← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 14 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 14 Ch. 177-178

အပိုင်း(၁၇၇)

စုဟန်၏ အားကျမှု၊ မိစ္ဆာဘိုးဘေးပြန်လည်ရှင်သန်လာခြင်း

ကုအန် ဂူထဲတွင် တစ်ညသာနေပြီး ပြန်ထွက်သွားခဲ့၏။ သူမကိုယ်ထဲတွင် အရင်တုန်းက သူမခန္ဓာကိုယ်ကို ပြန်ရစဉ်ကကဲ့သို့ပင် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်ကို ကုအန်ခံစားမိနေခဲ့သည်။

ကုအန် သူမကို အတော်လေးမျှော်လင့်ထားမိသည်။ အကယ်၍ သူမသာ အနာဂတ်တွင် လက်ကျန်တခဏဂိုဏ်းသားများကို စုစည်း၍ လမ်းမှန်ဂိုဏ်းဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ပါက ကုသိုလ်ကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်သာ။

ယခုအခါ တစ္ဆေမိခင်သည် စုဟန်ကို အသုံးချနေခဲ့သော်လည်း သူမရည်ရွယ်ချက်မှာ အိမ်ပြန်ချင်စိတ်သက်သက်ကြောင့်သာအသုံးချနေခြင်း ဖြစ်၏။ တစ်ဖက်တွင် စုဟန်မှာလည်း သူ့ကို ကာကွယ်ပေးမည့်လူလိုနေသောကြောင့် သူမအသုံးချခြင်းကို ခံနေခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အသုံးချနေကြခြင်းဖြစ်ပြီး နောက်ဆုံးတွင် ဘယ်သူရယ်နေနိုင်မလဲဆိုသည်မှာတော့ သူတို့၏ အရည်အသွေးပေါ်တွင်သာ မူတည်ပေသည်။

ကျန်းချောင်ထွက်သွားပြီးနောက် ကုအန်ဘ၀မှာ ပုံမှန်ပြန်ဖြစ်သွားခဲ့၏။

မြေလျှောက်အမတအဆင့် ၉သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ့တွင် ပိုမိုကြီးမားသော ရည်ရွယ်ချက်များ ရှိနေသေးသောကြောင့် ကုအန် အပင်စိုက်ရခြင်းကို ပျင်းစရာဟု လုံး၀ မခံစားခဲ့ရပေ။

နေ့ရက်တိုင်းမှာ သူ့အတွက် ပျော်ရွှင်ဖွယ်အတိပင်။

…..

ထျန်းဝေမင်းဆက် ကောင်းကင်နန်းတော်တောင်တွင်

ကောင်းကင်နန်းတော်တောင်သည် တောင်တန်းများကြားတွင် ရှိနေသော တောင်ကြီးတစ်လုံးဖြစ်ကာ တောင်ထိပ်တွင် နန်းတော်ကြီးတစ်ခုတည်ထားသောကြောင့် ကောင်းကင်နန်းတော်တောင်ဟု ခေါ်ခြင်း ဖြစ်သည်။ တောင်ခြေမှနေ၍ တောင်ထိပ်ဆီသို့တက်၍ရသည့် ကျောက်လှေကားကြီးတစ်စင်းလည်း ရှိနေပြီး ထိုကျောက်လှေကားကြီးကို မည်သည့်အပင်များမှလည်း ဖုံးကွယ်မနေသောကြောင့် ထိုတောင်ပေါ်သို့ တက်သည့်လမ်းသည် ကောင်းကင်ပေါ်သို့ တက်ရသည်နှင့်ပင် တူလှ၏။

ကောင်းကင်နန်းတော်တောင်၏ လှေကားများပေါ် ခြေလှမ်းကာ လက်ထဲတွင် သူ့အရိုးဓားကို ကိုင်ထားရင်း စုဟန် တောင်ထိပ်ဆီ ချဉ်းကပ်လာခဲ့လေသည်။ သူ့အနက်ရောင်၀တ်ရုံနှင့် ဆံပင်များမှာမူ လေကြောင့် တဖျတ်ဖျတ်လွင့်နေခဲ့၏။ သူတောင်ထိပ်ပေါ်ရှိ လူကိုကြည့်နေရင်း သူ့မျက်လုံးထဲတွင် မနှစ်လိုမှုများ ပြည့်လာခဲ့သည်။

တောင်ထိပ်တွင်ရပ်နေသောသူမှာ အန်းဟောင်မှလွဲ၍ အခြားမဟုတ်ပေ။

အန်းဟောင်သည် ရွှေအနားကွပ် အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားကာ ခေါင်းပေါ်တွင် နဂါးသရဖူတစ်ခု ဆောင်းထားခဲ့၏။ သူ့ခါးတွင်လည်း ခါးပတ်တစ်ခုရှိနေပြီး သူ့ဖိနပ်များအပါအ၀င် သူ့ကိုယ်ပေါ်ရှိ အသုံးအဆောင်များအားလုံးမှာ အထက်တန်းဆန်ကာ တန်ဖိုးကြီးပစ္စည်းများ ဖြစ်ကြ၍ သူ့ပုံစံမှာ အတော်လေး ကျက်သရေ ရှိနေခဲ့သည်။ သူတောင်ထိပ်မှ နေ၍ စုဟန်ကို ငုံ့ကြည့်ရင်း သူ့နှုတ်ခမ်းတွင် ခပ်ထေ့ထေ့အပြုံးတစ်ခုပေါ်လာရင်း ပြောလိုက်၏။

“အာဃာတကောင်းကင်နတ်ဓားဆိုတာ ဒါအကုန်ပဲလား ငါကြားတာတော့ မင်းကကျင့်ကြံသူတွေရဲ့ စိတ်ဝိညဉ်စွမ်းအားကို စုပ်ယူနိုင်တယ်ဆို အဲ့လိုဖြတ်လမ်းနည်း‌ေတွသံုး‌ေနတာ‌ေတာင် မင်းရဲ့ကျင့်ကြံခြင်းအလျင်က ငါ့ထက်နှေးနေသေးတယ်လား”

အန်းဟောင်အသံသည် ကောင်းကင်နှင့်မြေပြင်အောက် ဟိန်းထွက်လာခဲ့၏။

စုဟန် အန်းဟောင်ကိုကြည့်နေရင်း သူ့မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်ပေါ်မလာခဲ့ဘဲ စိတ်ရှုပ်ထွေးမှုများသာ ရှိနေခဲ့သည်။

ထိုစဉ် တောင်ခြေတွင် ပုံရိပ်များစွာ ပေါ်လာခဲ့ပြီး ထိုပုံရိပ်များသည် အလျင်အမြန်ပင် လှေကားပေါ်ရှိ စုဟန် နောက်သို့ ရောက်ရှိလာခဲ့ကြ၏။

မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ဖော်!

စုဟန် ဓားကိုမြှောက်ကာ သူတို့ကို တားလိုက်လေသည်။

မကောင်းဆိုးဝါး ၁၃ဖော်ထဲမှ လီဆန်းယူ အသံနက်ကြီးဖြင့်ပြောလိုက်၏။

“မင်းဒီကောင်လေးကို ရင်မဆိုင်ဘူးဆိုရင် တောင်ပေါ်က နန်းတော်ထဲမှာရှိတဲ့ လူတွေရဲ့ စိတ်ဝိညဉ်စွမ်းအားကို ဝါးမြိုလို့ရမှာမဟုတ်ဘူး”

စုဟန် ခပ်အေးအေးတုန့်ပြန်လိုက်သည်။

“သူကအဓိပတိဂိုဏ်းကပဲ ကျွန်တော် အဓိပတိဂိုဏ်းကတပည့်နဲ့ ရင်မဆိုင်ချင်ဘူး”

မကောင်းဆိုးဝါး ၁၃ဖော်ထဲမှ လီချီယူခပ်လှောင်လှောင်ပြောလိုက်ဧ။။်

“မင်းသူ့ အသက်ကိုမသက်ဘဲ ဒဏ်ရာရအောင်လုပ်လိုက်လို့ရတာပဲ”

မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ဖော်ပေါ်ပေါက်လာသောအခါ အန်းဟောင်မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့လက်ကို မြှောက်လိုက်ရာ လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာခဲ့လေသည်။

နေရောင်အောက်တွင် ဓားသွားမှာ တလက်လက်ထနေခဲ့၏။

စုဟန် မျက်မှောင်ကြုံ့လိုက်ကာ တွန့်ဆုတ်သွားခဲ့သည်။

မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ဖော်မှာတော့ သူ့ဆုံးဖြတ်ချက်ကို စောင့်မနေတော့ဘဲ လှေကားပေါ်သို့ ဆက်တက်သွားခဲ့၏။

ဂျိန်း ဂျလိန်း…..

ကောင်းကင်ပေါ်တွင် မိုးကြိုးတိမ်တိုက်များ ထိုးတက်လာခဲ့လေသည်။ ထို့နောက် အားကောင်းသော ဓားဆန္ဒကြီးတစ်ခုက မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၄ဖော်နှင့် စုဟန်တို့ကို ဖုံးလွှမ်းသွားခဲ့သည်။

စုဟန်၏ မျက်လုံးများ ပြူးကျယ်သွားကာ အန်းဟောင်ကို ကြောက်လန့်တကြားကြည့်လိုက်မိပြီး သူ၏ တည်ငြိမ်သော ပုံစံကိုထိန်းမထားတတ်နိုင်တော့ပေ။

“ဒီလိုဓားဆန္ဒမျိုး….ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

အန်းဟောင်သည် သူ့ထက်ငယ်ရွယ်ကြောင်း စုဟန်သိ၏။ အန်းဟောင်ဤအရွယ်ဖြင့် ဒီလိုဓားဆန္ဒမျိုးကို ဘယ်လိုနားလည်ခဲ့လဲဆိုတာ စုဟန် လုံး၀ နားမလည်နိုင်ခဲ့ပေ။

“ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို ဒီအဆင့်ထိ နားလည်ထားတာမျိုး မင်းက ဆရာသခင်ဓားအရှင်နဲ့ ဘယ်လိုပတ်သက်မှု ရှိတာလဲ”

တစ္ဆေမိခင်ထံမှ အသံထွက်ပေါ်လာခဲ့လေသည်။

သူ့အသံထွက်ပေါ်လာသည်နှင့် မြေအောက်ကမ္ဘာမကောင်းဆိုးဝါး၁၃ဖော်လည်း ရပ်တန့်သွားခဲ့၏။

ဆရာသခင်ဓားအရှင်၏ နာမည်က သူတို့ကိုလည်း ကြောက်လန့်သွားစေခဲ့သည်။ ကံကောင်းစွာဖြင့် သူတို့ အန်းဟောင်ကို မတိုက်ခိုက်မိသေးပေ။

အန်းဟောင် အေးစက်စက်ထေ့ငေါ့လိုက်၏။ “ဘာလို့ မေးခွန်းတွေအများကြီး မေးနေတာလဲ မင်းတို့တိုက်ချင်ရင် တိုက်ကြပေါ့”

ထိုက်ကန်နတ်မင်သက်ဓားသိုင်းကြောင့် ဖြစ်ပေါ်လာသော ဓားဆန္ဒကြီးမှာ ကောင်းကင်ပေါ်ရှိ တိမ်တိုက်များကြားတွင် လူမျက်နှာကြီးတစ်ခုအဖြစ်ဖွဲ့တည်နေခဲ့သည်။ ကုအန်သာ ထိုမြင်ကွင်းကို မြင်လျှင်အတော်လေး ၀မ်းသာသွားပေလိမ့်မည်။ သူ့တပည့်မှာ အန်းဟောင်မှာ ထိုက်ကန်နတ်မင်သက်ဓားသိုင်းတွင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပြီ ဖြစ်၏။

“ဆုတ်ကြ!”

တစ္ဆေမိခင်အသံထွက်ပေါ်လာသောအခါ မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ဖော် ‌လှည့်ပြန်ကာ တောင်ပေါ်မှ ဆင်းလာခဲ့ကြလေသည်။

သူတို့ဆင်းသွားသောအခါ စုဟန်ကိုလည်း ပုခုံးပုတ်ခဲ့ကြ၏။

စုဟန်သူတို့နောက်မှလိုက်ဆင်းသွားသော်လည်း အန်းဟောင်ကို ပြန်လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ဤတစ်ကြိမ်သည် တစ္ဆေမိခင်ကြောက်ရွံ့သွားသည်ကို သူပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်ပေသည်။

“တကယ်လို့ ငါ့မှာသာ ဒီလိုနောက်ခံမျိုးရှိရင် ငါဒီလို အခြေအနေမျိုး ရောက်နေမှာမဟုတ်ဘူး…”

ထို့နောက် စုဟန် မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ဖော်နှင့်အတူ တောအုပ်ထဲ ပျောက်ကွယ်သွားတော့သည်။

ထိုအခါမှသာ တောင်ထိပ်တွင်အန်းဟောင် သက်ပြင်းချလိုက်မိသည်။ မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ဖော်ပေါ်ပေါက်လာမှုက သူ့ကိုအတော်လေးဖိအားဖြစ်သွားစေခဲ့သည်။

သူ့ဆရာမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှ၏။

ဆရာက ဘယ်နေရာသွားသွား လေးစားကြောက်ရွံ့ခြင်းခံရတဲ့လူမျိုးပဲ!

အန်းဟောင်ဂုဏ်ယူသလိုခံစားလိုက်ရပြီး တောင်ထိပ်ရှိ နန်းတော်ဆီသို့ ပြန်လာခဲ့သည်။

သူတံခါးဆီမရောက်ခင်မှာပင် စီယန်အာ နန်းတော်ထဲမှ ခေါင်းပြူထွက်လာပြီး အန်းဟောင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့၏။

းအန်းဟောင်သူမနားချဉ်းကပ်လာသောအခါ သူမမေးလိုက်သည်။ “အဲ့တော့ နင့်ဆရာက ဆရာသခင်ဓားအရှင်ပေါ့”

အန်းဟောင် ဘာတစ်ခွန်းမှမပြောခဲ့ဘဲ သူမခေါင်းကိုသာ တစ်ချက်ဖိလိုက်ပြီး နန်းတော်ထဲ ၀င်သွားခဲ့လေသည်။

….

ဆောင်းဦးကုန်ချိန် တတိယတောင်ကြားတွင်

ကုအန် လှေကားထိပ်တွင်ထိုင်ကာ တပည့်များ သစ်ရွက်ခြောက်များ ရှင်းလင်းနေသည်ကို ကြည့်ရှုနေခဲ့သည်။ တတိယတောင်ကြားသည် အလွန်ကျယ်လှပြီး ထိုသို့သော မြင်ကွင်းမျိုးကို ကြည့်ရှုရခြင်းကို ကုအန် နှစ်သက်၏။

ရာသီဥတုသည် သာယာနေပြီး လေညှင်းလေးများက ခပ်ညှင်းညှင်းတိုက်ခတ်နေကာ အရာအားလုံးသည် နာပျော်ဖွယ်ဖြစ်နေခဲ့သည်။ စိတ်ညစ်ညူးစရာဟူ၍ မြောက်အရပ်တွင် စုဝေးလာသော မိစ္ဆာအုပ်ကြီးသာ ရှိ၏။

ကုအန်နတ်အာရုံသုံးပြီး ကြည့်လိုက်သောအခါ မိစ္ဆာများသည် တောင်ကြီးတစ်လုံးကို ဝိုင်းပတ်၍ စုဝေးနေကြသည်ကို တွေ့လိုက်ရ၏။ တောင်ကြီး၏ ပုံသဏ္ဍာန်မှာမူ ကောင်းကင်ဘုံက ဓားဖြင့်ပိုင်းဖြတ်ထားသလို တောင်ထိပ်ဖျားက လုံး၀ ပြားကပ်နေခဲ့ကာ ထိုပြားနေသော တောင်ထိပ်တွင် ယစ်ပလ္လင်တစ်လုံး ရှိနေခဲ့သည်။

ထိုယဇ်ပလ္လင်၏ ပတ်ပတ်လည်တွင် မဟာ မိစ္ဆာကြီးများ စုဝေးနေကြကာ သူတို့ထဲမှ ကျင့်ကြံခြင်းအနိမ့်ဆုံးလူမှာပင် ဆန်းကြယ်နှလုံးသားအဆင့်ဖြစ်ကာ ထိုထဲမှတစ်ယောက်ဆိုလျှင် နိဗာနအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

နိဗာနအဆင့်ရောက်ရှိနေသူမှာ မိစ္ဆာဧကရာဇ်ဖြစ်ရမည်ဟု ကုအန် တွေးလိုက်မိသည်။

ယဇ်ပလ္လင်ထဲတွင်တော့ နိဗာနအဆင့်ထက်ပင် ကျော်လွန်နေသော အားကောင်းသည့် မိစ္ဆာစွမ်းအင်တစ်ခု ရှိနေခဲ့၏။

မိစ္ဆာစွမ်းအင်သည် ထိုနေရာရှိ ကောင်းကင်နှင့်မြေပြင်ဆီ စိမ့်၀င်ပျံ့နှံ့နေပြီး တစ်ခါတရံ ကောင်းကင်ပေါ်မှ ဥက္ကာပျံများပင် ကြွေကျနေတတ်ရာ မြင်ကွင်းမှာ ကမ္ဘာပျက်နေသလိုပင် ထင်ရသည်။

ထို့အပြင် မိစ္ဆာများပတ်ပတ်လည်တွင် မဟာကျင့်ကြံသူများ ရှိနေသည်ကိုလည်း ကုအန် အာရုံခံမိနေခဲ့၏။ သူတို့ထဲမှ အချို့သည်လည်း နိဗာနအဆင့်များ ဖြစ်ကြသည်။

သိသာစွာပင် ထိုလူများသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှဖြစ်ကြပြီး မိစ္ဆာဘိုးဘေးပြန်လည်ရှင်သန်လာမည့် အချိန်ကို လာစောင့်နေကြခြင်း ဖြစ်၏။

“မိစ္ဆာလည်းမဟုတ်ဘူး လူသားလည်းမဟုတ်ဘူး စိတ်၀င်စားစရာကောင်းလိုက်တဲ့ ကမ္ဘာကြီး!”

ကုအန် လှောင်ပြောင်သရော်ဟန်ဖြင့် ရယ်မောလိုက်လေသည်။ ထို့နောက်တွင်တော့ သူ့နတ်အာရုံကို ပြန်သိမ်းကာ တာအိုပညာရှင်ရွှမ်ချွမ်းစာအုပ်ကိုထုတ်၍ ဖတ်နေလိုက်၏။

နေ၀င်ကာ လထွက်လာခဲ့သည်။

အန်းရှင်း ကုအန်၏ လှေကားထိပ်သို့ ရောက်ရှိလာပြီး မေးလိုက်သည်။ “ဆရာ ဒီမှာဘာထိုင်လုပ်နေတာလဲ”

ကုအန်သူမကိုကြည့်ပြီး ပြုံးလိုက်ကာ

“လရောင်ကိုခံစားနေတာပါ နင်ရော ဒီနောက်ပိုင်း ကျင့်ကြံရတာ အဆင်ပြေရဲ့လား”

ရေပုလဲကို စုပ်ယူပြီးသည့်နောက် အန်းရှင်း၏ သက်တမ်းအကန့်အသတ်မှာတော့ တိုးတက်မလာခဲ့ပေ။ ဤကမ္ဘာပေါ်တွင် သက်တမ်းအကန့်အသတ်ကို တိုးမြှင့်ပေးနိုင်သော အရာဆိုသည်မှာ အလွန်ရှားပါးလှပေသည်။ သို့သော်လည်း ပုလဲက အန်းရှင်း၏ စိတ်ဝိညဉ်စွမ်းအားစုပ်ယူနိုင်စွမ်းကိုတော့ တိုးမြှင့်ပေးခဲ့၏။

အနး်ရှင်းချိုသာစွာပြုံးလိုက်ကာ

“ဆရာ့ကျေးဇူးကြောင့် အတော်လေးအဆင်ပြေနေပါတယ် ဆရာ့ရဲ့ ဆေးပင်တွေဆုံးရှုံးမှုကို ပြန်ပေးဆပ်ဖို့ ကျွန်မတောင်ကြားက ဆေးပင်တွေကို ပိုပြီးဂရုစိုက်ပေးမယ်လို့ ကတိပေးပါတယ်”

“အဆင့် ၆ဆေးပင်က အရမ်းဈေးကြီးတာနော် နင်အဲ့တာအတွက် ပြန်ပေးဆပ်ချင်ရင် တောင်ကြားမှာ တစ်သက်လုံး အလုပ်လုပ်နေရမယ်”

“ကိစ္စမရှိပါဘူး ဆရာစိတ်မရှိသေးသရွေ့ ကျွန်မတောင်ကြားမှာ တစ်သက်လုံးနေရမယ်ဆိုလည်း ပျော်ပါတယ်”

တောင်ကြားတွင် တပည့်ရာနှင့်ချီရှိသောကြောင့် အန်းရှင်း တောင်ကြားတွင် နေထိုင်ရသည့် ဘ၀ကို မပျင်းရိခဲ့ပေ။ တစ်ခါတရံ သူမ အပြင်စည်းမြို့သို့ပင် အလည်သွားလေ့ရှိပြီး တောင်ကြားတွင်နေရသည့် ဘ၀ကို ပျော်ပျော်ကြီး ခံစားနေခဲ့၏။

အန်းရှင်းအပြုံးကို တွေ့သောအခါ ကုအန်လည်း မပြုံးဘဲ မနေနိုင်တော့ပေ။

သူတို့ဆရာတပည့်နှစ်ယောက် မပျင်းမရိ စကားပြောနေခဲ့ကြပြီး အန်းရှင်းသည် စိတ်ဝိညဉ်ကြွက်ဖြူသည် အ၀လွန်နေပြီး လေ့ကျင့်ခန်းအချို့လုပ်ပေးဖို့ လိုကြောင်းပြောလိုက်လေသည်။

ထို့ကြောင့် ကုအန်လည်း ကြွက်ဖြူလေးကို အန်းရှင်းဆီအပ်လိုက်ပြီး သူကြိုက်သလိုလုပ်ဖို့ ပြောလိုက်ရာ အန်းရှင်းအလွန်ပျော်သွားခဲ့၏။

တစ်ညတာ ကုန်လွန်သွားခဲ့သည်။

နောက်တစ်နေ့မနက်တွင် အဓိပတိဂိုဏ်းမှ ကျင့်ကြံသူများ မြောက်အရပ်ဆီ ဦးတည်သွားနေခဲ့ကြသည်။ ကျင့်ကြံသူအများအပြား တတိယတောင်ကြားပေါ်မှ ဖြတ်ပျံသွားနေသောကြောင့် တောင်ကြားရှိတပည့်များပင် ထိုအကြောင်းဆွေးနွေးကုန်ကြသည်။

တခဏကြာ စောင့်ကြည့်ပြီးသောအခါ ကုအန် ‌တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ သွားခဲ့၏။

ဤသို့ဖြင့် တစ်နာရီကုန်လွန်သွားခဲ့သည်။

ကုအန် ထျန်းယတောင်ကြားသို့ ရောက်ရှိနေလေပြီ။

ကုအန် ရောက်သောအခါ စစ်ပွဲမှ ပြန်လာကာ တောင်ကမ်းပါးတွင် တောင်ကြားအ၀င်၀ကို မျက်နှာပေး၍ တရားထိုင်နေသော လုရှန်ကို တွေ့လိုက်ရ၏။

ကုအန်အားအဝေးမှ မြင်လိုက်ပြီး လုရှန် နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ကုအန်လည်း ပြန်ညိတ်ပြလိုက်ပြီး တောင်ကြားဆီ ၀င်လာခဲ့၏။

နှနှစ်ကြာပြီးနောက် ကမ္ဘာကြီးသည် ပြောင်းလဲသွားပြန်ပြီ ဖြစ်သည်။ ယခုအခါ မင်းဆက်သုံးခုသာ ကျန်ရှိတော့ပြီး ထိုမင်းဆက်များမှာ ထိုက်ကန် ထျန်းဝေနှင့် မဟာကျင်းတို့ ဖြစ်ကြ၏။

ထိုထဲတွင် ထိုက်ကန်သည် မြေနေရာအများဆုံး ပိုင်ဆိုင်ထားသော မင်းဆက်ဖြစ်ကာ မဟာကျင်းမှာတော့ မိစ္ဆာကပ်ဘေးနှင့်လုံးပန်းနေရသောကြောင့် မြေနေရာအနည်းဆုံးသာ ပိုင်ဆိုင်ထားရသူ ဖြစ်သည်။

ကုအန် ဆေးပင်ခူးပြီးသော မိစ္ဆာမျောက်သုံးကောင်ကို ဆေးပင်မျိုးစေ့များ စိုက်ခိုင်းလိုက်၏။

ထိုစဉ် သူ့ဆီ လျူဟွမ်ရောက်လာခဲ့သည်။

“အရှင်မင်းကြီးက မင်းကျင့်ကြံခြင်းကို အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကိုအမြန်ရောက်စေချင်နေတယ် နောက်ပြီးရင် အမြုတေ ဖွဲ့တည်ဖို့ရောပေါ့”

ထို့နောက် သူ‌လက်မြှောက်လိုက်ကာ သေတ္တာလေးတစ်လုံးကို ကုအန်ဆီ ပေးလိုက်လေသည်။

“အရှင်မင်းကြီးကပြောတယ် အဓိပတိဂိုဏ်းထဲက မင်းလက်ရှ်ိအဆင့်အတန်းနဲ့ဆိုရင် တစ်ယောက်ယောက်က ကျိန်းသေပေါက် မင်းကိုအမြုတေဖွဲ့တည်ဖို့ ကူညီပေးမှာပဲတဲ့ ဒါကတော့ သူကိုယ်တိုင်ပေးဖို့ အချိန်မရှိတော့လို့ မင်းအတွက်သူပြင်ပေးခဲ့တဲ့ အမြုတေပဲ” လျူဟွမ် စိတ်၀င်စားဟန်ဖြင့် ပြောလိုက်၏။

သူ ကုအန်၏ လက်ရှိအဆင့်အတန်း ဆိုသည်ကို စိတ်၀င်စားနေခြင်းဖြစ်သည်။ ကံဆိုးစွာဖြင့် လီရွှမ်တောက်က သူ့ကိုဘာမှပြောမပြခဲ့ပေ။

ကုအန် သေတ္တာကို သိုလှောင်အိတ်ထဲထည့်လိုက်ပြီး လီရွှမ်တောက်ကို ကျေးဇူးတင်ကြောင်း ပြောပေးဖို့ ပြောလိုက်၏။

လျူဟွမ် ခပ်တိုးတိုးပြောလိုက်သည်။

“စာအုပ်ရော”

ကုအန် စာအုပ်တစ်အုပ်ထုတ်လိုက်ကာ

“ဒါက အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း နောက်ဆုံးထွက်စာအုပ်နော် ကျွန်တော့်ကို အစိမ်းရောင်သူရဲကောင်းကိုယ်တိုင်ပေးခဲ့တာ ဒါကိုမြင်ဖူးတဲ့ တတိယလူမရှိသေးဘူး”

လျူဟွမ်စာအုပ်ကို ပျော်ရွှင်သာ လက်ခံလိုက်လေသည်။

ထိုစဉ် ကျိရှောင်ယုအစ်ကို ကျိရူလိုင် လျူဟွမ့်နောက်တွင် ပေါ်လာပြီး ကုအန်ကိုကြည့်ကာ မေးလိုက်သည်။

“‌ေတာင်ကြားသခင် ရွှမ်ထျန်းယီ နဲ့တွေ့ပြီးပြီလား”

ကုအန်မေးလိုက်၏။ “ဒုတိယသခင်လေးက ဘာလို့မေးတာလဲ”

“အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း စာအုပ်က ရွှမ်ထျန်းယီ ရေးတာလေ” ကျိရူလိုင် အမူအရာမဲ့စွာ ပြောလိုက်လေသည်။ ထိုအခါ လျူဟွမ်လည်း ရှက်ရွံ့သွားပြီး ထိုနေရာမှ အမြန်ထွက်သွားခဲ့၏။

ကုအန် ခေါင်းညိတ်ပြလိုက်သည်။ “တကယ်တော့ ကျွန်တော်ကသူနဲ့ သွေးသောက်ညီအစ်ကိုဖွဲ့ထားပါတယ်”

ထိုစကားကို ကြားသောအခါ လျူဟွမ့်ခြေလှမ်းများ ရပ်တန့်သွားပြီး ကုအန်ကို မယုံနိုင်ဟန်ဖြင့် လှည့်ကြည့်လိုက်လေသည်။

ကျိရူလိုင်မှာတော့ မျက်လုံးများ ကျဉ်းမြောင်းသွားကာ ကုအန်ကို ဂရုတစိုက်အကဲဖြတ်နေခဲ့၏။

ကမ်းပါးတွင် တရားထိုင်နေသော လုရှန်၏ မျက်လုံးများလည်း ပွင့်လာခဲ့သည်။ သူလည်း ရွှမ်ထျန်းယီ ကိုသိနေခဲ့၏။ အခုအချိန်တွင် အမတကျင့်ကြံခြင်းကမ္ဘာ၌ အဓိပတိဂိုဏ်း၏ အစစ်အမှန်အမွေဆက်ခံသူ ရွှမ်ထျန်းယီကို မသိတဲ့လူ မည်သူရှိမည်နည်း။

ကျိရူလိုင် ကုအန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကြည့်ရတာ ရွှမ်းထျန်းယီ ကတောင်ကြားသခင်ရဲ့ နတ်ဘုရားတို့၏ရာထူးများ ကိုကြိုက်သွားပုံပဲ”

“နတ်ဘုရားတို့၏ရာထူးများလား မင်းဘာကို ဆိုလိုတာလဲ”

လျူဟွမ် ရုတ်တရက် ကျိရူလိုင်နားကပ်သွားကာ မျက်မှောင်ကြုံ့၍ ကြည့်ရင်း မေးလိုက်သည်။

“မင်းက နတ်ဘုရားတို့၏ရာထူးများကို ကုအန်ရေးတယ်လို့ ပြောနေတာလား”

ကျိရူလိုင် ခေါင်းညိတ်ပြလိုက်သည်။

လျူဟွမ် ကုအန်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိ၏။ ထိုသတင်းသည် သူ့အတွက် ကုအန်နှင့် ရွှမ်ထျန်းယီ သွေးသောက်ညီအစ်ကိုဖွဲ့သည်ဟူသော သတင်းထက်ပင် ပို၍ တုန်လှုပ်စရာ ကောင်းနေခဲ့လေသည်။

အပိုင်း(၁၇၈)

သက်ရှိအားလုံးကို ချောင်းကြည့်နေသည့် မျက်လုံးများ

“ကုအန် ဖန်းအန်….” လျူဟွမ် ကုအန်ကိုကြည့်ရင်း တွေးနေမိသည်။

သူ့အမူအရာကြောင့် ကုအန်အတော်လေး စိတ်မသက်မသာ ဖြစ်နေခဲ့ရ၏။

ဒါကြီးက ဘာအမူအရာကြီးလဲဟ!

စိတ်ပျက်သွားတာကြီးလား!

ကုအန် သူ၏ ဖန်းအန် သရုပ်ဖော်ထုတ်ခံရမည်ကို မကြောက်တော့ပေ။ သူ့လက်ရှိ အဆင့်အတန်းနှင့်ဆိုပါက ထိုမျှကိစ္စလောက်ကို သူ့ကျင့်ကြံခြင်းပင် သုံးစရာမလိုဘဲ သူ့နောက်ခံနှင့်ပင် ဖြေရှင်း၍ ရပေသည်။

အဝေးမှ လုရှန်လည်း ကုအန်ကို တုန်လှုပ်သွားဟန်ဖြင့် ကြည့်နေမိ၏။

သူ ကုအန်တွင်သာမန်မဟုတ်သော ပါရမီမျိုးရှိသည်ကို သိထားသော်လည်း ထိုသို့သော ကျွမ်းကျင်မှုမျိုး ရှိနေသည်ကိုတော့ မသိခဲ့ပေ။

ထိုအခိုက်တွင် လုရှန် နောက်တစ်ကြိမ် သူ့ကိုယ်သူ သာမန်ဖြစ်သည့်လူတစ်ယောက်ဟု ခံစားလိုက်ရပြန်သည်။

စစ်မှန်သော ပါရမီရှင်များသည် သူတို့အရည်အသွေးကို ထုတ်ပြလေ့မရှိဘဲ သူတို့ကိုယ်သူတို့ အခြားသူများနှင့် နှိုင်းယှဉ်ရသည်ကို နိမ့်ကျသည်ဟု မှတ်ကြကြောင်း သူနားလည်သွားခဲ့၏။

ကျိရူလိုင် ကုအန်ကိုကြည့်ကာ ပြောလိုက်သည်။

“ငါ့တတိယညီမလေးက ငါ့ကိုစာရေးခဲ့တယ်လေ သူစာထဲမှာ တောင်ကြားသခင် အဓိပတိဂိုဏ်းမှာပဲ နေခဲ့ဖို့ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကိုလည်း သူကလေးစားလက်ခံပြီး တောင်ကြားသခင်ကို စောင့်ရှောက်ပေးလိုက်ပါလို့ ရေးထားတယ်”

ထိုစကားကိုကြားသောအခါ ကုအန် ပြန်ပြောလိုက်၏။

“ကျွန်တော်က အဓိပတိဂိုဏ်းမှာ ကျင့်ကြံနေတဲ့သူပါ အခုလို ဂိုဏ်းအခက်အခဲဖြစ်နေချိန်မှာ ကျွန်တော် ထွက်မပြေးနိုင်ဘူးလေ နောက်ပြီး ကျွန်တော်က တိုက်ပွဲထဲကိုလည်း သွားဖို့မလိုတဲ့သူဆိုတော့ ကျွန်တော့်တောင်ကြားမှာ‌ပဲနေပြီး အကောင်းဆုံး ထောက်ပံ့ပေးနေရုံပါပဲ”

ကျိရူလိုင် ခေါင်းညိတ်ပြလိုက်ကာ သူ့မျက်လုံးထဲတွင် အားကျဟန်များ ရှိနေခဲ့သည်။

သူတို့သုံးယောက် တခဏကြာ စကားပြောပြီးမှ ကုအန် နှုတ်ဆက်၍ ထွက်လာခဲ့လိုက်၏။

ထွက်ခွာသွားသော ကုအန်ပုံရိပ်ကို ကြည့်နေရင်း ကျိရူလိုင် ခပ်ဟဟရယ်လိုက်ကာ “ရွှမ်ထျန်းယီနဲ့ သွေးသောက်ညီအစ်ကို‌ဖွဲ့ထားမှတော့ သူ့ကျင့်ကြံခြင်းအဆင့်က ဘာအရေးပါတော့မှာလဲ အခုကစပြီး ကျွန်တော်သူ့ကို အထူးပုဂ္ဂိုလ်တစ်ယောက်အဖြစ် ဆက်ဆံရတော့မယ်”

လျူဟွမ် သူ့ကိုပြန်မပြောဘဲ တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်နေခဲ့၏။

“ဘာလို့သူက နတ်ဘုရားတို့၏ရာထူးများကို ရေးနိုင်ရတာလဲ…အစိမ်းရောင်သူရဲကောင်း ခရီးသွားမှတ်တမ်းကို သူရေးတယ်ဆိုရင်တောင် ငါလက်ခံပေးနိုင်ဦးမှာလေ…”

သူသည် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းနှင့် တာအိုပညာရှင် ရွှမ်ချွမ်းဖတ်ရသည်ကို နှစ်သက်သော်လည်း သူ့နှလုံးသားထဲတွင်တော့ နတ်ဘုရားတို့၏ရာထူးများ သည် ဂန္ဓ၀င်လက်ရာ ဖြစ်နေဆဲပင်။

……

ဆောင်းရာသီ အစောပိုင်းတွင်

မနက်ခင်းတစ်ခု၌ အဝေးမှ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်များ ပေါ်ထွက်လာခဲ့ပြီး အဓိပတိဂိုဏ်းထဲရှိ လူတိုင်း အံ့အားသင့်ကုန်ကြသည်။

ဆန်းကြယ်တောင်ကြားတွင် အကြောလျှော့လေ့ကျင့်ခန်း လုပ်နေသော တပည့်များ ကြောက်လန့်ကုန်ကြသည်ကိုလည်း ကုအန်တွေ့လိုက်ရ၏။

သူတို့တစ်ဘ၀လုံးတွင် ထိုမျှကြောက်စရာကောင်းသော မိစ္ဆာ‌စွမ်းအင်မျိုးကို မခံစားဖူးလေရာ အလွန်ကြောက်ရွံ့သွားခဲ့မိကြသည်။

ကုအန်လည်း ထိုအရာကိုခံစားမိလိုက်ပြီး ပြောလိုက်သည်။

“လုပ်စရာရှိတာ ဆက်လုပ်ကြ ကိုယ့်အလုပ်ကိုယ်အာရုံစိုက်ကြမယ် မင်းတို့ မထိန်းချုပ်နိုင်တဲ့ အရာကြီးကို စိုးရိမ်မနေကြနဲ့”

ထိုစကားကိုကြားသောအခါ တပည့်များအားလုံး သူတို့ကြောက်ရွံ့မှုကို ဖိနှိပ်ထားလိုက်ပြီး ဆက်လက်လေ့ကျင့်နေခဲ့ကြ၏။

ချူကျင့်ဖုန်းနှင့် လုကျိကျားလည်း လေ့ကျင့်နေရင်း သူတို့မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့ကြသည်။

ဤတစ်ကြိမ်ထွက်ပေါ်လာသော မိစ္ဆာစွမ်းအင်သည် ခေါင်းခြောက်လုံးပင်လယ်နဂါးဆီမှ ထွက်ပေါ်လာခဲ့ဖူးသော မိစ္ဆာစွမ်းအင်ထက်ပင် အားကောင်းနေလေရာ သူတို့ ရင်လေးသွားခဲ့ရ၏။ ယခုလို အားကောင်းလွန်းသော မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာသော မိစ္ဆာကပ်ဘေးတွင် သူတို့မည်သို့ ရှင်သန်ရတော့မည်နည်း။

မိစ္ဆာစွမ်းအင်သည် ပေါ်ပေါ်လာခြင်း ပျောက်သွားတာမျိုးမဟုတ်ဘဲ ခုနှစ်ရက်ကြာသည်အထိ ရှိနေခဲ့၏။

ထို့နေ့တွင် ကုအန် အပြင်စည်းမြို့သို့ ရောက်ရှိလာခဲ့ပြီး အပြင်စည်းမြို့ထဲတွင်လည်း မိစ္ဆာဘိုးဘေး၏ သတင်းမှာ ပျံ့နှံ့နေချေပြီ။

“မင်းကြားပြီးပြီလား မိစ္ဆာကလန်ကို တည်ထောင်ခဲ့တဲ့ မိစ္ဆာတစ်သောင်းဘိုးဘေးက ပြန်လည်ရှင်သန်လာပြီတဲ့ ဒီမဟာမိစ္ဆာကပ်ဘေး ဖြစ်ရတဲ့ အကြောင်းအရင်းက သူ့ကြောင့်လို့ကြားတယ်”

“ခေါင်းခြောက်လုံးပင်လယ်နဂါးက မဟာမိစ္ဆာဘုရင် ၇၂ ပါးထဲက တစ်ပါးပဲရှိသေးတယ်တဲ့ သူ့အထက်မှာ မိစ္ဆာဧကရာဇ်ရှိသေးတယ် အခုဆို ပိုအစွမ်းထက်တဲ့ မိစ္ဆာဘိုးဘေးပါ ထွက်ပေါ်လာပြီ ငါတို့ဘာဆက်လုပ်ရမလဲ”

“စီနီယာရွှမ်ထျန်းယီ တာအိုသခင်နဲ့ အခြား ကြီးမြတ်တဲ့ကျင့်ကြံသူ ကိုးပါးတော့ ရှ်ိနေသေးတယ်မဟုတ်လား ငါတို့မှာ မျှော်လင့်ချက်ရောင်ခြည် ရှိနေပါသေးတယ်”

“အဲ့ဒီ ပုဂ္ဂိုလ်ကြီးတွေက ကြောက်စရာကောင်းပေမယ့်လည်း ဘယ်သူက မိစ္ဆာဧကရာဇ်နဲ့ မိစ္ဆာဘိုးဘေးကို သတ်မှာလဲ”

“ဘာပဲဖြစ်ဖြစ်ကိစ္စမရှိပါဘူး ကြီးမြတ်တဲ့ကျင့်ကြံသူကြီးတွေတောင် ငါတို့ကိုကယ်တင်ဖို့ ပင်လယ်ရပ်ခြားကနေ ပြန်လာခဲ့ကြတာ ငါတို့လို အမတကျင့်ကြံခြင်းလမ်းစဉ်ကိုလျှောက်လှမ်းနေရတဲ့ သူတွေက ဘာကြောက်နေရဦးမှာလဲ ငါတို့နောင်တမရှိဘဲ သေတဲ့အထိ တိုက်ခိုက်သွားမယ်”

အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများပင် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့ကြ၏။

ကုအန် ကောင်းကင်ပြုပြင်စင်မြင့်ဆီရောက်သောအခါ ဓားဆန္ဒလေ့လာမနေဘဲ စင်မြင့်ပေါ်တွင် ရပ်ကာ ကောင်းကင်ကိုကြည့်ရင်း အတွေးလွန်နေသော တိရှီကို တွေ့လိုက်ရသည်။

ကောင်းကင်သည်တိမ်မည်းများဖြင့် ဖုံးအုပ်နေပြီး နှင်းလွှာများက ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးအုပ်သွားတော့မလို ကျဆင်းနေခဲ့၏။

ကုအန်လည်း မော့ကြည့်လိုက်ကာ နှင်းလွှာတစ်ချုပ်ကို လက်ဖြင့်ဖမ်းလိုက်လေသည်။

နှင်းလွှာသည် ချက်ချင်းသူ့လက်ထဲတွင် အရည်ပျော်သွားပြီး အငွေ့ပျံသွားခဲ့၏။

“အချုပ်အနှောင်မဲ့ အမတ”

ကုအန် မိစ္ဆာဘိုးဘေး၏ ကျင့်ကြံခြင်းအဆင့်ကို တိတ်တ‌ဆိတ်ဆုံးဖြတ်လိုက်လေသည်။

ထိုအရာသည် အမှန်တယ်ကြောက်စရာကောင်းလှ၏။ အကယ်၍ ရွှမ်ထျန်းယီနှင့် တာအိုသခင်သာ ပြန်မလာခဲ့ပါက ဆန်းကြယ်နှလုံးသားအဆင့်များသာရှိသော မင်းဆက်သုံးခုက ထိုအချုပ်အနှောင်မဲ့ အမတကို မည်သို့ ရင်ဆိုင်ရမည်နည်း။

သူတို့ ၂ယောက်ပြန်လာခဲ့လျှင်တောင်မှ သူတို့သည် မိစ္ဆာဘိုးဘေးအတွက် ပြိုင်ဘက်ဖြစ်လာမည် မဟုတ်ပေ။သူတို့ကြား ကျင့်ကြံခြင်းကွာဟချက် ကြီးမားလွန်းသောကြောင့် မိစ္ဆာဘိုးဘေးက သူတို့ကို အလွယ်တကူ ချေမွပစ်နိုင်ပေသည်။

ကုအန် အကြည့်အောက်တွင် တိမ်မည်းများမှာ သက်ရှိအားလုံးကို ငုံ့ကြည့်နေသော အားကောင်းသည့် မျက်လုံးကြီးနှစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့၏။

လူများလည်း ထိုအရာကို သတိထားမိသွားပြီး ကောင်းကင်ပေါ်ကို မော့ကြည့်နေခဲ့ကြသည်။

ထိုမျက်လုံးကြီးများ ရှေ့တွင် သက်ရှိအားလုံးမှာ သေးနုတ်သလိုပင်။

သူတို့စိတ်ထဲ နာမည်တစ်ခု ပေါ်လာခဲ့၏။

မိစ္ဆာဘိုးဘေး!

အပြင်စည်းမြို့တစ်ခုလုံး ဖိအားကိုခံစားလိုက်ရပြီး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့သည်။

“ဟမ့် မိစ္ဆာဘိုးဘေးဆိုတော့ရော ဘာဖြစ်လဲ ငါရွှမ်ထျန်းယီက သူ့ကို သေချာပေါက် ချေမှုန်းပစ်မယ် အားလုံးသေချာစောင့်ကြည့်နေကြ ဒီကမ္ဘာကြီးရဲ့ အုပ်ချုပ်သူတွေဟာ လူသားတွေပဲဖြစ်ရလိမ့်မယ်!”

ရွှမ်ထျန်းယီ၏အသံသည် အဓိပတိဂိုဏ်းတစ်ခုလုံးတွင် ဟိန်းထွက်လာခဲ့ပြီး သူ့စကားများကြောင့် လူတိုင်း တိုက်ခိုက်လိုစိတ်များ တပွက်ပွက်ထလာခဲ့ကြသည်။

ကုအန်လည်း ပြုံးလိုက်မိ၏။

ရွှမ်ထျန်းယီတွင် ကယ်တင်ရှင်တစ်ယောက်၏ အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်ကိုတော့ လက်ခံရပေလိမ့်မည်။ ဤနေရာတွင် သူသည် လုပိုင်ထျန်းထက် သာ၏။

လုပိုင်ထျန်းတွင် လွှမ်းမိုးနိုင်သည့် အရှိန်အဝါမျိုးရှိသော်လည်း ရွှမ်ထျန်းယီတွင်တော့ ထက်ရှမှုတစ်မျိုးရှိနေခဲ့သည်။ ထိုထက်ရှမှုက ယခုလို ကပ်ဘေးကာလမျိုးတွင် မရေတွက်န်ုိင်သော လူများကို ခွန်အားများ ပေးစွမ်းနိုင်၏။

ရွှမ်ထျန်းယီ အဓိပတိဂိုဏ်းမှ ထွက်ကာ မြောက်အရပ်သို့ ဦးတည်ထွက်ခွာသွားသည်ကို ကုအန် ခံစားလိုက်ရသည်။

အဆုံးမဲ့သော မိစ္ဆာများသည် တောင်အရပ်သို့ ဦးတည်၍ ချီတက်လာနေပြီဖြစ်ကာ မဟာမိစ္ဆာကပ်ဘေးသည် အပြည့်အ၀ ပေါက်ကွဲထွက်ပေါ်လာချေပြီ။

…….

ကောင်းကင်ဖီးနစ်တောင် နျန်းချူဂူတွင်

ကုအန် ကျောက်စားပွဲတွင်ထိုင်ကာ ဝိုင်သောက်နေစဉ် ထျန်းယောင်အာမှာတော့ ကျောက်ခွေးခြေခုံလေးတစ်ခုပေါ်တွင်ထိုင်ကာ ကောင်းကင်ဆီ ကြောက်လန့်တကြား ကြည့်နေခဲ့၏။

ထိုအခိုက်တွင် မိစ္ဆာများက ကောင်းကင်ဖီးနစ်တောင်ကို ဖြတ်သန်း၍ သွားလာနေကြခြင်းဖြစ်ပြီး တောင်ကြီးပင် အနည်းငယ် တုန်ခါနေခဲ့သည်။

ထျန်းယောင်အာ မျက်မှောင်ကြုံ့ကာ ကုအန်ကိုမေးလိုက်၏။

“သခင် ဘာလို့မှန်းမသိပေမယ့် ကျွန်မအလိုလိုဒေါသထွက်ပြီး အကုန်လုံးကို စုတ်ဖြဲပစ်ချင်သလို ခံစားနေရတယ် ကျွန်မတစ်ခါမှ ဒါမျိုးမခံစားဖူးဘူး”

ကုအန်လည်း ထိုအရာကိုခံစားမိနေခဲ့သည်။

မိစ္ဆာနယ်မြေရှိ မိစ္ဆာများအားလုံး ထိန်းမရသိမ်းမရဖြစ်ကာ အသိစိတ်လွတ်နေသည်ကို သူခံစားမိနေခဲ့၏။ ထိုအရာသည် မိစ္ဆာဧကရာဇ်နှင့် ဘိုးဘေးတို့၏ အမိန့်ကြောင့်မဟုတ်ဘဲ အမှောင်ထုထဲမှ စွမ်းအားတစ်မျိုးကြောင့် ဖြစ်နေခြင်း ဖြစ်သည်။

အထူးသဖြင့် ထိုစွမ်းအားသည် မိစ္ဆာနယ်မြေရှိ မိစ္ဆာများပေါ် သက်ရောက်မှုရှိနေပြီး မင်းဆက် သုံးခုမှ မိစ္ဆာသားရဲများမှာတော့ ထိုသက်ရောက်မှုကို မခံကြရပေ။

မည်သို့သော စွမ်းအားမျိုးက မိစ္ဆာများကို ထိုသို့ဖြစ်စေသလဲဟု ကုအန် စိတ်၀င်စားနေမိသည်။

ဤအရာသည် မိစ္ဆာဘိုးဘေး၏သွေးကြောင့် ဖြစ်နိုင်ပါသလော။

ဤကုန်းမြေတိုက်ကြီးရှိ မိစ္ဆာများသည် မိစ္ဆာဘိုးဘေး၏ သွေးမှဖန်တီးထားခြင်းဖြစ်မှန်း ကုအန် မှတ်မိသွားခဲ့၏။

“အဲ့တာက နင့်ရဲ့ကျင့်ကြံခြင်းက လုံလောက်အောင်မမြင့်လို့ပေါ့ နင်အနာဂတ်မှာ အခြားမိစ္ဆာတွေထိန်းချုပ်တာ ခံချင်လား” ကုအန် မေးလိုက်သည်။

ထျန်းယောင်အာ ခေါင်းယမ်းကာ ပြောလိုက်သည်။

“ကျွန်မအခြားမိစ္ဆာတွေထိန်းချုပ်တာမခံချင်ဘူး သခင့်ကိုပဲ ထိန်းချုပ်ခွင့်ပေးမှာ”

ကုအန် ဘာမှမပြောဘဲ ထရပ်ကာ ဤဂူထဲရှိ စည်းကို အားကောင်းစေရန် ပြုလုပ်လိုက်ပြီး ထျန်းယောင်အာဆီ စိမ့်၀င်နေသော စွမ်းအင်ကို တားဆီးလိုက်လေသည်။

တစ်ချိန်တည်းမှာပင်

မဟာကျင်းမင်းဆက် မြောက်ပိုင်းနယ်မြေ၌ ခေါင်းခြောက်လုံးပင်လယ်နဂါး နှင့်တိုက်ပွဲဖြစ်ခဲ့သော ချောက်နက်ကြီးတစ်ဖက်ရှိ မြေပြင်တွင် မိစ္ဆာကျူးကျော်မှုကို ခုခံရန် ခံစစ်ပြင်နေခဲ့ကြ၏။

လုပိုင်ထျန်း လေထဲတွင် ရပ်ကာ မိုးကုတ်စက်ဝိုင်းဆီသို့ အလေးအနက်ဖြစ်နေသော အမူအရာဖြင့် ကြည့်နေခဲ့သည်။

ချောက်နက်၏ အခြားတစ်ဖက်ရှိ ကောင်းကင်တွင် မိစ္ဆာစွမ်းအင်များ ထိုးတက်နေပြီး ချောက်တစ်ဖက်နှင့်တစ်ဖက်မှာ မတူညီသော ကမ္ဘာနှစ်ခုကဲ့သို့ပင်။

ထိုစဉ် ကျိဟန်ထျန်း လုပိုင်ထျန်းဘေးသို့ ပျံသန်းလာပြီး လေးလေးနက်နက်ပြောလိုက်သည်။

“ကြည့်ရတာ ဒီတိုက်ပွဲက ရက်ပေါင်းများစွာမကြာလောက်မယ့် ပုံပဲ”

လုပိုင်ထျန်း သူ့ကိုတစ်ချက်ကြည့်ကာ မေးလိုက်သည်။

“ကျိမိသားစုက ဆုတ်ခွာဖို့ စီစဉ်နေကြတာမဟုတ်လား”

“ဟုတ်တယ် တပည့်အများစုတောင် အဓိပတိဂိုဏ်းကနေ ထွက်သွားကြပြီ”

“ဒါဆို ခင်ဗျားကဘာလို့ဒီမှာရှိနေတာလဲ”

“ဘာလို့လဲဆိုတော့ ငါက အဓိပတိဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ဖြစ်နေလို့ပေါ့ လူတိုင်းထွက်သွားလို့ရပေမယ့် ငါတို့ကတော့ မရဘူး”

ကျိဟန်ထျန်းအဝေးသို့ကြည့်နေရင်း ပြောလိုက်ပြီး သူ့စကားလုံးများတွင် အားအင်အပြည့်ပါနေခဲ့သည်။

လုပိုင်ထျန်း ခေါင်းယမ်းကာ ရယ်မောလိုက်မိပြီး အဝေးသို့ ဆက်ကြည့်နေခဲ့၏။

……

ထျန်းဝေမင်းဆက်၊ ယခင်ချန်းတန်မင်းဆက်နေရာဟောင်းရှိ သုံးပါးတစ်ဆူတောင်အနီးတွင်ရှိသော တောအုပ်ထဲတွင်

စုဟန် သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေခဲ့ပြီး သူ့ပတ်ပတ်လည်တွင် မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ဖော်လည်း ရှိနေကြပြီး တစ္ဆေမိခင်မှာတော့ အခေါင်းတစ်‌လုံးပေါ်တွင် ထိုင်ကာ မျက်လုံးမှိတ်ထားခဲ့သည်။

လီဆန်းယူ ပြောလိုက်၏။

“တစ္ဆေမိခင် သုံးပါးတစ်ဆူတောင်က ကြီးမြတ်တဲ့ကျင့်ကြံသူတွေအကုန်လုံး မြောက်ပိုင်းကို ထွက်သွားကြပြီ ကျုပ်တို့ဘယ်အချိန် စမှာလဲ”

တစ္ဆေမိခင်မျက်လုံးမှိတ်ထားရင်း ပြောလိုက်သည်။

“မလောနဲ့ တိုက်ပွဲကြီးဖြစ်တဲ့အထိစောင့်ဦး”

စုဟန်သူမကိုကြည့်ကာ မေးလိုက်သည်။

“ဒီတစ်ခေါက်ကရော ပစ်မှတ်က ဘယ်သူလဲ”

“ထိုက်ကန်မင်းသား လီယ” တစ္ဆေမိခင်နာမည်တစ်ခုကို ခပ်တိုးတိုးရေရွတ်လိုက်၏။

စုဟန် မျက်မှောင်မကြုံ့ဘဲမနေနိုင်တော့ပေ။ သူလီယနှင့် ကုအန်၏ဆက်ဆံရေးကို ကောင်းကောင်းသိပေသည်။ သူမေးလိုက်၏။

“ဘာလို့သူလဲ”

“သူလည်း ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို တတ်မြောက်ထားတယ် လီမိသားစုရဲ့ ထိုက်ကန်နတ်မင်သက်ဓားသိုင်းက တခဏဂိုဏ်းကဆင်းသက်လာတာ အန်းဟောင်က ကောင်းကင်နန်းတော်တောင်မှာ ငါတို့ကို တားဆီးခဲ့ပေမယ့် သူ့ကိုကြည့်ပြီး ငါအကြံတစ်ခုရခဲ့တယ် အဲ့တာက နင့်ကိုလည်း ထိုက်ကန်နတ်မင်သက်ဓားသိုင်း တတ်မြောက်စေဖို့ပဲ ထိုက်ကန်နတ်မင်သက်ဓားသိုင်းရဲ့ ဓားဆန္ဒက သက်ရှိအားလုံးရဲ့ ခွန်အားကို လွှမ်းမိုးပစ်နိုင်တယ် အာဃာတနတ်ဓားသိုင်းထက်တောင် အစွမ်းထက်သေးတယ်”

တစ္ဆေမိခင်၏အသံမှာ ခပ်အေးအေးသာ ပြောနေခြင်းဖြစ်ပြီး သူ့အမြင်တွင် လီယ မှာသေလူပင်။

စုဟန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်၏။

“အ‌ခြားတစ်ယောက်ကိုရွေးလိုက်ပါ အခြားလီမိသားစု တပည့်တွေရှိနေတာပဲ ကျွန်တော် လီယနဲ့ ရင်မဆိုင်ချင်ဘူး”

“လီမိသားစုမှာ သူပဲ ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို သိတာ သုံးပါးတစ်ဆူတောင်က လီရွှမ်မြောင် တောင်မသိဘူး”

“မဖြစ်ဘူး လီယက ကျွန်တော့်ဆရာဦးလေးပဲ ကျွန်တော်မလုပ်နိုင်ဘူး”

စုဟန် လေးလေးနက်နက်ပြောလိုက်ပြီး သူ့ပုံစံမှာ ရှားရှားပါးပါးပင် တစ္ဆေမိခင်ကို ပထမဆုံးအကြိမ် အာခံသည့်အနေနှင့် ခက်ထန်နေခဲ့၏။

တစ္ဆေမိခင်မျက်လုံးများ ပွင့်လာပြီး စုဟန်ကို စိုက်ကြည့်လိုက်လေသည်။ နေ့အလင်းရောင်အောက်တွင် စုဟန် ထိုအကြည့်ကို မခံနိုင်ပုံဖြင့် အကြည့်လွှဲနေလိုက်၏။

မြေအောက်ကမ္ဘာမကောင်း‌ဆိုးဝါး ၁၃ဖော်လုံး တိတ်ဆိတ်နေကာ စုဟန်ကို ကြည့်နေခဲ့ကြသည်။

တစ္ဆေမိခင် ခပ်ဖြည်းဖြည်းပြောလိုက်၏။

“နင်လီယကို ရင်မဆိုင်ချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ် ဒါပေမယ့် နင်ပြင်ဆင်ထားရမယ်…”

ဂျိန်း ဂျလိန်း….

ကောင်းကင်တွင် မိုးကြိုးလျှပ်စီးတန်းများ ပေါ်ထွက်လာသောကြောင့် စုဟန်တို့ မော့ကြည့်လိုက်ကြသည်။ မိုးကြိုးတိမ်တိုက်များသည် လျင်မြန်စွာ စုဝေးနေကြပြီး မိုးကြိုးလျှပ်စီးတန်းများ လက်နေကာ ထိုတိမ်တိုက်များကြားထဲတွင် ဧရာမ ပုံရိပ်ကြီးတစ်ခု ဖြစ်တည်လာနေသည်ကို သူတို့ မြင်လိုက်ရ၏။

“တာအိုပညာရှင် အမတ ငါတို့သွေးကြွေးတွေဖြေရှင်းဖို့ အချိန်ရောက်ပြီကွ!”

မိုးကြိုးတိမ်တိုက်များကြားထဲမှ ရှေးဟောင်းအသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။

အဝေးရှိ ဆန်းကြယ်တောင်ကြားတွင် ကုအန် နတ်အာရုံသုံးကာ မင်းဆက် ၃ခုလုံးကို ကြည့်ရှုနေခဲ့၏။ထိုစဉ် မင်းဆက်သုံးခုရှိ ရှေးဟောင်းအပျက်အဆီးများနှင့် အန္တရာယ်နယ်မြေများတွင် ၀င်္ကပါတစ်ခုပေါ်ပေါက်လာတော့မည့် လက္ခဏာများ ပေါ်ပေါက်လာကြပြီး မင်းဆက်သုံးခုနယ်မြေထဲသို့ မိစ္ဆာအမြောက်အများ ၀င်ရောက်လာခဲ့ကြလေသည်။

ထိုတည်နေရာကူးပြောင်းခြင်းအစီအရင်များသည် အမျိုးမျိုး‌သော ရှေးဟောင်းအမွေအနှစ်များနှင့် သေဆုံးခြင်းမြေပြင်များဆီမှ ရောက်လာကြခြင်း ဖြစ်သည်။

ထိုရှေးဟောင်းအမွေအနှစ်များသည်လည်း ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေမှလူများ ချန်ထားသည့် နေရာများဖြစ်ပုံရသောကြောင့် ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေက မိစ္ဆာများကို ကူညီပေးနေကြောင်း ကုအန် ပို၍ သေချာသွားခဲ့၏။

ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေသည် အတော်လေး ကောင်းမွန်သော ရွှေ့ကွက်တစ်ကွက်ကို ရွှေ့လိုက်လေပြီ!

All Chapters