အခန်း (၁၆၅-၁၆၆)
Vol. 14 Ch. 165-166
အပိုင်း(၁၆၅)
မဟာမိစ္ဆာဘုရင်ကို သတ်ဖြတ်ခြင်း၊ ကြောက်စရာကောင်းသော ဆရာသခင်ဓားအရှင်
မြို့ထဲရှိ ရတနာဓားများနှင့် ဓားပျံများအားလုံး တုန်ခါနေကြသောကြောင့် လူတိုင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။တချို့ဆိုလျှင် သူတို့၏လှုပ်ခါနေသော ဓားများကို မြှောက်၍ပင် ကိုင်လိုက်မိကြ၏။
“ဒါက ဆရာသခင်ဓားအရှင်ရဲ့ ဓားဆန္ဒပဲ!”
“ဆရာသခင်ဓားအရှင်က ငါတို့ခေါ်သံကို ကြားတယ်!”
“ဒီဓားဆန္ဒက တကယ်ကြီး ဆရာသခင်ဓားအရှင်ရဲ့ ဓားဆန္ဒပဲ!”
“ဒီလောက် ကျယ်ပြန့်တဲ့ ဓားဆန္ဒမျိုးက ခေါင်းခြောက်လုံးပင်လယ်နဂါးကို ရင်ဆိုင်နိုင်လောက်လား”
“ဆရာသခင်ဓားအရှင်က ဘယ်မှာလဲ သူကမြို့ထဲမှာများလား”
မြို့ထဲတွင် ကျယ်လောင်သော ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့ကြသည်။
ကလက်!
ထိုစဉ် ဓားများ ဓားအိမ်ထဲမှ ထွက်ပေါ်လာသောအသံ ထွက်ပေါ်လာခဲ့ကာ ဓားများသည် ဓားအိမ်ထဲမှ ထွက်သွားကြကာ ဓားဦးများက ကောင်းကင်ပေါ်ထောင်လျှက် တူညီသော အမြင့်တစ်နေရာတွင် ပေါလောပေါ်နေခဲ့၏။ လေထဲရှိ ဓားများအရေအတွက်မှာ ဓားအစင်းပေါင်း ၁သန်းပင် ကျော်သောကြောင့် နှင်းမုန်တိုင်းကပင် ထိုဓားများ၏ တည်ရှ်ိနေမှုကို ဖုန်းကွယ်မထားနိုင်ခဲ့ပေ။
ကောင်းကင်ပြုပြင်စင်မြင့်ထက်တွင် ကုကျုံးနှင့် အခြားတပည့်များ ကောင်းကင်ထက်ရှ်ိ ဓားများကို မော့၍ ကြည့်ရှုနေခဲ့ကြသည်။
တိရှီ ခေါင်မိုးပေါ်တွင် ရပ်နေရင်း ကောင်းကင်ထက်ရှိ ဓားများကို မယုံသင်္ကာသော အကြည့်ဖြင့် ကြည့်ရှုနေခဲ့သည်။ အဓိပတိဂိုဏ်းတွင် နှစ်ပေါင်းများစွာ နေလာပြီးသည့်နောက် သူ ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒကို အတော်လေးနားလည်လာခဲ့ပြီး သူအရင်က ထိုဓားဆန္ဒကို အတော်လေးပိုတွက်မိသည်ဟု တွေးနေမိခဲ့၏။ သို့သော် အခုတော့ ထိုဓားဆန္ဒ၏ ခန့်မှန်း၍မရအောင် နက်ရှိုင်းသော နက်နဲမှုကို သူနားလည်သွားခဲ့ရသည်။
ဆန်းကြယ်နှလုံးသား အဆင့် ၃ တွင်ရှိသော သူ့လိုလူအတွက်ပင် ထိုဓားဆန္ဒမှာ သူလက်လှမ်းမမှီနိုင်သော နေရာတွင် ရောက်ရှိနေခဲ့သည်။
တစ်မြို့လုံး၏ မျက်စိအောက်တွင် တစ်သန်းကျော်သော ဓားများမှာ မြောက်အရပ်သို့ ပျံသန်းသွားခဲ့ကြ၏။ ထိုဓားများမှ ဓားချီများလည်း ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြားရှိ နှင်းများကို ထိုးခွဲသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။ ဓားအလင်းတန်းကြီးသည် အဖြူရောင်နှင်းထုကို ထိုးခွဲသွားကာ အပြာရောင်အလင်းတန်းကြီးကိုသာ ချန်ထားခဲ့သော မြင်ကွင်းမှာ ရင်သက်ရှုမောစရာပင်။
ဓားပျံ၀င်္ကပါကြီး ပျောက်ကွယ်သွားသော အရပ်ကိုကြည့်နေရင်း သူ့မျက်နှာကို ပြင်းထန်သော ဆောင်းလေထုက တိုက်ခတ်နေသောကြောင့် ကုကျုံး ဆံပင်များ ရှုပ်ပွနေခဲ့ရ၏။ သို့သော် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေခဲ့ပြီး စိုးရိမ်ပူပန်မှုများ ရှိမနေတော့ပေ။
“ခေါင်းခြောက်လုံးပင်လယ်နဂါး မင်း ငါတို့အဓိပတိဂိုဏ်းရဲ့ အားအကောင်းဆုံး ဓား ကို ယှဉ်နိုင်မှာတဲ့လား!”
…..
မဟာကျင်းမင်းဆက် မြောက်ပိုင်းနယ်မြေတွင်
မဆုံးနိုင်သော ကျင့်ကြံသူအတန်းကြီးသည် မြှားတန်းကြီးသဖွယ် မြောက်အရပ်သို့ ဦးတည်လာနေခဲ့ကြသည်။
သူတို့ဦးတည်လာနေသော မိစ္ဆာစစ်မြေပြင်တွင် ခေါင်းခြောက်လုံးပင်လယ်နဂါးကြီးသည် ကျင့်ကြံသူများနှင့် မိစ္ဆာများကြားရှ်ိ ချောက်နက်ကြီးကို ခုန်ကျော်လာခဲ့ပြီးပြီ ဖြစ်ကာ သူ့နောက်မှလည်း မိစ္ဆာများ ခုန်ကျော်၍ လိုက်ပါလာခဲ့ကြသည်။ ထိုမိစ္ဆာများသည် သူ့နောက်မှနေ၍ လူသားမျိုးနွယ် ကုန်းမြေကို စတင်ဖျက်ဆီး နင်းချေပစ်နေခဲ့ကြ၏။
ခေါင်းခြောက်လုံး ပင်လယ်နဂါး၏ လက်ထဲတွင် ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူတစ်ယောက်လည်းရှ်ိနေပြီး ထိုကျင့်ကြံသူက ရုန်းကန်ဖို့ ကြိုးစားနေသော်လည်း မိစ္ဆာကြီး၏ လက်ဖဝါးထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ကျန်းတစ်ထောင်အဝေးတွင် များစွာသော ဆန်းကြယ်နှလုံးသားအဆင့်များက မှော်သိုင်းများ နတ်သိုင်းများ သုံးကာ တိုက်ခိုက်နေကြသော်လည်း သူတို့တိုက်ခိုက်မှုက ခေါင်းခြောက်လုံးပင်လယ်နဂါးကို မထိခိုက်စေခဲ့သလို သူ့ချပ်၀တ်ကိုလည်း မဖောက်နိုင်ခဲ့ပေ။
သို့သော် သူတို့တိုက်ခိုက်မှုကြောင့် ကောင်းကင်မှ ကျောက်တုံးများမှာ ဥက္ကာပျံများသဖွယ် ကျဆင်းနေခဲ့ပြီး မိစ္ဆာစစ်တပ်ပေါ် ကျနေခဲ့သော်လည်း ခေါင်းခြောက်လုံးပင်လယ်နဂါးက သူ့စစ်သားများကို ကယ်တင်ချင်စိတ် မရှ်ိခဲ့ပေ။
ထိုစဉ် ပင်လယ်နဂါးကြီးက သူ့လက်ကြီးကို မြှောက်၍ သူ့လက်ထဲမှ ဆန်းကြယ်နှလုံးသားအဆင့်ကို ပါးစပ်ထဲ ပစ်ထည့်ကာ ဝါးစားပစ်လိုက်လေတော့သည်။ စားပြီးသည်နှင့် ခေါင်းကြီးခြောက်လုံးလုံးက ပတ်၀န်းကျင်သို့ လှည့်ပတ်၍ ကြည့်ရှုနေခဲ့၏။ ထို့နောက် သူ့အကြည့်က အဝေးတစ်နေရာရောက်သွားပြီး သေဆုံးနေသော မိစ္ဆာများကို တစ်လုပ်တည်းနှင့် ကောက်ယူ၍ မျိုချပစ်လိုက်လေသည်။
မိစ္ဆာကြီး၏ ခေါင်းခြောက်လုံးရှိ နှုတ်ခမ်းထောင့်များမှ သွေးများက မိုးရွာသလို ကျဆင်းလာခဲ့ကာ မြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။
သူ့ပုံစံကြီးမှာ အတော်လေး လွှမ်းမိုးနိုင်ကာ မာနလည်း ကြီးလွန်းလှပုံ ပေါ်ပေါ်သည်။
ဆန်းကြယ်နှလုံးသားအဆင့်ကျင့်ကြံသူများအားလုံး အရင်က မခံစားခဲ့ဖူးသော အားနည်းနေသည့် စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရ၏။ ထိုကဲ့သို့သော
ခံစားချက်မျိုးကို သားသတ်အမတကျင်းနှင့် ရင်ဆိုင်ရတုန်းကပင် ထိုလူမှာ အမြန်သေသွားခဲ့သောကြောင့် မခံစားခဲ့ရဖူးပေ။ သို့သော် အခုတော့ မဟာယနအဆင့်တစ်ယောက်၏ စွမ်းအားကို သူတို့ခံစားနေခဲ့ရလေသည်။
လုလင်ကျွမ်း ဝိညဉ်ဖြူမိစ္ဆာဧကရီပေါ်တွင် ရပ်နေရင်း သူ့ပုခုံးရှ်ိ ဒဏ်ရာမှ သွေးများစီးကျနေခဲ့၏။ သူ့မျက်လုံးများက အဝေးရှိ ခေါင်းခြောက်လုံးပင်လယ်နဂါးဆီ ရောက်ရှိနေပြီး အလိုမကျမှုများဖြင့်ပြည့်နှက်နေခဲ့သည်။
“ကျွန်မတို့ သူ့ချပ်၀တ်ကို ချိုင့်သွားအောင်တောင် မလုပ်နိုင်ဘူး ဒီတိုင်းသာဆက်သွားနေရင် အချိန်မရွေး ဒီကောင်ကြီးရဲ့ ပါးစပ်ထဲ ရောက်သွားလိမ့်မယ်”
မြွေဖြူမိစ္ဆာဧကရီ ပြောလိုက်ပြီး ယခုအချိန်တွင် သူဖြစ်ချင်သည်မှာ ဤနေရာကြီးမှ ထွက်သွားချင်စိတ်သာ ရှ်ိတော့၏။
လုလင်ကျွမ်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်လေသည်။ ဆက်လက်တိုက်ခိုက်နေလျှင်လည်း မည်သည့်အောင်မြင်မှုမှ ရလာမည်မဟုတ်ဘဲ သက်သက်မဲ့ စတေးရခြင်းသာ ဖြစ်သွားမည်မှန်း သူသိပေသည်။
ထို့ကြောင့် သူဆုတ်ခွာဖို့ တွေးနေမိပြီး သူဆုတ်ခွာလိုက်သည်မှာ ဤစစ်မြေပြင်တင်မကဘဲ ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှ ဖြစ်သည်။
ထိုအခိုက်တွင်
သူတစ်ခုခုကို အာရုံခံလိုက်မိပြီး နောက်ပြန်လှည့်ကြည့်လိုက်ရာ သူ့မျက်လုံးများ မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားခဲ့ကြ၏။
သူ့နောက်တွင် ကျယ်ပြည့်လှသော နှင်းထုကြီးသာ ရှ်ိနေပြီး အဖြူရောင်နှင်းများက အရာအားလုံးကို ဖုံးလွှမ်းနေခဲ့သည်။
သူတင်မဟုတ်ဘဲ အခြားကျင့်ကြံသူများလည်း တခုခုကို အာရုံခံလိုက်မိပြီး နောက်သို့ တပြိုင်တည်း လှည့်ကြည့်လိုက်မိကြ၏။
စားသောက်နေသော ခေါင်းခြောက်လုံးပင်လယ်နဂါးကြီးလည်း တစ်ခုခုကို သတိထားမိသွားပြီး နှင်းထုထဲသို့ ကြည့်လိုက်လေသည်။
ထို့နောက် သူ့နဂါးခေါင်းခြောက်လုံးက တပြိုင်တည်းဟိန်းဟောက်လိုက်ပြီး ဟိန်းသံကြီးတစ်သံထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေပြင်လှုပ်ခါသွားခဲ့ပြီး အဆင့်နိမ့်ကျင့်ကြံသူများ ဒွရပေါက်များမှ သွေးများပင် စီးကျလာခဲ့ရသည်။
ခေါင်းခြောက်လုံးပင်လယ်နဂါး သူ့လက်ကို မြှောက်လိုက်ရာ သူ့လက်ထဲတွင် မိစ္ဆာချီများ စုဝေးလာခဲ့၏။ ထို့နောက် သူ့လက်ထဲတွင်အရိုးဓားကြီးတစ်လက် ပေါ်လာခဲ့ပြီး ထိုဓားကြီးကို လက်နှစ်ဖက်လုံးဖြင့်ကိုင်၍ အရှေ့သို့ လွှဲခုတ်လိုက်လေတော့သည်။
တစ်ချက်ခုတ်လိုက်သည်နှင့် မိစ္ဆာချီလှိုင်းကြီးထွက်ပေါ်လာခဲ့ပြီး ထိုလှိုင်းကြီးက လမ်းတွင်နဂါးနက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ မျက်စိတဆုံးရှိ နှင်းထုထဲ ပြေးထွက်သွားခဲ့၏။ လမ်းတစ်လျှောက်ရှိ မရှောင်နိုင်သော ကျင့်ကြံသူများမှာ ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
ဝုန်းး
နှင်းထုထဲမှ ကမ္ဘာမြေတုန်ဟီးသွားေသာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။ ထို့နောက် တလက်လက်တောက်နေသော ဓားအလင်းရောင် တစ်ချက်ပေါ်လာခဲ့ကာ ကြောက်စရာကောင်းသော ဓားချီက နဂါးနက်ကြီးထက် ပိုမြန်သော အလျင်ဖြင့် လမ်းတလျှောက်ရှိ မရေတွက်နိုင်သော ကျင့်ကြံသူများကို ဖြတ်ကာ ပြေးထွက်သွားခဲ့သည်။
ဓားချီ ဖြတ်သန်းသွားခြင်းကို ခံလိုက်ရသော ကျင့်ကြံသူများသည် သူတို့ပတ်၀န်းကျင်ရှိ ကမ္ဘာကြီးတောက်ပသွားသည်ကို ခံစားလိုက်ရပြီး ကျယ်ပြန့်ကာ ဆန်းကြယ်သော ဓားဆန္ဒတစ်ခုက သူတို့ကို ဖုံးလွှမ်းသွားခဲ့၏။ ထို့နောက်တွင် ဓားချီများ ရစ်ပတ်ထားသည့် မရေတွက်နိုင်ေသာ ဓားများက သူတို့ မြင်ကွင်းစီ ၀င်လာခဲ့ကြသည်။
ကျင့်ကြံခြင်းမြင့်မားသော လုလင်ကျွမ်းပင် တုံ့ပြန်ချိန်မရလိုက်ဘဲ မရေတွက်နိုင်သော ဓားများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရ၏။ သူလှုပ်လည်းမလှုပ်ရဲဘဲ ထိုဓားများ သူ့ကိုဖြတ်သန်း၍ ခေါင်းခြောက်လုံး ပင်လယ်နဂါးဆီ ဦးတည်သွားသည်ကိုသာ ငြိမ်၍ ကြည့်ရှုနေခဲ့ရသည်။
သူမ၏ လှပသော မျက်လုံးလေးများလည်း အံ့အားသင့်မှုကြောင့် ပြူးကျယ်နေခဲ့၏။
ခေါင်းခြောက်လုံးပင်လယ်နဂါး အလျင်အမြန် တုန့်ပြန်လိုက်လေသည်။ သူ့အရိုးဓားကြီးကို လွှဲ၍ ခုတ်ပြီးပြီးချင်း နဂါးခေါင်းခြောက်လုံးလုံး၏ ပါးစပ်များကို ဟလိုက်ကာ မီးများ မှုတ်ထုတ်လိုက်ပြီး မီးတန်းကြီးက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားခဲ့သည်။
ဝုန်းးးး
မီးတောက်များပြိုကွဲသွားပြီး ဧရာမမိစ္ဆာခန္ဓာကိုယ်ကြီးသည် နောက်သို့ ဆုတ်ပေးလိုက်ရကာ သူ့ကိုယ်မှ အသားစများသည် မိုးများသဖွယ် မြေပြင်ပေါ်ရွာကျလာခဲ့၏။
ခြေခုနှစ်လှမ်းနောက်ဆုတ်ပြီးသည့်နောက်တွင် မိစ္ဆာကြီး ရပ်တန့်သွားခဲ့လေသည်။ ထို့နောက်တွင်တော့ သန်းချီသော ဓားများက သူ့တကိုယ်လုံးကိုထွင်းဖောက်သွားပြီး သူ့နောက်ရှိ ကောင်းကင်တွင် လခြမ်းကွေးသဖွယ် ဓားရာတစ်ချက်ပေါ်သွားကာ ဓားများက လေထဲတွင် ပေါလောပေါ်နေခဲ့၏။
မရေတွက်နိုင်သော မိစ္ဆာများ ကျင့်ကြံသူများ ထိုမြင်ကွင်းကို မျက်တောင်မခတ်ဘဲ ကြည့်နေစဉ်တွင် မိစ္ဆာကြီး၏ မိစ္ဆာချီများ ပျောက်ကွယ်သွားပြီး နဂါးခေါင်းများသည် တစ်လုံးပြီးတစ်လုံးမြေပေါ် ပြုတ်ကျလာခဲ့ပြီး မြေပေါ်တွင် ဖုန်လုံးကြီးများ ဖြစ်ပေါ်သွားခဲ့သည်။
မိစ္ဆာကြီး၏ ကြောက်စရာ ခန္ဓာကိုယ်ကြီးတွင်တော့ မရေတွက်နိုင်သော သွေးပေါက်များ ဖြစ်ပေါ်နေပြီး ကြည့်ရှုမိသူကို ကြက်သီးမွှေးညှင်းများ ထသွားစေနိုင်ကာ သူ့အသက်စွမ်းအင်မှာလည်း လုံး၀ ကွယ်ပျောက်သွားခဲ့ရသည်။
ထိုက်ကန်နတ်မင်သက်ဓားသိုင်း၏ ဓားဆန္ဒသည် သူ့မူလဝိညဉ်ကို ဖျက်ဆီးသွားခဲ့ပြီး မူလဝိညဉ်က မဟာယနမိစ္ဆာဆေးနှင့်အတူ ကောင်းကင်ယံရှိ ဓားများအလယ်တွင် ပြန့်ကျဲနေခဲ့၏။
တိတ်ဆိတ်မှုသည် ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းသွားခဲ့သည်။
လူသားမျိုးနွယ်မှ ကျင့်ကြံသူများရော မိစ္ဆာများပါ ထိုမြင်ကွင်းကို စိုက်ကြည့်ကာ ဆွံ့အနေခဲ့ကြသည်။
ပြိုင်ဘက်ကင်းလုနီးနီးသန်မာသော ခေါင်းခြောက်လုံးပင်လယ်နဂါးက ဤသို့ သေဆုံးသွားရပြီလော။
ဆွစ်..ဆွစ်..ဆွစ်!
သန်းချီသော ဓားများက ထိုက်ကန်မင်းဆက်ရှိရာ အရပ်ဆီဦးတည်၍ ပြန်သွားကြပြီး ဓားလေထိုးခွဲသံက တိတ်ဆိတ်မှုကို ချိုးဖျက်သွားခဲ့သည်။
“ဆရာသခင်ဓားအရှင်! အဲ့တာ ငါတို့အဓိပတိဂိုဏ်းက ဆရာသခင်ဓားအရှင်ကွ!”
ကြီးမြတ်သော ကျင့်ကြံသူတစ်ယောက် အားပါးတရအော်ဟစ်လိုက်၏။ ထို့နောက်တွင်တော့ သူတင်မကဘဲ ကောင်းကင်ပြုပြင်စင်မြင့်ထက်တွင် ဓားဆန္ဒကို လေ့လာဖူးသော ကျင့်ကြံသူတိုင်း ဆရာသခင်ဓားအရှင် နာမည်ကို အော်ဟစ်ကြလေတော့သည်။
လုလင်ကျွမ်း ကောင်းကင်ထက်ရှိ ပျံသန်းနေသော ဓားများကိုကြည့်ကာ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့၏။
သူ့ခြေထောက်အောက်ရှိ ဝိညဉ်ဖြူမိစ္ဆာဧကရီမှာလည်း ကြောင်အနေကာ ပြောစရာမဲ့နေခဲ့သည်။
“သတ်…”
ထိုစဉ် လျန်ခန်းဟိုင်၏ အော်သံကြီးထွက်ပေါ်လာခဲ့ပြီး သူ့အသံမှာ အတော်လေး စိတ်လှုပ်ရှားနေပုံပေါ်ကာ သူ့အသံထွက်ပေါ်လာသည်နှင့် ခန်းထျန်ဂိုဏ်းမှ ကျင့်ကြံသူများ မိစ္ဆာများစီ ပြေး၀င်သွားကြလေတော့သည်။
ခေါင်းခြောက်လုံးပင်လယ်နဂါး ၏သေဆုံးမှုကြောင့် မိစ္ဆာစစ်တပ်ကြီးသည် ပြိုကွဲသွားကာ မိစ္ဆာစစ်သားများ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြပြီး မိစ္ဆာဘုရင်များလည်း မြန်နိုင်သမျှမြန်မြန် မိစ္ဆာနယ်မြေစီ ပြန်ပြေးကုန်ကြ၏။
အားကောင်းလှသော ဓားများ ကောင်းကင်ထက်မှ ပျံသန်းသွားစဉ်တွင် လမ်းတလျှောက်ရှိ ကျင့်ကြံသူများအားလုံး ထိုဓားများကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။
မဟာကျင်းမင်ဆက်၊ ထိုက်ချန်မင်းဆက်၊ မြောက်ပင်လယ်တောင်တန်းဒေသ….
သူတော်စင်ရွှမ်မြောင် တောင်ထိပ်တစ်ခုတွင်ရပ်နေရင်း ကောင်းကင်ပေါ်မှ ဖြတ်ပျံသွားသော ဓားအစုအဝေးကြီးကို ကြည့်ကာ သူ့စိတ်ထဲ ရှုပ်ထွေးသွားခဲ့ရ၏။
လွန်ခဲ့သော ခဏကမှ ထိုဓားအစုအဝေးကြီး မြောက်အရပ်ဆီ ဦးတည်သွားသည်ကို သူတွေ့ခဲ့ရပြီး ယခုဘာကြောင့် ထိုဓားများက ပြန်လာရသနည်း။
သူထိုဓားများ မိုးကုတ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားသည့် အချိန်ထိ ကြည့်ရှုနေခဲ့ပြီးနောက်တွင် အတွေးနွံနစ်သွားခဲ့လေသည်။
တိုက်ပွဲအလယ်တွင် ကုအန် ဓားအစုအဝေးကြီးအလယ်တွင် ပေါ်လာခဲ့သေးပြီး ခေါင်းခြောက်လုံးပင်လယ်နဂါး၏ မိစ္ဆာအမြုတေကို သိမ်းပြီးမှ ပြန်ပျောက်သွားခဲ့ခြင်း ဖြစ်၏။
ထို့နောက် ကုအန် ဆန်းကြယ်တောင်ကြားရှိ သူ့အိမ်သို့ ပြန်လာခဲ့သည်။ သူပျောက်သွားတာ အသက်နှစ်ရှိုက်စာလောက်သာ ဖြစ်သောကြောင့် ဘယ်သူမှလည်း သတိမထားမိခဲ့ကြပေ။
ကုအန် သူ့နတ်အာရုံကိုသုံးကာ ဓားများအားလုံးကို ပိုင်ရှင်ဆီ ရောက်အောင်လမ်းညွှန်ပေးနေခဲ့၏။ ဓားများ အပြင်စည်းမြို့မှ ကျင့်ကြံသူများလက်ထဲရောက်လာချိန်တွင်တော့ အပြင်စည်းမြို့တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလေတော့သည်။
ခေါင်းခြောက်လုံးပင်လယ်နဂါးကို သတ်ဖြတ်ခြင်းမှ ကုအန် သက်တမ်း ၈၀၀ ရရှိခဲ့ပြီး ထိုပမာဏက အဆင့် ၈ စိတ်ဝိညဉ်ပင်တစ်ပင်နှင့် ယှဉ်ပါက အတော်လေး လျော့နည်းလှ၏။
ထို့နောက် ကုအန် သူ့စိတ်တည်ငြိမ်သွားစေရန် တာအိုပညာရှင်ရွှမ်ချွမ်းစာအုပ်ကို ကောက်ကိုင်လိုက်သည်။
သူ့အပြုအမူများက မဟာမိစ္ဆာကပ်ဘေးကို အရှိန်မြှင့်ပေးလိုက်သလို ဖြစ်သွားမလားဆိုတာကိုလည်း သူစိတ်ပူနေမိသည်။
အကယ်၍ မဟာမိစ္ဆာကပ်ဘေးသာရှေ့တိုးလာပါက သူ့တွင် သက်တမ်း ၁ဝသန်း အမြန်ပြည့်စေရန် အစုလိုက် အပြုံလိုက်သတ်ဖြတ်ဖို့မှ လွဲ၍ ရွေးစရာမရှ်ိတော့ပေ။
ကုအန် သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ကာ မိစ္ဆာတစ်ကောင်ဖြစ်မလာလိုသော်လည်း အသက်ရှင်ဖို့အတွက်ဆိုလျှင်တော့ သူ့စည်းမျဉ်းများကို လျှော့ချပစ်မည်သာ။
…..
အပြင်စည်းမြို့ထဲတွင်
တိရှီ ကောင်းကင်ပြုပြင်စင်မြင့်ထက်ရှ်ိ ကျင့်ကြံသူများကို ကြည့်ကာ ငေးကြောင်နေခဲ့သည်။
သူ့ဆန်းကြယ်နှလုံးသားအဆင့် ၃ စွမ်းအားအရ ခေါင်းခြောက်လုံးပင်လယ်နဂါး၏ ချီများ ပျောက်ဆုံးသွားပြီဖြစ်မှန်း သူခံစားနေရပြီ ဖြစ်သည်။
အချိန်ဘယ်လောက်ကြာသွားတာလဲ!
ဆရာသခင်ဓားအရှင်က ခေါင်းခြောက်လုံးပင်လယ်နဂါးကို သတ်ဖို့ အခြားလူတွေရဲ့ ဓားကိုသုံးသွားတာပဲ….
တိရှီ ခေါင်းခြောက်လုံးပင်လယ်နဂါးကို မကြိုက်သော်လည်း ထိုကောင်က အတော်လေး သန်မာတာကိုတော့ ၀န်ခံရပေလိမ့်မည်။ သူ့စွမ်းအားသည် မဟာမိစ္ဆာဘုရင် ၇၂ ပါးထဲတွင်ပင် ထိပ်ပိုင်း၌ ပါပေသည်။
ထိုကဲ့သို့သော ခေါင်းခြောက်လုံး ပင်လယ်နဂါးကိုသတ်ဖြတ်ရန် ဆရာသခင်ဓားအရှင်က မည်မျှ သန်မာနေရမည်နည်း။
တိရှီ ရုတ်တရက် နောက်လာမည့် စစ်ပွဲ၏ ရလဒ်က ခန့်မှန်းမရနိုင်တော့ဘူးဟု ခံစားလိုက်ရသည်။
ဆရာသခင်ဓားအရှင်သည် သူ့အဖေ မိစ္ဆာဧကရာဇ်၏ အကြီးမားဆုံး အတားအဆီး ဖြစ်လာပေလိမ့်မည်။
သူထိုအကြောင်းကို စိုးတော့မစိုးရိမ်ခဲ့ပေ။ ထိုအစား ထိုသို့ဖြစ်လာရန်ပင် မျှော်လင့်နေမိသေးသည်။
မိစ္ဆာကလန်ထဲရှ်ိ လေထုနှင့် ယှဉ်ပါက ဤနေရာရှိ လေထုကို တိရှီပို၍ သဘောကျနေခဲ့၏။ အနည်းဆုံးတော့ ဤနေရာတွင် အချင်းချင်းတိုက်ခိုက်မှုများ ရှိမနေခဲ့ပေ။
တိရှီ အဝေးဆီသို့ ကစားလိုသည့်အပြုံးဖြင့်ပြုံး၍ ကြည့်လိုက်ရင်း စိတ်၀င်တစားတွေးနေမိသည်။
“မိစ္ဆာသခင် ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား သာမန်မဟုတ်ဘူးလို့ သတ်မှတ်တယ် ကောင်းကင်နဲ့မြေပြင်အောက်မှာရှိတဲ့ အရာမှန်သမျှကို ကြိုမြင်နိုင်တယ်လို့ထင်တယ် ဒါပေမယ့် ခင်ဗျား ဆရာသခင်ဓားအရှင်အကြောင်းရော ခန့်မှန်းကြည့်ခဲ့ဖူးလား”
ထို့နောက် သူကောင်းကင်ပြုပြင်စင်မြင့်ပေါ်သွားကာ ဓားဆန္ဒကို ဆက်လက်လေ့လာလေတော့သည်။
ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒသည် သူ့ဘ၀တစ်ခုလုံးတွင် တွေ့ခဲ့ဖူးသမျှ အခွင့်အရေးများ အားလုံးထဲတွင် အကြီးဆုံး အခွင့်အရေးဖြစ်လာလိမ့်မည်ဟု သူကြိုသိနေခဲ့လေသည်။
အပိုင်း(၁၆၆)
မိစ္ဆာကျူးကျော်မှု
နှစ်ကုန်ချိန်တွင်
ကုအန် အပြင်စည်းမြို့သို့ ရောက်ရှိလာခဲ့ပြီး အပြင်စည်းမြို့ထဲတွင် လမ်းပေါ်ရှိလူတိုင်းမှာ ဆရာသခင်ဓားအရှင် ခေါင်းခြောက်လုံးပင်လယ်နဂါးကို သတ်ဖြတ်လိုက်သည့်အကြောင်း ဆွေးနွေးနေခဲ့ကြသည်။ အချို့ဆိုလျှင် ခေါင်းခြောက်လုံး ပင်လယ်နဂါးအရုပ်များပင် ရောင်းချနေပြီး ပင်လယ်နဂါးသေဆုံးသွားသည့် ပုံများကိုလည်း ရောင်းချနေခဲ့ကြသည်။
ထိုပုံများကို ကြည့်ရင်း ကုအန် ရှန်းကျန်အကြောင်းတွေးမိသွားခဲ့၏။
ရှန်းကျန်သာ တံခါးပိတ်ကျင့်ကြံခြင်း၀င်မနေပါက သူလည်း ယခုအဖြစ်အပျက်တွင် ပါ၀င်နေလောက်သည်။
နှစ်ပေါင်းများစွာ သူမကို မတွေ့ရသောကြောင့် ကုအန် သူမကို လွမ်းနေခဲ့၏။
သူလွမ်းသည်မှာ ပုဂ္ဂိုလ်ရေးအရလွမ်းခြင်းမျိုးမဟုတ်ဘဲ သူမ၏ ဖန်တီးနိုင်စွမ်းကို လွမ်းနေခြင်း ဖြစ်သည်။
သူ ရှန်းကျန်၏ စာရေးသားမှုကို ရပ်တန့်စေလိုခြင်းမရှိဘဲ သူရပ်စေချင်သည်မှာ စာအုပ်များတွင် သူ့နာမည် ထည့်မရေးစေလိုခြင်းသာ ဖြစ်သည်။
ကုအန် အပြင်စည်းမြို့ထဲတွင် လျှောက်သွားနေရင်း တပည့်များ ဆရာသခင်ဓားအရှင်ကို ချီးကျူးနေကြသည်ကို နားထောင်နေခဲ့၏။ ထိုစကားများကိုနားထောင်ရင်း သူပိုပြီးလည်း စိတ်ပျော်ရွှင်နေခဲ့သည်။
တောင်ပိုင်းနယ်မြေတွင် မိစ္ဆာများကို သုတ်သင်ပြီးပြီဖြစ်ကာ ခေါင်းခြောက်လုံးပင်လယ်နဂါးအဆင့် မိစ္ဆာမျိူးလည်း ထပ်ပေါ်မလာတော့ဘဲ အရာအားလုံးမှာ အပြုသဘောဆောင်နေခဲ့၏။
သို့သော် မဟာမိစ္ဆာကပ်ဘေးသည် ချဉ်းကပ်လာဆဲဖြစ်သည်ကိုတော့ ကုအန် သိပေသည်။ ယခုအခါ မိစ္ဆာများသည် မြောက်ပိုင်းနယ်မြေတွင်သာမကဘဲ မိစ္ဆာနယ်မြေနှင့်နီးသော အရှေ့နှင့်အနောက်ပိုင်း နယ်မြေများတွင်လည်း ချဉ်းနင်း၀င်ရောက်လာခဲ့ကြ၏။
ကံကောင်းစွာဖြင့် စိမ့်၀င်လာသော မိစ္ဆာအရေအတွက်မှာ မများလှသောကြောင့် မင်းဆက်ရှစ်ခု၏ အခြေခံအုတ်မြစ်ကိုတော့ မလှုပ်ခါနိုင်ခဲ့ပေ။
မြို့ထဲတွင် အချိန်အတန်ကြာ လျှောက်သွားပြီးသည့်နောက် ကုအန် စာအုပ်ခန်းမဆီ သူ့စာအုပ်အပိုင်းအသစ်ကိုအပ်ရန် ရောက်လာခဲ့လေသည်။
ထို့နောက် စာအုပ်ခန်းမတွင် ကိစ္စတစ်ခုဖြစ်ပွားသွားသောကြောင့် ကုအန် ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့ရ၏။
အကြီးအကဲဖုန့်ရှန်းသည် ဂိုဏ်း၏ ဆန္ဒအရ ဆရာသခင်ဓားအရှင်၏ ဂုဏ်သတင်းကို တိုးမြှင့်ပေးရန် ကုအန်၏ ဟင်းလင်းပြင်ကိုချိုးဖျက်ခြင်း စာအုပ်ထဲတွင် ဆရာသခင်ဓားအရှင်အကြောင်း ထည့်ပေးစေလိုနေခြင်း ဖြစ်သည်။
ကုအန် အစက ခက်ခဲနေချင်ယောင်ဆောင်နေခဲ့သော်လည်း ဂိုဏ်းက သူ့အတွက် အဆင့်၆ ဆေးပင်မျိုးစေ့ ၁၀၀ ပြင်ဆင်ပေးထားသည်ဟု ပြောသောအခါတွင်တော့ သူမငြင်းနိုင်တော့ပေ။
….
နွေဦးရောက်ရှိလာခဲ့ကာ ဤနှစ်နွေဦးပွဲတော်သို့ ရီလန်နှင့်
ကျန်းချင် တို့ မလာနိုင်သောကြောင့် ကုအန် တောင်ကြားရှိတပည့်များနှင့်သာ ပွဲကျင်းပလိုက်ရပြီး စိတ်ထဲတွင်တော့ တစ်ခုခုဟာနေသလို ခံစားနေခဲ့ရသည်။
ဤအရာကြောင့် သူရုတ်တရက်တစ်ခုခုကိုတွေးမိကာ ကြောက်လန့်သွားခဲ့မိ၏။
နောင်နှစ်ပေါင်းများစွာကြာပြီး သူ့အနားမှ လူများအားလုံး ထွက်ခွာသွားပါက နွေဦးပွဲတော်သည် ပျော်စရာပွဲတော်တစ်ခုဖြစ်နေဦးမည်လော သို့မဟုတ် ၀မ်းနည်းဖွယ်ပွဲတော်တစ်ခု ဖြစ်လာလိမ့်မည်လော။
ညဉ့်နက်သောအချိန် ကုအန် ခံစားချက်အနည်းငယ်ကောင်းလာသောအခါ နျန်းချူဂူသို့ ရောက်ရှိလာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ထျန်းယောင်အာ မှာတော့ သူနှင့်အတူ နှစ်ပေါင်း ၁၈၀၀၀ ထိနေပေးဦးမည်ဖြစ်ပြီး အကယ်၍ သူမသာ သူမသက်တမ်းအတွင်း နိဗာနအဆင့်ကို ရောက်ရှိသွားပါက ပို၍ကြာကြာပင် အဖော်ပြုပေးနေပေလိမ့်မည်။
သို့သော် ကုအန် တာအိုကိုအောင်မြင်ရန် ဤကမ္ဘာကြီးအပေါ်ထားနေသော သူ၏စိတ်ထားကိုတော့ ပြန်လည်သုံးသပ်ဖို့ လိုနေသေးသည်သာ။
ကုအန်နှင့်ထျန်းယောင်အာတို့ ကျောက်စားပွဲတွင် သိုးခြေထောက်ကင်များ စားနေခဲ့ကြ၏။ စားနေရင်း ထျန်းယောင်အာ အဆုံးမဲ့သော အကြောင်းအရာပေါင်းစုံကို ရယ်ရယ်မောမောနှင့် ပြောနေသောကြောင့် သူတို့ကြားထဲတွင် ပျော်စရာကောင်းသော လေထုတစ်ခုရှိနေခဲ့လေသည်။
“ဒါနဲ့ စကားမစပ် သခင် ကျွန်မ အပြင်ဘက်ကနေ ထူးဆန်းတဲ့အသံတချို့ကြားခဲ့ရတယ် မိစ္ဆာတွေ ကျွန်မတို့ ဂူကို ရှာတွေ့သွားတာများ ဖြစ်နိုင်လောက်လား” ထျန်းယောင်အာ ရုတ်တရက် မေးလိုက်၏။ နှုတ်ခမ်းတွင်ဆီများဝေ့နေပြီး မျက်နှာတွင်လည်း အချဉ်ရည်များ ပေကျံနေရင်း မျက်ခုံးပင့်၍ ပြောလိုက်သော ထျန်းယောင်အာ အမူအရာကြောင့် ကုအန် ရယ်ချင်သွားခဲ့သည်။
ထို့နောက် သူဖြေလိုက်၏။
“စိတ်မပူပါနဲ့ မိစ္ဆာတွေမဟုတ်ဘူး အဲ့ဒီအသံပိုင်ရှင်ကို ငါတွေ့ခဲ့ပြီးပြီ သူက ဒီကောင်းကင်ဖီးနစ်တောင်မှာ ခဏလာနေရုံပဲ”
ထိုစကားကိုကြားသောအခါ ထျန်းယောင်အာ စိတ်အေးသွားခဲ့၏။
“စကားမစပ် သခင် သခင်ဒီဂူကနေ ထွက်သွားပြီးရင် ဘယ်မှာသွားနေတာလဲ လူသားမျိုးနွယ်တွေနဲ့ သွားနေတာလား” ထျန်းယောင်အာ မေးလိုက်သည်။
“ငါ့မှာ စောင့်ရှောက်ရမယ့် အခြားဂူတွေရှိသေးတယ်”
“အာ သခင် သခင့်မှာ အခြားပျိုးထောင်ထားတဲ့ မိစ္ဆာတွေ မရှိဘူးမလား”
“နည်းနည်းတော့ရှိတယ် ဒါပေမယ့် ဘယ်သူမှ နင့်လောက်ကြောက်စရာမကောင်းဘူး”
“သူတို့က အမျိုးသမီးမိစ္ဆာတွေလား”
“ဘယ်ဟုတ်မလဲ သူတို့က ပါရမီနိမ့်ပါးကျတယ် ပုံသဏ္ဍာန်တောင် မပြောင်းလဲနိုင်ကြဘူး”
“အဲ့တာကောင်းတယ် သခင် သခင့်မှာ တာအိုလက်တွဲဖော်ရော ရှိလား”
ထျန်းယောင်အာ ရေကာတာကျိုးသလို မေးခွန်းများ ကုအန်ဆီ တရစပ် မေးမြန်းနေခဲ့လေသည်။
ကုအန် မျက်နှာဖုံးအောက်တွင်မျက်ခုံးများ တွန့်ကွေးသွားပြီး မေးလိုက်၏။
“တာအိုလက်တွဲဖော်အကြောင်း နင်ဘယ်က သင်လာတာလဲ”
ထျန်းယောင်အား သိုးပေါင်ကို တစ်ကိုက်ကိုက်လိုက်ပြီး ပြောလိုက်သည်။
“သခင်ထားပေးထားတဲ့ စာအုပ်တွေထဲကပါ ဒါနဲ့ သခင့်မှာ တာအိုလက်တွဲဖော် ရှိတာလား မရှိတာလား”
ကုအန် ဖြေလိုက်၏။ “ဘယ်ရှိမလဲ”
ထျန်းယောင်အာ မျက်နှာ ရုတ်ချည်း၀င်းပသွားခဲ့ပါသော်လည်း ကုအန်၏ နောက်စကားကြောင့် သူမျက်နှာညှိုးသွားခဲ့ရသည်။
“ဒါပေမယ့် အနာဂတ်မှာ ငါ့တာအိုလက်တွဲဖော်ဖြစ်လာလောက်မယ့် အမျိုးသမီးတွေတော့ အများကြီးရှိတယ် အဲ့တာကြောင့် ဘယ်သူ့ကိုရွေးရမလဲဆိုတာ ရွေးရခက်နေတာ”
ထျန်းယောင်အာ သိုးခြေထောက်ကိုချထားလိုက်ပြီး နှုတ်ခမ်းရှိ ဆီများကိုသုတ်ကာ လေးလေးနက်နက် ပြောလိုက်၏။
“သခင် ကျွန်မကအရည်အသွေးမှီတယ်လို့ ထင်လား”
ကုအန်သူမကိုကြည့်လိုက်ကာ မပျော်ရွှင်နေဟန်ဖြင့် ပြောလိုက်သည်။
“ဘာလဲ နင်ကအခု အဲ့နေရာကို ယူချင်လို့လား”
“မဟုတ်ပါဘူး…ကျွန်မက စာအုပ်တွေထဲက တာအိုလက်တွဲဖော်တစ်ယောက်ရဲ့ အခြေခံစံနှုန်းတွေကိုကြည့်ပြီး ပြောမိတာပါ ကျွန်မက အဲ့လိုစံနှုန်းတွေနဲ့ ညီအောင်နေနိုင်တယ်လေ နောက်ပြီး စာအုပ်တွေထဲကလို သခင့်ကိုလည်း ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘဲ သေခြင်းရှင်ခြင်းအချိန်တိုင်းမှာ အတူတူရှိနေပေးနိုင်တယ်” ထျန်းယောင်အာ အမြန်ရှင်းပြလိုက်သည်။
နင်ကငါနဲ့အတူ သေဆုံးနိုင်ပေမယ့် ငါကတော့ လုံး၀မလုပ်နိုင်ဘူး!
ငါက အမတလမ်းစဉ်ကို ရှာဖွေနေတဲ့ လူတစ်ယောက်ပဲ!
ကုအန် စိတ်အနှောင့်အယှက်ဖြစ်သွားဟန်ဖြင့် ပြောလိုက်၏။
“နင့်ရဲ့ ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ထားစမ်းပါ မိစ္ဆာလေး
ရူးနှမ်းတဲ့ အတွေးတွေ လျှောက်မတွေးနဲ့ လူသားပဲဖြစ်ဖြစ် မိစ္ဆာပဲဖြစ်ဖြစ် ကျင့်ကြံခြင်းကသာ အရေးအကြီးဆုံးပဲ ခံစားချက်ဆိုတာ အများဆုံးမှ ဒုတိယ နေရာကပဲ ရှိသင့်တယ်”
“ဟုတ်ကဲ့ပါ ဒါဆို သခင့်ရဲ့ တာအိုလက်တွဲဖော်ဖြစ်ဖို့ စံနှုန်းတွေက ဘာတွေလဲ”
“ငါနင့်ကို အစကစနေတာပါ ငါတာအိုလက်တွဲဖော်မလိုအပ်ဘူး တကယ်လို့ တာအိုလက်တွဲဖော်ရှိလာခဲ့ရင်တောင် တနေ့မှာ သူ့ကို ကိုယ်တိုင်မြှုပ်နှံပေးရမှာပဲလေ အဲ့တာက ၀မ်းနည်းစရာကောင်းလွန်းတယ်”
“အဲ့တာက အဓိပ္ပာယ်ရှိတယ်”
“ငါနင့်ကို ဘ၀တစ်ခုရဲ့ မတူကွဲပြားတဲ့အချက်တွေအကြောင်းသိအောင် အခြားစာအုပ်တွေ ဖတ်ခိုင်းဦးမယ် အနာဂတ်မှာ ဒီလိုအတွေးတွေ လွှမ်းမိုးတာ မခံနဲ့”
“ကျွန်မခံစားချက်တွေအကြောင်း မတွေးတော့ပါဘူး ဒါပေမယ့် သခင်ကအလိုရှိရင်တော့ ကျွန်မက အမြဲအဆင်သင့်ပါပဲ”
အတည်ပေါက်ကြီးပြောနေသော ထျန်းယောင်အာကို ကြည့်ရင်း ကုအန်အကြည့်များ အောက်သို့ပင် တစ်ချက်ဆင်းသွားခဲ့ရပြီး နောက်တွင်တော့ သူအမြန် အကြည့်လွှဲပစ်လ်ုက်၏။
ထို့နောက် သူစကားလွှဲကာ ကျင့်ကြံခြင်းအကြောင်းများသာ ဆက်လက်ပြောဆိုနေခဲ့ကြလေသည်။
ထျန်းယောင်အာ နှုတ်ခမ်းဆူသွားသော်လည်း ကုအန်သည် သူမဆီ တစ်လမှ နှစ်ခေါက်သာ လာတတ်သောကြောင့် ကုအန်ရှိသောအချိန်များကို သူမ တန်ဖိုးထားသဖြင့် ကုအန်ပြောစကားများကို သေချာနားထောင်ပေးနေခဲ့သည်။
….
နှစ်သစ်ကူးပြီးချိန်တွင် ဆရာသခင်ဓားအရှင်၏နာမည်သည် မင်းဆက်ကိုးခုလုံးတွင် ပို၍ ပြန့်နှံ့လာခဲ့ပြီး အဓိပတိဂိုဏ်းကလည်း မိစ္ဆာသတ်ဖြတ်သည့် တာ၀န်များကို တစ်ခုပြီးတစ်ခုချပေးနေသောကြောင့် ထိုတာ၀န်များကို ထမ်းဆောင်ရန် တပည့်များစွာ တောင်အောက်သို့ ဆင်းနေခဲ့ရသည်။
ဆန်းကြယ်တောင်ကြားရှိ အိမ်ထဲတွင်
ကုအန် သူ့အတွက် ၀တ်စုံတစ်ထည် ချုပ်နေခဲ့၏။ သူသည် ကျင့်ကြံဖို့အတွက် တရားထိုင်စရာမလိုလေရာ အားလပ်ချိန်များကို သူလုပ်လိုသည်များလုပ်၍ အချိန်ဖြုန်းနိုင်လေသည်။
သူ၀တ်စုံချုပ်နေရသည့်အကြောင်းအရင်မှာတော့ ကုအန် တောင်အောက်ဆင်း၍ မိစ္ဆာများကို သတ်ဖြတ်ရန် ပြင်ဆင်ထား၍ ဖြစ်၏။
သူ့တွင် တောင်အောက်ဆင်းစရာ အကြောင်းပြချက်နှစ်ခုရှိနေပြီး ပထမတစ်ခုက သာမန်လူများကို ကယ်တင်ရန်ဖြစ်ကာ ဒုတိယတစ်ခုကတော့ သက်တမ်း ၁၀သန်း အမြန်ဆုံးပြည့်စေရန် အခွင့်အရေးရှာကာ သက်တမ်းစုဆောင်းလို၍ ဖြစ်ပေသည်။
နောက်ဆုံးတွင် ကုအန်၏ ၀တ်စုံ ပြီးစီးသွားခဲ့ပြီး ကုအန်လည်း ချင်းဟုန်ဓားကိုဆွဲကာ အိမ်ထဲမှ ထွက်လာခဲ့လိုက်၏။
အပြင်တွင် သူလုကျိကျားနှင့် တွေ့ခဲ့ပြီး နှုတ်ဆက်သည့်အနေဖြင့် ခေါင်းတစ်ချက်သာ ညိတ်ပြခဲ့လိုက်သည်။
လုကျိကျားလည်း ကုအန် အပြင်ထွက်သည်ကို စိတ်မ၀င်စားခဲ့ပေ။ နောက်ဆုံးတွင် တောင်ကြားတပည့်များမျက်လုံးထဲ၌ ကုအန်သည် အလွန်အလုပ်များလှသူ ဖြစ်၏။
…..
ရှင်းလင်းနေသော ကောင်းကင်ပြာကြီးနှင့် တိမ်ဖြူများအောက်ရှိ ကမ်းပါးတစ်ခုထက်တွင် ကုအန် ရပ်နေခဲ့သည်။ သူသည် ခရမ်းရင့်ရောင်၀တ်စုံတွင် နီညိုရောင်ဖီးနစ်တစ်ကောင်ပုံထိုးထားသော ၀တ်စုံကို ၀တ်ဆင်ထားပြီး ခါးတွင် ချင်းဟုန်ဓားကို ချိတ်ဆွဲထားခဲ့သည်။
ကုအန် ပြဇာတ်မျက်နှာဖုံးတစ်ခုကိုထုတ်ကာ သူ့မျက်နှာတွင်တပ်ဆင်လိုက်ပြီး ဝါးခမောက်ကို ထုတ်ဆောင်းလိုက်၏။
အနည်းငယ်ပြင်ဆင်ပြီးးသည့်နောက် ကုအန် နတ်အာရုံသုံးကာ သူ့ကိုယ်သူ ပြန်စစ်ဆေးကြည့်လိုက်သည်။
သူ့ပုံစံမှာ အတော်လေး အံ့အားသင့်စရာကောင်းလှကာ သူ့အရှိန်အဝါမှာလည်း အတော်လေး လွှမ်းမိုးနိုင်လှ၏။
သိုင်းလောကတွင် လှည့်လည်သွားလာနေသော သူရဲကောင်းတစ်ယောက်လိုပင်။
ထို့နောက် ကုအန် တောအုပ်ထဲသို့ တစ်ချက်ခုန်လိုက်ပြီး ပျောက်ကွယ်သွားလေတော့သည်။
မိုင်တစ်ရာခန့်ဝေးသော တောအုပ်တစ်ခုထဲတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေခဲ့၏။ ရထားလုံးများ အတန်းလိုက်ရပ်တန့်ထားပြီး တစ်ဒါဇင်ခန့်ရှိသော ကိုယ်ရံတော်များက မိစ္ဆာများနှင့် တိုက်ခိုက်နေခဲ့ကြသည်။ ကိုယ်ရံတော်များ၏ နောက်ရှိ ရထားလုံးထဲတွင်မူ အမျိုးသမီးကြီးတစ်ယောက်မှာ သူ့ကလေးကို ဖက်ထားပြီး ကြောက်လန့်နေခဲ့၏။
ထိုကိုယ်ရံတော်များသည် ကျင့်ကြံသူများမဟုတ်ဘဲ သာမန် သိုင်းသမားများသာ ဖြစ်သောကြောင့် မိစ္ဆာသားရဲများ၏ ပြိုင်ဘက် ဟုတ်မနေခဲ့ပေ။
ကိုယ်ရံတော်အစောင့်များ စိတ်ဓာတ်ကျနေစဉ် သူတို့ဆီ လေပြင်းတစ်ခု ချဉ်းကပ်လာခဲ့လေသည်။
ထို့နောက် တောအုပ်ထဲမှ ပုံရိပ်တစ်ခု အလျင်အမြန်ထွက်ပေါ်လာခဲ့ပြီး လေလိုလျင်မြန်သော ဓားသိုင်းကိုသုံးကာ မိစ္ဆာများကို တစ်ကောင်ပြီးတစ်ကောင် သုတ်သင်သွားခဲ့၏။ အသက်ရှူကြိမ်သုံးကြိမ်အတွင်းမှာပင် မိစ္ဆာသားရဲကိုးကောင် သေဆုံးသွားခဲ့ရသည်။
ကိုယ်ရံတော်အစောင့်များမှာတော့ နီညိုရောင်ဖီးနစ်ငှက်ပုံထိုးထားသော ၀တ်ရုံ၀တ်ထားသည့် လူတစ်ယောက်၏နောက်ကျောကိုသာ မြင်လိုက်ကြရ၏။
“အံ့ဩစရာကြီး!”
“ဒီလူက ကျင့်ကြံသူတစ်ယောက်ပဲဖြစ်ရမယ် ဟုတ်တယ်မလား”
“တကယ်အံ့ဩစရာပဲ သူဘယ်လိုလှုပ်ရှားသွားလဲဆိုတာတောင် ငါမမြင်လိုက်ရဘူး”
“ငါရောပဲ သူက ဘယ်ဂိုဏ်း ဘယ်ကျောင်းတော်ကလည်းမသိဘူး ငါငယ်ငယ်က ရှေးဟောင်းကောင်းကင်ဂိုဏ်းကို ၀င်ချင်ခဲ့တာလေ ဒါပေမယ့် ငါ့မှာ စိတ်ဝိညဉ်အမြစ်ပါမလာလို့ ငြင်းပယ်ခံခဲ့ရတယ်”
တောအုပ်ထဲတွင် ကုအန် ထိုလူတို့၏ ဆွေးနွေးနေသံများကို ကြားကာ မျက်နှာဖံုးေအာက်ရှိ သူ့နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့လေသည်။
လူများကို ကယ်တင်ရသည့်ခံစားချက်မှာ အတော်လေးကောင်းလှပြီး ခေါင်းခြောက်လုံးပင်လယ်နဂါးကို သတ်ဖြတ်လိုက်ရသည့် ကျေနပ်မှုအောက် မလျော့ပေ။
အသက်တစ်သက်ကို ကယ်တာက ခုနှစ်ထပ်စေတီတစ်ဆူတည်ပေးတာထက် ပိုကုသိုလ်ရတယ်တဲ့ အဲ့ဒီဆိုရိုးက ဒီကမ္ဘာမှာရော မှန်နေမလား ငါသိချင်မိတယ်!
…..
ညဉ့်နက်ချိန်တွင်
တောအုပ်တစ်ခုထဲတွင် ကျင့်ကြံသူတစ်အုပ်ထိုင်နေခဲ့ကြပြီး မီးပုံများ ဖိုထားကြကာ မီးပုံတစ်ပုံချင်းစီတိုင်းတွင် အနည်းငယ်စီခွဲ၍ ဝိုင်းထိုင်နေခဲ့ကြသည်။
ရီလန်နှင့် ကျန်းချင်လည်း ထိုနေရာတွင် ရောက်ရှိနေခဲ့ကြ၏။ ရီလန်သည် မျက်လုံးမှိတ်၍ တရားထိုင်နေပြီး ကျန်းချင်မှာတော့ အခြား တပည့်များနှင့် မိစ္ဆာများအကြောင်း အမတကမ္ဘာကြီးအကြောင်း ဆွေးနွေးနေခဲ့ကြသည်။
“ခေါင်းခြောက်လုံးပငလယ်နဂါးက ဘယ်လိုပုံစံလဲဆိုတာ ငါတကယ်သိချင်မိတယ် ငါကြားတာတော့ ဆန်းကြယ်နှလုံးသားအဆင့် ကြီးမြတ်တဲ့ကျင့်ကြံသူ ၅ယောက် သူစားတာ ခံလိုက်ရတယ်တဲ့” ကျန်းချင် ခပ်တိုးတိုးပြောလိုက်ပြီး သူ့အသံက စိတ်၀င်စားမှု ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်နေခဲ့၏။
သူထိုအကြောင်းပြောလိုက်သောအခါ အခြားတပည့်များလည်း စိတ်လှုပ်ရှားလာကြပြီး ဆရာသခင်ဓားအရှင်အကြောင်း စတင်ပြောဆိုကြတော့သည်။
ခေါင်းခြောက်လုံးပင်လယ်နဂါးကို သုတ်သင်ပြီးသည့်နောက် ဆရာသခင်ဓားအရှင်၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။ သူဘယ်လောက်စွမ်းအားကြီးသလဲဟူသော မေးခွန်းမှာ ကျင့်ကြံသူများကြား လူတိုင်းသိချင်ကြသည့် မေးခွန်း ဖြစ်လာခဲ့သည်။
သူတို့ထိုအကြောင်းပြောနေရင်း စကားဝိုင်းက အမတကျင့်ကြံခြင်းကမ္ဘာက အဖြစ်အပျက်များဆီ ရောက်ရှိသွားခဲ့ပြန်သည်။
“အာဃာတကောင်းကင်နတ်ဓားစုဟန်က မကြာသေးခင်ကပဲ စိတ်ဝိညဉ်အခြေတည်အဆင့် ၂၀ ရဲ့ စိတ်ဝိညဉ်စွမ်းအားတွေကို စုပ်ယူခဲ့တယ်တဲ့ ပြောကြတာတော့ သူက နတ်အသွင်ပြောင်းခြင်းအဆင့်ကိုတောင် ရောက်တော့မယ်လို့ ပြောကြတယ် သူကျင့်ကြံနေတာ ဘယ်လိုမိစ္ဆာသိုင်းမျိုး ဖြစ်လောက်လဲ” အမျိုးသား ကျင့်ကြံသူတစ်ယောက် စိုးရိမ်နေဟန်ဖြင့် မေးလိုက်၏။
စုဟန်အကြောင်းကြားသောအခါ ကျန်းချင်မျက်နှာ ရုတ်ချည်း မည်းမှောင်သွားခဲ့ရသည်။
“ဘာလဲ မင်းက စုဟန်ကျင့်ကြံနေတဲ့ ကျင့်စဉ်ကို သိချင်တာလား ဒါဆိုရင်တော့ မင်းဒီညကံကောင်းတာပဲ အဲ့ဒီကျင့်စဉ်ကို မင်းကိုယ်တိုင် အဖြေရှာရတော့မယ်”
ကြောက်မက်ဖွယ်အသံကြီးတစ်သံ တောအုပ်ထဲ ဟိန်းထွက်လာခဲ့ပြီး ဥပဒေရေးရာခန်းမမှ တပည့်များ အံ့အားသင့်သွားကာ ရီလန်ပင် ဝိညဉ်ဖြူဓားကိုထုတ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်လေသည်။
“တိုက်ခိုက်ဖို့ပြင်ကြ!”
ရီလန့်အမိန့်ပေးလိုက်ရာ တပည့်များ အလျင်အမြန်စုဝေးသွားပြီး မှော်လက်နက်ကိုယ်စီထုတ်၍ တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။
သူတို့ပတ်၀န်းကျင်တွင် ညဉ့်ကောင်းကင်အောက်ရှ်ိတောအုပ်ကြီးမှာ တိတ်ဆိတ်နေပြီး မြူများကြောင့် တောထဲရှိ မည်သည့်အရာကိုမှ မြင်မနေခဲ့ရပေ။
ထိုစဉ် ရီလန် အရပ်မျက်နှာတစ်ခုကို ကြည့်လိုက်ပြီး သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့ကာ အခြားတပည့်များလည်း သူမလိုပင် ဖြစ်သွားခဲ့ရသည်။ သူတို့သည် အမှောင်ထဲမှ ပုခုံးများပေါ်တွင် အခေါင်းတစ်လုံးကို ထမ်းထားသောလူများ ထွက်ပေါ်လာသည်ကို မြင်လိုက်ကြရ၏။