်ပဲ ပြန်ရှင်လာနိုင်ပါ့မလား"

ရွှယ်အန်းသည် နက်ရှိုင်းသော စမ်းရေတွင်းကို စိုက်ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"ဒီ ထိုက်ယင် ရေကန်ဆိုတာက သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ အစွန်းရောက် ယင်နေရာတစ်ခုပဲ၊ ကောင်းကင်မီးတောက် ချောက်နက်ကြီးနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ယင်နဲ့ ယန် မျှခြေကို ဖန်တီးပေးထားတယ်၊ ယေဘုယျအားဖြင့် ပြောရရင် ဒီထဲကို ကျသွားတဲ့ ဘယ်သူမဆို ထူးကဲတဲ့ စွမ်းအားမရှိရင် သေချာပေါက် သေဆုံးရမှာပဲ"

ရွှယ်အန်း၏ စကားကို ကြားသောအခါ ကျုံးအန်းအန်း တုန်လှုပ်သွားပြီး မျက်နှာသည် ချက်ချင်း သွေးဆုတ်ဖြူဖပ်သွားသည်။

"ဒါဆိုရင်... ကျွန်မရဲ့ ဆရာသခင်က..."

ရွှယ်အန်းက သူမဘက်သို့ လှည့်ကာ ဖျော့တော့စွာ ပြုံးပြလိုက်သည်။

"စိတ်ချပါ၊ ခင်ဗျားရဲ့ ဆရာသခင်က ခြွင်းချက်ပဲ"

"နှစ်တွေအကြာကြီး ဖြတ်သန်းလာပြီးနောက်မှာ ထိုက်ယင် ရေကန်က ဝိညာဉ် အနည်းငယ် ဖွံ့ဖြိုးလာခဲ့တယ်၊ ပြီးတော့ မင်းရဲ့ ဆရာသခင်က ထိုက်ယင် နတ်ဘုရားဂိုဏ်းကို နှစ်ပေါင်းတစ်ထောင်လောက် အုပ်ချုပ်ခဲ့တော့ ရေကန်က သူမအပေါ် သံယောဇဉ် အနည်းငယ် ရှိနေပုံရတယ်၊ ပုံမှန်ဆိုရင် ထိုက်ယင် ရေကန်ထဲ ကျသွားတာနဲ့ သေချာပေါက် သေဆုံးရမှာ ဖြစ်ပေမဲ့ ရေကန်က သူ့ရဲ့ နက်ရှိုင်းတဲ့ ယင်စွမ်းအင် အနည်းငယ်ကို သုံးပြီး သူမရဲ့ ဝိညာဉ်နဲ့ ရုပ်ခန္ဓာကို ကာကွယ်ပေးထားလို့ အသက်ငွေ့လေး ကျန်နေသေးတာ"

ရွှယ်အန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျုံးအန်းအန်းသည် ပဆုံးတွင် အသက်ပြင်းပြင်း ရှူလိုက်နိုင်သော်လည်း သူမ၏ စိတ်နှလုံး အပြည့်အဝ မအေးချမ်းနိုင်မီမှာပင် ရွှယ်အန်းက ဆက်ပြောလိုက်သည်။

"ဒါပေမဲ့..."

ထို ဒါပေမဲ့ ဆိုသော စကားလုံးကြောင့် ကျုံးအန်းအန်း၏ နှလုံးခုန်သံ မြန်ဆန်လာပြန်သည်။

"အရှင်... ဒါပေမဲ့ဆိုတာ ဘာကို ပြောတာလဲဟင်"

ရွှယ်အန်းက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။

"ခင်ဗျားရဲ့ ဆရာသခင်က အသက်ငွေ့လေး ကျန်နေတယ် ဆိုပေမဲ့ သူမရဲ့ ချီသွေးကြောတွေ ကြေမွသွားပြီ ကျင့်ကြံမှုအဆင့်လည်း လုံးဝ ကုန်ခမ်းသွားပြီ၊ သူမ လမ်းဆုံးနေပြီ၊ ပြီးတော့ ထိုက်ယင် ရေကန်ရဲ့ ကာကွယ်ပေးမှုက လုံးဝ မသိစိတ်အရ လုပ်ဆောင်နေတာ ဖြစ်ပြီး ဒီလောက် အချိန်ကြာလာတော့ သူမနဲ့ ထိုက်ယင်ရေကန်က ခွဲခြားလို့ မရအောင် ဖြစ်သွားပြီ"

"ဒါဆိုရင်... ဘာလုပ်လို့ရဦးမလဲ"

ကျုံးအန်းအန်း၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် ပျက်ယွင်းသွားသည်။

ရွှယ်အန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဒီအခြေအနေမှာ ဖြေရှင်းနည်း တစ်လမ်းပဲ ရှိတော့တယ်"

"ဘာနည်းလမ်းလဲဟင်"

ကျုံးအန်းအန်းနှင့် ထိုက်ယင်ဂိုဏ်းသားများက စိတ်အားထက်သန်စွာ မေးလိုက်ကြသည်။ ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။

"ရုပ်ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး ထိုက်ယင် ရေကန်နဲ့ ပေါင်းစပ်ပြီး နတ်ဘုရားအဖြစ် တက်လှမ်းခြင်းပဲ"

ထိုစကားကို ကြားသောအခါ ကျုံးအန်းအန်းနှင့် အခြားသော ထိုက်ယင် ဂိုဏ်းသားများ၏ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။ အထူးသဖြင့် ကျုံးအန်းအန်း ဖြစ်သည်။ သူမသည် တုန်ရီသော အသံဖြင့် မေးလိုက်သည်။

"အရှင်... အရှင် ဆိုလိုတာက... ကျွန်မ ဆရာသခင်ကို ဒီ ထိုက်ယင်ရေကန်ရဲ့ သခင် ဖြစ်ခိုင်းမလို့လား"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ဒီလိုလုပ်မှသာ သူမရဲ့ အသိစိတ်ကို ပြန်လည် ရရှိနိုင်မှာ၊ သေချာတာပေါ့... ဒီနည်းလမ်းမှာ ဆိုးကျိုးတစ်ခုတော့ ရှိတယ်၊ သူမက ဒီရေကန်နဲ့ ထာဝရ ချည်နှောင်ခံထားရလိမ့်မယ်၊ ဒါပေမဲ့ သူမ ရလာနိုင်တာကတော့... ထာဝရ အသက်ရှင်ခြင်းပဲ"

လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ကျုံးအန်းအန်းသည် ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လျက် နက်ရှိုင်းစွာ စဉ်းစားနေသည်။ ရွှယ်အန်းက သူမကို တိတ်ဆိတ်စွာ ကြည့်နေသည်။

"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ၊ မင်းကိုယ်တိုင် ချိန်ဆဆုံးဖြတ်ပါ"

"အရှင်... ကျွန်မ ဆရာသခင်ရဲ့ အသိစိတ်က တကယ်ပဲ ပြန်ရနိုင်ပါ့မလား"

ကျုံးအန်းအန်းသည် ရုတ်တရက် မေးလိုက်သည်။

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ငါ အာမမခံနိုင်ဘူး၊ ဘာလို့လဲဆိုတော့ သူမက အခု သေတာလည်း မဟုတ်၊ အပြည့်အဝ ရှင်နေတာလည်း မဟုတ်ဘူး၊ နက်ရှိုင်းတဲ့ ယင်စွမ်းအင်ကြောင့်သာ ရှိနေတာ။၊သူမရဲ့ အသိစိတ် ပြန်ရမရ ဆိုတာကတော့... သူမရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်"

ဤစကားများသည် လူများစွာကို စိုးရိမ်ပူပန်မှုကြောင့် မျက်နှာဖြူဖပ်သွားစေသည်။ သို့သော် ထိုအချိန်တွင် ကျုံးအန်းအန်းသည် ရုတ်တရက် ခေါင်းမော့လာပြီး သူမ၏ မျက်လုံးများထဲတွင် ပြတ်သားမှုများ တောက်လောင်နေသည်။

"အရှင်... ကျေးဇူးပြုပြီး သူမကို ကယ်ပေးပါ၊ ကျွန်မရဲ့ ဆရာသခင်က အသိစိတ် လုံးဝ ပျောက်ဆုံးသွားမယ် ဆိုရင်တောင်မှ... သူမ ရှိနေသေးတယ် ဆိုရင်ပဲ လုံလောက်ပါပြီ"

ရွှယ်အန်း၏ မျက်လုံးများထဲတွင် လေးစားမှု အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။ ထိုကဲ့သို့ ခက်ခဲသော ရွေးချယ်မှုနှင့် ရင်ဆိုင်နေရချိန်တွင် ကျုံးအန်းအန်းက ဤမျှ တည်ငြိမ်နေနိုင်ခြင်းသည် တကယ်ကို ချီးကျူးစရာ ကောင်းလှသည်။

"ကောင်းပြီ၊ မင်းတို့အားလုံး ဘေးဖယ်နေကြပါ"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ စမ်းရေတွင်းဘေးတွင် ရပ်နေပြီ ဖြစ်သည်။ သူ နီးကပ်သွားသည်နှင့် ရွှယ်အန်း၏ ပတ်လည်တွင် ရေခဲပန်းပွင့် အလွှာလိုက် ဖြစ်ပေါ်လာပြီး ပြင်းထန်စွာ အေးစက်သော ယင်စွမ်းအင်များသည် သူ့ကို တားဆီးရန် ကြိုးစားသည့်အလား ရူးသွပ်စွာ တိုးဝင်လာကြသည်။

ထိုကဲ့သို့သော ယင်စွမ်းအင်မျိုးသည် သာမန် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ကို ထိတွေ့ရုံမျှဖြင့် ချေမှုန်းပစ်နိုင်သည်။ သို့သော် ရွှယ်အန်းသည် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရုံသာ ရှိသည်။ အစွန်းရောက် အေးစက်သော ယင်စွမ်းအင်များသည် လိမ္မာစွာ ဘေးဖယ်သွားပြီး သူ့အတွက် လမ်းဖွင့်ပေးလိုက်ကြသည်။

ထို့နောက် သူသည် တည်ငြိမ်စွာ လမ်းလျှောက်ကာ ထိုက်ယင် ရေကန် အလယ်တွင် တိတ်ဆိတ်စွာ ပေါလောပေါ်နေသော မုကုချင်း အနားသို့ ချဉ်းကပ်သွားသည်။ သူ ပိုမို နီးကပ်လာသည်နှင့်အမျှ မုကုချင်း၏ ဆံနွယ်များသည် မရေမရာ ယိမ်းနွဲ့လာပြီး သူမ၏ ခန္ဓာကိုယ်သည် ကြည်လင်တောက်ပသော ရေခဲပွင့်လွှာများဖြင့် ပိုမို ဖုံးလွှမ်းလာသည်။

ရွှယ်အန်းက သူမကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

"အခုအချိန်ထိ တောင့်ခံထားနိုင်တာ တကယ်ကို အံ့ဖွယ်ရာပဲ၊ ဒီတစ်ကြိမ်တော့ ကျွန်တော် ကူညီပေးပါ့မယ်"

ထိုစကားဆုံးသည်နှင့် ရွှယ်အန်းသည် လက်ကိုမြှောက်ကာ ညွှန်ပြလိုက်သည်။

အလင်းတန်းတစ်ခု လက်ခနဲ ဖြတ်သန်းသွားသည်။ မုကုချင်း၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီးနောက် တစ်ခဏအတွင်းမှာပင် သူမသည် အလင်းစက်များအဖြစ် ကွဲကြေသွားလေသည်။

"ဂိုဏ်းချုပ်"

ကောင်းကင်ယံ မီတာတစ်ရာအမြင့်မှ ကြည့်နေသော ထိုက်ယင် ဂိုဏ်းသားများ ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ ကျုံးအန်းအန်းသည် စကားမပြောသော်လည်း နှုတ်ခမ်းကို ပြင်းထန်စွာ ကိုက်ထားသဖြင့် သွေးစများ စီးကျလာသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ လက်ညှိုးတစ်ချက် ညွှန်လိုက်ရုံဖြင့် မုကုချင်း၏ ခန္ဓာကိုယ်သည် ဖုန်မှုန့်အဖြစ် လုံးဝ ပျက်စီးသွားသောကြောင့် ဖြစ်သည်။

ဤသည်မှာ နောက်ဆုတ်စရာ လမ်းမရှိတော့ဟု ဆိုနိုင်သည်။ သဘာဝကျကျပင် ကျုံးအန်းအန်း၏ ရင်ထဲတွင် ဗြောင်းဆန်နေသည်။ သို့သော် အလင်းရောင်များ ကွဲပြယ်သွားသောအခါ မုကုချင်း ပျောက်ကွယ်သွားသော နေရာ၌ ရေခဲပွင့်များဖြင့် ပြုလုပ်ထားသော ပန်းပွင့်လေးတစ်ပွင့် တုန်ရီစွာ ပေါလောပေါ်လာသည်။

ရွှယ်အန်း၏ မျက်လုံးထဲတွင် အလင်းတစ်ချက် လက်သွားပြီး ထိုက်ယင် ရေကန် တစ်ခုလုံး ချက်ချင်း ငြိမ်သက်သွားသည်။ ထို့နောက် သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး လေထဲတွင် တစ်စုံတစ်ရာကို စတင် ရေးသားလိုက်သည်။ သူ၏ လက်ချောင်းထိပ်များ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဖျော့တော့သော ရွှေရောင်အလင်းတန်းများ စုစည်းနေပြီး ပျောက်ကွယ်မသွားပေ။

ခဏအတွင်းမှာပင် ရွှယ်အန်းသည် လေထဲမှနေ၍ နက်ရှိုင်းဆန်းကြယ်သော မန္တာန်တစ်ခုကို ရေးဆွဲလိုက်သည်။ ရွှယ်အန်း နောက်ဆုံး စုတ်ချက်ကို ရေးဆွဲလိုက်သည်နှင့် တပြိုင်နက် ထိုက်ယင် ရေကန် တစ်ခုလုံးသည် ဆူပွက်နေသော ရေနွေးအိုးကဲ့သို့ ပွက်ပွက်ဆူလာတော့သည်။

ရေတွက်၍ မရနိုင်သော နက်ရှိုင်းသည့် ယင်စွမ်းအင် လှိုင်းလုံးများသည် မိုးကြိုးမုန်တိုင်းကဲ့သို့ ရွှယ်အန်းထံသို့ လိမ့်ဝင်လာကြသည်။ သို့သော် ရွှယ်အန်းသည် လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"မုကုချင်း... ငါ့အမိန့်ကို နာခံပါ၊ ဒီနေ့ ငါ မင်းကို ထိုက်ယင် ရေကန်ရဲ့ နတ်ဘုရားအဖြစ် ခန့်အပ်တယ်"

ရွှယ်အန်း၏ အသံ ထွက်ပေါ်လာသည်နှင့် မန္တန်သည် ရေခဲပန်းပွင့်လေး၏ အထက်တွင် ချက်ချင်း ပေါ်လာပြီး ၎င်းကို အပြည့်အဝ လွှမ်းခြုံလိုက်သည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်စွာ အေးစက်သော ယင်စွမ်းအင်များသည် သူတို့ထံသို့ ရောက်ရှိလာလေသည်။ ထိုအင်အားသည် အလွန် ကြီးမားလွန်းလှသဖြင့် ရွှယ်အန်းနှင့် မုကုချင်း ချန်ထားရစ်ခဲ့သော ရေခဲပန်းပွင့်လေး နှစ်ခုစလုံးကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားပုံရသည်။

သို့သော် ထိုအချိန်တွင် ရွှယ်အန်းသည် သူ၏ လက်ချောင်းများကို ဓားအသွင် ပြောင်းလိုက်ပြီး အောက်သို့ ခုတ်ချလိုက်သည်။

ဝုန်း!

ကျယ်လောင်သော ဟိန်းဟောက်သံကြီးနှင့်အတူ တိုက်ခိုက်လာသော အေးစက်သည့် ယင်စွမ်းအင် အားလုံး ကွဲကြေသွားပြီး၊ မြင့်တက်လာသော ဓားဆန္ဒသည် စမ်းရေတွင်း၏ အနက်ရှိုင်းဆုံးနေရာသို့ တည့်တည့် ထိုးဆင်းသွားလေသည်။

ထိုက်ယင် ရေကန် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ဒဏ်ရာရထားသော ဧရာမ သားရဲကြီးတစ်ကောင် နာကျင်စွာ ရုန်းကန်နေသကဲ့သို့ ဖြစ်နေတော့သည်။

All Chapters