← Chapters

အခန်း (၃၄၇-၃၄၈)

Vol. 25 Ch. 347-348

အခန်း (၃၄၇-၃၄၈)

Vol. 25 Ch. 347-348

ယွမ်ကျိုး အပိုင်း(၃၄၇)

လူမုန်းများအောင်လုပ်ပြီး အာရုံကိုဘယ်လိုဆွဲဆောင်မလဲ

အရက်ဆိုင်ပထမထပ်တွင် ယွမ်ကျိုးက ဖုန်းကိုင်ထားရင်း တိတ်တိတ်လေးရယ်နေချိန် တစ်ဖက်တွင် လီလီမှာ တစ်နေကုန်အလုပ်လုပ်ပြီးနောက် အနားယူရန် အချိန်အနည်းငယ်ရသွားပြီဖြစ်သည်။

“ခေါင်းဆောင်စားဖိုမှူးရေ၊ ဒီနေ့တော့ ပွဲကြီးပွဲကောင်းပဲဗျို့”

လီလီ အနားယူနေသည်ကို တွေ့သောအခါ အကြီးတန်းစားဖိုမှူးက သူ၏ ခပ်ဝဝခန္ဓာကိုယ်ကြီးကို အိပဲ့၊ အိပဲ့ သယ်ရင်း လျှောက်လာကာပြောသည်။

“ဘာဖြစ်လို့လဲဗျ”

လီလီက အားဖြည့်အချိုရည်တစ်ငုံသောက်ရင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ဒီနေ့ ပင်မစားသောက်ခန်းထဲ၌ ဘာများဖြစ်သွားခဲ့သလဲဟု စဉ်းစားတွက်ချက်နေသည်။

“အဲ့ဟိုစားသောက်ဆိုင်လေးလေ။ ယွမ်ကျိုးစားသောက်ဆိုင်ဆိုတဲ့ဟာ။ အဲ့ဆိုင်လေးကို ဒီနေ့လူတွေ ဝိုင်းပိတ်ထားကြလို့ဆိုပဲ။ တော်တော်လေး ကြည့်ကောင်းသွားတာ” ပြောနေရင်းဖြင့်ပင် အကြီးတန်းစားဖိုမှူးမှာ စိတ်လှုပ်ရှားစွာ လက်တွေ ဝှေ့ယမ်းပြလိုက်သေးသည်။

“ဘာဖြစ်လို့တဲ့လဲ”

လီလီက ပို၍ပင် မျက်မှောင်စုကြုတ်လာသည်။

“ကျွန်တော်လည်း သေချာတော့မသိဘူးဗျ။ တခြားသူတွေ ပြောသံကြားတာတော့ အဲ့ဆိုင်ရှင်လေး အပြင်ထွက်လို့မရဘူးဆိုပဲ” အကြီးတန်းစားဖိုမှူးက ပြောသည်။

“အဲ့တော့ ခင်ဗျား အကြောင်းရင်းကို မသိဘူးပေါ့”

လီလီက လိုရင်းကို ပြောလိုက်သည်။

“ဟုတ်ပြီဗျို့။ ကျွန်တော် သိပြီ၊ သိပြီ။ အဲ့ဆိုင်ရှင်လေးရဲ့တန်းစီခိုင်းတဲ့ပုံစံက မတရားလို့တဲ့။ လူတွေအများကြီး ဝယ်စားခွင့်မရဖြစ်သွားတယ်တဲ့လေ။ ထင်ရတာတော့ အဲ့လူတွေက သူတို့ပိုဝယ်စားရဖို့ တောင်းဆိုကြတာဆိုပဲ”

လီလီက သူပေးတဲ့သတင်းနဲ့ ပတ်သက်ပြီး သံသယဝင်နေသလို ပြောသံကြားသောအခါ အကြီးတန်းစားဖိုမှူးက ချက်ချင်းပြောသည်။

“ပိုဝယ်စားခွင့်။ ဆိုင်ဖွင့်ချိန်တိုးဖို့လား”

လီလီရဲ့မျက်ခုံးများ ပို၍ပင် ကြုတ်သွားပြန်သည်။

“ဟုတ်တယ် ခေါင်းဆောင်စားဖိုမှူးရေ။ ဘယ်လောက်တောင် ရှုပ်ယှက်ခတ်သွားလဲဆိုတာ ခင်ဗျား သိမှာမဟုတ်ဘူး။ အဲ့လူတွေက ဆိုင်းဘုတ်တွေတောင် ကိုင်ပြီး တံခါးကိုပိတ်ထားတာ။ ရဲတွေတောင် ရောက်လာရပါရောလား”

အကြီးတန်းစားဖိုမှူးက အတော်လေးသစ္စာရှိသည့်လေသံဖြင့် ယွမ်ကျိုးအကြောင်းကို ဟာသတစ်ခုလို ပြောနေတော့သည်။ ထိုသို့ကြားပြီးနောက် လီလီက ခါးစည်းအဝတ်ကို ရုတ်တရက်ဖြည်လိုက်ပြီး သူ့လက်တွေကိုသုတ်ကာ သန့်ရှင်းလိုက်သည်။ ထို့နောက် မီးဖိုခန်းအပြင်ဘက်သို့ ထွက်သွားသည်။

“ငါတို့ခေါင်းဆောင်စားဖိုမှူးကြီးဘာဖြစ်သွားပါလိမ့်”

အကြီးတန်းစားဖိုမှူးမှာ အနည်းငယ်ကြောင်တောင်တောင် ဖြစ်သွားသည်။ လီလီဘာကြောင့်ရုတ်တရက်ထွက်သွားသည်ကို သူ နားမလည်နိုင်ချေ။

“အတူတူသွားတာပေါ့”

လီလီ ခေါင်းလှည့်ကြည့်ကာ အကြီးတန်းစားဖိုမှူးအား ရုတ်တရက်ပြောလိုက်သည်။

“ဟမ်...ဘယ်ကိုလဲဗျ”

အကြီးတန်းစားဖိုမှူးက အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။

“သွားကူညီဖို့လေ”

လီလီက ဆုံးဖြတ်ချက်ချထားသလိုပြောသည်။

“ကူညီမယ်။ အဲ့စားဖိုမှူးလေးကို ကူမလို့လား”

နောက်ဆုံးတွင် အကြီးတန်းစားဖိုမှူးမှာ လီလီ ဘာကိုဆိုလိုမှန်း သဘောပေါက်သွားသော်လည်း အနည်းငယ် မယုံကြည်နိုင်သလိုဖြစ်နေသည်။ သူ့ကို ပြန်မဖြေတော့ဘဲ လီလီက ခေါင်းသာညိတ်ပြလိုက်သည်။

“ခေါင်းဆောင်စားဖိုမှူး၊ သူ့ကို သဘောမကျဘူးမဟုတ်လား”

အကြီးတန်းစားဖိုမှူးက ထိုသို့ဒေါသတကြီး ပြောလိုက်သည်။

“စားဖိုမှူးတစ်ယောက်အနေနဲ့ စားသုံးသူတွေကို အရသာနဲ့ အာဟာရအပိုင်းမှာ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်သရွေ့ အဆင်ပြေပါတယ်”

လီလီက အလေးအနက်ပြောလေသည်။

“ဒါပေမယ့်...”

အကြီးတန်းစားဖိုမှူးက သူနှင့်အတူ သွားကူညီပေးရန် တွန့်ဆုတ်နေသည်။

“ငါတို့အကုန်လုံးက စားဖိုမှူးတွေပဲ သွားသင့်တာပေါ့”

လီလီက အကြီးတန်းစားဖိုမှူးအား တစ်ချက်လှည့်ကြည့်လိုက်ပြီး အသာပြောသည်။

“ဟုတ်ကဲ့ပါ။ ကျွန်တော့်ဓားလေးတော့ ယူလိုက်ဦးမယ်”

အကြီးတန်းစားဖိုမှူးက ခေါင်းညိတ်လိုက်ပြီး မီးဖိုခန်းသုံးဓားတစ်ချောင်းကို ယူရန် ဟန်ပြင်လိုက်သည်။

“ရှုပ်အောင်လုပ်မနေနဲ့။ မြန်မြန်လာ”

လီလီက ဘာမှထပ်မပြောဘဲ ထွက်သွားတော့သည်။

“ဒေါက် ဒေါက် ဒေါက် ဒေါက်”

လူနှစ်ဦးမှာ တံခါးဝဆီသို့ အလျင်အမြန်လျှောက်သွားသော်လည်း လမ်းထဲတွင် မည်သူမျှမရှိတော့သည်ကို တွေ့လိုက်ရသည်။

“ဟမ်...ဘာဖြစ်သွားတာလဲ။ အခုလေးတင် လူတွေအများကြီး ရှိနေသေးတာကို”

အကြီးတန်းစားဖိုမှူးမှာ နားမလည်ဟန်ပေါ်နေသည်။

“လူတွေဘယ်ရောက်ကုန်လဲ”

လီလီက ခေါင်းငဲ့ကာ ဧည့်ကြိုအား မေးလိုက်သည်။

“သွားကုန်ကြပြီဗျ။ ကြားတာတော့ ပြဿနာကို ဖြေရှင်းပြီးသွားပြီတဲ့။ သူဌေးက တန်းစီစက်ထားပေးမယ်ဆိုလား ဘာဆိုလားပဲ” ဧည့်ကြိုက ချက်ချင်းပင် ထိုသို့ပြန်ပြောသည်။

“ဟုတ်ပြီ။ အဲ့ဒါဆိုလည်း ပြန်သွားကြတာပေါ့”

လီလီမှာ လှည့်ကာ မီးဖိုခန်းထဲ ပြန်ဝင်သွားလေသည်။ ပြဿနာကို။ဖြေရှင်းပြီးသွားပြီဆိုတော့ သူ့အနေနဲ့ အဲ့ဆိုင်ကို သွားဖို့မလိုတော့ပေ။ ယွမ်ကျိုးရဲ့မာနကြီးတစ်ခွဲသားနှင့် ပုံစံကို သူလည်း ကြည့်လိုစိတ်မရှိချေ။ ယွမ်ကျိုး၏ဂရုမစိုက်သည့်ပုံစံကို လီလီက အလွန်မာနကြီးသည်ဟု လွဲမှားစွာ အဓိပ္ပာယ်ကောက်မိခြင်းဖြစ်သည်။

“ခေါင်းဆောင်စားဖိုမှူးကလည်း စိတ်ပြောင်းတာ မြန်လိုက်တာ”

အကြီးတန်းစားဖိုမှူးက သူ့ဗိုက်ခေါက်ကြီးကို လက်ဖြင့် ပုတ်ကာ ပြောသည်။ မတူညီသော ရှုထောင့်တွေနှင့် လူအများမှာ မတူညီသော အတွေးအခေါ်များရှိကြရာ အကြီးတန်းစားဖိုမှူးမှာ လီလီ ဘာကြောင့် ထိုသို့လုပ်ရသည်ကို နားမလည်နိုင်ခဲ့ချေ။ သို့သော် လီလီရှင်းပြရန်မလိုပေ။ သူက အမဲသားဝဲလ်လင်တန်ဟင်းကို ချက်ရန် စပြင်ဆင်လေသည်။

ထိုဟင်းမှာ သူအနိုင်ရမည့် ပြိုင်ဖက်ကင်းလက်နက်ပင် ဖြစ်သည်။ ယွမ်ကျိုး၏စီးပွားရေးကို ခိုးယူရန်မှာ သူ၏လတ်တလောရည်မှန်းချက်ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ ယွမ်ကျိုးမှာ တစ်စုံတစ်ယောက်က သူ့စီးပွားရေးကို ဘယ်လိုလုယူရမလဲ စဉ်းစားနေသည်ကို မသိချေ။ ထို့အစား သူ၏မထီမဲ့မြင်ဟန်ကို ဆက်လက်ဖန်တီးနေဆဲဖြစ်သည်။

(အခြားသူများအား သူစကားပြောပုံမှာ မကြာခဏဆိုသလို မထီမဲ့မြင်ပြုနေသကဲ့သို့ ဖြစ်နေသည်ကို ဆိုလိုသည်)

တစ်ချိန်တည်းမှာပင် သူက အထွန့်တက်လိုက်ဖို့လည်း မမေ့ပေ။

“ပြောလို့ပြောတာမဟုတ်ဘူး။ ငါ့မှာ စနစ်ရဲ့ထောက်ပံ့မှုလည်း ရှိတယ်။ ပြီးတော့ ငါကိုယ်တိုင်ကလည်း ဆွဲဆောင်မှုရှိသေး။ ဒါတောင် ဘာလို့များ ငါ့ကို ဘယ်သူမှလာမချစ်ကြတာလဲနော်။ တီဗီဇာတ်လမ်းတွေထဲမှာဆို ဒီလိုမျိုးတွေချည်းပဲ”

“ဘယ်မလဲ သူရဲကောင်းရဲ့မထီမဲ့မြင်အရောင်အဝါက”

ယွမ်ကျိုးက ထပ်ပြီး ညည်းညူပြန်သည်။ ယွမ်ကျိုး ဘာတွေများလုပ်နေလဲဟု တစ်ယောက်ယောက်ကများ မေးလာခဲ့ပါလျှင် နေရာတိုင်းက လူတွေကို လိုက်နှောင့်ယှက်နေသည်ဟု ဖြေရလိမ့်မည်။

ယွမ်ကျိုး၏ဖုန်းတွင် “ပြည်တွင်းပြည်ပ အစားသရဲများဆုံစည်းရာ” ဟူသည့် ဝီချက်ဂရုတစ်ခုပေါ်နေပြီး အဖွဲ့ဝင်များက တက်တက်ကြွကြွစကားပြောနေကြသည်။ ဂရုထဲတွင် တရုတ်လူမျိုးနှင့် နိုင်ငံခြားသားများရှိပြီး တစ်ယောက်နှင့် တစ်ယောက် တရုတ်လိုပြောကြကာ တခါတလေတွင်တော့ အင်္ဂလိပ်လို ပြောကြသည်။

ယွမ်ကျိုးမှာ တရုတ်လို နားလည်သော်လည်း အင်္ဂလိပ်လိုပြောသောအခါတွင်မူ ခန့်မှန်းကြည့်ရုံသာတတ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ယွမ်ကျိုးမှာ အင်္ဂလိပ်စာကို အဖြေမှန်ရွေးသည့်မေးခွန်းများကိုပင် သုညရအောင်ဖြေခဲ့သူဖြစ်သည်။ သို့သော် ထိုအချက်မှာ ယွမ်ကျိုး၏အကွက်ချစီစဉ်ခြင်းအပေါ် အကျိုးသက်ရောက်မှု လုံးဝမရှိပါချေ။

သူက အခြားလူများ လုံးဝမသိသည့် အမည်မသိအိုင်ဒီကို အသုံးပြုကာ စကားဝိုင်းတွင် တိတ်တိတ်လေးပါဝင်နေသည်။ အကောင့်အမည်မှာ (မရေမတွက်နိုင်သောပိုင်) ဖြစ်သည်။ ယွမ်ကျိုးက ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ဘယ်သူမှ သူ့ကို မမှတ်မိနိုင်ဟုတွေးလိုက်သည်။

မရေမတွက်နိုင်သောပိုင် - [မင်းတို့အကုန်လုံးစားဖူးကြတဲ့ဟာတွေက အမှိုက်တွေပဲ။ အကုန်လုံးကို ပြောတာနော်]

သူ တစ်ခါစာရိုက်လိုက်သည်နှင့် အမုန်းတရားမှာ လုံးဝပျံ့နှံ့သွားရာ အဖွဲ့ဝင်တော်တော်များများက သူ့အား စာပြန်ကြ တော့သည်။

ငါက ကျစ်ချောင် - [အမယ်လေး လူသစ်ကများ ငါတို့ကိုလာဖောင်းထုနေတယ်။ ပြောပါဦး။ နင်ကရော ဘာများစားဖူးလို့လဲ]

မရေမတွက်နိုင်သောပိုင် - [ဪ...ဟော်...တရုတ်ဟင်းတွေတော့ စားဖူးတာပေါ့။ ဒါပေမယ့် မင်း အဲ့လိုမေးလာမှတော့ ငါပြန်ဖြေဖို့ မျှော်လင့်နေတာမို့လား။ မပြောတာ...မပြောတာ...ဟားဟား]

မိုးကြိုးလက်ခုပ် မိုးကြိုး - [အပြောကတော့ချောလို့။ အဲ့ဒါဆို ဘာလို့ ငါတို့ကို မပြောပြလဲ]

အမျိုးမျိုးသောတရုတ်မင်းဆက်များ - [တရုတ်ဟင်းတွေက အရသာအရှိဆုံးလို့ ငါထင်ပေမယ့် အကျိုးအကြောင်းသင့်ပြောရရင်တော့ ပြင်သစ်ဟင်းတွေကလည်း သိပ်ကောင်းတာပဲ]

သာ့ကျွမ်း - [တရုတ်မှာ အရသာရှိတဲ့ဟင်းတွေ အများကြီးရှိတယ်ဆိုရင်တောင် ငါတို့အီတလီဟင်းတွေကိုလည်း မေ့ထားလို့ မရဘူးနော်]

တီနာ၀၉၁၄ - [အမှန်ပဲ။ ဂျာမနီက စားကောင်းသောက်ဖွယ်တွေကို လျစ်လျူရှုလို့ မရဘူးဟေ့]

ဖုန်းမျက်နှာပြင်ပေါ်တွင် ထိုသို့သောမှတ်ချက်များ လျင်မြန်စွာ တက်လာနေပြီး ယွမ်ကျိုးမှာမူ တိတ်တဆိတ်ဖြင့် အခြေအနေပိုပြင်းထန်လာမည့်အချိန်ကို စောင့်နေသည်။

မရေမတွက်နိုင်သောပိုင် - [ဟိုး...ဟိုး...ငါပြောတာက ပြင်သစ်ကို မဟုတ်ဘူး။ မင်းတို့နိုင်ငံက ဟင်းတွေအကုန်လုံးက အမှိုက်တွေလို့ ပြောချင်တာ]

ယွမ်ကျိုး၏အရှက်မဲ့သည့်လေသံကြောင့် ဂရုအတွင်းရှိ အဖွဲ့ဝင်များအားလုံး ပြောစရာစကားမရှိဖြစ်သွားကြသည်။ ဒီတစ်ကြိမ်တွင် သူတို့က နောက်ထပ်ညှာတာမနေကြတော့ပေ။ ထို့အစား သူ့အား ဝိုင်းကာကျိန်ဆဲကြတော့သည်။ အချိန်အတော်ကြာပြီးနောက် ကျစ်ချောင်ဟုခေါ်သော ယွမ်ကျိုးအား ပထမဆုံးစာပြန်ခဲ့သည့်လူမှာ ပြန်ပေါ်လာပြီးပြောသည်။

ငါက ကျစ်ချောင် - [ဒီလူက အမည်မသိ ဝီချက်အကောင့်သစ်ကို သုံးနေတာ။ ငါတို့ သူ့ကို ဂရုမစိုက်ဘဲ ပစ်ထားလိုက်ကြစို့]

ထို့နောက် သူမက သက်သေတစ်ပုံတစ်ပင်ကိုချပြလိုက်သည်။ ထို့နောက်တွင် ဘာမှမရှိတော့ချေ။ ယွမ်ကျိုးအား ချက်ချင်းပင် ဂရုမှထုတ်လိုက်တော့သည်။ ဖုန်းကို ကိုင်ထားရင်း ယွမ်ကျိုးရဲ့မျက်ခုံးများစုကြုတ်နေသည်။

“ကြည့်ရတာ ဝီချက်ဂရုက အလုပ်မဖြစ်ပုံပဲ။ ငါ့ကို လွယ်လွယ်ကန်ထုတ်လိုက်ကြတယ်။ ဒါပေမယ့် ဖိုရမ်မှာတော့ ပြဿနာမရှိလောက်ဘူး”

မှန်ပေသည်။ ယွမ်ကျိုး ထိုသို့လုပ်ရသည့် တစ်ခုတည်းသောရည်ရွယ်ချက်မှာ စော်ကားတဲ့အဖြစ်အပျက်ကို ဖန်တီးဖို့ပင်။ သူပြောခဲ့သလိုပဲ ဟက်ကာတစ်ယောက်က သူ့ကိုရှာတွေ့ကာ လူသိအောင် ဖွင့်ချပြနိုင်သည်။ ထိုနည်းဖြင့် သူ့အား မယုံကြည်သူတစ်ဦးဦးက လာရောက်မြည်းစမ်းကြည့်မည်ဖြစ်သည်။

ထို့နောက်တွင် ယွမ်ကျိုးသည် ဖိုရမ်ထဲသို့ တက်တက်ကြွကြွနှင့် ကျွမ်းကျင်စွာ ဝင်လိုက်သည်။ သူသည် အမည်မဖော်သောအိုင်ဒီကို အသုံးပြုခဲ့ပြီး သူ့စားသောက်ဆိုင်လိပ်စာနှင့် အမည်ကို မဖော်ပြခဲ့သဖြင့် စနစ်၏စည်းကမ်းသတ်မှတ်ချက်များအတွက် စိတ်ပူစရာမလိုတော့ပေ။

ယွမ်ကျိုးက ချက်ချင်းပင် စမ်းသပ်ကြည့်လိုက်ရာ စနစ်မှာ အချက်ပြမှုမရှိကြောင်း တွေ့လိုက်ရသည်။ သူက မဟာတံတိုင်းကြီးကို မည်သို့ကျော်တက်ရမည်ကိုပင် မသိရာ မည်သည့်နိုင်ငံခြားသားကိုမျှ မသိပေ။ ပြည်တွင်း၊ ပြည်ပနှစ်ခုစလုံးတွင် လူသိများသောဖိုရမ်အချို့ကို ရှာပြီး နည်းလမ်းကို စမ်းကြည့်ရုံသာရှိသည်။

“ငါ့ကို ကန်ထုတ်လိုက်ကြတယ်ဆိုပေမယ့် အမုန်းစကားဖြန့်တာရဲ့အကျိုးသက်ရောက်မှုကတော့ တော်တော်အထင်ကြီးဖို့ ကောင်းသားပဲ”

သူ့ခေါင်းကို အသာပွတ်ရင်း ယွမ်ကျိုးကအလေးအနက် ပြောနေသည်။ ပထမတစ်ခုမှာ အတော်လူသိများသော အစားအသောက်ဖိုရမ်တစ်ခုဖြစ်ပြီး နိုင်ငံခြားသားအများအပြားရှိသည်။ နိုင်ငံခြားသားတော်တော်များများက တရုတ်နိုင်ငံသို့မလာမီ ဒီဖိုရမ်ကိုအရင်ဆုံးဝင်ကြည့်လေ့ရှိသည်ဟု ပြောကြသည်။ ထိုအကြောင်းအား စွန်းမင်မှ ပြောပြခဲ့ခြင်းပင်။ စွန်းမင်မှာ အစားအသောက်ရပ်ဝန်းထဲတွင် တကယ်အနေကြာနေပြီဖြစ်သော စီနီယာအစားသရဲတစ်ဦးဖြစ်ပေသည်။ ယွမ်ကျိုးသိသမျှဖိုရမ်အားလုံးမှာ အကြမ်းအားဖြင့် စွန်းမင်ပြောပြခဲ့ခြင်းသာ ဖြစ်သည်။

ထို့ကြောင့်ပင် စွန်းမင်က ယွမ်ကျိုးအားလှောင်ပြောင်ခဲ့ဖူးသည်။ ဘာပဲဖြစ်ဖြစ် ယွမ်ကျိုး၏အင်္ဂလိပ်စကားပြောစွမ်းရည်မှာ အလွန်ပင် နိမ့်ကျသေးသည်။ ယွမ်ကျိုးက နောက်ထပ်အမည်မသိအိုင်ဒီတစ်ခုကို ပြောင်းလိုက်သည်။ “ပိုင်၏ဒသမအနောက်မှ ကိန်းဂဏန်းများ”

ဖိုရမ်အတွင်းသို့ သူဝင်လိုက်သည်နှင့် အစားအသောက်နှင့် အရသာများအကြောင်း ဆွေးနွေးသည့်ပို့စ်တစ်ခုကို တွေ့လိုက်ရာ အောက်တွင် စာဝင်ရေးတော့သည်။

ပိုင်၏ဒသမအနောက်မှ ကိန်းဂဏန်းများ - [ကျွန်တော် ဘယ်သူ့ကိုမှ ရည်ရွယ်ပြောတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားတို့က ဟင်းလျာစစ်စစ်တွေကို မစားဖူးကြဘူးလို့ ကျွန်တော် ခံစားရလို့ပါ။ အခု ခင်ဗျားတို့ဆွေးနွေးနေကြတာ ဝက်စာအကြောင်းလား]

ထိုသို့ရေးပြီးသည်နှင့် အဆဲခံရန် ယွမ်ကျိုးစောင့်နေလိုက်သည်။ ယွမ်ကျိုး၏နည်းလမ်းမှာ အလွန်အလုပ်ဖြစ်သော်လည်း စနစ်က သူ့အား သစ္စာထပ်ဖောက်လိုက်ပြန်သည်။

ယွမ်ကျိုး အပိုင်း(၃၄၇)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၃၄၈)

စနစ်၏အကျိုးသက်ရောက်မှုကို အားကောင်းစေခြင်း

ယွမ်ကျိုး၏မောက်မာသောစကားများမှာ အလိုအလျောက်ပင် ဖိုရမ်ပေါ်ရှိ လူအများကိုဆွဲဆောင်မိပြီး ငြင်းခုန်ကြတော့သည်။ စတင်ငြင်းခုန်လာသည့် ပထမဆုံးလူမှာ အတော်ပင်နာမည်ကြီးလူတစ်ဦးဖြစ်ပြီး သူ့စာများမှတစ်ဆင့် အလွယ်တကူ သိမြင်နိုင်လေသည်။

အိုင်ဒီ ထန်ရွယ်ဟိုင် - [မင်း ဘာကြောင့်ဒီလို‌ကောက်ချက်ချရလဲဆိုတာတော့ ငါမသိဘူး။ ဒါပေမယ့် ငါရောက်ဖူးခဲ့တဲ့နိုင်ငံတိုင်းမှာတော့ သူတို့ကိုယ်ပိုင်အရသာတွေရှိတယ်ဆိုတာ ငါ မင်းကို ပြောနိုင်တယ်]

အကြင်နာမဲ့မကောင်းဆိုးဝါးစားဖိုမှူး - [စားဖိုမှူးတစ်ယောက်အနေနဲ့ ငါ မင်းကို ပြောချင်တာကတော့ ငါကောင်းကောင်းချက်တတ်တယ်ဆိုတာပဲ။ ဘာပဲဖြစ်ဖြစ် ငါ့ဖောက်သည်တွေကတော့ အဲ့လိုပြောကြတာပဲ]

ယူအက်စ် ၉၉၉၇၅၅၆၄ - [အမေရိကမှာတော့Fast food တွေပဲ နေရာတော်တော်များများမှာ လွှမ်းမိုးထားတာဆိုပေမယ့် အရသာရှိတဲ့အစားအစာတွေလည်း အများကြီးရှိပါတယ်]

အားလုံးမှာ သိမ်မွေ့သောမက်ဆေ့ချ်များသာဖြစ်ပြီး အများစုမှာ သူတို့၏ဟင်းချက်စွမ်းရည်ကို သက်သေပြလိုကြခြင်း ဒါမှမဟုတ် သူတို့သဘောမတူကြောင်းကိုသာ ငြိမ်းငြိမ်းချမ်းချမ်းဖော်ပြကြခြင်းသာဖြစ်သည်။ သို့သော် ငြိမ်းချမ်းမှုရှိသလို၊ ပိုရန်လို‌သောမက်ဆေ့ချ်များလည်း ရှိလာပေသည်။

အဆင့်တန်းမြင့်ရှောင်တိမ်းခြင်း - [မင်းကပဲ တော်တော်သိနေသလို ပြောနေလိုက်တာ။ မင်း ဘယ်နေရာမှာ သွားစားခဲ့လည်း ငါ့ကိုအခုပြောစမ်း]

မုန်တိုင်းဓားသွားမကောင်းဆိုးဝါး - [အပိုတွေလျှောက်ပြောမနေနဲ့။ ငါ့ကို လိပ်စာသာပေး။ ငါ မင်းကို လာရှာမယ်]

ဂရုစိုက်တတ်တဲ့လူမိုက်ငယ်လေးများ - [လာ...ဒီကိုလာ၊ ငါတို့ ရင်းရင်းနှီးနှီးပြောကြတာပေါ့၊ ငါမင်းကို အရမ်းမရိုက်ပါဘူးကွာ]

ကျီယွိထင် - [အဲ့လောက်အရိုက်ခံသင့်တဲ့လူမျိုး မတွေ့တာ အတော်ကြာသွားပြီ။ ငါ့ရဲ့ မီတာ(၄၀)လောက်ရှည်တဲ့ဓားကြီးက အခုသွေးဆာနေပြီကွ]

“လွယ်လိုက်တာကွာ”

ဖုန်းမျက်နှာပြင်ပေါ်တွင် အပြည့်ပေါ်လာသည့် မကျေမနပ်ပြောဆိုနေသော မက်ဆေ့ချ်များကို ကြည့်ရင်း ယွမ်ကျိုးက ပြုံးကာနောက်မက်ဆေ့ချ်တစ်ခုကို‌ ပြန်ရေးလိုက်သည်။

ပိုင်၏ဒသမအနောက်မှကိန်းဂဏန်းများ - [ငါတကယ် အရသာရှိတဲ့ဟင်းတွေအများကြီးစားဖူးတယ်။ အဲ့တော့ မင်းတို့ဘာလုပ်ချင်လဲ။ လဲသေလိုက်။ လိပ်စာကိုတော့ ဘယ်မှာလဲဆိုတာ ငါမင်းတို့ကို ဘယ်တော့မှမပြောဘူးကွ။ မင်းတို့တတ်နိုင်ရင် ငါ့အိုင်ပီကိုခြေရာခံကြည့်ကြပေါ့...ဟား...ဟား]

ခဏအကြာတွင် ယွမ်ကျိုးက ဝက်ဘ်ဆိုဒ်စာမျက်နှာကို ပိတ်လိုက်သည်။ ထိုအခိုက်၌ ယွမ်ကျိုးမှာ သူ့ကို လင်းဟုန် ဝင်ပူးနေသလို ပြုမူနေခဲ့သည်။ လေသံတင်မက မျက်နှာဟန်အမူအရာများသည်ပါ သူနှင့် မတူချေ။ လင်းဟုန်၏ပုံစံကဲ့သို့ လျှာစောင်းထက်ထက်ဖြင့် ပြောနေသည်။

ယွမ်ကျိုးသည် စွန်းမင်ပြောပြထားသော ဖိုရမ်များသို့ တစ်ခုပြီးတစ်ခုဝင်ကာ မက်ဆေ့ချ်များ ချန်ထားခဲ့သည်။ ထို့နောက်တွင်မူ အလိုအလျောက်ပင် အခြားသူများက သူ့အား အမိဖမ်းခြင်းကို ခံခဲ့ရတော့သည်။

မည်သို့ပင်ဖြစ်စေ ယွမ်ကျိုးမှာ အောင်မြင်စွာ လူမုန်းများအောင်လုပ်ပြီးနောက် ချက်ချင်းထွက်ပြေးလာခဲ့သည်။ ထို့အပြင် သူကိုယ်တိုင် လူမုန်းများအောင် လုပ်ခဲ့သည်ဖြစ်ရာ မပျော်မရွှင်မဖြစ်မိပေ။ ထို့အစား အောင်မြင်မှုရသလိုပင် ခံစားလိုက်ရသေးသည်။

“ဟေး...နောက်ဆုံးတော့ ငါ့ကို ဟိုဟက်ကာတွေ ဖမ်းမိနိုင်ကြပါစေ”

ယွမ်ကျိုးက ကျေနပ်စွာဖြင့် ဖုန်းကိုချလိုက်ပြီး အနားယူရန် ပြင်တော့သည်။ တန်းစီစက်ထားပေးမည့်အကြောင်းမှာ တဖြည်းဖြည်းနှင့် အခြားလူများပါ သိသွားကြသည်။

“ကျီ...ကျီ...ကျာ...ကျာ”

ဝူဟိုင်း၏အနုပညာစတူဒီယိုခန်းအတွင်းမှ သာယာသောငှက်ကလေးများ၏တေးသီသံသည် အဆက်မပြတ် ထွက်ပေါ်လျက်ရှိသည်။

“ဘာကိစ္စရှိလို့လဲ”

ဝူဟိုင်းက ဖုန်းကိုင်လိုက်သည်နှင့် ချက်ချင်းမေးလိုက်သည်။

“ငါကြားတာတော့ ယွမ်ကျိုးက တန်းစီနံပါတ်စဉ်စသုံးတော့မှာဆို”

ကျန်းချန်ရှီး၏အသံမှာ တစ်ဖက်မှ ထွက်ပေါ်လာသည်။

“အင်း...ငါတို့ မနက်ဖြန်ကျရင် ဘာမှန်းသေချာသိရမှာပေါ့”

ဝူဟိုင်းက ထိုသို့ပြောပြီးသည်နှင့် ဖုန်းကို ချက်ချင်းချလိုက်လေသည်။ သူမလက်ထဲရှိဖုန်းကိုကြည့်ရင်း ကျန်းချန်ရှီးမှာ ဆွံ့အသွားသည်။ ခဏကြာပြီးနောက်တွင်မူ သူမမှာ အံကြိတ်ရင်း ပြောလိုက်သည်။

“ဒီကောင်လည်း ယွမ်ကျိုးလိုတစ်ယောက်တည်းသေသွားသင့်တဲ့ကောင်”

ထို့နောက် သူမ ဘာမှမတတ်နိုင်ဘဲ ယွမ်ကျိုးကိုသာ ဖုန်းခေါ်လိုက်ရသည်။

“ဟေ့...ဒီနေ့ နေ့လည်က ဖြစ်သွားတဲ့ဟာ ငါ့ကိုပြောပြပါလား”

ကျန်းချန်ရှီးက ဘာမှအပိုတွေ ပြောမနေတော့ဘဲ တစ်ဖက်က ဖုန်းကိုင်လိုက်သည်နှင့် ချက်ချင်း တန်းမေးလိုက်သည်။

“ဒီနေ့ နေ့လည်ကလား။ ဘာမှမဖြစ်ပါဘူး” ယွမ်ကျိုးက နေရာတိုင်းတွင် ပြဿနာရှာလူမုန်းများအောင်လုပ်ခဲ့သည့် အဖြစ်အပျက်ကိုသာ ရုတ်တရက် မှတ်မိလိုက်ရာ ချက်ချင်းငြင်းလေသည်။

“ကျွန်မတို့ နောက်ဆိုရင် နံပါတ်စဉ်နဲ့ တန်းစီရတော့မယ်လို့ ရှင်မပြောခဲ့ဘူးလား”

ကျန်းချန်ရှီးက သူ့အား သတိပေးလိုက် သည်။

“ဟုတ်တယ်။ အမှန်ပဲ”

ယွမ်ကျိုးမှာ အနည်းငယ် စိတ်သက်သာရာရသွားပြီး အသာပြန်ဖြေလိုက်သည်။

“တန်းစီရတာ အရမ်းရှုပ်တယ်နော်။ ရှင့်မှာအချိန်ရှိလို့လား”

ကျန်းချန်ရှီးက မျက်မှောင်ကြုတ်ရင်းပြောသည်။

“ငါ့မှာ အခုတန်းစီစက် ရှိပြီလေ။ စိတ်ပူဖို့ မလိုတော့ဘူး”

ယွမ်ကျိုးက ခိုင်မာသည့်လေသံဖြင့် ပြန်ဖြေသည်။ စနစ်မှ ပေးလာသည့် မည်သည့်ပစ္စည်းမဆို အကောင်းဆုံးပစ္စည်းသာဖြစ်သည်။

“ပြီးရော...ဒါပဲ”

ကျန်းချန်ရှီးမှာ ပြောစရာစကားမရှိတော့ချေ။ ဒီတစ်ကြိမ်တွင် သူမဖက်က ဖုန်းချလိုက်သည်။ တစ်နေ့လည်ခင်းလုံးတွင် ယွမ်ကျိုးမှာ ဖိုရမ်များရှိ ပြန်စာများကို စိတ်လှုပ်ရှားစွာစောင့်နေခဲ့သော်လည်း မည်သူကမှ သူ့အား လိုက်လံရှာဖွေခြင်းမရှိသည်ကို တွေ့လိုက်ရသည်။

“အချိန်အရမ်းနည်းနေလို့ဖြစ်မယ်။ ဒါမှမဟုတ် ငါ ဒီထက်ပိုပြီး လူမုန်းများအောင်လုပ်သင့်လား”

ယွမ်ကျိုးမှာ စီစဉ်ထားသည့်အတိုင်း လုပ်တော့သည်။ ဖုန်းကို ပြန်ယူလိုက်ပြီး စောနကသူလုပ်ခဲ့သည့်အတိုင်း တစ်ထပ်တည်းထပ်လုပ်ပြန်သည်။ ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်သွားစေရန် ဟက်ကာတစ်ဦးအား သူ့ကိုခြေရာခံရန် အထူးသတိပေးလိုက်သေးသည်။ သို့သော် ပိုပြီးကျိန်ဆဲခံရသည်မှ လွဲ၍ ဘာမှမဖြစ်ခဲ့ပေ။

စိတ်ရှည်သည်းခံခြင်းသည် ယွမ်ကျိုးမှာ မရှိသောနောက်ဆုံးအရာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် တာဝန်တစ်ခုကို တစ်ခါတည်းဖြင့် ပြီးမြောက်အောင် ဆောင်ရွက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ယွမ်ကျိုးမှာ စိတ်အေးအေးထားပြီး နှစ်ရက်စောင့်လိုက်သော်လည်း ဘာမှမဖြစ်လာသေး။

ယွမ်ကျိုးက အားလုံးသွေးအေးသွားကြလောက်ပြီဟုထင်ခဲ့သည်။ သို့သော် သူစော်ကားပြောဆိုခံခဲ့ရသူများမှာမူ ထိုသို့ မခံစားခဲ့ရချေ။ ပြည်တွင်း၊ ပြည်ပဖိုရမ်များတွင် အစော်ကားခံခဲ့ရသော နိုင်ငံခြားသားများမှာ လုံးဝမပျော်ရွှင်ကြ။ ဒါက သူတို့နိုင်ငံရဲ့စားကောင်းသောက်ဖွယ်တွေကို လုံးဝမထီမဲ့မြင်ပြုလိုက်ခြင်းပေ။

ခွဲခြားခြင်းအဆင့်(၆)အရ လူတစ်ဦးမှာ အခြားလူတစ်ဦးကို သိရန် လူခြောက်ဦးသာလိုသည်ဖြစ်ရာ ဟက်ကာတစ်ဦးကို ရှာဖွေရန်မခက်ခဲပေ။ သူ့လိုမျိုး ဘယ်လိုကာကွယ်မှုလုပ်ရမလဲဆိုတာမသိတဲ့ ကွန်ပျူတာမတောက်တခေါက်သာကျွမ်းကျင်သူကို စကားထဲထည့်ပြောရန်ပင် မလိုချေ။

ထို့ကြောင့် လူတစ်ယောက်က ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလာခဲ့သည်။

“ဒါက အကောင့်သစ်လေးတစ်ခုပဲ။ လွယ်လွယ်လေး”

အရှေ့တိုင်းယဉ်ကျေးမှုပုံစံရှိအခန်းတစ်ခုထဲတွင် ဆွယ်တာအင်္ကျီဝတ်ထားသည့်ကောင်လေးတစ်ယောက်က စိတ်လှုပ်ရှားသည့်အမူအရာဖြင့် ရှိနေသည်။ သူ၏အမည်မှာ ဂျက်ခ် ဖြစ်သည်။ နာမည်မှာ ရိုးစင်းသလောက် လူမှာမူ လုံးဝမရိုးစင်းပေ။ သူက ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှ ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး ပုံမှန်အချိန်များတွင် သင့်တော်သလို အလုပ်လုပ်ကိုင်နေသည်။ သို့သော် သူသီးသန့်လုပ်ခဲ့သည့်ကိစ္စများမှာမူ လုံးဝကွာခြားလေသည်။

သူသည် ဟက်ကာတစ်ဦးအဖြစ် သီးသန့်အလုပ်လုပ်ခဲ့သည်။ သို့သော် သူ့ဝါသနာမှာ ဝတ္ထုများတွင် ဖော်ပြသလိုမျိုး ချဲ့ကားခြင်းမရှိပေ။ ထို့ကြောင့် သူက ကာကွယ်ရေးဌာနတွင် အလုပ်လုပ်ရန် သဘောမကျဘဲ အလှလေးများ၏ဘလော့ဂ်များတွင်သာ လမ်းသလားလေ့ရှိသည်။

ဥပမာပြောရလျှင် သူတို့၏ဖုန်းနံပါတ်များကို ခိုးယူခြင်း ဒါမှမဟုတ် တစ်ကိုယ်ရေဆန္ဒဖြေဖျောက်ဖို့အတွက် အတွင်းရေးဓာတ်ပုံများကို ခိုးခြင်းမျိုးဖြစ်သည်။ သို့သော် အိုင်ပီလိပ်စာရှာခြင်းမျိုးမှာမူ သူ့အတွက် မပြောပလောက်သည့်ကိစ္စပင်ဖြစ်သည်။ အကောင့်သစ်ဖြစ်ကြောင်းသိသည်နှင့် ဂျက်ခ်က ချက်ချင်းပင် စိတ်ထဲမထားတော့ချေ။ သူ့အတွက်မူ အင်တာနက်အသုံးပြုသူအသစ်ပဲဖြစ်ဖြစ်၊ အမည်မသိအိုင်ဒီတစ်ခုပဲဖြစ်ဖြစ် ဤကဲ့သို့အကောင့်သစ်မျိုးမှာ သူ့အတွက်ပြဿနာကြီး မဟုတ်ပေ။

“အင်တာနက်ကြိုးကနေတစ်ဆင့် ခြေရာခံကြည့်မယ်”

ဂျက်ခ်က တရုတ်စကားအား ထူးဆန်းစွာပြောလိုက်သည်။ ဆယ်မိနစ်ကြာသောအခါ...နာရီဝက်...တစ်နာရီ...

“ချီးပဲ”

ဂျက်ခ်မှာ တောက်လျှောက်ဆဲဆိုတော့သည်။ မှန်ပေသည်။ သူသည် ယွမ်ကျိုး၏အိုင်ပီလိပ်စာကို သိရန် လွန်ခဲ့သောတစ်နာရီကပင် စတင်ကြိုးပမ်းခဲ့သော်လည်း တစ်ဖက်လူ၏ကွန်ပျူတာမှာ ယခင်အတိုင်းရှိနေဆဲပင်ဖြစ်ပြီး ဘာမှမဖြစ်ခဲ့ချေ။ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ် ကုဒ်ဖြေကြည့်တာပဲဖြစ်ဖြစ် မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ယွမ်ကျိုး၏ကွန်ပျူတာမှာ ရေသေအိုင်တစ်ခုကဲ့သို့ဖြစ်နေပြီး လှိုင်းအနည်းငယ်မျှပင် ထသွားခြင်းမရှိပေ။

“သေစမ်းကွာ...သူ့ကွန်ပျူတာကို ငါရအောင် ဟက်ကြည့်မယ်”

ဂျက်ခ်က သူ့အင်္ကျီလက်များကိုပင် ခေါက်တင်လိုက်ပြီး ထပ်ကြိုးစားပြန်သည်။ အခြားတစ်ဖက်တွင် အချို့သောဟက်ကာများသည်လည်း တစ်ပုံစံတည်း ကြုံတွေ့နေရသည်။ ယွမ်ကျိုး၏ဖုန်းနှင့် ကွန်ပျူတာများမှာ မှန်ကောင်တာထဲတွင် ထည့်သိမ်းထားသော ကိတ်မုန့်များကဲ့သို့ ဖြစ်နေသည်။ အရသာရှိသော်လည်း စားလို့မရချေ။ သို့သော် ယွမ်ကျိုးမှာမူ ထိုကိစ္စများကို မသိပေ။ သူက စနစ်၏ကာကွယ်ထားမှုကြောင့် ထိုကဲ့သို့ဖြစ်နေရမှန်း မသိခဲ့။

အရင်တုန်းက ယွမ်ကျိုးသည် လင်းဟုန်တည်ထောင်ထားသော တီးဝိုင်း၏ဆူညံသံများကို မုန်းရာ စနစ်မှ အထူးတီထွင်ထားသော ကာကွယ်ရေးဆိုင်ရာအထောက်အပံ့တချို့ကို လှည့်စားအသုံးပြုခဲ့သည်။

သို့အတွက် စနစ်မှလည်း အကောင်းဆုံးကာကွယ်ရေးစနစ်ကို အရိုးသားဆုံးနှင့် အပွင့်လင်းဆုံးပေးခဲ့ပေသည်။ ပြန်အမှတ်ရအောင်ပြောရလျှင် အစားအသောက်သူခိုးများကို ကာကွယ်ပေးခဲ့သည့် သတ္တုစပ်စတီးလ်ပြားက လက်ရှိလျှပ်စစ်ပစ္စည်းကာကွယ်ရေးစနစ်ကိုပါ ဆောင်ရွက်နေခြင်းပေ။

သို့သော် ယွမ်ကျိုးမှာ ထိုအရာနှင့်ပတ်သက်၍ ဘာမှမမှတ်မိတော့ရာ စနစ်က ဤမျှအလိုက်တသိကာကွယ်ပေးသည် ကိုလည်း မသိတော့ချေ။

လက်ရှိတွင်မူ ထိုကာကွယ်ရေးစနစ်မှာ ယွမ်ကျိုးအတွက်တော့ မထင်မှတ်ထားသော အန္တရာယ်ပင်ဖြစ်သည်။

ထိုကာကွယ်ရေးစနစ်က ဘယ်တော့မှ လက်မလျှော့လိုကြသည့် ဟက်ကာများကို စိတ်ရှုပ်ထွေးလာစေသည်။

သူတို့တစ်ဦးချင်းစီ၏စိတ်ထဲတွင် တူညီသောအတွေးတစ်ခုတည်းသာရှိသည်။ “အဲ့သောက်ကာကွယ်ရေးဌာနလည်း မဟုတ်ဘဲနဲ့ ဒီလောက်ကြီး ကာကွယ်ထားဖို့လိုလို့လားဟ?”

“ထူးဆန်းလိုက်တာ၊ ဒီလူတွေ ဘယ်လိုလုပ်ပြီးဒီလောက်စော်ကားခံနေရတာတောင် ငြိမ်နေကြလဲမသိဘူး? ဘာလို့ငါ့ကိုလာမရှာကြပါလိမ့်?” ယွမ်ကျိုးလုံးဝဇဝေဇဝါဖြစ်နေသည်။

နှစ်ရက်ကျော်လွန်သွားခဲ့သော်လည်း ဘာမှမဖြစ်ခဲ့ရာ သူလုံးဝနားမလည်နိုင်တော့ပေ။

ယွမ်ကျိုးက သူတို့အား မထီမဲ့မြင်လုပ်နေစဉ် တဖက်ရှိ ဟက်ကာများမှာမူ သူ့အား ဆဲနေကြလေသည်။

“ကြည့်ရတာ ငါအကောင့်သစ်တွေထပ်ဖွင့်ရုံပဲရှိတော့တယ်” ယခုအချိန်တွင် အားနေသည်ဖြစ်ရာ ယွမ်ကျိုးက သူ့ဖုန်းကိုယူပြီး အင်တာနက်ကဖေးသို့သွားရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။

All Chapters