← Chapters

အခန်း (၃၄၁-၃၄၂)

Vol. 25 Ch. 341-342

အခန်း (၃၄၁-၃၄၂)

Vol. 25 Ch. 341-342

ယွမ်ကျိုး အပိုင်း(၃၄၁)

ဆိုင်နာမည်အား ဇွဲရှိရှိဖြင့် ဆက်ပြောခြင်း

နေ့လယ်ခင်းဆိုင်ဖွင့်ချိန်မှာ အလွန်လျင်မြန်စွာကုန်ဆုံးသွား၏။ ယွမ်ကျိုးမှာ နေ့လယ်ခင်းတွင် သူ့ကိုယ်ပိုင်အချိန်ကို နှစ်ပိုင်းခွဲထားလေသည်။ တစ်ပိုင်းမှာ ဒီနေ့ဝယ်လာခဲ့သည့် စာအုပ်ကိုဖတ်ရန်ဖြစ်ပြီး နောက်တစ်ပိုင်းမှာ သူ့အလေ့ အကျင့်အရ ဟင်းလျာအသစ်ချက်ပြုတ်ရန်လေ့ကျင့်ခြင်းအတွက်ဖြစ်သည်။

ယွမ်ကျိုး၏ စီမံခန့်ခွဲမှုအောက်တွင်အချိန်မှာ လျင်မြန်စွာကုန်သွားသည်။

ညနေစာအချိန်သို့ လျင်မြန်စွာရောက်သွား၏။ ယွမ်ကျိုးမှာ “ဟူး” ခနဲ့သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက််ပြီး ခဏနားရန်ထိုင်လိုက်သည်။

“ဟယ်လို၊ သူဌေး” ရှန်မင်ကအထဲဝင်လာစဉ် ယွမ်ကျိုးမောပန်းနေသည်ကိုမြင်သောအခါ ပေါ့ပေါ့ပါးပါးလှမ်းနှုတ်ဆက် လိုက် သည်။

“အင်း...အဆင်သင့်သွားလုပ်ထားလိုက်တော့” ယွမ်ကျိုးက ခေါင်းညိတ်ကာပြော၏။

“ဟုတ်ကဲ့သူဌေး” ရှန်မင်က သူမ၏ကျောပိုးအိတ်ကို လွယ်ပြီး နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။

ရှန်မင်မှာ ခေါက်တံခါးကို ဆွဲဖွင့်လိုက်ရာ “ကျွီ” ခနဲအသံတစ်ချက်မြည်သွား၏။ ခဏမျှစဉ်းစားပြီးနောက်၊ သူမမှာမနေနိုင်ဘဲ လှည့်ကာပြောလိုက်သည်။ “သူဌေးကျွန်မတံခါးကို ကိုယ့်ဘာသာပိတ်နိုင်ပါတယ်၊ သူဌေးသွားနား လိုက်ပါလား”

“အမ်?” ယွမ်ကျိုးမှာ အနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရသည်။

ရှန်မင်မှာ သူ့အားအမြဲလိုလိုကြောက်ရွံ့ရိုသေခဲ့ရာ အလုပ်ကိစ္စမှလွဲ၍ စကားမပြောပေ။ ယခုအကြိမ်မှာ သူ့အား ဂရုစိုက်ကြောင်း ပထမဆုံးအကြိမ်ပြခြင်းပင်ဖြစ်သည်။

“ဒါပေမယ့် ရှင်စိတ်မချဘူးဆိုလည်း ထိုင်ကြည့်နေလိုက်လေ..ဘာပဲဖြစ်ဖြစ် နည်းနည်း‌တော့နားလိုက်ပေါ့” ရှန်မင်က ယွမ်ကျိုး၏ အကြည့်စူးစူးကြောင့် အနည်းငယ်ပျာယာခတ်သွားပြီးမှ အလျင်အမြန်ထပ်ဖြည့်ပြောလိုက်သည်။

“ကျေးဇူးပဲ” ယွမ်ကျိုးခေါင်းညိတ်ပြကာပြောလိုက်သည်။

“ရပါတယ်..အဲ့ဒါဆိုကျွန်မပြင်လိုက်တော့မယ်နော် သူဌေး” ရှန်မင်မှာ အနည်းငယ်ရှက်သွား၏။ ထိုသို့ပြောပြီးနောက် ပြေးထွက်သွားတော့သည်။

“ဒီကောင်မလေးကတော့” အလျင်အမြန်ပြေးထွက်သွားသော ရှန်မင်ကိုကြည့်ရင်း ယွမ်ကျိုးပြုံးလိုက်သည်။ တစ်စုံတစ်ယောက်က သူ့အရေးကိစ္စများကို စိတ်ပူပေးလာသည်မှာ အတော်ကြည်နူးဖွယ်ကောင်းလေသည်။

ရှန်မင်မှာမူ အနည်းငယ်ရှက်သွားမိပေမယ့် ထိုသို့ပြောလိုက်မိခြင်းကို နောင်တမရချေ။

သူမဒီမှာ အလုပ်စလုပ်ကတည်းက အလုပ်ချိန်မှာတိုပြီး အလုပ်ကလည်းမပင်ပန်းချေ။ ထို့အပြင် သူမ၏အိမ်စာများကို လည်းလုပ်ခွင့်ရသေးသည်။ သူမတစ်ယောက်တည်း ပြန်ရလျှင်လည်း အန္တရာယ်ကင်းစေရန် လိုက်ပို့သေး၏။ ဤ သေးငယ်သောကိစ္စလေးများအားလုံးကို သူမစိတ်ထဲတွင် မှတ်သားထားပြီးဖြစ်သည်။

သို့ဖြစ်ရာ သူမမှာ အလုပ်ကိုတာဝန်ကျေပွန်စွာလုပ်ပြီး သူဌေးယွမ်သည်သာလျှင် အကောင်းဆုံးသူဌေးဖြစ်သည်ဟု မှတ်ယူထားတော့သည်။

ထို့အပြင် သူမက မကြာသေးခင်က ယွမ်ကျိုး၏သဘောထားကိုတွေးမိရာ ပို၍ပျော်ရွှင်လာတော့သည်။

သူတို့ဂရုစိုက်ပေးသည်ကို ကျေနပ်စွာခံယူပေးခြင်းက လူကိုအမှန်ပင်ပျော်စေ၏။

“ရှပ် ရှပ် ရှပ်” ရှန်မင်မှာ တံမြက်စည်းကိုယူကာ ဝါးရွက်ကြွေများကို တစ်ဘက်သို့လှည်းကျင်းလိုက်သည်။

“ဒီဝါးပင်တွေက တကယ်အကြီးမြန်တာပဲ၊ အရွက်ကြွေတာလည်းရှားတယ်” လှည်းနေရင်းဖြင့် အစိမ်းရောင်ဝါးပင်များ အားကြည့်ကာ ပြောလိုက်သည်။

အရွက်ကြွေများကို ယခုအပတ်မှစတင်လှည်းကျင်းခဲ့ရသည်။

စနစ်မှဖန်တီးပေးထားသော ဝါးရွက်များမှာ ညှိုးနွမ်းခြင်းမရှိသော်လည်း ယွမ်ကျိုးဝယ်လာသောဝါးပင်၏အရွက်များ မှာမူ အဝါရောင်သမ်းကာ ကြွေကျတော့သည်။ ထို့ကြောင့် ရှန်မင်မှာ အလုပ်နောက်တစ်ခုရပြန်၏။

သို့သော် အချို့အရွက်ဝါများကြွေကျသွားလျှင်တောင် ဒီဆိုင်၏အလှကို အရုပ်ဆိုးသွားစေခြင်းမရှိပေ။

ပလက်‌ဖောင်းပေါ်၌ အနည်းငယ်အဝါရောင်သမ်းနေသော အရွက်အချို့မှာ ဝါးရွက်စိမ်းများကြားတွင် ရောနှောကာ ဟိုတစ်ရွက်သည်တစ်ရွက် ပျံ့နှံ့နေရာ ရွက်ဟောင်းကြွေ၍ ရွက်သစ်ကူးပြောင်းဆဲကာလ၏ ဆန့်ကျင်ဘက် အလှတရားတစ်ခုကို ပေးစွမ်းနေ၏။

“ရို့..ဟယ်လို..ဦးလေးယွမ်” လင်းဟုန်မှာ အဖြူရောင်ရှပ်အင်္ကျီကို ကော်လံထောင်ကာဝတ်ထားပြီး ဂျင်း‌ဘောင်းဘီအပြဲ၊ အဖြူရောင်အားကစားဖိနပ်တို့ကိုဝတ်ဆင်ထားသည်။ သူ၏ချောမောလှသောအသွင်အပြင်နှင့်ပေါင်းစပ်လိုက်သော အခါ ကောလိပ် ကျောင်းသားလေး ကဲ့သို့ နုပျိုနေတော့သည်။

“လင်းဟုန် မင်းဒီနှစ်ဆို အသက်က၂၈နှစ်နော် ၁၈နှစ်မဟုတ်ဘူး” ယွမ်ကျိုးမှာ ခဏလောက်တိတ်သွားပြီး ရုတ်တရက် ပြောလိုက်လေသည်။

“ဟော..ဟော မှတ်မိသေးလား၊ မင်း ငါ့ရှေ့မှာ နုချင်ယောင် ဟန်ဆောင်မနေတော့နဲ့လို့ တစ်ခါပြောဖူးတယ်လေ၊ အဲ့တုန်းက မင်းဝန်မခံချင်ဘူးဖြစ်နေတာ၊ ဟမ်..၂၈နှစ်အရွယ်ယောက်ျားကြီးရဲ့” ဆိုင်အတွင်းသို့ သူ့နောက်မှလိုက်ဝင်လာသော ဝူဟိုင်းက လင်းဟုန်ကို ထိန်းမနိုင်သိမ်းမရ ဟားတိုက်လေတော့သည်။

“ဒါပေမယ့်သူတကယ်နုနေတာပဲကို” သူ့နောက်မှာလူတစ်ယောက်ရှိနေပြီး အသံမှာ စမ်းရေကဲ့သို့ကြည်လင်နေ၏။ ထို့အပြင် အတော်လေးစိတ်ဓါတ်ကြံ့ခိုင်ကာ ကြည့်ကောင်းပုံပေါ်သည်။

ထိုသုံးယောက်အနက် ဤလူတစ်ဦးသာ ကြည့်ရတာ သာမန်ရုပ်ရည် ပိုင်ဆိုင်ထားသည်ဟု ယွမ်ကျိုးတွေးလိုက်မိသည်။

“ဦးလေးယွမ်တော့ ကျွန်တော့်ကိုမနာလိုဖြစ်နေပြီထင်တယ်၊ ဘာပဲဖြစ်ဖြစ်လေ...ခင်ဗျားလည်း ကြည့်ရတာသိပ်...ကျွန်တော်ပြောချင်တာခင်ဗျားသိပါတယ်” လင်းဟုန်က စနောက်နေသည်။

“ငါကဒီနှစ်မှ ၂၄ပဲရှိသေးတာ၊ ချစ်စရာမင်းသားလေးတစ်ပါးရဲ့ အကောင်းဆုံးအသက်အရွယ်လေ” ယွမ်ကျိုးက တုံ့ဆိုင်းခြင်းမရှိပြောလေသည်။

ထိုသို့ယွမ်ကျိုးပြောပြီးနောက် လင်းဟုန်က ယွမ်ကျိုးအားလက်ညှိုးထိုးကာ ဝူဟိုင်အား ချက်ချင်းပြောလိုက်သည်။

“မင်းတို့ ငါ့ကိုတော့ ငယ်ဟန်ဆောင်သလေးဘာလေးနဲ့ ဒီလူ့ကိုမှ အဲ့လိုပြောသင့်တာ၊ သူ့ကိုယ်သူ၂၄တဲ့”

“အဟွတ်..အဟွတ်..အဟွတ်..ဒါပေမယ့်သူဌေးယွမ်က တကယ်၂၄နှစ်လေ” ဝူဟိုင်း ယွမ်ကျိုး၏အသက်က အမှန်ပင်၂၄နှစ်သာ ရှိသေးကြောင်းသိထားရာ မပြုံးဘဲမနေနိုင်ချေ။

သို့သော် သူက ထပ်မံ၍ ဂုဏ်ယူစွာဖြည့်ပြောလိုက်၏ “သူကငါ့လိုပဲလေ..ငယ်ရွယ်တဲ့ပါရမီရှင်လေး”

“ကျွတ်စ် ကျွတ်စ် မင်းကတော့ တကယ်အရှက်မရှိတာပဲ” လင်းဟုန်မှာ သူ့အားလုံးဝမယုံချေ။ သူ့အင်္ကျီကော်လံကို ဆွဲဖြန့်လိုက်ရင်း သဘောမကျသလိုပြော၏။

“ဒါကယွမ်ကျိုးရဲ့စားသောက်ဆိုင်ဆိုတာလားရှင့်?” ချိုသာသောအမျိုးသမီးအသံတစ်သံနှင့်အတူ ရှည်သွယ်သော ပုံရိပ်လေးတစ်ခု ဆိုင်အတွင်းသို့ဝင်လာလေသည်။

“ဒီဆိုင်နာမည်က မာစတာရှပ်ဖ် စားသောက်ဆိုင်ပါဗျ” ယွမ်ကျိုးက သူမ၏မေးခွန်းအား သေချာပြင်ပေးလိုက်သေး သည်။

“ဆောရီးနော်..ကျွန်မအမှတ်မှားသွားလို့..ဒီလိပ်စာကို ကျန်းချန်ရှီကညွှန်းလိုက်တာ” အမျိုးသမီးက ပြုံးကာရှင်းပြ သည်။

“သူလျှောက်ပြောတာတွေနားထောင်မနေနဲ့၊ ဒီဆိုင်ကိုယွမ်ကျိုးစားသောက်ဆိုင်လို့လည်းခေါ်တာဟုတ်တယ်” လင်းဟုန်မှာ မိန်းမလှလေးများအား အမြဲစိတ်ဝင်စားရာ အလိုအလျောက်ပင် ကူညီလိုက်သည်။

သူ့ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ဖြစ်စေရန် ပြင်လိုက်ဖို့လည်းမမေ့ချေ။

“ဒီကောင်စုတ်ကတော့ မကောင်းဆိုးဝါးပုံစံနဲ့” ဝူဟိုင်မှာ မလှုပ်မရှားရှိနေသေးပြီး သူ့ဘာသာခပ်တိုးတိုးပြောနေသည်။

ယွမ်ကျိုးမှာမူ ခေါင်းညိတ်ပြလိုက်ကာ မပြောင်းမလဲရှိနေသည်။

သို့သော် သူ့ဘေးဘက်ရှိ အတော်ကြည့်ကောင်းသောအမျိုးသားမှာမူ ပြုံးနေ၏။ သူ့ပုံစံမှာ အတော်ပင် သပ်ရပ်သန့်ရှင်းကာ သဘာဝကျသည်။

“အဲ့ဒါဆိုတော်သေးတာပေါ့၊ ဆိုင်ဘယ်ချိန်ဖွင့်လဲ မသိဘူးနော်?” မိန်းမလှလေးက ပြုံးလျက်မေးပြန်သည်။

“နောက် ဆယ်မိနစ်ကြာရင်ဖွင့်ပါပြီ..သူက သံလိုက်အိမ်မြှောင်လေ..သူက အရမ်းအချိန်တိကျတာ၊ မင်းက ကျန်းချန်ရှီကို သိလို့လား” လင်းဟုန်က သူမပြောလိုက်သည်ကို အမှတ်ရကာ သိလိုစိတ်ဖြင့်မေးလိုက်သည်။

“ကျွန်မကို လင်ရှုလို့ခေါ်လို့ရပါတယ် ချန်ရှီရဲ့သူငယ်ချင်းပါ” လင်ရှုက ကျက်သရေရှိစွာပြောသည်။

“ကျန်းချန်ရှီမှာ မင်းလိုသူငယ်ချင်းမျိုးရှိလိမ့်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှမထင်ခဲ့ဘူး” လင်းဟုန်က မယုံကြည် နိုင်ဟန်ဖြင့် ဖြေသည်။

“ချန်ရှီလည်း အရမ်းသဘောကောင်းပါတယ်” လင်ရှုက ပြုံးကာပြောသည်။

“ငါသာ သဘောမကောင်းဘူးဆိုရင် နင့်ကိုအရက်တိုက်ပါ့မလား?” ကျန်းချန်ရှီ၏အသံမှာ အပြင်ဘက်ကထွက်လာ သည်။

“ဟုတ်တာပေါ့..မှန်တယ်..နင်ကအကောင်းဆုံးပဲ၊ ကျေးဇူးနော်” လင်ရှုက ပြုံးကာသူမဆီသွားလိုက်သည်။

အမျိုးသမီးနှစ်ဦးမှာ ရေပက်မဝင်အောင်စကားပြောစရာများရှိနေကြရာ လင်းဟုန်မှာဝင်ပြောရန် အခွင့်မသာဘဲ အနောက်တွင် ရပ်နေလိုက်သည်။

ထိုအချိန်တွင် ရှန်မင်ရောက်လာပြီး သူတို့အား အပေါ်ထပ်ဆီသို့ ဦးဆောင်ခေါ်သွား၍သာ ကံကောင်းသွားသည်။

“ဆိုင်နာမည်က မာစတာရှပ်ဖ် စားသောက်ဆိုင်ပါဆို” သူတို့နောက်မှ ယွမ်ကျိုးက သံယောင်လိုက်ပြောသည်။

“ဟုတ်ကဲ့ ကျွန်မမှတ်မိပါပြီရှင့်” လင်ရှုမှာ ခေါင်းကိုအသာလှည့်ကာ ညိတ်ပြလိုက်ရင်း ပြောသည်။

“အင်း” ထို့နောက် ယွမ်ကျိုးခေါင်းညိတ်ပြလိုက်၏။

“တစ်ခါတစ်လေကျရင် သူဌေးယွမ်ကသိပ်ကိုဇွဲကောင်းတာ” လင်းဟုန်က ပုခုံးတွန့်ကာ ဝူဟိုင်းကိုပြောသည်။

“အမြဲအဲ့အတိုင်းပဲ” ဝူဟိုင်ကဘာမှမထူးဆန်းသလိုပြော၏။

လင်းဟုန်မှာ အရက်သောက်ရန် အခြားသူများအားမခေါ်ခဲ့ချေ။ သူအရက်လာသောက်ချိန်တိုင်းတွင် ဝူဟိုင်းနှင့်သာ အတူထိုင်လေ့ရှိသည်။

ကျန်းချန်ရှီမှာ လျှာစောင်းထက်လှသည်ဖြစ်ရာ မဟုတ်ပါက သူသည် ထိုချစ်စရာကောင်းပြီး လှပသော အမျိုးသမီးနှင့်အတူ ထိုင်ပေလိမ့်မည်။

“အဲ့ဒါကမင်းရဲ့ကိုယ်စားလှယ်မဟုတ်ပါဘူး၊ သူကဘယ်သူလဲ?” လင်းဟုန်မှာ ဝူဟိုင်းခေါ်လာသည့်သူအား မသိသေး ရာ ထိုအချိန်မှသာ စမေးတော့သည်။

“ဒါက ငါ့သူငယ်ချင်းလေ၊ ငါတို့ပန်းချီအတူဆွဲကြတာ၊ သူ့နာမည်က ချင်ယွီတဲ့” ဝူဟိုင်က သူ့ဘေးမှာထိုင်နေသည့် အမျိုးသားအား လက်ညှိုးထိုးပြလိုက်ပြီးပြောသည်။

သူ့နာမည်ခေါ်သံအားကြားသောအခါ ချင်ယွီက မော့ကြည့်လာကာ လင်းဟုန်အားနှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အမြည်းစားရန်ချပေးထားသည့် မြေပဲလှော်အားဆက်စားနေ၏။ သူက မြေပဲဆံ များကို တစ်စေ့ချင်းစားလိုက် ဝါးလိုက် မျိုချလိုက်ဖြင့် ဖြည်းဖြည်းချင်း စားနေသည်။ သူစားနေပုံမှာ အလွန်ပင်နှေးရာ တူကိုင်နေပုံပင် ကျက်သရေရှိနေ၏။

“မင်းကိုကြည့်ရတာ သန့်ရှင်းနေရော” လင်းဟုန်က ချင်ယွီအား ခဏလောက် သေချာစေ့စေ့စပ်စပ်ကြည့်ကာ ထိုသ်ို့ ပြောလိုက်သည်။

“ဒီကောင်ဘယ်လောက်အသန့်ကြိုက်သလဲဆိုတာ မင်းယုံမှာတောင်မဟုတ်ဘူး၊ သူနေတဲ့နေရာမှာဆို ဆံပင်တစ် မွှေးတောင်မင်းရှာမတွေ့စေရဘူး” ဝူဟိုင်းက ပြောသည်။

“ကျွတ်စ် ကျွတ်စ် အဲ့လောက်အသန့်ကြိုက်တဲ့လူဆို ရည်းစားတော့ရှိရမယ် ဟုတ်တယ်မဟုတ်လား?” ဤသည်မှာ လင်းဟုန်တွေးမိသည့် တစ်ခုတည်းသောဖြစ်နိုင်ချေဖြစ်သည်။

“သူ့မှာမရှိပါဘူး၊ ဒါပေမယ့်သူ့အခန်းက သန့်ရှင်းသပ်ရပ်နေတာမှ ဘာအနံ့သက်မှမရှိဘူး၊ ဒီကောင် လေဒီဘွိုင်း မဟုတ်ရင် အခြောက်ပဲ” ဝူဟိုင်းက ရုတ်တရက်ထိုသို့ပြောသည်။

“ငါကတော့ မင်းကိုယ်စားလှယ်ကမှ မင်းပြောတာနဲ့ ပိုတူသေးတယ်လို့ ခံစားမိတယ်” လင်းဟုန်က ကျန်းကျဝေအကြောင်းတွေးမိကာ ချက်ချင်းပြန် ပြောလိုက်သည်။

“ကျန်းကျဝေကမှ ယောက်ျားဆန်တာကွ” ဝူဟိုင်က ခေါင်းယမ်းကာငြင်း၏။

“မင်းတို့ ငါမရှိမှ အဲ့အကြောင်းပြောလို့မရဘူးလား?” ချင်ယွီမှာ သူ့တူကိုချလိုက်ပြီး ကူကယ်ရာမဲ့စွာပြောလိုက်သည်။

“စိတ်ထဲမထားဘူးမို့လား?” လင်းဟုန်မှာ သိလိုစွာမေးလိုက်သည်။ အနှီပုဂ္ဂိုလ်စိတ်တိုသွားလောက်ပြီဟု သူထင်သွား သည်။

ချင်ယွီက ခေါင်းယမ်းကာ ပြောသည် “မထားပါဘူး၊ နေသားတောင်ကျနေပြီ”

...

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၃၄၂) ထူးဆန်းသောပြိုင်ပွဲတစ်ခု

“မင်း ဘာပြောလိုက်တာလဲ။ တကယ်ကြီးလား”

လင်းဟုန်က စပ်စပ်စုစုဖြင့် မေးလိုက်သည်။

“အင်း”

ချင်ယွီက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပြီ။ ကောင်းသားပဲ” ထူးဆန်းတဲ့တုံ့ပြန်ချက်တွေ ရှိရမည့်အစား သူက ခေါင်းသာညိတ်ပြလိုက်ကာ နားလည်ကြောင်းပြလိုက်သည်။

“ငါက တော်တော် တော်တာပါလား”

ဝူဟိုင်းက ကျေနပ်စွာဖြင့် ပြောသည်။

ချင်ယွီက အခြားလူနှစ်ဦးက မည်သည့်ထူးထူးခြားခြားအမူအရာမျိုးမျှ မပြသည်ကို တွေ့သောအခါ ခေါင်းငုံ့ပြီး မြေပဲဆံများကိုသာ

ဆက်စားနေတော့သည်။

“ငါတို့စကားပြောနေတုန်း မင်းက တိတ်တိတ်လေး စားနေတာလား” ဝူဟိုင်က ဝမ်းသာပီတိဖြစ်နေရာမှ ပန်းကန်ထဲတွင် မြေပဲဆံတစ်ဝက်ခန့််သာ ကျန်တော့သည်ကို တွေ့သောအခါ ကျယ်လောင်စွာ မေးလာသည်။

“မဟုတ်ပါဘူး။ ငါက ကျန်းကျဝေအကြောင်းသိချင်နေတာ”

ချင်ယွီက မြေပဲဆံများကောက်စားနေသည်ကို မရပ်ဘဲ ပြန်မေးလိုက်သည်။

“အဲ့လိုဆိုမှ ငါလည်းစိတ်ဝင်စားတယ်”

လင်းဟုန်ကလည်း ဝူဟိုင်းအား စပ်စုလိုစိတ်ဖြင့် ကြည့်လိုက်သည်။

“ဂျွတ် ဂျွတ်”

လင်းဟုန် လှည့်ကြည့်လိုက်သောအခါ ဝူဟိုင်းမှာ မြေပဲဆံလက်တစ်ဆုပ်ကို ပါးစပ်ထဲထည့်လေသည်။ အခါကောင်းဖြစ်သွားသည်ဖြစ်ရာ လင်းဟုန်မှာ ဘာမှပြန်မလုပ်နိုင်လိုက်ချေ။

ဝူဟိုင်းမှာ မြေပဲဆံများကို အပြိုင်အဆိုင်စားတော့သည်။ ဘာပဲဖြစ်ဖြစ် ခိုးစားရသည့်အစာမှာ ပိုအရသာရှိပေသည်။ ထိုစကားမှာ အမှန်ပင်ဖြစ်သည်။

“ငါ့ညီမတစ်ခါတုန်းက သူနဲ့အတူတူ တောင်တက်သွားတယ်။ အဲ့သွားတဲ့လမ်းမှာ နှစ်ယောက်သား ဖုန်းရော၊ ပိုက်ဆံအိတ်ရော ပျောက်သွားရော”

ဝူဟိုင်းက ထိုကိစ္စကို ပြောသည့်အခါ အတော်စေ့စပ်သေချာစွာပြောနေပုံပေါ်သည်။

“အဲ့ဒီတော့ ကျန်းကျဝေက မင်းညီမကို ပြန်ခေါ်လာရောလား” လင်းဟုန်က အထင်ဖြင့် မေးလိုက်သည်။

“ဟုတ်တယ်။ ငါ့ညီမကို ပြန်သယ်လာတာ ဒဏ်ရာတွေကို ရလို့”

ဝူဟိုင်းက ခေါင်းတစ်ချက်ညိတ်ပြပြီး ဆက်ပြောသည်။

“ဝူလင်းက ခြေထောက်မှာ ဒဏ်ရာရသွားတာလေ။ တောင်ခြေအပြင်ဘက်ကို ရောက်တဲ့အထိ နှစ်ရက်လောက် ငါ့ညီမကို သယ်လာတာ။ တစ်ယောက်တည်းလျှောက်ရင်တောင် သုံးရက်လောက်လျှောက်ရမယ့်ခရီးကိုလေ”

ဝူဟိုင်းက အရက်တစ်ငုံလောက် မော့လိုက်သည်။

“သူတို့ပြန်ရောက်လိုက်တော့ သူ့ခြေထောက်တွေဆိုတာ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး ပွန်းပဲ့နေတာ။ အခုထိတောင် လမ်းလျှောက်ရင် ယိုင်တိုင်တိုင်နဲ့။အဲ့တုန်းကရခဲ့တဲ့ ဒဏ်ရာရဲ့နောက်ဆက်တွဲလေ”

“အဲ့လူက တော်တော်ယောကျာ်းပီသတာကွ။ အဲ့လိုမှမဟုတ်ရင် ငါကလည်း ငါ့ညီမကို သူနဲ့ အဆင်ပြေအောင် လုပ်ပေးမှာမဟုတ်ဘူး”

ဝူဟိုင်းမှာ သူ့ညီမအား အမှန်ပင်ချစ်ပေသည်။

“သူ့ကို အဲ့လောက်ထိ ဇွဲကောင်းမယ်လို့ မထင်ဘူး”

လင်းဟုန်က ခေါင်းညိတ်ကာ အလွန်လေးစားသွားကြောင်း ဖော်ပြလိုက်သည်။

“သူက တာဝန်ကျေတယ်။ အားကိုးလို့ရတယ်။ တာဝန်ယူဖို့ အမြဲအသင့်ဖြစ်နေတာ”

ချင်ယွီက ပြတ်သားစွာ နိဂုံးချုပ်ပေးလိုက်သည်။ ဒီတစ်ကြိမ်တွင် ဝူဟိုင်းမှာ ဘာမှမပြောတော့ဘဲ တိတ်တဆိတ်သာ ခေါင်းညိတ်လိုက်သည်။

ဘေးဖက်တွင် စကားပြောနေကြသော အမျိုးသမီးနှစ်ဦးမှာ ထိုစကားဝိုင်းကို ကြားလိုက်သော်လည်း ဘာမှမှတ်ချက်မပြုခဲ့ကြပေ။

တဒင်္ဂမျှ တိတ်ဆိတ်သွားပြီးနောက် စကားပြောသံများ ဆက်လက်ထွက်ပေါ်လာသည်။

ယွမ်ကျိုးမှာ စားသောက်ဆိုင်ထဲတွင် အနားယူရင်း အသစ်ဝယ်လာခဲ့သည့်စာအုပ်များကို ဖတ်နေသည်။

စနစ်မှ ဆုအဖြစ် ပေးထားသည့် ပေါက်စီလုပ်နည်း(၁၀၀)ကို အသုံးမပြုမီ အနည်းဆုံး ထိုစာအုပ်များ၏သုံးပုံတစ်ပုံကို ဖတ်ပြီးရန်ရည်ရွယ်ထားသည်။ ဤသည်မှာ ယွမ်ကျိုး သူ့ကိုသူ ချမှတ်ထားသော ဦးတည်ချက်ပင် ဖြစ်သည်။

“ကလင် လင် လင်...ကလင် လင် လင်”

ဖုန်းမှာရုတ်တရက် ထမြည်လာသည်။ ချက်ချင်းကိုင်ရမည့်အစား ယွမ်ကျိုးက ဖတ်လက်စအခန်းကို ပြီးအောင်ဖတ်လိုက်ပြီး မှတ်စုပင် ချရေးထားလိုက်သေးသည်။ ထို့နောက်မှသာ ဖုန်းကို ကိုင်လေသည်။

“ဟယ်လို”

ယွမ်ကျိုးက ဖုန်းလက်ခံဖြေလိုက်သည်။

“ဟယ်လို မစ္စတာယွမ်။ ကျွန်တော်က မစ္စတာလီရန်ယိရဲ့လက်ထောက်ယန်ကျားပါ”

တစ်ဖက်ရှိ လူမှ သူ့ကိုသူ မိတ်ဆက်လာသည်။

“အင်း”

ယွမ်ကျိုးက သူ့ထုံးစံအတိုင်း ခေါင်းညိတ်ပြလိုက်သေးသည်။ ထို့နောက်မှ ခဏတာ မှင်သက်သွားပြီး “အင်း” ဟု ပြန်ဖြေလိုက်သည်။

“မစ္စတာယွမ်၊ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုသဘောရသလဲဗျ”

ယန်ကျားက လိုရင်းအချက်ကိုသာ စပြောလိုက်သည်။

“ခင်ဗျားတို့က ဘယ်လိုပါဝင်ပစ္စည်းတွေကို ပေးထားမှာလဲ” ယွမ်ကျိုးက ထိုကိစ္စနဲ့ ပတ်သက်ပြီး အတော်ပင်သိချင်နေသည်။ မှန်ပေသည်။ လီရန်ယိက ယွမ်ကျိုးကို စားဖိုမှူးများအချင်းချင်းယှဉ်ပြိုင်ကြမည့်ပြိုင်ပွဲသို့ ပါဝင်ရန် ထောက်ခံထားသည်။

ပြိုင်ပွဲတွင် ပါဝင်သည့်အကြောင်းအရာမှာ အတော်စိတ်ဝင်စားစရာကောင်းသည်။ သာမန်ဟင်းချက်ပြိုင်ပွဲမျိုးမဟုတ်ဘဲ ပါဝင်ပစ္စည်းများနှင့် ပတ်သက်သည့်ဗဟုသုတကို စစ်ဆေးခြင်းတစ်ရပ်သာ ဖြစ်လေသည်။

အမျိုးမျိုးသောဟင်းပွဲများရှိ ပါဝင်ပစ္စည်းကုန်ကြမ်းများ၏ အမည်၊ ဇစ်မြစ်၊ ထုတ်လုပ်သည့်ခုနှစ်၊ အသုံးပြုပုံနှင့် အရသာတို့ဖြစ်သည်။

“သုံးပုံမှာ တစ်ပုံက ဈေးကွက်ထဲမှာ မြင်တွေ့နေကြပါဝင်ပစ္စည်းတွေပဲ။ နောက်သုံးပုံတစ်ပုံမှာတော့ သိပ်အသုံးမများတဲ့ဟာတွေ။ နောက်ဆုံးကျန်တဲ့ဟာတွေကတော့ တန်ဖိုးကြီးပြီး ရှားပါးတဲ့ပစ္စည်းတွေပေါ့"

ယန်ကျားက ပြိုင်ပွဲအကြောင်း မိတ်ဆက်ပေးသည်။

“ကောင်းပြီ။ ကျွန်တော်ပါမယ်” ယွမ်ကျိုးက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

“ဟုတ်ပါပြီ။ အဲ့ဒါဆို ကျွန်တော်ခင်ဗျားကို ထပ်မနှောင့်ယှက်တော့ဘူးနော်။ ကောင်းသောညပါဗျာ”

ယန်ကျားက ယဉ်ကျေးစွာဖြင့် ပြောသည်။

“အင်း။ ကျွန်တော် အချိန်မှီရောက်အောင် လာခဲ့မယ်”

ခဏလောက်စဉ်းစားပြီးနောက် ယွမ်ကျိုးက ထပ်ဖြည့်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ မစ္စတာယွမ်။ ကျွန်တော် ခင်ဗျားကို လိပ်စာနဲ့ ပြိုင်ပွဲအကြောင်းအရာလေးတွေ ပို့ပေးမယ်လေ။ အီးမေးလ်နဲ့ ပို့ရမလား။ စာတိုက်ကနေ ပို့ပေးရမလား”

ယန်ကျားက မေးလိုက်သည်။

“စာတိုက်ကနေပဲ ပို့ပေးလိုက်ပါဗျာ”

ယွမ်ကျိုးမှာ အဆင့်မြင့်အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်၍ အမြဲလိုလို ကျွမ်းကျင်မှုမရှိရာ စာတိုက်ကနေပို့ပေးရန်သာ ပြတ်ပြတ်သားသားရွေးချယ်လေသည်။

“စာတိုက်ကနေ ခင်ဗျားဆီကို မနက်ဖြန် ရောက်လိမ့်မယ်။ တစ်ချက်ကြည့်ပြီး လက်ခံပေးပါဦးဗျာ”

ယန်ကျားက အချိန်ကို တွက်ကြည့်လိုက်ပြီး သတိပေးလိုက်သည်။

“အင်း”

ယွမ်ကျိုးက အသာပြန်ဖြေလိုက်ပြီး ထပ်မပြောတော့ချေ။ ထို့နောက် ယန်ကျားကလည်း ဖုန်းကို အချိန်ကိုက်ပင် ချလိုက်တော့သည်။

“စိတ်ဝင်စားဖို့ကောင်းတဲ့ပြိုင်ပွဲပဲ” ယွမ်ကျိုးက ဖုန်းကို ကြည့်ကာ စိတ်ဝင်စားစွာ ပြောလိုက်သည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ယန်ကျား သူ့ကို ပထမအကြိမ်ဆက်သွယ်ခဲ့စဉ် ယွမ်ကျိုးက ချက်ချင်းသဘောမတူခဲ့ပေ။ ယွမ်ကျိုး၏သီအိုရီအရ “ငါ့လို ပညာရည်ပြည့်ဝပြီး ကျက်သရေနဲ့ပြည့်စုံတဲ့လူတစ်ယောက်အနေနဲ့ ပညာတွေကို လျှိုထားသင့်တယ်။ ပြိုင်ပွဲကို စိတ်ဝင်စားပေမယ့် ငါ့ကိုယ်ငါ ဖော်ထုတ်လိုက်လို့ မဖြစ်သေးဘူး”

ယွမ်ကျိုး ပြိုင်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ရသည့်တစ်ခုတည်းသော အကြောင်းပြချက်မှာ စနစ်မှ ပေးသည့်ပစ္စည်းများနှင့် ပြိုင်ပွဲတွင်ပေးမည့်ပါဝင်ပစ္စည်းများ ကွာခြားချက်ရှိ၊ မရှိကို သိလို၍သာ ဖြစ်သည်။ မည်မျှကွာခြားသနည်းဆိုသည့်အချက်မှာ ယွမ်ကျိုးအတွက် အလွန်အရေးကြီးပေသည်။

“လှည်းဆိုတာ တံခါးပိတ်ပြီးသိမ်းထားဖို့မဟုတ်ဘူး။ တခြားစားဖိုမှုးတွေရဲ့ဟင်းချက်စွမ်းရည်ကိုလည်း ငါလေ့လာကြည့်သင့်တယ်”

နဖူးပြင်ပေါ်ရှိ ဆံပင်ကို သပ်တင်လိုက်ရင်း ပြိုင်ပွဲအကြောင်းကို ယွမ်ကျိုး စဉ်းစားနေသည်။

“တင် ကလင် လင် လင်”

ဖုန်းမြည်လာပြန်ချေသည်။ စွန်းမင်ဟူသည့်အမည်မှာ သူ့ဖုန်းမျက်နှာပြင်ပေါ်တွင် အလိုက်သင့်ပေါ်နေသည်။

“ဘာကိစ္စလဲ”

ဖုန်းကိုင်လိုက်သည်နှင့် ယွမ်ကျိုးက တုံ့ဆိုင်းခြင်းမရှိ မေးလိုက်သည်။

“မင်း ဒီနေ့ဖုန်းကိုင်တာ မြန်လှချည်လား”

ဖုန်းတစ်ဖက်ရှိ စွန်းမင်က ပြုံးရယ်ရင်း စနောက်နေသည်။

“ဘာကိစ္စလဲဆိုတာပဲပြော”

ယွမ်ကျိုးမှာ သူ့ညီအကြောင်းကို အသိဆုံးပင်။

“အားလို့ဖုန်းဆက်တာ မရဘူးလား။ မင်း ငါ့ကို ညနေစာကျွေးရင်ရော”

ပါးစပ်ဟလိုက်သည်နှင့် စွန်းမင်မှာ အစား၊ အစား၊ အစားအကြောင်းသာပြောရာ အစားသရဲမှန်း သိသာစေသည်။

“ရတယ်လေ။ ဒီနားလေးက ဆိုင်မှာ သွားစားကြတာပေါ့”

ယွမ်ကျိုးက ချက်ချင်း သဘောတူလိုက်သည်။

“မင်း ဒီနေ့ပုံမှန်မဟုတ်ပါလား။ အကွက်ချထားတာတော့ မရှိပါဘူးနော်။ သံလိုက်အိမ်မြှောင်ကြီး”

စွန်းမင်မှာ ယွမ်ကျိုးတစ်ယောက် ဤမျှညှိနှိုင်းရလွယ်ကူသည်ကို မကြုံဖူးခဲ့ချေ။

“ငါက ဒီအတိုင်းပါပဲ။ ငါ မင်းကိုညနေစာကျွေးမယ်။ မင်းပိုက်ဆံရှင်းပေါ့”

ယွမ်ကျိုးက တည်ငြိမ်စွာဖြင့် ဖြေသည်။

“ထင်တဲ့အတိုင်းပဲ။ မင်း ငါ့ကိုတကယ်သစ္စာဖောက်ချင်နေတာကိုး”

စွန်းမင်၏လေသံတွင် နားလည်သဘောပေါက်သွားသည့်ဟန်ပေါက်နေသည်။

“သူတို့ဆိုင်က ဟင်းတွေက ငါ့ဆိုင်ကထက် ဈေးသက်သာတယ်လေ” ယွမ်ကျိုးက အသံနှိမ့်ကာပြောသည်။

“မင်းဆိုင်ကဟင်းထက် ဈေးကြီးတာမရှိတော့ဘူး”

စွန်းမင်က အထွန့်တက်လိုက်သည်။ အမှန်ပင်။ ယွမ်ကျိုး၏စားသောက်ဆိုင်က ဟင်းလျာများမှာ မြင့်မားလှသည့်ဈေးနှုန်းကြောင့် လူသိများလှသည်။ ထို့ကြောင့် အချို့ဖောက်သည်များမှာ နေ့တိုင်းလာစားကြသော်လည်း စားသောက်ဆိုင်သေးလေးများမှာ သူ့ဖောက်သည်များကို ဆွဲဆောင်ပြီး သူနှင့် ယှဉ်ပြိုင်ရန် စိတ်မဝင်စားကြခြင်းပေ။

ဘာပဲဖြစ်ဖြစ် ယွမ်ကျိုး၏စားသောက်ဆိုင်က ဖောက်သည်အများကြီးကို ဆွဲဆောင်နိုင်ခဲ့သည်ကိုသာ ထည့်မတွက်ခဲ့ပါက ဆိုင်သေးသေးတစ်ခုနှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုတို့ကို ဘယ်သူကမှ နှိုင်းယှဉ်ကြည့်နေမည် မဟုတ် ပေ။

ရလဒ်အနေနဲ့ ထိုစားသောက်ဆိုင်လေးတွေရဲ့ဝင်ငွေသည်ပင် (၂၀)ရာခိုင်နှုန်းစီ တိုးမြင့်လာခဲ့ခြင်းပေ။ ထို့ကြောင့် အသေးစားဆိုင်ရှင်လေးများက ယွမ်ကျိုး၏စားသောက်ဆိုင်ကို ထိုအတိုင်းသာ ဆက်ရှိစေချင်ကြသည်။

“အသစ်ဖွင့်တဲ့ဆိုင်ရှိတယ်။ တော်တော်နာမည်ကြီးပြီး ဈေးလည်း တော်တော်ကြီးတယ်”

ယွမ်ကျိုးမှာ သူ့ဆိုင်၏ဈေးနှင့် မတိမ်းမယိမ်းရှိနေသဖြင့် “ဈေးလည်း တော်တော်ကြီးတယ်” ဟု ပြောလိုက်သည်။

ယွမ်ကျိုးမှာ သူ့ဆိုင်၏ဈေးနှုန်းသည် တွက်ခြေကိုက်ပြီး လက်တွေ့ကျသည်ဟု အမြဲထင်ခဲ့သည်။ အမှန်တော့ ထိုဈေးနှုန်းမှာ သူ့ပါဝင်ပစ္စည်းတွေအပေါ် မူတည်၍ သတ်မှတ်ထားခြင်းပင်။

“ဟင့်အင်း။ ငါမသွားချင်ပါဘူး။ ငါ့မှာ အရေးကြီးကိစ္စရှိတယ်”

စွန်းမင်က ချက်ချင်း ငြင်းလေသည်။ သူက ပိုက်ဆံချွေတာကာ အရသာလည်းပိုရှိသည့် ယွမ်ကျိုး၏ဆိုင်က တစ်ခုခုကိုသာ ဝယ်စားလိမ့်မည်။

“ယွမ်ကျိုးက ဒီလောက်ဟင်းချက်ကောင်းတာကို ငါက ဘာလို့တခြားဆိုင်မှာ သွားစားရမှာလဲ”

စွန်းမင်က အမြဲလိုလို ပြောင်ပြောင်တင်းတင်းနှင့် တည့်တိုးပြောတတ်လေသည်။

“ဟုတ်ပါပြီ။ ဘာကိစ္စလဲ”

ယွမ်ကျိုးမှာ တခြားဆိုင်သွားစားရန် အတင်းအကျပ်မတိုက်တွန်းတော့ချေ။ စွန်းမင် ပြောမည့်ကိစ္စကိုသာ အနည်းငယ်စိတ်ဝင်စားနေသည်။

“မင်း အပြင်မှာ လိုက်ချက်ပေးမလား။ တစ်ဝိုင်းကို ယွမ်(၅၀၀၀) ပေးမယ်။ အားလုံးဆယ်ဝိုင်းရှိတယ်”

စွန်းမင်က လိုရင်းကိုသာ တန်းပြောလိုက်သည်။

“မင်းသူငယ်ချင်းလား။ မင်းနဲ့ ဘယ်လိုပတ်သက်လဲ”

ယွမ်ကျိုးက ချက်ချင်း အဖြေမပေးသေးဘဲ ထိုသို့ မေးလိုက်သည်။

“ငါ့ဝီချက်ဂရုထဲက သူငယ်ချင်းတစ်ယောက်ပါ။ သိပ်တော့မရင်းနှီးဘူး။ ဒါပေမယ့် သူကချမ်းသာတယ်”

စွန်းမင်က ပြန်ဖြေသည်။

“မချက်ဘူး”

ယွမ်ကျိုးက တုံးတိငြင်းချလိုက်သည်။

“ပြီးရောလေ။ ငါလည်း မင်း ဒီလို‌ဖြေမယ်မှန်း ထင်ထားပြီးသားပါ”

စွန်းမင်မှာလည်း အဖြေကို ခန့်မှန်းပြီးသားပင်။ သူငယ်ချင်းက မေးလာ၍သာ မေးလိုက်ခြင်းဖြစ်သည်။ ဖုန်းလေးဆက်ပြီး မေးပေးရုံပဲဖြစ်ရာ အပန်းမကြီးသဖြင့် လုပ်ပေးခဲ့ခြင်းသာ။

“အင်း”

ယွမ်ကျိုး ထိုသို့ပြောပြီး ဖုန်းချလိုက်တော့သည်။

...

All Chapters