← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 15 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 15 Ch. 179-180

အပိုင်း(၁၇၉)

မိစ္ဆာသခင်ပေါ်လာခြင်း၊ တိရှီ၏ ကြောက်ရွံ့မှု

ကမ္ဘာကြီးသည် ဖရိုဖရဲဖြစ်နေပြီး စစ်ပွဲမီးတောက်များက နေရာအနှံ့ တောက်လောင်နေခဲ့သည်။

မိစ္ဆာစွမ်းအင်များက နယ်မြေတစ်ခုလုံးတွင် ရှိနေပြီး ကုန်းမြေတစ်ခုလုံးကို ခြိမ်းခြောက်ထားခဲ့၏။

ဆောင်းနှင်းများမှာလည်း အရင်နှစ်ထက် ပိုအေးနေခဲ့လေသည်။ ထိုစဉ် ကုအန် မိုးကာအထူကြီးကို၀တ်ကာ အစိမ်းရောင်သူရဲကောင်းအဖြစ် ပြောင်းလဲပြီး သေမျိုးကမ္ဘာကြီးတွင် လှည့်လည်သွားလာနေခဲ့၏။

တောင်တန်းများကြားတွင် လခြမ်းကွေးသဏ္ဍာန်တည်ထားသော မြို့ငယ်လေးတစ်ခုရှိပြီး ယခုအခါ ထိုမြို့ငယ်လေထဲတွင် မီးတောက်များ တောက်လောင်နေပြီး အစိမ်းရောင်အငွေ့များ ကောင်းကင်ဆီ တက်နေခဲ့သည်။ မြို့ထဲတွင်တော့ အော်ဟစ်သံ ငိုယိုသံများဖြင့် ပြည့်နှက်နေခဲ့၏။

ကုအန် တောအုပ်ထဲမှ ထွက်လာပြီး တောင်ကမ်းပါးပေါ်မှတစ်ဆင့် လင်းယုန်တစ်ကောင်နှယ် မြို့ထဲသို့ ပျံသန်းလာခဲ့သည်။ သူ့မျက်စိရှေ့တွင် များစွာ‌ေသာ မိစ္ဆာများ တစ္ဆေများက လူသားများကို သတ်ဖြတ်နေကြသည်ကို တွေ့လိုက်ရ၏။ အချို့မိစ္ဆာများဆိုလျှင် လူသားများကို အရှင်လတ်လတ်စားသောက်နေသည်တောင် ရှိကြပြီး မြင်ကွင်းမှာ သွေးပျက်စရာပင်။

ထို့နောက် တစ်နာရီမပြည့်ခင်တွင် မြို့ထဲ၌ ၀မ်းနည်းပူဆွေး၍ ငိုကြွေးနေကြသံများမှ လွဲ၍ ဘာသံမှ မရှိတော့ပေ။

ကုအန်လည်း မြို့ထဲမှ လမ်းလျှောက်ထွက်လာလိုက်ပြီး သူ့ချင်းဟုန်ဓားပေါ်ရှိ မိစ္ဆာသွေးများကို ခါလိုက်ကာ ဓားကိုဓားအိမ်ထဲ ပြန်ထည့်ထားလိုက်၏။

သူ့နောက်ရှိ ပရိဒေ၀မီးတောက်လောင်နေသော လူများကိုတော့ သူပြန်လှည့်မကြည့်ခဲ့တော့ပေ။

မိစ္ဆာဘိုးဘေးပြန်လည်ရှင်သန်လာသည်မှာ ၁၀ ရက်ပင် ကြာခဲ့လေပြီ။ တိုက်ပွဲသည် မဟာကျင်းမင်းဆက်မြောက်ပိုင်းတွင်ဖြစ်ပွားနေပြီး မဟာယနကျင့်ကြံသူများပင် ပြင်းထန်သော တိုက်ပွဲကို တိုက်ခိုက်နေရပြီ ဖြစ်၏။ မဟာကျင်းမင်းဆက်သာမကဘဲ ထျန်းဝေမင်းဆက်သည်လည်း သူတို့နယ်စပ်တွင် မိစ္ဆာဒီရေလှိုင်းကြီးကို ကာကွယ်နေခဲ့ရသည်။

ထိုက်ကန်မင်းဆက်သည် နယ်စပ်ကိုကာကွယ်စရာမလိုသော်လည်း မင်းဆက်ထဲတွင် မိစ္ဆာများ ထိုးဖောက်၀င်ရောက်နေမှုများရှိနေသောကြောင့် သူတို့၏ ဖရိုဖရဲဖြစ်မှုမှာလည်း အခြားမင်းဆက်နှစ်ခုနှင့် သိပ်မကွာလှပေ။

သို့သော် မိစ္ဆာဧကရာဇ်ရော မိစ္ဆာဘိုးဘေးပါ မ‌လှုပ်ရှားခဲ့သေးပေ။ ထို့ကြောင့် ကုအန်လည်း လောမနေခဲ့ပေ။ လက်ရှိအခြေအနေများအရ မိစ္ဆာဧကရာဇ်နှင့် မိစ္ဆာဘိုးဘေး သေဆုံးသွားမည်ဆိုလျှင်တောင် မင်းဆက်သုံးခုသည် မိစ္ဆာများကြောင့် နယ်မြေမတည်ငြိမ်မှုကို နှစ်ပေါင်းများစွာကြာအောင် ခံစားနေရတော့မည် ဖြစ်သည်။

လူသားများကိုကယ်တင်ကာ သက်တမ်းစုဆောင်းရခြင်းမှာ ကုအန်အတွက် ရှားပါးအခွင့်အရေး ဖြစ်၏။

ညနေစောင်းချိန်မတိုင်ခင် ကုအန် ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်လာခဲ့သည်။

ထို့နောက် သူစားပွဲတွင်ထိုင်ကာ စာရွက်နှင့် စုတ်တံကိုထုတ်၍ စာစတင်ရေးသားလေတော့သည်။

မိစ္ဆာများကို အလွန်အကျွံသတ်ဖြတ်ခဲ့ရခြင်းနှင့် သေမျိုးများ၏ ပူဆွေးမှုများကို အချိန်အတန်ကြာ တွေ့ခဲ့ရခြင်းတွေကြောင့် ကုအန် နှလုံးသား ညစ်ညူးနေခဲ့ရ၏။ ထို့ကြောင့် ထိုညစ်ညူးမှုကို ပယ်ဖျောက်ကာ သူ့ကိုယ်သူ ထိန်းညှိရန် သူစာရေးရန် လိုပေသည်။

ကုအန်သည် မြေလျှောက်အမတ တစ်ပါးဖြစ်သော်လည်း သူ့တွင် အမတတစ်ပါး၏ တာအိုနှလုံးသားမျိုး ရှိမနေသေးပေ။

သူ့ကျင့်ကြံခြင်းက ဘယ်လောက်မြင့်နေပါစေ သူသည် အသက် ၁၀၀ ပင်မပြည့်သေးသော လူတစ်ယောက်သာ ဖြစ်၏။ လူတစ်ယောက်၏ စိတ်နေသဘောထားဆိုသည်မှာ ဖြည်းဖြည်းချင်း ပြောင်းလဲယူရသော အရာသာ ဖြစ်သည်။ နှစ်ပေါင်းထောင်နှင့်ချီနေထိုင်ကာ ကမ္ဘာ့ရေးရာများစွာကို အတွေ့အကြုံမရှိခဲ့ဖူးသော အမတဟူ၍ အဘယ်မှာ ရှိနိုင်မည်နည်း။

လကွယ်ကာ နေထွက်လာခဲ့ပြန်သည်။

နောက်တစ်နေ့မနက်ခင်းတွင် အဓိပတိဂိုဏ်း၌ ခေါင်းလောင်းသံ မြည်လာခဲ့ပြီး အတွင်းစည်းဂိုဏ်းသားများကို စုဝေးခဲ့၏။ ကုအန်သည် အဆင့်အတန်းအရ အတွင်းစည်းဂိုဏ်းသားဖြစ်သော်လည်း အတွင်းစည်းဂိုဏ်းသားရေးရာကိစ္စများတွင် ၀င်ပါစရာမလိုပေ။ သူလုပ်ဖို့လိုသည်မှာ အပင်များကို သေချာဂရုစိုက်ပေးရန်သာ ဖြစ်သည်။

ထို့ကြောင့် ကုအန် တတိယတောင်ကြားတွင် ရင့်မှည့်ပြီးသော ဆေးပင်များကိုသာ ရိတ်သိမ်းနေခဲ့၏။

ထိုစဉ် သူရုတ်တရက် အဝေးမှ ရုတ်တရက်ဖြစ်ပွားလာသော တိုက်ပွဲကို အာရုံခံလိုက်မိသည်။ တိုက်ပွဲမှ ထွက်ပေါ်လာသော ဖိအားသည် မိုင်ပေါင်းသန်းနှင့်ချီဖြတ်သန်း၍ အဓိပတိဂိုဏ်းသို့ပင် ရောက်ရှိနေခဲ့၏။

တိုက်ပွဲတွင် တိုက်ခိုက်နေသူမှာ ရွှမ်ထျန်းယီ မှလွဲ၍ အခြားမဟုတ်ပေ။

ရွှမ်ထျန်းယီသည် မဟာမိစ္ဆာဘုရင် သုံးပါးကို တစ်ယောက်တည်းနှင့် တိုက်ခိုက်နေခဲ့ခြင်းဖြစ်မှာ ထိုမဟာမိစ္ဆာဘုရင်များမှာ မဟာယနအဆင့်များ ဖြစ်ကြပေသည်။

ကုအန် ထိုမိစ္ဆာဘုရင်နှစ်ယောက်၏ အရှိန်အဝါများ မတည်ငြိမ်သေးသည်ကို ခံစားမိနေပြီး ကြည့်ရသည်မှာ ထိုနှစ်ယောက်သည် အခုမှအဆင့်ချိုးဖျက်လာပုံပင်။

ထိုအရာသည် မိစ္ဆာဘိုးဘေး၏လက်ရာလား ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ လှည့်ကွက်အချို့လားဆိုတာကိုတော့ ကုအန် သေချာမသိပေ။

မဟာယနအဆင့်‌ေလးယောက်၏ တိုက်ပွဲမှာ ခမ်းနားကြီးကျယ်လှကာ စကြာ၀ဠာကြီးပင် တသိမ့်သိမ့်တုန်ခါနေသလိုပင်။ တောင်ကြားရှိ တပည့်များလည်း မလွယ်ကူမှုကို ခံစားနေခဲ့ကြရသည်။ ကပ်ဘေးကြီး ကျရောက်လာကတည်းက သူတို့တစ်ခါမှ ၀င်မတိုက်ခိုက်ခဲ့ရဖူးသော်လည်း ကပ်ဘေး၏ ဖိအားကပင် သူတို့ကို ကြောက်လန့်နေစေခဲ့၏။

ကုအန်မှာတော့ စိတ်အေးအေးထား၍ ဆေးပင်များသာ ရိတ်သိမ်းနေခဲ့သည်။

အကယ်၍ မိစ္ဆာကပ်ဘေးသာ ဒီအတိုင်းပြီးဆုံးသွားပြီး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ကပ်ဘေးတစ်လျှောက်လုံးတွင် ၀င်မပါခဲ့ပါက သူလည်း ထိုလူများကို တိုက်ခိုက်နေမည် မဟုတ်ပေ။

ကုအန်အတွက်တော့ အချိန်ကြာလေလေ သူ့အတွက် အကျိုးရှိလေလေပင်။

ဆေးပင်ရိတ်သိမ်းပြီးချိန်တွင် ကုအန်တစ်ခုခုကို အာရုံခံလိုက်မိပြီး သူ့အကြည့်က အပြင်စည်းမြို့သို့ ရောက်ရှိသွားခဲ့၏။

ထို့နောက် ကုအန် ရှောင်ချွမ့်ကို ဆေးပင်များ စိုက်ဖို့ လမ်းညွှန်ချက်အနည်းငယ်ပေးကာ အပြင်စည်းမြို့သို့ ထွက်လာခဲ့လေသည်။

နာရီ၀က်ခန့်ကြာသောအခါ

ကုအန် ကောင်းကင်ပြုပြင်စင်မြင့်၏ အစွန်သို့ ရောက်ရှိလာခဲ့ပြီး တိရှီကို ကြည့်နေခဲ့၏။

တိရှီသည် လမ်းမှန်ဂိုဏ်း ဟူသော စာလုံးများအောက်တွင် တရားထိုင်နေလေသည်။ ဤနှစ်များအတွင်း တိရှီ၏ ကိုယ်ထဲ၌ ဓားဆန္ဒတစ်မျိုး ဖြစ်တည်လာတာကိုလည်း ကုအန် ခံစား‌မိနေခဲ့၏။

ဓားသိုင်းလေ့ကျင့်တဲ့ မိစ္ဆာတစ်ကောင်ဆိုတော့ ဓားမိစ္ဆာပေါ့!

ကုအန် ထိုအကြောင်းကြိတ်၍ တွေးမိနေပြီး သူ့အကြည့်များကတော့ ကောင်းကင်ပြုပြင်စင်မြင့်ရှိ လူတိုင်းကို သက်တမ်းစစ်ဆေးခြင်းသုံး၍ လိုက်ကြည့်နေခဲ့သည်။

သူတစ်ယောက်ယောက်ရောက်လာဖို့ စောင့်နေခြင်း ဖြစ်၏။

တိတိကျကျပြောရလျှင် မိစ္ဆာတစ်ကောင်ကို စောင့်နေခြင်း ဖြစ်သည်။

တခဏကြာသောအခါ ပုံရိပ်တစ်ခု ကောင်းကင်ပြုပြင်စင်မြင့်ပေါ် တက်လာခဲ့ပြီး ကုအန်ရှေ့မှ ဖြတ်သွားခဲ့၏။

[မိစ္ဆာသခင်(နိဗာနအဆင့်၂): ၃၀၂၉၀/၉၀၀၀၀/၁၇၀၀၀၀]

နိဗာနအဆင့်၂!

မိစ္ဆာသခင်!

မိစ္ဆာနယ်မြေတွင် မိစ္ဆာဧကရာဇ်ပြီးလျှင် ဒုတိယအာဏာအကြီးဆုံးဖြစ်သော မိစ္ဆာသခင်၏ တည်ရှိမှုကို ကုအန် မှတ်မိသွားခဲ့လေသည်။ ကျီးနက်မိစ္ဆာတမန်၏ မှတ်ညဏ်များထဲတွင် မိစ္ဆာသခင်သည် အလွန‌်ကြောက်စရာကောင်းသူဖြစ်ပြီး သူ့ကျင့်ကြံခြင်းကိုလည်း ဘယ်သူမှ မသိကြပေ။

မိစ္ဆာသခင်တွင် အခြားနာမည်ရှိရဦးမည်ဖြစ်သော်လည်း သူ့စနစ်ကတော့ လူအများသိသည့် နာမည်ကိုသာ ဖော်ပြခဲ့၏။ ထိုသည်မှာ လီရွှမ်မြောင်ကို သူတော်စင်ရွှမ်မြောင်ဟု ဖော်ပြခဲ့သလိုပင်။

မိစ္ဆာသခင်သည် သက်လတ်ပိုင်းအရွယ် ၀တ်စုံဗြောင်၀တ် လူတစ်ယောက်အဖြစ်ပြောင်းလဲထားခြင်းဖြစ်ပြီး သူ့ပုံစံမှာ ချောမောခန့်ညားကာ မိစ္ဆာချီလည်း သူ့ကိုယ်ပေါ်တွင် လုံး၀ ရှိမနေခဲ့ပေ။ သူ့ကျင့်ကြံခြင်းကိုမူ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ဟု ပြသထားခဲ့၏။

သူကုအန် ကိုသတိမထားမိဘဲ စင်မြင့်ပေါ်ရှိ ကျင့်ကြံသူပေါင်းများစွာကို ဖြတ်သန်းသွားခဲ့သည်။

ထို့နောက် တိရှီနောက်သို့ လျှောက်သွားလိုက်ပြီး ရှေ့ရှိ လမ်းမှန်ဂိုဏ်းဟူသော စာလုံးကို တိတ်တဆိတ်လေ့လာနေခဲ့၏။

တခဏအကြာတွင်

မိစ္ဆာသခင် အားကျဟန်ဖြင့် ပြောလိုက်သည်။

“လွှမ်းမိုးနိုင်လိုက်တဲ့ ဓားဆန္ဒ ဆရာသခင်ဓားအရှင် ဆိုတဲ့နာမည်နဲ့ ထိုက်တန်ပါပေတယ်”

တိရှီရုတ်တရက် မျက်လုံးများ ပွင့်လာကာ မယုံသင်္ကာသောအကြည့်ဖြင့် လှည့်ကြည့်လိုက်၏။ ထို့နောက် သူချက်ချင်းမတ်တပ်ရပ်လိုက်ပြီး မိစ္ဆာသခင်ကို မျက်နှာချင်းဆိုင်လုိက်ကာ အသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။

“ခင်ဗျားဘာလို့ ဒီကိုရောက်နေတာလဲ”

‌သူတို့ဘေးရှိ ကျင့်ကြံသူများမှာတော့ သူတို့ကို တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး သိပ်ဂရုမစိုက်ခဲ့ကြပေ။

မိစ္ဆာသခင် ခပ်ဟဟရယ်လိုက်ကာ ပြောလိုက်၏။

“ငါက မင်းကိုလာတွေ့တာပါ နောက်ပြီး အဓိပတိဂိုဏ်းကိုလည်း စစ်ဆေးရင်းပေါ့”

တိရှီ အသက်ပြင်းပြင်းရှူလိုက်ကာ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

သူမိစ္ဆာသခင်၏ ခွန်းအားကို သိပေသည်။ သူ့အဖေပြောဖူးသည်မှာ မဟာမိစ္ဆာဘုရင် ၇၂ ပါးလုံးပေါင်းရင်တောင် မိစ္ဆာသခင်၏ ပြိုင်ဘက်မဖြစ်နိုင်ဘူးဟု ပြောဖူး၏။

တနည်းအားဖြင့်‌ဆိုသော် မိစ္ဆာသခင်သည် မဟာယနအဆင့်ကို ကျော်လွန်နေပြီ ဖြစ်သည်။

အဓိပတိဂိုဏ်းတွင်လည်း ခန့်မှန်း၍မရသော ကြီးမြတ်သည့် ကျင့်ကြံသူ ဆရာသခင်ဓားအရှင် ရှိနေသော်လည်း အကယ်၍သာ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့ပါက အဓိပတိဂိုဏ်းသည် ပျက်ဆီးသွားရပေလိမ့်မည်။

အဓိပတိဂိုဏ်းတွင် နှစ်ပေါင်းများစွာ နေလာပြီးသည့်နောက် တိရှီဂိုဏ်းကို သံယောဇဉ်ရှိနေပြီဖြစ်ပြီး မပျက်ဆီးသွားစေချင်ပေ။

မိစ္ဆာသခင် ကောင်းကင်ပြုပြင်စင်မြင့်ကို လေ့လာလိုက်ပြီး ပြုံး၍ ပြောလိုက်၏။

“အဓိပတိဂိုဏ်းက တကယ့်ကို အံ့ဖွယ်ပါပဲ ကောင်းကင်ကံကြမ္မာကဒီနေရာမှာ ခိုအောင်းနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး”

“ကောင်းကင်ကံကြမ္မာ ဘာကောင်းကင်ကံကြမ္မာလဲ” တိရှီ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

တစ်ယောက်ယောက်က မိစ္ဆာသခင်၏ သရုပ်မှန်ကို သတိထားမိသွားမည်ကို သူ ကြောက်ရွံ့နေပြီး အတော်လေး သတိထား၍ ပြောနေခဲ့၏။

မိစ္ဆာသခင် ပြောလိုက်သည်။

“ငါ့တွက်ချက်မှုတွေအရ အကြောင်းပြချက်ကို သေချာမသိပေမယ့် ကောင်းကင်ရဲ့ အစီအစဉ်က ပြောင်းလဲသွားပြီ ဒါပေမယ့် အဲ့ဒီပြောင်းလဲမှုက လူသားမျိုးနွယ်ရဲ့ မင်းဆက်သုံးခုအပေါ် သက်ရောက်မယ်ဆိုတာတော့ ငါရှာတွေ့ခဲ့တယ် အထင်ရှားဆုံး ပြောင်းလဲသွားမှာက ဒီအဓိပတိဂိုဏ်းပဲ”

တိရှီ အသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။

“ခင်ဗျားဒီကိုလာရတဲ့ ရည်ရွယ်ချက်က ဘာလဲ”

သူတို့နှစ်ယောက်စကားပြောနေချိန် ကောင်းကင်ပြုပြင်စင်မြင့်ပေါ်မှ တစ်ယောက်ယောက် ထွက်သွားသည်ကို သူတို့ သတိမထားမိခဲ့ကြပေ။

ကုအန် တောင်ကြားသို့ ပြန်ရောက်ပြီးနောက် ချက်ချင်းပင်မြောက်ပင်လယ်တောင်တန်းဒေသရှိ ဆန်းကြယ်ကောင်းကင်ဂူဗိမာန်ဆီ ရောက်ရှိသွားခဲ့သည်။

သူ နှလုံးသန့်စင်ပင်အောက်တွင်ရပ်ကာ မြေကြီးထဲတွင် စိုက်ထားသော ကောင်းကင်ပိုင်းဖြတ်ပုဆိန် ကိုဆွဲနှုတ်လိုက်ပြီး သူ့ပုံရိပ်က မိုင်ပေါင်းထောင်ချီအဝေးရှိ တောင်ထိပ်တစ်ခုတွင် ပေါ်လာခဲ့၏။

ထို့နောက် ကုအန် ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကိုမြှောက်ကာ ကောင်းကင်ပြုပြင်စင်မြင့်ဆီ ချိန်နေခဲ့သည်။

ဤပုဆိန်ကြီးအား ဆန်းကြယ်ကောင်းကင်ဂူဗိမာန်ထဲတွင် စိုက်ထားခြင်းမှာ သက်သက်ဖြုန်းတီးနေခြင်းသာဖြစ်ပြီး အဓိပတိဂိုဏ်းတွင် အမွေအနှစ်တစ်ခုအဖြစ် ထားခြင်းက ပိုအသုံး၀င်ပေလိမ့်မည်။

ချိန်ပြီးသည့်နောက် ကုအန် ပုဆိန်ကို အပေါ်မြှောက်ပြီး ခပ်သာသာကလေး ပစ်လိုက‌်လေသည်။ သူ့လက်ထဲမှ သာမန်ပုံစံအတိုင်းပစ်လိုက်ခြင်းဖြစ်သော်လည်း လေပေါ်ရောက်သွားသည်နှင့် ပုဆိန်တွင် ကြောက်မက်ဖွယ် စွမ်းအင်များ စုဝေးလာခဲ့၏။ ထိုစွမ်းအင်သည် အလွန်ကြောက်စရာကောင်းလှပြီး ဖြတ်သန်းသွားသမျှ လမ်းတစ်လျှောက် လေပြင်းများကို သယ်ဆောင်သွားကာ အောက်ဘက်ရှိ တောအုပ်များပင် ကြေမွကုန်ခဲ့ကြသည်။

လေပြင်းကြောင့် ကုအန် ဆံပင်နက်များလည်း တဖျတ်ဖျတ်လွင့်သွားခဲ့၏။ သူ့နတ်အာရုံကို ကောင်းကင်ပိုင်းဖြတ်ပုဆိန်တွင် ထည့်ထားရင်း ကုအန် ပြုံးနေခဲ့လေသည်။

….

ကောင်းကင်ပြုပြင်စင်မြင့်ပေါ်၌

မိစ္ဆာသခင် တိရှီကို မျက်နှာချင်းဆိုင်ထားရင်း ပြုံးကာဖြေလိုက်၏။

“ငါ့မှာ ဘာရည်ရွယ်ချက်ရှိရမှာလဲ ငါကဒီတိုင်း…”

ရုတ်တရက်!

သူ့အမူအရာရုတ်ချည်းပြောင်းလဲသွားပြီး မသိစိတ်က ရှောင်ရန် ကြိုးစားလိုက်သော်လည်း သူ့လှုပ်ရှားမှုက နှေးလွန်းနေခဲ့သည်။

ဝုန်းး!

နားကွဲမတတ်အသံကြီးနှင့် ကောင်းကင်ပေါ်မှ ပုဆိန်တစ်လက်ကျလာခဲ့ပြီး မိစ္ဆာသခင်ကို ထိမှန်သွားခဲ့ကာ သွေးနှင့်အသားစများက တိရှီကို လာစင်သွားခဲ့၏။

တိရှီပြူးကျယ်နေသော မျက်လုံးများဖြင့် ကြောင်အကာ ရပ်နေမိသည်။

ထိုနေရာပတ်ပတ်လည်ရှိ လူများတွင်လည်း သွေးများ စို‌သွားခဲ့ကြ၏။ ကြောက်မက်ဖွယ်အားလှိုင်းကြီးသည် တိရှီမှ လွဲ၍ ထိုနားတစ်ဝိုက်ရှိလူတိုင်းကို လွင့်ထွက်သွာ‌း‌ေစခဲ့သည်။

ကောင်းကင်ပြုပြင်စင်မြင့်လည်း တုန်ခါနေခဲ့ပြီးလူတိုင်း အံ့အားသင့်ကုန်ကြကာ လှည့်ကြည့်ကုန်ကြ၏။

ထို့နောက် မြင်ကွင်းကြောင့် လူတိုင်းကြောက်လန့်ကုန်ကြသည်။ ပုဆိန်နက်ကြီး တစ်စင်းမှာ ကောင်းကင်ပြုပြင်စင်မြင့်ပေါ်တွင် စိုက်နေပြီး ပုဆိန်သွားအောက်၌ သွေးနှင့်အသားများရောကာ သွေးအိုင်လေးတစ်ခု ထွန်းနေခဲ့၏။ ပုဆိန်ပေါ်တွင်တော့ ကြောက်မက်ဖွယ်စွမ်းအင်များက ၀န်းရံထားပြီး မီးတောက်များ တောက်လောင်နေသလိုပင်။

ထိုစဉ် ပုဆိန်သွားအောက်တွင် သွေးအမြှုပ်လေးများ ထွက်လာပြီး မိစ္ဆာစွမ်းအင်များ စိမ့်ထွက်လာခဲ့၏။ တဖြည်းဖြည်းနှင့် အရိုးစုတစ်ခုလည်း ထွက်ပေါ်လာခဲ့ပြီး ထိုအရိုးစု၏ ပုံသဏ္ဍာန်ကိုကြည့်၍ သူ့မူလပုံစံကို ခန့်မှန်းဖို့ မလွယ်တော့သော်လည်း လူသားမဟုတ်တာတော့ သေချာပေသည်။

တိရှီ မိုးကြိုးပစ်ခံထားရသလို တောင့်တင်းကာ ရပ်နေခဲ့မိ၏။

‌ကောင်းကင်ပြုပြင်စင်မြင့်ပေါ်သို့ လူများတစ်ယောက်ပြီးတစ်ယောက်ရောက်လာခဲ့ကြပြီး ထိုထဲတွင် ဘိုးဘေးရွှမ်ကွမ်းလည်း ပါ‌လေသည်။

ထို့နောက် ရွှမ်ကွမ်းအမူအရာ ရုတ်ချည်းပြောင်းလဲသွားကာ လေးလေးနက်နက်ပြောလိုက်၏။

“ဒါက မိစ္ဆာတစ်ကောင်ပဲ နောက်ပြီး ဆန်းကြယ်နှလုံးသားအဆင့်ထက်မြင့်တဲ့မိစ္ဆာ!”

သူ့စကားကြောင့် လူတိုင်း အံ့အားသင့်ကုန်ကြလေသည်။

“မဟာမိစ္ဆာကြီးတစ်ကောင် အဓိပတိဂိုဏ်းကို စိမ့်၀င်လာတာလား”

“ဘုရားဘုရား ငါသူ့ကိုကြည့်လိုက်မိသေးတယ် သူကကောင်းကင်ကံကြမ္မာအကြောင်းပြောနေလို့တောင် အံ့ဩသွားမိသေးတယ် သူက မိစ္ဆာဆိုတာ ဘယ်သူကသိမှာလဲ…”

“ဒီပုဆိန်ရဲ့ ပိုင်ရှင်က ဘယ်သူလဲ”

“အဓိပတိဂိုဏ်းထဲမှာ ပုဆိန်သုံးတဲ့လူ ရှိတယ်လား”

“သတိထားကြည့်ကြည့် ပုဆိန်ပေါ်မှာ ဓားဆန္ဒတစ်ခုရှိနေတယ် အဲ့တာက ဆရာသခင်ဓားအရှင်ရဲ့ ဓားဆန္ဒမဟုတ်လား”

ကောင်းကင်ပိုင်းဖြတ်ပုဆိန်ပေါ်ရှိ ဓားဆန္ဒကို မှတ်မိသွားချိန်မှာတော့ လူတိုင်း၏ ကြောက်ရွံ့မှုများသည် စိတ်လှုပ်ရှားမှု ပျော်ရွှင်မှုများ အဖြစ်ပြောင်းလဲသွားခဲ့လေသည်။

ဆရာသခင်ဓားအရှင်က သူတို့ကို အမြဲလျှို့ဝှက်၍ ကာကွယ်ပေးနေခဲ့၏။

“ဆရာသခင်ဓားအရှင်…”

ကောင်းကင်ပိုင်းဖြတ်ပုဆိန်နှင့် ပုဆိန်အောက်ရှိ ကြေမွနေသော မိစ္ဆာသခင်၏ခန္ဓာကိုယ်က တိရှီကို ကြောက်လန့်သွားစေခဲ့သည်။

ဆရာသခင်ဓားအရှင်သည် မိစ္ဆာသခင်၏ မိစ္ဆာပုံစံကိုတောင်မြင်ရလျှင် သူ၏ သရုပ်မှန်ကိုလည်း သိမှာ သေချာပေသည်။

အဘယ်ကြောင့် ဆရာသခင်ဓားအရှင်က သူ့ကို အသက်ချမ်းသာပေးခဲ့သနည်း။

ထိုအရာမှာ သူသည် ဂိုဏ်းထဲတွင် ဘာပြဿနာမှ မရှာခဲ့ခြင်းကြောင့်ပေလော။

ထိုအခိုက်တွင် တိရှီ၏ ဆရာသခင်ဓားအရှင်အပေါ် လေးစားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။

ဆရာသခင်ဓားအရှင်သည် သူ့အဖေထက် ပိုသန်မာမှန်းလည်း သူသေချာ သိသွားခဲ့သည်။

လူကိုယ်တိုင်တောင် ပေါ်မလာဘဲ မိစ္ဆာသခင်ကို သတ်ဖြတ်နိုင်ခြင်းမှာ သူ့အဖေလုပ်နိုင်စွမ်းထက် ပိုသော အရာ ဖြစ်၏။

ထိုစဉ် ရွှမ်ကွမ်း ရှေ့တိုးလာကာ ပုဆိန်လက်ကိုင်ကိုကိုင်၍ ဆွဲမရန် ကြိုးစားလိုက်ပြီး သူ့မျက်နှာရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။

ထို့နောက် သူကျင့်ကြံခြင်းစွမ်းအား စတင်အသုံးပြု‌ေနသောကြောင့် ကောင်းကင်ပြုပြင်စင်မြင့်ပင် တုန်ခါလာခဲ့ရသည်။

သို့သော်လည်း လူတိုင်း၏ မျက်လုံးများအောက်တွင် ပုဆိန်ကြီးမှာ လှုပ်ပင်မလာခဲ့ပေ။

လူတိုင်းအကြည့်က သူ့ဆီရောက်နေသောကြောင့် အဓိပတိအကြီးအကဲ ရွှမ်ကွမ်း၏ မျက်နှာ ပိုပြီးလေးနက်လာခဲ့၏။

အပိုင်း(၁၈၀)

ရွှမ်ထျန်းယီ၏ အံ့ဩတုန်လှုပ်မှု

ဘိုးဘေးရွှမ်ကွမ်း အချိန်အတန်ကြာ ကြိုးစား၍ မကြည့်နေသော်လည်း လုံး၀ မရသောကြောင့် နောက်သို့သာ ပြန်ဆုတ်လိုက်ရလေသည်။ ထိုအရာက လူတိုင်းအား တစ်စုံတစ်ခုကို နားလည်သွား‌ေစခဲ့ဧ။်။

သူတို့နားလည်သွားသည်မှာ ဘိုးဘေးရွှမ်ကွမ်း၏ အစွမ်းသည် ဆရာသခင်ဓားအရှင်အောက် အများကြီးနိမ့်သည်ဟူသော အချက်ပင်။

သူတို့အရင်ကတည်းက ထိုအရာကို တွေးထားပြီးဖြစ်သော်လည်း တကယ်ကြုံလိုက်ရသည့်အခါတွင်တော့ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

ဆရာသခင်ဓားအရှင်၏ ကျင့်ကြံခြင်းသည် မည်မျှထိ မြင့်နေသနည်း။

ထိုအခိုက်တွင်

ပုဆိန်သွားမှ ဓားချီများထွက်ပေါ်လာပြီး ကောင်းကင်ပြုပြင်စင်မြင့်ပေါ်သို့ ဓားချီများ ကျရောက်လာကာ ကျောက်တုံးများ လွှင့်ထွက်ကုန်သဖြင့် လူတိုင်း ကြောက်ရွံ့ကုန်ကြကာ နောက်ဆုတ်ကုန်ကြ၏။

တိရှီလည်း သတိ၀င်လာပြီး သူ့ရှေ့ရှိ အရာကိုတွေ့သောအခါ မလှုပ်ရှား‌ရဲတော့ဘဲ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ အခြားသူများမှာတော့ တိရှီ ကြောက်လွန်း၍ ငေးငိုင်သွားသည်ဟု ထင်နေခဲ့ကြသည်။

ဓားချီများ ပျောက်ကွယ်သွားသောအခါ လူတိုင်း၏ မျက်စိအောက်တွင်ပင် ကောင်းကင်ပိုင်းဖြတ်ပုဆိန်ရှေ့တွင် စာနှစ်ကြောင်း ပေါ်လာခဲ့၏။

ဒီပုဆိန်ကို မနိုင်တဲ့ ဘယ်သူမဆို!

ပုဆိန်ရဲ့ အမွေအနှစ်ကို ရရှိလိမ့်မယ်!

ထိုစကားလုံး၈လုံးကြောင့် လူတိုင်း အသက်ရှူမြန်သွားကြလေသည်။

ချက်ချင်း အကြီးအကဲတစ်ယောက် ရှေ့တက်လာကာ ပုဆိန်ကို ကြိုးစား၍ မကြည့်လိုက်၏။

တစ်ဖက်တွင်

ကုအန် အပြင်စည်းမြို့သို့ပြန်ရောက်နေပြီ ဖြစ်သည်။ သူကောင်းကင်ပြုပြင်စင်ထောင့်တွင်ရပ်ကာ ကျင့်ကြံသူများ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို မနေကြသည်ကို ကြည့်ရင်း သူ့မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့၏။

ကောင်းကင်ပိုင်းဖြတ်ပုဆိန်သည် နှစ်သန်းပေါင်းများစွာ မြှုပ်နှံခြင်းခံထားရသော မြောက်ပင်လယ်မြေအောက်သံ ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ မဟာယနအဆင့်ကျင့်ကြံသူပင် စိတ်ဝိညဉ်စွမ်းအားမသုံးပါက ထိုပုဆိန်၏ အလေးချိန်ကို ခံစားရမည်ဖြစ်ကာ ယခုတွင်တော့ ကုအန် ပုဆိန်ထဲတွင် လင်းရှီ နှင့် သူ့ဓားဆန္ဒပါထည့်ထားခြင်း ဖြစ်၏။

ထို့ကြောင့် အချုပ်အနှောင်မဲ့အမတ တစ်ယောက်သာ ထိုပုဆိန်ကို မနိုင်ပေလိမ့်မည်။

အဓိပတိဂိုဏ်းရှိ ဘယ်သူမှ ထိုပုဆိန်ကို မနိုင်မည်မဟုတ်ဘဲ ထိုသည်မှာလည်း ကုအန် တမင်သက်သက်သူတို့ကို ခက်ခဲအောင်လုပ်ခဲ့ခြင်းတော့ မဟုတ်ပေ။ သူနောက်လာမည့် အနာဂတ်မှသာ ထိုအမွေအနှစ်နှင့် ထိုက်တန်သူကို ရှာဖွေချင်၍ ဖြစ်သည်။

ထိုအချိန်တွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှာလည်း သုတ်သင်ခံရပြီး ဖြစ်နေလိမ့်မည်။

ကောင်းကင်ပိုင်းဖြတ်ပုဆိန်သည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ မဟာအမွေအနှစ် ၉ ခုထဲမှ တစ်ခုဖြစ်၏။ ယခုလိုအချိန်တွင် ထိုသို့သောအရာကို အဓိပတိဂိုဏ်းသားတစ်ယောက်ယောက်က ပိုင်ဆိုင်သွားပါက ပြဿနာတက်သွားပေလိမ့်မည်။ ထို့ကြောင့်လည်း ကုအန် တမင်ခက်ခဲအောင်လုပ်ထားခဲ့ခြင်း ဖြစ်ပေသည်။

မိစ္ဆာသခင်ကို သတ်ဖြတ်ခြင်းမှ ကုအန် သက်တမ်း ၆၃၀၀ ရရှိခဲ့ပြီး အမှန်တကယ်ကြီးမားသော ရိတ်သိမ်းမှုပင်။

ပုဆိန်အောက်တွင် မိစ္ဆာသခင်၏ အရိုးများက ရှိနေဆဲဖြစ်ပြီး နိဗာနအဆင့်တစ်ယောက်၏ အရိုးများဖြစ်သောကြောင့် ထိုအရာများမှာ ရှားပါးရတနာများ ဖြစ်ကြ၏။ သို့သော် ကုအန်ထိုအရိုးများကို ယူရန် အလောတကြီးတော့ ဖြစ်မနေခဲ့ပေ။ အရိုးများသည် ပုဆိန်အောက်တွင်ရှိနေသည်ဖြစ်ရာ ဘယ်သူမှ ယူသွားနိုင်မည် မဟုတ်ပေ။

တခဏစောင့်ကြည့်ပြီးသောအခါ ကုအန် လှည့်ထွက်လာခဲ့လိုက်သည်။

ထိုစဉ် အကြီးအကဲရွှမ်ကွမ်း တိရှီ အနားသို့ကပ်လာကာ နတ်အာရုံဖြင့် ပြောလိုက်၏။

“ငါနဲ့လိုက်ခဲ့”

မျက်နှာတွင် သွေးများစွန်းပေနေသော တိရှီလည်း သူ့စကားကို အာရုံခံလိုက်မိပြီး ခေါင်းညိတ်ပြကာ လိုက်သွားခဲ့လေသည်။

….

သုံးပါးတစ်ဆူတောင်တွင်

ချောက်ကမ်းပါးတစ်ခုပေါ်တွင် လီယ မြောက်ပင်လယ်ဓားကြီးကို လွှဲခုတ်ရင်း ဓားသိုင်း လေ့ကျင့်နေခဲ့ကာ သူ့ဓားတစ်ချက် လွှဲလိုက်တိုင်း လေဟိန်းသံများ ထွက်ပေါ်နေခဲ့၏။ အရင်နှစ်များနှင့် ယှဉ်ပါက သူ့ဓားခုတ်ချက်များသည် လေးလံမနေတော့ဘဲ လိုက်လျောညီထွေရှိကာ ကြည့်ကောင်းနေခဲ့သည်။

လီမိသားစုဘိုးဘေး၏ ဝိညဉ်မှာတော့ အနားရှိ သစ်ပင်တစ်ပင်အောက်တွင် ပေါလောမျောနေကာ အဝေးကို ကြည့်ရင်းမျက်မှောင်ကြုံ့၍ အတွေးလွန်နေခဲ့၏။

လီယ လေ့ကျင့်ပြီးသောအခါ ဘိုးဘေးကိုကြည့်၍ ဂုဏ်ယူနေဟန်ဖြင့် မေးလိုက်သည်။

“ဘိုးဘေး ဘယ်လိုနေလဲ ကျွန်တော့်ဓားကွက်တွေက မူလပုံစံကိုတောင် ပြန်ရောက်နေပြီ မဟုတ်လား ကျွန်တော်သာ ဓားကွက်တွေထဲ ဓားဆန္ဒ ထည့်သုံးလိုက်ရင် ကိုယ့်ကိုကိုယ်တောင်ပြန်ကြောက်ရတယ်ဗျ နောက်တစ်ကြိမ်အန်းဟောင်နဲ့ထပ်တွေ့ရရင် ကျွန်တော်မရှုံးနိုင်တော့ဘူး”

ဘိုးဘေးမှာတော့ အတွေးနွံနစ်နေကာ သူ့ကိုလျစ်လျူရှုထားခဲ့လေသည်။

လီယလည်း ဘိုးဘေးအနားသွားလိုက်ပြီး ဘိုးဘေးမျက်နှာရှေ့တွင် လက်ကာလိုက်ပြီး မကျေမနပ်ပြောလိုက်၏။

“ဘိုးဘေးဘာတွေကြည့်နေတာလဲ ကျွန်တော်ပြောနေတယ်လေ”

“ငါ့ကိုမနှောင့်ယှက်စမ်းနဲ့ ငါတိုက်ပွဲတစ်ခုကြည့်နေတာ”

ဘိုးဘေး အေးစက်စက်ပြောလိုက်သည်။

လီယ မမေးဘဲ မနေနိုင်တော့ပေ။

“ဘယ်အဆင့်တွေရဲ့ တိုက်ပွဲလဲ”

“တစ်သားတည်းဖြစ်ခြင်းအဆင့်”

ထိုစကားကိုကြားသောအခါ လီယ စိတ်၀င်စားမှု ပျောက်ဆုံးသွားခဲ့၏။ ထို့နောက် သူ့မြောက်ပင်လယ်ဓားကြီးကို မြှောက်လိုက်ကာ ပြောလိုက်သည်။

“မကြည့်ပါနဲ့တော့ အခုခေတ်မှာ ဒီကမ္ဘာကြီးက ဆန်းကြယ်နှလုံးသားအဆင့် မဟာယနအဆင့်တွေရဲ့ ကမ္ဘာကြီးပဲ တစ်သားတည်းဖြစ်ခြင်းအဆင့်က ဘာမှမဟုတ်ဘူး တစ်ချိန်ချိန်မှာ ကျွန်တော်လည်း အဲ့အဆင့်ကို ရောက်သွားမှာပဲ”

“ကျွန်တော် တောင်အောက်ဆင်းချင်တယ်!”

ထိုစကားကိုပြောသောအခါ သူ့အမူအရာသည် လေးနက်သွားခဲ့သည်။

လီမိသားစုဘိုးဘေး သာမန်အတိုင်းတုန့်ပြန်လိုက်၏။

“အဲ့တာဆို သွားလေ”

ထိုစကားကိုကြားသောအခါ လီယ ချက်ချင်း လှည့်ထွက်သွားခဲ့လေသည်။

“နေဦး မင်းကဘယ်သွားမှာလဲ” ဘိုးဘေး သူ့နတ်အာရုံကိုပြန်ရုတ်လိုက်ကာ လီယ ကို အမြန်မေးလိုက်၏။

“အဓိပတိဂိုဏ်းကို ပြန်မလို့!”

“မင်းဂျူနီယာညီလေးကုကို စိတ်ပူနေပြန်ပြီလား ဒီကောင်လေး မင်းကိုဘယ်လိုမှော်အစီအရင်တွေနဲ့များ ပြုစားထားလဲကွာ” ဘိုးဘေး ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်လေသည်။

လီယ နောက်ကျောပေးထားရင်းပင် ပြန်ဖြေလိုက်၏။

“အဲ့တာက ဂျူနီယာညီလေးကုကြောင့်မဟုတ်ပါဘူး အဓိပတိဂိုဏ်း ဒုက္ခရောက်နေချိန်မလို့ပါ ကျွန်တော်ပြန်သွားပြီး ဂိုဏ်းကိုကူညီဖို့လိုတယ် ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေချိန် ဒီမှာပုန်းအောင်းပြီး ကျင့်ကြံနေတာက ဘယ်လိုလုပ် ယောင်္ကျားစစ်စစ်တွေရဲ့ လုပ်ရပ်ဖြစ်နိုင်မှာလဲ”

ပြောပြီးသည်နှင့် သူချောက်ကမ်းပါးမှ ခုန်ထွက်ကာ ထွက်ခွာသွားလေတော့သည်။

ဘိုးဘေးသူ့နောက်မှ လိုက်မသွားဘဲ လီယပြောခဲ့သော စကားများကိုသာ ပြန်စဉ်းစားနေခဲ့၏။

ထို့နောက် တဖြည်းဖြည်းသူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့လေသည်။

“နောက်ဆုံးတော့ ဒီခွေးကောင်လေး အရွယ်ရောက်လာပြီပဲ”

….

ဆရာသခင်ဓားအရှင် ဆန်းကြယ်သောမိစ္ဆာတစ်ကောင်ကို ပုဆိန်တစ်ချက်တည်းဖြင့် သတ်လိုက်သည့် သတင်းမှာ အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးဆီ ပျံ့နှံ့သွားခဲ့ပြီး ရှေ့တန်းရှိ လူသားမျိုးနွယ်များလည်း ပို၍ စိတ်ဓာတ်တက်ကြွလာခဲ့ကြသည်။

အဓိပတိဂိုဏ်းရှိ ဘိုးဘေးရွှမ်ကွမ်းပြောပုံအရ ထိုဆန်းကြယ်သည့် မိစ္ဆာသည် မဟာယနအဆင့်မှန်း သေချာပေသည်။

မဟာယနအဆင့် မိစ္ဆာတစ်ကောင် ကျဆုံးမှုသည် လူသားမျိုးနွယ်အတွက အမှန်တကယ်ပင် အကျိုးရှိသော အရာ ဖြစ်၏။

မဟာကျင်းမင်းဆက်ရှိ ခန်းမကြီးတစ်ခုထဲတွင်

“ဟားဟားဟားဟား ငါ့အဓိပတိဂိုဏ်းက တကယ်ကြီး စွမ်းအားကြီးတာပဲ ဆရာသခင်ဓားအရှင်က မဟာယနအဆင့်မိစ္ဆာတစ်ကောင်ကို ပုဆိန်တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ် သူ့ကျင့်ကြံခြင်းက ငါ့ကိုမှီမှာ အသေအချာပဲ”

ရွှမ်ထျန်းယီ အဓိက ထိုင်ခုံတွင်ထိုင်ကာ အားရပါးရ ရယ်မောလိုက်လေသည်။

သူ့ဘေးတွင်ထိုင်နေသော လျန်ခန်းဟိုင်လည်း မုတ်ဆိတ်ကို သတ်နေရင်း ပြုံးနေခဲ့၏။ ရွှမ်ထျန်းယီ ၏စကားလုံးများသည် မာနကြီးနေဟန်ပေါ်သော်လည်း ဆရာသခင်ဓားအရှင်၏ လုပ်ရပ်က လူသားမျိုးနွယ်ကို အကျိုးဖြစ်ထွန်းစေခဲ့ခြင်းကိုတော့ ငြင်း၍ မရပေ။

ခန်းမထဲရှိ ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများလည်း ဆရာသခင်ဓားအရှင်ကို ဝိုင်း၀န်း ချီးမွှမ်းခဲ့ကြ၏။ ဤခန်းမထဲရှိသော အနိမ့်ဆုံးကျင့်ကြံခြင်းရှိသည့် သူမှာပင် ဆန်းကြယ်နှလုံးသားအဆင့် ဖြစ်ပေသည်။ သူတို့သည် ဆန်းကြယ်နှလုံးသားအဆင့် နှင့် မဟာယနအဆင့်မိစ္ဆာများကို ရှင်းလင်းမည့် နည်းဗျူဟာများ တိုင်ပင်ဆွေးနွေးနေကြခြင်းဖြစ်သောကြောင့် အဓိပတိဂိုဏ်း ဂိုဏ်းချုပ်လုပိုင်ထျန်းပင် ထိုခန်းမထဲ ၀င်ရန် အဆင့်မမီခဲ့ပေ။

မိစ္ဆာကပ်ဘေးကြီး စတင်ပြီးကတည်းက လူသားမျိုးနွယ်ထဲတွင် မိစ္ဆာသတင်းပေးများ ပေါ်ပေါက်လာခဲ့ကြသည်။

အချို့သတင်းပေးများမှာ လူသားများအနီးတွင် ပုန်းအောင်းနေသော မိစ္ဆာများဖြစ်ကြပြီး အချို့မှာတော့ သူတို့အသက်ကို ကယ်တင်ရန် မိစ္ဆာများဆီ လိုလိုလားလား သတင်းပေးခဲ့ကြသော သူများ ဖြစ်ကြသည်။ ထို့ကြောင့်လည်း မိစ္ဆာကပ်ဘေးမှာ ပို၍ ရှုပ်ထွေးလာခဲ့ရ၏။

ဆန်းကြယ်နှလုံးသားအဆင့် ကြီးမြတ်သောကျင့်ကြံသူတစ်ယောက် ပြောလိုက်သည်။

“ဘာလို့ ဆရာသခင်ဓားအရှင်ကို ရှေ့တန်းကို ခေါ်မလာရတာလဲ”

သူ့စကားကို လူအတော်များများက ထောက်ခံခဲ့ကြပြီး ဆရာသခင်ဓားအရှင်သာ ရှေ့တန်းရောက်လာခဲ့ပါက သူတို့တွင်ရှိနေသော ဖိအားအတော်လေးသက်သာသွားမည်ဟု ထင်နေခဲ့ကြသည်။

အနက်ရောင်၀တ်စုံ၀တ်မိန်းမတစ်ယောက်ပြောလိုက်၏။

“ဆရာသခင်ဓားအရှင်က ဘယ်သူလဲဆိုတာ ကျွန်မတို့လည်း သေချာမသိဘူး သူက ဂိုဏ်းကို ကာကွယ်ပေးနေရုံ သက်သက်ပဲ ကျွန်မတို့သူ့ကို လူထုဖိအားနဲ့ ဖိအားပေးလို့မရဘူး”

ထိုအမျိုးသမီးသည် မျက်နှာတွင် ပုဝါတစ်စတပ်ဆင်ထားပြီး အဓိပတိဂိုဏ်း၏ အဓိပတိအကြီးအကဲတစ်ယောက်ဖြစ်သော နတ်သမီးစုရှင်း ဖြစ်သည်။

သူ့စကားကိုလူအများအပြားက ခေါင်းညိတ်ပြီး လက်ခံလိုက်ကြ၏။

ထိုစဉ် လူတစ်ယောက်ပြောလိုက်သည်။

“ဆရာသခင်ဓားအရှင်က မိစ္ဆာအရိပ်နတ်သိုင်းကို သုံးတယ်ဆိုတော့ သူက ရွက်ဝါတစ်ထောင်မျှော်စင်ကဖြစ်နိုင်တယ် တကယ်လို့များ သူက ဒီအခြေအနေတွေကို အခွင့်ကောင်းယူချင်လို့ သူ့မျက်နှာအစစ်ကို မပြနိုင်တာဆိုရင်ရော အဲ့လိုဆိုရင်တော့ သူ့ကိုလုံး၀ အကူအညီမတောင်းသင့်ဘူး”

လျန်ခန်းဟိုင်ပြောလိုက်သည်။

“မြေအောက်ကမ္ဘာလမ်းကိုးသွယ် ပေါ်မလာသေးခင်ကလည်း ဆရာသခင်ဓားအရှင်က လှုပ်ရှားခဲ့သေးတယ် အနာဂတ်မှာလည်း သူအဲ့လိုမျိုးပဲ၀င်ပါမယ်လို့ ငါထင်တယ် ဒါပေမယ့် သူလုပ်မလုပ်က သူ့ဆုံးဖြတ်ချက်ပဲ ဆန်းကြယ်တဲ့မိစ္ဆာဘိုးဘေး မိစ္ဆာသခင်နဲ့ မိစ္ဆာဧကရာဇ်ဘယ်လောက်သန်မာလဲဆိုတာ ငါတို့မသိသေးဘူးဆိုတာကို မမေ့နဲ့ ဆရာသခင်ဓားအရှင်က အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်နေလို့ အရိပ်ထဲမှာ စောင့်ဆိုင်းနေတာလည်း ဖြစ်နိုင်တယ်”

ထိုအကြောင်းပြချက်သည် သင့်လျော်သောကြောင့် လူတိုင်းလက်ခံလိုက်ကြပြီး စကားဝိုင်းက မိစ္ဆာဧကရာဇ်နှင့် မိစ္ဆာသခင်ဆီ ရောက်ရှိသွားခဲ့၏။

သုံးပါးတစ်ဆူတောင်မှ တာအိုပညာရှင်အဖိုးကြီးတစ်ယောက် ရုတ်တရက်ပြောလိုက်သည်။

“ဆရာသခင်ဓားအရှင်လက်ချက်နဲ့ သေသွားရတဲ့ မိစ္ဆာက မိစ္ဆာဧကရာဇ် ဒါမှမဟုတ် မိစ္ဆာသခင် တစ်ယောက်ယောက်များ ဖြစ်နေနိုင်လား”

ထိုစကားကိုကြားသောအခါ လူတိုင်း မျက်မှောင်ကြုံ့သွားခဲ့ကြ၏။

လျန်ခန်းဟိုင် လေးလေးနက်နက်ပြောလိုက်သည်။

“ငါတို့ဒီကိစ္စကို ဟုတ်မဟုတ် သေချာဆုံးဖြတ်ရမယ် မိစ္ဆာသခင်ဖြစ်ဖြစ် မိစ္ဆာဧကရာဇ်ဖြစ်ဖြစ် သူတို့သေဆုံးမှုက ငါတို့အတွက် အကျိုးရှိတာပဲ ငါတို့က အမှောင်ထဲက ဘာမှန်းမသိတဲ့ အားကြီးကိုကြောက်နေရလို့ရှိရင် ငါတို့လုပ်ရကိုင်ရတာ အကျိုးသက်ရောက်မှု နည်းနေရလိမ့်မယ်”

ရွှမ်ထျန်းယီ ပြောလိုက်သည်။ “ငါမနက်ဖြန်နောက်ဆုံးထားပြီး အဓိပတိဂိုဏ်းကို ပြန်ကြည့်လိုက်မယ်”

ရွှမ်ထျန်းယီသည် အဓိပတိဂိုဏ်း၏ တစ်ဦးတည်းသော မဟာယနအဆင့်ကျင့်ကြံသူဖြစ်သောကြောင့် ဘယ်သူမှ ငြင်းစရာမရှိကြပေ။

မဟာမိတ်ခေါင်းဆောင် လျန်ခန်းဟိုင်ပင် သဘောတူလိုက်သောအခါ ရွှမ်ထျန်းယီ စတင် ထွက်ခွာလာခဲ့လေသည်။

…..

ညနေချိန် အဓိပတိဂိုဏ်း အပြင်စည်းမြို့တွင်

ရွှမ်ထျန်းယီ ကောင်းကင်ပြုပြင်စင်မြင့်ပေါ် ရောက်ရှိလာခဲ့ပြီး သူ့ရောက်ရှိလာမှုက အတွင်းစည်းတပည့်များ၏ မျက်လုံးများကို ပြူးကျယ်သွားစေခဲ့သည်။

အပြင်စည်းမြို့ထဲတွင် ဓားဆန္ဒကို လေ့လာရန် အတွင်းစည်းဂိုဏ်းသား အများအပြားရောက်ရှိနေကြပြီး ထိုတပည့်များက ရွှမ်ထျန်းယီ၏ တာအိုသင်ခန်းစာ ပို့ချစဉ်က ရှိနေခဲ့ဖူးသောကြောင့် သူ့ကို မှတ်မိကြ၏။

ချက်ချင်းပင် ကောင်းကင်းပြုပြင်စင်မြင့်တစ်ခုလုံး တိတ်‌ဆိတ်သွားခဲ့ပြီး လေထုထဲရှိ ပြောင်းလဲမှုကို ခံစားမိသောကြောင့် ဘာမှမသိသော အပြင်စည်းဂိုဏ်းသားများလည်း တိတ်ဆိတ်ကုန်ကြသည်။

ရွှမ်ထျန်းယီ ကောင်းကင်ပိုင်းဖြတ်ပုဆိန် ဆီတိုက်ရိုက်ဦးတည်ပြီး သွားနေခဲ့၏။

ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို ကြိုးစားမနေသော လူတစ်ယောက်ကို သူ့မိတ်ဆွေက ဘေးသို့ ဆွဲခေါ်သွားခဲ့သည်။ ထိုလူ နောက်သို့ပါလာပြီး ရုတ်တရက် ရွှမ်ထျန်းယီကို တွေ့လိုက်ရသောအခါ ကြောက်လန့်သွားပြီး ဦးညွှတ်၍ အရိုအသေပေးလိုက်၏။

ရွှမ်ထျန်းယီလည်း ခေါင်းညိတ်ပြကာ အသိအမှတ်ပြုလိုက်ပြီး ကောင်းကင်ပိုင်းဖြတ်ပုဆိန်နား ပိုကပ်သွားခဲ့သည်။

ကောင်းကင်ပြုပြင်စင်မြင့်တွင် စိုက်နေသော ပုဆိန်သွားကို ကြည့်နေရင်း သူ့သူငယ်အိမ်များ မှေးကျဉ်းသွားခဲ့၏။

လွှမ်းမိုးနိုင်လိုက်တဲ့ ဓားဆန္ဒ!

ဓားဆန္ဒကို ကြည့်ရုံဖြင့် ဆရာသခင်ဓားအရှင်သည် သူ့ထက် အားကောင်းမှန်း ရွှမ်ထျန်းယီ သိလိုက်ရသည်။

ထို့ကြောင့် သူဆရာသခင်ဓားအရှင်ကို ပို၍ စိတ်၀င်စားသွားခဲ့ရ၏။ ထိုလူသည် အဓိပတိဂိုဏ်းမှ ကျင့်ကြံသူလုံး၀ မဟုတ်လောက်ဘဲ အဓိပတိဂိုဏ်းကို ကာကွယ်ပေးနေသည်မှာ သူပုန်းအောင်းနေသော နေရာဖြစ်၍သာ ဖြစ်ပုံပေါ်သည်။

ထို့နောက် သူ့အကြည့်က ပုဆိန်အောက်ရှိ မိစ္ဆာသခင်၏ အရိုးများပေါ်ရောက်သွားပြီး နတ်အာရုံသုံးပြီးပင် စစ်ဆေးလိုက်၏။

ကောင်းကင်ပြုပြင်စင်မြင့်ပေါ်ရှိ လူများတစ်ယောက်ပြီးတစ်ယောက်ရောက်လာခဲ့ကြပြီး တီးတိုးပြောဆိုနေခဲ့ကြသည်။ တခဏအကြာတွင် အပြင်စည်းဂိုဏ်းသားများပင် ထိုလူသည် အစစ်အမှန်အမွေဆက်ခံသူ ရွှမ်ထျန်းယီမှန်း သိသွားခဲ့ကြ၏။

ထိုအရာက လူတိုင်းကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

အစစ်အမှန်အမွေဆက်ခံသူပင် ဆရာသခင်၏ အမွေအနှစ်ကို လာရောက်စိန်ခေါ်ပြီလော။

ရွှမ်ထျန်းယီ၏ ဂုဏ်သတင်းသည် ဤနှစ်များအတွင်း များစွာ ကြီးမားလာခဲ့သော်လည်း တပည့်များ၏ စိတ်ထဲတွင်တော့ သူသည် ဆရာသခင်ဓားအရှင် နှင့်ယှဉ်မရသေးပေ။

နောက်ဆုံးတွင် ဆရာသခင်ဓားအရှင်သည် အလွန်တရာ ဆန်းကြယ်လှသူ မဟုတ်ပါလား။

ရွှမ်ထျန်းယီ၏ မျက်ခုံးများ တွန့်ကွေးသွားကာ ရုတ်တရက် သူ့မျက်လုံးထဲတွင် ထိတ်လန့်ကာ ကြောက်ရွံ့သွားဟန်များ ပေါ်လာခဲ့၏။

ဒီအရိုးက မဟာယနအဆင့်ရဲ့ အရိုးတွေ လုံး၀မဟုတ်ဘူး!

သူ့အဆင့်က ပိုမြင့်တယ်!

ရွှမ်ထျန်းယီသည် ပင်လယ်ရပ်ခြားဒေသတွင် လှည့်လည်သွားလာရင်း နိဗာနအဆင့် မိစ္ဆာများကိုလည်း တွေ့ဖူးသူဖြစ်ပေသည်။

ဆရာသခင်ဓားအရှင်သည် နိဗာနအဆင့် မိစ္ဆာတစ်ကောင်ကို ပုဆိန်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ပါသလော။

ဒါဆိုဆရာသခင်ဓားအရှင်က အမတ တစ်ပါးများလား!

ရွှမ်ထျန်းယီ ရုတ်တရက် လက်မြှောက်လိုက်ကာ ကောင်းကင်ပိုင်းဖြတ်ပုဆိန်၏ အရိုးကို ကောက်ကိုင်လိုက်၏။

လေးလိုက်တာ!

ထိုအရာသည် ရွှမ်ထျန်းယီ၏ ပထမဆုံး ခံစားမှုပင်။

ထိုအခိုက်တွင် လုလင်ကျွမ်းနှင့် ဘိုးဘေးရွှမ်ကွမ်းတို့လည်း ကောင်းကင်ပြုပြင်စင်မြင့်ပေါ်ရောက်လာကာ မြင်ကွင်းကို စိတ်၀င်တစား ကြည့်ရှုနေခဲ့ကြသည်။

လုလင်ကျွမ်းသည် စင်မြင့်ပေါ် ပုဆိန်ကိုကြိုးစားမကြည့်ဖို့ ရောက်လာခြင်းဖြစ်သော်လည်း လုံး၀ မမနိုင်ခဲ့ပေ။ ထို့ကြောင့် ရွှမါ်ထျန်းယီ များမနိုင်မလားဟူ၍ စိတ်၀င်စားနေခဲ့ခြင်း ဖြစ်၏။

ရွှမ်ထျန်းယီ လက်တစ်ဖက်တွင် အားကုန်သုံး၍ မသော်လည်း ပုဆိန်မှာ လုံး၀ ကြွမလာခဲ့ပေ။

သူ့မျက်လုံးထဲတွင် ကြမ်းကြုတ်သောအရောင်တစ်ချက် လက်လာခဲ့လေသည်။

ဝုန်းးး….

သူ့ကိုယ်မှ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး စင်မြင့်ပေါ်ရှိလူတိုင်း နောက်ဆုတ်လိုက်ကြရကာ ကောင်းကင်ပြုပြင်စင်မြင့်လည်း အချိန်မရွေး ကွဲအက်ထွက်သွားတော့မလို့ တုန်ခါလာခဲ့၏။

လူတိုင်း ရွှမ်ထျန်းယီကို ထိတ်လန့်တကြား ကြည့်နေခဲ့ကြသည်။

မည်သို့သော ကျင့်ကြံခြင်းအဆင့်မျိုးက ဒါမျိုး အရှိန်အဝါကို ထုတ်လွှတ်နိုင်ပါသနည်း!

စိတ်ဝိညဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသောကြောင့် သူ့အနားတွင် လေပြင်းများတိုက်ခတ်လာကာ သူ့၀တ်ရုံပင် လေတွင် လွင့်နေခဲ့၏။

ထို့နောက် သူခါးကုန်းလိုက်ကာ အားကုန်သုံး၍ ပုဆိန်ကို မနေခဲ့ပြန်သည်။

သို့သော်လည်း ပုဆိန်မှာ လုံး၀ ရွေ့မလာခဲ့ပေ။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

ရွှမ်ထျန်းယီ မျက်လုံးများ နီရဲနေကာ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားခဲ့ရသည်။

ဆရာသခင်ဓားအရှင်လောက် သူမသန်မာတာကို သူလက်ခံနိုင်သော်လည်း ဆရာသခင်ဓားအရှင်၏ မှော်လက်နက်ကိုပင် မ မနိုင်ခြင်းကိုတော့ သူမည်သို့ လက်ခံနိုင်မည်နည်း။

ထိုစဉ် သူ့မျက်လုံးများ ပြူးကျယ်လာကာ သူ့အရှိန်အဝါသည် ထပ်တိုးလာခဲ့ပြီး ဆံပင်များပင် လေထဲတွင် လွင့်ကုန်ကြကာ ဆန်းကြယ်သော ကြည်ပြာရောင်မှော်အက္ခရာများ သူ့လည်ပင်းတွင် ပေါ်လာခဲ့၏။

All Chapters