← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 15 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 15 Ch. 181-182

အပိုင်း(၁၈၁)

အစ်ကိုကြီးအဖြစ် ရာထူးတိုးခြင်း၊ အမတဒဏ္ဍာရီ

တတိယတောင်ကြားတွင်

ဆေးမျိုးစေ့များ ကြဲနေသော ကုအန်မျက်လုံးထဲတွင် အံ့အားသင့်သော အလင်းတစ်ချက် ဖြတ်သွားခဲ့သည်။

ဒီရွှမ်ထျန်းယီက ရိုးရှင်းတဲ့လူ မဟုတ်ဘူးပဲ!

သူထုတ်လွှတ်လိုက်တဲ့ အဟုန်က နိဗာနအဆင့်နဲ့တောင် နီးကပ်နေပြီ!

ရွှမ်ထျန်းယီ၏ ကျင့်ကြံခြင်းမှာ မဟာယနအဆင့် ၆ သာ ရှိသေး၏။ မဟာယနအဆင့်တွင် အဆင့်သေးတစ်ဆင့်နှင့် တစ်ဆင့်ကြား ကွာခြားချက်မှာပင် ကြီးမားလှပြီး ကျော်တက်ဖို့ မလွယ်လှပေ။ ထိုသို့သော အခြေအနေတွင် ရွှမ်ထျန်းယီက နိဗာနအဆင့်နီးနီးရှိသော အဟုန်ကို ထုတ်ပြနိုင်ခြင်းသည် မည်မျှ အံ့ဩစရာကောင်းလှသနည်း။

ကုအန် ရွှမ်ထျန်းယီ၏ ကျင့်စဉ်ကိုပင် စိတ်၀င်စားသွားခဲ့ရသည်။

အရင်က ရွှမ်ထျန်းယီ သူ့ကို ထိုကျင့်စဉ်ပေးခဲ့သော်လည်း သူဖွင့်ကြည့်ရမည်ကို ပျင်းရိနေသောကြောင့် ဖွင့်ပင် မကြည့်ခဲ့ပေ။

တစ်ဖက်တွင်

ကောင်းကင်ပြုပြင်စင်မြင့်ပေါ်၌ ရွှမ်ထျန်းယီ သူ့လျှို့ဝှက်သိုင်းကို ထုတ်သုံးပြီးချိန်တွင်ပင် ပုဆိန်မှာ ကြွမလာသောကြောင့် သူ့နှဖူးရှိ သွေးကြောများပင် ထောင်ထလာခဲ့လေသည်။

ဘိုးဘေးရွှမ်ကွမ်းနှင့် လုလင်ကျွမ်း အပါအ၀င်ကြည့်ရှုနေသူများလည်း အံ့အားသင့်ကုန်ကြ၏။

ရွှမ်ထျန်းယီ၏ အဟုန်မှာ အလွန်ကြောက်စရာကောင်းလှသော်လည်း ပုဆိန်မှာ ရွေ့ပင် ရွေ့မလာသေးပေ။

ဆရာသခင်ဓားအရှင်သည် မည်သို့သော ကျင့်ကြံခြင်းမျိုးကို ပိုင်ဆိုင်ထားခဲ့သနည်း။

ထိုအကြောင်းကို တွေးမိလေလေ သူတို့ပိုပြီး ကြောက်လန့်လာလေလေပင်။

လုလင်ကျွမ်း၏ ဆရာသခင်ဓားအရှင်အပေါ် လေးစားမှုလည်း ပိုတိုးလာခဲ့‌၏။ ဆန်းကြယ်နှလုံးသားအဆင့်သို့ ရောက်ရှိပြီးသည့်နောက် သူအဓိပတိဂိုဏ်းထဲတွင် လုပ်ချင်တာ လုပ်လို့ရပြီဟု ခံစားမိခဲ့ရသည်။ သို့သော် ယနေ့အဖြစ်အပျက်မှာ သူ့အား သွားစရာလမ်းအရှည်ကြီး ကျန်နေသေးသည်ဟု ခံစားမိသွားစေခဲ့ပြီး အနာဂတ်တွင်လည်း သူဆရာသခင်ဓားအရှင်ကို မစော်ကားမိအောင် သေချာဂရုစိုက်၍ နေထိုင်ရပေလိမ့်မည်။

စက္ကန့်များစွာ ကြာပြီးနောက်

ရွှမ်ထျန်းယီ၏ အဟုန်ပျောက်ကွယ်သွားကာ သူ့ခါးများပြန်မတ်လာပြီး ပုဆိန်ပေါ်ရှိ ညာလက်ကို ဖယ်လိုက်လေသည်။

ထိုအခိုက်တွင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားကာ ဘယ်သူမှ သူ့ကို မနှောင့်ယှက်ရဲကြတော့ပေ။

လူတိုင်းသူ၏ ဂုဏ်သိက္ခာနှင့် ဒေါသကို ခံစားမိနေကြပြီး ဘယ်သူမှ ‌မလှောင်ပြောင်ရဲကြပေ။

အရင်က ရွှမ်ထျန်းယီ သည် သူ့ကိုယ်သူအဓိပတိဂိုဏ်းတွင်သာ မကကမ္ဘာတစ်ခုလုံးတွင်ပင် အဆင့် ၁ ကျင့်ကြံသူဟု ထင်ထားခဲ့သော်လည်း ယခုအခါ သူသည် ဆရာသခင်ဓားအရှင်၏ ပုဆိန်ကိုပင် မမနိုင်သောကြောင့် ထိုအရာသည် သူ့အား အတော်လေး ရှက်သွားစေပေလိမ့်မည်။

လူတိုင်း‌တောင့်တင်းနေကြချိန်တွင် ရွှမ်ထျန်းယီ အကျယ်ကြီးရယ်မောလိုက်၏။ အစကသူ ဒီတိုင်းအသံကျယ်ရုံ ရယ်မောနေခြင်းဖြစ်သော်လည်း နောက်တွင် အူလှိုက်သဲလှိုက် ရယ်မောနေခဲ့သည်။

သူ့လက်များကိုပင် ဖြန့်ကားကာ အော်ရယ်နေရင်း

“ငါတို့ အဓိပတိဂိုဏ်းမှာ ဒီလိုကြောက်စရာ ကျင့်ကြံသူမျိုး ခိုအောင်းနေမယ်လို့ ဘယ်သူကတွေးမိမှာလဲ ငါတကယ်ပဲ ကမ္ဘာကြီးကို အထင်သေးခဲ့မိတာပဲ အခုတော့ ငါတကယ်ပဲ အထင်ကြီးမိပါတယ် အထင်ကြီးမိပါတယ်!”

သူ့ရှံုးနိမ့်မှုကို လှိုက်လှိုက်လှဲလှဲလက်ခံလိုက်မှုကြောင့် လူတိုင်း စိတ်အေးသွားခဲ့ရ၏။

သူသည် ဆရာသခင်ဓားအရှင်၏ ပြိုင်ဘက်မဖြစ်နိုင်သော်လည်း အဓိပတိဂိုဏ်းတွင် လူလေးစားခံ အားကျခံ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေဆဲပင်။

ထိုစဉ် ဘိုးဘေးရွှမ်းကွမ်း ရှေ့သို့ တိုးလာကာ နှစ်သိမ့်လိုက်လေသည်။

“ထျန်းယီ မင်းက အနာဂတ်မှာ အဓိပတိဂိုဏ်းကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်ပါ မင်းဒီကိစ္စကို ဒီလိုပုံစံအတိုင်းမြင်နိုင်တာ ငါတကယ်ပဲ ၀မ်းသာမိတယ်”

အခြားအကြီးအကဲများလည်း ရှေ့ထွက်လာပြီး သူ့ကို ဝိုင်းနှစ်သိမ့်လိုက်ကြ၏။

ရွှမ်ထျန်းယီ သူတို့ဘက်လှည့်လိုက်ရာ သူ့၀တ်ရုံပင် လေတွင် လွင့်ထားခဲ့ပြီး ရယ်မောကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ဒါကကျွန်တော်တို့ဂိုဏ်းအကျိုးရှိမယ့် ကိစ္စပဲဟာ ကျွန်တော်က ဘယ်လိုလုပ် စိတ်ထဲထားနိုင်မှာလဲ ဒါပေမယ့် တစ်နေ့မှာ ကျွန်တော် ဆရာသခင်ဓားသခင်ကို စိန်ခေါ်မယ် အဲ့ဒီမတိုင်ခင်တော့ မိစ္ဆာကပ်ဘေးကြိ အရင်ဆုံး ရှင်းလင်းပစ်မယ်!”

ထိုစကားကိုကြားသောအခါ လူတိုင်းဆီမှ ချီးကျုးသံများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ လူတိုင်း သူ့စကားများကို ချီးကျူးလိုက်ကြပြီး ရွှမ်ထျန်းယီ၏ ရည်မှန်းချက်ကို အားကျကုန်ကြသည်။ သူသည် ရည်မှန်းချက်ကြီးမားသော ပါရမီရှင်တစ်ယောက် ဖြစ်နေဆဲပင်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားကာ ညအချိန်ရောက်လာခဲ့လေသည်။

တတိယတောင်ကြားရှိ အိမ်တစ်လုံးထဲ၌

ဘန်း!

“သေစမ်းကွာ အဲ့တာက အနိုင်ကျင့်ခံရတာပဲ!”

ရွှမ်ထျန်းယီ လက်တစ်ဖက်ဖြင့် မျက်နှာကို အုပ်ထားရင်း နောက်တစ်ဖက်ဖြင့် စားပွဲကို ရိုက်လိုက်ကာ ဒေါသတကြီး ပြောလိုက်သည်။

ကုအန်သူ့ကိုကြည့်ကာ ရယ်ချင်ပက်ကျိ ဖြစ်နေခဲ့၏။

“အစ်ကိုကြီးထက် သန်မာတဲ့ တစ်ယောက်ယောက်ရှိနေတာ မကောင်းဘူးလား အနည်းဆုံးတော့ အဲ့တာက ဒီကပ်ဘေးမှာ အစ်ကိုကြီးရဲ့ ဖိအားကို လျော့သွားစေတယ်လေ”

ရွှမ်ထျန်းယီ မျက်နှာကိုကာထားရင်ပင် “ငါသိပါတယ် ငါက အရမ်းလောသွားမိတာကို နောင်တရနေရုံပါ ငါလူနည်းတဲ့ အချိန်မှ စမ်းလိုက်သင့်တာကွာ မဟုတ်သေးဘူး ငါတစ်ခါစမ်းပြီးရုံနဲ့ ထွက်လာခဲ့သင့်တာ အခုတော့ ငါ့လျှို့ဝှက်သိုင်းတွေပါ သုံးပြီးမှ အဲ့လိုအဖြစ်အပျက်ကြီးဖြစ်သွားတယ် ရှက်စရာကောင်းလိုက်တာကွာ!”

သူပြောလေလေ ပိုပြီးစိတ်မကျေမနပ်ဖြစ်‌လာလေလေပင်။

ကုအန် ကြိတ်၍ ပျော်နေရင်း ရွှမ်ထျန်းယီအား ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်ကာ ပြောလိုက်၏။

“ဒါဆိုလည်း ၀မ်းနည်းပူဆွေးမှုတွေကို ဝိုင်နဲ့မျှောချလိုက်ရအောင်”

“သောက်မယ် ငါ အမတ ဖြစ်လာရင် ငါ့ဂုဏ်သိက္ခာကို ပြန်ဆယ်မယ်လို့ ကျိန်ပြောရဲတယ်” ရွှမ်ထျန်းယီ ပြောလိုက်သည်။

သူကုအန်ကိုကြည့်လိုက်ကာ “ညီလေး ဒီကိစ္စကို ဘယ်သူ့မှတော့ မပြောနဲ့နော် ငါကမင်းကိုပဲ ယုံတာ”

ကုအန် ပြောလိုက်၏။

“စိတ်မပူပါနဲ့ ကျွန်တော်တို့က သွေးသောက်ညီအစ်ကိုတွေပဲလေ အစ်ကိုကြီးဂုဏ်သိက္ခာက ကျွန်တော့်ဂုဏ်သိက္ခာပဲပေါ့ ကျွန်တော်ဖုံးကွယ်ထားပေးမှာပါ”

“ဟူး ဆရာသခင်ဓားအရှင်က ဘယ်မှာများ ပုန်းနေတာလဲ ငါတကယ်သိချင်တယ် အရိုးသားဆုံးပြောရရင် ငါသူနဲ့ တွေ့ပြီး သူ့ကိုသိချင်မိတယ်” ရွှမ်ထျန်းယီ သက်ပြင်းချလိုက်သည်။

ကုအန် စနောက်လိုက်၏။

“တကယ်လို အစ်ကိုကြီးသာ ဆရာသခင်ဓားအရှင်နဲ့တွေ့ရင် သူနဲ့ သွေးသောက်ညီအစ်ကိုဖွဲ့မှာလား”

“ဘာလို့ မဖွဲ့ရမှာလဲ ငါမင်းအတွက် နောက်ထပ် နောက်ခံအကြီးကြီးတစ်ခု ရှာပေးမယ်” ရွှမ်ထျန်းယီ ရယ်မောကာ ပြောလိုက်လေသည်။

“အစ်ကိုကြီး ဆရာသခင်ဓားအရှင်ကို အစ်ကိုကြီး လို့ခေါ်နိုင်လို့လား”

“ဒါပေါ့ ငါသူ့ကို ညီလေးလို့ သွားခေါ်လို့ ဘယ်ဖြစ်မလဲ နောက်ပြီးသူကလည်းငါ့ထက် အသက်အများကြီး ကြီးနေမှာ သေချာတယ်”

“ကောင်းပြီလေ ဒါဆိုအခုကစပြီး ဆရာသခင်ဓားအရှင်က အစ်ကိုကြီး အစ်ကိုကြီးကတော့ ဒုတိယအစ်ကို ကျွန်တော်က တတိယ လုပ်ကြတာပေါ့”

“ဟားဟားဟား သဘောတူတယ် ငါသဘောတူတယ်”

ရွှမ်ထျန်းယီ ရယ်မောကာ သဘောတူလိုက်ပြီး ကုအန်နှင့် ဝိုင်စတင်သောက်လေတော့သည်။

ကုအန်လည်း သူ့ကိုယ်သူ အစ်ကိုကြီးအဖြစ် ရာထူးတိုးနိုင်ခဲ့၍ ကျေနပ်နေမိ၏။

ရွှမ်ထျန်းယီသည် သူ့ထက် နှစ်ပေါင်း ၅၀၀ ကျော်ပိုကြီးသော်လည်း သူ့ထက် ကျင့်ကြံခြင်းနိမ့်သော သူတစ်ယောက်ကို အစ်ကိုကြီးဟု ခေါ်ဆိုနေရသည်မှာ သိပ်အဆင်မပြေလှပေ။ အခုတော့ သူ့ကိုယ်သူ အစ်ကိုကြီးအဖြစ် ရာထူးတိုးနိုင်ခဲ့လေပြီ။

သူ့စိတ်ညစ်နေမှုများ ပျောက်သွားပြီးသည့်နောက် ရွှမ်ထျန်းယီ ကောင်းကင်ပိုင်းဖြတ်ပုဆိန်က ဘယ်လောက်လေးကြောင်း စတင်ပြောပြခဲ့သည်။

“မင်းမသိပါဘူး ညီလေးရာ မင်းအစ်ကိုကတကယ်ကို အားကုန်ထုတ်ခဲ့တာကွ ဒါပေမယ့် အဲ့ဒီပုဆိန်ကြီးက ကောင်းကင်တာအိုကို သယ်ထားသလိုကို လေးနေတာကွာ…”

ရွှမ်ထျန်းယီ ချဲ့ကားပြောနေလေလေ ကုအန်ပိုပြီး ကျေနပ်လာလေလေပင်။ သူနည်းနည်းလေးတောင် စိတ်အနှောင့်အယှက်မဖြစ်ဘဲ ရွှမ်ထျန်းယီ ဆက်ပြောပါစေလို့တောင် ဆုတောင်းမိနေခဲ့သည်။

နောက်တစ်နေ့ အာရုံတက်ချိန်မတိုင်ခင်မှသာ ရွှမ်ထျန်းယီ ထွက်သွားခဲ့၏။ ရှေ့တန်းသို့ ပြန်သွားရဦးမည် ဖြစ်သောကြောင့်သူဂိုဏ်းတွင် ကြာကြာနေ၍ မရပေ။

ကုအန်လည်း ‌လှေကားမှဆင်းလာခဲ့ကာ အပျင်းကြောဆန့်ရင်း သူ့ပေါ်ကျဆင်းနေသော နေရောင်ကို ခံစားလိုက်ကာ လန်းဆန်းနေခဲ့သည်။

မိစ္ဆာသခင်ကို သတ်ဖြတ်လိုက်ရခြင်းမှာပင် ရွှမ်ထျန်းယီက သူ့ရှေ့တွင် သူ့အား အားရပါးရ ချီးကျူးနေသည်ကို နားထောင်ရတာလောက် ကျေနပ်စရာ မကောင်းခဲ့ပေ။

ရွှမ်ထျန်းယီသာ သူ့ကိုထိုကဲ့သို့ ဆက်တိုက်ချီးကျူးနေပါက သုံးရက်သုံးညဆက်တိုက်ချီးကျူးပင်လျှင် သူနားထောင်နိုင်သည်ဟု ခံစားနေခဲ့ရ၏။

ပျော်ရွှင်နေရင်း ကုအန် ဆေးတောင်ကြားထဲတွင် လှည့်ပတ်သွားလာနေကာ တစ်ခါတရံ တပည့်များ လုပ်ဖို့လိုအပ်သည်များကို လမ်းညွှန်နေခဲ့သည်။ သူတို့အားလုံးလည်း ကုအန် စိတ်‌အခြေအနေကောင်းနေသည်ကို သတိထားမိနေခဲ့ကြ၏။

ထိုစဉ် အန်းရှင်း ကုအန်နား ကပ်လာကာ ပြောလိုက်သည်။

“ဆရာ ကျွန်မအခုတလောဓားသိုင်းကျင့်နေတာ ဆရာကျွန်မနဲ့ အတူတူလေ့ကျင့်ပေးပြီး လိုအပ်တဲ့နေရာတွေကို ထောက်ပြပေးလို့ရမလား”

သူမ တိုက်ခိုက်လိုခြင်း မဟုတ်ပေ။ကုအန်သည် နောက်ဆုံးဖြစ်သော်လည်း အနည်းးဆုံးတော့ ရွှေစာရင်းထိပ်ဆုံးအယောက် ၅၀ စာရင်းတွင် ပါ၀င်သူ ဖြစ်သောကြောင့် ကုအန်ဆီက လမ်းညွှန်မှု ခံလို၍ လာခဲ့ခြင်း ဖြစ်၏။

ကုအန်လည်း မတုန့်မဆိုင်းသဘောတူလိုက်ကာ သူမနှင့်လေ့ကျင့်ရန် နေရာလွတ်တစ်ခုသို့ ခေါ်သွားခဲ့လေသည်။

ဤသို့ဖြင့် နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ပြန်သည်။

မိစ္ဆာသခင်သေဆုံးသွားပြီးသည့်နောက် မည်သည့်မိစ္ဆာမှ အဓိပတိဂိုဏ်းကို စိမ့်၀င်မလာရဲတော့ဘဲ တိရှီမှာတော့ ကောင်းကင်ပြုပြင်စင်မြင့်ပေါ် ပြန်ရောက်လာခဲ့ကာ ထိုအရာသည် ဂိုဏ်းက သူ့ကိုလက်ခံလိုက်ပြီဟု ညွှန်ပြနေခဲ့သည်။

နှစ်ကုန်ချိန်တွင်

သတင်းအသစ်တစ်ခုက ကမ္ဘာကြီးတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့၏။

ထိုသတင်းမှာ ဆရာသခင်ဓားအရှင်သည် အမတ တစ်ပါးဟူသော သတင်းပင်။

ထိုသတင်းကို ရွှမ်ထျန်းယီ ကိုယ်တိုင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ သူတို့လေ့လာစုံစမ်းမှုများအရ ဆရာသခင်ဓားအရှင် ပုဆိန်တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သူမှာ မဟာယနအဆင့်ကိုကျော်လွန်နေသည့် မိစ္ဆာသခင် ဟူသောသူ ဖြစ်နေခဲ့သည်။

ထိုသတင်းပျံ့နှံ့သွားသောအခါ ကမ္ဘာတစ်ခုလုံးရှိ လူများ ပျော်ရွှင်သွားခဲ့ကြရ၏။

မင်းဆက်သုံးခုလုံးရှိ ကျင့်ကြံသူများ၏ စိတ်ဓာတ်များ ပိုမိုတက်ကြွလာကြပြီး မိစ္ဆာများကို ပို၍အားထုတ်ကာ နှိမ်နှင်းကြလေတော့သည်။

အမတတစ်ပါး၏ နောက်ခံနှင့်‌ဆိုပါက လူသားမျိုးနွယ်သည် ဤကပ်ဘေးကို တောင့်ခံနိုင်မည်မှာ သေချာပေသည်။

အဓိပတိဂိုဏ်းထဲရှိ ကုအန်မှာတော့ ထိုသတင်းကြောင့်ပျော်ရွှင်မသွားဘဲ ပြဿနာများကို လက်ယပ်ခေါ်မိပြီ ဟူ၍သာ ခံစားနေခဲ့ရ၏။

ယခုအချိန်တွင် သေချာစွာပင် မိစ္ဆာဧကရာဇ် မိစ္ဆာဘိုးဘေးနှင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ ၏မျက်လုံးများသည် ဆရာသခင်ဓားအရှင် ဆီတွင် ရောက်ရှိလာပေတော့မည်။

ကံကောင်းစွာဖြင့် သူသည် ဆရာသခင်ဓားအရှင်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပေ။

နှင်းခဲများ စတင်အရေပျော်လာချိန်တွင် ကုအန် တတိယတောင်ကြားသို့ ရောက်လာခဲ့၏။ သူတောင်ကြားသို့ရောက်ချိန်တွင် သူ့အိမ်ရှေ့၌ ရပ်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။

ကျိရှောင်ယု!

ကျိရှောင်ယုသည် အိမ်ရှေ့တွင် ရပ်ကာ ဆေးဉယျာဉ်အား တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့ပြီး သူမ၏ အသွင်အပြင်မှာ အတော်လေးထူးခြားလှကာ ကောင်းကင်တမျှ ကျက်သရေရှိနေခဲ့သည်။ အနက်ရောင်၀တ်စုံကို ၀တ်ထားချိန်မှာပင် သူမကိုယ်မှ အလွန်နူးညံ့သိမ်မွေ့သော နတ်သမီးလေးတစ်ပါး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေပြီး တောင်ကြားရှိ တပည့်များမှာလည်း သူမကို စိတ်၀င်တစား အကဲခတ်နေခဲ့ကြ၏။

ကုအန် ကျိရှောင်ယုဘေးသို့ လမ်းလျှောက်သွားလိုက်ပြီး ပြောလိုက်သည်။

“တတိယသခင်မလေး မတွေ့တာကြာပြီနော် ဒီကိုဘာကိစ္စရှိလို့ ရောက်လာတာလဲ”

ကျိရှောင်ယု ဆေးဉယျာဉ်ကို ကြည့်နေရင်းမှ ကုအန်ကိုတချက်ကြည့်လိုက်ကာ “အခြေခံတည်ဆောက်ခြင်း အဆင့်၇ နင့်ကျင့်ကြံခြင်းက သိပ်မဆိုးပါဘူး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအတွက် မျှော်လင့်ချက် ရှိသေးတယ်”

ကုအန်ပြုံးလိုက်ကာ

“ဒီလိုဆေးတောင်ကြားကြီး ရှိနေမှတော့ ၀က်တစ်ကောင်တောင် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်နိုင်ပါတယ် တကယ်တော့ ကျွန်တော့်ကျင့်ကြံခြင်းက အတော်လေး နှေးနေတာပါ”

ကျိရှောင်ယု လက်လည်းမခံ ငြင်းလည်းမငြင်းဘဲ

“ကျိမိသားစုက အဓိပတိဂိုဏ်းကနေ အလုံးစုံဆုတ်ခွာသွားပြီ နင်နောင်တမရဘူးလား”

“ဘာကို နောင်တရရမှာလဲ ဆရာသခင်ဓားအရှင်က အမတတစ်ပါးဆိုတာ တတိယသခင်မလေး မကြားဘူးလား သူနဲ့သာဆိုရင် အဓိပတိဂိုဏ်းက ဒီကပ်ဘေးကို တောင့်ခံနိုင်မှာပါ” ကုအန် ခေါင်းယမ်းကာ အားကျနေဟန်ဖြင့် ပြောလိုက်သည်။

ယခုအချိန်တွင် သူတင်မက အဓိပတိဂိုဏ်းရှိ တပည့်တိုင်းသည် ဆရာသခင်ဓားအရှင်ကြောင့် ဂုဏ်ယူနေခဲ့ကြကာ ဆရာသခင်ဓားအရှင် ဟူသောနာမည်ကို စကားသုံးခွန်းပြောပြီးတိုင်း တစ်ခါ‌ထည့်ပြောနေတတ်ကြသည်။

,ကျိရှောင်ယု ပြုံးလိုက်ကာ

“ဆရာသခင်ဓားအရှင်က တကယ်ပဲ ကြောက်စရာကောင်းပါတယ် ငါလည်းသူ့ကို အတော်လေး လေးစားပါတယ်”

“စကားမစပ် တတိယသခင်မလေး ဒီတစ်ခေါက် ဘာလို့ပြန်လာတာလဲ” ကုအန် မေးလိုက်သည်။

သူမသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတွင် သတင်းများ စုဆောင်းနေရမည် မဟုတ်ပါလော။

ဘာကြောင့် ထိုမျှမြန်မြန် ပြန်ရောက်နေရပါသနည်း။

ကျိရှောင်ယု ပြောလိုက်၏။

“ငါဒီကို ဆရာသခင်ဓားအရှင်ကို တွေ့ဖို့ ပြန်လာတာပါ”

ကုအန်မျက်လုံးများ ပြူးကျယ်သွားကာ

“တတိယသခင်မလေး အရင်က ဆရာသခင်ဓားအရှင်နဲ့ တွေ့ဖူးလို့လား”

ကျိရှောင်ယု ခေါင်းညိတ်ပြလိုက်၏။

“သူက ငါ့အသက်ကို ကယ်ခဲ့တာ သူကငါ့ကယ်တင်ရှင်ပဲ”

ကုအန် ဆက်မမေးနိုင်သေးခင်တွင် သူဆက်ပြောလိုက်သည်။

“အခုကောင်းကင်ပြုပြင်စင်မြင့်ကို သွားချင်တယ် နင်ငါ့ကိုအဖော်လုပ်ပေးနိုင်မလား”

ကုအန် ငြင်းစရာမရှိသောကြောင့် လက်ခံလိုက်၏။ ကျိရှောင်ယု အင်္ကျီလက်အိုးကို တစ်ချက်ဝေ့ယမ်းလိုက်ကာ စိတ်၀ိညဥ်စွမ်းအင်သံုး၍ ကုအန်ကိုလည်း လေပေါ်မြှောက်လိုက်ပြီး ပျံသန်းသွားခဲ့ကြသည်။

ဆန်းကြယ်သန့်စင်ပင်အောက်ရှိလုလင်ကျွမ်း မျက်မှောင်ကြုံ့ကာ ကြည့်နေခဲ့၏။

“ကမ္ဘာဦးတာအို အဆောင်…”

လုလင်ကျွမ်းတစ်ခုခုကို ပြန်တွေးမိနေဟန်ဖြင့် တွေးမိနေပြီး သူမအတွေးများသည် မှတ်ညဏ်များထဲ နစ်မြုပ်နေခဲ့လေသည်။

မကြာခင်တွင် ကုအန်နှင့် ကျိရှောင်ယုတို့ အပြင်စည်းဂိုဏ်းသို့ ရောက်ရှိလာကာ ကောင်းကင်ပြုပြင်စင်မြင့်ဆီ တိုက်ရိုက်သွားခဲ့ကြ၏။

လူပေါင်းများစွာ ကောင်းကင်ပိုင်းဖြတ်ပုဆိန်တစ်ဝိုက်တွင် ဝိုင်းနေကြပြီး ထိုနေရာတွင် ကျိုးယိကျင်းလည်း ရှိနေကာ အသံနက်ကြီးဖြင့် အော်ပြောနေခဲ့သည်။

“လူတိုင်းတစ်ယောက်တစ်ကြိမ်စီပဲ ကြိုးစားခွင့်ရှိမယ် ဆရာသခင်ဓားအရှင်ကို မစော်ကားမိစေနဲ့နော် မဟုတ်ရင် မင်းတို့ဂိုဏ်းရဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ တွေ့သွားမယ်”

ပြောပြီးသူ့ဓားကိုမြှောက်လိုက်လေရာ သူ့နားရှိ ဝိုင်းနေသောလူများ ရှဲသွားခဲ့၏။

တစ်ခါက သူ့ဓားသည်ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒကို လက်ခံရရှိခဲ့ဖူးသောကြောင့် သူသည် နာမည်ကျော်နေခဲ့ခြင်း ဖြစ်သည်။ အဓိပတိဂိုဏ်းကလည်း ဆရာသခင်ဓားအရှင်သည် ကျိုးယိကျင်းကို ကယ်တင်ခဲ့သောကြောင့့် ကျိုးယိကျင်းကို နှစ်သက်သည်ဟု ထင်နေခဲ့ကြ၏။ ထို့ကြောင့် ကောင်းကင်ပိုင်းဖြတ်ပုဆိန်အား စောင့်ရမည့် တာ၀န်ကို ကျိုးယိကျင်းဆီ ပေးခဲ့ခြင်း ဖြစ်သည်။ ကျိယိကျင်းကလည်း ထိုတာ၀န်ကို ဂုဏ်ယူစွာ လက်ခံခဲ့၏။

သူ့သား ကျိုးလင် ပင်ပုဆိန်နား ကပ်လာသောအခါ ခပ်တည်တည်သတိပေးခြင်းကို ခံလိုက်ရသည်။

လူအုပ်ရှဲသွားသောအခါမှသာ ကျိုးယိကျင်း နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကို ထုတ်ဖတ်နေလိုက်၏။

ကုအန်နှင့် ကျိရှောင်ယု တို့လည်း ကောင်းကင်ပိုင်းဖြတ်ပုဆိန်ရှေ့ ရောက်လာခဲ့ကြသည်။ ကျိုးယိကျင်း သူတို့ကို တစ်ချက်ကြည့်လိုက်ကာ

“တူလေးကု မင်းလည်းတစ်ကြိမ်ပဲ ကြိုးစားလို့ရမှာနော်”

သူ့လေသံမှာ အခြားသူတွေကိုပြောသည့်အတိုင်း သာမန်အတိုင်းသာ ဖြစ်နေသော်လည်း ကုအန်ဒေါသမထွက်ဘဲ ရယ်စရာကောင်းသည်ဟု ခံစားနေခဲ့ရသည်။

ဒီလူက အတော်ကြီးစိတ်၀င်စားစရာကောင်းတာပဲ!

ကျိရှောင်ယု ရုတ်တရက် ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို ထိလိုက်၏။ ထို့နောက် သူပြောလိုက်သည်။

“ဒီကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို ဘိုးဘေး ရွှမ်ထျန်းက သွန်းလုပ်ထားခဲ့တာ ရည်ရွယ်ချက်ကတော့ ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းဆိုတဲ့ သိုင်းကို ပိုကောင်းအောင် သုံးနိုင်ဖို့ပေါ့ ပြည့်စုံသွားတဲ့အခါမှာတော့ ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းက ကောင်းကင်ကိုတောင် နှစ်ခြမ်းခွဲနိုင်သွားပြီး မြင့်မြတ်ကုန်းမြေရဲ့ အမွေအနှစ် ၉ ခုထဲက တစ်ခု ဖြစ်ခဲ့တယ် ဖြစ်နိုင်တာကတော့ အခုဒီပုဆိန်ကို မနိုင်ရင် မြင့်မြတ်ကုန်းမြေရဲ့ အမွေအနှစ်ဖြစ်တဲ့ ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းကို ရသွားမှာ ဖြစ်နိုင်တယ်”

ထိုစကားကိုကြားသောအခါ ကျိုးလင်သူ့ကို မကြည့်ဘဲ မနေနိုင်တော့ပေ။

ကျိုးလင်လည်း အရင်က ကျိမိသားစု၏ ဂုဏ်ပြုပွဲကို တက်ရောက်ခဲ့ဖူးသောကြောင့် ကျိရှောင်ယု ကိုသိပေသည်။ သို့သော် ကျိမိသားစုတစ်ခုလုံး ဆုတ်ခွာသွားမှုကြောင့် သူထိုမိသားစုကို အထင်သေးသွားပြီး မြင်မြင်ချင်း သွားမနှုတ်ဆက်ခဲ့ခြင်း ဖြစ်၏။

ကျိရှောင်ယုသည် သူ့အစီအစဉ်ကို ခန့်မှန်းနိုင်မည်ဟု ကုအန် ထင်မထားခဲ့မိပေ။

သူမသည် ခန့်မှန်းနိုင်ခဲ့လျှင်တောင်မှ အဘယ်ကြောင့် ထိုအရာကို အကုန်သိအောင် ပြောနေရသနည်း။

သူမသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ လူများကို မကြောက်ရွံ့ဘူးလော။

ထိုစဥ် ကျိရှောင်ယု လက်မြှောက်လိုက်ကာ ကောင်းကင်ပိုင်းဖြတ်ပုဆိန်၏ လက်ကိုင်ကို ဆုပ်ကိုင်လိုက်လေတော့သည်။

ထိုအခိုက်တွင် ကုအန်သူမကိုယ်ထဲမှ ဆန်းကြယ်သောစွမ်းအားတစ်ခုကို အာရုံခံလိုက်မိ၏။

ကမ္ဘာဦးတာအိုအဆောင်!

ဒီမိန်းမ…

သူညစ်ဖို့ စီစဉ်ထားတာလား!

အပိုင်း(၁၈၂)

စည်းကိုချိူးဖျက်လာသည့် မကောင်းဆိုးဝါးမိစ္ဆာ၊ ဆရာသခင်ဓားအရှင်ကို ရှာဖွေခြင်း

ကျိရှောင်ယု ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို ကိုင်လိုက်သည်နှင့် အလေးချိန်ကိုခံစားလိုက်ရပြီး အလေးချိန်က သူမစိတ်ဝိညဉ်ကိုပင် ရိုက်ခတ်သွားကာ ဆရာသခင်ဓားအရှင်အပေါ် မလေးစားဘဲ မနေနိုင်တော့ပေ။

သူမအားသက်သက်ဖြင့် ပုဆိန်ကို မမနိုင်တော့ဘူးဟု သိသွားသောအခါ ချက်ချင်း ကမ္ဘာဦးတာအိုအဆောင်၏ စွမ်းအားကို ထုတ်သုံးလိုက်လေသည်။

ထိုအရာသည် ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေတွင် လေ့ကျင့်ခဲ့ခြင်း၏ ရလဒ်ဖြစ်သည်။ သူမအရင်က ကမ္ဘာဦးတာအိုအဆောင်၏ စွမ်းအားကို အနည်းငယ်သာ ထုတ်သုံးနိုင်သော်လည်း အခုတော့ စွမ်းအားကုန် ထုတ်သုံး‌နိုင်နေပြီ ဖြစ်သည်။

ကမ္ဘာဦးတာအိုအဆောင်၏ စွမ်းအားက သူမအရိုးများကြွက်သားများဆီ စီးဆင်းသွားသောအခါ သူမအရှိန်အဝါလည်း ရုတ်တရက် ပြောင်းလဲသွားခဲ့၏။

ကျိုးယိကျင်းလည်း သူမကို အံ့အားတကြီး ကြည့်လိုက်မိပြီး အခြားကျင့်ကြံသူများ၏ အကြည့်များကလည်း သူမဆီ ရောက်ရှိနေခဲ့ကြသည်။

ကုအန်လူအုပ်၏ သတိထားမှုမှ ရှောင်ရှားရန် တိတ်တဆိတ်နောက်သို့ ခြေတလှမ်းဆုတ်လိုက်၏။

ကျိရှောင်ယု ကမ္ဘာဦးတာအိုအဆောင်၏ စွမ်းအားကို ထုတ်သုံးခဲ့သော်လည်း ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို မမနိုင်ခဲ့ပေ။

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ သုတ်သင်မခံရသေးသရွေ့ ပုဆိန်ကို ဘယ်သူမှလည်း မနိုင်မည် မဟုတ်ပေ။

တခဏအကြာတွင်

ကျိရှောင်ယု သူမညာလက်ကို လွှတ်လိုက်၏။ ကမ္ဘာဦးတာအိုအ‌ေဆာင်ဧ။် အစွမ်းကို သုံးခဲ့တာတောင် ကျရှုံးခဲ့သော်လည်း သူမပုံစံသည် ရွှမ်ထျန်းယီ လောက်ရုပ်ပျက်မသွားခဲ့ပေ။ သူမသည် တည်တည်ငြိမ်ငြိမ်သာ ဖြစ်နေပြီး အများကြီးအားစိုက်မထုတ်ခဲ့ဟန်ပင်။

လူအုပ်ကလည်း ဘယ်သူမှ သူမကျရှုံးခဲ့သည်ကို စိတ်မ၀င်စားခဲ့ဘဲ ခုနက သူမပြောင်းလဲသွားခဲ့သော အရှိန်အဝါကိုသာ စိတ်၀င်စားနေခဲ့ကြသည်။

ထို့နောက် ကျိရှောင်ယု နောက်ပြန်လှည့်ကာ ကုအန်ဆီလျှောက်သွားလိုက်ပြီး ခပ်တိုးတိုးပြောလိုက်၏။

“မျှော်လင့်ထားသလိုပဲ ငါရှုံးသွားတယ် နင်ရောတစ်ခါလောက် စမ်းကြည့်ချင်လား”

ကုအန် ခေါင်းယမ်းကာ ပြောလိုက်သည်။

“တတိယသခင်မလေးတောင် မလုပ်နိုင်ရင် ကျွန်တော့်ကျင့်ကြံခြင်းနဲ့က ကိုယ့်အရှက်ကိုယ်ခွဲသလို ဖြစ်နေပါလိမ့်မယ်”

“ဒီအမွေအနှစ်က ကျင့်ကြံခြင်းကို စမ်းသပ်တာမဟုတ်ဘဲ ဗီဇစရိုက်ကို စမ်းသပ်တာလည်း ဖြစ်နေနိုင်တာပဲ” ကျိရှောင်ယု ပြောလိုက်သည်။

ကုအန်မှာတော့ စိတ်ထဲတွင် အကူအညီမဲ့သွားခဲ့ရသည်။ သူမသည် နောက်တစ်ကြိမ် မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့ပြန်လေပြီ။

အခြားသူများ၏ သံသယကို ရှောင်ရှားရန် ကုအန် ရှေ့သို့တက်ပြီး ကြိုးစားကြည့်လိုက်၏။ သူအကြိမ်အနည်းငယ် မျက်နှာကြီးများ နီလာအောင် ကြိုးစားကြည့်သော်လည်း ပုဆိန်မှာ ကြွမလာခဲ့ပေ။

ကျိုးယိကျင်းရယ်မောကာ ပြောလိုက်သည်။

“တူလေးကု အရမ်းတွန်းအားမပေးပါနဲ့ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကြီး ဒီမှာရှိနေသေးသရွေ့ မင်းမှာ ကြိုးစားပိုင်ခွင့်ရှ်ိပါသေးတယ် သွားပြီးကြိုးစားကျင့်ကြံနေလိုက်ဦး”

ကုအန် အမြန်ပင် လက်ရုတ်လိုက်ကာ သူ့ကိုဦးညွတ်အရိုအသေပေးလိုက်ပြီး ထွက်ခွာလာခဲ့၏။

ကျိုးယိကျင်းလည်း နတ်ဘုရားတို့၏ရာထူးများကိုထုတ်ကာ ဆက်ဖတ်နေလေသည်။

ကောင်းကင်ပြုပြင်စင်မြင့်မှ ထွက်လာပြီးသည့်နောက် ကုအန်နှင့် ကျိရှောင်ယု တို့ လမ်းခွဲခဲ့ကြ၏။ ကုအန် တောင်ကြားသို့ တန်းမပြန်ဘဲ အပန်းဖြေရန် မြို့ထဲတွင် လှည့်ပတ်ကြည့်ရှုနေခဲ့သည်။

ကမ္ဘာကြီးသည် ဖရိုဖရဲဖြစ်နေသော်လည်း အပြင်စည်းမြို့မှာတော့ ဆရာသခင်ဓားအရှင်၏ ကာကွယ်ပေးမှုကြောင့် စည်ကားသိုက်မြိုက်နေဆဲပင်။

တစ်နာရီခန့်ကြာမှသာ ကုအန် အပြင်စည်းမြို့မှ ထွက်ခွာလာခဲ့ပြီး တောင်အောက်သို့ဆင်းကာ အစိမ်းရောင်သူရဲကောင်းအဖြစ် သူရဲကောင်းလုပ်ခဲ့လေသည်။

….

ဆောင်းကုန်ကာ နွေဦးလည်းကူးသွားခဲ့ပြီး နောက်နွေရာသီသို့ ရောက်လာခဲ့၏။

မိစ္ဆာသခင်သေဆုံးသွားမှုက ကမ္ဘာကြီးအပေါ် သက်ရောက်မှု မရှိခဲ့ဘဲ မိစ္ဆာကပ်ဘေးမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ မဟာမိစ္ဆာဘုရင်များမှာလည်း ထွက်ပေါ်လာနေဆဲပင်။ သို့သော် မိစ္ဆာဧကရာဇ်နှင့် မိစ္ဆာဘိုးဘေးမှာတော့ ပေါ်မလာသေးပေ။

ကုအန်၏ နေ့ရက်များမှာ အလွန်အလုပ်ရှုပ်နေခဲ့သည်။ သူသည် ရံဖန်ရံခါဆိုသလို တောင်အောက်သို့ဆင်း၍ မိစ္ဆာများကို သတ်ဖြတ်ရရုံသာမက ဆေးပင်များလည်း ခူးရသေးသည်။ ထိုမျှအလုပ်ရှုပ်နေသော်လည်း သူ့သက်တမ်းများအလွန်လျင်မြန်စွာ တိုးတက်လာသောကြောင့် ကုအန် စိတ်ညစ်မနေခဲ့ပေ။

ထိုနေ့တွင် ကုအန် မြို့လေးတစ်မြို့ရှိ မိစ္ဆာများကို သတ်ဖြတ်ခဲ့ပြီး သူ့ဓားရှိမိစ္ဆာသွေးများကို ဆေးကြောရန် အနီးရှိ မြစ်ငယ်လေးတစ်စင်းဆီ ရောက်ရှိလာခဲ့သည်။

ထိုအခိုက်တွင် သူတစ်ခုခုကို အာရုံခံလိုက်မိပြီး သူ့အကြည့်က အဝေးဆီ ရောက်ရှိသွားခဲ့၏။

မြောက်ပင်လယ်တောင်တန်းဒေသ အစွန်အဖျားတစ်နေရာတွင် ကျင့်ကြံသူတစ်စု ပြင်းထန်စွာတိုက်ခိုက်နေခဲ့ကြသည်။

စုဟန်သည် သူ့အရိုးဓားကိုဆွဲကာ ဝူကျဲနှင့်တိုက်ခိုက်နေခဲ့ကြ၏။ သူတို့တိုက်ပွဲသည် တောအုပ်အထက်ရှိ လေထဲတွင် ဖြစ်နေခြင်းဖြစ်ကာ ခပ်လှမ်းလှမ်းတွင်တော့ ကျိုးမိသားစု၀င်များနှင့် မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ဖော်တို့ တိုက်ခိုက်နေခဲ့ကြ၏။

စုဟန် သူ့အရိုးဓားဖြင့် လွှဲကာ ခုတ်နေပြီး သူ့အရှိန်အဝါက ကောင်းကင်ထက်ထိုးတက်နေရင်း မျက်‌ေမှာင်ကြုံ့နေမိသည်။

တစ်ဖက်လူသည် စိတ်ဝိညဉ်အခြေတည်အဆင့် ၁သာ ရှိသေးသော်လည်း အဘယ်ကြောင့် ရင်ဆိုင်ရ အလွန်ခက်ခဲနေရသနည်း။

ယခုအခါ စုဟန်သည် နတ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်နေပြီဖြစ်ကာ အာဃာတကောင်းကင်နတ်ဓားသိုင်း နှင့် ကြမ္မာဆန့်ကျင်နတ်ကျင့်စဉ် ပေါင်းစပ်မှုကြောင့် သူသည် နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများကိုပင် ဖိအားမရှိ ရင်ဆိုင်‌နိုင်နေပြီ ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်မှာတော့ မတူပေ။

သူသည် ဤသူ့ထက်နိမ့်သော ကျင့်ကြံသူကိုပင် အချိန်ခဏလေးအတွင်း အနိုင်မယူနိုင်ခဲ့ပေ။

ဝူကျဲ၏ လက်သီးနှင့်ခြေကန်ချက်များသည် လေလိုဖြစ်နေခဲ့သည်။ သူ့လက်သီးချက်ကြီးများ ကျလာတိုင်း နေလုံးကြီး သူ့ဆီ ကျရောက်လာသလိုခံစားနေရပြီး လက်သီးချက်များမှာ လွှမ်းမိုးနိုင်လွန်းသောကြောင့် သူပင် ထိပ်တိုက်ရင်မဆိုင်ဝံ့ပေ။

စုဟန်နှင့် မတူဘဲ ဝူကျဲမှာတော့ အလွန်စိတ်လှုပ်ရှားနေပြီး အော်ဟစ်၍ပင် တိုက်ခိုက်နေခဲ့သည်။

အဝေးရှိ ကျိုးယု မှာတော့ တိုက်ပွဲကို စိတ်ကျေနပ်နေဟန်ဖြင့် ကြည့်ရှုနေခဲ့သည်။ သူသည် တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ ဖြစ်သောကြောင့် သူတစ်‌ယောက်တည်းနှင့် မြေအောက်ကမ္ဘာမိစ္ဆာ ၁၃ ဖော်ထဲမှ ခြောက်ယောက်ကို ထိန်းထားနိုင်ခဲ့၏။

ကျိုးမိသားစုသည် အပြင်ခန္ဓာကျင့်ကြံခြင်းကို အထူးပြုကျင့်ကြံသူများ ဖြစ်ကြကာ ခန္ဓာကိုယ်ကို လက်နက်အဖြစ်အသုံးပြုကြသူများ ဖြစ်ကြသည်။

“ဆေးကိုအာရုံစိုက် နတ်ဘုရားကိုထိန်းချုပ်ဖို့ ချီကိုသုံး ခန္ဓာကိုယ်ကလက်နက် လက်နက်က အဟုန်!”

ကျိုးယု၏ အသံသည် ကောင်းကင်နှင့်မြေပြင်ကိုဖြတ်၍ မိုးခြိမ်းသံကြီးနှယ် ဟိန်းထွက်လာခဲ့၏။

ထိုစကားကိုကြားသောအခါ ဝူကျဲ၏မျက်လုံးများ ရုတ်တရက်မှိတ်သွားခဲ့လေသည်။ သူ့လက်သီးများမှာ ပို၍နှေးလာခဲ့သော်လည်း ဖိအားနှင့် အဟုန်မှာ ပိုအားကောင်းလာခဲ့သည်။

စုဟန် လက်သီးချက်ကို ရှောင်ရှားရင်း လေထဲမှ သစ်ပင်တစ်ပင်ရှေ့သို့ ကျသွားခဲ့၏။ ထို့နောက် သူ့ဓားမှ အနက်ရောင်ဓားချီများ သောင်းနှင့်ချီ၍ အရူးအမူးထုတ်လွှတ်လိုက်ကာ ဓားချီများသည် သစ်ရွက်ကြွေများနှယ် ဝူကျဲဆီ ပြေး၀င်သွားခဲ့လေသည်။

ဝူကျဲလေထဲတွင် ရပ်နေရင်း သူ့ညာခြေကို မြှောက်လိုက်၏။ ထို့နောက် ခြေကန်ချက်များမှ မိုးရေစက်များနှယ် ခြေထောက်အရိပ်များ ထွက်ပေါ်လာပြီး ဓားချီများကို ချေဖျက်သွားခဲ့သည်။

ဝုန်းးးး!

လေလှိုင်းများ ပေါက်ကွဲသွားမှုကြောင့် ဝူကျဲ နောက်ဆုတ်လိုက်ရပြီး ချောက်ကမ်းပါးတစ်ခုပေါ် ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။

စုဟန်မှာတော့လေလှိုင်းများကို ဓားဖြင့်သာ ကာကွယ်လိုက်ပြီး နောက်မဆုတ်ခဲ့ပေ။ သို့သော် သူ့မျက်လုံးများမှာတော့ ပြူးကျယ်သွားပြီး မမေးဘဲ မနေနိုင်တော့ပေ။

“လေဟုန်ကြွင်းခြေထောက်သိုင်း! မင်းကိုဘယ်သူသင်ပေးထားတာလဲ”

ဝူကျဲ မျက်လုံးများ ပွင့်လာကာ သူ့ကိုကြည့်လိုက်ပြီး ပြောလိုက်၏။

“လေဟုန်ကြွင်းခြေထောက်သိုင်း မဟုတ်ဘူး ဒါက လေပြင်းအရိပ်မဲ့ခြေထောက်သိုင်း ငါ့ကို ငါ့ညီကိုက သင်ပေးထားတာ”

“မင်းညီအစ်ကိုက ဘယ်သူလဲ”

စုဟန်လည်း အဓိပတိဂိုဏ်းက ဖြစ်ခဲ့ဖူးတာကို တွေးမိပြီး ဝူကျဲ ဖြေလိုက်သည်။

“ငါ့ညီကိုက ကုအန်လေ မင်းသူ့ကိုသိလို့လား”

ထိုစကားကြောင့်စုဟန်၏ အမူအရာ ရုတ်ချည်းပြောင်းလဲသွားကာ ဓားကိုပြန်သိမ်းလိုက်၏။

ထိုသည်ကို မြင်သောအခါ စုဟန်နှင့် ကုအန်တွင် ဆက်သွယ်မှုတစ်ခုခုရှိရမည်ဟု တွေးမိပြီး ဝူကျဲ ပြောလိုက်သည်။

“မင်းမှာ ကုအန်နဲ့ဘယ်လိုဆက်ဆံရေးပဲရှိရှိ ကိစ္စမရှိဘူး ဒါပေမယ့် သူ့ကိုတော့ ပစ်မှတ်မထားမိစေနဲ့ မဟုတ်ရင် မင်းကိုငါ ချမ်းသာပေးမှာ မဟုတ်ဘူး”

ဝူကျဲ၏စကားများကြောင့် စုဟန် ဒေါသထွက်မသွားခဲ့ပေ။ တတိယတောင်ကြားတွင် နေခဲ့ရသော အချိန်များမှာ သူ့ဘ၀တွင် တန်ဖိုးအထားရဆုံးသော အချိန်များ ဖြစ်ကြ၏။ သူ့ဆရာက သူ့ကျင့်ကြံခြင်းကို လက်လျှော့ရန် ပြောဖူးသော်လည်း သူ့ဆရာသည် သူ့ကိုကောင်းစေရန် ပြောခြင်းဖြစ်သောကြောင့် သူစိတ်မဆိုးနိုင်ခဲ့ပေ။ သို့သော်လည်း အဓိပတိဂိုဏ်းကိုယုံကြည်ပြီး သူ့အမုန်းတရားများကိုတော့ သူလွှတ်မချနိုင်ခဲ့ပေ။

“တစ္ဆေမိခင် သွားရအောင် ကျွန်တော်တို့ နောက်ထပ်ရွှေစာရင်းက ပါရမီရှင်တွေကိုသွားရှာမယ်”

စုဟန် အော်ပြောလိုက်ရင်း ဝူကျဲကို စိုက်ကြည့်နေခဲ့ကာ ထိုလူ့တွင် အန်းဟောင်ထက် အောက်မကျသော ‌ပါရမီရှိသည်ဟု တွေးနေမိသည်။

ထိုကဲ့သို့ ပါရမီရှင်သူငယ်ချင်းမျိုးရှိနေခြင်းမှာ ကုအန် အတွက်ကံကောင်းခြင်း ဖြစ်၏။

“သွားရအောင်”

တစ္ဆေမိခင်၏ အသံထွက်ပေါ်လာသောအခါ မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ ဖော်လည်း ပြန်ဆုတ်လိုက်ကြလေသည်။

ကျိုးယု လည်းလက်ကာပြလိုက်ပြီး ထိုလူများနောက် မလိုက်ဖို့ အချက်ပြလိုက်၏။

ဝူကျဲ ဆုတ်ခွာသွားသော စုဟန်၏ ပုံရိပ်ကိုကြည့်နေရင်း အော်မမေးဘဲ မနေနိုင်တော့ပေ။

“မင်းနဲ့ ကုအန်ရဲ့ ဆက်ဆံရေးက ဘာလဲ”

စုဟန် လှည့်မကြည့်သလို ပြန်လည်းမဖြေခဲ့ပေ။

တစ်နေရာတွင်

ကုအန် သူ့နတ်အာရုံအရ တစ္ဆေမိခင်သည် စုဟန်ကို ဆန့်ကျင်တိုက်ခိုက်တော့မည်ဖြစ်မှန်း သတိထားမိနေခဲ့သည်။ ဤနှစ်များအတွင်း စုဟန်၏ ကျင့်ကြံခြင်းသည် အလျင်အမြန်တိုးတက်လာသော်လည်း သူ့အရှိန်အဝါမှာတော့ အချိန်မရွေး ကျင့်ကြံခြင်းဖောက်ပြန်တော့မလို မတည်မငြိမ်ဖြစ်လာနေခဲ့၏။

ယခုအခါ စုဟန်သည် သူ့နောက်ကိုလိုက်သော သူများကိုသာ ပြန်အမဲလိုက်ခြင်းမဟုတ်ဘဲ အပြစ်ကင်းသော ရွှေစာရင်းက ပါရမီရှင်များကိုပါ အမဲလိုက်နေပြီ ဖြစ်သောကြောင့် မိစ္ဆာလမ်းစဉ်ထဲ လုံးလုံး ကျရောက်သွားပြီဖြစ်မှန်း ထင်ရှားလှသည်။

ကုအန်လည်း ထိုနေရာတွင် ကြာကြာမနေဘဲ သူ့ဓားကိုဆေးပြီးသည့်နောက် ခရီးဆက်ခဲ့လိုက်၏။

ကမ္ဘာကြီးသည် ဖရိုဖရဲဖြစ်နေကာ အချို့က သတ်ဖြတ်၍ အချို့က ကယ်တင်နေကြလေသည်။ ကုအန်မှာတော့ သူ့စည်းမျဉ်းများကို မချိုးဖျက်ဘဲ သက်တမ်းသာ ရနိုင်သလောက် စုဆောင်းလို၏။

……

အလင်းရောင်ခပ်မှိန်မှိန်သာ ရှိသော မြေအောက်နေရာ တစ်ခုတွင် မီးရောင်က တဖြတ်ဖြတ်ခါနေခဲ့ပြီး အရိပ်များက ကျောက်နံရံတွင် ထင်ဟပ်နေခဲ့သည်။

ခန်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင်လည်း ကျောက်တိုင်များ စိုက်ထူထားခဲ့၏။ထိုစဉ် ကြေးခွံနီ မြွေတစ်ကောင်သည် ခန်းမထဲသို့ လျောတိုက်၍ ၀င်လာခဲ့ပြီး လှေကား၏ အောက်ခြေတွင် ရပ်သွားခဲ့သည်။ ထို့နောက် သူ့မြွေခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး ကျောက်တုံးလှေကားထိပ်ရှိ ကျောက်ကုလားထိုင်ကြီးပေါ်သို့ လှမ်းကြည့်လိုက်၏။

“အရှင်မင်းကြီး ဘုရင်မင်ကျင်း က ထျန်းဝေမင်းဆက်အပေါ် ကတိချိုးဖျက်လိုက်ပြီ မဟာကျင်းမင်းဆက်ကျဆုံးဖို့က အချိန်ဘယ်လောက်မှ မလိုတော့ပါဘူး”

ကြေးခွံနီမြွေသည် လူသားဘာသာစကားကိုပြောလိုက်ပြီး သူ့အသံသည် နူးညံ့သိမ်မွေ့လှသည့် အမျိုးသမီးတစ်ယောက်အသံ ဖြစ်သည်။

ကျောက်ကုလားထိုင်ထက်ရှ်ိ ထွားကြိုင်းလှသော ပုံရိပ်ကြီးသည် ခပ်ပွပွ ခရမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားသော မိစ္ဆာဧကရာဇ်ဖြစ်၏။ သူ့လည်ပင်းတွင်မူ အရိုးခေါင်းလည်ဆွဲတစ်ကုံးကို ဆွဲထားကာ သူ့မျက်နှာသည် လူသားနှင့်တူလှပြီး ပါးတွင် အနီရောင်အမွှေးများ ရှိနေခဲ့သည်။ သူ့မျက်လုံးများမှာ လင်းယုန်မျက်လုံးများနှင့်တူပြီး ခေါင်းတွင် ထူထဲနက်မှောင်သော ဆံပင်များနှင့် ဦးချိုနှစ်ချောင်း ရှိ၏။

သူသည် ကုလားထိုင်ပေါ်တွင် တောင်ငယ်လေးတစ်လုံးနှယ် ထိုင်နေပြီး ထိုင်နေသည့်သူ့ပုံမှာပင် ကြောက်စရာကောင်းသော စွမ်းအားများကို သယ်ဆောင်ထားသလိုပင်။

မိစ္ဆာဧကရာဇ် ကြေးခွံနီမြွေကို ငုံ့ကြည့်လိုက်ပြီး နှေးကွေးစွာ ပြောလိုက်သည်။

“မိစ္ဆာဘိုးဘေး တံခါးပိတ်ကျင့်ကြံနေရာက ထွက်လာပြီလား”

ကြေးခွံနီမြွေ ပြောလိုက်သည်။

“ထွက်မလာသေးပါဘူးသူ့လိုအပ်ချက်ကတော့ ပိုတိုးလာတယ် အခုဆိုသူက သူ့ကိုစောင့်ပေးနေတဲ့ မိစ္ဆာတွေကိုတောင် ဝါးမြိုပစ်နေပြီ…”

မိစ္ဆာဧကရာဇ်၏ မျက်လုံးများ မှေးကျဉ်းသွားပြီး အတွေးနစ်သွားခဲ့၏။

ကြေးခွံနီမြွေ ဆက်ပြောလိုက်သည်။

“အရှင်မင်းကြီး မင်းဆက်သုံးခုကို သိမ်းပိုက်ဖို့ မိစ္ဆာဘိုးဘေးရဲ့ စွမ်းအားမလိုဘူးလို့ ကျွန်မထင်တယ် တကယ်လို့ အရှင်မင်းကြီးကသာ ဆရာသခင်ဓားအရှင်ကို သတ်နိုင်ရင် ရွှမ်ထျန်းယီ တာအိုအရှင်နဲ့ အမတတာအိုပညာရှင် ကလုံး၀ ခြိမ်းခြောက်မှု မဟုတ်ပါဘူး မိစ္ဆာဘိုးဘေးက အရမ်းထူးဆန်းလွန်းတယ် ကျွန်မ ခံစားချက်တစ်ခုရှိ…”

“ဘာခံစားချက်လဲ”

“မိစ္ဆာဘိုးဘေးက ကျွန်မတို့အတွက်လည်း ကပ်ဘေးတစ်ခု ဖြစ်လာမယ်ဆိုတဲ့ ခံစားချက်…”

ပြောပြီးသည့်နောက် သူမိစ္ဆာဧကရာဇ်ကို သေချာကြည့်နေခဲ့၏။

မိစ္ဆာဧကရာဇ်အမူအရာပြောင်းလဲသွားပုံမရဘဲ ပြောလိုက်သည်။

“အဲ့တာက ကပ်ဘေးဟုတ်မဟုတ် မိစ္ဆာဘိုးဘေးထွက်လာရင် သိရမှာပါ”

ကြေးခွံနီ တစ်ခုခုကို တွေးလိုက်မိပြီး အမြန်မေးလိုက်၏။

“အရှင်မင်းကြီးက သူ့ကိုလူသားတွေနဲ့ အရင်တိုက်ခိုက်ခိုင်းဖို့ စီစဉ်ထားတာလား”

မိစ္ဆာဧကရာဇ် ဖြေရမယ့်အစား ထပ်မေးလိုက်သည်။

“အဲ့ဒီမိစ္ဆာဘုရင်တွေကို အဆင့်ချိုးဖျက်ဖို့ ဘယ်သူကူညီပေးနေတယ်ဆိုတာ မင်းရှာတွေ့ပြီးပြီလား”

“မတွေ့သေးပါဘူး အဲ့ဒီမိစ္ဆာဘုရင်တွေက မပြောကြဘူး အရှင်မင်းကြီး သူတို့မှာလည်း ကိုယ်ပိုင်အကြံအစည်တွေရှိနေတာ အရှင်မင်းကြီးသိပါတယ် ဒါပေမယ့် ကျွန်မတစ်ခုခုကို ရှာတွေ့ခဲ့တယ်”

“ဘာတစ်ခုခုလဲ”

“နှစ်ပေါင်း ၅၀၀၀၀ ကြာစည်းပိတ်ခံထားရတဲ့ မကောင်းဆိုးဝါးမိစ္ဆာက စည်းကိုချိုးဖျက်လာတော့မယ်”

ထိုစကားကိုကြားသောအခါ မိစ္ဆာဧကရာဇ်ရုတ်တရက် ထရပ်လိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားကာ မေးလိုက်၏။

“အမှန်ပဲလား”

ကြေးခွံနီမြွေ ပြန်ပြောလိုက်သည်။

“မြေကြီးထဲကနေ မိစ္ဆာချီတွေ ပိုပြီး ပိုပြီးထွက်လာနေတယ် အဲ့ဒီသတင်းက မှန်နိုင်ချေများတယ် ဒါပေမယ့် မကောင်းဆိုးဝါးမိစ္ဆာရဲ့ တည်နေရာအတိအကျကိုတော့ ကျွန်မတို့ မသိဘူး”

မိစ္ဆာဧကရာဇ်တစ်ခုခုကို တွေးနေဟန်ဖြင့် ပြောလိုက်၏။

“မိစ္ဆာဘိုးဘေးပြန်လည်ရှင်သန်လာတယ် မကောင်းဆိုးဝါးမိစ္ဆာကလွတ်လာတော့မယ် နောက်ပြီး တိုက်ဆိုင်မှုတွေ အများကြီးလည်း ပေါ်လာတယ် မိစ္ဆာသခင်သေသွားတာ နှမြောစရာပဲ မဟုတ်ရင် ငါတို့သူ့ကို အများကြီးစမ်းသပ်ကြည့်ခိုင်းလို့ ရတယ်”

“အဲ့လိုပြောမှပဲ သူလည်းသနားစရာကောင်းပါတယ် သူသေသွားတာတောင် ဘယ်သူမှ သူ့အတွက် ကလဲ့စားချေပေးဖို့ မလုပ်ကြဘူး သူ့ရဲ့ အမည်ခံ ဆရာသခင်ဆိုတာလည်း သူ့ကို နယ်ရုပ်လို အသုံးချခဲ့ပုံပါပဲ”

ကြေးခွံနီမြွေ ထိုအကြောင်းကို ၀င်မပြောလိုဟန်ဖြင့် တိတ်ဆိတ်နေခဲ့၏။

“မင်းအဓိပတိဂိုဏ်းကိုသွားပြီး ဆရာသခင်ဓားအရှင်ကို အမှာစကားပါးဖို့ နည်းလမ်းရှာခဲ့” မိစ္ဆာဧကရာဇ် အမိန့်ပေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ကြေးခွံနီမြွေ တုန်ရီသွားပြီး အမြန်ပြောလိုက်၏။

“အရှင်မင်းကြီး ကျွန်မ…”

“ဟမ်!”

မိစ္ဆာဧကရာဇ်ဖြတ်ပြောလိုက်ပြီး ထရပ်လိုက်သောအခါ သူ့ကိုယ်ထဲမှ ကြောက်မက်ဖွယ် မိစ္ဆာချီများ ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားးခဲ့သည်။

ကြေးခွံနီမြွေလည်း ရွေးချယ်စရာမရှိတော့ဘဲ ခေါင်းငုံ့လိုက်ကာ ခန်းမထဲမှ လျှောတိုက်ပြီးသာ ထွက်သွားခဲ့ရ၏။

….

ညနေစောင်းချိန်တွင်

ကုအန် တတိယတောင်ကြားသို့ တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် ရောက်ရှိလာခဲ့ပြီး ယနေ့ကြုံတွေ့လာခဲ့ရသော ကိစ္စများကြောင့် သူ့မျက်နှာသည် အနည်းငယ် မှုန်မှိုင်းနေခဲ့သည်။ ယနေ့ကြုံတွေ့ခဲ့ရသော ကိစ္စများကြောင့် သူလူသားသဘာ၀ကို ပြန်တွေးမိသွားပြီး စိတ်မကြည်ဖြစ်နေခဲ့ရ၏။

မိစ္ဆာကပ်ဘေးပေါ်ပေါက်လာပြီးကတည်းက သူလူသားများအပေါ် အထင်အမြင်သေးမှုသည် မိစ္ဆာများအပေါ် အထင်အမြင်သေးမှုထက်ပင် ကျော်လွန်သွားခဲ့ရသည်။

လူသားများနှင့် မိစ္ဆာများကြားစစ်ပွဲသည် ရှင်သန်လိုမှုအတွက် မျိုးနွယ်စုနှစ်ခု တိုက်ခိုက်ရသော စစ်ပွဲသက်သက်သာဖြစ်ပြီး လူသားဆန်မှုတို့ ကိုယ်ကျင့်သိက္ခာတို့ ပါ၀င်သောအရာမဟုတ်ပေ။

သို့သော် ထိုသို့သော ကပ်ဘေးကာလမျိုးတွင် ဖြစ်ပွားသော အတွင်းပိုင်းဝိရောဓိများကတော့ အတော်လေး စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်။

ကုအန် ထိုအတွေးများဖြင့် သူ့အိမ်သို့ လမ်းလျှောက်သွားနေစဉ် အိမ်ထဲတွင် သူ့ကိုစောင့်နေသော တစ်ယောက်ယောက်က ရောက်နေခဲ့လေပြီ။

All Chapters