အခန်း (၁၈၅-၁၈၆)
Vol. 15 Ch. 185-186
အပိုင်း(၁၈၅)
ဆရာသခင်
ကျန်းပုကူ စာကလေး နောက်မှ တောအုပ်ကိုဖြတ်၍ လိုက်လာခဲ့သည်။ သူ့ဒဏ်ရာများလည်း အလွန်ဆိုးဝါးနေသော်လည်း သူ့ခန္ဓာကိုယ်မှာ အတော်လေး သန်မာလှပေသည်။ သူအရင်ကလည်း ထိုကဲ့သို့သော ဒဏ်ရာများ ရဖူးပြီး ဒဏ်ရာကိုကုသရန် တစ်လခန့်သာ လိုခဲ့၏။
သို့သော် ဤခရီးစတင်ကတည်းက သူတစ်ခါမှ ကောင်းကောင်းမနားခဲ့ရသောကြောင့် သူစတင် ပင်ပန်းလာမိသည်။ ပင်ပန်းနွမ်းနွယ်မှုက လှိုင်းလုံးများနှယ် ထိုးတက်လာပြီး သူ့စိတ်၏ ကြံ့ခိုင်မှု စမ်းသပ်နေခဲ့၏။ မိုင်ပေါင်းများစွာ လမ်းလျှောက်ပြီးသည့်နောက်တွင်တော့ သူရောက်ရာနေရာတွင် လှဲ၍ အိပ်ချင်စိတ်သာ ရှိတော့သည်။
သို့သော် စာကလေးက သူ့ရှေ့မှ အတင်းအော်ကာ နှိုးဆော်နေသဖြင့် သူ့တွင် ဆက်သွားရန်မှလွဲ၍ ရွေးစရာမရှ်ိပေ။
တဖြည်းဖြည်းနှင့် ကျန်းပုကူ၏ မျက်ခွံများလေးလံလာကာ သူ့ခြေထောက်ကိုပင် မသယ်နိုင်အောင် ဖြစ်လာခဲ့ရသည်။
ကုအန်သူ့ကိုမကူညီခဲ့ဘဲ ရှေ့မှသာ အော်၍ နှိုးဆော်ပေးနေခဲ့သည်။
အချိန်မည်မျှကြာသွားသလဲ မသိခဲ့ပေ။
နောက်ဆုံးတွင် ကျန်းပုကူ တောင့်မခံနိုင်တော့ဘဲ တောင်ခါးပန်းတစ်ခုတွင် လဲကျကာ အသိစိတ်ပျောက်ဆုံးသွားခဲ့ရလေသည်။
နေ၀င်ကာ လထွက်လာခဲ့၏။
ညတစ်ညကုန်ဆုံးသွားခဲ့သည်။
ထိုစဉ် ကျန်းပုကူ၏ မျက်ခွံများ လှုပ်လာခဲ့၏။ အသိစိတ်လည်း တဖြည်းဖြည်းပြန်၀င်လာပြီး သူ့မျက်လုံးများ ပွင့်လာခဲ့လေသည်။ နေရောင်က သူ့ကိုယ်ပေါ် ထိုးကျနေပြီး နွေးထွေးမှုကိုလည်း ခံစားနေခဲ့ရ၏။
ကျန်းပုကူသူ့ပါးစပ်ကို ဟလိုက်မိရာ လည်ချောင်းတွင်းတွင် ချောက်ကပ်နေပြီး ရေဆာနေမှုကို ခံစားလိုက်ရသည်။ သူခက်ခက်ခဲခဲ ထရပ်လိုက်ပြီး မနေ့ကသူ့ကို ဤနေရာဆီခေါ်လာခဲ့သော စာကလေးကို ရှာကြည့်လိုက်ရာ စာကလေးကို ဘယ်နေရာမှာမှ မတွေ့ရတော့ပေ။
သူ့မျက်ခုံးများတွန့်ကွေးသွားခဲ့ပြီး တောင်ပေါ်မှဆင်းကာ သူ့ဒဏ်ရာများကို ဆေးကြောဖို့ နေရာတစ်နေရာရှာဖို့ ပြင်ဆင်လိုက်၏။
ထိုစဉ် ကျန်းပုကူ သူတစ်ခါမှ မကြုံခဲ့ဖူးသော မိစ္ဆာချီတစ်ခုကို အာရုံခံလိုက်မိလေသည်။
တခဏတွန့်ဆုတ်သွားပြီးနောက် သူရှေ့ဘက်သို့ လျှောက်သွားခဲ့၏။
တောင်ခါးပန်းတွင်လျှောက်ကြည့်လိုက်ပြီး ကျောက်နံရံတစ်ခုရှေ့တွင်ရှိေနေသာ မြက်ပင်များကို ဖယ်ရှားလိုက်သောအခါ ဂူငယ်ေလးတစ်လံုးဧ။် ၀င်ပေါက်ကို တွေ့လိုက်ရလေသည်။
ထို့ကြောင့် သူဂူငယ်လေးထဲသို့ ၀င်သွားခဲ့၏။
တစ်ညတာ အနားယူပြီးသည့်နောက် သူ့ခွန်အားသည် အတော်လေး ပြန်ပြည့်နေလေပြီ။
အချိန်အတန်ကြာ ဂူငယ်လေးထဲတွင် တွားသွားသွားပြီးသည့်နောက်တွင် ကျန်းပုကူ မြေအောက်ခန်းကျယ်ကြီးတစ်ခုထဲသို့ ရောက်ရှိသွားခဲ့လေသည်။
ဂူအခန်းထဲသို့ ဆင်းသက်ပြီးသည့်နောက်တွင် ကျန်းပုကူဂူထဲရှ်ိ ချောမွတ်နေသော ကျောက်ပြားတစ်ချပ်ပေါ်တွင် တင်ထားသည့် လူဦးေခါင်းအရွယ်ရှိေသာ အနီရောင်တောက်နေသည့် မိစ္ဆာအမြုတေကို တွေ့လိုက်ရ၏။
မိစ္ဆာအမြုတေကို တွေ့လိုက်ရသောအခါ ကျန်းပုကူ မျက်နှာပေါ်တွင် လောဘတက်သွားသော အမူအရာများ ပေါ်လာခဲ့လေသည်။
သူတစ်လှမ်းချင်းလျှောက်သွားကာ တုန်ယင်နေသော လက်များဖြင့် မိစ္ဆာအမြုတေကို ကောက်ကိုင်လိုက်၏။
တစ်နေရာတွင်
ကုအန် နတ်အာရုံကိုသုံးကာ ကျန်းပုကူကို ကြည့်ရှုနေခဲ့သည်။
ထိုမိစ္ဆာအမြုတေသည် ခေါင်းခြောက်လုံးပင်လယ်နဂါး၏ အမြုတေသာ ဖြစ်၏။
မဟာယနအဆင့်တစ်ယောက်၏ မိစ္ဆာအမြုတေသည် ကျန်းပုကူအတွက် ကံကြမ္မာကို ဆန့်ကျင်ကာ ပြောင်းလဲပစ်ဖို့ လုံလောက်ပေသည်။
သို့သော် ကျန်းပုကူ၏ လက်ရှိအဆင့်အရ မိစ္ဆာအမြုတေထဲရှိ စွမ်းအားကို တောင့်ခံနိုင်မလားဆိုတာတော့ မသေချာပေ။
အကယ်၍ သူတောင့်မခံနိုင်ရင်တော့ ကုအန် ၀င်ပါရပေဦးမည်။
ကုအန်၏ နတ်အာရုံအောက်တွင် ကျန်းပုကူသည် အမြုတေကို လက်ထဲတွင်ကိုင်ထားပြီး စုပ်ယူကာ ကျင့်ကြံလေတော့သည်။ စုပ်ယူနေစဉ်တွင် သူ့တစ်ကိုယ်လုံး တုန်ခါနေခဲ့ကာ သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများသည် သွေးချီများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။ သူ့မျက်နှာသည် ရှုံ့မဲ့နေပြီး သူ့အရေပြားမှာလည်း မြင်သာသော အလျင်ဖြင့် နီရဲလာခဲ့သည်။
နာလိုက်တာ!
ကျန်းပုကူ အံကိုတင်းတင်းကြိတ်ထားမိသည်။ ဤနှစ်များအတွင်း သူကြုံတွေ့ခဲ့ရသော ခက်ခဲမှုများကို စဉ်းစားမိပြီး သူဤအခွင့်အရေးကို အရယူမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
သူ ဤအမြုတေ၏ အဆင့်မြင့်မှုကိုလည်း ခံစားမိနေပြီး သူ့တစ်ဘ၀လုံး တွေ့ဖူးသမျှထဲ အဆင့်အမြင့်ဆုံးအရာပင် ဖြစ်နိုင်ပေသည်။
အကယ်၍သူသာ ဤအမြုတေကိုစုပ်ယူနိုင်ခဲ့ပါက သံသယကင်းစွာပင် သူသည် ပြန်လည်မွေးဖွားသလို ပြောင်းလဲသွားခဲ့ပေလိမ့်မည်။
သူ့အမူအရာသည် ပို၍ ရှုံ့မဲ့လာကာ သူ့မျက်လုံးတွင်လည်း သွေးများဖြင့် ပြည့်နှက်လာခဲ့၏။ သူ့ကိုယ်မှ သွေးချီများ ထွက်ပေါ်နေပြီး ထိုသွေးချီများက သူ့နောက်တွင် ခေါင်းခြောက်လုံးပင်လယ်နဂါး၏ ပုံရိပ်ကြီး အဖြစ် ဖြစ်ပေါ်နေခဲ့လေသည်။
….
ညနေတွင်
ကုအန် ဆန်းကြယ်တောင်ကြားပြန်ရောက်လာခဲ့ပြီး လမ်းတွင်တွေ့သမျှတပည့်တိုင်းက သူ့ကို နှုတ်ဆက်ခဲ့ကြ၏။
“စီနီယာအစ်ကိုကြီး စီနီယာအစ်ကိုလီယ ပြန်လာပြီ” လုကျိကျား ကုအန်ကို ပြောလိုက်သည်။ ကုအန်လည်း သူ့ကိုခေါင်းညိတ်ပြလိုက်ပြီး သူ့အိမ်ဆီ ဦးတည်သွားခဲ့၏။
တကယ်တော့ လီယ သုံးပါးတစ်ဆူတောင်မှထွက်လာကာ အဓိပတိဂိုဏ်းဆီ ပြန်လာနေကတည်းက ကုအန်သူ့ကို သတိထားမိနေတာ ဖြစ်သည်။
လမ်းတစ်လျှောက်လုံးတွင် လီယသည် မိစ္ဆာများကို သတ်ဖြတ်ခြင်း ရန်ငြှိုးများကိုဖြေရှင်းခြင်းကဲ့သို့သော ကိစ္စများစွာကို ကြုံတွေ့လာခဲ့ရသည်။ ကြည့်ရသည်မှာ သူတို့တွင် အလွန်ရှည်လျားသော စကားဝိုင်းကြီး ဖြစ်လာတော့မည့် ပုံပင်။
ကုအန် အပေါ်ထပ်တက်ပြီး အခန်းထဲ၀င်လိုက်သောအခါ လီယ သည်သူ့စားပွဲတွင် စာရေးနေသည်ကို တွေ့လိုက်ရ၏။
လီယသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉ သို့ပင် ရောက်နေပြီဖြစ်သည်။ သို့သော် သူ့သက်တမ်းအကန့်အသတ်မှာတော့ တိုးမလာခဲ့ပေ။
လီရွှမ်တောက်နှင့် ယှဉ်ပါက သူသည် ပါရမီနည်းပါးရုံသာမက ကံလည်းနည်းလှသည်။
ကံကောင်းစွာဖြင့် လီယသည် သူ့အဖေမည်မျှစွမ်းအားကြီးမှန်းသိမထားဘဲ သူ့ကိုယ်သူ ယုံကြည်မှုရှိနေသေးသည်။
ကုအန် တံခါးကိုပိတ်လိုက်ကာ ပြုံး၍ မေးလိုက်၏။
“စီနီယာအစ်ကိုလီ မတွေ့တာကြာပြီနော် ဘာတွေရေးနေတာလဲ”
လီယသူ့ကိုမော့ကြည့်ကာ ပြောလိုက်သည်။
“ငါက မင်းသက်တမ်းကို ဆွဲဆန့်ပေးနိုင်မယ့် အပြင်ခန္ဓာကျင့်စဉ်တစ်ခုကို ရေးနေတာကွ”
ကုအန်လည်း စိတ်၀င်စားသွားပြီး ရှေ့တွင်၀င်ထိုင်ကာ လီယရေးနေသော အပြင်ခန္ဓာကျင့်စဉ်ကို ကြည့်လိုက်၏။
“မင်းဒီနှစ်တွေမှာ အဆင်ပြေရဲ့လား” လီယ ရေးနေရင်း မေးလိုက်သည်။
“အတော်လေးအဆင်ပြေပါတယ် အေးချမ်းပြီး တည်ငြိမ်တယ်” ကုအန် ဖြေလိုက်ပြီး လီယကိုလည်း ပြန်မေးလိုက်သည်။
ထိုအခါ လီယ သူ သုံးပါးတစ်ဆူတောင်တွင်ကျင့်ကြံခဲ့သော အတွေ့အကြုံများကို စတင်ပြောပြလေတော့သည်။
သူသုံးပါးတစ်ဆူတောင်သို့ ရောက်သောအခါ ထိုနေရာတွင် ကျင့်ကြံနေသော လီမိသားစု၀င် များစွာကို တွေ့ခဲ့ရ၏။ သူ့မိသားစု အကြီးအကဲများ၏ အကူအညီဖြင့် သူကောင်းကောင်းနေခဲ့ရကာ နတ်သိုင်းများစွာကိုလည်း သင်ခဲ့ရသည်။ အထူးသဖြင့် သူ့တာအိုနှလုံးသားသည် အရင်ကထက်ပိုပြီး ခိုင်မာလာခဲ့၏။ ယခုအခါ သူဓားပညာကို ထုတ်သုံးလိုက်ပါက သူ့ဓားချက်များတွင် တာအိုဆန္ဒကိုပါ ထည့်သွင်း၍ အသုံးပြုနိုင်နေပြီ ဖြစ်သည်။ ထိုတာအိုဆန္ဒကို အောင်မြင်သူသည် သုံးပါးတစ်ဆူတောင်တွင်ပင် အလွန်ရှားပါးလှပြီး သူတော်စင်ရွှမ်မြောင်ပင် မတတ်မြောက်ခဲ့ပေ။
ကုအန်လည်း သူ့ကိုယ်ထဲရှိ တာအိုဆန္ဒကို သတိထားမိခဲ့၏။ ထိုအရာသည် ဓားဆန္ဒနှင့်တူပြီး ဓားဆန္ဒထက်ပို၍ အဆင့်မြင့်ပေသည်။
ကြည့်ရသည်မှာ သံုးပါးတစ်ဆူေတာင်တွင် လီယ အတော်လေး အကျိုးရှိခဲ့ပုံပင်။
သုံးပါးတစ်ဆူတောင်အကြောင်းပြောပြီးသည့်နောက် လီယ သူလမ်းတစ်လျှောက်လုံးတွင် ကြုံခဲ့ရသော အဖြစ်အပျက်များကို ဆက်၍ပြောပြခဲ့သည်။
မိစ္ဆာကပ်ဘေးကို အခွင့်ကောင်းယူကာ ဆိုးသွမ်းယုတ်မာသော လုပ်ရပ်များ လုပ်နေကြသော ကျင့့်ကြံသူများကို လီယလည်း ကြုံတွေ့ခဲ့ရပြီး ထိုထဲမှ အချို့မှာ ဂုဏ်သရေရှိ ဂိုဏ်းများမှ ဖြစ်နေသောကြောင့် လီယ ပို၍ စိတ်တိုခဲ့ရသည်။
“အခုငါက မိစ္ဆာတွေကိုပဲသတ်တာမဟုတ်ဘူး လူတွေကိုလည်း သတ်ရတယ် လူအတော်များများက ငါ့ကိုပြောတယ် မိစ္ဆာကပ်ဘေးကို ခုခံဖို့ လိုသေးလို့ ဒီလူတွေကို သတ်လို့မဖြစ်ဖူးတဲ့ ငါကတော့ နားမထောင်ခဲ့ဘူး” လီယ အေးစက်စက်ပြောလိုက်၏။
ထို့နောက် သူကုအန်ကိုကြည့်ကာ မေးလိုက်သည်။
“ဂျူနီယာညီလေး မင်းဘယ်လိုထင်လဲ ငါမှားလား”
ကုအန် ပြန်ပြောလိုက်၏။
“ဘယ်လိုလုပ် မှားနိုင်မှာလဲ တကယ်လို့ အဲ့ဒီလူတွေသာ တကယ်ပဲ မိစ္ဆာကပ်ဘေးကို ခုခံချင်စိတ်ရှိရင် အခုလို ဆိုးရွားယုတ်မာတဲ့လုပ်ရပ်တွေကို လုပ်မှာမဟုတ်ဘူး အခုလို မကောင်းဆိုးဝါးဆန်ဆန် လုပ်ရပ်တွေကို လုပ်နေမှတော့ သူတို့က လူသားမျိုးနွယ်အတွက် အမှိုက်ပဲ ကျွန်တော်တော့ အစ်ကိုကြီးကို ထောက်ခံတယ်”
လီယမျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့၏။ သူ့ညီလေး သူ့ကိုနားလည်မည်မှန်း သူသိပေသည်။
ထို့နောက် သူ့လမ်းခရီးတလျှောက်အတွေ့အကြုံများကို ဆက်ပြောပြခဲ့ပြီး ကုအန်လည်း လေးလေးနက်နက်နားထောင်နေခဲ့သည်။
ဤနှစ်များအတွင်း ကုအန်တွင် အခြားမိတ်ဆွေများ ရှိလာခဲ့သလို အချစ်ရေးရာဆန်ဆန် ခံစားချက်များပင် ရှိလာခဲ့သော်လည်း လီယသည် သူ့စိတ်ထဲတွင် မြင့်မားသော နေရာတစ်ခုကို ယူထားဆဲပင်။
သူနှင့်လီယသည် အဓိပတိဂိုဏ်းသို့ အတူတူ၀င်လာခဲ့ကြသူများဖြစ်ပြီး သူအခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်သေးခင်ကပင် လီယသည် သူ့ကို ဂရုစိုက်ပေးခဲ့သည်။ ထိုကြင်နာမှုကို သူဘယ်တော့မှ မေ့မည် မဟုတ်ပေ။
လီယ ရေးပြီးသွားသောအခါ သူ့ဇာတ်လမ်းကလည်း အဆုံးသတ်သွားခဲ့သည်။
လီယ စုတ်တံကိုချလိုက်ကာ ကုအန်ကို ပြုံး၍ ကြည့်လိုက်ပြီး ပြောလိုက်၏။
“ဂျူနီယာညီလေး ငါမင်းဆီကို အထူးတလည်လာလည်တာကွ ငါမနက်ဖြန်ကျ တောင်အောက်ကို ပြန်ဆင်းရဦးမယ်”
“ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေတယ် စီနီယာအစ်ကိုကြီး အပြင်သွားပြီး လုပ်သင့်တာကို လုပ်ရမှာပေါ့ ကျွန်တော်ကတော့ လုံလောက်တဲ့ခွန်အားမရှိလို့ တောင်ကြားမှာနေပြီးပဲ ဆေးပင်တွေကို ဂရုစိုက်နိုင်တယ် ကျွန်တော်အစ်ကိုကြီး ဘေးကင်းဖို့ ဆုတောင်းပေးနေပါမယ်”
လီယ ရယ်မောလိုက်သည်။
“မင်းဆုတောင်းပေးရင် ငါဘေးကင်းမှာ သေချာပါတယ်”
ထို့နောက် သူမေးလိုက်၏။
“စကားမစပ် မင်းငါ့အဖေ ဧကရာဇ်နဲ့ အဆက်အသွယ်ရှိလား”
ထိုကိစ္စကို ဆယ်စုနှစ်ပေါင်းများစွာ ဖုံးကွယ်ထားပြီးသောကြောင့် ယခုအချိန်သည် ထုတ်ပြောရန် အချိန်ဟု တွေးလိုက်မိပြီး ကုအန် ထျန်းယ တောင်ကြားအကြောင်း ပြောပြလိုက်လေသည်။
“ငါသူ့ကို အထင်သေးခဲ့မိတာပဲ ဒါပေမယ့် အခုတော့ သူ့ဂုဏ်သတင်းတွေကြောင့် ငါတောင်သူ့ကို အမြင်နောက်တစ်မျိုးနဲ့ ကြည့်မိနေပြီ သူ့နောက်ကို ကောင်းကောင်းလိုက်ပါ တကယ်လို့ သူမင်းကို ဒုက္ခပေးရဲရင်တော့ ငါသူ့ကို ချမ်းသာပေးမှာ မဟုတ်ဘူး” လီယ ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။
“အော် ဟုတ်သားပဲ သုံးပါးတစ်ဆူတောင်က ပညာရှိတစ်ယောက်က ငါတို့လီမိသားစုမှာ ကြီးမြတ်တဲ့အရာတွေလုပ်ဖို့ ကံကြမ္မာပါတဲ့ လူတစ်ယောက်ပေါ်လာမယ်လို့ ဟောကိန်းထုတ်ထားတယ် အဲ့တာက ငါပဲဖြစ်သင့်တယ် ငါကအနာဂတ်မှာ အမတတစ်ပါး ဖြစ်လာလိမ့်မယ် ကြည့်ဦး မင်းအစ်ကိုကြီးက အံ့ဩစရာမကောင်းဘူးလား” လီယ ဂုဏ်ယူစွာ ပြောလိုက်သည်။
ကုအန်လည်း စိတ်၀င်တစာ းမေးလိုက်၏။
“အဲ့ဒီကံကြမ္မာရှင်ရဲ့ လက္ခဏာတွေက ဘာတွေလဲ ထိပ်တန်းပါရမီရှိတာလား ပြိုင်ဘက်ကင်း ကံကြမ္မာရှိနေတာလား”
လီယ မျက်ခုံးများ တွန့်ကွေးသွားကာ
“ပါရမီပဲဖြစ်ဖြစ် ကံကြမ္မာကောင်းပဲဖြစ်ဖြစ် ငါကလီမိသားစု တိုက်ရိုက်သွေးမျိုးဆက်ထဲမှာ အသန်မာဆုံးပဲလေ မင်းရောဘယ်လိုမြင်လဲ ငါက အဲ့ဒီကံကြမ္မာရှင် ဖြစ်သင့်တယ် မဟုတ်လား ဒါမှမဟုတ် အခြားတစ်ယောက်ရှိနေဦးမယ်လို့ မင်းထင်လား မင်းငါ့ညီမကို ကြိုက်နေတာတော့ မဟုတ်ဘူးမလား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျွန်တော်အစ်ကိုကြီးညီမကိုမတွေ့တာတောင် နှစ်ပေါင်းများစွာကြာနေပြီ စကားမစပ် စီနီယာအစ်မလီရော အဆင်ပြေတယ်မဟုတ်လား”
“ဒါပေါ့ သူအဆင်ပြေပါတယ် ဒါပေမယ့် နေပါဦး မင်းငါ့ညီမကို မကြိုက်ဘူးလို့ ပြောလိုက်တာလား”
လီယ မျက်လုံးများ ပြူးကျယ်သွားကာ ကုအန်နှင့် စတင်ငြင်းခုံလေတော့သည်။
စီနီယာအစ်မလီဆိုသည်မှာ လီရွှမ်ယု ဖြစ်၏။ ကုအန်အရင်က သူဂူကို စီမံပေးခဲ့ဖူးပြီး သူကလည်း ကုအန်ကို အခြားစီးပွားရေးများနှင့် မိတ်ဆက်ပေးခဲ့ဖူးသည်။ သူတို့တွင် ကောင်းမွန်သောဆက်ဆံရေးရှိသော်လည်း ဤနှစ်များတွင် လီရွှမ်ယု အတွင်းစည်းဂိုဏ်းထဲတွင် တံခါးပိတ်ကျင့်ကြံခြင်း၀င်နေသဖြင့် အကြိမ်အနည်းငယ်သာ တွေ့ဖြစ်ကြသည်။
ဤသို့ဖြင့် နောက်တစ်နေ့မနက်ထိ စကားပြောပြီးမှ လီယ ထွက်သွားခဲ့၏။
ကုအန် ပြတင်းပေါက်တွင်ရပ်ကာ ထွက်ခွာသွားသော လီယကို ကြည့်နေခဲ့သည်။
“ကြီးမြတ်တဲ့အရာတွေလုပ်ဆောင်ဖို့ ကံကြမ္မာပါလာတဲ့လူ…စီနီယာအစ်ကိုကြီးရေ ကျွန်တော်မြင်သလောက်တော့ အစ်ကိုကြီးအဖေက ကြီးမြတ်တဲ့ အရာတွေလုပ်ဖို့ ကံကြမ္မာပါလာတဲ့သူနဲ့ ပိုတူနေတယ်…”
….
ဂူထဲတွင်
ကျန်းပုကူ အပေါ်ပိုင်းကိုယ်ပြောင်နှင့် တရားထိုင်နေခဲ့သည်။ သူ့ကိုယ်ပေါ်ရှိ သွေးစက်များလည်း ပျောက်ကွယ်သွားပြီဖြစ်ပြီး သူ့အရေပြားမှာ ပို၍ပင် ချောမွေ့နေခဲ့၏။ သူ့လည်ပင်းတစ်ဖက် တစ်ချက်တွင် အနက်ရောင်ကြေးခွံသုံးခုရှိနေပြီး သူ့ကိုယ်မှသက်တမ်းကြာနေသော မိစ္ဆာဝိညဉ်တစ်ခု၏ အငွေ့အသက်မျိုး ၀န်းရံနေခဲ့သည်။
သူဖြည်းဖြည်းချင်း ထရပ်လိုက်ရာ သူ့အရိုးအဆစ်များမှ မိုးခြိမ်းသံနှယ် အသံကြီးများ ထွက်လာခဲ့၏။
သူ့ခွန်အားအသစ်ကို ခံစားလိုက်မိပြီး သူ့မျက်နှာတွင် စိတ်လှုပ်ရှားနေသည့် အမူအရာများ ပေါ်လာခဲ့သည်။
သူ့ကျင့်ကြံခြင်းတိုးတက်လာရုံသာမက သူ့ချီသွေးများမှာလည်း လုံး၀ ပြောင်းလဲသွားခဲ့လေပြီ။ ဤခံစားချက်မှာ လုံး၀ အံ့ဩစရာကောင်းနေခဲ့သည်။
ကျန်းပုကူ သူ့အရိုးအဆစ်များကို ဆန့်ကြည့်လိုက်၏။
တခဏခန့်ကြာသောအခါ သူဂူနံရံပေါ်ရှိ တစ်ခုခုကို သတိထားမိသွားပြီး အနီးကပ်သွားကြည့်လိုက်သည်။
“ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်…”
ကျန်းပုကူ ခပ်တိုးတိုးရေရွတ်လိုက်၏။ နှစ်ပေါင်းများစွာ ပြေးလွှာနေခဲ့ရသောကြောင့် သူအမတကမ္ဘာကြီးရှိ အဖြစ်အပျက်များကို မသိရှိခဲ့ပေ။ ထို့ကြောင့် ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကိုလည်း သူမသိပေ။ သို့သော်လည်း ကျောက်နံရံပေါ်ရေးထားသော နတ်သိုင်းမှာ အလွန်အစွမ်းထက်မည်မှန်းတော့ သူခံစားမိ၏။
စာများကိုဖတ်ပြီးသောအခါ ကျောက်နံရံပေါ်ရှိအရာသည် ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်း၏ အပေါ်ယံသိုင်းကွက်များသာဖြစ်ပြီး အသေးစိတ်ကျသော စိတ်နည်းစနစ်များတော့ မပါပေ။
သို့သော် ဖော်ပြချက်များအရ ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းသည် အလွန် ကြောက်စရာကောင်းမှန်းတော့ သူသိသည်။ အကယ်၍ သူသာ ထိုသိုင်းကို တတ်မြောက်ခဲ့ပါက ပြိုင်ဘက်ကင်းလာပေလိမ့်မည်။
ထိုစဉ် ရုတ်တရက်သူတစ်ခုခုကို အာရုံခံလိုက်မိပြီး နတ်အာရုံသုံးကာ ကျောက်တုံးနံရံကို စစ်ဆေးကြည့်လိုက်၏။
ဝုန်းးး!
များပြားလှသော မှတ်ညဏ်များ သူ့စိတ်ထဲ၀င်ရောက်လာခဲ့ပြီး သူမူးဝေသွားခဲ့သည်။
အချိန်အချို့ကြာသောအခါ
သူ့မျက်လုံးများ ရှင်းလင်းလာခဲ့ပြီး သူ့မျက်နှာတွင် စိတ်ကျေနပ်သွားသည့် အကြည့်တစ်ခု ပေါ်လာခဲ့၏။
သူမျှော်လင့်မထားဘဲ ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းကို အမွေဆက်ခံနိုင်ခဲ့လေပြီ!
ခမ်းနားကြီးကျယ်လှသော ပုဆိန်ကွက်များကို ပြန်စဉ်းစားမိပြီး သူ့နှလုံးသားထဲ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်လာခဲ့လေသည်။
သူထိုသိုင်းကို လေ့ကျင့်ရန် မစောင့်နိုင်တော့သော်လည်း သူ့လက်ထဲတွင် ပုဆိန်တစ်လက်ရှိမနေခဲ့ပေ။
ဂူထဲတွင် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်ရာ ကျောက်နံရံတွင်ညက်နေသော ပုဆိန်တစ်လက်ကို တွေ့လိုက်ရပြီး သူပျော်ရွှင်သွားခဲ့မိသည်။
သူကျောက်ပုဆိန်ကို ဆွဲထုတ်လိုက်ပြီး လွှဲယမ်းကြည့်လိုက်ရာ အလွန်ပေါ့နေသည်ဟု ခံစားလိုက်ရ၏။
မတတ်နိုင်ပေ။ အနည်းဆုံးတော့ သူ့တွင် လေ့ကျင့်စရာ ပုဆိန်တစ်လက် ရှိလာခဲ့လေပြီ။
ထို့နောက် သူနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ ဒူးထောက်လိုက်ပြီး ကျောက်နံရံကို မျက်နှာချင်းဆိုင်လိုက်ပြီး ပြောလိုက်သည်။
“စီနီယာ ကျွန်တော် စီနီယာဘယ်သူလဲဆိုတာ မသိသလို စီနီယာသေသွားပြီလား အသက်ရှိသေးလား ဆိုတာလည်း ကျွန်တော်မသိပါဘူး ဒါပေမယ့် ဒီနေ့ ကျွန်တော်ရရှိခဲ့သမျှ အရာအားလုံးဟာ စီနီယာရဲ့ ကျေးဇူးတော်ကြောင့်ပါ အဲ့တာကြောင့်အခုကစပြီး စီနီယာက ကျွန်တော့်ရဲ့ ဆရာသခင်ပါပဲ ဒီကြင်နာမှုကို ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး!”
ထို့နောက် သူကုန်း၍ သူနှဖူးမှ သွေးထွက်သည်အထိ ရှိခိုးကန်တော့လိုက်လေတော့သည်။
အပိုင်း(၁၈၆)
စုဟန်၏ ဆိုးရွားသည့်အခြေအနေ
ထျန်းယတောင်ကြားတွင်
ကုအန် ဆေးပင်ခူးနေရင်း ကျန်းပုကူ၏စကားကြောင့် စိတ်ကျေနပ်သွားခဲ့၏။
စီနီယာအစ်ကိုကျန်း ကျွန်တော်က အစ်ကို့သားအတွက် အထောက်အပံ့ဖြစ်လာလိမ့်မယ်လို့ တွေးခဲ့မိဖူးလား!
ကုအန် အတွေးများက လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာဆီ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တုန်းက ချန်းရွှမ်တန်သည် သူ့အခန်းထဲတွင် ဆေးတာအိုကိုသာ အာရုံစိုက်နေလေ့ရှိပြီး ကျန်းချွမ်းချူကသာ သူ လီယနှင့် မုန့်လန်တို့ကို အမြဲဦးဆောင်နေလေ့ရှိ၏။
နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီးသည့်နောက် ဆရာတပည့် ငါးယောက်အဖွဲ့၌ လီယနှင့် ကုအန်တို့သာ ကျန်ရှိခဲ့တော့သည်။
ဆောင်းဦး၏ ရွက်ကြွေများက လေထဲတွင် ဝဲကာ ဝဲကာ ကျနေကြပြီး စွန်းတ စွန်အာနှင့် စွန်းဆန်တို့ ကုအန်နောက်သို့ လိုက်ကာ တစ်ခါတရံ မေးခွန်းများ မေးနေခဲ့၏။
သာမန်အားဖြင့် လျူဟွမ် လုရှန်နှင့် ကျိရူလိုင် တို့သည် သူတို့ကို သိပ်အာရုံစိုက်လေ့မရှိဘဲ ကုအန်ကသာ သူတို့ကို ဂရုစိုက်ကာ သူလာတိုင်း သူတို့စားဖို့ အသီးများပင် ယူလာပေးတတ်သည်။ ထို့ကြောင့် သူတို့ သူ့ကိုအတော်လေး သဘောကျကြ၏။
ဤတစ်ကြိမ်တွင်လည်း ကုအန်သည် သူတို့အတွက် အရသာရှိသော စိတ်ဝိညဉ်သစ်သီးများ ယူလာပေးခဲ့သည်။
မျောက်မိစ္ဆာသုံးကောင်သည် အဆင့်နိမ့်သာမန်မိစ္ဆာများသာ ဖြစ်သော်လည်း ကုအန် သူတို့ကို ခွဲခြားမဆက်ဆံပေ။ အားလုံးကို ထျန်းယောင်အာကို ဆက်ဆံသလိုပင် ဆက်ဆံခဲ့ကာ သူသည် သက်ရှိအားလုံးကိုလည်း ထိုသို့သာ အညီအမျှဆက်ဆံမည် ဖြစ်သည်။
ထို့အပြင် သူ့အမြင်၌ သာမန်မျောက်မိစ္ဆာများတွင်လည်း သူတို့ကိုယ်တိုင် စရိုက်များ ရှိကြပြီး စိတ်၀င်စားစရာကောင်းသူများ ဖြစ်ကြ၏။
တစ်နေ့တွင် မိစ္ဆာမျောက်သုံးကောင်သည်လည်း သူတို့ကိုယ်ပိုင်အခွင့်အရေးများကို ရရှ်ိနိုင်ပေသည်။
ကုအန် သူတို့ကို လက်ရှိကမ္ဘာကြီး၏ အခြေအနေနှင့် မိစ္ဆာကပ်ဘေးအကြောင်းကိုလည်း ပြောပြပေးခဲ့ပြီး ထိုမျောက်များ လမ်းမှားရောက်မသွားအောင် ထိန်းသိမ်းပေးနေခဲ့၏။
ကုအန်စကားကို ကြားသောအခါ မျောက်များသည် အပြင်လောကကြီး မည်မျှအန္တရာယ်များမှန်းကို သိရှိသွားပြီး အပြင်ကိုထွက်မည့်အစား တောင်ကြားတွင်သာ နေလိုကြတော့သည်။ ကုအန် သူတို့ကို လိမ်နေသည်ဟူ၍လည်း သူတို့လုံး၀ မထင်ကြပေ။
ထိုစဉ် ရုတ်တရက် လုရှန် ကုအန်နား ရောက်လာပြီး မေးလိုက်သည်။
“တောင်ကြားသခင် လူသားတွေနဲ့ မိစ္ဆာတွေက အတူယှဥ်တွဲနေထိုင်နိုင်ကြမယ်လို့ မင်းထင်လား”
ကုအန် အပင်ခူးဖို့ ထိုင်ချလိုက်ပြီး ပြောလိုက်၏။
“ဘာလို့မဖြစ်နိုင်ရမှာလဲ မိစ္ဆာကပ်ဘေး မဖြစ်ခင်ကလည်း လူသားမျိုးနွယ်ထဲမှာ အချင်းချင်း ပဋိပက္ခတွေ ဖြစ်နေကြတာပဲ အသိညဏ်ရှိတဲ့ သတ္တဝါ တစ်ဦးတစ်ယောက်ချင်းစီကြားထဲမှာ ရှင်သန်လိုမှုအတွက် ရုန်းကန်တဲ့ ပြဿနာဆိုတာ အမြဲရှိနေမှာပဲ ဒါပေမယ့် အခုလို အများစုနဲ့ဆိုင်တဲ့ ပြဿနာကြီးတွေကိုတော့ အင်အားကြီးလူအုပ်စု အနည်းငယ်ကပဲ ဆုံးဖြတ်ကြတာ”
လုရှန် စိတ်၀င်စားသွားပြီး ဆက်မေးလိုက်သည်။
“တောင်ကြားသခင်ဆိုလိုချင်တာက ဒီ လူသားနဲ့မိစ္ဆာကြားက ကပ်ဘေးက ကောင်းကင်ကပြဌာန်းထားတဲ့ ကံကြမ္မာမဟုတ်ဘူးပေါ့”
မျောက်မိစ္ဆာသုံးကောင်လည်း ကုအန်ကို ကြည့်နေခဲ့၏။
ကုအန်မေးလိုက်သည်။
“တောအုပ်တစ်ခုထဲမှာ ကျင့်ကြံသူတွေမရှိ မိစ္ဆာတွေမရှိဘဲ သာမန်လူတွေပဲရှိနေရင် တောအုပ်တစ်ခုလုံးကို အကျိုးသက်ရောက်မှုရှိသွားစေမယ့် ကပ်ဘေးမျိုး ရှိလာလိမ့်မယ်လို့ ထင်လား မထင်နဲ့ မရှိနိုင်ဘူး သူတို့ကြားထဲ ပဋိပက္ခတွေကတော့ ရှိနေမှာပဲ ဒါပေမယ့် အဲ့ဒီပဋိပက္ခတွေက တောအုပ်ကြီးတစ်ခုလုံးကို သက်ရောက်စေမှာမဟုတ်ဘူး”
လုရှန်လည်း သူ့စကားကို သဘောတူလိုက်ကာ ပြောလိုက်သည်။
“တောင်ကြားသခင်ဆိုလိုတာက မျိုးနွယ်စုနှစ်ခုရဲ့ ခေါင်းဆောင်တွေသာ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနိုင်ခဲ့ရင် ဒီကုန်းမြေတိုက်ကြီး ငြိမ်းချမ်းသွားနိုင်တယ်ပေါ့”
“ငြိမ်းချမ်းတယ်ဆိုပေမယ့် တစ်ယောက်ချင်းစီရဲ့ ရှင်သန်လိုမှုနဲ့ဆိုင်တဲ့ ပဋိပက္ခတွေကတော့ ဖြစ်နေဦးမှာပဲ ဒါပေမယ့် အခုလောက် ကြောက်စရာကောင်းနေမှာ မဟုတ်ဘူး ဘယ်လိုပဲဖြစ်ဖြစ် ဒီအတွေးက အဓိပ္ပာယ်မရှိပါဘူး ငါတို့မှာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်စွမ်းမှမရှိဘဲ အဲ့တော့ အများကြီးတွေးနေလို့ အပိုပါပဲ ငါတို့မှာရှိနေတဲ့ နေ့ရက်လေးတွေကို တန်ဖိုးထားတာ ပိုကောင်းတယ်”
ကုအန် ထရပ်လိုက်ပြီး လုရှန်ကို ကြည့်ကာ ပြောလိုက်သည်။
“အစ်ကို လုပ်စရာတစ်ခုခုရှိလို့လား”
လုရှန် လုပ်ချောင်းတစ်ချက်ဆိုးလိုက်ပြီး ပြောလိုက်၏။
“ငါ့မှာ အခုတလော ဆန်းကြယ်လိပ်ရေလှိုင်းလက်ဝါးသိုင်းနဲ့ ပတ်သက်ပြီး ပြဿနာအချို့ရှိနေလို့ တောင်ကြားသခင်ရဲ့လမ်းညွှန်မှု လိုချင်လို့ပါ”
“ကျွန်ေတာ့်လက်၀ါးသိုင်းကလည်း အစ်ကိုသင်ပေးထားတာလေ ကျွန်တော်က အစ်ကို့ကို ဘယ်လိုလုပ် လမ်းညွှန်နိုင်မှာလဲ” ကုအန် မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက်ဖြတ်သွားကာ ပြောလိုက်၏။
လုရှန် အမြန်ပြန်ပြောလိုက်သည်။
“ငါက မင်းကိုသင်ပေးခဲ့တယ်ဆိုတာက မင်းဆီက အမြင်တွေကို ပြန်သိချင်လို့ပါ လူတစ်ယောက်က တစ်ယောက်ကို ပြန်သင်ပေးဖို့ ပိုမြင့်မားတဲ့ ကျွမ်းကျင်မှုမလိုပါဘူး ငါဆိုလိုတာက ဒီတိုင်း မတူညီတဲ့အမြင်ကို သိချင်ရုံပါ”
သူ့ရှင်းပြချက်သည် အကျိုးအကြောင်းဆီလျော်ကာ လက်ခံနိုင်စရာဖြစ်နေခဲ့သည်။
ကုအန် ပြောလိုက်၏။
“ဒါဆို ခဏစောင့် ကျွန်တော့်အလုပ်ကို လက်စသတ်လိုက်ဦးမယ်”
“ကောင်းပါပြီ” လုရှန်ချက်ချင်း ဘေးတွင်သွားရပ်ကာ စောင့်နေလိုက်သည်။
တခဏကြာသောအခါ ကုအန် ဆေးပင်များကို မျောက်သုံးကောင်ဆီ ပေးလိုက်ပြီး လုရှန်နှင့်အတူ အိမ်ထဲ၀င်သွားခဲ့၏။
သူပင်ပြောစရာမလိုဘဲ လုရှန်ကလည်း အလန်းကို စည်းပိတ်လိုက်လေသည်။
တစ်နာရီခန့်ကြာသောအခါ လုရှန် အခန်းတံခါးကို ဖွင့်၍ထွက်လာကာ သူ့နောက်မှ ကုအန်လည်း လိုက်ထွက်လာခဲ့၏။
ကုအန် တောင်ကြားမှ ဓားပျံစီး၍ ထွက်ခွာသွားသောအခါ လုရှန် သူ့အား အားကျသည့် အကြည့်များဖြင့် ကြည့်နေမိသည်။
ဒီပုဂ္ဂိုလ်က တကယ့်ကို အံ့ဩစရာပဲ!
သူ့တွင် နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံခြင်းနှင့် ကြောက်မက်ဖွယ် နားလည်နိုင်စွမ်းမျိုး ရှိနေသော်လည်း သူသည် ထိုစွမ်းရည်များကိုဖုံးကွယ်ထားကာ သာမန်တောင်ကြားသခင်တစ်ယောက်အဖြစ်သာ နေထိုင်နေခဲ့၏။
သူကုအန်၏ နောက်ကြောင်းအား စုံစမ်းခဲ့ရာတွင်လည်း ကုအန်တွင် ဘာရန်ငြိုးကြီးကြီးမားမားမှမရှိဘဲ ကျိမိသားစုနောက်ခံပင် ရှိနေသေးတာကို တွေ့ခဲ့ရသည်။
ဤအရာသည် ကုအန်တွင် စိတ်ကူး၍မရသည့် သည်းခံမှုများနှင့် ရည်မှန်းချက်များ ရှိနေသည်ကို ညွှန်ပြနေလေသည်။
လုရှန်၏ ကုအန်အပေါ် အားကျမှုများက ပိုတိုးလာခဲ့ပြီး ကုအန်လို လူတစ်ယောက်လည်း ဖြစ်ချင်လာမိ၏။
တခဏအောင်မြင်မှုဆိုတာ ဘာလုပ်ရမှာလဲ!
အမတတစ်ပါးဖြစ်လာဖို့ကမှ တကယ့်အောင်မြင်မှုအစစ်ပဲ!
လုရှန် လီရွှမ်တောက်အကြောင်းလည်း တွေးမိသွားခဲ့သည်။ သူသည် လီရွှမ်တောက်၏ ကျင့်ကြံခြင်းအစစ်ကို သိရှိထားသူဖြစ်ပြီး လီရွှမ်တောက် ကုအန်ကို အလွန်သဘောကျခြင်းကိုလည်း သူမအံ့ဩမိတော့ပေ။
ထိုအရာသည် ကြီးမားသည့် ရည်မှန်းချက်ရှိသူများအချင်းချင်း အပြန်အလှန် အသိအမှတ်ပြုမှုသာ ဖြစ်ပေသည်။
သူတို့နှစ်ယောက်လုံးသည် တစ်ယောက်၏ ကျင့်ကြံခြင်းကို တစ်ယောက်က သိမနေတာကတော့ ရယ်စရာကောင်းသည်ဟု လုရှန် ခံစားနေရသည်။
ထို့ကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကျင့်ကြံခြင်းကိူ တစ်ယောက်သိသွားမည့်နေ့ကို လုရှန် စောင့်နေမိ၏။
…….
ဆောင်းဦးကုန်ဆုံးကာ ဆောင်းရာသီသို့ ရောက်ရှိလာခဲ့ပြန်သည်။ ထိုစဉ် အဖြစ်အပျက်ကြီးတစ်ခုက ကမ္ဘာကြီးကို လှုပ်ခါသွားစေခဲ့သည်။
ထိုအဖြစ်အပျက်မှာ အဓိပတိဂိုဏ်းက မြောက်ပိုင်းရှေ့တန်းစစ်မြေပြင်သို့ မိစ္ဆာများပို့လိုက်သည့် အဖြစ်အပျက်ပင်။ ထိုမိစ္ဆာများထဲတွင် မဟာယနအဆင့် မိစ္ဆာများပင် ပါနေသောကြောင့် အကုန် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။ လူတိုင်းက အဓိပတိဂိုဏ်း၏ မိစ္ဆာများနှင့် ပေါင်းသင်းမှုအပေါ် မေးခွန်းများ ထုတ်ခဲ့ကြသော်လည်း မိစ္ဆာစစ်တပ်ကြီး စစ်မြေပြင်ဆီ ၀င်လာသောအခါတွင်တော့ သူတို့သံသယများ ပျောက်သွားခဲ့ကာ စိတ်လှုပ်ရှားမှုများဖြင့် အစားထိုးသွားခဲ့သည်။
ရှေ့တန်းမှ စစ်ပွဲသတင်းများက အဓိပတိဂိုဏ်းသားများကိုလည်း ပို၍ စိတ်ခွန်အားတိုးလာစေခဲ့၏။
သို့သော် ကမ္ဘာကြီး၏ အခြေအနေများကိုတော့ မဖြေရှင်းနိုင်သေးပေ။
မိစ္ဆာနယ်မြေမှ မိစ္ဆာများသည် အဆုံးမဲ့သလိုပင် ဖြစ်နေပြီး ဘယ်လောက်သတ်သတ် ကုန်မသွားနိုင်ခဲ့ပေ။
ကုအန်လည်း ဆေးပင်ခူးချိန်မှအပ ကျန်အချိန်များကို တောင်အောက်ဆင်း၍ မိစ္ဆာသတ်ခြင်းဖြင့်သာ အကုန်ခံနေပြီး သူ့သက်တမ်းမှာလည်း ၆ သန်းပင် ကျော်လာခဲ့သည်။
ဆောင်းရာသီတွင် အဓိပတိဂိုဏ်းရှိ တပည့်များ တစ်ယောက်ပြီးတစ်ယောက် တောင်အောက်သို့ ဆင်းနေကြရပြီး အပြင်စည်းဂိုဏ်းရှိ ဂိုဏ်းသားဦးရေ ပိုနည်းလာခဲ့၏။
ကုအန် မြောက်ပိုင်းတွင် ကြောက်မက်ဖွယ်မိစ္ဆာချီကြီးတစ်ခု ပေါ်ထွက်လာသည်ကိုလည်း ခံစားမိခဲ့သည်။
အချုပ်အနှောင်မဲ့ အမတအဆင့်!
အဲ့တာက မိစ္ဆာဘိုးဘေးပဲ ဖြစ်ရမယ်!
မိစ္ဆာနယ်မြေ အတွင်းပိုင်းထဲတွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ အစွမ်းထက်ကျင့်ကြံသူများရှိနိုင်သောကြောင့် ကုအန် အလောတကြီး ထိုနေရာသို့ သွား၍ မိစ္ဆာဘိုးဘေးကို မသတ်ခဲ့ပေ။
မိစ္ဆာဘိုးဘေး လူသားနယ်မြေထဲ ခြေချမိမှသာ သူတစ်ချက်တည်းဖြင့် အဆုံးသတ်လိုက်မည် ဖြစ်သည်။
ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် သူတို့ကိုယ်သူတို့ မြင့်မြတ်ကုန်းမြေဟု သတ်မှတ်ထားသောကြောင့် လူသားမျိုးနွယ်ထဲတော့ တိုက်ရိုက်၀င်လာ၍ တိုက်ခိုက်မည် မဟုတ်ပေ။
တစ်ညတွင်
ကုအန် ထုံးစံအတိုင်း နတ်အာရုံသုံး၍ ကမ္ဘာကြီးကို စစ်ဆေးနေစဉ်တွင် တောအုပ်ထဲရှိ အဖြစ်အပျက်တစ်ခုက သူ့အာရုံကို ဖမ်းစားသွားခဲ့သည်။
တောအုပ်ထဲတွင် စုဟန်သည် မြက်ခင်းထဲတွင် ပုန်းနေခဲ့၏။ သူ့တွင် သူ့အရှိန်အဝါကို ဖုံးကွယ်ပေးထားနိုင်သည့် မှော်အသုံးအဆောင်တစ်ခုလည်း ရှိနေခဲ့သည်။ မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ ဖော် မိုင်တစ်ရာပတ်လည်တွင် သူ့ကို ရှာဖွေနေသော်လည်း စုဟန်ကို ရှာမေတွ့ခဲ့ပေ။
စုဟန်၏ အရှိန်အဝါမှာ မတည်မငြိမ်ဖြစ်နေပြီး သူ့ကြည့်ရသည်မှာ အပြင်းအထန်းဒဏ်ရာရထားပုံပင်။
တစ္ဆေမိခင်နဲ့ စုဟန် ခွာပြဲသွားပြီလား!
ကုအန်၀င်ပါဖို့ စိတ်ကူးမရှိသောကြောင့် ဒီတိုင်းသာ ကြည့်နေခဲ့လိုက်သည်။
၇ရက်ကြာမှသာ စုဟန် တောအုပ်ထဲမှ ထွက်သွားခဲ့၏။
ဤရက်များအတွင်း ကုအန် စုဟန်ကို နတ်အာရုံဖြင့် မကြာခဏဆိုသလို ထောက်လှမ်းမိနေပြီး စုဟန်သည် ကျန်းချင်ကို ထောက်လှမ်းနေမှန်း သူတွေ့ခဲ့ရသည်။
သူဘာစီစဉ်နေတာလဲ!
ကုအန် စုဟန် ကျန်းချင်ကို အန္တရာယ်ပေးမှာမျိုးကိုတော့ အဖြစ်မခံနိုင်ပေ။ ထိုသို့ဖြစ်လာလျှင်တော့ သူရပ်ကြည့်နေမည် မဟုတ်ပေ။
….
နှင်းများက ပြင်းထန်စွာ ကျဆင်းနေပြီး အရာအားလုံးကို ဖုံးကွယ်ထားခဲ့သည်။
တောင်ကြားတစ်ခုထဲတွင် ရီလန် ကျန်းချင်နှင့် ဥပဒေရေးရာ ခန်းမမှ တပည့်များ အနားယူနေကြပြီး စိတ်ဝိညဉ်စွမ်းအား ပြန်ဖြည့်နေခဲ့ကြ၏။
ထိုစဉ် ကျန်းချင် ရုတ်တရက်မျက်လုံးများ ပွင့်လာကာ ဘေးပတ်ပတ်လည်ကို ကြည့်လ်ုကလေသည်။
သူတခဏ တွန့်ဆုတ်သွားပြီးနောက် ထရပ်လိုက်ကာ ရီလန့်ကို ခပ်တိုးတိုးပြောလိုက်သည်။
“ဆရာဒေါ်လေး ကျွန်မကျင့်ကြံခြင်းမှာ ပြဿနာနည်းနည်းရှိနေလို့ အ၀တ်တွေချွတ်ဖို့ လိုလို့ တစ်ယောက်တည်း ခဏလောက် သွားနေချင်ပါတယ်”
ရီလန်မျက်လုံးပွင့်လာပြီး သူ့ကိုကြည့်ကာ ပြောလိုက်သည်။
“ငါ့အကူအညီလိုသေးလား”
“မလိုဘူး ဆရာဒေါ်လေး ဆရာဒေါ်လေးသိပါတယ် ကျွန်မကျင့်ကြံခြင်းနည်းစနစ်က ထူးခြားတယ်လေ”
ကျန်းချင်ပြုံး၍ ပြောလိုက်ပြီး သူ့အပြုံးတွင်ဘာပြဿနာမှမရှိဘူးဟု မြင်မှ ရီလန်သူမကို ခွင့်ပြုပေးလိုက်၏။
ထို့နောက် ကျန်းချန် ထိုနေရာမှ ထွက်လာခဲ့သည်။
သူတောအုပ်ကိုဖြတ်သန်းလာခဲ့ပြီး မိုင်ပေါင်းများစွာ ခရီးဆက်လာပြီးမှ တစ်နေရာတွင် ရပ်လိုက်၏။
သူ့ရှေ့ရှ်ိ သစ်ပင်တစ်ပင်အောက်တွင် လူတစ်ယောက်သည် ကျောပေးကာ ရပ်နေခဲ့သည်။
“စီနီယာအစ်ကိုစုဟန် အစ်ကိုလား” ကျန်းချင် သတိထားနေဟန်ဖြင့် မေးလိုက်၏။
စုဟန် သူ့ဘက်သို့ လှည့်လာခဲ့ရာ စုဟန်မျက်နှာသည် ရောင်စုံသန်းနေပြီး သူ့ဆံပင်များမှာလည်း ဖြူဖွေးနေခဲ့ကာ သူ့အရိုးဓားလည်း မရှိတော့ပေ။
စုဟန် အားတင်း၍ ပြုံးပြလိုက်ပြီးပြောလိုက်သည်။
“အစ်ကိုပါ ဒီကိုလာပါဦး”
ကျန်းချင်တခဏတွန့်ဆုတ်သွားသော်လည်း စုဟန်ဆီ လျှောက်သွားခဲ့၏။
စုဟန်နှင့် ခြေခုနှစ်လှမ်းအကွာသို့ ရောက်သောအခါ စည်းတံဆိပ်ထောင်ချောက်များ ပွင့်သွားသည်ကို ခံစာူလိုက်ရပြီး သူမကြောက်လန့်သွားခဲ့သည်။
“ကြောက်ဖို့မလိုပါဘူး အဲ့တာက အစ်ကို့ မှော်အသုံးအဆောင်ကြောင့်ပါ အဲ့တာက တစ္ဆေမိခင်နဲ့ မကောင်းဆိုးဝါး ၁၃ဖော်ရဲ့ နတ်အာရုံတွေကို တားဆီးပေးနိုင်တယ်လေ” စုဟန် ရှင်းပြလိုက်၏။
ထိုအခါမှ ကျန်းချင်သက်ပြင်းချလိုက်နိုင်ပြီး မေးလိုက်သည်။
“စီနီယာအစ်ကို အစ်ကိုတကယ်ပဲ ပြန်မလာတော့ဘူးလား”
စုဟန်မျက်နှာတွင် အပြံးတစ်ခုပေါ်ပြီး
“ပြန်လှည့်ဖို့လား ပြန်လမ်းဆိုတာ မရှိေတာ့ပါဘူး အစ်ကို့လက်တွေက သွေးစွန်းနေပြီးပါပြီ အစ်ကို့ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်ရင်တောင် အစ်ကို့ရန်သူတွေက အလွတ်ပေးမှာ မဟုတ်ဘူး”
ကျန်းချင် သူ၏မတည်ငြိမ်သော အခြေအနေကို ကြည့်ပြီး အမြန်မေးလိုက်သည်။
“အစ်ကို ဆေးတွေလိုသေးလား”
“မလိုပါဘူးညီမလေး အစ်ကိုညီမလေးဆီကို ကိစ္စတစ်ခုမေးဖို့ လာခဲ့တာ”
“ဘာကိစ္စလဲ အစ်ကို”
ထိုအခိုက်တွင် စုဟန် ရုတ်တရက် သူမအနားကပ်လာပြီး သူ့ညာလက်ဖြင့် သူမနှဖူးကို ဖိလိုက်သောကြောင့် သူမမျက်လုံးများ ပြူးကျယ်သွားကာ မလှုပ်နိုင်တော့ပေ။
စုဟန် မျက်နှာလည်း ရုတ်ချည်းအေးစက်သွားခဲ့သည်။
“စီနီယာ…အစ်ကို….”
ကျန်းချင်စကားနှစ်လုံးသာ ပြောနိုင်ခဲ့ပြီး သူ့ကိုယ်ထဲ စိတ်ဝိညဉ်စွမ်းအားများ ၀င်လာသောကြောင့် သူစကားမပြောနိုင်ဖြစ်သွားခဲ့သည်။
အဝေးတစ်နေရာတွင်
မြို့ထဲတွင် ကုအန် မိစ္ဆာများသတ်နေရင်း သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။
တောအုပ်ထဲတွင် စုဟန် ကြောက်လန့်နေသော ကျန်းချင်ကို ခပ်တိုးတိုးပြောလိုက်သည်။
“ဂျူနီယာညီမလေး မကြောက်ပါနဲ့ အစ်ကိုမင်းကို အန္တရာယ်မပေးပါဘူး မင်းစီနီယာအစ်ကိုက လမ်းဆုံးကို ရောက်နေပြီး သေဆုံးရမယ့် ကံကြမ္မာကို ရှောင်လွှဲလို့ မရတော့ဘူး အဲ့တာကြောင့်မေသခင် အစ်ကို့ ကျင့်ကြံခြင်းေတွကို လွှဲေပြာင်းေပးပြ္း ညီမလေးကံကြမ္မာကို ပြောင်းလဲပေးမလို့ပါ”
ထိုစကားကိုကြားသောအခါ ကျန်းချင် သူငယ်အိမ်များ ပြူးကျယ်သွားခဲ့သည်။
သူ့စိတ်ထဲ မှတ်ညဏ်များ ပြန်ပေါ်လာခဲ့၏။ ထိုစဉ်က စုဟန်သည် သူမလွတ်မြောက်စေရန် အပြင်စည်းဂိတ်တံခါးတွင် သူ့အသက်ကိုစတေးကာ သူမအတွက် တားဆီးပေးခဲ့ပုံတွေကို ပြန်မြင်ယောင်လာမိခဲ့သည်။
ထိုကျေးဇူးတင်မှုကြောင့်ပင်သူမ စုဟန်ကို အခုထိ ဂရုစိုက်နေသေးခြင်းး ဖြစ်၏။
“တစ္ဆေမိခင်က အစ်ကို့ကို ကြမ္မာဖီဆန်နတ်သိုင်း သင်ပေးပြီး မြေအောက်ကမ္ဘာလမ်းကိုးသွယ်ထဲ ၀င်စေချင်တာ သူ့နောက်ဆုံးရည်ရွယ်ချက်ကို မသိရပေမယ့် အစ်ကို့ကံကြမ္မာက ကောင်းမှာတော့ မဟုတ်ဘူး အဲ့တာကြောင့် အစ်ကို လျှို့ဝှကိနယ်မြေတစ်ခုထဲမှာ မှော်အသုံးအဆောင်တစ်ခုရတော့ အဲ့တာကို ယူပြီး သူတို့ဆီက ထွက်ပြေးလာခဲ့တာ အစ်ကိုလွတ်လာခဲ့ပေမယ့် ဒဏ်ရာအပြင်းအထန်ရခဲ့တယ် အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး..”
“အာဃာတနတ်ဓားသိုင်းကလည်း အစ်ကိုနဲ့အတူ အဆုံးသတ်သွားခဲ့ပါပြီ အစ်ကိုအစက ကလဲ့စားချေချင်ခဲ့ပေမယ့် ဘယ်သူက အစ်ကို့ရန်သူလဲဆိုတာ မသဲကွဲခဲ့ဘူး အခုတော့ အစ်ကိုနားလည်သွားပြီ အာဃာတကောင်းကင်နတ်ဓားသိုင်းကို ကျင့်ကြံမိတာနဲ့ အဆုံးမဲ့တဲ့ ရန်ငြိုးသံသရာထဲ ရောက်သွားပြီး ပြန်ထွက်နိုင်တော့မှာ မဟုတ်ဘူး”
“ဂျူနီယာညီမလေး အစ်ကိုတို့ရဲ့ သာမန်ပါရမီနဲ့ အစ်ကိုတို့က ကျင့်ကြံခြင်းကမ္ဘာထဲမှာ ပုရွက်ဆိတ်လေးတွေထက် မပိုပါဘူး အာဃာတကောင်းကင်နတ်ဓားသိုင်းကို ကျင့်ကြံခြင်းကသာ အစ်ကို့အတွက် အဲ့ဒီကံကြမ္မာက လွတ်မြောက်ဖို့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်ခဲ့တာ အစ်ကိုကျရှုံးခဲ့ပေမယ့် အစ်ကို့ဘ၀က တန်ခဲ့ပါတယ်….”
“အခု အစ်ကို့ကျင့်ကြံခြင်းတွေကို အမွေဆက်ခံလိုက်ပါတော့…”