← Chapters

ဇနီးသည်ရော စစ်သည်ပါ ဆုံးရှုံးရခြင်း

Vol. 14 Ch. 146

ဇနီးသည်ရော စစ်သည်ပါ ဆုံးရှုံးရခြင်း

Vol. 14 Ch. 146

ထို့ပြင် ချန်ဖေးသည် ဤနေရာ၌ ရက်အနည်းငယ်သာ နေထိုင်ရန် လိုအပ်သည် မဟုတ်ချေ။ အဆိုးရွားဆုံး အခြေအနေကို တွက်ဆကြည့်လျှင်ပင် ဂိုဏ်းကြီးလေးဂိုဏ်း၏ လျှို့ဝှက်နယ်မြေ ပွင့်လာတော့မည် ဖြစ်ရာ ဖုန်းရှိုးဖူသည် ဆယ်ရက်ကျော်ခန့်သာ ကြာမြင့်မည် ဖြစ်ပြီး သေချာပေါက် ပြန်လာပေလိမ့်မည်။

ဖုန်းရှိုးဖူသည် အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့မှ ပေးပို့လိုက်သော သတင်းစကားကို မမြင်လျှင်ပင် ချန်ဖေးကို ရှာဖွေရန် နတ်တိမ် မြို့သို့ သေချာပေါက် ရောက်လာပေလိမ့်မည်။

အပြင်လောကတွင် ချီယွမ် ဆေးလုံးကို လိုချင်တပ်မက်နေသူ မည်မျှရှိကြောင်း ချန်ဖေး မသိနိုင်ပါ...။ သေချာသည်မှာ သူ၏ ကျင့်ကြံမှုအဆင့် နိမ့်ကျနေသဖြင့် သူ့ကို အနိုင်ကျင့်လိုနေကြခြင်း ဖြစ်သည်...။ အကယ်၍ သူသာ လက်ရုံးရည် မရှိခဲ့လျှင် မည်သူမျှ မသိလိုက်ဘဲ အစပျောက်သွားခဲ့ပြီ ဖြစ်လောက်၏။

ငါးကလေးတစ်ကောင်က ရွှေတုံးကို သယ်ဆောင်ပြီး စည်ကားသော မြို့ပြကြီးကို ဖြတ်သန်းသွားလာခြင်းက အခြားသူများ၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးများကို ဖြစ်ပေါ်စေတတ်စမြဲ ပေတည်း။

သို့သော်လည်း ချန်ဖေးတွင် သူတို့နှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်လိုစိတ် အလျဉ်းမရှိချေ။ အကယ်၍ တကယ်တမ်း တိုက်ခိုက်ဖြစ်ခဲ့လျှင်လည်း ချန်ဖေးအတွက် မည်သည့် အကျိုးအမြတ်မှ ရရှိမည် မဟုတ်ပေ...။ သူ အနိုင်ရလျှင်လည်း နောက်ထပ် ချီယွမ် ဆေးလုံး တစ်လုံး ထပ်ရလာမည် မဟုတ်ပါလော။

ထိုသို့ဖြစ်နေမှတော့ ချန်ဖေး အနေဖြင့် မဟာမိတ်အဖွဲ့ထဲတွင်သာ နေထိုင်လိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

“မဟာမိတ်အဖွဲ့ထဲမှာ ရေပူစမ်း ရှိလား...”

ချန်ဖေးက ရုတ်တရက် မေးလိုက်၏။ ဤနေရာ၌ ဆေးဖော်စပ်ရန် အဆင်ပြေသကဲ့သို့ သူ၏ ကျင့်စဉ်ကိုလည်း ထိခိုက်မှု မရှိစေပေ။ တစ်ခုတည်းသော လိုအပ်ချက်မှာ နဂါးဆင် နှိမ်နင်းခြင်း ကျင့်စဉ်အတွက် အတွေ့အကြုံ ရမှတ်များ တိုးပွားလာစေရန် ရေနွေးပူပူ လိုအပ်ခြင်း ဖြစ်သည်။

“ရှိပါတယ်... ဒါပေမဲ့ အဲဒီလို အခန်းမျိုးက တစ်ရက်ကို မဟာမိတ်အမှတ် ၅၀ ပေးရတယ်...”

ချင်ကျင်လန်က တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး သူမ၏ မျက်နှာလေးမှာ အနည်းငယ် ရဲရောင်သန်းသွား၏။

ချန်ဖေးက ချင်ကျင်လန်ကို ကြည့်လိုက်သည်...။ မဟာမိတ်အဖွဲ့ထဲတွင် ရေပူစမ်း ရှိမရှိ မေးမြန်းခြင်းက ထူးဆန်းသော မေးခွန်းတစ်ခု ဖြစ်နေသလော...။ သူမက အဘယ်ကြောင့် ဤကဲ့သို့သော အမူအရာ ဖြစ်နေရသနည်း။

တစ်ရက်လျှင် မဟာမိတ်အမှတ် ၅၀ ဆိုသည်မှာ အနည်းငယ် ဈေးကြီးနေ၏။ ချန်ဖေး၏ လက်ရှိ မဟာမိတ်အမှတ်များဖြင့် ဆိုလျှင် တစ်လအောက်သာ နေထိုင်နိုင်မည် ဖြစ်သည်။ စားသောက်စရိတ်များပါ ထည့်တွက်လိုက်လျှင် သူ နေထိုင်နိုင်မည့် အချိန်ကာလမှာ ပို၍ပင် နည်းပါးသွားပေလိမ့်မည်။

သို့သော်လည်း အစောက ပြောခဲ့သကဲ့သို့ပင် ချန်ဖေးသည် ထိုမျှလောက် ကြာကြာနေရန် မလိုအပ်ပေ။ သူ၏ ကျင့်စဉ်ကို မထိခိုက်စေဘဲ သူ၏ လုံခြုံရေးကို အာမခံနိုင်သရွေ့ ချန်ဖေးသည် ဤ မဟာမိတ်အမှတ်များကို သုံးစွဲရန် ဝန်လေးမည် မဟုတ်ချေ။

ငွေဆိုသည်မှာ သုံးစွဲရန်အတွက် မဟုတ်ပါလော။

နေမင်းသည် အရှေ့အရပ်မှ ထွက်ပေါ်လာပြီး အနောက်အရပ်သို့ ဝင်ရောက်သွားကာ ညအမှောင်ထု ကျရောက်လာခဲ့လေပြီ။

“ချန်ဖေး မထွက်လာသေးတာ သေချာရဲ့လား...”

အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ ရုံးချုပ်နှင့် မီတာ ရာပေါင်းများစွာ အကွာ၌ ကျန်ကျင်းအန်းက သူ၏ လက်အောက်ငယ်သားများကို သံသယများ ပြည့်နှက်နေသော လေသံဖြင့် မေးမြန်းလိုက်၏။ ခဏအကြာတွင် အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့သည် တစ်နေ့တာအတွက် တံခါးပိတ်တော့မည် ဖြစ်သည်။

“သခင်လေး... ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်... ဒါပေမဲ့ ချန်ဖေး ထွက်လာတာကို မတွေ့ရပါဘူး...” လက်အောက်ငယ်သားက ကမန်းကတန်း ပြန်ဖြေလိုက်သည်။

ကျန်ကျင်းအန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်...။ ချန်ဖေးသည် ရုပ်ဖျက်အတတ်ကို အသုံးပြုပြီး တိတ်တဆိတ် ထွက်ခွာသွားပြီလောဟု သူ သံသယ ဝင်မိ၏။ သို့သော်လည်း မဟာမိတ်အဖွဲ့ထဲတွင် ချန်ဖေးကို စောင့်ကြည့်နေသော လူများ ရှိနေသေးသည်။

အကယ်၍ ချန်ဖေး ပျောက်သွားသည် ဆိုပါက ချက်ချင်း သတင်းပြန်ပို့ကြမည် ဖြစ်သော်လည်း ယခုထိ မည်သည့်သတင်းမှ မကြားရသေးပေ။

“သခင်လေး... ပြဿနာ ဖြစ်ပြီ...”

လူရိပ်တစ်ခုသည် အဝေးမှ အလျင်အမြန် ပြေးလာပြီး ကျန်ကျင်းအန်း၏ ဘေးသို့ ရောက်လာ၏။ သူက တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။

“ချန်ဖေးက အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ထဲမှာ နေရာချပြီးပြီ ဆိုတာ အခုပဲ အတည်ပြုလို့ ရလိုက်တယ်... ဒီည သူ ထွက်လာတော့မှာ မဟုတ်ဘူး...”

ကျန်ကျင်းအန်း၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်...။ အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့က တည်းခိုစရာ ပေးသည်တဲ့လား...။

ကျန်ကျင်းအန်းသည် အဂ္ဂိရတ်ပညာရှင် မဟုတ်သဖြင့် အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့၏ အသေးစိတ် အချက်အလက်များကို ဂရုပြုမိမည် မဟုတ်ပေ။ သူသည် ယေဘုယျ အချက်အလက် အချို့ကိုသာ နားလည်ထားခြင်း ဖြစ်သည်။

အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့တွင် နေထိုင်စရာ နေရာရှိပြီး ချန်ဖေးက တန်းပြီး ဝင်ရောက်နေထိုင်လိမ့်မည်ဟု ကျန်ကျင်းအန်း တကယ်ကို မထင်မှတ်ထားခဲ့မိချေ။

သူက သတိကြီးလွန်းနေသည် မဟုတ်ပါလော...။ ဘာမှမဖြစ်သေးခင်မှာပင် ချန်ဖေးက သူ့ကိုယ်သူ အလုံခြုံဆုံး နေရာ၌ တန်းပြီး နေရာယူလိုက်လေပြီ။

ကျန်ကျင်းအန်း၏ စိတ်အစဉ်မှာ အနည်းငယ် ရှုပ်ထွေးသွားရ၏။ ကျန်ကွမ်ဝမ်က နောက်ဆုံးတွင် ဖုန်းရှိုးဖူကို မြှူခေါ်သွားနိုင်ခဲ့ပြီ ဖြစ်သော်လည်း ဤနည်းလမ်းသည် ရက်အနည်းငယ်ထက် ပိုပြီး ဆွဲထားနိုင်မည် မဟုတ်ပေ။

မနက်ဖြန် ချန်ဖေး ချီယွမ် ဆေးလုံး ရရှိပြီးသည်နှင့် မိသားစု အသီးသီးက သူတို့၏ အစွမ်းအစများကို ထုတ်ပြရမည့် အချိန်ဖြစ်သည်ဟု သူ မူလက တွေးထင်ထားခဲ့သည်။

အဆုံးသတ်တွင်မူ ချန်ဖေးက ပြတ်သားသော ခြေလှမ်းကို လှမ်းလိုက်ပြီး အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ထဲတွင် ပုန်းအောင်းကာ မျက်နှာပင် မပြတော့ချေ။

“ချီတာဖုန်း ဆိုတဲ့ကောင်ရော... အဲဒီကောင် အခု ဘယ်မှာလဲ...”

ကျန်ကျင်းအန်းက ချီတာဖုန်းကို ရုတ်တရက် သတိရသွား၏။ ရင်းနှီးသော ဆက်ဆံရေး အရဆိုလျှင် ဂိုဏ်းထဲမှ လူအနည်းငယ်အပြင် ချန်ဖေးတွင် ချီတာဖုန်းသာ ရှိပေလိမ့်မည်။ ယခု ချန်ဖေးကို မြှူခေါ်ထုတ်ချင်လျှင် ချီတာဖုန်းမှတစ်ဆင့် စတင်မှသာ ရနိုင်မည့်ပုံ ပေါက်နေသည်။

“နေ့ခင်းတုန်းက ချီတာဖုန်းနဲ့ သူ့မိန်းမတွေလည်း အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ထဲကို ဝင်သွားကြတယ်...” လက်အောက်ငယ်သားက ခေါင်းငုံ့လျက် ပြောလိုက်သည်။

“အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့က အဂ္ဂိရတ်ပညာရှင် မဟုတ်တဲ့လူတွေကိုပါ နေခွင့်ပေးတာလား...” ကျန်ကျင်းအန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။

“သာမန် အဂ္ဂိရတ်ပညာရှင်တွေ ဆိုရင်တော့ ဒီအခွင့်အရေး မရှိပါဘူး... ဒါပေမဲ့ ချန်ဖေးက အဆင့် ၇ အဂ္ဂိရတ်ပညာရှင် ဖြစ်နေတော့ သူ့မိသားစုကို ခေါ်ပြီး နေခွင့်ရှိပါတယ်...” လက်အောက်ငယ်သားက အားငယ်စွာ ပြောလိုက်သည်။

“ဘုန်း...”

ကျန်ကျင်းအန်းက ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဘေးနားရှိ ကျောက်တုံးစိမ်းကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ... ကျောက်တုံးစိမ်းသည် ချက်ချင်းပင် အက်ကွဲကြေမွသွားပြီး လမ်းသွားလမ်းလာများမှာ ကြောက်လန့်တကြား ရှောင်ဖယ်သွားကြရ၏။

“သခင်လေး... ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ...” လက်အောက်ငယ်သားက တံတွေးမြိုချလျက် ကြောက်ရွံ့စွာ မေးလိုက်သည်...။ ကျန်ကျင်းအန်းက သူတို့အပေါ် ဒေါသပုံချမည်ကို စိုးရိမ်နေမိ၏။

ကျန်ကျင်းအန်း မျက်မှောင်ကြုတ်လျက် အပြင်းအထန် စဉ်းစားသော်လည်း အခြားနည်းလမ်းကို စဉ်းစား၍ မရချေ။ သူ ယခင်က စီစဉ်ထားသော အခြေအနေ အမျိုးမျိုးနှင့် ချန်ဖေးကို ဖမ်းဆီးပြီးလျှင် နှိပ်စက်မည့် အတွေးများ အားလုံးသည် ချန်ဖေး၏ ဤလှုပ်ရှားမှုအောက်တွင် လုံးဝ အရာမဝင်တော့ပေ။

ချန်ဖေး ပျောက်ကွယ်သွားခြင်း မဟုတ်...။ သူ့ကို မြင်နေရသော်လည်း သူ့ကို လုံးဝ ထိတွေ့၍ မရနိုင်ခြင်း ဖြစ်သည်။

အကယ်၍ အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ထဲတွင် အင်အားသုံးရဲသည် ဆိုပါက... မဟာမိတ်အဖွဲ့သည် နတ်တိမ် မြို့၌ နှစ်ပေါင်း ရာနှင့်ချီ၍ မပြိုလဲဘဲ မည်သို့ ရပ်တည်ခဲ့ကြောင်းကို နားလည်အောင် လုပ်ပြပေလိမ့်မည်။

“အရင် ပြန်ကြမယ်...”

ကျန်ကျင်းအန်းက ဒေါသကို မြိုသိပ်လျက် စကားတစ်ခွန်း ပြောလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။

လက်အောက်ငယ်သား အနည်းငယ်မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး မည်သည်မျှ ဆက်မပြောရဲကြတော့ဘဲ... ကျန်ကျင်းအန်း၏ နောက်သို့ စိတ်ပျက်လက်ပျက်ဖြင့် လိုက်ပါသွားကြသည်။

ဤအချိန်၌ ကျန်ကျင်းအန်း တစ်ယောက်တည်း ကြောင်အမ်းအမ်း ဖြစ်နေသည် မဟုတ်ဘဲ ချီယွမ် ဆေးလုံးကို လိုချင်နေကြသော အခြားသူများလည်း ကြောင်အမ်းအမ်း ဖြစ်နေကြရ၏။ သူတို့သည် ချန်ဖေး၏ လုပ်ရပ်ကြောင့် စကားမပြောနိုင်အောင် ဖြစ်နေကြသည်။

အခြေအနေ အမျိုးမျိုးကို တွေးတောစဉ်းစားပြီးနောက် ချန်ဖေးက ဤမျှ တဲ့တိုးဆန်ဆန်ဖြင့် အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်နေထိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။

ယခင်က သူတို့သည် ပြဿနာ ဖြစ်မည်စိုးသဖြင့် ချန်ဖေးကို အလွန်အကျွံ ရန်စခြင်း မပြုခဲ့ကြပေ။ ချန်ဖေး ချီယွမ် ဆေးလုံး ရရှိပြီးသည့် အချိန်ကျမှသာ လှုပ်ရှားကြမည်ဟု သူတို့အားလုံး တွေးထားခဲ့ကြသည်။

သို့သော်လည်း ချန်ဖေးသည် အန္တရာယ်ကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် သူတို့နှင့် ထိပ်တိုက်တွေ့နိုင်မည့် ဖြစ်နိုင်ခြေ မှန်သမျှကို ချက်ချင်း ရှောင်ရှားလိုက်လေသည်။

ယခုမူ သူတို့ ဘာလုပ်ရမည်ကို တကယ်ပင် မသိတော့ချေ။

အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ အတွင်း၌။

“အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ထဲမှာ ဒီလောက် ခမ်းနားတဲ့ နေအိမ်မျိုး ရှိလိမ့်မယ်လို့ ထင်မထားမိဘူး...”

ချီတာဖုန်းက ချန်ဖေး၏ ခြံဝန်းကို ကြည့်လျက် အံ့သြတကြီး ရေရွတ်လိုက်၏။ ရေပူစမ်းပင် ပါရှိသေးသည်။ အလွန်အမင်း ဇိမ်ကျလွန်းလှ၏။

“ဈေးကြီးလွန်းတာ တစ်ခုပါပဲ...” လိုက်လံကြည့်ရှုပြီးနောက် ချီတာဖုန်းက နှမြောတသစွာဖြင့် ထပ်ပြောလိုက်သည်။

သူသည် အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့သို့ မကြာခဏ လာရောက်လေ့ရှိသဖြင့် ချီတာဖုန်းသည် မဟာမိတ် အမှတ်များ၏ တန်ဖိုးကို ကောင်းစွာ နားလည်ထားသည်။

ရေပူစမ်း ပါဝင်သော ဤခြံဝန်းသည် တစ်ရက်လျှင် မဟာမိတ်အမှတ် ၅၀ ကျသင့်ပေသည်။ အပြင်လောကမှ ကောင်းကင်အဆင့် အခန်းများနှင့် ယှဉ်လျှင်ပင် များစွာ ပို၍ ဈေးကြီးနေသေး၏။

“ကျွန်တော်တို့က ရက်နည်းနည်းပဲ နေမှာပါ...”

ချန်ဖေးက တိုးညှင်းစွာ ရယ်မောလိုက်သည်...။ တစ်ခုတည်းသော အချက်မှာ သူ၏ ငွေရှာသည့် အရှိန်အဟုန်ကို ခဏတာ ရပ်တန့်ထားရမည် ဖြစ်သည်။ သို့သော်လည်း သူသည် ဆေးလုံးများကို ဖော်စပ်ထားပြီး တစ်ခါတည်း ထုတ်ရောင်းလိုက်လျှင် ရနိုင်သည်။ ပြဿနာ မရှိပေ။

သူတို့နှစ်ဦး ခဏတာ စကားစမြည် ပြောဆိုပြီးနောက် ချီတာဖုန်းက ဘေးကပ်လျက် ဧည့်သည်ဆောင်သို့ ပြောင်းရွှေ့သွား၏။ ဤခြံဝန်းထဲတွင် အခန်းသုံးခန်း ပါရှိရာ တစ်ရက်လျှင် မဟာမိတ်အမှတ် ၅၀ ပေးရသည် ဖြစ်၍ ချန်ဖေး အနေဖြင့် အခြားအခန်း ငှားရမ်းရန် မဟာမိတ်အမှတ် ၁၀ ထပ်မံ သုံးစွဲနေစရာ မလိုတော့ချေ။

ချန်ဖေးသည် သူ့အခန်းသို့ ပြန်လာပြီး တင်ပျဉ်ခွေ ထိုင်ကာ စတင် ကျင့်ကြံတော့၏။ အပြင်လောကမှ ရှုပ်ထွေးပွေလီမှုများကိုမူ ချန်ဖေး ယခုအချိန်တွင် ဂရုမစိုက်တော့ပေ။

ဒုတိယမြောက်နေ့ နေ့လယ်ခင်း၌ ဖေးလင်း ဆေးလုံးကို မွမ်းမံခြင်း မစ်ရှင်သည် တရားဝင် ပြီးဆုံးသွားခဲ့လေပြီ။ ချန်ဖေးသည် နောက်ဆုံး အနိုင်ရရှိသူ ဖြစ်လာခဲ့ပြီး ဝေရှင်းရှန်းကလည်း ချီယွမ် ဆေးလုံးကို ချန်ဖေးအား ပေးအပ်လိုက်သည်။

ချန်ဖေးက ဆေးပုလင်း အဆို့ကို စူးစမ်းလိုစိတ်ဖြင့် ဖွင့်ကာ ပုလင်းထဲမှ ချီယွမ် ဆေးလုံးကို ကြည့်လိုက်၏။ သင်းပျံ့သော မွှေးရနံ့တစ်ခုသည် ချန်ဖေး၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်...။

စိတ်အာရုံ လွင့်မျောသွားသကဲ့သို့ ဖြစ်သွားပြီး ချန်ဖေးသည် သူ၏ ခန္ဓာကိုယ်မှာ ကြည်လင်လာကာ သူ၏ စွမ်းအင်၊ သွေးနှင့် အတွင်းအားတို့မှာ သက်စောင့်စွမ်းအားများဖြင့် ပြည့်နှက်သွားသည်ဟု ခံစားလိုက်ရ၏။

“ချီယွမ် ဆေးလုံးရဲ့ ဆေးရနံ့က ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ရှိတဲ့သူတွေအပေါ် အာနိသင် တစ်စုံတစ်ရာ ရှိတယ်... အချိန်ကြာကြာ ရှူရှိုက်ပေးရုံနဲ့တင် ခန္ဓာကိုယ်အတွက် ကောင်းမွန်တယ်...”

ဝေရှင်းရှန်းက ချန်ဖေး၏ အမူအရာကို ကြည့်လျက် မပြုံးဘဲ မနေနိုင်တော့ချေ။ ချီယွမ် ဆေးလုံး၏ အဓိက ပါဝင်ပစ္စည်းမှာ နတ်တိမ် ဓားဂိုဏ်း၏ ဝိညာဉ်အပင်မှ ရရှိသော ဝိညာဉ်အသီး ဖြစ်သည်။ ၎င်းတွင် သဘာဝအလျောက် ပြင်းထန်သော သက်စောင့်စွမ်းအား ပါဝင်ပြီး သာမန် ဆေးမြစ်များနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

“ကျေးဇူးတင်ပါတယ် မဟာမိတ် ခေါင်းဆောင်...”

ချန်ဖေး မျက်လုံးဖွင့်လိုက်ပြီး ဆေးပုလင်းကို ပြန်ပိတ်ကာ ဝေရှင်းရှန်းအား လက်သီးဆုပ် ဂါရဝပြုလိုက်၏။

“ချီယွမ် ဆေးလုံးက လက်ရှိ မင်းအတွက်တော့ နည်းနည်း တန်ဖိုးကြီးလွန်းနေတယ်... ကိုယ့်ကိုယ်ကိုယ် ထိခိုက်မှု မရှိရအောင် ကြိုတင် အစီအစဉ်ဆွဲထားတာ ပိုကောင်းလိမ့်မယ်...” ဝေရှင်းရှန်းက စေတနာဖြင့် သတိပေးလိုက်သည်။

“ဂျူနီယာ နားလည်ပါတယ်...”

ချန်ဖေး ခေါင်းညိတ်လိုက်၏။ ဝေရှင်းရှန်းက မည်သည်မျှ ဆက်မပြောတော့ပေ။ ချန်ဖေးကို အားပေးစကား အနည်းငယ် ပြောကြားပြီးနောက် ချန်ဖေးလည်း ယဉ်ကျေးစွာ နှုတ်ဆက် ထွက်ခွာလာခဲ့သည်။

တံခါးအပြင်ဘက်တွင် ထူကျိလင်က ဘေးနား၌ စောင့်ဆိုင်းနေ၏။ ချန်ဖေး ထွက်လာသည်ကို မြင်သောအခါ ထူကျိလင်က ရှေ့တိုးလာပြီး ချန်ဖေး၏ ဘေးမှ လိုက်ပါလာသည်။

“စီနီယာထူ... ဘာကိစ္စ ရှိလို့လဲ...” ချန်ဖေးက ထူကျိလင်၏ အမူအရာကို မြင်သဖြင့် မေးမြန်းလိုက်၏။

“တစ်ယောက်ယောက်က စကားပါးခိုင်းလို့ ကူညီပေးတာပါ... ပြောပြီးရင် ကျွန်တော် သွားပါမယ်...”

ထူကျိလင်က ချန်ဖေးကို ကြည့်လျက် ပြုံးကာ ပြောလိုက်သည်။ “မင်းသာ ချီယွမ် ဆေးလုံးကို ရောင်းချင်တယ် ဆိုရင်... မင်း သဘောတူသရွေ့ အရာအားလုံး ညှိနှိုင်းလို့ ရပါတယ်လို့ တစ်ယောက်ယောက်က ပြောခိုင်းလိုက်တယ်... ငွေကြေး၊ ကျင့်စဉ်၊ ဆန်းကြယ်တဲ့ ပါဝင်ပစ္စည်းများ... ဘာမဆို ရပါတယ်တဲ့...”

ချန်ဖေး ဘာမှပြန်မပြောပေ။ ထူကျိလင် စကားမဆုံးသေးကြောင်း သူ သိသည်။

“ဒီ ချီယွမ် ဆေးလုံးကို မင်းက ဖုန်းရှိုးဖူဆီ ပေးအပ်ချင်နေတယ်လို့ ကျန်တဲ့လူတွေက ခန့်မှန်းနေကြတယ်... ဒါပေမဲ့ ဒီလက်ဆောင်က များလွန်းတယ်... ဒီလိုလုပ်စရာ မလိုပါဘူးတဲ့...” ထူကျိလင်က ပြုံးလျက် ပြောလိုက်၏။

“ဒီလို သွေးခွဲတဲ့ စကားတွေက အောက်တန်းကျလွန်းတယ်...” ချန်ဖေး ခေါင်းခါလိုက်သည်။

“ဟားဟားဟား... ငါလည်း အဲဒီလိုပဲ ထင်တယ်... တစ်ဖက်လူ ပြောတဲ့ မူရင်းစကားတွေက အဲဒီအတိုင်းပဲ... ငါက ဒီတိုင်း စကားလုံးမကျန် ပြန်ပြောပြရုံပါပဲ...”

ထူကျိလင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ “အဲဒီလူက ငါ ငြင်းလို့မရတဲ့ လူတစ်ယောက်ကိုသာ ရှာမလာခဲ့ရင် ဒီစကားတွေကို နားထောင်ရတာနဲ့တင် ငါ ရွံရှာမိမှာ... ဘာပဲဖြစ်ဖြစ် ငါ့စကားတွေတော့ ပြောပြီးသွားပြီ... မင်း ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကတော့ မင်းသဘောပါပဲ...”

ထူကျိလင်က ချန်ဖေး၏ ပခုံးကို ပုတ်လျက် လှည့်ထွက်သွားတော့သည်။

ချန်ဖေးက လက်ထဲမှ ဆေးပုလင်းကို ကြည့်လိုက်၏။ ချီယွမ် ဆေးလုံး တစ်လုံးတည်းနှင့်ပင် ဤမျှ များပြားသော လူဆိုးလူမိုက်များကို ဆွဲဆောင်နိုင်ခဲ့လေပြီ။ နောင်အနာဂတ်တွင် အခြား တန်ဖိုးရှိသော ပစ္စည်းများ ရှာတွေ့ခဲ့လျှင် ပို၍ အာရုံစိုက်ခံရပေလိမ့်မည်။

အကယ်၍ လူတစ်ယောက်သည် အားနည်းနေလျှင် သဘာဝကျကျပင် အနိုင်ကျင့်ခံရမည် ဖြစ်သည်။ အကယ်၍ အနိုင်ကျင့် မခံလိုလျှင် မိမိ၏ ခွန်အားကို အသည်းအသန် တိုးမြှင့်ရုံသာ ရှိတော့၏။

အတွင်းကလီစာများကို သန့်စင်ရုံနှင့် မလုံလောက်လျှင် ဒွာရများကို သန့်စင်မည်...။ ဒွာရများကို သန့်စင်ရုံနှင့် မလုံလောက်လျှင် ဒွာရအဆင့်ထက် ကျော်လွန်အောင် ကျင့်ကြံမည်...။

နှစ်ရက် ကြာပြီးနောက်...။

ကျန်ကျင်းအန်းသည် နတ်တိမ် မြို့သို့ မောပန်းနွမ်းနယ်စွာဖြင့် ပြန်ရောက်လာ၏။ သူ အနားယူရန် အချိန်မရှိလိုက်ဘဲ ကျန်ကွမ်ဝမ်က သူ့ကို ခေါ်ယူလိုက်သည်။

“ချီယွမ် ဆေးလုံး ကိစ္စ ဘယ်လိုလဲ...”

ကျန်ကွမ်ဝမ်က ကုလားထိုင်ပေါ်တွင် နောက်သို့ မှီထိုင်လိုက်၏။ မိစ္ဆာကောင်၏ ခွန်အားမှာ သူ ထင်မှတ်ထားသည်ထက် ကျော်လွန်နေသော်လည်း ပို၍ ထင်မှတ်မထားသည်မှာ ဖုန်းရှိုးဖူ၏ ခွန်အား ဖြစ်သည်။

သူတို့နှစ်ဦးစလုံး အတွင်းကလီစာ သန့်စင်ခြင်း အဆင့်၌ ရှိနေသော်လည်း ဖုန်းရှိုးဖူ ထုတ်ဖော်ပြသလိုက်သော ခွန်အားမှာ ကျန်ကွမ်ဝမ်ကို သိမ်ငယ်သွားစေသည်။

အထူးသဖြင့် တောင်စိမ်းဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည့် အချိန်တွင် ကျန်ကွမ်ဝမ်သည် ဒွာရ သန့်စင်ခြင်း အဆင့်ရှိ လူတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်မိသွားသည်။

မိစ္ဆာကောင်သည် သူတို့နှစ်ဦးအား ဒုက္ခအတော်ပေးခဲ့သော်လည်း အဆုံးတွင်မူ ဖုန်းရှိုးဖူ၏ ဓားချက်ဖြင့် အသတ်ခံလိုက်ရလေသည်။

ကျန်ကွမ်ဝမ်သည် ချီယွမ် ဆေးလုံးကို ရရှိပြီးပြီဟု မျှော်လင့်လျက် နတ်တိမ် မြို့သို့ အပြေးအလွှား ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူ ပြန်သွားပြီး သူ၏ ညီဖြစ်သူကို သောက်သုံးစေကာ ဒွာရ သန့်စင်ခြင်း အဆင့်ရှိ ခွန်အားကို ပြန်လည် ရယူစေချင်နေပြီ ဖြစ်သည်။

သို့မဟုတ်ပါက သူတို့ အနေဖြင့် ဖုန်းရှိုးဖူ၏ လက်စားချေမှုကို ရင်ဆိုင်ရန် ခွန်အား ရှိချင်မှ ရှိပေလိမ့်မည်။

ကျန်ကျင်းအန်းသည် ကျန်ကွမ်ဝမ်၏ မေးခွန်းကို ကြားသောအခါ အရုပ်ဆိုးသော မျက်နှာထားဖြင့် ခေါင်းငုံ့လျက် အသံအုပ်အုပ်ဖြင့် ပြောလိုက်သည်။ “ချီယွမ် ဆေးလုံးက ချန်ဖေး လက်ထဲမှာပဲ ရှိနေတုန်းပါ...”

“ငါ မင်းကို ဒီလောက် အချိန်အကြာကြီး ပေးထားတာတောင် ချီယွမ် ဆေးလုံးကို မရသေးဘူးလား...” ကျန်ကွမ်ဝမ်က ဒေါသတကြီး မတ်တတ်ထရပ်ကာ မကျေမနပ် အော်ဟစ်လိုက်၏။

“ချန်ဖေးက အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ထဲ တန်းဝင်နေပြီး မကြာသေးခင်ကမှ မျက်နှာပြတာ... ကျွန်တော် ဘာလုပ်နိုင်မှာလဲ...”

ကျန်ကျင်းအန်းက အသံကျယ်ကျယ်ဖြင့် ပြန်အော်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ် အတွင်း သူ ခံစားခဲ့ရသော မကျေနပ်ချက် အားလုံးကို ဖွင့်ထုတ်လိုက်ချင်သည့်အလား ဖြစ်နေ၏။ ဤ ချန်ဖေးက အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ထဲတွင် နေထိုင်နေသဖြင့် သူ့မှာ ရှောင်လွှဲစရာ နည်းလမ်း လုံးဝ မရှိခဲ့ပေ။

ကျန်ကွမ်ဝမ် ကြောင်အမ်းအမ်း ဖြစ်သွားသည်...။ သိသာထင်ရှားစွာပင် သူ ဤရလဒ်မျိုးကို မျှော်လင့်မထားခဲ့ချေ။ သူသည် ကုလားထိုင်ပေါ်သို့ ဖြည်းညင်းစွာ ပြန်ထိုင်လိုက်ပြီး သက်ပြင်းချလိုက်မိ၏။

ယခုအကြိမ်တွင် နှစ်ဖက်စလုံး ရှုံးနိမ့်ခြင်း ဖြစ်သွားရလေပြီ။ သူသည် နတ်ဘုရား စိတ်စွမ်းအား ကျင့်စဉ်ကို ပေးအပ်လိုက်ရသော်လည်း အဆုံးသတ်တွင် ချီယွမ် ဆေးလုံးကို မြင်တွေ့ခွင့်ပင် မရလိုက်ချေ။

ယခု ဖုန်းရှိုးဖူသည် ဂိုဏ်းသို့ ပြန်ရောက်နေပြီ ဖြစ်ရာ မကြာမီ နတ်တိမ် မြို့သို့ လာရောက်မည့် သတင်းကို လက်ခံရရှိတော့မည် ဖြစ်သည်။ ကျန်မိသားစု အနေဖြင့် ချီယွမ် ဆေးလုံးကို ရယူရန် အခွင့်အရေး လုံးဝ မရှိတော့ပေ...။

All Chapters