← Chapters

လေနှင့်မိုးကို ဆင့်ခေါ်ခြင်း

Vol. 3 Ch. 257

လေနှင့်မိုးကို ဆင့်ခေါ်ခြင်း

Vol. 3 Ch. 257

ကူရှန်ဝတ် ကျောင်းတော်ရှေ့တွင် မြို့သူမြို့သားများ စုရုံး ရောက်ရှိ နေကြလေသည်။ ထိုသူများကို ဦးဆောင်သူမှာ မြို့နယ် အုပ်ချုပ်ရေးမှူး ချန်ဖြစ်လေသည်။

ကူရှန် နတ်မိမယ်မှာ မြို့သူမြို့သားများ ယုံကြည် ကိုးကွယ်ကြသည့် နတ်မိမယ် ဖြစ်လေသည်။ ထို့ပြင် မြို့နယ် အုပ်ချုပ်ရေးမှုး ချန်မှာလည်း အကြံကုန်နေပြီ ဖြစ်သည့်အတွက် ကူရှန်ဝတ် ကျောင်းတော်သို့သာ ရောက်လာ ရလေသည်။

ကူရှန်နတ်မိမယ်က မိစ္ဆာပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိပါက လူအများ၏ ယုံကြည်မှုကို ဆုံးရှုံးရမည် ဖြစ်လေသည်။ ထိုသို့ ဖြစ်သွားပါကလည်း မြို့နယ် အုပ်ချုပ်ရေးမှူး ချန်အနေဖြင့် မတတ်နိုင်ပေ။

သူ၏ ရည်ရွယ်ချက်မှာ အများ အကျိုး ဆောင်ရွက်ရန်သာ ဖြစ်လေသည်။

မြို့နယ် အုပ်ချုပ်ရေးမှူးချန်သည် နန်းတွင်း စာပေပညာရှင် ဝတ်စုံကို ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး သူ့မျက်နှာက တည်ကြည် လေးနက်နေလေသည်။ သူက ပူဇော် သက္ကာယများဖြင့် နတ်မိမယ်ကို ပူဇော်ပြီး ဆုတောင်းစာများကို ရွတ်ဖတ်နေလေသည်။ သူက ဘုရင့်နန်းတော် စာပေပညာရှင် စာမေးပွဲတွင် ဒုတိယအဆင့်ဖြင့် အောင်မြင်ခဲ့သည့် စာပေပညာရှင် ဖြစ်သည့် အတွက် ဆုတောင်းစာကို စာသံပေသံကျစွာ ရွတ်ဖတ် တတ်သူတစ်ယောက် ဖြစ်လေသည်။

ဝတ်ကျောင်းတော် ထဲတွင်တော့ ချီးစန်းကွမ်းမှာ ကူရှန်နတ်မိမယ်နှင့် စကား ပြောနေလေသည်။

ရုတ်တရက်…

ဝတ်ကျောင်းတော်ထဲတွင် အဖြူရောင် အလင်းတန်းများ လင်းလက် လာလေသည်။ ချီးစန်းကွမ်းမှာ စွမ်းအား အနည်းငယ်ရှိသည့် အတွက်သာ ထိုအလင်းတန်းများကို မြင်နိုင်ပြီး အခြား သူများကတော့ မြင်တွေ့ရမည် မဟုတ်ပေ။

ကူရှန်နတ်မိမယ်သည် သက်ပြင်း တစ်ချက် ချလိုက်ပြီး နတ်မိမယ် ရုပ်တုထဲမှ ထွက်ခွာ သွားလေသည်။ အဖြူရောင် အလင်းတန်းများက သူမခန္ဓာကိုယ်မှ ဖြာထွက် နေလေသည်။ သူမ၏ မျက်နှာသည် သူတော်စင်ကဲ့သို့ ကြည်လင် နေလေသည်။

သူမသည် ယွီကွမ်းမြို့ရှိ အလှဆုံး မိန်းမပျိုထက်ပင် ချောမော လှပနေသေးသည်။

အဖြူရောင် အလင်းတန်းများက ကြာပန်းများအသွင် ပြောင်းလဲသွားကြပြီး သူမနောက်မှ မျောလွင့်ပြီး လိုက်ပါ သွားကြလေသည်။ သူမက ဝတ်ကျောင်းတော် အပြင်သို့ ထွက်လိုက်လေသည်။

လက်ထဲတွင် စပါးပင်များကို ပွေ့ကိုင်ထားသည့် မြင့်မြတ်သည့် နတ်မိမယ်ကို လူသားတိုင်း မြင်တွေ့ ကြရလေသည်။

ဝတ်ကျောင်းတော်ရှေ့မှ လူများအားလုံးက ဒူးထောက် လိုက်ကြပြီး နတ်မိမယ်ကို ဝပ်တွား ကန်တော့ လိုက်ကြသည်။

“နတ်မိမယ်၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်ပါဦး”

မြို့နယ် အုပ်ချုပ်ရေး မှူးချန်မှာ လွန်စွာမှ အံ့သြ သွားရလေသည်။

ယခုကဲ့သို့ နတ်မိမယ် တစ်ပါး ကိုယ်ထင်ပြခြင်းကို သူ့ဘဝတွင် ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ နတ်မိမယ်မှာ အလွန် ကျက်သရေ ရှိလှပြီး မျက်ဝန်းများကလည်း တောက်ပ နေလေသည်။ ဝတ်ကျောင်းတော်ထဲမှ ရုပ်တုနှင့်ဆာလျှင် လွန်စွာမှ ချောမော လှပလွန်းနေလေသည်။

ကူရှန်နတ်မိမယ်က တောက်ပနေသည့် မျက်ဝန်းများဖြင့် ဝတ်ကျောင်းတော်ရှေ့မှ မြို့သူ မြို့သားများကို တစ်ချက် ကြည့်လိုက်သည်။

“သင်တို့ ဝတ်ပြု ကိုးကွယ်ကြတဲ့ ပူဇော်ပသမှုတွေ အတွက် ကျွန်မ ပြန်ပေးဆပ်ပါ့မယ်၊ သင်တို့အတွက် မိစ္ဆာနတ်ဘုရားကို ရင်ဆိုင်ပေးပါ့မယ်"

သူမက ကြည်လင်သည့် အသံဖြင့် ပြောလိုက်လေသည်။

စကားဆုံးသွားသည်နှင့် နတ်မိမယ်နောက်မှ ကြာပန်းလေးများသည် နတ်မိမယ်ရှေ့သို့ ပျံသန်း ရောက်ရှိ လာကြလေသည်။ သူမက ထိုကြာပန်းလေးများကို နင်းကာ တစ်လှမ်းချင်း လမ်းလျှောက် သွားလေသည်။ သူမ ခြေလှမ်းပြီးသည်နှင့် ကြာပန်းလေးများက ပျောက်ကွယ် သွားလေသည်။ သို့သော် သူမ နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်မံ လှမ်းနိုင်ရန် အတွက် သူမရှေ့တွင် ကြာပန်း တစ်ပွင့် ပေါ်လာလေသည်။

ကြာပန်းလေးများပေါ်တွင် ခြေလှမ်းလှမ်းရင်း ကူရှန် နတ်မိမယ်သည် ယွီကွမ်းမြို့လေးထဲသို့ ဝင်သွားလေသည်။ သူမ၏ လှပသည့် ကျောပြင်လေးကို ဝတ်ကျောင်းတော်ရှေ့မှ မြို့သူမြို့သားများက ငေးမောရင်း ကျန်ရစ် ခဲ့ကြလေသည်။ သူတို့စိတ်ထဲတွင် ကြောက်ရွံ့ခြင်းများ ကင်းဝေး သွားသော်လည်း ဝမ်းနည်းမှုကို ခံစားလိုက်ရလေသည်။ သူတို့က ကူရှန်နတ်မိမယ်၏ အမည်ကို အော်ဟစ် ရွတ်ဆိုကြလေသည်။

မြို့တော် ခန်းမထဲတွင် မျက်လုံးမှိတ်ပြီး ထိုင်နေသည့် ယန်ရွှီး၏ မျက်လုံးများ ပွင့်လာပြီး….

“ဒီနတ်မိမယ်က တော်တော် သတ္တိကောင်းတာပဲ၊ ပြီးတော့ သူ့ရဲ့ နတ်ဘုရား စွမ်းအားတွေကလည်း တော်တော် သန့်စင်တယ်၊ အံ့သြစရာပဲ”

ဟု ရေရွတ် လိုက်လေသည်။

ကူရှန်နတ်မိမယ်သည် တိုက်ခိုက်ရန်အတွက် မည်သည့် လက်နက်ကို အသုံးပြုရမည်လဲဟု တစ်ချက် စဉ်းစားလိုက်ပြီးမှ သူမလက်ထဲတွင် ဓားရှည်တစ်လက်ကို ဖန်ဆင်း လိုက်လေသည်။

သူမက ရေငန်းသီးပင်လေး အဖြစ် စတင် မွေးဖွား ဖြစ်တည်လာသည့် အချိန်တွင် သူမ ပထမဆုံး တွေ့မြင်ခဲ့ရသည့် အရာမှာ ဓားတစ်လက် ဖြစ်လေသည်။ သခင်ကြီးနှင့် သခင်မကြီးသည် သူမရှေ့တွင် ဓားသိုင်း လေ့ကျင့်လေ့ ရှိကြလေသည်။ ထိုဓားသိုင်းမှာ အလွန် မှော်ဆန်လွန်းသည့်တိုင် သူမအနေဖြင့် နားလည်ခြင်းတော့ မရှိခဲ့ပေ။

သခင်မကြီး ကွယ်လွန် သွားပြီးသည့်နောက် သူမ သေမလို ဖြစ်ခဲ့ရသေးသည်။

သခင်ကြီးက နောက်အိမ်ထောင် ပြုလိုက်ပြီး နောက်ပိုင်း ဓားသိုင်း လေ့ကျင့်ခြင်း မပြုလုပ်တော့ပေ။ သခင်ကြီး၏နောက်အိမ်ထောင်မှာ ငယ်ရွယ်ပြီး သခင်မကြီးထက်ပင် ချောမောလှပသေးသည်။ သို့သော် သခင်ကြီးက သူမနှင့် ဓားသိုင်းလေ့ကျင့်လေ့ မရှိပေ။

နောက်ပိုင်းတွင်တော့ သခင်ကြီးမှာ ထိုအမျိုးသမီးကိုခေါ်ကာ နောက်ထပ် အိမ်တော်တစ်ခုသို့ ပြောင်းရွှေ့ နေထိုင်လေသည်။ ပြောင်းရွှေ့ သွားပြီးသည့် နောက်ပိုင်း သခင်ကြီးသည် သူမကို လာကြည့်လေ့မရှိတော့ပေ။

နောက်ဆုံးတစ်ကြိမ် သခင်ကြီးရောက်လာသည့် အခါတွင်တော့ အိမ်အဟောင်းနှင့်အတူ သူမကိုပါ လူ့လောကသို့ ယူဆောင် သွားခဲ့လေသည်။ ထို့နောက် အလွန် ချောမောလှပသည့် သခင်လေး တစ်ယောက်ကို အိမ်သို့ခေါ်လာကာ ဓားပညာ သင်ကြားပေးလေသည်။

သို့သော် သခင်ကြီး၏ နောက်မိန်းမ လူ့လောကသို့ လိုက်လာသည့် အခါတွင်တော့ သူမကို လူ့လောကတွင် ထားခဲ့ကာ သခင်ကြီးလည်း ပျောက်ကွယ် သွားခဲ့လေသည်။

သခင်ကြီးထံမှ ဓားပညာသင်ယူခဲ့သည့် သခင်လေးနှင့် ထပ်မံဆုံတွေ့သည့် အချိန်တွင်တော့ သူမက သေလုမျောပါး ဒဏ်ရာရထားခြင်း ဖြစ်လေသည်။ အသွင်ပြောင်းရန် အတွက် မိုးကြိုး ပစ်ခံရမှုတွင် ကျရှုံးခဲ့ရပြီး အစိမ်းရောင် တစ္ဆေမင်းကြီး၏ တိုက်ခိုက်မှုကိုလည်း ခံခဲ့ရလေသည်။ သူမကို သခင်ကြီးပေးခဲ့သည့် အသွင်ပြောင်း အိမ်ပုံသဏ္ဌာန် ပစ္စည်းလေးကိုလည်း ဆုံးရှုံးခဲ့ရသည်။

သခင်ကြီးထံမှ ဓားသိုင်း သင်ယူခဲ့သည့် လူငယ်လေးသည် သခင်ကြီး၏ တပည့်ဖြစ်သည့် အတွက် လူသားများ၏ အလေ့အထအရ သူမက သခင်လေးဟု သတ်မှတ်ခဲ့လေသည်။

သခင်လေးမှာ သခင်ကြီးဆီတွင် ဓားသိုင်း သင်ယူစဉ်က အတိုင်းပင် ငယ်ရွယ် ချောမောနေဆဲ ဖြစ်လေသည်။ သို့သော် ယခုအခါတွင်တော့ သူ၏ တန်ခိုးစွမ်းအားများမှာ အလွန် ကြီးမားနေပြီး “ရှန်” ဝါဒလမ်းစဉ်ကို အသုံးပြုကာ သူမကို နတ်မိမယ် တစ်ပါးအဖြစ် ရပ်တည်နိုင်ရန် ကူညီ ပေးခဲ့လေသည်။

ထို့နောက်တွင်တော့ သခင်လေးလည်း ထွက်ခွာ သွားခဲ့လေသည်။

သခင်ကြီးကဲ့သို့ပင် သခင်လေးကိုလည်း ဘယ်သောအခါမှ ပြန်လည် တွေ့ရတော့မည် မဟုတ်ဟု သူမထင်ခဲ့မိလေသည်။

သို့သော်…

ယခုတော့ သခင်လေး သူမဆီသို့ ပြန်ရောက် လာခဲ့လေသည်။ အချိန် ခုနစ်နှစ် ကြာခဲ့ပြီးသည့်တိုင် သခင်လေးမှာ အရင်က အတိုင်း ချောမောလှပနေဆဲ ဖြစ်လေသည်။ သို့သော် သူ့ကို ကြည့်ရသည်မှာ ဒုက္ခ ရောက်နေပုံရသည်။

သခင်လေး၏ ရန်သူက သခင်လေးနောက်သို့ လိုက်နေပြီး သခင်လေး အနေဖြင့် ထိုရန်သူကို မျက်ခြေ မဖြတ်နိုင်ပေ။ ထို့ကြောင့် သခင်လေးက ထိုသူကို တားဆီးရန် အတွက် သူမကို အကူအညီ တောင်းခဲ့လေသည်။ ရန်သူကို ရင်ဆိုင်ရန် အတွက် ဆယ့်ငါးရက်ခန့် အချိန်ယူရမည်ဟု သခင်လေးက ပြောခဲ့သည်။

နည်းလမ်းရှာ၍ မရလျှင်လည်း ဆယ့်ငါးရက် ပြည့်သည်နှင့် သူပြန်လာမည်ဟု သခင်လေးက မှာခဲ့လေသည်။

ယခုတော့ ဆယ့်ငါးရက် ပြည့်ခါနီးပြီ ဖြစ်လေသည်။

သခင်လေး ပြန်ရောက်မလာခင်မှာပင် သခင်လေး၏ ရန်သူသည် ယွီကွမ်းမြို့ထဲသို့ မကောင်းဆိုးဝါးများ ခေါ်လာခဲ့ပြီ။ သူမအနေဖြင့် ထိုမိစ္ဆာနတ်ဘုရားကို မနှိမ်နင်းနိုင်လျှင် လူအများ၏ ယုံကြည်မှု ဆုံးရှုံးကာ နတ်မိမယ် တစ်ပါးအဖြစ် ရပ်တည် နိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် မြို့သူမြို့သားများ အတွက် မိစ္ဆာနတ်ဘုရားကို သူမ ရင်ဆိုင်ရမည် ဖြစ်လေသည်။ မိစ္ဆာ နတ်ဘုရားကို သူမ အနိုင်မယူနိုင်သည့်တိုင် သူမအနေဖြင့် ထိုင်ကြည့် မနေသင့်ပေ။

ယွီကွမ်းမြို့လေးမှ လူအများ၏ ဆုတောင်းသံက သူမ ကိုယ်တွင်းသို့ စီးဆင်း ဝင်ရောက် လာလေသည်။

သူမ၏ နတ်ဘုရား တန်ခိုးစွမ်းအားမှာလည်း တဖြည်းဖြည်း ကြီးမား လာလေသည်။ သို့သော် သူမ အနည်းငယ်တော့ တုန်လှုပ် နေလေသည်။ ထို့ကြောင့်ပင် သူမက ရန်သူကို တိုက်ခိုက်ရန် အတွက် ဓားတစ်လက် ဖန်ဆင်းလိုက်ခြင်း ဖြစ်လေသည်။

သူမ ဖန်ဆင်းလိုက်သည့် ဓားမှာ သူမ မှတ်မိနေသည့် သခင်ကြီး ကိုင်ဆောင်လေ့ ရှိသည့် ဓားဖြစ်လေသည်။ သူမ၏ နတ်ဘုရား စွမ်းအားများ မြင့်တက်လာလေ အတိတ်မှ အကြောင်းအရာများကို ပိုပြီး မှတ်မိလာလေ ဖြစ်လေသည်။

ကောင်းကင်မှာ တဖြည်းဖြည်း မှောင်မိုက် လာလေသည်။ မြို့တော်ခန်းမထဲတွင် မကောင်းဆိုးဝါးများစွာ ရှိနေပြီး ဝင်လိုက် ထွက်လိုက် ပြုလုပ် နေကြလေသည်။ မကောင်းဆိုးဝါး များက သူမအနားသို့ တိုးကပ်ရန် ကြိုးစားသော်လည်း သူမကိုယ်မှ ထွက်ပေါ်နေသည့် အဖြူရောင် အလင်းတန်း များကြောင့် အနားသို့ မကပ်နိုင်ကြပေ။

မြို့တော်ခန်းမ တံခါးမှာ ပိတ်ထားခြင်း မရှိပါ။ ဟာလာဟင်းလင်း ပွင့်နေလေသည်။

လှပသည့် နတ်မိမယ်လေးသည် မြို့တော်ခန်းမ ရှေ့တွင် ရပ်နေလေသည်။ သူမမှာ ဆုတောင်းသံများကြောင့် တန်ခိုးစွမ်းအားများ မြင့်တက်လာပြီး သတ်ဖြတ်လိုသည့် အငွေ့အသက် များလည်း ထွက်ပေါ် နေလေသည်။

သို့သော် ယန်ရွှီးက လေတစ်ချက် မှုတ်လိုက်သည်နှင့် နတ်မိမယ်ထံမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များက ပျောက်ကွယ် သွားရလေသည်။

ယန်ရွှီးဆိုသူက ထိုကဲ့သို့သော နတ်မိမယ်မျိုးကို ကြောက်ရွံ့သူမှ မဟုတ်ပေပဲ။

ယန်ရွှီး မှုတ်လိုက်သည့် လေမှာ သာမန်မဟုတ်ပါ။ ထိုလေက နတ်မိမယ်၏ သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ငြိမ်းသတ် လိုက်ပြီးသည့်နောက် ကောင်းကင်ထက်သို့ ရောက်ရှိသွားကာ လေနှင့်မိုးကို ဆင့်ခေါ်လိုက်လေသည်။

ယွီကွမ်းမြို့လေးတွင် မိုးများစွာ ရွာသွန်း လာလေတော့သည်။

ပတ်ဝန်းကျင် တစ်ခုလုံးမိုးရေများ လျှံနေပြီး ယွီစွေမြစ်တွင်လည်း ရေများဒရကြမ်း စီးဆင်းနေလေသည်။

“မင်း အရှုံးမပေးရင် မိုးက ရပ်မှာ မဟုတ်ဘူးနော်”

ယန်ရွှီး၏အသံမှာ မိုးသံကို ဖုံးလွှမ်းသွားရုံသာမက ယွီကွမ်း တစ်မြို့လုံးမှ လူများပင် ကြားရလေသည်။

မြို့သူမြို့သားများမှာ ယန်ရွှီး၏ အသံကို ကြားသည်နှင့် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာတော့သည်။

ယခုနှစ်များ အတွင်းတွင် မိုးလေဝသ မှန်ကန်ပြီး စိုက်ပျိုးရေးမှာလည်း အောင်မြင် ခဲ့လေသည်။ ယခုတော့ မိုးများစွာ ရွာသွန်းနေသည့် အတွက် စိုက်ခင်းများ ပျက်စီးရတော့မည်။

သူတို့က ကူရှန်နတ်မိမယ်ကို ယန်ရွှီးကို နှိမ်နင်းရန် အတွက် ဆုတောင်းမှု ပြုခဲ့ကြသည်။ သို့သော် ယခုတော့ သူမ အရှုံးမပေးလျှင် မိုးကြီးလေကြီးကျမည်ကို စိတ်ပူမိကြပြန်ပြီ။

ယန်ရွှီးသည် မတ်တတ် ရပ်လိုက်ပြီး မြို့တော်ခန်းမ အပြင်ဘက်သို့ ထွက်ခွာလာလေသည်။

***

All Chapters