← Chapters

အလှည့်အပြောင်းများစွာ၄

Vol. 47 Ch. 463

အလှည့်အပြောင်းများစွာ၄

Vol. 47 Ch. 463

ပေါင်ဟွားနတ်သမီးသည် ဤမျှပြတ်သားလှသော စကားမျိုးကို ကြားရခဲသော်လည်း သူမသည် ဒေါသထွက်မည့်အစား သက်ပြင်းချရင်းသာ မတတ်သာသလို ရှင်းပြလိုက်လေသည်။

“ထားလိုက်ပါတော့စိတ်ချပါ။ ပေးမယ်လို့ ကတိပေးထားတဲ့ ပေါင်ဟွားဆေးလုံးတွေကတော့ ပေးမှာပဲ။ရှင် အရင်ဆုံး ဂိုဏ်းကိုပြန်သွားပြီး ကျွန်မကို စောင့်နေလိုက်တော့။”

မည်သို့ပင်ဖြစ်စေ၊ လူတိုင်းသည် မိမိနှင့် မသက်ဆိုင်သော သူစိမ်းများအတွက် အသက်စွန့်ရန် မျှော်လင့်၍ မရနိုင်ပေ။ သူမအနေဖြင့် ကံဆိုးသည်ဟုသာမှတ်ယူရပေလိမ့်မည်။ ဂိုဏ်းမှ ထွက်လာသည်နှင့် ကိစ္စများမှာရှုပ်ထွေးကုန်ပြီ ဖြစ်ရာ နောက်တစ်ကြိမ် လွတ်မြောက်ရန်အခွင့်အရေးကိုသာ စောင့်ရတော့မည်။

ဤသို့ တွေးတောမိသော်လည်း သူမသည် နောက်ပြန်ဆုတ်ရန် အစီအစဉ်မရှိပေ။ သူမ ကိုယ်တိုင်တာဝန်ယူမည်ဟု ပြောထားခဲ့သဖြင့် အဆုံးထိဆောင်ရွက်ရန်သာ ရည်ရွယ်ထား၏။

ရှောင်မိသားစုခံတပ်ကဲ့သို့သော နေရာလေးတွင် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း သတ္တမအဆင့်နှင့် အထက်ရှိသော ကျင့်ကြံသူရှိနေလိမ့်မည်ဟု သူမ မယုံကြည်ပေ။

“အင်း။”

ရှန်းယီသည် အသက်ရှူနှုန်းကို ပြန်လည် ထိန်းညှိလိုက်ပြီးမတ်တပ်ရပ်ကာ အဘိုးကျန်းကို တစ်ချက် ကြည့်လိုက်၏။ ထို့နောက် ကောင်းကင်ဘုံသို့နဂါးကခုန်ခြင်းနည်းစနစ်ကို ထုတ်ဖော်လိုက်လေသည်။

“အကြီးအကဲပေစွေ့... ဂရုစိုက်ပါဦး။” အဘိုးကျန်းမှာမူ ဆုတ်ခွာရန်သာ စဉ်းစားနေခဲ့ခြင်း ဖြစ်ရာ ယခုအခါတွင် ဘာမျှ ထပ်မပြောတော့ဘဲ ကမန်းကတန်းဦးညွှတ်နှုတ်ဆက်ကာ ဖျာပုံစံ လက်နက်တစ်ခုကို ထုတ်ယူလိုက်သည်။

သူ လေထဲသို့ ပျံတက်ရန် ပြင်လိုက်စဉ်မှာပင်...

နေမင်းကိုပင် ကွယ်လုနီးပါးကျယ်ပြောလှသော မြစ်ကြီးတစ်စင်းသည် ကောင်းကင်ယံတွင် ရုတ်တရက်ပေါ်ပေါက်လာပြီး မြေမြို့ရိုးတစ်ခုလုံးကိုလွှမ်းခြုံထားသည့် ကြီးမားသောလက်ဝါးကြီးတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားလေတော့သည်။

“ငါ ပြောထားတယ်နော်၊ မင်းတို့သာ အကူအညီတောင်းရဲရင်... တောင်းတဲ့အကြိမ်တိုင်းအတွက် ငါ မြို့တစ်မြို့ကို ဖျက်ဆီးပစ်မယ်။”

အေးစက်လှသော အသံသည် ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေ၏။

“...”

နောက်ထပ်အလှည့်အပြောင်းတစ်ခု ပေါ်ပေါက်လာပြန်ချေပြီ။ ပေါင်ဟွားနတ်သမီးသည် အံကြိတ်လိုက်မိပြီး သူမ၏ရင်ထဲရှိ မရေမရာဖြစ်နေသော စိုးရိမ်စိတ်များမှာ ပိုမို ပြင်းထန်လာခဲ့သည်။ ၎င်းမှာ ရောက်ရှိလာသူ၏ ခွန်အားကြောင့် မဟုတ်ပေ။

ဤမျှအစွမ်းထက်သော ခွန်အားပြသမှုမျိုးကို ရတနာပန်းပွင့်ဂိုဏ်းမှ ပေးပို့ထားသော သတင်းစကားများတွင် စကားတစ်လုံးမျှပင် မပါရှိခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းအတွင်းရှိသူများက ဤအကြောင်းကို လုံးဝမသိရှိဘဲ နေလိမ့်မည်ဟု သူမ မယုံကြည်ပေ။

သို့သော် ယခုအချိန်တွင် တွန့်ဆုတ်နေရန် အချိန်မရှိတော့ဘဲ သူမသည် ကောင်းကင်ယံသို့တိုက်ရိုက် ပျံတက်သွားလေသည်။

သို့ရာတွင် သူမ မလှုပ်ရှားရသေးမီမှာပင် စူးရှလှသော ဖီးနစ်ငှက်၏အော်မြည်သံကို ကြားလိုက်ရလေသည်။

ကျွီ...

တောက်ပလှသောရွှေရောင်မီးလျှံများသည် အားကောင်းသော မြစ်ကြီးတစ်စင်းကဲ့သို့ တိုးထွက်လာပြီးကြီးမားလှသော အတောင်ပံတစ်စုံကို ဖြန့်လိုက်သည့်အလား ကောင်းကင်ယံကို မှောင်မိုက်သွားစေသည့် လက်ဝါးကြီးကို ပြင်းထန်သော အင်အားဖြင့် ရိုက်ချပစ်လိုက်လေသည်။

ထိုရွှေရောင်အတောင်ပံများအကြားတွင် မှင်ရောင်ဝတ်ရုံနှင့်ပုံရိပ်သည် ကောင်းကင်ယံ၌ မြင့်မားစွာ ရပ်တည်နေ၏။ ရှန်းယီ၏ မှောင်မိုက်သော မျက်ဝန်းများတွင် အလင်းစက်များ ဖြတ်ပြေးနေပြီးနဖူးထက်တွင် ရွှေရောင်မီးလျှံများ ကခုန်နေလေသည်။

သူ၏ နှုတ်ခမ်းကိုတင်းတင်းစေ့ထားပုံမှာ နတ်ဘုရားကဲ့သို့ တည်ငြိမ်မှုအပြင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်များကိုပါ ထပ်လောင်း ပေးနေသယောင် ရှိလေ၏။

ပေါင်ဟွားနတ်သမီးသည် သူ့ကို နားမလည်နိုင်သလို ကြည့်နေမိသည်။

ဘာပဲဖြစ်ဖြစ် ပေါင်ဟွားဆေးလုံးတွေ ပေးမယ်လို့ သဘောတူထားပြီးပြီပဲ၊ သူက ဘာလို့ ဆက်ပြီး...

“...”

ကြီးမားသော လက်ဝါးကြီးမှာ လှိုင်းတံပိုးများအဖြစ်ကြေမွသွားပြီး ၎င်း၏နောက်ကွယ်မှ ပုံရိပ် ပေါ်ထွက်လာသည်။ ၎င်းမှာ ဧရာမငါးခူနတ်ဆိုးကြီးဖြစ်ပြီး သူ၏အရွယ်အစားမှာ ဝတ်ဆင်ထားသောသံချပ်ကာကိုပင် ဖောက်ထွက်လုနီးပါး ဖြစ်နေ၏။ ရေသတ္တဝါမျိုးနွယ်စုများအကြားတွင် ဟုန်ကျယ်ဒေသ၌ သူတို့၏ အဆင့်အတန်းမှာ မြင့်မားလှပေသည်။

ထို့အပြင် ဤနတ်ဆိုးမှာ အဆင့်တစ်ခုကို ကျော်ဖြတ်ပြီးသူဖြစ်ရာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် လေး နှင့် ညီမျှသော နတ်ဆိုးတစ်ကောင်ဖြစ်ပေသည်။ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ သူသည် ရှောင်မိသားစုခံတပ်ကို ပစ်မှတ်ထားစရာအကြောင်းရင်းမရှိသယောင်ပင်။

“မင်းရဲ့စိတ်ခန္ဓာကိုယ်ဝိညာဉ်နည်းစနစ်ကို ယုံကြည်ပြီး ဝင်ပါရဲတာကိုး။”

ငါးခူနတ်ဆိုးကြီးသည် မှင်တက်နေရာမှ သတိပြန်ဝင်လာပြီး ရေထဲမှသုံးခွမိန်းလှံတစ်ခုကို ဆင့်ခေါ်ကာကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင် အခြားပုံရိပ် သုံးခုလည်း ပေါ်ထွက်လာ၏။

သူတို့၏ အငွေ့အသက်များမှာ ရှေ့တွင်အသတ်ခံလိုက်ရသော နတ်ဆိုးနှင့် ဆင်တူကြသည်။

“ငါ အခုပဲရှင်းရှင်းပြောလိုက်မယ်။ မင်းရဲ့ နောက်ခံက ဘာပဲဖြစ်ဖြစ်၊ ဘယ်နှစ်ယောက်ကိုပဲ အားကိုးနေပါစေ၊ ဒီနေ့ကိစ္စကို မင်းတို့မတားနိုင်ဘူး။ မယုံရင် ရတနာပန်းပွင့်ဂိုဏ်းကိုပဲ မေးကြည့်လိုက်။”

“ငါတို့က အခြေအနေကို ပိုပြီးမဆိုးရွားစေချင်ဘူး။”

“အခုချက်ချင်းဆုတ်ခွာသွားပြီး ဒီကိစ္စနဲ့ ဝေးဝေးနေမယ်ဆိုရင် မင်းတို့အသက်ကိုချမ်းသာပေးမယ်။”

သူ၏ လေသံတွင် ယုံကြည်မှုများ ပြည့်နှက်နေသည်။ ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အလယ်အလတ်အဆင့်သို့ ရောက်ခါစ နတ်ဆိုးတစ်ကောင်က ရတနာပန်းပွင့်ဂိုဏ်းကို ဤမျှ ရဲတင်းစွာ ပြောဆိုနေခြင်းမှာ လှောင်စရာပင် ဖြစ်သော်လည်း... ဂိုဏ်းမှ ထူးဆန်းသော သတင်းစကားများနှင့် ရှောင်မိသားစုခံတပ်၏ အကူအညီတောင်းမှုကို လျစ်လျူရှုထားခြင်းတို့မှာ တွေးတောစရာ ဖြစ်နေလေသည်။

ဒုတိယအဆင့်လောက်ရှိလျှင် ကိုင်တွယ်နိုင်သည်ဟုဆိုထားသော အလုပ်မှာ နှစ်အတော်ကြာအောင် ပစ်ထားခံခဲ့ရခြင်းပင်။

ပေါင်ဟွားနတ်သမီးသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။

သူမ ပြဿနာရှာမိပြီဟု ထင်ရသည်။ မည်သို့လုပ်ရမည်နည်း... သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မပေါ်စေဘဲ ဤအခြေအနေကို မည်သို့ ဖြေရှင်းရမည်နည်း။ အမှန်အတိုင်းဆိုလျှင် သူမသာ တာအိုနန်းတော်ကို ထုတ်ဖော်လိုက်ပါက ထိုငါးခူကြီးမှာ ချက်ချင်းပင် ငိုယိုသွားပေလိမ့်မည်။

သို့သော် ပျော်ရွှင်မှုကိုရှာဖွေလိုစိတ်ထက် သူမ ပို၍ ကြောက်ရွံ့မိသည်မှာ ပေါင်ဟွားနတ်သမီးအဖြစ် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားမည်ကိုပင်။ ဂိုဏ်း၏ အနာဂတ်ဆက်ခံသူတစ်ဦးအနေဖြင့် သူမ၏ ဆုံးဖြတ်ချက်တိုင်းမှာ ဂိုဏ်း၏သဘောကို ကိုယ်စားပြုပေသည်။

သူမအနေဖြင့် ရတနာပန်းပွင့်ဂိုဏ်းကိုယ်စား အမည်မသိ အင်အားစုတစ်ခုကို စစ်ကြေညာရန် သတ္တိမရှိသယောင်ပင်။

“အဲဒီဆေးလုံး ငါးလုံးပေး။” ရှန်းယီသည် သူမကို ရုတ်တရက် လှည့်ကြည့်လိုက်၏။

၎င်းမှာ ဆေးအဆိပ်၏ သုံးဆယ်ရာခိုင်နှုန်းကို ပြေပျောက်စေနိုင်သော ဆေးလုံးဖြစ်သော်လည်း ပို၍ရှိထားခြင်းက ပို၍ စိတ်ချရပေသည်။

“ရှင်”

ပေါင်ဟွားနတ်သမီးမှာ အံ့အားသင့်သွားပြီး ဤကဲ့သို့သောအချိန်မျိုးတွင် တစ်စုံတစ်ဦးက ဤမျှ ခေါင်းမာရဲသေးသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် နှစ် နှင့် စိတ်ခန္ဓာကိုယ်ဝိညာဉ်နည်းစနစ် ရှိရုံဖြင့် ရန်သူလေးဦးကို တစ်ယောက်တည်း ရင်ဆိုင်ရန်မှာ အနည်းငယ်လွန်လွန်းနေသည် မဟုတ်ပါလား။

ဤသို့တွေးမိရင်း သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ “ငါတို့ဆုတ်ခွာမယ်ဆိုရင် ဒီကိစ္စဘာမှမဖြစ်ခဲ့သလို သဘောထားပြီး သူတို့ကိုချမ်းသာပေးနိုင်မလား။”

ပေါင်ဟွားနတ်သမီး၏ ရုတ်တရက် ဆုတ်ခွာလိုသောအမူအရာကမြေမြို့ရိုးအတွင်းရှိ လူတိုင်း၏ နှလုံးသားကို အေးစက်သွားစေသည်။ မျှော်လင့်ထားသည့်အတိုင်းပင်။

သူမ၏ စကားကို ကြားသောအခါ ငါးခူနတ်ဆိုးကြီးသည် ခေတ္တမျှစဉ်းစားဟန်ဆောင်ပြီးနောက် ပါးစပ်ကြီးကိုဖြဲကာ ရယ်မောလိုက်လေသည်။ “မရဘူး၊ မင်းက ငါ့အတွက် ဘာမျက်နှာမှရှိတာမဟုတ်ဘူး။”

“နင်...”

ပေါင်ဟွားနတ်သမီးသည် မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိပြီးနောက် ရှန်းယီထံသို့ အကြည့်လွှဲလိုက်သည်။

“ဒီတိုက်ပွဲတည်းအတွက် ဆေးလုံး ဆယ်လုံး။” ရှန်းယီ၏ အမူအရာမှာ မပြောင်းလဲဘဲတိုတိုတုတ်တုတ်ပင် ပြန်ပြောလိုက်၏။

ကောင်းသောအရာဟူသည်မည်မျှပင် များပြားပါစေလုံလောက်သည်ဟု မရှိပေ။ ပို၍ စုဆောင်းထားခြင်းက အမြဲတမ်း အသုံးဝင်ပေလိမ့်မည်။

“ရှင် နိုင်မှနော်” စိတ်မရှည်တော့သော ပေါင်ဟွားနတ်သမီးသည် အံကြိတ်ကာပြောလိုက်သည်။

“မဖြစ်နိုင်ရင်လည်း သိပ်ပြီးအားမစိုက်နဲ့ဦး”

ဂိုဏ်းတစ်ခုလုံးကို စွန့်စားရခြင်းနှင့် ယှဉ်လျှင် ပေါင်ဟွားဆေးလုံး ဆယ်လုံးမှာ ဘာမှမဟုတ်ပေ။

တကယ်လို့ အခြေအနေဆိုးရွားလာပါက အခြားသူများကိုကယ်တင်ပြီး ထွက်ပြေးရုံသာ ရှိပေသည်။

“မင်းတို့က ဈေးတောင် ဆစ်နေကြသေးတာပဲ။”

ငါးခူနတ်ဆိုးကြီးက စိတ်ဝင်တစားပြောဆိုလိုက်သော်လည်း ထိုစဉ်အတွင်းမှာပင် သူ၏ မျက်လုံးထဲ၌တောက်လောင်နေသော ရွှေရောင်မီးလျှံပင်လယ်ကြီးကိုသာ မြင်လိုက်ရတော့သည်။

မီးလျှံပင်လယ်ထဲတွင် ရှန်းယီသည် ရွှေရောင်ဖီးနစ်ငှက်ကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားလေသည်။ သူ၏ ဂရုမစိုက်မှုနှင့် သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသော မျက်ဝန်းများသည် မရေမတွက်နိုင်သောနာကျည်းနေသည့် ဝိညာဉ်များကို တည်ငြိမ်စွာစောင့်ကြည့်နေသူတစ်ဦးနှင့် တူလှသည်။

ထိုမှောင်မိုက်သော မျက်ဝန်းအစုံ၏ အကြည့်တစ်ချက်မှာပင်ကျောရိုးထဲအထိ စိမ့်တက်သွားစေရန် လုံလောက်လှပေသည်။

ဝုန်း

သူသည် ငါးခူနတ်ဆိုးကြီးထံသို့ သူ၏ခြေထောက်ဖြင့် ပြင်းထန်သောကန်ချက်တစ်ခုပစ်သွင်းလိုက်သည်။ ရွှေရောင်မီးလျှံများက ၎င်းကိုချက်ချင်းပင် ဝါးမြိုသွားလေ၏။

အခြေအနေ ပြောင်းလဲသွားသည်ကို မြင်သောအခါ အခြားနတ်ဆိုးသုံးကောင်မှာ သူ့ကိုဝိုင်းရံတိုက်ခိုက်ရန်ကြိုးပမ်းကြသော်လည်း ရှန်းယီ၏ နဖူးထက်မှအလင်းတစ်ချက်လင်းလက်သွားပြီး အဝါရောင်ကျောနက်ခွေးကြီးသည် ရုတ်တရက်ထွက်ပေါ်လာကာ သူတို့ကိုအငိုက်ဖမ်းတိုက်ခိုက်လေတော့သည်။

သန်မာလှသော စိတ်ဝိညာဉ်ခွေးခြေသည်းများဖြင့် အကြိမ်ကြိမ်ရိုက်ပုတ်လိုက်ရာ နတ်ဆိုးသုံးကောင်စလုံး လွင့်စင်သွားကြ၏။ ထို့နောက် ၎င်းသည် ဟပ်ရန်အတွက် ခုန်အုပ်လိုက်ပြန်သည်။

“ဝုန်း”

ပြင်းထန်လှသော ဟောင်သံများအကြားတွင် ရှန်းယီသည် ငါးခူနတ်ဆိုးကြီး၏ သုံးခွမိန်းလှံဖြင့် ရက်စက်စွာ ထိုးနှက်မှုကို ရင်ဆိုင်ရသည်။

သူသည် မရှောင်တိမ်းဘဲ လက်သီးတစ်ချက်ဖြင့် ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်လိုက်၏။

သူ၏ ခွန်အားအားလုံးကို ထုတ်သုံးလိုက်သည့် ခဏတွင်ခန္ဓာကိုယ်အတွင်းရှိ ဆေးအဆိပ်များမှာ ရုတ်တရက် ထကြွလာခဲ့သည်။ ပြင်းထန်လှသော နာကျင်မှုသည် တစ်ကိုယ်လုံးသို့ ပျံ့နှက်သွားသော်လည်း ၎င်းက ရှန်းယီကို ပို၍သာ ရက်စက်ကြမ်းကြုတ်စေခဲ့သည်။

ဂျွတ်

သူ၏ လက်ဆစ်များသည် သုံးခွမိန်းလှံဖြင့် အထိုးခံလိုက်ရသော်လည်း လွှမ်းမိုးထားသောအင်အားကြောင့် ထိုရတနာလက်နက်မှာ ပြင်းထန်စွာတုန်ခါသွားရ၏။ ၎င်းသည် ရွှေရောင်ဖီးနစ်၏ကြမ်းတမ်းမှုကို မခံနိုင်ဘဲ လုံးဝ ကြေမွသွားလေတော့သည်။

ရှန်းယီ၏ လက်သီးချက်မှာ ဆွေးမြည့်နေသောအရာကိုရိုက်ချိုးလိုက်သည့်အလား ငါးခူနတ်ဆိုးကြီး၏ ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားပြီး ကိုက်ရာပေါင်းများစွာ အဝေးသို့ လွင့်စင်သွားစေသည်။

“ဖူး...”

ငါးခူနတ်ဆိုးကြီးသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး သူ၏မန္တန်များကို အသည်းအသန် အသုံးချလိုက်သည်။ ထို့နောက် ချက်ချင်းပင် သူ၏ အောက်ဘက်ရှိ ရေပြင်မှာ ပေါက်ကွဲထွက်လာပြီး ဒဏ္ဍာရီလာနဂါးများစွာအဖြစ် ပြောင်းလဲကာ ရှန်းယီကို တိုက်ခိုက်လေတော့သည်။

“သူတို့ကို ချုပ်နှောင်ထားလိုက်”

လွှမ်းမိုးထားသော လှိုင်းတံပိုးများကို ရင်ဆိုင်နေရင်းဖြင့်... ရှန်းယီ၏ မျက်ဝန်းများတွင် ရက်စက်သော အလင်းတန်းများလင်းလက်သွားပြီး သူ၏ အတွင်းရှိ ကောင်းကင်ဖီးနစ်ကို ထပ်မံ နှိုးဆော်လိုက်ပြန်သည်။

နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်မီးလျှံများသည် အစစ်အမှန်ရွှေရောင်အတောင်ပံများအလား အဆပေါင်းများစွာ ပိုမို ခိုင်မာလာခဲ့သည်။

၎င်းဟာ ကောင်းကင်ကိုလောင်ကျွမ်းစေပြီး ပင်လယ်ကိုဆူပွက်စေနိုင်သော အစွမ်းရှိ၏။ ချဉ်းကပ်လာသော ရေလှိုင်းအားလုံး လုံးဝအငွေ့ပျံသွားပြီး ကောင်းကင်ယံတွင်မြူဖြူများ ဖုံးလွှမ်းသွားလေသည်။

“...”

ငါးခူနတ်ဆိုးကြီးသည် ပြင်းထန်လှသော အပူလှိုင်းမှ မိမိကိုယ်ကိုယ်ကာကွယ်ထားရင်း သူ၏ အသားများပင် ခြောက်ကပ်သွားတော့မည်ဟု ခံစားနေရသည်။

ထိုစဉ်မှာပင် သူ၏ နားအနီး၌ ခွေးဟောင်သံတစ်ခုကို ကြားလိုက်ရ၏။ “မင်းက ငါ့သခင်ရဲ့ကောင်းချီးပေးမှုကို တားဆီးရဲတယ်ပေါ့လေ”

စကားပြောနေစဉ်မှာပင် ခွေးခြေသည်း နှစ်ဖက်သည် သူ၏လက်မောင်းများပေါ်တွင် ရုတ်တရက်ရောက်လာပြီး အတင်းအဓမ္မ ဆွဲဖြဲပစ်လိုက်လေသည်။

“မင်းရဲ့ ဆုလာဘ်ကို ငြိမ်ငြိမ်လေး လက်ခံလိုက်စမ်း”

ဝုန်း

မြူဖြူများထဲမှ ရွှေရောင်ဖီးနစ်သည် ရုတ်တရက် ထွက်ပေါ်လာ၏။ အငိုက်မိသွားသော ငါးခူနတ်ဆိုးကြီးမှာ မျက်လုံးများပြူးကျယ်သွားပြီး သူ၏ရှေ့မှ ဖြူဖျော့နေသော မျက်နှာကိုသာ စိုက်ကြည့်နေမိတော့သည်။

သူ့မြင်ကွင်းထဲရှိသည့်အရာမှာ တစ်ဖက်လူ၏ နဖူးထက်တွင် ကခုန်နေသော ရွှေရောင်မီးလျှံကလေးသာ ဖြစ်၏။

ဖလပ်

ရှန်ယီသည် သူ၏လက်ကို ဓားတစ်စင်းကဲ့သို့ အသုံးပြုကာ ၎င်း၏လည်ပင်းကို ထိုးစိုက်လိုက်ပြီး ရက်စက်စွာလှီးဖြတ်ချလိုက်ရာ နတ်ဆိုးကြီးမှာ နှစ်ပိုင်း ကွဲထွက်သွားလေတော့သည်။

All Chapters