← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 13 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 13 Ch. 163-164

အပိုင်း(၁၆၃)

မဟာယနအဆင့်မိစ္ဆာ၏ တိုက်ခိုက်မှု၊အသရှင်ဖို့ တစ်ခုတည်းသော နည်းလမ်း

တစ္ဆေမိခင်၏ စကားများကို ကြားလိုက်သောအခါ စုဟန် တိတ်ဆိတ်သွားခဲ့သည်။ သူလည်း သူ့ကိုယ်သူ အားနည်းသည်ဟု ခံစားနေခဲ့ရသောကြောင့် သူထိုစကားကို မငြင်းခဲ့ပေ။

လမ်းတစ်လျှောက်လုံးတွင် သူသေလုမျောပါးအခြေအနေများစွာမှ လွတ်မြောက်ခဲ့သော်လည်း ထိုလွတ်မြောက်မှုမှာ သူ့ခွန်အားကြောင့် မဟုတ်ခဲ့ပေ။

သူ့ရှေ့ရှိတစ္ဆေမိခင်သည် သူ့အား ကူညီနေရခြင်းမှာ အစီအစဉ်တစ်ခုခုရှိနေ၍ ဖြစ်သည်ကို သူသိကာ သူသည် နယ်ရုပ်တစ်ရုပ်သာ ဖြစ်မှန်းလည်း သိသော်လည်း သူ့တွင် ရွေးချယ်စရာ မရှ်ိခဲ့ပေ။

“နင့်မှာ အချိန်မရှိတော့ဘူး မိစ္ဆာကပ်ဘေးက နီးကပ်လာနေပြီ ကြမ္မာဖီဆန်နတ်ကျင့်စဉ်က စိတ်ဝိညဉ်စွမ်းအားကိုပဲ စုပ်ယူနိုင်တာ မိစ္ဆာစွမ်းအားကို မစုပ်ယူနိုင်ဘူး မိစ္ဆာကပ်ဘေးက အဲ့လောက်နီးကပ်လာတာကိုတောင် နင်က နင့်စည်းမျဉ်းတွေကို မချိုးဖောက်ချင်သေးဘူး

အဲ့ဒီအချိန်ကျရင် ကျင့်ကြံသူတွေအကုန်လုံးက မိစ္ဆာကပ်ဘေးနဲ့ အလုပ်ရှုပ်ကုန်ကြမှာ အဲ့ဒီအချိန်ကျ နင့်အတွက် ပိုသန်မာလာဖို့ ခက်လိမ့်မယ်” တစ္ဆေမိခင် ပြောလိုက်၏။

ထိုစကားကိုကြားသောအခါ စုဟန် မေးလိုက်သည်။

“ခင်ဗျားဘာလို့အရမ်းလောနေတာလဲ ခင်ဗျားက ကျုပ်ကို ခင်ဗျားအတွက် ဘာလုပ်ပေးစေချင်နေတာလဲ”

တစ္ဆေမိခင်ဖြေလိုက်သည်။

“အဲ့တာက နင်ဘယ်လောက်သန်မာလာမလဲ ဆိုတာပေါ်မှာ မူတည်တယ် တကယ်တော့ စိတ်ပူသင့်တဲ့လူက ငါမဟုတ်ဘူး နင်ပဲ နင်အာဃာတနတ်ဓားသိုင်းကို စကျင့်ကတည်းက နင့်သက်တမ်းက သတ်မှတ်ပြီးသွားပြီ နင်ဘယ်လောက်ပဲ ကျင့်ကြံခြင်းမြင့်လာမြင့်လာ နင့်သက်တမ်းက ဒဏ္ဍာရီလာ အမတအဆင့်ကိုမရောက်သေးသရွေ့ တိုးလာတော့မှာ မဟုတ်ဘူး”

စုဟန် မျက်မှောင်ကြုံ့သွားခဲ့သည်။

တစ္ဆေမိခင်သည် သူ့အား ထိုအကြောင်း မကြာခဏသတိပေးလေ့ရှိပြီး သူပြောနေခြင်းမှာ စုဟန်အကျိုးအတွက်ဟု ထင်စရာရှိသော်လည်း စုဟန်မှာတော့ ထိုစကားကိုကြားတိုင်း ဖိအားများ၀င်သွားခဲ့ရသည်။

“ကျွန်တော်အကောင်းဆုံး ကြိုးစားမှာပါ” စုဟန်ပြောလိုက်ကာ ပြန်လည်ကျင့်ကြံခဲ့၏။

တစ္ဆေမိခင်လည်း သူ့ကို ခဏကြည့်ရှုပြီးသည့်နောက် လေထဲတွင် ပျောက်ကွယ်သွားခဲ့လေသည်။

စုဟန် ကောင်းကင်ထက်ရှိ လမင်းကြီးကိုကြည့်ကာ အထီးကျန်ကာ ရှုံးနိမ့်နေသလို ခံစားနေခဲ့ရ၏။

ယခုအခါ ဤကမ္ဘာပေါ်တွင် သူ့ကို ဂရုစိုက်သူဟူ၍ မရှိတော့ပေ။

….

ဆောင်းဦးကုန်ကာ ဆောင်းရာသီရောက်ရှိလာခဲ့ပြီး တတိယတောင်ကြားကို အဖြူရောင် နှင်းလွှာက ဖုံးအုပ်ထားခဲ့လေသည်။

ကုအန် လှေကားထိပ်တွင်ရပ်ကာ နှင်းပြင်ကြီးကို ကြည့်ရှုနေရင်း နောက်ထွက်မည့် ဟင်းလင်းပြင်ကိုချိုးဖြတ်ခြင်း အပိုင်းတွင် မည်သို့ရေးရမည်ကို စဉ်းစားနေခဲ့၏။

ဟင်းလင်းပြင်ကို ချိုးဖျက်ခြင်းစာအုပ်သည် အလွန်နာမည်ကျော်နေခဲ့ကာ ကုအန်ပင် မျှော်လင့်မထားဘဲ ထိုစာအုပ်ရောင်းအားသည် ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်ထက်ပင် များသွားခဲ့သည်။

ဟင်းလင်းပြင်ကိုချိုးဖြတ်ခြင်းစာအုပ်သည် ပုံမှန်အားဖြင့် ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်နှင့် တူသော ဇာတ်လမ်းမျိုးသာ ဖြစ်သော်လည်း ထိုစာအုပ်ထဲရှိ အခြေအနေများက လက်ရှိကမ္ဘာကြီး၏ အခြေအနေနှင့် သွားတူနေခဲ့၏။

ယခုအခါ လူတိုင်းသည် အမတကျင့်ကြံခြင်း ကမ္ဘာကြီးသာ ပျက်ဆီးသွားပါက သူတို့ဟင်းလင်းပြင်ကို ချိုးဖြတ်နိုင်လျှင် မည်မျှကောင်းမည်နည်းဟု စဉ်းစားနေခဲ့ကြသည်။

ထိုစဉ် လုလင်ကျွမ်း ကုအန်ဆီရောက်ရှိလာခဲ့ပြီး ‌ေမာ့ကြည့်လုိက်ကာ မေးလိုက်၏။

“တောင်ကြားသခင် တစ်ခုခုကို ခံစားမိလား”

ကုအန် သူမကိုပြန်ကြည့်ကာ မေးလိုက်သည်။

“အေးတာကို ပြောတာလား”

“မြောက်ဘက်ကနေ သန်မာတဲ့ မိစ္ဆာစွမ်းအင်တစ်ခု ချဉ်းကပ်လာနေတယ် အဲ့တာက မိစ္ဆာကပ်ဘေးစတင်ဖို့အတွက် အချက်ပြနေပြီလားဆိုတာတော့ ငါမသိဘူး” လုလင်ကျွမ်း မြောက်ဘက်ကိုကြည့်နေရင်း ပြောလိုက်၏။

ကုအန် ထိုအရာကို ဟိုးအရင်ကတည်းက သတိထားမိနေပြီး ဖြစ်သည်။ မဟာယနအဆင့် မိစ္ဆာတစ်ကောင်သည် မင်းဆက်ကိုးခု နယ်မြေဆီသို့ ချဉ်းကပ်လာနေခြင်း ဖြစ်၏။

မင်းဆက်ကိုးခုတွင် ပုန်းအောင်းနေသော ကျွမ်းကျင်သူများ ရှိမရှိ သိချင်သေး၍ ကုအန် ထိုမိစ္ဆာကို မတားဆီးခဲ့ပေ။

မိစ္ဆာကပ်ဘေးသာ ပေါ်ပေါက်လာခဲ့ပါက ကုအန် ထိုကပ်ဘေးကို တစ်ယောက်တည်း ရင်မဆိုင်လိုပေ။ ထိုသို့သော လုပ်ဆောင်မှုက အန္တရာယ်များရုံသာမက ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေ၏ အာရုံကိုလည်း အလွယ်တကူ ဆွဲဆောင်သွားမိစေနိုင်ပေသည်။

ကုအန်၏နတ်အာရုံမှာ မင်းဆက်ကိုးခုလုံးအား ကြည့်ရှုနိုင်သော်လည်း ကမ္ဘာကြီးသည် ကျယ်ပြန့်လှကာ ကြယ်သခင်ဂူလို သူမတွေ့နိုင်သော နေရာများ ရှိနေနိုင်သေးသည်။

ကုအန် မေးလိုက်၏။

“မိစ္ဆာကပ်ဘေးဖြစ်လာရင် နင်ဘာလုပ်မှာလဲ”

လုလင်ကျွမ်း ဖြေလိုက်သည်။

“ပုံမှန်အားဖြင့်တော့ ငါအဓိပတိဂိုဏ်းနဲ့အတူ တိုက်ခိုက်မယ် ဒါပေမယ့် ရန်သူက အင်အားကြီးလွန်းပြီး မျှော်လင့်ချက်မရှိတော့ရင် တောင်ဘက်ကိုထွက်သွားပြီး အမတကံကြမ္မာကို ရှာဖွေမယ်”

တက်လှမ်းလာတာ နှစ်ပေါင်းများစွာကြာပြီးသည့်နောက် သူဤကုန်းမြေအကြောင်း နက်နက်ရှိုင်းရှိုင်း သိရှိနေပြီး ဖြစ်၏။

ဟိုးရှေးခေတ်ကတည်းက ကျင့်ကြံသူများသည် သေခြင်းတရားနှင့်နီးကပ်လာသောအခါ ပင်လယ်သည် အ‌လွန်အန္တရယ်များပါ‌‌ေသာ်လည်း တောင်အရပ်သို့ ထွက်ခွာသွားတတ်ကြသည်။

တက်လှမ်းလာသူတစ်ယောက်အနေနှင့် လုလင်ကျွမ်း အဓိပတိဂိုဏ်းနှင့်အတူ သေခြင်းတရားကို ရင်ဆိုင်မှာတော့ မဟုတ်ပေ။

ကုအန် အသာအယာခေါင်းညိတ်လိုက်ပြီး ဘာမှတ်ချက်မှ မပေးခဲ့ပေ။

လုလင်ကျွမ်း ကုအန်ကို ကြည့်ကာ မေးလိုက်၏။

“နင်ကရော တောင်ကြားသခင်”

ကုအန် တွန့်ဆုတ်နေချင်ယောင်ဆောင်လိုက်ပြီး ပြောလိုက်သည်။

“ငါကတော့ ဂိုဏ်းအတွက်ကပ်ဘေးမှာ တစ်တပ်တစ်အား ပါ၀င်ပေးဖို့ ဆေးပင်တွေ တက်တက်ကြွကြွ စိုက်ပေးမယ်”

“တကယ်လို့ အဓိပတိဂိုဏ်းက ကျဆုံးသွားရင်ရော”

“ဒါဆို မိစ္ဆာတွေစားတာ မခံရအောင် ငါ့ကိုယ်ငါ သတ်သေလိုက်မယ်”

ထိုစကားကို ကြားသောအခါ လုလင်ကျွမ်း ကုအန်ကို ခပ်တည်တည်ကြည့်နေလိုက်ပြီး ဒီကောင်လေးက ကူညီလို့ရတဲ့အဆင့်ကို ကျော်သွားပြီဟု တွေးနေမိသည်။

ကုအန် ရယ်မောလိုက်ပြီး တောင်ကြားရှ်ိအခြားတပည့်များ ကြားသွားပါက ကြောက်လန့်သွားမည်စိုးသောကြောင့် ထိုစကားဝိုင်းကို မဆက်တော့ပေ။

သို့သော် ဤအမတကျင့်ကြံခြင်းကမ္ဘာကြီးသည် ချဉ်းကပ်လာသော မဟာယနအဆင့် မဟာမိစ္ဆာကြီးတစ်ကောင်ကို မည်ကဲ့သို့ တုန့်ပြန်သင့်သနည်း။

အဆံုးမဲ့‌ေသာ နှင်းများမှာ ဆက်လက်ကျဆင်းနေပြီး ကမ္ဘာကြီးတစ်ခုလုံးကို နှင်းထုကြီးနှင့် ဖုံးအုပ်ပစ်တော့မလိုပင်။

ညအချိန်ရောက်လာခဲ့သည်။

ကုအန် ကောင်းကင်ဖီးနစ်တောင်ရှိ နျန်းချူဂူသို့ ရောက်လာခဲ့၏။

သူဂူထဲ ၀င်လိုက်သည်နှင့် ထျန်းယောင်အာသည် ဆေးမီးဖိုကြီးရှေ့တွင် ထိုင်ကာ သူမခေါင်းကို ဒူးနှလုံးကြား ဖွက်ထားပြီး မီးလှုံရင်း တဆတ်ဆတ်တုန်ခါနေသည်ကို တွေ့လိုက်ရသည်။

ကုအန် တမင်အသံပေး၍ ထျန်းယောင်အာ နားချဉ်းကပ်သွားလိုက်ပြီး ကုအန်ကို မြင်သောအခါ ထျန်းယောင်အာ အံ့အားသင့်သွားကာ ချက်ချင်း သူ့ဆီပြေးလာပြီး ဆွဲဖက်ထားလိုက်၏။

“နင်ဘာဖြစ်လို့လဲ” ကုအန် သူမ၏ စစ်မှန်သော အကြောက်တရားကို ခံစားမိသောကြောင့် တွန်းမပစ်တော့ဘဲ စိတ်ပူနေဟန်ဖြင့် မေးလိုက်သည်။

ထျန်းယောင်အာ ကုအန်ရင်ခွင်ထဲ ခေါင်းဝှက်ထားရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ကျွန်မကြောက်တယ်…ကျွန်မကြောက်စရာကောင်းတာတစ်ခုခု ချဉ်းကပ်လာနေတာကို ခံစားနေရတယ်…”

သူမ ကုအန်ထွက်သွားမှာ အလွန်ကြောက်နေဟန်ဖြင့် ကုအန်ခါးကို အတင်းဖက်ထားခဲ့သည်။

ကုအန်သူမပုခုံးကိုပွတ်ပေးလိုက်ကာ နှစ်သိမ့်လိုက်၏။

“မကြောက်ပါနဲ့ ဒီမိစ္ဆာက ကောင်းကင်ဖီးနစ်တောင်ကို လာနေတာမဟုတ်ပါဘူး ငါတို့နဲ့အရမ်းဝေးပါတယ်”

ထိုစကားကြားသောအခါ ထျန်းယောင်အာ မယုံနိုင်သေးဟန်ဖြင့် ကုအန်ကိုမော့ကြည့်လိုက်ပြီး မေးလိုက်သည်။

“တကယ်လား”

“တကယ်ပေါ့ နောက်ပြီး ငါလည်းနင်နဲ့အတူတူရှိနေတယ် မဟုတ်လား”

“ဒါပေမယ့် သခင်က မိစ္ဆာမိခင်ကိုတောင်မနိုင်ဘူးလေ အခုမိစ္ဆာက သူ့ထက်တောင်ပိုပြီးသန်မာတယ်လို့ ခံစားနေရတယ်”

“တကယ်တော့ ငါသူ့ကိုမနိုင်ပေမယ့် နင့်ကိုခေါ်ပြီးတော့ ထွက်ပြေးလို့ရပါတယ်”

“ဒါဆို ကျွန်မကိုမလိမ်ရဘူးနော် သခင်ထွက်သွားရင် ကျွန်မကို ခေါ်သွားရမယ်နော်”

“ငါနင့်ကို မလိမ်ပါဘူးကွာ”

ကုအန် ပြန်ပြောလိုက်၏။ သူသာမကယ်ခဲ့ပါက ထျန်းယောင်အာသည် မိစ္ဆာတစ်ကောင်ကောင်၏ဗိုက်ထဲတွင် သေဆုံးရမည်ဖြစ်ပြီး ယခုအခါ ထိုမိစ္ဆာမလေးတွင် အားကိုးစရာဟူ၍ သူတစ်ယောက်တည်းသာ ရှိနေလေရာ သူမည်ကဲ့သို့ သူမကို ပစ်ထားနိုင်မည်နည်း။

သို့သော် ထျန်းယောင်အာ အမူအရာကြောင့် သူသတိထားမိသွားခဲ့ရသည်။

မိစ္ဆာမျိုးနွယ်ချင်းအတူတူ သူမကအဘယ့်ကြောင့် ထိုမျှ ကြောက်နေရသနည်း။

ကုအန် ထျန်းယောင်အာနှင့်အတူထိုင်လိုက်ပြီး သူမဘာကြောင့် အလွန်ကြောက်နေရသလဲဆိုတာ မေးမြန်းလိုက်၏။

ကံဆိုးစွာဖြင့် ထျန်းယောင်အာလည်း သူမကြောက်နေရသည့် အကြောင်းအရင်းကို ရေရေရာရာ ပြန်မဖြေနိုင်ခဲ့ပေ။

ကျီးနက်မိစ္ဆာတမန်၏ မှတ်ညဏ်များအရ ကုအန် ချဉ်းကပ်လာနေသော မိစ္ဆာအကြောင်း သိရှိထားပြီး ဖြစ်သည်။

ထိုမိစ္ဆာသည် ခေါင်းခြောက်လုံးပင်လယ်နဂါး ဖြစ်ကာ မဟာမိစ္ဆာဘုရင် ၇၂ပါးထဲမှ တစ်ပါးဖြစ်ပြီး မိုင်ပေါင်းတစ်သိန်းကျော်သော နယ်မြေကို အပိုင်စားရ အုပ်ချုပ်ရသူ ဖြစ်သည်။ သူသည် များစွာသော မိစ္ဆာစစ်သားများ ဗိုလ်ချုပ်များကို အမိန့်ပေးနိုင်ပြီး ပင်ကိုယ်အားဖြင့် ရက်စက်ကြမ်းကြုတ်တတ်သူ ဖြစ်ကာ ကျီးနက်မိစ္ဆာတမန်ပင် ထိုမိစ္ဆာနှင့် ဆက်ဆံပါက ဝါးမြိုမခံလိုက်ရအောင် သတိထား၍ ဆက်ဆံရသည်။

ဤအခိုက်တွင် ခေါင်းခြောက်လုံး ပင်လယ်နဂါးသည်

မိစ္ဆာသန်းချီကိုဦးဆောင်၍ တောင်အရပ်သို့ ဦးတည်လာနေခြင်းဖြစ်ပြီး လမ်းတစ်လျှောက်လုံးတွင်လည်း အခြားမိစ္ဆာများက သူ့တပ်နှင့် လာပေါင်းခဲ့သောကြောင့် သူစစ်အင်အားသည် ပို၍ များပြားသွားခဲ့ကာ မိစ္ဆာဘုရင်အချို့ပင် သူနှင့် လာပေါင်းချင်ခဲ့ကြ၏။

သူ၏လွှမ်းမိုးလှသော မိစ္ဆာစွမ်းအားသည် မင်းဆက်ကိုးခုမှ ကျင့်ကြံသူများအားလုံးကို သတိပေးလိုက်သလို ဖြစ်သွားပြီး မင်းဆက်ကိုးခုမှ ဆန်းကြယ်နှလုံးသားအဆင့် ၂၀ မက ထိုနေရာသို့ သွားနေကြသည်ကို ကုအန် ခံစားလိုက်ရသည်။

ကုအန် ထျန်းယောင်အာကို နှစ်သိမ့်၍ ချော့မော့ပြောနေလိုက်ပြီး နောက်ဆုံးတွင် ထိုမိစ္ဆာမလေးသည် သူ့ပေါင်ပေါ်တွင် အိပ်ပျော်သွားခဲ့၏။

ကြည့်ရသည်မှာ ဒီညတော့ သူဂူထဲတွင် ပိုကြာကြာနေရတော့မည့် ပုံပင်။

….

ဂါးးးး

အာရုံတက်ချိန်တွင် နဂါးအော်သံကြီးတစ်ခု အဝေးမှ ထွက်ပေါ်လာခဲ့ပြီး ဆန်းကြယ်တောင်ကြားရှိတပည့်များ အံ့အားသင့်သွားခဲ့ကြရသည်။

ကမ်းပါးတွင်တရားထိုင်နေသော ချူကျင့်ဖုန်း၏ မျက်ခုံးများ တွန့်ကွေးသွားခဲ့ပြီး မိုးကုတ်စက်ဝိုင်းဆီသို့ မျက်မှောင်ကြုံ၍ ကြည့်လိုက်၏။

တောင်ကြားရှ်တပည့်များ အားလုံးလည်း စုဝေးလာကြကာ ထိုအသံ ဘယ်နေရာမှ လာသလဲနှင့် ဘယ်မိစ္ဆာက ပြုလုပ်လိုက်သလဲဆိုတာ ဆွေးနွေးနေခဲ့ကြသည်။

ထိုစဉ် ကုအန်လည်း ဓားပျံပေါ်မှ ဆင်းသက်ကာ တောင်ကြားဆီ ရောက်ရှိလာခဲ့၏။ သူ့ကို မြင်သောအခါ တပည့်များအားလုံး သူ့ဆီဝိုင်းလာခဲ့ကြပြီး နဂါးအသံအကြောင်း စတင်မေးမြန်းလေတော့သည်။

“ငါလည်း ဘယ်မိစ္ဆာအသံလည်းဆိုတာ မသိဘူး ဒါပေမယ့် မင်းတို့စိတ်အေးအေးထားလို့ရပါတယ် ဂိုဏ်းထဲမှာ ရှိနေသရွေ့ ဘာမှဖြစ်မှာ မဟုတ်ဘူး” ကုအန် သူတို့ကို နှစ်သိမ့်ပေးလိုက်၏။

နောက်ရက်များတွင် အဓိပတိဂိုဏ်းထဲ၌ သတင်းများ ပြန့်နှံ့လာခဲ့လေသည်။

ခေါင်းခြောက်လုံးပင်လယ်မိစ္ဆာသည် ဆန်းကြယ်နှလုံးသားအဆင့် တစ်ယောက်ကိုအရှင်လတ်လတ် စားပစ်လိုက်သောကြောင့် ထိုသတင်းသည် ဂိုဏ်းသားတိုင်းကို ကြောက်လန့်သွားစေခဲ့ကာ အဓိပတိဂိုဏ်းကို မတည်မငြိမ်ဖြစ်သွားစေခဲ့သည်။

များစွာသော တပည့်များက မြောက်ပိုင်းသို့ ကူညီရန် ထွက်သွားနေကြပြီး ကုကျုံးကိုယ်တိုင်ပင် တတိယတောင်ကြားဆီ လာရောက်ကာ လုလင်ကျွမ်းကိုလှုပ်ရှားပေးဖို့ တောင်းဆိုခဲ့၏။

အနည်းငယ်တွန့်ဆုတ်နေပြီးသည့်နောက် လုလင်ကျွမ်းလည်း ၀င်ပါပေးဖို့ သဘောတူလိုက်လေသည်။

ရွှမ်ကွမ်းလည်း သူနှင့်အတူ လိုက်လာမည်သာ။

သူတို့ထွက်ခွာသွားမည့်သတင်းက အဓိပတိဂိုဏ်းထဲ ပြည့်နှံ့သွားခဲ့ပြီး ကုအန် အပြင်စည်းမြို့သို့ရောက်ချိန်တွင် တပည့်အများအပြားက သူတို့့အပေါ် မျှော်လင့်ချက်ထားနေကြပြီး သူတို့နှစ်ယောက် ကံကြမ္မာဆိုးများနှင့် ရင်မဆိုင်ရဖို့လည်း ဆုတောင်းပေးနေကြသည်။

ဘိုးဘေးကူစုန့် ကျဆုံးသွားရမှုက အဓိပတိဂိုဏ်းတွင် အရိပ်မည်းကြီးသဖွယ် ထင်ကျန်ရစ်နေဆဲပင်။

ကုအန်လည်း မြောက်ပိုင်းမှ တိုက်ပွဲကို ကြည့်ရှုနေခဲ့၏။ ယခုအကြိမ်လည်း ခန်းထျန်ဂိုဏ်းကပဲ တိုက်ပွဲကိုဦးဆောင်နေခဲ့ပြီး သူတို့သည် သန်းနှင့်ချီသော တပည့်များ၏ စိတ်ဝိညဉ်စွမ်းအားကိုသုံးကာ မိစ္ဆာကလန်ကျူးကျော်မှုမှ ကာကွယ်ရန် ၀င်္ကပါကြီးတစ်ခု တည်ဆောက်ထားခဲ့ကြသည်။

ဆန်းကြယ်နှလုံးသားအဆင့် ၁၄ ယောက် ခေါင်းခြောက်လုံးပင်လယ်နဂါးကို ဝိုင်းပတ်ထားခဲ့သော်လည်း ဘယ်သူမှ သူ့အနားမကပ်ရဲခဲ့ကြဘဲ တိုက်ပွဲမှာ တစ်ဖက်သတ်ဆန်နေခဲ့၏။

သို့သော် ခေါင်းခြောက်လုံးပင်လယ်နဂါးသည် မင်းဆက်ရှစ်ခုနယ်မြေဆီ ကျူးကျော်လိုပုံမရဘဲ ခြိမ်းခြောက်နေရုံသာ ဖြစ်သောကြောင့် အမတကျင့်ကြံသူများဘက်မှ စိတ်ရှုပ်ကာ ကြောက်လန့်နေခဲ့ရသည်။

ကြည့်ရသည်မှာ ခေါင်းခြောက်လုံးပင်လယ်နဂါးသည် မင်းဆက် ၈ခု၏ အင်အားကို စမ်းသပ်နေပုံပင်။

သူသည် ခန်းထျန်ဂိုဏ်းမှ တာအိုသခင်နှင့် တောင်နတ်ဘုရားကို ကြောက်ရွံ့နေခြင်း ဖြစ်နိုင်၏။

နောက်တစ်နေ့မနက်တွင် လုလင်ကျွမ်းနှင့် ရွှမ်ကွမ်းတို့တိုက်ပွဲတွင်ပါ၀င်ခဲ့ကြပြီး ကုအန်လည်း သူတို့မသေတာသေချာအောင်တိုက်ပွဲကို ဂရုတစိုက်ကြည့်ရှုပေးနေခဲ့သည်။

စွမ်းအားကြီးလှသော ခေါင်းခြောက်လုံးပင်လယ်မိစ္ဆာကို ရင်ဆိုင်ရခြင်းဖြစ်သောကြောင့် သူတို့ ၂ယောက်အတွဲသည် လျင်မြန်စွာပင် ရှူံ့းနိမ့်သွားကာ လူသားနယ်မြေသို့ ဆုတ်ခွာသွားခဲ့ရ၏။

လုလင်ကျွမ်းသည် တိုက်ပွဲတွင် တမင်ဒဏ်ရာရအောင်လုပ်ကာ ဆုတ်ခွာလာခဲ့မှန်း ကုအန် ခံစားမိနေခဲ့သည်။

သူတို့သာ အမှန်တကယ်တိုက်ခိုက်ပါက သေသွားနိုင်သည်ဟု လုလင်ကျွမ်း တွေးနေခြင်း ဖြစ်နိုင်ပေသည်။

ခေါင်းခြောက်လုံးပင်လယ်မိစ္ဆာသည် လူသားနယ်မြေကို တိုက်ခိုက်ဖို့ တန့်နေလေလေ သူ့နောက်တွင် ပိုအစွမ်းထက်သော မိစ္ဆာများ စောင့်ကြည့်နေနိုင်သည်ဟု ကုအန် ထင်လေလေပင်။

တိရှီ၏အဖေ မိစ္ဆာဧကရာဇ်!

ယခုအဖြစ်အပျက်များသည် ထိုမိစ္ဆာနယ်မြေကို အုပ်ချုပ်သော ဧကရာဇ် ၏အစီအစဉ်များ ဖြစ်နိုင်၏။

ရက်ပေါင်းများစွာ ကြာသောအခါ

ကုအန် အပြင်စည်းမြို့သို့ရောက်ချိန်တွင် ရှုပ်ထွေးသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။

ကောင်းကင်ပြုပြင်စင်မြင့်ပေါ်တွင် တပည့်ပေါင်းသိန်းနှင့်ချီပြီး လမ်းမှန်ဂိုဏ်းဟူသော စာလုံးအောက်ခြေတွင် ထိုင်နေခဲ့ကြကာ သူတို့ရောက်ရှိလာမှုကြောင့် နဂိုက ဓားဆန္ဒကိုကျင့်ကြံနေသော ကျင့်ကြံသူများပင် အတင်းဖယ်ရှားခံလိုက်ရသည်။

တိရှီလည်း ထလာခဲ့၏။

သူကုအန်ကိုမြင်သောအခါ ကုအန်ဆီရောက်လာပြီး ခံစားချက်များဖြင့် ပြောလိုက်‌သည်။

“မြောက်ပိုင်းနယ်မြေက အရေးပေါ်အကူအညီလိုအပ်နေလို့ ဂိုဏ်းက ဆရာသခင်ဓားအရှင်၀င်ပါ‌ေအာင် အသနားခံနေကြတာလေ”

ကုအန် စိတ်ပူနေဟန်ဖြင့် မေးလိုက်၏။

“ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူတွေတောင် သေကုန်ကြပြီမဟုတ်လား ဆရာသခင်ဓားအရှင်တစ်ယောက်တည်းကို မီခိုနေတာက လုံလောက်ပါ့မလား”

တိရှီသက်ပြင်းချကာ ပြောလိုက်လေသည်။

“အဲ့တာက အသုံးမ၀င်ပါဘူး ဒါပေမယ့်လည်း အဲ့တာအပြင် ဘာများလုပ်နိုင်ဦးမှာ မလို့လဲ”

မိစ္ဆာတစ်ယောက်အနေနှင့် သူမိစ္ဆာနယ်မြေ၏ အင်အားကို သိရှိပေသည်။

သူ၀မး်နည်းကြေကွဲနေသော လေသံဖြင့် ပြောလိုက်၏။

“ဒီကပ်ဘေးက တားဆီးလို့မရနိုင်ဘူး ပင်လယ်ကသာ လူသားတွေရှင်သန်နိုင်ဖို့ တစ်ခုတည်းသော ထွက်ပေါက်ပဲ”

အပိုင်း(၁၆၄)

ဆရာသခင်ဓားအရှင် ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ

တိရှီစကားကို ကြားလိုက်ရသောအခါ ကုအန် သက်ပြင်းသာ ချလိုက်မိသည်။

ပင်လယ်ကနေ လွတ်မြောက်ဖို့တဲ့လား ဘယ်လိုဟာသမျိုးလဲ!

ကုအန် တိရှီ၏ စိတ်ထားမှာ မည်သို့ရှိမှန်း သေချာမသိသော်လည်း မင်းဆက်၈ခုလုံးရှိ လူသားမျိုးနွယ်သာ သုတ်သင်ခံလိုက်ရပါက နောက်တစ်ကြိမ်တွင် နာကျင်ခံစားရမည့် သူများမှာ မိစ္ဆာများဖြစ်မှန်း သူခံစားနေမိသည်။

မိစ္ဆာများ ကမ္ဘာမြေကို အုပ်စိုးသွားသည့်အခါတိုင်း စွမ်းအားကြီးသော ကျင့်ကြံသူကြီးများ ဆင်းသက်လာတတ်ပုံကို ဒဏ္ဍာရီများက သက်သေပြထားခဲ့သည်။

ထိုအရာသည် မိစ္ဆာများကို သုံး၍ လူသားများကို ပျိုးထောင်ပြီး လူသားများကိုသုံး၍ မိစ္ဆာများကို ပျိုးထောင်ခြင်းပင်လော။

ကုအန် တိရှီနှင့်စကားပြောနေရင်း သူ့အကြည့်ကလည်း ကောင်းကင်ပြုပြင်စင်မြင့်ထက်မှ မခွာဘဲ လှုပ်ရှားသင့် မလှုပ်ရှားသင့် ချိန်ဆနေခဲ့၏။

နောက်ဆုံးတွင် မိစ္ဆာကပ်ဘေးမလာခင် သက်တမ်း ဆယ်သန်းပြည့်ရန် သူ့၌ အချိန်ရှိနေသေးသည်။

အကယ်၍ သူသာ သက်တမ်း ၁၀သန်းမပြည့်သေးဘဲ အခု အဆင့်ချိုးဖျက်လိုက်ပါက သက်တမ်းများကို အစကပြန်စုရမည် ဖြစ်သောကြောင့် သူ သက်တမ်း ၁၀ သန်းပြည့်ပါက ရလာမည့် လုပ်ငန်းဆောင်တာ အသစ်များအပေါ် စိတ်၀င်စားမှု ရှိတော့မည် မဟုတ်ပေ။

ထို့အပြင် သူ၀င်ပါလိုက်မှုက မိစ္ဆာကပ်ဘေးကို ပို၍ အရှိန်မြှင့်လိုက်သလို ဖြစ်သွားမှာကိုလည်း သူကြောက်ရွံ့နေမိသည်။

….

မဟာကျင်းမင်းဆက်သည် မင်းဆက် ၈ခု၌ မြောက်ဘက်အကျဆုံး မင်းဆက်ဖြစ်ကာ ထိုနယ်မြေသည် မိုးထိလုမတတ်မြင့်မားသော တောင်တန်းကြီးများကြောင့် ထင်ရှား၏။

သူတို့ နောက်ဘက်တွင် မိစ္ဆာနယ်မြေတည်ရှိသောကြောင့် ကြမ်းတမ်းသော ပတ်၀န်းကျင်အနေအထားအရ ထိုမင်းဆက်ရှိ ကျင့်ကြံသူများသည် အလွန်သန်မာလှပေသည်။

မြောက်ပိုင်းနယ်မြေရှိ မဟာကျင်းမင်းဆက်နှင့် မိစ္ဆာနယ်မြေကြားတွင် နှင်းများဖုံးလွှမ်း‌ေနသည့် တောင်တန်းကြီးများက နဂါးကျောရိုးကြီးများသဖွယ် တည်ရှိနေပြီး ကောင်းကင်နှင့် မြေပြင်က နယ်မြေနှစ်ခုကြား တံတိုင်းကြီးတစ်ခု တည်ဆောက်ပေးထားသလိုပင်။

တောင်တန်းတစ်ခုပေါ်တွင် လုလင်ကျွမ်း တင်ပလ္လင်ခွေထိုင်နေပြီး သူ့ပတ်ပတ်လည်တွင် စိတ်ဝိညဉ်စွမ်းအား အကာအကွယ်တစ်ခုရှိနေပြီး ထိုအကာအကွယ်က သူ့အပေါ် နှင်းများ ကျမလာနိုင်အောင် တားဆီးပေးနေခဲ့သည်။

ထိုစဉ် လုလင်ကျွမ်း မျက်လုံးများကိုဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး မိုးကုတ်စက်ဝိုင်းဆီ ကြည့်ရှုလိုက်၏။

သူ့မျက်စိရှေ့တွင် လှိုင်းတွန့်များသဖွယ် တွန့်ကွေးနေသော တောင်တန်းကြီးများ တည်ရှိနေပြီး အစွန်အဖျားဒေသများတွင် မီးစအနည်းငယ်ကို မြင်တွေ့နေခဲ့ရပြီး ကျဆင်းနေသော နှင်းများကပင် ထိုမီးစများကို အပြည့်အ၀ ဖုံးကွယ်မပေးနိုင်ခဲ့ဘဲ လုလင်ကျွမ်း ဆီသို့လည်း အားကောင်းသော လေများက တစ်ခါတရံ တိုက်ခတ်လာတတ်သေးသည်။

ခေါင်းခြောက်လုံးပင်လယ်နဂါး၏ ကြောက်စရာကောင်းလှသော မိစ္ဆာချီများက ဤနေရာရှိ ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းနေပြီး လုလင်ကျွမ်းနှင့် ဝိညဉ်ဖြူမိစ္ဆာဧကရီတို့ပင် မလွယ်ကူဘူးဟု ခံစားနေခဲ့ရသည်။

“သူက တကယ်ပဲဘာကိုစောင့်နေတာလဲ” ဝိညဉ်ဖြူမိစ္ဆာဧကရီ အသံခပ်တိုးတိုးဖြင့် မေးလိုက်၏။

လုလင်ကျွမ်း ပြန်ဖြေလိုက်သည်။

“အဲ့တာက တောင်နတ်ဘုရားနဲ့ သက်ဆိုင်နေရမယ် နောက်ဆုံးတော့ တောင်နတ်ဘုရားလက်ထဲမှာ သေဆုံးခဲ့ရတဲ့ မဟာယနအဆင့်ကျင့်ကြံသူ ရှိခဲ့တာပဲလေ”

“တောင်နတ်ဘုရားက လှုပ်ရှားမှာလား မြောက်ပိုင်းမှာ မိစ္ဆာတွေ အများကြီးရှိနေပြီးတော့ ဒီကပ်ဘေးက တခဏဂိုဏ်းကပ်ဘေးနဲ့ ဘယ်လိုမှ ယှဉ်မရဘူး ဘယ်လိုပဲကြည့်နေနေ ဒီတစ်ကြိမ်တော့ လူသားမျိုးနွယ်က ပျက်သုဉ်းရမယ့် ကပ်ဘေး ဆိုက်တာပဲ” ဝိညဉ်ဖြူမိစ္ဆာဧကရီ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

မိစ္ဆာတစ်ကောင်အနေနှင့် ပုံမှန်အားဖြင့် သူမသည် လူသားများဘက် ရပ်တည်မည်မဟုတ်ဘဲ လုလင်ကျွမ်းကိုလည်း ဤပြဿနာနယ်မြေကြီးဆီမှ ထွက်ခွာသွားစေလိုနေခဲ့သည်။

လုလင်ကျွမ်း အဝေးကိုသာ ကြည့်နေခဲ့ပြီး တိတ်ဆိတ်နေခဲ့ကာသူဘာတွေးနေလဲ မသိရပေ။

ဝိညဉ်ဖြူမိစ္ဆာဧကရီ မလောဘဲ မနေနိုင်တော့ပေ။

“လင်ကျွမ်း ငါတို့ဘာလို့ တောင်ပိုင်းကို မပြောင်းရမှာလဲ သမုဒ္ဒရာက ငါတို့ထင်သလောက် အန္တရာယ်မရှိတာလဲ ဖြစ်နိုင်တာပဲ”

လုလင်ကျွမ်း ပြန်ပြောလိုက်သည်။

“ငါအဆင့်ချိုးဖျက်တုန်းက အဓိပတိဂိုဏ်းက ကျင့်ကြံသူတွေ ငါ့အတွက် ၀င်္ကပါတွေခင်းကျင်းပေးတာကို နင်မှတ်မိတယ်မဟုတ်လား”

ထိုစကားကိုကြားသောအခါ ဝိညဉ်ဖြူမိစ္ဆာဧကရီ ပါးစပ်ဟလိုက်သော်လည်း ဘာစကားမှ ထွက်မလာတော့ပေ။

သူလုလင်ကျွမ်းအကြောင်း ကောင်းကောင်းသိပေသည်။

လုလင်ကျွမ်းသာ ထိုမျှ သစ္စာတရားကို တန်ထိုးမထားပါက သူလည်း လုလင်ကျွမ်းနောက် လိုက်လာခဲ့မည် မဟုတ်ပေ။

‌ဝိညဉ်ဖြူမိစ္ဆာဧကရီ ခေါင်းစိုက်ကျသွားကာ ပြောလိုက်၏။

“ဒါဆိုလည်း တောင်နတ်ဘုရားက တကယ်ပဲစွမ်းအားကြီးသလားဆိုတာပဲ စောင့်ကြည့်ကြတာပေါ့ အော် ဟုတ်သားပဲ အဓိပတိဂိုဏ်းမှာလဲ ဆရာသခင်ဓားအရှင် ရှိတယ်လေ သူလည်း လှုပ်ရှားသင့်တယ် မဟုတ်လား”

ထိုစဉ် နဂါးဟိန်းသံကြီးတစ်ချက် ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်နှင့် မြေပြင်ပင်လှုပ်ခါသွားခဲ့ကာ သွေးနံ့များက ကျဆင်းနေသော နှင်းများနှင့်အတူ ရောပါလာခဲ့လေသည်။

မိုင်ထောင်ချီ အဝေးတွင်

တိုက်ပွဲတစ်ခုဖြစ်ပွားနေခဲ့ကာ ကုန်းမြေသည် မြောင်းများဖြစ်ပေါ်နေကာ ချော်ရည်ပူများက စီးဆင်းနေခဲ့ပြီး ကောင်းကင်ယံတွင် မီးအမှုန်အမွှားများက ဝေ့ဝဲနေခဲ့၏။ တောင်များသည်လည်း အပေါက်များဖြင့် ပြည့်နှက်နေခဲ့သည်။ မရေတွက်နိုင်သော ကျင့်ကြံသူများသည် ကောင်းကင်ထက်တွင် ဝဲပျံနေကြပြီး ၀င်္ကပါအစီအရင်ကြီးများအား ခင်းကျင်းထားခဲ့ကြ၏။

တိုက်ပွဲမြေပြင်တွင် ကမ္ဘာမြေကြီးမှာ အက်ကွဲကြောင်းကြီး တစ်ခုဖြင့် နှစ်ခြမ်းခွဲခြင်းကို ခံထားခဲ့ရသည်။ တစ်ဖက်ခြမ်းရှိ ကမ်းပါးစွန်းတွင် ကျင့်ကြံသူများက မှော်သိုင်းမျိုးစုံကို အသုံးပြုနေစဉ်တွင် အခြားတစ်ဖက်ကမ်းတွင်တော့ ဖွေးဖွေးလှုပ်နေတာ မိစ္ဆာများနှင့် ‌တစ္ဆေများရှိနေခဲ့ကြပြီး တစ်ကောင်ချင်းစီက မျက်နှာများသည် ကြမ်းကြုတ်ရက်စက်လှကာ သူတို့၏ အော်သံဟိန်းသံများကြောင့် ကမ္ဘာကြီးသည် ငရဲတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

အဆုံးမဲ့သော မိစ္ဆာအစီအရင်များ၏ နောက်ဆုံးတွင် ဧရာမမိစ္ဆာကြီးတစ်ကောင်ရှိနေ၏။ ထိုကောင်ကြီး၏ ခေါင်းက တိမ်တိုက်များထိ ရောက်နေပြီး သူသည် အနက်ရောင်ချပ်၀တ်ကြီးကို ၀တ်ဆင်ထားကာ ချပ်၀တ်၏ ပုခုံးတွင် အစွယ်များပါသော ပုခုံးကာတစ်ခုကိုလည်း ၀တ်ဆင်ထားသော သူ့ပုံစံမှာ မိုးမျှော် တောင်ကြီးတစ်လုံးလိုပင်။ မိစ္ဆာကြီး၏ ခါးတွင်လည်း မဟာမိစ္ဆာများ၏ ခေါင်းများကို ချိတ်ဆွဲထားသော ခါးပတ်တစ်ချောင်းကို ပတ်ထားခဲ့‌သည်။

မိစ္ဆာကြီး၏ လူသားပုံသဏ္ဍာန်ကိုယ်လုံးကြီးသည် ပေပေါင်းထောင်နှင့်ချီ၍ မြင့်ကာ သူ့လည်ပင်းကြီးက တိမ်များကြားတွင် ပျောက်ကွယ်နေပြီး နဂါးခေါင်းခြောက်လုံးကို တိမ်မြူများကြားထဲတွင် ခပ်ဝါးဝါး မြင်နေခဲ့ရ၏။ နီရဲနေသော မျက်လုံးကြီးများမှာ အမှောင်ထုထဲမှ လူသားကမ္ဘာထဲ ချောင်းကြည့်နေသော မိစ္ဆာမျက်လုံးကြီးသဖွယ်ဖြစ်ပြီး ထိုမျက်လုံးကြီးများကို မြင်လိုက်ရုံနှင့် ‌ကျောရိုးတလျှောက် အေးစိမ့်သွားဖို့ လုံလောက်ပေသည်။

ထိုမိစ္ဆာကြီးသည် မိစ္ဆာနယ်မြေမှ မိစ္ဆာများပင်ကြောက်ရသော ခေါင်းခြောက်လုံးမိစ္ဆာနဂါးကြီးသာ ဖြစ်၏။

သူ့ပုခုံးပေါ်တွင် အနက်ရောင်ချီများ၀န်းရံထားသော ပုံရိပ်တစ်ခုရှိနေပြီး ထိုပုံရိပ်လေးက မိစ္ဆာကြီးနှင့်ယှဉ်လျှင် အတော်လေး သေးငယ်လှကာ ဆိတ်ခေါင်းနှင့် နီရဲနေသော ဆိတ်မျက်လုံးများ ရှိနေသည်။

“မဟာဘုရင်ကြီး ကြည့်ရတာ လူသားတွေဘက်မှာ မဟာယနအဆင့်ကျင့်ကြံသူမရှိတော့တဲ့ပုံပဲ အဲ့ဒီ တောင်နတ်ဘုရားလို့ခေါ်တဲ့လူကလည်း ကျွန်တော်တို့ကို ပြဿနာမရှာရဲတဲ့ ပုံပဲ” ဆိတ်ခေါင်းမိစ္ဆာ၏ အသံသည် ခေါင်းခြောက်လုံး ပင်လယ်နဂါး၏ နားထဲ ရောက်ရှိသွားခဲ့၏။

ထိုစကားကိုကြားသောအခါ ခေါင်းခြောက်လုံးပင်လယ်နဂါး၏ ကိုယ်မှ ကြောက်စရာကောင်းသော ဖိအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ‌သူ့ရှေ့လမ်းတစ်လျှောက်ရှိ မိစ္ဆာများ ကြောက်လန့်တကြား လမ်းဖယ်ပေးလိုက်ရသည်။

ကြီးမားလှသော ခေါင်းခြောက်လုံးပင်လယ်မိစ္ဆာကြီး၏ရှေ့တွင် မိစ္ဆာလေးများမှာ ပုရွက်ဆိတ်လေးများလိုပင်။

ခေါင်းခြောက်လုံးပင်လယ်မိစ္ဆာကြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် သူ့ပတ်ပတ်လည်တွင် တစ္ဆေစွမ်းအင်များ ထွက်ပေါ်လာခဲ့ကာ တစ္ဆေမများ သူ့ကိုယ်တဝိုက်၀န်းရံလာခဲ့ပြီး ထိုတစ္ဆေမများ၏ ရယ်သံက အဝေးရှိ ကျင့်ကြံသူများကိုပင် ပြုစားသလို ဖြစ်သွားခဲ့သည်။

“ခေါင်းခြောက်လုံး ပင်လယ်နဂါး လာနေပြီ!”

မီးခိုးရောင်၀တ်စုံ၀တ် ခပ်တောင့်တောင့်လူတစ်ယောက်၏ အသံက မိုးခြိမ်းသံကြီးနှယ် ကမ္ဘာတစ်ခွင် ဟိန်းထွက်လာခဲ့၏။

ခန်းထျန်းဂိုဏ်းချုပ် လျန်ခန်းဟိုင် ၀င်္ကပါရှေ့ဆုံးသို့ ပျံသန်းလာခဲ့ပြီး သူ့ဓားကိုမြှောက်ကာ ကြုံး၀ါးလိုက်လေသည်။

“ခန်းထျန်ဂိုဏ်းက တပည့်တွေ ငါ့အမိန့်ကိုနာခံကြ ဆေးဝါးတွေ သုံးစွဲပြီး သေတဲ့အထိ တိုက်ကြ!”

သူ့စကားသံ ထွက်ပေါ်လာသောအခါ ခန်းထျန်ဂိုဏ်းမှ တပည့်များ ညိုနက်ရောင်ဆေးများ ထုတ်လိုက်ကြပြီး သောက်လိုက်ကြရာ သူတို့ကိုယ်ထဲရှိ ချီသွေးများ ရုတ်ချည်း အားကောင်းလာခဲ့ပြီး မျက်နှာပေါ်ရှိ သွေးကြောများလည်း ဖောင်းကားလာကာ မျက်လုံးများလည်းကျယ်၍ သွေးရောင်တောက်လာကြသည်။

အခြားဂိုဏ်းများမှ ဂိုဏ်းချုပ်များလည်း အမိန့်ပေးလိုက်ပြီး သေသည်အထိတိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြ၏။ အဓိပတိဂိုဏ်းလည်း ခြွင်းချက်မဟုတ်ပေ။

ရွှမ်ကွမ်းလည်း တိုက်ပွဲထဲ ပြေး၀င်လာခဲ့ပြီး ကမ်းပါးစွန်းပေါ် ပျံသန်းလာခဲ့၏။ သူ့လက်တစ်ဖက်တွင် မြင်းမြှီးယပ်ကိုကိုင်ထားပြီး တစ်ဖက်တွင် အဆောင်စာရွက်ကို ကိုင်ထားပြီး သူ့ဆီမှ စိတ်ဝိညဉ်စွမ်းအင်များသည် သင်္ကေတများအဖြစ် အတန်းလိုက် ထွက်လာခဲ့သည်။

အခြား ဆန်းကြယ်နှလုံးသားအဆင့်များလည်း ကမ်းပါးထက် ရောက်ရှိလာခဲ့ကြပြီး ခေါင်းခြောက်လုံးပင်လယ်နဂါးကို အတူတူစုပေါင်း၍ တားဆီးရန် ပြင်လိုက်ကြ၏။

…..

မဟာကျင်းမင်းဆက်မှ အရူးဓားသမားဟန်မင်လည်း တိုက်ခိုက်ရန် နေရာယူထားလိုက်ပြီး သေသည်အထိ တိုက်ခိုက်ရန် ပြင်နေခဲ့သည်။

လုလင်ကျွမ်းမှာတော့ ကျန်းတစ်ရာခန့်ရှည်သော စပါးအုံးကြီးတစ်ကောင်ပေါ်တွင်ရပ်ကာ သူ့လက်နှစ်ဖက်တွင် ဓားတစ်လက်စီ ကိုင်ထားခဲ့၏။ ထိုအခိုက်တွင် သူ့အရှိန်အဝါမှာ လုံး၀ပြိုင်ဘက်ကင်းနေကာ သူ့မျက်လုံးထဲတွင်လည်း အကြောက်တရားရှိမနေခဲ့ပေ။

“ကြည့်ရတာ လူသားမျိုးနွယ်တွေဘက်မှာ မဟာယနအဆင့်မရှ်ိတော့တဲ့ပုံပဲ ဒါဆိုရင်တော့ သူတို့က မိစ္ဆာကလန်ရဲ့ အစာပဲ ဖြစ်လာသင့်တယ်”

အေးစက်နေသော ခေါင်းခြောက်လုံးပင်လယ်နဂါး ၏အသံထွက်ပေါ်လာခဲ့ပြီးနောက်တွင် သူ့ခြောက်လုံးမှ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသောကြောင့် ကမ္ဘာကြီးတစ်ခုလုံးပင် တုန်ခါသွားခဲ့ရသည်။

ထို့နောက် သူ့ခေါင်းခြောက်လုံးမှ ဟိန်းဟောက်သံကြီးသည် အသံတစ်ခုတည်းအဖြစ်ပေါင်းစည်းသွားကာ အဝေးထိ ပြန့်လွင့်သွားပြီး မင်းဆက်ကိုးခုနယ်မြေထိ ရောက်ရှိသွားခဲ့၏။

တိုက်ပွဲကြီးသည် အစပြုခဲ့လေပြီ!

ဤတစ်ကြိမ်တွင် ခေါင်းခြောက်လုံးပင်လယ်မိစ္ဆာလည်း ပါသောကြောင့် မဟာမိစ္ဆာကပ်ဘေးသည် တရား၀င်စတင်ပြီဟု ဆိုနိုင်ပေသည်။

…..

အဓိပတိဂိုဏ်း အပြင်စည်းမြို့တံတိုင်းအပြင်ဘက်တွင်

အဝေးမှ နဂါးဟိန်းသံကြီး ထွက်ပေါ်လာသောအခါ ကောင်းကင်ပေါ်ရှိနှင်းများပင် အေးခဲသွားပုံရပြီး ကောင်းကင်ပြုပြင်စင်မြင့်ထက်ရှိ သိန်းချီသော တပည့်များအားလုံး မျက်လုံးများ ပြိုင်တူ ဖွင့်လိုက်ကြ၏။

ကောင်းကင်ပြုပြင်စင်မြင့်အလယ်တွင် ထိုင်နေရင်း ကုကျုံး၏ အမူအရာလည်းရုတ်ချည်းပြောင်းလဲသွားပြီး သူ့မျက်လုံးထဲတွင်လည်း စိုးရိမ်ပူပန်သည့်အရိပ်အယောင်များ ပေါ်လာခဲ့သည်။

မြို့ထဲရှ်ိ လမ်းပေါ်ရှိတပည့်များရော အိမ်များထဲရှိ တပည့်များရောပါ သတိအနေအထား ဖြစ်သွားခဲ့၏။ မြောက်ပိုင်းရှိ အခြေအနေကို မမြင်ရသော်လည်း ထိုအသံကပင် သူတို့နှလုံးသားကို အေးစိမ့်သွားစေခဲ့သည်။

ဒီလောက်ကြောက်စရာကောင်းတဲ့ ဟိန်းသံကြီးကို ဘယ်လိုမိစ္ဆာမျိုးက ထုတ်လွှတ်နိုင်တာလဲ!

ဆန်းကြယ်တောင်ကြားရှိ တောင်ထိပ်တစ်ခုပေါ်တွင်

ကုအန်နှင့်ချူကျင့်ဖုန်း ဘေးချင်းယှဉ်ရပ်ကာ မြောက်အရပ်သို့ ကြည့်ရှုနေခဲ့ကြပြီး တိုက်ခတ်နေသော လေများကြောင့် သူတို့၀တ်စုံများက တဖျတ်ဖျတ်လွင့်နေခဲ့၏။

ဟိန်းဟောက်သံကြီးကို ကြားလိုက်သောအခါ ချူကျင့်ဖုန်းမျက်ခုံးများ တွန့်ကွေးသွားခဲ့ပြီး ကုအန်ကို မေးလိုက်သည်။ “တောင်ကြားသခင် ဒီကပ်ဘေးမှာ အဓိပတိဂိုဏ်းက ရှင်ကျန်ရစ်နိုင်မယ်လို့ ထင်လား”

ကုအန် တိုက်ပွဲကို နတ်အာရုံသုံး၍ လေ့လာနေရင်း ပြောလိုက်၏။

“ဒါပေါ့ ရှင်ကျန်ရစ်နိုင်တယ် အဓိပတိဂိုဏ်းကို ယုံလိုက်ရအောင် ငါတို့ အမတကျင့်ကြံခြင်းလောကကြီးကို ယုံလိုက်ရအောင်”

ခေါင်းခြောက်လုံးပင်လယ်နဂါး ချောက်နက်ကြီးကို ကျော်လာသောအခါ မင်းဆက်ရှစ်ခုလုံးမှ ဆန်းကြယ်နှလုံးသားအဆင့် အရှိန်အဝါများအားလုံး မြောက်အရပ်ဆီ တရှိန်ထိုး ‌ပျံသန်းသွားကုန်ကြသည်။

ပျံသန်းသွားနေကြသည်မှာ မင်းဆက်ရှစ်ခုနယ်မြေထဲမှသာ မဟုတ်ပေ!

တောင်ပင်လယ်ထဲမှလည်း အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့ကြ၏။

ထိုအခိုက်တွင် နှစ်ပေါင်း ၁၀၀၀၀ တိုင်တည်မြဲခဲ့သော မင်းဆက်ရှစ်ခု၏ အခြေခံအုတ်မြစ်ကို ကုအန် ခံစားလိုက်ရသည်။

ကုအန် ဘယ်လက်က သူ့ညာလက်မှ အမွှာအသည်းလက်စွပ်ဆီ ရောက်ရှိနေခဲ့ပြီး အမှန်တကယ်တော့ ထိုလက်စွပ်မရှိလျှင်ပင် သူလုလင်ကျွမ်း၏ တည်ရှိမှုကို အာရုံခံမိနေဆဲပင်။

အဝေးတစ်နေရာတွင် အားကောင်းလှသော ခေါင်းခြောက်လုံးပင်လယ်နဂါးကြောင့် လုလင်ကျွမ်း ဒဏ်ရာအပြင်းအထန်ရနေခဲ့သည်။ ထိုမိစ္ဆာကြီးသည် အားကောင်းလှသောကြောင့် သူတစ်ချက်လှုပ်ရှားလိုက်လျှင်ပင် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးပစ်လိုက်တော့မလို ဖြစ်နေခဲ့၏။ ထို့ကြောင့် လူသားမျိုးနွယ်များ နောက်သို့သာ ဆုတ်ပေးနေခဲ့ရသည်။

“နှမြောစရာပဲ ငါသာ အခုလိုဒုက္ခိတဖြစ်မနေရင် ငါတိုက်ပွဲမြေပြင်မှာ သေရမယ်ဆိုရင်တောင် စစ်ပွဲမှာ ပါ၀င်မိမှာပဲ” ချူကျင့်ဖုန်း သက်ပြင်းချလိုက်၏။

ကုအန် ချူကျင့်ဖုန်း ပုခုံးကို ပုတ်လိုက်ကာ ပြောလိုက်သည်။

“ဘယ်လိုလုပ် မင်းကဒုက္ခိတဖြစ်ရမှာလဲ မင်းအသက်ရှင်နေသေးသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိနေဦးမှာပဲ မင်းရဲ့လက်ရှိအခြေအနေကို တွန်းအားအဖြစ်ပြောင်းလဲပစ်လိုက်လို့ ရတယ် တစ်နေ့မှာ အဓိပတိဂိုဏ်းက ဂိုဏ်းကိုကယ်တင်ဖို့ မင်းကို လိုအပ်လာနိုင်တယ် အဲ့ဒီအခါမင်းက ဂိုဏ်းရဲ့သူရဲကောင်းဖြစ်လာလိမ့်မယ် အဲ့ဒီအဖြစ်အပျက်က ငါ့သက်တမ်းတလျှောက်မှာ ဖြစ်ဖို့ မျှော်လင့်မိတယ်”

ချူကျင့်ဖုန်း ကုအန်ကိုလှည့်ကြည့်ကာ မေးလိုက်၏။

“မင်းတကယ်ပဲ ငါအဲ့ဒီလိုလုပ်နိုင်မယ်လို့ ထင်တယ်လား”

ကုအန် ပြုံးကာ ပြောလိုက်သည်။

“ဒါပေါ့ ညီကိုချူ မင်းကငါ့မျက်လုံးထဲမှာတော့ ကောင်းကင်ရဲ့ ကလေးငယ်ပဲ ငါမလုပ်နိုင်တာတွေကို မင်းလုပ်နိုင်မှာ သေချာတယ်”

ကောင်းကင်ရဲ့ ကလေးငယ်တဲ့လား!

ချူကျင့်ဖုန်း ကုအန်၏ အပြုံးကိုကြည့်ကာ အားအင်တွေ ပြည့်ဖြိုးလာသလို ခံစားလိုက်ရ၏။

ဤနှစ်များအတွင်း ကုအန်သည် သူ့ကို အမြဲအားပေးနေခဲ့သည်။

အကယ်၍ သူ့အားပေးမှုကသာ အစစ်အမှန်မဟုတ်ပါက ယနေ့ထိ ခံ‌နေမည် မဟုတ်ပေ။

ကြည့်ရသည်မှာ ကုအန်သည် သူ့အပေါ် အမှန်တကယ်ပင် မျှော်လင့်နေပုံ ရပေသည်။

“ဆရာသခင်ဓားအရှင် ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ!”

ကုကျုံး၏ အော်သံကြီးသည် လေနှင့်အတူ ကုအန်တို့ နှစ်ယောက်စီ ရောက်ရှိလာခဲ့၏။

ချူကျင့်ဖုန်း ဘာမှမပြောနိုင်သေးခင်မှာပင် သိန်းချီသော တပည့်များ၏ တပြိုင်တည်း အော်သံများ ထွက်ပေါ်လာခဲ့ပြီး လေသံနှင့် နှင်းသံများပင် ပျောက်ကွယ်သွားခဲ့ရသည်။

“ဆရာသခင်ဓားအရှင် ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ!”

“ဆရာသခင်ဓားအရှင် ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ!”

စင်မြင်ပေါ်တွင် လူများများလာသည်နှင့် အမျှ အော်သံမှာ ပို၍ ကျယ်လောင်လာခဲ့သည်။

ချူကျင့်ဖုန်း ပြောလိုက်၏။

“အနာဂတ်မှာ ငါက အဓိပတိဂိုဏ်းရဲ့ သူရဲကောင်းဖြစ်လာမလာ မသေချာပေမယ့် လက်ရှိမှာတော့ ဆရာသခင်ဓားအရှင်က အဓိပတိဂိုဏ်းရဲ့ သူရဲကောင်းပဲ”

အပြင်စည်းမြို့ထဲတွင်

ကောင်းကင်ပြုပြင်စင်မြင့်ထက်ရှိ တပည့်များအားလုံး အားကုန်သုံး၍ အော်ဟစ်ကာ တောင်းဆိုနေခဲ့ကြပြီး လမ်းပေါ်ရှိ တပည့်များပင် ထိုတောင်းဆိုမှုတွင် ပါ၀င်လာခဲ့ကြကာ ဆရာသခင်ဓားအရှင် လှုပ်ရှားပေးဖို့ တောင်းဆိုလာခဲ့ကြသည်။

အားကုန်သုံး၍ အော်ဟစ်ကာ တောင်းဆိုနေသော ကုကျုံး တောင်းဆိုနေရင်း တစ်ခုခုကို သတိထားမိသွားပြီး သူ့ရတနာဓားကို ငုံ့ကြည့်လိုက်ရာ ရတနာဓားသည် တုန်ခါနေပြီး ဓားအိမ်ထဲမှ ထွက်လာတော့မလို ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

သူတင်မဟုတ်ဘဲ အခြားတပည့်များအားလုံးလည်း ထိုအရာကို ခံစားလိုက်ကြရပြီး အချို့တပည့်များဆိုလျှင် သူတို့သိုလှောင်အိတ်ထဲမှ ဓားများကို ထုတ်ကြည့်လိုက်ကြလေသည်။

လမ်းပေါ်ရှိ တပည့်များပင် သူတို့လက်ထဲ သို့မဟုတ် ခါးပေါ်တွင် တုန်ခါနေသော ဓားများကို အံ့အားတကြီး ကြည့်မိနေကြ၏။

သူတို့ဓားများအားလုံး၏ ဓားသွားများသည် တုန်ခါနေခဲ့ကြပြီး ကြောက်မက်ဖွယ် ဓားဆန္ဒကြီးတစ်ခု၏ လွှမ်းမိုးမှုကို ခံနေကြရသလိုပင်။

ဖြစ်နိုင်တာက….

ရဲတင်းသော ခန့်မှန်းချက်တစ်ခု အဓိပတိဂိုဏ်းမှ ကျင့်ကြံသူများ၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့ကြလေသည်။

All Chapters