အခန်း (၁၅၁-၁၅၂)
Vol. 13 Ch. 151-152
အပိုင်း(၁၅၁)
မင်းဆက်ကိုးခုကို ပေါင်းစည်းခြင်း၊ မိစ္ဆာများကို အတူတကွ တိုက်ခိုက်ခြင်း
လီရွှမ်တောက်!
ဘယ်လိုလုပ် ဒီလူက တခဏဂိုဏ်းအမွေအနှစ်ကို ဆက်ခံလိုက်တာလဲ!
ကုအန် မေးလိုက်သည်။
“အမွေဆက်ခံတာဆိုတော့ တခဏဂိုဏ်းမှာ ဘယ်လိုဆက်ခံစရာ စွမ်းအားရှိလို့လဲ”
ချန်မြွေ အားတင်း၍ ဖြေလိုက်၏။ “တကမ္ဘာလုံးမှာ ပြန့်ကျဲနေတဲ့ တခဏပင်တွေက ရှေးဟောင်းမျိုးစိတ်တစ်ခုဖြစ်တဲ့ တခဏဝိညဉ်မွေးဖွားလာဖို့ အတွက် စိတ်ဝိညဉ်စွမ်းအင်စုပ်ယူပေးနေရတာ အဲ့ဒီဝိညဉ်က ကမ္ဘာကြီးရဲ့ စိတ်ဝိညဉ်စွမ်းအင်တွေကို စုပ်ယူဖို့ တခဏပင်တွေကို သုံးလို့ရတယ် ဝိညဉ်က သက်ရှိတစ်မျိုးအဖြစ် ဖွဲ့တည်လာပြီဆိုရင်တော့ သူ့ဖြန့်ကျက်ထားတဲ့ တခဏပင်တွေက အသက်စွမ်းအားဆုံးရှုံးသွားပြီး အခွံတွေပဲ ကျန်ခဲ့လိမ့်မယ်…”
မြွေကြီးမျက်လုံးထဲတွင် ကုအန် မြင်ခဲ့ရသော ပုံရိပ်မှာ လီရွှမ်တောက်ဖြစ်ပြီး ထိုလူသည် သူ့မျက်နှာအစစ်ကိုပင် ထုတ်ဖော်ထားခဲ့သည်။သူသည် တစ်ယောက်ယောက်နှင့် ဆက်သွယ်နေပုံရပြီး အသံတော့ မကြားရပေ။
ကုအန်မေးလိုက်၏။ “မင်းဒဏ်ရာတွေက သူ့ကိုတားဆီးဖို့ ကြိုးစားရင်း ရလာခဲ့တာလား”
“ဟုတ်ပါတယ် သူ့မှာ ဆန်းကြယ်နှလုံးသားအဆင့် အကူအညီရှိနေတယ် ဒါပေမယ့် သူကကျွန်မကိုတော့ မသတ်ခဲ့ဘူး…” ချန်မြွေပြောလိုက်သည်။
ကုအန် မေးလိုက်၏။ “မင်းက ငါ့ကိုသူ့ကိုသတ်စေချင်တာလား”
“ဖြစ်နိုင်ရင်တော့ သူ့ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်စေချင်ပါတယ် တခဏစိတ်ဝိညဉ်ဆိုတာ နိမိတ်ဆိုးတစ်ခုပဲလေ…”
“ဒါဆို မင်းကိုယ့်ကိုကိုယ်ဂရုစိုက်ပြီး ကုသထားလိုက် မင်းကိုယ်ထဲက တခဏအဆိပ်က မကြာခင် ပြေသွားလိမ့်မယ်”
ကုအန် သာမန်အတိုင်းသာ ပြန်ပြောလိုက်ပြီး မှန်သည် မှားသည်ကို စိတ်မ၀င်စားဟန်ဖြင့် ဘာမှမပြောခဲ့ပေ။ သူသည် ချန်မြွေ၏စကားကိုသာနားထောင်ပြီး အဘယ်ကြောင့် သူကျင့်ကြံခြင်း ဖျက်ဆီးစေလိုသောသူကို ဖျက်ဆီးရမည်နည်း။
ချန်မြွေ တခဏကြာ တိတ်ဆိတ်သွားကာ ပြောလိုက်၏။
“ကျွန်မ ရဲတင်းလွန်း….”
သူ့စကားမဆုံးသေးခင် ကုအန် သူ့ခေါင်းပေါ်မှ ပျောက်ကွယ်သွားခဲ့လေသည်။
ချန်မြွေသည် ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ပြီး သူ့ကိုယ်တွင် အဆိပ်မရှ်ိတော့ပါက ကောင်းကင်ဖီးနစ်တောင်မှ မိစ္ဆာများက သူ့ကို အန္တရာယ်ပေးနိုင်မည် မဟုတ်ပေ။
ကုအန် ပျောက်ကွယ်သွားသည်ကို သိလိုက်သောအခါ ချန်မြွေ သူ့မျက်လုံးများကို မှိတ်ချလိုက်ပြီး သူ့အသက်ရှူသံက ပြန်၍ အားနည်းသွားခဲ့၏။
တစ်နေရာတွင်
ကုအန် နျန်းချူ ဂူသို့ ပြန်ရောက်သောအခါ ထျန်းယောင်အာမူးကာ စားပွဲပေါ်မှောက်နေသည်ကို အံ့ဩဖွယ် တွေ့လိုက်ရသည်။
ဒီကောင်မလေးကတော့…
ကုအန် အကူအညီမဲ့စွာ ပြုံးလိုက်မိပြီး ထျန်းယောင်အာကို ချီကာ အိမ်ထဲခေါ်သွားလိုက်၏။
“သခင်…သခင်….ကျွန်မကို ကယ်ပါ…မိစ္ဆာမိခင်က ကျွန်မကိုသတ်…ကျွန်မ မိဘတွေအတွက် ကလဲ့စားချေပေးပါ…”
ထျန်းယောင်အာ ကုအန် လည်ပင်းကိုဖက်ကာ ခပ်တိုးတိုး ညည်းညူနေခဲ့ရာ သူ့အသက်ရှူသံက ကုအန် လည်ပင်းကို ရိုက်ခတ်နေခဲ့လေသည်။
ကုအန် သူမကို ကောင်းကင်ဖီးနစ်မိစ္ဆာမိခင် သေဆုံးသွားပြီ ဖြစ်မှန်း မပြောပြခဲ့ပေ။
ကျင့်ကြံစရာ တွန်းအားရှိနေခြင်းသည် ကောင်းသောအရာသာ ဖြစ်၏။
…
နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ကုအန် ထျန်းယတောင်ကြားသို့ ရောက်သွားခဲ့သည်။
မနေ့ညက လီရွှမ်တောက် ထျန်းယတောင်ကြားသို့ ပြန်ရောက်နေသည်ကို ကုအန် နတ်အာရုံဖြင့် အာရုံခံခဲ့မိပြီး ဖြစ်သည်။
အဝေးကတည်းက ကုအန် လီရွှမ်တောက် သစ်ပင်အောက်ရှိ ကျောက်စားပွဲတွင် စာအုပ်တစ်အုပ်ကိုကိုင်၍ ထိုင်နေသည်ကို မြင်နေခဲ့ရ၏။
[လီရွှမ်တောက်(ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၇): ၂၇၁/၁၅၉၉/၆၀၅၀]
ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်၇!
သူ့ကျင့်ကြံခြင်းအဆင့် ထပ်တိုးလာပြန်ပြီ!
ပို၍ကြောက်စရာကောင်းသည်မှာ ဤတစ်ကြိမ်တွင် သူ့ကျင့်ကြံခြင်းသာမက သက်တမ်း အကန့်အသတ်လည်း ၂ဆ တက်လာခြင်း ဖြစ်သည်။ အရင်က သူ့သက်တမ်းအကန့်အသတ်သည် ၃၀၀၀ ကျော်သာ ရှိမှန်း ကုအန် မှတ်မိ၏။
အဲ့လောက် ကြီးမားတဲ့ အပြောင်းအလဲက တခဏပန်းစိတ်ဝိညဉ်ကြောင့်များလား!
ကုအန် ရုတ်တရက် လီရွှမ်တောက်သည် သာမန်လူတစ်ယောက် မဟုတ်ဘူးလို့ ခံစားလိုက်ရသည်။ သူ့ထက် သက်တမ်းအကန့်အသတ်များသော အန်းဟောင်လိုလူပင် သူ့လောက် ကျင့်ကြံခြင်းအမြန်နှုန်း မမြင့်ပေ။
ပို၍ အရေးကြီးသည်မှာ လီရွှမ်တောက်၏ ကျင့်ကြံခြင်းအဆင့် အစစ်ကို ဘယ်သူမှမသိခြင်း ဖြစ်သည်။ သူသည် လျှို့ဝှက်နည်းလမ်းများကိုသုံး၍ သူ့ကျင့်ကြံခြင်းကို ဗဟိုအူတိုင်ဖွဲ့စည်းခြင်း အဆင့် ၁တွင်သာ ပြသထားခဲ့၏။
ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၇ တစ်ယောက်ကို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၁ တစ်ယောက်ဟု မြင်နေရသည်မှာ အတော်လေး ကြောက်စရာကောင်းသောအရာ ဖြစ်ပေသည်။
တွေးနေရင်း ကုအန် လီရွှမ်တောက်ဆီ ဦးတည်သွားလိုက်၏။
“ဦးလေးကို ဂါရ၀ပြုပါတယ်” ကုအန် လီရွှမ်တောက်ရှေ့သွားကာ ဦးညွတ်၍ ဂါရ၀ပြုလိုက်သည်။
လီရွှမ်တောက် ဖတ်လက်စ နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကိုချကာ ကုအန်ကို ပြံးပြလိုက်၏။ “ကုအန် နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့ ဒီဦးလေးက မင်းအတွက် အထူးရွှေအမြုတေတစ်ခု ပြင်ဆင်ပေးထားတယ် အဲ့ဒီရွှေအမြုတေရဲ့ ပိုင်ရှင်က ထိပ်တန်းအဆင့် ပါရမီရှင်တစ်ယောက်ပဲ
မင်းကျင့်ကြံခြင်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ကို ရောက်ရင် ဒီဦးလေးက မင်းဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကိုရောက်ဖို့ အကူအညီကြီး ပေးမယ်”
ထိုစကားကြားသောအခါ ကုအန် အမြန်ကျေးဇူးတင်လိုက်၏။
လီရွှမ်တောက် သူ့ကို ထိုင်ဖို့ အချက်ပြလိုက်ကာ ပြောလိုက်သည်။
“အခုတလော ငါနတ်ဘုရားတို့၏ရာထူးများ စာအုပ်ကို ပြန်သုံးသပ်နေရင်း အမြင်သစ်တစ်ချို့ရခဲ့တယ်ကွ တကယ်လို့ ဘုရင်ကျိုးသာ ချန်ဂိုဏ်းနဲ့ အစကတည်းက ပူးပေါင်းထားခဲ့ရင် ဘာတွေဖြစ်လာနိုင်လောက်လဲ”
ကုအန် ပြန်ပြောလိုက်သည်။ “တကယ်လို့ ဆိုတာမျိုးက တကယ်တော့ မရှိပါဘူး မတူညီတဲ့ စရိုက်တွေက မတူညီတဲ့ ရွေးချယ်မှုတွေကိုပြုလုပ်ပြီး မတူညီတဲ့ ကံကြမ္မာတွေကိုဖြစ်စေတာ ကျိုးဘုရင်က လွှမ်းမိုးတတ်လွန်းတယ် ချန်ဂိုဏ်းက သူ့လမ်းစဉ်ကို လိုက်မှာမဟုတ်ဘူး”
လီရွှမ်တောက် ခေါင်းခါလိုက်ကာ “မင်းအေတွးက တစ်ဖက်သတ်ဆန်လွန်းတယ် ငါကတော့ နတ်ဘုရားတို့၏ရာထူးများ စာအုပ်မှာ ပိုနက်နဲတဲ့ အဓိပ္ပာယ်တွေရှိနေဦးမယ်လို့ ထင်တယ်”
ဒီလူ လွတ်သွားတာလားဟ!
ရုတ်တရက် သူတို့စကားဝိုင်းကို မည်သို့ဆက်ရမည် မသိတော့သောကြောင့် ကုအန် လီရွှမ်တောက် စွမ်းအင်ကို သတိထား၍ စစ်ဆေးကြည့်လိုက်၏။ သို့သော် တခဏပန်း၏ မည်သည့်အရှိန်အဝါကိုမှ မတွေ့ခဲ့ရပေ။
ကုအန် လီရွှမ်တောက်၏ ကျင့်စဉ်ကို အတော်လေး စိတ်၀င်စားသွားခဲ့ရသည်။ သူ့ကျင့်စဉ်သည် အတော်လေး စွမ်းအားကြီးပုံပေါ်ပြီး လုပိုင်ထျန်း၏ ကြမ္မာဆန့်ကျင် ကျင့်စဉ်ထက်ပင် စွမ်းအားကြီးပုံ ပေါ်၏။
လီရွှမ်တောက်သည် ပါရမီရှင်များကို သူ့ဘက်ပါအောင် ဆွဲဆောင်နိုင်ရုံသာမက သူ့နောက်တွင်လည်း ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်က ရှိနေသေးသည်။
ထိုကိစ္စများကို လီရွှမ်တောက် ဘယ်လိုစီမံလိုက်သလဲဆိုတာ ကုအန် အံ့အားသင့်နေမိ၏။ ထိုကျင့်ကြံသူသည် တော်၀င်မိသားစု၏ ကျင့်ကြံသူလော သို့မဟုတ် လီရွှမ်တောက်က အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို သူ့ဆရာအဖြစ် သတ်မှတ်လိုက်တာလား ဆိုတာ ကုအန် တွေးနေမိသည်။
နောက်ဆုံးအချက်က ပို၍ ဖြစ်နိုင်ချေရှိပေသည်။ မဟုတ်လျှင် ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်က အဘယ်ကြောင့် သာမန် ဧကရာဇ်တစ်ပါးကို ဂရုစိုက်နေမည်နည်း။
လီရွှမ်တောက် နတ်ဘုရားတို့၏ရာထူးများစာအုပ်နှင့် ပတ်သက်သည့် သူ့အမြင်များကို မျှဝေခဲ့ပြီး ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်းကိုလည်း အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြနေခဲ့လေသည်။
ယိလျူယွမ်နှင့် လုရှန်တို့ ပြန်မလာကြသေးသည်ကို ကုအန် သတိထားလိုက်မိ၏။
တစ်ချိန်က လုရှန်သည် သူ့ကိုယ်ထဲတွင် တခဏဂိုဏ်း၏ မကောင်းဆိုးဝါးဧကရာဇ် ဝိညဉ်အကြွင်းအကျန်ကို ပိုင်ဆိုင်ထားခဲ့ဖူးရာ လီရွှမ်တောက် တခဏပန်းစိတ်ဝိညဉ်ကို ရရှိသွားမှုသည် လုရှန်နှင့် ပတ်သက်နေရမည်ဟု ကုအန် ထင်နေမိသည်။
အချိန်အတန်ကြာအောင် လီရွှမ်တောက် သူ့အမြင်များကို ဝေမျှပြီးမှသာ ကုအန်ကို ဆေးပင်ခူးဖို့ ခွင့်ပြုလိုက်၏။
ကုအန် ဆေးပင်ခူးပြီးသောအခါ မပြန်ခင် လီရွှမ်တောက်ကို ၀င်နှုတ်ဆက်ရင်း မေးလိုက်သည်။ “ဦးလေး ဒီတစ်ခေါက်တောင်ကြားကို ဘာကိစ္စရှိလို့ လာခဲ့တာလဲ”
လီရွှမ်တောက် သူ့လက်ထဲရှိစာအုပ်ကိုဖတ်နေရင်း သယမန်အတိုင်း ဖြေလိုက်၏။
“ဂုဏ်သိက္ခာမျှော်စင်က ငါ့ကိုလာရှာတာကို စောင့်မလို့”
ဂုဏ်သိက္ခာမျှော်စင်လား!
ကုအန် ပို၍ စိတ်၀င်စားသွားမိသည်။ လီရွှမ်တောက်သည် မိသားစုကြီးသုံးခုထဲမှ တစ်ခုကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်နိုင်ပါသလော။
ကုအန် ဘာမှဆက်မမေးခဲ့ပေ။ ထိုလူများ အချင်းချင်း တိုက်ခိုက်နေကြခြင်းက သူ့ကို လာမထိခိုက်သရွေ့ အဆင်ပြေ၏။
သူ့လက်ရှိ ကျင့်ကြံခြင်းသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းသည်ဟု မဆိုနိုင်ပါသော်လည်း မင်းဆက်ကိုးခုတွင်တော့ သူ့ကို ခြိမ်းခြောက်နိုင်သူ မရှိတော့ပေ။
သူထိုလူများ တိုက်ခိုက်နေကြခြင်းကို ဝင်မရှုပ်ချင်ပေ။
အမြင့်တွင်ရပ်ကာ ထိုလူများ အချင်းချင်း တိုက်ခိုက်နေကြခြင်းကို ကြည့်နေရခြင်းက ပို၍ စိတ်၀င်စားစရာ ကောင်းပေသည်။
…..
ကမ္ဘာကြီး ငြိမ်းချမ်းသွားသောအခါ ကုအန်၏ နေ့ရက်များက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။ သူသည် ဆေးတောင်ကြားများသို့ လှည့်လည်သွားလာကာ တစ်ခါတရံ အပြင်စည်းမြို့သို့သွား၍ သူ့မိတ်ဆွေများနှင့် စကားစမြည်ပြောရင်း ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းနေခဲ့သည်။ သူထိုသို့ ဖြတ်သန်းနေရခြင်းကို လုံး၀ ပျင်းစရာကောင်းသည်ဟု မခံစားရဘဲ စိတ်၀င်စားစရာကောင်းသည်ဟူ၍ပင် ထင်နေသေးသည်။
ဤသို့ဖြင့် အချိန်များ ကျော်လွန်သွားကာ ငါးနှစ် ကုန်သွားခဲ့၏။
ထိုနွေရာသီတွင် ကုအန်အသက် ၇၉ နှစ်ပြည့်သွားခဲ့ပြီး သူ့သက်တမ်းမှာလည်း ငါးသန်းကျော်လာခဲ့ကာ ၁၀သန်းပြည့်ဖို့ တဖြည်းဖြည်းနီးကပ်လာခဲ့လေသည်။
ဆန်းကြယ်နှလုံးသားအဆင့်ဟူသည်မှာလည်း ဂိုဏ်းများကြားတွင် လျှို့ဝှက်ချက်မဟုတ်တော့ဘဲ ကုအန် အပြင်စည်းမြို့သို့သွားသောအခါတွင်ပင် တပည့်များ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူကြီးများ အကြောင်း ဆွေးနွေးပြောဆိုနေကြသည်ကို ကြားခဲ့ရသေးသည်။
တစ်ရက်တွင် ကုအန် အတွင်းစည်းမြို့သို့သွားကာ ဝူကျဲ ကို စားသောက်ဆိုင်တစ်ဆိုင်တွင် အရက်သောက်ရန် ခေါ်ခဲ့၏။
ဝူကျဲလည်း သူ့ဖိတ်ခေါ်မှုကို ၀မ်းပန်းတသာ လက်ခံခဲ့လေသည်။
ကုအန်တို့ ဝိုင်တစ်ကရားခန့်သောက်ပြီးသောအခါ ဝူကျဲ ပြောလိုက်သည်။ “ညီကိုကု ငါနောက်လကျ ဂိုဏ်းကနေ ထွက်သွားရတော့မယ် နောက်ဆယ်နှစ်အတွင်းတော့ ပြန်လာနိုင်မှာမဟုတ်ဘူး”
ဤနှစ်များတွင် ဝူကျဲ သက်တမ်းအကန့်အသတ်မှာ တိုးမလာတော့ပေ။ ကြည့်ရသည်မှာ သူသည် အတော်လေး သက်တောင့်သက်သာရှိနေသော ဘ၀ကို ြဖတ်သန်းနေရ၍ ဖြစ်နိုင်၏။
ကုအန် စိတ်၀င်တစားမေးလိုက်သည်။ “ဘယ်သွားမလို့လဲ”
ဝူကျဲ ပြန်ဖြေလိုက်၏။ “လက်ရှိ ဧကရာဇ်က မင်းဆက်ကိုးခုလုံး စုပေါင်းပြီး နောက်လာမယ့် မဟာမိစ္ဆာကပ်ဘေးကို ရင်ဆိုင်ဖို့ မင်းဆက်ကိုးခုလုံးကို ခေါ်ထားတယ်မဟုတ်လား ငါ့ဆရာက သူ့ကို ကူညီေထာက်ခံပေးဖို့ ငါ့ကို လွှတ်လိုက်တာ”
ကျိုးမိသားစု!
လွန်ခဲ့သော ငါးနှစ်က ကုအန် လီရွှမ်တောက်ပြောသည့် ဂုဏ်သိက္ခာခန်းမနှင့် တွေ့ဆုံမည်ဟူသော သတင်းကို စိတ်၀င်စားသောကြောင့် နတ်အာရုံသုံး၍ ထောက်လှမ်းကြည့်ခဲ့ရာ လီရွှမ်တောက်နှင့် တွေ့သည့်သူသည် ကျိုးမိသားစုမှ ဝူကျဲဆရာ ကျိုးယူ ဖြစ်မှန်း သိခဲ့ရသည်။
သူနှင့်တွေ့ပြီးသည့်နောက် လီရွှမ်တောက်သည် သူ့အင်ပါယာသို့ပြန်ကာ ဤတုန်လှုပ်ဖွယ်သတင်းကို ကြေငြာခဲ့ခြင်း ဖြစ်၏။
မိစ္ဆာများကို တိုက်ခိုက်ဖို့ ကမ္ဘာကြီးကို စုစည်းခြင်း!
ထိုမာနကြီးလှသာ ကြေငြာချက်ကို ဘယ်သူမှ မျှော်လင့်မထားသောကြောင့် အဓိပတိဂိုဏ်းတွင်း ဂယက်ထားသွားခဲ့ရသည်။
ထို့နောက် အဓိပတိဂိုဏ်းက ထိုက်ကန်မင်းဆက်ကို ထောက်ခံပေးရန် တပည့်များ လွှတ်လိုက်၏။
ထိုလုပ်ရပ်မှာ လုပိုင်ထျန်း ၏ဆန္ဒမဟုတ်တာတော့ သေချာလှသည်။ ထို့ကြောင့် ဂိုဏ်းတွင်းရှိ လေထုတင်းကြပ်လာသည်ကို ကုအန် သတိထားမိလိုက်၏။ ထို့ကြောင့်လည်း လုပိုင်ထျန်းက သူ့ကိုငါးနှစ်လုံးလုံး လာမရှာခဲ့ခြင်း ဖြစ်နိုင်ပေသည်။
အကယ်၍ ကုအန်သာ နတ်အာရုံသုံးပြီး စစ်ဆေး၍ လုပိုင်ထျန်း ကြိုးစားကျင့်ကြံနေသည်ကို မတွေ့ရပါက ထိုလူကြီး ထပ်ပြီး ကျင့်စဉ်ဖောက်ပြန်သွားသည်ဟု ထင်မိဦးမည် ဖြစ်၏။
“ငါ့မှာ ယိယန်လို့ခေါ်တဲ့ တပည့်တစ်ယောက်ရှိတယ် သူကလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စစ်တပ်ကို ၀င်သွားတာ မင်းသူနဲ့တွေ့ရင် ဂရုစိုက်ပေးလိုက်ပါဦး” ကုအန် ပြုံး၍ ပြောလိုက်သည်။
ဝူကျဲ သူ့့ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်၏။ “ဒါပေါ့ ဂရုစိုက်ပေးရမှာပေါ့ မင်းတပည့်က ငါ့တပည့်ပဲလေကွာ”
ကုအန် ဝိုင်ခွက်ကို မြှောက်ကာ ဝူကျဲနှင့် ခွက်ချင်း တိုက်လိုက်လေသည်။
သူတို့နှစ်ယောက် ဆက်လက်စကားပြောနေခဲ့ကြပြီး ဝူကျဲမှာ သူ ဆည်းဆာလက်သီးနှင့် လေပြင်းအရိပ်ခြေထောက်သိုင်းကို ပိုနားလည်လာပြီး ကျွမ်းကျင်လာပြီဆိုသည့်အကြောင်း စိတ်အားထက်သန်စွာ ပြောပြနေခဲ့၏။
ရုတ်တရက်
ကုအန်အကြည့် ဒုတိယထပ်သို့ လှေကားမှတက်နေသည့် လူတစ်ယောက်အပေါ်ရောက်ရှိသွားခဲ့သည်။
[ကောင်းကင်အရှင်ဝေ(ဆန်းကြယ်နှလုံးသား အဆင့်၃) : ၃၈၈၉/၄၅၀၀/၄၆၀၀]
ဆန်းကြယ်နှလုံးသား တတိယအဆင့်!
ကုအန် တစ်ချက်သာကြည့်ကာ အကြည့်လွှဲလိုက်ပြီး ကြိတ်၍ အံ့အားသင့်သွားမိ၏။
ဒီလူက ဘယ်သူများလဲ!
ထိုလူသည် အသက် ၃၈၀၀ ကျော်ရှိနေပြီဖြစ်ပြီး ဤအချိန်တွင် ဘိုးဘေးရွှမ်ထျန်း ရှိနေလျှင်ပင် သူ့ဂျူနီယာအဖြစ်သာ သတ်မှတ်ရမည် ဖြစ်သည်။
ကောင်းကင်အရှင်ဝေသည် အပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားကာ လက်ထဲတွင် မြင်းမြှီးယပ်တစ်ချောင်းကို ကိုင်ထားပြီး သူ့မိတ်ဆိတ်များက မေးတွင်ကျနေပြီး ဆံပင်များကို ဦးခေါင်း၍ စု၍ ထုံးထားခဲ့၏။ သူ့ကျင့်ကြံခြင်းမှာလည်း ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သာ ဖြစ်သောကြောင့် သူ့ကို ဘယ်သူမှ သိပ်အာရုံမစိုက်ခဲ့ကြပေ။
ကျင့်ကြံခြင်း ကမ္ဘာတွင် ထိုကဲ့သို့ အသွင်ပြင်ရှိသည့် လူမျိုးမှာ မရှားလှပေ။ ဤစားသောက်ဆိုင်ထဲတွင်ပင် သူ့လိုမျိုးလူ နှစ်ယောက် ရှိနေသေးသည်။
ကောင်းကင်အရှင်ဝေ စားသောက်ဆိုင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်က ဝူကျဲဆီ ရောက်သွားခဲ့၏။ ထို့နောက် သူဝူကျဲဆီသို့ လျှောက်လာပြီး ပြုံးကာ မေးလိုက်သည်။
“မိတ်ဆွေလေးတို့ နှစ်ယောက်နဲ့ ထိုင်ခွင့်ရှိမလား”
ဝူကျဲ မျက်မှောင်ကြုံ့သွားကာ ကုအန်ကို ကြည့်လိုက်၏။
ကုအန် ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းသားအချင်းချင်းပဲ ဘယ်ငြင်းလို့ဖြစ်မှာလဲ ကျေးဇူးပြုပြီးထိုင်ပါ တာအိုမိတ်ဆွေ”
အရှင်ဝေပြုံးကာ သူ့မိတ်ဆိတ်များကို သပ်ပြီး ထိုင်ရင်း သူ့ကိုယ်သူမိတ်ဆက်လိုက်၏။ “ကျွန်တော့်နာမည်က ဝေလို့ခေါ်ပါတယ် အဓိပတိဂိုဏ်းကတော့ မဟုတ်ပါဘူး အခြားဂိုဏ်းကလာတဲ့ ဧည့်သည်တစ်ယောက်ပါ အခုမိတ်ဆွေလေးတို့ နှစ်ယောက်ကိုတွေ့တော့ ကြင်နာတတ်တဲ့ စိတ်ဝိညဉ်ရှိတဲ့သူတွေလို့ ခံစားမိလို့ ရောက်လာခဲ့တာပါ”
ထိုစကားကြောင့် ဝူကျဲ ပို၍ မျက်မှောင်ကြုံ့သွားရသည်။
သူ့ဘ၀တစ်လျှောက်လုံးတွင် အဓိပတိဂိုဏ်းက သူလျှိုများ၏ နှောင့်ယှက်မှုများကို အကြိမ်ကြိမ်ခံခဲ့ရသောကြောင့် သူအခြားဂိုဏ်းမှ ဧည့်သည်များကို အလိုလို သတိထားနေတတ်၏။
ကုအန် မေးလိုက်သည်။ “မိတ်ဆွေက ဘယ်ဂိုဏ်းကလဲဆိုတာ သိပါရစေ”
အရှင်ဝေ ကုအန်ဘက်လှည့်ကာ ပြုံး၍ ပြောလိုက်၏။ “ကျွန်တော်က ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေကပါ မိတ်ဆွေတို့နှစ်ယောက် ကြားဖူးလား”
ကုအန် ခေါင်းခါပြလိုက်သည်။
ဝူကျဲ စိတ်မရှည်တော့ဟန်ဖြင့် ပြောလိုက်၏။ “မင်းပြောချင်တာရှိရင် တိုက်ရိုက်ပြော ငါတို့သောက်နေတာကို လာနှောင့်ယှက်မနေတော့နဲ့”
အရှင်ဝေ ခေါင်းယမ်းကာ ရယ်မောလိုက်ပြီး သူ့အင်္ကျီလက်အိုးထဲမှ ကျောက်စိမ်းတစ်ပြားထုတ်ကာ စားပွဲပေါ်တင်၍ ဝူကျဲဆီ ထိုးပေးလိုက်ပြီး ပြောလိုက်သည်။
“မင်းရဲ့ သာမန်မဟုတ်တဲ့ အခြေခံနဲ့ မင်းဦးခေါင်းထိပ်က စိတ်ဝိညဉ်အရှိန်အဝါကို ကြည့်ရတာ မင်းက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ ကံကြမ္မာရေစက်ရှိနေပုံပဲ အဲ့တာကြောင့် မင်းကို အဲ့ဒီမှာ လာကျင့်ကြံဖို့ ဖိတ်ခေါ်ချင်ပါတယ်”
သူပြောပြီး ကုအန်ကို ပြန်လှည့်ကြည့်လိုက်ရာ ထိုလူသည် ပြုံး၍သာနေပြီး ခေါင်းတညိတ်ညိတ်လုပ်နေသည်ကိုသာ တွေ့လိုက်ရ၏။
ကုအန် ဆက်ပြုံးနေရင်း ဆိတ်ဆိတ်သာ နေလိုက်လေသည်။
အပိုင်း(၁၅၂)
မိစ္ဆာဘိုးဘေး၏ ဒဏ္ဍာရီ
“ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေက အရမ်းအစွမ်းထက်နေရင် ဘာလို့ကျုပ်ကို ဖိတ်ခေါ်ဖို့လိုမှာလဲ” ဝူကျဲ ခပ်တင်းတင်း ပြန်ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ကောင်းကင် အရှင်ဝေ ရယ်မောလိုက်ပြီး လုံး၀ ဒေါသထွက်မသွားခဲ့ပေ။
ထို့နောက် ကုအန် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် မည်မျှစွမ်းအားကြီးကြောင်း ကောင်းကင်အရှင်ဝေကြွားဝါနေသမျှကိုသာ နားထောင်နေခဲ့ရ၏။ သို့သော် ကံဆိုးစွာဖြင့် သူဘာပြောပြော ဝူကျဲက လုံးက လက်မခံခဲ့ပေ။
ဝူကျဲပုံစံကြောင့် ကုအန် ရယ်ချင်နေမိသည်။
အကယ်၍ ဝူကျဲသာ ကောင်းကင်အရှင်ဝေက ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်းသိသွားလျှင် သူ့အမူအရာ မည်သို့ ဖြစ်သွားမည်နည်း။
ရုတ်တရက်ပုံရိပ်တစ်ခု ကောင်းကင်အရှင်ဝေ နောက်တွင် ပေါ်လာခဲ့၏။ ကုအန် မော့ကြည့်လိုက်ရာ ထိုပုံရိပ်သည် ဝူကျဲဆရာ ကျိုးယူ ဖြစ်မှန်း တွေ့လိုက်ရလေသည်။
[ကျိုးယူ(တစ်သားတည်းဖြစ်ခြင်းအဆင့် ၉): ၈၆၄/၂၀၀၀/၃၁၀၀]
ဂုဏ်သိက္ခာခန်းမမှ အကြီးအကဲတစ်ယောက်အနေနှင့် သူသည် ကျင့်ကြံခြင်းမြင့်မားရုံသာမက ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး လုပိုင်ထျန်းနှင့်ယှဉ်လျှင်သာ နောက်ကျသော ပါရမီရှင်မျိုး ဖြစ်၏။
ကျိုးယူ ကောင်းကင်အရှင်ဝေကိုကြည့်ကာ ပြောလိုက်သည်။
“စီနီယာအရှင်ဝေ ဝူကျဲက ကျွန်တော့်တပည့်ပါ ကျွန်တော်တို့ တစ်နေရာရာမှာ စကားသွားပြောလို့ရမလား”
အကြီးအကဲဝေသူ့ကို လှည့်ကြည့်ကာ မေးလိုက်သည်။ “မင်းက ကျိုးယူမလား”
“တကယ်တော့ ကျွန်တော်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀တုန်းက အရှင့်ဝေလမ်းပြမှုအောက်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ဖူးပါတယ်” ကျိုးယူ အရှင်ဝေအား တလေးတစား ပြန်ပြောလိုက်၏။
ဝူကျဲလည်း ထရပ်ကာ သူ့ဆရာကို ဂါရ၀ပြုလိုက်လေသည်။
ကောင်းကင်အရှင်ဝေ ရုတ်တရက် တခုခုကို သဘောပေါက်သွားပြီး ရယ်မောလိုက်ကာ “ဟုတ်ပြီလေ ဒီလိုဆိုတော့လည်း တစ်နေရာရာမှာ သွားပြောကြတာပေါ့”
ဆိုင်ထဲရှ်ိ သောက်စားနေသော တပည့်များ အားလုံးသူတို့ကိုကြည့်နေပြီ ဖြစ်သောကြောင့် ဤနေရာတွင် စကားဆက်ပြောဖို့ မသင့်တော်တော့ပေ။
ထို့ေနာက် ကျိုးယူ ဝူကျဲနှင့် ကုအန် သူ့ကို နှုတ်ဆက်တာကိုပင် မစောင့်တော့ဘဲ ဝူကျဲ ပုခုံးကိုကိုင်ကာ ထိုနေရာမှ ပျောက်ကွယ်သွားလေတော့သည်။
ထိုစဉ် ကောင်းကင်အရှင်ဝေလည်း ကုအန်ကိုပြုံးပြကာ ခေါင်းညိတ်ပြလိုက်ပြီး ပျောက်ကွယ်သွားခဲ့၏။
ကောင်းကင်အရှင်ဝေ ပျောက်ကွယ်သွားသောအခါ ကုအန် နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့လေသည်။
သူဝူကျဲခွက်ရော သူ့ခွက်ရောကို ဝိုင်အပြည့်ဖြည့်လိုက်ပြီး သူ့ခွက်ကို မလိုက်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “ဒီနေရာမှာမင်းအတွက် ကံကောင်းမှုကြီးတစ်ခုရှိနေပြီပဲ မကြာခင်မှာပဲ မင်းကိုယ်တိုင် နာမည်တစ်ခု တည်ဆောက်နိုင်လိမ့်မယ်”
ပြောပြီးသည့်နောက် ကုအန် ဝိုင်ခွက်ကို တစ်ချက်တည်း မော့သောက်ပစ်လိုက်သည်။
သောက်ပြီးသောအခါ ကုအန် ပိုက်ဆံရှင်းလိုက်ပြီး စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့လိုက်၏။
သူ တတိယတောင်ကြားသို့ တန်းမပြန်ခဲ့ပေ။ထိုအစား အတွင်းစည်းဂိုဏ်းမှ စာအုပ်ခန်းမသို့ ဦးတည်သွားခဲ့သည်။
ကုအန် စာအုပ်ခန်းမမှ ကမ္ဘာ့မှတ်တမ်း စာအုပ်နှင့် ကုန်းမြေတိုက်ကြီး၏မြေပုံကိုငှားယမ်းပြီးကတည်းက သူ ရှုလူနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့ပြီး ဖြစ်ကာ သူတို့ချင်း မကြာခဏ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း မိတ္တူအနည်းငယ်ပင် လဲလှယ်ခဲ့ကြ၏။ သူနှင့် ရှုလူသည် အသက်ကွာသော်လည်း မိတ်ဆွေများ ဖြစ်နေကြပြီ ဖြစ်သည်။
စာအုပ်ခန်းမတွင် ကုအန် ဘိုးဘေး ကူစုန့်နဲ့လည်း တွေ့ခဲ့ရ၏။
ဘိုးဘေးကူစုန့်သည်သူ၏ အဓိပတိအကြီးအကဲဟူသော သရုပ်ကို ဖုံးကွယ်ထားပြီး အတွင်းစည်းဂိုဏ်းသားတစ်ယောက်အနေနှင့်သာ နေထိုင်နေခြင်းဖြစ်ပြီး သူ့ကျင့်ကြံခြင်းကိုလည်း ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ဟူ၍သာ ပြသထားခဲ့သည်။
တတိယထပ်သို့ ရောက်သောအခါ ကုအန် သူငှားပြီး ပြန်အပ်ထားသော စာအုပ်များကို ကိုင်ထားသည့် အကြီးအကဲ ရှုလူကို တွေ့လိုက်ရ၏။ ထို့နောက် ကုအန်ပြုံးပြလိုက်ကာ မေးလိုက်။ “အကြီးအကဲရှု အကြီးအကဲမှာ တာအိုပညာရှင် ရွှမ်ချွမ်းရဲ့ စာအုပ်တွေထပ်ရှိသေးလား”
တာအိုပညာရှင် ရွမ်ချွမ်းသည် ကုအန်အား အကြီးအကဲရှု ငှားလိုက်သော စာအုပ်များကို ရေးသားသူဖြစ်ပေသည်။ ထိုစာအုပ်သည် စာအုပ်ခန်းမတွင် ရှိသောစာအုပ်မဟုတ်ဘဲ အကြီးအကဲရှု၏ ပင်လယ်ရပ်ခြားရောက်နေသော မိတ်ဆွေက သူ့အတွက် ထည့်ပေးလိုက်ခြင်းဖြစ်ကာ ထိုစာအုပ်သည် သူတို့ဒေသ၌ အတော်လေး ကျော်ကြားသည်ဟု ဆို၏။
ဖတ်ပြီးသည့်နောက် ကုအန် တာအိုပညာရှင်ရွှမ်ချွမ်း၏ အရေးအသားကို အသိအမှတ်ပြုလိုက်မိပြီး ထိုစာအုပ်ထဲမှ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း၏ အငွေ့အသက်များကိုပင် ရနေခဲ့သည်။
နောက်မှ အကြီးအကဲရှုပြန်ပြောပြသည်မှာ အစိမ်းရောင်သူရဲကောင်းသည် သူ့စာအုပ်ကိုရေးရာ၌ ဤစာအုပ်ကို နမူနာယူခဲ့သည်ဟု ဆို၏။
အကြီးအကဲရှု ကုအန်အပ်ထားသော စာအုပ်များကို စားပွဲပေါ်တင်လိုက်ကာ သူ့ကိုကြည့်ပြီး ကြင်နာစွာေပြာလိုက်ေလသည်။
“ကောင်လေး မင်းကျင့်ကြံခြင်းကနေနားတဲ့ အချိန်မှာပဲ ဖတ်သင့်တယ်နော် အတင်းစာအုပ်တွေပဲ ဖတ်မနေနဲ့လေ”
ကုအန်ရယ်မောလိုက်ကာ ပြောလိုက်၏။ “ကျွန်တော့်ပါရမီက သာမန်ပဲလေ အဲ့တာကြောင့် ကျင့်ကြံခြင်းမှာ ကြိုးစားတာက အချိန်ဖြုန်းရုံပါပဲ ကျွန်ေတာ်က အမြင့်ဆုံး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ေလာက်ကိုပဲ ရောက်မှာ နောက်ပြီး ကျွန်တော်က ဆေးတောင်ကြားသခင်ဆိုတာလည်း သိတယ်မလား ကျွန်တော့်ကျင့်ကြံခြင်းကို ဆေးတွေသုံးပြီး မြှင့်လို့ရနေချိန် ဘာလို့ ကျင့်ကြံခြင်းမှာ အချိန်ဖြုန်းနေတော့မှာလဲ အဲ့ဒီအစား ကျွန်တော်ရှင်သန်နေရတဲ့အချိန်လေးကိုပဲ တန်ဖိုးထားပြီး ကောင်းကောင်းခံစားတော့မယ်”
အကြီးအကဲရှုသည် ကုအန်ပါရမီကိုသိထားပြီးဖြစ်သောကြောင့် သူ့စကားများမှာလည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရ၏။
အကြီးအကဲရှု ရယ်မောကာပြောလိုက်သည်။
“တကယ်တော့ အပေါ်ထပ်က လူဆီမှာ တာအိုပညာရှင်ရွှမ်ချွမ်းရဲ့ အခြားစာအုပ်ရှိသေးတယ် မင်းသူ့ကို သွားရှာလိုက်”
ထိုစကားကြားသောအခါ ချက်ချင်း ကုအန်သူ့ကို ဦးညွတ်နှုတ်ဆက်လိုက်ပြီး အပေါ်ထပ်သို့ တက်သွားခဲ့၏။
စတုတ္ထထပ်တွင် ဘိုးဘေးကူစုန့်နှင့် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် တစ်ယောက်သာ ရှိပြီး သူတို့မှာ တစ်ယောက်နှင့် တစ်ယောက် မနှောင့်ယှက်ကြပေ။
ကုအန် ပြတင်းပေါက်နားရှိ ကုလားထိုင်တွင် စာအုပ်တစ်အုပ်ကိုင်ကာ ထိုင်နေသော ဘိုးဘေးကူစုန့်ဆီ သွားလိုက်လေသည်။
ကြည်ညိုဖွယ် အဓိပတိအမတ!
ဤစာအုပ်သည် ဖန်းအန်ရေးသားထားသောစာအုပ်ဖြစ်ပြီး နောက်ပိုင်းကာလများတွင် အဓိပတိဂိုဏ်းစီမံပေးမှုဖြင့်ကြည်ညိုဖွယ်အဓိပတိအမတနှင့် နတ်ဘုရားတို့ဧ။်ရာထူးများ နှစ်အုပ်လံုးကိူ မင်းဆက်ကိုးခုလုံးထိ ဖြန့်ချီနိုင်ခဲ့ကာ စာအုပ်နှစ်အုပ်လုံးသည် မင်းဆက်ကိုးခုလုံးတွင် ကျော်ကြားလာခဲ့သည်။ အဓိကကျော်ကြားသည်မှာ ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်ဖြစ်ပြီး နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကိုတော့ ဂိုဏ်းတိုင်းရှိ ရာထူးအမြင့်ပိုင်း ပုဂ္ဂိုလ်များက ပို၍ တန်ဖိုးထားကြပေသည်။
အမတကျင့်ကြံခြင်းကမ္ဘာတွင် အထက်ပုဂ္ဂိုလ်များက နတ်ဘုရားတို့၏ရာထူးများဖတ်ကာ နိမ့်ကျသူတို့က ကြည်ညိုဖွယ်အဓိပတိအမတ ဖတ်သည်ဟူသော ဆိုရိုးပင် ပေါ်လာခဲ့ရ၏။
ဘိုးဘေး ကူစုန့်လည်း ကြည်ညိုဖွယ်အဓိပတိအမတကို ကြိုက်နှစ်သက်သောကြောင့် ကုအန် အံ့အားသင့်သွားခဲ့သည်။
“စီနီယာ ကျွန်တော့်ကို အကြီးအကဲရှုက လမ်းညွှန်လိုက်လို့ပါ ကျွန်တော့်ကို တာအိုပညာရှင် ရွမ်ချွမ်းရဲ့ စာအုပ်ငှားပေးလို့ရမလားဗျ” ကုအန် ညင်ညင်သာသာ ပြောလိုက်၏။
ထိုစကားကိုကြားသောအခါ ဘိုးဘေးကူစုန့် သူ့၀တ်စုံထဲနှိုက်ပြီး စာအုပ်တစ်အုပ် ကုအန်ဆီ ပစ်ပေးလိုက်လေသည်။
ကုအန် စာအုပ်ကိုဖမ်းကာ လှန်ကြည့်လိုက်ပြီး ပြုံးလိုက်မိ၏။
အကြီးအကဲကူစုန့် ရုတ်တရက်မေးလိုက်သည်။ “ကုအန် မင်းကြည်ညိုဖွယ်အဓိပတိအမတ စာအုပ် ဖတ်ဖူးလား”
ကုအန်၏ ဖန်းအန်ဟူသော သရုပ်ကို ဂိုဏ်းထဲရှိ လူအနညး်ငယ်သာ သိကြခြင်းဖြစ်ပြီး ဘိုးဘေးကူစုန့်ကလည်း စာရေးသူဘယ်သူလဲဆိုတာ စိတ်မ၀င်စား၍ ဖန်းအန်က ကုအန်ဖြစ်မှန်း မသိခဲ့ပေ။
“ကျွန်တော်ဖတ်ဖူးပါတယ် အဲ့တာက မဆိုးပါဘူး” ကုအန် မှတ်ချက်ပေးလိုက်သည်။
ထိုစာအုပ်သည် သူ့လက်ရာဖြစ်သော်လည်း သူ့အတွက် ဤသို့သော စာအုပ်များက အလွန်ရိုးနေသောကြောင့် ကုအန် ပြန်မဖတ်ဖြစ်ပေ။
ဘိုးဘေးကူစုန့်ရယ်မောလိုက်ကာ ပြောလိုက်၏။ “ဒါဆိုရင်တော့မင်းက ကြည်ညိုဖွယ်အဓိပတိအမတထဲမှာပါတဲ့ နက်နဲတဲ့ သဘောတရားတွေကို နားမလည်တာပဲဖြစ်ရမယ် ငါ့အမြင်အရတော့ ဒီစာအုပ်က နတ်ဘုရားတို့၏ရာထူးများထက်တောင် ကောင်းသေးတယ်ကွ စာအုပ်ထဲမှာ ပါတဲ့ အဓိကအဖြစ်အပျက်ကြီးတွေက စာရေးသူက ကမ္ဘာကြီးပေါ်က အဖြစ်အပျက်ကြီးတွေကို ဘယ်လောက်မြင်ဖူးပြီးမှန်း ပြသနေတယ်”
ကုအန် ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ကျွန်တော်ကတော့ ပိုအသေးစိတ်ကျပြီး စိတ်ကူးယဉ်ဆန်တဲ့ နတ်ဘုရားတို့၏ရာထူးများ ကိုပိုကြိုက်တုန်းပဲ”
ထို့နောက် သူတို့နှစ်ယောက် ဘယ်စာအုပ်ပိုကောင်းကြောင်း စတင်ငြင်းခုန်တော့သည်။
ကုအန်လည်း ဘိုးဘေးကူစုန့်ကို အလျှော့ပေးရန် ဆန္ဒမရှိပေ။ ယခုအခါတွင် ဘိုးဘေးကူစုန့်က သူ့သရုပ်မှန်ကို ဖုံးကွယ်ထားခြင်းဖြစ်သောကြောင့် ကုအန် သူ့ကို အလျှော့ပေးစရာမလိုပေ။ ထို့အပြင် ယခုအခါ သူတို့သည် မျိုးဆက်မတူသော လူနှစ်ယောက်က သူတို့စိတ်၀င်စားသော နယ်ပယ်တွင် ငြင်းခုံနေကြခြင်းဖြစ်သောကြောင့် ကုအန်သာ အလျှော့ပေးလိုက်ပါက ကိစ္စများက စိတ်၀င်စားစရာမကောင်းတော့ဘဲ ဖြစ်သွားပေလိမ့်မည်။
အတန်ကြာ ငြင်းခုန်ပြီးသောအခါမှ ကုအန် အနိုင်နဲ့ပိုင်းခဲ့လိုက်ပြီး ကျေကျေနပ်နပ်ကြီး ထွက်ခွာသွားခဲ့လေသည်။
ဘိုးဘေး ကူစုန့် ထွက်ခွာသွားသော ကုအန်ပုံရိပ်အား ကြည့်ရှုနေရင်း သူ့မျက်နှာပေါ်ရှိ ဒေါသထွက်နေသော အမူအရာမှာလည်း လှောင်ပြောင်သော အပြုံးတစ်ခု၏ အစားထိုးခြင်းကိုခံလိုက်ရ၏။
ထိုအခိုက်တွင် စတုတ္ထထပ်ရှိ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ ဘိုးဘေးကူစုန့်နား ရောက်လာခဲ့သည်။ သူသည်မီးခိုးရောင်တာအို၀တ်စုံကို ၀တ်ဆင်ထားပြီး ဘိုးဘေးကူစုန့်အား မေးလိုက်၏။
“ဘိုးဘေး ဘာလို့အခြေခံတည်ဆောက်ခြင်းအဆင့်လေးတစ်ယောက်နဲ့ ပြိုင်ငြင်းနေတာလဲ”
“သူက အခြေခံတည်ဆောက်ခြင်းအဆင့်ဆိုပေမယ့် အတွင်းစည်းဂိုဏ်းထဲကို၀င်ခွင့်ရနေတာကို မင်းက သူ့ကိုရိုးရှင်းတယ် ထင်နေတာလား” ဘိုးဘေးကူစုန့် ပြန်ပက်လိုက်သည်။
မီးခိုးရောင်၀တ်စုံ၀တ်လူ ခေါင်းယမ်းလ်ုက်ကာ
“သူ့မှာ နောက်ခံနည်းနည်းရှိနေရင်တောင် သူ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံခြင်းကတော့ လိမ်လို့မှ မရတာဘဲ”
ဘိုးဘေးကူစုန့်ပြုံးသာပြုံးလိုက်ပြီး ဘာမှပြန်မပြောဘဲ ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်ကိုသာ ဆက်ဖတ်နေခဲ့၏။
မီးခိုးရောင်၀တ်လူ ဆက်ပြောလိုက်သည်။
“မင်းဆက်ကိုးခုကဂိုဏ်းတွေက မဟာမိစ္ဆာကပ်ဘေးဖြစ်ရတဲ့ အကြောင်းအရင်းကိုရှာဖို့ မိစ္ဆာနယ်မြေထဲ သွားဖို့ပြင်နေကြတယ် ဘိုးဘေးရော သွားမှာလား”
ဘိုးဘေး ကူစုန့်ပြန်ပြောလိုက်သည်။ “ငါ့အရိုးအိုတွေက ဘာမျှော်လင့်ချက်မှ သိပ်မရှိတော့ပါဘူး ရက်နည်းနည်းလောက် အနားယူပြီးရင် ငါလည်းမိစ္ဆာနယ်မြေကို သွားမှာပါ”
ထိုစကားကိုကြားသောအခါ မီးခိုရောင်၀တ်လူ ပြောလိုက်၏။ “ဒါဆို ဘိုးဘေးသွားရင် ကျွန်တော့့်ကိုလည်း ခေါ်သွားပေးပါ”
“အဓိပ္ပာယ်မရှိတာ အဲ့ဒီခရီးက သေဖို့ ၉၀ရာခိုင်နှုန်း ရှင်ဖို့ ၁၀ရာခိုင်နှုန်းရောက်ပဲ ရှိတဲ့ခရီး ငါက ဆန်းကြယ်နှလုံးသားအဆင့်ဆိုပေမယ့် မင်းလုံခြုံရေးကို အာမမခံနိုင်ဘူး”
“အဲ့လောက်တောင်ကြောက်စရာကောင်းတယ်လား”
“တခဏဂိုဏ်းက မင်းဆက်ကိုးခုနယ်မြေထဲမှာပဲ မွှေရဲပြီး မိစ္ဆာနယ်မြေကို မသွားရဲတာ ဘာကြောင့်လို့ မင်းထင်လဲ”
“ဖြစ်နိုင်တာက မိစ္ဆာနယ်မြေမှာရော မဟာယနအဆင့်ကျင့်ကြံသူ ရှိနေလို့လား”
ဘိုးဘေး ကူစုန့် ပြန်မဖြေဘဲ ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေခဲ့၏။ ကောင်းကင်ပြာအောက်တွင် ဂိုဏ်းတပည့်များက ပျားပန်းခတ်မျှ သွားလာ ပျံသန်းနေခဲ့ကြပြီး မြင်ကွင်းမှာ အတော်လေး စိတ်ကျေနပ်စရာကောင်းလှသည်။
…
ညဉ့်နက်ချိန်တွင်
ကောင်းကင်ဖီးနစ်တောင် နျန်းချူဂူထဲတွင်
ကုအန် ထျန်းယောင်အာအား အကန့်အသတ်မဲ့လွတ်ခပ်ခြင်း ခြေလှမ်းသင်ပေးနေခဲ့၏။
သူမသည် ကုအန်၏ အကန့်အသတ်မဲ့ လွတ်လပ်ခြင်းခြေလှမ်းကို ဆက်ခံသည့် တစ်ဦးတည်းသောသူဖြစ်ပြီး မူလမြေကမ္ဘာအမတကျင့်စဉ်နှင့် ထိုသိုင်းတွဲကျင့်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် နှစ်ပေါင်းတစ်ထောင်အတွင်း သူမခွန်အားသည် အလွန်ကြောက်စရာကောင်းလာမည်ဖြစ်ကာ အဆင့်တူအတွင်း သူမကို အနိုင်ယူဖို့ မိအောင်ဖမ်းဖို့ လွယ်တော့မည်မဟုတ်ပေ။
ကုအန် မှော်သိုင်းသင်ပေးနေသောကြောင့် ထျန်းယောင်အာစိတ်လှုပ်ရှားနေခဲ့၏။
အကန့်အသတ်မဲ့လွတ်လပ်ခြင်း ခြေလှမး်ကို လေ့ကျင့်ရသည်မှာ အတော်လေး ရှုပ်ထွေးလှသော်လည်း ကုအန်ကလည်း လောမနေခဲ့ပေ။ ထိုသိုင်းသည် အစွမ်းပြရန် အချိန်အတော်ကြာလေ့ကျင့်ယူရသော သိုင်းမျိုး ဖြစ်ပေသည်။
ငါးနှစ်ကြာပြီးနောက် ကုအန် ထျန်းယောင်အာကို အမြုတေဖွဲ့စည်းရာ၌ ကူညီပေးသင့်ပြီးဟု တွေးနေခဲ့၏။
ထျန်းယောင်အာသည် ကုအန်နှင့် မတွေ့ခင်က ဆေးအိုးကြီးတစ်လုံးလိုသာ ဖြစ်သည်။ သူမသည် မည်သည့်ကျင့်ကြံခြင်းနည်းစနစ်ကိုမှမသိဘဲ ဆေးများကြောင့်သာ အခြေခံတည်ဆောက်ခြင်းအဆင့်ကိုးသို့ ရောက်လာသူ ဖြစ်၏။ သို့သော် ကုအန်နှင့် တွေ့ပြီးနောက် ကုအန်ပေးသော မူလကမ္ဘာမြေအမတကျင့်စဉ်ကို ကျင့်ကြံခဲ့ပြီး သူမအတွက် အဆင့်ချိုးဖျက်ရသည်က ခက်ခဲသည့်အရာ မဟုတ်တော့ပေ။
ကုအန် ထျန်းယောင်အာ လေ့ကျင့်နေသော ပုံရိပ်ကို ကြည့်နေရင်း ရုတ်တရက် တစ်ခုခုကို အာရုံခံလိုက်မိ၍ သူ့နတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။
ကုအန် နတ်အာရုံက ကောင်းကင်ထက်မှတစ်ဆင့် ကောင်းကင်ဖီးနစ်တောင်တစ်ခုလုံးကို မြင်နေရပြီး မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။
မရေတွက်နိုင်သော မိစ္ဆာများသည် မြောက်အရပ်သိူ့ သွားနေကြပြီး သူတို့လှုပ်ရှားမှုများကြောင့် ငလျင်များဖြစ်ေပါိကာ တောင်တန်းများ မြစ်ပြင်များပင် တုန်ခါနေခဲ့ရသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ကုအန် မွန်းစတားများ မိစ္ဆာများ တစ္တေများကို တွေ့ လိုက်ရ၏။
တခဏအကြာတွင်
နျန်းချူဂူလည်း အနည်းငယ် လှုပ်လာခဲ့ပြီး ထျန်းယောင်အာလည်း သတိထားမိသွားကာ လေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်သည်။
ထို့နောက် သူမကြောက်လန့်တကြား ကုအန်နား ကပ်လာပြီး ကုအန်လက်မောင်းကိုဆွဲထားကာ ခပ်တိုးတိုးပြောလိုက်၏။
“အဲ့တာထပ်ဖြစ်ပြန်ပြီ”
ကုအန် သူမကိုငုံ့ကြည့်ကာ မေးလိုက်သည်။ “ဘာလို့ အဲ့လိုပြောတာလဲ”
ထျန်းယောင်အာ ဖြေလိုက်သည်။ “ကျွန်မငယ်ငယ်တုန်းကလည်း အဲ့လိုမျိုးဖြစ်ခဲ့သေးတယ် အရမ်းများတဲ့ မိစ္ဆာတွေက မြောက်အရပ်ကို သွားခဲ့ကြပြီးတော့ မိစ္ဆာမိခင်တောင် မိစ္ဆာဘိုးဘေးကို တွေ့ဖို့ သွားခဲ့သေးတယ်”
“မိစ္ဆာဘိုးဘေးလား ငါ့ကိုအဲ့အကြောင်းထပ်ပြောပြ” ကုအန် စိတ်၀င်စားသွားပြီး ထျန်းယောင်အာကို ကျောက်စားပွဲတွင် ထိုင်ခိုင်းလိုက်၏။
ထျန်းယောင်အာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သူကြားဖူးသော မိစ္ဆာဘိုးဘေးဒဏ္ဍာရီကို ပြန်ပြောပြလိုက်သည်။
“ဒဏ္ဍာရီအရတော့ ဟိုးရှေးရှေးတုန်းက ကောင်းကင်နဲ့မြေကြီးအောက်မှာ ပထမဆုံး မိစ္ဆာတစ်ကောင်မွေးဖွားလာခဲ့တယ် သူက မိစ္ဆာဘိုးဘေးပဲ သူကသက်ရှိအားလုံးထက် သာလွန်တဲ့ ဖြစ်တည်မှာအဖြစ် မွေးဖွားလာရတော့ အချိန်ကြာလာတာနဲ့ တစ်ယောက်တည်းနေရတာ အထီးကျန်လာပြီး သူ့သွေးနဲ့ ကမ္ဘာမြေကို ပက်ဖြန်းပြီး မိစ္ဆာမျိုးနွယ်ကို ဖန်တီးခဲ့တယ်”
“နောက်တော့ လူသားလို့ခေါ်တဲ့ မျိုးနွယ်စုတစ်ခု ကမ္ဘာမြေပေါ် ရောက်လာခဲ့ကြတယ် သူတို့က အရမ်းအစွမ်းထက်ပြီး မိစ္ဆာတွေကို သတ်ဖြတ်ခဲ့ကြတယ်…”
ထိုနေရာရောက်သောအခါ ထျန်းယောင်အာ ဆက်မပြောတော့ဘဲ ကုအန်မျက်နှာကို တစ်ချက်ကြည့်လိုက်၏။ ကုအန်သည် သူ့လိုမိစ္ဆာတစ်ကောင်မဟုတ်ဘဲ လူသားဖြစ်မှန်း သူသိနေပြီးသား ဖြစ်သည်။
လူသားများနှင့် တစ်ခါမှ အဆက်အဆံမလုပ်ဖူးသော မိစ္ဆာများအဖို့ လူသားများဆိုသည်မှာ အလွန်ကြောက်စရာကောင်းသော သတ္တဝါများသာ ဖြစ်ကြ၏။
ထျန်းယောင်အာပင် ကုအန်သာ သူမကို မကယ်တင်ခဲ့ဘူးဆိုပါက ကုအန်ကိုတွေ့တာနဲ့ ထွက်ပြေးခဲ့မည် ဖြစ်သည်။
မျက်နှာဖံုးတပ်ထားေသာ ကုအန်၏ ပုံစံ ဘာမှပြောင်းလဲသွားပုံမရှိပါမှ သူမ ပြောလက်စကို အားတင်း၍ ဆက်ပြောခဲ့၏။
“လူသားတွေက မိစ္ဆာတွေကို သတ်ဖြတ်ပြီး မိစ္ဆာအမြုတေတွေ မိစ္တာရတနာတွေ ထုတ်ယူတာက မိစ္ဆာဘိုးဘေးကြီးကို ဒေါသထွက်သွားစေခဲ့တယ်လေ အဲ့တာကြောင့် ဘိုးဘေးကြီးကိုယ်တိုင်၀င်ပါပြီး လူသားတွေကို ရှင်းထုတ်ပစ်ခဲ့တယ် ဒါပေမယ့် တကယ့်ကပ်ဘေးကြီးက အဲ့ဒီနောက်မှ ဆင်းသက်လာခဲ့တာ နှစ်ပေါင်းများစွာကြာတော့ လူသားတွေက နောက်တစ်ကြိမ် ပြန်တိုက်ခိုက်ခဲ့ကြတယ် အဲ့ဒီအကြိမ်မှာတော့ သူတို့အင်အားက ပိုများလာပြီး ဘိုးဘေးကြီးလည်း မိစ္ဆာလမ်းစဉ်ကို ကာကွယ်ဖို့ကြိုးစားရင်း ကျဆုံးခဲ့ရတယ် အဲ့ဒီနောက်တော့ လူသားတွေက ကမ္ဘာမြေကို အပိုင်သိမ်းပြီး မိစ္ဆာတွေကို ဖိနှိပ်ခဲ့တာပေါ့ နှစ်ပေါင်းများစွာ ဖိနှိပ်ခံရပြီးတဲ့ နောက်မှာတော့ မိစ္ဆာတွေက လူသားတွေကို သုတ်သင်ဖို့အတွက် မိစ္ဆာဘိုးဘေးကြီးကို ပြန်အသက်သွင်းဖို့ ရှာဖွေခဲ့ကြတယ် ဆယ်စုနှစ်အနည်းငယ်ကြာတိုင်း မိစ္ဆာတွေက မြောက်အရပ်ကိုသွားပြီး သူတို့သွေးကိုသုံးလို့ ဘိုးဘေးကြီးဆီ သွားပြီး ၀တ်ပြုဆုတောင်းကြတယ်လေ”