ဓားသူတော်စင် ကျီဝေး
Vol. 3 Ch. 256
ဒေါင်းစိမ်းမင်းကြီးဟု ပြောလိုက်သည့် အချိန်တွင် ရဲ့လျိုယွင်၏ လေသံမှာ လေးစားမှုများဖြင့် ပြည့်နေလေသည်။ သူက ဒေါင်းစိမ်းမင်းကြီးကို အထင်ကြီးပုံ ရလေသည်။
“ဒေါင်းစိမ်းမင်းကြီး ဆိုတာ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က လောကကို ကျော်လွန်သွားတဲ့ တန်ခိုးရှင်လား”
ဆန်းလျန်က မေးလိုက်သည်။
“အမှန်ပဲ၊ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက်က ဟွမ်ချွမ်နတ်ဆိုး ဂိုဏ်းမှာ တန်ခိုးစွမ်းအား အကြီးမားဆုံးပဲ၊ သူက ဒီလောကက ထွက်ခွာသွားပြီး မဟာတန်ခိုးရှင် တစ်ပါး ဖြစ်လာခဲ့တယ်၊ သူ့ခေတ် သူ့အခါက ဆိုရင် သူ့လောက် အစွမ်းထက်တဲ့သူ မရှိသလောက် ရှားတယ်"
ရဲ့လျိုယွင်မှာ ဆန်းလျန်ကို စိတ်ပါလက်ပါဖြင့် ရှင်းပြနေလေသည်။
“ဒါဖြင့် နတ်ဘုရားနှိမ်နင်းခြင်းအင်းကွက်ကို ဘယ်သူယူသွားတာလဲ၊ ပြီးတော့ တန်ခိုးစွမ်းအား သုံးပြီး တောင်ကို ဖြိုချလိုက်တဲ့ သူကရော ဘယ်သူလဲ”
ဆန်းလျန်က ရဲ့လျိုယွင်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။
ဆန်းလျန်က ရဲ့လျိုယွင်၏ မျက်ဝန်းထဲတွင် အဖြေတစ်ခုကို ရှာနေသည့် အလား စိုက်ကြည့်နေခြင်း ဖြစ်လေသည်။
“တန်ခိုးစွမ်းအားနဲ့ တောင်ကို ဖြိုလိုက်တဲ့သူက တကယ့်ကို တော်တဲ့သူပဲ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းသူ့အကြောင်း မသိချင်တာ ပိုကောင်းလိမ့်မယ်၊ ပြီးတော့ အဲဒီလူက ကျုပ်ရဲ့ နတ်ဆိုး စစ်သည်တော် တစ်ရာလောက်ကိုလည်း မျိုချခဲ့သေးတယ်၊ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူး၊ ဝတ်ကျောင်းတော်ကို ဓားနဲ့ပိုင်းသွားတဲ့ လူကတော့ ထိပ်တန်း ဓားတန်ခိုးရှင် တစ်ပါးပဲ၊ သူ့ကို ဓားသူတော်စင် ကျီဝေးက အနိုင်ယူခဲ့ဖူးတယ်၊ အဲဒါကြောင့် သူမကို လက်စားချေဖို့ အတွက် နတ်ဘုရား နှိမ်နင်းခြင်း အင်းကွက်ကို အဲဒီလူက ရှာနေခဲ့တာ"
ရဲ့လျိုယွင်က ဆန်းလျန်ကို သေသေချာချာ ရှင်းပြလိုက်သည်။
ဆန်းလျန်မှာ ရဲ့လျိုယွင်ထံမှ စကားများကြောင့် ထိတ်လန့် တုန်လှုပ် သွားရသည်။
ဓားသူတော်စင် ကျီဝေး အကြောင်းကို ဆန်းလျန် ကြားဖူးလေသည်။
သူမသည် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ကျော်က ပြိုင်ဘက်ကင်းသည့် ဓားသိုင်း ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် သူမသတင်းမှာ ပျောက်ကွယ် သွားလေသည်။ လောကကို ကျော်လွန်သွားပြီလည်း ဖြစ်နိုင်သလို ကျင့်စဉ်လမ်းတွင် စစ်ဆေးခြင်းနှင့် ရင်ဆိုင်ရပြီး ကျဆုံးသွာခြင်းလည်း ဖြစ်နိုင်လေသည်။ သို့သော် ရဲ့လျိုယွင်၏ စကားများအရ ဆိုလျှင်တော့ ဓားသူတော်စင် ကျီဝေးသည် ဤလောကတွင် ရှိနေသေးသည့် ပုံပင် ဖြစ်သည်။
“ဓားသူတော်စင် ကျီဝေး ငယ်ငယ်တုန်းက ကျင့်ကြံခဲ့တဲ့ ဓားသိုင်းပညာက ဘာတဲ့လဲ သိလား၊ "ရှိခြင်း မရှိခြင်း ဓားသိုင်းပညာ" တဲ့၊ တဖြည်းဖြည်း သူ့ရဲ့ဓားသိုင်း အဆင့်တက် လာတဲ့အခါ ကျတော့ ရှိခြင်း မရှိခြင်း ဓားသိုင်းကို အထွတ်အထိပ် ရောက်တဲ့အထိ သန့်စင်အောင် တီထွင်လိုက်ပြီး “ကိုယ်ပျောက် ဓားဝိညာဉ်” လို့ အမည်ပေးခဲ့တယ်၊ အဲဒီဓားသိုင်းပညာနဲ့ လောကတစ်ခွင်က စိန်ခေါ်မှုတိုင်းကို အနိုင်ရခဲ့တာချည်းပဲ၊ နောက်တော့ သူ့ရဲ့ဓားကို ချိတ်ပိတ်လိုက်ပြီး အနားယူလိုက်တယ်၊ သူအနားယူသွားပြီးမှ လုကျိုးယွမ်က နတ်ဘုရား အဆင့် တက်လှမ်းနိုင်ခဲ့တာ၊ မဟုတ်လို့ကတော့ လုကျိုးယွမ်လည်း သူ့ကို နိုင်မှာ မဟုတ်ဘူး"
ရဲ့လျိုယွင်က ဆန်းလျန်ကို ပြုံးပြီးကြည့်ရင်း ပြောလိုက်လေသည်။
ရဲ့လျိုယွင်၏ စကားများကြောင့် ဆန်းလျန်မှာ ယိုင်လဲ ကျမတတ်ပင် ဖြစ်သွားရလေသည်။
ဆန်းလျန်မှာ ဆရာစူးထံမှ ရှိခြင်းမရှိခြင်း ဓားသိုင်းကို သင်ယူခဲ့သူ ဖြစ်လေသည်။
ထိုဓားသိုင်းပညာမှာ အလွန်မှ ထူးဆန်းလှပြီး ထိုဓားသိုင်း၏ ဆန်းကြယ်မှုကို ဆန်းလျန်သည် ယနေ့အချိန်ထိ နားလည် မကုန်နိုင်သေးပေ။ ထိုဓားသိုင်း၏ ဇာစ်မြစ်မှာ ဓားသူတော်စင် ကျီဝေးထံမှ ဆင်းသက်လာမည်ဟု မျှော်လင့် မထားခဲ့မိပေ။ ဆရာစူးနှင့် ဓားသူတော်စင် ကျီဝေးမှာ အကြောင်း တစ်ခုခု ဆက်စပ်နေရမည် ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်က ရှိခြင်းမရှိခြင်း ဓားသိုင်း အသုံးပြုခဲ့သည်ကို ရဲ့လျိုယွင် တွေ့မြင် ခဲ့ဖူးလေသည်။
အတိတ်မှ အကြောင်းအရာများသည် အတွေးထဲဝယ် အသစ်ပြန်လည် ဖြစ်တည် လာခဲ့လေသည်။ ဆန်းလျန်မှာ သူ၏ ဓားဖြင့် ရှောင်းကျူကို မတော်တဆ သတ်ခဲ့မိသည့် အတွက် အပြစ်ရှိသည်ဟု ခံစားနေရဆဲ ဖြစ်လေသည်။
သူက ရဲ့လျိုယွင်ကို တောင်းပန်သည့် အကြည့်များဖြင့် ကြည့်လိုက်မိသည်။
“သူမ သေဆုံးသွားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ငါ မင်းကို အပြစ်မတင်ပါဘူးကွာ၊ ဒါကြောင့်လည်း မင်းကို ချင်းရွှမ် နတ်တံခါးကို သွားနိုင်ဖို့အတွက် ငါပြောပြပေးခဲ့တာပေါ့၊ အခုတော့ ဒီဓားသိုင်း ပညာရဲ့ ဇာစ်မြစ်ကို မင်းသိသွားပြီ မဟုတ်လား၊ ဆန်းလျန်ရာ ဆန်းလျန်၊ မင်းအခု ဒီအခြေအနေထိ ရောက်လာတာ ကံကောင်းလို့ ရောက်လာတယ်လို့များ ထင်နေသေးတာလား”
ရဲ့လျိုယွင်က ပြောလိုက်လေသည်။
“ငါသိပါတယ်ကွာ၊ ငါ့မှာသာ အရည်အချင်း မရှိရင် ငါ ဒီအခြေအနေထိ ရောက်လာမှ မဟုတ်ပါဘူး”
ဆန်းလျန် ပြန်ပြော လိုက်လေသည်။
ရဲ့လျိုယွင်၏ မျက်ဝန်းထဲတွင် ဆန်းလျန်ကို လေးစားသည့် အကြည့်တစ်ချက် လက်ခနဲ ဖြတ်ပြေး သွားသည်။
“တကယ်တော့ မင်းနဲ့ငါက တော်တော် တူတာနော်၊ ပြီးတော့ မင်းကို ဒီအကြောင်းတွေကို ပြောပြရတာလည်း ငါပြောပြချင်လို့ပါ၊ မင်းကငါ့ကို အရင်ကအတိုင်း ရဲ့လျိုယွင်လို့ မြင်နေသရွေ့ ငါကလည်း မင်းကို ငါသိခဲ့တဲ့ ဆန်းလျန်အတိုင်း ခင်ခင်မင်မင် ဆက်ဆံမှာပါ”
“ဒါပေါ့ကွာ…”
ဆန်းလျန် ပြုံးရင်း ပြောလိုက်သည်။
သူတို့နှစ်ယောက်သည် ယခုတော့ တစ်ယောက်ကို တစ်ယောက် ပိုပြီး ယုံကြည်လာခဲ့ပြီ။
ရဲ့လျိုယွင် ဆိုလိုသည့် အဓိပ္ပာယ်ကို ဆန်းလျန် သဘောပေါက် လေသည်။ သူက ဆန်းလျန် အနေဖြင့် သူ့ကို ယုံကြည်ရန် သွယ်ဝိုက် ပြောဆိုနေခြင်း ဖြစ်လေသည်။ ဆန်းလျန်ကဲ့သို့ပင် ရဲ့လျိုယွင်၏ ဘဝမှာလည်း အလှည့်အပြောင်း များစွာဖြင့် ရင်ဆိုင်ခဲ့ရပြီးပြီ ဖြစ်လေသည်။
“စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ် ဆန်းလျန် လက်ထဲသို့ ရောက်လာသည့် ကိစ္စမှာလည်း ထူးဆန်းသည့် လျှို့ဝှက်ချက် တစ်ခု ဖြစ်လေသည်။
လျိုယွင်နှင့် ဆန်းလျန်မှာ လွန်ခဲ့သည့် အချိန်များ ကတည်းက လက်ရည်တူ သူများ ဖြစ်လေသည်။ ထို့ကြောင့် ရဲ့လျိုယွင်တွင်လည်း ဆန်းလျန်ကဲ့သို့ပင် အခြားသော လျှို့ဝှက်ချက်များ ရှိနိုင်လေသည်။
“ဒီတော့ မင်း မင်ဝမ်ဝတ် ကျောင်းတော်ကို ဘာလာလုပ်တာလဲ ဆိုတာ ငါ့ကို ပြောပြနိုင်မလား”
ရဲ့လျှိုယွင်က မေးလိုက်သည်။
“ငါက မိုးကောင်းကင် နတ်မိစ္ဆာကို ဘယ်လို နှိမ်နင်းရမလဲဆိုတဲ့ တရားဓမ္မကို သိချင်လို့ ဒီကို ရောက်လာခဲ့တာ၊ ဒီလိုဖြစ်နေမယ်လို့ မျှော်လင့် မထားခဲ့မိဘူး”
ဆန်းလျန်က ပြန်ပြော လိုက်လေသည်။
“ဟုတ်တာပေါ့၊ မိုးကောင်းကင် နတ်မိစ္ဆာကို တရားဓမ္မကပဲ နှိမ်နင်းနိုင်မယ်၊ နတ်ဘုရား နှိမ်နင်းခြင်း အင်းကွက်ကို မင်းသာ ရသွားမယ်ဆိုရင် တကယ် အသုံးဝင်မှာ၊ စိတ်ပျက်စရာ ကောင်းတာက ငါတို့ နောက်ကျ သွားပြီလေ၊ ဒါပေမဲ့ မိုးကောင်းကင် နတ်မိစ္ဆာဆိုတာ ဘာကောင်မှ မဟုတ်ဘူး၊ မင်းကိုငါ ကူညီနိုင်ပါတယ်၊ ဒါပေမဲ့ မင်းကလည်း ငါ့ကို ကူညီရမယ်၊ မင်း ငါ့အတွက် နေရာ တစ်ခုကို သွားပေးနိုင်မလား"
ရဲ့လျိုယွင်က ပြောလိုက်သည်။
“ဘယ်နေရာလဲ”
“အဲဒီနေရာကိုသွားဖို့ တံခါးတစ်ခုကနေ ဝင်သွားရမယ်၊ အချိန်ကျတဲ့အခါ မင်းကို ငါ အကြောင်းကြား လိုက်မယ်၊ ဒါပေမဲ့ မင်းရဲ့ ပြဿနာကိုတော့ ငါအခုပဲ လိုက်ကူညီပေးမယ်”
ရဲ့လျိုယွင်က ထူးဆန်းစွာ ပြုံးရင်း ပြောလိုက်လေသည်။
ဆန်းလျန်က တစ်ခဏမျှ စဉ်းစားနေပြီးမှ…
“ကောင်းပြီလေ”
ဟု ပြောလိုက်သည်။
“ဒါဖြင့် အခုပဲ သွားကြစို့”
ရဲ့လျိုယွင်က ပြုံးရင်း ပြောလိုက်သည်။
“အခုလား…”
ဆန်းလျန်က တအံ့တသြဖြင့် မေးလိုက်သည်။
“မင်းကို ကြည့်ရတာ မင်ဝမ်ဝတ် ကျောင်းတော်က ဘုန်းတော်ကြီးတွေ ဘယ်ရောက် သွားလဲဆိုတာ စုံစမ်းဖို့ ရောက်လာတာ မဟုတ်ဘူးမလား၊ ငါကလည်း ဒီကိုလာတာ နတ်ဘုရား နှိမ်နင်းခြင်း အင်းကွက် ပါသွားပြီလား ဆိုတာ လာကြည့်တာ၊ နေဦး တစ်ခုမေးစရာ ရှိသေးတယ်၊ မင်း တောင်ပေါ် တက်လာတော့ စစ်သည်တော် အုပ်စုတစ်စုကို သတ်လိုက်မိသေးလား”
ရဲ့လျိုယွင်က မေးလိုက်သည်။
ဆန်းလျန်က ခေါင်းညိတ် ပြလိုက်သည်။
“အဲဒါ တစ္ဆေဂိုဏ်းခွဲက ထူကျူအရှင်ရဲ့ စစ်သည်တော်တွေပဲ၊ မြင်မြင်သမျှ သက်ရှိမှန်သမျှ အကုန် လိုက်သတ်နေတာ၊ တစ္ဆေဂိုဏ်းခွဲက ထူကျူအရှင်က အဲဒီလိုသတ်ဖို့ အမိန့်ပေးထားတာလေ၊ သိပ်ကို အမြင်ကျဉ်းတဲ့ ထူကျူအရှင်ပဲ၊ မင်းရောက်နေတာ သူမသိခင် ဒီကနေ ထွက်သွားမှ ဖြစ်မယ်၊ မဟုတ်ရင်တော့ သူကမင်းကို အရေခွံ ဆုတ်ပစ်လိမ့်မယ်”
ရဲ့လျိုယွင်က သက်ပြင်း တစ်ချက် ချရင်း ပြောလိုက်လေသည်။
ယွီကွမ်းမြို့လေး၏ မြို့တော်ခန်းမ…
ယွီကွမ်းတစ်မြို့လုံးတွင် အခမ်းနားဆုံး နေရာ တစ်ခု ဖြစ်လေည်။
မည်မျှပင် ဝေးလံ ခေါင်သီသည့် ဒေသဖြစ်ပါစေ ယွီကွမ်းမြို့မှ လူများမှာ လူဆင်းရဲများ မဟုတ်ကြပါ။ သူတို့က ရိုးသား ကြိုးစားကြသူများ ဖြစ်လေသည်။ လက်ရှိ မြို့နယ် အုပ်ချုပ်ရေးမှူး ဖြစ်သည့် မြို့တော် ဝန်ချန်မှာလည်း ရိုးသားကြိုးစားသည့် မင်းမှုထမ်း အရာရှိ တစ်ယောက် ဖြစ်လေသည်။ သူက ဘုရင့်နန်းတော် စာပေပညာရှင် စာမေးပွဲတွင် ဒုတိယ အဆင့်ဖြင့် အောင်မြင်ခဲ့သူ ဖြစ်လေသည်။ သို့သော် သူ၏ ရိုးသားဖြောင့်မတ် မှုများကြောင့် ဝေးလံသည့် ဒေသဖြစ်သည့် ယွီကွမ်းမြို့လေးသို့ အပို့ခံလိုက်ရခြင်း ဖြစ်လေသည်။
သူက အသိအမှတ် ပြုခြင်းမခံခဲ့ရပေ။ သို့သော် မင်းပြောင်း မင်းလွဲဖြစ်ပြီး ဘုရင်အသစ် နန်းတက်ပြီ ဖြစ်သည့်အတွက် အရာရှိအသစ်များကို ချီးမြှောက်နေသည့် အချိန်ဖြစ်သည့် အတွက် သူ့အနေဖြင့် ကြိုးစား အလုပ်လုပ်ပြီး အရည်အချင်း ပြရန်သာ လိုလေသည်။
အစပိုင်းတုန်းကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးချန်သည် ယွီကွမ်းမြို့ကို ဆင်းရဲသားများ နေထိုင်သည့် မြို့လေးဟု ထင်ခဲ့မိလေသည်။ သို့သော် သူရောက်ရှိလာပြီးသည့် အချိန်နှစ်နှစ်အတွင်း အရာအားလုံးက အဆင်ပြေပြေ ရှိနေခဲ့လေသည်။ မြို့ပြင်တွင် ကူရှန် နတ်မိမယ်ဝတ် ကျောင်းတော်ရှိပြီး ဆုတောင်းပြည့်သည်ဟု ဆိုကြလေသည်။ ယွီကွမ်းမြို့လေးမှ လူအများမှာ နတ်မိမယ် အပြစ်ပေးမည်ကို စိတ်ပူကြပြီး မကောင်းမှုများ သိပ်မလုပ်ကြပေ။ ထို့ကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူး ချန်မှာ အလုပ်မရှိဘဲ အားလပ် နေလေတော့သည်။
မြို့တော်ခန်းမမှ ရုံးစောင့်များမှာလည်း အလုပ်သိပ်မရှိ ကြသည့် အတွက် အားနေကြလေသည်။
ထိုအချိန်…
မိုးလေးဖွဲဖွဲ ရွာကျလာလေသည်။
မြို့တော်ခန်းမမှ အစောင့် နှစ်ယောက်မှာ တံခါးထောင့်တွင် ထိုင်ရင် မြေပဲလှော်နှင့် အရက်ကို ခိုးကြောင်ခိုးဝှက် သောက်စား နေကြသည်။
ရုတ်တရက်…
တံခါးကို အပြင်မှ တစ်စုံတစ်ယောက်က စောင့်ကန်လိုက်သည့် အတွက် အစောင့် နှစ်ယောက်၏ မြေပဲလှော်များ မှောက်ကုန်တော့မလို ဖြစ်သွားရသည်။
သူတို့နှစ်ယောက်မှာ မြို့တော်ခန်းမသို့ ထိုမျှ ရိုင်းရိုင်းစိုင်းစိုင်း ဝင်လာရဲသူမှာ မည်သူလဲဟု သိချင် သွားမိလေသည်။
တံခါးဝတွင် အဖြူရောင် ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ရပ်နေလေသည်။ သူ့လက်ထဲတွင် ယပ်တောင် တစ်ချောင်း ကိုင်ထားပြီး မင်းမျိုးမင်းနွယ် တစ်ပါးကဲ့သို့ အလွန် ချောမော လှပလွန်းလေသည်။
အစောင့်များမှာ ထိုလူငယ်ကို ဆန့်ကျင်သည်ထက် ကောင်းကောင်းမွန်မွန် ပြောဆို သင့်သည်ဟု တွေးလိုက်မိပြီး….
"ဒီကို ဘာကိစ္စရှိလို့ လာတာလဲ သိပါရစေ၊ အမိန့်စာရော ပါလာပါသလား"
အစောင့်တစ်ယောက်က မေးလိုက်လေသည်။
ထို အဖြူရောင်ဝတ်လူငယ်မှာ ယန်ရွှီးပင် ဖြစ်လေသည်။ သူက မြို့တော်ခန်းမအတွင်းသို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး…
"ဒီနေရာက ဒီမြို့ရဲ့ အချက်အချာ အကျဆုံးနေရာပဲ၊ ဟုတ်တယ် မဟုတ်လား"
ထို့နောက် သူက အစောင့်နှစ်ယောက်ကို တစ်စက်ကလေးပင် အရေးမလုပ်ဘဲ ခန်းမအတွင်းသို့ လှမ်းဝင် လိုက်လေသည်။
အစောင့်နှစ်ယောက်ကလည်း ရပ်ကြည့် မနေဘဲ ယန်ရွှီးကို တိုက်ခိုက်လိုက်ကြသည်။
သို့သော် သူတို့ ယန်ရွှီးအနား မရောက်နိုင်ခင်မှာပင် လက်ထဲမှ မြေပဲလှော်များမှာ ခုန်ထွက် လာကြလေသည်။ ခုန်ထွက်လာသည့် မြေပဲလှော်များမှာ အစောင့် နှစ်ယောက်၏ ဦးခေါင်းပေါ်သို့ ပြုတ်ကျလာပြီး ဦးခေါင်းခွံများကို အပေါက်ကြီးများ ဖြစ်အောင် ထိုးဖောက် ပစ်လိုက်ကြလေသည်။ အစောင့် နှစ်ယောက်၏ ဦးခေါင်းခွံများမှ သွေးများ ယိုစီး ထွက်လာလေသည်။
ထို့နောက် အစောင့်နှစ်ယောက် ကိုင်ထားသည့် အရက်အိုးများ အတွင်းမှ အရက်များ လွင့်ပျံ ထွက်လာပြီး အစောင့်နှစ်ယောက်၏ ခန္ဓာကိုယ်များ ပေါ်သို့ အရက်များ ဖြန်းပက်ပြီးသား ဖြစ်သွားလေသည်။
ယန်ရွှီးက မီးပွားလေး တစ်ခု ဖန်စင်းလိုက်ပြီး အစောင့်နှစ်ယောက်ဆီသို့ ပစ်လွှတ် လိုက်လေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အစောင့်နှစ်ယောက်မှာ ပြာမှုန့်ဘဝသို့ ကူးပြောင်း သွားလေတော့သည်။
ယန်ရွှီးက ခန်းမအတွင်းသို့ ဆက်လက် ဝင်ရောက်လာသည်။
မြို့တော် အုပ်ချုပ်ရေးမှူးချန်မှာ ခန်းမထဲတွင် စာဖတ် နေလေသည်။ သူက ယန်ရွှီး ဝင်လာသည်ကို မြင်တွေ့လိုက်သည်နှင့်….
"ခင်ဗျားက ဘယ်သူလဲ၊ ဘယ်လိုလုပ် အထဲဝင်လာတာလဲ"
"လာခဲ့စမ်း…"
ယန်ရွှီးက ပြုံးရင်း အမိန့်ပေးလိုက်သည်။
သူက မြို့တော် အုပ်ချုပ်ရေးမှူးချန်၏ အရှေ့တွင် လေပြည် တစ်ခု ဖန်ဆင်းလိုက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးကို လေထဲသို့ လွင့်စဉ်လာအောင် ဆွဲခေါ်လိုက်လေသည်။ သို့သော် မြို့နယ် အုပ်ချုပ်ရေးမှူး ချန်ထံမှ ကြုံးဝါးသံ တစ်ချက် ထွက်ပေါ်လာပြီး သူ၏ ဦးခေါင်းထက်မှ အဖြူရောင် အလင်းတန်းများ တောက်ပလာလေသည်။ ယန်ရွှီး၏ လေပြည်က သူ့ကို တစ်လက်မပင် ရွေ့လျားအောင် မလုပ်နိုင်ပေ။
ယန်ရွှီး အေးစက်စွာ ပြုံးလိုက်လေသည်။
သူက စစ်မှန်သည့် ကွန်ဖြူးရှပ်ဝါဒ ကျင့်ကြံသူတစ်ယောက်နှင့်တွေ့ဆုံရလိမ့်မည်ဟု မျှော်လင့်မထားမိပေ။
ယန်ရွှီးသည် ချက်ချင်းပင် အရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ချန်ရှေ့သို့ ရောက်ရှိ လာလေသည်။ သူက လက်တစ်ဖက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဦးခေါင်းကို ဖိနှိပ် ထားလိုက်လေသည်။ ထိုအခါ မြို့နယ် အုပ်ချုပ်ရေးမှူး၏ ဦးခေါင်းထက်မှ အဖြူရောင် အလင်းတန်းမှာ ပျောက်ကွယ် သွားလေသည်။
မြို့နယ် အုပ်ချုပ်ရေးမှူးချန်မှာ သူ၏ငယ်ထိပ်ဆီမှ ထူးဆန်းသည့် စွမ်းအားတစ်ခု စိမ့်ဝင်လာသည်ဟု ခံစားနေရပြီး သူ၏ ခန္ဓာကိုယ်မှာလည်း တုန်ခါနေလေသည်။ ထို့နောက် ခန်းမထဲမှ လွင့်ထွက်ကာ လမ်းမပေါ်သို့ ရောက်ရှိ သွားလေတော့သည်။
လူအများက လမ်းပေါ်သို့ လွင့်ထွက်လာသည့် မြို့နယ် အုပ်ချုပ်ရေးမှူး ချန်ကို ဝိုင်းဝန်း တွဲထူ ပေးလိုက်ကြသည်။
ယန်ရွှီးက လူသတ်ချင်စိတ် မရှိသည့် အတွက်သာ သက်သာ သွားရခြင်း ဖြစ်လေသည်။
ထိုအချိန်မှာပင်… အနက်ရောင်လေများ စတင် တိုက်ခတ် လာလေတော့သည်။
အနက်ရောင် လေများနှင့်အတူ မကောင်းဆိုးဝါးများ ထွက်ပေါ်လာလေသည်။ မြွေကိုယ်ခန္ဓာနှင့် လူဦးခေါင်းရှိသည့် မကောင်းဆိုးဝါး တစ်ကောင် အရင်ဆုံး ထွက်လာလေသည်။ ထိုမကောင်းဆိုးဝါး နောက်မှ လူသား ခန္ဓာကိုယ်နှင့် ငှက်ဦးခေါင်းရှိသည့် မကောင်းဆိုးဝါး တစ်ကောင် လိုက်လာပြန်သည်။ ခြေလေးချောင်းနှင့် မြွေများ၊ ခေါင်းနှစ်လုံးနှင့် ငှက်များအပြင် အခြား ထူးဆန်းသည့် ပုံသဏ္ဌာန်မျိုးစုံဖြင့် မကောင်းဆိုးဝါးများစွာ ထွက်ပေါ်လာလေသည်။ ထိုမကောင်းဆိုးဝါးများ အားလုံးမှာ ယွီကွမ်းမြို့၏ လမ်းမထက်တွင် လမ်းသလား နေကြလေတော့သည်။
သတ္တိကောင်းသည့် လူငယ် အချို့က မကောင်းဆိုးဝါးများကို တိုက်ခိုက် ကြလေသည်။ သို့သော် လူသားများသည် မကောင်းဆိုးဝါးများကို ရေရှည် မတိုက်ခိုက်နိုင်ပါ။ နောက်ဆုံးတော့ မိစ္ဆာများ၏ တိုက်ခိုက်မှုဖြင့် သတိလစ် မေ့မြော ကုန်ကြရလေသည်။
မကောင်းဆိုးဝါးများမှာ ပိုမိုများပြားလာပြီး လူအများမှာ ထိတ်လန့် တုန်လှုပ် နေကြလေသည်။
ဈေးရောင်း သူများမှာလည်း ဆက်လက် ဈေးမရောင်းရဲကြတော့ပေ။
မြို့နယ်အုပ်ချုပ်ရေးမှူး ချန်မှာ မိစ္ဆာနတ်ဘုရား တစ်ပါး ရောက်ရှိလာ၍ ဤသို့ ဖြစ်ရခြင်းဖြစ်ကြောင်း ခန့်မှန်း လိုက်လေသည်။
သူခိုး ဓားပြများဆိုလျှင်တောင် မြို့တော်ခန်းမမှ တပ်သားများက နှိမ်နင်းနိုင်ဦးမည်။ ယခုတော့ တာအို ဆရာများပင် မနှိမ်နင်းနိုင်သည့် တန်ခိုး စွမ်းအားကြီးမားသည့် မိစ္ဆာနတ်ဘုရား ရောက်လာခြင်း ဖြစ်လေသည်။
မြို့နယ် အုပ်ချုပ်ရေးမှူးချန်မှာ ဤသို့သော အဖြစ်အပျက်မျိုးကို တစ်ခါမှ ကြုံတွေ့ဖူးခြင်း မရှိပေ။
သို့သော်.... ကြံရာမရသည့် အဆုံး အနီးအနားမှ တာအိုဆရာများကို ခေါ်ရလေတော့သည်။ သို့သော် တာအို ဆရာများနှင့် ဘုန်းတော်ကြီးများမှာ မိစ္ဆာနတ်ဘုရားကို နှိမ်နင်းဖို့ နေနေသာသာ မြို့တော်ခန်းမထဲမှ လွင့်ထွက် လာကြရလေသည်။ အကြောက်လွန်ပြီး ရူးသွပ် သွားကြကာ စကားပင် ကောင်းကောင်း မပြောနိုင်ကြတော့ပေ။
ကံကောင်းသည်မှာ မကောင်းဆိုးဝါးများမှာ မြို့နေပြည်သူများကို ခြောက်လှန့် နှောင့်ယှက်သည်မှ လွဲပြီး သတ်ဖြတ်ခြင်း မပြုကြပေ။ မြို့ထဲမှ ထွက်ခွာသွားကြသည့် လူများကိုတော့ မကောင်းဆိုးဝါး များက ပိတ်ဆို့ တားဆီးကာ မြို့ထဲသို့ ပြန်ပို့ကြလေသည်။
သုံးရက်မြောက်နေ့သို့ ရောက်လာပြီ ဖြစ်သည်။
မြို့ထဲတွင် မကောင်းဆိုးဝါးများ နေရာအနှံ့တွင် သွားလာနေကြလေသည်။ လူအများမှာ ကူရှန်ဝတ်ကျောင်းတော်သို့ ရောက်လာကြလေသည်။ တာအို ဆရာများမှာလည်း မိစ္ဆာနတ်ဘုရားကို မနိုင်တော့သည့် အတွက် ကူရှန်နတ်မိမယ်များ ကယ်တင်နိုင်မည်လားဟု လူအများက မျှော်လင့်ကြသည်။
လူအချို့က မြို့နယ် အုပ်ချုပ်ရေးမှူးချန်ကို ကူရှန်နတ်မိမယ်ကို အကူအညီ တောင်းရန် အကြံပေးကြလေသည်။ သူမသာ ကူညီမည်ဆိုလျှင် မိစ္ဆာနတ်ဘုရားမှာ မြို့ထဲမှ ထွက်ခွာသွားပြီး ယွီကွမ်းမြို့လေး ပြန်လည် ငြိမ်းချမ်း လာမည်ဟု မျှော်လင့် နေကြလေသည်။
အမှန်တော့ ယန်ရွှီးက ထိုသို့ဖြစ်လာအောင် တမင်ပြုလုပ်ခြင်း ဖြစ်လေသည်။ ယခုတော့ ယန်ရွှီးဖြစ်ချင်သည့် ဆန္ဒအတိုင်း ဖြစ်လာခဲ့ပြီ။
ကူရှန်ဝတ် ကျောင်းတော်ထဲတွင်တော့ ချီးစန်းကွမ်းမှာ မျက်မှောင်ကြုတ်ထားပြီး နတ်မိမယ် ရုပ်တုနှင့် စကား ပြောနေလေသည်။
"မြို့သူမြို့သားတွေကတော့ နတ်မိမယ်ဆီက အကူအညီ တောင်းခံကြပြီ၊ အခု နတ်မိမယ် ဘယ်လို လုပ်မှာလဲ"
***