အခန်း (၁၉၁-၁၉၂)
Vol. 15 Ch. 191-192
အပိုင်း(၁၉၁)
ဆရာသခင်ဓားအရှင်နှင့် မိစ္ဆာဘိုးဘေးတိုက်ပွဲ
ရွမ်ထျန်းယီ တုန်လှုပ်သွားချိန်တွင် အခြားသူများလည်း အဝေးသိူ့ ကြည့်လိုက်မိကြသည်။
လွှမ်းမိုးလှသော မိစ္ဆာချီများသည် ကုန်းမြေဆီသို့ ချဉ်းကပ်လာလေပြီ။ သူတို့ မင်းဆက်သုံးခုရှိ အခြေအနေကိုပင် မစိုးရိမ်နိုင်တော့ဘဲ သူတို့ကို စောင့်ကြိုနေသည့် သေခြင်းရှင်ခြင်းတိုက်ပွဲကို ရင်ဆိုင်ရပေတော့မည်။
ထိုစဉ် လျန်ခန်းဟိုင်ဘေးရှိ လေထုထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့၏။ ထိုလူသည် အပြာရောင်တာအို၀တ်စုံကို ၀တ်ဆင်ထားကာ အဖြူအနက်ရောနေသော ဆံပင်များနှင့် အလွန်ကျက်သရေရှိလှသူ ဖြစ်သည်။ သူ့ဆီမှ ကမ္ဘာ့ရေးရာ ကိစ္စများစွာကို ဖြတ်သန်းလာသူလို ခံစားချက်မျိုးကိုလည်း ရနေခဲ့သည်။
သူပေါ်လာသည်နှင့် အခြားသူများ သူ့အားဦးညွတ်အရိုအသေပေးလိုက်ကြ၏။
ရွှမ်ထျန်းယီလည်း နတ်အာရုံကို သိမ်းလိုက်ပြီး ရောက်ရှိလာသူကို တစ်ချက်ကြည့်လိုက်သည်။
ထိုလူသည် ခန်ထျန်းဂိုဏ်းမှ တာအိုသခင်မှလွဲ၍ အခြားသူ မဟုတ်ပေ။
လျန်ခန်းဟိုင် တာအိုသခင်ကိုကြည့်ကာ လေးလေးစားစား မေးလိုက်သည်။
“ဆရာဘိုးဘိုး မိစ္ဆာဘိုးဘေးက ဘယ်အဆင့်မှာလဲဆိုတာ ဆရာဘိုးဘိုးမြင်ရလား”
အခြားသူများလည်း တာအိုသခင်ကို ကြည့်နေကာ သူတို့အမူအရာများက တောင့်တင်းနေခဲ့ကြသည်။
တာအိုသခင်ပြန်ပြောလိုက်၏။
“အမတလမ်းစဉ်အဆင့်ပဲ အတိအကျကိုတော့ ငါလည်းမသိဘူး ဒါပေမယ့် အတည်ပြုနိုင်တာက ငါတို့ပေါင်းရင်တောင် သူ့ပြိုင်ဘက်မဟုတ်ဘူး”
သူ့အသံသည် ပေါ့ပါးနေသော်လည်း စကားလုံးများက တူကြီးတစ်ချောင်းနှယ် နားထောင်နေသူများရင်ကို ရိုက်နှက်သွားခဲ့ကာ လူတိုင်းမျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။
သေခြင်းရှင်ခြင်းတိုက်ပွဲ!
ထိုစကားလုံးနှစ်လုံးကို သူတို့ပြောနေကြဖြစ်သော်လည်း အမှန်တကယ် ပြိုင်ဘက်ကင်းသောရန်သူနှင့် ရင်ဆိုင်ရသောအခါ သူတို့နှလုံးသားများ လေးလံနေခဲ့ကြသည်။
“ငါတို့က သူ့ပြိုင်ဘက်မဟုတ်ရင်တောင် အချိန်ခဏဆွဲထားပြီး ဆရာသခင်ဓားအရှင်လာကူမှာကို စောင့်လို့ရတယ်”
ရွှမ်ထျန်းယီ သာမန်ပုံစံဖြငိ့ ပြောလိုက်ပြီး သူ့မျက်နှာတွင်လည်း ကြောက်ရွံ့သည့် အရိပ်အယောင်နည်းနည်းတောင်ရှိမနေဘဲ ပြုံးပင်ပြုံးနေသေးသည်။
သူ့စကားလုံးများက စိတ်ကျနေသော လူများကို မျှော်လင့်ချက်အလင်းရောင်လေး ပေးနိုင်ခဲ့၏။
တစ်ယောက်ထမေးလိုက်သည်။
“ဆရာသခင်ဓားအရှင်က တကယ်လာမှာလား ဒီနှစ်တွေအတွင်းမှာ သူက အဓိပတိဂိုဏ်းအပြင်ဘက်က ကိစ္စတွေကို ၀င်ပါတာ ရှားတယ်မဟုတ်လား သူက အဓိပတိဂိုဏ်းကလူမဖြစ်နိုင်ဘူး ပင်လယ်ရပ်ခြားကနေ ဒီမှာလာပြီး တိတ်တဆိတ်ကျင့်ကြံနေသူလေ တကယ်လို့ သူ့ကိုတစ်ယောက်ယောက်က လာမစော်ကားခဲ့ရင် သူက ငါတို့ ကုန်းမြေရဲ့ ကိစ္စတွေမှာ၀င်ပါပါ့မလား”
ထိုစကားများက လူအုပ်ကို တစ်ဖန်လှိုင်းထန်သွားစေခဲ့ပြန်သည်။
ရွှမ်ထျန်းယီ လက်မြှောက်လိုက်ကာ သူ့လက်ဖဝါးထဲတွင် အပြာရောင်ကြာတစ်ပွင့်ပေါ်လာခဲ့သည်။ ထို့နောက် သူလူတိုင်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“လူတိုင်းပဲ အတွေးမလွန်ကြပါနဲ့ ဆရာသခင်ဓားအရှင်နဲ့ အဓိပတိဂိုဏ်းကို ယုံကြည်ကြရအောင် တကယ်လို့ ဆရာသခင်ဓားအရှင်သာ အဓိပတိဂိုဏ်းနဲ့ ဘာမှမသက်ဆိုင်ရင် ကောင်းကင်ပြုပြင်စင်မြင့်ထက်က လမ်းမှန်ဂိုဏ်း ဆိုတဲ့စကားလုံးက ပေါ်လာမှာ မဟုတ်ဘူး”
“ငါတို့က အမတလမ်းစဉ်ကို လျှောက်လှမ်းကြတယ် ဒါပေမယ့် ပင်လယ်ရပ်ခြားက အမတတွေတောင် တကယ့် အမတတစ်ပါး ဖြစ်မလာကြဘူး အမတလို့ခေါ်နေတဲ့ သူတွေကလည်း ငါတို့သေမျိုးတွေထက် သက်တမ်းပိုရှည်နေရုံပဲ ရှိတာ လူတိုင်းတစ်ချိန်ချိန်မှာ သေရမှာခြင်းအတူတူ ဘာလို့ဒီကပ်ဘေးကြီးမှာ သေသည်အထိမတိုက်ခိုက်ကြရမှာလဲ ပုန်းအောင်းနေပြီး သေသွားရတာထက် တိုက်ခိုက်ရင်း သေရတာ ပိုမြတ်တယ် ဒါကြောင့် ငါတို့ကျင့်ကြံခြင်းသက်တမ်းတွေကို အလဟသ မဖြုန်းတီးပစ်ကြရအောင်”
သူ့စကားများက တိုက်ပွဲအတွက် စိတ်အခြေအနေပြင်ဆင် ထိန်းညှိနေသော ကျင့်ကြံသူများကို အားတက်သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင်
မိုင်တစ်သောင်းအဝေးရှိ မြေပြန့်လွင်ပြင်တစ်ခုတွင်
မိစ္ဆာဘိုးဘေး ခပ်အေးအေးလမ်းလျှောက်နေပြီး သူ့နောက်တွင် မိစ္ဆာမြူများက ကောင်းကင်ကိုပင် ဖုံးလွှမ်းကာ လိုက်ပါလာခဲ့ပြီး လမ်းရှိ အရိုးဖြူများအားလုံးကို ဝါးမြိုသွားခဲ့သည်။
သူ့အဖြူရောင်ဆံပင်များနှင့် စုတ်ပြဲနေသော အ၀တ်များက လေတွင်လွင့်နေပြီး သူ့မျက်လုံးလေးလုံးဖြင့် ရှေ့သို့ကြည့်နေရင်း သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့ရသည်။
ထိုစဉ် သူ့နောက်ရှိ မိစ္ဆာမြူများထဲမှ ငှက်တစ်ကောင်ပျံသန်းလာကာ သူ့ပုခုံးပေါ် လာနားခဲ့၏။ ထိုငှက်သည် ချိုးဖြူလေးတစ်ကောင်ဖြစ်ပြီး သူ့နားနားကပ်ကာ ခပ်တိုးတိုးေပြာလိုက်သည်။
“မိစ္ဆာဘိုးဘေး အရှင်တစ်ခုခုကို တွန့်ဆုတ်နေသလိုပဲ”
ထိုအသံသည် ကောင်မလေးတစ်ယောက်အသံဖြစ်ကာ ချိုမြကာ သာယာလွန်းလှသည်။
မိစ္ဆာဘိုးဘေးအဝေးသို့ ကြည့်နေရင်း ပြောလိုက်၏။
“ခုနက လူသားနယ်မြေမှာ အချုပ်အနှောင်မဲ့အမတ တစ်ပါးရဲ့ အရှိန်အဝါကို ငါအာရုံရလိုက်တယ် နောက်ပြီး နောက်တစ်ယောက်က ငါ့ထက်တောင် သန်မာသေးတယ် ဒါပေမယ့် သူတို့အရှိန်အဝါတွေ ချက်ချင်းပျောက်သွားတယ် အဲ့တာကြောင့် ငါသူတို့ ကျင့်ကြံခြင်းကို ခန့်မှန်းဖို့ မဖြစ်နိုင်လိုက်ဘူး”
ထိုစကားကိုကြားသောအခါ ချိူးဖြူလေး ချက်ချင်းမေးလိုက်သည်။
“ဒီကမ္ဘာေပါ်မှာ အရှင့်ထက်သန်မာတဲ့လူ ရှိနိုင်လို့လား”
“မရှိဘူးဆိုရင် ငါက ပြန်လည်ရှင်သန်ဖို့ လိုပါဦးမလား”
“အဲ့လိုသာဆို ဘာလို့ တောင်ပိုင်းကို သွားနေတာလဲ ကမ္ဘာကြီးက ကျယ်ပါတယ် ပင်လယ်ထဲမှာဆိုလည်း အရှင်စားစရာ ပင်လယ်သားရဲတွေ အများကြီး ရှိပါတယ်”
ထို့နောက် ချိုးဖြူလေး ကမ္ဘာကြီး၏ လှပပုံကိူ မရပ်မနား ပြောပြလေတော့သည်။
မိစ္ဆာဘိုးဘေးလည်း သေချာနားထောင်နေသော်လည်း ရပ်တော့မရပ်ခဲ့ပေ။
အချိန်အတန်ကြာသောအခါ မိစ္ဆာဘိုးဘေး ညှိုးငယ်နေသော အသံဖြင့် ပြောလိုက်သည်။
“မိစ္ဆာလေး တစ်ခါတလေတော့ ဒီကုန်းမြေပေါ်မှာ သန်မာရတာက အမှားတစ်ခုပဲ ငါဒီကုန်းမြေပေါ်ကနေ ထွက်သွားလို့မရဘူး”
ထိုစကားကြောင့် ချိုးဖြူလေးကြောင်သွားပြီး မိစ္ဆာဘိုးဘေးကို ကြောင်တောင်တောင်ကြည့်နေမိသည်။
“ဒါပေမယ့် ငါကအသန်မာဆုံးမဟုတ်ရင်တောင် ထွက်မသွားနိုင်ဘူး ဘယ်သူမှလည်း ငါ့ကို အမြစ်ပြတ်သုတ်သင်နိုင်မှာ မဟုတ်ဘူး ငါတို့အားလုံး နောက်လည်းတဖြည်းဖြည်းသေသွားရမယ့်အတူတူ တောင်ပိုင်းက လူသားမျိုးနွယ်ရဲ့ အင်အားကို ကြည့်လိုက်ကြတာပေါ့”
သူ့စကားသံထွက်ပေါ်လာပြီး သူ့မျက်လုံးများတွင်လည်း လောဘအရိပ်အယောင်များ ထွက်လာခဲ့သည်။
ထို့နောက် သူ့ပုခုံးကိုတစ်ချက် ခါလိုက်ရာ ချိုးဖြူလည်း လန့်ဖြန့်ပြီး ပျံသန်းသွားခဲ့၏။
“မိစ္ဆာလေး မြောက်ပိုင်းကို ပျံသန်းသွား အဲ့ဒီမှာ ပင်လယ်က ဒီမှာထက် ပိုအန္တရာယ်များပေမယ့် မျှော်လင့်ချက်တော့ ရှိနေသေးတယ်”
မိစ္ဆာဘိုးဘေးပြောပြီးသည်နှင့် ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ့ပုံရိပ်က မိုင်ပေါင်းများစွာ အဝေးထိညရုတ်ချည်းပျောက်ကွယ်သွားလေတော့သည်။
ဝုန်းးး!
သူ့ကိုယ်မှ ကြောက်မက်ဖွယ် မိစ္ဆာချီများ ထွက်ပေါ်လာပြီး သူ့ခြေထောက်အောက်ရှိ မြေပြင်အက်ကွဲသွားကာ ထိုမိစ္ဆာချီများသည် သူ့နောက်ရှိ မိစ္ဆာမြူများနှင့် ဆက်သွယ်သွားခဲ့၏။ ထို့နောက် မြူထဲမှ မရေတွက်နိုင်သော မိစ္ဆာသားရဲအရိပ်များ ထွက်ပေါ်လာခဲ့ပြီး မိစ္ဆာဘိုးဘေးသည် မိစ္ဆာကလန်ကြီး တစ်ခုလုံးကို ဦးဆောင်လာသလိုပင်။
အဝေးတွင် ရွှမ်ထျန်းယီ တာအိုသခင်နှင့် လူတိုင်း အံ့အား သင့်ကုန်ကြသည်။
မင်းဆက်သုံးခုရှိ လူတိုင်းလည်း ကြောက်လန့်ကုန်ကြ၏။
အခုမှ အံ့ဖွယ်အမတလင်း၏ ကပ်ဘေးမှ လွတ်မြောက်လာခဲ့သော အဓိပတိဂိုဏ်းသည် တိတ်ဆိတ်သွားခဲ့ပြန်သည်။
သို့သော် ဤတစ်ကြိမ်တော့ ဂိုဏ်းတပည့်များ ကြောက်ရွံ့နေကြခြင်းမဟုတ်ဘဲ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေကြခြင်း ဖြစ်၏။
တတိယတောင်ကြားရှိ အိမ်ထဲတွင်
လုလင်ကျွမ်း အဝေးသို့ကြည့်ရင်း မျက်ခုံးများ တွန့်ကွေးသွားကာပြောလိုက်သည်။
“ဒါက မိစ္ဆာဘိုးဘေးရဲ့ အရှိန်အဝါပဲ ကြောက်စရာကောင်းလိုက်တာ ဆရာသခင်ဓားအရှင် ဒီတစ်ကြိမ်ရော လှုပ်ရှားဦးမှာလား ဆိုတာ ငါသိချင်မိတယ် သူကလွဲပြီး အခြားသူတွေကတော့ ဒီမိစ္ဆာဘိုးဘေးကို ယှဉ်နိုင်မှာမဟုတ်ဘူး”
ကုအန် စိတ်ရှုပ်ထွေးသွားယောင်ဆောင်လိုက်ပြီး မေးလိုက်သည်။
“မိစ္ဆာဘိုးဘေးက အဲ့လောက်ပဲစွမ်းအားကြီးလား ရွှမ်ထျန်းယီတောင် သူ့ကိုမတားနိုင်ဘူးလား”
လုလင်ကျွမ်း ကုအန်ကို မျက်လုံးလှန်ကြည့်လိုက်ကာ
“နင့်သွေးသောက်အစ်ကိုက ကမ္ဘာပေါ်မှာပြိုင်ဘက်ကင်းလို့ ထင်နေတာလား ဆရာသခင်ဓားအရှင်နဲ့ ယှဉ်ရင် သူက အဝေးကြီးမှာ”
ကုအန် သက်ပြင်းချကာ ပြောလိုက်၏။
“ဒီကမ္ဘာကြီးရဲ့ ကပ်ဘေးတွေက ဘယ်တော့များမှ ပြီးတော့မှာလဲ အေးအေးချမ်းချမ်းလေး နေထိုင်ရဖို့က တကယ်ခက်ခဲတာပဲ”
လုလင်ကျွမ်း ကုအန်စကားကို ရယ်စရာကောင်းသည်ဟု တွေးပြီး ရယ်မောလိုက်ကာ
“နင့်အေးအေးချမ်းချမ်းနေရတဲ့ ဘ၀ကမလုံလောက်သေးဘူးလား နင်က တိုက်ခိုက်စရာတောင်မလိုဘူးလေ”
“ဒါပေမယ့် နင်တိုအားလုံး ထိခိုက်နေရတာကို ကြည့်ပြီး ငါဘယ်လိုစိတ်အေးနိုင်မှာလဲ” ကုအန် လေးလေးနက်နက်ပြောလိုက်၏။
သူ့အမူအရာကိုကြည့်ပြီး လုလင်ကျွမ်း ရုတ်တရက် စိတ်မလုံဖြစ်သွားခဲ့ရသည်။
ကုအန်၏ စရိုက်အရ သူသည် သူ့နားရှ်ိလူများကို တကယ်စိတ်ပူနေတာသာ ဖြစ်ပေလိမ့်မည်။
ကုအန်သည် မတိုက်ခိုက်ရသော်လည်း သူ့နားရှ်ိလူတိုင်း သူ့ဆီမှ ဆေးများ ရရှိနေခဲ့ပြီး သူ့အကျိုးပြုမှုမှာလည်း တိုက်ခိုက်နေသော တပည့်များနှင့် သိပ်မကွာခဲ့ပေ။
လုလင်ကျွမ်းအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့ အားလုံးပြီးတော့မှာပါ အားလုံးက ဆရာသခင်ဓားအရှင်နဲ့ မိစ္ဆာဘိုးဘေးရဲ့ တိုက်ပွဲအပေါ်ပဲ မူတည်နေတယ်”
ကုအန် ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်။
“အောက်ဆင်းပြီး တပည့်တွေကို နှစ်သိမ့်ပေးကြရအောင် ဒီလိုကာလမှာ အားလုံးစည်းလုံးနေသင့်တယ်”
ကုအန် ပြောနေရင်း သူ့နတ်အာရုံကလည်း မင်းဆက်သုံးခုကို ဖုံးလွှမ်းထားဆဲဖြစ်ကာ မိစ္ဆာဘိုးဘေး ချဉ်းကပ်လာသည်ကို ခံစားမိနေခဲ့သည်။
ထို့နောက် သူတို့နှစ်ယောက် လှေကားမှ ဆင်းလာခဲ့ကြ၏။
တောင်ကြားမှ တပည့်များလည်း ကုအန်နှင့် လုလင်ကျွမ်းကိုမြင်သောအခါ စုဝေးလာခဲ့ကြသည်။ ထို့နောက် လုလင်ကျွမ်းအား မိစ္ဆာချီအကြောင်း ဝိုင်းမေးခဲ့ကြ၏။
သူတို့ နိမ့်ပါးသော ကျင့်ကြံခြင်းကြောင့် မိစ္ဆာချီဘယ်က လာလဲဆိုတာ မသိနိုင်ကြဘဲ ထိုမိစ္ဆာချီက အဓိပတိဂိုဏ်းကို ဦးတည်လာမှာကို စိုးရိမ်နေခဲ့ကြသည်။
“စိတ်မပူပါနဲ့ ဒီမိစ္ဆာအရှိန်အဝါက မိစ္ဆာဘိုးဘေးဆီကပါ ငါတို့နဲ့အဝေးကြီးပဲ အခုရှေ့တန်းမှာ ကြီးမြတ်တဲ့ကျင့်ကြံသူတွေက သူ့ကိုတားဆီးဖို့ ပြင်ဆင်နေကြပြီ”
လုလင်ကျွမ်း သူတို့ကို နှစ်သိမ့်လိုက်၏။ လုလင်ကျွမ်းပြောသော မိစ္ဆာဘိုးဘေးဆိုသည့် စကားကြောင့် တပည့်များ ထိုပုဂ္ဂိုလ်အကြောင်း စတင်ဆွေးနွေးကြတော့သည်။
ရှောင်ချွမ် လူအုပ်အပြင်တွင် ရပ်ကာ ကောင်းကင်ကိုကြည့်ပြီး အတွေးလွန်နေသော သူ့အစ်ကိုကြီးကို လှည့်ကြည့်လိုက်၏။
ထို့နောက် သူချက်ချင်းကုအန်ဆီလျှောက်သွားလိုက်ကာ မေးလိုက်သည်။
“စီနီယာအစ်ကိုကြီး စိတ်ပူနေလား”
ကုအန်ခေါင်းညိတ်ပြလိုက်ကာ
“ဒါပေါ့ ငါစိတ်ပူနေတယ် ငါသာ ပိုပြီးကြိုးကြိုးစားစား ကျင့်ကြံခဲ့လို့ ပိုစွမ်းအားကြီးနေခဲ့ရင် ဒီထက်ပိုစိတ်အေးနေမှာပဲလို့တောင် မတွေးဘဲ မနေနိုင်ဘူး”
ရှောင်ချွမ် တုန့်ပြန်လိုက်၏။
“စီနီယာအစ်ကိုကြီး အစ်ကိုကြီးက တကယ်ကြိုးစားကျင့်ကြံသင့်တယ် အစ်ကိုကြီးရဲ့ ပါရမီရော ရာထူးရောက ကျွန်တော်တို့ထက် မြင့်တာပဲ အရှုံးမပေးနဲ့ အစ်ကိုကြီး”
“ငါကမင်းအကြောင်းပြောနေတာ အရူးလေးရဲ့ မင်းငါပေးတဲ့ ကျင့်စဉ်ကို ကြိုးစားမကျင့်ကြံဘူးလား”
“စီနီယာအစ်ကိုကြီး ကျွန်တော်အဲ့တာကို ကြိုးစားကျင့်ကြံရင်ရော ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်နိုင်မယ်ထင်လား နောက်ပြီး စိတ်ဝိညဉ်ကိုရော ဖွဲ့တည်နိုင်မှာလား တကယ်လို့ ကျွန်တော်အဲ့တာကိုတစ်သက်လုံးကျင့်နေရပြီး သက်တမ်း ရာဂဏန်းနည်းနည်းလောက် ပို ရှင်သန်နိုင်ရင်ရော ဘ၀ကဘာအဓိပ္ပာယ်ရှိတော့မှာလဲ အဲ့တာက အစ်ကိုကြီး ကျွန်တော့်ကို တစ်ခါက ပြောခဲ့ဖူးတဲ့ စကားပါ ကျွန်တော်လည်း ဘ၀ကိုပြည့်ပြည့်၀၀ ခံစားချင်တယ် နောက်ဘ၀ကျရင်တော့ ကျွန်တော်လည်း စီနီယာအစ်ကို လီယလို ပါရမီရှင်တစ်ယောက် ဖြစ်ရင်ဖြစ်လာမှာပေါ့”
ရှောင်ချွမ် တစ်ချက်ရယ်လိုက်ကာ သူ့မျက်နှာတွင် တောင့်တမှုများဖြင့် ပြည့်နေခဲ့သည်။
ကုအန်လည်း ရှောင်ချွမ်ကိုကြည့်ရင်း သူ့ကိုယ်သူလှောင်ပြောင်လိုက်မိ၏။
သူသည် အခြားသူများ၏ ရွေးချယ်မှုကို လေးစားဖို့ အမြဲပြောနေခဲ့သော်လည်း ကိုယ်တိုင်ကတော့ သူ့အနားရှိလူများကို အများကြီး ဂရုစိုက်မိနေဆဲပင်။
ကုအန် ရှောင်ချွမ်ပုခုံးကို တစ်ချက်ပုတ်လိုက်ကာ ကောင်းကင်သို့သာ ပြန်ကြည့်နေခဲ့သည်။
အံ့ဖွယ်အမတလင်းကို သတ်ဖြတ်ပြီးသည့်နောက် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက သူ့ကိုသတိထားမိသွားတာ သေချာနေ၏။
ဒီလိုဆိုမှတော့ ဘာလို့ဟန်ဆောင်နေရဦးမှာလဲ!
ယခုအချိန်သည် လူတိုင်းအား ထိုက်ကန်နတ်မင်သက်ဓားသိုင်းထက် ပိုစွမ်းအားကြီးသော ဓားပညာကို ပြရမည့်အချိန်ပင်။
ကုအန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့အကြည့်က ကောင်းကင်ကိုဖောက်၍ ကောင်းကင်အပြင်ဘက်ဆီ ရောက်ရှိသွားခဲ့လေသည်။
…..
မဟာကျင်းမင်းဆက် မြောက်ပိုင်းဒေသတွင်
ကမ်းပါးတစ်ခုပေါ်၌ ရွှမ်ထျနိးယီ တာအိုသခင် ရွမ်ကွမ်း လျန်ခန်းဟိုင် တာအိုပညာရှင် ထျန်းရှု နှင့် သုံးဆယ်ထက်မနည်းသော ကျင့်ကြံသူများ ဘေးချင်းယှဉ်၍ ရပ်နေခဲ့ကြသည်။
သူတို့အကြည့်များက မိစ္ဆာမြူများနှင့် ပြည့်နေသော ကောင်းကင်ဆီရောက်နေကြပြီး နတ်အာရုံများကမူ မိစ္ဆာဘိုးဘေးဆီ ရောက်နေခဲ့ကြသည်။
ထိုစဉ် အဖြူရောင်၀တ်စုံ၀တ် သုံးပါးတစ်ဆူတောင်မှ အမတတာအိုပညာရှင် သူ့လက်ထဲရှိ မြင်းမှီးယပ်ဖြင့် ကမ်းပါးထဲ ရိုက်ချလိုက်၏။
ဂျိန်းးဂျလိန်းးး….
ကမ္ဘာမြေကြီး အက်ကွဲသွားကာ တောင်နှင့်ထိစပ်နေသောမြေပြန့်သည် ကွဲအက်သွားကာ အဆုံးမဲ့သောချောက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ထိုချောက်ကြီးထဲမှ စိတ်ဝိညဉ်စွမ်းအားများ ထွက်ပေါ်လာကာ စိတ်ဝိညဉ်အကာအကွယ်တံတိုင်းတစ်ခု ဖြစ်တည်လာခဲ့သည်။
ရွှမ်ထျန်းယီ အမတတာအိုပညာရှင်ကိုတစ်ချက်ကြည့်လိုက်ပြီး ထို့နောက် မိစ္ဆာဘိုးဘေးကိုသာ အာရုံပြန်စိုက်လိုက်သည်။
“လူတိုင်းပဲ…” လျန်ခန်းဟိုင် ပြောရန်ပြင်လိုက်သော်လည်း တစ်ခုခုကို အာရုံခံမိသွားပြီး ကောင်းကင်ဆီ ခေါင်းမော့ကြည့်လိုက်မိ၏။ သူတင်မဟုတ် အခြားကြီးမြတ်သည့် ကျင့်ကြံသူကြီးများလည်း သူ့လိုပင်။
ကောင်းကင်သည် ရုတ်ချည်းမှောင်မည်းသွားကာ ကြယ်များဖြင့် ပြည့်နှက်သွားသည်ကို တွေ့လိုက်ကြရ၏။
တာအိုသခင် မျက်မှောင်ကြုံ့သွားကာ သူ့လက်ချောင်းများဖြင့် မတွက်ချက်ဘဲ မနေနိုင်တော့ပေ။
မိစ္ဆာဘိုးဘေးလည်း ထိုမြင်ကွင်းကို မြင်လိုက်ရလေသည်။ သူ့နောက်တွင်လည်း အုံ့မှိုင်းနေသည့်မိစ္ဆာမြူများ ရှိနေပြီး သူ့ရှေ့တွင်တော့ ကောင်းကင်တစ်၀က်ကို တောက်ပနေသည့် ကြယ်များက ဖုံးလွှမ်းထားခဲ့သည်။
အပိုင်း(၁၉၂)
ကြယ်လွှမ်းခြုံအနန္တဓားသိုင်း
ထျန်းဝေမင်းဆက် ကောင်းကင်နန်းတော်တောင်တွင်
အန်းဟောင် စီယန်အာနှင့်ကျင့်ကြံသူတစ်စု ကောင်းကင်နန်းတော်ထဲမှ ထွက်လာကာ ကြယ်များဖြင့် ပြည့်နေသော ကောင်းကင်ကို မျက်လုံးပြူးကာ ကြည့်နေခဲ့သည်။
အမတကျင့်ကြံခြင်းကမ္ဘာ၏ ကောင်းကင်သည် အလွန်မြင့်သော အရာဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့ ကောင်းကင်တွင်ပြည့်နေသော ကြယ်များက သူတို့နှင့်နီးကပ်နေသလို ခံစားချက်မျိုးတစ်ခါမှ မရခဲ့ဖူးပေ။
“ဒါကြီးက ဘာအဖြစ်အပျက်ကြီးလဲ”
“ကောင်းကင်ကြီး ပြိုကျလာတာလား”
“အဲ့တာက မိစ္ဆာဘိုးဘေးလုပ်လိုက်တာလား”
“မဟုတ်နိုင်ဘူး ဒါက ခန်းထျန်ဂိုဏ်းရဲ့ အစွမ်းထက်၀င်္ကပါပုံစံနဲ့ ပိုတူတယ် သူတို့၀င်္ကပါက အရမ်းကြီးကျယ်ပြီး ကောင်းကင်နဲ့မြေပြင်ရဲ့ အနှစ်သာရကိုတောင် စုပ်ယူနိုင်တယ်”
အန်းဟောင် ကြယ်တွေပြည့်နေသော ကောင်းကင်ကို ကြည့်ကာ မျက်လုံးများ တဖြတ်ဖြတ်လက်နေခဲ့သည်။
သူ့ဘေးရှိ စီယန်အာ မှာတော့ အံ့အားသင့်နေပြီး သူ့စကားများကို အန်းဟောင်မတုန့်ပြန်သောကြောင့် အန်းဟောင်ကို လှည့်ကြည့်လိုက်၏။
“ရှင်ဘာဖြစ်နေတာလဲ” စီယန်အာ အန်းဟောင်ကို တံတောင်နှင့်တွတ်၍ မေးလိုက်သည်။
အန်းဟောင်အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပြောလိုက်၏။
“ဒါက ဆရာသခင်ဓားအရှင်ရဲ့ ဓားဆန္ဒပဲ ဒါက ထိုက်ကန်နတ်မင်သက်ဓားသိုင်းကနေ ဆင့်ကဲပြောင်းလဲသွားတဲ့ ဓားသိုင်းဖြစ်နိုင်တယ်”
ဆရာသခင်ဓားအရှင်လား!
လူတိုင်းသူ့ကိုကြည့်လိုက်ကြကာ ပျော်ရွှင်သွားခဲ့ကြသည်။
ဆရာသခင်ဓားအရှင်သည် အန်းဟောင်၏ဆရာဖြစ်မှန်း သိထားသောကြောင့် စီယန်အာ လည်းလာမည့်တိုက်ပွဲကို ပို၍မျှော်လင့်သွားမိ၏။
ဆရာသခင်ဓားအရှင်က ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်ကို အင်္ကျီလက်အိုးတစ်ချက်ဝေ့လိုက်ရုံဖြင့် သတ်လိုက်သည့် မြင်ကွင်းကို သူအခုထိ မေ့မရသေးပေ။
တစ်ဖက်လူသည် မည်မျှ စွမ်းအားကြီးနေပါစေ ဆရာသခင်ဓားအရှင်ပေါ်လာပါက ထိုလူသည် ရှုံးနိမ့်သွားရသည်သာ ဖြစ်သည်။
သူမလှုပ်ရှားပါက ကိစ္စမရှိသော်လည်း သူလှုပ်ရှားလိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားရစမြဲဖြစ်သည်။
စစ်မြေပြင်ရှိ ဝူကျဲ မိစ္ဆာများကို သတ်ဖြတ်နေရင်း ပြောင်းလဲသွားသော ကောင်းကင်ကို အံ့ဩတကြီးမော့ကြည့်လိုက်၏။
သူ့လက်သီးချက်များက တစ်ချက်ကို မိစ္ဆာတစ်ကောင်နှုန်းဖြင့် သတ်နေပြီး သူ့တစ်ကိုယ်လုံးတွင် သွေးများ စိုရွှဲနေခဲ့သည်။
သူနှင့် မိုင်ထောင်ချီ အဝေးရှိ ယိယန်လည်း ကောင်းကင်ကို အားကျသည့် မျက်၀န်းများ ဖြင့် မော့ကြည့်နေခဲ့လေသည်။
ယိယန်သည် ယခုအခါ ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပြီဖြစ်ပြီး သူ့လှံသိုင်းက ဝူကျဲ၏ လက်သီးလောက် အစွမ်းမထက်သော်လည်း စစ်မြေပြင်တွင်တော့ ပို၍ သင့်တော်၏။
သူ့လှံတစ်ချက်လှုပ်လိုက်တိုင်း စစ်မြေပြင်တွင် နဂါးတစ်ကောင်နှယ် ပျံသန်းသွားပြီး မိစ္ဆာများကို သုတ်သင်နေခဲ့သည်။
ထိုစဉ် ယိယန် ကောင်းကင်ကိုကြည့်နေရင်း သူ့စိတ်ထဲတွင် အတွေးများလည်း ပွားနေမိသည်။
လူတစ်ယောက်သည် ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို ဖန်တီးနိုင်ရန် မည်မျှ စွမ်းအားကြီးရမည်နည်း။
အဝေးရှိ တောင်ထိပ်တစ်ခုပေါ်တွင် လီရွှမ်တောက် ရပ်နေရင်း ကောင်းကင်ရှိကြယ်များကိုကြည့်ကာ သူ့ဓားသဏ္ဍာန်မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
သူ့လက်ရှိ ကျင့်ကြံခြင်းအရ သူ့အမြင်က ဝူကျဲနှင့် ယိယန်တို့ထက် ပို၍ နက်ရှိုင်းပေသည်။
“အမတလမ်းစဉ် အဆင့်….”
,လီရွှမ်တောက် ခပ်တိုးတိုးရေရွတ်လိုက်၏။
ထိုက်ကန်မင်းဆက် အနောက်ဘက်ဒေသရှိ တောင်တစ်လုံးပေါ်တွင် ရီလန်နှင့် ဥပဒေရေးရာခန်းမများ ရှိနေကြပြီး ကောင်းကင်ကို အံ့အားသင့်သည့် မျက်၀န်းများဖြင့် ကြည့်နေခဲ့ကြသည်။
ရီလန်မှာတော့ ကောင်းကင်ကို ကြည့်နေရင်း အကြည့်လွှဲလိုက်ကာ ကျန်းချင်ကို တစ်ချက်ကြည့်လိုက်၏။
နောက်ဆုံးတစ်ခေါက် ပျောက်သွားပြီးကတည်းက ကျန်းချင်သည် လုံး၀မတူညီသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ သူမ မေးမြန်းခဲ့သော်လည်း ဘာမှမတုန့်ပြန်ခဲ့သောကြောင့် ရီလန် သူ့ကို စိုးရိမ်နေခဲ့သည်။
ထို့ကြောင့် မိစ္ဆာကပ်ဘေးကြီး အမြန်ပြီးမှ သူကျန်းချင်ကို အဓိပတိဂိုဏ်းတွင် ကောင်းကောင်းအနားယူခိုင်းမည်ဟု စဉ်းစားထားရုံသာ တတ်နိုင်တော့သည်။
….
တတိယတောင်ကြားတွင် တပည့်များအားလုံး ကောင်းကင်ကို အံ့ဩတကြီး ကြည့်ရှုနေခဲ့ကြသည်။ ထိုထဲတွင် လုလင်ကျွမ်းလည်းပါနေခဲ့၏။
ထိုဓားဆန္ဒသည် ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒမှန်း သူအာရုံခံမိနေခဲ့သော်လည်း ယခုဓားဆန္ဒက ပို၍ အားကောင်းနေသည်ကိုလည်း သူမတွေ့နေခဲ့ရသည်။
ဖြစ်နိုင်သည်မှာ ဆရာသခင်ဓားအရှင်သည် အရင်က သူ့ခွန်အားများကို လျှိုထားခြင်း ဖြစ်နိုင်ပါသလော။
ကုအန်နှင့် ရှောင်ချွမ်တို့လည်း ကောင်းကင်ကိုကြည့်ကာ အံ့အားသင့်နေခဲ့ကြသည်။ ကုအန်မှာတော့ အံ့အားသင့်ချင်ယောင်ဆောင်နေခဲ့ခြင်း ဖြစ်၏။
သူ့နတ်အာရုံက မိစ္ဆာဘိုးဘေးဆီတွင် ရောက်ရှိနေပြီး ဖြစ်သည်။
သူကြယ်လွှမ်းခြုံအနန္တဓားသိုင်းကို ထုတ်သုံးပြီးကတည်းက မိစ္ဆာဘိုးဘေးသည် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ ယခုအချိန်သည် နောက်ဆုတ်ဖို့ နောက်ကျလွန်းနေလေပြီ။
သို့သော် နောက်ဆုတ်မည့်အစား မိစ္ဆာဘိုးဘေးကိုယ်မှ ပိုမိုအားကောင်းသော မိစ္ဆာချီများ ပေါက်ကွဲထွက်လာပြီး လူသားမျိုးနွယ်နယ်မြေထဲ ကျူးကျော်ဖို့ ကြိုးစားနေခဲ့၏။
“ဆရာသခင်ဓားအရှင် ဒီနေ့ ငါတို့ဒီကပ်ဘေးရဲ့ အောင်နိုင်သူကို ဆုံးဖြတ်လိုက်ကြတာပေါ့!”
မိစ္ဆာဘိုးဘေး၏ အေးစက်စက်အသံကြီးက မင်းဆက်သုံးခုနယ်မြေတစ်ခုလုံးတွင် ဟိန်းထွက်လာခဲ့သည်။ သို့သော် ဆရာသခင်ဓားအရှင်သည် ပိုမိုစွမ်းအားကြီးပုံပေါ်နေသောကြောင့် ဘယ်သူမှ သိပ်မကြောက်ခဲ့ကြပေ။
ယခုအခါ အမတကျင့်ကြံခြင်းကမ္ဘာသာမကဘဲ သေမျိုးကမ္ဘာကလူများပါ ဆရာသခင်ဓားအရှင်နာမည်ကို သိရှိနေပြီဖြစ်ကာ မင်းဆက်သုံးခုရှိ ပြည်သူများစိတ်ထဲတွင် ဆရာသခင်ဓားအရှင်ရောက်ရှိနေပြီ ဖြစ်သည်။
မဟာကျင်းမင်းဆက် မြောက်ပိုင်းနယ်မြေတွင်
မိစ္ဆာဘိုးဘေး အော်ပြောပြီးသည်နှင့် လေထဲသို့ တစ်ချက်ခုန်လိုက်ကာ သူ့ကိုယ်ထဲမှ မိစ္ဆာချီများ ထွက်ပေါ်လာပြီး လေထဲတွင် ရပ်နေခဲ့သည်။ သူ့နောက်မှ မိစ္ဆာမြူခိုးများထဲမှ မိစ္ဆာသားရဲများကလည်း နားကွဲလုမတတ် အော်ဟစ်နေကြပြီး အသံကြောင့် ကမ္ဘာမြေကြီးပင်အက်ကွဲကာ ကမ္ဘာကြီးတစ်ခုလုံး ပြိုကွဲသွားတော့မည်ဟု ထင်နေရသည်။
ထို့နောက် မိစ္ဆာဘိုးဘေး ရုတ်ချည်း ရွှမ်ထျန်းယီ တို့ဆီ တိုး၀င်လာခဲ့လေသည်။
ဆရာသခင်ဓားအရှင် လှုပ်ရှားတော့မည် ဆိုတာ သိနေသော်လည်း ရွှမ်ထျန်းယီ တို့ မပေါ့ဆခဲ့ကြပေ။ မိစ္ဆာဘိုးဘေး၀င်လာသည်နှင့် သူတို့၏အစွမ်းထက်ဆုံး မှော်အသုံးအဆောင်များနှင့် ၀င်္ကပါများကို ပြင်ကာ ခုခံဖို့ ပြင်လိုက်ကြသည်။
ထိုစဉ် ကောင်းကင်မှ ကျယ်ပြန့်လှသော ဓားဆန္ဒကြီးတစ်ခုကျဆင်းလာကာ ကမ္ဘာကို ဖုံးလွှမ်းသွားခဲ့၏။
ရွှမ်ထျန်းယီ တို့အုပ်စုလည်း ကောင်းကင်ပေါ်မော့ကြည့်လိုက်ကြရာ မျက်လုံးများပြူးကျယ်၍ ပါးစပ်အဟောင်းသား ဖြစ်ကုန်ခဲ့ကြသည်။ တည်ငြိမ်လှသော အမတတာအိုပညာရှင်နှင့် တာအိုသခင်တို့ပင် ထိုအခိုက်တွင် မတည်ငြိမ်နိုင်ကြတော့ပေ။
သူတို့အကြည့်အောက်တွင် ကောင်းကင်ရှိ ကြယ်များမှ ဓားအလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး မရေတွက်နိုင်သော ဓားအရိပ်များက အလင်းတန်းများနှယ် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားကာ ကောင်းကင်မှ ကျဆင်းလာခဲ့ကြသည်။
ထိုဓားများအောက်တွင် မဟာယနအဆင့်များပင် သူတို့ကိုယ်သူတို့ ဖုန်မှုန့်များနှယ် ခံစားလိုက်ကြရသည်။
မိစ္ဆာဘိုးဘေးလည်း ဓားအရိပ်များကိုကြည့်ကာ မျက်လုံးထဲ ကြောက်ရွံ့မှုအနည်းငယ်ပေါ်လာခဲ့သော်လည်း သူ့အမူအရာက ကြမ်းကြုတ်လာခဲ့သည်။
ဂျိန်း ဂျလိန်း….
မိစ္ဆာမြူများထဲမှ မရေတွက်နိုင်သော မိစ္ဆာသားရဲများ အားလုံးပေါင်းကာ လူသဏ္ဍာန် ပေတစ်ထောင်ခန့်မြင့်သော ပုံရိပ်ကြီး ဖြစ်ပေါ်လာခဲ့သည်။ ထိုပုံရိပ်ကြီးသည် ကျားများ ခြင်္သေ့များကို စီးနေကာ ခါးတွင် အဇူရာနဂါးတစ်ကောင်က ရစ်ပတ်ထားပြီး သူ့ကျောတွင် ဖီးနစ်အတောင်တစ်စုံရှိနေခဲ့သည်။ သူ့ခေါင်းရှိဆံပင်များမှာ မြွေများနှယ် ပုခုံးပေါ်ကျနေပြီး သူ့လက်ထဲတွင် ဓားရှည်ကြီးတစ်လက်ရှိကာ ထိုဓားကို ကောင်းကင်ဆီသိူ့ ဒေါသတကြီး ဝေ့ယမ်းနေခဲ့၏။
ဝုန်းးး ဝုန်းးး ဝုန်းးး….
ကောင်းကင်မှ ကျဆင်းလာသော အဆုံးမဲ့သည့် ဓားရိပ်များက မိစ္ဆာဘိုးဘေး၏ ဓားရှည်ကို ထိမှန်ကုန်ကြသည်။ ထို့နောက် ဓားရိပ်များသည် မိစ္ဆာဓားရှည်ကိုဖြတ်သန်းကာ သူ့ကိုယ်ကို ဖောက်ထွင်းသွားခဲ့ကြ၏။
နောက်ဆုံးတုန့်ပြန်မှုအနေနှင့် မိစ္ဆာဘိုးဘေး ဝိညဉ်တုန်ခါမတတ် အော်ဟစ်လိုက်ကာ ကောင်းကင်ကို လက်ဝါးဖြင့် ရိုက်လိုက်လေသည်။
ထို့နောက်တွင်တော့ သူ့ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ချက်ချင်း တစ်စဆီ ဖြစ်သွားခဲ့၏။ မြေပြင်လည်း အက်ကွဲကုန်ကာ ဖုန်သဲများ လွင့်ထွက်လာပြီး လေပြင်းများက ကမ္ဘာတစ်ဝှမ်းလုံးဆီ ပျံ့နှံ့သွားခဲ့သည်။
အမတတာအိုပညာရှင်ထုတ်ထားသော ဧရာမ စိတ်ဝိညဉ်နံရံကြီးလည်း ပျက်ဆီးသွားခဲ့ကာ လေပြင်းများကို ရွှမ်ထျန်းယီတို့ စိတ်ဝိညဉ်စွမ်းအားသုံး၍ ကာကွယ်လိုက်ကြရ၏။
မင်းဆက်သုံးခုရှိ လူများလည်း ရုတ်တရက် မြောက်ဘက်ကောင်းကင်မှ အလင်းတန်းများတောက်လာသည်ကို ခံစားလိုက်ကြရပြီး ရုတ်တရက် ကမ္ဘာကြီးက အရောင်မဲ့သွားခဲ့သည်။
တတိယတောင်ကြားရှိ တပည့်များလည်း မူးနောက်သွားကာ မျက်လုံးများမှိတ်လိုက်ကြရသည်။ ထို့ကြောင့် လုလင်ကျွမ်း လေပေါ်တက်ကာ စိတ်ဝိညဉ်အကာအကွယ်သုံး၍ တောင်ကြားကို ကာကွယ်ပေးထားလိုက်၏။
ကောင်းကင်ဖီးနစ်တောင် နျန်းချူဂူတွင်
ဂူနံရံများပင် တုန်ခါနေသောကြောင့် ထျန်းယောင်အာ ကြောက်ရွံ့နေပြီး ခေါင်းကိုလက်ဖြင့်အုပ်ထားပြီး ဆရာ ဟုရေရွတ်နေခဲ့လေသည်။
မြောက်ပင်လယ်တောင်တန်းဒေသ တောင်နတ်ဘုရားကျောင်းဆောင်ရှေ့တွင်
ယမ်းခါနေသော တောအုပ်ကြီးကိုသတိထားမိကာ သူတော်စင်ရွှမ်မြောင်အဝေးသို့ ကြည့်နေမိကာ တုန်လှုပ်နေခဲ့သည်။
“ဆရာသခင်ဓားအရှင်…”
သူတော်စင်ရွှမ်မြောင် ခပ်တိုးတိုးရေရွတ်လိုက်၏။ ဤကဲ့သို့သော စွမ်းအားမျိုးနှင့်ဆိုလျှင် ဆရာသခင်ဓားအရှင်သည် တောင်နတ်ဘုရားအောက်ပင် စွမ်းအားမလျော့နိုင်ပေ။
သို့မဟုတ်တောင်နတ်ဘုရားက ကမ္ဘာပေါ်တွင်ထိုကဲ့သို့သော တည်ရှိမှုမျိုးရှိနေတာကိုသိ၍ ၀င်မပါခြင်းမျိုး ဖြစ်နိုင်ပါသလော။
သူတော်စင်ရွှမ်မြောင်အခြေအနေကို သေချာမသိသော်လည်း အဝေးမှ ဓားဆန္ဒကိုခံစားမိရုံနှင့်ပင် မိစ္ဆာဘိုးဘေး ဘယ်လိုနိုင်မှာလဲဟု တွေးနေမိသည်။
အလင်းရောင်သည် အသက်ရှူကြိမ် ဆယ်ကြိမ်စာလောက် ကြာခဲ့ပြီး ထို့နောက်မှ ကမ္ဘာကြီးက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
ကောင်းကင်ရှိ ကြယ်များလည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး ကောင်းကင်ပြာကြီး ပြန်ပေါ်လာခဲ့၏။
တတိယတောင်ကြားတွင်
ကုအန်သူ့ရှေ့ရှိ စာကြောင်းကိုကြည့်ကာ မျက်ခုံးများတွန့်ကွေးသွားခဲ့သည်။
[သင်သည် မိစ္ဆာဘိုးဘေး (အချုပ်အနှောင်မဲ့အမတအဆင့်၅)ကိုသုတ်သင်ခဲ့ပြီး သက်တမ်း ၁၀၃၀ ရရှိခဲ့ပါသည်]
ဘယ်လိုလုပ် ၁၀၀၀ ကျော်လေး ဖြစ်နိုင်မှာလဲဟ!
ဒါကြီးက အံ့ဖွယ်အမတလင်းလောက်တောင် မများဘူး!
သူ့ဘေးရှ်ိ ရှောင်ချွမ်လည်း ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာကာ မေးလိုက်သည်။
“စီနီယာအစ်ကိုကြီး ပြီးသွားပြီလား”
သူအစက မိစ္ဆာဘိုးဘေးနှင့် ဆရာသခင်ဓားအရှင်တို့ တိုက်ပွဲသည် ကမ္ဘာကြီး အက်ကွဲမတတ်ပြင်းထန်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အခုတော့ ကမ္ဘာကြီးအက်ကွဲသွားသော်လည်း ထိုမျှတော့ ပြင်းထန်ပုံမပေါ်ပေ။
ကုအန် သက်ပြင်းချကာ ပြောလိုက်၏။
“ငါလည်း သေချာမသိဘူး လုလင်ကျွမ်းပဲ သေချာသိလိမ့်မယ်”
လုလင်ကျွမ်း လေထဲတွင်ရပ်နေရင်း မြောက်ဘက်သို့ ကြောက်ရွံ့နေသည့် မျက်လုံးများဖြင့် ကြည့်နေမိသည်။
ထိုစဉ် သူ့ဆံပင်ထဲမှ မြွေလေးတစ်ကောင်ထွက်လာပြီး လျှာကိုယမ်းလိုက်ကာ ပြောလိုက်၏။
“ဘုရား ဘုရားး ….ဒီလောက်ကြောက်စရာကောင်းတဲ့မိစ္ဆာချီတွေက ဒီလိုပဲ ပျောက်ကွယ်သွားရတာလား မိစ္ဆာဘိုးဘေးက ဆရာသခင်ဓားအရှင်ရဲ့ တစ်ကွက်ကိုတောင် မခံနိုင်ဘူးပဲ…”
လုလင်ကျွမ်းလည်း ထိုအကြောင်း စဉ်းစားနေသောကြောင့် သူ့ကို ဘာမှမတုန့်ပြန်ခဲ့ပေ။
ဆရာသခင်ဓားအရှင်သည် မည်မျှသန်မာနေသနည်း။
မကြာခင်တွင် အပြင်စည်းဂိုဏ်းမှ ချီးကျူးသံများ အောင်ပွဲခံသံများ ထွက်ပေါ်လာခဲ့လေသည်။
ဆရာသခင်ဓားအရှင်လှုပ်ရှားခြင်းကို တစ်ရက်ထဲတွင် နှစ်ကြိမ်မြင်လိုက်ရခြင်း!
ထိုအရာနှင့်ပင် သူတို့ဘ၀တွင် နောင်တမရှိဘဲ သေနိုင်လေပြီ။
ပို၍အရေးကြီးသည်မှာ မိစ္ဆာဘိုးဘေးသေဆုံးသွားပြီဖြစ်သောကြောင့် ထိုအရာသည် မိစ္ဆာကပ်ဘေးပြီးဆုံးခြင်းဟု ဆိုလိုနေသည် မဟုတ်ပါလား။