← Chapters

အခန်း (၃၄၃-၃၄၄)

Vol. 25 Ch. 343-344

အခန်း (၃၄၃-၃၄၄)

Vol. 25 Ch. 343-344

ယွမ်ကျိုး အပိုင်း(၃၄၃) ယွမ်ကျိုးစားသောက်ဆိုင်၏ပထမဆုံးကပ်ဘေး

ယွမ်ကျိုးက စိတ်ဝင်စားဖွယ်ကောင်းသောပြိုင်ပွဲကို တက်ရောက်ရန် ပြင်ဆင်နေချိန်တွင် လီလီမှာ သူ့စားသောက်ဆိုင်၌ သူကျရှုံးခဲ့ရပုံကို တွေးနေသည်။

“အဲ့ကောင်က ငယ်သေးတဲ့ပုံဆိုပေမယ့် ဟင်းချက်စွမ်းရည်ကတော့ တကယ်ကောင်းသားပဲ။ ဒါပေမယ့် ငါ သူ့ကို မကျော်နိုင်ပါလား”

စားပွဲပေါ်ရှိ အကြံပြုစာများကို လက်ဖြင့် အသာပုတ်ရင်း လီလီမှာ သူ့စိတ်ထဲတွင် အကောင်းဆုံး ဖြစ်မည့်နည်းတစ်ခုကို စဉ်းစားနေသည်။ သူ့ကို အခြားသူများက အမြဲအနိုင်ယူသည်ကို မကြိုက်နှစ်သက်။ သူ့စိတ်သဘောထားနှင့် လုံးဝမကိုက်ညီပေ။

“ငတုံး...ငတုံး...ငတုံး”

လီလီမှာ ရုတ်တရက်ကြီး သူ့ကိုယ်သူ သုံးကြိမ်ဆက်တိုက်ကျိန်ဆဲလိုက်ပြီး သူ့ခေါင်းကိုယ်သူ လက်ဖြင့် ခေါက်လိုက်သည်။

“တော်လောက်ပြီ။ ငါ တော်တော်စိတ်လှုပ်ရှားသွားတာပဲ။ ငါ့ပိုင်နက်မဟုတ်တဲ့နေရာမှာ သူ့ကို ငါ ဘာလို့ယှဉ်ပြိုင်နေမလဲ”

လီလီသည် လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူ လုပ်ခဲ့သည်များကို ပြန်စဉ်းစားမိသောအခါ သူ့ကိုယ်သူ ရယ်စရာကောင်းသလို ခံစားလိုက်ရသည်။ သူ မှန်ကောင်းမှန်ပေသည်။ လီလီသည် ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုထားသော အနောက်တိုင်းအစားအစာ ချက်ပြုတ်သည့်စီနီယာစားဖိုမှူးတစ်ဦးဖြစ်ပြီး ယွမ်ကျိုးချက်သည့်ဟင်းမျိုးထက် အသားကင်ရာတွင် ပိုကျွမ်းကျင်သည်။ အသားကင် မှာယူခဲ့သည့်စားသုံးသူများအားလုံးက လီလီကို ချီးကျူးခဲ့ကြသည်။

ယွမ်ကျိုးလည်း အသားကင်ရောင်းချနိုင်သည်ဟူသော ဖြစ်နိုင်ချေကို လျစ်လျူရှုကာ လီလီမှာ ထိုအကြောင်းကိုသာ တွေးရင်း ပိုစိတ်သက်သာလာသည်။

“အမဲသားဝဲလ်လင်တန်က အကြံကောင်းပဲ”

လီလီက ဗြိတိန်တွင် နာမည်ကျော်သည့်ဟင်းကို အမှတ်ရမိသွားသည်။

(အမဲသားဝဲလ်လင်တန် = အလယ်တွင် အမဲမိုးခိုသားကို ဌာပနာပြီး အပြင်ဘက်တွင် မှို၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆေးဖက်ဝင်အပင်တွေကို ရောချက်ထားတဲ့အနှစ်နဲ့ မံထားကာ ထပ်တရာမုန့်ကြွပ်သားနဲ့ ထုပ်ပိုးပြီး ရွှေညိုရောင်သန်းလာသည်အထိ ဖုတ်ရသော မုန့်တစ်မျိုး)

မှန်ပေသည်။ ဤဟင်းမှာ ဗြိတိန်မှဖြစ်ပြီး နာမည်လည်း ကြီးသည်။ လူအများသိကြပြီး ချက်ပြုတ်သည့်နည်းမှာလည်း အလွန်ကျက်သရေရှိလှသည်။ ထိုဟင်းမှာ ရှားပါးသည့်ပုံမှန်ဟင်းလျာတစ်မျိုးအဖြစ် မှတ်ယူကြသည်။

ချောကလက်ခရမ်းသီးမီးဖုတ်နှင့် ယှဉ်ပါက အမဲသားဝဲလ်လင်တန်ဟင်းမှာ ပို၍ သာမန်ဆန်ပေသည်။

ထိုဟင်းကိုလည်း လီလီကျွမ်းကျင်စွာ ချက်တတ်သည်။ ဤကျော်ကြားလှသော ဗြိတိန်ဟင်းလျာကို ပြင်သစ်နိုင်ငံတွင် သူသင်ယူခဲ့ခြင်းဖြစ်သည်။

ထိုဟင်းကို ချက်ရန် ဆုံးဖြတ်ပြီးနောက် လီလီမှာ ပို၍စိတ်သက်သောင့်သက်သာဖြစ်သွားသည်။ သူ့စားဖိုမှူးဝတ်စုံကိုလဲ ကာ အိမ်ပြန်သွားလေတော့သည်။

...

နောက်တစ်နေ့မနက်အစောတွင် ယွမ်ကျိုးမှာ ခါတိုင်းလိုပင် လမ်းလျှောက်ထွက်ရန် ထပြီးနောက် ပြန်ရောက်သောအခါ ခေါက်ဆွဲချက်လေသည်။ သူ မနက်စာစားပြီးသောအခါ ကျန်နေသောဟင်းရည်များကို သိမ်းပြီးနောက် မနက်စာရောင်းချရန် ပြင်ဆင်တော့သည်။

မနက်စာရောင်းချိန်မှာ ယခင်အတိုင်းပင်ဖြစ်သည်။ စားသောက်ဆိုင်မှာ အမြဲပင် လူများနှင့် ပြည့်ကျပ်နေလေသည်။ ဘာပဲ ဖြစ်ဖြစ် ပွဲ(၁၀၀)ဟူသည့်ပမာဏမှာ တကယ်တမ်းတော့ အများကြီးမဟုတ်ပေ။

နေ့လယ်စာရောင်းချိန်သည်လည်း ခါတိုင်းကဲ့သို့ပင်ဖြစ်ပေသည်။ နှစ်နာရီကြာပြီးနောက် ယွမ်ကျိုးက မတ်တပ်ထရပ်လိုက်ပြီး ကြေငြာတော့သည်။

“စိတ်မရှိပါနဲ့ဗျာ။ နေ့လယ်စာရောင်းချိန် ပြည့်သွားပါပြီ။ မနက်ဖြန်မှ စောစောလာခဲ့ကြပါ”

ထိုစကားများကို ပြီးခဲ့သောလအနည်းငယ်အတွင်း အကြိမ်တော်တော်များများပြောခဲ့ပြီးဖြစ်ရာ ယွမ်ကျိုးမှာ အတော်ပင် နှုတ်သွက်နေလေသည်။

တန်းစီနေကြသောစားသုံးသူများမှာ မကြာခဏဆိုသလို မကျေမနပ်ပြောဆိုကြပြီး များမကြာမီပင် လူစုကွဲသွားတတ် ကြသည်။ သို့သော် ယနေ့မှာ စနေနေ့ဖြစ်ပြီး ခါတိုင်းကဲ့သို့ လူအုပ်ကြီးမှာ လူစုကွဲမသွားဘဲ စုစည်းလျက်ရှိနေသေးသည်။ ထို့ကြောင့် ယွမ်ကျိုး အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။

“လျိုချန်၊ ငါတို့သဘောတူထားသလိုလုပ်မယ်ကွာ။ ဒီတစ်ခါတော့ သူဌေးယွမ်ကို ငါတို့အတွက် ဖြေရှင်းချက်ပေးခိုင်းရမယ်”

အားကစားဝတ်စုံဝတ်ထားပြီး ယွမ်ကျိုးစားသောက်ဆိုင်သို့ အကြိမ်အတော်များများရောက်ဖူးသည့်လူတစ်ဦးက ခေါင်းဆောင်ဖြစ်မည့်ပုံပေါ်သည့်အခြားတစ်ဦးအား ပြောလိုက်သည်။

“အားလုံးပဲ စိတ်ကို ငြိမ်ငြိမ်ထားပါ။ ကျုပ်ရှင်းရှင်းလင်းလင်းပြောပါရစေ”

စီးပွားရေးဝတ်စုံကို ဝတ်ထားသည့်လျိုချန်မှာ အေးဆေးပုံပေါ်သည်။ သူက ဘောင်မပါသည့်မျက်မှန်ကို တပ်ထားပြီး ယဉ်ကျေးသိမ်မွေ့ပုံရှိသည်။ သို့သော် သူစကားပြောလိုက်သည်နှင့် အားလုံးငြိမ်ကျသွားသည်။

“ကျွန်မသူဌေးက ဒီနေ့ဆိုင်ဖွင့်ချိန်ပြီးပြီလို့ပြောပြီးပြီလေ။ အားလုံးပဲ ကျေးဇူးပြုပြီးပြန်ပါတော့ရှင်”

ရှန်မင်က လူများမပြန်ကြသေးသည်ကို မြင်သောအခါ ထွက်လာပြီး ပြောသည်။

“စိတ်မပူပါနဲ့ မိန်းကလေး။ ငါတို့သူဌေးယွမ်ကို ပြောစရာရှိတယ်။ အဲ့ဒါက မင်းလုပ်ပေးလို့မရဘူး”

ညင်သာသောလေသံဖြင့် လျိုချန်က ရှန်မင်ကို နှင်ထုတ်လိုက်သည်။

“ခင်ဗျားတို့မှာ ဘာကိစ္စရှိလို့လဲ”

ယွမ်ကျိုးက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ ရှည်လျားကောက်ကွေ့သော စားပွဲခုံနောက်တွင် ယွမ်ကျိုးက မတ်တပ်ရပ်၍ စားသောက်ဆိုင်ထဲရှိ လျိုချန်ဦးဆောင် သည့်လူတစ်ဒါဇင်ခန့်ကို မျက်နှာချင်းဆိုင်လိုက်သည်။ သူ့အရှိန်အဝါမှာလည်း အထွန့်တက်နေသည့် အစားသရဲများ အောက်မလျော့ပေ။

စားသောက်ဆိုင်အပြင်ဘက်ရှိ လူအုပ်ကြီးလည်း ပါလေသည်။ အချို့မှာ ဆူညံဆူညံဖြစ်နေသည့်မြင်ကွင်းကို စောင့်ကြည့်ရန်ဖြစ်ပြီး၊ အခြားလူများမှာမူ ပွဲတွင် ဝင်ပါရန်စုစည်းနေကြသည်။ ထိုလူများမှာ လက်ထဲတွင် ဆိုင်းဘုတ်များပင် ကိုင်ဆောင်ထားကြရာ အတော်ပင် ကြိုတင်ပြင်ဆင်လာခဲ့ကြပုံပေါ်သည်။

ဆိုင်းဘုတ်ပေါ်တွင် ဤသို့ရေးထားသည်။

“မမျှတတဲ့ဈေးရောင်းချသည့်ပုံစံကိုဆန့်ကျင်ကြ။ မျှတတဲ့တန်းစီစနစ်ကို တောင်းဆိုကြ”

ထိုသူတို့စုစည်းမိကြသည်နှင့် လူအများကိုစောင့်ကြည့်လာစေရန် ဆွဲဆောင်နေ‌တော့သည်။ လူများပို၍စုဝေးလာပြီး အချို့မှာ ယွမ်ကျိုးစားသောက်ဆိုင်၏ ဈေးရောင်းသည့်ပုံစံကို ဆန့်ကျင်ရန် တက်တက်ကြွကြွ အော်ဟစ်နေစဉ် ယွမ်ကျိုးနှင့် ဆိုင်နီးနားချင်းဖြစ်သည့်သူဌေးထုံမှာ သည်းမခံနိုင်တော့ချေ။

“မင်းတို့ကောင်တွေ မရှက်ကြဘူးလား။ ရှောင်ယွမ်မှာ လက်နှစ်ဖက်ပဲပါတာ။ မင်းတို့အကုန်လုံးအတွက် ဘယ်ချက်နိုင်ပါ့မလဲ။ မျှမျှတတ လုပ်မှပေါ့”

သူဌေးထုံက အော်ပြောသည်။

“ကျုပ်တို့က အဲ့လိုဆိုလိုတာ မဟုတ်ဘူး။ သူဌေးယွမ်နဲ့ စကားပြောချင်ရုံပဲ”

ဆန္ဒပြသူများကို စီမံခန့်ခွဲပေးနေသည့် ဆိုင်းဘုတ်ကိုင်ထားသောလူတစ်ဦးက တည်ငြိမ်သောလေသံဖြင့် ပြန်ဖြေသည်။

“အဲ့ဒါဆိုလည်း ဘာလို့ လူတွေအများကြီး ဒီမှာစုနေတာလဲ”

သူဌေးထုံက လမ်းတစ်ဝက်လောက်ကို ပိတ်နေသည့်လူအုပ်ကြီးကို မကျေမနပ် ညွှန်ပြလိုက်သည်။

“စိတ်မပူပါနဲ့။ ကျွန်မတို့က သူဌေးယွမ်ရဲ့ဟင်းတွေကို ပိုစားချင်ရုံပဲ။ အဲ့ထက်မပိုပါဘူး”

မိန်းကလေးတစ်ဦးက ခေါင်းလှည့်ကြည့်ကာ ပြုံး၍ ပြန်ဖြေသည်။

“ငါတော့ အခုခေတ် မင်းတို့လူငယ်တွေကို နားကိုမလည်တော့ဘူး။ စားဖို့အတွက်လေးနဲ့ ဒီလိုကမောက်ကမဖြစ်‌အောင် လုပ်နေတယ်”

ထိုနေရာတွင် မနက်တိုင်း ပေါက်စီနှင့် ပဲနို့ရောင်းသည့်အဖွားအိုမှာလည်း နှစ်ဖက်စလုံး၏စည်းရုံးမှုကို ခံနေရသည်။ ခဏကြာပြီးနောက် လမ်းစီမံထိန်းသိမ်းရေးရုံးမှ ပုဂ္ဂိုလ်များရောက်လာပြီး ထိုသို့ပရမ်းပတာဖြစ်နေသည်ကို တွေ့သွားတော့သည်။ ယွမ်ကျိုးစားသောက်ဆိုင်၏ဝင်ပေါက်ကို သေချာပိတ်ဆို့ထားရာ ဝူဟိုင်းနှင့် လင်းဟုန်အပါအဝင် မည်သူမျှအထဲသို့ မဝင်နိုင်ဘဲရှိနေသည်။

“မင်းတို့ ဒီမှာဘာတွေလုပ်နေကြတာလဲ။ ငါက လမ်းစီမံထိန်းသိမ်းရေးရုံးကနော်။ လမ်းဖယ်ပေးကြပါ။ တံခါးမှာပိတ်ပြီး ဘာလုပ်ချင်နေကြတာလဲ”

ဒါရိုက်တာဝူက ယွမ်ကျိုးစားသောက်ဆိုင်ဆီသို့ သူ့လက်ထောက်နှင့်အတူ တိုးဝှေ့ဝင်ရန်ကြိုးစားနေသော်လည်း မရဘဲဖြစ်နေသည်။ ထို့ကြောင့် နောက်တစ်လှမ်းဆုတ်ကာ အော်လိုက်‌တော့သည်။

“ဟုတ်တယ်။ မင်းတို့ ဒီလိုလုပ်လို့မရဘူး။ လမ်းတစ်ခုလုံးပိတ်သွားရင် ဘယ်လိုလုပ်မလဲ”

ငယ်ရွယ်သောလက်ထောက်လေးမှာလည်း ဒေါသကြောင့် မျက်နှာမှာ ရဲရဲတွတ်နေသည်။

“ဒါက သူဌေးယွမ်နဲ့ ငါတို့ကြားက ပုဂ္ဂိုလ်ရေးကိစ္စပဲ”

လူအုပ်ကြီးမှာ ခိုင်မာသောသဘောထားနှင့် လမ်းဖယ်ပေးရန် ငြင်းဆန်နေကြသည်။

“ဒါက ဒီလိုရှိတယ်။ သူဌေးယွမ်သာ တစ်ခုခုဖြစ်သွားရင် မင်းတို့အားလုံးပြစ်မှုကျူးလွန်တာဖြစ်သွားပြီနော်။ အားလုံးစိတ်ထိန်းကြပါ။ ဘယ်ကိစ္စမဆို အေးအေးချမ်းချမ်းညှိနှိုင်းလို့ရပါတယ်”

ဒါရိုက်တာဝူမှာ ဝါရင့်ဝန်ထမ်းတစ်ဦး ဖြစ်သည်။ ပထမဦးစွာ အမှုကြီးမည့်ကိစ္စကို အရင်ပြောလိုက်ပြီးမှ ပြေရာပြေကြောင်းကိုပြောလိုက်သည်။

“ကျွန်တော်တို့က သူဌေးယွမ်ကို ထိခိုက်အောင်မလုပ်ပါဘူး”

လူအုပ်ကြီးက သေချာပြောသည်။

“အဲ့ဒါဆိုရင် ကျွန်မတို့ကို လမ်းဖယ်ပေးပါ။ ကျွန်မ အထဲဝင်ပြီး တစ်ချက်လောက်ကြည့်ပါရစေ။ ကျွန်မကူညီပေးနိုင်မှာပါ”

ဒါရိုက်တာဝူက ချက်ချင်းပြောလိုက်သည်။

“ဟုတ်တယ်။ ဒီစားသောက်ဆိုင်က ကျွန်မတို့အုပ်ချုပ်မှုအောက်မှာရှိတယ်။ တစ်ခုခုနားလည်မှုလွဲနေတာရှိရင် ကျွန်မတို့သေချာပေါက်ကူညီပေးမှာပါ”

လက်ထောက်လေးကလည်း ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ ထိုသို့ပြောလိုက်သည်။

“သူဌေးယွမ်က ကျွန်တော်တို့ကို ညွှန်ကြားထားပြီးပြီ။ ပြဿနာကို ဖြေရှင်းမပြီးမချင်း ဘယ်သူမှ အထဲကိုမဝင်ရဘူးတဲ့။ သူကျွန်တော်တို့ကို ဖုန်းမခေါ်သေးဘူး”

တံခါးဝတွင် ပိတ်နေသည့်လူတစ်ဦးက ဖုန်းကို ယမ်းပြရင်း ပြောသည်။

“မင်းတို့က ဘာကြောင့် ဒီမှာလူစုနေရတာလဲ။ ငါမှတ်မိသလောက်တော့ မင်းတို့ ဒီမှာ အကြိမ်ပေါင်းမနည်း စားဖူးကြတာပဲကို”

ဝူဟိုင်းက မျက်မှောင်ကြုတ်ကာ ပြောသည်။

သူက ယွမ်ကျိုးရဲ့လုံခြုံရေးကို လုံးဝစိတ်မပူပေ။ ဘာပဲဖြစ်ဖြစ် ဒီလူတွေမှာ ခံပြင်းစိတ်တွေ ရှိနေကြပေမယ့် ဘာမှမသင့်လျော်တာမလုပ်ဘဲ အဖြစ်အပျက်ကို ကြည့်နေကြသူများကိုပင် ကူညီရှင်းပြနေကြသေးသည်။

“ဟွန့်”

မမျှော်လင့်ထားစွာဖြင့်ပင် လူအုပ်ကြီးမှာ ဆုံးဖြတ်ချက်ချထားပြီး စိတ်ထားပျော့ပြောင်းကြသော်လည်း ဝူဟိုင်းအား ဂရုမစိုက်ဘဲ ပြန်မဖြေပေးကြပေ။

“ကြည့်...ကြည့်။ အဲ့ဒါ မင်းရုပ်ဆိုးလို့ပဲ ဖြစ်ရမယ်။ အဲ့ဒါကြောင့် မင်းကို ပြန်မဖြေကြတာ” မူလက တင်းမာနေသောအခြေအနေမှာ ကြားဖြတ်နှောင့်ယှက်ခံလိုက်ရပြီး လင်းဟုန်မှာ ဝါးလုံးကွဲထရယ်တော့သည်။ ဝူဟိုင်းမှာ လင်းဟုန်ကို လုံးဝလျစ်လျူရှုထားသည်။ သို့သော်လည်း သူဘယ်ကိုပဲကြည့်ကြည့် သူနှင့် အကြည့်ချင်းဆုံလိုက်သည်နှင့် လူများမှာ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ကာ သူ့မေးခွန်းအား မဖြေကြချေ။

လင်းဟုန်က ဝူဟိုင်းအား “ငါ့ကိုကြည့်ထား” ဟူသည့်ပုံစံဖြင့် မျက်ရိပ်ပြလိုက်သည်။ ထို့နောက် မိန်းကလေးတစ်ဦးဆီသို့ လျှောက်သွားတော့သည်။

“ဟိုင်း အလှလေး။ ကြည့်ဦး နေသိပ်ပူတာပဲနော်။ အအေးဝယ်တိုက်ချင်လို့ ရမလား”

လင်းဟုန်မှာ သူ့ကိုယ်သူ မိန်းကလေးများအကြောင်းသိထားပြီး ဖြစ်သည်ဟု ယုံကြည်နေသည်။ သူသည် သိပ်ချော၊ သိပ်ချမ်းသာလှသည်။ ပုံမှန်အတိုင်းဆိုရင် အများဆုံးအနေဖြင့် သူ့အား ယဉ်ကျေးစွာ ငြင်းရုံသာရှိမည်။ သို့သော် ဆိုင်းဘုတ်ကိုင်ထားသော မိန်းကလေးမှာ တုံးတိတိဖြင့် ပြန်ဖြေသည်။

“ရှင် မိန်းကလေးတွေကို စကားစရှာတဲ့ပုံကလည်း ဒိတ်အောက်လိုက်တာ။ ဟောင်းနေပြီ”

ဒီတစ်ကြိမ်တွင်မူ လင်းဟုန်အား ဝူဟိုင်း လှောင်ရမည့်အလှည့်ပင်။ သူ ပြုံးလို့မပြီးသေးခင်ပင် အခြားတစ်ဖက်ဆီမှ အသံတစ်ခုထွက်ပေါ်လာသည်။

“ရဲတွေလာနေပြီ.....”

ယွမ်ကျိုး အပိုင်း(၃၄၃)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၃၄၄)

ကပ်ဘေးဖြစ်ရတဲ့အကြောင်းရင်း

“သေစမ်း ရဲတွေရောက်လာပြီ အစ်ကိုကျွင်း ကျွန်တော်ကြောက်တယ်” အရပ်ရှည်ရှည်အမျိုးသားတစ်ဦးက ဒါရိုက်တာဝူအားပြန်ဖြေပေးနေသည့် လူကိုပြောလိုက်သည်။

“ကျွန်တော်လည်းကြောက်တယ်အစ်ကိုကျွင်း၊ ဘာလုပ်ကြမလဲ?” တံခါးတွင်ပိတ်ဆို့ထားသည့် နောက်တစ်ဦးကလည်း အနည်းငယ်အထိတ်တလန့်ဖြစ်နေသည်။

“ရဲတွေရောက်လာရင် ကျွန်တော်တို့ဘယ်လိုပြောကြမလဲ?” လူတော်တော်များများထိတ်လန့်လာကြသည်။ ကြောက် နေသူနောက်တစ်ဦးက ထိုသို့မေးလိုက်သည်။

“ရှင်တို့ ဘေးဖယ်ပေးကြပါဦး နောက်မှရဲတွေရောက်လာရင် ကိစ္စတွေပိုဆိုးကုန်မယ်နော်” ဒါရိုက်တာဝူက ခြိမ်းခြောက်သည့်အမူအရာဖြင့်ပြောသည်။

“ဟုတ်တယ်..ရဲတွေအချိန်မရွေးရောက်လာနိုင်တယ်နော်” လက်ထောက်ငယ်လေးကလည်း ခြိမ်းခြောက်လိုက်သည်။

ထို့နောက်တွင်မူ အစ်ကိုကျွင်းပင်လျှင် မတုံ့ပြန်နိုင်တော့ဘဲ ငြိမ်သက်သွားတော့သည်။

“ရှင်ကြောက်သွားပြီလား? ကျွန်မတို့ကပြစ်မှုကျူးလွန်နေတာမှမဟုတ်တာ၊ ကျွန်မတို့ရည်ရွယ်ချက်ကို သတိရလေ” လင်းဟုန်နှင့် စကားပြောခဲ့သည့် မိန်းကလေးက ထိုသို့အခိုင်အမာပြောသည်။

“ဟုတ်တယ်..ငါ စောနကလန့်သွားလို့” လန့်သွားသည့်အမျိုးသားက အသိပြန်ဝင်လာပြီး သူ့ခေါင်းကိုကိုင်လိုက်ကာ ရှက်ရွံ့သွားသည်။

“သူမပြောတာမှန်တယ်၊ ကြောက်ဖို့မလိုဘူး၊ ရဲတွေလာရင် ငါသူတို့နဲ့ စကားပြောမယ်” အစ်ကိုကျွင်းက လူအုပ်ကြီးကို ကြည့်ကာ သေချာပြောလေသည်။

သူတို့မှာ မကြာမီပင် ပြန်တည်ငြိမ်သွားကြာရာ ဒါရိုက်တာဝူမှာမပျော်တော့ချေ။

“ရှင်တို့တွေဒီလိုမျိုး လူစုလူဝေးလုပ်တာ ပြစ်မှုပဲ သူဌေးယွမ်ရဲ့စီးပွါးရေးကိုထိခိုက်စေတယ်” ဒါရိုက်တာဝူက အနည်းငယ် စိတ်တိုနေသည်။ တံခါးတွင်ပိတ်ဆို့ထားသည့် လူအုပ်ကြီးကိုညွှန်ပြရင်း ထိုသို့ပြောလိုက်သည်။

“အဲ့လိုမဟုတ်ပါဘူးအန်တီ၊ အခုကသူဌေးယွမ်အနားယူနေချိန်မို့ပါ၊ ကျွန်မတို့က သူဌေးယွမ်ကိုပြောစရာရှိလို့ အန်တီ အထဲဝင်ချင်ရင် တန်းဝင်စီပေးပါနော်” မိန်းကလေးက ဒါရိုက်တာဝူကို ခပ်ဖြည်းဖြည်းပြောသည်။

“မင်းတို့က မေးစရာရှိတဲ့ပုံမပေါ်ဘဲ ဒုက္ခပေးမယ့်ပုံပေါ်တယ်” လက်ထောက်လေးက ထိုသို့ဝင်ပြောလိုက်သည်။

“သူဌေးယွမ်က စည်းကမ်း‌တွေကို အကောင်းဆုံးလိုက်နာပြီး အစီအစဉ်အတိုင်းလုပ်တတ်တာ၊ အဲ့တော့မဖြစ်မနေ လုပ်ရမှာပေါ့ ဟုတ်တယ်နော်အစ်ကိုဝူဟိုင်” မိန်းကလေးငယ်က စကားလုံးတွေထက်ပိုလေးနက်သည့်အရာတစ်ခု ကိုထုတ်ဖော်ပြောလိုက်သည်။

“ဟုတ်တယ်..သူကသံလိုက်အိမ်မြှောင်လေ” ဝူဟိုင်ကလည်း ထိုကိစ္စနှင့်ပတ်သက်၍ အနည်းငယ်အာရုံစိုက်နေရာ သူ့ခေါင်းကို ချက်ချင်းညိတ်ပြလိုက်သည်။

“အဲ့ဒီတော့ တန်းစီပါအန်တီ” မိန်းကလေးက ပြုံးရင်းပြောလိုက်သည်။

"ဟူးးး ဒီနေ့ခေတ်ကလေးတွေများ စိတ်တိုင်းကိုမကျဘူး တကယ်" ဒါရိုက်တာဝူက အတော်လေး အကူအညီမဲ့သလို ခံစားနေရပြီ။ ဒါပေမယ့် သူမက ချက်ချင်းထွက်မသွားဘဲ ထိုနေရာမှာပင် စည်းမျဉ်းအတိုင်း စောင့်နေလိုက်သည်။

သူမမှာ မကြာခဏဆိုသလို ယွမ်ကျိုးစားသောက်ဆိုင်ဘက်သို့ လည်တဆန့်ဆန့်နှင့် ကြည့်နေမိသည်။

“အခုအခြေအနေကို မင်းဘယ်လိုသဘောရလဲ?” လင်းဟုန်က ဝူဟိုင်းဘက်သို့ လှည့်ကာမေးလိုက်သည်။

“မသိဘူးလေ၊ သူဌေးယွမ်ကတော့ အဆင်ပြေမယ့်ပုံပဲ” ဝူဟိုင်းက သူ့နှုတ်ခမ်းမွှေးကို သပ်ရင်း ပုခုံးတွန့်ကာ တည်ငြိမ် စွာပြောသည်။

“မင်းကဘယ်လိုသိလဲ?” လင်းဟုန်က အနည်းငယ်စပ်စုလိုက်သည်။

“ကြည့်လေ..ခွေးလေးစွပ်ပြုတ်တောင် တည်ငြိမ်နေတာ ..အစားအသောက်ရဖို့ဉာဏ်များနေတာလေ” ဝူဟိုင်က စွပ်ပြုတ်ဟုခေါ်သော ဘေးတစ်ဘက်၌ ချစ်စရာကောင်းသလိုပြုမူနေသည့် ခွေးကို ညွှန်ပြရင်းပြောသည်။

“အာ...အဲ့ဒါက ခွေးတစ်ကောင်ပဲကို” လင်းဟုန်မှာပြောစရာစကားမရှိဖြစ်သွားသည်။

“ဒါပေမယ့် အဲ့ခွေးကသစ္စာရှိတယ်” ဝူဟိုင်းက အခိုင်အမာပြောသည်။

သူတို့နှစ်ဦး စကားပြောနေစဉ် ညွှန်ကြားချက်အရရောက်လာကြသော ရဲများမှာ ဘာလုပ်ရမယ်မှန်းမသိဖြစ်နေကြ သည်။

“ခင်ဗျားတို့ ဘာလို့ ဒီမှာလူစုနေကြတာလဲ?” ရဲသားတစ်ဦးက ထွက်လာပြီး လူအုပ်ကြီးအားကျယ်လောင်စွာ အော်လိုက်သည်။

လူအုပ်ကြီးအား မေးမြန်းနေသော်လည်း အနားသို့မူမကပ်ရဲကြပေ။ ဘာပဲဖြစ်ဖြစ် သူရရှိခဲ့သောသတင်းမှာ လူစုလူဝေး လုပ်ကာ နှောက်ယှက်နေကြသည်ဟူ၍ ဖြစ်သည်။ သူတို့ရောက်ရှိလာသောအခါ လူရာဂဏန်းခန့်ပင်ရှိကြောင်း တွေ့လိုက်ရသည်။ သူတို့မှာ သာမန်ရဲဝန်ထမ်းလေးနှစ်ဦးသာ ဖြစ်ရာ သတိကြီးကြီးထားရပေမည်။

အခြားရဲသားလေးတစ်ဦးမှာလည်း လူအုပ်ကြီးအား တိတ်တိတ်ဆိတ်ဆိတ်ဖြစ်စေရန် ဖျောင်းဖျနေသည်။

“အားလုံးပဲ စိတ်အေးအေးထားကြပါ ပြဿနာကဘာလဲဆိုတာ ကျွန်တော့်ကိုပြော အဲ့ဒါမှ ကျွန်တော်တို့ကဘယ်လိုဖြေရှင်းပေးရ မလဲဆိုတာသိမှာ”

“ရဲကိုဘယ်သူခေါ်လိုက်တာလဲ? ကျေးဇူးပြုပြီး အသေးစိတ်အချက်အလက်တွေ ထွက်ပေးပါဦး” ပထမဆုံးအော် လိုက်သည့်ရဲက ထပ်ပြောပြန်သည်။

“အရေးတကြီးမဟုတ်ပါဘူး ကျွန်တော်တို့က ထမင်းစားဖို့စောင့်နေကြတာပါ” ရဲရောက်လာသည်နှင့် လူအုပ်ကြီးမှာ ဆိုင်းဘုတ်များကို ချထားပြီး အေးအေးဆေးဆေးပြောလာသည်။

မည်သူမှ အနှောက်အယှက်ပေးနေသည်ကိုမတွေ့ဘဲ အားလုံးအခြေအနေကောင်းနေကြကြောင်း မြင်လိုက်ရသောအခါ ရဲနှစ်ဦးမှာ စိတ်ချသွားကြသည်။ ဟာသပဲ! လူရာချီရှိပြီး နှောက်ယှက်နေတာတောင် ဘယ်လိုဖြစ်ပြီး ထိန်းထိန်းသိမ်းသိမ်းရှိနေကြတာလဲ?

“ကျွန်မပါ..ရဲခေါ်လိုက်တာကျွန်မပါ” အနီးဝန်းကျင်တွင် ခေါက်ဆွဲဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက ကျယ်လောင်စွာပြောလိုက်သည်။

“ဟုတ်ပါပြီ..ဒီကိုလာပြီး ခင်ဗျားရဲ့အသေးစိတ်အချက်အလက်တွေပြောပါဦး” ရဲက လူအုပ်ထဲသို့သတိကြီးကြီးဖြင့် တိုးသွားပြီး သူမအားလက်ဝှေ့ယမ်းပြကာ ထိုသို့ပြောသည်။

“ရတယ်..ကျွန်မအခုချက်ချင်းလာခဲ့မယ်” အမျိုးသမီးက ခါးစည်းအဝတ်ဖြင့် လက်တွေကို စိတ်လှုပ်ရှားစွာ သုတ်လိုက်ပြီး ထွက်လာသည်။

သူမ စကားစပြောလိုက်သည်နှင့် ယွမ်ကျိုးက အကြောင်းအကောင်းမပြောခဲ့ချေ။

“ကျွန်မအမြင်ကတော့ အခုဆိုင်ထဲမှာပိတ်ခံထားရတဲ့ ဆိုင်ရှင်သူဌေးယွမ်က လူတွေကို လှည့်စားခဲ့တာပဲဖြစ်မယ်” အမျိုးသမီးမှာ ယွမ်ကျိုး၏ စီးပွါးရေးအား အမြဲပင်မနာလိုဖြစ်ခဲ့သည်။ အခုရှားရှားပါးပါးအခွင့်အရေး ရလာရာ လက်လွတ်မခံချေ။

“ခင်ဗျား ဘာအကြောင်းကိစ္စနဲ့ ရဲခေါ်လိုက်ရတယ်ဆိုတာလေး ပြောပါဦး” ရဲသားလေးက အများကြီးမပြောဘဲ လုပ်ထုံးလုပ်နည်းအရ မေးလိုက်သည်။

“ကျွန်မက ဒီခေါက်ဆွဲဆိုင်ပိုင်ရှင်ပါ၊ အခုလေးတင်ဆိုင်ကို လူတွေပိတ်ထားပြီး အနှောက်အယှက်ဖြစ်နေတာတွေ့လိုက်လို့ ရဲခေါ်လိုက်တာပါ” အမျိုးသမီးမှာ လက်များကိုသုတ်ရင်း စိတ်လှုပ်ရှားစွာ သတင်းပေးနေသည်။

“ကောင်းပါပြီ..အခုလိုပူးပေါင်းပေးတာကျေးဇူးတင်ပါတယ်” ရဲသားလေးက ဂရုတစိုက်မှတ်တမ်းရေးလိုက်ပြီး သူမကို ပြန်သွားရန်အချက်ပြသည်။

“အရာရှိမာ ကျွန်တော်တို့ဘယ်လိုလုပ်သင့်တယ်ထင်လဲ?” ရဲသားလေးက မှတ်စုစာအုပ်ကို ဘေးဖယ်ထားပြီး သူ့ဘေးရှိအခြားရဲတစ်ဦး အားလှမ်းပေးလိုက်ရင်း မေးသည်။

“ဒီမှာ ဘယ်သူဦးဆောင်တာလဲ? ကျေးဇူးပြုပြီး ရှေ့ထွက်ခဲ့ပေးပါ” ရဲအရာရှိမာက မှတ်စုကိုဖတ်ပြီးနောက် ဆုံးဖြတ်ချက်ချကာ အော်လိုက်သည်။

“လာပြီ လာပြီ ဘာဖြစ်လို့လဲဗျ?” အစ်ကိုကျွင်းက ထင်ထားသည့်အတိုင်း သူ့စကားကိုတည်လေသည်။ ရဲက ခေါ်လိုက်သည်နှင့် ရှေ့ထွက်လာသည်။

“ခင်ဗျားတို့ဒီမှာဘာလုပ်နေကြတာလဲဆိုတာပြောပါဦး” အရာရှိမာက အစ်ကိုကျွင်းအား လေးနက်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။

“ကျွန်တော်တို့ကိုအထင်လွဲနေကြပြီ၊ ကျွန်တော်တို့အားလုံးက သူဌေးယွမ်ကိုမေးစရာလေးတစ်ခုရှိလို့ ဒီမှာတန်းစီ နေကြတာပါ” အစ်ကိုကျွင်းက ရယ်ကျဲကျဲလုပ်ကာ အေးအေးသက်သာပြောသည်။

“မေးစရာရှိတာကို ဒီလောက်လူအများကြီးစုဖို့လိုလို့လား?” အရာရှိမာက သူတို့အားလုံးဝမယုံချေ။

“ခင်ဗျားကျွန်တော့်ကို မယုံရင် ခင်ဗျားကိုယ်တိုင် လိုက်မေးကြည့်လို့ ရပါတယ်၊ ဒီသူဌေးယွမ်ချက်တဲ့ဟင်းတွေက အရမ်းစားကောင်းတာ၊ နေ့တိုင်းဒီမှာ ထမင်းစားဖို့ တန်းလာစီတဲ့ လူတွေက ဒီထက်မကဘူးများတာ” အစ်ကိုကျွင်းက လူအုပ်အား ပြုံးကာလက်ညှိုးထိုးပြရင်းပြောသည်။

အစ်ကိုကျွင်းက အလွန်ကျယ်လောင်စွာပြောရာ အနီးနားရှိ ကြားသည့်လူများက ချက်ချင်းပင် စတင်ဆွေးနွေးကြ တော့သည်။

“သူဌေးကဟင်းချက်အရမ်းကောင်းတာ၊ တစ်ခုတည်းသောပြဿနာက နေ့တိုင်းလူတန်းကြီးက အရမ်းရှည်တာပဲ” အရင်က လာစားဖူးသည့်သူများက ခံစားဖူးသည့်အတွေ့အကြုံကိုပြန်မှတ်မိသလိုပြောသည်။

“ဈေးကလည်းအရမ်းကြီးတယ်၊ ဈေးနည်းနည်းသက်သာမယ်ဆို ကိုယ်ပိုင်ကန်တင်းလို့ကို သဘောထားလိုက် မှာ” ဒီတစ်ယောက်ကတော့ ဆိုင်မှာရှားရှားပါးပါးသာလာစားတတ်သူဖြစ်သည်။

“တော်စမ်းပါဗျာ၊ သူဌေးယွမ်ရဲ့ ဟင်းချက်လက်ရာက လက်ရှိဈေးနှုန်းထက်အများကြီးတန်တယ်ဗျ၊ ဒီနားက အနောက်တိုင်းစားသောက်ဆိုင်ကိုပဲကြည့် ဆွီဒင်အသားလုံးဆိုတဲ့ဟင်းက ခြင်္သေ့ခေါင်းဟင်းနဲ့အတူတူပဲ”

ပြောရင်းနှင့်ပင် ထိုလူက လီလီ၏အနောက်တိုင်းစားသောက်ဆိုင်ကို လက်ညှိုးထိုးပြလိုက်သည်။

ဘာမှမလုပ်ပါဘဲ ဝင်အစော်ကားခံလိုက်ရခြင်းပင်။

အရာရှိမာက သူတို့ပြောသည်ကိုကြားသောအခါ ထိုသူတို့မှာ အမှန်ပင်အနှောက်အယှက်ပေးလိုခြင်းမရှိပုံပေါ်ကြောင်း ခံစားလိုက်ရသည်။

“အဲ့ဒါဆိုလည်းခင်ဗျားတို့လူစုခွဲတာကောင်းမယ်၊ ဒီလောက်လူအများကြီးစုနေတာ ဘာနဲ့တူနေပြီလဲ သိရဲ့လား” အရာရှိမာက လူအုပ်ကြီးကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး အမှန်ပင် ရန်လိုခြင်း ၊ မကောင်းကြံစည်သည့်ပုံစံများမရှိဘဲ မကျေနပ်ချက် များသာရှိသည်ကို တွေ့ရသည်။

ဗိုက်ဆာလာသည့်အခါဒေါသဖြစ်သည်နှင့်ပိုတူနေသည်။

“စိတ်မပူပါနဲ့၊ ကျွန်တော်တို့ဆယ်မိနစ်အတွင်းလူစုခွဲမှာပါ၊ သူဌေးယွမ်ဆိုင်မှာ ဝန်ထမ်းကနည်း‌တော့ ကျွန်တော်တို့က ဒီမှာနည်းနည်းပိုကြာသွားတာပါ” အစ်ကိုကျွင်းက အပြုံးတစ်ခုဖြင့် အလေးအနက်ပြောသည်။

“ငါတို့ဒီမှာမင်းတို့မသွားမချင်းနောက်ဆယ်မိနစ်စောင့်ပေးမယ်၊ မြန်နိုင်သမျှမြန်မြန် လူစုခွဲတာကောင်းမယ်” အရာရှိမာက ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။

“ဟုတ်ကဲ့ပါ..ရပါတယ်ဗျာ၊ အရာရှိနှစ်ယောက်ကို အနှောက်အယှက်ပေးမိတာစိတ်မကောင်းပါဘူး၊ ဒါက အာဟာရဖြည့်ရေနှစ်ပုလင်းပါ သောက်ပါဦးဗျာ...ရာသီဥတုက ပူကပူနဲ့” အစ်ကိုကျွင်းက သူတို့အား ပြောနေရင်းဖြင့် ရေနှစ်ပုလင်းကို ချက်ချင်းလှမ်းပေးသည်။

“မလိုပါဘူးဗျာ ခင်ဗျားတို့ကိစ္စကိုသာမြန်မြန်သွားဖြေရှင်းပြီး ပြန်ကြပါ” အရာရှိမာက အလေးအနက်ပြန်ငြင်းသည်။

“ကျွန်တော် အခုသွားပါပြီဗျာ” အစ်ကိုကျွင်းက ထပ်ပြီးအတိုက်အခံမပြောတော့ချေ။ ရေဘူးကိုအဝေးမှာထားလိုက်ပြီး လှည့်ထွက်သွားတော့သည်။

ဒါရိုက်တာဝူ၊ သူမ၏လက်ထောက်၊ ဝူဟိုင်းနှင့်လင်းဟုန်တို့မှာမူ လူအုပ်ကြီး၏အလယ်တွင်ရှိနေပြီး ထွက်မသွားနိုင်ကြချေ။ အဓိကအချက်မှာ အစ်ကိုကျွင်းက လူစုလူဝေးကြောင့် အနှောက်အယှက်ဖြစ်ပါက သူဌေးယွမ်စားသောက်ဆိုင်အတွက် ကောင်းကျိုးရှိမည်မဟုတ်ကြောင်းပြောသည်။ ထို့အပြင် သူကရဲနှင့်ဖြေရှင်းပြီး နောက် ထိုလူများအား အတွင်းသို့ဝင်စေလိုက်သည်။

အစ်ကိုကျွင်းကရဲများအား အလွယ်တကူ နားချနိုင်ခဲ့သည် ဖြစ်ရာ လူအများက ဆက်နေချင်ခဲ့ကြသည်။

ရဲများသည်လည်း ထိုမျှမတုံးရာ အစ်ကိုကျွင်း၏စကားကို အကြွင်းမဲ့ယုံသည်မဟုတ်ဘဲ ဘေးမှာစောင့်နေခဲ့ကြသည်။ အခြေအနေကို ရဲစခန်းသို့ဆက်လက်သတင်းပို့လျက်ရှိပြီး တစ်ခုခုမှားယွင်းလာပါက ချက်ချင်းအကူအညီတောင်းခံနိုင် မည်ဖြစ်သည်။

“အစ်ကိုလျို ကျွန်တော်အကုန်အဆင်သင့်ဖြစ်နေပြီ..ဆယ်မိနစ်ပဲအချိန်ရတယ် မြန်မြန်လုပ်ပါ” အစ်ကိုကျွင်းက တဖက်လှည့်ကာ မက်ဆေ့ချ်ပို့လိုက်သည်။

မှန်ပေသည်။ ဤသည်မှာ လျိုချန်စီစဉ်ခဲ့ခြင်းဖြစ်သည်။ အခြေအနေကိုကြားသိပြီးနောက် သူကအစ်ကိုကျွင်းအား ထိုသို့လုပ်ရန်ပြောခဲ့ခြင်းဖြစ်သည်။ သို့မှသာ သူတို့၏အစီအစဉ်မပျက်သွားဘဲ ရဲ၏စစ်ဆေးခြင်းမှလည်း ရှောင်နိုင်မည်ဖြစ်သည်။

သို့သော် ယွမ်ကျိုး၏ဆိုင်အတွင်းတွင်မူ ထူးဆန်းသောပြိုင်ပွဲတစ်ခုစတင်နေလေပြီဖြစ်သည်။

All Chapters