အခန်း (၃၄၉-၃၅၀)
Vol. 25 Ch. 349-350
အပိုင်း(၃၄၉) မန်ထိုပေါက်စီမျိုးကွဲများ
“ဒေါက် ဒေါက် ဒေါက်” ယွမ်ကျိုးမှာ အင်တာနက်ကဖေးဆိုင်ထဲသို့ လျင်မြန်စွာဝင်လာသည်။
“ကွန်ပျူတာတစ်လုံးလောက်အားလား” ယွမ်ကျိုးက သူ့ကိုယ်ပိုင်အိုင်ဒီကဒ်ကိုထုတ်ပေးရင်း မေးလိုက်သည်။
“ရပြီရှင့်..၁၀ယွမ်ပေးရင် ကျွန်မတို့ဆိုင်မှာ အလိုအလျောက်မန်ဘာဝင်ခွင့်ရမယ် လုပ်ဦးမလား?” ဧည့်ကြိုကောင်မလေးက စိတ်အားထက်သန်စွာပြောလာသည်။
“မလိုတော့ဘူးဗျာ ကျေးဇူးပဲ” ယွမ်ကျိုးက သူ့လက်ထဲရှိစာရွက်ကိုကြည့်ကာ ကမ်းလှမ်းချက်ကိုငြင်းလိုက်သည်။
အကျိုးအမြတ်ထက် အချိန်ကပိုအရေးကြီးနေသည်။
သူက ကွန်ပျူတာကိုလျင်မြန်စွာဖွင့်လိုက်ပြီး သူ့ကိုယ်ပိုင်အကောင့်ကို ဖွင့်လိုက်သည်။ ပိုင်(၏ဒသမအနောက်မှ ကိန်းဂဏန်းများ ဆိုသည့်အကောင့်ပင်ဖြစ်သည်။
သို့သော် အင်တာနက်ကွန်ယက်၏ အခြားတစ်ဘက်တွင် ငါးမန်းဖြူအုပ်စုကြီးတစ်စုက သူ့အားစောင့်ကြိုနေသည်ကို တော့မသိခဲ့ချေ။
“သေစမ်း၊ အဲ့လူပြန်ပေါ်လာပြီဟ၊ ထ..ထ၊ လှုပ်ရှားလိုက်ကြစို့” ယွမ်ကျိုးလိုင်းပေါ်တက်လာကြောင်း သိလိုက်သည်နှင့် တစ်ပြိုင်နက် အင်တာနက်ကွန်ယက်၏ အခြားတစ်ဘက်တွင် ဂျက်ခ်သည် သူ့သူငယ်ချင်းကို စိတ်လှုပ်ရှားစွာ ဆွဲမ,ထူလိုက်ပြီး စတင်ရှာဖွေတော့သည်။
ဒီတစ်ကြိမ်တွင် စနစ်၏ကာကွယ်မှုမရှိတော့ရာ အင်တာနက်ကဖေးဆိုင်ရှိ ကွန်ပျူတာများ၏ လုံခြုံရေးစနစ်မှာ ပြတင်းပေါက်တွင်ကပ်သည့် စက္ကူအလွှာလေးကဲ့သို့ပင်၊ ထိုးလိုက်သည်နှင့် အလွယ်တကူပေါက်ပြဲသွားလေသည်။
မိနစ်ပိုင်းအတွင်းမှာပင် အိုင်ပီလိပ်စာအတိအကျကို ဂျက်ခ်တစ်ယောက်ရသွားတော့သည်။
“ဒီတစ်ခါအရမ်းလွယ်တယ်လို့ ငါဘာလို့ခံစားနေရပါလိမ့်?” ဂျက်ခ်မှာအနည်းငယ် နားလည်ရခက်နေသည်ကို တွေ့လိုက်ရသည်။
“အရင်ဆုံး ဒီအိုင်ပီလိပ်စာက ဘယ်ကလဲကြည့်ရအောင်” ဂျက်ခ်၏သူငယ်ချင်းမှာမူ သူ့ထက်ပိုတည်ငြိမ်နေသည်။
အင်တာနက်ကဖေးအားလုံးသည် တရားဝင်မှတ်ပုံတင်ထားရသဖြင့် ယခုအကြိမ်တွင်ပို၍ပင်လွယ်နေသေးသည်။ သူတို့ခဏမျှစစ်ဆေးကြည့်ပြီးနောက်တွင် ထိုနေရာမှာ အင်တာနက်ကဖေးတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူတို့နှစ်ဦးမှာ စိတ်သက်သာရာရသွားကြသည်။
“ဒီကောင်ဘာလို့သူ့ကိုသူ မဖုံးထားတော့တာလဲဟ?” ဂျက်ခ်မှာအနည်းငယ်သံသယဝင်နေသည်။
“သူက ငါတို့ သူ့ကိုမရှာနိုင်တော့ဘူးထင်လို့ တမင်သက်သက် သူ့ကိုသူဖော်လိုက်တာဖြစ်မယ်” ဂျက်ခ်၏သူငယ်ချင်း က ခဏလောက်စဉ်းစားလိုက်ပြီးနောက် လတ်တလောအချိန်ထိ ယုံကြည်ရနိုင်သောထင်မြင်ယူဆချက်တစ်ခု ကို ချလိုက်သည်။
“ချီးပဲ ငါဒီကောင်ပြောနေတဲ့နေရာက ဘယ်နေရာလဲဆိုတာ ငါစောက်ရမ်းသိချင်သွားပြီ” ဂျက်ခ်က မျက်နှာတစ်ခုလုံး နီမြန်းနေရင်း ထိုသို့ မကျေမနပ်ပြောသည်။
ထို့နောက် ကီးဘုတ်ကိုနှိပ်ကာ အခြားဆက်စပ်နေသည့်သတင်းအချက်အလက်မှန်သမျှကို စတင်ရှာဖွေတော့သည်။
ထုံးစံအတိုင်းပင် ယွမ်ကျိုးက လှောင်ပြောင်စော်ကားသောမက်ဆေ့ချ်အချို့ကို ဖိုရမ်တွင်တင်ပြီးနောက် စိတ်ပေါ့ပါး စွာသက်ပြင်းချလိုက်သည်။ ထို့နောက်တွင်မူ သူ့အကောင့်ကို ပိတ်ပြီး လိုင်းပေါ်ကဆင်းသွားလေသည်။
တစ်ညလုံးအလုပ်ရှုပ်ပြီးနောက် ယွမ်ကျိုးမှာ အိပ်ရာမဝင်ခင် သူ့ဖုန်းကိုတစ်ခါပြန်ဖွင့်လိုက်သည်။ နောက်ဆုံးတွင် စိတ်ကျေနပ်စရာရလဒ်တစ်ခုကို ရလာချေပြီ။ဖိုရမ်ပေါ်တွင် “မင်းကိုမိပြီ” ဟူသောအိုင်ဒီနှင့် လူတစ်ဦးက သူ့ကိုစာပို့ထားသည်။ [ငါမင်းကိုမိပြီ မင်းနေရာကိုအခုချက်ချင်းအရောက်လာခဲ့မယ်၊ စောင့်နေလိုက်]
အောက်တွင် သွေးစွန်းနေသောဓါးတစ်ချောင်းပုံကိုပါ ပို့ထားသည်။
“ကောင်းတယ် နောက်ဆုံးတော့ ငါ့ကိုတွေ့သွားပြီ” ထို့နောက် ယွမ်ကျိုးစိတ်ချသွားလေသည်။
ထို့အပြင် သူက သတင်းပျံ့နှံ့အောင်လုပ်လိုက်သူမှာ သူဖြစ်ကြောင်း ထိုသူများသိရှိသွားမည်ကိုလည်း စိတ်မပူပါချေ။ ဘာပဲဖြစ်ဖြစ် သူ့ဖုန်းဆင်းကဒ်ကို ပညာရှိစွာလဲလိုက်ပြီးဖြစ်ပေသည်။
“အိပ်ပြီ” ယွမ်ကျိုးက ဖုန်းကိုချထားလိုက်ပြီးနောက် ပျော်ရွှင်စွာ ခြေလက်ဆေးကြော၍ အနားယူရန်ပြင်တော့သည်။
သူ့စိတ်အခြေအနေကောင်းနေသဖြင့် မနက်ဖြန်အတွက်မနက်စာကို အသစ်တစ်ခုခုလုပ်ရန်ပင် စိတ်ဆုံးဖြတ်လိုက် သည်။
နောက်ဆုံးအကြိမ် မနက်စာအတွက် အစားအစာအသစ်တစ်မျိုးရောင်းချခဲ့သည်မှာ အချိန်တစ်ခုပင်ကြာခဲ့ပြီဖြစ် သည်။
နောက်တစ်နေ့မနက်တွင် ယွမ်ကျိုးအိပ်ရာမှစောစောထလေသည်။ မန်ထိုပေါက်စီလုပ်ခြင်းမှာလည်း အခြားအစားအစာများကဲ့သို့ပင် မလွယ်ကူရာ ပို၍ပင်ခက်သေးသည်ဟု ပြောနိုင်ပေသည်။
အထဲတွင် အစာသွတ်ထည့်သွင်းသည့်ဟာ မပါသော်လည်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ စားကောင်း မကောင်းမှာ သူ့ဟင်းချက်လက်ရာ၊ ပါဝင်ပစ္စည်းစသည်တို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေသည်။
အစားအစာပါဝင်ပစ္စည်းများမှာ အလိုအလျောက်ပင် စနစ်ကပေးသည့်အရာများဖြစ်ပေသည်။ ထို့အပြင် ဂျုံမှုန့်မှာ အခြားသောပေါက်စီလုပ်သည့်ဂျုံမှုန့်နှင့် မတူချေ။
“စနစ်ရေ ငါတို့ ဂျုံမှုန့်တစ်မျိုးတည်းနဲ့ တခြားပေါက်စီရော မန်ထိုပေါက်စီရော နှစ်မျိုးလုံးလုပ်လို့ရတယ်မဟုတ်ဘူး လား?” ဗီရိုပေါ်တွင် ထင်ရှားလှသော “မန်ထို” ဟူသည့်စာလုံးနှစ်လုံးပုံကို ကြည့်ကာ ယွမ်ကျိုးက ကူကယ်ရာမဲ့နေပုံ ဖြင့် မေးလိုက်သည်။
စနစ်က “အစားအစာတိုင်းမှာ အကောင်းဆုံးသင့်လျော်တဲ့ ပါဝင်ပစ္စည်းဆိုတာရှိတယ်” ဟုဖော်ပြနေသည်။
“ငါတော့ မင်းက တမင်သက်သက်ကို ရက်ရောကြောင်း ညှိနှိုင်းရလွယ်ကြောင်းပြချင်လို့ လုပ်တာပဲထင်တယ်”
ယွမ်ကျိုးက ဘေးကပ်ရက်ရှိ ဂျုံမှုန့်များနှင့်ပြည့်နေသော ဗီရိုနှစ်ခုကိုကြည့်ကာ မညည်းညူဘဲမနေနိုင်တော့ချေ။
သို့သော် စနစ်မှာလည်း သူ့ကိုပြစ်မှားမိပါက ချက်ချင်းပင် မျက်နှာဖြတ်ရိုက်တတ်သည့် အရည်အချင်းကို ပြလေသည်။
စနစ်က “ယန်ဇီမြစ်ရဲ့ အလယ်ပိုင်းနဲ့အောက်ပိုင်းနေရာတွေကို ဆောင်းဂျုံစိုက်တဲ့နေရာတွေလို့ သတ်မှတ်ထားကြ တယ်၊ နေရာတစ်ခုလုံးက ၁၂.၃ ရာခိုင်နှုန်းပဲရှိပေမယ့် အထွက်နှုန်းက ၄၅ရာခိုင်နှုန်းအထိရှိတယ်၊ မတ်လကနေ မေလအတွင်းမှာ အပူချိန်၊အလင်း၊ ရေ အားလုံးက သင့်တင့်မျှတတယ်၊ အဲ့အချိန် အခြားဒေသတွေမှာ မိုးရေချိန်က ၄၅၀မီလီမီတာအထက်မှာရှိတယ် ဆောင်းဂျုံစိုက်ဖို့မသင့်တော်ဘူး”
“တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းနေရာမှာတော့ နွေဂျုံစိုက်တာ၊ အပူချိန်က ဟိုင်လုံကျန်းနဲ့ ကျီလင်ပြည်နယ်တွေမှာ အရမ်းနိမ့်လို့ အဲ့နေရာတွေမှာ နွေဂျုံစိုက်ဖို့သင့်တော်တယ်”
“တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာဆိုရင် နွေဂျုံစိုက်တဲ့နေရာ၊ ဆောင်းဂျုံစိုက်တဲ့နေရာ၊ ရေသွင်းစိုက်တဲ့နေရာနဲ့ မြစ်ဝှမ်းလွင်ပြင်ဒေသဆိုပြီး နေရာတွေရှိတယ်၊ ဆောင်းဂျုံတွေ ကောင်းကောင်းရှင်သန်နိုင်ပြီး အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းတဲ့အပြင် အရသာလည်းရှိတဲ့ ရှင်းကျန်းပြည်နယ်တောင်ပိုင်းကလွဲရင် ကျန်နေရာတော်တော် များများကို နွေဂျုံကနေရာယူထားတယ်"
“နာမည်ကျော် တိဗက်လွင်ပြင်ဒေသကိုတော့ နွေဂျုံရော ဆောင်းဂျုံပါစိုက်တဲ့နေရာအဖြစ် သတ်မှတ်ထားတယ်၊ အပူချိန်၊ အလင်းနဲ့ ရေ အားလုံးဟာ ဂျုံပင်တွေ ကြီးထွားဖွံ့ဖြိုးဖို့ အညှောင့်ပေါက်ဖို့အတွက် အများကြီးသင့်တော် တယ်၊ ရင့်မှည့်ချိန်က ရက်ပေါင်း ၅၀ ကနေ ၈၀အထိကြာနိုင်ပြီး ဂျုံအရသာကလည်း အရမ်းကောင်းတယ်”
“ရပြီ ရပြီ တော်ပါတော့ ငါနားလည်ပါပြီ” နောက်ဆုံးတွင် ယွမ်ကျိုးမှာ စာပိုဒ်ရှည်ကြီးတွင် ခဏအဆက်ပြတ်သွား သည်ကို မြင်သည်နှင့် ချက်ချင်းပြောလိုက်တော့သည်။
စနစ်က “ဂျုံပင်ကို ဆောင်းဦးမှာစိုက်၊ ဆောင်းတွင်းမှာကြီး၊ နွေဦးမှာ ပွင့်လန်း၊ နွေရာသီမှာ ဝတ်မှုန်ကူးပါတယ်၊ အပင် တွေက ဥတုလေးမျိုးစလုံးရဲ့ အနှစ်သာရတွေကို စုပ်ယူပြီး သန့်စင်တဲ့နေရာတွေမှာဆို အံ့သြစရာအရသာကိုပေးစွမ်း နိုင်ပါတယ်” ဟုဖော်ပြပြန်သည်။
“တရုတ်နိုင်ငံမှာ မန်ထိုပေါက်စီစားတဲ့အထောက်အထားကို လွန်ခဲ့သောနှစ်သုံးထောင်ကျော်ခန့် စစ်ပွဲဖြစ်နေသော ကာလများအတွင်းက စခဲ့ကြောင်းတွေ့ရှိခဲ့ရသည်။ ဧကရာဇ်ချင်ကျောင်းက ပေါင်းထားတဲ့ဂျုံပန်ကိတ်တွေကို ပြုလုပ်ခဲ့တဲ့ သမိုင်းဝင်အဖြစ်အပျက်တစ်ခုနဲ့ ချီအာဏာပိုင်တွေက ဂျုံပန်ကိတ်တွေကို တော်ဝင်သင်္ချိုင်းမှာ ဘိုးဘွားများ ဒါမှမဟုတ် နတ်ဘုရားများကို ပူဇော်ပသရန်အတွက် အသုံးပြုခဲ့ကြတဲ့ အဖြစ်အပျက်တွေကို ချီစာအုပ်မှာ ဖော်ပြထားပြီး ထိုအရာတွေအားလုံးဟာ မန်ထိုပေါက်စီရဲ့ ရှေးအကျဆုံးအမျိုးအစားတွေပဲဖြစ်တယ်”
“တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ မန်ထိုပေါက်စီတွေကလည်း လုံးဝမတူကြဘူး၊ ကျန်းစုပြည်နယ်၊ ကျီကျန်းပြည်နယ်နဲ့ ရှန်ဟိုင်းတို့မှာဆိုရင် ဂျုံသားထဲကို အသားပြုတ်ရည်မပါဘဲ အစာသွတ်ထည့်ကြတာကို မန်ထိုလို့ ခေါ်တယ်၊ အစာသွတ်မပါတာကိုကျ လေးလွှာမန်ထိုလို့ခေါ်တယ်၊ ဆန့်ကျင်ဘက်အနေနဲ့ အထဲမှာအသားပြုတ်ရည် ပါတဲ့ဟာကိုတော့ အသားပြုတ်ရည်ပေါက်စီ..ဥပမာအနေနဲ့ပြောရရင် စူးကျိုးက အသားပြုတ်ရည်ဖက်ထုပ်ပေါင်း လိုမျိုးပေါ့”
“တရုတ်ပြည်မြောက်ပိုင်းမှာဆိုရင် အစာသွတ်ထားတဲ့ဟာကို ပေါက်စီလို့ခေါ်ပြီး အစာသွတ်မပါတာကို မန်ထိုလို့ ခေါ်တယ်၊ မြောက်ပိုင်းမှာတော့ အသားပြုတ်ရည်ပါတဲ့ မန်ထိုမရှိဘူး”
“နည်းနည်းလေးပြောခံရတာနဲ့ လူတတ်ကြီးလုပ်ပြနေတော့မှာလား?” ယွမ်ကျိုးမှာ စနစ်၏အနိုင်ယူခြင်းကို ခံလိုက်ရလေသည်။
စနစ်မှာ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သိပ္ပံပညာနှင့်ပတ်သက်၍ ကြွားလုံးထုတ်ခဲ့ပြီးနောက် ယွမ်ကျိုးမှာ အနည်း ငယ် ပြောစရာစကားမရှိဖြစ်သွားသည်။
“သဘောတူညီချက်တစ်ခုလောက်လုပ်ရအောင်၊ ရလား? နောက်တစ်ခါ ငါတို့တစ်ယောက်နဲ့တစ်ယောက်စိတ်အဆင် မပြေကြဘူးဆိုရင် မင်းဒီအတိုင်းဆုတွေပြန်သိမ်းသွားလိုက်ပါလား” ယွမ်ကျိုးက အလေးအနက်အဆိုပြုလာသည်။
သူ့ဗဟုသုတများကို ထုတ်ကြွားပြီးနောက် စနစ်မှာ ယွမ်ကျိုးအား ချက်ချင်းပင်လျစ်လျူရှုလိုက်ပြီး ဆန့်ကျင်ဘက် အနေဖြင့် အစားအစာပါဝင်ပစ္စည်းများ၏ မူလဇစ်မြစ်ကိုပါ စတင်ကြွားလုံးထုတ်ပြန်တော့သည်။
စနစ်က အမျိုးမျိုးသောအစားအစာပါဝင်ပစ္စည်းများအကြောင်း ကြွားလုံးထုတ်နေချိန်တွင် ဂျက်ခ်နှင့် သူ့သူငယ်ချင်းမှာ ပစ္စည်းများကိုထုပ်ပိုးပြီး တရုတ်ပြည်သို့လာရန်ပြင်ဆင်နေကြလေသည်။ဟာသပဲ..ယွမ်ကျိုးက သူတို့အား ရက်အနည်းငယ်ကြာအောင် နှိပ်စက်ထားပြီးဖြစ်သည်။ အခုတော့သူတို့အမိဖမ်းလိုက်ပြီဖြစ်ရာ သဘာဝ အတိုင်းပင် ထိုနေရာသို့ လာရောက်အတည်ပြုလို ကြပေသည်။
အလည်ခရီးသက်သက်ပင်။
“ငါတော့ရူးနေတာပဲဖြစ်မယ်၊ ကောင်မလေးတွေကိုသွားခေါ်တာလည်းမဟုတ်ဘဲ ထမင်းလေးတစ်နပ်အတွက်နဲ့ ငါက ဘာလို့များမင်းနောက်လိုက်ပြီး နိုင်ငံခြားကိုသွားနေမိတာလဲနော်?” မပြောနိုင်တော့သည့်အမူအရာနှင့် ဂျက်ခ်၏ သူငယ်ချင်းမှာ သူ့မျက်ခုံးများကို အဖိုးကြီးတစ်ဦးကဲ့သို့ပင်စုကြုံ့လိုက်သည်။
“မင်းနားမလည်ပါဘူးကွာ၊ ဒါငါ့ဂုဏ်သိက္ခာနဲ့ဆိုင်တယ်ကွ၊ ထင်သလောက်အရသာမရှိဘူးဆိုရင်း ငါအဲ့ကောင်ကို ဘယ်လိုလုပ်မလဲဆိုတာ မင်းစောင့်ကြည့်နေလိုက်” ဂျက်ခ်က ကျောပိုးအိတ်မှ ခါးပတ်ကြိုးကို တပ်လိုက်ကာ ခါးသီးစွာပြောသည်။
“ဒီအတိုင်းလိုင်းပေါ်ကကိစ္စလေးကိုကွာ၊ ငါတို့ဒီလောက်ကြီးစိတ်ထဲထားဖို့လိုလို့လား?” သူ့သူငယ်ချင်းက ဘာမှ မတတ်နိုင်သလို ပုခုံးတွန့်ပြသည်။
“မဟုတ်ဘူး၊ ငါတော့အဲ့လိုမထင်ဘူးကွ၊ မင်းကတရုတ်မဟုတ်ဘူးလား? မင်းက ငါ့ဘာသာပြန်လုပ်လို့ရတာပဲ” ဂျက်ခ်က သူ့သူငယ်ချင်း၏လည်ပင်းကိုဖက်ကာ ရင်းနှီးစွာပြောလိုက်သည်။
“ဟေ့ကောင် အပြောလွယ်သလောက် အလုပ်ခက်တယ်ကွ၊ ငါအရင်က ချန်ဒူမြို့ကို မရောက်ဖူးဘူးလေကွာ” သူ့သူငယ်ချင်းက ဂျက်ခ်၏လက်ကို သူ့လည်ပင်းမှဖြုတ်ကာ မကျေနပ်သလို မျက်လုံးလှိမ့်ပြလိုက်သည်။
မှန်ပေသည်။ ဂျက်ခ်၏သူငယ်ချင်းမှာ တရုတ်လူမျိုးတစ်ဦးဖြစ်သော်လည်း စီချွမ်ပြည်နယ်မှမဟုတ်ပေ။ သူက ဂျက်ခ်၏ အရူးထမှုကို အနည်းငယ်လက်မခံနိုင်ဖြစ်နေသည်။
ဂျက်ခ်အား တရုတ်ပြည်သို့အဖော်လိုက်ပေးရသည့်အကြောင်းရင်းမှာ ဂျက်ခ်က ကောလိပ်ကတည်းက ယခုအချိန်ထိ ပေါင်းနေသည့် သူငယ်ချင်းကောင်းတစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။ သူအမေရိကသို့စရောက်ချိန်တွင် ဒီကောင်က သူ့အားအများကြီးကူညီပေးခဲ့သည်။ ယခုဂျက်ခ်က တရုတ်ပြည်ကိုသွားလိုရာ သူက တာဝန်သိစွာကူညီပေးရပေမည်။
ဒီကောင်သင်ယူထားပြီး ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သည့် တစ်ခုတည်းသောတရုတ်စကားမှာ “ကျေးဇူးတင်ပါတယ်” ဖြစ်သည်။ ထိုနိုင်ငံသို့ သူတစ်ဦးတည်းသွားလျှင် သံရုံးဆီသို့သာသွား၍ အကူအညီတောင်းရ ပေလိမ့်မည်။ ဂျက်ခ်မှာ အမေရိက၌ပင်လမ်းပျောက်တတ်သည်ဖြစ်ရာ တရုတ်ကိုမူ ပြောနေစရာပင်မလိုတော့ချေ။
“အဲ့ဒါက ကိစ္စမရှိပါဘူး၊ မင်းတို့ဘာသာစကားကြီးက ငါ့အတွက်အရမ်းရှုပ်ထွေးနေလို့ပါကွာ၊ ဘာပဲဖြစ်ဖြစ် မင်းသာ ငါနဲ့ပါလာမယ်ဆို ဘာမှမကြောက်တော့ဘူး၊ ငါကအဲ့ကောင်ကို ဆေးကိုသာရောစားလို့ရမယ် စကားကိုတော့ အဲ့လိုအကုန်ပြီးပြီးရောပြောလို့မရဘူးဆိုတာ သင်ပေးဦးမယ်” ဂျက်ခ်က ကျေနပ်စွာပြုံးနေလေသည်။
“မင်းပြောလို့ငါလိုက်မှာနော်၊ သွားကြစို့၊ လေယာဉ်ပေါ်တက်ဖို့ကြေငြာနေပြီ” သူ့သူငယ်ချင်းက မျက်လုံးများကိုလှိမ့် ပြလိုက်ကာ သူ့ရှေ့မှ ဦးဆောင်ထွက်သွားတော့သည်။
ယွမ်ကျိုးလှောင်ပြောင်သည်ကို အခံရဆုံးလူနှစ်ဦးမှာ ယခုတော့သူ့ကိုလာရှာနေချေပြီ....
①မန်ထို ဆိုတာက အစာသွတ်ထားတာမပါတဲ့ ပေါက်စီအလွတ်ကိုပြောတာပါ။
အပိုင်း(၃၄၉)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၃၅၀) အလွှာတစ်ထောင်မန်ထိုပေါက်စီ၏အမည်
တဖက်တွင် စနစ်က သူ၏ကျယ်ပြန့်လှသောဗဟုသုတကို မရပ်မနားဆက်လက်ကြွားလုံးထုတ်လျက်ရှိသည်။
စနစ်က ဖော်ပြလာပြန်သည်။ “လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်က ဂျုံပင်တစ်ပင်ကနေ ဂျုံစေ့ ၁၀-၁၂စေ့ပဲ ထွက်ခဲ့ပေမယ့် အခုချိန်မှာ အစေ့၂၀နှင့်အထက် ထွက်နေပြီဖြစ်လို့ အထွက်နှုန်းနှစ်ဆတိုးလာခဲ့ပြီးဖြစ်တယ်”
“ဒါ့အပြင် အစောဆုံးတွေ့ရှိရတဲ့ ဂျုံအကြွင်းအကျန်တွေကို ရို့ယန်ပြည်နယ်လို့ခေါ်တဲ့ ဒေါင်းမြစ်ဝှမ်းတစ်ဝိုက်မှာ တွေ့ရှိခဲ့ရတယ်၊ ရှေးခေတ်လက်ကျန်ဂျုံနဲ့ မျက်မှောက်ခေတ်ဂျုံကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ဂျုံပင်တစ်ပင်မှာ အကောင်းဆုံးအစေ့အဆန်က ၁၆စေ့ပဲရှိမယ်လို့ စနစ်ကယူဆထားပါတယ်၊ ဒါကြောင့် ဂျုံအထွက်နှုန်းက တစ်ပင်ချင်း စီရဲ့ ပြည့်ပြည့်ဝဝရှိတဲ့၁၆စေ့ပဲဖြစ်တယ်၊ သဘာဝနေရောင်ခြည်နဲ့ မိုးရေချိန်လည်း လုံလောက်ဖို့လိုတယ်”
“စနစ်က ဂျုံစေ့ရွေးချယ်တဲ့အခါ လက်နဲ့တစ်စေ့ချင်း အသေးစိတ်ဂရုစိုက်ရွေးချယ်ခဲ့ပြီး ရှေးခေတ်ဂျုံကြိတ်တဲ့နည်း ကိုအသုံးပြုပြီး ဂျုံမှုန့်ရအောင်ကြိတ်ထားပါတယ်”
“စနစ်ကပေးတဲ့ ဂျုံမှုန့်ကို ၆ကြိမ်တိတိ ဇကာချထားပါတယ်၊ ဒါကြောင့် ဂျုံမှုန့်က ဖြူဖွေးသန့်စင်ကောင်းမွန်ပြီး မန်ထိုလုပ်ဖို့အကောင်းဆုံးရွေးချယ်မှုပါပဲ”
“ဒါ့အပြင်၊ ကဆီဓါတ်၊ အသားဓါတ်၊အဆီဓါတ်နဲ့ ဓါတ်သတ္တုပစ္စည်းတွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓါတ်၊ သိုင်ရာမင်း၊ ရိုင်ဗိုဖလက်ဗင်၊ နိုင်ရာဆင်း၊ ဗီတာမင်အေနဲ့ အမျိုးမျိုးသော အာဟာရဓါတ်တွေလည်း ပေါကြွယ်ဝစွာပါဝင်ပါတယ်။
“အကုန်ပါတယ်..အကုန်, မင်းတို့ဟာကအကောင်းဆုံးလို့ပြောချင်တာပဲမဟုတ်လား၊ နိဂုံးချုပ်ထပ်ပြောရရင်တော့ မင်းတို့ပေးတဲ့ဂျုံမှုန့်ကသာ အကောင်းဆုံး”
ယွမ်ကျိုးမှာ သူ့နဖူးသူပြန်မရိုက်မိဘဲ မနေနိုင်တော့ချေ။
စနစ်မှာ တိတ်ဆိတ်နေပြီး ယွမ်ကျိုးညည်းညူနေသည်ကို အဖက်မလုပ်ပေ။
“စနစ်ရေ..မင်းပေးသမျှအကုန် အကောင်းဆုံးတွေမှန်းငါသိပါတယ်ကွာ၊ ပြီးတော့ ငါစားတဲ့အတွက်လည်း ပိုက်ဆံမပေးရဘူးဆိုရင် ပိုတောင်ကောင်းဦးမယ်သိလား” မကြာခဏဆိုသလို ယွမ်ကျိုးက စနစ်အားစနောက်လေ့ ရှိ သည်။
စနစ်ကတော့ ဘာမှပြန်တုံ့ပြန်လေ့မရှိပေ။
ထုံးစံအတိုင်း စနောက်ပြီးနောက် ယွမ်ကျိုးက သူ့လက်များကို သေချာစွာဆေးလိုက်ပြီး မန်ထိုပြုလုပ်ရန် ပြင်ဆင်တော့သည်။
ပြောရလျှင် ယွမ်ကျိုး၏ လက်ဆေးရေတောင်မှ အကောင်းစားဖြစ်သည်။ အပူချိန်မှာ အနေတော်ပင်၊ မပူလွန်း မအေးလွန်းဘဲ ရှိမှန်းပင်မသိရချေ။
မည်သို့ပင်ဖြစ်စေ ထိုရေမှာ လက်ဆေးခြင်းအတွက် အတော်ပင်သင့်လျော်ကောင်းမွန်ပေသည်။
ယွမ်ကျိုးကဲ့သို့ OCD ရောဂါ(ပုံမှန်မဟုတ်လောက်အောင် အသန့်ကြိုက်ခြင်း၊ စီစီရီရီထားခြင်း)ရှိသူနှင့် ပုံမှန်မဟုတ်လောက်အောင် အမှိုက်နှင့် ရောဂါပိုးမွှားကူးစက်ခြင်းကိုကြောက်သည့်စနစ်တို့မှာ အလွန်လိုက်ဖက်သော ပေါင်းဖက်မှုတစ်ခုပင်ဖြစ်တော့သည်။
အခြားတစ်ဘက်တွင် ယွမ်ကျိုးက အလုပ်မစတင်မီ သူ့နောက်ရှိ ဝါးခြမ်းများကိုယူလိုက်ပြီး ဂျုံမှုန့်ကိုထုတ်ယူလိုက် သည်။
မိုးသောက်ချိန်မှာ တဖြည်းဖြည်းနောက်ကျလာပြီဖြစ်သည်။ မနက် ၇နာရီ ၅၀မိနစ်ခန့်တွင်မှ ကောင်းကင်မှာကြည် လင်ပြီး လင်းလာတော့သည်။
“ယို....ဝူဟိုင်း၊ စောလှချည်လား” စုမူက သူ့ညီမကိုခေါ်လာပြီး သူ့ရှေ့ကရောက်နေသော ဝူဟိုင်ကို လက်လှမ်းပြကာ ပြောလိုက်သည်။
သို့သော် ဝူဟိုင်က သူ့ကို လုံးဝပြန်မဖြေပေ။ ထို့အစား သူသည် ယွမ်ကျိုး၏ စားသောက်ဆိုင်တံခါးဆီသို့ အလျင်အမြန်လျှောက်သွားပြီး တန်းစီစက်ရှေ့တွင် သူ၏ မှတ်ပုံတင်ကတ်ကို ပွတ်ဆွဲလိုက်သည်။ "တီ" ဟူသော အသံထွက်ပေါ်လာပြီးနောက် စက်ပေါ်တွင် ရွေးချယ်စရာနှစ်ခု ပေါ်လာသည်။
ဝူဟိုင်းက အလိုအလျောက်ပင် "အချိန်မှန်စားမယ်" ရွေးချယ်စရာကို ရွေးချယ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် စက်က စာလုံးကြီးကြီးဖြင့် ၁ ဟုရေးထားသော လက်မှတ်တစ်စောင်ကို ထုတ်ပေးလာသည်။ လက်မှတ်ကိုမြင်သောအခါ ဝူဟိုင်မှာ ကျေနပ်စွာပြုံးနေသည်။
“ကျွတ်စ်..ကျွတ်စ်..မင်းကတော့ တစ်စက္ကန့်တောင် အလျှော့မပေးဘူးနော်” စုမူကလည်း သူနှင့် စုယွဲ့ရှန်း၏ အိုင်ဒီကဒ်များကိုယူကာ အသာပွတ်ဆွဲလိုက်သည်။
“ဒါပေါ့..ငါ့နေရာနဲ့အရမ်းနီးတာကိုး” ဝူဟိုင်းက သူ့နှုတ်ခမ်းမွှေးခပ်စစကို အသာသပ်ရင်း ဂုဏ်ယူစွာပြောသည်။
“ဒါတွေအကုန်လုံးမင်းကြောင့်ပဲလေ..အဲ့လိုမဟုတ်ရင် ငါတို့တန်းစီစရာတောင်မလိုဘူး” စုမူက အရှုံးကို လွယ်လွယ် လက်မခံချေ။
"ကိစ္စမရှိပါဘူး။ သူဌေးယွမ်လည်း နောက်ကျ ဒီစက်ကို လိုလာမှာပဲလေ။ ဒါပေမယ့် ငါက ဒီအိမ်ကို ဝယ်တဲ့ကိစ္စမှာ တော့ တော်တော်ဆုံးဖြတ်ချက်မှန်သွားတယ်။" ဝူဟိုင်းက ခေါင်းလှည့်ပြီး လမ်းတစ်ဖက်ရှိ အဆောက်အဦး၏ ဒုတိယထပ်မှာရှိသည့် အနုပညာစတူဒီယိုကို ကြည့်လိုက်သည်။
“မင်းကတော့မိုက်ပါတယ်ကွာ၊ ငါလည်းအိမ်ဝယ်ပြီးရင်းနှီးမြှုပ်နှံဖို့လိုပြီထင်တယ်” စုမူကလည်း ဖြစ်နိုင်ခြေကို စဉ်းစားနေသည်။
“အခုငါတို့အလှည့်လေ” တန်းစီစက်ရှေ့တွင် စကားပြောနေကြသော လူနှစ်ဦးကိုမြင်သောအခါ နောက်တွင်စောင့်နေ သည့် သူများက မနေနိုင်ဘဲ ထိုသို့ပြောလာသည်။
“စိတ်မရှိပါနဲ့ဗျာ” စုမူက သူ့ညီမကိုခေါ်ကာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပေးကာ အခြားသူများအတွက် လမ်းဖယ်ပေးလိုက်သည်။
ထို့နောက် လူအုပ်ကြီးမှာ သူတို့၏ အိုင်ဒီကဒ်များကို စက်တွင် ပျားအုပ်ကြီးပျံဝဲသလို လာရောက်စာရင်းသွင်း တော့သည်။
ယွမ်ကျိုး သတ်မှတ်ထားတဲ့ အချိန်ဟာ အတော်လေး သင့်လျော်လှပေသည်။ဆိုင်ဖွင့်ချိန်မတိုင်ခင် ငါးမိနစ်ခန့် အလိုတွင်ရောက်လာသည့် ဖောက်သည်တွေက ပထမဆုံး နံပါတ်စဉ်နှစ်ဆယ်ကို ရနေပြီဖြစ်သည်။ မှန်ပေသည်၊ သတ်မှတ်ထားသည့်အတိုင်းပင် စောစောရောက်လာသည့် ဖောက်သည်တွေက နံပါတ်အသေးကို ရကြလေသည်။ ဆိုင်ဖွင့်ပြီးနောက်မှ ရောက်လာသူတွေက နံပါတ်စဉ်အကြီးတွေကိုပဲ ရနိုင်တော့သည်။
ထိုနည်းဖြင့် နံပါတ်များကို တစ်ခုချင်းစီရယူရာတွင် စောင့်ဆိုင်းရမည့် အချိန်များစွာကို သက်သာစေခဲ့ပြီး နောက်ပိုင်းရှိ လူများ နံပါတ်မရခြင်းမျိုးလည်းမဖြစ်တော့ပေ။
တန်းစီစက်အသုံးပြုပြီး နှစ်ရက်ကြာသည်အထိ အရာအားလုံးအဆင်ပြေချောမွေ့နေပြီး ပြဿနာတစ်စုံတစ်ရာမရှိခဲ့ ချေ။
“ကျွီ” ဟူသောအသံထွက်ပေါ်လာပြီးနောက် တံခါးပွင့်လာသည်။ ကျိုကျာက အပြင်မှာရပ်နေပြီး ပြုံးကာပြောလာ သည် “ဆိုင်ဖွင့်ပါပြီရှင်”
“..အား..နောက်ဆုံးတော့စားရတော့မယ်၊ ဗိုက်ဆာလို့သေတော့မယ်၊ တော်သေးတယ် ငါက နံပါတ်တစ်ရထားလို့” စားသုံးသူမှာ ဆိုင်ထဲကိုဝင်လာရင်း ကြွားဖို့လည်းမမေ့ပေ။
“ဟုတ်ပါ့၊ ဒီနေ့သူဌေးယွမ်က မနက်စာဘာရောင်းမှာလဲ?” အမြဲလိုပင် စားသုံးသူများက ဟင်းလျာများကိုသာ ပိုဂရုပြုလေ့ ရှိသည်။
“ဒီနေ့ရောင်းမှာက အလွှာတစ်ထောင်မန်ထို၊ ဈေးနှုန်းကတော့ ကြေငြာထားပြီးသား မီနူးမှာကြည့်လို့လည်းရတယ်” ယွမ်ကျိုးက လူတိုင်းရှေ့တွင် သူ့နောက်ဘက်ရှိ နံရံပေါ်ကပ်ထားသည့်မီနူးကိုညွှန်ပြလိုက်သည်။
“မန်ထိုလား? အစာသွတ်မပါတဲ့ဟာလေ?” ဝဝတုတ်တုတ်နှင့် စားသုံးသူတစ်ဦးက မကျေမနပ်ပြောသည်။
“မကြိုက်ဘူးလား၊ မကြိုက်ရင်ငါ့ကိုပေးလို့ရတယ်နော်” ဝူဟိုင်က ထိုကိစ္စမျိုးကို လုံးဝအထိမခံနိုင်ပေ။ ကြားလိုက်သည်နှင့် ချက်ချင်းထရပ်လိုက်လေသည်။
“အဲ့လိုလည်းမဟုတ်ပါဘူး၊ ငါကအခု ဖက်ထုပ်ပြုတ် ဒါမှမဟုတ်လည်း နှမ်းကိတ်လိုမျိုးစားချင်နေတာ၊ အဲ့ဒါမျိုး မစားရတာကြာနေပြီ” ဖက်တီးက သူ့ဗိုက်ကိုအချက်ပေးလိုက်သလိုပုတ်ကာ ပြောလိုက်သည်။
“မင်းစားမကုန်ဘူးဆိုရင် မင်းကိုblacklistမသွင်းအောင် အခုကတည်းကငါ့ကို နည်းနည်းမျှပေးထားပါ့လား” သူ့နှုတ်ခမ်းမွှေးလေးကို သပ်ရင်း ဝူဟိုင်းကအသာပြောသည်။
ပြောနေသည့်ပုံမှာ သူကပဲ အကြင်နာတရားရှိစွာ ကူညီပေးနေသလိုပင်။
“မလိုဘူး မလိုဘူး ငါ့ပုံကိုလည်းကြည့်ပါဦး..ငါစားနိုင်တာ မင်းသိပါလိမ့်မယ်၊ သေချာပေါက်ကုန်အောင်စားနိုင်တာပေါ့” ဖက်တီးက သူ့ဗိုက်ကို တဖတ်ဖတ်ပုတ်ကာ ပြန်လည်ချေပပြောဆိုသည်။
“ဪ” ဝူဟိုင်းက ခေါင်းညိတ်ကာ ထပ်မပြောတော့ချေ။
"ဒီကောင်က သူများကို ထပ်ပြီးလူလည်ကျချင်နေပြန်ပြီ" စုမူက ခေါင်းလှည့်ပြီး စုယွဲ့ရှန်းကို ပြောလိုက်သည်။ ဒါပေမယ့် စုယွဲ့ရှန်းဘာမှပြန်မပြောရသေးခင်မှာပင် သူက ချက်ချင်းဆိုသလို အကြောင်းအရာ ပြောင်းကာ ပြောလိုက်သည်။ "ယွဲ့ရှန်း၊ နင် မန်ထိုပေါက်စီ မကြိုက်ဘူးဆိုတာ ငါမှတ်မိတယ် ဟုတ်တယ်မဟုတ်လား။ ငါ မင်းကို တခြားမုန့်တွေ ဝယ်ကျွေးပြီး မန်ထိုကူစားပေးမယ်"
“အော်...အော်”..မိန်းကလေး၏မျက်နှာပေါ်တွင် အမြင်ကတ်မှုတွေအပြည့်ဖြစ်လာသည်။
သူတို့အားလုံးက အပေါ်စီးကနေ အကြောင်းပြချက်ပေးကာ သူတစ်ပါးအပေါ် အမြတ်ထုတ်ချင်နေကြခြင်းပေ။
အခြားလူ၏အစားအသောက်ကို အမြတ်မထုတ်လိုက်နိုင်သော်လည်း ဝူဟိုင်းစိတ်မပျက်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူက တစ်ကြိမ်တည်းနှင့် အောင်မြင်ခဲ့ဖူးသည်မရှိရာ ထိုကိစ္စကိုအသားကျနေပြီဖြစ်သည်။ သူ့ဆီကို ရောက်လာသည့် အစားအသောက်တွေကို မြင်လိုက်သည်နှင့် ချက်ချင်းစစားတော့သည်။
“ရှင်မှာထားတဲ့ အလွှာတစ်ထောင်မန်ထိုရပါပြီ” ကျိုကျာက ဝါးဖြင့်ပြုလုပ်ထားသည့် ပေါက်စီထည့်သည့် ပေါင်းအိုးကိုသယ်လာကာ ဖက်တီး၏ ရှေ့တွင်ချလိုက်သည်။
“အင်း” ဖက်တီးက ခေါင်းညိတ်ပြသည်။
သစ်ကြားသီအရွယ်ရှိ မန်ထိုပေါက်စီများထည့်ထားသည့် ပေါင်းအိုးအတွင်းမှ အပူငွေ့များလျှံထွက်နေသည်။ အရောင်မှာ နှင်းကဲ့သို့ဖြူဖွေးနေပြီး အပေါ်ယံအလွှာမှာ ငွေရောင်သမ်းနေသည်။ မြင်ရသည်မှာ လက်ရာမြောက်ကာ ချစ်စရာကောင်းနေသည်။
“ဒါမန်ထိုလား? တော်တော်သေးတာပဲနော်၊ တစ်ကိုက်ကို နှစ်လုံးလောက်စားနိုင်တယ်” ဖက်တီးက မန်ထိုပေါက်စီ အနံ့ကိုရှုသွင်းရင်း တတွတ်တွတ်ရေရွတ်နေသည်။
ဖက်တီးပြောသည်မှာမှန်ပေသည်။ မန်ထိုပေါက်စီရှစ်လုံးသာရှိရာ တစ်ကြိမ်လျှင်နှစ်လုံးစီကောက်ယူပြီး ပါးစပ်အတွင်း သို့သွတ်နေလေသည်။
ပါးစပ်ထဲသို့ရောက်သွားသည်နှင့် မန်ထိုပေါက်စီရနံ့မှာ ပျံ့နှံ့သွားတော့သည်။ သေးငယ်လှသောမန်ထိုပေါက်စီ၏ အပေါ်ယံအလွှာမှာ ခပ်တင်းတင်းလေးဖြစ်သည်။ သို့သော် အသာလေးကိုက်လိုက်သည်နှင့် ဂျုံစေ့များ၏သိမ်မွေ့ သောရနံ့မှာ ချက်ချင်းထွက်လာတော့သည်။
ပလုတ်ပလောင်းနှင့် မန်ထိုပေါက်စီကို သေချာ စစားလေသည်။ မန်ထိုအရသာမှာ နူးညံ့ပြီး ခပ်ပွပွလေးဖြစ်သည်။ ဝါးလိုက်ချိန်တွင် အတွင်း၌ အလွှာအများကြီးပါကြောင်းခံစားသိနိုင်ပြီး ဂျုံသားမှာ ချောမွေ့ကောင်းမွန်စွာ ဆက်တိုက် ပေါ်လာသည်။
ရေသောက်စရာပင်မလိုဘဲ အခက်အခဲမရှိမြိုချနိုင်ပေသည်။ မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် ပွပွရွရွ ရှိပြီး အရသာလည်းရှိသည်။
ထိုအချိန်တွင် ဂျုံစေ့များ၏ ရနံ့ပြင်းပြင်းမှာ နှာခေါင်းအတွင်းဝင်ရောက်လာသည်။ ထိုအနံ့အရ အလွန်လတ်ဆတ်သောဂျုံမှုန့်ဖြင့်လုပ်ထားကြောင်း အလွယ်တကူသိနိုင်လေသည်။ ပြင်ပအရသာအကူအညီအနည်းငယ်မျှပင်မရှိဘဲ ဂျုံမှုန့်စစ်စစ်ကိုသာ ခံစားရပေသည်။
ဤသည်မှာ သူတို့မျှော်လင့်စောင့်စားနေခဲ့သော လတ်ဆတ်သည့်ခံစားချက်ပင်ဖြစ်သည်။
“တော်တော်သေးတာ ဆိုးတယ်၊ ငါ့မျက်နှာလောက်သာကြီးရင် လက်နှစ်ဘက်နဲ့ကိုင်ပြီး သေချာစားလို့ရတယ်၊ သူဌေးယွမ်ရဲ့ လက်ရာနဲ့ဆို အရသာရှိမှာပဲ” ဖက်တီးက မန်ထိုပေါက်စီတချို့ကိုစားပြီးနောက် မကျေနပ်ချက်အပြည့် နှင့် အော်ပြောလေသည်။
အရသာတော့ရှိသည်။ မန်ထိုပေါက်စီသာအဲ့လောက်ကြီးခဲ့ရင် နူးညံ့အရသာရှိတဲ့ဟာကို မခံစားမိဘဲနေမည်မဟုတ် ချေ။
“သေးတယ် သိပ်သေးလွန်းတယ်” မန်ထိုပေါက်စီကိုမြိုချရင်း ဖက်တီးက တစ်ယောက်တည်းပြောနေသည်။
သူ့ပါးစပ်မှာ အလုပ်ရှုပ်နေပါသော်လည်း ရပ်မသွားချေ။
အစာသွတ်မပါရင် မကောင်းလောက်ဘူးဆိုတဲ့အတွေးမှာ အရပ်လေးမျက်နှာသို့ လွင့်စင်ပျောက်ကွယ်သွားပြီဖြစ်သည်။