← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 13 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 13 Ch. 155-156

အပိုင်း(၁၅၅)

ထွက်သွားစမ်း!

အန်းဟောင် ပုခုံးကို ကိုင်လိုက်သူမှာ ကုအန်ကလွဲ၍ အခြားမဟုတ်ပေ။ အန်းဟောင် နောက်ပြန်လှည့်ကြည့်လိုက်ပြီး ကုအန်ကိုတွေ့လိုက်သောအခါ သူ့ရင်ထဲမှ ပျော်ရွှင်မှုများ လှိုက်၍ တက်လာခဲ့သည်။

“ဆရာ!”

အန်းဟောင် မထိန်းနိုင်တော့ဘဲ သူ့ဆရာကို ခပ်တင်းတင်းဖက်ထားလိုက်မိသည်။

ကုအန်သည် မျက်နှာဖုံးတပ်ထားပြီး သူ့ပုံစံမှာ အရင်နှင့်မတူတော့သော်လည်း တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့ဆရာမှန်း သူမှတ်မိ၏။

အန်းဟောင်ဖက်ထားရင်း ရုတ်တရက် ကုအန်ပျောက်သွားသောအခါ ရှေ့သို့ပင် တစ်လှမ်းငိုက်သွားခဲ့ရသည်။

သူပြန်လှည့်ကြည့်လိုက်ပြီး သူ့နောက်ခြေ ၇လှမ်းအကွာတွင် ‌ကုအန်ကိုတွေ့လိုက်ရသောအခါမှသာ စိတ်အေးသွားခဲ့ရ၏။

သူ့ဆရာ ရုတ်တရက်ပျောက်သွားစဉ်က သူထင်ယောင်ထင်မှားဖြစ်သွားမိသည်ဟု ထင်လိုက်မိခြင်း ဖြစ်သည်။

“ဆရာ့ကိုပြော ဘာတွေဖြစ်နေတာလဲ” ကုအန် ပြောလိုက်၏။

တောင်ကြီးသည် ဆက်လက်တုန်ခါနေသော်လည်း အန်းဟောင် မကြောက်တော့ပေ။ ထိုအစား သူ့ဆရာရောက်လာသည့်အတွက် စိတ်လှုပ်ရှားနေပြီး အဖြစ်အပျက်များကို ပြန်လည်ပြောပြလိုက်သည်။

ကုအန်လည်း ဂရုတစိုက်နားထောင်နေလိုက်၏။

ခပ်လှမ်းလှမ်းရှိ စီယန်အာ မှာတော့ ကုအန်ကို အံ့ဩတကြီး ကြည့်ရှုနေခဲ့သည်။

ဒီလူက အန်းဟောင်ရဲ့ ဆရာတဲ့လား!

သူဘယ်လိုလုပ် ဒီထဲ၀င်လာတာလဲ!

အန်းဟောင်စကားပြောနေစဉ်တွင် သူ့နတ်အာရုံသုံး၍ ကုအန် မျက်နှာကို ကြည့်လိုက်သော်လည်း အံ့ဩစရာကောင်းသည်မှာ ကုအန်မျက်နှာဖုံးက သူ့နတ်အာရုံကို စုပ်ယူသွားခဲ့ပြီး သူဘယ်လိုမှ ကြည့်မရခဲ့ပေ။

ကုအန် တိတ်ဆိတ်နေသောကြောင့် အန်းဟောင် ဖြူဖျော့သွားခဲ့၏။ ထို့နောက် သူ သူ့ဆရာကိုစော်ကားသည့် အပြုအမူမျိုးမလုပ်တော့ဘဲ သူနှင့် ထျန်းဝေမင်းဆက်မင်းသား စီကျုံး ကြားကဇာတ်လမ်းကိုသာ သေချာပြောပြလိုက်လေသည်။

လွန်ခဲ့သော နှစ်လက သူ သူတော်စင်ရွှမ်မြောင်ပေးခဲ့သော မြေပုံအတိုင်းရှာခဲ့ပြီး ဤဂူကြီးကို တွေ့ခဲ့ရသော်လည်း ၀င်မရခဲ့ပေ။ တစ်လခန့်ကြိုးစားပြီးသည့်အချိန်ထိ မ၀င်နိုင်သေးသောကြောင့် သူအပြင်သို့အတွေ့အကြုံရှာရန် ထွက်ချိန်တွင် စီကျုံးနှင့် စီယန်အာကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

စီကျုံးသည်လည်း ရွှေစာရင်း ထိပ်ဆုံး ၁၀ယောက်တွင် ပါ၀င်သူဖြစ်ပြီး အန်းဟောင်နှင့်လည်း ပွဲထဲတွင် တစ်ခါဆုံ၍ တိုက်ခိုက်ဖူးခဲ့၏။ သူတို့ကြားတွင်လည်း ဆက်ဆံရေးကောင်းရှိခဲ့သောကြောင့် ပြန်တွေ့ချိန်တွင် အန်းဟောင် သူနှင့်သူတော်စင်ရွှမ်မြောင်တို့လို နောက်ထပ်မိတ်ဆွေတစ်ယောက်ရလိုက်ပြီလို့ ထင်ခဲ့မိသည်။ ဤသို့ဖြင့် သူတို့၃ယောက်လုံးတွင် ပျော်စရာအချိန်လေးများ ရှိခဲ့၏။

မကြာခင်တွင် အန်းဟောင် သူတို့နှစ်ယောက်အား သူ့ရှာတွေ့ထားသော အခွင့်အလမ်းကြီးအကြောင်းကို မျှဝေခဲ့လေသည်။ သို့သော် စီကျုံးက သူ့ကိုအရင်ကအရှုံးကြောင့် အညှိုးထားနေလိမ့်မည်လို့တော့ အန်းဟောင် ထင်မထားမိပေ။ အန်းဟောင်တွင် အခွင့်အလမ်းတစ်ခု ရှိနေသည်ဟု သိလိုက်ရသောအခါ စီကျုံး အန်းဟောင်ကို စတင်၍ အကောက်ကြံလေတော့သည်။

ဤသို့ဖြင့် သူတို့နှစ်ယောက်အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီး နှစ်ယောက်လုံး ဒဏ်ရာရသွားခဲ့ကြ၏။ ထို့နောက်တွင် အန်းဟောင် စီယန်အာ ကိုဖမ်းကာ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

အန်းဟောင် စီယန်အာ ဂူရှ်ိရာသို့ ခေါ်လာခဲ့ပြီး သူတို့နှစ်ယောက် ဂူရှေ့တွင် ငြင်းခုံနေကြရင် းမတော်တဆ စက်ယန္တယားတစ်ခုကို နှိပ်မိသွားကာ ဂူကြီး၏၀င်ပေါက်ကို ပွင့်သွားစေခဲ့၏။

သူတို့ ဂူထဲသို့ ၀င်တော့မည့်အချိန်တွင် စီကျုံးလည်းထိုနေရာသို့ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ကို ခေါ်၍ ရောက်လာခဲ့သည်။

အန်းဟောင် စီယန်အာကိုခေါ်၍ ဂူထဲ၀င်တော့မည့်အချိန်တွင် ထိုဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူ၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး ဒဏ်ရာ အပြင်းအထန် ရသွားခဲ့၏။ ကံကောင်းစွာဖြင့် ဂူတံခါးက သူတို့ဂူထဲရောက်သွားသည်နှင့် အချိန်မီပိတ်သွားခဲ့ကာ ထိုကျင့်ကြံသူ လက်ထဲမှ လွတ်လာခြင်း ဖြစ်သည်။

သူ့အကြောင်းပြောပြီးသောအခါ အန်းဟောင် ဒေါသတကြီး ကျိန်ဆဲလိုက်၏။ “အဲ့ဒီခွေးမသား စီကျုံးကို ယုံခဲ့မိတာ ကျွန်တော်ကန်းနေလို့ပဲ ဖြစ်ရမယ်”

စီယန်အာလည်း သူမအစ်ကို၏ လုပ်ရပ်များကို မနှစ်သက်သောကြောင့် သူမအစ်ကိုအစား ပြောမပေးဘဲ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားလိုက်သည်။

ဝုန်းးး!

ပေါက်ကွဲသံကြီးက ဂူထဲတွင် ဟိန်းထွက်လာခဲ့ပြီး လေပြင်းတစ်ချက် တိုက်ခတ်သွားသောကြောင့် ဂူထဲရှိ လူများ၏ အ၀တ်များ တဖျတ်ဖျတ်လွင့်သွားခဲ့၏။

ကုအန် ဂူအလယ်ရှိ ရုပ်တုကြီးကိုကြည့်ကာ အတွေးနွံနစ်နေခဲ့သည်။

အန်းဟောင်မှာတော့ စီယန်အာနားသို့ ကပ်သွားကာ သူမကိုဓားစာခံ လုပ်ထားဖို့ ပြင်လိုက်၏။

“သူ့ကိုလွှတ်လိုက်ပါ အမျိုးသမီးတစ်ယောက်ကို ဓားစာခံလုပ်တယ်ဆိုတာ ဘယ်လောက်အဓိပ္ပာယ်မရှိလိုက်သလဲ” ကုအန် အသံထွက်ပေါ်လာခဲ့သည်။

စီယန်အာမျက်နှာ၀င်းပသွားခဲ့ပြီး အမြန်ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် စီနီယာ စီနီယာက တကယ်ပဲ လမ်းမှန်လမ်းစဉ်ကို သိတာပဲ”

အန်းဟောင် စီယန်အာကို မကြည်ကြည့် ကြည့်လိုက်သော်လည်း သူ့ကိုယ်ပေါ်ရှိ အဆောင်ကိုတော့ ခွာပေးလိုက်သည်။

သူ့ကိုယ်ပေါ်ရှိ အဆောင်မရှိတော့သောအခါ စီယန်အာ လွတ်လပ်သွားခဲ့ပြီး သက်ပြင်းမောကြီး တစ်ချက် ချလိုက်မိ၏။ သို့သော် သူ၀င်ပေါက်ရှိရာသို့ ပြေးမသွားဘဲ အန်းဟောင်အနားသာ ရပ်နေခဲ့သည်။

ထိုစဉ် ၀င်ပေါက်မှ စီကျုံးဦးဆောင်သော ကျင့်ကြံသူတစ်စု ၀င်လာခဲ့၏။ သူ့နောက်တွင် အနက်ရောင်ကို ရွှေရောင်ကွပ်ထားသော ၀တ်စုံကို ၀တ်ဆင်ထားသော လူတစ်ယောက်ရှိနေခဲ့ပြီး သူ့ဆံပင်များမှာ အဖြူတစ်၀က်အနက်တစ်၀က်နှင့် ခန့်ညားသော လူတစ်ယောက် ဖြစ်ပေသည်။ သူ့မျက်လုံးများမှာမူ အေးစက်နေပြီး မဖော်ပြတတ်သော ဖိအားတစ်မျိုး ရှိနေခဲ့၏။

စီကျုံးအကြည့် ကုအန်ပေါ် ရောက်ရှိသွားခဲ့ကာ မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။ ထို့နောက် သူလက်သီးဆုပ်၍ အရိုအသေပြုလိုက်ကာ မေးလိုက်သည်။ “ဒီက တာအိုမိတ်ဆွေရဲ့နာမည်နဲ့ ဘာလို့ဒီကိုရောက်နေရတာလဲဆိုတဲ့ ရည်ရွယ်ချက်ကို သိပါရစေ”

စီယန်အာ ၀င်ဖြေလိုက်၏။ “အစ်ကို သူကအန်းဟောင်ရဲ့ ဆရာပါ ညီမလေးတို့ဒီကိစ္စကို ဒီနားမှာပဲ ရပ်လိုက်ကြရအောင်”

ဆရာလား!

စီကျုံးမျက်ခုံးများ ပို၍ပင် တွန့်ကွေးသွားကာ မေးလိုက်သည်။

“ဂိုဏ်းချုပ်လု ရောက်နေတာများလား”

ကုအန် စီကျုံးနောက်ရှိလူအား တစ်ချက်ကြည့်လိုက်ပြီး သက်တမ်းစစ်ဆေးခြင်း သုံးလိုက်၏။

[ဘိုးဘေး ရှင်းယန် (ဆန်းကြယ်နှလုံးသားအဆင့် ၂) :၁၉၀၄/ ၄၄၀၀/၄၆၀၀]

မင်းဆက်ကိုးခုမှာ နဂါးတွေကျားတွေ ပုန်းအောင်းနေကြတာပဲ!

ဤပုဂ္ဂိုလ်သည် တစ်ချိန်လုံး ထျန်းဝေမင်းဆက်တွင် ပုန်းအောင်း၍ ကျင့်ကြံနေခြင်းလော အခုမှ အပြင်လောကက ပြန်လာခြင်းလော ဆိုတာတော့ ကုအန်လည်း မသိပေ။

ကုအန် ပြောလိုက်၏။ “ငါက လုပိုင်ထျန်း မဟုတ်ဘူး ဒီဂူကို ငါ့တပည့်က အရင်တွေ့ခဲ့တာ အဲ့တော့ မင်းတို့ဒီနေရာမှာ ရပ်လိုက်တာကောင်းလိမ့်မယ်လို့ ငါအကြံပေးချင်တယ်”

ကုအန် ထိုမျှတိုက်ရိုက်ပြောလိမ့်မည်ဟု ထင်မထားသောကြောင့် စီကျုံးနောက်ရှိ ကျင့်ကြံသူ မျက်မှောင်ကြုံ့သွားခဲ့သည်။

တစ်ဖက်မှာ အန်းဟောင်ကတော့ အလွန်ကျေနပ်သွားပြီး စီကျုံးကို မာနကြီးသော အကြည့်ဖြင့် ကြည့်နေလိုက်၏။

ဘိုးဘေးရှင်းယန် စီကျုံးရှေ့တွင် ၀င်ရပ်လိုက်ပြီး ပြောလိုက်သည်။ “ဒီက တာအိုမိတ်ဆွေရဲ့ နာမည်ကို သိပါရစေ ဘာလို့များ မိတ်ဆွေရဲ့ မျက်နှာကို ဖုံးကွယ်ထားရတာလဲ”

သူ့နတ်အာရုံပင် ကုအန် မျက်နှာဖုံးကို ဖောက်ထွင်း၍ မကြည့်နိုင်သောကြောင့် သူကုအန်ကို အနည်းငယ်တော့ ရှိန်သွားမိသည်။

သို့သော် ထိုရှိန်သွားမှုမှာ အနည်းငယ်သာဖြစ်ပြီး နောက်ဆုံးတွင် သူသည် ဆန်းကြယ်နှလုံးသားအဆင့် တစ်ယောက် မဟုတ်ပါလား။

သူသည် အရင်က တခဏဂိုဏ်းနှင့် တိုက်ပွဲတွင် ဆန်းကြယ်နှလုံးသားအဆင့်ပေါင်းများစွာဖြင့် တိုက်ခိုက်ခဲ့ဖူးပြီး ‌နိုင်ပွဲများ ရှိခဲ့သလို ရှုံးပွဲများလည်း ရှိခဲ့၏။ သူနှင့် အဆင့်တူအတွင်းပင် သူ့ကို အလွယ်တကူသတ်ဖြတ်ရန်မှာတော့ လွယ်ကူသော အရာမဟုတ်ပေ။

သူ့အရှေ့က လူက တခဏဂိုဏ်း ဂိုဏ်းချုပ်လို မဟာယနအဆင့် ဖြစ်မနေသရွေ့ သူကြောက်နေမည် မဟုတ်ပေ။

မဟာယနအဆင့်!

ထိုအဆင့်ကို သူ့ရှေ့ရှိလူ ရောက်နေမည်ဟူ၍လည်း သူမယုံပေ။ အကယ်၍သူသာ ထိုအဆင့်ကို ရောက်နေပါက ထိုကဲ့သို့ကျော်ကြားသည့်သူကို သူမည်သို့ မသိရမည်နည်း။

ကုအန် ဘိုးဘေး ရှင်းယန်ဘက်လှည့်ကာ တစ်ခွန်းတည်း ပြောလိုက်လေသည်။

“ထွက်သွားစမ်း”

လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့ရ၏။ အထူးသဖြင့် ဘိုးဘေးရှင်းယန်၏နောက်ခံကိုသိသော စီကျုံး မျက်နှာပျက်သွားခဲ့ရသည်။

“ပြောရဲလိုက်တဲ့ကောင် မင်း ဆန်းကြယ်နှလုံးသားအဆင့် ကြီးမြတ်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ဒီလိုပဲ ပြောရဲရလား!”

အကြီးအကဲတစ်ယောက် ဒေါသတကြီး၀င်ပြောလိုက်ချိန်တွင် ဘိုးဘေးရှင်းယန်မှာတော့ ရယ်မော၍သာနေလေ၏။ သို့သော် သူ့ရယ်သံမှာ အေးစက်နေခဲ့သည်။

အန်းဟောင်တစ်ယောက်မှာတော့ အတော်လေး စိတ်လှုပ်ရှားနေမိ၏။

ဆရာက ငါ့ဆရာဖြစ်ဖို့ တကယ်ပဲထိုက်တန်တာပဲ လွှမ်းမိုးနိုင်လိုက်တာကွာ!

စီယန်အာမှာတော့ ကုအန်ကို ကြည့်နေကာ ထိုပုဂ္ဂိုလ်သည် စွမ်းအားကြီးလွန်းသောကြောင့် မာနကြီးနေရခြင်းဟု ခံစားနေမိသည်။

ဘိုးဘေးရှင်းယန် ပြန်ပြောဖို့ ပြင်လိုက်စဉ်တွင် ကုအန် သက်ပြင်းချလိုက်ကာ ခပ်တိုးတိုးရေရွတ်လိုက်၏။

“အလုပ်ရှုပ်လိုက်တာကွာ”

ပြောပြီးသည်နှင့် ကုအန် အင်္ကျီလက်အိုးကို တစ်ချက်ဝေ့ယမ်းလိုက်ရာ လင်းချီများ ထွက်ပေါ်လာပြီး လေပြင်းတစ်ချက်တိုက်ခတ်သွားကာ သူ့ရှေ့ရှိ ဘိုးဘေးရှင်းယန် စီကျုံးနှင့် အခြားကျင့်ကြံသူများ အားလုံး ပြာဖြစ်သွားခဲ့ကြလေသည်။

သူ့လှုပ်ရှားမှုမှာ မြန်ဆန်လွန်းလှပြီး ဘယ်သူမှ တုန့်ပြန်ရန် အချိန်မရှိခဲ့ပေ။

လေပြင်းဖြတ်တိုက်သွားပြီးသောအခါ ဘိုးဘေးရှင်းယန်တို့ တစ်စု၏ သိုလှောင်အိတ်များ မြေပြင်ပေါ် တဖုတ်ဖုတ် ကျလာခဲ့၏။

ထို့နောက် လိုဏ်ဂူမှာ တိတ်ဆိတ်သွားခဲ့သည်။

အန်းဟောင် မျက်လုံးများ ပြူးကျယ်နေပြီး စီယန်အာလည်း သူ့မျက်လုံးသူပွတ်၍ ပြန်ကြည့်လိုက်မိ၏။

ကုအန် ရှေ့တွင် စာကြောင်းများ တစ်ကြောင်းပြီးတစ်ကြောင်း ပေါ်လာခဲ့လေသည်။ ကျင့်ကြံသူပေါင်း ၅၇ယောက်ကို သတ်ဖြတ်လိုက်သောကြောင့် သူသက်တမ်း ၁၂၀၀လောက် ရရှိခဲ့၏။

အန်းဟောင်နှင့် စီယန်အာတို့ မင်သက်နေသည်ကို လျစ်လျူရှုထားလိုက်ပြီး ကုအန် ကျောက်တုံး ရုပ်တုဆီ လျှောက်လာခဲ့လိုက်သည်။

“ဆန်းကြယ်နှလုံးသားအဆင့် ….သေသွားပြီလား” စီယန်အာ ခပ်တိုးတိုးရေရွတ်လိုက်ပြီး သူ့နှဖူးမှ ချွေးများထွက်လာခဲ့ကာ ကြောက်စိတ်ကို ခံစားလိုက်ရ၏။

အန်းဟောင်လည်း တခဏကြာ ငေးကြောင်နေပြီးမှ အသိစိတ်၀င်လာကာ ကုအန်ကို စတင်ချီးကျူးလေတော့သည်။

“ဆရာ ဆရာကဘယ်လောက်တောင်စွမ်းအားကြီးတာလဲ ဆရာ့အဆင့်က ဘယ်အဆင့်လဲ တခဏဂိုဏ်းက ဂိုဏ်းချုပ်လို မဟာယနအဆင့်လား”

မဟာယနအဆင့်!

ထိုစကားလုံးသုံးလုံးက စီယန်အာ့ နှလုံးသားကို တုန်လှုပ်သွားစေခဲ့၏။

သူမ စီကျုံး၏ သေဆုံးမှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နှလုံးသားထဲ ကြောက်ရွံ့တုန်လှုပ်မှုများဖြင့်သာ ပြည့်နှက်နေခဲ့လေသည်။

ထို့နောက် သူမချက်ချင်း ဂူအ၀င်၀သို့ ပြေးထွက်သွားခဲ့၏။ အန်းဟောင်လည်း သူမကို ကြည့်ရုံသာ ကြည့်နေပြီး မတားခဲ့ပေ။

ကုအန် တစ်ချက်လှုပ်ရှားပြီးကတည်းက သူ့ယုံကြည်မှုများ အလွန်မြင့်တက်နေပြီ ဖြစ်ပြီး အခုအချိန်တွင် ထျန်းဝေ မင်းဆက်တစ်ခုလုံး သူတို့ဆရာတပည့်ကို လာဝိုင်းလျှင်တောင် ထိုလူများ သူတို့ကိုယ်သူတို့ သတ်သေခြင်းသာ ဖြစ်ပေလိမ့်မည်။

ကုအန် အန်းဟောင်မေးခွန်းများကို ပြန်မဖြေဘဲ ကျောက်တုံးရုပ်တုကိုသာ ကြည့်ရှုနေသောကြောင့် အန်းဟောင်လည်း သူ့ဆရာကို မနှောင့်ယှက်တော့ဘဲ ငြိမ်ငြိမ်လေးသာ နေပေးလိုက်၏။

သူကုအန်ကို ကြည့်ကာ သူ့နှလုံးသားထဲ စွမ်းအားကို တောင့်တလိုလားမှုများ မြင့်တက်လာခဲ့လေသည်။

စိတ်ဝိညဉ်စွမ်းအား သုံး၍ ကိုယ့်ကိုကိုယ်စစ်ဆေးကာ ဤအရာသည် အိပ်မက်ဟုတ် မဟုတ်ပင် သေချာပြန်စစ်ဆေးလိုက်မိ၏။

“ဆရာက အဲ့လောက်စွမ်းအားကြီးနေရင် တကယ်လို့ တောင်နတ်ဘုရား ၀င်မပါခဲ့ရင်တောင် တခဏဂိုဏ်းကို ဆရာဖျက်ဆီးပစ်နိုင်လောက်လား”

ထိုအတွေးပေါ်လာမိသောအခါ ကုအန်ကို ကြည့်သော သူ့အကြည့်ထဲတွင် လေးစားကြည်ညိုမှုများ ပို၍ပင် တိုးလာခဲ့ရသည်။

မကြာခင်တွင် စီယန်အာ ဂူထဲသို့ ပြန်လာခဲ့၏။ သူမထွက်သွားသည်မှာ ထွက်ပြေးသွားခြင်းမဟုတ်ဘဲ ဂူပြင်မှ ကျင့်ကြံသူများကို အကြောင်းမဲ့ မသေစေလိုသောကြောင့် ထွက်သွားရန် သွားပြောခြင်း ဖြစ်ပေသည်။

ထို့နောက် သူမ အန်းဟောင်နားတွင် တိတ်တ‌ဆိတ်ရပ်နေခဲ့လိုက်၏။

အန်းဟောင်သူမကို မျက်မှောင်ကြုံ့၍ ကြည့်လိုက်သောအခါ သူမလည်း ခပ်တည်တည်ပြန်ကြည့်‌ခဲ့သည်။

ထိုစဉ် ကုအန် ကျောက်ရုပ်တုအား တစ်ချက်ပုတ်လိုက်၏။ သူ့လင်းချီကိုသုံး၍ ထိန်းချုပ်လိုက်သောအခါ ကျောက်ရုပ်တုသည် စတင်လည်ပတ်လာခဲ့ကာ အောက်ခြေရှိ လိပ်ပုံသည် ရွေ့လာခဲ့ပြီး အခြေမှ ရေများ ထွက်လာခဲ့လေသည်။

ကျောက်ရုပ်တု တစ်ပတ်ပြည့်အောင် လည်ပြီးသောအခါ လိပ်ကြီး၏ ပါးစပ် ပွင့်လာခဲ့ပြီး အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ကာ အလင်းတန်းက တောင်နံရံဆီ တိုး၀င်သွားခဲ့၏။

အန်းဟောင်နှင့် စီယန်အာတို့ အကြည့်အောက်တွင်ပင် တောင်နံရံပေါ်၌ ရှေးဆန်ကာ ရှုပ်ထွေးလှသော စာလုံးများပေါ်ပေါက်လာခဲ့ကာ စာလုံးများသည် နံရံပေါ်မှ ထွက်လာချင်နေသလို တွန့်လိမ်နေခဲ့ကြပြီး အန်းဟောင်တို့မျက်လုံးများလည်း ပြူးကျယ်သွားခဲ့ရသည်။

နံရံရှိ အလင်းရောင်က သူတို့မျက်နှာကို လာဟပ်နေခဲ့ပြီး ပြူးကျယ်နေသော သူတို့ သူငယ်အိမ်‌များကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရ၏။

ထို့နောက် နံရံပေါ်ရှိ ဆန်းကြယ်သော စာလုံးများသည် ပြန့်ကားသွားခဲ့ကြကာ အခြားကမ္ဘာတစ်ခုဧ။် တံခါး‌ေပါက်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။

ထိုစဉ် ကျောက်ရုပ်တုသည် ရုတ်တရက် သူ့တောင်ဝှေးကို အသာအယာဆောင့်ချလိုက်သောအခါ အန်းဟောင်တို့ရှေ့ရှိ အလင်းရောင်သည် ပိုမိုပြန့်ကားလာခဲ့ပြီး ဂူတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားခဲ့ကာ သူတို့သုံးယောက်ဆီသို့ ကြွယ်၀လွန်းသော စိတ်ဝိညဉ်စွမ်းအင်များ တိုး၀င်လာခဲ့ကြ၏။

ထို့နောက် ကုအန် တောင်နံရံဆီသို့ ဦးတည်သွားလိုက်ပြီး သူ့နောက်တွင် အန်းဟောင် ကပ်ပါလာခဲ့သည်။

စီယန်အာလည်း အံကိုတင်းတင်းကြိတ်လိုက်ကာ ကုအန်တို့နောက် လိုက်လာခဲ့၏။

အလင်းရောင်ထဲသို့ ၀င်လိုက်သောအခါ အန်းဟောင် သူ့မှော်သိုင်းများကို အသုံးပြု၍ မရတော့သလို နတ်အာရုံကိုလည်း အသုံးပြု၍ မရတော့ပေ။ သူ့အမြင်အာရုံကိုသာ အားကိုး၍ ကြည့်ရှုနေခဲ့ရသည်။

အလင်းရောင်ထဲ ဆယ်လှမ်းခန့် လျှောက်လိုက်ပြီးသောအခါ အန်းဟောင် သူ့ရှေ့ရှိ တစ်ယောက်ယောက်ကို ၀င်တိုက်လိုက်မိ၏။ ထို့ကြောင့် သူတစ်ခုခုပြောဖို့ ပြင်လိုက်စဉ်တွင် သူ့ရှေ့ရှိ အလင်းရောင်များ ပျောက်ကွယ်သွားကာ မြင်ကွင်းမှာ ရှင်းလင်းလာခဲ့သည်။

ထို့နောက်တွင်တော့ သူ့မျက်လုံးရှေ့တွင် အလွန်လှပသော ကမ္ဘာကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ သူတို့သည် ချောက်ကမ်းပါးတစ်ခု၏ ထိပ်တွင်ရပ်နေခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ သူတို့ရှေ့တွင်မူ အဆုံးမဲ့သော စိမ်းစိုနေသည့် တောတန်းများ ရှ်ိနေပြီး ကောင်းကင်သည် မိုးပြာရောင်တောက်နေခဲ့ကာ တိမ်ဖြူများက ပြန့်ကျဲနေလေသည်။

ဒီလို ကြွယ်၀တဲ့ စိတ်ဝိညဉ်စွမ်းအင်မျိုး!

အန်းဟောင် ဤကမ္ဘာရှိ စိတ်ဝိညဉ်စွမ်းအင်များ၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီး အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်မိ၏။

“ဒါက ဘာကြီးလဲ”

စီယန်အာ သူတို့ရှေ့ခပ်လှမ်းလှမ်းရှိ တောအုပ်ကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။ သူညွှန်ပြသော နေရာတွင် တောအုပ်သည် တုန်ခါနေခဲ့ပြီး သတ္တဝါကြီးတစ်ကောင် ထိုတောအုပ်ထဲ ဖြတ်ပြေးနေသလို ဖြစ်နေခဲ့၏။

“ကံကြမ္မာရှင်သုံးယောက်ကို ငါ့ဘုံဗိမာန်ကနေ ကြိုဆိုလိုက်ပါတယ် မင်းတို့သာ ငါ့စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပြီး ဒီနေရာက အမွေအနှစ်ကို ဆက်ခံနိုင်ခဲ့ရင် တစ်နေ့မှာ မဟာယနအဆင့်ကိုရောက်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”

အသံကြီးတစ်သံသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် ပေါ်ထွက်လာခဲ့လေသည်။

မဟာယနအဆင့်!

အန်းဟောင်နှင့် စီယန်အာတို့ နှလုံးသားများ အပြင်းအထန်တုန်ခါသွားခဲ့ကြ၏။

ကုအန်မှာတော့ ခပ်‌ေအေးအေးပင်။ သူအစကတည်းက ဤကမ္ဘာလေးထဲတွင် တစ်သားတည်းဖြစ်ခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော သားရဲလေးကောင်နှင့် မဟာယနအဆင့် ဝိညဉ်အကြွင်းအကျန် တစ်ခုရှိနေမှန်း သူအာရုံခံမိပြီးသား ဖြစ်ပေသည်။

ဝိညဉ်အကြွင်းအကျန်မှာ ဤနေရာနှင့် မိုင်ပေါင်းရာချီဝေးသော ရုပ်တုတစ်ခုထဲတွင် ရှိနေခြင်းဖြစ်ပြီး ထိုဝိညဉ်မှာ အတော်လေး အားနည်းနေခဲ့၏။

ကုအန် ပြောလိုက်သည်။ “အန်းဟောင် ကံသွားစမ်းပြီး မင်းမှာလုံလောက်တဲ့ကောင်းချီးရှိနေမလားဆိုတာသွားကြည့်ချေ”

ထိုစကားကိုကြားသောအခါ အန်းဟောင် ချက်ချင်း တောအုပ်ထဲ ခုန်၀င်သွားခဲ့ပြီး စီယန်အာကို ကုအန်ကို အရိုအသေပြု၍ သူ့နောက်သို့ ပြေးလိုက်သွားခဲ့‌သည်။

“ငါ့ကို စောင့်ပါဦး!”

စီယန်အာ အော်ခေါ်လိုက်ပြီး သူ့ပုံရိပ်လည်း တောအုပ်ထဲ ပျောက်ကွယ်သွားခဲ့၏။

ကုအန်လည်း လေထဲပျောက်ကွယ်သွားခဲ့ပြီး မိုင်ပေါင်းရာချီအဝေးရှိ သူတို့ဂူထဲတွင် တွေ့ခဲ့ရသော ရုပ်တုနှင့် တစ်ပုံစံတည်းတူသော ရုပ်ထုရှိရာ တောင်တစ်လုံးပေါ်သို့ရောက်ရှိသွားခဲ့လေသည်။

အပိုင်း(၁၅၆)

တက်လှမ်းသူများ စုဝေးခြင်း

တောင်ပေါ်တွင် လေညှင်းများ တိုက်ခတ်နေခဲ့ပြီး သူ့ရှေ့ရှိ ရုပ်တုကို ကြည့်နေသော ကုအန်၏၀တ်စုံ တဖျတ်ဖျတ် လွင့်နေခဲ့သည်။ ကုအန် နတ်အာရုံဖြင့် သူ့ရှေ့ရှိ ကျောက်ရုပ်တုထဲမှ ဝိညဉ်အကြွင်းအကျန်ကို ဖမ်းမိထားပြီး ဖြစ်၏။

ထိုဝိညဉ်အကြွင်းအကျန်သည် ရုပ်တုကြီး၏ ဝိညဉ်အကြွင်းအကျန်သည် သူ့ပုံစံမှာ အဖိုးကြီးတစ်ယောက်ပုံဖြစ်ကာ အိပ်မောကျနေဟန် ရသည်။

ခုနက ထွက်လာသော အသံသည် စည်းတံဆိပ်များဖြင့် ဖန်တီးထားသော အသံဖြစ်ပြီး ဤကမ္ဘာထဲသို့ လူရောက်ရှိလာသည်နှင့် အလိုလိုထွက်ပေါ်လာအောင် ဖန်တီးထားခြင်း ဖြစ်၏။

ထို့အပြင် ကုအန် နတ်အာရုံသုံးပြီး စစ်ဆေးကြည့်သောအခါ ဤကမ္ဘာငယ်လေးတွင် အခြား၀င်ပေါက်များလည်း ရှိနေသေးသည်ကို တွေ့ခဲ့ရသည်။ သူတို့၀င်လာခဲ့သော ၀င်ပေါက်အပါအ၀င် ဤကမ္ဘာထဲသို့ ၀င်လို့ရသည့် တည်နေရာကူးပြောင်းခြင်းအစီအရင် ရှစ်ခုတိတိ ရှိ၏။ထို့ကြောင့်လည်း ကုအန် ဤကမ္ဘာငယ်လေးကို စိတ်၀င်စားမှု တိုးလာရခြင်း ဖြစ်ပေသည်။

မဟာယနအဆင့်ကျင့်ကြံသူရဲ့ဂူ!

ကုအန် လက်ကိုမြှောက်၍ ရုပ်တုထဲမှ ဝိညဉ်အကြွင်းအကျန်ကို ဆွဲယူလိုက်ရာ သူ့လက်ထဲ

တောက်ပနေသော အလင်းလုံးတစ်ခု ပေါ်လာခဲ့၏။

[တာအိုပညာရှင်ကြယ်သခင်(မဟာယနအဆင့် ၃): ၀/၀/၀]

အကုန်လုံး သုညလား!

အဲ့တာဆို တာအိုပညာရှင်ကြယ်သခင်က လုံး၀သေနေပြီလို့ ဆိုလိုနေတာမလား!

ကုအန် နတ်အာရုံကိုဖြန့်ကျက်ကာ ဝိညဉ်အကြွင်းအကျန်၏ မှတ်ညဏ်များကို ဝိညဉ်ချုပ်သိုင်းသုံး၍ ရှာဖွေကြည့်လိုက်၏။

ဝုန်းးး

အဝေးမှ နားကွဲလုမတတ် ကျယ်လောင်သောအသံများ ထွက်ပေါ်နေပြီး ထိုအသံသည် အန်းဟောင်နှင့် စီယန်အာ တို့ သစ်သားရုပ်သေးများ ဝိုင်းထားခြင်းကို ခံနေရပြီး တိုက်ခိုက်နေကြသည့် အသံများ ဖြစ်ကြပေသည်။

ကုအန်လှည့်မကြည့်ဘဲ ဝိညဉ်အကြွင်းအကျန်ကိုသာ အာရုံစိုက်ထားလိုက်၏။

ဤသို့ဖြင့် တစ်နာရီ ကုန်သွားခဲ့သည်။

ကုအန်လက်ထဲရှိ ဝိညဉ်အကြွင်းအကျန်လည်း ပြာမှုန်များအဖြစ် ပျောက်ကွယ်သွားခဲ့၏။

တကယ်တော့ တာအိုပညာရှင်ကြယ်သခင်သည် ဟိုးအရင်ကတည်းက သေဆုံးပြီးနေပြီ ဖြစ်သည်။ ဤဝိညဉ်အကြွင်းအကျန်ကိုမူ အနာဂတ်တွင် သူ့ကိုအသက်ပြန်သွင်းနိုင်ဖို့ သို့မဟုတ် တစ်ယောက်ယောက်၏ခန္ဓာကိုယ်ကို ပူးကပ်နိုင်ဖို့ မျှော်လင့်ချက်ဖြင့် ချန်ထားခဲ့ခြင်း ဖြစ်၏။ သို့သော် သူ့ဝိညဉ်အကြွင်းအကျန်သည် အချိန်၏ တိုက်စားမှုကို တောင့်မခံနိုင်ခဲ့ပေ။

နှစ်များကြာလာသည်နှင့် သူ့ဝိညဉ်အကြွင်းအကျန်ရှိ ဝိညဉ်စွမ်းအားများ ကုန်ခမ်းသွားခဲ့ပြီး ဝိညဉ်အခွံနှင့် မှတ်ညဏ်အနည်းငယ်သာ ကျန်ခဲ့‌လေသည်။

တာအိုပညာရှင်ကြယ်သခင်သည် ဤတိုက်ကြီး၏ မြင့်မြတ်ကုန်းမြေဖြစ်သော ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်‌မြေမှ လေးစားခံ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်၏။

တာအိုပညာရှင်ကြယ်သခင်၏ မှတ်ညဏ်များထဲမှ ကုအန် ကြောက်စရာကောင်းသော အမှန်တရားတစ်ခုကိုလည်း သိခဲ့ရသည်။

အမှန်တကယ်တော့ မိစ္ဆာဘိုးဘေးမှာလည်း ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေမှ လာသောသူဖြစ်နေခဲ့၏။

ကြယ်သခင်နှင့် သူ့နောက်လိုက်တပည့်များသည် မိစ္ဆာဘိုးဘေးကို ယူဆောင်ကာ မွေးမြူရန် နှင့် မိစ္ဆာကလန်ကို ထူထောင်ရန် အမိန့်ရခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်တော့ ဘာကြောင့်မှန်းမသိဘဲ ကြယ်သခင်သည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ပင်လယ်ကိုဖြတ်၍ ဤကုန်းမြေတိုက်ကြီးပေါ် ထွက်ပြေးဖို့ ကြိုးစားခဲ့၏။

ထို့နောက် ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေမှ အခြားကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကာ အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့ပြီး ထျန်းဝေမင်းဆက်တွင် ကမ္ဘာငယ်လေးတစ်ခုဆောက်၍ ပုန်းနေခဲ့ရသည်။ သူသေဆုံးသွားသည့်အချိန်ထိ သူထိုကမ္ဘာငယ်လေးထဲမှ ထွက်မသွားနိုင်ခဲ့ပေ။

ကုအန် တာအိုပညာရှင်ကြယ်သခင်၏ မှတ်ညဏ်များထဲမှ မိစ္ဆာဘိုးဘေး၏ ပုံစံကိုတော့ မမြင်ခဲ့ရပေ။ ကြယ်သခင်တို့သည် မိစ္ဆာဘိုးဘေးကို အလွန်ဂရုစိုက်ပြီး တစ်ချိန်လုံး သစ်သားသေတ္တာထဲ စည်းပိတ်၍ ထည့်ထားခြင်း ဖြစ်၏။ သူတို့ သူ့ကို သေတ္တာထဲမှထုတ်သည့်အခါတွင်လည်း အဝေးမှနေ၍ သေတ္တာကို စည်းဖွင့်လိုက်ကာ ချက်ချင်းထွက်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော် သေတ္တာကိုစည်းဖွင့်လိုက်သောအခါ သေတ္တာထဲမှ ထွက်ပေါ်လာသည့် အားကောင်းလွန်းသည့် မိစ္ဆာစွမ်းအင် အလင်းတန်းကြီးကိုအဝေးမှ မြင်လိုက်ရချိန်မှာပင် ကြယ်သခင် အံ့အားသင့်သွားခဲ့ရသေး၏။

ဤမှတ်ညဏ်များမှလွဲ၍ အခြားမှတ်ညဏ်များမှာမူ ကြယ်သခင် ကမ္ဘာငယ်လေးထဲတွင် မိစ္ဆာသားရဲလေးကောင်ကို ပျိုးထောင်ခဲ့သည့် မှတ်ညဏ်များသာ ဖြစ်ကြပေသည်။

မိစ္ဆာဘိုးဘေးသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့် ဆက်နွယ်နေသည် ဟူသည့်ကိစ္စမှာတော့ ထျန်းယောင်အာ ပြောခဲ့သော ဒဏ္ဍာရီများနှင့် အတော်လေး လွဲနေခဲ့၏။

ကုအန်စိတ်ထဲတွင် ဖြစ်နိုင်ချေမျိုးစုံကို မှန်းဆ‌ခဲ့သော်လည်း သူထိုကိစ္စအပေါ် စုံစမ်းလိုစိတ်တော့ မရှ်ိပေ။

တာအိုပညာရှင် ကြယ်သခင်သည်ပင် မဟာယနအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတွင်ဆိုလျှင် အမတများ ရှိနိုင်ပေသည်။

ထို့ကြောင့် ယခုအချိန်တွင် သူထိုကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရှေ့၌ ပေါ်သွား၍ မဖြစ်သေးပေ။

သူ့အကြီးမားဆုံး အားသာချက်မှာ ရန်သူတွေ ရန်ညှိုးတွေ လုံး၀ရှိမနေခြင်းဖြစ်ပြီး ထို့ကြောင့်သာ သူအခုထိ အေးအေးဆေးဆေးနှင့် တဖြည်းဖြည်းသန်မာ‌လာအောင် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်၏။

ထိုသို့တွေးပြီးသည့်နောက် ကုအန် ဤနေရာအနီးတဝိုက်ရှိ ဆေးပင်များကို ရိတ်သိမ်းဖို့ ပြင်လိုက်လေသည်။

….

ညနေဘက်တွင် ကုအန် တတိယတောင်ကြားသို့ ပြန်လာခဲ့၏။

နေ့လည်ခင်းတုန်းက ရိတ်သိမ်းမှုမှ သူသက်တမ်း ၃သိန်းလောက် ရခဲ့ပြီး ကမ္ဘာငယ်လေးသည် အလွန်ကျယ်ကာ သူ့က်ုိယ်ပိုင် ဂေဟစနစ် ရှိနေခြင်းကြောင့် သူဆက်ပြီးလည်း ရိတ်သိမ်း၍ ရနေဦးမည် ဖြစ်သည်။ ထို့ကြောင့် သူတစ်ခါတည်းနှင့် အကုန်လုံးကို မရှင်းပစ်ခဲ့ပေ။

သူ့အတွက် ရေရှည်သက်တမ်းထောက်ပံ့ပေးနိုင်မည့် နေရာတစ်ခုကို သူအဘယ့်ကြောင့် ခဏတာလောဘတက်မှုကြောင့် တစ်ခါတည်းနှင့် ဖျက်ဆီးပစ်ရမည်နည်း။

ကမ္ဘာငယ်လေးသည် အတော်လေးကျယ်သော်လည်း သူ့ထဲရှ်ိ စိတ်ဝိညဉ်အပင်များမှာတော့ သာမန်အပင်များသာ ဖြစ်ကြ၏။ ထိုနေရာတွင် စိတ်ဝိညဉ်စွမ်းအင်အလွန်ကြွယ်၀နေခြင်းမှာမူ စည်းတစ်ခုကိုသုံး၍ ထိုနေရာရှိ စိတ်ဝိညဉ်စွမ်းအင်များ အလေအလွင့်ဖြစ်မသွားအောင် ကာကွယ်ထား၍ ဖြစ်ပေသည်။

အန်းဟောင်နှင့် စီယန်အာမှာလည်း ထိုနေရာရှိ မိစ္ဆာသားရဲများနှင့်ပင် သူငယ်ချင်းဖြစ်နေပြီဖြစ်ပြီး သူတို့အတွက် အန္တရာယ်မရှ်ိတော့ပေ။

တာအိုပညာရှင်ကြယ်သခင်က သူ့အမွေအနှစ်အဖြစ် ကျင့်စဉ်များနှင့် နတ်သိုင်းများကိုထားခဲ့ပြီး ထိုအမွေအနှစ်များအကုန်ကုန်ဖို့‌ေတာ့ အန်ဟောင်တို့ နှစ်ပေါင်းများစွာ အချိန်ယူ၍ ရှာဖွေရမည် ဖြစ်၏။

ကုအန် အိမ်သို့ပြန်ရောက်သောအခါ လုလင်ကျွမ်း သူ့အား လာရှာခဲ့သည်။

အခန်းတံခါးပြန်ပိတ်ပြီး လုလင်ကျွမ်း ကုအန်စားပွဲတွင် ၀င်ထိုင်လိုက်ကာ ပြောလိုက်၏။

“နေ့တိုင်းလျှောက်သွားမနေနဲ့ ဒီနေ့ငါ အပြင်စည်းဂိုဏ်းကလာတဲ့ နတ်အာရုံတစ်ခုကို အာရုံခံလိုက်မိတယ် အဲ့ဒီနတ်အာရုံက ငါ့နတ်အာရုံနဲ့ ထိပ်တိုက်တွေ့တော့ ပြန်ဆုတ်သွားခဲ့တယ် ငါလည်း သူဘယ်မှာလဲဆိုတာ မတွေ့လိုက်ဘူး”

“နင်ပြောတာ ဒီရက်ထဲ အဓိပတိဂိုဏ်းမှာအန္တရာယ်ရှိနေတယ်လို့ ပြောတာလား” ကုအန် မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

လုလင်ကျွမ်းခေါင်းညိတ်ကာ ပြောလိုက်၏။

“တစ်ဖက်လူက မိစ္ဆာကလန်က ဖြစ်လောက်တယ် သူတို့ နတ်အာရုံက ကျင့်ကြံသူတွေနဲ့မတူဘူး ငါက မိစ္ဆာတွေအများကြီးနဲ့ ဆက်ဆံဖူးလို့ သိနေတာ”

လုလင်ကျွမ်းက တစ်ဖက်လူဟု ပြောသောသူမှာ ဆန်းကြယ်နှလုံးသားအဆင့်သာ ဖြစ်ရပေလိမ့်မည်။

ဆန်းကြယ်နှလုံးသားအဆင့် မိစ္ဆာတစ်ကောင်!

တစ်ဖက်လူသည် သူ့ဆေးတောင်ကြားများကို ခြိမ်းခြောက်နိုင်လားဆိုတာ သိဖို့ ကုအန် ဒီညအဓိပတိဂိုဏ်းကို စစ်ဆေးကြည့်မည်ဟု ဆုံးဖြတ်ခဲ့လိုက်သည်။

“နင်ရှိနေရင်တော့ မိစ္ဆာပဲလာလာ လူပဲလာလာ ဘယ်သူမှ င့ါ့ဆေးတောင်ကြားကို ထိရဲမှာ မဟုတ်ပါဘူး အနာဂတ်မှာလည်း ငါ့ဆေးတောင်ကြားတွေအတွက် နင့်ကိုပဲ အားကိုးရမှာ စိတ်မပူပါနဲ့ ငါလည်းနင့်အတွက် ‌နင့်ဆေးပင်တွေကို သေချာဂရုစိုက်ပေးထားမှာပါ”ကုအန်ပြုံး၍ ပြောလိုက်ပြီး သူ့အားကျသည့်ပုံဖြင့်ပြောလိုက်သည့် စကားလုံးတိုင်းက လုလင်ကျွမ်းကို ကျေနပ်သွားစေခဲ့၏။

လုလင်ကျွမ်း ထေ့ငေါ့လိုက်သည်။ “စိတ်မပူပါနဲ့ တောင်နတ်ဘုရားဆင်းမလာသရွေ့ ဘယ်သူမှ တတိယတောင်ကြားကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”

ဆန်းကြယ်နှလုံးသားအဆင့်ကိုရောက်ပြီးကတည်းက လုလင်ကျွမ်း သူ့တွင် အရင်ကရှိခဲ့သော မာနမျိုးကို ပြန်လည်ရရှိသွားပြီ ဖြစ်၏။ သူမကျင့်ကြံခြင်းလမ်းစဉ်က အခုမှစသလိုပင် လုလင်ကျွမး် ခံစားနေခဲ့ရသည်။

သူတို့စကားခဏကြာ ပြောပြီးသောအခါ လုလင်ကျွမ်း သူ့လာရင်းကိစ္စကို ပြောခဲ့၏။

ကုအန်ကို ဂရုစိုက်ဖို့သတိပေးခြင်းမှာ စကားဉီးသန်းခြင်းသာဖြစ်ပြီး သူမတကယ့် လာရင်းရည်ရွယ်ချက်မှာ ကုအန်ကို သူမအတွက် သူမကိုဇာတ်ကောင်ထားပြီး ကြည်ညိုဖွယ်အဓိပတိအမတလို စာအုပ်တစ်အုပ်ရေးသားပေးစေလိုသောကြောင့် ဖြစ်သည်။

“နင်ကဆန်းကြယ်နှလုံးသားအဆင့်လေ နင့်အတွက်နာမည်တစ်ခုတည်ဆောက်ဖို့က အရမ်းလွယ်တယ်မဟုတ်လား ဘာလို့ ငါ့ကိုစာအုပ်ရေးခိုင်းနေသေးတာလဲ” ကုအန် တွန့်ဆုတ်နေဟန်ဖြင့် မေးလိုက်၏။

လုလင်ကျွမ်းတွင်လည်း ထိုသို့ဝါသနာမျိုး ရှိနေလိမ့်မည်ဟု ကုအန် ထင်မထားခဲ့ပေ။

လုလင်ကျွမ်း မျက်လုံးပင့်လိုက်ကာ “နင်ဘာပြန်လိုချင်လဲ ဆိုတာပဲ ပြောစမ်းပါ”

“လုပ်ပြန်ပြီ အဲ့တာဘာစကားကြီးလဲ”

“ငါထိုက်ချန်မင်းဆက်က ပြန်လာတုန်းက ဂိုဏ်းတစ်ဂိုဏ်းမှာ အဆင့် ၈ စိတ်ဝိညဉ်ပင်တစ်ပင်ဖွက်ထားတာ သတိထားမိခဲ့တယ် နင်ငါ့အတွက် စာအုပ်ရေးပေးမယ်ဆိုရင် ငါအဲ့ဒီအပင်ကို နင့်အတွက် ခိုးပေးမယ်”

“နင်ကခိုးရဲပေမယ့် ငါကလက်မခံရဲဘူးလေ”

“ငါ့မှာ အပင်ကိုချိတ်ပိတ်ပေးနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်မျိုးရှိတယ် အဖြစ်အပျက်တွေ တည်ငြိမ်သွားပြီဆိုမှ နင်အဲ့ဒီအပင်စိုက်ဖို့ တစ်နေရာရာ ရှာလိုက်ပေါ့”

“ငါ့မှာစိုက်ဖို့ နေရာမရှိဘူး…”

“ဟန်ဆောင်မနေစမ်းပါနဲ့ နင့်မှာလည်း လျှို့ဝှက်ချက်ရှိတာ သေချာပါတယ် မဟုတ်ရင် နင်ဘာလို့ သာမန်နေ့တွေမှာတောင် အပြင်ကို သွားနေမှာလဲ”

“အဟမ်း အဟမ်း အဓိပ္ပာယ်မရှ်ိတာတွေ မပြောနဲ့ စာအုပ်ရေးပေးဖို့က ညှိနှိုင်းလို့ရပါတယ် ဒါပေမယ့် ငါ့ကိုတော့မစွပ်စွဲနဲ့ နားလည်လား”

ကုအန်စကားကိုကြားသောအခါ လုလင်ကျွမ်း မရယ်ဘဲ မနေနိုင်တော့ဘဲ ပြောလိုက်၏။ “ဟုတ်ပါပြီ ဟုတ်ပါပြီ နင့်ကို မစွပ်စွဲတော့ပါဘူး နင့်မှာလျှို့ဝှက်ချက်မရှိပါဘူး နင်က ကိုယ်ကျိုးလုံး၀ မကြည့်ဘဲ အဓိပတိဂိုဏ်းကို သစ္စာရှ်ိတဲ့လူပါ”

“ဟမ့် အဲ့လိုမှပေါ့ အခုငါ့ကိုနင့်ဇာတ်လမ်းပြောပြ ငါကအဲ့ဒီထဲကနေ ဇာတ်လမ်းကို နမူနာယူမယ်” ကုအန် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

သူ့အားလပ်ချိန်များတွင် ဖန်းအန်၏ လက်ရေးလှအရေးအသား စွမ်းရည်များကို ထုတ်ဖော်ပြသရန် စာအုပ်တစ်အုပ်ရေးရန်မှာလည်း အဆင်မပြေသော အရာတော့ မဟုတ်ပေ။

ထို့နောက် လုလင်ကျွမ်း သူမဇာတ်လမ်းအား စတင်ပြောပြခဲ့၏။

သူမသည် တညလုံး သူမဇာတ်လမ်းကို ပြောခဲ့ရသည်။

မနက်လင်းခါနီးသော အချိန်မှသာ လုလင်ကျွမ်း ကုအန်အိမ်မှာ ပြန်သွားခဲ့၏။

မနက်စောစော လေ့ကျင့်နေသော ထန်ယု ထိုမြင်ကွင်းကို မြင်သွားခဲ့သော်လည်း ချက်ချင်း အကြည့်လွှဲကာ မမြင်ချင်ယောင် ဆောင်နေလိုက်သည်။

လုလင်ကျွမ်း အကြီးအကဲဖြစ်သွားသောသတင်းက တောင်ကြားတွင် ပြန့်နှံ့နေပြီဖြစ်ပြီး တပည့်တိုင်းကသူမကို လေးလေးစားစားဆက်ဆံကြရ၏။

“ဆရာက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ် ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ကိုတောင် ကိုင်တွယ်နိုင်တယ် တကယ်တော့ ကျင့်ကြံခြင်းကွာဟချက်ဆိုတာကို ရုပ်ရည်အသွင်အပြင်နဲ့ ဖြည့်ပေးလို့ ရပုံပဲ”ထန်ယု တစ်ယောက်တည်း တွေးနေခဲ့လေသည်။

လုလင်ကျွမ်း သူမအိမ်သို့ ပြန်ရောက်သောအခါ ကုအန် လုလင်ကျွမ်းနှင့် ဝိညဉ်ဖြူမိစ္ဆာဧကရီတို့ ပြောနေသည်များကို ကြားလိုက်ရ၏။

လုလင်ကျွမ်းအိမ်ကို နက်နဲသော စည်းပေါင်းများစွာဖြင့် တားဆီးထားသော်လည်း ကံဆိုးစွာဖြင့် ထိုစည်းများမှာ ကုအန်အတွက် ပြဿနာမဟုတ်ခဲ့ပေ။

“အဲ့ဒီစာအုပ်ကတကယ်ပဲ အခြားတက်လှမ်းလာသူတွေနဲ့ အဆက်အသွယ်ရဖို့ ကူညီပေးနိုင်မှာလား”

“ပြောဖို့တော့ခက်တယ် ဒါပေမယ့် စမ်းကြည့်ဖို့တန်ပါတယ် ဖန်းအန် ဂုဏ်သတင်းကမင်းဆက်ကိုးခုလုံးမှာ ပြန့်နှံ့နေတာ အဲ့ဒီစာအုပ်ထွက်ရင် သူတို့တွေ အလိုလိုသိသွားမှာပဲ ငါကတော့ ငါ့ကိုယ်ငါ ငါကတက်လှမ်းလာသူပါလို့ ကြေငြာလိုက်လို့ မရဘူးမဟုတ်လား”

“ဟုတ်ပါတယ် နင့်အကြံကအတော်လေးကောင်းတယ် နင်သာ အခြားတက်လှမ်းသူတွေရဲ့ စွမ်းအားကို စုစည်းနိုင်ရင် ဂိုဏ်းချုပ်နေရာကိုသိမ်းဖို့လုပ်တဲ့အခါ အကူအညီကြီးတစ်ခု ဖြစ်လာနိုင်တယ်”

ထိုစကားများကို ကြားပြီးသောအခါ ကုအန် အတွေးနက်သွားခဲ့ရသည်။

….

နေ့လည်ခင်းချိန်တွင် အပြင်စည်းမြို့ ကောင်းကင်ပြုပြင်စင်မြင့်ပေါ်၌

အဖြူရောင်၀တ်စုံ၀တ်လူတစ်ယောက် စင်ပေါ်ရှိ လမ်းမှန်ဂိုဏ်းဟူသော စာလုံးအောက်ခြေသို့ ရောက်လာခဲ့၏။ သူစာလုံးထဲရှိ ဓားဆန္ဒကိုကြည့်ကာ သူ့မျက်လုံးထဲ အံ့အားသင့်သည့် အရိပ်အယောင်များ ပြည့်နှက်သွားခဲ့လေသည်။

“ဒီဓားဆန္ဒသက်သက်နဲ့တင် ဆရာသခင်ဓားအရှင်က ဆန်းကြယ်နှလုံးသားအဆင့်မှာ ပြိုင်ဘက်ကင်းဆိုတာ သိသာတယ် သူက အဲ့ထက်ပိုမြင့်တဲ့အဆင့်မှာတောင် ရောက်နေနိုင်တယ်”

သူတိတ်တဆိတ်တွေးလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ စာလုံးများကို လက်ဖြင့်ထိကြည့်ရန် ပြင်လိုက်၏။

“ဟေးး အဲ့တာကို မဆင်မခြင်သွားမထိနဲ့ ဓားဆန္ဒက မင်းလက်ကို ထိခိုက်သွားစေလိမ့်မယ်!”

သူ့ဘေးမှ အသံတစ်သံထွက်ပေါ်လာခဲ့ပြီး ထိုအသံရှင်မှာ ကျိုးလင်မှ လွဲ၍ အခြားမဟုတ်ပေ။

ဆရာသခင်ဓားအရှင်က သူ့အဖေ၏ ဓားကိုအသုံးပြုပြီး ရန်သူတစ်ယောက်ကို သတ်သွားပြီးကတည်းက သူ့အဖေ ကျိုးယိကျင်းသည် ကောင်းကင်ပြုပြင်စင်မြင့်ကိုမလာတော့ဘဲ အချိန်ပြည့် သူ့အခန်းထဲတွင်သာ ဓားကိုကြည့်၍ သုံးသပ်နေခဲ့ပြီး သူ့သားပင် နှောင့်ယှက်မရခဲ့ပေ။

ကျိုးလင်မှာတော့ ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒကိုလေ့လာရန် ကောင်းကင်ပြုပြင်စင်မြင့်တွင်သာ ကျန်ခဲ့ရလေသည်။

အဖြူရောင်၀တ်စံုနှင့်လူ ကျိုးလင်ကိုကြည့်ကာ ပြုံး၍ မေးလိုက်၏။ “ညီကို ကောင်းကင်ပြုပြင်စင်မြင့်မှာ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ”

ကျိုးလင်ပြန်ပြောလိုက်သည်။ “ဒီစာလုံးတွေ စပေါ်လာကတည်းက ကျွန်တော်က ဒီမှာကျင့်ကြံနေတာ ခင်ဗျားမျက်နှာကို မရင်းနှီးပါဘူး ပထမဆုံးအကြိမ် ဒီကိုရောက်ဖူးတာလား”

သူ အဖြူရောင်၀တ်လူကို သံသယဖြင့် ကြည့်လိုက်၏။

အဖြူရောင်လူ ရယ်မောကာပြောလိုက်သည်။ “ငါက ချန်းတန်မင်းဆက်ပါ အဓိပတိဂိုဏ်းက ဒီနှစ်မှငါ့ကို အပြင်စည်းဂိုဏ်းရဲ့ ဧည့်အကြီးအကဲလုပ်ဖို့ လက်ခံခဲ့တာ ငါ့ရဲ့ အဓိပတိဂိုဏ်းကို ၀င်လိုတဲ့ ရည်ရွယ်ချက်ကတော့ ဆရာသခင်ဓားအရှင်ကြောင့်ပါပဲ”

ထိုစကားကိုကြားသောအခါ ကျိုးလင် လက်ပြ၍ ထိုလူကို သူ့ဘေးတွင် ထိုင်ရန် ပြောလိုက်၏။

အဖြူရောင်လူလည်း ချက်ချင်းပင် သူ့ဘေးတွင် ၀င်ထိုင်လိုက်လေသည်။

ကျိုးလင်စကားပြောဖို့ ပြင်လိုက်စဉ်တွင် တစ်ယောက်ယောက်ကို မြင်လိုက်မိပြီး သူ့မျက်လုံးများ ၀င်းလက်သွားကာ အော်ခေါ်လိုက်၏။

“ကုအန် ဒီကိုအမြန်လာခဲ့”

ခပ်လှမ်းလှမ်းရှိ လူအုပ်ထဲရှိကုအန် သူ့ကိုလှမ်းကြည့်လိုက်မိသည်။

ကျိုးလင်ခေါ်သံကို ကြားသောအခါ သူတခဏတွန့်ဆုတ်သွားသော်လည်း ကျိုးလင်ဆီ လမ်းလျှောက်သွားလိုက်၏။

အဖြူရောင်လူမှာတော့ ကျိုးလင်ခေါ်လိုက်သည့်လူမှာ အခြေခံတည်ဆောက်ခြင်းအဆင့်မှန်း သိသွားသောအခါ ဂရုမစိုက်တော့ပေ။

ကုအန် သူ့ကို သက်တမ်းစစ်ဆေးခြင်းသုံး၍ စစ်ဆေးလိုက်လေသည်။

[တိရှီ(ဆန်းကြယ်နှလုံးသား အဆင့်၃): ၂၄၅၀/၈၀၀၀/၁၉၀၀၀]

သူက နှစ်၂၀၀၀ကျော် နေပြီးတဲ့ မိစ္ဆာတစ်ကောင်ပဲ!

ကုအန် အပြင်စည်းမြို့သို့ ရောက်လာခဲ့သည့် အကြောင်းရင်းမှာ တိရှီကြောင့်သာ ဖြစ်၏။

လုလင်ကျွမ်းကိုနှောင့်ယှက်ခဲ့သည့် မိစ္ဆာမှာလည်း တိရှီသာ ဖြစ်ပေသည်။

တိရှီသည် သူ့ကိုယ်တွင် မိစ္ဆာစွမ်းအင်လုံး၀ မကျန်စေအောင် ဖုံးကွယ်ထားနိုင်သော ကျင့်စဉ်တစ်မျိုးကို ကျင့်ကြံထားခြင်းဖြစ်သော်လည်း ကံဆိုးစွာဖြင့် သူ့ကျင့်စဉ်က နိဗာနအဆင့်တစ်ယောက်၏ နတ်အာရုံအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

ကုအန်ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို ကြည့်နေရင်း ကျိူးလင် တိရှီကိုပြောလိုက်၏။

“ကျွန်တော့်ကို ကျင့်ကြံခြင်းသက်သက်နဲ့ မဆုံးဖြတ်လိုက်နဲ့ ကျွန်တော့်ကျင့်ကြံခြင်းကနိမ့်ပေမယ့် ကျွန်တော့်မှာ သိမ်မွေ့တဲ့ စိတ်ဝိညဉ်ရှိတယ် အဲ့တာကြောင့် ခင်ဗျားကိုစမြင်လိုက်ကတည်းက ခင်ဗျားက မရိုးရှင်းဘူးဆိုတာ သိတယ်”

ထိုစကားကိုကြားလိုက်သောအခါ တိရှီ နှလုံးသား တင်းကြပ်သွားခဲ့ရသည်။

All Chapters