အခန်း (၁၇၃-၁၇၄)
Vol. 14 Ch. 173-174
အပိုင်း(၁၇၃)
မြင့်မြတ်ကုန်းမြေဟု ခေါ်တွင်သော မိစ္ဆာဂူ
ညဉ့်ကောင်းကင်အောက်တွင် အဓိပတိဂိုဏ်းသည် တိတ်ဆိတ်ကာ အေးချမ်းနေခဲ့သည်။ ကုအန်၏ နတ်အာရုံသည် အဓိပတိဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ ကုအန် ဂိုဏ်းထဲရှိ ဖုံးကွယ်ထားသော နေရာများကိုပင် မြင်တွေ့ခဲ့ရပြီး စံအိမ်များကိုလည်း သူ့မျက်စိရှေ့တွင် ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရသည်။ ဂိုဏ်းတွင် ကြယ်သခင်ဂူနှင့်တူသော ကမ္ဘာငယ်လေးများပင် ရှိနေပြီး အရွယ်အစားမှာတော့ ကြယ်သခင်ဂူထက် အများကြီးကို၍ သေးငယ်ပေသည်။
အဓိပတိဂိုဏ်းမှာ ဆန်းကြယ်နှလုံးသားအဆင့် လေးယောက်ရှိတာပဲ!
ဘိုးဘေးရွှမ်ကွမ်း၊ လုလင်ကျွမ်းနှင့် ကုအန် မမြင်ဖူးသော အခြားနှစ်ယောက်ပါ ရှိနေခြင်း ဖြစ်သည်။ ထိုထဲမှ တစ်ယောက်ကိုတော့ သူစာအုပ်ခန်းမတွင်ရှိနေစဉ်က အာရုံခံမိခဲ့ဖူးသည်။
အဓိပတိဂိုဏ်း၏ အခြေခံအုတ်မြစ်သည် သန်မာလှကြောင်း ကုအန် လက်ခံမိသွား၏။
ကုအန် ဂူတစ်လံုးထဲတွင် ဆန်းကြယ်နှလုံးသားအဆင့်သို့ ချိုးဖျကမရန် အပြင်းအထန်ကြိုးစားလေ့ကျင့်နေသော လုပိုင်ထျန်းကိုလည်း တွေ့ခဲ့ရသေးသည်။
လုပိုင်ထျန်းသည် သူ့အပေါ်အတော်လေးကောင်းကောင်း ဆက်ဆံသူဖြစ်သောကြောင့် သူနောက်တစ်ကြိမ် ကပ်ဘေးကျော်ဖြတ်ပါက တိတ်တိတ်ကလေး ကူညီပေးလိုက်မည်ဟု ကုအန် ဆုံးဖြတ်ထားခဲ့၏။
ထို့နောက် ကုအန် ဆန်းကြယ်တောင်ကြားသို့ ပြန်လာခဲ့လေသည်။
ကုအန် သူ့အိမ်ထဲ၀င်ကာ ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး အပြင်းကြောဆန့်လိုက်၏။
အိမ်က အမြဲတမ်း သက်တောင့်သက်သာအရှိဆုံးနေရာပဲ!
ကုအန် ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း မျက်လုံးမှိတ်လိုက်ကာ သူ့အရင်နှစ်ရက်က အတွေ့အကြုံများကို ပြန်၍ စားမြုံ့ပြန်နေမိသည်။
မြေလျှောက်အမတအဆင့်၏ ဆန်းကြယ်မှုများ၊ ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်၏ ကျယ်ပြန့်ပုံ၊ ဆန်းကြယ်မြင့်မြတ်ခန္ဓာ၏ အံ့ဖွယ်စွမ်းအားများ၊ သူ့တွင် စားမြုံ့ပြန်လောက်စရာ ထိုက်တန်သော အရာများစွာ ရှိနေခဲ့၏။
(Translator note- ဒီအပိုင်းကစ Primordial ကို မူလ အစား ကမ္ဘာဦး လို့ပြောင်းသုံးသွားပါမယ် မူလကျင့်စဉ် ဆိုတာတွေက ကမ္ဘာဦးကျင့်စဉ် ဖြစ်သွားမှာပါ)
မနက်ခင်းသို့ရောက်သောအခါ ကုအန် အောက်ဆင်း၍ သူ့တပည့်များကို ဦးဆောင်၍ အကြောလျှော့လေ့ကျင့်ခန်းလုပ်ပြီးမှ အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။
သူတို့ကြား ကျင့်ကြံခြင်းအဆင့်ကွာဟချက်ကြီးမားလှသောကြောင့် တပည့်များသည် ကုအန်၏ ကွဲပြားသွားမှုကို သတိမထားမိခဲ့ကြပေ။
သမုဒ္ဒရာထဲက အဖြစ်အပျက်ကြီး၏ သတင်းသည် ကုန်းမြေစီသို့ ရောက်ရှိမလာခဲ့ဘဲ နောက်သုံးရက်အကြာထိ ကုအန် စောင့်ကြည့်နေခဲ့ပြီး မည်သည့် နိဗာနအဆင့် အချုပ်အနှောင်မဲ့အမတအဆင့်၏ နတ်အာရုံကို မတွေ့ရမှသာ သူစိတ်အေးသွားခဲ့ရသည်။
သုံးရက်ကြာပြီးသည့်နောက် ကုအန် ဆေးပင်များ ဆက်လက်ရိတ်သိမ်းခဲ့၏။
သူ့သက်တမ်းသည် ၁.၄ သန်းသာ ကျန်တော့ပြီး အဆင့်ချိုးဖျက်စဉ်က သက်တမ်းအလွှာကုန်ကျမှုမှာပင် သိန်းနှင့်ချီ၍ သုံးခဲ့ရသည်။
နောက်ထပ် စနစ်မှလုပ်ဆောင်ချက်တစ်ခု ပွင့်ဖို့ရန်မှာတော့ သက်တမ်း သန်း၁၀၀ စုဆောင်းဖို့လိုသောကြောင့် ထိုပမာဏကိုတွေးမိပြီး ကုအန် ကြက်သီးပင်ထသွားရ၏။
သက်တမ်း သန်း၁၀၀ ဆိုသည်မှာ ဆယ်စုနှစ် အနည်းငယ်လောက်နှင့် ပြည့်နိုင်မည့် မရာမဟုတ်ပေ။
လက်ရှိ သူ့သက်တမ်း စုဆောင်းနိုင်စွမ်း တစ်နှစ် ၂၀၀၀၀၀ ဖြင့် တွက်ကြည့်ပါက သက်တမ်း ၁၀၀ ပြည့်ဖို့ ရာစုနှစ် ၅ခုစာလောက်တော့ စုဆောင်းရလောက်သည်။
အနာဂတ်မှာ ငါ့သက်တမ်းကို ပိုပြီး ကြိုးကြိုးစားစား စုရမှာပဲ!
မနက်ခင်းတွင် ကုအန် တတိယတောင်ကြားသို့ သွားခဲ့ပြီး နေ့လည်ဘက်တွင် ထျန်းယတောင်ကြာသို့ သွားခဲ့၏။ ညနေရောက်မှသာ ကျိရှောင်ယုနှင့် တွေ့ဆုံရန် မိစ္ဆာနယ်မြေသို့ ဦးတည်လာခဲ့သည်။
မြေအောက်ဂူထဲတွင် အနက်ရောင်၀တ်စုံ၀တ် ကျိရှောင်ယု တရားထိုင်နေကာ ကျင့်ကြံနေခဲ့၏။ သူ့စိတ်ဝိညဉ်စွမ်းအားသည်လည်း ၃၀ ရာခိုင်နှုန်း ပြန်ပြည့်လာပြီဖြစ်ပြီး ထိုမျှပြည့်ဖို့ပင် သူဆေးဝါးအမြောက်အမြား သုံးစွဲခဲ့ရသည်။
ထိုစဉ် ကုအန် ရုတ်တရက်လေထုထဲမှ ကျိရှောင်ယုနှင့် ဆယ်လှမ်းအကွာတွင် ပေါ်ပေါက်လာခဲ့ပြီး ကျိရှောင်ယု သူ့ကို သတိမထားမိခဲ့ပေ။
တခဏကြာ တိတ်တဆိတ်ကြည့်နေလိုက်ပြီးမှ ကုအန် ပြောလိုက်၏။
“မင်းကိုယ်ထဲမှာ စွမ်းအားကြီးတဲ့ အားတစ်ခုရှိနေတယ်”
ထိုစကားကိုကြားသောအခါ ကျိရှောင်ယု မျက်လုံးများ ပွင့်လာပြီး ထရပ်လိုက်ကာ ကုအန်ကို လက်သီးဆုပ်၍ ဂါရ၀ပြုလိုက်လေသည်။
“ငါ့မှာကျိမိသားစုနဲ့ ချည်နှောင်ထားမှုတွေရှိနေလို့ မင်းကို နတ်သိုင်းတစ်ခု သင်ပေးချင်တယ် မင်းသင်ချင်လား”
ကုအန် ခပ်အေးအေးမေးလိုက်သည်။
သူကမ္ဘာဦးတာအိုနတ်သိုင်းကို ကျိရှောင်ယုကို သင်ပေးချင်နေခဲ့ခြင်း ဖြစ်၏။
ကမ္ဘာဦးတာအိုနတ်သိုင်းသည် ကျိမိသားစုစီမှ ကျန်းချောင်ခိုးယူခဲ့သော ကောင်းကင်နှင့်မြေပြင်လမ်းစဉ် မှ အသွင်ပြောင်းထားခြင်း ဖြစ်သည်။ ထိုအဆင့်မြှင့်ထားသော သိုင်းကို ပြန်ပေးခြင်းဖြင့် ကုအန် သူမအပေါ် သူ့အကြွေးကို ချေရပေလိမ့်မည်။
ထိုစကားကိုကြားသောအခါ ကျိရှောင်ယု မေးလိုက်၏။
“ဘာနတ်သိုင်းလဲဆိုတာ ကျွန်မသိခွင့်ရှိမလား စီနီယာ”
“ကမ္ဘာဦးတာအိုနတ်သိုင်းတဲ့ မင်းကြားဖူးလား”
“ကမ္ဘာဦးတာအိုနတ်သိုင်းလား!”
ကျိရှောင်ယု မျက်လုံးထဲတွင် သံသယနှင့် အံ့အားသင့်မှုများ ရောပြွန်းနေသော အကြည့်ပေါ်လာခဲ့လေသည်။
ကုအန် ပြောလိုက်သည်။ “ကြည့်ရတာ မင်းကြားဖူးပုံပဲ”
ကုအန်၏ မျက်နှာဖုံးကြောင့် မျက်နှာဖုံးအောက်ရှိ အသွင်အပြင်ကို ကျိရှောင်ယု မမြင်ရခဲ့ေပ။ ကျိရှောင်ယု မျက်မှောင်ကြုံ့လိုက်ကာ ပြန်မေးလိုက်၏။
“စီနီယာက တကယ်ဘယ်သူလဲဆိုတာ သိပါရစေ ကမ္ဘာဦးတာအိုနတ်သိုင်းက ကျွန်မတို့ ကျိမိသားစုပျောက်ဆုံးသွားခဲ့ရတဲ့ လျှို့ဝှက်နတ်သိုင်း တစ်ခုပါ
မိသားစုထဲမှာ အဲ့ဒီသိုင်းကို လက်ဆင့်ကမ်းခဲ့တာမျိုးလည်း မရှိပါဘူး နောက်ပြီး အဲ့ဒီသိုင်းကို တတ်မြောက်ဖို့ဆို အရင်ဆုံး ကောင်းကင်နှင့်ေမြပြင်အာဏာရှင်ခန္ဓာကို ကျင့်ကြံရပါမယ် ကောင်းကင်နှင့်မြေပြင်အာဏာရှင်ခန္ဓာကို အောင်မြင်ခဲ့ရင်လည်း အဲ့ဒီလူက အဓိကမိသားစုရဲ့ သွေးမျိုးဆက်ထဲ ၀င်ဆံ့ဖို့ လုံလောက်သွားပါလိမ့်မယ်”
ကုအန် ပြန်ပြောလိုက်သည်။ “မင်းငါ့ရဲ့ သရုပ်မှန်ကို သိဖို့မလိုဘူး မင်းသင်ချင်လား မသင်ချင်ဘူးလားပဲ ဖြေဖို့လိုတယ်”
“အဲ့တာဆို ကျေးဇူးပြုပြီးသင်ကြားပေးပါ စီနီယာ” ကျိရှောင်ယု တုန့်ဆိုင်းမနေဘဲ ဖြေလိုက်၏။
ကုအန် အင်္ကျီလက်အိုးကို တစ်ချက်ယမ်းလိုက်ကာ လေပြင်းတစ်ချက် ကျိရှောင်ယုစီ တိုး၀င်သွားခဲ့လေသည်။ ကျိရှောင်ယုရှောင်ချိန်ပင် မရလိုက်ဘဲ လေပြင်းသူ့စီ ရောက်လာသောအခါ သူမလှုပ်ရှားနုိင်ဖြစ်သွားခဲ့ရပြီး သူ့မျက်လုံးထဲတွင် ပုံရိပ်များစွာ ပေါ်ပေါက်လာခဲ့၏။
ကျိရှောင်ယု အမွေဆက်ခံနေသည်ကို ကြည့်ရင်း ကုအန် သူမကို အတော်လေး စိတ်၀င်စားနေခဲ့မိသည်။
ကမ္ဘာဦးတာအိုအဆောင်အပြင် သူ့တွင်အခြား လျှို့ဝှက်ချက်များ ရှိနေဦးမည်ဟု ကုအန် အာရုံခံမိနေခဲ့၏။
သူသည် ဖော်ပြ၍မရသော သမာဓိတစ်မျိုးကို ပိုင်ဆိုင်ထားပြီး ကုအန်နှင့်ရင်ဆိုင်ရသောအခါတွင်ပင် သူမသည် တည်ငြိမ်နေခဲ့လေသည်။
ကုအန် ကျိရှောင်ယုကို ပထမဆုံးအကြိမ်တွေ့ခဲ့ဖူးသည့် ငယ်ဘ၀ကို ပြန်တွေးမိသွား၏။ သူမသည် ထိုစဉ်ကတည်းက သူမနှင့်ရွယ်တူများနှင့် ကွဲပြားနေခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူမသည် ဝိညဉ်အိုကြီးတစ်ကောင်၏ ဝိညဉ်ပူးကပ်ခြင်းကို ခံထားရခြင်းလောဟုပင် ကုအန် ထင်မိခဲ့သေးသည်။
တစ်နာရီခန့်ကြာသောအခါ
ကျိရှောင်ယုမျက်လုံးများ ရှင်းလင်းလာခဲ့သည်။ သူမ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး တောင်နံရံနားတွင် ရပ်နေသော ကုအန်ဘက်လှည့်ကာ ပြောလိုက်၏။
“လမ်းပြပေးလို့ ကျေးဇူးတင်ပါတယ်စီနီယာ ကျွန်မ ဒီအတွက်စီနီယာ့ကို ဘယ်လိုပြန်ပေးဆပ်ရမလဲ”
သူမလက်ခံရရှိခဲ့သော ကမ္ဘာဦးတာအိုနတ်သိုင်းသည် အစစ်အမှန်ဖြစ်မှန်း သူမသိပေသည်။
ထိုသိုင်းတွင် သူမ၏ ကောင်းကင်နှင့်မြေပြင်လမ်းစဉ်နှင့် တူညီမှုများစွာရှိနေပြီး ကောင်းကင်နှင့်မြေပြင်လမ်းစဉ်မှတစ်ဆင့် ဖွံ့ဖြိုးလာမှု လက္ခဏာများကိုပင် သူတွေ့မြင်ခဲ့ရသည်။
ဤပုဂ္ဂိုလ်၏ တာအိုအဆင့်သည် သူမစိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေပုံပင်။
သူသည် သူမဘ၀တစ်လျှောက် တွေ့ခဲ့ဖူးသမျှထဲ အသန်မာဆုံးလူပင် ဖြစ်နိုင်၏။
“ငါမင်းရဲ့ ပြန်ပေးဆပ်မှုကို မလိုအပ်ပါဘူး ငါကမင်းရဲ့ မျိုးရိုးနာမည် ကျိ ကြောင့်သာ ကူညီခဲ့တာ ငါ့ကိုပြောပါဦး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို မင်းဘယ်လိုမြင်လဲ” ကုအန် ပုံမှန်အတိုင်း ပြောလိုက်သည်။
တကယ်တော့ သူ့စိတ်ထဲတွင် ကျိရှောင်ယုသည် ကျိမိသားစုတစ်ခုလုံးထက်ပို၍ အရေးကြီးပေသည်။
ကျိမိသားစုသည် သူ့ကို ပျိုးထောင်ပေးခဲ့သော်လည်း ငယ်စဉ်က သူ့လက်ကို ဖြတ်ရန် ကြိုးစားခဲ့ဖူးသည်။ ကျိရှောင်ယုသည်သာ သူ့ကို ကယ်တင်ဖို့ ပြောပေးခဲ့သူ ဖြစ်၏။ သူအဓိပတိဂိုဏ်းကို ၀င်ခွင့်ရခဲ့သည်မှာလည်း ကျိရှောင်ယု ကြောင့်သာဖြစ်ပြီး ကျိမိသားစုနှင့် မဆိုင်ပေ။ ဤနှစ်များအတွင်း ကျိမိသားစုအတွက် ဆေးပင်များ ပေးခဲ့ခြင်းက သူ့ငယ်စဉ်က ကျေးဇူးကြွေးကိုပြန်ပေးဆပ်ရန် လုံလောက်နေပြီ ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူကျိရှောင်ယုကို ကယ်တင်ပေးခဲ့ခြင်းမှာလည်း အရင်က ကြင်နာမှုအတွက် ပြန်ပေးဆပ်ခြင်း ဖြစ်၏။
ယခုအခါ ကျိမိသားစုသည် အဓိပတိဂိုဏ်းမှလည်း ထွက်ခွာသွားတော့မည် ဖြစ်သောကြောင့် အနာဂတ်တွင် သူနှင့်ကျိမိသားစုမှာ သူစိမ်းများသာ ဖြစ်သွားတော့မည် ဖြစ်သည်။
ကျိရှောင်ယု ကုအန်ကိုကြည့်ကာ ခပ်အေးအေးပင်ဖြေလိုက်၏။
“မြင့်မြတ်ကုန်းမြေလို့ခေါ်တဲ့ မိစ္ဆာဂူတစ်လုံး”
ကုအန် အံ့အားသင့်သွားခဲ့သည်။ ကျိရှောင်ယု ယခုလိုဖြေမည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ကျိရှောင်ယု ဆက်ပြောလိုက်၏။
“စီနီယာ့မှာလည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေအပေါ် အမြင်တစ်မျိုးရှိနေပုံပဲ မဟုတ်ရင် ကျွန်မကိုမေးမှာ မဟုတ်ဘူး ကျွန်မတို့ကတစ်ဖက်တည်းမှာ ရပ်လို့ရကောင်း ရနိုင်တယ်”
“အို့ ဘာလို့ငါတို့က တစ်ဖက်တည်းမှာ ရပ်သင့်တာလဲ” ကုအန် စိတ်ဝင်စားနေသည့် လေသံဖြင့် မေးလိုက်သည်။
ကျိရှောင်ယု ဖြေလိုက်သည်။
“ကျွန်မ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ဖြုတ်ချချင်တယ် ဒါပေမယ့် ကျွန်မတစ်ယောက်တည်းရဲ့ အင်အားက နည်းလွန်းတယ် စီနီယာက ကျွန်မကို ထောက်ပံ့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ကုအန် မေးလိုက်သည်။
“အကြောင်းပြချက်က”
“ဒါက လူတွေရဲ့ အကျိုးအတွက်လုပ်ပေးတာမဟုတ်ဘူး ကျိမိသားစုကကျွန်မကို ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက တပည့်တစ်ယောက်နဲ့ လက်ထပ်စေချင်တယ် သွေးတော်စပ်မှုအရ ကျွန်မ ကျိမိသားစုကို ဆန့်ကျင်လို့မရဘူး အဲ့တာကြောင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကိုပဲ ရှင်းပစ်ချင်တယ်” ကျိရှောင်ယု ခပ်အေးအေးပုံစံနှင့်ပင် ပြောလိုက်ပြန်သည်။
“ကျွန်မကို ကျိမိသားစုထဲမှာ မွေးခဲ့ပေမယ့် မိသားစုအတွက် ကျွန်မကိုယ်ကျွန်မ စတေးခံမှာမဟုတ်ဘူး မိသားစုရဲ့ ကိုယ့်ကိုကိုယ်ကြားရွေးရရင် ကျွန်မက အမြဲတန်း ကိုယ့်ကိုကိုယ်ကိုယ်ပဲ ရွေးမှာပဲ တကယ်လို့ စီနီယာကသာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်အပေါ် အမုန်းတရားရှိနေခဲ့ရင် ကျွန်မတို့ ပူးပေါင်းလို့ရမှာပါ ကျွန်မက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရဲ့ သတင်းတွေကို ရနိုင်သလောက် စုဆောင်းပေးမယ်”
သူမစကားကိုနားထောင်နေရင်း သူမအရိုးများမှ ထွက်ပေါ်နေသည့် အေးစက်မှုကို ကုအန် ခံစားလိုက်မိပြီး ကျိရှောင်ယုအပေါ် သူ့အမြင်ပင် ပြောင်းလဲသွားခဲ့ရသည်။
ကုအန်အမြင်တွင် ကျိရှောင်ယုသည် တည်ငြိမ်ကာအေးဆေးနေတတ်သော သူတစ်ယောက်သာ ဖြစ်ခဲ့၏။ ဤတစ်ကြိမ်မှသာ သူကျိရှောင်ယုကို အမှန်တကယ် နားလည်သွားခဲ့ရသည်။
သူမစကားလုံးများသည် အတ္တကြီးနေသလိုဖြစ်နေသော်လည်း ထိုအတွက်တော့ သူမကို သူမနှစ်သက် မဖြစ်ခဲ့ပေ။
လူတစ်ယောက်သည် သူ့ကိုယ်သူသာ အဓိကထားသင့်ပြီး ကျိရှောင်ယုသည် သူ့မိသားစုကို ထိခိုက်အောင် လုပ်နေတာမျိုးလည်း ဟုတ်မနေသလို ကြယ်ခုနှစ်လုံးနယ်မြေသည်လည်း လူအများလေးစားကြည်ညိုမှုကို ရထိုက်သည့် နေရာမျိုး ဟုတ်မနေပေ။
ကုအန် ပြောလိုက်သည်။
“ကောင်းပြီလေ”
ကျိရှောင်ယု လက်မြှောက်ကာ ကုအန်ကို အရိုအသေပြုလိုက်၏။
“မိစ္ဆာကပ်ဘေးဖြစ်ပွားစေတဲ့ အဓိကအကြောင်းအရင်းက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကြောင့် ဆိုတာ မင်းသိထားလား”
ကုအန် ရုတ်တရက်မေးလိုက်သည်။
ထိုစကားကိုကြားသောအခါ ကျိရှောင်ယု မျက်ခုံးများ တွန့်ကွေးသွားပြီး ပြောလိုက်ဧ။။်
“ကျွန်မက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေလုပ်ခဲ့တဲ့ မိစ္ဆာဆန်တဲ့ လုပ်ရပ်မျိုးတွေကိုပဲ သိခဲ့တာ သူတို့နဲ့ မိစ္ဆာကပ်ဘေးကြား ဆက်စပ်မှုရှိမယ်ဆိုတာ ခန့်မှန်းမိပေမယ့် အတိအကျတော့ မသိဘူး”
ထို့နောက် ကုအန် သူမအား သူသိထားသမျှ ပြောပြလိုက်လေသည်။
နားထောင်နေရင်း ကျိရှောင်ယု မျက်ခုံးများ ပို၍ တွန့်ကွေးလာခဲ့၏။
ကုအန် ပြောပြီးသောအခါ ကျိရှောင်ယု အေးစက်စက်ပြောလိုက်သည်။
“တကယ်လို့ စီနီယာပြောတာသာ အမှန်ပဲဆိုရင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ဖျက်ဆီးပစ်လိုက်မှ လူသားတွေကို ကယ်တင်ပေးနိုင်လိမ့်မယ်”
“ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရဲ့ အခြေခံအုတ်မြစ်က နက်ရှိုင်းပြီး သန်မာတယ် သူတို့ကို ဖျက်ဆီးဖို့က ခက်ခဲလွန်းတယ် အခုတော့ မင်းဆန္ဒကို ဖုံးကွယ်ထားသင့်တယ် လူသားတွေ မိစ္ဆာကပ်ဘေးကို ကျော်ဖြတ်နိုင်တဲ့အချိန်မှ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ဖျက်ဆီးဖို့ အစီအစဉ်တွေချရမယ်”
ကျိရှောင်ယု ခေါင်းညိတ်ပြလိုက်လေသည်။
ထို့နောက် ကုအန် လက်တစ်ချက်ယမ်းလိုက်ကာ ကျိရှောင်ယုအား မဟာကျင်းမင်းဆက် နယ်စပ်သို့ ပို့လိုက်၏။
မင်းဆက်ငါးခုလုံးတွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသို့ သွားလို့ရသည့်တည်နေရာကူးပြောင်းခြင်းအစီအရင်များ ရှိနေသောကြောင့် ထိုနေရာများမှ တစ်ဆင့် ကျိရှောင်ယု ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသို့ ပြန်နိုင်ပေသည်။
ကျိရှောင်ယု ဘာမှမပြောနိုင်သေးခင်မှာပင် ကုအန် လေထဲတွင် ပျောက်ကွယ်သွားခဲ့၏။
ကျိရှောင်ယု နတ်အာရုံကိုဖြန့်ကျက်ကြည့်လိုက်သောအခါ မကြာခင်တွင် ကျင့်ကြံသူများကို မြင်လိုက်ရပြီး သူ့အမူအရာ ရှုပ်ထွေးသွားခဲ့သည်။
ဒီလောက်ဝေးတဲ့ အကွာအဝေးမျိုးကို ဒီလောက်မြန်မြန် ပို့ပေးနိုင်တာ….
“သူကတကယ်ပဲ ဘယ်သူများလဲ…”
…
ဆောင်းဦးကုန်ကာ ဆောင်းရာသီသို့ ရောက်ရှိလာခဲ့သည်။
ကျိရှောင်ယုနှင့် ခွဲခွာပြီးသည့်နောက် ကုအန် သူ့ပုံမှန်လယ်သမားဘ၀ကို ပြန်ရောက်သွားခဲ့၏။ မြေလျှောက်အမတအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း သူဘာကိုမှ အဆင်အခြင်မဲ့ လုပ်မည် မဟုတ်ပေ။
သို့သော် ထိုအဆင့်မှယူဆောင်လာသော ပြောင်းလဲမှုများကို လုံး၀ပြည့်စုံအောင် ဖုံးကွယ်ထားဖို့ မဖြစ်နိုင်သောကြောင့် ကုအန် လူအများကိုပြသထားသည့် ကျင့်ကြံခြင်းကို မြှင့်ဖို့ စဉ်းစားထားခဲ့သည်။
သူသည် ဆေးဝါးများအသုံးပြု၍ ဗဟိုအူတိုင်အဆင့်သို့ ရောက်ရှိသွားပြီဟု ဟန်ဆောင်ပြမည်ဟု စီစဉ်ထားခဲ့သည်။
အနာဂတ်တွင် သူ့ကျင့်ကြံခြင်းကို ဖြည်းဖြည်းချင်း မြှင့်မည်ဖြစ်ပြီး လူအများက သူ့ကို ကံကောင်း၍ ဆေးဝါးများကြောင့် အဆင့်တက်လာသူဟုထင်ပြီး အန္တရာယ်မရှိသည့်လူဟု ထင်အောင် သူ့ပုံရိပ်ကို ဖန်တီးမည်ဟု ကုအန် စဉ်းထားခဲ့၏။
ဤနေ့တွင် တတိယတောင်ကြား၌
ကုအန် လုလင်ကျွမ်းနှင့် ခြံ၀န်းထဲ၌ စစ်တုရင်ကစားနေခဲ့လေသည်။ အပြင်တွင် နှင်းများ ကျဆင်းနေသော်လည်း နှင်းများက သူတို့နှင့် စစ်တုရင်ခုံပေါ် လုံး၀ မကျဆင်းခဲ့ပေ။
ကုအန် စစ်တုရင်ရုပ်ကို ရွှေ့လိုက်ပြီး ပြုံးလိုက်၏။
“နင်ရှုံးပြန်ပြီ”
လုလင်ကျွမ်း မျက်မှောင်ကြုံ့သွားကာ ပဟေဠိဖြစ်သွားခဲ့သည်။ သူသည် ဖြစ်နိုင်ချေပေါင်းများစွာကို တွက်ချက်ခဲ့သော်လည်း ဘာကြောင့် ဆက်ရှုံးနေရသနည်း။
ထိုအရာသည် အဓိပ္ပာယ်မရှိဘူးဟု ခံစားနေခဲ့ရသည်။ သူသည် ဆန်းကြယ်နှလုံးသားအဆင့် မဟုတ်ပါလား။
သူမမေးဘဲ မနေနိုင်တော့ပေ။ “ဘာလို့ ငါနင့်ကို မနိုင်ရတာလဲ”
“နင်ကအရမ်းလောလွန်းတယ် အလောတကြီးရွှေ့တာက အမှားတွေစီပဲ ဦးတည်သွားလိမ့်မယ်”
ကုအန် ဖြေလိုက်သည်။
စစ်တုရင်သည် ဤကမ္ဘာသို့ သူယူဆောင်လာသောအရာဖြစ်ရာ သူဘယ်လို ရှုံးနိုင်မည်နည်း။
သူ တရုတ်လူမျိုးများ၏ ဂုဏ်သိက္ခာကို ကာကွယ်ရပေလိမ့်မည်။
လုလင်ကျွမ်း မတွေးဘဲ မနေနိုင်တော့ပေ။
ထိုအခိုက်တွင် သူတို့စီ ပုံရိပ်တစ်ခုပျံသန်းလာခဲ့ပြီး ထိုပုံရိပ်မှာ ကုယူ ဖြစ်ပေသည်။
သူအမြန်ကုအန်ဘေး ဆင်းသက်လာခဲ့ပြီး စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်၏။
“ကုအန် အစစ်အမှန်အမွေဆက်ခံသူ ပြန်လာပြီ သူက နှစ်ကုန်ပြီးရင် အတွင်းစည်းဂိုဏ်းထဲမှာ သင်ခန်းစာပို့ချပေးဖို့ စီစဉ်နေတယ် မင်းလည်း လာနားထောင်ရမယ်နော် သူတို့ပြောတာတော့ သူကအခု မဟာယနအဆင့် ရောက်နေပြီတဲ့”
ထိုစကားကိုကြားသောအခါ လုလင်ကျွမ်းလည်း စိတ်၀င်စားသွားခဲ့သည်။
ဆန်းကြယ်နှလုံးသားအဆင့်များ စိတ်အ၀င်စားဆုံးအရာမှာ မဟာယနအဆင့်သာ မဟုတ်ပါလား။
ကုအန် မမေးဘဲ မနေနိုင်တော့ပေ။
“တကယ်ကြီးလား အစစ်အမှန်အမွေဆက်ခံသူရဲ့ နာမည်က ဘာတဲ့လဲ”
မနေ့က ဂိုဏ်းထဲသို့ မဟာယနအဆင့်တစ်ယောက်၀င်လာသည်ကို သူအာရုံခံခဲ့မိပြီး ထိုမဟာယနအဆင့်ကို အကြီးအကဲများကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့သောကြောင့် ကုအန် သိပ်ဂရုမစိုက်ခဲ့မိပေ။
“ဒါပေါ့ သတင်းက အမှန်ပဲ သူ့နာမည်က ရွှမ်ထျန်းယီ တဲ့ သူ့လို မဟာယနအဆင့်တစ်ယောက်နဲ့သာဆို ငါတို့ မဟာမိစ္ဆာကပ်ဘေးကို တွန်းလှန်ဖို့ အခွင့်အရေးပိုရှိလာလိမ့်မယ် သူပြောတာတော့ သူသာစောစော ပြန်လာခဲ့မယ်ဆိုရင် ခေါင်းခြောက်လုံးပင်လယ်နဂါး ကိုသတ်ဖို့ တစ်ချက်ပဲ လိုတယ်တဲ့” ကုယူ စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောနေပြီး သူ့မျက်နှာတွင်လည်း အားကျမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အပိုင်း(၁၇၄)
နောက်ကျမှတွေ့ရလို့ ရတဲ့နောင်တ၊ အနောက်အရပ်သို့ ခရီးသွားခြင်း
ကုယူရောက်ရှိလာမှုကြောင့် ကုအန်နှင့် လုလင်ကျွမ်းတို့ကြား စစ်တုရင်ပွဲ ပျက်သွားခဲ့ရသည်။ လုလင်ကျွမ်းလည်း ရွှမ်ထျန်းယီ အကြောင်းစိတ်၀င်စားသောကြောင့် မေးခွန်းအနည်းငယ် မေးမြန်းနေခဲ့၏။
တခဏကြာ စကားပြောပြီးသောအခါမှသာ ကုယူ ထွက်ခွာသွားခဲ့သည်။
ကုအန်လည်း ထရပ်ကာ လှည့်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
ထိုစဉ် ရုတ်တရက်လုလင်ကျွမ်းပြောလိုက်၏။
“နှစ်ကုန်ချိန်ကျရင် နင်လည်းသွားနားထောင်သင့်တယ် အဲ့တာက ရှားပါးတဲ့အခွင့်အရေးကြီးတစ်ခုပဲ အခုလိုကြီးမြတ်တဲ့ကျင့်ကြံသူကြီးတွေတို တွေ့ရဖို့က မလွယ်လှဘူး”
ကုအန် ပြန်လှည့်ကြည့်လိုက်သောအခါ လိုအင်ဆန္ဒများ ပြည့်နေသော လုလင်ကျွမ်းမျက်နှာကို တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူဘာမှမပြောတော့ဘဲ တစ်ချက်ရယ်မော၍ လှည့်ထွက်လာခဲ့၏။
မဟာယနအဆင့်တစ်ယောက်၏ သင်ကြားမှု ဟူသောအရာသည် လွှမ်းမိုးမှုအလွန်ကြီးလှပြီး ဆောင်းရာသီရောက်ရှိလာသည်နှင့်အမျှ ဂိုဏ်းတပည့်များ အလျိုလျိုဂိုဏ်းစီ ပြန်လာခဲ့ကြပြီး အခြားဂိုဏ်းများမှ ကျင့်ကြံသူများပင် အဓိပတိဂိုဏ်းစီ ရောက်ရှိလာခဲ့ကြသည်။
ရွှမ်ထျန်းယီ၏ အမည်မှာလည်း အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးတွင် ပြန့်နှံ့နေခဲ့ကာ သူ့ကျင့်ကြံခြင်းအောင်မြင်မှုများကို ဂိုဏ်းက ထုတ်ပြန်လိုက်သောအခါ ထိုအကြောင်း လူပြောများလာခဲ့၏။
အဓိပတိဂိုဏ်း၏ ရှေးခေတ်အချိန်များကတည်းက ယနေ့အထိ အသန်မာဆုံး ပါရမီရှင်၊ အသက်နှစ်ဆယ်တွင် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်၊ အသက်လေးဆယ်တွင် စိတ်ဝိညဉ်အခြေတည်အဆင့်၊ အသက်၇၀တွင် နတ်အသွင်ပြောင်းခြင်းအဆင့်၊ အသက်၁၀၀တွင် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်နှင့် အသက် ၂၀၀တွင် တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သူ!
သူ၏ သာမန်မဟုတ်သော ပါရမီကြောင့် အရင်က အဓိပတိဂိုဏ်းသည် သူ့အသက်အစစ်အမှန်ကို မထုတ်ပြန်ရဲခဲ့ကြပေ။ တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ရောက်သောအခါတွင်မူ ရွှမ်ထျန်းယီ သည် အမတကံကြမ္မာကို ရှာဖွေရန် ပင်လယ်ရပ်ခြားစီ ထွက်ခွာသွားခဲ့၏။ ထိုအခါ အဓိပတိဂိုဏ်းက သူ့အကြောင်းနှင့်ပတ်သက်ပြီး ပို၍ သတိထားလာခဲ့ကာ သူ့ပါရမီနှင့်အသက်အကြောင်းလုံး၀ မထုတ်ပြန်တော့ပေ။
သူသည် နှစ်ပေါင်း ၃၀၀ကြာ ပင်လယ်ရပ်ခြားတွင် အမတကံကြမ္မာကိုရှာဖွေခဲ့ပြီး ပြန်ရောက်လာသောအခါ မဟာယနအဆင့်သို့ပင် ရောက်ရှိနေလေပြီ!
ယခုအခါ အဓိပတိဂိုဏ်းက သူ့အကြောင်းထုတ်ပြန်လိုက်သောအခါ သူ့ဂုဏ်သတင်းသည် အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးတွင် ပြန့်နှံ့သွားခဲ့၏။
အချို့ဂိုဏ်းကြိီးများ၏ ကျင့်ကြံသူများသည် ထိုသတင်းကို မယုံကြဘဲ အဓိပတိဂိုဏ်းက ချဲ့ကားပြောဆိုနေသည်ဟုပင် ထင်နေခဲ့ကြသည်။
ကုအန်လည်းထိုအကြောင်း အပြင်စည်းမြို့ထဲတွင် စကြားခဲ့စဉ်က မယုံခဲ့ဘဲ ဂိုဏ်းက ချဲ့ကားပြောနေသည်ဟုသာ ထင်ခဲ့သည်။
သို့သော် တစ်ချက်ပြန်စဉ်းစားကြည့်သောအခါ ထိုအရာသည် အဓိပ္ပာယ်ရှိနေ၏။ ထို့ကြောင့် ဂိုဏ်းထဲရှိ လူများက အစစ်အမှန်အမွေဆက်ခံသူသာ ဂိုဏ်းချုပ်နေရာကို လိုချင်ပါက လုပိုင်ထျန်းသည် တစ်ရက်အတွင်း ဆင်းပေးရမည် ဟုပြောနေကြခြင်းမှာ အံ့ဩစရာတော့ မဟုတ်ခဲ့ပေ။
ထိုကဲ့သို့ ပါရမီမျိုးနှင့် ရင်ဆိုင်ရသောအခါ လုပိုင်ထျန်း ဂိုဏ်းတွင်းအောင်မြင်မှု ဘယ်လောက်များများ ရှိနေပါစေ အရေးပါတော့မည် မဟုတ်ပေ။
ရွှမ်ထျန်းယီ၏ ပြန်လည်ရောက်ရှိလာမှုက အဓိပတိဂိုဏ်းရှိ ကျင့်ကြံသူများ၏ စိတ်ဓာတ်ကို တက်ကြွသွားအောင် ပြုလုပ်ပေးခဲ့ဦး နွေဦးမရောက်ခင်မှာပင် ဂိုဏ်းထဲတွင် နွေဦးပွဲတော် အငွေ့အသက်က ရှိနေခဲ့လေသည်။
ဆောင်းနှင်းများကျဆင်းနေချိန်တွင် ကုအန် ဆန်းကြယ်တောင်ကြားမှ တတိယတောင်ကြားသို့ ရောက်ရှိလာခဲ့၏။
သူရောက်သည်နှင့် တတိယတောင်ကြားရှိ အရှိန်အဝါနှစ်ခုကို အာရုံခံလိုက်မိပြီး ထိုထဲမှ တစ်ခုမှ မဟာယနအဆင့် ဖြစ်ပေသည်။
ရွှမ်းထျန်းယီ ကဒီမှာပဲ!
ကုအန် အမူအရာတည်တည်ငြိမ်ငြိမ်နှင့်ပင် သူ့အိမ်သို့ ဦးတည်သွားခဲ့၏။
အခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ အခန်းထဲတွင် လူနှစ်ယောက်ကို မြင်လိုက်ရပြီး တစ်ယောက်သည် ဒုဂိုဏ်းချုပ် ကျိဟန်ထျန်းဖြစ်ကာ နောက်တစ်ယောက်သည် အစိမ်းရောင်၀တ်စုံ၀တ် လူတစ်ယောက် ဖြစ်သည်။
ရွှမ်ထျန်းယီသည် အစိမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားကာ သူ့ပုံစံမှာ ငယ်ရွယ်နုပျိုနေပြီး မဟာယနအဆင့်ကျင့်ကြံသူတစ်ယောက်ထက် ဂိုဏ်းတပည့်တစ်ယောက်နှင့်သာ ပိုတူနေ၏။
“ကုအန် နောက်ဆုံးတော့ မင်းရောက်လာပြီပဲ တံခါးပိတ်ပြီး စကားပြောဖို့ ဒီမှာလာထိုင်ဦး” ကျိဟန်ထျန်း သူ့အိမ်သူ့ယာကို ကုအန်ရောက်လာသလိုပင် ပြုံး၍ ပြောလိုက်လေသည်။
ကုအန် စိတ်မရှိခဲ့ပေ။ တံခါးပိတ်လိုက်ပြီး သူတို့ရှေ့သွားလိုက်ကာ ဦးညွှတ်အရိုအသေပေးလိုက်၏။
ကျိဟန်ထျန်း မိတ်ဆက်မပေးရသေးခင် ရွှမ်ထျန်းယီ အရင်ပြောလိုက်လေသည်။
“မင်းကဖန်းအန်လား”
[ရွှမ်ထျန်းယီ(မဟာယနအဆင့် ၆): ၅၉၈/၄၈၀၀/၅၀၀၀]
ရွှမ်ထျန်းယီ၏ သက်တမ်းကို ကြည့်ကာ ကုအန်ကြိတ်၍ အံ့အားသင့်သွားခဲ့ရသည်။
သက်တမ်း ၅ေထာင်ထဲနဲ့ ဒီအဆင့်ကို အဲ့လောက်မြန်မြန်ရောက်လာတာလား!
ထိုပုံစံအတိုင်းဆိုလျှင် ရွှမ်ထျန်းယီသည် နောက်ထပ် နှစ်ပေါင်း ၄၅၀၀ အတွင်း နိဗာနအဆင့်သို့ ချိုးဖျက်ရမည် ဖြစ်ပြီး ထိုအခါမှသာ သူ၏ သက်တမ်းအကန့်အသတ်က ပို၍ တိုးလာမည် ဖြစ်၏။
ကုအန်၏ အတွေ့အကြုံအရ ရွှမ်ထျန်းယီ၏ စိတ်ဝိညဉ် အမြစ်အရည်အသွေးသည် သက်တမ်း ၅၀၀၀ နှင့်ကိုက်ညီသော အရည်အသွေးသာ ရှ်ိရပေလိမ့်မည်။ အနည်းဆုံးတော့ သူ၏ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးသည် ကျိရှောင်ယုနှင့် အန်းဟောင်တို့လောက် ကောင်းမွန်လိမ့်မည် မဟုတ်ပေ။ သို့သော် သူ့နားလည်နိုင်စွမ်းသည် အံ့အားသင့်စရာကောင်းနေပုံပေါ်ကာ ထိုအံ့အားသင့်စရာ နားလည်နိုင်စွမ်းနှင့် များစွာသော အခွင့်အလမ်းတို့ ပေါင်းစပ်၍ သူ့လက်ရှ်ိ အဆင့်သို့ ရောက်လာခဲ့ပုံရသည်။
ကုအန် တွန့်ဆုတ်သွားဟန်ဆောင်လိုက်ပြီး ကျိဟန်ထျန်းကို ကြည့်လိုက်၏။
ကျိဟန်ထျန်း ပြုံးပြလိုက်သည်။
“ယုံယုံကြည်ကြည်ပြောလို့ရတယ် ဒါက ငါတို့ဂိုဏ်းရဲ့ အစစ်အမှန်အမွေဆက်ခံသူ ရွှမ်ထျန်းယီပဲ အပြင်လူမဟုတ်ဘူး သူကငါတို့ဂိုဏ်းရဲ့ တန်ဖိုးအကြီးဆုံးတပည့်ပဲ”
ချီးကျူးနေမှုကို လျစ်လျူရှုထားလိုက်ပြီးရွှမ်ထျန်းယီ ကုအန်ကိုသာ သေချာအကဲခတ်နေခဲ့၏။
ကုအန် ချက်ချင်းတုံ့ပြန်လိုက်သည်။
“တကယ်တော့ ကျွန်တော့်မှာ ဖန်းအန်လို့ခေါ်တဲ့ ကလောင်နာမည်တစ်ခု ရှိပါတယ်”
ရွှမ်ထျန်းယီ ပြုံးကာ ပြောလိုက်သည်။
“မင်းရဲ့ နတ်ဘုရားတို့၏ရာထူးများ ကအရမ်းကောင်းတယ် တစ်ယောက်ယောက်က အရင်ကတည်းက ငါ့ကိုအဲ့စာအုပ်ပေးထားခဲ့ကာ ငါအဲ့စာအုပ်ကို အရမ်းကြိုက်တယ် ငါစာအုပ်တွေအများကြီးထုတ်ပြီးေတာ့တောင် ပင်လယ်ရပ်ခြားမှာ ဖြန့်ခဲ့သေးတယ် အခုဆို မင်းစာအုပ်က ပင်လယ်ရပ်ခြားဒေသတွေမှာလည်း လူကြိုက်များနေပြီကွ ငါ့ကိုယ်ပိုင်စာအုပ်ထက် အများကြီးပိုပြီး လူကြိုက်များတယ်”
“ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ စီနီယာ့စာအုပ်က ဘာစာအုပ်လဲဆိုတာ သိပါရစေ” ကုအန် လက်သီးဆုပ်အရိုအသေပေးကာ မေးလိုက်၏။
ရွှမ်ထျန်းယီ ချောင်းအနည်းငယ်ဆိုးလိုက်ကာ ပြောလိုက်သည်။
“ဒီတိုင်း သာမန်စာအုပ်ပါပဲ မင်းရဲ့ နတ်ဘုရားတို့၏ရာထူးများ နဲ့မယှဉ်နိုင်ပါဘူး”
“သူ့စာအုပ်က ထုတ်ပြောဖို့ မတန်ပါဘူး” ကျိဟန်ထျန်းလည်း ပြုံး၍ ခေါင်းယမ်းကာ ၀င်ပြောလိုက်သည်။
ထိုအရာက ကုအန်ကို ရွှမ်ထျန်းယီစာအုပ်အကြောင်းပို၍ စိတ်၀င်စားသွားစေခဲ့သည်။
သို့သော် ရွှမ်ထျန်းယီက ထိုစာအုပ်အကြောင်းမပြောလိုသောကြောင့် သူတို့ နတ်ဘုရားတို့၏ရာထူးများ အကြောင်းကိုသာ ဆွေးနွေးခဲ့ကြ၏။
မျက်နှာချင်းဆိုင်ကာ ကုအန် သူမေးသမျှမေးခွန်းတစ်ခုချင်းစီကို ဖြေပေးနေခဲ့ပြီး ကျိဟန်ထျန်းမှာတော့ သူတို့နှစ်ယောက်ကိုထားခဲ့ကာ ထွက်ခွာသွားခဲ့သည်။
ရွှမ်ထျန်းယီတွင် မဟာယနအဆင့်တစ်ယောက်၏ မာနမျိုးရှိမနေပေ။ သူ နတ်ဘုရားတို့၏ရာထူးများ ထဲမှ အချို့ဇာတ်၀င်ခန်းများအကြောင်း ပြောချိန်တွင် မခံမရပ်နိုင်ပင် ဖြစ်လာပြီး အထူးသဖြင့် နီကျား သူ့အရိုးကိုဖြတ်၍ အဖေ့ကိုပေးကာ အသားကိုဖြတ်၍ အမေ့ကိုပေးခဲ့သည့် အခန်းကို ဖြစ်သည်။ ထိုအခန်းကိုပြောချိန်တွင် သူအတော်လေး ဒေါသထွက်လာခဲ့၏။
ကုအန်သည် နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကိုရေးရာတွင် စာအုပ်ထဲမှ စာလုံးများကို တစ်လုံးချင်းစီ မမှတ်မိသောကြောင့် စာအုပ်ထဲရှိ ဇာတ်လမ်းများစွာကို ချဲ့ထွင်ထားခဲ့သည်။ ဥပမာအားဖြင့် နီကျား သူ့အသွေးအသားများကိုဖြတ်၍ သူ့မိဘများကို ပေးသည့်အခန်းနှင့် ယန်ကျင်းက သူ့အမေကို မက်မွန်တောင်တွင် ကယ်တင်သည့် အခန်းမျိုးဖြစ်သည်။ ထို့ကြောင့်လည်း သူ့ဇာတ်ကောင်များက ပို၍ ကြွတက်လာခဲ့ပြီး ပို၍ လူကြိုက်များလာခဲ့ခြင်း ဖြစ်ပေသည်။
ကုအန် ထိုကဲ့သို့သော သာမန်မဟုတ်သည့် စာအုပ်များကို မည်သို့ရေးခဲ့သလဲဆိုတာ ရွှမ်ထျန်းယီ စိတ်၀င်စားနေခဲ့၏။
ကုအန်လည်း အိပ်မက်ထဲတွင် အမတတစ်ပါးကို တွေ့ကာ ထိုအမတကသူ့နှဖူးကို ထိပေးလိုက်သောကြောင့် ရုတ်တရက် ညဏ်အလင်းပွင့်၍ ရေးသားခဲ့သည်ဟု ဖြေပေးလိုက်လေသည်။
ထို့ကြောင့် နောက်ပိုင်းတွင် သူနတ်ဘုရားတို့၏ ရာထူးများလို စာအုပ်မျိုး မရေးနိုင်တော့တာဟုပါ ပြောလိုက်၏။
“မင်းရဲ့ ကြည်ညိုဖွယ်အဓိပတိအမတ နဲ့ ဟင်းလင်းပြင်ကို ချိုးဖျက်ခြင်းကလည်း ကောင်းပါတယ် ဒါပေမယ့် ငါကတော့ နတ်ဘုရားတို့၏ရာထူးများကို မမီဘူးလို့ ခံစားနေရတုန်းပဲ”
ရွှမ်ထျန်းယီ စိတ်၀င်စားနေဟန်ဖြင့် မေးလိုက်လေသည်။
ကုအန် ပြန်မငြင်းခဲ့ဘဲ သူရေးခဲ့သည့် စာအုပ်အကြောင်းသာ ထပ်မေးလိုက်ပြန်၏။
ရွှမ်ထျန်းယီ ရုတ်တရက် ရှက်ရွံ့သွားဟန်ဖြင့် ခပ်တိုးတိုးပြောလိုက်ေလသည်။
ကုအန်လည်းထိုအခွင့်အရေးကို ယူလိုက်ပြီး မေးခွန်းများဆက်မေးခဲ့ရာ ရွှမ်ထျန်းယီလည်း နောက်ဆုံးတွင် စာအုပ်နာမည်ကို ထုတ်ပြောလိုက်ရ၏။
“ဘာ! အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းက စီနီယာ့လက်ရာလား” ကုအန် အံ့အားသင့်သွားဟန်ဖြင့် စိတ်လှုပ်ရှားသွားပြီး ခုံကိုပင် ရိုက်လိုက်မိသည်။
ရွှမ်ထျန်းယီလည်း ကုအန်ကို ခြောက်လန့်လိုက်မိလေသလောဟု တွေးမိသွားပြီး မလုံမလဲဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
ထိုစဉ် ကုအန်လက်မြှောက်လိုက်ပြီး သူ့သိုလှောင်အိတ်ထဲမှ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း စာအုပ်များကို ထုတ်ပြလိုက်လေရာ ရွှမ်ထျန်းယီ ကြောင်သွားခဲ့ရသည်။
“ကျွန်တော် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း ကိုအရမ်းကြိုက်တယ် ကျွန်တော်အဲ့ဒီစာအုပ် တစ်ပိုင်းချင်းစီကို အနည်းဆုံး အကြိမ်တစ်ရာစီလောက် ဖတ်ပြီးပြီဗျ…” ကုအန် သူ၏ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းအပေါ် ကြိုက်နှစ်သက်မှုကို ထုတ်ပြလိုက်၏။
ရွှမ်ထျန်းယီလည်း သူ့စကားများကို နားထောင်ပြီး ရင်ထဲထိသွားခဲ့ရသည်။
နောက်ဆုံးတော့ တစ်ယောက်ယောက်က သူ့ပါရမီကို အသိအမှတ်ပြုခဲ့လေပြီ!
သူရုတ်တရက် နောက်ကျမှတွေ့ရလေခြင်းဟုပင် ခံစားလိုက်ရ၏။
အိမ်ပြန်လမ်းတွင် သူသင်္ဘောကုန်းပတ်ပေါ်တွင် လှဲလျောင်းနေရင်း နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကို ဖတ်သည့်အချိန်တိုင်း ဖန်းအန်နှင့်သူ ချိတ်ဆက်မှုရှိနေသည်ဟု ခံစားနေခဲ့ရသည်။ ထိုခံစားချက်သည် စိတ်၀င်စားစရာကောင်းလှကာ ဂိုဏ်းကိုကယ်တင်ရမည့် အရေးထက်ပင် စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့၏။
ယခုတော့ ဖန်းအန်သည် သူ့တစ်ဘ၀လုံးရှာဖွေနေခဲ့သော အပေါင်းအဖော် ဆိုတာ သေချာခဲ့လေပြီ!
ထိုအကြောင်းတွေးလေလေ ဖန်းအန် စိတ်လှုပ်ရှားလေလေပင်။ သူထပင်ရပ်လိုက်ပြီး ကုအန် ပုခုံးကို လက်နှစ်ဖက်ဖြင့် ဆုတ်ကိုင်လိုက်ကာ ပြောလိုက်၏။
“ဖန်းအန် မဟုတ်ဘူး ကုအန် သွေးသောက်ညီအစ်ကိုလုပ်ကြရအောင် အခုကစပြီး ငါကမင်းအစ်ကိုကြီးပဲ”
ကုအန် ကြောင်အသွားခဲ့သည်။
ဒါက ဘာသဘောတရားကြီးလဲ!
ရင်းနှီးတာအရမ်းမြန်နေတာမဟုတ်လား!
ကုအန် တွန့်ဆုတ်နေသည်ကို ကြည့်ပြီး ရွှမ်ထျန်းယီ ခပ်ရဲရဲဆက်ပြောလိုက်ပြန်သည်။
“ညီလေး ငါပြောမယ် ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဒီတိုက်ကြီးထဲမှာ သံသယမရှိ ပြိုင်ဘက်ကင်းပဲကွ ငါနဲ့သာ ညီကိုဖွဲ့လိုက်ရင် အနာဂတ်မှာ မင်းကိုဘယ်သူမှ အနိုင်ကျင့်ရဲတော့မှာမဟုတ်ဘူး ငါကြားတာတော့ လုပိုင်ထျန်းကလည်း မင်းကို တပည့်တော်ချင်နေတယ်ဆို သူ့ကိုနားမထောင်နဲ့ သူရဲ့ ကြမ္မဖီဆန်နတ်ကျင့်စဉ်က မိစ္ဆာဆန်လွန်းတယ် ငါမင်းကို ငါ့ရဲ့ကျင့်စဉ် သင်ပေးနိုင်တယ်
ငါတို့ ညီအစ်ကိုတော်စပ်မှုနဲ့ဆိုရင် ငါမင်းကို ကံကြမ္မာကိုဆန့်ကျင်ကြီး ပြောင်းလဲပေးနိုင်တယ်လို့ မပြောရဲပေမယ့် အနာဂတ်မှာ တစ်သားတည်းဖြစ်ခြင်းအဆင့်လောက်ကို ရောက်ဖို့က ခက်တာမဟုတ်ဘူး”
အစက သူ့လို မြေလျှောက်အမတတစ်ယောက်က ညီလေးဖြစ်လာရမှာ ကို့ရိုကားယားနိုင်သည်ဟု တွေးမိပြီး ငြင်းမယ်စဉ်းစားထားခဲ့၏။
သို့သော် ရွှမ်ထျန်းယီ၏ နောက်ဆုံးစကားက သူ့ကိုဆွဲဆောင်သွားခဲ့သည်။
အနာဂတ်တွင် နှစ်ပေါင်း ၁၀၀၀ လောက်ဘယ်လိုရှင်သန်ရမလဲဟု ကုအန် စိုးရိမ်နေခဲ့၏။ ပုံမှန်အားဖြင့် နတ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်သွားလျှင် သူ့ကို ဘယ်သူမှ သာမန်လူလို ဆက်၍ သဘောထားတော့မည် မဟုတ်ပေ။
အခုလို ရွှမ်ထျန်းယီ၏အကူအညီဖြင့် တစ်သားတည်းဖြစ်ခြင်းအဆင့်ထိ ရောက်ခဲ့လျှင်တော့ ဘယ်သူမှသူ့ကို ခြိမ်းခြောက်မှုဟု မြင်တော့မည်မဟုတ်ဘဲ အားကျရုံသာ တတ်နိုင်ကြပေလိမ့်မည်။
သို့သော် ကုအန် သဘောတူဖို့ နည်းနည်းတော့ မူရပေဦးမည်။
ထို့ကြောင့် သူ ငြင်းဟန်ဆောင်လိုက်၏။ ရွှမ်ထျန်းယီလည်း လုံး၀ လက်မလျှော့ဘဲ စိတ်တိုလာကာ ကုအန်ကို သူနှင့်ညီကိုတော်ဖို့ အတင်းအကြပ်လုပ်လေတော့သည်။
“အစ်ကိုက ခွင့်ပြုမယ်ဆိုရင်တော့ ဒီညလေးက အခုကစပြီး အစ်ကို့ကို အစ်ကိုလို့ ခေါ်ပါတော့မယ်” ကုအန် အကူအညီမဲ့စွာ ပြောလိုက်ရ၏။
ရွှမ်ထျန်းယီ မျက်နှာပေါ်တွင် အပြုံးတစ်စပေါ်လာပြီး ကျောက်စိမ်းပြားတစ်ပြားကိုထုတ်ကာ ပြောလိုက်လေသည်။
“ဒါက ငါ့ရဲ့ ကျင့်စဉ်ပဲ ယူသွားပြီး ကျင့်ကြံလိုက် နှစ်ကုန်ရင် ငါမင်းကို ကျင့်ကြံခြင်းအရင်းအမြစ်တစ်သုတ်ပို့ပေးလိုက်မယ်”
“အဲ့ အဲ့တာက ကောင်းပါ့မလား” ကုအန် ကျောက်စိမ်းပြားကို ကိုင်ထားရင်း ရှက်ရွံ့နေဟန်ဖြင့် ပြောလိုက်၏။
ရွှမ်ထျန်းယီ ပြောလိုက်သည်။ “မင်းအဆင်မပြေဘူးလို့ ခံစားရရင် နတ်ဘုရားတို့၏ရာထူးများလို နောက်တစ်အုပ်ရေးလိုက်လေ ဟင်းလင်းပြင်ကိုချိုးဖျက်ခြင်း ကိုရပ်လိုက် အဲ့တာက ဘာအရသာမှမရှိဘူး”
ကုအန် ရယ်မောလိုက်ကာ “ေကာင်းပါပြီ ကျွန်တော်လည်း သေချာပေါက် ရေးမှာပါ”
“အို့ မင်းမှာ အစီအစဉ်ရှိထားပြီးသားလား”
“အမ် အဲ့စာအုပ်ကို အနောက်အရပ်သို့ခရီးသွားခြင်း လို့ခေါ်တယ် ကျွန်တော်အစ်ကို့ကို နောက်မှ သေချာပြောပြမယ်”
“အနောက်အရပ်သို့ ခရီးသွားခြင်းလား အဲ့တာက နတ်ဘုရားတို့၏ရာထူးများလိုကောင်းပုံလည်း မပေါ်ပါဘူး မင်းသေချာထပ်စဉ်းစားသင့်တယ်နော်”
“ဟားဟား အစ်ကိုနားမလည်ပါဘူး အချိန်ကျလာရင် အစ်ကိုသိလာလိမ့်မယ်”
ရွှမ်ထျန်းယီ ထိုစာအုပ်အကြောင်း ဝေဖန်မနေတော့ဘဲ ထိုအစား အခြားစာအုပ်တစ်အုပ်အကြောင်းသော ပြောနေပြီး စာအုပ်တစ်အုပ်ထုတ်လိုက်၏။
“ငါ့ရဲ့ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းက ဒီစာအုပ်ကို အတုခိုးထားတာပဲ” ရွှမ်ထျန်းယီ သူ့လက်ထဲမှ စာအုပ်ကို မြှောက်ပြကာ ပြောလိုက်သည်။
ကုအန်လည်း ထိုစာအုပ်ကိုကြည့်ကာ မျက်လုံးများတောက်ပသွားပြီး သူ့သိုလှောင်အိတ်ထဲမှ စာအုပ်တစ်အုပ် ထုတ်ပြလိုက်၏။
ထိုစာအုပ်ကိုမြင်သောအခါ ရွှမ်ထျန်းယီ ကြော်င်အသွားခဲ့ရသည်။
“ဘယ်လိုဖြစ်လို့ မင်းမှာလည်း တာအိုပညာရှင်ရွှမ်ချွမ်း စာအုပ်ရှိနေတာလဲ”
ရွှမ်ထျန်းယီ မေးလိုက်ကာ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေခဲ့သည်။
“စာအုပ်ခန်းမက အကြီးအကဲရှုလူ ကျွန်တော့်ကိုပေးတာပါ”
“အဲ့တော့ မင်းကတာအိုပညာရှင်ရွှမ်ချွမ်းစာအုပ်အကြောင်း ဆက်မေးနေသေးတဲ့ နောင်လာနောင်သားဆိုတာပေါ့ ဟားဟားဟား ငါတို့မှ တကယ်ပဲ ရေစက်ရှိနေတာပဲ”
ရွှမ်ထျန်းယီ အပျော်လွန်သွားကာ ကုအန်နှင့် ထိုစာအုပ်အကြောင်း ဆွေးနွေးလေတော့သည်။
သူတို့စကားဝိုင်းသည် ညနေစောင်းချိန်ထိပင် မပြီးသေးပေ။ ဤအချိန်တွင် ကျိဟန်ထျန်း တံခါးလာခေါက်သော်လည်း ရွှမ်းထျန်းယီက မောင်းထုတ်ပစ်ခဲ့၏။
အာရုံတက်ချိန်ရောက်မှသာ ကုအန် သူ့အား လှေကားအောက်သို့ လိုက်ပို့ခဲ့ရသည်။
ထွက်ခွာသွားသော ရွှမ်ထျန်းယီ ပုံရိပ်ကို ကြည့်နေရင်း ကုအန်မျက်နှာပေါ် အပြုံးပန်းများ ပွင့်လန်းနေခဲ့သည်။
တစ်ညလုံး စကားပြောခဲ့ရသော်လည်း သူပင်ပန်းသည်ဟု မခံစားခဲ့ရပေ။ သူတို့နှစ်ယောက်လုံး မလုံလောက်သေးဘူးဟူ၍သာ ခံစားနေခဲ့ရ၏။ အကယ်၍သာ ရွှမ်ထျန်းယီတွင် အရေးကြီးလုပ်စရာများ ရှိမနေပါက သူတို့ စကားဝိုင်းကို ရပ်လိုက်ကြမည် မဟုတ်ပေ။
ထိုစဉ် လုလင်ကျွမ်း ရုတ်တရက်ရောက်လာပြီး မေးလိုက်လေသည်။
“သူက အစစ်အမှန်အမွေဆက်ခံသူလား”
ကုအန် ခေါင်းညိတ်ပြလိုက်၏။
လုလင်ကျွမ်း သူ့ကိုအကဲခတ်နေဟန်ဖြင့်ကြည့်ကာ မေးလိုက်ပြန်သည်။
“နင်သူနဲ့ တစ်နေ့လုံး တစ်ညလုံးအတူတူရှိနေတာ နင်မလုပ်ခဲ့ဘူးမလား….”
“ဘာမလုပ်ခဲ့တာလဲ”
“ကောလာဟလတွေအရတော့ ကြီးမြတ်တဲ့ကျင့်ကြံသူတွေက လူသားကာမဂုဏ်ကို အတွေ့အကြုံရှိပြီးတဲ့အခါ သူတို့နှလုံးသားထဲက အပေါက်ကိုဖြည့်ဖို့ အသစ်အဆန်းစိတ်၀င်စားမှုတွေ ရှာတတ်ကြတယ်တဲ့ ဥပမာ ယောင်္ကျားချင်းကြိုက်….” လုလင်ကျွမ်းရပ်လိုက်သော်လည်း ကုအန် သူမဆိုလိုရင်းကို သိသွားခဲ့၏။
ထို့ကြောင့် သူလုလင်ကျွမ်းကို မျက်လုံးလှန်ကြည့်လိုက်ကာ ထေ့ငေါ့လိုက်သည်။
“အို့ နင်ကအဲ့လိုထင်တယ်လား အဲ့တာဆို ငါ့ကိုနင့်ရဲ့ တာအိုလက်တွဲဖော်အဖြစ် မစဉ်းစားနဲ့တော့လေ”
လုလင်ကျွမ်း ကုအန် အမူအရာကိုကြည့်ပြီး ပြုံးလိုက်ကာ
“ကြည့်ရတာ ငါအတွေးလွန်သွားပုံပဲ”