← Chapters

ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း

Vol. 14 Ch. 154

ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း

Vol. 14 Ch. 154

ချန်ဖေး၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ ဤအသံသည် အလွန် ရင်းနှီးနေ၏။ ၎င်းသည် စပါးအုံးမြွေ မိစ္ဆာ ရမ်းကားနေသော အသံပင်။

သို့သော် ချန်ဖေး အနည်းငယ် ဇဝေဇဝါ ဖြစ်ရသည်မှာ သူသည် ကျူဟုန် အသီးပင်နှင့် အနည်းဆုံး မီတာ ရာပေါင်းများစွာ ဝေးကွာနေသေးသည်။ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပစ်မှတ်ထား ခံလိုက်ရတာလဲ...။

ချန်ဖေး၏ ပုံရိပ် ဖြတ်ခနဲ လက်သွားပြီး သစ်ပင်ကြီး တစ်ပင်၏ သစ်ရွက်အုပ်ထဲသို့ ရောက်ရှိသွားသည်။ အပေါ်မှ ငုံ့ကြည့်လိုက်ရာ စပါးအုံးမြွေ၏ ပုံရိပ်ကို တွေ့လိုက်ရ၏။ သူ့နှင့် မီတာ တစ်ရာအောက်သာ ဝေးတော့သည်။

ချန်ဖေး၏ အကြည့်ကို အာရုံခံမိသကဲ့သို့ စပါးအုံးမြွေသည် ခေါင်းထောင်လိုက်ပြီး ၎င်း၏ အစိမ်းရောင် မျက်လုံးများဖြင့် ချန်ဖေးကို တည့်တည့်မတ်မတ် စိုက်ကြည့်လိုက်သည်။ ၎င်း၏ မျက်လုံးများတွင် အေးစက်မှုများ ပြည့်နှက်နေ၏။

“သူ တကယ်ပဲ ငါ့နောက် လိုက်လာခဲ့တာပဲ...” ချန်ဖေး အံ့သြသွားသည်။ ဤ အဆင့် ၁ အထွတ်အထိပ် မိစ္ဆာကောင်နှင့် ထိပ်တိုက် တွေ့လိုစိတ် မရှိသဖြင့် ချန်ဖေး၏ ပုံရိပ် ဖြတ်ခနဲ လက်သွားပြီး အဝေးသို့ ထွက်ပြေးလိုက်၏။

၁၅ မိနစ်ခန့် ပြေးပြီးနောက် နောက်ဘက်မှ အသံ ရပ်တန့်သွားသောအခါ ချန်ဖေးလည်း ရပ်တန့်လိုက်သည်။

ချန်ဖေးသည် သစ်ပင်ထိပ်ဖျားတွင် ရပ်လျက် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

မူလက စပါးအုံးမြွေ၏ လိုက်လံတိုက်ခိုက်မှုသည် တိုက်ဆိုင်မှုဟု ချန်ဖေး ထင်မှတ်ခဲ့သော်လည်း စပါးအုံးမြွေ၏ အမူအရာကို ကြည့်လျှင် သိသာထင်ရှားစွာပင် သူ့ကို ရည်ရွယ်နေခြင်း ဖြစ်သည်။ သို့သော် အကွာအဝေးက အလွန် ဝေးကွာနေသေးသည်။ မဖြစ်သင့်ပေ။

“ကျူဟုန် အသီး တစ်လုံး ယူလိုက်ပြီးတဲ့နောက် ကျူဟုန် အသီးပင်နဲ့ စပါးအုံးမြွေရဲ့ သတိပေး ဧရိယာက ဒီလောက်ထိ ကျယ်ပြန့်သွားတာများလား...”

ချန်ဖေး စိတ်ထဲတွင် ခန့်မှန်းကြည့်သော်လည်း ဖြစ်နိုင်ခြေ မရှိဟု ခံစားလိုက်ရသည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် ကျူဟုန် အသီးပင် မည်မျှပင် သန်မာပါစေ မောပန်းနွမ်းနယ်ပြီး သေဆုံးသွားလောက်သည်။ ထို့ပြင် ၎င်း၏ ခွန်အားသည် ထိုအရာကို ထောက်ပံ့ပေးရန် လုံလောက်မည် မဟုတ်ပေ။

“ဒါဆို ငါက ကျူဟုန် အသီးကို စုပ်ယူလိုက်လို့ သူ တစ်ခုခု အာရုံခံမိသွားတာပဲ ဖြစ်ရမယ်...”

ချန်ဖေးသည် ကျူဟုန် အသီး၏ အာနိသင်ကို တွေးလိုက်သည်။ ကောလာဟလတွေထက် ပိုအားကောင်းသည်။ ကျူဟုန် အသီးပင် အတွက် အလွန် အရေးကြီးပေလိမ့်မည်။ အကိုင်းအခက် ပေါ်တွင် အသီး သုံးလုံးသာ ရှိသည် မဟုတ်ပါလော။

အကယ်၍ တစ်လုံးကို ချန်ဖေး လုယူသွားခဲ့လျှင် ၎င်းသည် ချန်ဖေးကို သေချာပေါက် မုန်းတီးပေလိမ့်မည်။ မီတာ ရာပေါင်းများစွာ အကွာတွင် ရှိနေသော်လည်း ၎င်းသည် ချန်ဖေး ရောက်ရှိလာသည်ကို အာရုံခံမိပြီး လိုက်လံတိုက်ခိုက်ရန် စပါးအုံးမြွေကို စေလွှတ်လိုက်သည်။

၎င်းက ချန်ဖေးကို မည်မျှ မုန်းတီးကြောင်း မြင်တွေ့နိုင်သည်။

“ထပ်စမ်းကြည့်ရအောင်...”

ချန်ဖေး ခဏတာ စဉ်းစားပြီးနောက် တမင်တကာ စက်ဝိုင်းတစ်ဝက် ပတ်လမ်းလျှောက်လိုက်ပြီး အခြားတစ်ဖက်မှ တိတ်တဆိတ် ရှေ့ဆက်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် ချန်ဖေးသည် သူ၏ အော်ရာကို ဖုံးကွယ်ရန် ကျောက်စိမ်း ဆွဲပြားကို အသက်သွင်းလိုက်၏။

ဒီတစ်ခါတွင်မူ မီတာ ရာပေါင်းများစွာ အတွင်း တိတ်ဆိတ်နေဆဲပင်။ စပါးအုံးမြွေ ပြေးမလာခဲ့ပေ။ သို့သော် သူတို့ ပိုမို နီးကပ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်သည် ပိုမို တိတ်ဆိတ်လာသည်။ တစ်ချိန်တည်းမှာပင် ထုန်ယွမ် ကျင့်စဥ် က သူ့ကို သတိပေးလာ၏။

မီတာ နှစ်ရာအောက် ရောက်သောအခါ ချန်ဖေး ရပ်တန့်လိုက်ပြီး သက်ပြင်းအနည်းငယ် ချလိုက်သည်။

ရှေ့ဆက်သွား၍ မရတော့ပေ။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီ ဖြစ်သည်။ ငှက်များနှင့် သားရဲတိရစ္ဆာန် အားလုံး ပုန်းအောင်းနေကြပြီ။ သိသာထင်ရှားစွာပင် သူတို့သည် ကြီးမားသော အန္တရာယ်ကို အာရုံခံမိလိုက်ကြခြင်း ဖြစ်သည်။

သူ ပစ်မှတ်ထား ခံနေရဆဲ ဖြစ်ကြောင်း ချန်ဖေး သိလိုက်သည်။ ကျူဟုန် အသီးပင်က မည်သို့ လုပ်ဆောင်နေသည်ကို သူ မသိပေ။ ကျူဟုန် အသီးကို စုပ်ယူထားသရွေ့ ဤဆက်နွယ်မှုကို အချိန်တိုအတွင်း ဖြတ်တောက်၍ ရနိုင်မည် မဟုတ်ပေ။ သူ၏ အော်ရာကိုပင် ဖုံးကွယ်ထား၍ မရနိုင်ချေ။

ဤ ကျူဟုန် အသီးပင်သည် သင်ခန်းစာ ရသွားပုံ ပေါ်သည်။ စပါးအုံးမြွေကို တိုက်ရိုက် လွှတ်ပြီး လိုက်ဖမ်းခိုင်းခြင်း မရှိတော့ပေ။ ချန်ဖေး ပိုနီးကပ်လာသည် အထိ စောင့်ပြီးမှ ရုတ်တရက် တိုက်ခိုက်ချင်နေသည်မှာ ထင်ရှားသည်။

“ဒီအပင်က ဝိညာဉ် ရှိနေတာပဲ...”

ချန်ဖေး သက်ပြင်းချလိုက်သည်။ ကံမကောင်းစွာပင် ၎င်းသည် သစ်ပင်တစ်ပင်သာ ဖြစ်သည်။ တစ်ဖက်လူက ဤဘက်ကို အာရုံစိုက်ထားသဖြင့် ပတ်ဝန်းကျင်ကို အလွန် တိတ်ဆိတ်သွားစေသည်။ သဘာဝကျကျပင် လူများကို သတိထားမိစေမည် ဖြစ်သည်။

ချန်ဖေးသည် ကျူဟုန် အသီးပင်ကို အဝေးမှ လှမ်းကြည့်လိုက်ပြီး လှည့်ထွက်လာခဲ့သည်။

“ဘုန်း...”

ချန်ဖေး ထွက်ခွာသွားသည်ကို အာရုံခံမိသကဲ့သို့ နောက်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် စပါးအုံးမြွေ၏ ပြေးလွှားသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ချန်ဖေး ခေါင်းအနည်းငယ် ခါလိုက်သည်။ တကယ်ပဲ ထောင်ချောက် ဆင်ထားတာပဲ။

ခဏအကြာတွင် နောက်ဘက်မှ စပါးအုံးမြွေ လက်လျော့သွားပြီး ချန်ဖေးသည်လည်း ထူထပ်သော တောအုပ်ထဲမှ ပြေးထွက်လာခဲ့သည်။

ဤ တောအုပ်ကြီးသည် ချန်ဖေးကို ဆိုးရွားသော ခံစားချက် ပေးသည်။ တောအုပ်ထဲသို့ ဝင်ရောက်လာကတည်းက ချောင်းမြောင်း ကြည့်ရှုခံနေရသော ခံစားချက်သည် ပျောက်ကွယ်သွားခြင်း မရှိပေ။

တောအုပ်၏ နက်ရှိုင်းသော နေရာတွင် ပိုကြီးမားသော လျှို့ဝှက်ချက် တစ်ခု ရှိနေသည်မှာ ထင်ရှားသော်လည်း ချန်ဖေး စူးစမ်းလိုစိတ် မရှိချေ။ ချန်ဖေးသည် ထိုစပါးအုံးမြွေကိုပင် ကိုင်တွယ်နိုင်ခြင်း မရှိသေးရာ တောအုပ်နက်ထဲမှ အရာကို ကိုင်တွယ်နိုင်ရန် သဘာဝကျကျပင် မဖြစ်နိုင်ပေ။

ချန်ဖေးသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ခဏတာ စဉ်းစားကာ အနောက်တောင်ဘက်သို့ ဦးတည်သွားရန် ဆုံးဖြတ်လိုက်သည်။ ဤနည်းဖြင့် သူသည် ထူထပ်သော တောအုပ်ကို ရှောင်ရှားနိုင်သကဲ့သို့ ပုလင်းတောင်နှင့်လည်း ဝေးရာသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

ကျူဟုန် အသီးကို လက်လျော့လိုက်ရခြင်းမှာ နှမြောစရာ ကောင်းသော်လည်း ချန်ဖေးသည် လမ်းတစ်လျှောက် တွေ့ရှိသော ဆေးမြစ် အမျိုးမျိုးကိုမူ လက်မလွှတ်ခဲ့ပေ။

ဤဆေးမြစ်များသည် လျှို့ဝှက်နယ်မြေထဲတွင် တစ်နှစ်ပတ်လုံး ပေါက်ရောက်နေသော်လည်း ဝိညာဉ်ပစ္စည်းများနှင့် ယှဉ်လျှင် အာနိသင် များစွာ လျော့နည်းသည်။ သို့သော် အပြင်လောကမှ ဆေးမြစ်များထက်တော့ ပိုကောင်းနေဆဲပင်။ အနည်းငယ် သန့်စင်လိုက်ရုံဖြင့် ဆေးကြော ပါဝင်သော ဆေးလုံးများ ဖြစ်လာနိုင်သည်။

ဝိညာဉ်ပစ္စည်းများကို ကံကောင်းမှသာ တွေ့ရှိနိုင်ပြီး နေ့စဉ်သုံး ဆေးလုံးများကသာ ကျင့်ကြံခြင်း၏ အဓိက လမ်းကြောင်း ဖြစ်သည်။

ချန်ဖေးသည် လမ်းတစ်လျှောက် လမ်းလျှောက်လိုက် ရပ်လိုက် လုပ်နေ၏။ လမ်းခရီးတွင် မည်သူနှင့်မျှ မတွေ့ရဘဲ လမ်းဘေးမှ ဆေးမြစ်များကို တူးဖော်ခြင်း၌သာ အာရုံစိုက်နေသည်။

ကံကောင်းခြင်းလား၊ လျှို့ဝှက်နယ်မြေ၏ လက်ရှိ အခြေအနေကြောင့်လား မသိသော်လည်း လမ်းတစ်လျှောက်တွင် ချန်ဖေးသည် ဆေးမြစ် တစ်ဒါဇင်ကျော် အမှန်တကယ် ရရှိခဲ့သည်။ ပထမနေ့နှင့် နှိုင်းယှဉ်လျှင် ရိတ်သိမ်းရရှိမှုမှာ ပို၍ပင် များပြားနေသည်။

ချန်ဖေးသည် လမ်းတစ်ဝက်တွင် လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေပြီး လေဟာနယ် အကွက်ထဲမှ သစ်သားဗီရိုကို ဆင့်ခေါ်ကာ... ဆေးမြစ်များ ပြည့်နေသော အိတ်ကို ထည့်လိုက်ရသည်။

“ဟမ်...”

ချန်ဖေးသည် ၁၃ ပင်မြောက် သက်တမ်း ဆယ်နှစ်ကျော် ဆေးမြစ်ကို ခူးယူနေစဉ်... သူ၏ ရင်ဘတ်ထဲတွင် ငြိမ်သက်စွာ ရှိနေသော အမွှာကျောက်တုံး ရုတ်တရက် လှုပ်ရှားလာ၏။

ချန်ဖေးသည် အမွှာကျောက်တုံးကို ထုတ်ယူလိုက်ပြီး ဦးတည်ချက်ကို အာရုံခံလိုက်သည်။ တိကျသော တည်နေရာကို မခွဲခြားနိုင်မီ အမွှာကျောက်တုံးသည် အဆက်အသွယ် ပြန်ပြတ်သွားပြန်သည်။

“စီနီယာ အစ်ကိုကော မြန်မြန် ရွေ့လျားနေတာလား...”

ချန်ဖေး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူ၏ ပုံရိပ် ဖြတ်ခနဲ လက်သွားပြီး မီတာ တစ်ရာခန့် ရှေ့သို့ ပြေးသွားလိုက်၏။ အမွှာကျောက်တုံး မလှုပ်ရှားပေ။ ချန်ဖေး ရပ်တန့်မနေဘဲ ဦးတည်ချက်ကို ချက်ချင်း ပြောင်းလိုက်သည်။

အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက် အမွှာကျောက်တုံး ပြန်လည် လှုပ်ရှားလာသည်။ ချန်ဖေးသည် ကောလင်းရှန်း၏ တိကျသော ဦးတည်ချက်ကို ဆုပ်ကိုင်မိလိုက်ပြီ ဖြစ်သည်။ သူ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ ပြေးထွက်သွား၏။

မိုင်အနည်းငယ် အကွာတွင်...။

“မင်းတို့ ကောင်စုတ်နှစ်ကောင်က ပစ္စည်းတွေကို အညီအမျှ ခွဲဝေယူကြမယ်လို့ သဘောတူထားပြီးတော့... အခုမှ ရတာလေးကို ငါ့ကို တိုက်ခိုက်နေကြပြီလား... ကျောက်တုံးတစ်ထောင် မြက် လေး တစ်ပင်တည်းဟာကို... ငါ မင်းတို့ကို ပေးလိုက်ပါ့မယ်ကွာ...”

ကောလင်းရှန်းသည် သူ၏ ဓားကို ဝှေ့ယမ်းလိုက်ပြီး စွန်းကျုံးဟိုင်၏ လှံကို လမ်းကြောင်းလွှဲလိုက်သည်။ သူ မြေကြီးပေါ်တွင် လှိမ့်လိုက်ပြီး ယွီယန်ယန်၏ ကျောဘက်မှ ဓားချက်ကို ရှောင်တိမ်းကာ ကျယ်လောင်စွာ ဆဲရေးလိုက်၏။

“စောစောက မင်း သေခြင်းတရားကို နာခံလိုက်သင့်တာ... ဘာလို့ အခုလို မသေမရှင် ရုန်းကန်နေရတာလဲ...”

ယွီယန်ယန်က ညှို့ဓာတ်ပြင်းစွာ ပြုံးလိုက်သည်။ သူမ၏ အပြုံးသည် နူးညံ့လွန်းသဖြင့် လူများကို မကြည့်ဘဲ မနေနိုင်အောင် ဆွဲဆောင်နေ၏။

ကောလင်းရှန်း၏ မျက်နှာထား တစ်ခဏမျှ တောင့်တင်းသွားသည်။ သူ ချက်ချင်း သတိပြန်ဝင်လာသော်လည်း စွန်းကျုံးဟိုင်က သူ့ပခုံးကို ထိုးစိုက်လိုက်ပြီ ဖြစ်သည်။ သွေးထွက်သံယို အပေါက်တစ်ခု ချက်ချင်း ပေါ်လာသည်။

“ထွက်သွားစမ်း...”

ကောလင်းရှန်း ဟိန်းဟောက်လိုက်ပြီး ဒဏ်ရာချင်း လဲလှယ်ရန် ရည်ရွယ်လျက် စွန်းကျုံးဟိုင်ကို ဓားဖြင့် ထိုးလိုက်သည်။ သို့သော် စွန်းကျုံးဟိုင်သည် ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်ပြီး ကောလင်းရှန်း၏ တန်ပြန်တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။

“ထုန်ယွမ် ကျင့်စဥ် ရဲ့ သံမဏိအရိုး ဆိုတဲ့ ဂုဏ်သတင်းက တကယ်ပဲ နာမည်နဲ့ လိုက်ဖက်တာပဲ...”

စွန်းကျုံးဟိုင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ အကယ်၍ အခြား သိုင်းပညာရှင် တစ်ဦးသာ အစွမ်းကုန် တိုက်ခိုက်ခံရလျှင် အရှေ့ရော အနောက်ပါ ဒဏ်ရာရသွားပေလိမ့်မည်။ ပိတ်ဆို့ထားရန် အရိုးများ ရှိလျှင်ပင် ရလဒ်မှာ ကွာခြားမည် မဟုတ်ပေ။

သို့သော် ကောလင်းရှန်း၏ ခန္ဓာကိုယ်တွင် အပေါက်တစ်ခုသာ ဖြစ်ပေါ်ခဲ့သည်။ လှံ၏ စွမ်းအား အများစုကို ကောလင်းရှန်း၏ အရိုးများက ပိတ်ဆို့ထားလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ကောလင်းရှန်း သက်သာနေသည် မဟုတ်ပေ။ သူ၏ သံမဏိအရိုးများက စွမ်းအား အများစုကို ချေဖျက်လိုက်သော်လည်း သူ၏ ပခုံးရိုးများ ကြေမွသွားခဲ့သည်။ သူ အားနည်းနေပြီ ဖြစ်ပြီး ယခုအခါ အရေးနိမ့်နေလေပြီ။

ကောလင်းရှန်း ထွက်ပြေးရန် စဉ်းစားခဲ့သော်လည်း ယွီယန်ယန်၏ ကိုယ်ဖော့ပညာသည် သူ့ထက် ပို၍ ပြောင်မြောက်သည်။ သူ ခဏတာ အနှောင့်အယှက် ခံလိုက်ရသည်နှင့် စွန်းကျုံးဟိုင်က ချက်ချင်း မီလာမည် ဖြစ်သည်။ ထွက်ပြေးရန် ဖြစ်နိုင်ခြေ မရှိပေ။

“မင်းတို့ ငါ့ကို သတ်ချင်တယ်ပေါ့... စိတ်ကူးမယဉ်နဲ့...”

ကောလင်းရှန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး သွေးမြူခိုး တစ်လုပ် မှုတ်ထုတ်လိုက်၏။ သူ၏ စိတ်ဓာတ်၊ စွမ်းအင်နှင့် ဝိညာဉ်တို့သည် ပြောင်းပြန် မြင့်တက်လာသည်။

စွန်းကျုံးဟိုင်နှင့် ယွီယန်ယန် တို့ ပြုံးလိုက်ကြပြီး ကောလင်းရှန်း၏ စကားများကို လုံးဝ ဂရုမစိုက်ကြပေ။ နှစ်ယောက် တစ်ယောက် ဖြစ်ပြီး သူတို့ နှစ်ယောက်စလုံး အတွင်းကလီစာ သန့်စင်ခြင်း အဆင့်တွင် ရှိနေကြကာ သက်ဆိုင်ရာ ဂိုဏ်းများ၏ အစစ်အမှန် တပည့်များ ဖြစ်ကြသည်။

လူတိုင်း၏ တိုက်ခိုက်နိုင်စွမ်းသည် နီးပါး တူညီကြသည်ဟု ပြောနိုင်သည်။ အမှန်တကယ်တွင် ကောလင်းရှန်း၏ ကျင့်ကြံမှုသည် အတွင်းကလီစာ သန့်စင်ခြင်း အဆင့်သို့ ဝင်ရောက်ခါစသာ ရှိသေးသည်။ သို့သော် ယွီယန်ယန်သည် အတွင်းကလီစာ သန့်စင်ခြင်း အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ခွန်အားရော အရှိန်ပါ ကောလင်းရှန်းထက် သာလွန်သည်။

တစ်နည်းအားဖြင့် ဆိုရသော် ကောလင်းရှန်းသည် တစ်ယောက်ချင်း တိုက်ခိုက်လျှင်ပင် ယွီယန်ယန်ကို နိုင်ချင်မှ နိုင်မည် ဖြစ်ရာ ပြိုင်ဘက်နှစ်ဦး၏ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုကို ရင်ဆိုင်ရန် မဆိုထားနှင့်။

“ဘုန်း...”

အသံအုပ်အုပ် တစ်ခုနှင့်အတူ ကောလင်းရှန်း ခေါင်းမော့လိုက်ပြီး သွေးတစ်လုပ် အန်ထုတ်လိုက်သည်။ စွန်းကျုံးဟိုင်ကို မောင်းထုတ်နိုင်ခဲ့သော်လည်း သူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရ၏။

ကောလင်းရှန်း ဒီတစ်ခါ တကယ် သေတော့မည်ဟု ခံစားလိုက်ရသည်။ ဤ အခြေအနေတွင် အလှည့်အပြောင်း ဖြစ်ရန် အလွန် ခက်ခဲနေပြီ။

ကောလင်းရှန်း ရုတ်တရက် နောင်တအနည်းငယ် ရမိသော်လည်း ဤလျှို့ဝှက်နယ်မြေသို့ လာခဲ့မိခြင်း အတွက် နောင်တရခြင်း မဟုတ်ပေ။ အမွေခံတပည့် စမ်းသပ်မှု ဆိုသည်မှာ အသန်မာဆုံးသူသာ ရှင်သန်နိုင်ခြင်း ဖြစ်သည်။ အန္တရာယ်သည် နေရာတိုင်းတွင် ရှိနေစမြဲပင်။

တစ်ခုခု လိုချင်လျှင် တစ်ခုခု ပေးဆပ်ရမည်။

ကောလင်းရှန်း နောင်တရမိသည်မှာ သိုင်းပညာ စတင် သင်ယူစဉ်က သူ၏ ကိုယ်ဖော့ပညာကို ကောင်းမွန်စွာ မမြှင့်တင်ခဲ့မိခြင်းပင်။ အတွင်းကလီစာ သန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် တိုးတက်မှု အချို့ ရှိခဲ့ပြီး ကိုယ်ဖော့ပညာ တစ်ခုကို လေ့ကျင့်ခဲ့သော်လည်း လိုအပ်ချက် ရှိနေဆဲပင်။

အကယ်၍ သူ၏ ကိုယ်ဖော့ပညာသာ အနည်းငယ် ပိုကောင်းခဲ့လျှင် သူ တကယ် မနိုင်တော့သည့် အခါ ထွက်ပြေးနိုင်ခဲ့ပေမည်။ ယခုကဲ့သို့ အခြေအနေဆိုးမျိုး ရောက်နေမည် မဟုတ်ပေ။

“ရွှစ်...”

ယွီယန်ယန်သည် ကောလင်းရှန်း၏ နောက်တွင် ပေါ်လာပြီး သူ့ကျောကို ဓားမြှောင်ဖြင့် ထိုးလိုက်သည်။ ကောလင်းရှန်းသည် အရေးကြီးသော အခိုက်အတန့်တွင် ခန္ဓာကိုယ်ကို ရွှေ့လိုက်၏။ သို့မဟုတ်ပါက သူ ဆက်လက် ရွေ့လျားနေလျှင် သူ၏ နှလုံး ပေါက်ကွဲသွားလောက်သည်။

“အား...”

ကောလင်းရှန်း ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လက်ထဲမှ ဓားကျယ်ကြီးကို ကန့်လန့်ဖြတ် ဝှေ့ယမ်းလိုက်ရာ ယွီယန်ယန် နောက်ဆုတ်သွားရ၏။ သို့သော် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ယိုင်နဲ့နေပြီ ဖြစ်ပြီး ဒဏ်ရာများလည်း ပိုဆိုးလာသည်။ ကောလင်းရှန်း ဆက်လက် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

“သူ သေလုမြောပါး ဖြစ်နေတဲ့ အချိန်ကျမှ အဲဒီ ရေကန်ထဲ ပစ်ချပြီး အထဲမှာ ဘာရှိလဲ ကြည့်ကြတာပေါ့...”

ကောလင်းရှန်း လဲကျတော့မည်ကို မြင်သောအခါ ယွီယန်ယန်က ခေါင်းစောင်းပြီး စွန်းကျုံးဟိုင်ကို ကြည့်ကာ ပြောလိုက်သည်။

“အဲဒီ ရေကန်ဆီ သွားဦးမလို့လား... အဲဒီနေရာက အန္တရာယ်များတယ်... အရင်တုန်းက ခြင်ဆီ သန့်စင်ခြင်း အဆင့် သိုင်းပညာရှင် အနည်းငယ်ကို ပစ်ချခဲ့ဖူးပေမယ့် အရိပ်လောက်ပဲ မြင်လိုက်ရတယ်... ငါတို့ရဲ့ ခွန်အားနဲ့ အဲဒီနေရာကို မနိုင်ဘူး...” စွန်းကျုံးဟိုင်က တွန့်ဆုတ်စွာ ပြောလိုက်သည်။

“အိပ်မက်ကြာပန်း က ရှားပါးတဲ့ ဝိညာဉ်ပစ္စည်းပဲ... အပြင်မှာ တွေ့ရင်တောင် ငါတို့ရဲ့ အဆင့်အတန်းနဲ့ မရနိုင်ဘူး... ရှင်နဲ့ ကျွန်မက ဒွာရ သန့်စင်ခြင်း အဆင့် အတွက် ပြင်ဆင်ရဦးမယ်... အိပ်မက်ကြာပန်း ကိုသာ ရရင် ဒွာရ သန့်စင်ခြင်း အဆင့် ရောက်ဖို့ အခွင့်အလမ်းက အနည်းဆုံး ၂၀% တိုးလာမှာ...”

ယွီယန်ယန် နှုတ်ခမ်းကို သပ်လိုက်ပြီး မျက်လုံးများတွင် လောဘရောင်များ တောက်ပါနေ၏။ အိပ်မက်ကြာပန်း ကဲ့သို့သော ဝိညာဉ်ပစ္စည်းမျိုးသည် ကံကောင်းမှသာ တွေ့ရတတ်သည်။

“ကောင်းပြီလေ... အချိန်ကျရင် ငါ ထပ်စမ်းကြည့်ပါ့မယ်...” စွန်းကျုံးဟိုင် ခဏတာ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

ယွီယန်ယန် ပြောသကဲ့သို့ပင် အပြင်လောက၌ အိပ်မက်ကြာပန်း ရှိသော်လည်း ရရှိရန် အလွန် ခက်ခဲသည်။ သူတို့တွင် မြင်တွေ့ခွင့်ပင် ရှိမည် မဟုတ်ပေ။

“ငါ မသေသေးဘူး... မင်းတို့က ငါ့ကို ဘယ်လို ကစားရမလဲ ဆိုတာ စဉ်းစားနေကြပြီလား...”

စွန်းကျုံးဟိုင်နှင့် ယွီယန်ယန် တို့ သူ့အတွက် စီစဉ်နေကြပြီ ဖြစ်ကြောင်း မြင်သောအခါ ကောလင်းရှန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် ဓားကျယ်ကြီးကို ညာလက်ဖြင့် ကိုင်ထားပြီး စွန်းကျုံးဟိုင်နှင့် ယွီယန်ယန်ကို အေးစက်စွာ ကြည့်ကာ တံတွေးထွေးလိုက်၏။

All Chapters